မောင့် စွမ်းဆောင်ရှင်
ခပ်တိုးတိုး ညည်းသံ ကို မကြားသလို ကြားသလို နှင့် ဝေဝေဝါးဝါး ဖြစ်နေသည် ။ သူ ၏ လက်မောင်း ကို ပူနွေးနေသော လက်တစ်ဖက် က ခပ်သာသာ ဆုပ်ကိုင်ထားသည် ကို လည်း မသိ သလိုလို သိ သလိုလို နှင့် အိပ်ချင် စိတ် ကသာ ကြီးစိုး နေသည် ။ သူ ၏ မျက်ခွံ နှစ်ဖက် သည် ကျောက်ဖျာကြီး နှစ်ချပ် လို လေးလံနေသည် ဟု ထင်ရသည် ။
“ အစ်ကို ... ကျွန်မ နေမကောင်းဘူး ”
ဒီတစ်ခါ ကြားလိုက်ရတော့ သူ့ ဦးနှောက် က အနည်းငယ် နိုးကြားလာသည် ။ ထို့ကြောင့် ထို အသံ သည် သူ့ မိန်းမ ၏ အသံ ဖြစ်ကြောင်း အသိ ဝင် လာလေသည် ။
“ ကျွန်မ ဖျားနေပြီ ထင်တယ် ”
ထို့နောက် သူ့ လက်မောင်း ကို ဆုပ်ကိုင် ထားသော လက်သည် သူ့ မိန်းမ ၏ လက် ဖြစ်ပြီး ထို လက် သည် တရှိန်ရှိန် ပူနေကြောင်း ကို လည်း တစ်ဆက်တည်း အသိ ဝင်သွားသည် ။
“ ဖျားနေပြီ ”
သူ က ထပ်ဆင့် ရေရွတ်ရင်း ခုတင် ခေါင်းရင်း မှ မီးခလုတ် ကို စမ်း ၍ ဖွင့် လိုက်သည် ။ ဖျပ်ခနဲ လင်းလာသော အလင်းရောင် ဝယ် ခပ်နွမ်းနွမ်း မျက်နှာတစ်ခု ကို တွေ့ ရလေသည် ။
ထို မျက်နှာ ပိုင်ရှင် သည် သူ ၏ မိန်းမ ဖြစ်သည် ။ အနှစ်၂ဝ နီးပါး သူ နှင့် အတူ ပေါင်းသင်း နေထိုင်ခဲ့သော ထို မိန်းမ သည် သူ့ အတွက် ကလေး လေးယောက် ကို မွေးဖွား ပေးခဲ့လေသည် ။ ကလေး မွေးပြီး ကာစ ဆယ့်လေးငါးရက် ခန့် ငြိမ်ငြိမ် နေတတ်သည် မှ အပ ကျန် အချိန်များ တွင် ရှိရှိသမျှ အိမ်မှုကိစ္စများ ကို သိမ်းကျုံး လုပ်ကိုင် နေတတ်သော သူ ဖြစ်သည် သူ့ ကို မရဲတရဲ ကြည့် တတ်သော ၊ မျက်လွှာ ချ ထားတတ်သော ၊ ရယ်ခဲပြုံးခဲသော ၊ စကား နည်းလှသော ထို မိန်းမသည် ဖျားခဲ နာခဲ လှ သည် ကလည်း အမှန် ဖြစ်သည် ။ ထို့ကြောင့် သူ့ မိန်းမ ကို သူ က ဖျားတတ် နာတတ်လိမ့်မည် ဟု ပင် မထင် မှတ်ခဲ့မိပေ ။
“ ဖျားနေတယ် ”
သူ က အံ့ဩသလို ထပ်၍ ရေရွတ်မိပြန်သည် ။ သူ့ မိန်းမ ၏ နဖူး ကို လက် နှင့် စမ်း ကြည့်လိုက်တော့ ရုတ်တရက် လန့်၍ ပင် သွားသည် ။ ခြစ်ခြစ်တောက် ပူ နေသောကြောင့် ဖြစ်လေသည် ။
“ ဟာ .... အတော် ပူနေတာပဲ ၊ ဘယ်လို ဖြစ်တာလဲ ”
“ မနေ့တုန်းက မိုးတွေ ရွာတော့ ရေချိုးကန်ထဲ ရေ ဝင်အောင် ရေတံလျှောက် ထွက် ဆွဲတာ ၊ မိုး မိသွားလို့လား မသိဘူး ”
မိန်းမ က ထုံးစံ အတိုင်း မျက်လွှာ ချကာ တိုးတိုး ပြောသည် ။ အဖျားသွေးကြောင့် မျက်နှာ က မသိမသာ နီနေကာ မျက်တောင်များ စင်းငိုက်နေသည် ။
“ အသက် လေးဆယ် ကျော်နေပြီလေ ၊ ဆင်ဆင်ခြင်ခြင်လေး လုပ်မှပေါ့ ၊ ငယ်ငယ်လေး မှ မဟုတ်တော့တာ ”
စေတနာ နှင့် ပြော လိုက်သော်လည်း သူ့ အသံ က ထုံးစံအတိုင်း မို့ ပျော့ပျော့ပြောင်းပြောင်း မရှိလှပေ ။ပြောပီး ကာ မှ အိမ်တွင် ကူဖော်လောင်ဖက် အိမ်ဖော်မလေး တစ်ဦး တစ်လေ ပင် မရှိသည်ကို သတိ ရသည် ။
သူ့ မိန်းမ က ဘာမှ ပြန်မပြော ။ ရီဝေနွမ်းဖျော့သော မျက်လုံးများ နှင့် သာ သူ့ ကို တစ်ချက် လှမ်း ကြည့်သည် ။
“ ဒီ အသက် ဒီ အရွယ် မှာ သိပ် အပင်ပန်းခံလို့ မရတော့ဘူးလေ ”
သူ က လေသံ ကို နည်းနည်း လျှော့ကာ စေတနာစကား ထပ် ပြောသည် ။ သူ နှင့် သားသမီးများ ရုံးသွား ကျောင်းသွား ကြလျှင် သူ့ မိန်းမ တစ်ဦးတည်း ကျန်ရစ်ရမြဲ ဖြစ်သည် ။ လျှော်လိုက် ဖွပ်လိုက် ၊ လှဲလိုက် ကျင်းလိုက် ၊ ချက်လိုက် ပြုတ်လိုက် နှင့် တကုပ်ကုပ် တလှုပ်လှုပ် နေတတ်သော မိန်းမ ကို သူ က ပင်ပန်းတတ်လိမ့်မည် ဟု လည်း မထင်မှတ်ခဲ့မိပြန်ချေ ။
“ အင်းလေ ... ဒါက မိန်းမတွေ ရဲ့အလုပ်ပဲ ၊ အိမ်ရှင်မတွေ ရဲ့အလုပ်ပဲ ၊ သူ က အိမ်အလုပ် လုပ် ရသလို ငါ ကလည်း စီးပွား ရှာရတာပဲ ”
သူ က တွေးနေကျ အတိုင်း တွေးကာ အိပ်ရာ မှ ထသည် ခုတင်ခြေရင်း မှ ဆေးဗီရိုကလေး ကို ဖွင့်သည် ။ အခါတိုင်း ဘယ်သူ ဘာဖြစ်ဖြစ် သူ့ မိန်းမ က ထို ဗီရိုလေး ဖွင့်ပြီး လိုအပ်သမျှ သောက်ဆေး ၊ လိမ်းဆေးများ ကို ထုတ်ပေးလေ့ ရှိသည်ကို သတိ ရသည် ။ အခု ကိုယ့်ဟာကိုယ် ရှာရတော့ ဘယ်ပုလင်း
ဘယ်ဘူး ကို ဖွင့်ရမည် မသိ ။
“ ပါရာစီတမော က သုံးလုံး ပဲ ကျန်တော့တယ် ၊ စီဗစ်ပုလင်းလေး ထဲ မှာ ၊ ညာဘက်ထောင့် က ချပ်စက္ကူဘူးလေး ထဲ မှာတော့ ဒီကိုလ်ဂျင် တစ်ကတ် ရှိတယ် ”
သူ ၏ အခက်အခဲ ကို သိဟန် နှင့် မိန်းမ က ခပ်သဲ့သဲ့ လှမ်းပြောသည် ။ ပြောရင်း နားထင်နားရင်များ ကို ပရုပ်ဆီ နှင့်ပွတ် နေသည် ။ ပင်ပန်းနွမ်းလျ ဟန် နှင့် ညိုးမှိန် နေသော မိန်းမ ကို ငေးကြည့်ရင်း ထိုနေရာ တွင် “ မေမီ ” ဖြစ် နေလျှင် ပရုပ်ဆီပူပူလေး ကို သူ ကိုယ်တိုင် တယုတယ လိမ်းပေးဖြစ်လေမလား ဟု တွေး လိုက်မိသည် ။ ထို့နောက် လေထက် လျင်မြန်သော စိတ် က မေမီ ဆီ သို့ ချက်ချင်း ရောက်သွားသည် ။
' မေမီ ' သူ က ရင်ထဲ မှ တိုးတိုး ခေါ်မိသည် ။ မေမီ သည် သူ ၏ ချစ်သူ ဖြစ်သည် ။ တက္ကသီလာ မြကျွန်းသာ တွင် ပညာ ရှာစဉ်က ချစ်ခဲ့ရသော ချစ်သူ ဖြစ်သည် ။ သူ နှင့် မေမီ တို့ ၏ အကြောင်း ကို သစ်ပုတ်ပင်ကြီး သည် လည်းကောင်း ၊အင်းလျားရေပြင် သည် လည်းကောင်း ၊ တက္ကသိုလ်စာကြည့်တိုက် အနီး က ကံ့ကော်ပင်တန်းများ သည် လည်းကောင်း ကောင်းကောင်း သိခဲ့ကြမည်ဖြစ်သည် ။ ထို ချစ်စဖွယ် မိန်းကလေး ကို တစ်ဘဝလုံး အတွက် လက်တွဲရန် ရည်ရွယ်ခဲ့ သော်လည်း အခွင့် မသာခဲ့ပေ ။
အမေ က သူ့ ကို သူဌေးသမီး တက္ကသိုလ်ကျောင်းသူ နှင့် သဘော မတူဘဲ ဆယ်တန်း သုံးခါကျ မိန်းကလေး နှင့် လက်ထပ် စေခဲ့သည် ။
“ သား ကောင်မလေးက ချမ်းသာတယ် ၊ နောက်ပြီး ပညာ တတ်တယ် ၊ ငွေ တို့ ပညာ တို့ ဟာ လူ ကို မာန တက်စေတာ အမှန်ပဲ ။ ဒါပေမဲ့ တချို့က သတိ နဲ့ ထိန်းနိုင်တယ် ၊ သူ့ မှာတော့ အဲဒီ သတိ မရှိဘူး ၊ သူ့ မျက်နှာ ပေါ် မှာ ရော ၊ မျက်လုံး ထဲ မှာ ရော မာနတွေ လျှံ ထွက်နေတာ အမေ တွေ့ရတယ် ”
ဟု အကြောင်း ပြခဲ့သည် ။
ဟုတ်သည် ။ မေမီ က အမှန်တကယ် မာန ကြီးလှလေသည် ။ အမေ့ သဘော ထား ကို အရိပ်အယောင်လေး သိရုံမျှနှင့် ဆတ်ဆတ်ခါ နာကျည်း ခဲ့သည် ။ နိုင်ငံခြားသင်္ဘော လိုက်နေသော သင်္ဘာသား တစ်ဦး နှင့်သူ့ ထက် အလျင် ဦးအောင် လက်ထပ် သွားခဲ့သည် ။ ထိုစဉ်က သူ့ အသည်းတွေ ဖျတ်ဖျတ်လူးအောင် နာ ခဲ့ရသည် ။
“ အတန်းပညာ မတတ်ပေမယ့် အညွန့်လေး က အိမ်ထောင် နိုင်တယ်ကွဲ့ ၊ မိဘ မရှိဘဲ အဒေါ် အိမ် မှာ နေရတော့ မျက်နှာလေး လည်း ငယ် ရှာတယ် ၊ ငါ့ သား ကို ရိုရိုသေသေ မြတ်မြတ်နိုးနိုး နဲ့ အိမ်ဦးနတ် လို ကိုးကွယ်မယ့် မိန်းမ မျိုး ”
ဟုတ်ပါသည် ။ အမေ ပြော သလိုပင် သူ့ မိန်းမ က သူ့ ကို ရိုသေ မြတ်နိုး ခဲ့သည် ကတော့ အမှန်ပင် ။ သူ့ ထက် ခြေတစ်လှမ်း မျှ မက သုံးလေးငါးလှမ်း နောက်ဆုတ်ပြီး ယို့ယို့ နေတတ်သည် ကတော့ ရခါစ ကတည်း က ဖြစ်သည် ။
အမေ့ ကြောင့် ချစ်သူ နှင့် လွဲခဲ့ရသော သူ ကတော့ အမေ့ သဘောကျ ချွေးမ ဖြစ်သောကြောင့် ပင် အတန်ငယ် မျက်မုန်း ကျိုးချင်သည် ။ အမေ့ ကို အတိုက်အခံ မလုပ်ချင်တော့ မိန်းမ အပေါ်တွင်အခုအခံ ဖြစ်နေသည် ။
မေတ္တာ ကို အရင်း မခံခဲ့လေတော့ လည်း သူ့ ဘက်မှ ကရုဏာတရား နှင့် အကြင်နာ တရား နည်းခဲ့ကြောင်း ကိုတော့ ကိုယ့် ကို ကိုယ် အသိသားပင် ။
သူ့ ဆီမှ တစ်စုံတစ်ရာ ကို မျှော်လင့်တမ်းတဟန် ရှိသော မျက်လုံးဝိုင်းဝိုင်းလေးများ ကို လျစ်လျူရှု ထားခဲ့သည် ကတော့ ယနေ့ထက် တိုင်အောင်ပင် ဖြစ်သည် ။ သား မှတ်မှတ် ၊ မယားမှတ်မှတ် နှင့် မဖောက်မပြား ပေါင်းသင်းခဲ့သော်ငြားလည်း “ ချစ်သည် ” ဟူသော စကား ကိုတော့ ယနေ့ ထက် တိုင် မပြောခဲ့ဖူး သေးချေ ။
သူတို့ ၏ အိမ်ထောင်ရေး သည် ဆား မပါသော ဟင်းချို ကို သောက် ရသလို သူ့ ရင် ထဲ တွင် ပေါ့ပျက်ပျက် ဖြစ်နေခဲ့လေသည် ။
“ မိုးတောင် လင်းခါနီးပြီ ”
အလင်းရောင် မလာသေးသော်လည်း ကျေးငှက်သံကလေးများ ကို စိုးစီစိုးစီ ကြားနေရသည် ။
အခါတိုင်း ဒီအချိန် ဆိုလျှင် သူ့ မိန်းမ အိပ်ရာ ထဲ တွင် မရှိတော့ချေ ။ မီးဖိုချောင် တွင် ငြင်သာသွက်လက်စွာ လှုပ်ရှား လုပ် ကိုင်နေပြီ ဖြစ်သည် ။
သံဒယ်အိုး နှင့် သံယောက်မ ထိခတ်သော အသံ နှင့် အတူ ထမင်းကြော်နံ့ ၊ ကြက်သားဟင်းနံ့ ၊ ငါးပိချက်နံ့ ၊ ပဲကြီးနှပ်နံ့ ၊ သီးစုံချည်ရည်နံ့ ၊ ချဉ်ပေါင်ကြော်နံ့ စသော အနံ့ပေါင်းစုံ က အိပ်ရာနား အထိ တိုးဝှေ့ ဝင်ရောက် လာတတ်သည် ။ သားတို့ သမီး တို့ က အိပ်ရာ မထမီ ဟင်းရနံ့ ရှုရှိုက်ရင်း သူတို့ အမေ ချက်သော ဟင်း ကို မှန်းဆ ကြည့်တတ်ကြ မြဲ ဖြစ်လေသည် ။
“ ထမင်းလည်း မချက်နိုင်တော့ဘူး ”
သူ့ မိန်းမ က ညည်းညူသလို ပြောသည် ။
လူ ကသာ မထ နိုင်သော်လည်း စိတ် က မီးဖိုချောင် ရောက်နေသည် ။
“ ကလေးတွေ ထမင်းဘူး ယူနိုင်တော့မှာ မဟုတ်ဘူး ကွယ် ၊ ဝယ်စား လည်း ဝ မှာ မဟုတ် ”
“ တစ်နေ့ တလေပဲကွာ .... သက်သက်သာသာ နေစမ်းပါ ”
ဒီတစ်ခါတော့ သူ့ အသံ က အတန်ငယ် ပျော့ပျောင်းနေသည် ။
“ မေမီ က ထမင်းလည်း မချက် ၊ ဟင်းလည်း မချက်တတ်ဘူးနော် ၊ အဝတ် လျှော် ၊ မီးပူတိုက်လည်း လုပ်လိမ့်မယ်မထင်နဲ့ ” ဟု ပြောလေ့ရှိသော ချစ်သူ ၏ စကား ကို လည်း တစ်ဆက်တည်း ကြားယောင် နေမိသည် ။ ထို့နောက် “ ဒါတွေ ဒါတွေကြောင့် အမေ က ဒီလို ဒီလို စီစဉ်ခဲ့တာကိုး ”
ပထမဆုံး အကြိမ် အဖြစ် လျှောလျှောရှုရှု အတွေး ပေါက်မိသည် ။
၆ နာရီခွဲ လောက် ကျတော့ သားတွေသမီး တွေ နိုး လာသည် ။ သူတို့ အမေ ကို အခါတိုင်းလို မီးဖိုချောင် တွင် မတွေ့ရတော့ အခန်း ထဲ သို့ တစ်ဦး ပြီး တစ်ဦး ရောက် လာကြသည် ။ ခေါင်း ကို လက်ကိုင်ပဝါ နှင့် တင်းတင်း စည်း ကာ သက္ကလပ်စောင်ကြီး ပိန်းနေအောင် ခြုံထားသော မိခင် ဖြစ်သူ အား တအံ့တဩ ဝိုင်း ကြည့်နေကြလေသည် ။
“ မေမေ ဖျားတယ် တဲ့ ”
“ အေးလေ ... ဘာလို့ ဖျားတာလဲ မသိဘူးနော် ”
“ အရင်တုန်းက မဖျားဖူးပါဘူးနော် ”
သားတွေ သမီးတွေ ကလည်း သူ့လိုပင် ဖြစ်နေပုံ ရသည် ။
သူတို့ အမေ ကို သံတွေ ၊သံခဲကြီး ဟု များ ထင်နေကြလေသလား မသိ ။ ဖျားတတ် နာတတ်
လိမ့်မည် ဟု ထင်ထားကြပုံ မရပေ ။ သမီးကြီး က သာ –
“ မေမေ ... ဘာဆေး သောက်ထားပြီးပြီလဲ ”
ဟု မေးကာ ကော်ဖီ ပြေး ဖျော် သည် ။ငါးတန်း ရောက်နေပြီ ဖြစ်သော သမီးအငယ်ဆုံးကလေး ကတော့ သူ့ နား ကပ် ကာ -
“ ဖေဖေ .... မေမေ သေမှာလားဟင် ”
ဟု ငိုမဲ့မဲ့လေး မေးလေသည် ။
သမီး က ကလေးစိတ် နှင့် မေးလိုက်သော်လည်း ၊ သူ့ ခေါင်းထဲတွင် တော့ လျှပ်စီးတွေ ပြိုးပြိုးပြက်ပြက် လက်ပြီး မိုး ပြိုတော့မလို ဖြစ်သွားသည် ။
“ ကြောင်အိမ် ထဲ မှာငါးဖယ်ဆုပ်ဟင်းလေး ရှိတယ် ၊ အုပ်ဆောင်း အောက် မှာ တော့ ထမင်းကြမ်းဇလုံ ရှိတယ် ၊ ကလေးတွေ ကို ကြည့်ကျွေး လိုက်နော် သမီး ၊ အမေ ပဲပြုတ် လည်း မဝယ်ဖြစ် ၊ ထမင်း လည်း မကြော် ဖြစ်ဘူး ”
သူ့ ခေါင်း သူ မထောင်နိုင်သော်လည်း နှုတ် ကတော့ စီစဉ်နေသေးသည် ။ အသံ ကတော့ သိပ် မထွက် ။ ပျော့နဲ့နဲ့ ဖြစ်နေလေသည် ။ သမီးငယ် ပြော သလိုများ သူ သေသွားယင် ဘယ်လို လုပ်ကြရပါ့မလဲ ။ ခြေတွေ လက်တွေ ကို မသယ်နိုင် ၊ မလှုပ်နိုင်တော့ သလို စင်းစင်းကြီး လှဲ နေသော သူ့ မိန်းမ ကို ငေးကြည့်ရင်း သူ က ကယောင်ချောက်ချား အတွေး ပွား နေမိသည် ။ ရုပ်ရှင် ကြည့်ချင်သည် ဟု လည်းကောင်း ၊ ရွှေပါတိတ် ကြိုက်သည် ဟူ၍ လည်းကောင်း ၊ စိန်နားကပ် ပန်ချင်သည် ဟူ၍ လည်းကောင်း ၊ မော်တော်ကား စီးချင်သည် ဟူ၍ လည်းကောင်း တစ်ခါမျှ မပြောခဲ့ဖူးသော မိန်းမ ၊ သူ ထမင်း စားလျှင် ဘေး မှ လိုသမျှ ဖြည့်ပေး ကာ ယပ်ခပ်ပေး နေ တတ်သော မိန်းမ ၊ သူ့ ဟာ သူသာ ဆယ်တန်း သုံးခါ ကျခဲ့ သော် လည်း သမီးတို့ သားတို့ ကို ခုနစ်တန်း ၊ ရှစ်တန်း အထိ သင်္ချာတွေ ရှင်းလင်း သင် ပေးနေတတ်သော မိန်းမ ၊ ထို မိန်းမသာ ရုတ်တရက် ကွယ် ပျောက် သွားခဲ့မည် ဆိုလျှင် .... ။ သူ က ရှေ့ ကို ဆက် ၍ပင် မတွေးရဲဘဲ ချွေးတွေ ပြန် လာသည် ။
“ မေမေ စိတ်ချလက်ချ နေပါ မေမေ ရဲ့ ၊ သမီး ဒီနေ့ ကျောင်း ဖျက်လိုက်မယ် ”
သမီးကြီး က သူ့ ဟာ သူ စီစဉ်သည် ။ အသက် ၁၅နှစ် ကျော်ပြီး ကိုးတန်း လည်း ရောက်နေပြီ မို့ အတော်လေး အားကိုး နေရပြီ ဖြစ်သည် ။ ခုတင် ပေါ် တက်ပြီး သူတို့ အမေ ဘေးတွင် ငုတ်တုတ်ကလေးတွေ ထိုင် နေကြသော အလတ် နှစ်ကောင် နှင့် အငယ်မလေး ကို မီးဖိုချောင် သို့ ခေါ်သွားသည် ။
ထမင်းကြမ်းခဲ ကြီး က အေးစက်စက် နှင့် မို့ စား၍ မကောင်းလှသော်လည်း အငယ်တွေ က ဘာမှ ပြောမနေကြချေ ။ မျက်နှာငယ်ငယ်ကလေးတွေ နှင့် ဝင်သလောက် သာ တိတ်တိတ်ဆိတ်ဆိတ် စား သွားကြသည် ။ သူ ကတော့ ဟို လျှောက်လိုက် ဒီ လျှောက်လိုက် နှင့် ယောင်ပေပေ ဖြစ်နေသည် ။ ထမင်းစားပွဲ ပေါ် တွင် အဆင်သင့် တွေ့နေကျ ထမင်းကြော် ပူပူနွေးနွေးကလေး ကို လည်းကောင်း ၊ လှော်ခြောက်နံ့ မွှေးနေသော ရေနွေးကြမ်းအိုးလေး ကို လည်းကောင်း မတွေ့ရတော့ ရေတစ်ခွက် သောက်ကာ ပြန် ထွက်လာရသည် ။
“ ကလေးတွေ ကို တော့ မုန့်ဖိုး ပို ပေးလိုက်တယ် ၊ ဖေဖေ လည်း ထမင်းဘူး ပါ မှာ မဟုတ်တော့ဘူး နော် ”
စောင်တွေ ခေါက် သိမ်းနေသော သမီး က ပြောသည် ။
“ ရပါတယ် သမီးရယ် ၊ ဖြစ်သလိုပေါ့ ”
သူ က အခန်း ထဲ ပြန် ဝင်လာကာ မိန်းမ ၏ နဖူး ကို စမ်း ကြည့်ပြန်သည် ။ ဒါက လွဲလို့လည်း မလုပ်တတ် ။
“ အသားတွေ က ခြောက်ပြီး ပူနေတာပဲ ၊ ဆရာဝန် တစ်ယောက် ယောက် တော့ ပြ မှ ထင်တယ် ”
“ ရပါတယ် ၊ ညနေ မှ မသက်သာ ရင် တော့ အိချို ကို ခေါ်လိုက်မယ်လေ ”
သူ့ မိန်းမ က သူ့ ကို ခပ်နွမ်းနွမ်း ပြုံးပြရင်း ပြောသည် ။ အိအိချို သည် တစ်လမ်းကျော် တွင် နေသော ဆရာဝန်ပေါက်စမလေး ဖြစ်သည် ။ သူ့ မိန်းမ ၏ အစ်မဝမ်းကွဲ က မွေးသည်မို့ ဆွေမျိုး စပ်လျှင် တူမ နှစ်ဝမ်းကွဲ တော်သည် ။ ထို့ကြောင့် အိအိချို ကို အိမ် ခေါ်လျှင် ခြေကြွခရော ၊ ကုခရော ပေးစရာ မလိုချေ ။
တစ်ခါတလေ ကံ ကောင်းလျှင် သူ့ မှာ ရှိသော ဆေးများ ကို ပင် ပေးသွား တတ်သေးသည် ။ သူ့ မိန်းမ ကလည်း အိမ် မှာ လုပ်သော သရက်သီးသနပ်တို့ ၊ ငပိကြော် တို့ ကို နိုက်ဂျူတီ ကျလျှင် စားရန် အတွက် အိချို ဆီသို့ ပို့ပေးတတ်မြဲ ဖြစ်သည် ။
၈ နာရီ ထိုးခါနီးတော့ သူ ရေချိုးသည် ။ ရေချိုးခန်း က ထွက်လာတော့ အခါတိုင်း လို မွေးပွတဘက်ကြီး ကမ်းပေးသော မိန်းမ ကို မတွေ့ရ ၊ ခုတင် ပေါ် တွင် အဆင်သင့် တင်ထားနေကျ လည်ကတုံး ရှပ်လက်ရှည်အဖြူ နှင့် အတူ အဆင်သင့် ဖြန့်ပြီး လွှားထားသော ပုဆိုး ကို လည်း မမြင်ရ ။ အဝတ်ဗီရို ဖွင့် ကာ ကိုယ့် အင်္ကျီ ကိုယ် ဆွဲထုတ်ရင်း “ အရင် က ငါ့ အင်္ကျီ ကို တောင် ငါ ထုတ်ဝတ်စရာ မလိုခဲ့ပါလား ”
ဟု တွေးမိသည် ။
ရုံး မသွားခင်တော့ မိန်းမ ၏ နဖူးကို တစ်ခါထပ်ပြီး စမ်း ကြည့်မိပြန်သည် ။
“ ဒီနေ့ ဘာ စားမလဲ ”
“ ညနေ ဘာ ဝယ်ခဲ့ရမလဲ ”
“ နေရတာ သက်သာ ရဲ့လား ”
“ ခေါင်းတွေ ရော သိပ် ကိုက်နေလား ဟင် ”
စသည့် အကြင်နာ စကားလေး တစ်ခုခု ပြောဖို့ ကောင်းမှန်း သိ သော်လည်း ၊ ပြောရန်လည်း စိတ်ကူး သော်လည်း ဘာဆို ဘာမှ မပြော ဖြစ်ခဲ့ချေ ။
၈ နာရီ ခွဲ ခါ နီးတော့ ကားဂိတ် သို့ ခပ်သုတ်သုတ် ထွက်ခဲ့သည် ။ သူ က အရာရှိငယ် မို့ ရုံးကား သီးသန့် မရသေးချေ ။ ရုံးကြို ရုံးပို့ လုပ်တော့ ရုံး ကား တော့ ရှိသည် ။ လမ်းထိပ် စုရပ် သို့ အချိန်မီ ရောက်ရန်တော့ လိုသည် ။ ဒီနေ့တော့ အဆင် မပြေလှချေ ။ အစည်းအဝေး ဖိုင်တွဲ မေ့ကျန်ခဲ့သဖြင့် လမ်း တစ်ဝက် ရောက် ကာ မှ ပြန် လှည့် လာရသည် ။ အခါတိုင်း သူ ရုံး သွားခါ နီးတိုင်း လိုမည် ထင်သမျှ ပစ္စည်းပစ္စယ များ ကို သူ့ မိန်းမ က အမှတ်တရ စုဆောင်း ပေး ထားတတ်သည် ကို သတိ ရသည် ။ ဖိုင် ယူပြီး ခပ်သုတ်သုတ် ပြန်လာသော်လည်း ရုံးကား က ထွက်သွားပြီ မို့ မမီတော့ချေ ။ နေ့လယ် ကျလျှင်လည်း ထမင်း ဝယ် စားရဦးမည် ဖြစ်၍ အငှားကား စီးရန် နှမြော ပြီး ၊ ဘတ်စ်ကား ကြပ်ကြပ် ကို အတင်း တိုးဝှေ့ပြီး စီးခဲ့သည် ။ ရုံး ကို ၁ဝ နာရီ ကျော် မှ ရောက် ကာ ချွေးတွေ လည်း နစ်နေသည် ။
“ မောင်အေး ရေ ... ထမင်းကြော် ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် တစ်ခု ခု ဝယ်ချေစမ်းကွာ ”
ဟု ခိုင်းရင်း ရှပ်အင်္ကျီအိတ် ထဲ မှ သားရေပိုက်ဆံအိတ်ကလေး ကို ဆွဲ လိုက်တော့ ပြားချပ် နေသော အင်္ကျီအိတ် ကို သာ စမ်း မိသည် ။ ငွေ တစ်ထောင် ကျော် သာမက သာမညဆရာတော်ဘုရားကြီး ၏ ဓာတ်ပုံ ကို ပါ ခါးပိုက်နှိုက် က လစ် သွားပြီ ဖြစ်သည် ။
“ ငါ ကတော့ မြိုင်ရာဇာတွတ်ပီ လို ' ကနေ့ ကံမကောင်းပါလားကွယ် ' လို့ ရွတ်ရတော့မယ် ထင်တယ် ”
ညနေ ကျတော့ စိတ်လက် မကြည်မသာ နှင့် အိမ် ပြန် လာရသည် ။
“ နင်တို့ အမေ သက်သာလား ”
“ ကိုယ် တွေ တအား ပူနေလို့ နေ့ခင်း က ရေခဲ တင်ပေးရသေးတယ် ”
“ အိအိချို ကို သွား မခေါ်ဘူးလား သမီး ရယ် ”
“ လာ ကြည့်ပြီးပြီ ၊ ဆေးတွေ ဝယ်ခိုင်း သွားတယ် ”
“ ဘာဖြစ်တာတဲ့လဲ ”
“ ပန်းဖျား ဖျား တာပါလို့ ပြောတယ် ၊ သွေးအား နည်းနေတယ် သိပ်ပြီး အပင်ပန်း မခံပါနဲ့ တဲ့ ၊ အား ဖြစ်တာ စား ပါတဲ့ ၊ မစိုးရိမ်ပါ နဲ့လို့တော့ ပြောတာပဲ ”
မစိုးရိမ်ပါနဲ့ ဆိုသော်လည်း သမီးကြီး က စိုးရိမ်နေဟန် ရှိသည် ။ သူတို့ အမေ ကို ဒီလို အနေအထား နှင့် တစ်ခါမျှ မတွေ့ဖူးတော့ အငယ်လေးတွေ လည်း မျက်နှာ မကောင်းကြချေ ။ အခါတိုင်း ဆူဆူညံညံ ခုန်ပေါက် ကစား နေတတ်သော အလတ် နှစ်ကောင် ပင် ငြိမ်ငြိမ်ကုပ်ကုပ်ကလေး တွေ ဖြစ်နေ
ကြသည် ။
“ ပန်းဖျား ဆိုတာ ပင်ပန်း လို့ ဖျားတာတဲ့ ၊ မမကြီး က ပြောတယ် ”
“ ဟုတ်တယ် ၊ မေမေ က အရမ်း ပင်ပန်းတာကိုး ”
“ နောက်ပြီး အားနည်း နေတယ်တဲ့ ”
“ နည်းမှာ ပေါ့ ၊ မေမေ က ဟင်း မှ မစားဘဲ ၊ မကြိုက်လို့လား မသိဘူး ”
“ မကြိုက်ဘဲ နေမလား ဟကောင် ရ ၊ မင်း ပန်းကန် ထဲ မှာ ဟင်း ကုန် သွားတိုင်း သူ မစားဘဲ သူ့ ထဲ က လှမ်း ထည့်ပေးနေတာ ”
“ အောင်မာ ... ကိုကို လည်း အတူတူပါပဲ ၊ သား ချည်း ပဲ မဟုတ်ပါဘူး ”
အလတ် နှစ်ကောင် က စာ ကျက်ရင်း တီးတိုး တီးတိုး ပြောနေကြသည် ။ အင်း ... ငါလည်းအတူတူပါပဲ ၊ သူ က စိတ် ထဲ မှ တွေးရင်း သက်ပြင်း ကို မသိမသာ ရှိုက် လိုက်သည် ။
သူ့ ပန်းကန် ထဲ သို့ ကြက်ရင်ပုံ ၊အသည်းအမြစ် နှင့် ငါးမြင်းဗိုက်သား တို့ ကို ထည့် ပေးတတ်သော မိန်းမ ၊ ငါးခူ ငါးကျည်းကြော် လျှင် အရိုး မပါအောင် ဘေး မှ ထိုင်ပြီး အရိုး နွှင် ပေး တတ်သော မိန်းမ ၊ သူ့ ကို စားဦးစားဖျား သီးသန့် ကျွေးပြီး ကလေးတွေ နှင့် အတူ နောက်ချန် စားတတ် သော မိန်းမ ၊ ထို မိန်းမ သည် သူ့ ဗိုက်အတွက်တော့ သူ လျှော့ပေါ့ ပြီး စားနေလိမ့်မည် ဟု ယခင် က မတွေးခဲ့မိချေ ။
“ ညနေစာ ကတော့ ထမင်း နဲ့ ဘဲဥကြော်ပဲ ဖေဖေ ၊ ဒါတောင် မီး မလာ လို့ မီးသွေးမီးဖို မွှေးပြီး ချက် ထားရတာ ”
သမီးကြီး ၏ ဆံပင် တွင် ပြာမှုန့်တွေ လူးပေ နေသည် ။ မျက်နှာလေး ဆီ အပြောင်သား နှင့် ပင်ပန်းနေဟန် ရှိသည် ။ လက်ခုံ တွင် လည်း ထမင်းရည်ပူ လောင် ကာ နီရဲ နေသည် ကို တွေ့ရသည် ။
ညနေ ထမင်း ဝိုင်း ကတော့ ခြောက်သွေ့နေသည် ။ သမီးကြီး က သူ့ အမေ နား စောင့် နေစဉ် သူက ခါတိုင်း လို တစ်ဦးတည်း မစားတော့ဘဲ အငယ် သုံးဦး နှင့် အတူ စားလိုက်သည် ။
သမီးကြီး ခမျာ တပင်တပန်း နှင့် ကြိုးစားပမ်းစား ချက် ထား ရှာသော်လည်း ထမင်းရည် မစင်သော ထမင်း က ပျော့ပြဲပြဲ ဖြစ်နေသည် ။ ဆား မပါသော ဘဲဥကြော် ကလည်း စား၍ မကောင်းလှချေ ။ အစား မက် သော သားလတ် နှစ်ကောင် က ကြိတ်မှိတ်ပြီး စားနေသော်လည်း အငယ်မလေး က မစားနိုင် ။ ထမင်း တစ်လုပ် ပြီးတိုင်း “ မေမေ ချက် သလိုလည်း မကောင်းဘူး ” ဟု တစ်ခါ ပြော တတ်သည် ။ သူ့ အစ်မ ကြား သွားမှာ စိုး၍ ကျယ်ကျယ် လည်း မပြောရဲ ရှာပေ ။
နောက် တစ်နေ့ ကျတော့ စနေနေ့ မို့ ရုံးပိတ် ၊ ကျောင်းပိတ် ရက် ဖြစ်သည် ။ သမီးကြီး က အမေ့ ကိုယ်စား ဈေး သွားပြီး အငယ်တွေ က အိမ် ရှင်းကြသည် ။
“ ငါးခူ ဝယ်လာတယ် ၊ ငါးကြော် ဆိုတော့ မေမေ လည်း ဆန်ပြုတ်လေး နဲ့ သောက်လို့ ရတာပေါ့ ”
သမီးကြီး က ဆွဲခြင်းကလေး တယမ်းယမ်း နှင့် မီးဖိုချောင် ဝင် သွားသည် ။ ခဏနေတော့ ငယ်သံ ပါအောင် အော်သံ ကို ကြားရသည် ။ မီးဖိုချောင် ထဲ မြွေများ ဝင်လေပြီလား ဟု စိုးရိမ်တကြီး ပြေးလာသူများ မှာ ဖရိုဖရဲ မှောက်နေသော ခြင်းတောင်း နှင့် အတူ တဖျတ်ဖျတ် ခုန်နေသော ငါးများ ကို တွေ့ရသည် ။ သားလှီးဓားကြီး ကိုင်ထားသော သမီး က မူ ငါးတွေ ကို ကွေ့ပတ် ရှောင် ရင်း အသံ ကုန် အော်နေသည် ။
နောက်ဆုံးတော့ အသေထင်ပြီး ဝယ်လာသော မသေမရှင် ငါးခူ နှစ်ကောင် ကို ပုဇွန်တောင်ချောင်း ထဲ ပြန် လွှတ်ပြီး ဘဲဥကြော် နှင့် စခန်း သွားကြရပြန်သည် ။ ဒီနေ့ ကျတော့ အပြောင်းအလဲလေး နှင့် ဖြစ်၏ ။ ထမင်း က မာ ပြီး ဘဲဥ က ငန် နေသောကြောင့် ဖြစ်လေသည် ။
နေ့ခင်း ကျတော့ အလတ် နှစ်ကောင် ဆပ်ပြာရည် စိမ် ထားသော အဝတ်များ ကို မောင်နှမတစ်တွေ လျှော်ကြသည် ။ ထို့နောက် ဆူညံပူညံတွေ ထွက်လာပြန်သည် ။ သားနှစ်ကောင် က သူတို့ ၏ စပို့ရှပ် အနီရောင် နှစ်ထည် ကို ကျောင်းအင်္ကျီ အဖြူများ နှင့် ရောပြီး စိမ် ထားသောကြောင့် ဖြစ် သည် ။
“ ကုန်ပါပြီဟယ် ... ငါ့ မှာ ကျောင်းအင်္ကျီ အကောင်း က နှစ်ထည် ပဲ ရှိတာ ဟဲ့ ”
သမီးကြီး က အော်သည် ။
“ သားတို့ အင်္ကျီတွေ လည်း စွန်း တာပါပဲ မမကြီး ရ ”
သားတွေ က လျှောက်လဲချက် ပေးသည် ။
“ သမီး ကျောင်းအင်္ကျီလေး လည်း စွန်းသွားပြီ ၊ ရင်ဘတ် မှာ အနီရောင်ကြီး ”
သမီးငယ် က ငိုသည် ။ ထို့ကြောင့် သူ က “ ငါ့ ရဲ့လည်ကတုံး ရှပ်လက်ရှည်လေး လည်း သွား ပါပြီကွာ ”
ဟု ဝင်ပြီး ညည်း မနေဖြစ်တော့ပေ ။
••••• ••••• ••••• •••••
သုံးရက် လုံးလုံး အပြင်း ဖျား ပြီး ကာမှ သူ့ မိန်းမ အဖျား ကျလာသည် ။ နဂို က မှ မဝရသည့် အထဲ ပို၍ ပိန်သွားသည် ။ အခုမှပင် ဂရုတစိုက် ကြည့်မိတော့ နားသယ်ဆံစတွေ လည်း ဖြူစ ပြုနေပြီကို တွေ့ရသည် ။
တစ်အိမ်လုံး မှာ တော့ ဖုန်အလိမ်းလိမ်း တက်ကာ ကမောက်ကမတွေ လည်း အတော် ဖြစ်ပြီး နေပြီ ဖြစ်သည် ။
“ ဒီတစ်ခါ အမေ နေ ကောင်းရင် အရင်တုန်း က လို အပင်ပန်း မခံနဲ့တော့ နော် ၊ အဝတ်တွေ ကို သားတို့ က ကူ လျှော်မယ် ”
သား နှစ်ယောက် က သူတို့ အမေ ကို အကြင်နာစကား ဆိုကြသည် ။
“ ပန်းကန် ဆေးစရာတွေ ကို စုထား ၊ သမီး ကျောင်း က ပြန်တော့ ဆေးပေးမယ်နော် ”
သမီးငယ် က ပြောသည် ။
“ ကြမ်းတိုက်ဖို့ နဲ့ မီးပူတိုက်ဖို့ ကိုတော့ သမီး တာဝန်ထား ”
သမီးကြီး က တာဝန် ယူသည် ။
နားထင်နားရင်းတွေ ကျကာ နွမ်းလျနေသော မိန်းမ သည် သူ့ သား သမီးများ ကို တစ်လှည့်စီ ကြည့်ရင်း မသိမသာ မျက်ရည်တွေ လည်လာသည် ။ ထို့နောက် “ ခဏတဖြုတ် နေမကောင်းတာ ပါ ကွယ် ၊အမေ လုပ်နိုင်ပါတယ် ကလေးတို့ ရဲ့“ ဟု ပြုံးယောင်ယောင် နှင့် ပြုံးသည် ။ သူ ကတော့ ... အင်း ... သူ က
တော့ သားသမီးတွေ ကွယ်ရာ ကျမှသာ ခပ်တိုးတိုး ပြောဖြစ်သည် ။
“ သိပ်လည်း အပင်ပန်း မခံပါနဲ့ မိန်းမ ရယ် ... မင်း မရှိရင် အစ်ကို ဘယ်လို နေရမလဲ ”
ကြား လိုက်ရသော စကားကို သူ့ မိန်းမက ယုံဟန် မရှိ ၊ သူ့ ကို တအံ့တဩ လှမ်း ကြည့်သည် ။
သူ က နူးညံ့နွေးထွေးစွာ ပြုံး ပြလိုက်တော့ ပိုပြီး အံ့ဩသွားဟန် ရှိလေသည် ။
“ အစ်ကိုတို့ တစ်မိသားစုလုံး ကို သာယာပျော်ရွှင်နေအောင် ၊ လုံခြုံနွေးထွေးနေအောင် မင်း ဘယ်လို အနစ်နာ ခံပြီး စွမ်းဆောင် နေရသလဲ ဆိုတာ အရင် က လေးလေးနက်နက် မတွေးခဲ့မိဘူး ။ အခုမှပဲ တစိမ့်စိမ့် တွေးပြီး ကျေးဇူး တင်မိတယ် ၊ နောက်ပြီး .... နောက်ပြီး ... ”
သူ က ရုတ်တရက် ပြော မထွက်ဘဲ ထစ်ငေါ့နေသည် ။ သူ့ ကို ငေး ကြည့်နေသော မိန်းမ ကမူ သူ့ မျက်လုံး ထဲတွင် တစ်သက်လုံး မျှော်လင့် စောင့်စား နေခဲ့သော တစ်စုံတစ်ရာ ကို ရှာဖွေ တွေ့ရှိသွားဟန် ရှိ လေသည် ။
“ တကယ်လား ဟင် .... ဒါ တကယ်ပဲလား ”
သူ့ မိန်းမ က မယုံနိုင် သလို တိုးတိုးလေး ပြောနေသည် ။ ညိုးမှိန်နေသော မျက်လုံးများ သည် အရည် လည်ကာ အရောင် တဖျတ်ဖျတ် မြူးလာသည် ။ ထို့နောက် သူ့ ရင်ခွင်ထဲ တိုး ဝင်ကာ ရှိုက်ကြီးတငင် ငို ရှာသည် ။
မစန္ဒာ
အမျိုးသမီးရေးရာမဂ္ဂဇင်း ၊
၂ဝဝဝ ပြည့်နှစ်
aung naing oo
.
No comments:
Post a Comment