Wednesday, September 7, 2022

မင်းကြီးကတော် နှင့် ပဒုမမင်းသား


 

❝ မင်းကြီးကတော် နှင့် ပဒုမမင်းသား ❞

ဒေါ်မေမေခင် သည် အစောကြီး အိပ်ရာ က နိုးလေသည် ။ ဒေါ်မေမေခင် သည် ရေမိုး ချိုး ကာ ပါးပြင် ကို မှုန်နံ့သာ ခြယ်လေသည် ။ အဝတ်အစား လဲ ကာ ငရှဉ့်သွေးရောင် စိန်ကတ္တီပါ ကို ခြုံ ထားလေသည် ။

မနက် ၆ နာရီခွဲ ခရာမှုတ်သံ ကို ကြား ရလေပြီ ။

အိမ်ရှေ့လသာဆောင် မှ မျှော်၍ ကြည့်လျှင် ပြာလဲ့သော ဧရာဝတီမြစ် ကို မြင် ရလေသည် ။ နှင်းမြူဆိုင်း ထား သော ပုပ္ပားတောင် နှင့် စိမ်းမြသည့် ဆေးခင်းတွေ က လည်း စိတ် ကို လန်းဆတ် လာစေသည် ဟု ထင်မှတ် မိသည် ။ သို့ရာတွင် ယခုလို မနက်စောစော နေ မပွင့်မီ အချိန်များ တွင် မူ ပုပ္ပားတောင် သည် မြူနှင်းကမ္ဗလာ အောက် တွင် ပုန်းကွယ်နေတုန်း ပင် ရှိသေးသည် ။ မြူရိပ် တွေ ရေငွေ့တွေ သန်းနေသော မြစ်ရေပြင် တွင် တံငါလှေ တစ်စင်း ပိုက်ချလျက် ရှိလေသည် ။

ခဏကြာသော် ဒေါ်မေမေခင် တို့ နှစ်ယောက် သား သည် မြစ်ကမ်းနဖူး အတိုင်း လမ်းလျှောက် လာ ကြလေသည် ။ တစ်ယောက် မှာ ဒေါ်မေမေခင် ၏ ချစ်လင် မစ္စတာကောလင်း ဖြစ်၏ ။

မစ္စတာကောလင်း သည် လက် ထဲ မှ တုတ်ကောက် ကို ဝှေ့ယမ်းကာ တစ်ခါတစ်ခါ နှင်းသီးနှင်းစက်တွေ တင် နေသော မြက်ပင် ၊ ထိကရုံးပင်များ ကို တုတ်ဖြင့် ရိုက် ချလိုက်သည် ။ နှင်းစက်ကလေးများ သည် မြေပေါ် သို့ လွင့်စဉ် ပျောက်ကွယ် သွားကြလေသည် ။ ဒေါ်မေမေခင် ကမူ လက် ထဲ တွင် နှင်းဆီပန်း တစ်စည်း ကိုင်လာကာ မြစ်ဖက် သို့ ငေး ရင်းလိုက်လာ၏ ။

“ ရယ်ဂျီ ရေ ... ဟိုမှာ ကြည့်စမ်း ၊ စိန်အောင်သိန်း ပဒုမပေါင်တို ဇာတ် ပြတုန်းက ရေကား ဟာလေ ၊ ဟောဒီ ဧရာဝတီမြစ်ရေ တွေ နဲ့ သိပ် တူတာပဲ ” 

ဟု ဘာ ကို အမှတ် ရ လာသည် မသိ အလန့်တကြား ပြော လိုက်သည် ။ မစ္စတာကောလင်း သည် ဒေါ်မေမေခင် ပြ ရာသို့ လိုက်ကြည့် လေသည် ။ သူ့ အဖို့မူ ဘာမျှ မထူးခြား ။ ဧရာဝတီမြစ် ရေ သည် ခါတိုင်း လို ပြာလဲ့လဲ့ အသွေးဖြင့် သာ ။

“ အို ... အိုင်ဆီး ” 

မစ္စတာကောလင်း က ခါတိုင်း လိုပင် လိုက်၍ ခေါင်း ညိတ်၏ ။ ဒေါ်မေမေခင် ကမူ ပခုံး တွင် ခြုံ ထားသော စိန်ကတ္တီပါ အင်္ကျီ ကို ခပ်ကျယ်ကျယ် ဖြစ်အောင် ဆွဲ တင်လိုက်ကာ -

“ စိန်အောင်သိန်း ၊ ပဒုမပေါင်တိုဇာတ် က ရင် လေ ခင် ဖြင့် မျက်ရည်တွေ ဘယ် က စီးကျ လာမှန်း မသိဘူး ” 

ဟု ဆိုကာ ပဒုမပေါင်တို ဇာတ်လမ်း ကို ပြန်၍ ပြောပြနေ၏ ။ မစ္စတာကောလင်း က ဒေါ်မေမေခင် ပြောပြသမျှ ကို ခေါင်း တဆတ်ဆတ် ညိတ်ရင်း လက်ကိုင် တုတ် ဖြင့် သစ်ပင် မြက် ပင်ကလေးများ ကို ဝှေ့ယမ်းရင်း လိုက် လာလေသည် ။

“ ပဒုမ ဆိုတာ မင်းသား လား ၊ ပေါင်တို ကို ပြော တာလား ” 

ဟု မစ္စတာကောလင်း က  မေး၏ ။

“ အို .. နိုး မဟုတ်ဘူးလေ ၊ ပဒုမ က မင်းသား ကို ခေါ်တာ ၊ ဒါပေမဲ့ ဒီ ဇာတ်လမ်း ကို မြန်မာတွေ က ပဒုမပေါင်တို လို့ ခေါ်တယ် ” 

“ သိပ် စိတ်ဝင်စားစရာ ကောင်းမှာပဲ နော် ” 

ဟု မစ္စတာကောလင်း က လှမ်း၍ မေး လိုက် သည် ။

“ အို ... သိပ်ကောင်းတာပဲ ၊ ဒီတခါ စိန်အောင်သိန်း ဇာတ် လာရင် ရယ်ဂျီ ကို ပြဦးမယ် ။ သီဟိုဠ်ရှင် ဘုရားပွဲ ကျရင် လာ က မှာပဲ ”

ဒေါ်မေမေခင် ၏ စိတ် ထဲ တွင် သည်တစ်ခေါက် စိန်အောင်သိန်း လာရင် ပဒုမပေါင်တို ဇာတ် ကို အက ခိုင်း ရဦးမည် ။ မစ္စတာကောလင်း ကို လည်း ပြ ရမည် ။ ထို့ပြင် အမျိုးသမီးစာရိတ္တ မြှင့်တင်ရေးအဖွဲ့ အတွက် လည်း စိန်အောင်သိန်း နှင့် တွေ့၍ အကူအညီ တောင်း ရပေဦးမည် ။ ဒေါ်မေမေခင် ဦးစီးသည့် အမျိုးသမီးစာရိတ္တမြှင့်တင်ရေး အဖွဲ့ မှာ မြို့တွင် မနေ့တစ်နေ့ က မှ ဖွဲ့ ပြီး ဖြစ်သဖြင့် အရပ် ကို ပြ ရဦးမည် ။ ရှေ့လ ဘုရင်ခံ ဒါဘာပွဲ ဆိုလျှင် ဘုရင်ခံကတော် ကိုယ်တိုင် ကြွရောက် ဆုချီးမြှင့်မည် မဟုတ်လား ။ ဘုရင်ခံကတော် ကြွ လာလျှင် သူ့ လုပ်ငန်း ကို ပြ၍ ဂုဏ် ယူ ချင်ပေသည် ။

“ ဪ ... ဒီနေ့ နေ့လယ် တောင် အိမ် မှာ အစည်းအဝေး ဖိတ်ထားသေးတယ် ရယ်ဂျီ ၊ နယ်ပိုင်ဝန်ထောက်ကတော်လေး မရှိတော့ ဝတ်လုံတော် ဒေါ်ခင်လှ ကို ပဲ အစည်းအဝေး ဖိတ်ပေးပါ လို့ တာဝန် လွှဲရတော့တာပဲ ” 

နေ သည် တဖြည်းဖြည်း ပွင့်လာ၏ ။

ကုက္ကိုပင်ကြီးများ သည်နေရာ မှ အစိမ်းလွင်လွင် သန်း လာကြလေ၏  ။ ပုပ္ပားတောင် သည် နှင်းမြူ စောင် ကို လှပ် လိုက်လေရာ ပြာမှိုင်းသော တောင်ထွတ် သည် ဘွားခနဲ ပေါ်လာ၏ ။ စကား တပြောပြော  နှင့် လျှောက် လာကြသည် မှာ ရွှေမုဋ္ဌောဘုရား အနီး ရောက် လာကြ၏ ။

ဘုရားပရိဝုဏ် တွင်း ၌ ခင်းသန့်သန့် မြေတလင်းပြင် ကို မြင် ရလေသည် ။ ဘုရားပရိဝုဏ် များ တွင် ပေါက်လေ့ ရှိသော ခေါင်းလောင်းပွင့်ဝါဝါကလေး က လည်း သူတို့ စုံတွဲ ကို စိုက်ကြည့်ကာ လေ အလာ တွင် ခေါင်းညွှတ် ၍ တီးတိုး စကား ဆို ကြလေသည် ။

ဘုရား သို့ ရောက်လျှင် ဒေါ်မေမေခင် သည် ပန်းစည်း ကို ဘုရားဆင်းတုတော် ရှေ့ ပန်းစိုက်ခုံ ပေါ် ရှိ ညောင်ရေအိုး တွင် သွား၍ စိုက် ထားသည် ။ ဘုရား မှာ နံနက်စောစော ဖြစ်၍ လူ ရှင်းနေ၏ ။ ထို့ပြင် မြို့ နှင့် တော်တော် လှမ်းသော အရာရှိ အရာခံ ရပ်ကွက် ဖြစ်၍လည်း တော်ရုံတန်ရုံ နှင့် တော့ ဘုရားဖူး မလာဖြစ်ကြပေ ။

မေမေခင် သည် မြတ်စွာဘုရား ရှေ့မှောက် ကျုံ့ကျုံ့နှံ့နှံ့ ထိုင်၏ ။ အဖျား ထွက်နေသော ခြေဖျားလေး ကို လုံချည်စ ဖြင့် သပ်သပ်ရပ်ရပ် ဖုံး၏ ။ သွယ်သွယ်နုပျောင်းသော လက် ဆယ်ချောင်း ကို ကြာပဒုံ လို လက်စုံငုံ ရှိခိုး လေ၏ ။

ဘုရားပရိဝုဏ် အပြင်ဘက် တွင် ကား မစ္စတာကောလင်း သည် တုတ်ကောက် ကို လက်တစ် ဖက်ဖြင့် ဖိ၍ အားပြု မှီထားပြီး ဆေးတံ ကို ဖွာကာ စောင့် နေလေသည် ။ ဤလိုအခါမျိုး တွင် မစ္စတာကောလင်း ၏ နှလုံးသား တွင် တရားဥပဒေစာအုပ်များ မှ အပ အခြား ဘာမျှ မရှိ ။ မနေ့က စစ် ခဲ့သော အမှုများ မှ အမှုသွား အမှုလာ ကို စေ့ငု ကြည့် မိတတ်သည် ။ တစ်ခါတစ်ရံ ကမ်းပါးစွန်း တွင် ရပ် ကာ ကမ်းပါးစောက် အခြေတွင် ရစ်ခွေ စီးနေသော ဧရာဝတီမြစ် ထဲ သို့ ကျောက်စရစ်ခဲ တစ် ဆုပ် ကို ကောက်၍ ပစ် တတ်သည် ။ မစ္စတာကောလင်း သည် မြစ်ရေပြင် ပေါ်သို့ ကျောက်စရစ်ခဲ တွေ ပလုံစီ ကျ သွားအောင် မပစ်နိုင်ခဲ့ပေ ။ တစ်ခါတစ်ရံ ကမ်းပါးစောက်ကမ်းခြေသောင်စပ် မှာ သွား ကျ၏ ။ တစ်ခါတစ်ရံ မြစ်ရေစပ်နား သို့ ရောက် တတ်၏ ။ အသက် ကြီးပြီ ကိုး ၊ ရောက်အောင် ဘယ် ပစ်နိုင်တော့မလဲ ဟု သာ ကိုယ့် ဘာသာ ကိုယ် အောက်မေ့ ရပေသည် ။

မစ္စတာကောလင်း သည် အိန္ဒိယမြန်မာကပြား ဖြစ်၍ သူ့ နာမည် အပြည့်အစုံ မှာ ရယ်ဂျီ နယ် ကောလင်း ဖြစ်၏ ။ အိန္ဒိယတရားဝန်ထမ်း စာမေးပွဲ ကို အောင်မြင်ပြီး နောက် မြန်မာပြည် တွင် စက်ရှင်မင်းကြီး လုပ် ခဲ့သည် မှာ ကြာလှပေပြီ ။

သူ့ ဆံပင် သည် လှိုင်းတွန့် လို ဝေ့ကာ နက်မှောင်လျက် ရှိသည် ။ အရပ်အမောင်း မှာ အနည်း ငယ် မြင့်၍ လက်ပြင် ကုန်း၏ ။ ဖြောင့်မတ်ခြင်း ကို စူးရှထက်မြက် သော တရားသူကြီး တစ်ဦး ၏ မျက်လုံး မှာ တွေ့မြင် နိုင်လေသည် ။

ဒေါ်မေမေခင် မှာ အသက် ၃၀ နီးပါး လောက် ပင် ရှိ ဦးမည် ။ ဒေါ်မေမေခင် ၏ ဖြူဝင်း သော အသား သည် ပိုးမျှင် ပိုးသား လို နု၏ ။ ကြော့ကြော့ရော့ရော့ ကိုယ်ဟန် သည် ပျံခါစ အရှိန် ယူ နေသော ခိုဖြူမလေး ၏ ဟန် နှင့် တူ၏ ။ စိမ်းပြာသော အကြော တို့ ယှက်သန်းနေသည့် လည် တိုင် သည် လေအသုတ် တွင် ဘယ်ညာ ညွတ်သော မိုးမခ ကိုင်း လို လှ လေသည် ။

နှစ်ယောက်တည်း လက်ဖက်ရည် သောက်သည့် အခါများ တွင် မစ္စတာကောလင်း က

“ ကောလားရစ် ( ချ် ) ပြောတဲ့ ခရစ္စတာဘဲ ( လ် ) ဆိုတဲ့ ကောင်မလေး ရဲ့ ဗလုံးဗိန်း ( စ် ) ဆိုတာ ဒီလို အကြောကလေးတွေ နေမှာပေါ့ ” 

ဟု ဆိုကာ ဒေါ်မေမေခင် ၏ လည်တိုင်ကို နှုတ်ခမ်း ဖြင့် ဖိသည် ။

ဤအခါမျိုး တွင် ဒေါ်မေမေခင်  က

“ အို ... ရူးသလား ”

ဟု ဆိုကာ မစ္စတာကောလင်း ၏ ရင်ဘတ် ကို လက် ဖြင့် တွန်းဖယ်ရင်း ရယ် နေတတ်၏ ။

ဒေါ်မေမေခင် နှင့် မစ္စတာကောလင်း အိမ်ထောင် ကျခဲ့သည် မှာ နှစ်နှစ် မျှ သာ ရှိသေး၏ ။ ဒေါ်မေမေခင် သည် မုဆိုးဖို အငြိမ်းစား အရေးပိုင်တစ်ဦး ၏ တစ်ဦးတည်းသော သမီး ဖြစ်၍ စက်ရှင်မင်းကြီးကတော် မဖြစ်မီ က ဆိုလျှင် ကွန်ဗင့်ကျောင်း မှာ ဆရာမ လုပ်နေခဲ့သည် ။ မစ္စတာ ကောလင်း နှင့် သူ့ ဖေဖေ သည် ညနေတိုင်း အိမ် မှာ အရက် သောက်ရင်း စကား ပြောတတ်ကြ၏ ။ နောက်တွင်ကား မစ္စတာကောလင်း သည် ၁၅ နှစ် ရွယ် သမီးငယ် ကို အိန္ဒိယ သို့ ကျောင်း ပို့လိုက် ပြီးနောက် ဒေါ်မေမေခင် ကို လက်ထပ်ခဲ့ခြင်း ဖြစ် လေသည် ။ မစ္စတာကောလင်း နှင့် အိမ်ထောင် ကျပြီးသည့် နောက်မှ စ၍ ဒေါ်မေမေခင် သည် ဖေဖေ နှင့် လည်း အတူ မနေရတော့ပေ ။ ပြောင်းရွေ့ ရာသို့ သာ လိုက် နေရသည် ။ ရောက်လေရာ မြို့တိုင်း တွင် အသင်းအဖွဲ့ ထဲ ကို ပါရသည် ။ ယခု မြို့ တွင် မူ ဒေါ်မေမေခင် မှာ အမျိုးသမီးစာရိတ္တမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ် နေ၏ ။ ဒိစတြိတ်မြို့ များ တွင် အမျိုးသမီးစာရိတ္တမြှင့်တင်ရေးဥက္ကဋ္ဌများ မှာ အရေးပိုင်ကတော်များ ဖြစ်လေ့ ဖြစ်ထ ရှိ သည် ။ သို့သော် ထို မြို့တွင် အရေးပိုင် မှာ မုဆိုးဖိုကြီး ဖြစ်နေသဖြင့် စက်ရှင်မင်းကြီးကတော် ဒေါ်မေမေခင် ဥက္ကဋ္ဌ ဖြစ် လာရခြင်း ဖြစ် လေသည် ။ အမျိုးသမီးစာရိတ္တမြှင့်တင်ရေး အတွက် ကူညီ ရန် ဇာတ်အဖွဲ့များ အား မေတ္တာရပ်ခံ ရသည် ။ ဇာတ်သဘင် ၊ ရုပ်ရှင် ဆိုသည် မှာ လူထုအသိဉာဏ် ကို ဖွင့်သည် လို့ ဆို ကြပေသကိုး ။

ပုဏ္ဏေးမ အမိတ္တာပုံ လို အချောအလှ ဖြစ်၍ လည်း ဇနီးသည် ကို အလို လိုက်ရပါ၏ ။ မြို့ သို့ ဇာတ်ပွဲ ကပွဲ ရောက်လာခြင်း သည် မစ္စတာကောလင်း အဖို့ ဒေါ်မေမေခင် ကို ပွဲသို့ လိုက် ပြရသည့် အလုပ် သည် မဟာဝတ္တရားကြီး ဖြစ် နေ၏ ။ အင်မတန် ဇာတ်ပွဲ ဝါသနာကြီးသူ တစ်ယောက် ကို ပြပါ ဆိုလျှင် ဒေါ်မေမေခင် ကို ပြ ရချိမ့်မည် ။ တစ်ည လည်း မဟုတ် နှစ်ည လည်း မဟုတ်ပါချေ ။ ဒေါ်မေမေခင် သည် ညတိုင်း ပွဲ အလင်း ကြည့်လေ့ ရှိသည် ။ ဇာတ်ပွဲ ပထမည တွင် မူ မစ္စတာကောလင်း သည် မင်းကတော် တွေ တစ်သိုက်ကြီး နှင့် အတူ ရောယောင် ပါ သွားရသည့် အခါချည်း ဖြစ်၏ ။

နန်းတော်ကားရှေ့ ဝန် ၄ ပါး ထွက် ၊ တိုင်းရေးပြည်ရေး ဆွေးနွေးခန်း ကို ကား မစ္စတာ ကောလင်း အမုန်းဆုံး ပင် ။ နှစ်ပါးသွား ကို တော့ ကြည့်၍ ပျော်၏ ။ အရောင်တလက်လက် ထွက် သည့် မင်းဝတ်တန်ဆာ ကို ဆင်၍ က သည် မှာ ရှုမငြီးဖွယ် ဖြစ်၏ ။ မင်းသမီး မင်းသား ခေတ္တ နား ရန် လူပြက်တွေ ပြက်လုံး ထိုးကြသည့် အခါတွင် မူ မစ္စတာကောလင်း သည် ငါး စောင့်သော ဗျိုင်း လို လည်ပင်းရှည်ကြီး ကို မော့၍ ဘေးပတ်ဝန်းကျင် ပရိသတ် ကို ကြည့်၏ ။ မျက်စိ ကျိန်း လွန်းသည် ဟု အောက်မေ့မိ၏ ။

စက်ရှင်တရားသူကြီး တစ်ဦး ဖြစ်၍ မင်းစင် ဆို ပြီး အလယ် တည့်တည့် ဆိုင်း နောက် မလှမ်းမကမ်း တွင် ကြိုးဝိုင်း ထား သော နေရာကောင်း ကို ရ လေသည် ။ တစ်ခါတစ်ရံ တွင် မစ္စတာကောလင်း ၏ မျက်လုံးများ သည် ပတ်မ အထက် နဂါးပျံ ဆီ သို့ ရောက် သွားတတ်၏ ။ တစ်ဖန် ဘေးပတ်ဝန်း ကျင် သို့ လှည့်ကြည့်သည် ။

ဒေါ်မေမေခင် မှာ ညောင်းလှပြီ ထင်သည် ။ ခြေ ကို ဆင်း၍ စလေကတ္တီပါ မှီအုံး ကို ပေါင် ပေါ်တွင် တင်ပြီး တံတောင်ဆစ် ထောက်၍ လူပြက် ပြက်လုံး ကို ပွဲ ကျနေ၏ ။ ဒေါ်မေမေခင် မှာ ရယ်ရ လွန်း၍ မျက်ရည်များ ပင် ဝဲ လာသည်ကို မစ္စတာကောလင်း သတိထား လိုက်မိ၏ ။ တစ်ခါ တစ်ရံ တွင် လည်း မစ္စတာကောလင်းဘက် သို့ လှည့်၍ လူပြက် ပြက်လုံး ကို ဘာသာပြန် ၍ ပြ လိုက် သေးသည် ။ သို့သော် လူပြက် က ညစ်ညမ်းသော ပြက်လုံး တစ်လုံး ထိုး လိုက်လျှင် ဒေါ်မေမေခင် သည် မဲ့ပြုံးကလေး ပြုံး နေ တတ်လေသည် ။ နောက်ညများ တွင် မူ မစ္စတာကောလင်း မလိုက်တော့ ချေ ။ ရုံး ဒိုင်ယာရီ ကို လှန် ကြည့်လိုက်လျှင် “ ညောင်ပင်သာ လူသတ်မှုကို စီရင်ချက် ”  ၊ “ မောင်ရစ်တီး ပါ - ၂ ၏ အယူခံ ကို စစ်ဆေး ” ၊ “ ဘုရင်မင်းမြတ် နှင့် မောင်ကျော်သာပါ - ၄ ”  စသော အမှုတွဲ မှတ်တမ်းတွေ တသီတတန်းကြီး တွေ့ရ၏ ။ စီရင်ချက် ချရန် အတွက် လိုအပ်သည့် ဥပဒေ စာအုပ်များ ၊ လောရီပို့များ ကို ဖတ် ရဦးမည် ။ ကိစ္စတွေ သောင်းပြောင်း ကြောင့် ကျန် ညများ တွင် အိမ် မှာ နေရစ်ခဲ့သည် သာ များ လေသည် ။

ဤအခါမျိုးတွင် ဒေါ်မေမေခင် သည် အိမ် မှ ကား ဖြင့် အပျိုတော် ထွက်ချိန်လောက် တွင် မြို့ထဲ သို့ ထွက်လာပြီး အဖော် ညှိထားသော မင်းကတော်များ ကို ဝင်၍ ခေါ် တတ်သည် ။ ရာဇဝတ် တရားသူကြီး ၏ ဇနီးဒေါ်လှလှ ၊ ဘိလစ်စာရေးကတော် ဒေါ်ဟန်ယူ ၊ မြို့ပိုင်ကတော် ဒေါ်မြလေး ၊ ဝတ်လုံကတော် ဒေါ်တင်ဥ တို့ ကား ပွဲသွား ကြော့ကြော့ အဖော်များ ပေတည်း ။ ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့ ဟု စကား ရှိသော်လည်း ဒေါ်မေမေခင် အဖို့မှာ မူ ပွဲပြန်လည်း ကြော့ကြော့ ပင် ဖြစ်၏ ။ ( ဒွေးဖြူ တို့ မြတ်လှ တို့ ၊ ညီမလေး တို့ ရေ ... အမယ်လေး မျက်ခုံးတွေ လှုပ်ပြီး ထိတ်ထိတ်ပျာပျာ ရှိ လှချည့်လား ကွယ်ရို့ ) ဆိုပြီး အိမ် အဝင် လှမ်း အော်လိုက်တုန်းများ လေ မျက်ရည်တွေ ဘယ် က ကျ လာမှန်းမသိဘူး ” ဟု ဇာတ်လမ်း ကို စမြုံ့ ပြန် လာတတ်ကြသည် ။

“ အို ... ဘာပြောပြော ကြယ်တစ်လုံး နဲ့ ကိုတောင်ကြီး ပါ ရင် ပါးစပ် ကို စေ့ မနေရဘူး ။ မန္တလေးစိန်ကျော်အုံး နဲ့ ပါလာ တုန်း က များ မင်းသမီးမင်းသား မကောင်းတာ တောင် မှ သူတို့ ပြက်တာ နားထောင်ချင်တာ နဲ့ ညတိုင်း သွား သွားကြည့်ရတယ် ” 

ဟူ၍ လည်း ချီးမွမ်းခန်း ဖွင့် လာ တတ်ကြသည် ။

မင်းသားများ ထဲ တွင် ဒေါ်မေမေခင် ၏ အသည်းစွဲကား စိန်အောင်သိန်း ပင် တည်း ။ စိန်အောင်သိန်း သည် ဇာတ်စင် ပေါ် တွင် မီး စား ရုံမျှမက အပြင်တွင် လည်း ရည်ရည်မွန်မွန် ရှိသည် ။ စကား ပြောလျှင် တိုးတိတ်ညင်သာစွာ ပြော၏ ။ စိန်အောင်သိန်း ၏ မျက်ခုံး တို့ သည် စိမ်းဖန့် ထူ ထဲ၏ ။ ထို အောက်မှ တောက်ပသော မျက်လုံးအစုံ သည် စိန်ပွင့် လို လက်နေကြ၏ ။ ညအခါ တွင် ရွှေပွဲလာ မိန်းမ ပရိသတ် တို့ သည် စိန်အောင်သိန်း ၏ တဖျတ်ဖျတ် တောက်သော မျက်လုံး နှင့် လက် မှ တထိန် ထိန်တောက်သော လက်စွပ်ကို ဂရုစိုက် ကြည့်ကြ၏ ။ ပဒကုသလဇာတ် အပူတိုက်ခန်း တွင် စိန်အောင် သိန်း သည် သျှောင်တစောင်း ကို ဖြည် ချထားလေရာ သူ ၏ ဆံပင် သည် ဒူးဆစ် ထိအောင် ကော့ပျံ ဝဲ ကျလျက်ရှိ၏ ။ ထိုအခါမျိုး တွင် အနားမှ အဖော်များ က “ အမယ်လေး စိန်အောင်သိန်း တို့ ဆံပင်များ ကောင်း လိုက်တာ ဖြတ် ပြီးတောင် သိမ်း ထားချင်တယ် ။ ကြည့်စမ်းပါဦး မင်းကတော် ရဲ့ ” ဟု ဒေါ်မေမေခင် ကို လှမ်း၍ ပြော တတ်ကြသည် ။ “ သူခိုး က လည်းဗျာ သူခိုး အလိမ္မာ မျက်နှာ ကြီးပေမို့ ” ဟု မေးရိုက် မေးဝဲ ဖြင့် ဟဲ ၍ ငို လိုက်သည့် အခါများတွင် ဒေါ်မေမေခင် သည် မျက်ရည်တွေ လည် လာသဖြင့် လက်ကိုင်ပဝါ နှင့် သုတ် ပစ်ရသေးသည် ။ အနား က အဖော် တစ်သိုက် မှာ လည်း ခေါင်းငုံ့ ကာ မျက်ရည် ကို သုတ် သူ သုတ် ၊ နှပ် ညှစ်သူ ညှစ် ၊ ချောင်း မဆိုးချင်ဘဲ ဆိုး သူ ဆိုး ဖြင့် အလုပ် ရှုပ် လျက် ရှိ တတ်ပေသည် ။

( ၂ )

ယခုမူ ဒေါ်မေမေခင် အဖို့ ပွဲ မကြည့်ခဲ့ရသည် မှာ ကြာ ပေပြီ ။ နယုန်လ သီဟိုဠ်ရှင်ဘုရားပွဲ တုန်း ကတော့ တစ်ခါ သွား ကြည့် လိုက်သေးသည် ။ သို့သော် ဇာတ် မှာ မင်းသား ကလည်း မသယ် နိုင် ၊ လူပြက် ကလည်း ပရိသတ် ကို မထိန်းနိုင် ၊ အခမ်းအနား တောက်တောက်ပြောင်ပြောင် ရှိသည် မှ အပ အရပ်သားများ တက်၍ က သည့် အရပ်ဇာတ် ထက် မသာပေ ။ ဒေါ်မေမေခင် က ဝတ္တရား အတိုင်း အမှုဆောင်အချို့ နှင့် သွားကာ ဇာတ်ဆရာ ကို အမျိုးသမီး စာရိတ္တမြှင့်တင်ရေး အတွက် ဇာတ် ကပြ၍ ကူညီရန် ၊ အသိပညာ ဖွင့်ပေးရန် မေတ္တာရပ်ခံ၏ ။ သို့သော် ဇာတ်ဆရာ မှာ နဂို က ပညာအခြေခံ နည်းပါးသူမို့ ဒေါ်မေမေခင် ဆိုလိုသည့် အဓိပ္ပာယ် ကို ကောင်းကောင်း နားမလည် ပေ ။ ဖြစ်ကတတ်ဆန်း ထိုးဇာတ်ကလေး တစ်ခု ကို က ပြ၏ ။ သို့သော် ကြည့်မည် သူ မရှိ ။ သည် ကတည်း က ဒေါ်မေမေခင် သည် ဇာတ်အဖွဲ့ကြီးများ ကို အကူအညီ တောင်းခံတော့မည် ဟု အောက်မေ့ မိခဲ့သည် ။ ဇာတ်ကလေးများ ကို သွား၍ ပင် မကြည့်ဖြစ်တော့ပေ ။ စိန်အောင်သိန်း ဇာတ် သာ ဆိုလျှင် အနည်းဆုံး လူပြက် က စ ပါးစပ် မစေ့ရအောင် ရယ် ရသေးသည် ။ ကိုကြယ်တစ်လုံး တို့ ထွက် လာလျှင်

“ ဟော ... တို့ ဇာတ်ဆရာစိန်အောင်သိန်း တို့ များ အချောအလှ ဆို သိပ် ကြိုက်တာကိုး ။ တစ်နေ့ ည က နှစ်ပါးသွား တုန်းက ကျွန်တော် မင်းသား ဖြစ်ရင် ပါတီသဘော တူ ရင် ကောင်မချော ကလေး တစ်ယောက် ကို စောစော ပြောထားပါ ၊ လျှောက်လွှာ ကောင်းကောင်း ရေးရင် အလုပ် ပေး နိုင်သည် ဆို ပြီး ခြေဆင်း ပြီး ဟောဒီလို ... ဟောဒီလို ပစ် ထိုင်လိုက်တာ ”  

ဟု မင်းသား က ပုံ ကို ပင် မကျန်အောင် လိုက် ၍ ပြက် တတ်သဖြင့် လည်း ဒေါ်မေမေခင် မှာ စိန်အောင်သိန်း ဇာတ် ဆိုလျှင် ညတိုင်း လောက် ကြည့် ဖြစ်လေသည် ။ 

စိန်အောင်သိန်းဇာတ် ကို မကြည့်ခဲ့ ရသည် မှာ တစ်နှစ် ကျော်ပေပြီ ။ မနှစ် မိုးတွင်းတုန်း က တော့ မျှော် မိသေး၏ ။ ခါတိုင်း ဆိုလျှင် စိန်အောင်သိန်း တို့ ဇာတ် မှာ မိုး ပါးသော ဆောင်းရာသီ တွင် ရန်ကုန် ၊ ညောင်တုန်း ၊ မအူပင် စသည့် မြစ်ဝကျွန်းပေါ် တစ်ခွင် ပြဲပြဲစင် လှည့်လာပြီး မိုး တွင်း ကျ မှ အညာ သို့ လူစုံတက်စုံ နှင့် တက် လာတတ်၏ ။ အညာ တွင် ကား မိုးတွင်း ဟု ဆိုသော် လည်း အောက် မှာ လောက် မိုး မကောင်းလှချေ ။ ပွဲလမ်းသဘင် စည်ကားလျက် ရှိ၏ ။

ယခု နှစ် တွင် မူ မောင်မင်းကြီးသား စိန်အောင်သိန်း ဆောင်းတွင်း မှာ ပင် အညာ သို့ တက် လာ၏ ။ ဒေါ်မေမေခင် တို့ အဖို့ကား ဝမ်းသာ၍ မဆုံးပြီ ။ တစ်နှစ်ကျော် မျှ ကွဲကွာ နေရသော စိန်အောင်သိန်း ကို အတိုးချ၍ ကြည့် လိုက်မည် ဟု တိတ်တဆိတ် ကြုံးဝါးလျက် ရှိ ကြလေသည် ။

စိန်အောင်သိန်းဇာတ်အဖွဲ့ကြီး ရောက်မည့် ရက် ကိုသာ လက်ချိုး ရေတွက် နေကြသည် ။ အမှန်အား
ဖြင့် ဒေါ်မေမေခင် သည် စိန်အောင်သိန်း ကို ဇာတ်ခုံ ပေါ် မှာ သာ မြင်ရုံမှ အပ အပြင် တွင် မမြင်ဖူး ချေ ။ တစ်ခါ ကား နှင့် မြို့ထဲ ဈေးဝယ် သွားရင်း လမ်း ကြုံသဖြင့် ဘောလုံးကွင်း ထဲ တွင် ထိုးထားသော ဇာတ်ရုံ ဘက် သို့ လှည့် အမောင်း ခိုင်းကာ လက်မှတ် ကိုယ်တိုင် ဝယ် စဉ်ကမူ စိန်အောင်သိန်း ကို ဇာတ်ရုံ ပွဲဈေးတန်း လက်ဖက်ရည်ဆိုင် တွင် ထိုင် နေသည် ကို မြင် ရဖူး၏ ။ ထိုစဉ်က စိန်အောင်သိန်း သည် ကတ္တီပါလောင်းကုတ်ကြီး ကို ဝတ်၍ မျက်နှာသုတ်ပဝါ ကို လည် တွင် ရစ် သိုင်း ထား၏ ။ သူ နှင့် လက်ဖက်ရည်ဆိုင် သောက်နေသူများ မှာ လူပြက်ကိုရွှေငါး ထင်ရဲ့ ၊ ဟိုဘက် က ပိန်ပိန်ရှည်ရှည် သွားခေါခေါ ကတုံးဘိုကေ နှင့် လူ မှာ ဆိုင်းဆရာရွာစားကြီး ဦးဘဝင်း နှင့် တူ သလိုလို ရှိ၏ ။ စိန်အောင်သိန်း နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူမှာ ရုံကန်ထရိုက်တာ ဖြစ်ဟန် တူ ပေသည် ။ ဒေါ်မေမေခင် သည် ဟုတ်ပါတယ် ဇာတ်ကန်ထရိုက် ပါ ပဲ ၊ သူ့ နာမည် ကိုတော့ ဒေါ်မေမေခင် မသိပေ ။ စက်ရှင်မင်းကြီး ကား နှင့် စက်ရှင်မင်းကြီးကတော် ဒေါ်မေမေခင် ကို မြင် သည် နှင့် ရုံကန်ထရိုက် သည် လက်ဖက်ရည်ဆိုင် မှ ကပျာကရာ ထွက် လာကာ

“ ဪ ... မင်း ကြီးကတော် ပါ လား ၊ မင်းကြီး ကော မပါဘူးလား ၊ ဖျာ လာ ဝယ်တာလား ၊ ဟာ ... မလုပ်ပါနဲ့ မင်းကြီးကတော် ၊ ကျွန်တော်တို့ ကို လူ လွှတ်ပြီး အကြောင်း ကြား လိုက်ရောပေါ့ ၊ ဟေ့ ထူးရွှေ ထူးရွှေ ”

ဟု ဖျာ ရောင်းနေသော စားပွဲ မှ လူ ကို လှမ်း ခေါ်လိုက်ပြီး မှ

“ ဟေ့ ဆိုင်းနောက် နား က မင်းစင် အတွက် နေရာ ကို ချန် ထားလိုက် ၊ ဒီ က မင်းကတော်များ လာ ကြည့်ကြမလို့ ။ ကျွန်တော် တို့ လည်း အရေးပိုင်မင်းအိမ် နဲ့ မင်းကြီးအိမ် ကို အပို့ ခိုင်းမလို့ပါပဲ ၊ ဇာတ် က ဒီနေ့ ည မှ စ ဝင်တာ ဆိုတော့ အရာတကျ စီစဉ် မပြီးသေးတာ နဲ့ လစ်ဟင်း သွားပါတယ် ”

ဟု ရွှန်းရွှန်းဝေအောင် ပြော လိုက်သည် ။

ဒေါ်မေမေခင် သည် ပုံ့ပုံ့ကလေး သာ ပြုံးလိုက်ပြီး “ ကိစ္စ မရှိပါဘူး ၊ ကျွန်မ ဈေး လာရင်း ကြုံတာနဲ့ပါ ” ဟု ပြော ကာ လက်ဖက်ရည်ဆိုင် ဘက် သို့ တစ်ချက် မျှ လှမ်း ကြည့်လိုက်ပြီး မှ “ ဟို လောင်းကုတ် နဲ့ဟာ ဇာတ်ဆရာ မဟုတ်လား ” ဟု သိလျက် နှင့် မေးလိုက်သည်တွင် ရုံ ကန် ထရိုက် က လည်း ရောယောင် လှည့်ကြည့်ပြီး “ ဟုတ်ပါတယ် မင်းကတော် ” ဟု ဆို ကာ ဇာတ်ဆရာ အား သွား၍ အခေါ် ခိုင်းလိုက်ပြန်သည် ။ ဇာတ်ဆရာစိန်အောင်သိန်း သည် လောင်းကုတ်အင်္ကျီ ကြီး  ဖိုးရိုးဖားရား နှင့် လက်ဖက်ရည်ဆိုင် မှ ထ လာသည် ။ သူ့ နောက်မှ မျက်လုံးမှေးမှေး ကျောက် ပေါက်မာ သက်သက် နှင့် လူပြက် ကိုကြယ်တစ်လုံး လည်း ပါလာသည် ။

“ ဇာတ်ဆရာ ဟောဒါက ကျွန်တော်တို့ မြို့ စက်ရှင်မင်းကြီးကတော် လေ ၊ မင်းကြီးကတော် ဒါ က ကျွန်တော်တို့ ဇာတ်ဆရာ ပါ ” 

ဟု ကန်ထရိုက် က လူရည် လည်လည် ဖြင့် မိတ်ဆက် ပေးသည် တွင် ဒေါ်မေမေခင် က လည်း ကား ထဲမှ ခေါင်းညိတ် ၍ ပြုံး လိုက်ရသည် ။ ဇာတ်ဆရာ သည် ဆရာမ ရှေ့ တွင် ရောက် နေသော တပည့်ငယ် လို လက်နှစ်ဖက် နောက် ပစ်၍ ခြေစုံ ရပ်ရင်း -

“ ဟုတ်ကဲ့ မင်းကြီးကတော် ၊ ခုလို ကြွရောက် ချီးမြှင့်မယ် ဆိုတာကို ကျွန်တော်များ အင်မတန် ဝမ်းသာပါတယ် ။ နောက်လည်း ချီးမြှင့်တော်မူပါ ။ အလို ရှိတာကိုလည်း မိန့်တော်မူပါ ”

ဟု ယဉ် ကျေးသိမ်မွေ့စွာ ဆို၏ ။ ဒေါ်မေမေခင် က ပြုံး လိုက်ပြီး -

“ ဪ ... ဒီနေ့ည ဘာ ပြမယ် စိတ်ကူးသလဲ ဇာတ်ဆရာ ”

ဟု မေးလိုက်သည် ။

“ ဒီနေ့ ည တော့ ပဒုကုသလဇာတ် ကို ကမယ် စိတ်ကူးပါတယ် ၊ ကျွန်တော်များ အနုသုခုမ ပညာသည်များ မှာ ကိုယ် သန်ရာသန်ရာ က လေ့ ရှိကြပါသည် ။ ဥပမာ ကျွန်တော်တို့ ရဲ့ ဖခင်ကြီး ဂရိတ်ဦးဖိုးစိန်ကြီး ဆိုရင် ကုသဇာတ် ၊ ဦးအောင်မောင်ကြီး ဆိုရင် ပန်းပဲမောင်တင့်တယ် ရွှေမန်း တင်မောင် ဆိုရင် အဇာတသတ် ဆိုပြီး သန်ရာသန်ရာ ကို အသက အသက ပြ သွား တတ်ကြပါတယ် ။ ကျွန်တော်များ ကတော့ ပဒကုသလ ရယ် ၊ ဆင်ကဲဘို့မယ် ရယ် ၊ ပဒုမပေါင်တို ရယ် ပြ တတ်ပါတယ် ၊ ဒီ ဇာတ်သုံးထုပ် ကိုတော့ ကျွန်တော်များ အသန်ဆုံး ပါပဲ ။ ဪ ... ဒီည မင်းကြီး ပါ ကြွ လာဦးမှာ ပါလား ” 

“ ဟုတ်ကဲ့ ၊ လိုက်ဖြစ်ပါလိမ့်မယ် ၊ ပထမ ည ဆိုရင်တော့ ကြည့် တတ်တာ များပါတယ် ၊ နောက်ညတွေ ဆိုရင်တော့ သူ က မနက် အမှုချိန်းတွေ ဘာတွေ နဲ့ ရှိတော့ သိပ် မကြည့်နိုင်ပါ ဘူး ။ မင်းတို့ က သာ ဇာတ်ဆရာ ဇာတ် ဆိုရင် ညတိုင်း ရောက်တာ ၊ ဘယ်မြို့ ရောက်ရောက် ဇာတ် ဆရာ ဇာတ် ဆိုရင်တော့ ကြည့် တာပါပဲ ။ ဟိုနှစ်က မအူပင် မှာ တစ်ခါ ကြည့် ရတယ် ။ မနှစ်က သီဟိုဠ် ရှင်ပွဲတော် မှာတစ်ခါ ..” 

စိန်အောင်သိန်း သည် စာဖတ်ပရိသတ် တစ်ယောက် ၏ ချီးမွမ်းခြင်းကို ခံရသော စာရေးဆရာ လို ဝမ်းသာသလိုလို ဖြစ်သွားပေသည် ။

“ ဟုတ်ကဲ့ ၊ နောက်လည်း ကြွရောက်ချီးမြှင့်ပါ မင်းကြီးကတော် ” 

ဟု စိန်အောင်သိန်း က ကျိုးနွံစွာ ဆို၏ ။

လူပြက် ကိုကြယ်တစ်လုံး ကား မင်းကြီးကတော် ကို မျက်လုံးမှေး၍ ငေး ကြည့်နေ၏ ။ သူ့ စိတ် ထဲ တွင် သူတို့ ဇာတ် ကို လာ ကူ ဖူးသည့် မန္တလေး မှ အငြိမ့်သမ ဩဘာသန်း နှင့် တူ သလိုလို ၊ ဇာတ် ထဲ က အော်ပရာယိမ်း သမ ခင်စိန် နှင့် တူသလိုလို ထင် မိသည် ။ ဒါပေမဲ့ သြဘာသန်း နဲ့ ခင်စိန် က သူ့ လို နားရွက်မကားဘူး ။ သူ့ နားရွက်ကလေးကတော့ ကားကားပြန့်ပြန့်ကလေး ရယ် ။ ဒီလို နားရွက်ကလေး ကား နေမှ စိန်နားကပ် ပန် လို့ လှတာ ၊ မင်းကြီးကတော် သာ ဆိုတယ် အသက် က ငယ်ငယ်ကလေး ရှိ   သေးတာပဲ ၊ သုံးဆယ်တောင် ပြည့် မှ ပြည့် ပါဦးမလား ၊ ပြီးတော့ ဟိုကောင်မတွေ အသား က ကြမ်းတယ် ၊ သူ့ လောက် မနုဘူး ၊ ပြီးတော့ ဖြူလည်း မဖြူဘူး ၊ ညောင်လေးပင် မှာ တုန်းက အော်ပရာ ထွက်ခါနီး အချိန် မမီမှာ စိုးလို့ ခင်စိန့် ပါး ကို မျက်နှာ ချေ လူး ပေးဖူးပါရဲ့ ၊ ကြမ်းလိုက်တာ ထွီ ၊ မျက်လုံး မျက်ခုံး ကတော့ သြဘာသန်း နဲ့ တူ သလိုလိုပဲ ၊ ဒါပေမဲ့ ဟိုကောင်မ က နှာခေါင်း နည်းနည်း ပွတယ် ၊ နှာဖျား နီလိုက်သေး ၊ မင်းကြီးကတော် ကျတော့ နှာတံကလေး က ပိ နေတာပဲ ။ အေးလေ ဘယ် တူနိုင်မလဲ ၊ ဇာတ်သမ နဲ့ မင်းကြီးကတော် ပေ ကိုး ၊ နဖူး ကတော့ မတိုင်းကောင်း တိုင်းကောင်း မြင်းခြံ မှာ ဆုံးတဲ့ လက်ထောက်မင်းသမီး ပဒုမ္မဏီစိန် ရဲ့ နဖူးမျိုးလေး ပဲ ၊ မဟာ နဖူးလေး ။

ကား စက်နှိုးသံ ကြားတော့မှ ကိုကြယ်တစ်လုံး သည် သူ့ ဆီ သို့ လှမ်း ကြည့်လိုက်သည် ။ မင်းကြီးကတော် ၏ ကား သည် ဇာတ်ရုံ ရှေ့ မှ ထွက်ခွာ သွားလေပြီ ။

သည်နောက် မှ စ၍ ဒေါ်မေမေခင် သည် စိန်အောင်သိန်း နှင့် ရင်းနှီး လာကြသည် ။ စိန်အောင်သိန်း ကို ညနေတိုင်း အိမ် သို့ ထမင်း ဖိတ် ကြွေးရသည်မှာ လည်း အမော ။ တစ်ခါတလေ ကိုကြယ်တစ်လုံး ပင် လိုက် ရသေးသည် ။ ကိုကြယ်တစ်လုံး သည် ထမင်း စားရင်း မင်းကြီးကတော် ဒေါ်မေမေခင် ကို တိတ်တဆိတ် ခိုး ကြည့်နေတတ်သည် ။

( ၃ )

ခါတိုင်း ညနေ ဆိုလျှင် ဒေါ်မေမေခင် သည် မစ္စတာကောလင်း ဂေါက်သီး ကစားရာ သို့ လိုက်သွားမြဲ ဖြစ်၏ ။ ယနေ့မှာ မူ စိန်အောင်သိန်း ကို ထမင်းစား ဖိတ်ထား၍ လိုက် မသွားတော့ဘဲ နေရစ်ခဲ့သည် ။ မစ္စတာကောလင်း ကိုယ်တိုင် ကိုလည်း ယနေ့ ညနေ ဂေါက်သီး သွား မကစားရန် တား ပါသေး၏ ။ သို့သော် ချိန်းပွဲ ရှိ၍ သွား ကစားဦးမည် ။ ညနေ စောစော ပြန် လာခဲ့မည် ဟု ဆို ကာ နေ့လယ် ၃ နာရီ ရုံး မှ ပြန်လာ ကတည်း က ထွက် သွားခဲ့ပေသည် ။

မစ္စတာကောလင်း အား ဂေါက်သီးကွင်း သို့ ပို့ပြီး မောင်ခင် အား အခြား လိုအပ်သော ပစ္စည်းပစ္စယ တို့ ကို ဝယ်ရန် ဈေး သို့ လွှတ် ရသေးသည် ။ ဈေး မှ ပြန်လာပြီး တစ်ဖန် မြို့ထဲ သို့ စိန်အောင်သိန်း ကို အခေါ် လွှတ် ရပြန်သည် ။ မနေ့ည က ပွဲ သို့ အသွား တွင် စိန်အောင်သိန်း ကို ထမင်းစား လာပါ ဟု ဖိတ်ခဲ့ခြင်း ဖြစ်ပေသည် ။

ခဏကြာသော် မင်းကြီးကတော် ကား ဖြင့်ပင် စိန်အောင်သိန်း ရောက် လာလေသည် ။ စိန်အောင်သိန်း သည် ခါတိုင်းလို စိန်ကတ္တီပါလောင်းကွတ် အင်္ကျီ ကို ဝတ် ထားပြီး ဘန်ကောက် လုံချည် ရေညှိရောင် ကို ဆီးကာ ပိန်းတန်းဖိနပ် ကို စီးထား၏ ။

“ လာ ... လာ ... ဇာတ်ဆရာ ၊ မင်းကြီးတော့ ဂေါက်သီး သွား ကစားတာ ပြန် မလာသေးဘူး ။ ခပ်စောစော ပြန်လာမယ် လို့ တော့ ပြောတာပဲ ၊ မောင်ခင် ရေ ၊ မင်းကြီး ကို သွား ကြို ပါကွယ် ”  

ဟု တစ်ဆက်တည်း ခိုင်း လိုက်သည် ။

ဧည့်ခန်းသို့ မဝင်ကြတော့ဘဲ အိမ်ရှေ့ ဧရာဝတီမြစ်ကို မျက်နှာပြု ထားသော မြက်ခင်းပြင် ပေါ် တွင် ချထားသည့် ကြိမ်ကုလားထိုင်များ ပေါ် တွင် ထိုင် လိုက်ကြပြီး ဇာတ်များ အကြောင်း မြန်မာဇာတ်ပွဲများ ညလုံးပေါက် မကပြသင့်ကြောင်း အမျိုးသား ပညာဝန် ဦးဖိုးကျား ဆောင်းပါး ရေးသည် ကို မကြိုက်ကြောင်း ၊ ရန်ကုန်အငြိမ့်များ အကြောင်း စသည် တို့ ကို ပြော နေကြသည် မှာ မှောင်စ ပျိုးသည် အထိ ဖြစ်လေသည် ။

မစ္စတာကောလင်း ကား တော်တော် နှင့် မပေါ်လာချေ ။ ခဏကြာသော် ဒေါ်မေမေခင် ကပင် စ ၍ -

“ ဪ ...  ဇာတ်ဆရာ ဆာ လှရော့မယ်နော် ၊ မစောင့်ဘဲ ဖြစ်ဖြစ် စား လိုက်ကြတာပေါ့ ၊ ခင် လဲ ဆာလှပြီ ၊ မင်းကြီး က လဲ ဂေါက်သီး ကစားရမယ် ဆိုရင် သိပ် ဇွဲ ကြီးတာပဲ သားမယား တောင် အမှတ် ရတာ မဟုတ်ဘူး ” 

ဟု ဆို၍ စိန်အောင်သိန်း ကို ခေါ်၏ ။

စိန်အောင်သိန်း က စောင့်ပါဦး ဟု တား သည် ကိုပင် မရတော့ဘဲ ၊ ထမင်းစားခန်း ထဲ သို့ ခေါ်သွားသဖြင့် လိုက်သွား ရချေသည် ။ ထမင်းစားခန်း ကား သပ်ယပ်လှသည် ။ အစိုးရအိမ် ဖြစ်၍ သားနားလှသည် အောက်မေ့ မိသည် ။ ထမင်းစား စားပွဲ သည် ပါလစ် သုတ်ထား၍ ပြောင်လက် တောက်ပနေ၏ ။ ကြိမ်ထိုး ကျွန်းသား မတ်တတ်ကုလားထိုင် ၄ လုံး ကို ပတ်ပတ်လည်တွင် ချ ထားလေသည် ။ စားပွဲ တွင် အင်္ဂလန်လုပ် ဖန်သားအပြာရောင် ပန်းအိုးထဲ တွင် နှင်းဆီပွင့်ကြီးများ ထိုး ထားလေသည် ။

ဒေါ်မေမေခင် သည် ထမင်းစားပွဲ ကို သူ ကိုယ်တိုင် ပြင်သည် ။ ဂျွန်ဆင်ဘရား လုပ် အပြာ ရောင် တိုက်ပန်းနွယ် ပန်းကန်ပြား ထဲ သို့ သူ ကိုယ်တိုင် ထမင်း ခူး ၍ ပေးသည် ။ အပေါက်ဝ တွင် ချာပရာစီကုလားက ခွေးခြေတစ်လုံး နှင့်ထိုင်ကာ ယပ်ဆွဲ ပေးလေသည် ။

“ စားနော် ဦးစိန်အောင် ၊ ဘာမှ အားမနာ နဲ့ ၊ အိမ် က လူ တော့ ည ၇ နာရီလောက် ကျ မှ ညစာ စားတယ် ၊ သူ့ မစောင့်ပါနဲ့ ၊ ဧည့်သည် ကို သာ ကျွေးနှင့်ပါ လို့ မှာ သွားတယ် ” ဟု စကားအမျှင် တန်းကာ ကြက်သည်း ၊ ကြက်မြစ်တွေ ကို ထည့်ပေးသည် ။ ဒေါ်မေမေခင် မှာ အနည်းငယ် ရင်းနှီးစ ပြုလာသည့် အတိုင်း ဇာတ်ဆရာ စိန်အောင်သိန်း ကို ဦးစိန်အောင် ဟု နာမည်တပ် ၍ ခေါ် ပေ သည် ။

ဇာတ်ဆရာ စိန်အောင်သိန်း ကား ထမင်း ကို သာ ငုံ့၍ စားနေ၏ ။ ဒေါ်မေမေခင် သည် ထမင်းငုံ့ စား နေသော စိန်အောင်သိန်း ကို အကဲခတ် နေလေသည် ။ ပိပြား၍ နက်မှောင် နူးညံ့သော  သျှောင်ထုံး အောက် မှ မဟာနဖူး သည် မီးရောင် တွင် ဝင်း နေ၏ ။ ခေါင်းကို ငုံ့ ထားသဖြင့် ဖြောင့် စင်း ပေါ်လွင် နေသော နှာတံအဖျား ကို သာ မြင် ရလေသည် ။ စိန်အောင်သိန်း ထမင်း စားပုံ မှာ သိမ် မွေ့ ယဉ်ကျေးလွန်းသည် ဟု ထင်သည် ။

“ ဦးစိန်အောင် တို့ ဒီမှာ က ပြီးရင် ဘယ်မှာ ဝင် ရမှာလဲ ”

ဟု ဒေါ်မေမေခင် က ဟင်းချို ကို ဘယ်လက် ဖြင့် လှမ်း ခပ်ရင်း မေးသည် ။ စိန်အောင်သိန်း သည် သူ့ ကို မော့ ကြည့်လိုက်ပြီး ...

“ မတ္တရာ ကို သွားရပါလိမ့်မယ် မင်းကြီးကတော် ” 

ဟု ဖြေသည် ။

“ ဦးစိန်အောင် တို့ မလည်း နားရတယ် လို့ ကို ရှိမှာ ဟုတ်တော့ပါဘူးနော် ” 

“ ဒီလိုပဲ မင်းကြီးကတော် ၊ သဘင်သည် ဆိုတာမျိုး ဟာ အခွင့်ကောင်း ကို မှီပြီး ထမင်း တစ်လုတ် စားရတဲ့ ဘဝမျိုး ပါ ။ ပြီးတော့ ဖက်ခွက်စား ဆိုပြီးလည်း ပေါင်းသင်း ဆက်ဆံရေး မှာ သိပ် အောက်ကျ နောက်ကျ ဖြစ်တာပဲ ၊ ကျွန်တော် ဖြင့် ဇာတ်ခေါင်း ကွဲပြီး အဖွဲ့သားတွေ ကသီလင်တ ဖြစ်မှာ စိုး လို့ သာ ၊ ကျွန်တော့် အလိုဖြင့် သဘင်သည် တောင် မလုပ်ချင်တော့ပါဘူး ”

“ ဒီလောက်လည်း စိတ် မပျက်ပါနဲ့ဦးလေ ၊ ခင် တို့လည်း ရှိ ပါသေးတယ် ၊ ခုခေတ်ကြီး မှာ တကယ့် အရည်အချင်း နဲ့ ပြည့်ဝတဲ့ သဘင်သည်တွေ အရှားသား ကလား ၊ ဦးစိန်အောင် တို့ လို ဇာတ်ရည် ဝတဲ့ သဘင်သည်တွေ က ပါ ဇာတ်သဘင်လောက ကို စိတ်ပျက်နေတယ် ဆိုတော့  ” 

စိန်အောင်သိန်း က ကြွေရည်သုတ်ဇလုံ ထဲ သို့ လက် နှိုက်၍ ဆပ်ပြာ ကို ပွတ် လိုက်ရင်း -

“ ကျွန်တော့် ကို လည်း သိပ် မြှောက်မနေပါနဲ့ဦး ၊ မင်းကြီးကတော် ”

ဟု ပြုံး၍ ဆိုလိုက်သည် ။

“ တကယ်ပါ မြှောက် ပြောတာ မဟုတ်ပါဘူး ၊ ဦးစိန်အောင် ကို ခင် တို့ က မြှောက် ပြော နေစရာ လူလား ” 

ဟု ခပ်စွေစွေ ကလေး ကြည့် ရင်း ပြော လိုက်သည် ။

“ မင်းကြီးကတော် တို့ က အပြင် က သာ မြင် နေတာကိုး ၊ သဘင်သည် လောက ထဲ မှာ အတွင်း ကျတော့ သိပ် စိတ်ပျက်စရာ ကောင်းတာ ။ ကျွန်တော်တို့ လို ဇာတ် တစ်ဇာတ် ကို ကွပ်ကဲ အုပ်ချုပ် လာရပြီ ဆိုရင် ပိုပြီး တာဝန် ကြီးတယ် ။ ဇာတ်သမား အချင်းချင်း တည့်အောင် ကြည့် ထိန်းရ ၊ ကန်တော့ပါရဲ့ ၊ ဇာတ်သမား နဲ့ ဇာတ်သမတွေ လူ ကဲ့ရဲ့ လွတ်အောင် ဆုံးမရ ၊ ပြီးတော့ ဆိုင်း သမား နဲ့ ဇာတ်သမား တည့်အောင် လည်း ကြားက ဖြန်ဖြေရ နဲ့ သိပ်ပြီး စိတ်ရှုပ်စရာ ကောင်းတာပဲ ။ အို ဒိပြင် စိတ်ညစ်စရာတွေ အပုံကြီး ရှိ သေးတယ် ”

နှစ်ယောက် စလုံး ထမင်း စား ပြီး၍ ဧည့်ခန်း တွင်း သို့ ရွှေ့ လာ ကြသည် ။ အစေခံ တစ်ယောက် က သစ်သီးပန်းကန် ကို လာ ချသည် ။

“ ကဲ စားလိုက်ပါဦး ဦးစိန်အောင် ၊ ဟောဒါက လိမ္မော်သီး ၊ တစ်နေ့က ကိုကို့ ရုံး က ရှေ့ဖတ်စာရေး မြင်းခြံ သွားလို့ မှာ လိုက်တာ ၊ ဟောဒါက ဆန်းကစ်သီးလေ ၊ ဂန့်ဂေါမြို့အုပ်ကလေး ပေး သွားတာ ၊ သူတို့ ဆီ မှာတော့ ရှောက်ချိုသီး လို့ ခေါ်တယ် ဆိုလား ” 

ဒေါ်မေမေခင် က လိမ္မော်သီး တစ်လုံး ကို ကောက်၍ ကိုယ်တိုင် နွှာနေ၏ ။ စိန်အောင်သိန်း သည် လိမ္မော်သီးအဖြူမြှေး ကလေးတွေ ကို တစ်ဖတ်ချင်း ခွာနေသော ဒေါ်မေမေခင် ၏ သွယ်ပျောင်းသော လက်ချောင်းကလေးများ ကို ကြည့် နေမိသည် ။ လက်ချောင်းကလေးများ မှာ ပျားဖယောင်းတိုင် လေး တွေ လို သွယ်သွယ်လျလျကလေး ဖြစ်ပြီး လက်သည်းခွံကလေးများ မှာ မူ နီပြေပြေ အရောင် သန်း နေလေသည် ။

“ ခင် က ဇာတ်ပွဲ ဆိုရင် သိပ် ဝါသနာ ပါတာ ၊ ဇာတ်ပွဲတွေ အားလုံး ထဲ မှာ လည်း ဇာတ် ဆရာ ရဲ့ ဇာတ်ပွဲ ဆိုရင် မလွတ်တမ်း ကြည့် တာပဲ ၊ ဪ .. ဒါထက် ဇာတ်ဆရာ ကို ခင် တစ်ခု တောင်းပန်ရဦးမယ် ၊ ဇာတ်ဆရာ ကူညီနိုင်ပါ့မလား ဟင် ” 

ဒေါ်မေမေခင် က မျက်လုံးကလေး ရီရီ ဖြင့် ဆို၏ ။ ဇာတ်ဆရာ စိန်အောင်သိန်း သည် ဒေါ်မေမေခင် ကို မော် ၍ ကြည့် လိုက်သည် ။

“ ကျွန်တော်တို့ တတ်နိုင်တာ ဆိုရင်တော့ ကူညီပါမယ် မင်းကြီးကတော် ၊ မင်းကြီးကတော် က အမိန့် ရှိပါ ”

“ တခြားတော့ မဟုတ်ပါဘူး ၊ ခင် တို့ မြို့က အမျိုးသမီး စာရိတ္တမြှင့်တင်ရေးအသင်း မှာ ခင် က ဥက္ကဋ္ဌ လေ ။ ဟဲ .. ဟဲ ၊ အလှူပွဲ ပေး ဖို့တော့ မဟုတ်ပါဘူး နော် ၊ ထိတ် လည်း မသွားပါနဲ့ ၊ အဲဒါ ဇာတ်ဆရာ က အသင်းလုပ်ငန်း အတွက် ကူညီပေး ဖို့ ပါပဲ ”

“ ဘယ်လို ကူညီရမှာလဲ ခင်ဗျာ ” 

“ ဒီလိုလေ ခင်တို့ အသင်း ရဲ့ လုပ်ငန်း က ပျက်စီး နေတဲ့ အမျိုးသမီးတွေ ကို ကယ်ဆယ် ဖို့ ၊ ပြီးတော့ အမျိုးသမီးတွေ ကို အကျင့်စာရိတ္တ မပျက်ပြားအောင် ပညာပေးဖို့ ၊ အနေအထိုင် ၊ အပြောအဆို ၊ အပြုအမူ ၊ အို ... အကုန်လုံးပေါ့လေ ၊ အဲဒီလို အမျိုးသမီးတွေ ကို ပညာ ပေးဖို့ ဇာတ် သဘင် ပညာသည်တွေ ရဲ့ အကူအညီ ကို ခင် လိုချင်ပါတယ် ။ ဇာတ်သဘင် တို့ ရုပ်ရှင်တို့ ဆိုတာ လူတွေ ကို အသိဉာဏ် ပေး နေတယ် မဟုတ်လား ဇာတ်ဆရာ ရဲ့ ၊ ခုဆိုရင် ခင်တို့ တိုင်းပြည် မှာ မိန်းကလေးတွေ ဟာ တစ်စတစ်စ အကျင့်စာရိတ္တ ပျက်ပြား လာကြတယ် ၊ မယ်မြန်မာရွေးပွဲ ဆို ပြီး လူရှေ့သူရှေ့မှာ တက်ပြ ၊ လင်ကွာ မယားကွာ မှု တွေ က တစ်စထက်တစ်စ များ ၊ ဒီအထဲမှာ ကန်တော့ပါ ရဲ့ သူ့ မယား ကိုယ့် မယား သူ့ လင် ကိုယ့် လင် ဖောက်ဖောက်ပြန်ပြန် ဖြစ်တာတွေ က လည်း ဒု နဲ့ ဒေး ၊ ဒီ အထဲ သတင်းစာ တွေ က လည်း ဒီလို သတင်းတွေ ကို သိပ် အသား ပေးနေကြ တော့ ကြာရင် ခက်ကုန်ရချည် ရဲ့ လို့တောင် အောက်မေ့ မိတယ် ”

“ ဟုတ်ကဲ့ အမိန့်ရှိပါဦး မင်းကြီးကတော် ” 

“ ဒီလိုပါလေ အဲဒီလို အကျင့်စာရိတ္တတွေ မပျက်ပြားအောင် ဇာတ်ဆရာ တို့ က တစ်ဖက် တစ်လမ်း က နေပြီး ကူညီဖို့ပါပဲ ”

“ ဟုတ်ကဲ့ ”

“ ဥပမာ မိန်းမတွေ အကျင့်စာရိတ္တ ပျက်လို့ ဘယ်လို ဒုက္ခ ရောက်ရကြောင်း ၊ လင့်ဝတ် ငါးပါး မယားဝတ်ငါးပါး ကျေပွန်အပ်ကြောင်း ၊ မိန်းမတို့ ဣန္ဒြေ ဟာ ဘယ်လောက် အဖိုးထိုက် တန်ကြောင်း စသည်ဖြင့် ပေါ့လေ ၊ အဲဒါတွေ ကို အခြေခံပြီး ထိုးဇာတ် ဖြစ်ဖြစ် ၊ နိပါတ်တော် က လာ တဲ့ ဇာတ်တွေ ဖြစ်ဖြစ် ကပြပေးဖို့ ” 

“ ဟုတ်ကဲ့ ၊ နားလည်ပါတယ် မင်းကတော် ၊ ဒီလို ဇာတ်မျိုးတွေ နိပါတ်တော်တွေ ထဲ မှာ လည်း ရှိပါတယ် ။ ဥပမာ မဟာပဒုမဇာတ်တော် တို့ ၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ မိန်းမကောင်း မိန်းမမြတ်တွေ ဆိုရင်လည်း မဟော်သဓာ တို့ လို ဇာတ်မျိုးတွေ ထိုးဇာတ် လုပ် ပြရရင်လည်း ရပါ တယ်လေ ။ ကျွန်တော် တို့ အဖွဲ့ မှာ လည်း စာရေးဆရာကြီးတွေ ပါ ပါတယ် ” 

“ အဲ ... အဲ ဟုတ်ပြီ ၊ ဇာတ်ဆရာ ကို စောစော ကတည်း က ပြော မလို့ဟာ မေ့ နေတယ် ၊ မဟာပဒုမ တို့ လို ဇာတ်မျိုး ဟာ က ပြီး သင်ခန်းစာ ပေး လိုက်ရရင် သိပ် ကောင်းမှာပဲ ၊ အမယ် ဇာတ် ထွက်ချိန် တောင် နီးနေပြီ ၊ စကား ကောင်း နေလိုက်ကြတာ ၊ ကဲ ဇာတ်ဆရာ နဲ့ အတူ ခင်လည်း လိုက်ခဲ့ ဦးမယ်လေ ၊ နောက်တော့ ဆက် တိုင်ပင်ကြသေးတာပေါ့ ”

ဒေါ်မေမေခင် သည် စိန်အောင်သိန်း နှင့် ဇာတ်ရုံ သို့ လိုက် သွားလေသည် ။ ဒေါ်မေမေခင် တွင် မည်မည်ရရ အလုပ် ဟူ၍ ဘာမျှ မရှိ ။ ဇာတ်ပွဲ ကြည့် သည့် အလုပ် သာ ရှိ လေသည် ။ မြို့သို့ စိန်အောင်သိန်း ဇာတ် လာတိုင်း ထမင်းဖိတ် မကျွေးဖူးသည့် အခါ မရှိ ၊ ညတိုင်း လို ထမင်း ဖိတ် ခေါ် ကျွေးမွေးသည် သာ ဖြစ်လေသည် ။ စိန်အောင်သိန်း မှာ လည်း ဒေါ်မေမေခင် တို့ အိမ် ရောက်လျှင် စကား ကို ဖောင်လောက်အောင် ပြောရင်း အချိန် ကုန် ရသည် ။ ပွဲ ထွက်ခါနီး တော့မှ ဒေါ်မေမေခင် နှင့် အတူ ရုံသို့ ရောက် လာတတ်သည် ။

“ တို့ ဇာတ် ထဲ မှာ မင်းကြီးကတော် လို ရုပ်မျိုးသာ မင်းသမီး လုပ် လိုက်ရမယ်ဆိုရင် ဇာတ် ဆရာ တို့ တော့ ပီတိ ကို ဖြစ်နေမှာပဲ အဟီးဟီး ”

လူပြက် ကြယ်တစ်လုံး က ယိမ်းသမများ ကို ပြော ပြတတ်ပေသည် ။ ယိမ်းသမကလေး များ သည် ကြော့ရှင်းလှပသော မင်းကြီးကတော် ဒေါ်မေမေခင် ကို ဇာတ်ဆရာ မသိအောင် တိတ်တိတ်ခိုး ကြည့် နေတတ်ပေသည် ။ ဒေါ်မေမေခင် သည် စိန်အောင်သိန်း နှင့် ရင်းနှီး မှ ကန့်လန့်ကာ အတွင်း သို့ ရောက်ဖူးပေသည် ။ ဟို ခြင်ထောင်ဘေး ထွက်ပြီး အိပ် နေတာ နောက်ပိုင်း မင်းသမီး ဩဘာကြည် ထင်ပါရဲ့  ၊ ဟိုနား က ကလေး ပွေ့ နေတာ ဇာတ်ဆရာကတော် မသိန်းရွှေ မဟုတ် လား ။ မသိန်းရွှေ သည် အသား ဖြူသည် ၊ နှာတံကလေး မှာ ပိ နေသည် ။ သို့ရာတွင် မျက်ကြော ဆွဲ ၍ မျက်တောင် ခဏခဏ ခတ် တတ်သည် ။ သူ့ မျက်လုံးအိမ် မှာ မျက်ခမ်းစပ်စပ် နှင့် ဖြစ်လေသည် ။ ယိမ်းသမကလေး နှစ်ယောက် သည် ကြယ်သီး ကိစ္စ နှင့် တစ်ယောက် တစ်ခွန်း စကား များနေ ကြ၏ ။

ဇာတ်ဆရာ နှင့် ဒေါ်မေမေခင် တို့ နောက်ပိုင်း သို့ ဝင် လာသောအခါ ရန် ဖြစ်နေသော ကောင်မလေး နှစ်ယောက် သည် တိတ် သွားကြ၏ ။ သို့သော် ဆီမန်း မန်းသလို တွတ်ထိုး နေကြသည် ကို ကား တစ်ချက် တစ်ချက် ကြား ရတုန်းပင် ရှိသေး၏ ။ ဇာတ်သေတ္တာ ပေါ် တွင် အိပ်ရာ ကို ဖြန့် ခင်း ပြီး ဒူး နှစ်လုံး ကို ဖော် ၍ ထောင် ကာ ပက်လက် အိပ်ရင်းက ကောင်မလေး နှစ်ယောက် ကို ရန် တိုက် ပေး နေသော လူပြက်ကြယ်တစ်လုံး သည် ဒူး ကို ဖုံး ကာ တစ်ဖက် သို့ စောင်း၍ ကွေး လိုက် သည် ။

ဇာတ်ဆရာစိန်အောင်သိန်း သည် ဝတ် လာသော စိန်ကတ္တီပါ လောင်းကုတ်အင်္ကျီ ကို ချိတ်တွင် ချိတ်၍ မင်းကြီးကတော် ဘက် သို့ ပက်လက်ကုလားထိုင် တစ်လုံး ထိုး ပေးသည် ။ သည် နေရာ မှာ ဇာတ်ဆရာ ၏ ဧည့်ကောင်းစောင်ကောင်းများ သာ ထိုင်ခွင့် ရလေသည် ။ ဒေါ်မေမေခင် သည် ကန့်လန့်ကာ နောက်က ရှုခင်း ကို တစေ့တစောင်း အကဲခတ် နေ၏ ။ တချို့မှာ ပိုးလိုး ပက်လက် အိပ် နေကြသည် ။ အင်္ကျီ လဲ သူ က လဲ ၊ ဇာဘော်လီ အပေါ် ထပ် စွပ် လိုက်သည် ။ ယောက်ျား တွေ ရှေ့ မှာ ဆိုပြီး ဣန္ဒြေ လုပ် နေနိုင်တော့ဟန် မတူပေ ။ ပြီးတော့ သူတို့ တစ်တွေ နေပုံ ထိုင်ပုံ မှာ လည်း ညစ်ပတ်လွန်းသည် ။ ဇာတ်သမား ချင်း ပြောသည့် အခါမှာလည်း နည်းနည်း ညစ်လွန်း သည် ဟု ထင်သည် ။ အမျိုးသမီးဥက္ကဋ္ဌ တစ်ယောက် အနေနှင့် စေ့စေ့ပေါက်ပေါက် မြင် တတ်ဟန် တူ ပေသည် ။ ဒီလို ပစ်စလက်ခတ် နေပုံမျိုး နဲ့ တော့ ဇာတ်သမားတွေ နဲ့ ဇာတ်သမတွေ ဘယ်လောက် များ မှောက်မှောက်မှားမှား ဖြစ် ကုန်ကြလေမလဲ ၊ ဇာတ်ဆရာ စိတ် ရှုပ်တယ်လို့ ညည်းတာ ဒီလို ဟာတွေ ကြောင့် ထင်ရဲ့ ။ ဒေါ်မေမေခင် သည် ဒီလောက် ကြီး သော ဇာတ်အဖွဲ့ကြီး ကို အုပ်ချုပ် နေရသည့် ဇာတ်ဆရာ ကို ကြည့်၍ သနား နေမိ၏ ။

ထိုနေ့ ည မှာ ပဒုမဇာတ် ကို ကပြ လေသည် ။ အစက ပဒုကုသလ ကို ကပြရန် ဖြစ်၏ ။ သို့သော် ဒေါ်မေမေခင် ၏ တိုက်တွန်းမှု ဖြင့် ဇာတ် ပြောင်း ၍ က ရလေသည် ။ စီစဉ်ပြီးသား နောက်ခံကားလိပ်တွေ ကို ကမန်းကတန်း လဲ ပစ်ရ၏  ။ အိပ်ရေးပျက်ဖန် များသဖြင့် ကနေ့ ည တစ်ည တော့ ပွဲ မကြည့်ဘူးဟု ဆုံးဖြတ်ထားသော ဒေါ်မေမေခင် မှာ ပဒုမပေါင်တိုဇာတ် ကမည် ဆို၍ အိမ် ပြန်ကာ အဝတ်အစား လဲ လာ၏ ။ ဇာတ်ဆရာ သည် ရုံကန်ထရိုက်တာ ကို ခေါ်၍ မင်းစင် လုပ် ပေးရပြန်သည် ။

ဒေါ်မေမေခင် သည် အိမ်ဖော်မလေး နှင့် ဒရိုင်ဘာ ၏ မိန်းမ ကို သာ အဖော် အဖြစ် ခေါ်ခဲ့ သည် ။ မဟာပဒုမဇာတ် ကို သည် တစ်ခါ ကြည့် ရသည် မှာ ခါတိုင်းနှင့် မတူ ။ စိန်အောင်သိန်း သည် ဇာတ် ထဲ တွင် ဒေါ်မေမေခင် ပြောစေသော အမျိုးသမီးစာရိတ္တ မြှင့်တင်ရေး အကြောင်း ကို မသိမသာ ဆွဲသွင်းကာ တရားဟော သွားလိုက်သေး၏ ။ ပေါင်တို လုပ်သော လူပြက် ကိုကြယ်တစ်လုံး ပင်လျှင် မယ်ရွေးပွဲတွေ ကို ကလော် သွား၏ ။ ပြည့်ရှင်ဘုရင် ဖြစ်သော မဟာပဒုမ ၏ အလှူမင်္ဂလာ မို့ ပွဲတော် ကျ သွား တောင်း ခိုင်း ၍ မင်းသမီး က မသွားပါရစေ နဲ့ ဟု အတန်တန် တောင်းပန်သည့် အခန်း တွင် “ တယ် ဒီ မိန်းမ ယောက်ျား ခိုင်းတာ မလုပ်ရင် အမျိုးသမီး စာရိတ္တ မြှင့်တင်ရေးအဖွဲ့ သွား တိုင် လိုက်ရမလား ” ဟု ပြက်လုံး ထုတ်သွားခဲ့သေး၏ ။

ထို့ပြင် ထို ည က စိန်အောင်သိန်း မှာ ခါတိုင်း စိန်အောင်သိန်း နှင့်မတူ ၊ အထူးတလည် ကြိုးစား ရှာသည် ။ ညီတော်ခြောက်ပါး က နောက် က လိုက်၍ မိဖုရား နှင့် ထွက်ပြေးရပုံ ၊ မိဖုရား ရေကြည်တော် ပြတ်၍ လက်မောင်းသွေး ကို ဖောက် တိုက်ပုံ ၊ သစ္စာ မဲ့သော မိဖုရား က ချောက်ကမ်းပါး မှ တွန်းချ သဖြင့် သတိ မေ့နေပြီး သတိ ပြန် လည်လာစဉ် မိဖုရား ကို တမ်းတပုံ ၊ အလှူ မင်္ဂလာ အပေး တွင် ထဘီပေါက် နှင့် ခွက်ထိုး ခံသော သူတောင်းစား ယောင် ဆောင် သည့် မိဖုရား ကို မြင် လိုက်သောအခါ ငိုချင်းချပုံ ၊ ဇရပ် ပေါ် တွင် သေငယ်ဇော နှင့် မြော နေသော မိဖုရား ဘေး တွင် မြည်တမ်းနေပုံ တို့ ကို ကြည့် ၍ မျက်ရည်တွေ ကျလာပေသည် ။ ဒေါ်မေမေခင် သည် မိုးစင်စင် လင်း သည်အထိ ကြည့်ပြီး ပတ်စာခွာ ဖျာသိမ်း တော့ မှ မျက်လုံး ခပ်ဖန်ဖန် ဖြင့် ဇာတ်စင် နောက်ဘေး သို့ ဝင်၍ ဇာတ်ဆရာ ကို နှုတ် ဆက်သည် ။

သူ့ မျက်လုံးများ သည် ရွှေသွား တစ်ချောင်း ပေါ်လာသော ဇာတ်ဆရာ ကို မြင်သောအခါ တောက်ပ လာကြ၏ ။ စောစောက အိပ်ချင်စိတ်တွေ မရှိတော့ပေ ။ သည်တုန်းက ဇာတ်ဆရာ မှာ လည်း ဒေါ်မေမေခင် ကို မြင် လိုက်ရသဖြင့် နောက်ပိုင်းဇာတ် တွင် ပင်ပန်းခဲ့သမျှတွေ မှာ ပျောက်ပျက် သွားသည် ဟု ထင်ရ၏ ။

ထိုနေ့ ည တွင် မင်းကြီးကတော် ၏ ကားကြီး သည် ဇာတ်ရုံ ရှေ့သို့ ရပ်လာ၏ ။ ကား ဒရိုင်ဘာ သည် ဇာတ်ဆရာ ကို စာတစ်စောင် လာ ပေးသည် ။

ဇာတ်ဆရာ
      ခင် လည်း အိပ်ရေး ပျက်တာ များလို့ ကောင်းကောင်း နေ မကောင်းဘူး ။
အိမ် မှာ မင်းကြီး လည်း မရှိဘူး ။ လူသတ်မှု ဖြစ်တဲ့ နေရာ ကို သွား ကြည့်ရ တယ် ။ နှစ်ရက်လောက် ကြာ မယ် ၊ ခု ည ခင် တို့ အိမ် မှာ ပဲ ထမင်း စား ဖို့ အခေါ် လွှတ် လိုက်တယ် ။

စိန်အောင်သိန်း ဘရန်ဒီ ကို နှစ်ခွက် ဆင့် ၍ သောက်ပြီး “ ဒီနေ့ ည နောက်ပိုင်းဇာတ် အတွက် ပဒကုသလ မ က တော့ဘူး ကိုကြယ်တစ်လုံး ရေ့ ၊ ဆင်ကဲဘို့မယ် ဇာတ် ပဲ က မယ် လို့ ကြော်ငြာ ထား ပါ ” ဟု ဆိုကာ ကား ပေါ် တွင် ပါ သွားလေသည် ။

လူပြက် ကိုကြယ်တစ်လုံး သည် ဇာတ်ဆရာ ကို ငေး ကြည့်ရင်း ကျန်ရစ်ခဲ့ပေသည် ။ အရင် တစ်ခေါက် ကတည်း က ဇာတ်ဆရာ သည် မင်းကြီးကတော် အိမ် မှာ ပင် ဝင်ထွက် စားသောက် နေခဲ့ဖူး၏ ။ ခု တစ်ခေါက်တော့ ဇာတ်ဆရာ သည် ဇာတ် ထွက်ချိန် နီး မှသာ မင်းကြီးကတော် ၏ အိမ် မှ ပြန် လာသည် ကို တွေ့ရ၏ ။

“ တို့ ဆရာပဲ ဆေး မိသလား ၊ မင်းကြီးကတော် ပဲ ဆေး မိသလားတော့ မသိဘူး ။ တစ်ခုခု တော့ တစ်ခုခု ပဲ ” 

ကိုကြယ်တစ်လုံး က ယိမ်းသမများ ကို ပြော ပြလေသည် ။ သို့သော် ထို ည က ပဒုမမင်းသား သည် ပေါင်တို ဘဝ သို့ ရောက်သွားသည် ကို မူ ယိမ်းသမကလေးများ သိကြမည် မထင်ပေ ။ 

◾မြသန်းတင့်
     ( ၁၉၅၈ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment