Sunday, September 18, 2022

ဒေါက်တာသက်ရှေ


 

❝ ဒေါက်တာ သက်ရှေ ❞

ရန်ကုန်မြို့ အကျင့် ကား မြန်မာချင်း ဖြစ်စေကာ ၊ တိုက်ခန်းချင်း ကပ်လျက် ရှိစေကာ တစ်ဦး နှင့် တစ်ဦး အသိ မိတ်ဆွေ ဖြစ် ခဲ သည် ။ ဝင်းခြံ နှင့် မူ ကား ထို သူ ၏ အကြောင်း ကို သိဖို့ရာ သာ၍ ခဲယဉ်းလှသည် ။ ကုက္ကိုင်းလမ်း တစ်ခုသော ဝင်းခြံ နှင့် နှစ်ထပ်အိမ် တစ်လုံး တွင် နေထိုင် သည့် မိန်းမချော တစ်ဦး အကြောင်း ကို မူ သိရှိသူ အလွန် နည်းပါးလေသည် ။ သတိထား ကြည့်မိသူတို့ က မူ ထို ခြံ ထဲ မှ အလွန် ခံ့ညားသည့် ကားကြီး နှင့် အသက် ၁၆ နှစ် ခန့် မိန်းမချော တစ်ယောက် ၃ ၊ ၄ ရက် တစ်ခါ ဆိုသလို မြို့ထဲ သို့ ထွက်လေ့ ရှိကြောင်း ပြောကြသည် ။

ထို မိန်းမပျို နှင့် သိ သူကား မရှိ မဟုတ် ၊ လူကုံထံ အထက်တန်းများ နှင့် အရာရှိ အချို့သည် ထို မိန်းမပျို နှင့် သိ ကြ၏ ။ သို့ရာတွင် ထို မိန်းမ အကြောင်း ကို လူပုံအလယ် တွင် မပြောကြချေ ။ အလွန် ရင်းနှီးသော မိတ်ဆွေ အချို့သာ ပြောပြတတ်ကြသည် ။ ထို ဝင်းခြံ နှင့် မလှမ်းမကမ်း တွင် နေ သူများ ကမူ ထို မိန်းမပျို မှာ မိဘ သေဆုံး အမွေ ရ၍ အခြွေအရံများ နှင့် လွန်ခဲ့သည့် ၂ နှစ် ခန့် က လာရောက် နေထိုင် သည် ဟု ပြောကြ၏ ။ ဝင်းတံခါး မှာ အမြဲ ပိတ်ထား၍ အ သက် ၄၀ ခန့် တံခါးစောင့် မြန်မာ မှာ တင်းမာခက်တရော် သော မျက်နှာ နှင့် မည်သူ လာရောက် မေးစေကာမူ “ ကိုယ့် အလုပ် မဟုတ်တာ ဘာလို့ သိချင်ရသလဲ ” ဟု ပြောလေ့ ရှိလေသည် ။

ထို တိုက်အိမ် သည် လူကြီးလူကောင်းများ နှင့် သာ ဆက်ဆံသော ပြည့်တန်ဆာအိမ် ဖြစ်သည် ဆို က မည်သူမျှ ယုံနိုင်မည် မဟုတ်ချေ ။ အနေအထိုင် သိပ်သည်းခြင်း ၊ ဆက်ဆံသူများ အထက်တန်းကျခြင်း ၊ မိန်းမပျို ကိုယ်တိုင် က လည်း ရုပ်ရည် နှင့် တကွ အစခပ်သိမ်း အထက်တန်း ကျ ခြင်း ကြောင့် အထက်တန်းစား မိဘ မှ ပေါက်ဖွားသော အမျိုးကောင်း သမီး ဟု မှတ်ထင် ကြလေသည် ။

အရင်း မထုတ်ရသော လုပ်ငန်းရှင် မှာ လည်း ထို မိန်းမပျို တစ်ဦးတည်း ပင် ဖြစ်ရာ တစ်ညဉ့် ပျော် ( ဝါ ) တစ်ညဉ့် မယား ပြုလုပ်ရန် အတွက် ငွေ ၁ဝဝိ ပေး ရ၏ ။ ထို့ကြောင့် ၁၇ လမ်း ထဲ လိုက်နေသော ငနဲမျိုး မဆိုထားဘိ အော်ဒါ ခေါ် နိုင်သော ငနဲများ ပင် မိန်းမပျို နား သို့ မကပ်နိုင်ကြချေ ။ သူ လက်ခံသည် မှာလည်း မည်မျှ အထက်တန်းကျ သူ ဖြစ်စေ သူ နှင့် ဆက်ဆံဖူး၍ သူ ယုံကြည်သော လူကြီးလူကောင်း တစ်ယောက် ယောက် က ထောက်ခံ မှသာ လက်ခံလေ သည် ။

ပြည့်တန်ဆာ ထဲ တွင် လူကုံထံသမီး ကဲ့သို့ အများ ထင်မှတ်ရကာ ဝင်ငွေ အကောင်းဆုံး လည်း ဖြစ်လေသည် ။ တစ်ညဉ့် အတွက် ငွေ ၁ဝဝိ သာ မဟုတ် ၊ သူ ၏ အပြုအစု အညုအချွဲ ကောင်းလွန်းခြင်းကြောင့် ငွေ ၅ဝ - ၁ဝဝိ မှ လေး ငါးရာ အထိ ဘောက်ဆူး ပေးကြခြင်း ၊ လက်ဝတ်ရတနာ များ ပေးကြခြင်း ဖြင့် သူဌေးမကလေး ပမာ ကြွယ်ဝချမ်းသာ နေလေသည် ။

“ အလှ ... အလှ နဲ့ စကား ပြောချင်လို့ တဲ့ ”

တစ်ည ၇ နာရီ ခန့် အသက် ၃၀ အရွယ် မိန်းမ တစ်ယောက် လာ၍ ပြောရာ အလှ သည် တယ်လီဖုန်း ရှိရာသို့ သွားသည် ။ ချိတ် တွင် မချိတ်ပဲ စားပွဲပေါ် တွင် ချ ထားသော နားခွက် ကို ကောက်ယူ နားထောင်ကာ အလှ ၏ နှုတ်ဖျားမှ

“ ဝတ်လုံ ဦးဘခင် ပြော ထားလို့ သိပါတယ် ။ လေးရက် လောက် မဆိုင်း နိုင်ဘူးလား ။ ဧည့်သည် လက်မခံတဲ့ ရက် ဖြစ်လို့ပါ ။ တွေ့ ရရုံ ဒါလောက်ပဲလား ရှင်... ရှင် ကတိ တည် ရင် လက်ခံပါ့မယ် ... ဟုတ်ကဲ့ ”

မိန်းမပျို သည် တယ်လီဖုန်း နား ခွက် ကို ချိတ်ထားခဲ့ ကာ လာ ပြောသူ မိန်းမ အား

“ မမြ ... ခဏ နေရင် ကားတစ်စီး လာလိမ့်မယ် ။ ကိုချစ်တိုး ပြောချေ ။ ကားနံပါတ် R-304 လာ ရင် တံခါး ဖွင့် ပေးလိုက် ”

“ အလှ ဧည့်သည် လက်မခံသေးဘူး ဆို ”

“ ဟုတ်တယ် ။ ဒါပေမဲ့ တွေ့ရုံ တစ်ရာ ပေးပါ့မယ် ။ တွေ့ပါရစေ ဆိုလို့ ”

မမြ ဆို သူ တိုက်အောက်ထပ် သို့ ဆင်း၍ သွားပြီး နောက် ချက်ချင်း လိုပင် ပြန်လာရာ ဧည့်ခံရန် စားဖွယ် သောက်ဖွယ် တို့ ကို အသင့် ပြင်ဆင်စေပြီးလျှင် အောက်ထပ် သို့ ဆင်း နေစေသည် ။

၇ နာရီ မိနစ် ၂၀ ခန့် ကားတစ်စီး သည် ကုက္ကိုင်း လမ်း ၊ ခြံ တစ်ခြံ ရှိ တံခါး အပြင်ဘက် တွင် ရပ်နေသည် ။ အ တွင်း မှ လက်နှိပ်ဓာတ်မီး နှင့် ထိုးကြည့်ရာ R-304 ကို မြင် ရသဖြင့် တံခါး ဖွင့်ပေးလိုက်၏ ၊

အသက် ၃၀ ခန့် မွန်မွန်ရည်ရည် လူခန့်လူချော လူထွားကြီး တစ်ယောက် အပေါ်ထပ် သို့ တက်၍ လာ သည် ။ ခါး တွင် ပန်းချိတ်လုံချည် ၊ ကျစ်ပိုးရင်ဖုံး ၊ ရှူးဖိနပ် အညိုရောင်နှင့် မျက်လုံးမျက်ခုံး ၊ နှာတံ ပေါ် ဖြင့် အလွန် ကျက်သရေ ရှိရာ လှေကားထိပ် မှ အလှ စောင့်နေပြီး လျှင် ချိုပြုံးသော အမူအရာ နှင့်

“ ဪ ... ကိုကို က ရောက်လာပြီကိုး ” 

ဟု နှုတ် ဆက်ကာ လက်မောင်း ကို တွဲပြီးလျှင် ဆိုဖာများ ရှိရာ သို့ ခေါ်ဆောင် သွားလေသည် ။

နှစ်ယောက်ထိုင် ဆိုဖာ ပေါ်တွင် ထိုင်မိကြသောအခါ ဧည့်သည် သည် သူ ၏ အတွင်း အိတ် ကို နှိုက် ကာ တစ်ရာ တန် ငွေစက္ကူ တစ်ချပ် ကို စားပွဲ ပေါ် တွင် တင်၍ ပေးရာ မိန်းမပျို လည်း အရေး မကြီးသလို ဆေးလိပ်ပြာခံ ခွက် ဖြင့် ဖိ၍ ထားလိုက်၏ ။

လုလင်ကြီး ကား သူ့ ဘေး တွင် ထိုင် နေသူအား ခြေ ဆုံးခေါင်းဆုံး ကြည့်ရှု နေလေသည် ။ ကြည်ပြာရောင် စူရတီ လုံချည်ပျော့ ဝတ်ထားသဖြင့် အရင်း တုတ် ၍ အဖျား သွယ်သော ဆင် ၏ နှာမောင်းသဏ္ဌာန် ကို မြင်ရ၏ ။

“ အသက် ၁၆ နှစ် ပြည့်ပြီလား ” 

“ ၂ဝ ထဲ မှာ ”

“ ဟင် ကျုပ် ဖြင့် ၁၆ နှစ် ထက် မကျော်သေးဘူး ထင် မိတာပဲ ”

ထို စကားမျိုး မှာ မိန်းမပျို တွင် ပထမ အကြိမ် ကြားရ ခြင်း မဟုတ်သဖြင့် အံ့သြခြင်း မဖြစ်ချေ ။ လုလင်ကြီး သာ မထူမပါး နှုတ်ခမ်းနီ ၊ နှာတံပေါ်ကြည်၍ ရီနေသောမျက်လုံး မျက်တောင်ကော့ သုံးရက်လ မှောက်ထား သလို မျက်ခုံး မွေး နဖူးဆံရင်စနှင့် ရက်ရက်စက်စက် လှပနေသော မိန်းမပျို ကို တစိမ့်စိမ့် ကြည့်ရှုနေ၏ ။ မိန်းမပျို က လည်း ပြန် လှန် ကြည့်ရှုရာ နှစ်ဦး စလုံး ရင်ဖို နေကြသည် ။ လုလင်ကြီး ကပင်

“ နာမည် အပြည့်အစုံ ကော မသိရဘူးလား ” 

“ မသာလှ တဲ့ ” 

“ ဒီလောက် ချောတဲ့ ရုပ်နဲ့ ရှင်ဘုရင်ခေတ် ဆိုရင် မိဖုရား မြှောက်ကြမှာ အမှန်ပဲ ။ ဘာပြုလို့ ဒီ အလုပ် ကို လုပ် ရသလဲ အလှ ရယ် ”

“ ဒါတွေ မသိချင်ပါ နဲ့ ။ အလှ ရဲ့ ဘဝ အကျိုးပေးလို့ ပဲ အောက်မေ့ပါတော့ ”

“ ကဲ - ကဲ မသိစေချင်လည်း မမေးတော့ပါဘူးဗျာ ။ ဒီ ရက် မှာ လက်မခံတာက ဘယ်လို သဘောလဲ ဆိုတာတော့ သိပါရစေ ”

“ အလှ ဟာ ဓမ္မတာ မလာခင် ၅ ရက် ၊ လာဆဲ ၊ လာ ပြီး ၅ ရက် ၊ ဒီရက်တွေ မှာ ဘယ် ဧည့်သည် မှ လက်မခံဘူး ”

“ ဪ - ဪ သိပါပြီ ။ ငပူတင်းမ ဖြစ်မှာစိုးလို့ ဆိုပါတော့ ။ ဒါပေမဲ့ အပရိက တော့ ချစ်ခွင့်ပြုမယ် မဟုတ်လား ”

အလှ သည် မည်သို့မျှ မပြော ။ ရီဝေသော မျက်လုံး အစုံဖြင့် လုလင်ကြီး အား ကြည့်ရှုနေရာ လုလင်ကြီး သည် အလှ ၏ တစ်ကိုယ်လုံး သိမ်းကျုံး ပွေ့ဖက်ကာ သူ ၏ ပေါင် ပေါ်သို့ တင် လိုက်ပြီးလျှင် အလှ ၏ ပါးပြင် နှစ်ဖက်ကို အားရ ပါးရ ကြူကြူမွှေး နေတော့သည် ။

“  ကဲ - ထ ဟိုအခန်းထဲ သွားရ အောင် ” 

ဟု အခန်း တစ်ခန်း ထဲ သို့ ခေါ်ဆောင်သွားရာ လုလင်ကြီး လည်း လိုက်ပါ သွား၏ ။ အခန်း ထဲ ၌ ကား ကျောက်စားပွဲ ပေါ် တွင် ဖန်ခွက် နှစ်လုံး ၊ ရေပန်းကန် ၊ မြည်းစရာအချို့ တွေ့ရ၏ ။

“ သောက်တတ်သလား ၊ ဘာသောက်မလဲ ”

“ ဪ ... ရပါတယ် ” ဟု ဗီရို တစ်ခု ကို ဖွင့် လိုက် ၏ ။ လုလင်ကြီး လှမ်းကြည့်လိုက်ရာ ဝီစကီ ၊ ဘရန်ဒီ ၊ ဘီယာ စသော အတော် အမျိုးစုံသည့် ပုလင်းများ ကို မြင်ရကာ ဖန်ခွက် ထဲ ထည့်ပြီး လျှင် ရေခဲရေ နှင့် စပ်ပေးရင်း

“ ဝီစကီ အင် ဆိုဒါ ဘရန်ဒီ အင် ဝါးတား ဆိုတယ် မဟုတ်လား ” ဟု ဖြူဖွေးညီညာသော ပုလဲဥသဏ္ဌာန် သွားကလေးများ ပေါ်အောင် ပြုံး၍ ပြောလိုက်ရာ လုလင်ကြီး လည်း ပြန်၍ ပြုံးရင်း ခေါင်းညိတ် နေလေသည် ။

အရက် အသင့်အတင့် သောက်ပြီး နောက် ဧည့်ခန်း စန္ဒရား ရှိရာ သို့ လာပြီးလျှင် အလှ ကိုယ်တိုင် ချစ်သမျှကို ပတ်ပျိုး ကို ဆိုတီး တီး၍ နေရာ လုလင်ကြီး အတော် သဘောကျ နေသည် ။ အလွန်သာယာသော အသံ ၊ လက် ဆယ်ချောင်း အသုံးချ၍ ညက်ညက်ကလေး လှိမ့် ထွက် လာသော စန္ဒရားသံ နှင့် စည်းကိုက်ဝါးကိုက် နားထောင် ၍ မပြီး ဖြစ်နေသည် ။ 

အလှ သီချင်း ဆုံး လျှင် လုလင်ကြီး သည် အလှ တစ်ကိုယ်လုံး ကို ကလေးငယ် မွေ့သလို ပွေ့ယူကာ မတ်တတ် ရပ် လိုက်၏ ။ အလှ ၏ ဦးခေါင်း သည် လုလင်ကြီး ၏ ဘယ် လက်မောင်း အလွန် တွင် ပက်လက်ကလေး ရောက်နေရာ လုလင်ကြီး သည် အလှ ၏ နဖူး ၊ ပါးပြင် ၊ လည်ပင်း ၊ ပခုံး ပါ မကျန် နမ်းရှုပ်နေ၏ ။ တစ်ဖန် အလှ ၏ ရင်ခွင် ထဲ သူ ၏

“ အလှ ရယ် ခွင့်ပြုမယ် မဟုတ်လား ”

“ ဒီပြင် လူ ဆိုရင် ဧည့်ဝတ် ကျေရုံ ပြုစုတာပဲ ။ အခု ကိုကို့ ကို တော့ ဝမ်းထဲ က ပါ လှိုက်လှိုက်လှဲလှဲ ချစ် လို့ စွန့် ပြီး ခွင့်ပြုရမှာပဲ ။ အလှ ကို ချ ပါဦး ”

လုလင်ကြီး သည် သူ့ လက် ထဲ မှ အလှ အား မတ်တတ်ရပ်လျက် ဖြစ်အောင် ချပေး၏  ။ အလှ လည်း လုလင် ကြီး ၏ ခါး ကို ဖက်ကာ အခန်း တစ်ခန်း ထဲသို့ ခေါ်ဆောင် သွား ၍ ညဝတ်အင်္ကျီ သုံးလေးထည် ကို လက်ညှိုး ညွှန်ပြရင်း

“ အဲဒီ ထဲ က ကိုကို နဲ့တော်တာ တစ်ခု ဝတ် ၊ ခါး က အဝတ်တွေ ချွတ် ထားခဲ့ ။ အလှ ဟိုဘက်ခန်း က စောင့်နေ မယ် ” ဟု ပြောကာ ထွက်ခွာ သွား၏ ။

တိုက်ခန်း မှာ ဖယောင်းတိုင် ၆၀ အား မီးနှစ်ပွင့် ဖွင့်ထားရာ အပြာရောင် နံရံများနှင့် ပနံစား၍ နေ၏ ။ ဆိုဖာများ သည် ထိုင်သူ ကင်းမဲ့လျက် ငုတ်တုတ် ဖြစ်နေကြ သည် ။ ဆိုဖာများ အလယ်ရှိ မှန်စားပွဲဝိုင်း ပေါ်၌ ဆေးလိပ် ပြာခံခွက် နှင့် ဖိထားသော ရာတန်စက္ကူ သည် အကယ်၍ စကား ပြောတတ် က “ ငါ့ကျေးဇူး ” ဟု ပြော ပေလိမ့်မည် ။ တစ်တိုက်လုံး မှာ တိတ်ဆိတ်လျက် လမ်းပေါ် မှ တစ်စီးတလေ ဖြတ် သွားသော မော်တော်ကား သံ ကို ကြားရ၏ ။

မိနစ် ၂၀ ခန့် ကြာသော အခါ အရက် သောက်သော အခန်း ထဲ တွင် ချစ်သူ နှစ်ဦး နို့အေး သောက် နေကြသည် ။ လုလင်ကြီး သည် နို့ တစ်ကျိုက် နှစ်ကျိုက် သောက်ပြီးလျှင် ကျောက်စားပွဲပေါ် အသာ ပြန် ချကာ

“ အလှ ရယ် ... ကိုကို တော့ စွဲပြီ ။ ကိုကို နဲ့ တစ်သက်လုံး ပေါင်း ရအောင်လား ”

“ မဖြစ်နိုင်ပါဘူး ကိုကို ရယ် ။ ပြီးတော့ မယားကြီး ဖြစ်တဲ့ သူ ကို နှိပ်စက်ရာ ကျ မှာပေါ့ ”

“ ခက်တယ် ၊ ခက်တယ် ။ အတွေ့ နောက်ကျတာ ကိုး ။ အခုလည်း တစ်ညလုံး နေချင်တယ် ။ ဒါပေမဲ့ ဘာမှ မှာ မထားခဲ့ရလို့ ပြန်ရဦးမယ် ။ နက်ဖြန်တော့ ခွင့်ပြုမယ် မဟုတ်လား ”

“ အခုမှတော့ မထူးတော့ပါဘူး ။ ခွင့်ပြုရတော့မှာ ပေါ့ ”

လုလင်ကြီး သည် နို့ခွက် ကို အကုန် မော့ လိုက်ကာ အဝတ် လဲ သော အခန်း ထဲ သို့ ထ၍ လာခဲ့ရာ အလှ လည်း ထက်ကြပ်လိုက်ပါလာလေသည် ။ 

အဝတ်များ လဲပြီးလျှင် အလှ အား ပွေ့ဖက် ကာ အ ထပ်ထပ် မွှေး ပြန်သည် ။ အလှ မှာ လည်း လုလင်ကြီး ပြု သမျှ သည်းခံ နေရှာကာ နှစ်ယောက် တွဲလျက် လှေကား ထိပ်ဆီ သို့ လာခဲ့ကြသည် ။

“ ကဲ - သွားမယ်နော် အလှ ” 

“ ဟုတ်ကဲ့ ကိုကို ”

       •••   •••   •••   ••• 

နောက်တစ်နေ့ လုလင်ကြီး လာပြန်သည် ။ ဤသို့ ဖြင့် သုံးရက် တစ်ကြိမ် လောက် ဆက်ဆံ လာရာ အလှ မှာ ငွေ ကို ပင် လက်မခံ ငြင်းဆန် နေသော်လည်း လုလင်ကြီး က ဇွတ် ပေးရုံသာ မဟုတ် စိန်လက်စွပ် ၊ စိန်ဆွဲကြိုး များ ပင် ဆင် ယင်ပေးလေသည် ။

တစ်လခန့် အကြာ အလှ ပျို့အန်လေသည် ။ ဓမ္မတာ လည်း မပေါ်သဖြင့် အကြီးကျယ် စိတ်ညစ် သွားလေ သည် ။ စောစောနုနု က ဖျက်ချဖို့ပင် စိတ်ကူး မိသော်လည်း သတ္တဝါတစ်ယောက် ၏ အသက် ကို သတ်ဖြတ်သည် နှင့် မခြား ဖြစ်နေသောကြောင့် အကုသိုလ် ကို သူ ကြောက်နေ သည် ။ ဧည့်သည်များ အား ၂ လ ခန့်အထိ လက်ခံနေပြီး နောက် ကျန်းမာရေး အတွက် တော သို့ သွားသည် ဟု အ ကြောင်း ပြကာ အိမ်တွင်း အောင်း၍ နေရ ရှာသည် ။

မမြ ဆို သူမှာကား ၁၄ - ၅ ရက် ခန့် တယ်လီဖုန်း နှင့် ချိန်းဆိုသူများ အား အလှ အိမ် တွင် မရှိ ။ တော သွားနေသည် ဟု မကြာခဏ အကြောင်းပြန် ပြောနေရ၏ ။ ထို့နောက်မူ တိုက်ကြီး သည် ဆိတ်ငြိမ် နေတော့သည် ။ မမြ အပြင် အခြား မိန်းကလေး တစ်ယောက် ၊ ဒရိုင်ဘာ နှင့် တံခါးမှူး ကိုချစ်တိုး တို့ ရှိရာ သူတို့ ၏ လှုပ်ရှားသွားလာမှု ကိုသာ မြင်တွေ့ကြရသည် ။

အလှ ကား အိမ်တွင်း ၌ သာ လမ်းလျှောက် နေရ၍ စားသောက်ချိန်တွင် မမြ တို့ လာရောက် ပို့ပေးကြ၏ ။ ကိုယ်ဝန် မှာ လည်း တစ်နေ့တခြား ရင့်မာလာရာ ကျွမ်းကျင် သော အရပ်ဝမ်း    တစ်ယောက် ကို နှုတ်ပိတ် ငွေပေး၍ အသင့် ရှာထားလေသည် ။ နေ့လစေ့သော အခါ ထို ဝမ်းဆွဲ နှင့်ပင် မွေးဖွားရာ ရေဆေးငါးပမာ ဖြူဖွေး၍ ချစ်စဖွယ် ကောင်းသော သားယောက်ျားကလေး ဖြစ်နေသည် ။

အလှ သည် သူ ၏ သားကလေး အား တစ်လ မျှ သူ့ နို့ရည် တိုက်ကျွေးပြီးနောက် ကလေး ကို ကြည့်ကာ မျက် ရည်တွေတွေ စီးဆင်း နေရှာသည် ။ ကလေး ကား ဘာမျှ နားမလည် ခြေကားယား ၊ လက်ကားယား နှင့် သူ့ မိခင် အား ပြုံးသလို ၊ ငိုမလို ဟန် နှင့် ကြည့်ရှု နေရှာသည် ။

“ သားရေ ... လူကလေး ၊ မင်း နဲ့ မေမေ နဲ့ ခွဲရတော့ မယ် ။ မင်း ကို မချစ်လို့ မဟုတ်ဘူးကွဲ့ ။ မင်း ဟာ မေမေ့ သား ရယ်လို့ လူ အများ သိရင် မင်း တစ်သက်လုံး လူတော ထဲ တိုး နိုင် မှာ မဟုတ်ဘူး ။ မင်း ရောက်မယ့် အိမ် ဟာလည်း သူများ မဟုတ်ဘူး ။ မင့် အဖေ အရင်း ရဲ့ အိမ် ကွဲ့ ” 

ဘာမျှ နားမလည်ရှာသေးသော ကလေးငယ် အား လေလျှောက် ပြောဆိုကာ ငုံ့၍ မွှေးနေရှာသည် ။ ထို့နောက် ကိုချစ်တိုး အား ခေါ်ကာ တီးတိုး တိုင်ပင်နေလေသည် ။

နောက်တစ်နေ့ နံနက် ၅ နာရီ သာသာ တွင် မော်တော်ကား တစ်စီး သည် ဘုရားလမ်း အတိုင်း မောင်း လာကာ တစ်ခုသော နှစ်ထပ်တိုက် နှင့် ဝင်းခြံ ဘေး တွင် ထိုး၍ ရပ် လိုက်၏ ။ ကား နောက်ပိုင်း မှ ယောက်ျား တစ်ယောက် သည် တစ်စုံတစ်ခု ကို အသာအယာ ပွေ့ကာ ဝင်းတံခါး ဘေး တွင် ချ ထားခဲ့ပြီးလျှင် ကား ပေါ် သို့ လျင်မြန်စွာ တက်၍ ထွက်ခွာ သွားလေသည် ။

အရှေ့လောကဓာတ် မှ ရောင်နီများ ထွက်ပေါ်လာရာ အလင်းရောင်များ လည်း တစ်စတစ်စ လွှမ်းခြုံနေလေသည် ။ နွားနို့ကုလား တစ်ယောက် သည် ထို တိုက်ဝင်းခြံတံခါး အနီး သို့ ရောက်ကာ “ အမား အမား ” ဟု လှမ်း ခေါ်လိုက်ရာ အခိုင်းအစေ နှင့်တူသော အသက် ၂၅ နှစ် ခန့် မိန်းမ တစ်ယောက် တံခါး လာဖွင့်စဉ် ကုလားသည် “ အဗား” ဟု လန့် အော်လိုက်သည် ။ ကုလားကြည့်ရာ သို့ မိန်းမပျို ကြည့် လိုက်သောအခါ အဝတ် နှင့် ထွေးလုံး စွန့်ပစ်ထားသော တစ်လသား အရွယ် ကလေးငယ် ကို မြင်ရရာ “ ဟင် ကလေး ကလေး ”  ဟု ဆိုကာ အိမ် ထဲ သို့ အပြေး ဝင်သွား၏ ။ မကြာမီ အသက် ၃၀ ခန့် ထောင်ထောင်မောင်းမောင်း လုလင်ကြီး တစ်ယောက် ရေးကြီးသုတ်ပျာ နှင့် ထွက်၍ လာ၏ ။ “ ဟဲ့ အသက် ရှိသေးသလား ဟင် ” ဟု ပြောကာ ကလေးငယ် အား ကုန်း၍ ပွေ့ ယူလိုက်ရာ လက်ချောင်းများ ကို ပါးစပ် နှင့် စုပ်လျက် ပြူးကြောင်ကြည်လင်သော မျက်လုံးနှင့် တွေ့ရသဖြင့် ..

“ ဟေ .. အသက် ရှိသေးတယ် ၊ နတ် ပေးတာပဲ ဟေ့ ၊ ရေဆေးငါး လို ချောလိုက်တဲ့ ကလေး ” ဟု ပြောရင်း ငုံ၍ နမ်းလိုက်မိလေသည် ။ သား ဟူသော ချစ်ခြင်းဖြင့် ရိုးတွင်း စိမ့် မျှ ပီတိ ဖြစ်နေသည် ။

“ ဟေ ... မောင်မောင်ဘ ကလေး ကလေးလား ဟေ့ ”

တိုက် ဆင်ဝင် အပေါ် ထပ် မှ အသက် ၅၀ ခန့် လူကြီး တစ်ယောက် က ငုံ့ ၍ လှမ်းကြည့်ကာ မေးလိုက်ရာ ..

“ ဟုတ်တယ် အဘ ရဲ့ ယောက်ျားကလေး ” 

မကြာမီ ကလေးငယ် အား အိမ် အပေါ်ထပ်တွင် တစ်အိမ်သား လုံး ဝိုင်းဝန်း ကြည့်ရှုနေကြသည် ။ အဘိုးကြီး က

“ ဒီလောက် ချစ်စရာ ကောင်း တဲ့ ကလေး ကို စွန့်ပစ် ရက်တာများအံ့သြပါရဲ့ ” 

“ အဖေ  မပေါ်တဲ့ ကလေး မို့ ပစ်ရှာတာ နေမှာပေါ့ ”

မောင်မောင်ဘ ၏ ဇနီး မခင်ကြီး တွင် ၁၀ နှစ် အရွယ် သမီး တစ်ယောက် နှင့် ၈ နှစ် အရွယ် သမီး တစ်ယောက် သာ ထွန်းကား ၍ သား ယောက်ျား မထွန်းကားသဖြင့် လင် မယား နှစ်ယောက်စလုံး ဝမ်းသာ နေကြသည် ။ ကလေး အား မောင်သက်ရှေ ဟု အမည် ပေးကာ နို့ထိန်းများ နှင့် ကျွေးမွေး ပြုစုကြတော့သည် ။

မောင်သက်ရှေ အခါလည်ကျော် လျှင် စကား မပီ ကလာ ပြောတတ်၍ ရုပ်ရည်မှာလည်း မောင်မောင်ဘ နှင့် တူ လေရာ အချစ်ဆုံး မှာလည်း မောင်မောင်ဘ ပင် ဖြစ်တော့၏ ။

အလှ သည် ဤ ကလေး အား မောင်မောင်ဘ ၏ ကလေး မှန်း အတတ် သိ၏ ။ သူ ကျင့်စဉ် ဖောက်၍ မောင်မောင်ဘ အလို လိုက်မိသဖြင့် ကလေး ရခြင်းဖြစ်သည် ။ သို့ရာတွင် ထို ကလေး သည် အလှ ကလေး ၊ မောင်မောင်ဘ နှင့် ရသော ကလေး ဟု မောင်မောင်ဘ မသိစေလို ။ သူ့ သား တစ်သက်လုံး လူရာ မဝင် ဖြစ်မည်ကို စိုးရိမ်သဖြင့် ကလေး သာ အရောက် ပို့လိုက်ပြီး မည်သည့် အကြောင်းမျှ မောင်မောင်ဘ အား မသိစေရချေ ။

မောင်သက်ရှေ ၆ နှစ်သား တွင် မြန်မာစာသင်ကျောင်း ၌ ထား၍ သင်ကြားစေရာ ဉာဏ် အလွန် ကောင်းသ ဖြင့် သူငယ်တန်း နှင့် ပထမတန်း ကို တစ်နှစ် ၊ ဒုတိယတန်း နှင့် တတိယတန်း ကို တစ်နှစ် ၊ ၂ နှစ် နှင့် လေးတန်း ရောက် လေရာ မြန်မာကျောင်း မှ နှုတ်၍ စိန်ပေါကျောင်း သို့ ပြောင်း ရွှေ့ ထားပြန်သည် ။

မောင်သက်ရှေ မှာ သွက်လက်အကင်းပါး ဖျတ်လတ် သဖြင့် တစ်အိမ်သားလုံး ၏ အသည်းကျော် ဖြစ်နေတော့ သည် ။ စိန်ပေါ် တွင် အင်္ဂလိပ်ဘာသာ သက်သက် သင်သော အတန်း တွင် ' ဘရောင်း '   အမည် နှင့် သင်စေရာ မြန်မာကျောင်းသားများ အဖို့ တစ်နှစ် တစ်တန်း အောင်ရန် အတော် ခဲယဉ်းသော်လည်း မောင်သက်ရှေ မှာ တစ်တန်း နှင့် နှစ်တန်း တစ်နှစ် ၊ သုံးတန်း နှင့် လေးတန်း တစ်နှစ် နှင့် အောင်၏ ။

မောင်သက်ရှေ အသက် ၁၀ နှစ် တွင် ၄ တန်း အောင် ၍ ၅ တန်း ဆက်သင်ရ၏ ။ အစ်မကြီး ခင်မိမိ အသက် ၂၀ ၊ အစ်မအငယ် ခင်မမ အသက် ၁၈ နှစ် သို့ ရောက်နေ၍ ခင်မိမိ မှာ စက်သူဌေးသား တစ်ဦး နှင့် အိမ်ထောင် ကျလေ သည် ။ မောင်သက်ရှေ ၏ ကစားဘက် မှာ ကား တိုက်ချင်း နီး ဝတ်လုံတော်ရ တစ်ဦး ၏ သမီး အသက် ၆ နှစ်ရွယ် ခင်နန်းနွယ် ဆိုသူကလေး ဖြစ်၏ ။

“ မောင်သက် ရေ .. အေး ... မောင်သက် ရေ ”

ခင်မမ သည် တစ်ဖက်ခြံ ဆီ သို့ လှမ်း အော်၍ ခေါ် လိုက်ရာ “ ခင်ဗျာ .. လာပါပြီ မမလေး ” ဟု ဘောင်းဘီတို ကလေးနှင့် အပြေး လာရှာသည် ။ 

“ ကြည့်စမ်း အားရင် သူ့ မယား ဆီ သွား နေတာပဲ ” 

“ ဟုတ်လည်း ဟုတ်ဘဲ နဲ့ မမလေး က ”

မောင်သက်ရှေ သည် မျက်နှာကလေးများ ပျက်သွား ကာ ပြန် ပြောရှာရာ အစ်မ ဖြစ်သူ က လက်မောင်း ကို ညင် သာစွာ ဆွဲခေါ်ရင်း ..

“ မမလေး က ကျီစားတာ ပါကွာ ။ လာ ထမင်းစား ”

ခင်နန်းနွယ် ၆ နှစ် ၊ မောင်သက်ရှေ ၁ဝ နှစ် တွင် တပူးပူးတတွဲတွဲ နေကြရာ အစ်မကြီး ၊ အစ်မလေးများ က လည်း လင်မယား ဟု မကြာခဏ စကြ နောက်ကြသော် လည်း မောင်သက်ရှေ ကား အသွားမပျက် နေခဲ့၏ ။

တစ်နေ့သ၌ မောင်သက်ရှေ သည် မျက်နှာညှိုးငယ် စွာ ကျောင်း မှ ပြန်လာရာ သူ့ဖခင် မောင်မောင်ဘ ၏ ရင်ခွင် ထဲ တိုး ကာ ငို၍ နေ၏ ။

“ သား လူလေး ဘာဖြစ်လာသလဲ ဟင် ။ ဘာလို့ ငိုရတာလဲ ကွဲ့ ”

“ ကျွန်တော် ဟာ ဖေဖေ့ သားအရင်း မဟုတ်ဘူး ၊ သူများ ပစ်ထားတာကို ကောက်ပြီး မွေးစားထားတာ တဲ့ ”

“ မဟုတ်တာပဲ လူလေးရယ် ။ ဖေဖေ့ ရုပ် နဲ့ မင်း ရုပ် မတူဘူးလား ။ သူများက အလကား နောက်တာပါ ။ မင်း အစ်မ နှစ်ယောက် နဲ့လည်း ရုပ်ချင်း ဆင်တယ် မဟုတ်လား ”

“ ဒါဖြင့် ကျွန်တော် ဟာ ဖေဖေ့ သား အရင်း နော် ။ ကျော်ဖေ ဆိုတဲ့ အကောင် က ပြောတာ သူ့ အဖေ နဲ့ မင့် အဖေ မောင်မောင်ဘ နဲ့ ခင်သတဲ့ ” 

“ အလကား ကျီစားနေကြတာပါ ။ ကဲ နွယ်နွယ် မျှော်နေလိမ့်မယ် သွားချည်ပါလား သားရဲ့ ”

မောင်သက်ရှေ သည် ဖခင် အား ရှက်ကိုးရှက်ကန်း နှင့် ကြည့်ကာ မြောက်ဘက်ခြံ ဆီ သို့ ကူး၍ သွားလေသည် ။

မောင်သက်ရှေ ၁၆ နှစ်သား အရွယ် တွင် ဆယ်တန်း စာမေးပွဲ ကို ဝင်ရောက် ဖြေဆိုရလေသည် ။ စာမေးပွဲ ဖြေဆို ပြီးနောက် ကျောင်း မပိတ်သေးသဖြင့် ဆက်လက်၍ ကျောင်းတက် နေရသည် ။ များမကြာမီ နွေရာသီ ကျောင်း ပိတ် လိုက်ရာ ကျောင်းသားများ မှာ ဇောင်းထဲ က လွှတ် လိုက်သော မြင်းပမာ ပျော်မြူး နေကြလေသည် ။ 

မေလ ထဲ တွင် စာမေးပွဲ အောင်ဂေဇက် ထွက်ပေါ်လာ ရာ မောင်သက်ရှေ သည် ပထမပိုင်း မှ အောင်မြင်၏ ။ ထို သို့ စာမေးပွဲ အောင်သဖြင့် ဝမ်းသာအားရ ရှိလာမည် ထင် ကြရာ မောင်သက်ရေှ မျက်နှာ မှာ အမြဲ ညှိုး၍ နေလေသည် ။

တစ်နေ့တွင် မောင်မောင်ဘ ထံ ကပ်ပြီး မောင်သက်ရှေ မေးမြန်းပြန်သည် ။

“ ကဲ ဖေဖေရယ် မှန်မှန် ပြောပါတော့ ။ ဖေဖေ မပြော ခင် ကျွန်တော် ပြောပြဦးမယ် ။ ကျောင်း မပိတ်ခင်ကလေး တင် အကောင်တစ်ကောင် လာ စတာနဲ့ ကျွန်တော် ထိုး လိုက်တယ် ။ သူ့ အမေ ကို သွားတိုင်တယ် ။ သူ့ အမေ က ကျောင်း လိုက် လာပြီး မိမစစ် ၊ ဖမစစ် သား တဲ့ ။ ကျွန်တော် က မြေပိုင်ရှင်သူဌေး မောင်မောင်ဘ သား လို့ ပြန်ပြောတော့ ကောက်ရလို့ မွေးစားထားတာပဲ စွပ်စွဲတယ် ။ ကျွန်တော် မိန်းမကြီး ရိုက်မယ် လုပ်သေးတယ် ။ နောက် သိနိုင်တဲ့ နည်း တစ်ခုကို ကျောင်းသားကြီး တစ်ယောက် က အကြံ ပေးလို့ ကန်တိုမင်ဌာန သွားပြီး အမှုဖိုင်တွဲဟောင်းတွေ သွားကြည့် တယ် ။ လွန်ခဲ့တဲ့ ၁၆ နှစ် လောက် က မောင်မောင်ဘ ကလေး တစ်ယောက် ခြံပေါက် က ရလို့ မွေးမြူထားကြောင်း ၊ ကလေးရှင် လိုချင်က ပြန်ပေးမယ့် အကြောင်း ပါ ရေးမှတ်ထားတာ တွေ့ရတာပဲ ”

“ ဖေဖေ မပြောရက်ဘူး ၊ တစ်အိမ်လုံးလည်း မပြော ရက်ကြဘူး ။ သား က စစ်စစ်ပေါက်ပေါက် နိုင်လှတော့ ပြော ရတော့မယ် ။ သား ထင်တဲ့ အတိုင်းပဲ လွန်ခဲ့တဲ့ ၁၆ နှစ် က ကောက်ယူ မွေးစားခဲ့တာပဲ ။ မင့် အဖေ အမေ ဘယ်သူ ဘယ်ဝါလို့ မသိခဲ့ဘူး ။ ဒါပေမဲ့ ဖေဖေ ဟာ မင့်ကို သား အ ရင်း လို ချစ် နေမင့်ဟာ သား က အဖေရင်း လို မခင်နိုင်ဘူးလား ”

မောင်မောင်ဘ သည် ထိုသို့ ပြောရင်း မျက်ရည်များ ဝိုင်း လာရှာသည် ။

“ ကျွန်တော် က လည်း အဖေ အရင်း လို့ လဲ ထင်ခဲ့ တယ် ။ အဖေ အရင်း လို လည်း ချစ်ပါတယ် ။ သူများ ပြော တာ မခံချင်လို့ အမှန် သိအောင် စုံစမ်းတာပါ ”

“ ဒီ စိတ်တွေ ဖျောက် လိုက်ပါကွာ ။ ဖေဖေ ဘယ်လောက် ချစ်တယ် ဆိုတာ သား အသိသားနဲ့ပဲ ”

မောင်သက်ရှေ သည် သူ့ ဖခင် အနီး မှ ထွက်ခွာခဲ့ကာ ပန်းခြံ ထဲ တွင် လမ်းလျှောက် နေသည် ။ သူ တစ်စုံတစ်ရာ အကြံ ယူနေ၏ ။ မိဘ အရင်း မဟုတ်သူ ထံ နို့သက်ခံ နေ၍ မတော် ။ ကိုယ့်ဒူး ကိုယ်ချွန် တခြား ထွက်သွားခြင်း က ကောင်းသည် ဟု ဆုံးဖြတ်လေသည် ။

“ ကိုကိုသက် ”  

တစ်ဖက် ခြံ မှ မကျယ့်တကျယ် အသံ တသံ ကြားရ ရာ မောင်သက်ရှေ သည် ထို ခြံဘက် သို့ ကူး၍ သွားလေ သည် ။ အသက် ၁၂ နှစ် ခန့် ဆံရစ်ဝိုင်း နှင့် မိန်းကလေး သည် မောင်သက်ရှေ ၏ လက် ကို ဆွဲကာ ပန်းခြံ ထဲသို့ ခေါ် သွား၏  ။

နှစ်ယောက်သား ခုံတန်း တစ်ခု ပေါ်တွင် ထိုင်မိကြ ရာ ခင်နန်းနွယ် သည် မောင်သက်ရှေ ၏ မျက်နှာ ကို ကြည့် ကာ ...

“ ဟင် ... ကိုကိုသက် မျက်နှာ လည်း မကောင်းပါ လား ၊ ဘာဖြစ်လို့လဲ ”

“ အေး ... ဒါတွေ ပြောမလို့ ဘယ်သူ့မှ ပြန်မပြောရ

“ မပြောပါဘူး စိတ်ချပါ ”

“ ကိုကိုသက် ဟာ မောင်မောင်ဘ ရဲ့ သား အရင်း မဟုတ်ဘူး ”

“ အို .. ဒါလား ဖေဖေ တို့ ပြောလို့ နွယ်နွယ် အစော ကြီး ကတည်း က သိသားပဲ ” 

“ ဪ ... နွယ်နွယ် တောင် သိ နေပြီ ကိုး ”

မောင်သက်ရှေ သည် သူ့ အကြံ ကို ဖွင့် ပြောရ ကောင်း မလား ဟု စဉ်းစားနေသည် ။ ဆံရစ်ဝိုင်း ၊ မျက်တောင်ကော့ အတွင်း က ကြည်လင်သော မျက်လုံး ၊ အပျိုကြီး ဖြစ်လျှင် မိန်းမချော ဖြစ်မည့် အသွင် ဆောင်နေသော ခင်နန်းနွယ် ၏ တစ်ကိုယ်လုံး ကို ခြုံ၍ ကြည့် နေသည် ။ လက်ပွန်းတတီး နေခဲ့ကြရာ တွင် ယခု တစ်ကြိမ် စိတ် တစ်မျိုး ဖြစ်နေ၏ ။ အတန်ကြာ ဆိတ်ငြိမ်နေရာ မှ

“ ကိုကိုသက် ဒီ အိမ် မှာ မနေတော့ဘူး ။ တိတ်တိတ် ထွက် သွားမယ်လို့ ”

“ အို .. ဘာလို့ သွားမှာတုန်း ။ အားလုံး က ချစ်ကြ သားပဲ ။ ကိုကိုသက် သွားရင် နွယ်နွယ် တစ်ယောက်တည်း ဘယ့်နှယ် လုပ်နေရမှာလဲ ”

ရိုးရိုး ချစ်ကြသည် ဟု နှစ်ဦး စလုံး ထင် ခဲ့ရာမှ တကယ် ခွဲခွာမည် ရှိကြသောအခါ တစ်မျိုး ချစ် ချစ်နေကြပြီ ကို နှစ်ယောက် စလုံး နားမလည်ဘဲ အချစ်အိုး ပေါက်ကွဲစ ပြု နေလေသည် ။ ခင်နန်းနွယ် သည် မျက်ရည်ကလေး ဝဲ နေ သည် ။

“ မသွားလို့မဖြစ်ဘူး နွယ်နွယ် ။ ကိုယ့်ဒူးကိုယ်ချွန် လုပ်ချင်တယ် ”

“ အနို့ ဘယ်သွားမှာလဲ ”

“ မပြောတတ်သေးဘူး ၊ တော်တော် ဝေးလိမ့်မယ် ။ နို့ပေမဲ့ အကြံ အထမြောက်တဲ့ အခါ ပြန် တွေ့ကြတာပေါ့  ”

“ နွယ်နွယ် တော့ နေ့တိုင်း ပျင်းနေမှာပဲ ”

နွယ်နွယ် သည် ထို့ထက် ပို၍ ပြော လိုသည် ။ မပြော တတ် ။ မောင်သက်ရှေ သည် ဘာ ပြောရမည် မသိ ။ နွယ်နွယ် ၏ ကိုယ်ကလေး ကို သိမ်းကျုံးပွေ့ဖက်ကာ ပါးပြင်ကလေး ကို မွှေး မိသည် ။ နွယ်နွယ် ကား မျက်ရည်များ ပါးပြင်ပေါ် စီး ကျနေရာ မောင်သက်ရှေ က လွှတ်ပေးပြီးလျှင်

“ ကဲ .. သွားမယ်နော် နွယ်နွယ် ” 

ဟု ဆိုကာ ထွက်ခွာ ခဲ့လေသည် ။

      •••   •••   •••   ••• 

မောင်သက်ရှေ သည် အိမ် တွင် ဣန္ဒြေမပျက် နေပြီး လျှင် ကျောင်းအုပ်ဆရာကြီး ဆီ မှ ထောက်ခံစာ ၊ မိတ်ဆက် စာ စသည် တို့ ကို ယူ၍ ထား၏ ။ သူ ၏ အကြံမှာ ပညာသင် ကြားရာ ၌ ဆေးပညာ သည် လူ ၏ အသက်ပေါင်းများစွာ ကို ကယ်ဆယ်နိုင်သဖြင့် အိန္ဒိယပြည် သို့ သွားရောက် သင် ကြားမည် ဟု ဆုံးဖြတ်ထားပြီး ဖြစ်၏ ။

ရှစ်နှစ်သား အရွယ် က စ၍ မုန့်ဖိုး ထဲမှ စုဆောင်း ထားသော ငွေ ၄ဝဝိ ကျော် မျှ စာတိုက် တွင် အပ်နှံထားရာ ထို ငွေများ ကို ထုတ်ယူ၍ ဖခင်မောင်မောင်ဘ ထံ စာ တစ်စောင် ရေးခဲ့ပြီးလျှင်  သင်္ဘောပတ် ကြုံသည်နှင့် အိန္ဒိယ သို့ လိုက်ပါသွားလေသည် ။

ကာလကတ္တား သို့ ရောက်လျှင် ဆရာကြီး ရေးပေး လိုက်သော လိပ်စာ အတိုင်း တက္ကသိုလ်ကျောင်းကြီး သို့ တက္ကစီ တစ်စီး ငှား၍ သွား၏ ။ ကျောင်းအုပ်ဆရာကြီး နှင့် တွေ့သောအခါ ရန်ကုန် က ဆရာကြီး ထံ မှ စာ ကို ပြလျှင် ကောင်းမွန်စွာ လက်ခံ စကား ပြောလေသည် ။ ဆေးပညာ သင် လိုလျှင် ဘီအက်စီ အောင်ပြီးမှ သင်ကြားက ပိုမို ကောင်းမည် ဟု ပြောသဖြင့် ကျောင်းအုပ်ဆရာကြီး အိမ် မှာ အခိုင်းအစေ ပမာ နေထိုင်၍ အိုင်အက်စီ အောက်တန်း ကို စတင်သင်ကြားရသည် ။

ကျောင်းအုပ်ဆရာကြီး မှာလည်း မောင်သက်ရှေ ၏ လိမ္မာရေးခြား ရှိခြင်း ၊ သွက်လက်ပေါ့ပါးခြင်းတို့ကြောင့် သားပမာ ချစ်ခင်လေသည် ။ သူ ၏ နှုတ်ဖျားတွင် “ ဘရောင်း ဘရောင်း ” ဟု သီးနေအောင်ပင် ဖြစ်သည် ။ ဉာဏ် ကောင်းသဖြင့် အိုင်အက်စီ အောက်တန်း နှင့် အထက်တန်း ကို တစ်နှစ်တည်း နှင့် အောင်မြင်၏ ။ ဘီအက်စီ ကို မူ နှစ်နှစ် သင်ပြီး ဂုဏ်ထူး နှင့် အောင်လေသည် ။ 

တက္ကသိုလ်ကျောင်းအုပ်ကြီး ၏ ထောက်ခံချက် သာ မဟုတ် ကိုယ်တိုင် လိုက်၍ အပ်နှံသဖြင့် ဆေးကျောင်းအုပ် ကြီး အိမ် တွင် နေရပြန်သည် ။ ထိုအခါ၌ မောင်သက်ရှေ မှာ အင်္ဂလိပ်ဆေးပညာ သာ မဟုတ် ၊ ဟိန္ဒူဆေးပညာ သက္ကတ စာပေများ ပါ ဆည်းပူး လေသည် ။ လုံ့လဝီရိယ လည်း ရှိ ၊ ဉာဏ်လည်း ကောင်း သဖြင့် ဆေးကျောင်း သုံးနှစ် သင် ရရာ တွင် သုံးနှစ်စလုံး ပထမ ချည့် အောင်ခဲ့သည် ။ အပေါင်းအသင်း ဆံ့ခြင်း ၊ ထူးချွန်ခြင်း ကြောင့် ဘင်္ဂါလီကျောင်းသား များ ၊ ကပြားများ ၊ မျက်နှာဖြူ ကျောင်းသားများ ပင် မောင်သက်ရှေ အား ခင်မင်ကြသည် ။ လေးစားကြသည် ။ 

မောင်သက်ရှေ သည် အင်ဘီဘီအက်စ်ဒီဂရီဘွဲ့ မယူရသေးခင် အတွင်း ဗုဒ္ဓဂါယာ မိဂဓာဝုန် ဗောဓိပင် စသည် တို့သို့ ဘုရားဖူး လှည့်လည်နေ၏ ။ ရေချိုးဆိပ် ကြောင့် ထင် ရှားကျော်စောသော ဗာရာဏသီမြို့သို့ ရောက်သောအခါ ဆေးကျောင်း နေဖက် ဘင်္ဂါလီကျောင်းသား နှင့် တွေ့လေ သည် ။ ထိုကျောင်းသား အိမ် ၌ တည်းခိုစဉ် ဟိန္ဒူသူဌေး ကတော်ကြီး တစ်ယောက် ဦးယဉ်း ခဲသော ဝေဒနာ မှာ ၇ နှစ်တိုင် ကြာ ရှိကြောင်း ကို သိရလေသည် ။

မောင်သက်ရှေ ကား သူ ၏ ပညာစွမ်း ပြချိန် တန်ပြီ ဟု ဘင်္ဂါလီကျောင်းသား နှင့်အတူ ဝေဒနာရှင် သူဌေးကတော် အိမ် သို့ သွားရာ သူဌေးကတော် သည် အသက် ၂၂ နှစ် မျှ ရှိသေးသော မောင်သက်ရှေ အား မြင်လျှင်

“ ဟေး ... ဒတ်စ် ( ဘင်္ဂါလီကျောင်းသား ) မင့် လူ က ငယ်လှချည့်လား ။ တကယ့် ထိတ်ထိတ်ကြဲ သမားတော် တွေ တောင် ကု မရတဲ့ ဟာ ဟန်ကျပါ့မလား ”

ဟု ဟိန္ဒူစတန်နီဘာသာ ဖြင့် မေး လိုက်ရာ မောင်သက်ရှေ လည်း ဟိန္ဒူစတန်နီဘာသာ ကောင်းစွာ တတ်သဖြင့်

“ အသက်ကြီးတာ ငယ်တာ ပဓာန မဟုတ်ပါဘူး ဒေါ်ဒေါ် ရဲ့ ။ ပညာ သာ ပဓာန ပါ ။ မပျောက်ရင် ဆေးကုခ တစ်ပြား မှ မယူပါဘူး ”

“ အေးလေ စမ်းကြည့်သေးတာပေါ့ ။ အမယ်လေး ကျွတ် ကျွတ် ခဲလိုက်တဲ့ ခေါင်း ” 

ဟု ညည်းတွားရင်း ကုသခွင့် ပြုလေသည် ။

မောင်သက်ရှေ ကား ဆေးဝါး ပါ မလာသဖြင့် ကုသ မည် ဆိုပြီးမှ ဘင်္ဂါလီကျောင်းသား နှင့် အတူ ဘယဆေးဆိုင် သို့ သွားရောက်ကာ လိုအပ်သော ဆေးများ ကို စုဆောင်းရ ပြန်သည် ။ တစ်ဖန် ထောပတ်လက်ဖက်ကြမ်း ပန်းကန် တစ်လုံး ခန့် တောင်းပြီးလျှင် အခြား ဆေးများ နှင့် ရောနှော လျက် အသင့် ပြင်ထား၏ ။ သူဌေးကတော် အား လည်း ခုတင် ပေါ် တွင် ပက်လက် အိပ်စေကာ ထောပတ်ဆေး ကို နှာနှပ် သလို နှာခေါင်း မှ သွင်းလိုက်ရာ ထောပတ် အချို့ ပါးစပ် မှ အန်ထွက်လေသည် ကို ထွေးခံဖြင့် ခံယူလျက် ..

“ ဟဲ့ ကောင်မတွေ ... ထွေးခံ ထဲ က ထောပတ်တွေ ဂွမ်း နဲ့ တို့ယူလှည့်ကြစမ်း ” 

ဟု အမိန့် ပေးလိုက်၏ ။

ကြီးကျယ်သော တိုက်အိမ် ၊ အလွန်နူးညံ့ကောင်းမွန် ပါရှားပြည်ဖြစ် ကော်ဇောကြီးများ ခင်းလျက် ၊ ရွှေသောက် ရေခွက် ၊ ရွှေထုံးဘူး ၊ ရွှေလင်ပန်းအသုံးအဆောင် ၊ ဆင်စွယ် ခြေတပ် ကုလားထိုင်များ ဖြင့် အလွန်ကြွယ်ဝချမ်းသာပုံ ရသော သူဌေးကတော်ကြီး တစ်ယောက်လုံး ဖြစ်လျက် ပါးစပ် က ထွက်သော ထောပတ် ကို ပင် ကပ်စေး နည်း ၍ အသိမ်း ခိုင်းသည် ။ ငါ တော့ ပိုက်ဆံ ကောင်းကောင်းရမှာ မဟုတ်တော့ပါဘူး ဟု မောင်သက်ရှေ စိတ်ပျက်သွား၏ ။ အကင်း ပါးသော သူဌေးကတော် သည် မောင်သက်ရှေ အား ကြည့် ကာ

“ ဘယ့်နှယ် ဆရာကလေး မျက်နှာ မကောင်းပါ လား ။ ကျုပ် ဟာ ဆေးဝါး ကုသတဲ့ ဆရာ့ ကျေးဇူး ကို သိ တတ်ပါတယ် ။ ဒီ ထောပတ်တွေ ဟာ အလကား ဖြစ်သွား တာ ထက် ခြေပူနာ တို့ သုတ်စရာ ၊ မီးညှိထွန်းစရာ တို့ မရ ပါလား ။ ဆရာ့ ရဲ့ ကျေးဇူး ကို ကောင်းကောင်း ဆပ် ပါမယ် ”

မောင်သက်ရှေ လည်း ပညာရှိ သူဌေးကတော် ၏ စကား ကို ကြား မှ ပြုံးနိုင် လာသည် ။ သူဌေးကတော် ၏ ၇ နှစ်တိုင် ခံစားရသော ဝေဒနာ မှာ မောင်သက်ရှေ တစ်ခါ တည်း နှာနှပ် ပေးရုံနှင့် ယူ ပစ်သလို ပျောက်ကင်းသွားရ ကား သူဌေးကတော် က ငွေ တစ်ထောင် ပူဇော်၏ ။ သူဌေး သား ကလည်း ငါ့ မိခင် ပျောက်အောင် ကုသသူ ဟု တစ်ထောင် ၊ ချွေးမ က တစ်ထောင် ၊ သူဌေးကြီးက တစ်ထောင် ၊ မိတ်ဆွေသင်္ဂဟများ က တစ်ထောင် စုစုပေါင်း ၅၀၀၀ ရရှိခဲ့ လေသည် ။ 

မောင်သက်ရှေ ဆေး ကု၍ ပျောက်ကင်းသဖြင့် ကျေး ဇူးတင်ကြောင်း အင်္ဂလိပ်သတင်းစာ ၊ ကုလားသတင်းစာ များ၌ ကြော်ငြာ ပေးရာ မြန်မာဆေးကျောင်းသား တစ်ဦး၏ လက်စွမ်း ဟု မြန်မာသတင်းစာများ က ကူးယူ ဖော်ပြသည် ကို မောင်သက်ရှေ ကား သိရှိသေးဟန် မတူချေ ။

မောင်သက်ရှေ သည် ဗာရာဏသီ မှ ကာလကတ္တား သို့ ပြန်ခဲ့ပြီးလျှင် မြန်မာပြည် သို့ ပြန်ရန် မိတ်ဆွေများအား နှုတ်ဆက်နေ၏ ။ မောင်မောင်ဘ ထံ မှ လည်း ကာလ ကတ္တား စတိတ်စမင်းသတင်းစာ တွင် သား အကြောင်း တွေ့ ရ မှ ဖေဖေ တို့ သား ဘယ် ရောက်နေသည် ကို သိရ ကြောင်း ၊ သား ထွက်ပြေးသွားစဉ် က စိတ်မချမ်းမသာ နေ့စဉ် နှင့် အမျှ လွမ်းဆွတ် အမှတ်ရကြောင်း စသော စာရှည်ကြီး တစ်စောင် ကို ဖတ်ရှုရလေသည် ။

ပြန်မည့် နေ့ ၌ ဆေးကျောင်းအုပ်ကြီး အား ဗုဒ္ဓဘာသာ ထုံးစံ အတိုင်း ကန်တော့ရာ ဆရာကြီး မှာ ဆု မပေး တတ် ၊ ခေါင်းညိတ် ကြည့်ရင်း ......

“ ဘရောင်း မင်း ဆေးဘက် မဝင်တဲ့ သစ်ပင် တစ်ပင် မှ ဆရာ့ ကို မပြနိုင်ခဲ့ဘူးနော် ”  

“ ကျွန်တော် ကြိုးစားရှာတာပဲ ။ နေရာလည်း အ တော် နှံ့ပါတယ် ။ ဘယ်မှာမှ ဆေးဘက် မဝင်တဲ့ အပင် တစ်ပင်တလေ မှ မတွေ့ရပါဘူး ဆရာကြီး ရဲ့ ”

“ အေး မင်း ဟာ ဟိန္ဒူဆေးပညာ ပါ တတ်တဲ့ လူ မို့ မင့် လို လူ ကမ္ဘာ မှာ ရှိမယ် မထင်ဘူး ။ ဆေးတစ်ခါ ကုရုံ နဲ့ နာမည်ကြီး တာလည်း မင်း တစ်ယောက် တည်း ပဲ တွေ့ဖူးတယ် ”

      •••   •••   •••   ••• 

ရန်ကုန်မြို့ ဘုရားလမ်းဝင်း ခြံ တစ်ခု အတွင်းရှိ တိုက် ကြီး ပေါ် ၌ အသက် ၇၀ ကျော်ခန့် အဘိုးကြီး သည် ၁ဝ နှစ် အရွယ် မိန်းကလေးတစ်ယောက် အား အတင်း လိုက် ဖမ်းနေရာ ကလေးမကလေး မှာ စားပွဲ ၊ ဘီရို ၊ ဆိုဖာ စသည် တို့ကို ကွေ့ကောက် လှည့်ပတ် ပြေးနေသဖြင့် မသိနိုင်ဘဲ ဆိုဖာ တစ်ခု ပေါ်တွင် ထိုင်ချကာ ဟောဟဲ ၊ ဟောဟဲ နှင့် မော ၍နေလေသည် ။ အမော အနည်းငယ် ပြေလျှင်

“ ဟဲ့ ခင်မိမိ နဲ့ ခင်မမ လာကြစမ်း ။ ဒါဟာ နင်တို့ သင်ပေးတာပဲ ”

အသက် ၃၀ နှစ်ခ န့် နှင့် ၃၀ ခန့် မိန်းမ နှစ်ယောက် လည်း ပြုံး၍ ထွက်လာကြကာ ..

“ မဟုတ်ပါဘူး ဘိုးဘိုး ရဲ့ ။ ဘွားဘွား သင်ပေးတာ ဖြစ်မှာပေါ့ ”

“ တယ် မလောက်လေး မလောက်စားနဲ့ နင်တို့ သတိထားကြ ”

အဘိုးကြီး ကား မောင်မောင်ဘ ၏ ဖခင် ဦးပိန် ဖြစ် ၏ ။ တိုက်ကျယ်ကြီး တွင် အိမ်ထောင်စုံ အားလုံး သား မြေးမြစ်ပါ တပျော်တပါးကြီး နေထိုင်လျက် ရှိကြ၏ ။ အဘိုးကြီး မှာ ဒူလာ မြင်းသရိုက် ရောဂါ စွဲကပ် နေသဖြင့် ခါးဝတ် ပုဆိုး တွင် သွေးများ လိမ်းကပ် ပေကျံ နေသဖြင့် မြေးများ က ရော မြစ်မကလေး ကပါ “ ဘိုးဘိုး မီးယပ် အမြဲ လာနေတာ ပဲ တော်တော်ကြာ ကိုယ်ဝန် ရှိတော့မယ် ” ဟု လှောင်ပြောင် လေ့ ရှိကြသဖြင့် အဘိုးကြီး အမြဲ ဒေါပွ နေရလေသည် ။

ထိုအခိုက် မော်တော်ကား တစ်စီး ဆင်ဝင်အောက် သို့ ထိုး၍ ရပ်ပြီးနောက် အသက် ၂၂ နှစ် ခန့် ဥရောပအဝတ်အစား နှင့် လူရွယ်တစ်ယောက် ဆင်း လိုက်၏ ။ အသက် ၅၂ နှစ် ခန့် လူကြီး တစ်ယောက် သည် မျက်မှောင် ကြုတ်ကာ ကြည့် နေရာမှ ...

“ ဟင် လူလေး မောင်သက်ရှေ မဟုတ်လား ”

ဟု ခြေ လှမ်းကြီး နှင့် ထွက်လာကာ သား အားပွေ့ဖက်လေ တော့သည် ။

“ ခင်မိမိ ခင်မမ ၊ မောင်သက်ရှေ ပြန်လာပဟေ့ ”

ဟု လည်း လှမ်းအော် ပြောရာ အိမ်သားအားလုံး လို ပြေးဆင်း လာကြသည် ။ ခင်မိမိ က

“ ဟင် မောင်လေး အရပ် က ထွားကျိုင်းလာလိုက် ကာ ဖေဖေ့ ကို မီ နေပြီ ”

အခိုင်းအစေများ လည်း ကား ပေါ် က ပစ္စည်းများ ချ ကာ အတွင်းသို့ သယ်ယူ နေကြသည် ။ သားအမိ ၊ သား အဖ တစ်စု လည်း အိမ်ပေါ် သို့ တက် လာကြကာ ဝိုင်းထိုင် ကြပြီးလျှင် မောင်သက်ရှေ ပညာ သင်ကြားပုံကို မေးမြန်း နေကြရာ မောင်သက်ရှေ ကလည်း နောက်ကြောင်းပြန် ပြော နေ၏ ။

မောင်သက်ရှေ သည် စကား ဆုံးလျှင် ကွတ်အင်္ကျီ အတွင်းအိတ် ကို လက်လျှိုနှိုက်ကာ စာအိတ်ရှည် တစ်ခု ကို ဆွဲ ထုတ်လိုက်၏ ။ စာအိတ်ရှည် ထဲ မှ တစ်ဖန် ရာတန်စက္ကူ များ ကို တစ်ပိုင်းတစ ပေါ်အောင် ထုတ်ပြပြီးလျှင် မောင်မောင်ဘ ၏ အနီး စားပွဲ ပေါ်  တင် လိုက်၏ ။ သူ ကိုယ်တိုင် ဆိုဖာ ပေါ် မှ ဆင်းကာ ကန်တော့ရင်း

“ ဒါဟာ ကျွန်တော် ပထမ ဆေးကုခ ရတဲ့ ငွေငါးထောင် ပဲ ဖေဖေ ။ မွေးကျေးဇူး ဆပ်ပါရစေ ”

“ သာဓု ... သာဓု ... သာဓု ဗျာ မလိုပါဘူး သားရယ် ။ ဖေဖေ တို့ မွဲသမို့လား ။ မင်း အစိုးရ ဘက် လုပ်မလား ၊ ဆေး ဆိုင် ဖွင့်မလား ”

“ ကျွန်တော် ဆေးဆိုင် ဖွင့်မယ်ဖေဖေ ။ လွတ်လွတ် လပ်လပ် ဆေးကု စားမယ် ”

“ အေး ဒါဖြင့် ဒီ ငွေ နဲ့ အရင်းတည် ပေါ့ ။ လိုသေးရင် ဖေဖေ ပြော ။ လိုသမျှ ဖေဖေ အရင်း စိုက်ပေးမယ် ”

“ ဟေး မောင်သက်ရှေ ဒါတွေ အသာ ထားဦး ။ ဘိုးဘိုး ရောဂါ အရင် ကုပေးကွယ် ”

အဘိုးကြီး သည် အောင့်၍ မနေနိုင်ဘဲ ကြားဖြတ် ဝင် ပြော ရှာသည် ။ 

“ ဘာရောဂါလဲ ဘိုးဘိုး ရဲ့ ” 

“ မီးယပ်ရောဂါ ”

ခင်မိမိ က ထောက်၍ ပြောလိုက်ရာ အဘိုးကြီး သည် ခင်မိမိ ကို ကုန်းလှမ်း၍ ရိုက် လိုက်၏ ။ ခင်မိမိ က နောက်သို့ ကိုယ် ကို ဆုတ် လိုက်သဖြင့် လေ ကိုသာ ရိုက် မိနေရာ ...

“ နင်တော့ သတိထား ။ ငါ့ မြေး ကုလို့ ပျောက်မှ သိစေမယ် ။ အလကား ကောင်မတွေ ၊ သွေးမြင်းသရိုက် ဖြစ်နေ တယ် မြေး ရဲ့ ။ ဒါကို ဒင်းတို့ က မီးယပ်သည် ရာသီ လာ နေတယ် နဲ့ လှောင် နေကြတာပဲ ”

“ ဪ ... ဒါကြောင့်ကိုး ။ ဘိုးဘိုး ထိုင်တဲ့ ဆိုဖာ ပေါ် မှာ ရာဘာ အဝတ် အုပ်ခင်း ထားတာကိုး ။ ဘိုးဘိုး ခဏ ကလေး မတ်တတ် ”

အဘိုးကြီး သည် မတ်တတ် ရပ်ပေးလိုက်ရာ မောင်သက်ရှေ သည် ရာဘာ အဝတ် တွင် စွဲကပ်နေသော သွေးစ များ ကို လက် နှင့် တို့ ကာ မရွံမရှာ နမ်း ကြည့်ပြီးလျှင် ဦး ခေါင်း တစ်ချက် ဆတ် လိုက်ကာ ...

“ ချက်ချင်း ပျောက်စေမယ် ဘိုးဘိုး ၊ ဆေးတွေ လည်း အများကြီး စုဆောင်းလာတာပဲ ” ဟု သူ့ ပစ္စည်း ရှိရာသို့ ထ သွားကာ ပရုပ်ဆီဘူး ပမာ ဖန်ဘူးငယ် တစ်ခု ယူ လာ ၏ ။ တစ်ဖန် ဖန်ဘူး ကို ဖွင့်ကာ ဖယောင်းချက် လိုလို ဆေး ကို လက်သည်းခွံ ပေါ် အနည်းငယ် တင်လိုက်ပြီးလျှင် “ ကဲ... ဘိုးဘိုး အခန်း ထဲ သွားကြစို့ ”

မြေးအဘိုး နှစ်ယောက် အခန်း ထဲ သို့ သွားကြသည် ။ ၅ မိနစ် အတွင်းမှာပင် ပြန်၍ ထွက်လာရာ အဘိုးကြီး မှာ ခါးဝတ် အသစ် တစ်ခု လဲ လျက် ပြုံးပြုံး ပြုံးပြုံး နှင့် ဖြစ်၍ နေ သည် ။

“ တယ် စွမ်းကိုးကွ ၊ လက်သည်းခွံ တင်ထားတဲ့ ဆေး လိမ်းရုံ နဲ့ တစ်ခါတည်း သွေးထွက် ရပ်ပြီး ပျောက်သွား တာပဲ ။ ဟို ဆရာ ဖြင့် ဒင့်မေကလိန်း တစ်ပုလင်း ကုန်ရုံ နဲ့ ပျောက်မ တဲ့ ။ တစ်‌တောင် လောက် ရှိတဲ့ ပုလင်းကုန် လို့ လည်း မပျောက်ဘူး ”

အဘိုးကြီး သည် ထိုသို့ ပြောရင်း မီးခံသေတ္တာကြီး ရှိ ရာသို့ သွားပြီးလျှင် မီးခံသေတ္တာ ထဲမှ ခင်မိမိ ၊ ခင်မမ ၊ မောင်မောင်ဘ ဇနီး စသည်ဖြင့် အားလုံး ဝတ်ဆင်ကြသော စိန် ရွှေများ ကို ယူ လာကာ စားပွဲပေါ် တင်ပြီးလျှင်

“ ကဲ ... ကမြင်းမတွေ မှတ် ဒါ ဆေးကုခ ငါ့ မြေး အကုန် ယူ ”

မောင်သက်ရှေ သည် အဘိုးကြီး အား ပြုံးမော့ကြည့် ကာ

“ နေပါ့စေ ဘိုးဘိုးရယ် ။ ကျွန်တော့်အစ်မတွေ ၊ တူမ တွေရော ၊ အမေ့ပစ္စည်းတွေ ကိုရော မယူရက်ပါဘူး ။ ရော့ ရော့ မမကြီး ပြန် ထားချည် ” 

ဟု စိန်ရွှေ ထည့်သော နံ့သာသေတ္တာငယ် ကို ခင်မိမိ အား လှမ်း၍ ပေးလိုက်လေသည် ။ အဘိုးကြီး လည်း သူ ထိုင်နေကျ ဆိုဖာ ပေါ်ရှိ ရာဘာ အဝတ် ကို ဆွဲယူ ပစ်လိုက်ပြီးလျှင် စိတ် မလုံသဖြင့် သူ့ ဖင် လှည့် ကြည့်ကာ သွေး မမြင်မှ ထိုင်ချ လိုက်ရာ အားလုံး ပြုံး၍နေကြ၏ ။

“ ဟိုမှာ ဆေးတွေ အတော်စုံတယ် ထင်တယ် ”

“ ဟိန္ဒူဆေးပညာအသင်းကြီး က ဆေးဥယျာဉ် စိုက် ပျိုးထားတော့ သစ်ဥသစ်မြစ်သစ်ရွက် လိုလေးသေး မရှိဘူး ဘိုးဘိုး ရဲ့ ။ ဆေးပညာ လိုက်စားတဲ့ သူတွေ ဟာ ကိုယ်တိုင် ဘာမြစ် ၊ ဘာရွက် ၊ ဘာဥ လို့ လက်တွေ့ နားလည် ရတယ် ”

“ အေး တယ်ဟုတ်ကိုးကွဲ့ ။ တို့ ဆီ က ဆရာတွေ တော့ ဘယဆေးသည် ပေးတာပဲ သုံး နေကြတယ် ။ တလော က မှတ်မိသေးတယ် ။ အညို ဆိုတဲ့ ဘယဆေး သည် မိန်းမ တစ်ယောက် မကျန်းမမာ ဖြစ်နေတာ ဆရာ ၃ - ၄ ဦး လဲ ပြီး ကု လည်း မပျောက်ဘူး ။ ဒါနဲ့ သမီးကြီး က အမေ ရယ် ဆရာဖြူ ဟာ နာမည် ကြီးသယောင်ပဲ ။ သူ့ ပင့်ပြီး ကုပါလား ဆိုတော့ အထင်မကြီး နဲ့ သမီး ၊ ဆရာဖြူ လည်း မေမေ ရောင်းတဲ့ ဘယဆေး နဲ့ ဆေးကု စားနေတာပဲ လို့ ပြောသတဲ့ ”

အချိန်မှာ နေ့ခင်း ၁၂ နာရီ ခန့် ဖြစ်ရာ အောက်ထပ် လက်ဖက်ရည်ခန်း တွင် စားဖိုမှူးများ လက်ဖက်ရည် ၊ ဘီစကွတ်မုန့်များ အသင့် ပြင်နေကြသည် ။ တစ်ဒါဇင် ကျော်သော အိမ်သား တစ်စု တို့ သည် အောက်ထပ် သို့ ဆင်း ကြ ကာ ထိုင်၍ သောက်ကြရင်း အစ်မ နှစ်ယောက် က သူတို့ သားသမီးများ နာမည် နှင့် တကွ မောင်သက်ရှေ နှင့် မိတ် ဆက်ပေးကြသည် ။

“ ဟေ့ မောင်သက်ရှေ မင့် အဆက် ဆီ သွား နှုတ် မဆက်ဘူးလား ”

ခင်မမ သည် သူ့ မောင် အား ပြုံး၍ ကြည့်ကာ ပြော လိုက်ခြင်း ဖြစ်၏ ။

“ အံမာဗျာ .. ခုလောက် ရှိရင် ကျွန်တော် ရောက်တာ သိရောပေါ့ ။ သိရင် သူ လာ မှာပေါ့ ”

“ ဟို ဟိုတုန်းက လို ကလေး မှတ် နေသလား ။ အသက် ၁၈ နှစ် အပျိုကြီးဖားဖား ဖြစ်နေပြီ ။ သူ လာ ရဲပါ့မ လား ။ မိန်းမချော ကွဲ့ ”

မောင်သက်ရှေ သည် နေရာ မှ ထကာ တိုက်အပေါ် ထပ် သို့ တက်ခဲ့၏ ။ သူ့ တွင် မြန်မာ အဝတ်အစား မရှိသဖြင့် ဖခင်ကြီး ၏ အဝတ်ဗီရို နားတွင် ကပ်ကာ ပိုးလုံချည်မျိုးစုံ အထည် ၃၀ ကျော် ၊ ပိုးပုဆိုးမျိုးစုံ ၁၀ ထည် ထက်မနည်း ခေါက်စီ ထားသည့် အထဲက ရေနံရောင် ဗန်ကောက်လုံချည် တစ်ထည် နှင့် အထည် ၂၀ ထက်မ နည်းသော အင်္ကျီမျိုးစုံ ထဲ က မီးခိုးရောင် သက္ကလပ်အင်္ကျီ တစ်ထည် ထုတ် ယူကာ ခါး က ဘောင်းဘီ နှင့် လဲ၍ ဝတ်ဆင် နေ၏ ။ 

မကြာခင်ပင် ရေနံရောင် ဗန်ကောက်လုံချည် ၊ မီးခိုး ရောင် သက္ကလပ်အင်္ကျီ ၊ ရှူးဖိနပ်အနက် ဝတ်ဆင်ထား သော အသက် ၂၂ နှစ် ခန့် နုပျိုထွားကျိုင်းသော လုလင် တစ်ယောက် သည် ဝင်းခြံ တစ်ခု အတွင်း ရှိ တိုက်ဆင်ဝင် အောက် သို့ ရောက်ရှိ နေရာ အသက် ၁၄ နှစ်ခန့် ကလေးမ တစ်ယောက် က “ ဘာကိစ္စလဲ ” ဟု မေးသဖြင့် “ နွယ်နွယ် နဲ့ တွေ့ချင်လို့ ” ဟု ပြောလိုက်ရာ ကလေးမကလေး တိုက် ခန်း ထဲ သို့ ဝင်သွားသည် ။ ချက်ချင်းလိုပင် အသက် ၁၈ နှစ် ခန့် မန္တလေးကျစ်ပိုးအဝါရောင် မထူမပါး ပဒုမ္မာရင်ဖုံး အကျီ ဆံပင်နောက်တွဲထုံး နှင့် မိန်းမပျို တစ်ယောက် ထွက် ၍လာ၏ ။

၆ နှစ် တာမျှ ခွဲခွာနေရသော်လည်း နှစ်ယောက် စလုံး ငယ်ရုပ် မပျောက်သဖြင့် ကောင်းစွာ မှတ်မိကြသည် ။ နှစ်ဦး စလုံး ရင်ဖို နေကြသည် ။

“ နွယ်နွယ် ထွား လာလိုက်တာကွယ် ” 

“ ကိုကိုသက် ကော မျက်နှာ မှတ်မိလို့သာ ။ ဦးလေးဘ လောက် ထွား နေတာပဲ ”

နှစ်ဦးသား ဧည့်ခန်း ဆိုဖာ တွင် ထိုင်မိကြသည် ။ ၎င်း တို့မှာ သမီးရည်းစား လည်း မဟုတ်သဖြင့် လွမ်းဆွေး စကား ပြောစရာ မရှိ ။ နွယ်နွယ် ဘီအေဂျူနီယာ မှာ သင်နေရပုံ ၊ မောင်သက်ရှေ ကာလကတ္တား နေရပုံများ ကို သာ တစ် လှည့်စီ ပြောနေကြရာ မှ စကား မပြောဘဲ အတန်ကြာ တိတ်ဆိတ် နေကြသည် ။ ခဏကြာမှ မောင်သက်ရှေ က

“ နွယ်နွယ် နဲ့ ကိုကိုသက် ခွဲခွာခါနီး ပန်းခြံခုံတန်း ပေါ် မှာ နေခဲ့ကြတာ မှတ်မိသေးလား ”

ခင်နန်းနွယ် မည်သို့မျှ မပြော ရှက်သွေးလျှမ်းကာ ရီဝေသော မျက်လုံး အစုံဖြင့် မောင်သက်ရှေ အား ကြည့်ရှုနေ၏ ။

“ ကိုကိုသက် မေးမိတာ စိတ်ဆိုးသွားသလား ”

“ မဆိုးပါဘူး ” 

“ ကိုကိုသက် ပညာ တော့ စုံပြီ ။ ဘာ လိုသေးသလဲ ”

နွယ်နွယ် ဘာမျှ မပြော ။ ငေး ကြည့်နေသည် ။ နွယ်နွယ် ငယ်ငယ်က သွက်သလောက် နှုတ်လေးလှသည် ဟု မောင်သက်ရှေ မှတ်ထင်နေသည် ။ သူ သည် ဖွင့်ဟ မေးချင်ပြောချင်လှသည် ။ ကလေး ဘဝ က အချစ် သည် လူကြီး ဘဝ အချစ် အထိ ကူးစက် နိုင်ပါ့မလား ။ မောင်သက်ရှေ တွေး၍ မရ ။ ထိုအခိုက် အသက် ၅ဝ ခန့် မိန်းမကြီး တစ်ယောက် ထွက် လာကာ

“ ဟဲ့ နွယ်နွယ် ဒါဘယ်သူလဲ ” 

“ ကိုကိုသက်ရှေ လေ မေမေ ရဲ့ ”

“ ဟယ် ... ထွားလိုက်တာ မှတ်တောင် မမိဘူး ။ ဟို တုန်းကတော့ ဘောင်းဘီတို နဲ့ မရမ်းပင် တက်တာ မြင်မိ သေးတယ် ”

အမယ်ကြီး ဝင်ရောက် ထိုင်ကာ တောင်မေး မြောက်မေး လုပ် နေသဖြင့် အခြား စကား မပြောရဘဲ အချိန်အတန် ကြာ မှ မောင်သက်ရှေ ပြန် ခဲ့ရသည် ။

      •••   •••   •••   ••• 

ယခုအခါ၌ ဒေါက်တာသက်ရှေ သည် ပန်းဆိုးတန်း တွင် ဆေးဆိုင်ကြီး တစ်ဆိုင် ဖွင့်ကာ လူနာများအား လက်ခံ ကုသခြင်း ၊ ပင့်ခေါ် က လိုက်လံ ကုသခြင်း ဖြင့် အလုပ် လက် မလည်အောင် ဖြစ်၍ နေသည် ။ လက်ထောက် ဆရာဝန် နှစ်ယောက် တိုး၍ ထားရသည် ။ နာမည်လည်း ကျော်ကြား နေရာ တစ်နေ့တွင် လူနာတစ်ဦး ဆီမှ ကား လွှတ်၍ အပင့် ခိုင်းသဖြင့် လိုက်ပါသွားရသည် ။

အိမ်ဝင်းခြံ အခြေအနေ ကို ကြည့်ခြင်းအားဖြင့် အတော်ချမ်းသာသူများ ဟု ဒေါက်တာသက်ရှေ အကဲ ခတ်မိ ၏ ။ ၎င်း ၏ သဘောမှာ ဆင်းရဲသူများ အား အခမဲ့ ကုသပေး ၍ ချမ်းသာသူများ ထံ မှ နင့် နေအောင် ဆေးဖိုးဝါးခ တောင်းလေ့ ရှိ၏ ။ 

လူနာ မှာ အသက် ၄၀ ခန့် ရှိ ၍ ခုတင် ပေါ် တွင် တဟီးဟီး နှင့် ညည်းတွား နေသည် ။ လူနာ က ပင် ..

“ ဪ ... ဆရာ က ငယ်ငယ် ရှိပါသေးလား ၊ အိမ် သားတွေကြောင့် သာ ခေါ် ရတာ ကျုပ်တော့ သေဖို့ ပြင်နေ တာပဲ ။ ဒေါက်တာ လည်း သိမှာပေါ့  ။ ဒေါက်တာဆင်း ကို လေ ။ သူ က ၇ ရက် ခံမတဲ့ ။ ဒေါက်တာအောင်ဝင်း ကလည်း ၅ ရက် ပဲ ခံမတဲ့ ။ သူတို့ လက်လျှော့ သွားကြတယ် ”

“ ဒီလိုဖြစ်တာ ဘယ်လောက် ကြာပလဲ ” 

“ ၇ နှစ် လောက် ရှိပြီ ” 

“ ဒါဖြင့် ဦး ၃ လ အိပ် နိုင်ပါ့မလား ”

“ ၅ ရက် နဲ့ သေမယ့် လူ တစ်ယောက် ၃ လ တောင် နေရမှာ အိပ် နိုင်ပါတယ် ”

“ ဆေးကုခ ကော ပျောက်ရင် ဘယ်လောက် ပေးမလဲ ”

“ ကျုပ် ပစ္စည်း မှန်သမျှ အကုန် ပေးပါ့မယ် ”

ဒေါက်တာသက်ရှေ သည် လူနာ အား ခုတင် ပေါ်တွင် အိပ် စေပြီးလျှင် မေ့ဆေး တင်လိုက်၏ ။ တစ်ဖန် ဓားငယ် ဖြင့် ဦးရေခွံ ကို ကျင်လည်စွာ ခွဲ နေသည် ။ အိမ်သားများ လည်း စိုးရိမ်ကြီးစွာ နှင့် ကြည့်ရှုနေကြ၏ ။ ဒေါက်တာ သည် ဦးရေ ခွဲပြီးလျှင် ဦးနှောက် ထဲ ကြည့်ရှုရာ ပင့်ကူကောင် လောက် ပိုးကောင် နှစ်ကောင် တွေ့ရသဖြင့် ကြည့်ရှု နေသော အိမ်သားများ အား ...

“ ဟောဒီ ပိုးအငယ် ဆက် စားနေရင် ၇ ရက် နဲ့ သေ မယ် ။ ဒီ ပိုး အကြီး ဆက် စားနေရင် ငါးရက် နဲ့ သေ မှာ အမှန် ပဲ ။ ဒါကြောင့် ဟို ဒေါက်တာ နှစ်ယောက်စလုံး လူတော်တွေ လို့ ချီးကျူး ရမှာပဲ ”

ဒေါက်တာသက်ရှေ သည် ဦးနှောက်စား ပိုးနှစ်ကောင် ကို ဖယ်ထုတ် လိုက်ပြီးလျှင် ဦးရေ ကို ပြန် စေ့ချုပ် လိုက်၏ ။ တစ်ဖန် မေ့ဆေး ပြေအောင် လုပ်လိုက်သောအခါ လူနာ မှာ ရွှင်ရွှင်ပျပျ ဖြစ် လာသည် ။

“ ဘယ့်နှယ် နေသေးသလဲ ”

“ စပ်ရှိန်းရှိန်း နေပေမဲ့ အလွန် အခံရ ခက်တာ ပျောက် သွားတော့ ဒီလောက် နာတာ မမှု လောက်ပါဘူး ”

“ ခင်ဗျား ကို ခံနိုင်ရည် ရှိအောင် ပိုပိုမိုမို ပြောတာ ။ ရက်သတ္တ သုံးပတ် ကျရင် အရှင်း ပျောက်ပါလိမ့်မယ် ”  

“ ကျေးဇူးပါပဲ ဒေါက်တာ ။ ဒေါက်တာ ရဲ့ အသက် ရှိ ပါတော့တယ် ။ ဟေ့ ... မောင်မောင် ချက်စာအုပ် ယူခဲ့ကွာ ”

လူနာ သည် ဒေါက်တာသက်ရှေ အား တစ်သောင်း တန် ချက်လက်မှတ် တစ်ခု ရေး၍ ပေးလိုက်၏ ။ ဒေါက်တာ သက်ရှေ မှာ အသွားအပြန် ပါ သုံးနာရီ အတွင်း ငွေတစ်သောင်း ရခဲ့လေသည် ။ အလုပ်တိုက် သို့ ရောက်လျှင်ပင် အနား မနေရသေး ။ အရေးကြီးသော လူနာ တစ်ယောက် ရောက် နေ၏ ။ လူနာ မှာ အသက် ၂၀ ခန့် ရှိ ၍ အဖြစ်အပျက် ကို မေးကြည့်သော အခါ စားသမျှ အစာ အန်ထွက်ကာ ကျင်ကြီးကျင်ငယ် မဖြောင့် ၊ သွေးသား ဆုတ်ယုတ်နေသည် ။ တစ်ဖန် ထို ရောဂါ မရခင်က အဖြစ်အပျက် မေးသောအခါ ကျွမ်းပစ် ကစားလေ့ ရှိကြောင်း ပြော ပြမှ ရောဂါ အခြေအနေ ကို ရိပ် မိ လေသည် ။

လူနာ အား ဆေး ကု ခန်း ထဲ သို့ လက်တွန်းလှည်း ဖြင့် ခေါ်ယူစေခဲ့ကာ ခုတင် ပေါ် တွင် အသာအယာ တင် လိုက် ၏ ။ တစ်ဖန် မေ့ဆေး ပေးပြီးလျှင် ဝမ်း ကို ခွဲ၍ကြည့်ရာ ဒေါက် တာ တွေး ထင်သည့် အတိုင်း အူ ထုံး နေသည်ကို တွေ့ရ၏ ။ မိဘ အား ခေါ်၍ အူ ထုံး နေသည်ကို ပြ ကာ ...

“ ဒီ အူထုံး မပြေရင် ခင်ဗျား တို့ သား သေ မှာ အမှန်ပဲ ” 

“ လုပ်ပါဦး ဆရာရယ် ၊ ကျေးဇူး တင်လိုက်တာ ”

ဒေါက်တာသက်ရှေ သည် အူထုံး ကို ဖြေ၍ နေသား တကျ ထား ပြီးလျှင် ဝမ်းရေ ကို ကြောင်အူ နှင့် စေ့စပ်အောင် ချုပ် လိုက်၏ ။ မေ့ဆေး ပြယ် သောအခါ လူနာ ၏ မျက်နှာ မှာ သိသိသာသာ ရွှင်ပျ လာလေသည် ။ 

ဒေါက်တာသက်ရှေ သည် ထိုကဲ့သို့ ခဲရာခဲဆစ်တွေ ကို ပျောက်ကင်းအောင် ကုသနိုင်သဖြင့် နာမည် ကြီးသည် ထက် ကြီး ၍ နေတော့သည် ။ တစ်ကြိမ်၌ မူကား ဒေါက်တာ ကိုယ်တိုင် အသက်ဘေး မှ သီသီကလေး လွတ် ခဲ့ရလေ သည် ။

သိန္နီစော်ဘွားကြီး မှာ မစားနိုင် ၊ မသောက်နိုင် ဖျော့တော့ သော ရောဂါ ဖြစ်နေရာ နာမည်ကြီး ဆရာဝန် မျိုးစုံ နှင့် ကုသသော်လည်း မသက်သာသဖြင့် ဒေါက်တာသက်ရှေ အား ပင့်ခေါ်၍ ကုသ၏ ။ ဒေါက်တာသက်ရှေ သည် ရောဂါ အခြေအနေ အကဲခတ်ပြီး နောက် ... 

“ ဘိန်း နဲ့ ဒီပြင် ဆေး နဲ့ စုပေါင်း ကုသရလိမ့်မယ် ”

“ ဟာ .. ဒေါက်တာ ဘိန်း တော့ ဘယ်နည်း မှ မပါပါ စေနဲ့ ။ ကျုပ် ယစ်မျိုးငါးပါး ရှောင်ကြဉ်ဖို့ ဘုရား မှာ သစ္စာ ပြုထားပါတယ် ။ ဒီပြင် နည်း နဲ့ ကုပါ ဆရာ ” 

ဒေါက်တာ အကြံရ ကျပ်သွားသည် ။ ရောဂါ မှာ ဘိန်း မပါလျှင် မဖြစ်ချေ ။ စော်ဘွားကြီး မှာလည်း အာဏာပိုင် ဖြစ်သဖြင့် အကယ်၍ ဘိန်း ပါ က သူ့ နယ်ထဲ တွင် အသတ် မခံရဟု မဆိုနိုင် ။ သို့အတွက် ဘိန်းနံ့ ပျောက်အောင် ဆေး ချက်ရင်း စော်ဘွားကြီး ၏ မော်တော်ကား နှင့် ဟော်တံခါး ကို ဆေးမြစ် ရှာဖွေရန် အတွက် အခါမရွေး ဝင် ထွက်နိုင်ရန် ခွင့်တောင်း ထားရသည် ။

တစ်နံနက် တွင် စော်ဘွားကြီး အား ဆေး တိုက် သည် ။ အစာကြေ၍ လေပျို့ လျှင်ကား ဘိန်းနံ့ ပေါ်မည် မလွဲ ဖြစ်သဖြင့် ဒေါက်တာသက်ရှေ သည် ဆေးမြစ် ရှာ ဟု အကြောင်း ပြကာ စော်ဘွားကြီး ၏ ကား ကို ကိုယ်တိုင် မောင်း ကာ လစ် လေတော့သည် ။ ၎င်း ၏ စိတ် ၌ စော်ဘွား ကြီး လေယာဉ်ပျံ နှင့် လိုက်နိုင်မည် မဟုတ် ဟု သာ တွေးမိ ရာ သီပေါ အရောက် တွင် ရှမ်းပုလိပ် သုံးယောက် သေနတ် ကိုယ်စီ နှင့် တား ထား မှ တယ်လီဖုန်း နှင့် အကြောင်းကြား နိုင်ကြောင်း ရိပ်မိ လေတော့သည် ။

“ ဒေါက်တာသက်ရှေ မဟုတ်လား ”

ရှမ်းပုလိပ် တစ်ယောက် မြန်မာ လို ဆီး၍ မေးသည် ။ သေနတ် ပါသော်လည်း ချိန်ရွယ်ခြင်း မရှိ ၊ ရိုးရိုး လက် ပြကာ ကား ရပ်စေပြီးလျှင် မေးမြန်းခြင်း ဖြစ်ရာ ဒေါက်တာသက်ရှေ လှည့်စား၍ ရမည် မဟုတ် ...

“ ဟုတ်ပါတယ် ” 

“ သိန္နီ ကို ပြန် ခေါ်ခဲ့ရမယ်လို့ အမိန့် လာပါတယ် ”

ဒေါက်တာသက်ရှေ မတတ်နိုင်တော့ပြီ ။ ကားလှည့် ကာ သိန္နီ ဘက် သို့ ပြန် တက်ရပြန်သည် ။ ကား တစ်မိုင် ခန့် မောင်းမိသောအခါ ကား ရပ်သွားသဖြင့် ရှမ်းပုလိပ်သုံးယောက် အား ဆင်း ၍ တွန်းစေ၏ ။ ဒေါက်တာ လည်း စက် ဖုံး ဖွင့် လိုက် ၊ ဟိုကိုင်လိုက် နှင့် အလုပ် ရှုပ်နေသည် ။ ခဏ ကြာလျှင် ကား စက်နှိုး ရလာသည် ။ ဒေါက်တာ သည် ရေ ဘူး ကိုဖွင့်ကာ ရေ သောက် ပြီးလျှင် ရှမ်းပုလိပ်များ အား ရေ ဘူး လှမ်းပေး၏ ။ တစ်ယောက် က

“ ဟေ့ အရမ်း မသောက်နဲ့  ၊ သူ ကျွေးတာ မစားရဘူးတဲ့ ”

“ အိုကွာ ရေ ပဲဟာ သူ တောင် သောက်သေးတာ ။ သူ သေ ရင် တို့ လည်း သေပေါ့ ။ ဒီလောက် ကြောက် မနေစမ်းပါနဲ့ ”

ရှမ်းဘာသာ ဖြင့် အထက်ပါ အတိုင်း ပြောကြပြီးလျှင် တစ်ယောက် တစ်လှည့် ရေ သောက်ကြသည် ။ ကား တစ်မိုင် ခန့် သွား မိလျှင် နောက် မှ ...

“ ဆရာ ကားရပ်ပါဦး ၊ ချီးပါချင်တယ် ၊ ချီးပါချင်တယ် ”

ဒေါက်တာ ကား ကို ရပ်၍ လှည့် ကြည့်သောအခါ ရှမ်း သုံးယောက် စလုံး ဗိုက် ကို နှိပ်ကာ ရှုံ့မဲ့ နေကြသည် ။ ကား ပေါ် က ဆင်း၍ လမ်းဘေး ချုံကွယ် သို့ မရောက်ခင်ပင် ၎င်း တို့ ဘောင်းဘီ ထဲ ၌ ပါ ချ ကြလေသည် ။ ဒေါက်တာသက်ရှေ ကား လက်သည်းခွံ ထဲတွင် ဆေးမှုန့် ထည့်ကာ ရေ နှင့် အမှတ်မဲ့ ရောစပ်လိုက်သည် ကို ရှမ်းများ အညာ မိနေသဖြင့် ပြုံး ကြည့်နေသည်။ ရှမ်းများ မှာ ဝမ်းတဗျစ်ဗျစ် သွားနေကြ ဆဲ တစ်ယောက် က ရှုံ့မဲ့ကာ ...

“ ဆရာ ငါ တို့ သေ မှာလား လုပ်ပါဦး ”

ဒေါက်တာ သည် ကား ပေါ် က သေနတ် သုံးလက် ကို ရှမ်းများ မြင်သာသော နေရာတွင် ချ ထား၍ ရှမ်းများ အား ဆေးမှုန့် အနည်းငယ်စီ ပေးပြီးလျှင်

“ခင်ဗျား အဲဒါ လျက် လိုက်၊ တစ်နာရီ အတွင်း ဝမ်း ရပ် လိမ့်မယ် ။ ကျုပ် လိုက်ရင် စော်ဘွား က သတ် ပစ်မှာ”

ဟု ပြော ကာ ကား ကို လှည့်ပြီးလျှင် သီပေါ ဆီသို့ သုတ်ခြေ တင် လာ၏ ။ သီပေါ မှ တစ်ဖန် မေမြို့ ဖြတ် ၍ မန္တလေး အရောက် လာခဲ့လေသည် ။

မန္တလေး မှ တစ်ဖန် မီးရထား ဖြင့် ပြန် ခဲ့ရလေသည် ။ သူ ၏ ဆရာဝန်များ အား အကျိုးအကြောင်း ပြောပြသော အခါ အားလုံး ရယ်မောနေကြလေသည် ။

၇ ရက် ခန့် ကြာသောအခါ ဒေါက်တာသက်ရှေ ၏ အလုပ်တိုက် သို့ ပိုးဘောင်းဘီအဖြူ၊ ပိုးခေါင်းပေါင်း ၊ ပိုး အင်္ကျီလက်ကြပ် နှင့် အသက် ၄၀ ခန့် လူကြီး တစ်ယောက် ၊ ဘောင်းဘီနက် ဝတ်ထားသော လူရွယ် နှစ်ယောက် အထုပ်ကြီး တစ်ခု နှင့် ဝင်ရောက် လာကြ၏ ။

“ ဟင် .. အမတ်ကြီး ပါလား။ ဘယ့်နှယ် တော်ဘုရား စိတ်ဆိုး ပြေပလား ”

“ ပြေလို့ လာရတာပေါ့ ဆရာ ။ အစ က များ ဓားကြိမ်း ကြိမ်း နေတာပဲ ။ အခုတော့ ဒါတွေ ဆရာ့ ကို အကန်တော့ ခိုင်း လိုက်ပါတယ် ”

ပစ္စည်းများမှာ အလွန်ကောင်းသော သားမွေးဝတ်လုံ ၊ ရှမ်းမင်းညီမင်းသားများ သာ ပေါင်းလေ့ ရှိသော ရွှေ ကြင်ခပ်ပုဝါ နှစ်ပိုင်း ၊ ဆင်စွယ်ရိုးတပ် ငွေနှောင့်ကွပ် ဓားမြှောင်၊ စပါးကြီးသည်းခြေ၊ ကြံ့သွေး အကျော် စသော ဆေးဘက် ဝင် သည့် ပစ္စည်းများ နှင့် ငွေသား ငါးထောင် ပါ ရရှိလိုက်လေသည် ။

      •••   •••   •••   ••• 

ဒေါက်တာသက်ရှေ ကား နေ့ည မအား လူနာများ အား ကုသနေရသဖြင့် နွယ်နွယ် နှင့် တွေ့ချိန် မရချေ ။ ဦး မောင်မောင်ဘ က “ အနားယူပါဦး ” ဟု အတန်တန် တိုက် တွန်းတော့မှ ၇ ရက် အနား ယူကာ လက်ထောက်ဆရာဝန် များ ကို လွှဲအပ် ထားလေသည် ။

နေ့ခင်း ၁၁ နာရီ ခန့် အပေါ်ထပ် မြောက်ဘက် ပြုတင်း ပေါက် တွင် ရပ်ကာ ဒေါက်တာ သည် သူ ငယ်ငယ် က ကစားခဲ့သော မြောက်ဘက် က ခြံကြီး ကို လှမ်း ကြည့်နေ သည် ။ ကလေး ဘဝ က လက်ပွန်းတတီး နေခဲ့သော ချစ်သူ အား ဘယ်အခါမျှ သူ မမေ့ ။ မရမ်းသီး ဆွတ် ပေးရပုံ ၊ ပန်း ခူး ပေးရပုံ ၊ ပြေးတမ်း လိုက်တမ်း ကစားပုံ ၊ လုံချည်တုပ် လဲသ ဖြင့် ပွေ့ထူ ပေးရပုံများ တစ်ခု ပြီး တစ်ခု ပေါ်ပေါက် နေသည် ။

ထိုအခိုက် မြောက်ဘက် တိုက် မှ အရိပ် တစ်ခု ပေါ် လာပြန်သည် ။ ဒေါက်တာ သည် မဟောသဓာ လုပ်ကာ လက် တစ်ချောင်း တစ်ခါ ၊ လက် နှစ်ချောင်း တစ်ခါ ထောင်ပြ ရာ တစ်ဘက် မှ လက် တစ်ချောင်း ထောင်ပြသဖြင့် အားရ ဝမ်းသာ ဖြစ် သွားပြီးလျှင် ရှပ်လက်တို ၊ မန္တလေးပိုးလုံချည် နှင့် ပင် မြောက်ဘက်တိုက် သို့ ကူး၍ သွားလေသည် ။

ဒေါက်တာသက်ရှေ တိုက်အောက် ထပ် သို့ ရောက် သောအခါ ဧည့်ခန်း တွင် လူ တစ်ယောက် မှ မရှိ ။ အိမ်နောက် ပိုင်း တွင် အခိုင်းအစေများ သာ ရှိသည်။ အရဲ စွန့်ကာ တိုက် အပေါ် ထပ် သို့ တက် သွားရာ အောက်သို့ ဆင်း လာရန် လှေကားထိပ် အနီး ရောက် နေသည့် ခင်နန်းနွယ် နှင့် ရင်ဆိုင် တိုး နေသည် ။

“ အို .. ကိုကိုသက် ရဲလွန်းလှချည်လား ။ လာ .. လာ အောက်ထပ်သွားကြစို့ ”

“ မသွားဘူး အပေါ် မှာ ပဲ စကား ပြောရအောင် လာပါ နွယ်နွယ် ရယ် ”  

ဒေါက်တာသက်ရှေ သည် ခင်နန်းနွယ် ၏ ပခုံး ကို ဖက်ကာ ဆွဲခေါ်လေရာ အို .. အို ... ဟု ရုန်း သော်လည်း ရှက်၍ ဟန်ရုန်း မျှ သာ ဖြစ်သဖြင့် သူ့ အခန်း ထဲ အထိ ပါ သွားသည် ။

“ တော်တော်ကြာ မေမေ ပြန်လာမှ ဖြင့် ” 

“ အို .. ဒီတော့ ချစ်ကြိုက်နေကြတယ်လို့ ဖွင့်ပြော လိုက်ရုံပေါ့ ”

“ အို ... နွယ်နွယ် က  ချစ်ပါပြီ ၊ ကြိုက်ပါပြီ လို့ ပြောလို့လား ”

“ ပါးစပ် က ပြောတာက အရေး မဟုတ်ပါဘူး ။ ဒီ မျက်လုံး ရဲ့ အကြည့် ၊ ဒီလို အလို လိုက်တာတွေ ဟာ မချစ် မ ကြိုက်ရင် ဘယ်သူ လုပ်မလဲ ”

ဒေါက်တာ သည် အားရပါးရ ဖျစ်ညှစ်ကာ မွှေး ပြန် သည် ။ အို .. အို .. ဟု ပါးကလေး ပွတ်နေသော်လည်း ထ ၍ မပြေးချေ ။

“ ဝါ မဆိုခင် လက်ထပ်ကြစို့နော် နွယ်နွယ် ”

နွယ်နွယ် အဖြေမပေး ။ ရီဝေ နေသော မျက်လုံးကြီး များ ဖြင့် ကြည့် နေသည် ။ ဒေါက်တာ သည် အားမလို အား မရ ဖြစ်ကာ သူ ၏ ရင်ခွင် ထဲ သို့ ဆွဲသွင်း ပြီးလျှင် သနပ်ခါး သွေး ၏ သို့ တွင်တွင်ကြီး မွှေး၍ နေလေသတည်း ။

( ဇိနတ္ထပကာသနီကျမ်း မှ ဆရာ ဇီဝက ဝတ္ထု ကို မှီး၍ ရေးသားခြင်း ဖြစ်ပါသည် )

◾ မဟာဆွေ

📖 ရှုမဝ မဂ္ဂဇင်း
      အတွဲ - ၂ ၊ အမှတ် - ၁၄
      ၁၉၄၈ ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment