Sunday, September 18, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁ )


 အခန်း ( ၁ )


ရထား သည် မန္တလေးဘူတာကြီး မှ ပျင်းရီငြီးငွေ့ဖွယ် ဥဩသံ ပေးလျက် တရွေ့ရွေ့ ထွက်ခွာခဲ့ပြီ ။

စိုးရှား က သူ ထိုင်နေသော ထိုင်ခုံကျောမှီ ကို နောက်ဘက်သို့ လှန်ချရင်း တစ်ချက်အပျင်း ဆန့်ကာ သန်းဝေ လိုက်သည် ။


ရထား က တစ်ည လုံး ခုတ်မောင်းပြီး မနက် မိုးစင်စင် လင်းမှ ရန်ကုန် သို့ ရောက်မည် ဖြစ်၏ ။

ဘယ်လောက်များ ပျင်းဖို့ ကောင်းလိုက်သလဲလို့ ... ။


သူ က မျက်စိ ကို စုံမှိတ်ပြီး အတင်း ဖျစ်ညှစ် ကာ အိပ်ဖို့ ကြိုးစား ကြည့်သည် ။ ကံ ဆိုးချင်တော့ ဘယ်လို မှ အိပ်လို့ မပျော် ။ ဒီလို ခရီးရှည် တစ်ခု ကို သွားနေရတဲ့ အခါမျိုး မှာ ကိုယ့်ရှေ့ မျက်နှာချင်းဆိုင် က ထိုင်ခုံ မှာ ကောင်မလေး လှလှပပလေး တစ်ယောက် လောက် ပါ လာလျှင် သိပ် ကောင်းမှာပဲ ဟု တွေးလိုက်၏ ။ ဒါလည်း သူ ကံ ဆိုး ပြန်သည် ။


သူ နဲ့ မျက်နှာချင်းဆိုင် မှာ ထိုင်နေ သူ က ဝမ်းဗိုက် ပူပူ လည်ကုပ် တိုတို နှင့် တိုက်ပုံအင်္ကျီ နံ့သာရောင် ကို ဝတ်ထားပြီး ကွမ်း တဗျစ်ဗျစ် စား နေသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်သည် ။


စိုးရှား က သက်ပြင်း တစ်ချက်ကို စိတ်ပျက် လက်ပျက် မှုတ်ထုတ် လိုက်၏ ။ သူ က အဲဒီလို လူကြီး သူကြီးများ နှင့် အပြောအဆို အပေါက်အလမ်း သိပ် တည့်လှသူ မဟုတ်ပါ ။


ဒီခရီးစဉ် သည် အစ ကတည်း က သူ့ အတွက် “ ကောင်းသောခရီး ” တစ်ခု မဟုတ်ခဲ့ချေ ။


သူ့ ကို အိမ်ပေါ် က နှင်ချလိုက်သဖြင့် ရန်ကုန် တွင် ရှိသော ဦးလေး ဖြစ်သူ ထံ မှာ သွားရောက် နေထိုင်ဖို့ ထွက် လာခဲ့ခြင်း ဖြစ်သည် ။


•••••   •••••   •••••


စိုးရှား ၏ တစ်ခုတည်းသောအပြစ် မှာ “ ပျင်းရိခြင်း ” ဖြစ်သည် ။ အလုပ် လုပ်ဖို့ ပျင်းသည် ။ စာ ကျက်ဖို့ ပျင်းသည် ။ လူကြီးသူမများ ကို အရိုသေ ပေးဖို့ ပျင်းသည် ။ လက်ကလေး ပိုက် ခေါင်းလေးငုံ့ ပြီး “ ဟုတ်ကဲ့ပါ ခင်ဗျာ ” ဟု ပြောဆို တတ်ဖို့ ပျင်းသည် ။


အဆိုးဝါးဆုံး ကတော့ ဆုံးမဩဝါဒများ ကို နားထောင်ဖို့ ပျင်းရိချင်းပင် ဖြစ်၏ ။


တကယ်ဆိုလျှင် ဒါတွေ သည် “အပျင်းစစ်စစ်များ ” မဟုတ်ကြပါ ။ သူ့ အနေဖြင့် အဲဒါတွေအားလုံး ကို

“ အယုံအကြည် မရှိခြင်း ” သာလျှင် ဖြစ်၏ ။ စိုးရှား က သူ့ ရင်ထဲ မှာ နှစ်နှစ်ကာကာ ယုံကြည်ချက် မရှိသော ကိစ္စ ကို ဘာ တစ်ခု မှ မလုပ်ချင် ။


ထိုသို့ ဘာမှ မလုပ်ချင်သောအခါ သူ့ ကို လူပျင်း တစ်ယောက် ဟု ခေါင်းစဉ် တပ်လိုက် ကြတော့သည် ။


စိုးရှား ကိုယ်တိုင် ကလည်း အဲဒီလို လုပ်ရိုးလုပ်စဉ် တွေ ကို အယုံအကြည် မရှိလို့ မလုပ်သည့်အကြောင်း ဘယ်တုန်းကမှ ရှင်းမပြခဲ့ ။ သူ က အကျိုးအကြောင်း ရှင်းပြရမည် ကို ပါ ပျင်းရိသူ တစ်ယောက် ဖြစ်လေသည် ။


•••••   •••••   •••••


စိုးရှား မှာ မွေးချင်း ညီအစ်ကို မောင်နှမ များများစားစား မရှိ ။ အစ်မ တစ်ယောက် တည်း သာရှိသည် ။


( သူ အခုလို အိမ်ပေါ် က ဆင်းရသည့် အကြောင်းကလည်း အစ်မ ဖြစ်သူ နှင့် နည်းနည်းတော့ ပတ်သက်သည် ။ )


သူ့ အစ်မ က စာရေးဆရာမ သိပ် ဖြစ်ချင်သည် ။ မဂ္ဂဇင်းကြီး မဟုတ်သော ခပ်ပါးပါး စာစောင်ကလေးတွေ မှာ စာတိုပေစတွေ ရေးလေ့ ရှိသည် ။


ရေးသမျှ က လည်း ဘာမှတော့ ပြောင်ပြောင်မြောက်မြောက်မဟုတ် ။ အဲဒီလို စာစောင်တွေမှာ ပါနေကျ ပုံစံ ဖြစ်သော မိဘမေတ္တာ အကြောင်း ၊ ရိုးသားသူက ချမ်းသာ သွားပြီး ကောက်ကျစ်သူ က ဒုက္ခ ရောက်သွားကြောင်း ၊ ခွေးများ ဝက်များ ကို ရက်စက်စွာ သတ်ဖြတ်သူ တစ်ဦး သည် နောက်ဆုံးတွင် ဝဋ် လည်ပြီး ခွေးလို ဝက် လို အော်ဟစ် ကာ သေ ရကြောင်း ... ဒါတွေချည်းပင် ဖြစ်သည် ။


စိုးရှား ၏ မိဘတွေ ကတော့ သမီးအကြီး ကို ချီးမွမ်း၍ မဆုံးနိုင်ကြ ။ “ သား အငယ်ကောင်က အပျင်း ကြီး သလောက် သမီး ကတော့ ထူးချွန်ရှာပေတယ် ” ဟု လည်း ခဏခဏ နှိုင်းယှဉ် ပြောတတ်ကြ၏ ။ စိုးရှား ကတော့ ရယ် ရုံသာ ရယ် နေဖြစ်၏ ။


ဟိုးတစ်နေ့ ကတော့ သူ့ အစ်မ ၏ ဆောင်းပါး လိုလို ဝတ္ထု လိုလို စာ တစ်ပုဒ် ကို အတင်းဖတ်ပြီး ဝေဖန် ခိုင်း သဖြင့် နည်းနည်း ပြောမိသည် ။


စာ ထဲ မှာ ရေးသားထားသည်က ထုံးစံ အတိုင်း မိဘမေတ္တာအကြောင်း ပင် ဖြစ်သည် ။ သို့သော် ဒီ တစ်ပုဒ် ကတော့ အလွန်အကျွံတွေ လျှောက်ပြီး တဖွဲ့တနွဲ့ ရေးထား၏ ။ အတိုချုပ် ပြောရလျှင် ...


မြွေပွေးမကြီး သည် အသက် ကို ပင် အသေခံ၍ သားသမီးများကို မွေးဖွားကြောင်း ... ငှက်မ သည် မိခင် စိတ်ဓါတ် ဖြင့် ငှက်ပေါက်စလေးများ ကို အစာခွံ့ ကျွေးကြောင်း ... လိပ်ဥများ သည် ပင်လယ် ထဲ မှ မိခင် လိပ်မကြီး က

မေတ္တာ ပို့ သဖြင့် သာ အကောင် ပေါက်လာရခြင်းဖြစ်ကြောင်း ... စသည်တို့ ကို ကိုယ် လိုရာ ဆွဲ တွေးပြီး အစွမ်းကုန် ပေါက်တတ်ကရ ချဲ့ကား ရေးဖွဲ့ထား၏ ။


ထို့ကြောင့် စိုးရှား က ...


“ တိရစ္ဆာန်တွေ မှာ တွေးခေါ်ကြံစည်ပြီး မှ လုပ်တတ်တဲ့ အသိဉာဏ်မျိုး မဖွံ့ဖြိုးကြပါဘူး မမ ရာ ၊ သူတို့ မှာ သဘာဝ က ပါ လာတဲ့ အလိုအလျောက် တုန့်ပြန်မှုတွေ နဲ့ ပဲ လှုပ်ရှားသွားလာနေကြတာပါ ၊ သဘာဝကို သဘာဝ လို ပဲ

ထားစမ်းပါ ၊ စကားလုံး အကြီးကြီးတွေ နဲ့ လျှောက်ပြီး ဖွဲ့နွဲ့ မနေစမ်းပါနဲ့ ...”


သူ က ဒါလောက်ပဲ ပြောဖြစ်သည် ။ သို့သော် ပြဿနာက ဒီလောက်နဲ့ တင် ပြီး မသွားပါ ။ သူ့ အစ်မ က အဖေ နှင့် အမေ ကို သွား တိုင်ပြောသောအခါ ပို ရှုပ်ကုန်တော့သည် ။


“ မိဘမေတ္တာ ကို တိရစ္ဆာန်လောက်တောင် တန်ဖိုး မထားတတ်တဲ့ အကောင် ...”


ဟူသော စွဲချက်ဖြင့် နားတွေ ထူပူ လာသည် အထိ အဆူ ခံရတော့၏ ။ စိုးရှား ၏ မိခင် မှာ ရှိသော အကျင့် တစ်ခု က ဆူစရာ အကြောင်းအရာ တစ်ခု ရပြီ ဆိုလျှင် တစ်ရက် နှင့် လည်း မပြီး နှစ်ရက် နှင့် လည်း မပြီးတော့ ။ သတိ ရတိုင်း အဲဒီ အကြောင်းကို ပြန် ပြန်ပြီး အစ ဖော်ကာ ပြောမဆုံး နိုင်အောင် ဖြစ်တတ်သည် ။


ကံ ဆိုးချင်တာလား ကံ ကောင်းချင်တာလားတော့ မသိ... ။


သည်နေ့ မနက် အိမ်နောက်ဖေး မီးဖိုခန်း ထဲ မှာ ဇီးရှိသော ကြောင်မကြီး တစ်ကောင်သား ပေါက်ထားသည် ကို တွေ့ရသည် ။ ကြောင်ကလေး ငါးကောင် မွေး၏ ။


စိုးရှား က အငြိမ်မနေ ။ သူ့ မိခင် နှင့် အစ်မ တို့ ကို မီးဖိုထဲအထိ တကူးတက နဲ့ သွား ခေါ်ပြီး မွေးကင်းစ ကြောင်ကလေးတွေ ကို ပြလိုက်သည် ။


“ ဟိုမှာ တွေ့လား မမ ... ကြောင်မကြီး ရဲ့ ပါးစပ် ထဲ ကိုကြည့်စမ်းပါဦး ... ဟဲ ... ဟဲ ... မိဘမေတ္တာ တွေပေါ့ ...”


“ အို ...”


“ အမယ်လေး ... ဝေါ့ ... ရွံ့စရာကြီး ...”


စိုးရှား ပြလိုက်သည့် အချိန်တွင် ကြောင်မကြီး က သူညမွေးထားသော ကြောင်ပေါက်စလေး တွေ ကို သူ့ ဘာသာ သူ ပြန်ပြီး ကိုက်စား နေပြီဖြစ်သည် ။


ကြောင်ပေါက်စကလေး တစ်ကောင် ကား တစ်ကိုယ်လုံးအစား ခံထားရပြီးဖြစ်သဖြင့် ဦးခေါင်းပြတ်ကလေး သာ ကျန်တော့သည် ။ နောက် တစ်ကောင် ကတော့ သူ့ အမေကြောင်မကြီး ၏ ပါးစပ် ထဲ မှာ စားလက်စ တန်းလန်း အူတွေ ပွင့် နေ၏ ။


အဲဒီမြင်ကွင်းကို ပက်ပင်းတွေ့ပြီး စိုးရှား၏ မိခင်ရော အစ်မရော နှစ်ယောက်စလုံး အော့ကြ အန်ကြ ဖြစ်ကုန်သည် ။


ဒါ ... သဘာဝပါပဲ ...  ။


ကြောင် ကဲ့ သို့သော အသားစားမျိုးနွယ်ဝင် သတ္တဝါများသည် ( တစ်ချို့တလေက ) သားပေါက် ပြီးကာ စ မှာ ကိုယ့် သားသမီး ကို ကိုယ်ပြန်စားတတ်သောအလေ့အထ ရှိတတ်ကြသည် ။ ဘာကြောင့်မှန်းတော့ မသိ ။ မေတ္တာတရား နှင့်လည်း မည်သို့မျှ မသက်ဆိုင်ပါ ။


ထို တိရစ္ဆာန်မျိုးနွယ် တို့ ၏ ဓလေ့စရိုက် သဘာဝအလျောက်ပင် ဖြစ်ပါလိမ့်မည် ။


သူတို့ မှာ လူ မိခင်တွေ လို သိခြင်း ၊ တွေးခြင်း ၊ ချစ်ခြင်း စသော အဆင့်မြင့် အာရုံခံစားမှုမျိုး မရှိရှာကြပါ ။


တိရစ္ဆာန် ဘာသာဘာဝ အတိုင်းသာ ဖြစ်ပါသည် ။ ဒါ ... သဘာဝ ကျသည် မဟုတ်လား ...  ။


သည့်ထက် ပိုပြီး သဘာဝကျသည့် ကိစ္စ တစ်ခု က နောက်ဆက်တွဲ ဖြစ်လာ၏ ။


မိခင် နှင့် အစ်မ ဖြစ်သူ တို့ ကို အရွဲ့တိုက်ရကောင်းလား ဟူသည့် စွဲချက်ကြောင့် စိုးရှား တစ်ယောက် အိမ်ပေါ်  မှ ဆင်းခဲ့ရခြင်းပင် ဖြစ်လေသည် ။ ဒါပါပဲ ... ။


ကဲ ... သဘာဝကျကျ နှုတ်ဆက်လိုက်ရအောင် ...


ဂွတ်ဘိုင် ...


•••••   •••••   •••••


မျက်နှာချင်းဆိုင် ထိုင်ခုံ မှ အန်ကယ်ကြီး က သူ့ ကို တစ်ချက် တစ်ချက် လှမ်းကြည့် အကဲခတ် နေ ကတည်း က စိုးရှား တစ်ယောက် မျက်ခုံးတွေလှုပ် နေသည် ။ အန်ကယ်ကြီးရေ ... ကိုယ့် ဘာသာ ကိုယ် နေစမ်းပါ ဗျာ ...။


စိုးရှား ကတော့ ခရီး သွားရင်း လာရင်း မိတ်ဆွေ လည်း မဖြစ်ချင်ပါ ။ ပြဿနာ လည်း မတက်ချင်ပါ ။ သူ က ရထားပြတင်း အပြင်ဘက် သို့ ငေးမောရင်း ရှုခင်းတွေ ကို ကြည့်နေသလို ဟန်ဆောင် နေလိုက်သည် ။


သို့သော် မရပါ ။ 


ရှေ့ခုံ မှ အန်ကယ်ကြီး က ချောင်း တချက် ဟန့် ရင်း ...


“ ဒီ က ငါ့တူ က ဘယ်ကို သွားမှလဲ ... ရန်ကုန် အထိပဲ လား ...” 


“ ဟုတ် ... ဟုတ်ကဲ့ ...”


ဒီ ပုဂ္ဂိုလ်ကြီး က သူ ထင်ထားတာ ထက် ပိုပြီး စပ်စုတတ်ပုံ ရလေသည် ။


“ ငါ့ တူ က ရန်ကုန် ကို ဘာ သွားလုပ်မှာလဲ ၊ အလည် သက်သက်ပဲလား ... ဒါမှမဟုတ် ... အဲ ... အလုပ်ကိစ္စ နဲ့ သွားတာလား ...” 


“ ကျွန်တော် အိမ်က ဆင်းလာတာပါ ”


“ အို ... ဖြစ်မှ ဖြစ်ရလေကွာ ... ကျွတ် ... ကျွတ် ... ကျွတ် ...”


ဒီ အန်ကယ်ကြီး ကတော့ အာရုံနောက်အောင် စပြီး လုပ်လာချေပြီ ။ အရွယ် ရောက်ပြီး သူ လူငယ် တစ်ယောက် အိမ် က ဆင်းလာသည် ကို ပဲ သူ့ စိတ် ထဲမှာ မြေမျို ခံရပြီ အောက်မေ့နေသလား မသိ ။ တကျွတ်ကျွတ် နှင့် စုပ်သပ်ရင်း သနား နေ လိုက်သည်မှာ ပြီး ကို မပြီးနိုင်တော့ ။


“ ဒါနဲ့ ... ငါ့ တူ က ရန်ကုန် မှာကော နေစရာ ထိုင်စရာ ရှိလို့လား ...”


ကြည့်လေ ... နေစရာ မရှိရင် သူ့အိမ် မှာ ပေးနေမှာ ကျနေတာပဲ ။ ကိုယ့် ဘာသာ ကိုယ် သက်သာ သလို နေစမ်းပါ အန်ကယ်ကြီး ရာ ... ။ လမ်း မှာ တွေ့ရတဲ့ လူငယ် တစ်ယောက်ကို ခေါ်ပြီး အလုပ် ပေးတဲ့ ဇာတ်လမ်း ဇာတ်ကွက် မျိုး တွေဟာ နှစ်ဆယ်ရာစု အစောပိုင်းက ဝတ္ထုတွေ ထဲမှာ ကျန်ရစ်ခဲ့ပါပြီ ဟု ... သူ့ စိတ်ထဲ က ပြောလိုက်သည် ။


သို့သော် သူ့ နှုတ် က တော့ ...


“ ရှိပါတယ် ၊ ကျွန်တော့် ဦးလေးအိမ် ရှိပါတယ် ၊ အဲဒီမှာ သွား နေမှာပါ ”


စိုးရှား က သူ့ ဦးလေး ဖြစ်သူ ဦးစောဝင်း ၏ အမည် ကို ထည့်မပြောပဲ ချန် ထားလိုက်သည် ။ ဦးလေး ဖြစ်သူ က “ ရတနာပုံစောဝင်း ” ဟူသော နာမည် ဖြင့် ဗီဒီယို ဒါရိုက်တာ လုပ်နေသူတစ်ဦး ဖြစ်၏ ။


ဒါရိုက်တာ ဆိုသော်လည်း ထွန်းထွန်းပေါက်ပေါက် အောင်အောင်မြင်မြင် ဒါရိုက်တာ မျိုးတော့ မဟုတ် ။


တစ်နှစ်လုံး နေ မှ လူမသိ သူမသိ ဗီဒီယိုကား လေးငါးကား ၊ သီချင်းဗီစီဒီလေး တစ်ခွေ နှစ်ခွေလောက် ရိုက်ရသော ဒါရိုက်တာ မျိုး ဖြစ်၏ ။


စိုးရှား က သူ့ ဦးလေး ကို လည်း အထင်မကြီး ။ ဒါရိုက်တာ ဆိုသော အရည်အချင်း ကို လည်း တစ်စက် မှ အထင် ကြီးသူ မဟုတ်ချေ ။ သို့သော် စိုးရှား က ရှေ့ခုံ မှ အန်ကယ်ကြီး နှင့် စကား မြန်မြန် ပြတ်သွားစေရန် ရည်ရွယ်ပြီး

...


“ ကျွန်တော့် ဦးလေး က ကုမ္ပဏီဖွင့် ထားတယ်လေ ၊ ငွေရေးကြေးရေး ရော ... အလုပ်အကိုင် အတွက် ရော ဘာမှ မပူရဘူး ၊ အားလုံး အိုကေ ပါတယ် အန်ကယ် ... အဲ ... ဒါပါပဲ ...”


သူ က စကား ကို ဖြတ်လိုက်သော်လည်း ရှေ့ခုံမှ အန်ကယ်ကြီး ကတော့ ပြတ် မသွားချေ ။ ပို၍ပင်

လေ ရှည်လာတော့သည် ။


“ အဟမ်း ... အဟမ်း ... ဒါတော့ ဒါပေါ့ကွ ၊ မပူရဘူး ဆိုပေမယ့် ငါ့ တူ ရဲ့ ဦးလေး ကို ချည်းပဲ အားကိုး နေလို့ မရဘူးနော် ၊ ငါ့တူ ကိုယ်တိုင် က လည်း ကြိုးစားဖို့ လိုတယ်ကွ ... အန်ကယ် ဆိုရင် ငယ်ငယ် ကတည်း  က ကိုယ့် ဒူး ကိုယ် ချွန် လာခဲ့ရတာပေါ့ကွာ ...”


သိပ် ချွန်နေရင် သူ့ ဒူးခေါင်းကြီး ငါ့ ကို လာ စူးနေဦးမယ် ... ဟု စိုးရှား က တွေး နေလိုက်၏  ။ အန်ကယ်ကြီး ကတော့ လေသံ ကို လုံးဝ မလျှော့ပဲ ...


“ အန်ကယ် ဟာ ဒီလို ဘဝမျိုး ကို လွယ်လွယ်နဲ့ ရောက်လာတာမဟုတ်ဘူးနော် .. ငါ့ တူ ... ကြိုးစားပြီးမှ ဖြစ်လာတာ ၊ အင်း ... အန်ကယ့် ပင်ကိုယ်အရည်အချင်း ကို က တော်တာလည်း ပါတာပေါ့ ၊ အန်ကယ်ဟာ ဘယ်လောက် တောင် တော်သလဲ ဆိုရင် ...”


အန်ကယ်ကြီး ကား သူ့ ကိုယ် သူ ချီးမွမ်းသည့် ကိစ္စ ကို ( မရှက်မကြောက်ပင် ) မိနစ် ၂ဝ ခန့် တရစပ် ပြောတော့သည် ။


ကွမ်းယာ ကို တစ်ရာ ပြီး တစ်ရာ ဝါးရင်း မရပ်မနား ပြောနေသဖြင့် ကွမ်းတံတွေးတွေ ကလည်း ဖတ်ခနဲ ဖတ်ခနဲ စင်ပြီး ထွက်၏ ။ စိုးရှား ကတော့ နားငြီး လွန်းလှ သဖြင့် ရထားပေါ် က ခုန် ချပြီး နေခဲ့လျှင်ကောင်းမလား ဟု ပင် စိတ်ကူးမိသည် ။


“ အန်ကယ် ဟာ ကျောင်းသားဘဝ ထဲ က အင်မတန် မှ ဉာဏ် ကောင်းခဲ့တာပေါ့ ၊ ဆရာ ဆရာမတွေ က တောင် အံ့ဩယူရတယ် ၊ သိတယ် မဟုတ်လား ... အန်ကယ့် အိုင်ကျူ ကလည်း အရမ်း မြင့်တယ်လေ ၊ ဒီတော့ အလုပ် လုပ်တဲ့အခါ သူများ ထက် ပိုပြီး အကွက် မြင်တာပေါ့ ...”


စိုးရှား ကတော့ နားထောင်နေသလိုလို ဖြင့် ခေါင်းတဆတ်ဆတ် ညိမ့်ရင်း ရထားပြတင်း ပေါက် ကို ဖွင့် လိုက်သည် ။


ထို့နောက် ရှပ်အင်္ကျီ ထဲ မှ မှတ်ပုံတင်ကတ်ပြား ကို ထုတ် ယူလိုက်သည် ။ ပြီးတော့ ခါးကြား မှ ခေါက်ပိုက်ဆံ အိတ်ပြားကလေး ကို လှန်ကာ မှတ်ပုံတင်ကတ်ပြား ကို ထိုးထည့် လိုက်၏ ။


ရှေ့ခုံမှ အန်ကယ်ကြီး ကတော့ စကား ကို လည်း တရစပ် ပြော ရင်း စိုးရှား လုပ်သမျှ ကိုလည်း ကြည့်နေ၏ ။


စိုးရှား က မှတ်ပုံတင် နှင့် ငွေအထပ်လိုက် ပါသော ပိုက်ဆံအိတ် ကို သူ့ ရှပ်အင်္ကျီအိတ်ကပ် ထဲ သို့ ထိုး ထည့်လိုက်သည် ။ ပိုက်ဆံအိတ် က တဝက်ကျော်ကျော် ခန့် အစွန်း ထွက်နေ၏ ။


“ အဲ ... အခုထိ အန်ကယ့် သားသမီးတွေ က တောင် အန်ကယ် ဉာဏ်ကောင်း တာ ကို တစ်ဝက် လောက် တောင် မမှီကြဘူး .. သူတို့ က .. ”


အန်ကယ်ကြီး ၏ စကား မဆုံးခင် စိုးရှား က တံထွေး ထွေးမည့် ဟန်ဖြင့် ရထားပြတင်းပေါက် မှ အပြင် သို့ ခေါင်းငူ ထွက်ပြီး ငုံ့ ကိုင်းလိုက်ရာ ...


“ ဟာ ... ပိုက်ဆံအိတ် ... ပိုက်ဆံအိတ် ... ”


စိုးရှား၏ သားရေပိုက်စံအိတ်က အင်္ကျီအိတ်ကပ်ထဲမှ ထွက်ကျသွားသည်ကို အန်ကယ်ကြီး လှမ်းမြင် လိုက်လေသည် ။


“ ဟာ ... သွားပါပြီဗျာ ၊ ဒုက္ခပါပဲ ...”


စိုးရှား က စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူ လိုက်သည် ။ အန်ကယ်ကြီး ကတော့ ရုပ်ရှင်မင်းသားဟောင်းကြီး ဂယ်ရီကူးပါး လို အပြုံး မျိုး ဖြင့် မထီတရီ ပြုံးလိုက်ရင်း ...


“ ဘာမှ မပူနဲ့ ... အန်ကယ် လုပ်ရင် အဆင် ပြေသွားစေရမယ် ” 


ပြောပြောဆိုဆို နှင့် ရထားအရေးပေါ် အချက်ပေး ခလုတ်တပ် ထားသည့် မှန် ကို ခွဲပြီး အထဲမှ ခလုတ် ကို ဆွဲလိုက်လေတော့သည် ။


ရထား ရပ်သွားသည် နှင့် တပြိုင်နက် တာဝန်ကျသော ရထားအရာရှိများ က တွဲ ထဲ သို့ ရောက် လာကြသည် ။ ထို့နောက် ... မေးကြမြန်းကြသည် ။


“ အရေးပေါ် ခလုတ် ကို ဘယ်သူ ဆွဲတာလဲ ”


ခရီးသည်များ က အန်ကယ်ကြီး ကို လက်ညှိုး ဝိုင်းထိုးကြသည် ။ အဲသည်အချိန် တွင် စိုးရှား ကတော့ မျက်လုံး အစုံ ကို မှိတ် ပြီး အိပ်ချင်ယောင် ဆောင်နေပြီ ဖြစ်၏ ။ မီးရထား အရာရှိ က ...


“ အန်ကယ် အရေးပေါ်ခလုတ်ကို ဘာဖြစ်လို့ ဆွဲတာလဲ ၊ အကြောင်းမဲ့ သက်သက် ခလုတ်ဆွဲရင် ဒဏ်ငွေ ဆောင် ရမယ်နော် ”


“ ဟာ ... အကြောင်းမဲ့ မဟုတ်ပါဘူး ... ဟောဒီ သူငယ်လေး ရဲ့မှတ်ပုံတင် နဲ့ ပိုက်ဆံအိတ် ကျသွားလို့ပါ ၊ ဟေ့ ... ဟေ့ကောင် ... အိပ်မနေနဲ့ ... ထတော့ကွာ ... ”


ထိုအခါကျမှ စိုးရှား က မျက်လုံး ကို ပြူးပြူးပြာပြာ ဖွင့်ကြည့်ရင်း ဘာမှ မသိသည့် ဟန်ဖြင့် ...


“ ဗျာ ... ဘာလဲဟင် ... ”


မီးရထား အရာရှိ က ...


“ ညီလေး ပိုက်ဆံအိတ် ကျသွားလို့ဆို ...”


“ ဟာ ... မဟုတ်ပါဘူး ... ကျွန်တော့် ပိုက်ဆံအိတ် က ဒီမှာလေ ...”


စိုးရှား က သူ့ တင်ပါးအောက်တွင် ဝှက်ပြီး ခု ထိုင်ထားသော ပိုက်ဆံအိတ် ကို ဆွဲထုတ် ယူကာ ဖွင့် ပြလိုက်သည် ။ အထဲတွင် မှတ်ပုံတင်ကတ်ပြား နှင့် ပိုက်ဆံ တစ်ထပ် ။


“ ဟင် ... ဒါ စောစော က ကျသွားတာ မဟုတ်လား ...”


အန်ကယ်ကြီး က သူ မျက်လှည့်အပြ ခံလိုက်ရသည် ကို သဘော မပေါက်သေး ။ တအံ့တဩ မေးနေ၏ ။


စိုးရှား က ...


“ ဟာ ... မကျပါဘူး ... အန်ကယ် ရဲ့ ... ဧကန္တ အန်ကယ် အိပ်ရေးအပျက် လွန်ပြီး ကယောင်ကတမ်းတွေ လျှောက် မြင်နေပြီ ထင်တယ် ၊ အခုလို ခရီး သွားတဲ့ အခါမျိုးမှာ အိပ်ရေးဝဝ အိပ်ပေးရတယ် အန်ကယ် ရဲ့ ... ကဲ ... ကျွန်တော် တော့ အိပ်ပြီဗျို့ ...”


ပြောပြောဆိုဆို နှင့် စိုးရှား က မျက်လုံးအစုံ ကို ပြန် မှိတ်သွားသည် ။ မီးရထား အရာရှိကတော့ ...


“ ကဲ ... အန်ကယ် ဒဏ်ငွေလေး တစိတ်လောက် မစပါခင်ဗျာ ...” 


အန်ကယ်ကြီး က မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်ရင်း သူ့အိတ် ထဲမှ ပါသွားသည့် ငွေစက္ကူ အထပ်လိုက် ကို နှမြောတသစွာ ငေး ကြည့်ကျန်ရစ်သည် ။


ရထား ပြန်လည် ထွက်ခွာသည့်အခါတွင် မှ စိုးရှား ၏ မျက်လုံးတဖက် ပွင့်လာပြီး ...


“ အန်ကယ်ကြီး က ဉာဏ် ကောင်းတယ် ဆိုလို့ စမ်းကြည့်တာပါ ... ဟဲ ... ဟဲ ... အိပ်တော့မယ်နော် ... ဂွတ်နိုက် ...”


•••••   •••••   •••••


တကယ်ပင် စိုးရှား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည် ။ နောက်တစ်နေ့ နံနက် ရန်ကုန်ဘူတာ သို့ ရောက်သည် အထိပင် ။


◾မင်းခိုက်စိုးစန်


📖 သူရဲဘောကြောင်တဲ့ လူညံ့ 


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment