❝ ဆားပုလင်းနှင်းမောင် နှင့် မိုးမခ မှ မိန်းမချော ❞
တစ်နေ့သ၌ ကျွန်ုပ် သည် ကျွန်ုပ် ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် နေထိုင်ရာ ( ၂၉၅ ) ဘိုးလိန်းလမ်း နေအိမ် သို့ သွားရောက်ခဲ့လေ၏ ။ ကျွန်ုပ် ရောက်ရှိချိန် ၌ ဆားပုလင်းနှင်းမောင် သည် စာအုပ်တစ်အုပ် ကို ဖတ်ရှုနေသည် ကို တွေ့ရှိရလေ၏ ။ ကျွန်ုပ်ရောက်လာသည် ကို တွေ့ လျှင် ၎င်း သည် စာအုပ် ကို ပိတ်၍ စားပွဲပေါ် ပစ်တင်လိုက် ရင်း ..
“ အတော် ပဲ အိုင်ပီ ။ အခေါက်ကင် ကြွပ်ကြွပ်ကလေး နဲ့ ထမင်း မစားရတာ ကြာ ပြီဗျို့ ။ ဒီ မနက်စာ ကို တော့ ခွေးနီဆိုင်ဘက် ကို ခြေဦး လှည့်ကြဦးစို့ ”
ဟု ပြောလိုက်ချိန် ၌ ပင် ရထားလုံးကလေး တစ်စီး ပွင့်လာပြီး လျှင် မိန်းကလေး တစ်ဦး ဆင်းလာလေ၏ ။
မိန်းကလေး သည် ကိုယ်လုံးကိုယ်ထည် ကြော့ရှင်း ၏ ။ အသားအတန်ငယ် ညို သော်လည်း မျက်လုံး ၊ မျက်ခုံး ကောင်းခြင်း ၊ နှာတံပေါ်ခြင်း စသော အရည်အချင်း တို့ ကြောင့် မိန်းမချော တစ်ဦး ၏ စာရင်း ၌ ဝင်လေတော့၏ ။
ထို မိန်းကလေး သည် မယ်ညိုတံဆိပ် ပဒုမ္မာအင်္ကျီ နှင့် အပြာရင့်ရောင် ဘရိုကိတ်လုံချည် ကို ဆင်မြန်းထား၏ ။ ဖိနပ် မှာ မူ မျက်နှာဖြူမများ စီးသော သည်းကြိုး သေး ၍ ဖနောင့်စီး ပါသော ကြိုးသိုင်း ဖိနပ် ဖြစ်၏ ။
“ ဝင်ခွင့်ပြုပါ ရှင် ”
ဟု ခွင့်တောင်း ပြီးလျှင် ကျွန်ုပ်တို့ ရှိရာ သို့ ရောက်ရှိ လာလေ၏ ။ အနီးသို့ ရောက်လျှင် ၎င်း ထံ မှ အကောင်းစား ရေမွှေးရနံ့ ကို ရရှိလေတော့၏ ။ ထို့နောက် မိန်းကလေး သည် ရဲတင်းစွာ ပင် ကုလားထိုင်လွတ် တစ်လုံး ပေါ် တွင် ဝင်၍ ထိုင်လေ၏ ။ ထို့နောက် ..
“ ဆားပုလင်းနှင်းမောင် နဲ့ တွေ့ချင်လို့ပါ ”
ဟု ပြော လိုက်လေ၏ ။
ထိုအခါ ဆားပုလင်းနှင်းမောင်က မျက်လုံး ကို လှန်၍ ကြည့်လိုက်ရာ ထို မိန်းမချောကလေး က ကျွန်ုပ် အား မသိမသာအကဲခတ်ပြီး နောက် ..
“ ကျွန်မ အတွက် အင်မတန်အရေး ကြီးတဲ့ ကိစ္စ တစ်ခုအတွက် အကူအညီ တောင်းဖို့ လာခဲ့တာပါပဲ ရှင် ။ ကိုနှင်းမောင် နဲ့ နှစ်ယောက် ချင်း စကား ပြောခွင့် ရချင်ပါတယ် ”
ဟု ပြောလိုက်ရာ ဆားပုလင်းနှင်းမောင် က ..
“ ဒီမှာ မဟိုဒင်း ”
ဟု စကား စ လိုက်လျှင် မိန်းမချောကလေး က ..
“ ကျွန်မ နာမည် မခင်ညို ပါ ။ အများ ကတော့ အညို လို့ ပဲ ခေါ်ကြပါတယ် ။ အသား ကလည်း ညိုတာ ကိုး ရှင့် ”
ဟု ပြောကာ သူ ၏ ညီညာလှပသော သွားကလေးများ ပေါ်အောင် ဖျတ်ခနဲ ပြုံးလိုက်ရာ ကျွန်ုပ် ၏ မျက်စိ ထဲ ၌ ဝင်းခနဲ ဖြစ် သွားသည် ဟု ထင်လိုက်မိလေ၏ ။
“ ကောင်းပါပြီ မခင်ညို ။ ( ကျွန်ုပ် ဘက် သို့ မေးငေါ့ပြရင်း ) ဟောဒီ ဆရာကြီး က ကျုပ် နဲ့ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေကြီး ဆိုလည်း ဟုတ်ရဲ့ဗျ ။ အစ်ကိုကြီး ဆိုလည်း ဟုတ်ရဲ့ ဗျ ။ ကျုပ် ရဲ့ အထက်အရာရှိ ဆိုရင်လည်း ဟုတ်တာပါပဲ ။ ကျုပ် လုပ်တဲ့ အလုပ် ဆိုရင် သူ့ ကို အသိပေးပြီး မှ လုပ်လေ့ ရှိပါတယ် ။ နှုတ် လုံတဲ့ နေရာ မှာ လည်း နှစ် ယောက် မရှိဘူးဗျ ။ သူ ရဲ့ပါးစပ် ဟာ အာမခံ သော့ကြီး လိုပဲ လုံခြုံတယ် ။ အဲဒါကြောင့် မခင်ညို ပြောချင်တဲ့ စကား ကို ပွင့်ပွင့်လင်းလင်း သာ ပြောပါ ။ သုံးယောက် ပြော နေပေမယ့် ကျုပ် နဲ့ ခင်ဗျား နှစ် ယောက် တည်း ပြောနေတယ် လို့ ပဲ ယူဆပါ ”
ဟု ဆားပုလင်းနှင်းမောင် က ပြောလိုက်ရာ မခင်ညို က ..
“ ကိုနှင်းမောင် က ဒီလောက်တောင် ထောက်ခံနေတော့လည်း ယုံပါပြီရှင် ”
ဟု ပြော၍ ကျွန်ုပ် ဘက် သို့ တောင်းပန်သော အကြည့် ဖြင့် ကြည့် လိုက်လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ၎င်း ၏ ကုတ်အင်္ကျီ အိတ် အတွင်း မှ ရေခဲတောင်တံဆိပ်စီးကရက် ကို ထုတ်ကာ ဘူးပေါ် တွင် တစ်ချက် နှစ်ချက် ဆောင့် လိုက်ပြီးနောက် နှုတ်ခမ်းဖျား ၌ တေ့ကာ မီး ကို ထောက်ခနဲ ခြစ် ၍ ညှိ ရင်း မခင်ညို ၏ မျက်နှာ ကို လှမ်း ၍ ကြည့် လိုက်လေ၏ ။ ၎င်း၏ အကြည့် မှာ “ ကဲ .. မချော ။ ဗာရာဏသီ ချဲ့မနေနဲ့ ” ဟူသော အဓိပ္ပာယ်မျိုး ပါရှိလေ၏ ။
“ ဒီလိုပါ ရှင် ။ ကျွန်မ က မိုးမခ က တောသူ စစ်စစ်ပါပဲ ။ ကျွန်မ ရဲ့ မိဘများ ဆိုရင် တံငါလုပ်ငန်း ကို လုပ် ကြရပါတယ် ။ ဆင်းရဲသူ ဆင်းရဲသားတွေ ပါပဲ ။ ကျွန်မ ရှစ်နှစ် သမီး အရွယ် မှာ ကျွန်မ တို့ ရွာ က ကရင်မကြီး တစ်ယောက် ကိုအကြောင်း ပြုပြီး ခရစ်ယာန်သာသနာပြုဆရာမ တစ်ယောက် ရဲ့ မွေးစားခြင်း ကို ခံရပါတယ် ။ အဲဒါကြောင့် ခေတ်ပညာ လည်း အိုင်အေတန်း အထိ သင်ခဲ့ဖူးပါတယ် ။ အချက်အပြုတ် ၊ အချုပ်အလုပ် ၊ ဇာထိုးပန်းထိုး စတဲ့ မိန်းမ တို့ တတ်အပ် တဲ့ အဌာရဿတွေ ကိုလည်း ကျွန်မ ရဲ့ မွေးစားမိခင် ဆရာမ ကြီးကြောင့် တတ် ခဲ့ရတယ်ပေါ့ ရှင် ။ အဲဒီ အထဲ မှာ အင်္ဂလိပ်သီချင်း ၊ မြန်မာသီချင်းတွေ ကို စန္ဒရား နဲ့ ကျကျနန တီးတတ် ၊ ဆိုတတ် တဲ့ အတတ် လည်း ပါတယ် ရှင် ။ အဲဒီ အရည်အချင်းတွေ ကြောင့် “ မိုးမခ ” က သာမန် တောသူကလေး ဘဝ က နေပြီး ပြီးခဲ့တဲ့ နှစ် နှစ် လောက် မှာ ပဲ မိုးကုတ် က ကျောက်သူဌေးကတော်ကြီး ဘဝ ကို ရောက်ရှိ ခဲ့ရပါတယ် ။ ကျွန်မ မိဘတွေ ကို လည်း ကောင်းကောင်းမွန်မွန် ထားနိုင်ခဲ့ပါတယ် ။ သူတို့ ကို မိုးကုတ် မှာ ခေါ်ထားပေမယ့် သူတို့ ခမျာမှာ ဇာတိ ကို ခုံမင်လွန်း လို့ မိုးကုတ် မှာ လိုက်ပြီး မနေနိုင်ကြရှာဘူး ။ အဲဒါကြောင့် “ မိုးမခ ” မှာ ပဲ အိမ်တစ်လုံး ဆောက်ပေးလိုက်တယ် ။ အိမ်တစ်လုံးဆိုပေမယ့် တော်ရုံတန်ရုံ အိမ်မျိုး မဟုတ်ပါဘူး ။ အိမ်ကြီးရခိုင် ပါ ရှင် ။ ပြီးတော့ လစဉ် လည်း ကျကျနနထောက်ပံ့ နိုင်ပါတယ် ။ အခုအခါမှာ ဆိုရင် ကျွန်မ ရဲ့ ဖခင်ကြီး ဟာ တံငါလုပ်ငန်း လည်း မလုပ်ရတော့ဘူး ။ ဘုန်းကြီးကျောင်း နဲ့ ဥပုသ်ဇရပ် မှာ ငြိမ်းငြိမ်းချမ်းချမ်း ဥပုသ်သီလ သီတင်းဆောက်တည် နေ နိုင်ပါပြီ ။ တစ်ခုတော့ ရှိတယ် ။ ကျွန်မ ရဲ့ ကျေးဇူးရှင် သာသနာပြုဆရာမ ကြီး ကတော့ ကွယ်လွန်သွားပြီမို့ ကျွန်မ အနေ နဲ့ ကျေးဇူးဆပ်ခွင့် မရခဲ့ပါဘူး ။ ကျွန်မ အဖို့ ကတော့ သာမန် တံငါသည် တစ်ဦး ရဲ့ သမီး “ မိုးမခ ” သူကလေး အဖြစ် ကနေ မိုးကုတ်မြို့က လူသိ များ တဲ့ ကျောက်သူဌေးကြီး ရဲ့ ဇနီး အဖြစ် ကို ရရှိသွားပြီ မို့ စိန် ၊ ရွှေ ၊ ငွေ ၊ ကျောက်သံပတ္တမြား နဲ့ စည်းစိမ်ဥစ္စာ ဆိုတာ ပြောစရာ မရှိတော့ပါဘူး ။ မိန်းကလေးတွေ ရဲ့သဘာဝ ခပ်ကြွားကြွား ပြောရမယ် ဆိုရင်ဖြင့် ပြီးခဲ့တဲ့နှစ် “ ပျော်ရွှင်ပွဲ ” မှာ ကျွန်မ ဝတ်ထားတဲ့ ပတ္တမြားတွေ ကို ဘုရင်ခံကတော် “ လေဒီကော့ကရိန်း ” ကိုယ်တိုင် သွားရည် ကျ ပြီး ငေး ကြည့်ခဲ့ရပါတယ် ။ ဒါပေမယ့် အဲဒီလို အကောင်းတွေ ထဲ မှာ အဟောင်းပုံ ထဲ က အမှိုက်ကလေး တစ်ခု ဟာ ကျွန်မ မျက်စိ ထဲ ကို အမှိုက်စကလေး အဖြစ် နဲ့ ပြီးခဲ့တဲ့ လ က ဝင်ရောက် ခဲ့တာမို့ ကျွန်မ မှာ ခိုးလိုးခုလု ဖြစ် နေပါတယ် ”
ဟု မခင်ညို က ပြောလိုက်လေ၏ ။
မိုးမခသူ မိန်းမချောကလေး မခင်ညို ၏ ဇာတ်လမ်း မှာ စိတ်ဝင်စားစရာ ကောင်းသော နေရာ သို့ ရောက်ရှိလာပြီ ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ် သည် ဆားပုလင်းနှင်းမောင် ကို လှမ်း၍ ကြည့် လိုက်ရာ ဆားပုလင်းနှင်းမောင် သည် စီးကရက် သောက်လျက် ကုလားထိုင် နောက်မှီ ကို မှီ ကာ အိပ်ပျော် နေပြီ ဖြစ်၏ ။
“ ဆက်ပြီး ပြောပါဦး မခင်ညို ”
ဟု ကျွန်ုပ် က ဝင်၍ ထောက် လိုက် လေ၏ ။
“ အဲဒါက ဘာလဲ ဆိုတော့ ကောလိပ် တုန်း က ကျွန်မ နဲ့ လူငယ်ဘာဝ ချစ်ကြိုးသွယ်ခဲ့ဖူးတဲ့ မောင်လူကလေး ဆိုတဲ့ လူ က ကျွန်မ နဲ့ သူ ရေစပ် တစ်ခု မှာ တွဲ ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ကို စာတိုက် က နေ မှတ်ပုံတင် လုပ်ပြီး ကျွန်မ ဆီ ကို ပို့ လိုက်တယ် ရှင့် ။ အဲဒီ တုန်း က သူ နဲ့ ကျွန်မ တွဲ ပြီးရိုက် ထားတဲ့ ဓာတ်ပုံ တွေ အပြင် ရေစပ် မှာ ကျွန်မ တစ်ယောက် တည်း ရိုက်ထားတဲ့ ပုံတွေ လည်းရှိသေးတယ် ရှင့် ။ ချစ်သူ နဲ့ တွေ့ရတုန်း ပျော်မြူးရွှင်ပျနေတုန်း ရိုက်ထားတဲ့ ပုံတွေ ဆိုတော့ ပုံတွေ က အသက် ဝင်ပြီး ကောင်းလိုက်တာ ရှင် ။ အဲဒါနဲ့ ကျွန်မ ဟာ အဲဒီ ပုံတွေ ကို ပုံကြီးချဲ့ ၊ ဆေးရောင် ခြယ်ပြီး သိမ်း ထားခဲ့ပါတယ် ။
မိုးကုတ်သူဌေး နဲ့ အိမ်ထောင် ကျတဲ့ အခါ မှာ အဲဒီ ပုံတွေ ကို မှန်ပေါင်ကောင်းကောင်း တပ်ပြီး ဧည့်ခန်း မှာ ချိတ် တော့တာပဲ ရှင့် ။ ကျွန်မ ယောကျာ်း ဟာ အဲဒီ ပုံတွေ ကို ကြည့်ပြီး သူ့နှုတ်ခမ်း ကို တွန့်ပြီး မသိမသာလေး ပြုံးလိုက်တာကို ကျွန်မ ရုတ်ခနဲ မြင် လိုက်ဖူးတယ် ။ အဲဒီ တော့ ကျွန်မ က လည်း ဘာ ပြုံးတာလဲ ကိုကို လို့ မေးတော့ သူ က ဒီ ပုံတွေ ကို ရုတ်တရက် ကြည့်မယ် ဆိုရင်ရင်တော့ လူ တစ်ယောက် တည်း မတ်တတ် ရပ် နေတာပဲ တွေ့ရမှာ ပဲ အညို ။ ဒါပေမယ့် တကယ် ကတော့ ဒီ နား မှာ အညို အပြင် အခြား တစ်ယောက် ရှိ နေတယ် ။
အဲဒါက ဘယ်သူလဲ ဆိုတော့ ဓာတ်ပုံ ရိုက်ပေးတဲ့ လူ ပဲ ။ ဘာပဲ ပြောပြော မင်း ရယ် ၊ အဲဒီ ဓာတ်ပုံ ရိုက်ပေးတဲ့ သူရယ် အဲဒီ ရေစပ် ကို နှစ် ယောက် အတူ ရောက် ခဲ့တယ် ဆိုတာတော့ ငြင်းလို့ မရဘူး ။ အဲဒီ တော့ ဓာတ်ပုံ ရိုက်ပေးတဲ့ သူ ဟာ ဓာတ်ပုံဆရာ တစ်ယောက် ဖြစ် နိုင်သလို မင်း ရဲ့ချစ်သူ လည်း ဖြစ် နိုင်တယ် ။ ဒီ ပုံတွေ ကို မင်း မြတ်မြတ်နိုးနိုး ချိတ်ထားတာ ကို က အဲဒီ လူ ကို မင်း အနေ နဲ့ မေ့ မပစ်နိုင်သေးဘူး လို့ အဓိပ္ပာယ် ရ နေတယ်လို့ ပြော တော့တာပဲ ရှင် ။
အဲဒီ တော့ ကျွန်မ က ကိုကို ကလည်း အတော့် ကို အတွေး ခေါင်တာပဲ ။ ကျောင်းသူကျောင်းသားတွေ ပျော်ပွဲစား ထွက် ရင်း ပါ လာတဲ့ဓာတ်ပုံဆရာ က ရိုက် ပေးတာပါ ။ ကျွန်မ မှာ ရည်းစား ဆို လို့ မူး ရင်တောင် ရှူစရာ မရှိပါဘူး လို့ ပြော လိုက်တယ် ။ အဲဒီ အခါမှာ ကျွန်မ ယောက်ျား က ကောင်းပြီလေ ။ အဲဒီ ရှူစရာ မရှိ တဲ့ သတ္တဝါမျိုး နဲ့ ပတ်သက်ပြီး ဇာတ်လမ်း တစ်ခုခု ပေါ်ပေါက်လာ ရင်တော့ မင်း ကို အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းမ တစ်ယောက် အဖြစ် နဲ့ကွာ ပစ်ရလိမ့်မယ် ။ အဲဒါကို မင်း ကြပ်ကြပ် မှတ်ထားပါ ။ ဒါပဲ အညို လို့ ပြော တော့တာပဲ ။ အဲဒီလို ပြောပြီး ဘာမှ မကြာပါဘူး ရှင် ။ မောင်လူကလေး ဆီ က နေ စာ တစ်စောင်ရောက် လာတယ် ။ အဲဒီ စာအိတ် ကို ဖွင့်ပြီး ဖောက်ပြီး ကြည့်လိုက်တော့ မောင်လူကလေး နဲ့ ကျွန်မ ရေစပ် မှာ ဖက် ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံ ထွက် လာတယ် ။ ဓာတ်ပုံ ရဲ့နောက် မှာ စိမ်းကားသူကြီး မခင်ညို ၊ ချစ်ပါတယ် လို့ သစ္စာ ထားခဲ့တာတွေ သူဌေးကတော် ကြီး ဖြစ်လို့ မေ့သွားပြီလား ဆိုပြီး ရေး ထားတဲ့ မောင်လူကလေး ရဲ့လက်ရေး နဲ့ ရေး ထားတဲ့ စာ ကို တွေ့ ရတယ် ။ အဲဒီ ဓာတ်ပုံ ကို ကြည့် နေတုန်း ကျွန်မ ယောက်ျား ရောက် လာတာ နဲ့ ကျွန်မ လည်း ဓာတ်ပုံ ကို စာအိတ် ထဲ ကပျာကယာ ပြန် ထည့် လိုက်တယ် ။ ပြီးတော့ စာအိတ် ကို အမှုမဲ့ အမှတ်မဲ့ သဘော နဲ့ စားပွဲ ပေါ် ပဲ အသာ တင် ထားလိုက်တယ် ။
ကျွန်မ ယောကျာ်း က ကျွန်မ ကို ဘယ်က စာ လဲ လို့ လှမ်းပြီးမေး တယ် ။ ကျွန်မ က မိုးမခ က အမေ တို့ ရေး လိုက်တဲ့ စာပါ လို့ ခပ်လွယ်လွယ် ပဲ ပြန် ဖြေလိုက်တယ် ။ ကျွန်မ ယောက်ျား လည်း ကျွန်မ ပြောတဲ့ စကား ကို ယုံသွား ပုံ ရတယ် ။ ဘာမှ ထပ်ပြီး မပြောတော့ဘူး ။ ဒါပေမယ့် ကျွန်မ ယောက်ျား နောက် မှာ သူ့ တပည့် ရကွတ် ဆိုတဲ့ ကုလားတစ်ယောက် ကပ် ပြီးပါ လာတယ် ။ အဲဒီ ရကွတ် ကတော့ ကျွန်မ တို့ လင်မယား စကား ပြော နေတုန်း မယောင်မလည် နဲ့ စားပွဲ နား ကပ်သွားပြီး စာအိတ် ထဲ က ဓာတ်ပုံ ကို ဆွဲထုတ် ကြည့်လိုက်တယ် ။ အဲဒီ လိုလည်း ကြည့် ပြီးရော ဓာတ်ပုံ ကို သူ့ အိတ် ထဲ ဆွဲ ထည့် လိုက်တော့တာပါပဲ ။ စာအိတ် ကို တော့ စားပွဲ ပေါ် ပြန် ချ ထားခဲ့တယ် ။ သူ ကတော့ ကျွန်မ မမြင်ဘူး ဆိုပြီး လုပ် နေတာ ။ ကျွန်မ က မြင် နေတယ် ။ ကျွန်မ ယောက်ျား ကတော့ သူ့ ကို ကျော ပေးထားတာ မို့ လုံးဝ မမြင်ဘူး ။ ပြီးတော့ ကျွန်မယောက်ျား က စကား ပြောပြီးလို့ အခန်း ထဲ က လည်း ထွက်သွား ရော သူ လည်း လိုက်ပြီးထွက် သွားတယ် ။ ကျွန်မယောက်ျား ရှေ့မှာ အဲဒီ ဓာတ်ပုံ ကို သူ့ ဆီ ကကျွန်မ က ဘယ်လိုလုပ်ပြီး ပြန် တောင်းရမှာ လဲ ရှင် ။ ကျွန်မ ဇာတ်လမ်း ကတော့ ဒါပါပဲ ရှင် ”
ဟု စကား ရပ် လိုက်သည့် အခါ ၌ ကျွန်ုပ် က ဆားပုလင်းနှင်းမောင် ကို နှိုးမည် ဟု ကြည့်လိုက်ရာ ဆားပုလင်းနှင်းမောင်က မျက်စိ မှိတ်လျက် နှင့် ..
“ ဒီမှာ မခင်ညို ။ အဲဒီ ကိစ္စ ကို ဖောက်ထွင်းဝိဇ္ဇာ စိန်မျက်ခုံး တို့နဲ့ တိုင်ပင်ပြီး အလုပ် လုပ်ကြည့်ပြီးပြီ မဟုတ်လား ။ စိန်မျက်ခုံး တို့ လက်မြှောက် မှ ကျုပ် ဆီ ရောက် လာတယ် ထင်တယ် ”
ဟု ပြော လိုက်လေ၏ ။
“ မှန်တာပေါ့ ရှင် ။ ဒါကြောင့် လည်း ဆားပုလင်းနှင်းမောင် .. ဆားပုလင်းနှင်းမောင် လို့ နာမည် ကြီး ပေတာကိုး ။ စိန်မျက်ခုံး တို့ ကို ကျွန်မ ငွေသုံးသောင်း ပေးပြီး အဲဒီ ကိစ္စ ကို ကြိုးပမ်း ခိုင်းတယ် ။ သူတို့ လည်း အတတ်နိုင်ဆုံး ကြိုးပမ်းကြတာပါပဲ ။ ဒါပေမယ့် မအောင်မြင်ဘူး ရှင့် ။ သူတို့ က ပဲ ရှင့် ဆီ ကို သွားဖို့ ညွှန် လိုက်တာပါ ။ သူတို့ ပြောတဲ့ စကားအတိုင်း ပြော မယ် နော် ။ ရှင် စိတ် မဆိုးရဘူး ”
ဟု မခင်ညို က ပြောလေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က ..
“ ဆိုစမ်းပါဦး စိန်မျက်ခုံး က ကျုပ် ကို ဘယ်လို ချီးမွမ်း လိုက်လဲ ။ ဒီကောင် တွေ ကျုပ်အကြောင်း အကောင်း တစ်ခု မှ ပြော မှာ မဟုတ်ဘူး ”
ဟု ပြောလိုက်ရာ မခင်ညို က ..
“ စိန်မျက်ခုံး ပြောတာက ဒီလို ရှင့် ။ “ ကျုပ်တို့ တော့ ဒီကိစ္စ ကို လက် မြှောက်ပြီ ။ ကျုပ် တို့ထက် သူခိုးဉာဏ် ပို ရှိတဲ့ ဆားပုလင်းနှင်းမောင် ဆီ ကိုသွားဗျ ” တဲ့ ”
ဟု ပြောလိုက်လေ၏ ။
“ စိန်မျက်ခုံး ပြောတာ မှန်ပါတယ် မခင်ညို ။ သူခိုး ကို ဖမ်းတဲ့ အခါ မှာ ငါ သာ သူခိုး ဖြစ်ရင် ဘယ်လို လုပ်မလဲ လို့ သူခိုးလို စဉ်းစား ရပါတယ် ။ သူခိုးဉာဏ် ကို အသုံး ပြုရပါတယ် ။ လူသတ်သမား ကို ဖမ်းဖို့ စဉ်းစားတဲ့ အခါ မှာ လည်း ဒီလိုပါပဲ ။ ငါ သာ လူသတ်သမား ဖြစ်ရင် ဘယ်လို လုပ်မလဲ ဆိုပြီး လူသတ်သမား နေရာ ကနေ စဉ်းစား ရပါတယ် ”
ဟု ဆားပုလင်းနှင်းမောင် က ပြန်၍ ပြော လိုက်လေ၏ ။
“ ဘယ်လိုပဲ လုပ် လုပ်ပါ ရှင် ၊ ကျွန်မ ကတော့ အဲဒီ ပစ္စည်း ကို ပြန် လိုချင်တာပါပဲ ၊ ပြီးတော့ ကျွန်မ က ကျေးဇူး သိ တတ်ပါတယ် ရှင့် ”
ဟု မခင်ညို က ပြောလိုက်လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က ..
“ ရာကွတ် က ရန်ကုန် မှာ နေတယ် မဟုတ်လား ။ အဲဒီ တော့ ရာကွတ် ကို မိုးကုတ် လာအောင် ခင်ဗျား ယောက်ျား ကို ပရိယာယ် ဆင်ပြီး ခေါ်ခိုင်း လိုက်မယ် ။ ရာကွတ် က မိုးကုတ် ကို လာ နေတုန်း မှာ သူ့ အိမ် ကို စိန်မျက်ခုံး တို့ ကို ဝင်ပြီး ရှာခိုင်းမယ် ။ ပြီးတော့ ရာကွတ် မိုးကုတ် မှာ နေတုန်း ရာကွတ် ဆီ မှာ ခင်ဗျား လိုချင်တဲ့ ဓာတ်ပုံ ရှိ မရှိ ဆိုတာ ကို ခင်ဗျား ကိုယ်တိုင် ရှာ ကြည့်ရလိမ့်မယ် ”
ဟု ပြောလိုက်ရာ မခင်ညို က ..
“ ဟုတ်ပါတယ် ရှင် ။ ရာကွတ်မိုးကုတ် ကို လာတုန်း စိန်မျက်ခုံး တို့ လူစု က ရာကွတ်အိမ် ကို ဖောက်ထွင်း ဝင်ပြီး စိတ်ကြိုက် ရှာကြတယ် ။ ကျွန်မ က လည်း မိုးကုတ် ကျွန်မ တို့ အိမ် ကို ရာကွတ် ရောက် နေတုန်း မှာ စိတ်ကြိုက် ရှာ တော့တာပဲ ။ ရာကွတ် ရေချိုးခန်း ဝင်တုန်း အပြင် ကနေ ရေချိုးခန်း တံခါး ကို ကန့်လန့် ထိုး ပိတ် လိုက်ပြီး သူ့ သေတ္တာတွေ ၊ သူ့ အဝတ်အစားတွေ အားလုံး မွှေနှောက် ပြီး စိတ်ကြိုက် ရှာ လိုက်တာပဲ ။ ရှာလို့ ကျေနပ် မှ သူ့ ကို ရေချိုးခန်း တံခါး ဖွင့်ပေး လိုက်တာပဲ ။ ဒါပေမယ့် ရာကွတ် က ဘာမှ မပြောရှာဘူး ၊ မခင်ညို က တယ်ပြီး အကျီစား သန်တာကိုး လို့ မခိုးမခန့် ပြော တာတော့ ရှိ တာပေါ့ ရှင် ။ ကျွန်မ ဟာ ရာကွတ် ဆီ ရောက်နေတဲ့ ဓာတ်ပုံ ကို မရလို့ မ ဖြစ်ဘူး ရှင့် ၊ ဒီ ဓာတ်ပုံ နဲ့ ကျွန်မ ကို ငွေ ညှစ် နိုင်တယ် ။ ပြီးတော့ ကျွန်မ ယောက်ျား ကို ပေး လိုက်တာ နဲ့ ကျွန်မ ဟာ သူဌေးကတော် ဘဝ က နေ ချက်ချင်း စုတေစိတ် ကျ သွားနိုင်တယ် ။ ကျွန်မ မိဘတွေ လည်း ကောင်းကောင်းမွန်မွန် နေရာ ကနေ ဒုက္ခ ရောက် သွားနိုင်တယ် ။ အဲဒါကြောင့် ရာကွတ် ဆီ ကို ရောက်နေတဲ့ ကျွန်မ နဲ့မောင်လူကလေး တွဲ ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ဟာ ကျွန်မ ရဲ့ အသက် ဆိုလည်း မမှားပါဘူး ။ အဲဒါကြောင့် တစ်ဆိတ်ကလေး ကြိုးစား ပေးပါ ရှင် ”
ဟု ပြော လိုက်လေ၏ ။
ထိုအခါ ဆားပုလင်းနှင်းမောင် က ..
“ ကျုပ် ကို တစ်ပတ် လောက် စဉ်းစားခွင့် ပေးပါဦး ”
ဟု ပြော လိုက်လေ၏ ။
ထိုအခါ မခင်ညို က ..
“ ကျေးဇူးတင်ပါတယ်ရှင် ”
ဟု ပြောဆို ကာ ဆားပုလင်းနှင်းမောင် ရော ကျွန်ုပ် ကို ပါ နှုတ်ဆက် ၍ ပြန် သွားလေတော့၏ ။
မခင်ညို ပြန် သွားသော အခါ၌ ကျွန်ုပ် က ..
“ ဘယ်လိုလဲ အိုင်ဆေး ”
ဟု မေးလိုက် ရာ ..
“ ကြိုးစား ပေးရမှာ ပေါ့ ဗျာ ၊ အကျင့်စာရိတ္တ ပျက်စီးခြင်း မရှိတဲ့ ကျုပ်တို့ မြန်မာအမျိုးသမီးလေး တစ်ဦး ငယ်စဉ် က ရည်းစား ထားဖူးတာ နဲ့ ပဲ ဒုက္ခ ရောက်ရတော့ မှာ လား ။ ဒါကိုတော့ ကျုပ် တို့ ကယ်တင် ရ မှာ ပေါ့ ”
ဟု ပြန်၍ ပြောလေ၏ ။
“ ကယ်တင်တာ က ဟုတ်ပါပြီဗျာ ။ တစ်ပတ် အတွင်း ရာကွတ် ဆီ က ဓာတ်ပုံ ကျုပ်တို့ လက် ထဲ ရောက်ဖို့ လွယ်ပါ့မလား ”
ဟု ကျွန်ုပ် က မေးလိုက်လေ၏ ။
“ မခင်ညို က တစ်ပတ် အထိ စောင့် မှာ မဟုတ်ဘူး ဗျ ။ မနက်ဖြန် လောက် ကို ပဲ ကျုပ်တို့ ဆီ တစ်ခေါက် လာလိမ့်ဦးမယ် ထင်တယ် ။ ဒီ ကိစ္စ အတွက် သူ့ ခမျာ စားမဝင် အိပ်မပျော် ဖြစ် နေရှာတယ် မဟုတ်လား ”
ဟု ဆားပုလင်းနှင်းမောင် က ပြန်၍ ပြော လိုက်လေ၏ ။
ထို့နောက်တွင် ကား ဆားပုလင်းနှင်းမောင် နှင့် ကျွန်ုပ်တို့ သည် အခေါက်ကင် အလွန်နာမည် ကြီးသော ခွေးနီဆိုင် သို့ သွားကာ ထမင်း စားသောက်ပြီး နောက် လူချင်း ခွဲ လိုက်ကြလေ၏ ။
••••• ••••• •••••
နောက်တစ်နေ့ တွင် ယမန်နေ့ က အချိန် ၌ ကျွန်ုပ် သည် ဆားပုလင်းနှင်းမောင် နေထိုင်ရာ ၂၉၅ ၊ ဘိုးလိန်းလမ်း ဆီ သို့ ရောက်ရှိ ခဲ့ပြန်လေ၏ ။ ကျွန်ုပ် ရောက်ရှိပြီး များ မကြာမီ ၌ ပင် မခင်ညို သည် ရထားလုံး နှင့် ရောက် လာလေတော့၏ ။ ရောက် လျှင် ရောက်ချင်း မခင်ညို က ..
“ ကိုနှင်းမောင် ရယ် တစ်ဆိတ်ကလေး ခပ်မြန်မြန် ရအောင် ကြိုးစားပေးပါ ရှင် ။ ကျွန်မ ကျေးဇူး သိတတ်ပါတယ် ”
ဟု ပြောရာ ဆားပုလင်းနှင်းမောင် က ၎င်း ၏ ကုတ်အင်္ကျီ အိတ် အတွင်း မှ ဓာတ်ပုံ တစ်ပုံကို ထုတ် ၍ မခင်ညို သည် ထို ဓာတ်ပုံ ကို မြင်လျှင် မြင်ချင်း ဓာတ်ပုံ ၏ နောက်ကျော ကို လှန် ၍ ကြည့် လိုက်လေ၏ ။ ထို့နောက် နောက်ကျော မှ စာ ကို ဖတ် လိုက်ပြီး ဆားပုလင်းနှင်းမောင် အား ..
“ ကျေးဇူး တင် လိုက်တာ ကိုနှင်းမောင် ရယ် ”
ဟု ဆိုကာ စားပွဲ ပေါ် တွင် တင်ထားသော ကျွန်ုပ် ၏ မီးခြစ် ကိုကောက် ၍ ယူ ပြီး ထောက်ခနဲ မီးခြစ် ကာ ထို ဓာတ်ပုံအား အပြီးအပိုင် မီးရှို့ ပစ် လိုက်လေတော့၏ ။ ထို့နောက် ၎င်း ၏ လက်ကိုင်အိတ် အတွင်း မှ ချက်စာအုပ် ကို ထုတ်၍ ချက်လက်မှတ် ပေါ် တွင် ငွေ ၁၆၀၀၀ ကျပ် ကို ရေး ၍ လက်မှတ် ရေး ထိုး ကာ ဆားပုလင်းနှင်းမောင် ၏ လက် သို့ ထည့် ပြီးလျှင် ၎င်း ကမူ ကြမ်းပြင် ပေါ် သို့ ကျုံ့ကျုံ့ရုံ့ရုံ့ ဆင်း ၍ ထိုင် ကာ ဦးချ ကန်တော့ လေတော့၏ ။
မခင်ညို သည် ပေါ့ပါးမြူးထူး စွာ ပြန် သွားလေတော့၏ ။ မခင်ညို ပြန် သွားသော အခါ ကျွန်ုပ် က ဆားပုလင်းနှင်းမောင် အား ..
“ အိုင်ဆေး .. မနေ့ က အကူအညီ လာ တောင်းတဲ့ ကိစ္စ ဒီ ကနေ့ ပဲ ဖြစ်အောင် လုပ်ပေးနိုင်တာ ကိုတော့ ချီးကျူးစရာပဲဗျာ ”
ဟု ပြော လိုက်လေ၏ ။
“ အမှန်က ဒီ ဓာတ်ပုံ ဟာ မနေ့ ကတည်း က ကျုပ် လက် ထဲ ကိုရောက်နေပြီ ။ အိုင်ပီ ပြန်သွားပြီး တစ်နာရီ အတွင်း မှာ ရောက် နေတာပဲ ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။
“ မြန်လှချည်လား ဗျာ ။ ဘယ်လို ရတာ လဲ ”
ဟု ကျွန်ုပ် က မေး လိုက်လေ၏ ။
“ ဒီလို အိုင်ပီ ။ မနေ့က မခင်ညို ကို မြင် လိုက် ကတည်း က ကျုပ် ဖြင့် အတော့် ကို သနားသွားတယ် ။ အဲဒါကြောင့် မခင်ညို အမြန်ဆုံး စိတ် ချမ်းသာအောင် လုပ်ပေးဖို့ ကျုပ် ဆုံးဖြတ် လိုက်တယ် ။ အဲဒီ လိုဆုံးဖြတ် ပြီးတာ နဲ့ ရာကွတ် ဆီ ကို ကျုပ် မလိုက်တော့ဘူး ။ မခင်ညို နဲ့ ရည်းစား ဖြစ်ဖူးတယ် ဆိုတဲ့ မောင်လူကလေး ဆီ ကျုပ် က လိုက် သွားတယ် ။ မောင်လူကလေး ကို စုံစမ်းဖို့ ကလည်း ဘာများ ခက် လို့လဲဗျာ ။ မခင်ညို တို့ အိုင်အေတန်း တက်တဲ့ နှစ် တုန်း က ကျောင်းသူ ၊ ကျောင်းသားတွေ ကို စုံစမ်း လိုက်တော့ ရာဇဝတ်ဝန် မစ္စတာဖော်စတာသမီး နဲ့ မခင်ညို နဲ့ တစ်တန်း တည်း ဗျ ။ မစ္စတာဖော်စတာ ရဲ့သမီး ဂျင်နီ ကို မေး ကြည့်တော့မောင်လူကလေး အကြောင်း ကောင်းကောင်း သိ တာပေါ့ဗျာ ။ ဒီကောင် က လည်း အိုင်အေအထက်တန်း အောင် ပြီး မှ နတ်ကတော် လုပ် နေတယ် ဆို ပဲ ။ အဲဒီ တော့ ကျုပ် ဒီကောင် နဲ့ သွားပြီး တွေ့တယ် ။ တစ်ခုထူးဆန်းတာ က မခင်ညို နဲ့ သမီးရည်းစား ဖြစ် စဉ်က ဒီကောင် ယောက်ျား စိတ် ဗျ ၊ ခုတော့ သူ က မိန်းမစိတ် ပေါက်နေပြီ ။ အဲဒါ ကျုပ် သူ နဲ့ သွားတွေ့ပြီးတော့ မင်း ဆီ မှာ အဲဒီ ဓာတ်ပုံ တစ်ပုံ ရှိဦးမယ် ပြောတော့ မောင်လူကလေး က ဝန်ခံတယ် ။ အဲဒါနဲ့ ကျုပ် က သူ့ ကို ဓာတ်ပုံ နောက် မှာ စာ ရေး ခိုင်းတယ် ။ ပြီးတော့ မောင်လူကလေး ကို မခင်ညို ကို မနှောင့်ယှက်ဖို့ ၊ နှောင့်ယှက်ရင်လည်း မခင်ညို ဘက် မှာ ဆားပုလင်းနှင်းမောင် ရှိ နေတယ် ။ ဘာညာ နဲ့ ခြောက်လှန့် ပြီး ယူခဲ့တာပဲ ။ မခင်ညို ကို ပေးလိုက်တဲ့ ဓာတ်ပုံ ဟာ ရာကွတ် ဆီ က ဓာတ်ပုံ မဟုတ်ဘူး ။ မောင်လူကလေး ဆီ က ပုံ ဗျ ။ မခင်ညို မြန်မြန် စိတ်ချမ်းသာအောင် ပေး လိုက်တာ ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ် က ..
“ ရာကွတ် ဆီ က ဓာတ်ပုံ ကို ဘယ့်နှယ် လုပ်ပြီး ရအောင် လုပ်မှာ တုံး ”
ဟု မေး လိုက်ရာ ဆားပုလင်းနှင်းမောင် က …
“ ကျုပ် ရာကွတ် ကို ကျုပ် နဲ့ လာ တွေ့ဖို့ ခေါ်ထားတယ် ။ ဟော .. ပြောတုန်း ဆိုတုန်း ဟိုမှာ လာ တာ က ရာကွတ် ပဲဗျို့ ”
ဟု ပြော လိုက်သဖြင့် ကျွန်ုပ်လည်း ကြည့်လိုက်ရာ ဥရောပဝတ်စုံ ကို အကျအန ဝတ်ထားသော ဂင်တိုတိုကုလား တစ်ယောက် ကို တွေ့ ရလေသည် ။ ထို သူ သည် ဆားပုလင်းနှင်းမောင် အား…
“ ကောင်းသော နံနက်ခင်းပါ ”
ဟု နှုတ်ဆက် ကာ မခင်ညို ထိုင်သွားသော ခုံ တွင် ထိုင် လိုက်လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က ရာကွတ် ၏ မျက်စိ နှစ်လုံး အကြားနှာခေါင်းရင်း ဆီ သို့ စိုက်ကြည့် ပြီး လျှင် …
“ ဒီမှာ ရာကွတ် ။ မဂိုလမ်း က ဘာဘူကုလားစိန်တိုက် မှာ တစ်နေ့က မင်း စိန် ဝယ်သွားတယ် ။ အဲဒီ တုန်း က စိန်ဖိုး အတွက် ချေ သွားတဲ့ ငွေစက္ကူတွေ ထဲ မှာ ငွေစက္ကူအတု တွေ ရောပြီး ပါ နေတယ် ။ အဲဒီ ငွေစက္ကူအတုဂိုဏ်း ကို ငါတို့ စုံစမ်း နေတာ ကြာပြီ ။ အဲဒီ တော့ မင်း … ထောင် ထဲ မှာ ငါးနှစ် သွား နေပြီး အလုပ်ကြမ်း လုပ် မလား ။ မင်း ကုတ်အင်္ကျီ အိတ် ထဲ မှာ ပါ လာတဲ့ မခင်ညို နဲ့ မောင်လူကလေး နဲ့ ရိုက် ထားတဲ့ ဓာတ်ပုံ ကို ငါ့ ကို ပေးမလား ”
ဟု ပြော လိုက်ရာ ရာကွတ်သည် ၎င်း ၏ ကုတ်အင်္ကျီ အိတ် အတွင်း မှ မခင်ညို တို့ ၏ ဓာတ်ပုံ ကို ထုတ်၍ ပေးလေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ဓာတ်ပုံ ကို မီးခြစ် ခြစ်၍ ရှို့ပြီး နောက် ..
“ မင်း သွားနိုင်ပြီ ။ မြန်မာပြည်မှာ မင်းတို့ လို တိုင်းတစ်ပါးသားတွေ နေခွင့် ရှိပါတယ် ။ ဒါပေမယ့် ကောင်းမွန်စွာ နေထိုင်ဖို့တော့ မင်းတို့ မှာ ဝတ္တရား ရှိတယ် ။ ဒါပဲ ငါ ပြောချင်တယ် ။ သွားတော့ ”
ဟု ပြောလိုက် ရာ ရာကွတ်သည် ဖင် ကို သံချွန် နှင့် ထိုးလိုက်သည့် အလား ဆတ်ခနဲထ၍ သုတ်ခြေတင် သွားလေတော့၏ ။ ထိုအခါ ကျွန်ုပ် က ..
“ ဒီမှာ ကိုနှင်းမောင် ။ တကယ်ပဲ စိန်ဖိုး ချေတဲ့ ငွေတွေ ထဲ မှာ ငွေစက္ကူအတုတွေ ပါ နေလို့လား ”
ဟု မေး လိုက်ရာ ဆားပုလင်းနှင်းမောင် က ..
“ မပါပါဘူး အိုင်ပီ ။ ဒါပေမယ့် တစ်ခါ က ဒီကောင် ငွေစက္ကူဂိုဏ်းတစ်ခု နဲ့ တွဲ ပြီး အလုပ် လုပ်ဖူးတယ် ဗျ ။ အဲဒီ တုန်းက ကျန်တဲ့ လူတွေ အားလုံး ထောင် ကျသွားတယ် ။ ဒီကောင် တစ်ကောင် ပဲ လွတ်ကျန် နေခဲ့တာ ။ ဘာပဲ ဖြစ် ဖြစ်ပါ ။ ရာကွတ် ဟာ လူပါး တစ်ယောက် ပဲ ။ ကျုပ် လို လူ နဲ့ ပြဿနာ ဖြစ် ရင် သူ့ အတွက် နစ်နာဖို့ ရှိတယ် ဆိုတာ သဘော ပေါက်ပြီးသား ပဲ ”
ဟု ပြော လိုက်လေ၏ ။
“ နေစမ်းပါဦး ကိုနှင်းမောင် ရဲ့ ။ ရာကွတ် က အခုလို ဓာတ်ပုံ ကို အေးအေးဆေးဆေး ထုတ် ပေးသွားလို့ ကိုး ။ မပေးဘူး ဆိုရင် ဘယ့်နှယ့် လုပ်မတုံး ”
ဟု ကျွန်ုပ် က မေးလိုက်ရာ ဆားပုလင်းနှင်းမောင် က စားပွဲအောက် တွင် အသင့်ချ ထားသော ခြောက်လုံးပြူး ကို ထုတ်၍ ပြ လေ၏ ။
“ ဒါနဲ့ချိန်ပြီး နှိုက် ယူရမှာ ပဲ ”
ဟု ဆားပုလင်းနှင်းမောင် က ပြောလိုက်လေ၏ ။
“ ဒါ ကတော့ ခင်ဗျား ညစ်တာပဲ ”
ဟု ကျွန်ုပ် က ပြော လိုက်ရာ ဆားပုလင်းနှင်းမောင် က သဘော ကျ၍ ခွက်ထိုးခွက်လန် ရယ်လေ၏ ။ ထိုသို့ ရယ်ပြီးနောက် …
“ ညစ် တဲ့ လူ ကို ညစ် တဲ့ နည်း နဲ့ပဲ အနိုင် ယူ ရမယ် အိုင်ပီ ။ ဒီလို လူညစ်တွေ အတွက် ကျုပ် ရဲ့ ဦးနှောက် ကို အသုံး မပြုနိုင်ဘူး ။ ကဲပါ အိုင်ပီ ။ သွားကြရအောင် ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။
“ ဘယ်ကိုလဲ ”
ဟု ကျွန်ုပ် က မေး လိုက်ရာ ဆားပုလင်းနှင်းမောင် က ..
“ မိုးမခသူ မိန်းမချောလေး ပေးသွားတဲ့ ငွေ တစ်သောင်း ခြောက်ထောင် ကို အမျိုးသမီးစောင့်ရှောက်ရေး အသင်း ကို သွား လှူ ရအောင်လေ ”
ဟု ပြန်၍ ပြော လေ၏ ။
“ ခင်ဗျား အကုန်လုံး လှူ ပစ် လိုက်မှာ လား ။ ခင်ဗျား အတွက် နည်းနည်း ပါးပါး ချန် မထားတော့ဘူးလား ”
ဟု ကျွန်ုပ် က မေးလိုက်ရာ ဆားပုလင်းနှင်းမောင် က ..
“ ငွေပို ငွေလျှံ ရှိ တိုင်း ကောင်းတာ မဟုတ်ဘူး အိုင်ပီ ။ တစ်ခါတလေ ငွေ က လူ ကို ဒုက္ခ ပေးတတ်သေးတယ် ဗျ ။ ကျုပ် ဖြင့် လစဉ် သုံးဖို့စွဲဖို့လေး ရရင် ရောင့်ရဲ နိုင်ပါတယ်ဗျာ ”
ဟု ပြော လိုက်လေ၏ ။
ထို့နောက်တွင် ကား မိုးမခသူ မိန်းမချောကလေး ၏ အလှူငွေများ ကို လှူဒါန်းပေးရန် အတွက် နှစ် ယောက် သား မော်တော် ကား ဖြင့် ထွက်ခဲ့ကြလေတော့သတည်း ။
◾မင်းသိင်္ခ
📖 တစ်ပွဲစားဦးနှော
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment