Showing posts with label ကောက်လှိုင်း. Show all posts
Showing posts with label ကောက်လှိုင်း. Show all posts

Thursday, December 22, 2022

အညိုရယ် စဉ်းစားပါ


 

❝ အညိုရယ် စဉ်းစားပါ ❞

တစ်နေ့ က ကျွန်တော့် ထံ သို့ စာတိုက် မှ စာ တစ်စောင် ရောက် လာ၏ ။ စာအိတ် မျက်နှာစာ ပေါ် မှ လက်ရေး ကို ကြည့် ၍ မိန်းကလေး လက်ရေး ဖြစ်သည် ကို အကဲ ခတ် မိ သည် ။ သည့် ထက် စာအိတ် ၏ လက်ဝဲ အောက် ထောင့် တွင် “ ညို ” ဟူ၍ ပီပီသသ ရေးထိုး ထားသော လက်မှတ်တို ကလေး က ထင်ရှား နေပေသည် ။ 

အလုပ် မှ ပြန် ရောက်စ ဖြစ်၍ စာ ကို ဖောက် မဖတ်နိုင် သေးဘဲ အင်္ကျီအဝတ်အစား လဲ ကာ ပူပြင်းသော နွေရာသီ ၏ ဒဏ် မှ သက်သာရာ ရလို ရငြား စားပွဲ ပေါ် မှ ယပ်တောင် ကို ဆွဲ ယူ၍ တဖျတ်ဖျတ် နှင့် ခပ် နေမိ၏ ။

အိမ် က ဒေါ်ကောက်ရိုး က မူ ကျွန်တော့် အရိပ်အကဲ ကို ခပ်လှမ်းလှမ်းမှ စောင့်၍ ကြည့် နေပုံ ရပါသည် ။ ကျောင်း က ပြန် လာသည့် ကလေးများ ကို ပင် ခါတိုင်း ကဲ့သို့ သူ ကိုယ်တိုင် မီးဖို ထဲ ဝင်ပြီး ထမင်း ခူးခပ် ကျွေးခြင်း မပြုတော့ဘဲ ကလေးများ ဘာသာ ခူးခပ် စားကြ ဟု တစ်ချက်လွှတ် အမိန့် ပေးလိုက်သံ ကို ကြား ရပါ၏ ။ ရောက်နှင့်နေသော ဟူ သည့် မိန်းကလေး ၏ ထံမှ စာပေါ်တွင် မူတည်၍ သူ ၏ မျက်နှာထား ကို တင်းမာ နိုင်သမျှ တင်းမာရန် အဆင်သင့် ရှိ နေပုံ ရ၏ ။ ကြမ်းပြင် ကို တဒုန်းဒုန်း မြည်အောင် ဆောင့်၍ နင်းရန် အတွက် ဖနောင့်များ ကိုလည်း ပြင် ထားဟန် ရ ပေသည် ။

ဒေါ်ကောက်ရိုး သည်လည်း မိန်းမ ပီပီ ဤ စိတ်မျိုး ရှိ အပ်သည် ဟု ကျွန်တော် မသိချင်ယောင် ဆောင် ကာ စာ အိတ် ကို အသာ ဆွဲ ယူ၍ ဖြည်းဖြည်းချင်း ဖွင့်လိုက်၏ ။ ပြီးမှ စာရွက်ပြာခေါက်ကလေး ကို ဆွဲ ထုတ်၍ ဖြန့် ဖတ်လိုက်မိ သည် ။

ဆရာရှင့် ...

ကျွန်တော့် ရင် ထဲတွင် အလုံး တစ်လုံး ကျ သွားရ၏ ။ အကြောင်းမူ ထိပ် မှ အညွှန်း ခေါ်သည့် တစ်ခါတစ်ရံ “ အစ်ကိုကြီး ရှင့် ” “ အစ်ကို ... ”  “ ချစ်သောဆရာ ... ”  စသည်များ ဖြစ် နေပါက ဤ နေ့ သည် ဒေါ်ကောက်ရိုး ထမင်း တစ်နပ် လျှော့ စားမည့် နေ့ ဖြစ်ကောင်း ဖြစ် သွားတတ်သောကြောင့် တည်း ။

ကျွန်တော် က စာ ကို ဆက်၍ ဖတ် လိုက်သည် ။

ဆရာ့ ထံ ကို အင်မတန် အရေးကြီးတဲ့ ကိစ္စ တစ်ရပ် မို့ ခုလို အကူအညီ တောင်း ရခြင်း ဖြစ်ပါတယ် ။ ဆရာ ညို့ ကို သိပြီး သားပါ ။ ညို တို့ အိမ် ကို ဆရာ သုံးခါ လောက် လာဖူး ပါတယ် ။ ပြီးတော့ ပေါ့  ဦးလေး ကိုသံဒိုင် နဲ့ ဆရာ ဟာ အလွန် ရင်းနှီးကြတာ မို့ ဆရာ့ ကို လည်း ဦးလေး တစ်ယောက် လို အားကိုးပြီး တိုင်ပင် တဲ့ သဘောပါပဲ ။ 

သည်တော့ မှ ကျွန်တော် ပြန်၍ တွေးရသည် ။ ကျွန်တော့် သူငယ်ချင်း ဖိုးသံဒိုင် သည် အင်ဂျင်နီယာ တစ်ယောက် ဖြစ်၏ ။ သုဝဏ္ဏမြို့သစ် ၊ ရန်ကင်း စသည့် နိုင်ငံပိုင် အဆောက်အဦများ ဆောက်လုပ်ရာ ၌ သူ သည် လည်း ဗိသုကာများ ထဲ တွင် တစ်ယောက် အပါအဝင် ဖြစ်ပါသည် ။ သူ့ မှာ တစ်ဖက်သတ် ချစ်ရသော ချစ်ဦးသူ တစ်ယောက် ရှိ ၏ ။ ဆယ်နှစ်ဆယ်မိုး ပိုးပန်း သော်လည်း ချစ်ဦးသူ က သူ့ မကြိုက် ဘဲ မိဘ ပေးစားသည့် ကျောင်းဆရာကလေး နှင့် လက် ဆက်သွား၏ ။ ထို့ကြောင့် ဖိုးသံဒိုင် အဖို့ နာမည်က ' စီး '  သည် ။ ' ကံမခိုင်သည့် သံဒိုင် ' ဟု အပေါင်းအဖော်များ က ခေါ်စမှတ် ပြုကြသည် ။ ကျွန်တော် က မူ သံဒိုင် သည် တိုက်တာ အဆောက်အဦဗိမာန် ကိုသာ လျှမ်းလျှမ်းတောက် ဆောက် နိုင်သော်လည်း ချစ်ဗိမာန် ကို မူ ဖြစ်မြောက် အောင် မဆောက်နိုင် ဟု မှတ်ချက် ချခဲ့ဖူး၏ ။

သံဒိုင့် အိမ် မှာ ကျောက်မြောင်း မြို့သစ်လမ်း တွင် ရှိ ၏ ။ သူ့ အိမ် သို့ ကျွန်တော် မကြာခဏ သွားရောက် စား သောက်သည့် အခါများ တွင် အိမ်ရှိ သူ့ တူမလေးများ နှင့် တွေ့ရှိဖူးပါ၏ ။ သို့သော် ကျွန်တော် ၏ မေ့တတ်သော အမှတ်တမဲ့ နိုင်လှသော ဉာဉ်ကြောင့်ပင် မည်သူမည်ဝါ ဟူ၍ လူ နှင့် နာမည် ကို တပ်အပ် မှတ်ခဲ့ခြင်း မရှိပေ ။

အညို ဆိုသည့် မိန်းကလေး မှာ သံဒိုင့် အိမ် ရှိ ကောင်မ လေးများ ထဲ မှ အသား ညိုသည့် တစ်ယောက် ယောက် ပဲ ဖြစ်ရမည် ဟု ကျွန်တော် ယေဘုယျ အားဖြင့် တွေး ထင်လိုက် မိ၏ ။ ကျွန်တော် တို့ မြန်မာလူမျိုး ဆိုသည် မှာ ပညတ် သွား ရာကို ဓာတ်သက် က ပါ ကြသည်မို့ပင် ။

အညိုကလေး က သူ့ စာ တွင် ဆက်လက် ဖော်ပြထား ပြန်၏ ။

“  ဒီတော့ လိုရင်း ကို ပြောရရင် ညို့ မှာ အိမ်ထောင် ရေး ပြဿနာ နဲ့ ရင်ဆိုင် နေရပါတယ် ။ အိမ် က မိဘ တွေ က ညို့ ကို အထက်တန်းစာရေးကြီး တစ်ယောက် နဲ့ လက်ထပ်ဖို့ သဘော တူ ကြပါတယ် ။ အဲဒီ လူ ရဲ့ နာမည် က တော့ ကိုဘတင် ပါ ။ ကိုဘတင် ဟာ ညို တို့ မိဘတွေ အပေါ် မှာ သည်းခံတယ် ၊ လုပ်ကျွေး သမှု ပြုတယ် ၊ အသောက်အစား ၊ အပျော်အပါး လည်း ကင်းတယ် ။ ပြီးတော့ ညို့ ကိုလည်း အင်မတန် အလို လိုက် ရှာပါတယ် ။ ဘေးပတ်ဝန်းကျင် က တောင် မှ မရသေးဘူး ၊ ရပြီး ရင် ဘတင် တစ်ယောက် တော့ ညို့ ကို အသေ ကြောက် ရမှာ လို့ ဝေဖန် ကုန် ကြတဲ့ အထိပါပဲ ။ 

“ ဒါပေမဲ့ ဆရာ ၊ ညို ဟာ ကိုဘတင်ကြီး ကို ချစ် လို့ မရတာ အမှန်ပါပဲ ။ ညို့ မှာ ချစ်သူ ရယ် လို့တော့ မဟုတ်သေး ပေမယ့် ပြန်ပြီး ချစ်နိုင်တဲ့ သူ တစ်ယောက် ရှိနေပါတယ် ။ ဆရာ နား ရှုပ်သွားပြီလား ။ ဒီလိုပါ ။

ဆရာ့ တပည့် လို ၊ ညီ လို နေတဲ့ ကိုသက်နွယ် လေ ။ သူ ဟာ စာရေးဆရာ တစ်ယောက် ပဲ မဟုတ်လား ။ သူ့ စာ တွေ ဖတ်ပြီး ညို ဟာ သူ့ ကို စွဲလမ်း တမ်းတ နေမိပါ တယ် ။ မိန်းကလေး တန်မဲ့ အရှက်မရှိ ရေးတယ် လို့ မယူဆ ပါ နဲ့ဆရာ ။ ကိုသက်နွယ် ဟာ ဆရာ နဲ့ ညို တို့ အိမ် ကို လိုက် လာရင်း ညို နဲ့ ခင်မင်သွားပြီး ညို့ ကို ချစ်တယ် ဆိုတဲ့ စာ တစ်စောင် ပေး ခဲ့ ဖူးပါတယ် ။ ဒါပေမဲ့ ညို ချက်ချင်း စာ မပြန်တာ ကို စိတ်ကောက် သွားသလား မသိပါဘူး ဆရာရယ် ။ နောက်ထပ် အိမ် ကို တောင် ပေါ် မလာတော့ဘူး ။ ခုလို အိမ် က နေရာ ချတော့မယ် ဆိုတော့မှ ညို ဟာ ကိုသက်နွယ် ဆီ ကို စာ ပြန်ချင် စိတ် ပေါက်ပြီး ပြန် မိပါတယ် ။

“ ဒါနဲ့ ကိုသက်နွယ် က ဒီလို ဆိုရင် သူ့ ဆီ ကို ဆွေးနွေး ရအောင် လာ ဖို့ မှာပါတယ် ။ သူ့ လိပ်စာ က တော့ ဆရာ့ အိမ် ကိုပဲ ပေး ထားပါတယ် ။ ဆရာ့ ကို လည်း ပြောပြီးသားပါ လို့ ဆို ပါတယ် ။ လာတွေ့ ကြရမယ့် ရက် က လာမယ့် လဆန်း ခြောက်ရက် စနေ နေ့ ပါပဲ ။

“  ဒါကြောင့် ဆရာ့ အနေ နဲ့ ညို ဟာ ကိုသက်နွယ် ကို လာပြီး တွေ့ဖို့ သင့် မသင့် ဆိုတာရယ် ၊ တကယ် လို့ အိမ်ထောင် ပြုဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ ကိုဘတင် နဲ့ ကိုသက်နွယ် တို့ နှစ်ဦး အနက် ဘယ်သူ့ ကို ရွေးချယ်သင့်တယ် ဆိုတာ အကြံ ပေး စေချင်ပါတယ် ။

“ တစ်နည်းအားဖြင့်တော့ ဘယ်သူ့ ကို ယူ ရင် ညို့ ဘဝ ရှေ့ရေး ဟာ ဘယ်လို ဖြစ်လာလိမ့်မယ် ဆို တာ ကို လည်း ရှေ့ဖြစ် ဟော စေချင်ပါတယ် ။ ပညာ ဉာဏ် ကြွယ်ဝ တဲ့ ဆရာ့ လို စာရေးဆရာ တစ်ယောက် ကို ဗေဒင်ဆရာ လို လည်း သဘော ထားလို့ ညို့ ရှေ့ဖြစ်ကလေး ကြည့် ခိုင်းတာပါနော် ။ အမှား ပါ ရင် လည်း ခွင့်လွှတ်ပါ ဆရာ ... ”

ကလေးမ က စာ ၏ အဆုံး တွင် ကျွန်တော့် ကို ပါ ဟာသ လုပ် ထားပေသည် ။ စင်စစ်တော့ ညို ဆိုသည့် ကလေးမတို့ အရွယ် သည် မည်သည့်အရာကို မဆို လက် တည့် စမ်း လိုကြသည့် အရွယ်ပင် ဖြစ်သည် ဟု ကျွန်တော် ယူဆ မိ၏  ။ စိတ်ကူးယဉ် လောက ထဲသို့ တိုးဝင်ကာ ဘဝ လက်တွေ့ ကို ရှာဖွေ လိုကြသည် ဟု လည်း ထင်မိသည် ။

ကျွန်တော် သည် စာ ကို ဒုတိယအကြိမ် ပြန်၍ ဖတ်ရ ၏ ။ မိန်းကလေး တစ်ယောက် ထံ မှ လာသည့် စာ ကို နှစ်ခါ ပြန်၍ ဖတ် နေသည့် အတွက်ကြောင့် စာ ထဲ ၌ မျက်စိရော ၊ စိတ်ပါ အာရုံ ဝင် နေခိုက် မှာ ပင် တစ်ဖက် မှ နား က ဆေးလိပ် ပြာခွက် ကို ကြမ်းပြင် ပေါ် သို့ ဂွမ်ခနဲ ချလိုက်သံ ကြား မိလိုက် ၏ ။ ဒေါ်ကောက်ရိုး ဒေါပွ လေ ပြီလော ။

ဒေါ်ကောက်ရိုး အနား တွင် ဆေးလိပ်ခွက် ၊ တံခါး ထောက် ၊ အနှိပ်သည်ဘု စသည် တို့ က အမြဲ ရှိတတ်ပါ၏ ။ ထို့ကြောင့်လည်း ယခုလို အချိန် မျိုး တွင် ဆေးလိပ်ခွက် စစ်ဆင်ရေး ၊ အနှိပ်သည်ဘု စစ်ဆင်ရေး ၊ တံခါးထောက် စစ်ဆင်ရေး တို့ ကို ကျွန်တော့် မှာ ခံစစ် ပြုနိုင်အောင် နား ရော ၊ မျက်စိ ပါ “ လျင် ” ရမည် ဖြစ်ပါသည် ။ 

စာ ကို ဖတ်၍ ဆုံးသည် တွင် စားပွဲ ပေါ် သို့ ပြန် ချထား လိုက်တော့မှ ခပ်လှမ်းလှမ်း က ဒေါ်ကောက်ရိုး ၏ အသံ က ခပ်ပြတ်ပြတ် ပေါ်လာသည် ။

“ ဘယ်က စာ မို့ ဒီလောက် ဖတ်နေရတာလဲ ”

“ သက်နွယ် စာပါ ကွာ ” ဟု ကျွန်တော် က လေပျော့ ဖြင့် ဖြေ ရသည် ။ ဒေါ်ကောက်ရိုး သဘော ကျ ဟန် မတူ ။

“ ဟင် ... လိပ် တပ်ထားတာ က ရှင့် နာမည် ၊ အထဲ က သက်နွယ် စာ ၊ ဘယ်လို ဟာ တုံး ”

“ ရော့ ရော့ မင်း ဟာ မင်း ပဲ ဖတ်ကြည့် ”

မရဲ သော်လည်း ပြေးခဲစေ ဟု စာအိတ် ကို ခေါက်၍ သူ့ ထံ သို့ ခပ်ဆတ်ဆတ် လှမ်း ပစ် ပေးလိုက်သည် ။ ဒေါ်ကောက်ရိုး က စာ ကို အစ မှ အဆုံး တစ်နာရီ မိုင်ခြောက်ဆယ် နှုန်း ဖြင့် ဖတ် ပစ်လိုက်ပြီး “ အင်း ... ဓားခုတ်ရာ လက်ဝင် မလျှိုနဲ့ဦး ” ဟု အဓိပ္ပာယ် များစွာ ပါသော စကား ကို ဆိုလေ သည် ။ 

ထို ညနေ မှာ ပင် ကျွန်တော် ရေမိုး ချိုးပြီးသည် ၌ သက်နွယ် ရောက်လာ၏ ။ အဆင် သင့်ပြီ ။

“ ကဲ ... ဖိုးသက် ထိုင်ဦး ၊ ရော့ ဒီ စာ ဖတ်ကြည့် ”

သက်နွယ် အား ကောင်မလေး ထံ မှ စာ ကို ဖတ်ခိုင်း လိုက်ရ၏ ။ သက်နွယ် သည် စာ ကို ဖတ် နေရင်း တစ်စုံတစ်ခု ကို မျက်မှောင် ကုတ် ၍ စဉ်းစား နေဟန် ရှိ၏ ။

“ ဘယ်က အညို လဲ ဆရာ ... ”

ဟု သူ က ဖျပ်ခနဲ မေး သည် ။

“ သေပါတော့ ဟာ ”

ကျွန်တော့် နှုတ် မှ လွှတ်ခနဲ ထွက်သွားရ၏ ။ သူ ကိုယ်တိုင် ရည်းစားစာ ပေးခဲ့ပြီး မှ သူ ပေးခဲ့သည့် ကလေးမ ကို မသိ ဟု ဆို  ချေပြီ ။ စိတ်ချ ရပါပေသည် တကား ။

“ မင်း ငါ နဲ့ ကျောက်မြောင်း ကို လိုက် လာတုန်းက သံဒိုင့် အိမ် မှာ တွေ့တဲ့ အညို လေကွာ ၊ မင်း ပဲ ချစ်ပါတယ် လို့ စာ ရေး ပေးပြီး ... ချီး မှ ပဲ ... ခု မေ့ ပြီလား ”

သက်နွယ် သည် ကျွန်တော် မကျေမနပ် ဖြစ်သွားပုံ ကို ရိပ်မိ သွားသဖြင့် စကား ကို လျှော ချ လိုက်၏ ။

“ ဪ .. အညို တွေ က  များလို့ ဘယ်သူများ လဲ လို့ မေး မိတာပါ ဆရာ ၊ သူ့ ကို တော့ ကျွန်တော် သိပါတယ် ။ သူ့ စာ ထဲ မှာက ညို လို့ တစ်လုံး တည်း ရေး လေတော့ ရုတ်တရက် မမှတ်မိလို့ပါ ။ သူ့ နာမည် အပြည့်အစုံ က ခင်ဝင်းညို တဲ့ ဆရာ ... ”

“ အေးကွာ .. ခင်ဝင်းညို ပဲ ဖြစ်ဖြစ် အညို ပဲ ဖြစ်ဖြစ် အဲဒီ မိန်းကလေး ကို မင်း တကယ် ယူ နိုင်မှာလား ၊ ယူ နိုင်ရင် တွေ့ကြဖို့ ငါ ခွင့်ပြုမယ် ။ မယူနိုင်ဘဲ အနှောင့်အယှက် သက်သက် ဆိုရင်တော့ ငါ ဒါမျိုး မလိုလားဘူး ၊ သူ့ မှာ အိမ် က အခြေတကျ နေရာ ချပေးမယ့် ကိစ္စ ရှိနေပြီ ၊ မင်း စဉ်းစား ... ”

ကျွန်တော် ၏ ခပ်ပြတ်ပြတ် ပြောလိုက်သော စကား ကြောင့် သက်နွယ် အတန်ကြာ ၍ စဉ်းစား နေပုံ ရပါ သည် ။

ဤနေရာ၌ သက်နွယ် အကြောင်း ကို ပြော ရပါဦး မည် ။ သက်နွယ် သည် ကျွန်တော် တို့ ရွာ မှ ဖြစ်၏ ။ အသက် မှာ မူ ကျွန်တော့် ထက် ဆယ်နှစ် ခန့် ငယ် ပေသည် ။ ကိုးတန်း အောင် ပြီး၍ ဆယ်တန်း ဖြေရန် ရန်ကုန် တွင် အလွတ်ပညာသင် ကျောင်း တက်စေဖို့ ကျွန်တော့် ထံ သို့ သူ့ မိဘ က အပ် လိုက်သည်  ။ ကျောင်း တက်၍ သုံးလ လောက် မှာပင် ကျွန်တော် ဝတ္ထု များ စမ်း ရေးကြည့်၏ ။ ညတိုင် အိမ်ထဲ ၌ ကျွန်တော် စာ ရေးနေလျှင် သူ လည်း အိမ်ရှေ့ တွင် တကုပ်ကုပ် နှင့် စာ ရေးလေတော့သည် ။ သို့သော် သူ့ စာမူ ကို တစ်အိမ် တည်း နေသူ ကျွန်တော့် အား မည်သည့် အခါမျှ ပြလေ့ မရှိ ပေ ။ “ ကျွန်တော် ရေးထားတာ ပြင် ပေးပါ အစ်ကို ၊ တည်း ဖြတ်ပေးပါ ဦး ” ဟု လည်း ဘယ်အခါ မျှ မပြောခဲ့ ။ “ ဒီလ ဘယ် မဂ္ဂဇင်း အတွက် ကျွန်တော် ဘာ ရေးထားတယ် ။ ဘယ်နေ့ က ပို့တယ် ” စသည် ဖြင့် လည်း မဆို ဘူးခဲ့ ။ စာပေ ပြဿနာ ၊ ဇာတ်လမ်းအကြောင်း စသည်တို့ ကိုလည်း မဆွေးနွေးဘူးခဲ့ ။

ထို့ကြောင့် အညို ( ခေါ် ) ခင်ဝင်းညို က ဆရာ့ တပည့် ကိုသက်နွယ် ဟု ရေးသော်လည်း ကျွန်တော် က မူ သက်နွယ် သည် ကျွန်တော် ၏ တပည့် မဟုတ်ပါချေ ဟု သာ အခိုင် အမာ ငြင်း ရ မလို ဖြစ်နေ၏ ။ အလားတူ ကျွန်တော် သည် လည်း သက်နွယ် ၏ ဆရာ မဟုတ်ပါလေ ။ သူ့ ဟာ သူ ကျွန်တော့် အိမ် မှာ နေရင်း ကြိုးစား ကာ တတ်မြောက်သွား ပြီး နာမည် ရ လာ သူ ဖြစ်ပါသည် ။

သက်နွယ် သည် ကျွန်တော့် ကို မူ အတော်ပင် လေးစားရိုသေ ၏  ။ အသက်အရွယ် ချင်း ကလည်း ဦးလေး နှင့် တူ တစ်မျှ ရှိကြ၍ ဖြစ်၏ ။ သူ့ မိဘ မှာ နွမ်းပါးသည် ဖြစ်၍ သူ့ အား မထောက်ပံ့ နိုင် ၊ အလားတူပင် သူ ကလည်း သူ့ စာမူခ ရ သမျှလေးဖြင့် ဝမ်းခါး   ရုန်းကန် နေရသဖြင့် မိဘ ကို မပံ့ နိုင်ခဲ့ ။

တစ်ခါက သူ့ အပေါင်းအဖော်များ က ရုံးတွင် အလုပ် သွင်း ပေးမည် ။ လခ တစ်ရာ့ငါးဆယ် က စ၍ ရမည် ဆိုသည် ကိုလည်း လက် မခံခဲ့ ။ ယခုသော် သူ့ အပေါင်းအဖော်များ မှာ လခ သုံးရာကျော် ကိုယ်စီ ဖြစ်၍ အိမ်ထောင်များ ပင် ကျ ကုန်ကြပေပြီ ။

သက်နွယ် မှာ ထာဝရ ဘိုင် ကျ နေတတ်၏ ။ ကျွန်တော်က သူ့ အရိပ်အကဲ ကို ကြည့်၍ ငွေ လိုသလား ဟု မေး သော် “ နေပေစေ အစ်ကို ၊ ဒီနေ့ ဘယ်တိုက် က စာမူခ ဘယ်လောက် ရမယ် ... ” စသည် ဖြင့် ပြောပြီး ထွက် သွား တတ်၏ ။ အပြင်တွင် သူ့ အပေါင်းအဖော်များ ၏ ရုံးများ သို့ ဝင်၍ ထမင်း ကျွေးခိုင်း ၊ ဆေးလိပ် တိုက် ခိုင်း လုပ် ပြီးသော် လမ်းစရိတ် မှ အစ တောင်းပြီး ပြန် တတ်၏ ။ ဤနည်းဖြင့် သူ့ မှာ ပြေလည် နေသည် ကို ကျွန်တော် သိပါသည် ။ သက်နွယ် သည် ဤနှယ် သူ့ ဘဝ သူ ကျိတ်မှိတ် ၍ ရုန်းကန်နေ သူ ဖြစ် ရာ တကယ်တမ်း အိမ်ထောင် ပြုတော့မည် ဆိုလျှင် အလုပ်အကိုင် တစ်ခုခု ရှာ ရပေမည် ဟု ကျွန်တော် ယူဆမိ ၏ ။ ထို့ကြောင့်ပင် သူ့ ကို မေးရ ပြန်သည် ။ 

“ မင်း... အညို့ ကို တကယ် ချစ်သလား ”

“ ချစ်ပါတယ် အစ်ကို ။ သူ့ ဆီက ဘာ စာမှ မပြန်လို့ ကျွန်တော် ရှေ့ မဆက်တာပါ ။ ခုလို သူ့ စာ ဖတ်ရတော့ ကျွန်တော် သူ့ ကို ယူ ရဲပါတယ် ” ဟု အသံ မြည်လာ၏ ။

“ ကဲကွာ .. ဒီလို ဆို ရင် လောလောဆယ် မင်း အလုပ် တစ်ခု ခု ရှာ ပေတော့ ။ လစဉ် ဝင်ငွေ မှန်တဲ့ အလုပ် တစ်ခု ရရင် တစ်ဖက် က မင်း ဝါသနာ ပါတဲ့ စာ လည်း ရေးရင်း အဆင် ပြေ တာပေါ့ ”

သက်နွယ် သည် ကျွန်တော့် စကား ကို စဉ်းစားနေပြီး မှ “ ဟာ .. အစ်ကိုရာ ကျွန်တော် လခစား မလုပ်ချင်ဘူး ” ဟု ဆိုလေသည် ။

“ ဟ ... ကောင်ရ ၊ လခစား မလုပ်လို့ မင်း စာရေး တဲ့ အလုပ် က မင့် ဝမ်း တစ်ဝမ်း တောင် မှ ကျောင်း လို့ ပြေလည် ရဲ့လား ၊ မိန်းမ ယူတယ် ဆိုတာ လွယ်တာ မှတ်လို့  ၊ နေ စရာ အိမ်ခန်း ရှိရမယ် ၊ စားဖို့ ပေးနိုင်ရမယ် ၊ ဝတ်ဖို့ ဆင်နိုင် ရမယ် ၊ ဘယ်မလဲ မင့် မှာ အစီအစဉ်တွေ လုပ်နိုင်မယ့် အင်အား ... ”

သက်နွယ် အနည်းငယ် ငိုင် သွား၏ ။ ကျွန်တော်တို့ တကယ် ဆွေးနွေးနေကြတော့ မှ ပင် ဒေါ်ကောက်ရိုး မှာ အထင်အမြင် မှန်သွားဟန် ဖြင့် ..... “ သမီး ရေ ... မေမေ သနပ်ခါး သွေးထားမယ် ၊ ရေ မြန်မြန် ချိုး ဟေ့ ” ဟု ဆို ကာ အပေါ်ထပ် သို့ တက် သွားတော့၏ ။ ကျွန်တော့် အပေါ် ဒေါ်ကောက်ရိုး စိတ် ပြောင်း ပေပြီ ။

“ ကျွန်တော့် ဘဝ ကို အနုပညာ ထဲ မှာပဲ နစ်မြုပ် နေချင် တယ် အစ်ကို ။ လခစား ဆိုတာ လွတ်လပ်တာ မဟုတ်ဘူး ၊ လူ မလွတ်လပ် သလို အတွေးအခေါ် လည်း လွတ်လပ် မှာ မဟုတ်ဘူး ။ လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝ ကို ပဲ မက် မောတယ် ။ ဒါကြောင့် ကျွန်တော် အနုပညာ နဲ့ ရင်းနှီးလို့ ရ တဲ့ ငွေကြေး နဲ့ ကျွန်တော် အညို့ ကို ထားမယ် အစ်ကို ”

“ မင်း တကယ် စဉ်းစားပြီး ပြောပါ ဖိုးသက် ရာ ၊ မဂ္ဂဇင်းဝတ္ထု ဆို တာလည်း မင်း မှန်မှန် ရေး နိုင်တာ မဟုတ်ဘူး ၊ လုံးချင်းဝတ္ထု လည်း မင်း တစ်နှစ် ဘယ် နှစ်ပုဒ် ထွက် နိုင်လို့ လဲ ၊ ဒီလိုချည်း ဝတ္ထုများများ ထွက်မှ ငွေများများ ရမယ်ဆို တဲ့ ရည်ရွယ်ချက် နဲ့ တွန်းဖိပြီး ရေးရင် မင်း စာတွေ ဟာ ဇွတ် ရေး ရတဲ့ စာတွေ ဖြစ်ပြီး အသက် ပါ သင့်သလောက် ပါ မှာ မဟုတ်တော့ဘူး ။ ကြာတော့ ကုန်ကြမ်း မရှိရင် ကုန်ချော မထွက် သလိုပဲ မင်း ခေါင်း ထဲ မှာ ရေးစရာ ခန်းသွား လိမ့်မယ်  ”

ကျွန်တော် က ခပ်ရှည်ရှည် ပြောမိ၏ ။ သက်နွယ် က ငြိမ်သက် နေရာ မှ ကျွန်တော့် ကို စိုက်ကြည့်နေပြီး ...

“ လခစား လုပ်ရင် စာရေး ပျက် သွားမယ် ထင်တယ် အစ်ကို ”

“ မဟုတ်တာပဲကွာ ၊ ငါ က မင့် ကို လခစား အတင်း လုပ်ခိုင်းနေတဲ့ အကြောင်းရင်း က မင်း ရဲ့ အိမ်ထောင် မှာ ဒီလောက် ဒီမျှ ဆိုတဲ့ လစဉ်ဝင်ငွေ ကို ပုံသေ တွက်ပြီး စား သောက်နေထိုင်ရေး မှာ ဘဝ အာမခံချက် ရှိနေစေချင် လို့ပဲ ။ စာရေး တဲ့ အလုပ် က လခစား နဲ့ မဆိုင်ပါဘူး ကွာ ၊ လခစား ရိုးရိုး မပြောနဲ့ အရာရှိကြီး တွေ တောင် စာရေး ချိန် ရ သေးတာ ပဲ ၊ နေ့လယ် ရုံး အလုပ်လုပ် ၊ ကိုယ်ပိုင် အချိန်ကျတော့ စနေ နေ့ တစ်ဝက် ၊ တနင်္ဂနွေ အားရက်တွေ တစ်ပြုံကြီးပဲ ” ဟု ထပ်၍ ရှင်း ပြရပါသည် ။

သို့တိုင်အောင် သက်နွယ် မှာ သူ့ ဇွဲ ကို လျှော့ချပေး လိုဟန် မရှိပါ ။ ခပ်အင်အင် လုပ် နေပါသည် ။

“ ကဲ ... ဘယ်လိုလဲကွာ ၊ ငါ က ဒီ စာ ကို ပြန် ရဦးမှာ ၊ မင့် ဆုံးဖြတ်ချက် ပေါ် မှာ တည်ပြီး ပြန်ရေးရမယ်ကွ ” ဟု ထပ်၍ ပြော လိုက်တော့ မှ သက်နွယ် က အပြီးအပိုင် စဉ်းစား လိုက် ဟန်ဖြင့်

“ ကျွန်တော် ဘယ်နည်း နဲ့ မှ လခစား မလုပ်နိုင်ဘူး အစ်ကို ၊ စာရေးဆရာ ဘဝ နဲ့ ပဲ ... ”

ကျွန်တော်သည် စွပ်ကျယ် ကို လက်မောင်း လိပ် တင် လိုက်ပြီး ချွေး သုတ်မိ၏ ။ ထို့နောက် သက်နွယ် အပါး မှ ထ ကာ စာရေးစားပွဲ တွင် ထိုင် လိုက်သည် ။ ပြီးလျှင် ခင်ဝင်းညို ( ခေါ် ) အညို့ ထံ သို့ စာ ရေး ပြန်လိုက်ရ၏ ။

အညို
       ပေးစာ ကို ရပါတယ် ။ ဗေဒင်ဆရာ တစ်ယောက် အနေ နဲ့ ဟောပါ လို့ ဆိုထားလို့ ဟောစာတမ်း ထုတ်လိုက် တော့မယ် ။ အညို ဆိုတော့ အင်္ဂါသမီး ပေါ့ ။ နေတဲ့ အရပ် က ကျောက်မြောင်း ဆိုတော့ ဆရာ နေတဲ့ အရပ် က စမ်းချောင်း မို့ ဆရာ့ နေရာ က တွက် ရင် အညို့ နေရပ် ဟာ အရှေ့ ၊ အညို နေရာ က တွက်ရင် ဆရာ့ နေရပ် က အနောက် ။ ဒီ လ မှာ အင်္ဂါ ဟာ ဝါရမိတ္တုရက် ကို ရှောင် ရမယ် ။ နဂါး ဟာ အရှေ့အရပ် ကို လှည့် လို့ အင်္ဂါသမီး ဖြစ်တဲ့ အညို ဟာ စနေနေ့ မှာ အနောက် အရပ် ကို မသွားကောင်းလို့ ပါပဲ ...... ။ 

◾ကောက်လှိုင်း

📖 မြဝတီမဂ္ဂဇင်း
      ၁၉၈၈ ၊ သြဂုတ် ၊

#ကိုအောင်နိုင်ဦး

.

Wednesday, September 28, 2022

တင်ကျီး တစ်ဝမ်း ဗျိုင်း တစ်ဝမ်း


 

❝  တင်ကျီး တစ်ဝမ်း ဗျိုင်း တစ်ဝမ်း  ❞

( ၁ )

“ ဆင်းရဲငတ်မွတ်ခြင်း က တံခါးမကြီး ကို လာ၍ ခေါက်သော အခါတွင် … ချစ်ခြင်းမေတ္တာ တို့ သည် လည်း ပြတင်းပေါက် မှ ထွက်ခွာပြေးသွားလေ့ ရှိတတ်ပါသည် ”

( ၂ )

သူ နှင့် တွေ့ ရ၍ ကျွန်တော် ပျော်ပါသည် ။ သူ့ ကို ကျွန်တော် နှစ်သက်ပါသည် ။ ကျွန်တော် ပျော်ခြင်းကား သူ နှင့် တွေ့ ရသည် ထက် သူ နှင့် အတူ ရင်းနှီးစွာ နေရခြင်း ကြောင့် ပင် ဖြစ်ပါသည် ။ ထို့ကြောင့်ပင် သူ့ ကို ကျွန်တော် နှစ်သက်သည် ဟု ဆိုမိပါသည် ။ သူ ဆိုသည် ကား မလေးနွယ် တည်း ။

မလေးနွယ် က လှ၏ ၊ ချော၏ ၊ သို့သော် ဆင်းရဲသည် ။ ကျွန်တော် က အရုပ်ဆိုး၏ ၊ အကျည်းတန်၏ ၊ မလေးနွယ် ကဲ့သို့ ပင် လည်း ဆင်းရဲသူ ဖြစ်သည် ။ ထို့ကြောင့် ပင်လျှင် ဆင်းရဲသော သူ အချင်းချင်း သတင်းလွေ့လွေ့  ပေါင်းဖက် တွေ့ ခဲ့ရခြင်း ဖြစ်ပါသည် ။

သို့သော် မလေးနွယ် ၌ ခေါ်မည့် သူ ပြောမည့် သူ အရောဝင်မည့် သူ အလျှံပယ် လျက် ရှိ၏ ။ အကြောင်းမူ မလေးနွယ် ၏ အလှ ၌ ခုံမင်ယစ်မူး မျှော်လင့်ဇော ထားကြ ၍ ဖြစ်လေ၏ ။ ထိုကဲ့သို့ သဘော ထားလေ့ရှိသူများ ကား မလေးနွယ် နှင့် ဆန့်ကျင်ဘက် သဘာဝ ဖြစ်သော ယောက်ျားသား များ တည်း ။

ကျွန်တော့် ၌ မူ ခေါ်မည့် သူ ၊ ပြောမည့် သူ ၊ အရော ဝင်မည့် သူ ဟူ၍ နည်းပါးလှချေ၏ ။ အကြောင်းမူ ကျွန်တော် သည် အရုပ်ဆိုး၏ ။ အကျည်းတန်၏ ။ ကျွန်တော် ကဲ့သို့ သော ယောက်ျားသား နှင့် ဆန့်ကျင်ဘက် မိန်းမ တို့ ၌ ကား အလှအပ ဟူသည် မက်မောဖွယ်ရာ ဖြစ်၏ ။ ထို့ကြောင့်ပင် လျှင် ကျွန်တော့် ၌ ခုံမင်ယစ်မူး မျှော်လင့်ဇော ထားမည့် သူ ကင်းမဲ့လေခြင်း ဖြစ်သည် ။

ဤအခါ၌ ကျွန်တော့် အတွက် အားကိုးစရာ ကား မမတင့် သာ လျှင် ဖြစ်ချေတော့သည် ။ မမတင့် မှာ တစ်ကိုယ်ရေ တစ်ကာယ အပျိုကြီး ဘဝ နှင့် နေသူ ဖြစ်၏ ။ မိဘ နှစ်ပါး တွင် ရှိသည့် ပစ္စည်းပစ္စယ မှာ လည်း သူ့ အတွက် ဆို တစ်သက်တာ သုံး၍မျှ မကုန်နိုင်အောင် ဖြစ်၏ ။ ကျွန်တော် နှင့် မမတင့် မှာ မေမေ မှ တစ်ဆင့် သိကျွမ်းရသူများ ဖြစ် ကြ၏ ။ မမတင့် သည် ကျွန်တော် ခင်မင်သည်ထက် မမတင့် ကို မေမေ က ပို၍ လေးစားရ၏ ။ အကြောင်းမူ မေမေ့ ကုန်ဆိုင်ကလေး မှာလည်း မမတင့် ၏ ငွေကြေး ဖြင့် တည်ထောင် ထားရသော ဆိုင် ဖြစ်လေသောကြောင့် တည်း ။

တောနယ် သဘာဝ ဖြစ်၍ ကျောင်းချိန် မှ တစ်ပါး ကျွန်တော် ၌ အားလပ်လွန်းလှသည် ။ ပျော်ပွဲရွှင်ပွဲ ဟူ၍ လည်း မရှိလှချေ ။ ကျောင်း ဆင်း သည် ဆိုလျှင်ပင် မေမေ့ ဆိုင် သို့ရောက်၍ ဗာဟီရကိစ္စများ ကို ပြုလုပ်လေ့ ရှိသည် ။ မေမေ့ ကုန်ပစ္စည်းများ ကို သိမ်းဆည်းထုပ်ပိုး ၍ နေချိန်များ ၌ မေမေ မှာ ကျွန်တော့် ကို ကြည့်ကာ ဝမ်းသာအားရ ပြော ရှာပါသည် ။

“ ငါ့ သား ကတော့ သိပ်အားကိုးရတဲ့ သားပဲ ၊ မေမေ ဖြင့် ငါ့ သား ပင်ပန်း မှာ စိုးပါတယ်ကွယ် ၊ အိမ် ပြန် အေးအေးဆေးဆေး စာလေး ဘာလေး ကျက်ဦးပေါ့ ၊ မေမေ့ ဟာ မေမေ သိမ်းပါ့မယ် ... ” ဟုပင် မေမေ က ဝမ်းသာအားရ ပြော ရှာပါသည် ။

ဤအခါ၌ မေမေ့ အပြုံး ကိုကြည့်၍ ကျွန်တော် ပီတိ ဖြစ် ရပါသည် ။ တစ်ခါတစ်ရံ ဤသို့သော အချိန်များ ၌ ဆိုင် ရှေ့သို့ မမတင့် က ရောက် လာတော့သည် ။ သည်အခါများ ၌ မေမေ သည် တစ်ဦးတည်းသော သား ဖြစ်သူ ကျွန်တော့် အပေါ် ၌ ဂုဏ်ယူဝင့်ကြွားလိုဟန် ဖြင့် “ အဲဒါပဲ ကြည့်တော့ တင့်တင့် ရေ ... ညည်း မောင် က တော့ အတော် အားကိုး ရတယ် ။ ခုလည်း အမေ ပင်ပန်းမှာ စိုးလို့ ကျောင်း ဆင်းတာတောင် ဘယ်မှ မလည်ဘဲ အမေ့ အလုပ်တွေ ကူ လုပ်နေတယ် .. ” ဟု ပြော ရှာပါသည် ။

သည်အခါ ၌ မမတင့် က ကျွန်တော့် အပြုအမူ ကို ကြည့်၍ ခပ်ထေ့ထေ့ ပြုံးရင်း .….“ ခုတော့ ငယ်သေးတာ ကိုး အရီး ရယ် ၊ တော်တော်ကြာ ကျတော့ ကြိုက်တာ တွေ့ ရင် မိုက်ပါလိမ့်မယ် နော ” ဟု ပင် ရယ်သွမ်းသွေး၍ ပြောလိုက်ပါတော့သည် ။

မမတင့် ထိုကဲ့သို့ ပြောသွားခဲ့သော စကားရပ် ကို ကျွန်တော် မမေ့ နိုင်ပါချေ ။ ထို့ကြောင့်ပင်လျှင် မလေးနွယ် နှင့် ပတ်သက်၍ မမတင့် ကို ကျွန်တော် ဖွင့်ဟ ၍ တိုင်ပင် မိပါချေသည် ။

“ မမတင့် … မလေးနွယ် ကို သိသလား ဟင် ”

ရုတ်တရက် ကျွန်တော် ကောက်ကာငင်ကာ မေး လိုက်သော စကားကြောင့် မမတင့် မှာ အံ့အားသင့်သွားသည် ။

“ ဟဲ့ .. သိတာပေါ့ ၊ တို့ အနောက်လမ်း က ကုန်စိမ်းသည် မမယ်ခင် သမီးကလေး ပဲ ၊ မင်းတို့ ကျောင်း မှာ နေတယ် မဟုတ်လား ... ” ဟု ပင် ပြန်၍ ဖြေပါတော့သည် ။

“ ဟုတ်တယ် မမတင့် ... အဲဒီ ကောင်မလေး မလှဘူးလား ဟင် .. ” ဟု ပင် ကျွန်တော် က ဝမ်းသာအားရ ဆက်၍ မေး မိပါသည် ။

“ မင်းတို့ ခေတ် မျက်စိ နဲ့ တော့ လှ သပေါ့ကွာ ၊ အမှန် တော့ မိန်းကလေး ဆိုတာ ဒီ အရွယ် အလှဆုံး အချိန် ပဲ ၊ ယောက်ျားကလေးတွေ ရဲ့ မျက်စိ ထဲ မှာ ချစ်စရာ အကောင်းဆုံး အချိန်ကိုး ကွ ” ဟု မမတင့် က ဆက်၍ ပြောပြန်ပါသည် ။ ဤအခါ ၌ မမတင့် ၏ သိတတ်သော စိတ် ကို ကျွန်တော် ကြည့်၍ ချီးကျူးမိပါသည် ။

“ ဒါပေါ့ မမတင့် ရာ … မလေးနွယ် ကို ကျွန်တော် ရှင်းရှင်း ပြော ရရင် ချစ် နေမိတယ် ၊ သူ က လည်း ကျွန်တော့် ကို ချစ်တယ် ဆိုပါတော့ ”

ကျွန်တော် က မရှက်မကြောက်နိုင်ဘဲ ဖွင့်၍ ပြောမိသော အခါ မမတင့် မှာ ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည် ။

“ အံမာလေး မောင်မြလှိုင် ရာ မင်း က ခုမှ ကျောင်းသား ရှိ သေးတယ် ၊ ဟို ကလည်း ဆင်းရဲပါဘိ သ နဲ့ ၊ မင်း တို့ နှစ်ယောက် ချစ်ကြရုံ နဲ့ ပြီး မတဲ့လား ” ဟု ပင် မမတင့် က ရယ်ရလွန်း ၍ စို့ထွက်လာသော မျက်ရည်စများ ကို သုတ်ရင်း မေး ပြန်ပါတော့သည် ။

“ ဒါတော့ မမတင့် ရာ ဆင်းရဲတာ ချမ်းသာတာ ဘေးထား ၊ ချစ်တာ သာ ပဓာနမ ဟုတ်လား ၊ မမတင့် တို့ ခေတ် တုန်းက တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ ဆိုတဲ့ သီချင်း တောင် ပေါ် ဖူးသေးတယ် မဟုတ်လား ”

ကျွန်တော် က ဆင်ခြေ တက်မိသည် ။ မမတင့် မှာ အရယ် ရပ်လိုက် ပြီး “ အေးပေါ့ကွယ် ချစ်တုန်း ခင်တုန်း ဆိုတော့ လောကကြီး ရဲ့ စားဝတ်နေရေးကို ဘယ် သိကြဦးမလဲ ” ဟု သူ့စကား ကို ဤမျှ နှင့် ရပ် လိုက်ပါတော့သည် ။

ကျွန်တော့် မှာ မမတင့် နှင့် တွေ့တိုင်း ပင် မလေးနွယ် အကြောင်း ကို မပြောရဲအောင် ဖြစ် လာရတော့သည် ။ ကျွန်တော် နှင့် မလေးနွယ် ချစ်နေကြောင်း မမတင့် အား အသိ ပေး ခဲ့ခြင်းမှာ မှားယွင်း နေခဲ့ပြီလော ဟု သံသယ ဖြစ်ရပါသည် ။ အကြောင်းမူ မလေးနွယ် လို ဆင်းရဲသော သူများ အပေါ် ၌ မမတင့် ကဲ့သို့ ချမ်းသာသော သူများ က အထင် သေး လေ့ ရှိ တတ်သောကြောင့် ဖြစ်၏ ။ ထို့ထက် မမတင့် ၏ ငွေကြေးသြဇာရေး ၌ ခိုလှုံနေကြ ရသော ကျွန်တော် တို့ သားအမိ အပေါ် တွင် မမတင့် အနေ နှင့် ကျွန်တော့် နှင့် မလေးနွယ် ၏ ကိစ္စ ကို မေမေ့ အပေါ် ၌ တစ်စုံတစ်ခု ပြောလိုက်ခြင်း အား ဖြင့် ကျွန်တော်တို့ ၏ ချစ်ဗိမာန်ကလေး ပြိုပျက်သွားမည် ကိုလည်း စိုးရိမ် ရပါသေးသည် ။ ထို့ကြောင့်ပင်လျှင် မလေးနွယ် နှင့် တွေ့ သည့် အခါ၌ ကျွန်တော့် မှာ အလောသုံးဆယ် ဖြစ်ရပြန်သည် ။

“ ကိုယ်တို့ နှစ်ယောက် တစ်နေရာရာ ထွက် ပြေးကြပါစို့လား နွယ် ရယ် ၊ ကိုယ် တော့ နွယ် နဲ့ မြန်မြန် နေချင်လှပြီ ” ဟု ပူဆာ မိပါသည် ။

“ ဘာဖြစ်လို့ ဒီလောက် လောနေရတာလဲ ကိုမြလှိုင် ရယ် ၊ နွယ် က ဘယ် ထွက်ပြေး မှာ မှတ်လို့ နေ့တိုင်း ကျောင်း မှာ လည်း တွေ့ နေရတာပဲ ၊ အိပ် မှာ ဆိုရင်လည်း အိပ်တဲ့ မျက်စိ ပဲ ခွဲကြတာ မဟုတ်လား ဒါနဲ့များ ဘာတွေ တွေး ပူနေရတာလဲ ” ဟု မလေးနွယ် က ခပ်ပေါ့ပေါ့ ပင် ပြန်၍ ပြောပါသည် ။

“ မဟုတ်ဘူး နွယ် ၊ လူ ဆိုတာ ရှေ့ရေး ကို တွေးနိုင် မှ တော်ရုံ ကျတာ ၊ ရှေ့မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာလည်း ၊ တို့များ သိနိုင်တာ မဟုတ်ဘူး ၊ အခြေအနေ ဆိုတာ ရုတ်တရက် အမျိုးမျိုး ပြောင်းလဲ တတ်တယ် မဟုတ်လား ၊ မတော်လို့များ ဒီ ကြားထဲ မှာ နွယ့် ကို ဒီ့ပြင် လူ နဲ့ ပေးစား လိုက်ရင် ကိုယ် ရင် မကွဲရပါလား ”

ကျွန်တော် က စောဒက တက်မိသည် ။ ဤအခါ ၌ မလေးနွယ် က ဟက်ဟက်ပက်ပက် ရယ်ပါချေသည် ။

“ အံမယ်လေး ကိုမြလှိုင် ရာ အလုပ် မရှိ အလုပ် ရှာ ပူ တတ်ရင် ကော ၊ ဒိပြင် လူ နဲ့ ပေးစားလို့ကော နွယ် က ယူ မှာ တဲ့လား ၊ ချစ်ခြင်းမေတ္တာ ဆိုတာ နွယ် နဲ့ ကိုမြလှိုင် လို ဆင်းရဲတဲ့ လူ အချင်းချင်း မှ သာ နှစ်နှစ်ကာကာ ချစ် တတ်ကြတာ ။ ကိုမြလှိုင် ဘယ် ဘဝ ပဲ ရောက် နေနေ နွယ် ကတော့ ချစ် ရမှာပဲ ၊ ကိုမြလှိုင် က သာ ဒီ ဆင်းရဲတဲ့ ဘဝကြီး က လွတ်မြောက်အောင် ကြိုးစားဖို့ လိုတယ် ။ အဲဒီ အချိန် မှာ နွယ် နဲ့ ကိုမြလှိုင် ဘဝသစ် ကို ထူထောင်ကြဖို့ပဲ ရှိ တော့တာပေါ့ ” မလေးနွယ် က ရှည်လျားစွာ ရှင်းပြ လိုက်ပါတော့သည် ။ ဤသို့သော မလေးနွယ် ၏ စကား ကို ကြား ရသည်မှာ ကျွန်တော့် ရင် မှာ ဝမ်းသာချမ်းမြေ့ ရပါသည် ။ ဝမ်းသာအားရပင် မလေးနွယ် အား ကတိ တစ်ခု ကို လည်း ပေး မိပါတော့သည် ။

“ ဘာပဲဖြစ်ဖြစ် ကိုယ် ဒီနှစ် ဆယ်တန်း အောင် အောင် ဖြေမယ် ၊ ဆယ်တန်း အောင် ပြီး ရင် ရတဲ့ အလုပ် ကို ဝင် လုပ်မယ် ၊ ဘယ် အလုပ် ပဲ လုပ်ရ လုပ်ရ ရတဲ့ ငွေ နဲ့ ကိုယ့် ချစ်သူ ကို တစ်အိုးတစ်အိမ် ထား နိုင်ရင် ဘဝ မှာ ပျော်စရာ ပဲ ။ ဒီနေ့က စပြီး ကိုယ်တို့ နှစ်ယောက် နီးဖို့ အရေး အတွက် ကိုယ် မဖြစ်မနေ ကြိုးစားတော့မယ် ”

ကျွန်တော် ၏ စကား အဆုံး၌ ဝင်းပသွားသော မလေးနွယ် ၏ မျက်နှာကလေးကို မြင် လိုက်ရပါတော့သည် ။

( ၃ )

ပဲ့ မပါသော လှေ သည် လိုရာ ခရီး သို့ မရောက် ဟု ကျွန်တော် ကြားဖူးပါသည် ။ ရည်ရွယ်ချက် မရှိသော လုပ်ငန်း တစ်ခု သည်လည်း အောင်မြင်ခြင်း ပန်းတိုင် မရောက် ဟု ကျွန်တော် ကြားဖူးပါသည် ။ ကျွန်တော် ၌ မူ မလေးနွယ် နှင့် နီးရဖို့ ကြီးစွာသော ရည်ရွယ်ချက် က ရှိနေခဲ့၏ ။ ထို့ကြောင့် ပင် လျှင် ခဲရာခဲဆစ် ဖြင့် ကျွန်တော် ဆယ်တန်း အောင် ခဲ့ပါသည် ။

ဤအခါ၌ ကျွန်တော် အလုပ် တစ်ခု ကို ဝင်၍ လုပ် ရန် ကြံ မိသည် ။ ကျွန်တော် အလုပ် ရလျှင် မည်သည့် နည်းဖြင့် ဖြစ်စေ မလေးနွယ် နှင့် ပေါင်း ရမည်ကို ကြံစည် မိသည် ။ ဤအခါ၌ မေမေ နှင့် မမတင့် က ကျွန်တော် အလုပ် ဝင်မည့် ကိစ္စ တွင် ကန့်ကွက် ကြတော့သည် ။

“ သား အသက် လည်း ငယ်ပါသေးတယ် ကွာ ... ဆယ်တန်း အောင်ပြီး အလုပ် ဝင် လုပ်ရအောင် မေမေ လည်း စားလောက်သားပဲ ။ မေမေ့ လုပ်စာ နဲ့ တောင် ငါ့ သား ကို ဒီ အထိ ကျောင်း ထားလာခဲ့ သေးတာပဲ ၊ တက္ကသိုလ် ဆက် နေဖို့ ဘာ ပူစရာ လို သလဲ သားရယ် … ၊ ငါ့ သား ပညာရေး အတွက် ဆို မေမေ ကျွန်ခံ ရှာရရှာရ မပင်ပန်းပါဘူး ။ ငါ့ သားဆရာဝန်ကြီး ဖြစ် ချင်တယ် ဆို ... ကျောင်း သာ ဖြောင့်ဖြောင့် သွားပါ ၊ အလုပ် လုပ် ဖို့ စိတ် မကူးစမ်းပါနဲ့ ” ဟု မေမေက ကျွန်တော့် ကို ပြန်၍ တောင်းပန် ပြောဆိုပါချေတော့သည် ။

ကျွန်တော် အဘယ်ကြောင့် အလုပ် ဝင်၍ လုပ်ချင်ကြောင်း ကို ပြော ရမှာလည်း ခက်နေပါချေသည် ။

ပင်ပင်ပန်းပန်း ရှာဖွေ၍ သင်ရသော ပညာ နှင့် မိန်းမ ယူရမည့် အရေး ကို လည်း တွေးလိုက်လျှင် မချည့်စရာ ဖြစ်ရပါသည် ။

ထို့ကြောင့် ပင် လျှင် မေမေ့ ကို လိမ်၍ ပြောမိပါသည် ။ “ မေမေ က ချည့်ပဲ လုပ်ကျွေးရတာ ပင်ပန်းလှပြီ မဟုတ်လား ၊ ဒီ တစ်ခါ သားအလှည့် ဆိုတော့ မေမေ့ ကို သား ကလည်း လုပ်ကျွေးချင်သေးတယ် ” ဟု မေမေ့ အကြိုက် ကို လိုက်၍ ပြောမိပါသည် ။

ဤအခါ ၌ မေမေ့ မှာ အလွန်အမင်း ဝမ်းသာဟန် ဖြင့် “ အံမာလေး သားရယ် ၊ မေမေ ဖြင့် ဒီ စကား ကြားရတာ ဝမ်းသာလို့ မဆုံးပါဘူး ။ သား လုပ်စာ လည်း မေမေ မစားရက်ပါဘူး ။ မေမေ ပဲ သား ကို ပညာ ဆက်ပြီး သင်ပေးပါရစေဦး ။ ငါ့ သားဆရာဝန်ကြီး ဖြစ်တယ် ဆိုရင်  မေမေ က အိမ်ဦးခန်း က နေပြီး ဥပုသ်သီတင်း ဆောက်တည်ပြီး အေးအေးဆေးဆေး နေရမှာပေါ့ ။ ဒါကြောင့် ငါ့ သား ကျောင်း ဆက် နေပါကွယ် ” ဟု မေမေ က ဝမ်းသာ အားရ ဆို ရှာပါသည် ။

ကျွန်တော့် မှာ မိမိ ရည်ရွယ်ချက် ကို မိမိ ဖွင့်၍ ပြော လိုက်ချင်သော်လည်း ဘေး မှ မမတင့် က ရှိ နေသောကြောင့် ဘာမျှ မပြောသာဘဲ ရှိနေရတော့သည် ။

“ ဟုတ်သားပဲ မောင်မြလှိုင် .. ၊ ကိုယ့် မိဘ ထားနိုင်တုန်း ကျောင်း ဖြောင့်ဖြောင့် နေပေါ့ ။ သူများတွေ မှာ နေချင်ရက် နဲ့ တောင် မနေရဘူး ။ မင်း မှာ အခု ဘာ ပူစရာ ရှိ လို့လဲ ၊ အမေ တစ်ခု သား တစ်ခုပဲ ” ဟု မမတင့် က ပါ ဝင်၍ ပြော လာတော့သည် ။ သည်အခါ တွင် ကျွန်တော့် မှာ မိမိ အထုပ် ကို မိမိ မဖြေနိုင်ဘဲ ကျိတ်မှိတ် ငြိမ်သက်၍ နေရပါတော့သည် ။

ဤသို့ ဖြင့် ပင် ကျွန်တော် ရန်ကုန်တက္ကသိုလ် သို့ ဆက်လက် တက်ရန် ဆုံးဖြတ် လိုက်ရပါတော့သည် ။ ရန်ကုန် မသွားမီ တစ်နေ့ မှာ ပင် မလေးနွယ် ထံ သို့ သွား၍ နှုတ်ဆက် ရသည် ။ မခွဲစဖူး ခွဲ ရသည့်အချိန် ဖြစ်၍ မလေးနွယ် ၏ မျက်လုံးအိမ် ၌ မျက်ရည်အပြည့် ဖြင့် တွေ့  ရသည် ။

“ ကိုယ် လည်း စာ မကြာခဏရေး ပါ့မယ် နွယ် ... ၊ တကယ်တော့ ဘယ် သွားချင်ပါ့မလဲ ၊ ခုနေ အလုပ် ဝင် လုပ်တယ် ဆိုရင် နွယ် နဲ့ မြန်မြန်နီး ရမှာ ၊ ဒါပေမဲ့ မေမေ ကလည်း ကျောင်း ဆက်နေပါ ဆိုတော့ ကိုယ် မငြင်းသာ ဘူးပေါ့ ။ တစ်နည်းတော့ လည်း ကောင်းတာပဲ ၊ ဆရာဝန် သင်တန်း တက်ပြီး ဆရာဝန်ကြီး ဖြစ်တဲ့ အခါ နွယ့် ကို သည်ထက် ပိုပြီး လှလှပပ ထား နိုင်မယ်လို့ တွေး ပြီး စိတ် ကို ဖြေ ရတာပဲ ” ဟု ကျွန်တော် ပြော မိပါတော့သည် ။

ကျွန်တော့် စကားကြောင့် ပင် မလေးနွယ် ၏ မျက်နှာ မှာ ရွှင်ပြုံးလာဟန် ရှိ သော်လည်း ခဏချင်း မှာပင် ပြန်လည် ၍ ညှိုးငယ် သွားသည်ကို တွေ့ ရပါသည် ။

“ အင်းပေါ့လေ … ပညာရေး အတွက် ဆိုတော့လည်း မခွဲချင် ပေမယ့် ခွဲ ရဦးမှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် နွယ် က တော့ ကိုမြလှိုင် နဲ့ နီးရမယ့် ရက် ကို ပဲ လက်ချိုး မျှော်နေမှာ ... ကိုမြလှိုင် က သာ ရန်ကုန် ရောက် လို့ ကောလိပ်ကျောင်းသူတွေ နဲ့ တွေ့ပြီး နွယ့် ကို မေ့ မသွားပါစေနဲ့ လို့ ဆုတောင်း ပါတယ် ။ ဘယ်အခါ ဖြစ်ဖြစ် နွယ် ကတော့ သစ္စာ မပျက်ဘူး ဆိုတာ ယုံ စေချင်ပါတယ် ”

နွယ်ဘက ဝမ်းနည်းတသ စွာ ပြော လိုက်ပါသည် ။ ဤသို့ဖြင့်ပင် နွယ့် အပါး မှ ကျွန်တော် ခွာ ခဲ့ရပါ၏ ။

( ၄ )

ကျွန်တော် တက္ကသိုလ်ကျောင်း သို့ ရောက် ၍ တစ်နှစ် မျှ ကြာသော ကာလ အတွင်း ဝယ် မလေးနွယ် ထံ မှ လွမ်းဆွတ်တသ သော စာများကို ရခဲ့ပါ၏ ။ ကျွန်တော် ၏ မေမေ ထံ မှလည်း အလားတူ သား ကိုအောက်မေ့သော စာ များ ကို ရခဲ့ပါ၏ ။

မလေးနွယ် ၏ စာ ၌ မူ အပူအပင် ကင်းလှချေ၏ ။ ကျွန်တော် မည်သည့် နေ့ ၌ ပြန် လာ၍ သူ့ အား လက်ထပ်မည့် အရေး ကို သာ လျှင် မျှော်မှန်း တမ်းတသော ချစ်သူတို့ ဘာဝ ပေးစာများ ဖြစ်၏ ။ သို့သော် မေမေ့ စာ ၌ မူ ကျွန်တော် မည်သည့် နေ့ ၌ ဆရာဝန်တစ်ယောက် ဖြစ်မည် ဆိုသည့် ကျွန်တော့် အနာဂတ်ရေး ကို တွေး၍ ကြိုးစားစေလိုသော စိုးရိမ်ပူပန်စာများဖြစ်၏ ။

မေမေ့ စာ ထဲ၌ ပင် ကျွန်တော် ၏ ပညာရေး ကိစ္စ ၌ ငွေကြေး ထောက်ပံ့မှု အကူအညီ ကို မမတင့် ထံ မှ အချို့အဝက် တောင်းယူ ထား ရသဖြင့် ကျွန်တော် စာ ကြိုးစားပါ မှ တန်ရုံ ကျမည့် အကြောင်း ပါ လာတတ်လေ့ ရှိသည် ။ ဤသို့ဖြင့် ပင် တစ်နှစ် လည် ခဲ့သည် ။

မေမေ့ ထံ မှ စာများ မှာ ရောက်လေ့ ရှိသော အချိန် ထက် စော၍ ရောက်လာ တတ်၏ ။ သို့သော် မလေးနွယ် ထံ မှ စာများ မှာ မူကား တစ တစ နှင့် နောက်ကျ၍ လာလေ့ ရှိ ရာ မှ တဖြည်းဖြည်း နှင့် စာအလာ ပါး ၍ သွားတော့သည် ။ နွေဦးရာသီ ကျောင်း ပိတ်၍ ကျွန်တော် မေမေ့ ထံ ပြန်ရန် စီစဉ်ချိန် တွင် မလေးနွယ် ထံ မှ နောက်ဆုံးသော စာ ကို ရ ခဲ့သည် ။ ပြင်းပြစွာ တုန်လှုပ်ရပါ၏ ။

ကိုမြလှိုင် …
        ဒီ စာ ကို နောက်ဆုံး အဖြစ် ရေးခဲ့ပါတယ် ၊ နွယ့် မိဘ တွေ ရဲ့ သဘော တူညီချက် အရ ဆန်စက်ပိုင်ရှင် ရဲ့ သား တစ်ယောက် နဲ့ လက်ထပ် ရပါတော့မယ် ၊ နွယ် ကိုမြလှိုင် ကို ချစ် ပါတယ် ။ ဒါပေမဲ့ နွယ့် မိဘ မှာ ဆင်းရဲတယ် ဆိုတာ လည်း ကိုမြလှိုင် အသိပဲ ၊ ဆင်းဆင်းရဲရဲ နဲ့ ကျောင်း ထားခဲ့ရတဲ့ မိဘ ရဲ့ အကြွေး တွေ ကျေဖို့ နွယ် ကချမ်းသာတဲ့ လူ ကို ယူ မှ ဆပ် နိုင်လိမ့်မယ် ။ နွယ့် အဖေ လည်း လေငန်း ရောဂါ နဲ့ ဘာမှ လုပ်နိုင်တာမဟုတ်ဘူး ၊ မေမေ က လည်း ခု မျက်စိ ကွယ်သွားပြီ ။ ဒီတော့ နွယ် ဒီလို အိမ်ထောင် ပြု မှသာ မေမေ နဲ့ ဖေဖေ ရဲ့ အသက် ရှင်နေမှု ဖြေရှင်း နိုင်လိမ့်မယ် လို့ ယူဆပြီး လက်ခံ လိုက်ရပါတယ် .…. ။

ကျွန်တော် စာ ကို ဆက် ၍ မဖတ်တော့ဘဲ ၊ ဤမျှနှင့် ပင် ရပ် လိုက်မိပါသည် ။ ကျွန်တော့်လက် များ လည်း တဆတ်ဆတ် တုန် လျက် ရှိသည် ။

“ ကောင်းပါပေတယ် နွယ်ရယ် ... အချစ် ကို ငွေကြေး နဲ့ လဲတယ် ဆိုတာ ခုမှပဲ လက်တွေ့ သိရတော့တယ် ။ တကယ်ဆိုတော့ လောကကြီး မှာ မိန်းမတွေ အတွက် လင် ယူတယ် ဆိုတာ ထမင်းအိုးကြီး တစ်ခု ကို အပိုင် သိမ်း လိုက်တာမျိုးပဲ ဆိုတာ ခုတော့ မောင် သိပါပြီ ။ တကယ်တော့ သစ္စာတရား ဆိုတာ လည်း မင်း တို့ မိန်းမတွေ မှာ ရှာလို့ မတွေ့ နိုင်တဲ့ အရာမျိုးပဲ ”

ကျွန်တော့် စိတ် ကို ကျွန်တော် မကျေမချမ်း ဖြစ်ရပါသည် ။ ထို့ကြောင့် ပင် လျှင် ကျောင်းပိတ်ရက် ၌ မပြန် တော့ဘဲ ရန်ကုန် တွင် ပေကပ်၍ နေမိသည် ။ မလေးနွယ် အတွက် ရင်ကွဲ မတတ် ပူပန်ခဲ့ရသော စိတ် တွေ ကို လည်း ကျိတ်မှိတ် ၍ ဖြေဖျောက် ရပါသည် ။ ကျွန်တော့် ဘဝ တစ်သက်တာ တွင် အချစ်ဦး ဖြစ် ခဲ့သော မလေးနွယ် အား ဆုံးရှုံးရချေပြီ ဟူသော အသိ က ကျွန်တော့် ရင် ကို ဖြင့် ခွဲ ၍ ဆား ပက်လိုက် သကဲ့သို့ ရှိ ပါတော့သည် ။ ကျွန်တော့် အား ချစ်လှပါသည် ဟု ဆိုခဲ့သော မလေးနွယ် တစ်ယောက် သူ့ ဘဝ ရပ်တည်ရေးအတွက် ကျွန်တော့် အလာ ကို မှ မစောင့်ဘဲ ငွေကြေး ချမ်းသာသူ ၏ ရင်ခွင် ၌ ဝင်ရောက် သွားလေသည့်အဖြစ် ကပင် ကျွန်တော့် စိတ် ၌ ပို၍ မကျေမချမ်း ဖြစ်ရတော့သည် ။ ထို့ကြောင့်ပင် မလေးနွယ် နှင့် တွေ့ လျှင် လက်ညှိုးငေါက်ငေါက် ထိုး၍ မှိုချိုး မျှစ်ချိုး ပြောဆိုပစ်လိုက်မည် ဟု လည်း ကျွန်တော် ဆုံးဖြတ် လိုက်မိပါတော့သည် ။

( ၅ )

လောက ဟူသည် မထေမဲ့မြင် ပြု တတ်လွန်းလှချေသည် ။

ကျွန်တော် ဥပစာသိပ္ပံ ဒုတိယနှစ် အောင်ပြီး ဆေးတက္ကသိုလ် တက် ရမည့် နှစ် ၌ မေမေ့ ထံ မှ စာ ရောက်၍ လာသည် ။ ဤ စာ ကား ကျွန်တော့်ရင် ကို ဓား ဖြင့် ခွဲ၍ ဆား ပက် လိုက်ပြန်သော စာ တည်း ။

လူကလေး
        မေမေ တော့ မရေးရမယ့် စာ မှန်း သိ ပေမယ့် အင်မတန် ချစ်လွန်းတဲ့ သား အတွက် သနားရက် နဲ့ ရေး လိုက်ရတယ် ။ မေမေ့ မှာ အခု ဆိုင် လည်း ဖြုတ် လိုက်ရပြီ ။ မေမေ လည်း ကောင်းကောင်း မကျန်းမာဘူး ။ ဒါကြောင့် သား ရဲ့ရှေ့ရေး အတွက် မေမေ စိုးရိမ်မိတယ် ။ တကယ်တော့ သား ခုလောက် ထိ ပညာ သင်ခွင့် ရအောင် ထောက်ပံ့လာ သူ က မေမေ မဟုတ်ဘူး သား ရဲ့မမတင့် ပဲ ။

        မေမေ့ မှာ တင့်တင့် ကို ပေးဆပ်စရာ ကြေးငွေတွေ ကို တွက် လိုက်ရင်တော့ ဒီ တစ်သက် မှာ မေမေ ဘယ်နည်း နဲ့ မှ ဆပ် နိုင်လိမ့်မယ် မထင်တော့ပါဘူး ။ ခုလည်း ရှေ့ ဆက်ပြီး သားဆရာဝန် ဖြစ်တဲ့ အထိ ဘယ်နည်းနဲ့ မှ မေမေ မထောက်ပံ့ နိုင်တော့ဘူး ။ ဒီတော့ ရှေ့ဆက်ပြီး ထောက်ပံ့ရမယ့် သူ က တင့်တင့် ပဲ ဖြစ်လိမ့်မယ် ။

        တင့်တင့် က လည်း သူ ရထိုက်တဲ့ အခွင့်အရေး တစ်ရပ် အနေနဲ့ မေမေ့ အပေါ်  မှာ တောင်းခံလာတယ် ၊ မေမေ့ အနေ နဲ့ ကလည်း ဒီ အခွင့်အရေး ကို ပေးမှ အနာဂတ်ရေး ကောင်း လိမ့်မယ် လို့ ထင် မိတယ် ။ ဒီအခွင့်အရေး က တော့ ငါ့ သား ကို ရှေ့ဆက် ဆရာဝန် ဖြစ်အောင် ထောက်ပံ့ဖို့ ကိစ္စ မှာ တင့်တင့် ကို လက်ထပ် မှ သာ အားလုံး အဆင် ပြေ လိမ့်မယ် ဆိုတာ မေမေ ပြောချင်တယ် ။ ဒါကြောင့် ဒီ ကျောင်း ပိတ်ရင် ပြန်ဖြစ်အောင် ပြန်ခဲ့ပါ ။ မေမေ့ စကား ကို သား နားထောင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် .…. ။

မေမေ့ စာ ကို ဖတ် ပြီးသည် ၌ ကျွန်တော့် တစ်ကိုယ် လုံး လျှပ်စစ် မိသကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ သွား မိတော့သည် ။ စိတ် ထဲ ၌ လည်း မခံချိသော ဝေဒနာ က ပြင်းပြစွာ ခံစား လျက် ရှိပါသည် ။

ကျွန်တော် ချစ်သော ချစ်ဦးသူ မလေးနွယ် ကို ဆုံးရှုံး ရသည့် ဝေဒနာ ထက် ကျွန်တော် မချစ်သော မမတင့် ကို လက်ဆက် ရမည့် အရေး က ကျွန်တော့် အတွက် ဆရာဝန် တစ်ယောက် ဖြစ်လာသည့် တိုင်အောင် ကိုယ်တိုင် ကုစား ၍ ရမည် မဟုတ်သော ဝေဒနာ ဟု ထင်မိပါသည် ။

နောက်ဆုံးတွင် ကျောင်း ပိတ်ရက် ၌ မေမေ့ ထံ သို့ ကျွန်တော် ပြန်ခဲ့ရပါတော့သည် ။ အကြောင်းမူ မေမေ့ ကို သနားသောကြောင့် တည်း ။

( ၆ )

တင်ကျီးငှက် တို့ မည်သည် ရေအောက် သို့ ငုပ်လျှိုး ၍ ငါး ကို ရှာ ရ၏ ။ ဥဗျိုင်း တို့ မည်သည် လည်း ကုန်းပေါ် ၌ တစ်ထောက် နား ၍ ငါး ကို ရှာရ၏ ။ စင်စစ်တော့ ဝမ်းစာ ရှာပုံ ရှာနည်း ကား အတူတူ တည်း ။

မလေးနွယ် သည် သူ့ ဘဝ ရှေ့ရေး အတွက် သူဌေး ၏ သား နှင့် လက်ထပ် လိုက်၏ ။ သူ့ အတွက် ကုန်းပေါ် ၌ တစ်ထောက် နား ၍ ငါး ကို ရှာရသော ဥဗျိုင်းငှက်ငယ် တည်း ။

ကျွန်တော် သည် မမတင့် နှင့် ကျွန်တော့် ဘဝ ရှေ့ရေး အတွက် လက်ထပ် လိုက်ရ၏ ။ ရေအောက် သို့ ငုပ်လျှိုး ၍ ငါး ကို ရှာရသော တင်ကျီးငှက် ကဲ့ သို့ တည်း ။

ကျွန်တော့် အတွက် ဆင်းရဲငတ်မွတ်ခြင်း က တံခါးမကြီး ကို လာ၍ ခေါက်သော အခါ တွင် ချစ်ခြင်းမေတ္တာ တို့ သည် လည်း ပြတင်းပေါက် မှ ထွက်ခွာ ပြေး သွားလေပြီ တကား ။

◽ကောက်လှိုင်း

🗒️မြဝတီ မဂ္ဂဇင်း
     ဧပြီ ၊ ၁၉၆၅

#ကိုအောင်နိုင်ဦး

*