Monday, September 26, 2022

သူစိမ်းတစ်ရံ


 

❝ သူစိမ်းတစ်ရံ ❞

တက္ကသိုလ် မှ မည်သည့် ဘွဲ့ဖြင့် အောင်မြင်ခဲ့ပါသလဲ ဟူ သော သူတို့ ၏ မေးခွန်း ကို ကျွန်မ ဖြေတိုင်း သူတို့ အံ့သြသွားကြလေ့ ရှိပါသည် ။ ဓာတုဗေဒ အဓိက ဖြင့် သိပ္ပံဘွဲ့ ရခဲ့သည် ဟူသော အဖြေ ကို သူတို့ လုံးဝ မျှော်လင့် မထား မှာ သေချာ၏ ။ သူတို့ ဘာကို မျှော်လင့်လိမ့်မည် ဆိုတာ ကျွန်မ ရိပ်မိပါသည် ။ အရှေ့တောင်အာရှ နိုင်ငံများ ၏ ယဉ်ကျေးမှု သို့မဟုတ် လူမှုရေးဗေဒ ဆိုတာ မျိုး ၊ မနုဿဗေဒ ဆိုတာမျိုး ရှေးဟောင်းသုတေသန သို့မဟုတ် စာကြည့် တိုက်ပညာ ဒီပလိုမာဘွဲ့ ဆိုတာမျိုး ၊ သမိုင်းအဓိက သို့မဟုတ် မြန်မာစာ အဓိက ဆိုတာမျိုး ၊ အနည်းဆုံးတော့ ပထဝီဘာသာ အဓိက ဖြင့် ဝိဇ္ဇာဘွဲ့ ရထားဖို့ သူ တို့ မျှော်လင့် ကြမည် ဖြစ်သည် ။

အမှန်အတိုင်း ပြော ရလျှင် ဘုရားအဟောင်းတွေ မြို့အဟောင်းတွေ ၊ သမိုင်းတွေ ၊ လူမှုရေးတွေ ကို ကျွန်မ စိတ်ဝင်စားခဲ့သည် မဟုတ် ။ ကျွန်မ က ဓာတ်ငွေ့တွေ ကို စိတ်ဝင်စားသည် ။ ဒြပ်စင်တွေ ၊ဒြပ်ပေါင်းတွေ ၊ အက်တမ် နှင့် မော်လီကျူး ၊ အနုမြူဗုံး နှင့် ဓာတ်ရောင်ခြည်များ ကို စိတ်ဝင်စားသည် ။ သာမန် မျက်စိဖြင့် မမြင်ရသော တစ်စုံတစ်ရာ ၏ ပြင်းထန်စွာ အစွမ်း ထက်လှသော အင်အား သတ္တိမျိုး ကို စိတ်ဝင်စားသည် ။ ထို့ကြောင့်လည်း ဓာတုဗေဒ အဓိက ဘာသာ ကို ယူခဲ့၏ ။ သို့သော် ကျွန်မ ချစ်သော အက်တမ်တွေ ၊ ပရိုတွန် ၊ အီလက်ထရွန် တွေ သည် ကျွန်မ ၏ ဘဝ ရပ်တည်မှု နှင့် အသက်မွေး ဝမ်းကျောင်း အလုပ် အတွက် အနည်းငယ်မျှ ပင် အထောက်အကူ ပေးခဲ့ခြင်း မရှိ ။ ဓာတုဗေဒပညာရှင် ဟူသော ဘဝ ကို စိတ်ကူး ယဉ်ခဲ့ဖူးသော ကျွန်မ သည် စိတ်ဓာတ် ကျရာ မှ နာကြည်းစွာ ရယ်မောမိသည့် ဘဝ သို့ တဖြည်းဖြည်း ရောက် လာခဲ့သည် ။ ယခုတော့ ကျွန်မ သည် ကျွန်မ ဘယ်တုန်း က မှ အိပ်မက် မမက်ခဲ့ဖူးသော ၊ ကျွန်မ နှင့် လိုက်ဖက်လိမ့်မည် ဟု ဘယ်တုန်း က မှ မထင်ခဲ့မိ သော ရယ်စရာ ကောင်းသည့် အလုပ် တစ်ခု ကို လုပ် နေမိပြီ ။ ၎င်း မှာ ဧည့် လမ်းညွှန် အလုပ် ပင် ဖြစ်ပါသည် ။

ကျွန်မ ၏ အနီးပတ်ဝန်းကျင် မှ သူငယ်ချင်းများ ၊ အသိမိတ်ဆွေများ ကို မိမိ ဝါသနာ ပါသော အလုပ် နှင့် မိမိ လုပ်ကိုင်ခွင့် ရသော အလုပ် တို့ တစ်ထပ် တည်း ကျပါသလား ဟု မေးကြည့်လျှင် ကိုးဆယ့်ငါး ရာခိုင်နှုန်း က ငြင်းဆို ကြလိမ့်မည် ။ထို့ကြောင့်လည်း ကျွန်မ သည် လက်ရှိ အလုပ် ကို ငြူစူ စိတ်ပျက် စရာအကြောင်း မရှိပါ ။ထို့ပြင် ဤ အလုပ် ကို ကျွန်မ အချိန် ယူ၍ စဉ်းစား ပြီး မှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည် ။ထို့ပြင် ဤ အလုပ် ဖြင့် အသက်မွေး ဝမ်းကျောင်း ရန် ဆုံးဖြတ်သည့် နေ့မှစ၍ ဧည့်လမ်းညွှန်သင်တန်း တက်ရောက်ဖြစ်သည့် အချိန် အထိ ငါးနှစ် ကြာအောင် ကျွန်မ ဘက် မှ ကြိုတင် ပြင်ဆင် ခဲ့ရပါသည် ။

ကျွန်မ ဦးနှောက် ထဲ က ဓာတ်ပြုခြင်းများ ၊ ဓာတ်ပေါင်းစပ်သည့် စည်း များ ၊ အော်ဂဲနစ် အင်အော်ဂဲနစ်များ ကို ထုတ်ပယ် ပစ်၍ မြန်မာနိုင်ငံ ၏ လူမျိုး ဆင်းသက်ပုံ ၊ မြို့ဟောင်းများ ၊ ယဉ်ကျေးမှု အပြောင်းအလဲ ၊ လူမှုရေး ဘဝ နှင့် ဘာသာရေး ဓလေ့ထုံးစံများ ၊ မြန်မာ့အနုပညာများ ၊ ဗိသုကာလက်ရာများ စသည် တို့ ကို ဦးနှောက် ထဲ သို့ ယခု မှ သွင်း ယူနေရသည် မဟုတ်လား ။

ထို့ပြင် တက္ကသိုလ် မှာ တုန်း က ကျွန်မ ၏ ခပ်ဝေးဝေး သို့ ရောက် သွားသော အင်္ဂလိပ်စာ အရေး နှင့် အပြော ကျွမ်းကျင်မှု ကို ယခုမှ တစ်ဖန် ပြန်၍ ကြိုးစား နေရပြန်သည် ။ ထို့ပြင် မြန်မာနိုင်ငံ မှာ အင်္ဂလိပ်ဘာသာ ကျွမ်းကျင် သည့် ဧည့်လမ်းညွှန် ပေါများ သလောက် ပြင်သစ်ဘာသာ ကျွမ်းကျင်သည့် ဧည့်လမ်းညွှန် က ရှားပါးနေသည် ဆိုတော့ ပြင်သစ်ဘာသာ ကျွမ်းသည့် ဧည့်လမ်းညွှန် ဘဝ ဖြင့် ကျွန်မ ၏ အလုပ် ကို စတင်ရန်လည်း စိတ်ကူးမိသည် ။ ထိုအခါ ကျွန်မ ၏ အချိန် အားလုံးသည် စာအုပ်များ ၊ သင်တန်းများ အကြား တွင် အချိန် ကုန် ခဲ့တော့သည် ။

တစ်ခါတစ်ခါ အချိန် ၏ တန်ဖိုး ကို သတိ မထားချင်၍ မရလောက် အောင် ရှားပါးသည့် အခက်အခဲ ကြုံရသည့် အခါများတွင် တက္ကသိုလ် မှာ မျှော်လင့်ချက် အမှားကြီး ဖြင့် ရေလိုက် လွဲရင်း ကုန်ဆုံးခဲ့ရသော အချိန်များ ကို နှမြောတသ စွာ ယူကျုံး မရ ဖြစ် မိသေး၏ ။ လေးနှစ် ဟူသော အချိန်ကာလ သည် လူ တစ်ယောက် အား ဘာသာစကား နှစ်မျိုး သင်ယူ တတ်ကျွမ်းလောက် အောင် လုံလောက်စွာ ကြာမြင့်လှသည် မဟုတ်လား ။ သို့သော် လက်ရှိ ပညာရေးစနစ် နှင့် အံဝင်ခွင်ကျ မလိုက်ပါတတ်သည့် ကျွန်မ ကိုယ် ကျွန်မ သာ အပြစ် တင်ခဲ့ မိပါသည် ။

ဧည့်လမ်းညွှန် လုပ်ရတာ ပျော်ရဲ့လား .... ဟု တစ်စုံတစ်ယောက် က မေးလာလျှင် အနည်းငယ် တွန့်ဆုတ် တွေဝေပြီး နောက်မှ ပျော်ပါတယ် .... ဟု ဖြေမိသည် ။ တစ်ခါတစ်ခါ ရယ်စရာ ၊ တစ်ခါတစ်ခါ စိတ်ရှုပ်စရာ ၊ တစ်ခါ တစ်ခါ ဒေါသ ထွက်စရာ ၊ တစ်ခါတစ်ခါ အရှက် ရစရာ ဤ အလုပ်သည် ကျွန်မ အား စိတ် ရသ မျိုးစုံ ကို တစ်ပြိုင် တည်း ပေးခဲ့သည် ။သို့သော် ကျွန်မ အလွန် စိတ်ဝင်စားပါသည် ။

      •••   •••   •••   •••

သူတို့ အားလုံး သည် မြန်မာနိုင်ငံ ကို အလွန် စိတ်ဝင်စားကြ၏ ။ သို့သော် ကျွန်မ မျှော်လင့်ထားသည့် စိတ်ဝင်စားမှု နှင့် တော့ တစ်ထပ်တည်း မကျပါ ။

ကျွန်မ မှာ တော့ ကျက်မှတ်လိုက်ရသည့် မြန်မာ့သမိုင်း ၊ မြန်မာ့ယဉ် ကျေးမှု ၊ မြန်မာ့ဗိသုကာ ။ သူတို့ က မေးတော့ ကျွန်မ ထင် မထားသည့် မေးခွန်း မျိုးတွေ ။

သနပ်ခါး လိမ်း ထားသည့် မိန်းကလေး တစ်ယောက် အား မြင်သည့် အခါ ကျွန်မ ကို စပ်စုကြသည် ။

“ သူ့ ပါး ပေါ် မှာ ဘာကို တင် ထားတာလဲ ” ဟူသော မေးခွန်းဖြစ်၏ ။ “ သနပ်ခါး ”  ဟူသော စကား ကို သစ်ပင် ပင်စည် အခေါက် အဖြစ် ပြောရင်း သူတို့ နားလည်အောင် မိရိုးဖလာ မြန်မာမိတ်ကပ် ဟု ရှင်း ပြရသည် ။ အလုပ် ပါး မ၀ခင်တုန်းက “ ဘာကြောင့် အဲဒါကို လိမ်းတာလဲ ” ဟု မေးလျှင် “ အလှ အပ အတွက်ပေါ့ ” ဟု သွား ဖြေဖူး၍ နိုင်ငံခြားသား တစ်ယောက် မျက်နှာ ရှုံ့ သွားတာ ခံရဖူးပါသည် ။ သူတို့ မျက်စိ ထဲ မှာတော့ သနပ်ခါး လိမ်း ထားသည့် မိန်းကလေး ၏ မျက်နှာ ကို လှသည် ဟု ထင်ချင် မှ ထင်မည် ။ နောက်တော့ ကျွန်မ သူတို့ သဘော ကျအောင် စနစ်ကျကျ ဖြေ တတ်သွား၏ ။

“ သနပ်ခါး ဟာ လူ့ အသားအရေ ကို ချောမွတ်စေတယ် ။ သန့်စင်စေ တယ် ။ သနပ်ခါး ကို ထူထူ လိမ်းထားရင် နေပူတဲ့ အခါ ပါး ကို နေ တိုက်ရိုက် မထိတော့ဘူး ။ အသား ရဲ့ အလှ ကို ထိန်းပေးထားတယ် ။ နောက်ပြီး သူ့ အနံ့ က မွှေးတယ် ။ တစ်စုံတစ်ယောက် ရဲ့ စိတ်ကို ကြည်လင်စေတယ် ”

ရှင်မတောင် သနပ်ခါး ကို အနည်းငယ် သွေး၍ နိုင်ငံခြားသူ အမျိုး သမီးတစ်ယောက် ၏ လက်ဖမိုးပေါ် လိမ်း ပေးပြီး မွှေး စေရသည် ။

“ သိပ် ကောင်းတာပဲ ” ဟု သူမ သဘော ကျလေသည် ။

“ တချို့ ဘုရားတွေ မှာ အဖြူရောင် သုတ်ပြီး တချို့ဘုရားတွေ မှာ အဝါရောင် သုတ် တာ ဘာကြောင့်လဲ ” ဟု မေးတတ်ကြသည် ။ အဝါရောင် သည် ရွှေရောင် ၏ ကိုယ်စားပြု အရောင် ဖြစ်သည် ဟု ကျွန်မ ပြောပြရသည် ။

တချို့ ဧည့်သည်တွေ က ရွှေတိဂုံဘုရား စောင်းတန်းခြေရင်း မှ စာ ကလေး လွှတ်ပွဲ ကို စိတ်ဝင်စားကြ၏ ။လှောင်အိမ် ထဲ က စာကလေး ကို ဝယ်ပြီး ကောင်းကင် သို့ လွှတ်ပေးခြင်း အားဖြင့် မိမိ ကိုယ်တိုင် ၏ စိတ်နှလုံး သည် တစ်စုံတစ်ရာ ညစ်ညူးမှု မှ လွတ်မြောက်ပျော်ရွှင်ရခြင်း ၊ မိမိ ၏ အသက် အန္တရာယ် မှ လွတ်မြောက်ချမ်းသာရခြင်း ၊ ရောဂါဘယ မှ ကင်းဝေးရခြင်း ဟူသော အကျိုးများ ရလိမ့်မည်ဟု ယုံကြည်ကြကြောင်း ပြောရပါသည် ။

တချို့ဘုရား အတက် စောင်းတန်းများ တွင် နတ်ရုပ်တုများ ကို တွေ့ရ တတ်သည့် အခါမျိုး ၌ သူတို့ စပ်စုကြပုံက တစ်မျိုး ။ ဘာကြောင့် ဟို အမျိုးသမီး က ကျွဲခေါင်းကြီး ကို တပ်ဆင်ထားရတာ လဲ ဟု သူတို့ မေးမြန်းကြ၏ ။ ပထမတော့ မြန်မာ့မိရိုးဖလာ နတ်ကိုးကွယ်မှု ကို မကြေညက်သော ကျွန်မ တော်တော် ဒုက္ခ ရောက်ခဲ့ရ၏ ။

နောက်ပိုင်းတော့ ရှေးလူကြီးများ ကို လိုက်လံ မေးမြန်း ၊ သုံးဆယ့်ခုနှစ် မင်း နတ် နှင့် ပတ်သက်သည့် စာအုပ် ကို ဖတ် ဖြင့် အနည်းအပါး သိ လာရ သည် ။ ဇမ္ဗူရာဇ်ရွှေ အတိပြီးသော ချို က တစ်ဖက် ၊ငွေစင်ငွေသား အတိဖြင့် ပြီးသော ချို က တစ်ဖက် ရှိသော နတ်ကျွဲမကြီး အကြောင်း ၊ သမ္မလ နှင့် ဝိမလညီနောင် ဘုရင် နှစ်ပါး အကြောင်း ၊ သမ္မလ ၏ သားတော်ကလေး နှင့် ဝိမလ ၏ သမီးတော် အကြောင်း ၊ နတ်ကျွဲမကြီး ကို စောင့်ရှောက်ထားသော ကရင်မကြီး အကြောင်း ၊ မိမိ ၏ မွေးစားသား ( သမ္မလ ၏ သားတော် ) မိန်းမ တောင်းရမ်း ရယူရေး အတွက် မိမိ ၏ ဦးခေါင်း ကို ဖြတ် ပေးသော နတ်ကျွဲမ ကြီး ၏ မေတ္တာ စေတနာ ၊ ကျွဲခေါင်းကြီး ကို ရွက် ၍ မွေးစားသား အတွက် ဘုရင့်သမီး ကို သွား တောင်းပေးသော်လည်း ကတိ မတည်သဖြင့် ကျိန်ဆို လိုက်သော ကရင်မကြီး ၏ နာကြည်းမှု .... စသည် တို့ ကို အလျဉ်းသင့် သလို ကျွန်မ ပြော ပြနိုင်လာ၏ ။

မြန်မာ ပုံပြင် တော်တော်များများ ကို အကျဉ်းချုပ် ပြော ပြလျှင် သူတို့ အပျင်းပြေ နားထောင် ရယ်မောတတ်ကြ ပါသည် ။ နတ်များ ၏ ဒေါသ နှင့် ယဇ်ပူဇော်ခြင်း အကြောင်း ၊ ကျွန်မ သာသာကဲကဲ ပြော ပြလျှင်တော့ သူတို့ တကယ်ပင် ကြောက်ရွံ့ဟန် ပြ၏ ။

စကျင်ကျောက်တုံးကြီး တစ်လုံးတည်း ဖြင့် ကြီးမားသော ဗုဒ္ဓရုပ်တု တော်ကြီး ထုဆစ်ထားပါသည် ဟူသော ကျောက်တော်ကြီးဘုရား ကို တော့ သူတို့ သိပ် စိတ် မဝင်စားကြပြန်ပါ ။ ထူးခြားသော ဘုရား ကို ကြည့်ရှုဖို့ စိတ်ဝင်စားမှု သည် ဖိနပ် နှင့် ခြေအိတ် ချွတ် ရသည့် ကသိကအောင့် ခံစားမှု ကို ကျော်လွန်နိုင်ပုံ မရပါ ။ မြန်မာ့ဆိုင်းဝိုင်း ၊ နတ်ကန္နားပွဲ နှင့် ရှင်ပြုပွဲ တို့ ကို တော့ သူတို့ စိတ်ဝင်စားကြပြန်၏ ။ ရွှေတိဂုံဘုရား ပေါ် မှာ ရှင်လောင်းများ စီတန်း  ၊ လှည့်လည်သည့် ကိစ္စ ကို သူတို့ အားလုံး လိုလို မေးမြန်း စပ်စု တတ်ကြသည် ။

လမ်းဘေး မှာ ရေခဲရေ ရောင်းသည့် ဈေးသည်ကလေးများ ၏ တစ်နေ့ ဝင်ငွေ ကို ကျွန်မ အား မေးမြန်းကြသည် ။ ကျွန်မ က ပြတိုက် မှာ သူတို့ စိတ် ဝင်စားနိုင်မည့် ရှေးဟောင်းပစ္စည်းများ ပြ လို၍ ခေါ်သွားချိန် တွင် ပြတိုက် မရောက်မီ လမ်းဘေး တစ်နေရာ ၌ ဝက်သားတုတ်ထိုး ရောင်း နေသည့် အထမ်းသည်မလေး တစ်ဦး ကို မှ သူတို့ က စိတ်ဝင်တစား ရှိကြပြန်၏ ။

ထို မိန်းကလေးမှာ အသက် နှစ်ဆယ်ကျော် ခါစပဲ ရှိမည် ။နှစ်နှစ် သား အရွယ် ကလေးငယ်ငယ်ကလေး ကို ခါးမှာ မျက်နှာသုတ်ပဝါ ဖြင့် ပတ်ထား ပြီး ကြိုးစ ကို ပန်းခြံ သံတိုင် တစ်ခု မှာ ကြိုး နှင့် ချည်ထားသည် ဆိုတော့ သူတို့ စိတ်ဝင်စားကြပေမည် ။ထို အဖြစ်အပျက် ကို သူတို့ ဓာတ်ပုံ ရိုက်ယူ ကြ၏ ။ မိန်းကလေး က နည်းနည်း ရှက်နေသည် ။

အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်မ လည်း အနည်းငယ် မျက်နှာ ပူပါ သည် ။ စားဝတ်နေရေး မပြေလည်မှုကြောင့် လင်ရော ၊ မယားပါ တစ်နေရာစီ အလုပ် လုပ်ကိုင်ရကြောင်း မိန်းကလေး ၏ ရှင်းပြမှု ကို ကျွန်မ က ဘာသာပြန် ပေးရင်း စိတ်ရှုပ်ထွေး နေခဲ့မိသည် ။

သူတို့ သည် သီဟာသနပလ္လင် ထက် ပို၍ သစ်ဖောင်ဆွဲ သည့် အလုပ်သမား ကို စိတ်ဝင်စားကြသည် ။ စဉ့်ကူးမင်း ခေါင်းလောင်း ထက် ပို၍ ကုန် တိုက် အောက် မှာ တန်းစီတိုးရင်း ရန် ဖြစ်နေကြသည့် ယောက်ျား ၊ မိန်းမ အစု တို့ ကို စိတ်ဝင်စားကြသည် ။ မန္တလေး ရှေးဟောင်းပြတိုက် မှ စုဖုရားလတ် တို့ ဝတ်ခဲ့သည် ဆိုသော ဝတ်စုံတို့ ထက် ပို၍ ချည်ထည်ရက်သည့် ရက်ကန်းစင် များ ၊ ဂျပ်ခုတ်လုပ်ငန်းများ ကို စိတ် ဝင်စားကြသည် ။

တစ်ခါတစ်ခါ ကျွန်မ ရွတ် ပြသည့် သမိုင်းအချက်အလက်များ ၊ မြန်မာ့ရိုးရာ အနုပညာလက်ရာများ ကို သူတို့ နားလျှံ သွားပြီး လမ်းဘေးမှာ လျှပ်တစ်ပြက် မြင်တွေ့ရသည့် မြင်ကွင်း ၌ အာရုံ ရောက်ကာ ကြားဖြတ် မေးခွန်း ထုတ်ကြသည် ။

“ ဟိုမှာ ဘာတွေ ကို ထု နေတာလဲ ”

ဗာဒံစေ့ ထု နေသူများ ကိုလည်း သူတို့ သိ ချင်၏ ။ လမ်းဘေး မှာ လက်တွန်းလှည်း ဖြင့် အချဉ်ပေါင်း ရောင်းသည့် ကိစ္စ ကိုလည်း သိချင်၏ ။

ဘုန်းကြီးကျောင်း စာသင်စနစ် ကို သူတို့ စိတ်ဝင်စားသည် ။ ဘုန်းကြီး တို့၏ ဝိနည်းတော်များ ကို စိတ်ဝင်စားသည် ။တင်းကျပ်သော စည်းမျဉ်းဘောင်များ အကြောင်း သိပြီးသော အခါ လမ်း မှာ သို့မဟုတ် မတွေ့ သင့် နေရာ တို့ မှာ ဘုန်းကြီး သင်္ကန်းရုံ ပုဂ္ဂိုလ်များ ကို မြင်တွေ့ရလျှင် ကျွန်မ အား ဖြေရှင်းချက် တောင်း၍ မပြီးတော့ပေ ။

သူတို့ သည် မြန်မာတို့ ၏ လူမှုရေး အမြင် ၊ နိုင်ငံရေးအမြင် တို့ ကို သိချင်သည် ။ မြန်မာ့သမိုင်း နှင့် မြန်မာ့ဗိသုကာ ၊ မြန်မာ့အနုပညာ တို့ ကို သူတို့ နိုင်ငံမှာ စာအုပ်များ မှ တစ်ဆင့် ပြည့်စုံစွာ ဖတ်နိုင် သိနိုင်၏ ။သို့သော် မြန်မာ့ဘဝ အသက်ရှင် ရပ်တည်မှု ပုံစံများ ကိုတော့ ဘယ် စာအုပ် ထဲ မှာမှ ပြည့်စုံစွာ မသိ နိုင် ။ မြန်မာနိုင်ငံ သို့ ရောက်တုန်း ရောက်ခိုက် နက်နက်ရှိုင်းရှိုင်း စပ်စု မှ သာ သိနိုင်မည် မဟုတ်လား ။

      •••   •••   •••   ••• 

ဧည့်လမ်းညွှန် အမျိုးမျိုး ရှိသည် ။

ဧည့်သည် သိလိုသမျှ ကို မိမိ နားလည်သမျှ မခြွင်းမချန် (ဘာကိုမျှ မထောက်မငဲ့ဘဲ ) ဖြေတတ်သည့် ဧည့်လမ်းညွှန် ။ ဧည့်သည် အမေး ကို ထိန်းထိန်းချုပ်ချုပ် စဉ်းစားတွေဝေပြီး မှ ဖြေသင့်သည် ဟု ထင်သော မေးခွန်း ကို သာ ဖြေ၍ မဖြေသင့်ဘူး ထင်သော မေးခွန်း ကို မဖြေဘဲ ထားတတ်သည့် ဧည့်လမ်းညွှန် ။ ငွေရ လွယ်မည် ထင်၍ ဤ အလုပ် ကို ရွေးချယ် လုပ်ကိုင်သော ဧည့်လမ်း ညွှန် ။ မြန်မာ့ရေမြေ ၊ မြန်မာ့အလှ နှင့် မြန်မာ့အတတ်ပညာ ကို မြတ်နိုးသည့် စိတ် ဖြင့် ရှင်းပြ ဂုဏ်ယူ လိုသော ဧည့်လမ်းညွှန် ။ နိုင်ငံခြားသား မှန်သမျှကို အထင်ကြီး တတ်သည့် စိတ် အခြေခံ ဖြင့် မိမိ ကိုယ် မိမိ နေရာ ရဖို့ ၊ လူရာ ဝင်ဖို့ အတ္တ တစ်ခု တည်း ဖြင့် လုပ်ကိုင်သော ဧည့်လမ်းညွှန် စသည့် အမျိုးအစားများ ဖြစ်သည် ။

ထို့အတူ ဧည့်သည် လည်း အမျိုးမျိုး ရှိပါသည် ။

လူနေမှု အဆင့်အတန်း နိမ့်ကျသော မြန်မာလူမျိုး တို့ ကို နိုင်ငံ အဝင် မှာ ကတည်း က အထင် သေးပြီး ရှုတ်ချလို စိတ်ဖြင့် ရောက်လာသော ဧည့်သည် ။ မြန်မာ ၏ ဖြူစင်ဖော်ရွေသော စိတ်ထား ၊ ရောင့်ရဲနိုင်မှုတို့ အပေါ် လေးစား အံ့ဩလိုစိတ် ဖြင့် ရောက်လာသော ဧည့်သည် ။မြန်မာနိုင်ငံ ၏ တောတောင် အလှအပများ ကို မြင်တွေ့ အံဩလိုစိတ် ဖြင့် ရောက်လာသော ဧည့်သည် ။ မည်သည့်ရည်ရွယ်ချက် ဖြင့် ရောက်လာသည် ဖြစ်စေ မြန်မာနိုင်ငံ သို့ ရောက်တုန်း ရောက်ခိုက် မြန်မာအမျိုးသမီးကလေးများ အပေါ် လမ်းကြုံ အခိုက်အတန့် ဝင်ရောက် စမ်းသပ်လိုသော ဧည့်သည် .... စသည် ဖြင့် အမျိုးမျိုး ရှိပါသည် ။

တချို့က ကုမ္ပဏီ နှင့် ဆက်သွယ်ပြီး ဧည့်လမ်းညွှန် တောင်း၍ ကုမ္ပဏီ အစီအစဉ် ဖြင့် ခရီး ထွက်ကြသည် ။ တချို့ကတော့ ဧည့်လမ်းညွှန် ကို ဖြည့်စွက် နားလည် ပေးတတ်ကြသည် ။

“ စိတ်ဓာတ် မကျပါနဲ့ ၊ လုပ်သက် ရင့် လာတဲ့အခါ ကျွမ်းကျင်သွား မှာပါ ” ဟု သူတို့ ကပင် ပြန် ၍ အားပေး တတ်ကြ ပါသည် ။

ကျွန်မ သည် သြစတြီးယန်းလူမျိုး ၊ ဂျာမန်လူမျိုး ၊ ပြင်သစ်လူမျိုး ၊ ဂျပန်လူမျိုး ၊ အမေရိကန်လူမျိုး ၊ အင်္ဂလိပ်လူမျိုး ၊ ဘရာဇီးနိုင်ငံသား နှင့် ဂျူးလူမျိုး ဧည့်သည်များ ကို ဧည့်လမ်းညွှန် အဖြစ် လိုက်ပါဆောင်ရွက် ဖူးသည် ။

ကျွန်မ တွေ့ ဖူးသော သြစတြီးယန်းလူမျိုးများ သည် ပျော်ပျော် နေ တတ်ကြ၏ ။ ဘာကိုမှလည်း အလေးအနက် မထား ။ မြင်မြင်သမျှ အပေါ် အကောင်းမြင် စိတ် ရှိကြသည် ။ ကရဝိတ်ဟိုတယ် သို့ ကျွန်မ လိုက် ပို့တော့ “ ဘာငှက်လဲ ” ဟု မေးသည် ။ ကျွန်မ က “ ကရဝိတ်ငှက် ၊ ပုံပြင်ဒဏ္ဍာရီ ထဲမှာ
တော့ သူ့ အသံ ဟာ တေးသွားတစ်ခု လို သာယာတယ်လို့ ပြောကြတယ် ” ဟု ဖြေရသည် ။ဩစတြီးယန်း အမျိုးသား က ကျွန်မ အား ပြုံးကြည့်၍ “ သြစတြီးယန်း ငှက်တစ်မျိုး ကိုရော မြင်ဖူးလား ။ ဟိုငှက်လိုပဲ အဝါရောင် ရှိတယ် ” ဟု မေးသည် ။ကျွန်မ တအံ့တသြ ပြုံးကာ “ ဟုတ်လား ၊ ဘာငှက်လဲ ”  ဟု ပြန်မေးမိ၏ ။သူက ခပ်လှမ်းလှမ်းမှ သူ့ဇနီး ရှိရာ လက်ညှိုး ညွှန်ပြသည် ။ “ ဟိုမှာ ”  ။ သူ့ ဇနီး သည် ကရဝိတ်အရောင် လို ပင် ခပ်ဝါဝါ အဆင်း ရှိသော ပိုးဂါဝန် ကို ဝတ် ထားပြီး ပိုးစ က လေ မှာ လွင့် နေ၏ ။သူ့ ဇနီး က နားစွန် နားဖျား ကြားကာ ဝင်ရောက် ရယ်မောလေသည် ။

ဂျာမန်လူမျိုးများ ကတော့ အနည်းငယ် ဣန္ဒြေ ကြီး၏ ။တိကျ ဖြောင့် မှန်မှု ကို ကြိုက်၏ ။သိမ်မွေ့ပြေပြစ်၏ ။ မြန်မာလူမျိုးများ အပေါ် နားလည်စိတ် ( ရှိဟန် ဆောင်သည်ပဲ ဖြစ်ဖြစ် ) ရှိသည် ။ သူတို့ဆီ မှာ လေပြင်းပြင်း မတိုက်ဘူး လား မသိ ။ ဂျာမန်အမျိုးသမီးများ သည် လေတိုက်ခတ်မှု ဒဏ် ကို တော်တော် ကြောက်ကြပါသည် ။ ကျွန်မ အတွက် လိုအပ်မည် ထင်သည့် စာအုပ်စာတမ်း များကို လက်ဆောင် ပေးခဲ့တတ်ကြပြီး ကျွန်မ အသိပညာ ကြွယ်ဝမှုအတွက် အဘက်ဘက် မှ တွန်းအား ပေး လို စိတ်များ ရှိကြသည် ။ သို့သော် သူတို့သည် ဟိုတယ် အဆင်အပြင် နှင့် ဝန်ထမ်း ညံ့ဖျင်း လျှင် အနည်းငယ်မျှ သည်း မခံ တတ်ကြပေ ။

ပြင်သစ်လူမျိုးများ ကတော့ အင်္ဂလိပ်စကား ပြော တတ်ပါလျက် နှင့် အပင်ပန်း မခံလို၍လား ၊ မျိုးချစ်စိတ်ဓာတ်ကြောင့် ပဲလား ၊ ဧည့်လမ်းညွှန် ကို ပြင်သစ်စကား ကျွမ်းစေလိုသော စေတနာကြောင့်ပဲ လား မသိ ။ အင်္ဂလိပ် လို မပြောကြဘဲ ပြင်သစ် လို ပြော ကြသည် ။ ကျွန်မ က အင်္ဂလိပ်စကား ညှပ် ပြောလျှင် ပြူးကြောင်ကြောင် ဖြင့် ကြည့်လျက် ကျွန်မ ၏ ပြစ်သစ်စကားလုံးများ ကို စိတ်ရှည်လက်ရှည် စောင့် တတ်ကြသည် ။ သမိုင်းဆိုင်ရာ ၊ မနုဿဗေဒဆိုင်ရာ အတွေးအမြင်များ ထက် လက်ရှိ လူနေမှုဘဝ နှင့် လူမှုရေး ၊ နိုင်ငံရေး တို့ ကို စပ်စုကြသည် ။ မြန်မာနိုင်ငံ ထွက် သစ်သီး သစ်ရွက်များ ကို မြည်းစမ်းကြည့် လိုကြသည် ။ လှပ သစ်လွင်သော အဆောက်အအုံများ ၊ လမ်းများ ထက်  ဟောင်းမြင်းသော အဆောက်အအုံများ ၊ အိုမင်းသော အိမ်များ ၊ ပရိဘောဂ များ ကို စိတ်ဝင်စားကြသည် ။ ကျွန်မ မသိ နားမလည်သော အကြောင်းအရာ အတွက် ကျွန်မ ကို အပြစ် မတင်ဘဲ နှစ်သိမ့်တတ်ကြပြန်သည် ။

ဂျပန်လူမျိုး တစ်ယောက် ကတော့ အင်္ဂလိပ်စကား လုံးဝ မတတ် ပါဘဲ အင်္ဂလိပ် ဧည့်လမ်းညွှန် ကို တောင်း လေသည် ။ အင်္ဂလိပ် စကားပြော
လေယူလေသိမ်းများ ကို နားထောင် ခွဲခြားဖို့ ဟူ၏ ။ သူ သည် မြန်မာနိုင်ငံ ကို ခြောက်ခေါက် ရောက်ခဲ့ပြီးပြီ ဟု လည်း ဆိုပါသည် ။ သူ အသိ ၊ သူ အတတ် အလွန် လုပ် ချင်သည် ။ ဟို ပစ္စည်း ဆိုလည်း သူ မြင်ဖူးသည် ။သည်နေရာ ဆို လည်း သူ ရောက်ဖူးသည် ။ ရွှေတိဂုံ အကြောင်း ကျွန်မ ထက် ပို သိသလိုလို စကား ပြောလေ၏ ။ တစ်ခါမှာတော့ ကျွန်မ ရွှေတိဂုံ သို့ ဧည့်လမ်းညွှန်များ သွားနေကျ လမ်း မှ မဟုတ်ဘဲ ဘုန်းကြီးကျောင်းများ ကို ပြရင်း လမ်းသွယ်များ ထဲ မှ ခေါ် ပြလိုက်သည် ။ သူ က ဘုရား ရှိရာကို မျက်မှောင်ကြုတ် စူးစိုက်ကြည့် လျက် “ ငါ ဒီဘုရား ကို မြင်ဖူးတယ် ထင်တယ် ” ဟု အသံထွက် စဉ်းစား နေ၏ ။ကျွန်မ မသိဟန်ဆောင် နေလိုက်သည် ။ နောက်ဆုံးတော့ သူ က “ ဒါ ဘာဘုရားလဲ ၊ တော်တော် မြင့်တယ် ” ဟု မေး ရတော့သည် ။ ကျွန်မ ရယ်ချင် စိတ် ကို ထိန်းချုပ်လျက် “ ရွှေတိဂုံဘုရား ” လို့ ခပ်တည်တည် ဖြေတော့ သူ ရယ်မောလေသည် ။

ကျွန်မ တွေ့ဖူးသော အင်္ဂလိပ်လူမျိုးများ ကတော့ ကျွန်မတို့ နိုင်ငံ အပေါ် အတော် အထင် သေးဟန် ရှိ၏ ။ ( မြန်မာလူမျိုးများ ကို မိမိ လက်အောက် ကျ ရောက်ခဲ့ရဖူးသော ကိုလိုနီလူမျိုးများ အဖြစ် မြင်နေဆဲလား ၊ မသိနိုင်ပါ ။ ) ဘုရားအနီး ၊ လမ်းအနီး မှ တွေ့သော ကလေးများ ကို မုန့် ဝေငှ ပေးချင်စိတ်လည်း ရှိ၍ မုန့် ပေးသော အခါမှာ လည်း ကလေးတို့ ၏ လက် ကို မထိစေဘဲ ခပ်မြင့်မြင့် မှ လွတ်ချပေးတတ်သည် ။ ကလေးများ ကို သူတို့ အနား ရောက်အောင် ခေါ် တုန်း က ခေါ်၍ ရောက်ပြန်တော့ ကလေးတို့ ၏ အနံ့ အသက် ကို မခံနိုင် သလိုလို မျက်နှာ နည်းနည်း လွှဲ ပြန်သည် ။ ကျွန်မ ထောင်း ခနဲ ဒေါ ပွသွားမိ၍ “ ရှင်တို့ ဘာကို ကြောက်တာလဲ ” ဟု ဖွင့် မေးမိသည် ။ သူတို့ နည်းနည်း မျက်နှာ ပူ သွားပုံ ရ၏ ။

“ အနာကြီး ရောဂါပိုး ကို ကြောက်တယ် ” ဟု ဖြေပါသည် ။ကျွန်မ က မခံချင်စိတ် ဖြင့် AIDS ရောဂါ နှင့် ယှဉ် ပြလိုက်၏  ။အနာကြီးရောဂါ လက္ခဏာ ခံစားနေရသူ ကို ကျွန်မတို့ မြင်တွေ့ သိနိုင်ကြောင်း ၊ ရှောင်လည်း ရှောင်နိုင်ကြောင်း ၊ သို့သော် AIDS ရောဂါလက္ခဏာ ကိုတော့ မျက်နှာသွင်ပြင် ၌ ရုတ်တရက် မတွေ့မြင်ရကြောင်း ရန် တွေ့သလို ပြော မိသည် ။ သည်လို ဆိုပြန် တော့ သူတို့ ရယ်မော တောင်းပန် ပြန်လေသည် ။

ဘရာဇီးလူမျိုး တစ်ယောက် က ကျွန်မ အား ညခင်း အချိန် မြန်မာ့ လူမှုရေး ဘဝ ကို မြင် ချင်သည် ဟု ပြောသည် ။ စထရင်းဟိုတယ် မှာ ညစာ ကျွေးပါမည် ။ ကျွန်မ လိုက်ပို့ ပြောပြစေလိုသည် တဲ့ ။ကျွန်မ က ကားဖြင့် သွားကြဖို့ စီစဉ်မည် ပြုတော့ ခြေကျင် လျှောက်ရအောင် ဟု တောင်းဆိုသည် ။ ခြေကျင် လျှောက် မှ မြန်မာလူမျိုးများ နှင့် နီးကပ်စွာ တွေ့ခွင့်ရမည် ဟု ဆိုသည် ။ သို့သော် သူ တည်းခိုရာ ( ၁၇ ) လမ်း မှ ကမ်းနားဟိုတယ် အထိ ညချမ်း အချိန် မှာ ကျွန်မ  နှင့် သူ ဘယ်လို လုပ်ပြီး လျှောက် ရန် သင့်တော်ပါ့ မလဲ ။

“ မနက်ကျရင် ပြတိုက် က ပြီးတဲ့ အခါ မြန်မာလူမျိုး စရိုက်တွေ တွေ့ ရ အောင် ငါ မင်း ကို ခြေကျင် ခေါ်ပါမယ် ။ ညနေချိန် ကတော့ မသင့်တော်ပါဘူး ” ဟု ငြင်းရသည် ။

“ မင်း ကို ငါ ညစာ ကျွေးမှာပဲ ” ဟု သူ က ပြောသည် ။ ကျွန်မ သည် ဇွတ်တိုး၍ တောင်းဆို နေသော ဧည့်သည် ကို ထိုစကား အဆုံး မှာတော့ မာတင်းသော အကြည့် ဖြင့် ကြည့် လိုက်ရသည် ။

“ ကျွန်မ ပြည့်တန်ဆာ တစ်ယောက် မဟုတ်ဘူး ” 

ထိုအခါကျမှ သူက ကျွန်မ ကို ပျာပျာသလဲ တောင်းပန်ပါသည် ။

“ ငါ ဒီသဘော နဲ့ တောင်းဆိုတာ မဟုတ်ပါဘူး ” တဲ့ ။

ဂျူးလူမျိုး တစ်ယောက် ကတော့ ပုဂံဟိုတယ် တစ်ခု အရောက်တွင် “ ည ကျ ငါ့ အခန်းထဲ လာခဲ့ပါလား ” ဟုပင် ဗြောင် ဖိတ်ခေါ်ခဲ့ဖူးသည် ။ ကျွန်မ သည် အံ့သြတကြီး တုန်လှုပ် သွားခဲ့ရ၏ ။

ဒီလို ဖွင့်ဟ ခေါ်ရဲ ရလောက်အောင် ကျွန်မ ၏ မျက်နှာထား က ပျက်ယွင်းခဲ့ပါသလား ။ လမ်းခရီး ကားပေါ် ၊ ရထားပေါ် မှာ လွတ်လပ်စွာ လုံခြုံသော ရှပ်လက်ရှည် ပွပွကြီး ကို လည်ပင်း ထိ စေ့ပိတ် ဝတ်ခဲ့ပြီး မြို့တွေ မှာ လျှောက်လည် လိုက်ပို့ ရတိုင်း မြန်မာအင်္ကျီလက်ရှည် ကို လည်ပင်းစေ့ ပိတ်လျက် ဝတ်ခဲ့သော ကျွန်မ သည် ဘယ်နေရာမှာ မှားယွင်း သွားခဲ့လို့လဲ ။ ဧည့်လမ်းညွှန် နှင့် ပြည့်တန်ဆာ ကို ခွဲခြား၍ မသိနိုင်လောက်အောင် နိုင်ငံခြားသား တွေ မည်မျှ လူမှုရေး ညံ့ဖျင်း နေလို့လဲ ။ သို့မဟုတ် ဧည့်လမ်းညွှန် အလုပ် နှင့် အတူ အခြား အလုပ် တစ်ခု ကို ပါ အခွင့်အခါ ကြုံကြိုက်လျှင် လုပ်ကိုင် တတ်သော မြန်မာမိန်းကလေး တွေ ရှိ နေခဲ့လို့လား ။ စဉ်းစားမိတော့ ကျွန်မ ကြက်သီး ဖြန်းခနဲ ထလောက်အောင် တုန်လှုပ် ကြောက်ရွံ့ သွားခဲ့သည် ။ ကျွန်မ ၏ ရှေ့ဆက်၍ ရုန်းကန်လှုပ်ရှားလို စိတ် ၊ မြန်မာ အတွက် ဂုဏ်ယူဝင့် ကြားလို စိတ်များ ကို ချိုးဖဲ့ ပစ်လိုက်သော ထို ဖိတ်ခေါ်မှု သည် ကျွန်မ ရင် ထဲ မှာ မြားတစ်စင်း သဖွယ် နက်ရှိုင်း နာကျင်စွာ စိုက် ဝင်နေခဲ့သည် ။

      •••   •••   •••   ••• 

ကျွန်မ အား အလုပ် မှာ ပျော်ရွှင်ပါရဲ့လား ဟု မေး လာတိုင်း ကျွန်မ သည် နှောင့်နှေး တွန့်ဆုတ်စွာ “ ပျော်ပါတယ် ” ဟု ဖြေခဲ့ရပါ၏ ။ကျွန်မ အတွက်တော့ ဧည့်လမ်းညွှန် အလုပ် သည် ကျွန်မ တို့ မြန်မာအမျိုးသမီးများ ၏ အရည်အချင်း နှင့် ကိုယ်ကျင့်တရားအပေါ် နိုင်ငံတကာ က လေးစားဖို့ ၊ နားလည်ဖို့ ကူညီဖြေရှင်း ပေးနိုင်သော အလုပ် ဖြစ်သည် ။ ဧည့်လမ်းညွှန် အလုပ် သည် လောလောဆယ် ဝင်ငွေ အကောင်းဆုံး အလုပ် ဖြစ်သည် ။ထို့ပြင် ဧည့်သည်များ သည် အမှန် ကို သာ ပြော တတ်ကြသည် ။ “ မြန်မာနိုင်ငံ ကို လာ ရတဲ့ စရိတ် ဟာ တခြား နိုင်ငံ သုံးခု သွား လို့ ရလောက်အောင် ဈေး ကြီးတယ် ”  ။ ထို စကား ကို ကျွန်မ ပြုံး နေရ၏ ။ ကာရာအိုကေ တီးဝိုင်း မှာ မြန်မာစကားလုံး ဖြင့် သီဆိုနေသော မိန်းကလေး တစ်ယောက် ၏ သီချင်းသံ ကို နား ထောင်ရင်း “ ဟာ ဒီ သီချင်း က ထိုင်းသီချင်း မဟုတ်လား ။ ငါ သိတယ် ”  ။ ထို စကား ကို လည်း ကျွန်မ ပြုံး နေရ၏ ။ “ နောက် လေး ငါးနှစ် ကြာရင် မြန်မာနိုင်ငံ ဟာ ဒီလို လှနေသေးမယ် ထင်လား ”  ။ ထို အမေး ကို ကျွန်မ မဖြေပါ ။ သူ့ အမေး ထဲ တွင် အဖြေ ပါ ပြီးနေပြီ ဖြစ်သည် ။ “ မြန်မာတွေ ဟာ ရုပ်ဝတ္ထု ပစ္စည်း ချို့တဲ့ပေမယ့် စိတ်ထား မြင့်မြတ် ချမ်းသာကြတယ် ”  ။ ထို စကား ကိုတော့ ကျွန်မ ကျေနပ်စွာ ပြုံး နေမိသည် ။

ဘာပဲဖြစ်ဖြစ် သူတို့ အားလုံး သည် သူစိမ်းတစ်ရံဆံများ သာ ဖြစ် ကြသည် ။

◾ ဂျူး

📖 ဟန်သစ်မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး

...

No comments:

Post a Comment