Tuesday, September 20, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၃ )


 

အခန်း ( ၃ )

ဦးလေး ဖြစ်သူ ၏ အိပ်ခန်း ထဲ သို့ ဝင်လိုက်မိသည် နှင့် စိုးရှား  နည်းနည်းတော့ စိတ်ညစ် သွားရသည် ။

လွန်ခဲ့သည့် ဆယ်နှစ် လောက်တုန်းက လို ပင် အခန်း ၏ နံရံတိုင်း မှာ အဆိုတော် ရုပ်ရှင်မင်းသမီး ' မြနဒီ ' ၏ ဓာတ်ပုံတွေ ပိုစတာတွေ အပြည့် ကပ်ထားဆဲ ရှိနေသေးသည် ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏ ။

မြနဒီ က အခု အချိန် မှာ ဆိုလျှင် အသက် ၃၅ နှစ် အရွယ် လောက် ရှိ နေရော့မည် ဟု စိုးရှား စိတ် တွက် ဖြင့် တွက် ကြည့်နေမိ၏ ။ လွန်ခဲ့သည့် ဆယ့်ငါးနှစ် ခန့် ကတော့ သူမ သည် လည်း ဂီတလောကနှင့် ရုပ်ရှင်လောက မှာ ဘုရင်မ တစ်ပါး ဖြစ်ခဲ့သည်ပဲ ။ ယခု ထိ လည်း သူမ ၏ အောင်မြင်မှု က သိသိသာသာ လျော့ကျ မသွားသေးပါချေ ။ မိန်းမ တစ်ယောက် အရွယ် ကျချိန် ဟု ဆိုရ လောက်သည့် အသက် ၃၅ နှစ် ကာလ မှာ ပင် သူမ ကို စွဲစွဲလန်းလန်း တပ်မက်သည့် လူကြီးပိုင်း လူလတ်ပိုင်း ပရိသတ်တွေ ထု နှင့် ထည် နှင့် ကျန် နေသေးသည် ။

တကယ်လည်း သူမ ၏ အလှအပတရား တို့ က ချွတ်ယွင်း ပျက်စီး မသွားသေးချေ ။ မသိမသာ အရေးအကြောင်း တစ်ချို့မှ လွဲလျှင် ပျိုမျစ် နေဆဲ ညှို့ငင်နိုင်စွမ်းအား ရှိဆဲပင် ။ ဒါကို ရူးသွပ်စွဲလန်း သည့် ယောက်ျားတွေ ကို တန်းစီ ခိုင်းလိုက်လျှင် ထိပ်ဆုံး မှာ ရပ်နေမည့် အရူးသည် ဦးစောဝင်း မှ လွဲ၍ အခြား မည်သူ မှ မဖြစ်နိုင် ။

စိုးရှား က သူ့ ဦးလေး ၏ ရူးသွပ်စွဲလန်းမှု ကို ရယ်လည်း ရယ်ချင် သည် ။ အမြင် လည်း ကတ် သည် ။

ထို့ကြောင့် သူ က ...

“ အင်း ... အင်း ... ဦးလေးကတော့ ခုထိ ညံ့ တုန်းပဲနော် ... ”

“ ဘာလဲကွ ... မင်း စကားကြီး က ... ငါ က ဘာ ညံ့လို့လဲ ... ”

“ မိန်းမ တစ်ယောက် ကို ဆယ်နှစ် ဆယ်မိုး စွဲလန်းတယ် ဆိုတာ ညံ့တာ မဟုတ်လို့ ဘာလဲ ... ”

ရတနာပုံ ဦးစောဝင်း က တကျွတ်ကျွတ် စုပ်သပ်ရင်း ခေါင်း ကို ဖြည်းညင်းစွာ ခါယမ်းလျက် သူ့ တူ စိုးရှား ကို သနားစရာ ကောင်းသော သတ္တဝါ တစ်ကောင် လို လှမ်းကြည့် လိုက်သည် ။

ထို့နောက် ...

“ ကျွတ် ... ကျွတ် ... မင်း သိပ်သနားစရာ ကောင်းတယ် ငါ့တူ ... အေးလေ ... မင်း က အချစ် ကို အယုံအကြည် မရှိတဲ့ ကောင် ဆိုတော့လည်း ပြောပြနေလို့ အပိုပါပဲ ကွာ ၊ မင်း သဘော ပေါက် မှာ မဟုတ်ပါဘူး ... တကယ်တော့ အချစ် ဆိုတာ သိပ် နူးညံ့တဲ့ ရင်ခုန်မှု သိပ် တန်ခိုးကြီးမားတဲ့ အိပ်မက် ... အဲ ... အဲ ... ပြီးတော့ ... ”

သွားပြီ ...  ။ ငါ့ ဦးလေး တော့ မြန်မာဗီဒီယိုဇာတ်ကားတွေ အရိုက် များပြီး ကြောင်တောင်တောင်
ပေါတောတော ဖြစ်သွားပြီ ... ဟု စိုးရှား စိတ် ထဲ က အောက်မေ့ လိုက်၏ ။ စိုးရှား ကတော့ သူ့ ထင်မြင်ချက် ကို ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း ပင် တဲ့တိုး ပြောသည် ။

“ ဦးလေး ရာ ... ပေါက်ကရတွေ လျှောက် ပြောမနေစမ်းပါနဲ့ ... ယောကျာ်းတွေ က မိန်းမတွေ ကို ဘာ ဖြစ်လို့ ချစ် ကြတာလဲ သိလား ... ”

“ ဘာဖြစ်လို့လဲ ... ”

“ မိန်းမ တစ်ယောက် ရဲ့အချစ်ကို ရပြီ ဆိုလျှင် အညံ့ဖျင်းဆုံး  ဉာဏ်အတုံးဆုံး ယောကျာ်းတောင် မှ သူ့ ကိုယ် သူ ' ဟုတ်လှပြီ ' လို့ ထင် သွားတယ် ၊ ' ငါကွ ' ဆိုပြီး ဘဝင် မြင့်သွားတယ် ... အဲဒါကြောင့်ပဲ ...
မိန်းမ တွေ က ပြန် ကြည့်ရင်လည်း ဒီလိုပဲ နေမှာပါ ဦးလေး ရာ ... ' ငါ့ ကို ဘဲတွေ ဝိုင်း ကြိုက် နေကြပါလား ' ဆိုပြီး ပီတိ ဖြစ်နေမှာပေါ့ ၊ ဒါပါပဲ ... ကိုယ့် ကိုယ် ကို ပီတိ ဖြစ်ဖို့အတွက် ယောကျာ်း နဲ့ မိန်းမ ဟာ တစ်ယောက် ကို တစ်ယောက် အပြန်အလှန် အသုံးချ နေကြတာပါ ”

ဦးစောဝင်း က ရှူးရှူးရှားရှား ဖြစ်သွားပြီး အသည်းအသန်ကန့်ကွက်သည် ။

“ ဟာ ... မင်း အဲဒီလိုကြီးတော့ မပြောပါနဲ့ ကွ ၊ တခြား လူ အတွက်တော့ ဟုတ်ချင် ဟုတ်မယ် ၊ ငါ နဲ့ မြနဒီ အတွက် တော့ လုံးဝ မဟုတ်ဘူးကွာ ... လုံးဝ ပဲ ... ”

စိုးရှား က အနည်းငယ် ရယ်မောလိုက်ပြီး ...

“ သေချာလှချည်လား ဦးလေး ရဲ့ ၊ နေစမ်းပါဦး ... မြနဒီ ကကော ဦးလေး က သူ့ ကို ချစ်နေမှန်း သိသွားပြီလား ... ”

“ အဲ ... အင်း ... ဘယ်လို ပြောရမလဲ ဆိုတော့ ... ”

ဦးစောဝင်း က စကား ကို တည့်တည့်မတ်မတ် မဖြေဘဲ ယောင်တိယောင်ချာ လုပ်နေ၏ ။ တကယ်ဆိုလျှင် မြနဒီ နှင့် ဦးစောဝင်း တို့ သည် ဒီ ရုပ်ရှင်လောက နယ်ပယ် ကျဉ်းကျဉ်းလေး ထဲ မှာ မတွေ့ဖူး မဆုံဖူးသူများ လည်း မဟုတ်ကြ ။

ရတနာပုံစောဝင်း အမည် ဖြင့် ဒါရိုက်တာ စ လုပ်ဖြစ် ကတည်း က သူ ရိုက်သမျှ ဗီဒီယိုဇာတ်ကား အတော်များများ တွင် မြနဒီ ကို မပါ ပါအောင် ကြိုးစား ကြံဖန်ပြီး ရိုက်ခဲ့မှန်း စိုးရှား ရိပ်မိ၏ ။

သို့သော် နောက်ဆုံးတော့လည်း ဘာမှ ဖြစ်မလာ ။

မြနဒီ လို ဧကရီဘုရင်မ တစ်ယောက် အနေဖြင့် သူမ ၏ အိပ်မက်တွေ အားလုံး ကို သီးစေ ပွင့်စေ နိုင်နေမှတော့ ဦးစောဝင်း ကို ရယ်စရာ ဆော့ကစားစရာ အူကြောင်ကြောင် ငနဲကြီး တစ်ယောက် လောက်အဖြစ် သာ သဘော ထား ပေလိမ့်မည် ဟု စိုးရှား တွေးမိ၏ ။

ဒါကို အ, လွန်း သော သူ့ ဦးလေး က ရိပ်မိပါ့မလား ... ။

ယခုလည်း ဦးစောဝင်း က မေးစေ့ ကို ပွတ်ရင်း အတည်ပေါက်ကြီး စဉ်းစားနေသည် ။ အတော်ကြာ မှ ...

“ သူ ... သူ ကတော့ ငါ ချစ်နေတယ် ဆိုတာ မသိသေးဘူး နဲ့ တူတယ်ကွ ... ဟိုလေ ... ရှေ့လ ထဲ ကျရင် သူ နဲ့ ဗီဒီယို တစ်ကား ရိုက်ဖို့ ရက်ချိတ်ထားတာ ရှိတယ် ၊ အဲ ... အဲဒီအခါ ကျရင်တော့ သူ့ ကို ... သူ့ ကို ငါ ဖွင့်ပြောလိုက် တော့မယ် လို့ ဆုံးဖြတ် ထားတာပဲ စိုးရှား ရာ ... ”

“ ဟာ ... ဦးလေး ကလည်း မြန်မာကား ဆန်လိုက်တာဗျာ ... ”

“ ဟေ ... ဘာဖြစ်လို့လဲ ... ”

စိုးရှား က မျက်နှာ ကို ရှုံ့မဲ့ပစ်လိုက်ပြီး ...

“ နိုင်ငံခြား ကားတွေ မှာ မင်းသား က မင်းသမီး ကို ' I Love You ' ဆိုပြီး ရည်းစား စကား ပြောတာ တစ်ခါ မှ မတွေ့ ဖူးဘူး ၊ ရည်းစား စကား ကို ရေးကြီးခွင်ကျယ် လုပ်ပြီး အိုက်တင် အပြည့် နဲ့ ပြောတာ ဆို လို့ မြန်မာကား တွေ မှာ ပဲ ရှိတယ် ”

“ ဟာကွာ ... မင်း ကလည်း ။ မပြောဘဲ နဲ့ ဟိုက ဘယ်လို လုပ်ပြီး သိ မှာလဲကွ ၊ ပြန် ချစ်တာ မချစ်တာက သူ့ အပိုင်း ၊ ပြောစရာ ရှိတာကိုတော့ ကိုယ့် ဘက် က ပြော ရမှာပဲ ... ”

“ ကဲ ... ဒါဆိုလည်း ပြောဗျာ ... ပြော ... ”

စိုးရှား က အရွဲ့ တိုက်ပြီး မြှောက် ပေးလိုက်သည် ။ သို့သော် ဒါနဲ့တင် ကိစ္စ က ပြီးမသွားချေ ။

ဦးစောဝင်း က ...

“ ဟဲ ... ဟဲ ... ဒါဆိုလည်း ငါ့ ကို မင်း ဘက် က နည်းနည်း တော့ ကူညီရမယ် ငါ့ တူ ရဲ့ ... ”

“ ဗျာ ... ဘယ်လို ကူရမှာလဲ ... ”

စိုးရှား နည်းနည်းတော့ မျက်ခုံးလှုပ် သွားသည် ။ သူ့ ဦးလေး အကြောင်း သူ သိ၏ ။ တစ်ခါတလေ ပေါက်ကရ တွေ စွတ်ပြီး လုပ်လာတတ်သည် ။

“ အဲဒီ ဗီဒီယိုကား ရိုက် နေတုန်း ရိုက်ကွင်း ပေါ် မှာ ငါ နဲ့ လိုက်ပြီး အနီးကပ် နေပေးကွာ ၊ ပြီးတော့ အခြေအနေ ကို နည်းနည်း အကဲ ခတ်ပေး ... ပြော သင့်လား မပြော သင့်ဘူးလား ဆိုတာပေါ့ ... ”

“ ဟာ ... အဲဒီလို ရှူတင်ရိုက်ကွင်း ပေါ် မလိုက်ချင်ပါဘူးဗျာ ၊ မျက်စိ ရှုပ် ... နား ရှုပ် နဲ့ ... ”

“ လိုက်ခဲ့ပါ ကွာ ... မင်း ရှိတော့ ငါ့ မှာလည်း ကူဖော်လောင်ဖက်ရတာပေါ့ ... ဇာတ်ညွှန်းလေး ဘာလေး လည်း ဝိုင်း ရေးပေးကွာ ၊ ကင်မရာ Angle လေး ဘာလေးလည်း နည်းနည်းပါးပါး ကြည့် ပေးပေါ့ ၊ အဲဒါတွေ  မင်း လုပ်တတ်မှန်း ငါ သိပါတယ်ကွာ လုပ်စမ်းပါ ... ”

“ ဟာ ... ဦးလေး ကလည်းဗျာ ... အလုပ် မလုပ်ချင်လို့ ဒီအတိုင်း နေ နေပါတယ် ဆိုမှ အလုပ် လာ ခိုင်းနေတယ် ၊ မလုပ်ဘူးဗျာ ... လူ့ လောကကြီးမှာ အလုပ် လုပ် မှ ထမင်း စားရမယ် ဆိုရင် ကျွန်တော် ထမင်း မစားတော့ဘူး ၊ ခေါက်ဆွဲကြော်တွေ ပဲ စားတော့မယ် ”

စိုးရှား က ခေါင်း မှ ဆံပင်တွေကို ရှုပ်ပွအောင် ကုတ်ရင်း ပြန်ဖြေ လိုက်သည် ။

ဦးစောဝင်း က တော့ ...

“ အဲဒါကြောင့် ငါ့ ညီမ က ပြောတာ ၊ သူ့ သား အငယ်ကောင် ဟာ လူပျင်း တဲ့ ... အလုပ် မလုပ်ဘဲ လမ်းပေါ် မှာ ပဲ လျှောက် သွားချင်နေတဲ့ ကလေကချေ တဲ့ ... ”

“ လမ်းပေါ် မှာ လျှောက်သွားတိုင်း ကလေကချေ ဖြစ်ရရင် စာပို့လုလင် နဲ့ သတင်းစာရောင်း တဲ့ လူတွေ ဟာ ကလေကချေ လား ... ”

ဦးစောဝင်း က မျက်နှာ ရှုံ့မဲ့သွားသည် ။ ထို့နောက် ...

“ မတူဘူးလေကွာ ... သူတို့ အလုပ် ကို က လမ်းပေါ် သွားရတဲ့ အလုပ် ကိုး ... ”

“ အဲဒီလိုပဲပေါ့ ဦးလေး ရဲ့ ... သူ့ နေရာ နဲ့ သူ ပေါ့ ၊ အလုပ် မလုပ်တိုင်း လည်း ပျင်းတယ် လို့ နာမည် တပ်ပြီး ဆုံးမ နေတိုင်း မှန် နိုင်မလား ... ”

သူ့ စကား ကြောင့် ဦးစောဝင်း က မျက်မှောင် ကုပ်ပြီး ကြည့် သည် ။ စိုးရှား က ဆက်ပြီး ...

“ လူငယ် နဲ့ လူကြီးတွေ နားလည်မှု လွဲ နေတာ အဲဒါပဲပေါ့ ၊ ဆုံးမတယ် ဆိုတာ ဆေးဝါး တိုက် သလိုပဲ ၊ ရောဂါ ကို သေသေချာချာနားလည် မှ ဆေး တိုက်လို့ ကောင်းတာ ... ဦးလေး ပဲ စဉ်းစား ကြည့်လေ ဝမ်းနှုတ်ဆေး ဟာ ဆေး တော့ ဆေး ပါပဲ ၊ ဒါပေမယ့် ဝမ်းလျှော နေတဲ့ လူနာ အတွက် တော့ ဝမ်းနှုတ်ဆေး ဟာ ဆေးမဟုတ်ဘူး ... ”

မင်းခိုက်စိုးစန်

သူရဲဘောကြောင်တဲ့ လူညံ့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment