အခန်း ( ၉ )
နှင်းဆီပန်း ၏ လှပသော အနီရောင် ကို မြင်ဖူးပါသလား ။ ရက်စက်ကြမ်းကြုတ်သော ကျားသစ် တစ်ကောင်
ပါးစပ် ဖြဲ ထားသော အခါတွင် ကျားသစ် ၏ အာခေါင် သည် နှင်းဆီရဲ တစ်ပွင့် လို ရဲရဲနီနေသည် ကို မြင် ရပါလိမ့်မည် ။
အနီရောင် သည် လှပခြင်း နှင့် အတူ ရက်စက်ခြင်း ၏ နိမိတ်ပုံ ကို ပါ ခေါ်ဆောင်လာသည် ဟု ထင်ရ၏ ။
မစ္စတာဂစ်တာကဖေးဆိုင် ၏ သီချင်းည တစ်ည တွင် အနီရောင် စူးစူးရဲရဲ ဝတ်စုံ ကို ဝတ်ဆင်ထားသော
ဆိုဖီယာလပြည့်ဝန်း ကို မြင်လိုက်သော အခါ စိုးရှား သည် ကျားသစ် တစ်ကောင် ၏ ပါးစပ် ကို မြင် လိုက်ရသည် ဟု
စိတ် ထဲ က အောက်မေ့ မိလေသည် ။
••••• ••••• ••••• •••••
အဲသည် ည က ...
ကဖေးဆိုင် ထဲ မှ ဟော်လိုဂစ်တာ ဖြင့် တီးခတ်နေသော ကန်းထရီးသီချင်း သံ ကို ခပ်တိုးတိုး ကြားနေရသည် ။
အပြင်ဘက် မှာ တော့ စားပွဲတစ်လုံး ဖြင့် ကဗျာ ရောင်း နေသော စိုးရှား သည် ပျင်းရိငြီးငွေ့စွာ သမ်းဝေ နေလေသည် ။
ဝါကျင့်ကျင့် လျှပ်စစ်မီးရောင် မှိန်ပျပျလေး ထွန်းညှိထားသည့် အုတ်လှေကား အဆင်းလမ်းကလေး ပေါ် တွင်
အနီရောင် နတ်သမီး တစ်ပါး ဘွားခနဲ ပေါ်လာသည် ။
နှင်းဆီပွင့် နှင့် တူသော အလှတရား ...
ကျားသစ် တစ်ကောင် ၏ ခံတွင်း နှင့် တူသော အလှတရား ...
အဲဒီ နှစ်မျိုး စလုံး ကို ပိုင်ဆိုင်ထားသော ဆိုဖီယာလပြည့်ဝန်း ကို စိုးရှား မြင် လိုက်ရ၏ ။
ဆိုဖီယာလပြည့်ဝန်း ၏ နံဘေး တွင် မိန်းကလေးသူငယ်ချင်း အဖော် တစ်ယောက် ပါသည် ။ စိုးရှား က သူတို့
ကို ကြာကြာ စိုက် မကြည့်ဘဲ မျက်လုံး လွှဲ ပစ်လိုက်၏ ။
ဆိုဖီယာလပြည့်ဝန်း က စိုးရှား ၏ စားပွဲ ကို ဖြတ်ကျော်ကာ ဆိုင် ထဲ ဝင် သွားတော့ မလို လုပ် ပြီးမှ ခြေလှမ်း ကို
တုံ့ခနဲ ရပ်တန့်လိုက်သည် ။ ထိုနောက် ' ကဗျာဆိုင် ' ဆိုသော ဆိုင်းဘုတ် ကို အသေအချာ စိုက်ကြည့်ရင်း စာပွဲ ရှေ့ တွင်
ခြေစုံ ရပ်ပြီး ...
“ ကဗျာ တစ်ပုဒ် ဘယ်လောက်လဲ ”
စိုးရှား က မော့ မကြည့်ဘဲ ...
“ တစ်ပုဒ် သုံးထောင် ”
“ ကျွန်မ တစ်ပုဒ် လောက် ဝယ်ချင်တယ် ဘယ်လို ဝယ်ရမလဲ ”
“ ကြိုက်တဲ့ စကားလုံး တစ်လုံးကို ရွေးပါ ၊ အဲဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ကဗျာ ရေးပေးမယ် ”
သူမ က ခေါင်း ကို အနည်းငယ်မော့ ကာ စဉ်းစားဟန် ဖြင့် တွေဝေ နေသည် ။ နောက် ...
“ အင်း ... ဘာ စကားလုံး မှလည်း အာရုံ ထဲ မှာ ပေါ်မလာဘူး ၊ ဒီလိုလုပ်လေ ... ကျွန်မနာမည် ဆိုဖီယာ ...
အဲဒီ နာမည် ကို ပဲ ကဗျာ တစ်ပုဒ် ရေးပေး ၊ ရှင့် အတွက် သိပ်များ ခက်ခဲနေမလား မသိဘူး ...”
စိုးရှား က နှုတ်ခမ်းဖျား အစုံ ကို မဲ့ကာ ပြုံး လိုက်၏ ။ စိန်ခေါ်မှုတွေ ကို သိပ်ပြီး နှစ်ခြိုက်တတ်တဲ့ မိန်းမပဲ ။
ဒါ ကဗျာ ဝယ်နေတာ မဟုတ်ဘူး ။ စိန်ခေါ်မှု တစ်ခု ကို အလောင်းအစား လုပ်တာပဲ ။
“ ရပါတယ် ... နောက် နာရီဝက် လောက် နေရင် လာ ယူပါ ...”
“ အင်း ... ဒီမှာ ပိုက်ဆံ သုံးထောင် ထားခဲ့ပြီနော် ...”
သူမ က တစ်ထောင်တန် ငွေစက္ကူ သုံးရွက် ကို စားပွဲပေါ် ချ ပေးခဲ့ပြီး သွက်လက်ပေါ့ပါးစွာဖြင့် ကဖေးဆိုင်
ထဲ သို့ ဝင် သွားသည် ။
စိုးရှား သည် အစိမ်းနုရောင်စာရွက် တစ်ရွက် ကို ဆွဲထုတ် ယူကာ စားပွဲ ပေါ်ဖြန့်ရင်း တွေတွေငေးငေး
စဉ်းစားရင်း ကျန်ခဲ့၏ ။
ဆိုဖီယာ ...
ဆိုဖီယာ ...
ငါ ဘာ အကြောင်း ရေးရပါ့မလဲ ။
ကဗျာ အငွေ့အသက် သန်းသော စကားလုံး တစ်လုံး တစ်လေ မျှပင် သူ့ အာရုံ ထဲ ၌ မပေါ်လာ ။
ကျားသစ် ခံတွင်း နှင့် တူသော သူမ ၏ အလှတရား အကြောင်း ရေးမလား ။ အသီးနား ( ATHENA )
စစ်နတ်သမီး လို စိန်ခေါ်တိုက်ခိုက်မှု ဖြင့် သွေး ဆူနေတတ်သည့် သူမ ၏ နှလုံးသား အကြောင်း ရေး ရမလား ။
စိုးရှား ငိုင်နေသည် ။
သည် တစ်ခါ လည်း ငါ ပဲ ရှုံးနိမ့်ဦးမယ် ထင်ပါရဲ့ ... ။
••••• ••••• ••••• •••••
နာရီဝက် ကို စက္ကန့် အနည်းငယ်မျှသာ စွန်းသော အချိန် ၌ စိုးရှား ၏ စားပွဲ ရှေ့သို့ ဆိုဖီယာလပြည့်ဝန်း
ပြန် ရောက် လာသည် ။ သူမ က ...
“ ကျွန်မ အတွက် ကဗျာ ရပြီလား ...”
စိုးရှား က ဘာမှ ပြန် မပြောဘဲ သေသပ်စွာညခေါက်ထားသည့် အစိမ်းနုရောင် စာရွက်ကလေးကို သူမ ဆီ သို့
လက်ကမ်း ပေး လိုက်သည် ။
စာရွက် ပေါ် တွင် စာသားတစ်လုံး မှ ရေးမထား ။ သင်္ချာအက္ခရာ ဂဏန်း လေးလုံး တည်းသာ ။
“ ၁.၆၁၈ ”
သူမ က စိုးရှား ၏ မျက်နှာ ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး ...
“ ဒါ ကောင်းကင်ဘုံ ဂဏန်း လို့ Divine Proportion ပဲ ဥစ္စာ ၊ ဒါကို ကဗျာ လို့ ခေါ်သလား ”
ဆိုဖီယာလပြည့်ဝန်း ၏ မေးခွန်းကြောင့် စိုးရှား က လက်ချောင်း မှ အဆစ်လေးများကို တဖျစ်ဖျစ် မြည်အောင်
ချိုးရင်း အညောင်း ဖြေနေရာမှ ...
“ မင်း ရဲ့နာမည် ဆိုဖီယာ ထဲ မှာပါ တဲ့ ဖီ ( PHI ) ဆိုတဲ့ စကားလုံး ဟာ ကောင်းကင်ဘုံ ဂဏန်း ကို ကိုယ်စားပြု
ထား တဲ့ အခေါ်အဝေါ် ပဲ ၊ မင်း နာမည် ကို ဒီထက် ပိုပြီး ခမ်းနားအောင် ဖွဲ့နိုင်မယ့် စကားလုံး မရှိတော့ဘူး ဆိုရင်
မင်း လက်ခံမှာပါ ... ဟုတ်တယ် မဟုတ်လား ...”
ဆိုဖီယာလပြည့်ဝန်း က ပြုံးသည် ဆိုရုံမျှ သဲ့သဲ့ကလေး ပြုံးသည် ။ ထိုနောက် ...
“ ရှင် ဘယ်သူလဲ ...”
“ မင်း ဒီမေးခွန်း ကို မေးတာ နှစ်ကြိမ် ရှိသွားပြီ ...”
သူ့ တုံ့ပြန် စကားကြောင့် ဆိုဖီယာလပြည့်ဝန်း တစ်ကိုယ်လုံး မြွေဟောက် တစ်ကောင် ၏ ပေါက်ခါနီး ဆဲဆဲ
အမူအရာမျိုး တောင့်ခနဲ ဖြစ်သွားသည် ။ ထိုနောက် သူ့ ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း တစ်စုံတစ်ခု ကို ပြန်သတိရ သွား
ဟန် ဖြင့် ...
“ ဈေးရောင်းပွဲတော် မှာ တုန်း က မေးခွန်းတွေ ကို ဖြေပေးတာ ရှင် ပဲလား ...”
“ ဟုတ်တယ် ... ကိုယ့် နာမည် စိုးရှား ...”
သူမ ၏ နှုတ်ခမ်းလွှာ တို့ ယောင်ယောင်ကလေး ပွင့် ဟသွားပြီး ' ဪ ' ဟူသည့် စကားသံ ကို အမှတ်မဲ့
ရေ ရွတ်သည် ။ ထိုနောက် ...
“ အဲသည် ည က ရှင် ဖြေသွားခဲ့တာတွေ က အမှန်ပဲလား ၊ မိုနာလီဇာပန်းချီကား ဟာ လီယိုနာဒိုဒါဗင်ချီ ရဲ့
မိန်းမ လို ဝတ် ထားတဲ့ ပုံတူ ဆိုတာလေ ...”
“ ကိုယ် မလိမ်တတ်ပါဘူး ... မယုံရင် မင်း ကိုယ်တိုင် အဲဒီ ပုံနှစ်ပုံ ကို ကွန်ပြူတာ ပေါ် တင်ပြီး
တစ်ခု ပေါ် တစ်ခု ထပ် ကြည့်ပါလား ...”
သူမ က နားလည်ရ လက်ခံရခက် နေဟန်ဖြင့် အသက် ပြင်းပြင်း ရှိုက်သွင်းကာ ခေါင်း ကို မသိမသာ ခါရမ်းရင်း
...
“ ကျွန်မ က ငယ်ငယ်လေး ကတည်း က ပန်းချီ ကို ဝါသနာ ပါလို့ တတ်နိုင်သလောက် ပန်းချီကားတွေ
ဝယ် စုတယ် ၊ ပန်းချီ နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ တော်တော်များများ လည်း လေ့လာ ထားပါတယ် ၊ ဒါပေမယ့်
ရှင် ပြောတဲ့ ကိစ္စ ကိုတော့ အခုမှ ကြား ဖူးတာ ဆိုတော့ ယုံရခက်ခက် ပဲ ၊ ကျွန်မ ဖတ်ဖူးသလောက် ပြော ရရင်တော့
မိုနာလီဇာ ဟာ မြို့စားကတော်တစ်ယောက် ဆို ...”
“ မင်း ဆိုလိုချင်တာ က ဖရန်ဆက်စကို ဂျီယိုကွန်ဒါ ဆိုတဲ့ ကုန်သည်ကြီး ရဲ့ဇနီး လို့ ပြောတာ မဟုတ်လား ၊
ကိုယ် လည်း ဖတ်ဖူးပါတယ် ၊ အဲဒီ မှတ်ချက်ကို ပေး သွားခဲ့တဲ့ သူ ကို ရော မင်း သိလား ... အဲဒီ ဝေဖန်ရေးဆရာ ရဲ့
နာမည် က Vasari တဲ့ ...”
“ အဲဒီတော့ ရှင် ပြောချင်တာက ...”
“ အဲဒီ ဝေဖန်ရေးဆရာ Vasari ဆိုတဲ့ သူ ဟာ သူ့ ဘဝတစ်သက်တာ လုံး မှာ မိုနာလီဇာပန်းချီကား ကို တစ်ခါမှ
မြင် သွားခဲ့ဖူးတဲ့ လူ မဟုတ်ဘူးလို့ ကိုယ် ပြော ရင် မင်း အံ့ဩ မှာလား ...”
“ ရှင် ...”
အံ့ဩဟန်ဖြင့် နှုတ်ခမ်းဝိုင်းဝိုင်းကလေး မဟတဟ ဖြစ်သွားပုံက စွဲမက်စရာ ကောင်းလောက်အောင် လှပနေ
သည် ။ သူမ ၏ ညာဘက်ပါးပြင် ပေါ် က မှဲ့စိမ်းစိမ်းကလေးကို စိုးရှား အမှတ်တမဲ့ ပင် ငေးစိုက် ကြည့်နေမိ၏ ။
နောက်မှ ဖျတ်ခနဲ သတိ ပြန်ဝင်လာကာ အကြည့် လွှဲရင်း ...
“ မင်း လေ့လာဖူးတဲ့ ပန်းချီအကြောင်းတွေ ထဲ မှာ တော့ ပါမှာ မဟုတ်ပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေ ဟာ
ပန်းချီ နဲ့ ပတ်သတ်တဲ့ ကိစ္စတွေ မှ မဟုတ်ဘဲ ... ခရစ်တော် မပေါ်ခင် ခေတ် လောက်က ကိုးကွယ်တဲ့ ဘာသာရေး
အယူအဆ ဟောင်း တွေ ပဲ ...”
“ ဘာကို ကိုးကွယ်တဲ့ ဘာသာလဲ ...”
“ အီဂျစ်နတ်ဘုရား AMON ဆိုတာ ကြားဖူးလား ၊ ဆိတ်ဦးခေါင်း နဲ့ ချိုနှစ်ခု နဲ့ ယောက်ျား ပုံ လေ ၊ အဲဒီ နတ် က
' အဖို ' ကို ကိုယ်စား ပြုတာ ၊ သူ နဲ့ တွဲဖက် ' အမ ' ကို ကိုယ်စား ပြုတဲ့ အီဂျစ်နတ်ဘုရားမ ရှိ သေးတယ် ၊ ရှေးခေတ်
စာလုံးပေါင်း နဲ့ တော့ L'ISA လို့ ခေါ်တယ် ၊ အဖို ကို ကိုယ်စား ပြုတဲ့ ဗြဥြ နဲ့ အမ ကို ကိုယ်စား ပြုတဲ့ AMON ကို
နှစ်ခု ပေါင်းလိုက်ပြီး A ဆိုတဲ့ စာလုံး ကို MON နောက် ကို ပို့လိုက်တော့ MONALISA ဖြစ် လာတယ်လေ ၊ အဲဒါ
မိုနာလီဇာ ဆိုတဲ့ ပန်းချီကား နာမည် ပေါ့ ...”
“ ရှင် ဆိုလိုတာက မိုနာလီဇာပန်းချီကား နာမည် ဟာ အဖို နဲ့အမ ရောနှော ထားတဲ့ သင်္ကေတ ပေါ့ ဟုတ်လား
...”
“ နာမည် တင် မကဘူးလေ ... ပန်းချီကား ရဲ့ ပုံတူ ကိုယ်တိုင် က လည်း ယောက်ျား ကို မိန်းမပုံ ဖြစ်အောင်
ဆွဲ ထားတာပါလို့ ကိုယ် ပြောခဲ့ပြီးပြီပဲ ...”
စိုးရှား ၏ စကား ကြောင့် သူမ မျက်မှောင် ကုပ်သွားသည် ။ နောက် သိမ်မွေ့ပြီး စူးရှတင်းမာသော
အပြုံး တစ်ခု ကို ပြုံးရင်း ...
“ ရှင် ပြောတာတွေ ကတော့ သိပ်ပြီး နားထောင်လို့ ကောင်းပါတယ် ၊ ဒါပေမယ့် ဝမ်းနည်းပါတယ် ၊ ကျွန်မ
လုံးဝ မယုံကြည်ဘူး ”
ဆိုဖီယာလပြည့်ဝန်း ၏ အငြင်းစကား ကြောင့် စိုးရှား ၏ ရင်ထဲတွင် မာနတရား က ထောင်းခနဲ ထ သွား၏ ။
သူ့ အသိပညာ ကို စော်ကား ခံရသလို ဖြစ် သွားသည့် အတွက် တစ်စုံတစ်ရာ တုံ့ပြန်ချင်သည် ။ သို့သော်
ရုတ်တရက် မို့ ဘာ ပြန်ပြောရမည်မှန်း မသိ ။
ကိစ္စ တစ်ခုခု ကို တမဟုတ်ချင်း တုံ့ပြန် ရသည့် နေရာမျိုး တွင် မိန်းမတွေ ကသာ ယောက်ျားတွေ ထက် ပိုပြီး
ထူးချွန် တတ်သည် မဟုတ်လား ။
စိုးရှား က နှုတ်ခမ်း ကို အသာ ဖိကိုက်ရင်း တွေဝေ နေသည် ။
အဲဒီ အခိုက်အတန့် မှာ ပင် စိုးရှား နှင့် ဆိုဖီယာလပြည့်ဝန်း တို့ ကြား သို့ လူ တစ်ယောက် ဖျတ်ခနဲ ဝင် ရပ်၏ ။
ထို သူ့ မျက်နှာ က ပုဂံ ရှိ နံရံဆေးရေးပန်းချီကား ထဲ မှ ရုပ်ပုံမျိုး ။ ပြူးတိပြူးကြောင် ၊ အူတူတူ ။ အသား မည်း
ရသည့် အထဲ လိမ္မော်ရောင်တောက်တောက်ပပ တီရှပ်ပွပွကြီး ကို ဝတ်ထားကာ သိုးမွှေးခေါင်းစွပ် ကို လည်း စွပ်ထား
သေး၏ ။ ( ငရဲပြည် က လာသလား မသိ ။ မပူတတ် မအိုက်တတ်သည့် ပုံစံ )
ထို ငနဲ က ဆိုဖီယာ ၏ မျက်နှာကို လျှာ ဖြင့် ပြေးယက်တော့မည့် အတိုင်း အငမ်းမရ ကြည့် ရင်း ...
“ ဒီ ... ဒီက ညီမလေး က ဆိုဖီယာလပြည့်ဝန်း မဟုတ်လား ...”
“ ဟုတ်ပါတယ် ဘာကိစ္စများလဲရှင် ...”
ဆိုဖီယာ က ထို သူ့ ကို အကဲခတ်ရင်း လေသံ ခပ်မှန်မှန်ဖြင့် ပြန်ဖြေသည် ။ စိုးရှားကတော့ ထို သူ့ ကို စ မြင်
ကတည်း က မသိမသာ မျက်နှာ လွှဲထားလိုက်၏ ။ အဲဒီ ငနဲ က သူ့ ဦးလေး ဖြစ်သူ ဦးစောဝင်း ထံ တွင် တွဲဖက်ဒါရိုက်တာ
လိုလို ၊ ဇာတ်ညွှန်းရေးသူ လိုလို ၊ အနုပညာအကြံပေး လိုလို ယောင် ခြောက်ဆယ် လုပ်ရင်း အိမ် ကို တစ်ခါ လာဖူးသဖြင့်
စိုးရှား က မှတ်မိနေ၏ ။ သူ ကတော့ မှတ်မိမည် မထင် ။
သူ့ ကလောင်နာမည် က အောင်ရဲထွန်း ( ထီးချိုင့် ) စစ်ကိုင်းတိုင်း ဘက် မှ လာ သူ ဖြစ်ပုံ ရသည် ။ ထီးချိုင့်မြို့
အမည် ကို ထည့်သွင်းထား၏ ။
အခုလည်း ထို ငနဲ က ...
“ ဆိုဖီယာ က ကိုယ့် ကို မမှတ်မိဘူး ထင်တယ် ၊ မြနဒီ ရဲ့ ရှူတင်ကို ဆိုဖီယာ လိုက်လာတုန်း က ကိုယ် နဲ့
တစ်ခါ ဆုံဖူးတယ်လေ ၊ မေ့သွားပြီလား ... ကိုယ့်နာမည် က အောင်ရဲထွန်း ( ထီးချိုင့် ) လေကွာ ...”
“ ဪ ... ရှင် က ထီးတို့ ထမင်းချိုင့် တို့ ရောင်းတဲ့ လူကိုး ...”
ဆိုဖီယာ က ခပ်တည်တည် ဖြင့် ရိသည် ။ ထို ငနဲ ၏ မျက်နှာ တစ်ခုလုံး ခရမ်းသီး မီးဖုတ် လို မည်းပုတ် ရှုံ့တွ
သွား၏ ။ ဒါလည်း အမှတ် မရှိ ထပ် ပြောသည် ။
“ မဟုတ်ဘူးလေကွာ ... အောင်ရဲထွန်း ( ထီးချိုင့် ) ဆိုတာက ဟို ဘာခေါ်မလဲ ... အဲ ... ကိုယ့် ရဲ့ ကလောင်
နာမည် ပေါ့ ၊ အခု မြနဒီ ရိုက်နေတဲ့ ကားမှာ ကိုယ် က အနုပညာအကြံပေး လုပ်တယ်လေ ...”
“ ဪ ... ဟုတ်ပြီ ... ဟုတ်ပြီ ... မှတ်မိပြီ ... မြင်ဖူးတယ်လေ ... ဟိုတစ်ခေါက်တုန်းကပေါ့ ...”
“ ဟဲ ... ဟဲ ... ဟုတ်ကဲ့ ... ဟဲ ... ဟဲ ...”
“ အဲဒီတုန်းက အနုပညာရှင်တွေကျန်ခဲ့တဲ့ ရေသန့်ဗူးတို့ မီးခြစ်တို့ကို လိုက်လိုက်ပြီး ပေးရတာ ရှင်ပဲ
မဟုတ်လား ...”
“ ဟာ ... မဟုတ်ဘူး .. မဟုတ်ဘူး ... အနုပညာအကြံပေး ဆိုတာ အဲဒီလို အနုပညာရှင်တွေကျန်တဲ့
ပစ္စည်းတွေ လိုက် ပေးရတာမျိုး မဟုတ်ဘူး ...”
အောင်ရဲထွန်း ( ထီးချိုင့် ) တစ်ယောက် တော့ အူလည်ချာလည် လိုက်နေ၏ ။ ဒီလို မအူမလည် ငနဲ
တစ်ယောက် ကို ရူးသွပ်ထွက်သွားအောင် လုပ်ဖို့ ဆိုလျှင် ဆိုဖီယာလပြည့်ဝန်း လို မိန်းမ က လက်ဖျောက် တစ်ချက်
တီး ရုံလောက် သာ လို ပါသည် ။
ဆိုဖီယာ က စကား ဖြတ်ချင်ဟန်ဖြင့် လက် မှ နာရီ ကို ငုံ့ကြည့်ရင်း ...
“ ဆောရီးပါရှင် ... ကျွန်မက မသိလို့ပါ ... ဪ ဒါနဲ့ ဆိုင် ထဲ မှာ ကျွန်မသူငယ်ချင်းတွေ စောင့် နေတာ
ကြာ သွားပြီ ထင်တယ် ၊ သွားလိုက်ပါဦးမယ် ကိုအောင်ရဲထွန်း ...”
“ ဟုတ် ... ဟုတ်ကဲ့ ...”
သူမ က ပြောပြောဆိုဆို ဖြင့် ဆိုင် ထဲညသို့ ဝင်ရန် ခြေလှမ်း ပြင်သည် ။ တစ်လှမ်း နှစ်လှမ်း လျှောက် သွားပြီးမှ
ရုတ်တရက် တစ်စုံတစ်ရာ ကို သတိရလိုမျိုး ကိုယ် ကို ဖျတ်ခနဲ လှည့်၏ ။
ထို့နောက် သူမ က စိုးရှား ကို ကြည့်ပြီး ...
“ ကျွန်မ ရှင် နဲ့ အများကြီး ထပ်ပြီး ဆွေးနွေးချင်ပါသေးတယ် ၊ ဘယ်ကို ဆက်သွယ်လို့ ရမလဲ ...”
“ ဒါရိုက်တာဦးစောဝင်း ရဲ့ဖုန်းကို ဆက် လိုက်ရင် ရ ပါတယ် ၊ ကိုယ် က သူ့ ရဲ့တူ တော် ပါတယ် ...”
“ ဟုတ်လား ... ဘယ်ဘက် က တော် တာလဲ ...”
အဖေ ဘက် က တော်စပ်တာလား အမေ ဘက်က တော်စပ်တာလား ဟု မေးမှန်း သိသည် ။ သို့သော် စိုးရှား က
သူ ၏ အကျင့်အတိုင်း တမင် အကြောင် ရိုက်၍ ပြန် ဖြေလိုက်၏ ။
“ ဟုတ်ကဲ့ ... ညာဘက် က တော်တာပါ ၊ ဘယ်ဘက်ကတော့ နည်းနည်း ချောင်တယ် ”
စိုးရှား ၏ အဖြေ ကြောင့် ဆိုဖီယာ တစ်ချက် ပြုံးပြီး လှည့်ထွက်သွား၏ ။
မင်းခိုက်စိုးစန်
#ကိုအောင်နိုင်ဦး
၊
No comments:
Post a Comment