Friday, September 23, 2022

ကျွန်မ အမေ


 

❝  ကျွန်မ အမေ  ❞

လူတိုင်း မှာ အမေ ဆိုတာ ရှိကြပါတယ်နော် ။

အဲဒီတော့ လောက မှာ အမေ တွေ အများကြီး ရှိ ကြတာပေါ့ ။

အဲဒီ အများကြီး ထဲ က ပုံစံတွေ အမျိုးမျိုး နဲ့ အမေ အမျိုးမျိုး ရှိကြသလို အဲဒီ အမေများ ရဲ့ ဗီဇ ၊ သွန်သင်ဆုံးမမှု အောက်မှာ ကြီးပြင်း လာကြတဲ့ သားသမီးများ ဟာ လည်း အမေ ရဲ့ ဗီဇ ကို လိုက်ပြီး သွန်သင်ဆုံးမကွပ်ကဲမှု ကောင်းရင် ကောင်းသလို ၊ မကောင်းရင် မကောင်းသလို အသိဉာဏ် ကြွယ်ဝမှု ၊ လိမ္မာရေးခြား ရှိမှု ၊ အနေအထိုင် အပြုအမူ အပြောအဆို က စပြီး ပုံစံအမျိုးမျိုး ဖြစ် လာကြတယ်လို့ ကျွန်မ ထင်မိပါတယ် ။

ဘာကြောင့်လဲ ဆိုတော့ ကျွန်မ အမေ ရဲ့အုပ်ထိန်းမှု အောက်မှာ ကြီးပြင်း လာရပြီး အမေ့ ဆီ က စိတ်ဓာတ်နည်းနာနိဿယ တွေကို လေ့လာ ကျင့်သုံးလာခဲ့တဲ့ သမီး ဖြစ် နေလို့ပါပဲ ။

( ဒီတော့ကာ လုံမလေးများအတွက် အတုယူစရာ လေ့လာမှတ်သားစရာ တစ်ခု အနေနဲ့ ‘ ကျွန်မ အမေ ’ ကို ရေး လိုက်ရပါတယ် ) ထည့် လို မှ ထည့်ပါ ။

•••••   •••••   •••••   •••••

“ တစ်ပင်လဲမူ တစ်ပင်ထူ တဲ့ ညည်း အသက်အရွယ် နဲ့ ညည်းသားသမီးတွေ နဲ့ ဒီ အတိုင်း နေလို့ မသင့်ဘူးလို့ တို့ တော့ ထင်တယ်ကွယ် ”

မသိန်းညွန့် အသက် ၂၉ နှစ်ခန့်တွင် ခင်ပွန်းသည် ဆုံးပါးပြီး လူလား မမြောက်သေးသည့် သားသမီး ၄ ယောက် ကျန်ခဲ့လေတော့ ဆွေမျိုးများ က နောက်ထပ် အိမ်ထောင် ပြုရန် တိုက်တွန်းကြသည် ။

“ ကျွန်မ ကတော့ သွားလေသူ မျက်နှာ ထောက်ထားဖို့ရယ် ၊ ကလေးတွေ မျက်နှာ မငယ် အောက်တန်း မကျစေဖို့ရယ် ကျွန်မ ကိုယ်စွမ်း ရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ကိုင် သွားမယ်လို့ ဆုံးဖြတ်ထားပါတယ် ။ အဖေ မရှိတာကလွဲလို့ အဖေ ရှိစဉ်ကလို သားသမီးတွေ လူတန်းစေ့ နေနိုင်အောင် ထားမှာပါ ။ မပူကြပါနဲ့ ။ တစ်ခုတော့ ရှိပါတယ် ။ အဆွေအမျိုးများ ရဲ့ ဝိုင်းဝန်း ပံ့ပိုးကြဖို့တော့ လိုတယ်ပေါ့ ရှင် ။ ဝိုင်းဝန်း ပံ့ပိုးတယ် ဆိုတာကလည်း ငွေရေး ကြေးရေး ကို ပြောတာ မဟုတ်ပါဘူး ။ နှုတ် ၏ စောင်မခြင်း ၊ လက် ၏ စောင်မခြင်း ဆိုသလိုပါ ။ အဲဒီတော့ ကျွန်မ ကို အိမ်ထောင်ပြုဖို့ မတိုက်တွန်းကြပါနဲ့ နော် ”

ဆွေမျိုးများ ၏ တိုက်တွန်းစကားများ ကို ပြတ်သား၍ ခိုင်မာသော ဆုံးဖြတ်ချက် နှင့် ပြောပြ တောင်းပန်ခဲ့သည် ။ အပြော နှင့် အလုပ် ညီအောင်လည်း ဝါယမ စိုက်ထုတ် ကြိုးပမ်းခဲ့၏ ။

ထိုစဉ်က သား ၃ ယောက် ၊ သမီး ၁ ယောက် ရှိသည့် အနက် သားကြီး က ၁၀ နှစ် ၊ သားလတ် ၈ နှစ် ၊ သားငယ် ၆ နှစ် ၊ သမီးထွေး ကျွန်မ က ၄ နှစ် သမီး သာ ရှိပါသေးသည် ။

အဖေ ဦးချစ်မောင် ၏ လက်ငုတ်လုပ်ငန်း ဖြစ်သည့် ပဲပွဲစား အလုပ် ကို အမေ ဒေါ်သိန်းညွန့် သည် မောင်ငယ် တစ်ယောက် အကူအညီ နှင့် ဆက်လုပ်ခဲ့သည် ။ မြေပဲလှည်း တစ်နေ့ အစီး ၈၀ ခန့် လာသော အငယ်စား ပွဲစားအိမ် ဆိုပေမယ့် ထိုစဉ်က ဆန် တစ်အိတ် ငစိန်  ၈ ကျပ် / - ( ၃ တင်းအိတ် ) ခေတ်တွင် တစ်နေ့လျှင် အကျွေးအမွေး စရိတ် နုတ်ပြီး အသားတင် ၂၅ ကျပ် / - ခန့် ကျန်သည် ။ လှည်း တစ်စီးကို ငါးမူး ကျ ပွဲခ တောင်းပြီး အိမ် တွင် ရောင်းသည့် ဆန်တစ်အိတ် မှ တစ်မတ် ၊ သုံးမူး သာ အမြတ် တင် ရောင်းချလေတော့ သွားလေသူ အဖေ့မျက်နှာ နှင့် သစ္စာ ရှိကြသော မိတ်ဆွေများ ၏ စေတနာ ဖြင့် အားပေး ဝယ်ယူပြီး မိတ် မပျက် ဆက်ဆံခဲ့ကြခြင်း လည်း ပါ ပါသည် ။

ထို့ကြောင့် ဝင်ငွေ တစ်နေ့ ၂၅ ကျပ် / - ခန့် ရှိသော အိမ်ထောင်တစ်ခု အနေ နှင့် သားသမီးတွေကို လူတန်းစေ့ ထား နိုင်သည်ဆိုငြား စည်း နှင့် ကမ်း နှင့် စားရ ဝတ်ရ သည် ။ နေရာတကာ အလို မလိုက် အကြိုက် မပေး အိမ်မှုရေး ကိစ္စများ ကို လည်း သူ့ တာဝန် နှင့် သူ ချ ထားပေးသည့် အစ်ကို ၃ ယောက် တွင် ကိုကြီး နှင့် ကိုလတ် တို့ ၂ ယောက် ကျောင်း က ပြန်လာလျှင် အိမ်ရှေ့ဝိုင်း အတွင်း မြေပဲလှည်းတွေ မှ နွားတွေ ယိုထားခဲ့သော နွားချေးများကို ကျုံး၍ အိမ်ထောင့် တွင် ပုံထားရသည် ။ မြေဩဇာ အဖြစ် အသုံး ပြုလိုသူများ အား အလကား ပေးရသည် ။ အငယ် ကိုလေး နှင့် ကျွန်မတို့ ကတော့ ငယ်သေးသဖြင့် တောက်တိုမည်ရ ဆေးလိပ် ယူပေး ၊ ကွမ်းအစ် ချပေး ဗာဟီရလေးများ သာ လုပ် ရသည် ။

ထိုကဲ့သို့ စည်း နှင့် ဘောင် နှင့် လုပ်ကိုင်နေထိုင် လာခဲ့ရာက ကိုကြီး ၁၆ နှစ် ၉ တန်း ၊ ကိုလတ် ၁၄ နှစ် ၇ တန်း ရောက်သည့် အချိန်တွင် တစ်နေ့ ညပိုင်း မောင်နှမ ၄ ယောက် သံပြိုင် ဘုရားရှိခိုး အမျှဝေပြီး အမေ့ ကို ကန်တော့သည့် အခါ ၌ အမေ က တည်ကြည်လေးနက်သော အသံ နှင့် ယခုလို ပြောလေသည် ။

“ သား နှစ်ယောက် ကို အမေ ပြောစရာ စကား တွေ ရှိတယ် ။ သေသေချာချာ နားထောင်ပြီး သေသေချာချာ စဉ်းစားကြနော် ”

“ ဟုတ်ကဲ့ပါ အမေ ”

“ အေး … အမေ ဟာ သားသမီးတွေ ကို အလွန် ချစ်တဲ့ အမေ ဆိုတာ သား တို့ သိမှာပါ ။ မျက်စိ အောက် က အပျောက် မခံဘဲ ဘယ်လို နေတယ် ၊ ဘယ်ကို သွားတယ် ၊ ဘာစားတယ် အိုကွယ် … ကုန်ကုန်ပြောရရင် ဒီနေ့ ဝမ်းမှန်မှန် သွားရဲ့လား ဆိုတာက အစ အရိပ်ကြည့်ပြီး ဂရုစိုက် နေခဲ့တာ မင်းတို့ အသိ ၊ အေး .. ဒါပေမဲ့ ခု အမေ သားတွေ ကို သားတို့ ရဲ့ ရှေ့ရေး အတွက် အမေ့မျက်ကွယ် မှာ ကျောင်း ထားပေးဖို့ အမေ စဉ်းစားပြီး ဆုံးဖြတ်တယ် ”

“ ဟင် … အမေ ရာ ”

“ နေဦး … နေကြဦး … အမေ့စကား ဆုံးအောင် နားထောင် ၊ ပညာ ဟူ သည် မြတ်ရွှေအိုး လို့ ဆိုးရိုးစကား ရှိတယ် မဟုတ်လား ၊ အမေ သားတွေ ကို မင်းတို့ အဖေ ကိုယ်တိုင် ရည်မှန်းထားခဲ့တဲ့ ကိစ္စ ကို အမေ က ဆက် လုပ်တာပါ ၊ သားတို့ ကို ပခုက္ကူ ကျောင်း မှာ ဘော်ဒါထားမယ် ။ အင်္ဂလိပ်ကျောင်း ဆိုပေမယ့် စာအသင်အပြ ကောင်းပြီး စည်းကမ်း ကောင်းတာမို့ သားတို့ ပညာ တတ်စေချင်တဲ့ ဆန္ဒ နဲ့ ထားရမှာ ၊ အဲ … ဒါပေမဲ့ ငယ်ငယ်လေးကတည်း က သားတို့ ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ ဘာသာဓလေ့ ယဉ်ကျေးမှု အစဉ်အလာတွေ ကို သင်ကြားပေးထား သမျှ မှတ်သားနားလည် ထားသမျှ မပျောက်ပျက်စေရဘူး ။ ၃၈ ဖြာ မင်္ဂလာတရားတော် ကို အမြဲ ကျင့်ကြံ အားထုတ်ရမယ် ။ လောကနီတိ ရဲ့ ပဏ္ဍိတ ကဏ္ဍက အဆုံးအမတွေ ကို အောက်မေ့ ဆင်ခြင်ရမယ် ။ ညတိုင်း မောင်နှမတွေ ဘုရားရှိခိုး အမျှဝေခြင်း ၊ မိဘဆရာသမား ၊ အသက် ပညာ အားဖြင့် မြင့်မြတ်ကြီးမားသူ များ ကို ရှိခိုးကန်တော့ခြင်း စသည်များကို လည်း နေ့စဉ် ကိုယ်အားဖြင့် မပြုလုပ်နိုင်ရင် စိတ် နဲ့ နှုတ် နဲ့ ပြုလုပ်ရမယ် ။ ခေါင်း ထဲ မှာလည်း အမြဲ ငါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဆိုတာ စွဲနေရမယ် ကြားကြလား ”

“ သားတို့ တကယ် အမေ့ ကို ခွဲပြီး သွား နေရမှာပေါ့နော် ”

“ ဟုတ်တယ် ၊ အမေ ဟာ စဉ်းစားဆုံးဖြတ်ပြီးရင် လုပ်တတ်တာ သားတို့ အသိပဲလေ ။ အခု ကိစ္စ မှာ သားတို့ အတွက် ဆိုတာတော့ နားလည်ကြစေချင်တယ်ကွယ် ”

ပြောရင်းက အမေ့ မျက်နှာ အောက် ကို ပို့ချလိုက်သည် ။ အမေ ငိုနေပြီ ။ သို့ပေမင့် အမေ့မျက်ရည် ကို သားသမီးတွေ မမြင်စေလိုရှာ ။ သို့ရာတွင် အမေ့မျက်လုံး အစုံ မှာ နှလုံးသား က လာသော မျက်ရည်ပွင့်များကို ကျွန်မ က အငယ်ဆုံး သမီးပီပီ အမေ့ မျက်နှာ အောက် မှ မော့ကြည့်၍ မြင် ရပါသည် ။ အမေ က ကျွန်မ မျက်နှာ ကို ပြန်မော့စေပြီး သူ့ မျက်နှာ ကိုလည်း မော့ လိုက်သည် ။ မျက်တောင် တစ်ချက် ခတ်လိုက်ခြင်း နှင့် အတူ အမေ့မျက်ရည်များ မရှိတော့သည် ကို ကျွန်မ အံ့ဩစွာ တွေ့ လိုက်ရသည် ။

“ ကဲပါ ... ဒါပဲ ၊ သားတို့ရယ် ။ သားတို့ နားလည်ကြပါတယ်နော် ။ တစ်ပတ် တစ်ခါ သင်္ဘောလေး နဲ့ ပြန် လာနိုင်တာပဲကွယ် ။ ပခုက္ကူ နဲ့ ညောင်ဦး သိပ် မှ မဝေးတာပဲ ”

အမေ က စကား အဆုံးသတ်ပြီး ဘုရားဝတ်ပြု နေတော့သည် ။

“ ကိုကြီးရေ … ”

“ ဘာလဲ .. ကိုလတ် ”

“ ကျွန်တော်တို့ ဟိုမှာ ဘယ်လို နေရမလဲ မသိဘူးနော် ”

“ ဘယ်လို နေရ နေရ ကွာ ၊ တို့ ညီအစ်ကို နှစ်ယောက်ပဲ ၊ မပူပါနဲ့ ။ တစ်ယောက် နဲ့ တစ်ယောက် ကူညီနိုင်တာပဲ ”

“ ဟိုမှာ အင်္ဂလိပ်ကျောင်း ဆိုတော့ ဗမာ လို တစ်ခွန်း ပြောရင် တစ်ပဲ ပေး ရတယ်လို့ ပြောသံ ကြားဖူးတယ် ”

“ အဲဒီတော့ လည်း မြန်မာလို မပြောဘဲ နေရုံပေါ့ကွ ”

“ ဟာဗျာ … ဗမာလူမျိုး ဖြစ်ပြီး ဗမာလို မပြောရဘူးဆိုတာ မဟုတ်ပါဘူးဗျာ ။ ပြီးတော့ မြန်မာပြည် ထဲ မှာ ကို … ”

“ ဒါကတော့ သူ့ ကျောင်း မှာ နေရင် သူ့ စည်းကမ်း လိုက်ရမှာပေါ့ကွ ။ အမေ ကလည်း ဗျာ … ဒီမှာပဲ ကျောင်းထား ပြီးရော ။ ကျွန်တော် တို့ ကို ခွဲပြီး လွှတ်ရက်တယ်ဗျာ ”

“ အံမာ … ကိုလတ် ၊ အမေ စကား ပြောပြီး ငိုတာ မီးငယ် တွေ့တယ်ဗျ ၊ သိလား ။ ခင်ဗျားတို့ကို အမေ က မသွားခင်ကတည်း က လွမ်းနေတာ ”

“ အေးလေကွာ … အမေ ဟာ တို့ကို ထူးချွန်တဲ့ သူတွေ ဖြစ်စေချင်လို့ နေမှာပါ ။ အမေ ဖြစ်စေချင်တာ တို့ ကြိုးစားကြရမှာပေါ့ ။ ကိုလေး နဲ့ မီးငယ် လည်း ဒီမှာ စာ ကြိုးစား ၊ အမေ့ စကား နားထောင်နော် ”

ထိုနေ့ည က ကျွန်မတို့ မောင်နှမ ၄ ယောက် ဟိုလူး ဒီလှိမ့် နှင့် အိပ် မပျော်ကြသလို အမေ့ အိပ်ရာ ဆီ မှလည်း ချိုးချိုးချွတ်ချွတ်သံ တွေ ကြား နေရသဖြင့် အမေ လည်း အိပ်ပျော်ဟန် မတူပါ ။ ကိုကြီး နှင့် ကိုလေး တို့ အား ပခုက္ကူကျောင်း ပို့ ထားပြီး တစ်ပတ် တစ်ခါ စနေ ၊ တနင်္ဂနွေနေ့ ပြန် လာလျှင် ကျွန်မတို့ အလွန်ပျော်ကြသည် ။ အမေ့ မှာလည်း ထိုနေ့များတွင် သွက်လက် ရွှင်လန်းစွာနှင့် တက်ကြွသော မျက်နှာ နှင့် အလုပ် လုပ်တတ်သည် ကို တွေ့ရသည် ။

တစ်နေ့ ညဘက် ကျွန်မတို့ မောင်နှမ နှစ်ယောက် ဘုရားရှိုခိုးပြီး အမေ့ ကို ကန်တော့ရန် အမေ့ အခန်း ထဲ ဝင်တော့ ကတ္တီပါစ နှင့် ချုပ်ထားသော လေးထောင့်အိတ်လေး ၅ ခု ခန့်နှင့် ပိုက်ဆံတွေ တစ်အိတ် တစ်ပုံ ချနေသော အမေ့ ကို တွေ့ရသည် ။

“ အဲဒါ ဘာလုပ်တာလဲ အမေ ”

နှုတ်သွက် လျှာသွက် ကျွန်မ က မေးရင်း အိတ်ကလေး တစ်ခု ကို ကောက် ကိုင်သည် ။

“ ချထားဦး သမီး ၊ မှားသွားဦးမယ် ”

အမေ က ကျွန်မ လက် ထဲ မှ အိတ် ကို ပြန်ယူပြီး သူ့ နေရာ ပြန် ထားသည် ။ အိတ် ထဲ တွင် စက္ကူပိုက်ဆံများ နှင့် ဒင်္ဂါးများနှင့် အတော် လေးသည် ။

“ ဒီလိုကွဲ့ … သားတို့ သမီးတို့ မှတ်ထား ။ ကိုကြီး နဲ့ ကိုလေး က သိပြီးသား ။ သား နဲ့ သမီးသာ ငယ်သေးလို့ မပြောသေးဘဲ ထားတာ ။ ခုတော့ အတော်ပဲ ပြောပြရမှာပေါ့ ”

“ အမေ့ ဝင်ငွေ အသားတင်ပိုက်ဆံ ကို ၅ ပုံ ပုံပြီး ဒီအိတ်ကလေးတွေ ထဲ ကို နေ့တိုင်း ခွဲထည့်တယ် ။ တစ်ပုံ က စားစရိတ် နေ့စဉ် သုံးဖို့ ၊ တစ်ပုံက နှစ်စဉ် လှူနေကျ ဘုရားပွဲတွေ အတွက် ၊ တစ်ပုံ က တခြား သာရေးနာရေး အတွက် ၊ တစ်ပုံ က မေမေတို့ မိသားစု သာရေးနာရေး အတွက် အဲဒီလို ခွဲခြားပြီး သူ့ အိတ် နဲ့ သူ သူ့ ကဏ္ဍ အလိုက် ထုတ် သုံးတာ ။ အဲဒါ သားတို့ သမီးတို့လည်း မှတ်ထား ။ နောင်ခါ သားတွေ သမီးတွေ အိမ်ထောင်ကို ကိုယ်တိုင် ဦးစီးရတဲ့ အခါကျ ခုလို စည်းကမ်းလေး နဲ့ လုပ် ၊ သုံးစွဲတတ်ရင် ဘယ်တော့မှ ကတိမ်းကပါး စီးပွားချို့ယွင်းချက် မနည်းဘူးပေါ့ကွယ် ။ အဲ နောက်ပြီးတော့ … အမေ ဆန် ဆေးဖို့ ဆန် အိုးကြီး ထဲ က ချက်တဲ့ အိုး ထဲ ဆန်ခြင်ထည့်ပြီးတဲ့ အခါကျရင်လည်း ချက်မယ့် အိုး ထဲ က ခြင်ပြီးသား ဆန် ကို တစ်ဆုပ် တစ်ဆုပ် ပြန်နုတ် ခိုင်းတာကော သိကြလား ”

“ ဟင့်အင်း … သိဘူး မေမေ ”

“ အေး … အဲ့ဒါလည်း မှတ်ထားဦး ၊ တစ်ဆုပ်ဆန် တစ်ဇွန်းဆန် ဆိုတာ စားမယ့် အထဲ က နုတ်လိုက်လို့ ထမင်း စားတဲ့ အခါမှာ လျော့ မသွားဘူး ။ တို့ ဗမာလူမျိုး ထုံးစံ က အမြဲ အပိုအလျှံတတ်တယ် ။ အိမ်တိုင်းပဲ ဧည့်သည် တစ်ယောက်လောက်ကတော့ ဘယ်အချိန် ဝင် စားစား ဆိုတဲ့ စိတ်စေတနာနဲ့ကွဲ့ ။ အဲဒီထဲ က တစ်ဆုပ် တစ်ဇွန်း နုတ်တော့ အဲဒီ တစ်ဇွန်း တစ်ဆုပ် က မနက် တစ်ခါ ည တစ်ခါ နဲ့ အခါပေါင်း များတော့ ဟော … အဖိတ်နေ့ တွေ မှာ သီလရှင်တွေ လောင်းရ လှူရတယ် ။ တစ်နှစ် တစ်ခါ လုပ်တဲ့ ဘုရားပွဲတွေ မှာ ဆန် ကို အိတ်လိုက် လှူနိုင်တယ် ။ သိကြရဲ့လား … အဲဒီလို စနစ်ကလေး လုပ်ထားတော့ ကိုယ် စားမယ့် အထဲ က လှူရတဲ့ အလှူ ဟာ ပိုပြီး ကြည်နူးရတာပေါ့ကွယ် ”

အမေ ၏ ရှည်ရှည်လျားလျား ဆုံးမစကား ကို ခေါင်း ထဲ မှာတော့ မှတ်ထား လိုက်မိသည် ။ သို့ပေမင့် ထိုစဉ်က ငယ်သေးတော့ သိပ် နားမလည်ခဲ့ ။

ကံ ကံ ၏ အကျိုး ဆိုသည်ကို မယုံစား၍ မရပါ ။ အမေ သည် အဖေ ၏ ဆန္ဒ အဖေ့ နည်းစနစ်များကို တစ်သဝေမတိမ်း လိုက်နာ လုပ်ကိုင်ခဲ့၍ လုပ်ငန်း အဆင် ပြေနေသော်ငြား ကံကြမ္မာ ၏ အလှည့်အပြောင်း မကောင်းတော့မည့် အချိန်အခါ တန်၍ ထင့် ၊ အစ်ကိုကြီး ၁၀ တန်း ၊ ကိုလတ် ၈ တန်း ၊ ကိုလေး ၆ တန်း ၊ ကျွန်မ မီးငယ် ၄ တန်း အရောက်တွင် ဒုတိယကမ္ဘာစစ် ဖြစ်တော့ လုပ်ငန်းပျက် ၊ အိမ်မီးလောင် တောင်ပြေး မြောက်ပြေး နှင့် စစ်ပြေးဒုက္ခသည် ဘဝ ရောက်ရလေတော့သည် ။ မြို့အရှေ့ဘက် ချောင်တစ်ခု တွင် အဖေ ရှိစဉ်က ဆောက်လုပ်လှူဒါန်းထားသော ဇရပ် နှင့် ကျောင်း ရှိရာ ခိုဝင် ပုန်းအောင်းကြရတော့သည် ။

အမေ ၏ စနစ်တကျ စုဆောင်းတတ်မှုကြောင့် ငွေသား ၅၀၀၀ ခန့် နှင့် ရွှေထည် စိန်ထည် အနည်းငယ် ကျန်နေသေးသည်ကို အရင်းအနှီး ပြု၍ ဆန်အိတ် ၁၀၀ တင်ဆောင်နိုင်သည့် လှေတစ်စင်း ဝယ်ယူပြီး ဂျပန်ခေတ်တွင် ထက်အောက် စုန်ဆန် ကုန်ကူးရောင်းဝယ်ရာ တွင် ဦးလေးငယ် သွားရာသို့ ကိုကြီး နှင့် ကိုလေး တို့ တစ်လှည့်စီ လိုက်ပါစေသည် ။ ‘ ပညာ မရ ဥစ္စာ ရစေ ’ ဟူသော သဘော ကို အမေ က ပြော ပြလိုက်ပါစေခြင်းပင် ။

သို့သော် ကုသိုလ်အကျိုး ၊ အကုသိုလ်အကျိုး ဟူသည် အရင်း နှင့် လာတတ်လေသလား မသိ ။ နောက်ဆုံးအခေါက် ဟု ဆိုရမည့် အင်္ဂလိပ်များ ပြန်လည် ထိုးစစ်ဆင်လာချိန် နှင့် ကြုံကြုံကြိုက်ကြိုက် အောက်ပြည် မှ ဆန်တွေ တင်လာသော လှေ သည် ညောင်ဦး ဆိပ်ကမ်း ဆိုက်ပြီး မှ စက်သေနတ် မှန်၍ ဆန်တွေ ရော လှေ ပါ နစ်မြုပ် သွားခဲ့လေသည် ။ ထိုစဉ်က လောကဓံ ကို ခံနိုင်ရည် ရှိသည် ဆိုသော အမေ တစ်ယောက် မျက်ရည်ပေါက်ကြီးငယ် ကျရှာလေသည် ။

“ အင်း … ဒီတစ်ခါမှ ရှိသမျှ ပြောင်တော့တာပဲတဲ့ ၊ သားတွေ သမီးတွေ ပညာ စကောစက အရွယ် စကောစက  နဲ့ ကံဆိုးကြလှချည်လားကွယ် ” ဟုလည်း မျက်ရည်‌တွေတွေ နှင့် ပြော ရှာလေသည့် အမေ့ ကို ယနေ့ အထိ ကျွန်မ မျက်စိ ထဲ မြင်ယောင်နေသည် ။

အင်္ဂလိပ် တက် လာတော့ မြို့သိမ်း ရွာသိမ်း အောက်ခြေသိမ်း တိုက်ခိုက်မှုများကြောင့် ကျောင်း နှင့် ဇရပ်လည်း မီးလောင် သွားသည် ။ ကျွန်မတို့ မိသားစုများတောင် ကံကောင်း ၍ ဗုံးဒဏ် စက်သေနတ်ဒဏ် မှ လွတ်ကင်းခဲ့ရပြီး ညောင်ဦးမြို့တွင် ကျန်ရှိနေသည့် ဘုန်းကြီးကျောင်းတိုက် တစ်ခု ၌ ခိုအောင်းကြရပြန်သည် ။

အမေ သည် နောက်ဆုံး ကျန်ရှိသော စိန်နားကပ်တစ်ရံ နှင့် အင်္ဂလိပ်ငွေ ၁၀၀၀ ကျပ် / - ခန့်ကို ထပ်မံ အရင်းအနှီး ပြု၍ ဆန် ၊ ဆီ ၊ ဆားကုန်များ ဈေးရောင်း လေတော့သည် ။ တစ်နေ့တွင် ကိုလတ် က အမေ့ ကို ပြောသည် ။

“ အမေ … သား သူငယ်ချင်း တစ်ယောက် လှေ နဲ့ အောက်ဘက် ကို လိုက်ပြီး စုံစမ်းချေဦးမယ် ။ အဲဒါ အမေ သား ကို သွားခွင့်ပေးပါ ”

“ အင်း … ခေတ်ကာလ မကောင်းလို့ ကျောင်းလည်း မနေရ ၊ အင်း … သား သဘောပဲလေ … လိုက်ချင် လိုက်သွားပေါ့ ”

သို့သော် ကိုလတ်တစ်ယောက် အောက်ဘက် သူငယ်ချင်း နှင့် လိုက်သွားသည် ဆိုပြီး တစ်လခန့် အကြာတွင် -

“ အမေညွန့် … အမေညွန့် … အမေညွန့် … ရှိလား ဟင် ”

ကိုလတ် သူငယ်ချင်း ကိုအောင်တစ်ယောက် ဒရောသောပါး မေးလာသော အခါ အမေ နှင့် ကျွန်မ တို့ မောင်နှမတွေ ကိုအောင် ကို ကြည့်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားမိသည် ။ အဘယ့်ကြောင့်ဆိုသော် ကိုအောင် သည် အမေ့ ကို တွေ့သည် နှင့် ရှိုက်ကြီးတငင် ငိုချလိုက်သောကြောင့်ပါပေ ။

“ ဟဲ့ … ဟဲ့ … သား ကိုအောင် ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲ ၊ အမေ့ ကို ပြောစမ်းကွယ် ”

“ ကိုလတ် … အမေညွန့် ကိုလတ်ရယ် … ”

“ ဘာ ကိုလတ် … ကိုလတ် … ဘာဖြစ်သလဲ သားရယ် ”

“ ကိုလတ်လေ … ကမ်းနား မှာ ကမ်းနား မှာ တင်းပုတ်ကြီး နဲ့ တင်း တင်းပုတ်ကြီးကြီး နဲ့ ထုလို့ ”

ရှိုက်၍ ရှိုက်၍ ပြောသော ကိုအောင် ကို အမေ က သိမ်းကျုံးဖက် လိုက်ပြီး တစ်ကိုယ်လုံးအနှံ့ လျှောက် စမ်းသည် ။

“ အမယ်လေး … ဘာလို့တဲ့လဲ ကိုအောင် ကို ဘယ်နေရာ ထုသလဲ ပြစမ်း ပြစမ်း ”

“ မ မ မ … ဟုတ်ဘူး ၊ သူ … သူ … ကိုလတ် ရယ် ၊ ကျွန်တော် ရေချိုး နေတုန်း သူ လှေကမ်းနား ကပ်ခါနီး ရေ ထဲ ဝုန်းခနဲ ခုန်ချတယ် ။ ပြီးတော့ သူ့ ခေါင်း ပေါ် က ကြိုးကြီး ကို သူ့ လက် ထဲ ကိုင် လာတဲ့ ငုတ်မှာ စွပ်ပြီး တင်းပုတ်ကြီး နဲ့ ထုနေတာ မြင်ခဲ့လို့ အဲဒါ ကျွန်တော် ရင် နာလွန်းလို့ ၊ အမေညွန့် ဆီ ပြေး လာ ပြောတာ ၊ သူ လှေထိုးသား လုပ်နေသလား ဟင် ”

“ ဟင် … ”

အမေ စကား မပြောတော့ ချာခနဲ လှည့်ပြီး ကျောင်းအောက် ဝင်သွား၍ ကွပ်ပျစ် ပေါ် တွင် ဆေးလိပ် သောက်နေတော့သည် ။

အမေ့ ကို ကြည့်ပြီး ကိုကြီး က ခေါင်းယမ်း နေပြီး မှ -

“ ကဲ … ကိုအောင် ပြန်တော့ ၊ ကိုလတ် က ကိုအောင် နဲ့ အောက်ကို သွားမယ်လို့ အမေ့ ကို ညာပြောသွားတာ ၊ အမေ စိတ်ထိခိုက်သွားပြီ ၊ ကိုအောင် ပြန်ဦးနော် … အမေ့ ကို တို့များ ချော့ ရဦးမယ်ကွာ ”

ကိုအောင် ပြန်သွားတော့ ကျွန်မတို့ မောင်နှမ သုံးယောက် အမေ့နား ဝိုင်းထိုင်ကြသည် ။ ကိုကြီးက အမေ့ လက် ကို ကိုင်သည် ။ အမေ က အကိုင် မခံ ပုတ် ချသည် ။

“ အမေ … ”

“ ဘာမှ မပြောနဲ့ ”

ဟိန်းထွက်လာသည့် အမေ့အသံ ကြောင့် ကိုကြီး ရော ၊ ကိုလေး နှင့် ကျွန်မ ပါ မလှုပ်ရဲကြတော့ ။ အမေ ကတော့ ဆေးပေါ့လိပ် ကိုသာ သဲသဲမဲမဲ ဖွာ နေသည် ။

“ အမေရေ … ကိုကြီး ၊ ကိုလေး ၊ မီးငယ်ရေ … သား ပြန်လာပြီ ၊ ကိုလတ် ပြန် လာပြီဗျ ”

ဝမ်းသာအားရ အသံ နှင့် အတူ လွယ်အိတ်ကလေး လွယ်၍ လက် ထဲ တွင် ငါးခြောက်တွဲလေး ဆွဲ ၍ ကိုလေး ဝင်လာသည် ။

“ ဟောဗျာ .. ကျွန်တော် ခေါ်နေတာ ပြန်မထူးကြဘဲ ဒီမှာ ဘာလို့ ဝိုင်းထိုင်နေကြတာလဲ အမေ ၊ အမေ နေကောင်းတယ် နော် ”

အမေ သည် ဆေးပေါ့လိပ် ကို ချပြီး အံတစ်ချက် ကြိတ်လိုက်သည် ကို အမေ့ မျက်နှာ ကြည့်နေသော ကျွန်မ မြင်ရသည် ။ နောက်ပြီး အံ့အားသင့်သွားသည် ။ အဘယ့်ကြောင့်ဆိုသော် စောစောက ဒေါသမုန်တိုင်းကြောင့် မှိုင်းပြီး မှုန်နေသော အမေ့ မျက်နှာ သည် ချက်ချင်း ကြည်ကြည်လင်လင် ပြုံး လိုက်သောကြောင့်ပါတည်း ။

“ အမေ နေကောင်းပါတယ် သား ၊ သား နေကောင်းခဲ့တယ် မဟုတ်လား ။ အမေ တို့ က ကိုလတ် အပြန် ကို တမင် စောင့်နေကြတာ သားရဲ့ ၊ ကဲ ကဲ … မိုးတောင် ချုပ်တော့မယ် ။ မီးခွက် ထွန်းကြ ၊ မှန်အိမ်ပြောင်း ကို ကောင်းကောင်းကိုင် ထွန်းကြနော် ၊ ကဲ … သား လည်း မောလာမယ် ၊ ရေ ချိုးပြီးခဲ့ပြီလား ထမင်းစားကြရအောင် ”

ကျွန်မ ကိုကြီး နှင့် ကိုလေး တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် နေမိကြသည် ။

“ ဟဲ့ … ထ ကြလေ… ထမင်းပွဲ ပြင်စို့ ။ မီးငယ် မှန်အိမ် ထွန်း ၊ ကိုကြီး က ဟင်းအိုး နွှေး ၊ ကိုလေး ထမင်းစားပွဲဝိုင်း ချ ”

ကျွန်မတို့ ကို အကွက် စေ့အောင် ခိုင်းပြီး အမေ က ကိုလတ် ကို လက် ဆွဲ၍ ထိုင်စေသည် ။

“ ဘယ်လိုလဲ သား ၊ အရောင်းအဝယ် အခြေအနေ ဘာတွေ စုံစမ်းခဲ့သလဲ ”

“ အင်း … သား တစ်ခေါက် နှစ်ခေါက်တော့ သားသူငယ်ချင်း လှေ မှာပဲ အထက်ကုန် အောက်ကုန် နည်းနည်းလောက် တင်ပြီး လိုက်နေဦးမယ် လို့ စိတ်ကူးတယ် အမေ ။ အရင်းအနှီး က လိုသေးတယ် မဟုတ်လား ။ ရော့ … ဒီမှာ ငါးရံ့ခြောက် ဆားပေါ့လေ ။ တစ်ပိဿာ ပဲ ဝယ်နိုင်ခဲ့တယ် ။ နောက်ပြီးတော့ အမေ မသိအောင် ကြေးယူပြီး ထန်းလျက် ၃ ပို တင်သွားတယ် ။ ငွေ ၁၅၀ ကျပ် / - မြတ်ခဲ့တယ် အမေ ဟောဒီမှာ … ”

လွယ်အိတ် အတွင်း ပုဆိုးအင်္ကျီများ ကြားမှ ငွေ ၁၅၀ ကျပ် / - ကို လည်းကောင်း ၊ လက် ထဲ မှ ငါးခြောက်တွဲ ကိုလည်း အမေ့လက် ထဲ ထည့်ပြီး ကိုလတ် က အမေ ကို ကန်တော့သည် ။

“ အေး … အေး .. သာဓုကွယ် သာဓု ။ သား ပိုက်ဆံ ကို အသာ ထားဦး ၊ ကဲ … ထမင်း စားကြဦး ၊ အဲ … ည မလည်နဲ့ဦးနော် ။ သားတို့ ကို အမေ စကား ပြောစရာ ရှိတယ် ”

ထမင်းဝိုင်း တွင် လည်း အမေ က ပြုံးပြုံးရွှင်ရွှင်နှင့် စားသည် ။ ကိုလတ် ကို လည်း အောက်ပြည်အောက်ရွာ ဘယ်ဒေသ က ဘယ်လို လဲ ၊ ဘယ်နှရက် စုန်ပြီး ဘယ်နှရက် ဆန်ခဲ့ရသလဲ ၊ ဘယ်ကနေ ပြန်လာသလဲ ၊ ပြည် ရွှေဆံတော် ဖူးခဲ့သေးလား ၊ သရက် က ငှက်ပျောခြောက်ကလေး ဝယ် ခဲ့ရောပေါ့ .. စသည် စသည်နှင့် ကျွန်မတို့ တစ်တွေ စကားဝိုင်း မဝင်သာအောင် အမေ က ချည်း ဒိုင်ခံ၍ မေးလေ ပြောလေ တော့သည် ။

စားသောက်ပြီးစီး၍ ပန်းကန်အိုးခွက် ဆေးကြောသိမ်းဆည်းပြီး ငါးရံ့ခြောက်အတွဲ မှ နှစ်ပြား ကို ဆွဲ၍ ကျောင်း ပေါ် သို့ အမေ က အားလုံး ကို ခေါ်ပြီး တက်ခဲ့သည် ။

ကျောင်းထိုင် ဆရာတော် အား သားလတ် အောက်ပြည် မှ ပါလာသည့် ငါးခြောက် ကို အရုဏ်မီ ဘုဉ်းပေး နိုင်ရန် လာရောက် လှူဒါန်းကြောင်း အမေက လျှောက်သည် ။

“ အိမ်း … ဒကာမကြီး သားသမီး ကံကောင်းပါတယ် ၊ သားလိမ္မာတွေ သမီးလိမ္မာတွေ ဆိုတော့ စိတ် ချမ်းသာရပ ။ အဲ ... ကလေးတွေလည်း ဘုန်း ပြောရဦးမယ် ။ မိစုံ ဖစုံ မဟုတ်ဘဲ အမိအုပ် လို့ ကြီးလာကြရတာ ဆိုတော့ ဒီ အမိ ကို စိတ် ၏ ချမ်းသာခြင်း ၊ ကိုယ် ၏ ချမ်းသာခြင်း ရှိအောင် ထားကြနေကြ ကွဲ့ ။ အေးလေ … အစကတည်း က ဗီဇ ကောင်းပြီးသား ဆိုတော့ မင်္ဂလာတရား နဲ့ ညီအောင် နေတတ် ထိုင်တတ်ကြမှာပ ၊ အေး … အေး … သာဓုကွယ် သာဓု သာဓု ”

ဆရာတော် အား ငါးရံ့ခြောက် ကပ်ပြီး ကန်တော့ ၍ ကျောင်းအောက် သို့ ပြန် ဆင်းလာခဲ့ကြသည် ။ ကျောင်းအောက် ရောက်တော့ အမေ က …

“ မီးငယ် မှန်အိမ် မှိတ် ထားခဲ့ ၊ လ လည်း သာတယ် ။ အမေတို့ အေးအေးဆေးဆေး ကျောင်းပြင် တမာပင် အောက် က ကွပ်ပျစ် ပေါ်  သွားရအောင် ”

ကျောင်း အောက် တွင် အခြား မိသားစုများ လည်း ရှိ နေသည်မို့ အမေ က အပြင် ထွက် စကား ပြောလိုဟန် ရှိပါသည် ။ ကွပ်ပျစ်ပေါ် ထိုင်မိကြတော့ အမေ ကိုလတ် ကို ကြည့်လိုက်သော အကြည့် သည် လရောင်ပြောက်ကျား လင်းနေသည့်ကြား မှ အမေ့ မျက်လုံး တို့ လင်းလက် နေပုံမှာ ဒေါသ လား ၊ ကြေကွဲခြင်း လား ၊ နာကြည်းခြင်း လား ဆိုသည်များ ကို မသိနိုင်အောင် ဝင်းဝင်းတောက်နေပါသည် ။

“ ကိုလတ် … သား … ”

“ ခင်ဗျာ … ”

“ အမေ့ ကို အမှန်အတိုင်း ပြောပြစမ်း ၊ ငါ့သား … သား ဘယ်ကို ဘာ သွားလုပ်ခဲ့သလဲဆိုတာ … ”

“ ဟောဗျာ … ညနေ က အမေ့ ကို ပြောပြီးပြီလေ ”

“ ကိုလတ် … ”

အမေ့ အော် လိုက်သံသည် ကျွန်မတို့ အား တုန်လှုပ်သွားစေပါသည် ။

“ အမေ့ သားသမီးတွေ ကို ကံငါးပါး လုံအောင် ထိန်းကြဖို့ တဖွဖွ အမေ ဆုံးမခဲ့တယ် ၊ သွန်သင်ခဲ့တယ် ။ ဒီမယ် … ကိုလတ် မင်း ကို ဆုံးမ နေတဲ့ အမေ့ ကို မှ မင်း ဘာကြောင့် လိမ်ချင် ညာချင် ရတာလဲ ၊ မုသာဝါဒကံ ကို ကျူးလွန် ရတာလဲ ၊ ကဲ … မှန်မှန် ပြန်ပြောစမ်း ”

ကိုလတ် ငို ပါလေတော့သည် ။ ကျွန်မ လည်း ကိုလတ် ကို ကြည့်ပြီး ငို မိတော့သည် ။

“ တိတ်စမ်း ကိုလတ် ၊ မင်း ဟာ ယောက်ျား … ယောက်ျား ဆိုတာ ရဲရင့်တည်ကြည် ဖြောင့်မတ်မှန်ကန် မှ ယောက်ျား ပီသတယ် လို့ အမေ ပြောထားတာ မေ့ သွားပြီလား ”

“ ဟုတ် … ဟုတ်ကဲ့ပါ… အမေ သား မငိုတော့ပါဘူး ၊ အမှန်အတိုင်း ပြောရရင် အမေ ဟာ သားတို့ ကို အင်မတန် ချစ်ပြီး လူတော်လူကောင်း ဖြစ် စေချင်တာ အမေ သာ ရုန်းကန်ပြီး သားတို့ ကို ကျွေးမွေးပြုစုချင်တာ သား နားလည်ပါတယ် ။ ဒါပေမဲ့ အမေ့ မှာ အရင်းအနှီး မရှိတော့တာမို့ ခေတ်ကောင်း လာ ချိန်မှာ သားတို့ ကို ကျောင်းပြန်ထားဦးမယ် ဆိုတော့ … ”

“ ဪ … ဒါနဲ့ မင်း က လှေထိုးသား လုပ်ပြီး သူများ လှေ မှာ အခိုင်းခံ ဘဝ နဲ့ မိဘ ကို ကျေးဇူး ဆပ်တယ်ပေါ့ ”

“ ဟုတ်ကဲ့ … အရင်း မစိုက် လှေထိုးလိုက် ဆိုတာ လို … ”

“ တော်စမ်း … အဲဒီ စကားမျိုး ကို အမေ မကြားချင်ဘူး သိလား ၊ ကိုချစ်မောင် ရေ … တော်က သားတွေ ရာထူးရာခံ နဲ့ အမြင့် မှာ နေစေချင်တယ် ။ ခုတော့ ကျုပ် ကို လှေထိုးသား လုပ်ကျွေးသတဲ့ တော် ရေ … ”

အမေ့ အသံ တုန်ရီစွာ အဖေ့ ကို တမ်းတသည် ။ သို့ရာတွင် မျက်ရည် မကျပါ ။ ဝဲရုံ သာ ဝဲလာသည့် မျက်ရည်စများ ကို မာန နှင့် ယှဉ်သော မျက်နှာ ဖြင့် မျက်တောင် ခတ် ၍ သိမ်းဆည်းလိုက်လေသည် ။

“ ကဲ … ပြီးခဲ့တဲ့ ကိစ္စ ထားလိုက်တော့ ၊ အဲဒီတော့ကာ အမေ့သားတွေ နဲ့ သမီးလေး မီးငယ် အမေ ပြောတာတွေ သေသေချာချာ ခေါင်း ထဲ မှာ စွဲမြဲနေအောင် မှတ်ထားကြ သိလား ။ လူ့ ဘဝ ဆိုတာ ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ လာဘ်ရခြင်း ၊ လာဘ်မရခြင်း ၊ အခြွေအရံ ကင်းမဲ့ခြင်း ၊ ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း ဆိုတဲ့ လောကဓံတရား ရှစ်ပါး ရှိတဲ့အထဲ မှာ လူတွေ ဟာ ဆင်းရဲတဲ့ဒဏ် နဲ့ ချမ်းသာတဲ့ဒဏ် ကို ခံနိုင်ရည် ရှိသူ အလွန် နည်းပါးတယ် ။ ဆင်းရဲ တော့ လည်း ငါ့နှယ် ဆင်းရဲ လိုက်တာ ၊ ခုနေများ သိန်းထီလေး ပေါက်လိုက်ရင်လို့ တွေး တတ်ကြတယ် ။ အဲ … ချမ်းသာတဲ့ သူများ ကျ ပိုပြီး ဆိုးပါလေရော ၊ ရှိတဲ့ စည်းစိမ်ဥစ္စာ ကို တစ်ထစ် ပြီး တစ်ထစ် တစ်ရစ် ပြီး တစ်ရစ် တက် ချင်ကြတဲ့ လောဘဇော က အတော မသတ်နိုင်ကြဘူး ၊ နားလည်ကြတယ်နော် ”

“ ဟုတ်ကဲ့ … နားလည်ပါတယ် အမေ ၊ ဆင်းရဲတဲ့ ဒဏ် ကို သား ခံနိုင်ပါတယ် ။ ဒါကြောင့်လည်း ခုလို လှေထိုး လိုက် ”

“ တော်စမ်း … အမေ ပြောချင်တာက ဒါ မဟုတ်ဘူး ။ ဒီလို အဓိပ္ပါယ်မျိုး မဟုတ်ဘူး ။ မင်း လုပ်ပုံ လုပ်နည်း မှား နေလို့ ပြော နေတာ လောက မှာ ဆင်းရဲတယ် ၊ ချမ်းသာတယ် ဆိုတာ အဆန်း မဟုတ်ဘူး ။ ဒါပေမဲ့ မိမိ နဲ့ မိမိ အလုပ် နဲ့ ညီညွတ် ၏ မညီညွတ် ၏ ဆိုတာ ပြောချင်တာ နားလည်လား ၊ လူ ဆိုတာ ‘ ဒူး နေရာ ဒူး တော် နေရာ တော် ’ ဆိုတဲ့ စကား ဟာ ဒီလို အဖြစ်မျိုး ပြောချင်တာ ပြောကြတာ ။ သား ကိုလတ် မင်း ကို အမေ ပြောမယ် ။ မင်းတို့ ကို ဘော်ဒါဆောင် မှာ ငွေကုန် ခံပြီး ကျောင်းထား ၊ စာသင် ခဲ့တာ ငါ အမေ ကို လှေထိုး လိုက် ကျွေးဖို့လား ဟင် ”

ကိုလတ် အမေ့ ကို ငေးကြည့်နေသည် ။ စကား ပြန် မပြောနိုင် ။

“ သားတို့ သမီးတို့ တစ်သက်လုံး မှတ်ထား ။ မြင့် တယ်လို့လည်း မကြွ နဲ့ ၊ နိမ့် တယ်လို့လည်း မကျနဲ့ တဲ့ ။ သိကြရဲ့လား ။ စီးပွားချမ်းသာ ဂုဏ်ရှိန်မြင့်မားတယ် လို့ ပလွှားမှု မရှိစေနဲ့ ၊ ချို့ငဲ့ဆင်းရဲပါတယ် ဆိုပြီးလည်း မနှိမ့်ချရဘူး ။ ဒီနေရာမှာ မာန ဆိုတာ ရှိသင့် ရှိအပ်တယ် လို့ အမေ ထင်တယ် ။ ဒါကြောင့် ‘ တန်ရာ … တန်ရာ ’ ဆိုတဲ့ စကား လို ကိုယ်နဲ့ ထိုက်တန်မယ့် သင့်တော်သော အလုပ် ကို သာ လုပ်ပါ ။ ချမ်းသာ လို့ ဂုဏ်ရှိ လို့ ကြွစောင်းစောင်း မလုပ်ရသလို ဆင်းရဲ လို့ ဂုဏ်ငယ် လို့ ကိုယ့်ကိုယ် ကိုယ် သိမ်ငယ် တဲ့ စိတ် မထားနဲ့ ”

“ အဲဒီတော့ သားတို့ ကျောင်းတွေလည်း ပြန် ဖွင့်ပြီ ။ အမေ လည်း သားတို့ ကို အနည်းဆုံး ဆယ်တန်း အောင် တဲ့အထိ ကျောင်း ထားပေးမယ် ။ ဆယ်တန်း အောင်ပြီးရင် အခြေအနေ အရ တစ်ဖက် က စီးပွား ရှာ ၊ တစ်ဖက် မှာ ပညာ ကို လိုက်စား ။ အေး … အမေ့ သမီးငယ် က တော့ ၇ တန်း လောက် ဆိုရင် တော်ပြီ ။ အမေ နဲ့ ဈေးကူရောင်း ရမယ် ဒါပဲ ”

အမေ က စကား ကို ပြတ်ပြတ်သားသား ပြောပြီး ဖြတ်လိုက်သည် ။ အမေ့ စကားများ က ကျွန်မ အသည်း တွင် စွဲနေအောင် မှတ်သားထားမိသည် ။

“ အေးပွင့် … ဟေ အေးပွင့် … ပြင်ဘက် ခဏ လာဦးဟေ့ ”

အမေ့ ညီမ ဝမ်းကွဲ ဒွေးလေးအေးပွင့် ကို အမေ က လှမ်းခေါ်သည် ။ ဒွေးလေး အနားရောက်တော့ -

“ ကဲ … လာ ထိုင်ဦး ။ တိုင်ပင်လည်း မနေတော့ဘူး ။ ငါ့သဘော နဲ့ ငါ ဆိုတော့ သန်ဘက်ခါ မနက် ဘုန်းကြီး ၁၀ ပါး ဆွမ်းကပ်မယ် ။ ကဲ… သား ပေးစမ်း ငွေ ၁၅၀ … ”

ကိုလတ်ထံမှ လှမ်းပေးသော ပိုက်ဆံ ကို အမေ က ဒွေးလေး လက် ထဲ ထည့် သည် ။

“ ရော … ဒီငွေ ၁၅၀ အကုန် ဆန် ဆီ က စဝယ် ၊ လူတွေ ကို ကြည့်ဖိတ် ။ တို့ ကျောင်းအောက် တင် ၄ ဦး လောက် ရှိတယ် မဟုတ်လား ။ အဲဒါဆို တော်ပါပြီ … ကျန်တဲ့ အနီးအပါး ကို ထမင်း နဲ့ ဟင်း ကမ်းလိုက်ပေါ့ ”

ဘုမသိ ဘမသိ ဒွေးလေး ခမျာ အမေ လှမ်းပေးသည့် ပိုက်ဆံယူရင်း က …

“ နေပါဦး … အစ်မ ရဲ့ ၊ ဘာအတွက် ဆွမ်းကပ်တာလဲ ၊ ဘုန်းကြီးတွေ ကို ဘယ်လိုလျှောက်ပြီး လူတွေ ဘယ်လို ဖိတ်ရမလဲ ”

“ အေး .. ဟုတ်တယ် ။ ဒီလိုလေ … သား ကိုလတ် အောက် လိုက်သွားပြီး ကုန်ကူးလာခဲ့တဲ့ အမြတ် ဟင် … ဟုတ်သေးပါဘူး ။ ကိုလတ် အလုပ် လုပ်ရတဲ့ ပိုက်ဆံ လို့ ပြော အေ ... ကဲ .. လျှာမရှည် နဲ့ သွားတော့ ။ ညည်း ဘာသာ တစ်ယောက် အဖော် ခေါ်ပြီး မနက် ဈေးဝယ် ၊ ညနေ ချက်တော့ ”

ဒွေးလေး ကျောင်း ထဲ ပြန်ဝင်သွားတော့ မှ အမေ က ကိုလတ် ပခုံး ဖက်ပြီး နှစ်သိမ့် စကား ဆိုသည် ။

“ သား ကိုလတ် … အမေ လုပ်တာ မှန်တယ်လို့ အမေ ထင်တယ် ။ သား ပင်ပန်းကြီးစွာ ရှာလာရတဲ့ ပိုက်ဆံ အမေ မသုံးရက်ဘူး ။ လှူတော့ လှူရက်တယ် ။ ဒါအတွက် စိတ်ကောင်းကလေး ထား ။ စေတနာ ဆိုတာ မလှူခင် လှူနေဆဲ လှူပြီးတဲ့အချိန်အထိ သုံးတန် စလုံး ပြည့်ဝရသတဲ့ ။ သား လည်း စေတနာ သုံးတန် ပြဋ္ဌာန်း လိုက်တော့ ”

“ အမေရယ် ... သား နားလည်ပါပြီ ။ အမေ ဖြစ်စေချင်သလို သားတို့ ကြိုးစားပါတော့မယ် ”

“ အေး ... ဒါဆိုတော့ ပြောစရာတစ်ခု ကျန်နေပြန်ပြီ ။ ကံ ကံ ၏ အကျိုး ဆိုတာလည်း ရှိသေးတယ်နော် ။ ရှေးဘဝက ပြုခဲ့ဖူးသော ကံ ၊ ယခုဘဝ ပြုသောကံ ၊ ကံ၏ အကျိုးဆိုတာလည်း မယုံစားလို့ မရဘူး ။ ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ် ၊ ဟုတ်တာ ပြော မှန်အောင်နေ ဒါတွေ ရှိရင် သားတွေ သမီးတွေ ကံအကျိုးပေး မကောင်း တောင် ပြောင်ပြောင်ကလေး နေမှာပါကွယ် ၊ ကဲ အိပ်ကြစို့ ”

ဪ … အမေ သားတွေ သမီးတွေ အပေါ် အတွေးအခေါ် အမြော်အမြင် အတတ်တွေ သင်ပေးခဲ့သော လောက ၏ ဓမ္မတာ သဘော ကို စောကြောတွက်ဆနိုင်သည့် အသိဉာဏ် ရင့်သန်စေသော လောက ကို ရင်ဆိုင်ပြီး အရှုံး မပေးလိုသော စိတ်ဓာတ် မြင့်မြတ်သော အကြံအစည် ရှိစေခဲ့သော ကျွန်မ အမေ … ။

ထို့ကြောင့်ပင်လျှင် ကိုကြီး ၊ ကိုလတ် ၊ ကိုလေး တို့ ပညာ ကြိုးစားကြသလို တစ်ဖက် မှလည်း အမေ့ ကို ကူညီကြရင်းက ပညာတတ် အလုပ်အကိုင် ရ ၊ ရာထူးဌာန္တရများ နှင့် အမေ ဖြစ် စေချင်သလို ဖြစ် လာခဲ့ကြသည် ။ အချိန်တန် အရွယ် ရောက်ပြီးကြ၍ အိမ်ထောင်အသီးသီး ကျပြီးနောက် အမေ့ အား ဈေး မရောင်းဘဲ တစ်လှည့်စီ လိုက် နေရန် ပြောပေမင့် ဘယ် အိမ် မှာ မှ ကြာကြာ မနေ ။ သားသမီးတွေ ထောက်ပံ့ငွေ ကို လှူသည် တန်းသည် ။

အသက်ကြီး ၍ ဈေး မရောင်းစေချင်သော်လည်း ပြောမရ ။ အသက် ၆၀ ကျော် အထိ ဆိုင်ထွက် သေး၏ ။ နောက်ပိုင်း မှ ဆိုင် မထွက်တော့သော်လည်း ဆေးဖော်ပြီး အိမ် တွင် ရောင်း နေလိုက်သေးသည် မှာ အသက် ၈၀ ကျော် သေသည် အထိပင် ။

အမေ ဆုံးပါးသွားခဲ့သည်မှာ ၈ နှစ် ကြာခဲ့ပါပြီ ။ အဖေ ဆုံးပြီး အနှစ် ၅၀ လုံးလုံး သားသမီးတွေသာ မက မြေးတွေ အထိ အသိအလိမ္မာ ဉာဏ်ပညာ ဖြောင့်ဖြူးစေခဲ့‌သော အမေ ၊ ကျွန်မ အမေ သည် ကျွန်မအတွက် ဘဝ ၏ လရောင်သဖွယ် ထွန်းပအေးမြစေခဲ့ပါသည် ။

တစ်ခါတစ်ရံ တွင် တော့ ယခုအချိန် တွင် ပညာတတ် ပေါများပြီး အလုပ် ဟူသမျှ ဂုဏ်ရှိစွ ဟု ကျရာ အလုပ်လုပ်ကြရသော သူများ ကို ဘယ်လိုများ ပြောလေမလဲ ။ သို့သော်လည်း တစ်ဖက် မှ တွေးလိုက်ပြန်တော့ တစ်နေ့ တစ်နေ့ တွင် လူမှန် နေရာမှန်တော့ ဧကန် ရောက်ကြရသည်မို့ အမေ ပြော ခဲ့သော စကား အမေ ထားခဲ့သော မာန လိုချင်သည်ကို ရအောင် စွမ်းဆောင်ဖို့ ကိုယ့် တာဝန် ဟု အမေ့ သမီး ကျွန်မ သည် ကျောင်းပညာ တန်း ကုန်အောင် မသင်ခဲ့ရငြား ဘဝတက္ကသိုလ် ကို အမေ ၏ အသင်အပြ အဆုံးအမ အောက်မှာ ကြည့်တတ် သိတတ် မြင်တတ်ခဲ့ပြီး နှိုင်းနှိုင်းချိန်ချိန် နှင့် တွေးဆမြော်မြင် ဘဝ ၏ တက္ကသိုလ် ကို ဂုဏ်ထူတန်း ဖြင့် အောင်မြင်ခဲ့ပါပြီ ။

နံနက် အိပ်ရာထ တွင် လည်းကောင်း ၊ ည အိပ်ရာဝင် တွင် လည်းကောင်း ကွယ်လွန်ခဲ့ပြီဖြစ်သော အဖေ နှင့် အမေ အား ဦးထိပ်ထား၍ ရတနာသုံးပါး နှင့် အညီ ဆည်းကပ် ကိုးကွယ်လျက် အောက်မေ့တသ လျက် အမေ့ စကား ထောင်နား နာယူလျက်ပါရှင် ။

တင်ရီမ ( ညောင်ဦး )

လုံမလေးမဂ္ဂဇင်း
၁၉၈၅ ၊ မေလ ။

#ကိုအောင်နိုင်ဦး

No comments:

Post a Comment