Wednesday, September 14, 2022

ဂုဏ်မက်သူ


 ❝ ဂုဏ်မက်သူ ❞

အထက်ကောင်းကင် ၌ ပေါ်ထွက်လျက် ရှိသော ရွှေလမင်းကြီး သည် ကား ညစ်မျိုး သူရိန် ၊ မြူတိမ်မီးခိုး တို့ မှ ကင်းဝေးလျက် ရှိသောကြောင့် ၊ ကြယ်တာရာ တည်း ဟူသော မှူးမတ်များ ခြံရံကာ အရောင်အဝါ တန်ခိုး ကို တိုးထွက် လင်း လျက် ရှိလေ၏ ။ ရွှေလမင်းကြီး ၏ အရောင် တောက်ပ ၍ သာယာ သလောက် ပင် ကျက်သရေ ရှိလှသော မသန်း သည် ကား အနီး ရှိ လင်သည် ဖြစ်သူ မောင်စော အား မှီ ကာ ..

“ ကိုကို ရယ် ၊ မသန်း တို့လင်မယား နေကြရတာ ပျော်တယ်နော် ၊ သို့သော်လည်း ပဲ ... ”

“ ဘာများ သို့သော်လည်းပဲ ကွဲ့ ၊ မသန်း ရဲ့ …”

“ မသန်း စိတ် ထဲ မှာလေ ဒါလောက်ကလေး ပျော်ရရုံ နဲ့ မကျေနပ်သေးဘူး ... ကိုစော ရဲ့ ..”

“ ဘာများ လို နေတုံး ... မိန်းမ ရယ် ၊ အဝတ်အစားတွေ ဆိုရင် သူ များထက် အောက် မကျရအောင် ၊ ရသမျှ လခ နဲ့ မလိုက် ၊ ဝယ်ခြမ်း ထားတာတွေ အပုံ ပဲ ရှိတယ် မဟုတ်လား ”

“ ရှိတော့လည်း ရှိတာပေါ့ ကိုစော ရယ် ၊ ဒါပေမဲ့ မသန်း ရဲ့စိတ် ထဲ မှာ လေ စာရေးကြီးကတော် ဘဝ နဲ့ တင်းမတိမ်ဘူး ၊ မင်းကတော်ဘဝ ကို ရောက် ချင်တဲ့ ဆန္ဒကလေး လို နေတယ် ၊ သည်ဘဝ ရောက်မှ တင်းတိမ်မှာပဲ ” 

ဟု ပြောကာ ယောက်ျားသည် ၏ ရင်ခွင် တွင် လှဲကာ ပြောင်လက်သော ရှပ်ကြယ်သီးကလေးများ ကို ပွတ်သပ်လျက် ရှိလေ၏ ။

မောင်စော သည် ကား မသန်း ၏ နဖူးစကလေး ရှိ ဆံစကလေးများ ကို သပ် ကာ

“ တစ်နေ့တော့ ရောက် မပေါ့ကွယ် ၊ ကိုစော လည်းပဲ မြို့အုပ်စာမေးပွဲ ကို ဝင်ဖို့ ကြိုးစား နေလျက်ပါပဲ ”

“ ယခုလို ရွှေလမင်း ရဲ့ လရောင်အောက် မှာ လေ ၊ ယခုလို လခ ( ၈ဝိ ) စား စာရေး ဘဝကလေး နဲ့ သည်လောက် ပျော် ရင် လခ ( ၁၅ဝိ - ၂ဝဝိ ) နဲ့ မြို့အုပ် ဘဝ ဆို ရင်တော့ သိပ်ပျော် မှာပဲ နော် ၊ ကြိုးစားပါ ကိုကို ရယ် ၊ မြို့အုပ် ဖြစ် ပါစေရှင် ၊ မြို့အုပ် ဖြစ်ပါစေ ... ” 

ဟု ယောက်ျား ၏ မျက်နှာ ကို မျက်တောင်ကလေး စင်း ကာ ကြည့် ရင်းနေစဉ် မောင်စော မှာ လှပသော မသန်း ၏ မျက်နှာ ကို အားမရ သော ကြည့်ခြင်းမျိုး ဖြင့် ကြည့်ကာ တဖြည်းဖြည်း နီးကပ်၍ သွား လေတော့၏ ။

မသန်း ၏ စိတ် ထဲ ၌ ကား ဘွဲ့ ထူး ... ရာထူး ကို ခင်မင်သော အမျိုးအဖွဲ့ ထဲ က ဖြစ်သဖြင့် ၊ မောင်စော အား ခင်မင်သည် မှန်သော်လည်း ဂုဏ် ပကာသန လောက် ကား မမက်မောချေ ။ မမက်မောခဲ့သည် မှန်သော်လည်း မိဘ ပေးစား ထိမ်းမြား သည် လည်း တစ်ကြောင်း ၊ မကြာခင် မြို့အုပ်ဖြစ်မည် ဆိုသော စကားလေး က တစ်ကြောင်းကြောင့် လက်ထပ်ခဲ့ခြင်း ၊ ခင်မင်ခဲ့ခြင်း ဖြစ်လေသည် ။ ယခုအခါ၌ မသန်း ၏ စိတ် သည် ကား မောင်စော မြို့အုပ် မဖြစ် ဟု သေချာပါ က ဘယ်ကဲ့သို့ နေမည် ၊ အချစ် စိတ်ပြောင်းလွဲမည် ၊ မပြောင်းလွဲမည် ကို သေချာစွာ မသိရသေးပေ ။

ဤအချိန်၌ ကား မောင်စော ဝင်သော မြို့အုပ်စာမေးပွဲ ကျရှုံးခြင်း နှင့် မြို့အုပ်စာမေးပွဲ ဝင်ခွင့် မှ ပိတ်ပင်လိုက်ကြောင်း သတင်းစာများ တွင် ပါသော နေ့ ဖြစ်ပေ၏ ။

မောင်စော သည် ကား လက် မှ စာကလေး တစ်ရွက် ကိုင်ကာ စိတ် အား ထက်သန်စွာ ဖြင့် သတင်းစာ ကြည့်နေသော မသန်း ရှိရာ သို့ လာခဲ့လေ၏ ။

မသန်း သည် မောင်စော ၏ မျက်နှာ ကို ဝက်ပိန်ညှော်ကလေး အား ကြည့်သော တရုတ်၏ ကြည့်ခြင်းမျိုး ဖြင့်ကြည့် ကာ

“ ကိုစော မြို့အုပ် မဖြစ်တော့ဘူးနော် ”

“ ဟုတ်တယ် မသန်း ၊ မဖြစ်တော့ဘူး ”

( အားလျော့သော အသံဖြင့် ) “ နောက်လည်း ဖြစ်နိုင်ဖို့ရာ မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါ ရဲ့ ၊ ကိုစော ရယ် ”

မောင်စော သည် ကား မသန်း ၏ ဆန္ဒ ပြည့်ဝအောင် မတတ်နိုင်သဖြင့် ဝမ်းနည်း လှသောကြောင့် နှုတ် က ဖွင့်ဟ ၍ မပြောဘဲ အသာကလေး ခေါင်း ညိတ် လိုက်လေ၏ ။

“ ဝမ်းနည်းစရာပဲ ကိုစော ရယ် ၊ မျှော်လင့်ချက်ကလေး နဲ့ ပျော်လို့ နေရတာ ၊ အရင်ကဖြင့် တော်သေး ရဲ့ ၊ အခုတော့ဖြင့် … မျှော်လင့်ချက် တုံး လို့ ဆုံး ကြပြီပေါ့ နော် ”

“ ခက်ပါတယ် ... မိန်းမ ရယ် ၊ ခက်ပါတယ် ၊ ကြိုးစားပေမယ့် မဖြစ်တာ ကိုစော ဖြင့် ဝမ်းနည်း တာပါပဲ ”

မသန်း သည် ကား သတင်းစာခေါက်ကလေး ကို ပွတ်သပ်ကာ

“ မေမေ တို့ ပြောတဲ့ မကြာခင် သမီး မင်းကတော် ဖြစ်မှာပါ ၊ မောင်စော မကြာခင် မြို့အုပ် ဖြစ်ပါလိမ့်မယ် ဆိုတဲ့ စကား ဟာ မှားပြီနော် ကိုစော ”

“ မှားသလို ကျနေတာပေါ့ မသန်း ရယ် ၊ မှားသလို ကျနေတာပဲ ၊ အခုလည်း ပဲ ကိုစော တော့ မပြောချင်အောင် ကြုံ လာရပြန်ပြီ ”

“ ဘယ်လို ကြုံလာရပုံလဲ ”

တင်းမာသော လေသံကလေးဖြင့် ပြောလေ၏ ။ မသန်း ၏ စိတ်သည် ကား ရုတ်ခြည်းပင် ပြောင်းလွဲ ၍ သွား လေတော့ပြီ ။ မသန်း ၏ စိတ် သည်ကား မင်းကတော် ဖြစ်ဖို့ ကို သာ အာရုံ ခံလျက် ရှိလေသည် ။

“ တော ကို ပြောင်းရမတဲ့ ၊ အရေးပိုင် က ဘာများ သဘော မကျသလဲ မသိဘူး ”

“ ဘယ် တောလဲ ၊ တော မြို့အုပ်ရုံးလား ”

“ ဟုတ်တယ် ၊ တောမြို့အုပ်ရုံး ကို သည် လကုန် သွားရမှာပဲ ”

ဟု ပြောရင်း တစ်ဖက် သို့ မျက်နှာ လွှဲကာ မသန်း ၏ ပြောင်းလွဲသော စိတ် ၏ အနက် အဓိပ္ပာယ် ကို သိရှိသည့် အတိုင်း “ မင်းကတော် ၊ မင်းကတော် ” ဟု တိုးတိုး ညည်း ကာ မသန်း ဘက် သို့ လှည့် လိုက်လေရာ ...

( ဂရု မပြုသော မျက်နှာထားဖြင့် ) “ မသန်း တော့ လိုက်နိုင်မယ် မဟုတ်ဘူး ”

“ မသန်း မလိုက်နိုင်လည်း မသန်း တို့ မိဘများ နဲ့ ပြန်ပြီးနေရစ်တာပေါ့လေ ဟုတ်လား ”

ဤအချိန်မှ စ၍ ဂုဏ် မက်သော မသန်း မှာ မလန်းမရွှင် ဘဲ စာရေး ဆိုသော မောင်စော အား အထင်အမြင် သေး ကာ မပျော်ပါးနိုင် ရှာတော့ချေ ။ အချိန် ရှိသမျှ လင် ယူ မှားပြီ ၊ လင် ယူ မှားပြီ ဟု တွေး ကာသာနေလေ၏ ။ မောင်စော တော သို့ သွားစ ၌ ကား စာ နှစ်စောင် ခန့် ပေး သော်လည်း နောက် လာသော စာ များ၌ ဝတ္တရား ကျေရုံလောက်သာ ပြန်စာများ ရေးလျက် ရှိလေတော့၏ ။

မသန်း သည် ကား ရွှေလမင်းကြီး ၏ ဝင်းဝါသော အရောင် ကို ကြည့် ကာ မိမိ အား အပျိုထင် ၍ ချစ်ခင်ကြောင်း မေတ္တာစာ ပေးသော မြို့အုပ်ကိုကိုလေး ၏ အကြောင်း ကိုတွေး ကာ ဘယ်ကဲ့သို့ ပြု လုပ်ရမည်ကို မသိရှိနိုင် သဖြင့် ဆုံးရှုံးသော ဘဝ ကို တ သ ကာ ချုံးချ၍ ငို ရှာတော့၏ ။

မောင်စော မှာ ကား မသန်း ၏ အကြောင်း ကို သာ တွေးတော၍ ဂုဏ်ပကာသန မက် သော စိတ် ကိုသာ အပြစ် တင်လျက် ရှိလေ၏ ။ လှပ ယဉ်ကျေး သလောက် သဘောထား သေး ပုံကိုလည်း ချီးမွမ်း အံ့သြမိလေ၏ ။ အချိန် ရာသီ မှာ တော သို့ ရောက်လာ၍ ရှစ်လ မျှ ကြာပြီဖြစ်လေ၏ ။ တော သို့ လိုက် နေရန် အတန်တန် ခေါ်၍ မရ ကတည်း က မောင်စော မှာ မသန်းကို ခပ်တန်းတန်း ပင် နေခဲ့လေ၏ ။ လူကြီးမိဘ သဘော တူ ၍ ပေးစား သော မသန်း အတွက် ကြောင့် မိမိ ၏ ငယ်ချစ် ရည်းစား မတင်မေ နှင့် ကွဲ ရသည် ကို သတိ ရမိ လေ၏ ။ မတင်မေ နှင့် သာ နေရပါမူ မသန်း နှင့် ဆီ နှင့် ရေလို ကွာခြားပြီး စိတ်လက် ချမ်းသာစွာ အေးအတူ ပူအမျှ ရှိကြမည် ကို တွေးတော မိလေ၏ ။

ဤနေ့ သည် ကား မောင်စော ရုံး အားလပ်သော နေ့ ဖြစ်သဖြင့် မသန်း နှင့် အတူ နေစဉ် က နေထိုင်ရပုံ ၊ မသန်း ၏ စိတ်သဘော ဆိုးရွားပုံ ၊ မတင်မေ ၏ သဘော ကောင်း လိမ္မာပုံ တို့ကို နှိုင်းယှဉ်ကာ မရွှင်နိုင်အောင် ပူဆွေးမိ လေ၏ ။ ဤသို့ ပူဆွေး နေခိုက် တွင် အနီး ၌ ရှိသော စာအိတ် နှစ်အိတ် ကို သတိ ရ သဖြင့် ဖောက် ဖတ်လိုက်ရာ မသန်း ၏ ထံ မှ ၊ မိမိ ၏ စိတ် ၌ မရွှင်လန်းကြောင်း ၊ ကိုစော နဲ့ တာရှည် ပေါင်းသင်း ရ က အသက် ရန် ကို ပင် စိုးရိမ်ရကြောင်း ၊ ကိုစော ၏ မေတ္တာ ကို ရုပ်သိမ်း၍ ၊ အခွင့်လွှတ်သော အား ဖြင့် ကွာရှင်း စာ တစ်စောင် ကို ရေး၍ ထည့်လိုက်ရန် အကြောင်း တို့ ကိုသာ တောက်တောက် ခါးခါး ရေး ထားသည် ကို ဖတ် ရသဖြင့် ဝမ်းနည်းတသ ကာ စိမ်းကား ရက်စက်ပုံ ကို တွေးကာ ဆွေးရလေ၏ ။ အတန် ကြာအောင် စာ ကို ဆုပ်ကိုင်ကာ စဉ်းစား နေပြီး နောက် ဂုဏ်ပကာသန မက်သော သူ နှင့် ဤ ဘဝ မှာ ပေါင်းသင်း နေ က အကျိုး မရှိတော့ကြောင်း ၊ တစ်ဖက်သတ်ကြီး ချစ်ခင် နေရ က အရသာ မရှိကြောင်း တွေးတော မိသည် နှင့် တစ်ပြိုင်နက် ကွာရှင်း စာတစ်စောင် ကို ရေး ၍ ထည့် လိုက်တော့၏ ။

ထို့နောက် ကျန် တစ်စောင် ကို ဖောက်၍ ဖတ်လိုက်ရာ အထက်နယ် သို့ အလုပ် လျှောက်ထားသဖြင့် ခန့်စာ ဖြစ်ကြောင်း သိရသည် နှင့် တစ်ပြိုင်နက် မျှော်တုန်း မှာ ဗြုန်းခနဲ ရောက်လာသည် ကို အားရကာ ၊ ဝမ်းနည်းခြင်း ကို ဖြေဖျောက် ရလေတော့၏ ။ မောင်စော ၏ စိတ် သည်ကား ဖြေဖျောက်၍ မရနိုင်သော အပူ ကို အောင့်အည်းကာ မချစ် သော်လည်း အောင့်ကာ နမ်း ရ က အနမ်း ခံ ရသူ မှာ အရသာ မရှိ ဆိုသည် ကို သာ တွေးတော ၍ အားမဲ့ရလေတော့၏ ။

“ မင်းကတော် ”

ဤအချိန် ဤအခါ၌ မသန်း မှာ မြို့အုပ် ကိုကိုလေး နှင့် အကြောင်း မျှ ပြီး မင်းကတော်ဘွဲ့ ကို ခံယူ ရသဖြင့် လိုအင်ဆန္ဒ ပြည့်ဝကာ တသသ နှင့် နေခဲ့ရာ တစ်လ ၊ နှစ်လ ခန့် ကြာသော အခါ၌ မင်းကတော် ၏ အရသာ ကို အနည်းငယ် အစ ပျိုး၍ ခံစား လာခဲ့မိလေ၏ ။

လင်ယောက်ျား အချိန်တိုင်း မလာသဖြင့် မျှော်လင့် ရတာက တစ်မျိုး ၊ ရောက် ပြန်တော့လည်း မူးယစ်ကာ လာသော ကြောင့် စိတ်ညစ် ရတာက တစ်ဖုံ ၊ ဟန် သာ ရှိ၍ ၊ အဆန် မရှိတာက တစ်မျိုး ကြောင့် အကျိုး မထင် အရာ မပေါ် သည့် မင်းကတော် ၏ အမည် အသုံး မဝင်ပုံ ကို တရေးရေး ၊ တရိပ်ရိပ် ၊ တလိပ်လိပ် တက်သည့် မိုးသား လို ၊ ခြားခြားနားနား ပေါ်တော့ မယောင် ထင်တော့ မယောင် ရှိ ရှာလေ၏ ။

မိုးသား ကို လေ ပင့်၍ ဝေဟင်မှာ မှောင်မည်း ကာ တက်လာသလို မြို့အုပ်မင်း ၏ သတင်းများ သည်ကား လေ ပင့်သဖြင့် မင်းကတော် ၏ နား တွင် ခပ်များများ ကြားစ ပျိုးခဲ့လေ၏ ။ ဤသို့ ကြားရလေ မောင်စော အား သနားလာလေ ဖြစ်လျက် လွန်သမျှ ကို သာ နောင်တ ရလျက် ရှိလေ၏ ။ ဤအတွင်း မှာ ပင် မောင်စော ရောက်သော မြို့သို့ မြို့အုပ်မင်း မှာ ပြောင်းရွှေ့ ရလေ၏ ။

ဤ မြို့သို့ ရောက် ကတည်း က မသန်း မှာ ပိုမို၍ စိတ်ညစ် ရပြန်လေ၏ ။ အကြောင်း ကား မြို့အုပ်မင်း မှာ ငယ်ရည်းစား နှင့် ပြန်လည် တွေ့ ရှိကြောင်း ကြား ရသောကြောင့် ဖြစ်လေ၏ ။ မသန်း မှာ ကား မောင်စော ဤ မြို့ မှာ ရှိကြောင်း ကို လည်း မသိရဘဲ အတူတကွ နေခဲ့ကြစဉ် က မိမိ အပေါ်၌ ညှာတာခဲ့ ပုံ ကို အလိုလိုသာ သတိ ရလျက် ၊ မယား အား မညှာတာသော မြို့အုပ် အား ယူမိသည် မှာ မှားလေစွ ဟု တ သ ကာ ပူမိရှာလေတော့၏ ။

မောင်စော မှာ မသန်း နှင့် ကွဲကွာ ကတည်း က မသန်း ကို စိတ် နာပြီး လူမှုလူရာ တို့ ကို အရေး မစိုက်ဘဲ အလုပ်ဝတ္တရား ကို သာ အထက်အရာရှိကြီးများ သဘော ကျအောင် နေ့ရောညပါ ကြိုးစားအားထုတ်လေ၏ ။ နာမည်ကောင်း လက်မှတ် ၊ ဂုဏ်ထူးဘွဲ့ ထူးများ လည်း မကြာမကြာချီးမြှင့်ခြင်း ခံရပြီး လျှင် နောက်ဆုံး၌ မြို့အုပ်ရာထူးများ ရပြီး ၊ တစ်ဆင့်တက် ကာ ဝန်ထောက် ရာထူး ဖြင့် ဤ မြို့သို့ အလျင် ရောက်နှင့် နေလေ၏ ။ မသန်း နှင့် မြို့အုပ်ကိုကိုလေး ညား နေသည် ကို ကား အနည်းငယ်မျှ ဂရု မပြုမိပေ ။

ဂုဏ် မက်သူ မသန်း မှာ မြို့အုပ်ကိုကိုလေး ၏ နေ့စဉ် ရက်ဆက် ညှဉ်းပန်း နှိပ်စက်ခြင်း ကို ခံ၍ နေရ၏ ။ ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ မိမိ အပြစ် နှင့် မိမိ ခံရသည် ကို အောင့်အည်းကာ သာ နေ ရလေ၏ ။

ဤအချိန် ၌ ၎င်းတို့ မြို့ တွင် လူ အလွန် စည်ကားသော ဘုရားပွဲတော်ကြီး ကျင်းပလျက် ရှိရာ သူ့ ထက် ငါ တိုးဝှေ့သွားလာကြသူ လွန်စွာ များပြားလေ၏ ။ ညအခါ တွင် ဇာတ်ပွဲ တစ်ခု ကျင်းပပြသသည် တွင် တောရော မြို့ပါ လာရောက် ကြည့်ရှု သူ အထူးအားဖြင့် စည်ကားပေ၏ ။ ပွဲ ၌ တစ်စုံတစ်ရာ မဖြစ်ပွားရန် ဝန်ထောက်ဦးစော ၏ အမိန့် အရ မြို့အုပ်ကိုကိုလေး သည် လက်အောက် ပုလိပ်အမှုထမ်းများ နှင့် ပွဲတွင် စောင့်ရှောက်ရလေ၏ ။

ည ၁၂ နာရီ အချိန် သို့ ရောက်လျှင် ‘ ထိန်း ၊ ထိန်း ' ဟူသော သေနတ် ပစ် ဖောက်သံများ ကြားရပြီး ၊ ခရာတုတ်သံများသည် တစ်ပွဲလုံး ဆူညံ၍ သွားလေ၏ ။ ပွဲကြည့် ပရိသတ်တို့ လည်း ပလူအုံ ကြွသလို ရုတ်ရုတ်ရက်ရက် သူ့ ထက် ငါ တိုးဝှေ့ နင်းကျော် ကာ ပြေးလွှား ကြလေ၏ ။ လူ အနည်းငယ် ရှင်းသည့် နေရာ တွင် မြို့အုပ်ကိုကိုလေး ကို လူပေါင်း ၁၅ ယောက် မျှ ဖမ်းဆီး ချုပ်တည်း ၍ ဝိုင်းဝန်းထားသည် ကို တွေ့မြင် နိုင်၏ ။

မကြာမီ တစ်မြို့လုံး သတင်းပျံ့နှံ့ သွားလေ၏ ။ ဝန်ထောက်ဦးစော လည်း နောက်ပါ တပည့် လက်သားများ နှင့် ဖြစ်ပွားသည့် နေရာ သို့ မော်တော်ကား နှင့် ဆိုက်ရောက်၍ လာလေ၏ ။ သေနတ်ပစ် ခံရသူ ၏ အလောင်း ကို ဆေးရုံ သို့ ပို့စေပြီး ၊ တရားခံ မြို့အုပ်ကိုကိုလေး ကို ဝန်ထောက်ဦးစောကိုယ်တိုင် လက်ထိတ် ခတ်၍ နေစဉ် ၊ ဆံပင် ဖိုးရိုးဖားယား နှင့် လာသော မသန်း သည် ဦးစော ၏ ခြေ ကို ဖက်ကာ ငိုကြွေး၍ နေ ရှာလေ၏ ။ ဦးစော သည် ည အခါ ဖြစ် ၍ မသန်း ဖြစ်သည် ကို မသိရှိဘဲ ၊ ဖက်ထားသော ခြေ နှင့် ရုန်းဖယ် ၍ ထွက်လိုက်ရာ မသန်း မှာ နောက် သို့ လဲကျ သွားလေ၏ ။ ဦးစော သည် ၎င်း အား လက်နှိပ် ဓာတ်မီး နှင့် ထိုးကြည့် လိုက်ရာ သစ္စာ မဲ့ သူ ၊ ဂုဏ် မက် သူ မသန်း ဖြစ် နေကြောင်း တွေ့ရှိ ရမှ ဦးခေါင်းကို ညင်သာစွာ ညိတ်ပြီး ( ဂုဏ်မက်သူ ဂုဏ်မက်သူ ) ဟု ဝမ်းထဲ မှ ဆိုကာ ၊ ၎င်း အား ဂရု မစိုက်တော့ဘဲ ရုတ်တရက် မော်တော်ကား ပေါ်  တက်ပြီး တရားခံ ကို ခေါ်ဆောင် သွားလေတော့သတည်း ။

မြို့အုပ်ကိုကိုလေး မှာ အလုပ် ကို ကောင်းစွာ ဂရု မစိုက်ဘဲ ဟော့ရမ်း သောက်စား မူးယစ်ခြင်း ဖြင့် အချိန် ကို ကုန်ခဲ့သည် ဖြစ်ရာ ၊ ပွဲ က သော ည က လည်း လွန်စွာ မူးပြီး အရပ်သား တစ်ယောက် နှင့် စကား များကာ သေနတ် နှင့် ပစ်သတ်လိုက်ခြင်း ဖြစ်ပေ၏ ။

မသန်း မှာ အမေ ကျော် ၍ ဒွေးတော် လွမ်းမိသောကြောင့် ၊ ကာလဝိပက် နောက်ပိုးတက် ဆိုသည့် အလား မြို့အုပ်ကိုကိုလေး ၏ နောက်ပိုးတက်ခြင်း ခံရပြီး ၊ ညှဉ်းပန်းနှိပ်စက်ခြင်း အမြဲ ခံရရှာလေ၏ ။ ယခု မှာမူ မိမိ မှာ အားကိုးရာမဲ့ ဖြစ်မည့် အခြေ ကို မြင်သောကြောင့် လွတ်ရာလွတ်ကြောင်း လင် ယောက်ျား အတွက် ဝန်ထောက် ထံ အသနားခံခြင်း ပြုသော်လည်း ဝန်ထောက်မင်း မှာ တေမိမင်းသား လုပ်၍ နေလေ၏ ။

မသန်း က မိမိ မှာ ငယ်ချစ်မယား ဖြစ်သည့် အတိုင်း ပြန်လည် ထောက်ထား ငဲ့ညှာပါမည့် အကြောင်း ၊ မိမိ မိုက်မှားမိခဲ့ကြောင်း တို့ဖြင့် ဝန်ထောက်မင်း အား ဝန်ချ တောင်းပန် ကာ အကယ်၍ မြို့အုပ် အပြစ်ဒဏ် မှ မလွတ်ခဲ့လျှင် ၊ ဝန်မင်း က ပြန်လည် သိမ်းပိုက်ဖို့ အနေမျိုး နှင့် ချိတ်လုံး ၊ ဆွယ်လုံး သုံး သော် လည်း ဝန်ထောက်မင်း မှာ အနည်းငယ်မျှ ဂရု မပြုချေ ။ ဝန်ထောက် ၏ စိတ် ထဲ ၌ ပေါင်းအပ် ပေါင်းထိုက် သော မယား မဟုတ်ကြောင်း ကို အသည်းစွဲ မှတ်ယူ ထားလိုက်လေသတည်း ။

ယနေ့ သည် ကား မြို့အုပ်ကိုကိုလေး ၏ အမှု ကို ဝန်ထောက်ဦးစော ၏ ရုံး ၌ စစ်ဆေးသော နေ့ ဖြစ်လေ၏ ။ ဝန်ထောက်မင်း မကြွလာမီ က ပင် ရုံး ၏ အတွင်း အပြင် ၌ ပရိသတ်လူထုကြီး သည် တိုး မပေါက်အောင် စည်ကား များပြား ပေ၏ ။ အကြောင်း သိသူ များ က မသန်း ကို ကြည့်ရှုကာ မဲ့ရွဲ့ ၍ မေးငေါ့ သူ ငေါ့ ၊ မျက်စောင်း ထိုး သူ ထိုး ၊ အမျိုးမျိုး ကဲ့ရဲ့ပြစ်တင်ကြ၏ ။ မသန်း မှာ ကား သနားစဖွယ် အားငယ်သော အသွင် ဖြင့် ဝန်ထောက် ကို သာ စိုက် ၍ ကြည့် နေလေ၏ ။

ဝန်ထောက် ၏ ရှေ့၌ နှစ်ဖက်သော ရှေ့နေ တို့ ၏ လျှောက်လဲချက် ပေးပြီး နောက် ဝန်ထောက်မင်းက စီရင်ချက် ချသည် မှာ “ ဤ အမှု သည် အထူး ထင်ရှား နေသည့် အတွက် လျှောက်လဲရန် မလိုတော့ကြောင်း ၊ မိမိ မှာ တရားဥပဒေ ကို မလွန်ဆန် နိုင်သဖြင့် ဥပဒေ အတိုင်း အပြစ် ပေးရမည် ဖြစ်ကြောင်း ၊ မိမိ က ထောက်ထား ညှာတာလိုသော်လည်း မဖြစ်နိုင်ကြောင်း ” စသည်ဖြင့် ဖော်ပြ ပြီးလျှင် ၊ တရားခံ မြို့အုပ်ကိုကိုလေး အား “ သေစားသေစေ ” ဟူ၍ အမိန့် ချမှတ်လိုက်သည် နှင့် တစ်ပြိုင်နက် တစ်ရုံးလုံး ဆူညံသွားလေ၏ ။ မသန်း မှာ လည်း ယူကျုံးမရ ဖြစ်ကာ ရုံးကြမ်းပြင် ပေါ် တွင် ကိုယ် ကို ပစ်လှဲ၍ ၊ ငိုပွဲ ဆင်၍ နေတော့သတည်း ။

ဝန်ထောက် ဟူသော ဂုဏ်ထူးဖြင့် ဦးစော ဟု ခေါ်ကြသော်လည်း အသက်အရွယ် မှာ ( ၃၀ ) မျှ ရှိရကား ၊ မကြာမီပင် မိမိ ငယ်ရည်းစား ဖြစ်သော သစ္စာ ရှိသူ အပျိုကြီး မတင်မေ နှင့် ထိမ်းမြားမင်္ဂလာပွဲ ဆင်နွှဲကျင်းပသဖြင့် ပရိသတ် တို့ မှာ အထူး စည်ကား များပြားပေ၏ ။ ဂုဏ် မက်သူ မသန်း မှာ လည်း အလှပန်း မပြ နိုင်တော့ဘဲ အကျဆန်း ကျပြီး ၊ နေ မထိ ထိုင် မသာ စတိုင် ပါဝါ ဓာတ် မကြွား နိုင်သဖြင့် တစ်ရပ် တစ်ပါး သို့ ပြောင်းသွား ရှာရလေတော့သတည်း ။

◾မင်းထွေး

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

No comments:

Post a Comment