Saturday, September 3, 2022

သဘာဝ မင်းသား တစ်ယောက်

❝ သဘာဝ မင်းသား တစ်ယောက် ❞

( ၁ )

ကျုပ် တို့ မင်္ဂလာရပ်ကွက်လေး မှာ ကျော်ဝေ ဆိုတာ ရှိတယ် ။ အရူး ပါ ။ ဒါပေမဲ့ သွက်သွက်ခါအောင် ရူးနေတာတော့ မဟုတ်ဘူး ။ သာမန် လူ လို စွဲစွဲမြဲမြဲ အလုပ် မလုပ်တာရယ် ၊ မိန်းမတွေ ကို စိတ် မဝင်စားတာ က လွဲရင် သူ့ ထမင်း တစ်လုပ် အတွက် ခိုင်းတဲ့ အိမ် က ဗာဟီရကိစ္စ ဟူသမျှ ကို လုပ် ပေးတတ်တယ် ။ ထင်းခွဲ ၊ သစ်ပင်ချိုင် ၊ အုန်းပင်တက် ၊ ဝါးကပ်မိုး ၊ ရေတွင်းဆယ် ၊ ခိုင်းသမျှ အကုန် လုပ်ပေးတယ် ။ အလုပ် ပြီး ရင်တော့ ထမင်း ကျွေး ၊ ပြန် ရင်တော့ ပိုက်ဆံ ၅၀ ၊ ၁၀ဝ တောင်း တယ် ။ ပိုက်ဆံ က ဘာလုပ်ဖို့လဲ ဆိုတော့ ညနေ မှာ အရက် သောက်ဖို့ ။

ကျုပ်တို့ ရပ်ကွက် အနောက်ဘက် ဥယျာဉ်သာရပ်ကွက် မှာလည်း အရူး တစ်ယောက် ရှိတယ် ။ သူ ကတော့ တကယ့် အရူး ။ ဘယ် က လာမှန်း မသိဘူး ။ ရောက် နေတာ ၆ လ လောက် ရှိပြီ ။ တံတားနား က သရက်ပင် အောက်ရယ် ၊ ဓမ္မာရုံနား က တံစက်မြိတ် အောက်မှာပဲ အနေ များတယ် ။ ဘောင်းဘီရှည် ဝတ် ထားတယ် ။ ဂျင်းရှပ်အင်္ကျီ ဝတ်ထားတယ် ။ ဒါပေမဲ့ မည်းညစ်နေတယ် ။ ကားဝပ်ရှော့ က ကောင်လေးတွေ ဝတ်တဲ့ အဝတ်လောက်တောင် အရောင် မရှိဘူး ။ အနံ့အသက် ဆိုးတွေ က လည်း ဝါး ဆယ်ပြန်လောက် က ကို တထောင်းထောင်း နဲ့ ။ သရက်ပင် အောက် မှာ ထိုင်ပြီး ဟိုကြည့် ဒီကြည့် သာ လုပ်နေတတ်တယ် ။ မျက်လုံး က လုံးဝ အသက် မရှိဘူး ။ တစ်ခါတစ်ရံ နှုတ် က တိုးတိုးလေး ပွစိ ပွစိ လုပ် တတ်တာပဲ ရှိတယ် ။ ထိုင် လိုက် ၊ ထ လိုက် ၊ ဟိုနားဒီနား လျှောက် လိုက် ၊ အကြာကြီး ရပ် နေလိုက် လုပ်တတ်တယ် ။ ထမင်းဟင်း စားရမှန်း လည်း မသိဘူး ။ ဆာ မှန်းလည်း သိပုံ မရဘူး ။ ဘယ်သူ မှ လည်း သူ့ ကို အရေး လုပ်ပြီး ထမင်း မကျွေးကြဘူး ။ အဲ ဒါပေမဲ့ ကလေးတွေ နဲ့ တော့ အလွန် အလွမ်း သင့်တယ် ။

ကလေးတွေ က … 

“ ကြောင် ကို ဘယ်လို ခေါ်လဲ ” မေးရင် … 

“ ကက် ” လို့ ဖြေတယ် ။

“ စာလုံးပေါင်း ပြပါဦး ” ဆိုရင် … 

“ စီ - အေ - တီ - ကက် ”

“ စာအုပ် ဆိုရင်ရော ”

“ ဘုတ်စ် …  ”

“ နွား …  ”

“ ကောင်း …  ”

ကလေးတွေ က သဘော ကျပြီး တစ်ယောက် တစ်ပေါက် မေး တတ်တယ် ။ ကြာရင်တော့ မဖြေတော့ဘူး ။ နေရာ က ထ သွားတတ်တယ် ။

“ နာမည် ဘယ်သူလဲ ” မေးရင် မျက်လုံးပြူးကြီး နဲ့ ကြည့်နေတတ်တယ် ။ “ ဘယ်မှာနေလဲ ” ဆိုရင်လည်း ထို့အတူပဲ ။

ကလေးတွေ က မုန့်တွေဘာတွေ ကျွေး တတ်တယ် ။ ဒီတော့လည်း စား ရှာတယ် ။ ကျောင်း ဖွင့်တဲ့ ရက် ဆိုရင် ပို စားရတယ် ။ ကျောင်းပိတ်တဲ့ ရက် ဆိုလည်း ကလေးတချို့က လမ်း သွားရင်း စား နေတဲ့ မုန့် ကို တစ်ဝက် ပေး သွားကြတာပါပဲ ။

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ကုလားဆင်လေး မို့ ရုပ်ရှင်မင်းသား ကျော်ဆွေ နဲ့ တူတယ် ။ မင်္ဂလာရပ်ကွက် မှာ လည်း အရူးကျော်ဝေ ရှိတော့ ကျော်ဝေ ၊ ကျော်ဆွေ ဆို ပြီး ခေါ် လိုက်ကြတယ် ။

   •••••   •••••   •••••   •••••

( ၂ )

ကျော်ဝေ က မင်္ဂလာရပ်ကွက် သားပါ ။ အစ်ကို နဲ့ ညီမ ရှိတယ် ။ ကျော်ဝေ က လူလွတ် ။ အရပ်ပုပု ၊ ပိန်ပိန်ပါးပါး ။ အစ်ကို နဲ့ ညီမ ကတော့ အိမ်ထောင်သည်တွေ ။ သူ့ အစ်ကို ကျော်အေး က …  “ အလကား …  ဒီကောင် မရူးဘူး …  သက်သာချင်လို့ ရူးချင်ယောင် ဆောင်နေတာ ” လို့ ပြောတတ်တယ် ။ ပစ်ထားတယ် ။ ကျော်အေး က မူးရင် သွေး ဆိုးတော့ အစ်ကို့ အိမ် ကျော်ဝေ မသွားရဲဘူး ။ ညီမ ဖြစ်သူ မိဂျမ်း ကတော့ ကလေး များတယ် ။ ယောက်ျား ကလည်း ကျပန်း ဆိုတော့ သူတို့ တောင် ထမင်း နပ် မမှန်ဘူး ။ ဒါပေမဲ့ အစ်ကို ဆိုတဲ့ သံယောဇဉ် နဲ့ မို့ လက်ထဲ မှာ ပိုပိုလျှံလျှံလေး ရှိရင် ကျွေးတတ်တယ် ။ ပိုက်ဆံလေး ၅၀ ၊ ၁၀ဝ ပေး တတ်တယ် ။ ကျော်ဝေ ပြန် အိပ်ချင်တဲ့ အခါ အိပ်ဖို့ အဖီတဲ က ခုတင် မှာ တော့ စောင် နဲ့ ခေါင်းအုံး အမြဲတမ်း ထား ပေးထားတယ် ။

ကျော်ဝေ က အိမ် ရယ်လို့ မအိပ်ပါဘူး ။ ကြုံတဲ့ နေရာ အိပ် တာပါပဲ ။ ရပ်ကွက် ထဲ နာရေး ဖြစ်ပြီဆိုရင်တော့ သူ့ အတွက် အိပ်စရာ ရော ၊ စားစရာ ရော ၊ အလုပ် ရော ရတော့တာပဲ ။

ဘယ်သူ သေသေ ကြား တဲ့ နေရာ က နေ ပြီး နာရေးအိမ် ကို အရောက် သွားတယ် ။ အလောင်း ကို ရေချိုး ပေးတယ် ၊ ပြင် ပေးတယ် ။ အဲဒီအချိန်မှာတော့ သူ က သူကြီး ပဲ ။

“ ဟေ့ …  ပြင်ပြီးရင် ဘယ်သူ မှ မကိုင်ရဘူး ”

ရေမွှေး မဆွတ်နဲ့ ၊ ပေါင်ဒါ မဖြူးနဲ့ ၊ အမွှေးတိုင် မတင်နဲ့ ၊ အလောင်းအပုပ် မြန်လိမ့်မယ် နဲ့ အနား ကပ်တဲ့ သူ ကို ဩဇာ ပေးနေတော့တာပဲ ။

ကာယကံရှင်တွေ ကတော့ ကိုယ့် အပူ နဲ့ ကိုယ် မို့ လာသမျှ ဧည့်ခံနေရတယ် ။ မေး သမျှ ဖြေ နေရတယ် ။ ချဖို့ စီစဉ်ရ ၊ ဖိတ်ဖို့ စီစဉ်ရနဲ့ပေါ့ ။ ကျော်ဝေ ကတော့ ည ဖဲဝိုင်း မှာလည်း ရေနွေးလေး ချပေး ။ ဆေးလိပ်ကလေး ယူပေး ။ ကွမ်းကလေး ဝယ်ပေး နဲ့ နိုင်တဲ့ သူ ဆီက ၁၀ဝ စ ၊ ၂၀ဝ စ တောင်း တတ်တယ် ။

ပိုက်ဆံ ရရင် ဘာ လုပ်သလဲ ဆိုတော့ ဘေးပေါက် ဝင် ထိုးရော ။ နည်းနည်းလေး နိုင်ရင် ဝိုင်း ထဲ ဝင်ပြီး ဖဲ ရိုက်ရော ။ မနက်လည်း လင်းရော ပိုက်ဆံ လည်း ကုန်ရော ။ ဒီတော့မှ ဖဲဝိုင်း ဖြစ်ခဲ့တဲ့နေရာ ပုဆိုးခြုံ အိပ်ရော ။

ရက်လည် ပြီးမှပဲ အဲဒီ အိမ် က ပြန်တယ် ။ အလှူမင်္ဂလာပွဲ ဆိုလည်း ပန်းကန် ဆေးတဲ့ နေရာ အမြဲ နေတယ် ။ ပြီးရင်တော့ ထမင်း အဝစား ။ အလှူရှင် ဆီ အရက်ဖိုး တောင်းပြီး ည မူး တော့တာပဲ ။

အဲ …  ခိုင်းမယ့်သူ လည်း မရှိ ၊ နာရေးလည်း မရှိ ၊ သာရေးလည်း မရှိ ၊ ညီမ အိမ်ကလည်း အိုးမှောက် နေရတဲ့ အချိန် ဆိုရင် လက်ဖက်ရည်ဆိုင် ၊ အရက်ဆိုင် မှာ ထိုင်နေတဲ့ သူ နောက်ကြော သွားပြီး ဇက်ကြောတွေ နှိပ်ပေးတတ်တယ် ။ ခြေသလုံးကြောတွေ လျှော့ ပေးတတ်တယ် ။ ကျော်ဝေ က အနှိပ် ကောင်း ။ အကြော ပါတယ် ။ အပူ ထွက်တယ် လို့ ပြော ကြတာပဲ ။ ဒါကိုတော့ ခိုင်းတိုင်း မလုပ်ဘူး ။ ကျန် အလုပ် သာ လုပ်တာ ။ ဒီလို ဘိုင်ပြတ် တဲ့ အချိန် မှ လုပ်ပေးတာ ။ သူ အကြော နှိပ်ပေးလို့ “ နေကွာ ” ဆိုရင် ဆက် လုပ်မပေးတော့ဘူး ။ တခြား တစ်ယောက် ပြောင်း လုပ်ပေးတယ် ။ ငြိမ် ခံရင်တော့ ဆက် နှိပ်ပေးတယ် ။ နှိပ်ပေး ပြီးရင်တော့ သဘောပေါက် ။ အရက်ကလေး တိုက် လိုက် ၊ ဒါမှမဟုတ် အရက်ဖိုး အတွက် ပိုက်ဆံလေး ပေးလိုက်ပေါ့ ။

ဒါကြောင့် ကျော်ဝေ ကို စိတ္တဇ ဖြစ်နေ တဲ့ အရူး ပါ ။ အမြဲတမ်း မရူးတတ်ပေမယ့် တစ်ခါတစ်ခါ သွက်သွက်ခါအောင် ရူးတယ် ။ ရူးတယ် ဆိုရင် ပုဆိုး မကပ် ၊ အင်္ကျီမကပ်တော့ဘူး ၊ အနား လာသူကိုလည်းရန်လုပ် လွှတ်တယ် ။ တွေ့ရာတွေ ရိုက်ခွဲ ၊ ကောက်ပစ်တယ် ။

ကျော်ဝေ ရူးပြီ ဆိုရင် နေပူကြီးထဲ တင်ပျဉ်ခွေ ထိုင်နေတော့တာပဲ ။ နေ ကို မော့ ကြည့်နေတော့တာပဲ ။ ပါးစပ် ကလည်း တွေ့ကရာ ခြောက်သောင်း အော်ရွတ်နေတော့တာ ။ ပါးစပ် ကလည်း ‘ ဉုံ ’ ဆိုပြီး ဂါထာ လိုလို ဘာ လိုလို တွေ ကို ဌာန် နဲ့ မာန် နဲ့ ရွတ် တတ်တယ် ။ နောက်ပြီး … 

“ ငါ က နေမင်းသား …  သတ္တဝါတွေ ကို ကယ်တင်ဖို့ ရောက်လာတာ …  အားလုံး ခစား …  ခစား ” 

ဆိုပြီး ကြည့် နေသူတွေကို ပြော တတ်တယ် ။

ဒီလို ၃ ၊ ၄ ရက် ပြီးရင် ညောင်ပင်ကြီး အောက် အိပ်တော့တာပါပဲ ။ ဒီအချိန် ကျမှ သူ့ ယောက်ဖ က ပုဆိုးတွေ ၊ အင်္ကျီတွေ ဝတ်ပေး ။ ဆောင်း ခါ ဆိုရင်တော့ စောင် ခြုံပေးပေါ့ ။ အိပ်ရာ က နိုး လာရင်တော့ ဘာမှ မဖြစ်ခဲ့သလိုပဲ ။ မေး ကြည့်ရင်လည်း မသိဘူးတဲ့ ။

   •••••   •••••   •••••   •••••

( ၃ )

မင်္ဂလာရပ် နဲ့ ဥယျာဉ်သာရပ် က ‘ မြောင်းကျယ်လေး ’ နဲ့ ‘ အသားတံတား ’ ရှည်ပဲ ခြားတယ် ။

မင်္ဂလာရပ် က လူတွေ မြို့ ထဲ သွားချင်ရင် အသားတံတား ကို ဖြတ်ပြီး ဥယျာဉ်သာရပ် ထဲ က သွားရတယ် ။ မူလတန်းကျောင်း က လည်း ဥယျာဉ်သာရပ် ထဲ မှာပဲ ရှိတယ် ။

ကျော်ဆွေ က တံတားထိပ် က သရက်ပင်ကြီး  အောက် အမြဲလိုလို ထိုင် တတ်သလို ၊ ကျော်ဝေ ကလည်း မင်္ဂလာရပ် တံတား ထိပ် က အရက်ဆိုင် ကို အမြဲ ရောက်တတ်တယ် ။

ကျော်ဝေ က မြှောက်ပေးတဲ့ သူ ရှိရင် ကျော်ဆွေ့ ကို ပြိုင် တတ်တယ် ။ ကျော်ဆွေ့ ဆီ သွားပြီး “ ဟေ့ကောင် … လာ ရေကူး ပြိုင်ရေအာင် ” ဆိုပြီး အတင်း ခေါ်တယ် ။ ကျော်ဆွေ က မလိုက်ဘူး ၊ အတင်း ရုန်းတယ် ။ ရေ ကြောက်ပုံ ရတယ် ။ ဒီနေရာ ရောက်တာ ကြာပေမယ့် ရေ ချိုး တာ ဘယ်သူ မှ မမြင်ဖူးကြဘူး ။ ကျော်ဆွေ အတင်း ရုန်းတော့ ကျော်ဝေ တဟားဟား ရယ်ပြီး … 

“ အလကားကောင် လူကြောက် …  သတ္တိ လည်း မရှိဘူး …  ရေ ကူးတာ …  ဘာ ခက်တာ မှတ်လို့ …  ကြည့် ” 

ဆိုပြီး မှောက်လျက် ကူးလိုက် ၊ ပက်လက် ကူးလိုက် ၊ ရေငုပ် ပြလိုက် ၊ တံတားပေါ် တက်ပြီး ဒိုင်ဗင် ထိုး ပြလိုက် ၊ ကျွမ်းထိုး ပြလိုက် နဲ့ ပေါ့ ။

ကျော်ဆွေ က ကျော်ဝေ့ ကို ကြည့် မနေပါဘူး ။ ပါးစပ် က ပွစိ ပွစိ လုပ် နေတာပါ ။ တစ်ခါတစ်ရံ ကျော်ဝေ က သစ်ပင် တက် ပြိုင်တယ် ။ သရက်ပင် ပေါ် တက်လိုက် ဆင်းလိုက် ပေါ့ ။ တစ်ခါတစ်ရံ ‘ ယိ …  ယား ’ ဆိုပြီး သိုင်း လိုလို ၊ ဂျူဒို လိုလို နဲ့ လက်တွေ ကိုးရိုးကားရား လုပ် ပြတယ် ။ ခြေတွေ ကန် ပြတယ် ။

တစ်ခါတော့ ကျော်ဝေ က ကျော်ဆွေ ကို ပြိုင်ဖို့ ရောက်လာတယ် ။ ပါးစပ်တောင် မဟ ရသေးဘူး ကျော်ဆွေ ဆီး ပြီး … 

“ ဟေ့လူ …  မင်း လေယာဉ် မောင်းတတ်လား …  ယူကေ ရောက်ဖူးလား … နယူယောက် ရောက်ဖူးလား …  မင်း ဒီလို ပြောတတ်လား ” 

ဆိုပြီး အင်္ဂလိပ်လို တွေ ကျော်ဝေ့ ကို ပြောတော့တာပေါ့ ။

ဒီတော့ ခါတိုင်း ပြိုင်တိုင်း နိုင် နေကျ ကျော်ဝေ ခမျာ အံ့ဩပြီး နားထောင် နေတာပေါ့ ။ အစကတော့ အင်္ဂလိပ်စကား ဟုတ် တုတ်တုတ်ပါပဲ ၊ နောက်တော့ အဖျား ရှူးသွားတာပါပဲ ။ လမ်း သွားတွေကလည်း ကျော်ဝေ နဲ့ ကျော်ဆွေ့ အဖြစ် ကို ကြည့်ပြီး ပြုံး ရမလို ၊ ရယ် ရမလို ဖြစ် ကုန်တာပေါ့ ။

   •••••   •••••   •••••   •••••

( ၄ )

တစ်ရက်တော့ ထုံးစံအတိုင်း ကျော်ဝေ စိတ် ဖောက်တယ် ။ နေပူကျဲကျဲ မှာ တင်ပျဉ်ခွေ ထိုင်ပြီး နေ ကို မော့ ကြည့်နေတယ် ။ ပါးစပ် က တွေ့ကရာတွေ ရွတ် နေတယ် ။ နောက် အသံ က ပို ကျယ်ကျယ်လာပြီး နေရာ ကနေ ‘ ဝုန်း ’ ခနဲ ထ တယ် ။ လျှောက် ပြေးတယ် ။ တံတား ပေါ် ရောက်တော့ နေ့လယ် ကျောင်း ဆင်း လာတဲ့ ကလေးတွေ က ရှောင် ပြေးကြတယ် ။ ကျော်ဝေ က ကလေး တစ်ယောက် ကို ဖမ်းပြီး ရေမြောင်း ထဲ လွှင့် ပစ်လိုက်တယ် ။ နောက် တဟားဟား အော်ရယ်နေတယ် ။

နေ့လယ် ဆိုတော့ လူသွားလူလာ မရှိဘူး ။ ကျောင်းသားလေးတွေ ပဲ ရှိတယ် ။

“ ကယ်ကြပါဦး ”

“ နေမင်းသား က ဖိုးထူး ကို ရေထဲ ပစ်ချလို့ ”

ကလေးတွေ ဝိုင်း အော်ကြတယ် ။

ရေတွေ က မြောင်း ထဲ ပြည့် နေတယ် ။ ကလေး က ရေထဲ နစ်ချည်ပေါ်ချည် ဖြစ်နေတယ် ။ ဒီအချိန် မှာ သရက်ပင် အောက် က ကျော်ဆွေ ပြေးလာတယ် ။ ရေထဲ ခုန်ဆင်းပြီး ကလေး ကို ကယ်တယ် ။ ရပ်ကွက် ထဲ က လူတွေ လည်း ကလေးတွေ အော်သံ ကြောင့် ပြေး လာကြတယ် ။ ကျော်ဆွေ က ကလေး ကို ပွေ့ပြီး ကမ်းနား ရောက်လာတယ် ။ ကလေး ကို ဖင် တွန်းပြီး ကမ်းပေါ် တင်တယ် ။ ကလေးတွေ က လက် ကို ဆွဲပြီး တင်ကြတယ် ။ မြောင်း က ရေစီးနေတယ် ။ ကျော်ဆွေ က ရေ ထဲ မြုပ် သွားတယ် ။ လူ တွေ ရောက်လာပြီး ကျော်ဆွေ့ ကို ဆင်း ဆယ်ကြတယ် ။ ကျော်ဆွေ က ရေမွန်းပြီး သတိမရဘူး ။ ကျော်ဆွေ နဲ့ ဖိုးထူး ကို ဆေးရုံကြီး ပို့ လိုက်ကြတယ် ။ ဖိုးထူး က ကံကောင်းစွာ နဲ့ မသေပေမယ့် ကျော်ဆွေ ကတော့ ကံ ဆိုးစွာနဲ့ သေသွားတယ် ။

ကျော်ဝေ လည်း သွက်သွက်ခါအောင် ရူး သွားတယ် ။ ရပ်ကွက် ထဲ က ပျောက် သွားလိုက်တာ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း တောင် မသိကြဘူး ။ သေ သလိုလို တောင် ကြားရတယ် ။

  •••••   •••••   •••••   •••••

( ၅ )

ပျောက်သော သူ ရှာရင် တွေ့ ၊ သေသော သူ ကြာရင် မေ့ ဆိုသလို နေမင်းသား ကျော်ဝေ ကို မေ့မေ့ပျောက်ပျောက် ဖြစ် ကုန်ကြပါပြီ ။ အနှစ် ၄ဝ ကြာ တော့ ကျော်ဝေ ဆိုတာ ကုန်စုံဆိုင်ပိုင်ရှင် ‘ ဦးကျော်ဝေ ’ လား ၊ ဆိုက်ကားသမား ‘ ကိုကျော်ဝေ ’ လား လို့ ဖြစ် ကုန်ကြပြီ ။

အဲ …  ‘ ကျော်ဆွေ ’ အမည် ကျတော့ အခုချိန်ထိ လူတွေ ပါးစပ် ထဲ ရှိ နေတုန်းပါ ။

ဘာပြုလို့ လဲ ဆိုတော့ ဖိုးထူး မိဘတွေ က ‘ သစ်သားတံတားလေး ’ ကို ‘ ကွန်ကရစ်အုတ်တံတား ’ အဖြစ် ပြင် လိုက်ကြတယ် ။ သူ့ သား ဖိုးထူး ရဲ့အသက်သခင် ‘ ကျော်ဆွေ ’ ကို ဂုဏ်ပြုတဲ့ အနေ နဲ့ ‘ ကျော်ဆွေတံတား ’ လို့ တံတားထိပ် ကျောက်စာ မှာ ‘ ကမ္ပည်းအက္ခရာ ’ တင် ခဲ့တာကိုး ။ ကျော်ဆွေ့ အတွက်လည်း ရေစက်ချ အမျှဝေ ပေးခဲ့တယ် ။

“ ကျော်ဆွေ ဆိုတာ ဘယ်သူလဲ ” မေးရင် … 

စိတ်ရောဂါကု ဆရာဝန်ကြီး ဒေါက်တာဖိုးထူး က … 

“ အလွန် အကြင်နာတရား ရှိတဲ့ သဘာဝမင်းသား တစ်ယောက်ပါ ဗျာ ” လို့ မြိန်ရေရှက်ရေ ပြော တတ်ရှာတယ် ။

◾ မင်းတင်ထွဏ်း

📖 ရွှေအမြုတေမဂ္ဂဇင်း 
       ဧပြီလ ၊ ၂၀၀၉ ။

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment