Friday, September 16, 2022

ဒေဝတာရီမစ် ( Remix )


 

❝ ဒေဝတာရီမစ် ( Remix ) ❞

( ၁ )

ဆန်းလှသည် ။

•••••   •••••   •••••

( ၂ )

လောက တွင် ဆန်းလှပါသော ကိစ္စများ ကို ကိုယ်တွေ့  ကြုံမှသာ ယုံနိုင်ဖွယ် ။ တစ်ပါး ပြောဖြင့် မယုံနိုင် ။ တစ်ပါး ရေးဖြင့် လက်မခံနိုင် ။ သို့သော် ကိုယ်တွေ့ ကြုံလျှင်တော့ မယုံလို့ မရတော့ ။ ကျွန်တော် သည် ဆရာမင်းလူ ၏ ပရိသတ်ဖြစ်သည် ။ ဘယ်လောက်ထိတောင် အမာခံ သလဲ ဆိုတော့ တစ်ခါတစ်ရံ မင်းလူ ၏ ဝတ္ထုများ အကြောင်း ကို မင်းလူ နှင့်ပင် ဖက်ပြိုင် ငြင်းဖူးလေသည် ။ တစ်နည်း ဆိုသော် မင်းလူ ၏ ပရိသတ် ထက် ကို ပိုကာ မင်းလူ ခရေစီ ဟု ဆို နိုင်ပေမည် ။ မင်းလူ ခရေ စီထက် ပိုကာ မင်းလူ ဝတ္ထုများ နှင့် စိတ်ရော ကိုယ်ပါ တစ်သားတည်း ကျနေသူ ။

ဆိုတော့ …

•••••   •••••   •••••

( ၃ )

ဆိုတော့ကာ အခုလို နေရာမျိုး ကို မရောက်ဖူးတာ သေချာသော်လည်း ရင်းရင်းနှီးနှီး ရှိနေခြင်း မှာ အတန်ငယ် ထူးခြားပေသည် ။ မည်သို့မည်ပုံ ရင်းနှီးနေပါလိမ့် ဟု စဉ်းစား နေတုန်းမှာ ပင် -

“ မင်း ဘယ်ကို လာတာလဲ ”

ကျွန်တော် တစ်ခါမှ မမြင်ဖူးသော လူ တစ်ယောက် က မေးသည် ။ သူ မေး မှပင် ကျွန်တော် စဉ်းစားမိသည် ။ ကျွန်တော် ဒီကို ဘာ လာ လုပ်တာပါလိမ့် ။

“ ဟို … ဟိုဒင်း ၊ ဟိုဟာ ”

ရုတ်တရက် စဉ်းစား ၍ မရ ။

“ ဘာ ဟိုဒင်း ဟိုဟာ လုပ်နေတာလဲ ၊ ရှုပ်ပါတယ် လာ လိုက်ခဲ့စမ်း ”

ခေါင်းညိတ် ခေါင်းခါ မလုပ်ရသေးခင် ပင် ထို သူ ခေါ်ရာ နောက်သို့ အလိုလို လိုက်ပါမိသွားခဲ့လေသည် ။ ထိုကဲ့သို့ လိုက်နေရင်း မှ သတိ ပြန်ထားမိသည် ။ ဘာဖြစ်လို့ သူ ခေါ်ရာနောက် ကို လိုက်လာ မိတာပါလိမ့် ။ ထို သူ က တစ်နေရာရာ ခေါ်ပြီး တစ်ခုခု မကောင်းတာများ လုပ်ရင် ဘယ်လို လုပ်မလဲ ။ ခေတ်ကြီး က ကောင်းတာ မဟုတ် ။

“ ဟေ့ ဟေ့ ”

ရှေ့လူ က လှည့် မကြည့်

“ ဟေ့ ဒါ ဘယ် သွားနေတာလဲဗျ ”

မထူး ။

“ ဟေ့ ဒီမှာ မေးနေတယ် လေဗျာ ဘယ် သွားနေတာလဲလို့ ”

မဖြေ ။

“ ဘယ် သွားနေတာလဲ ၊ ပြောပါတော့ ၊ ပြောပါတော့ ”

သံကုန် အော်လိုက်၏ ။ ထိုအခါ သွား နေရင်း နှင့် တံတားလေးတစ်စင်း ကို လှမ်း မြင်လိုက်ရ၏ ။ သူ ထ ရပ်လိုက်ပြီး အဆိုပါ တံတားလေး ကို ကြည့်လိုက်သည် ။ တံတား အောက် တွင် ရေ မရှိဘဲ ရွှေမှုန်ငွေမှုန်ကလေးတွေ သာ တလွင့်လွင့်မျောနေသည် ။ တံတား ၏ တစ်ဖက်ကမ်း မှာတော့ ကနုတ်ပန်းပွင့် တွေ နှင့် ဘောင်ကွပ် ထားသော ဆိုင်းဘုတ် တစ်ခု ရှိ၏ ။

ဒေဝတာမြို့တော်

•••••   •••••   •••••

( ၄ )

ကျွန်တော့် စိတ် ထဲတွင် အံ့ဩလွန်း သဖြင့် အကြိမ် တစ်ရာ မက ရွတ်နေမိ၏ ။

“ ဒေဝတာမြို့တော် ”

“ ဒေဝတာမြို့တော် ”

“ ဒေဝတာမြို့တော် ”

ဒါ ဒါ ဆရာမင်းလူ ရဲ့ဝတ္ထုတို တစ်ပုဒ် ထဲ က နတ်ပြည် ပဲ ။ စာရေးဆရာတွေ စိုးစံရာ နတ်ဘုံနတ်နန်း ပဲ ။ ကျွန်တော် ဘယ်လို လုပ် ရောက် သွားတာပါလိမ့် ။ ဘယ်လို နည်းနဲ့ပဲ ရောက်ရောက် သာမန်လူတွေ မရောက်နိုင်တဲ့ နေရာ တစ်ခုပေ ပဲ ။ ရောက်တုန်း ရောက်ခိုက် တန်အောင် လေ့လာပေဦးမှ ။

လေ့လာဦးမှ ဆိုတော့ ဘယ်ကနေ ဘယ်လို လေ့လာရမည် မသိ ။ ကျွန်တော့် ကို ခေါ် လာသည့် သူ ကို မေးမလို့ ကြည့်လိုက်သည့် အခါ မရှိတော့ ။ ကျွန်တော့် ဘာသာ စိတ်ကူးထဲမှာ ပတ်ချာလည်နေတုန်း ဘယ်အချိန် က လစ် သွားသည်မသိ ။

အခုတော့ တစ်ယောက် တည်း ကျန်ရစ်လေသည် ။ ကျန်ရစ်နေမှတော့ ရပ် နေလည်း မထူး ။ လေ့လာဖို့ ခြေဦးတည့်ရာ ထွက်လာသည့် အခါ ခြေလှမ်းများ အလိုလို ရပ် မိသွားသည် ။ ကြည့်စမ်းပါဦး ။ ထူးခြားလှပေသည် ။ ကျွန်တော့် တစ်သက်တာတွင် မြင်ဖူးဖို့ မဆိုထားနှင့် စိတ် ပင် မကူးမိသော ပုံစံမျိုး ဖြစ်သည် ။ အပေါ်ပိုင်း သည် ဖောင်းဖောင်းရှည်ရှည်ကြီးဖြစ်ကာ အောက်ပိုင်း သို့ တဖြည်းဖြည်း ကျဉ်းလာသည် ။ တိုက်ကြီး တစ်ခုလုံး ကို မှန်အကြည် ဖြင့် ဆောက် ထားသဖြင့် အတွင်း သို့ တိုးလျှိုပေါက်မြင် နေရ၏ ။

“ အဲ ”

ကြည့် နေရင်းနှင့် တစ်စုံတစ်ခု သွား သတိရမိသည် ။

“ ပုလင်း ”

ဟုတ်ပါရဲ့ ။ ဧရာမ ပုလင်းကြီးတစ်ပုလင်း ကို ဇောက်ထိုး ထား ထားသည့် ပုံ ဖြစ်သည် ။ သေချာအောင် အနီးကပ်လေ့လာရန် ပုလင်းပုံအဆောက်အအုံ နား သို့ ကပ်လိုက်ရာ -

“ တီတီတီ ”

တံခါး တစ်ချပ် အလိုအလျောက် ပွင့် လာပြီး ဆံပင်ရှည်ကြီး ခါရမ်း ၍ ထွားထွားကြိုင်းကြိုင်း လူကြီးတစ်ယောက် ထွက်လာ၏ ။

“ ဟာ ဟေ့ကောင် ကလေးကဗျာတွေ ရေး တဲ့ ကောင် ”

အသားများ ဖြူဖွေးနေ၍ ရုတ်တရက် မမှတ်မိ ။ အသံကြား မှ သာ မှတ်မိလေသည် ။ အတုမရှိ အသံကျယ်ကြီး ပိုင်ဆိုင်သူ ကဗျာဆရာကြီး ကိုလှသန်း ပါ လား ။ အံ့လည်း အံ့ဩသလို ဝမ်းလည်း ဝမ်းသာမိလေသည် ။ လူ့ပြည် မှာ တုန်း က တွေ့ဆုံတိုင်း ကျွန်တော့်ကဗျာတွေ ကို လူငယ်အများစု ပဲ ဖတ် သဖြင့် ကလေးကဗျာ ရေးတဲ့ကောင် ဟု ခေါ်လေ့ ရှိသည် ။

“ မင်း က ဘယ်ကနေ ဘယ်လို ရောက် လာရတာလဲကွ ”

ဝမ်းသာ စိတ် နှင့် ရုတ်တရက် ဘာမှ ပြောမထွက် ။ အမှန်တော့ ပြော မထွက်ခြင်း မဟုတ် ။ ပြောစရာတွေ က ရန်ကုန် မှာ ကားတွေ ပေါသလို ပေါ လှသည် ။ ထို့အတူ ကားတွေ လမ်းပေါ် မှာ ပိတ်ပြီး ဘယ်မှ မရွှေ့နိုင် သကဲ့ သို့ စကားလုံးတွေလည်း လည်ချောင်း အတွင်း ပိတ်ဆို့ နေလေ၏ ။

“ ဘယ်လိုပဲ ရောက်ရောက် ကောင်းတယ်ဟေ့ ။ ဒါ ငါတို့ ခေတ်ပေါ်ကဗျာဆရာတွေ ချည်း ပဲ သီးသန့် နေတဲ့ ဗိမာန်လေ ။ ရောက်တုန်း ရောက်ခိုက် အထဲ ဝင်သွား ကြည့်ဦး ”

“ ဩော် ”

ထူးဆန်းလှသည့် ပုလင်းပုံစံ အဆောက်အအုံကြီး ၏ အဓိပ္ပာယ် ကို အခု မှ သာ နားလည်လေသည် ။

ကဗျာဆရာများ နေထိုင်ရာ ဗိမာန် ဖြစ်သဖြင့် ပုလင်းပုံ ဆောက် ထားရတာကိုး ။

“ မင်း ကိုတော့ အထဲ ဝင်ပြီး လိုက်ပြပေးချင်ပါရဲ့ကွာ ။ ဒါပေမဲ့ အခု ကဗျာဝပ်ရှော့ခ် တစ်ခု သွား ရမှာမို့ကွ ”

“ ကဗျာဝပ်ရှော့ခ် ”

“ အေး ဒီမှာ တစ်ပတ် တစ်ခါ ကဗျာ ရွတ်ပွဲတွေ ကဗျာဝပ်ရှော့ခ်တွေ လုပ်တယ်လေ ၊ ကိုချော က ဦးဆောင် ပြီး လုပ်တာ ”

“ ဆရာ မောင်ချောနွယ် ဦးဆောင်တာ ”

“ အေး ကိုချော ဦးဆောင်တယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေ တော့ လည်း ကိုဖော်ဝေး တို့ ၊ ကိုမြေချစ်သူ တို့ လည်း ဦးဆောင်ချင် ဆောင် တာပေါ့ ၊ ကိုခင်ဝမ်းကြီး တောင် စိတ်ပါရင် ရောက် လာတတ်သေးတယ် ”

ကျွန်တော့် စိတ် ထဲ မှာ အလိုလိုဝမ်းသာ လာသည် ။ ကိုယ် ငယ်စဉ် ကတည်း က လေးစားအားကျခဲ့ရသည့် ကဗျာဆရာများ တစ်စုတစ်ဝေး တည်း တက်ရောက်သည့် ကဗျာပွဲမျိုးကို စိတ်ကူး ပင် မယဉ်ခဲ့ဖူးခဲ့ ။ ခက်တာက ကိုလှသန်း က လည်း လိုက်ခဲ့ပါလား ဟု မဖိတ် ။ ကျွန်တော့် ကို သူ့ စိတ် ထဲတွင် ကဗျာဆရာ စာရင်း ပင် သွင်း ရဲ့လား မသိ ။

“ မင်း ကတော့ ရောက်တုန်းရောက်ခိုက် ဟိုဟိုဒီဒီ လျှောက်ကြည့် ပေါ့ကွာ ၊ ဒါနဲ့ ဒီထဲ မှာ မင်း ဘော်ဒါကြီး ရှိတယ်ကွ ၊ ငါ ခေါ်ပေးမယ် ၊ ဒီကောင် က ဟိုပွဲဒီပွဲ တက်ရတာ ပျင်းတယ် ဆိုပြီး နေခဲ့တာ ”

ကိုလှသန်း သည် ညာဘက် နားကို လက် ဖြင့် အုပ် လိုက်ကာ ပါးစပ် က ပွစိပွစိ ဖြင့် ရွတ်နေသည် ။ သူတို့ အချင်းချင်း ဆက်သွယ် သည့် နည်းလမ်းဖြစ်ပုံ ရသည် ။

“ ကဲ ငါ တော့ သွားပြီ ၊ မင်း ဘော်ဒါကြီး လာ လိမ့်မယ် စောင့် နေ ”

စကား ပင် မဆုံး ။ ကိုလှသန်းသည် သူ့ မြင်ကွင်း မှ ဖျတ်ခနဲ ပျောက် သွားသည် ။ ခက်တာက မင်း ဘော်ဒါကြီး လာလိမ့်မည်ဟု သာ ပြော သွားပြီး ဘယ်သူ့ ကို ပြောမှန်း မသိ ။ ထိုအချိန်မှာ ပဲ -

ရွှေရောင်တွေ တလျှပ်လျှပ် ထနေသည့် နတ်ဝတ်စုံကြီး ကို ဝတ်ကာ နတ်ပေါက်စလေး တစ်ပါး ထွက်လာသည် ။ ဦးခေါင်း တွင်လည်း အချွန်အတက် နှင့် ခေါင်းစွပ်ကြီး စွပ်ထားသေး၏ ။

“ ဟေ့ကောင်ကြီး ”

အဆိုပါ နတ်ပေါက်စလေး က ကျွန်တော့် ကို ဝမ်းသာအားရ နှုတ်ဆက်နေ၏ ။ ကျွန်တော့် မှာ ဇဝေဇဝါ ဖြစ်ရသည် ။ ဘယ် နတ်ကလေးလး က ကျွန်တော့်ကို သိ နေပါလိမ့်ပေါ့ ။

“ တယ်လေ ဒီကောင် နာတော့မယ် ငါ့ ကို တောင် မမှတ်မိဘူးလား ”

ထို နတ်ပေါက်စလေး က သူ့ ဦးပေါင်း ကို ချွတ် ပြ လိုက်တော့ မှ -

“ ဟာ … ”

အံ့ဩ စိတ် ဖြင့် အော် လိုက်မိသည် ။

“ ကိုရဲဝင်း ဘယ်လို ဖြစ်ပြီး ဒီ တောက်တောက်ပြောင်ပြောင်ကြီးတွေ ဝတ် ထားရတာလဲ ၊ ရုတ်တရက် ဆိုတော့ ကျွန်တော် က နတ်ပေါက်စလေး ထင် နေတာ ဒီရောက် မှ အတော် နုပျိုနေတာပဲ ၊ အဟဲ ”

ကိုရဲဝင်း ခေါ် ကျွန်တော့် အစ်ကိုကြီး နီကိုရဲ ။ သူ့ ကို မမှတ်မိတာကို စိတ်ဆိုး မှာ စိုး သဖြင့် နုပျိုနေတာပဲ ဟု မျက်နှာချို သွေး လိုက်ရသည် ။

“ ငါ လည်း ဒီလိုပါပဲ ၊ ဒီရောက်တုန်း နတ်ဝတ်နတ်စားလေး ဝတ် ကြည့်ရင် ဘယ်လို နေမလဲဆိုပြီး စမ်း ဝတ်ကြည့်နေတာ ၊ လှသန်း က မင်း ရောက်နေတယ် ဆိုတာ နဲ့ အမြန် ဆင်းလာရတာ ၊ အဝတ်အစား တောင် ပြန် လဲဖို့ မေ့သွားတယ် ”

ကျွန်တော့် ရင်ထဲ မှာ ငြိမ့်ခနဲ တစ်ချက် ဝင့် သွား၏ ။ ဘာပဲ ပြောပြော ကိုရဲဝင်း က ကျွန်တော့် အပေါ် ထားသည့် ချစ်ခြင်းများ အခုထိ မလျော့သေး ။ ကျွန်တော် ရောက် လာလို့ ဝမ်းသာအားရ ဆင်း လာလိုက်တာ အဝတ်အစား ပင် မလဲနိုင်ရှာ ။

ထို့နောက် ကဗျာဆရာများ ၏ ဗိမာန် ရှေ့ တွင် ပင် စကား တွေ အကြာကြီး ပြော ဖြစ်ကြသည် ။ သူ ကလည်း သူ သိချင်တာတွေ မေး ။ ကျွန်တော် ကလည်း ကျွန်တော် သိချင်တာတွေ မေး ။ ဘယ်လောက် ကြာလို့ ကြာမှန်း မသိ ။

“ ဒါနဲ့ နေပါဦး ၊ ကိုရဲဝင်း က ဘယ်လို လုပ်ပြီး ကဗျာဆရာတွေရဲ့ ဗိမာန် ကို ရောက် နေရတာလဲ ”

“ အောင်မယ် မင်း က ငါ့ ကို ကဗျာဆရာ မဟုတ်ဘူး ထင်နေလို့လား ။ ငါ စ ရေးတာ ကဗျာကွ ။ လူ့ပြည် မှာ တုန်းကလည်း ကဗျာဆရာ လို နေတယ် ၊ ကဗျာဆရာ လို တွေးတယ် ၊ ကဗျာတွေ လည်း အများကြီး ရေး ပါတယ်ကွာ ၊ ဒါနဲ့ ငါ လည်း ဒီ ဗိမာန် မှာ နေရအောင် ဆရာ မောင်ချောနွယ် ကို အပူ ကပ် ထားရတာ ၊ နောက်ပြီး ဒီ ဗိမာန်ကြီး က လည်း ပုလင်းပုံစံ ဆိုတော့ ဟင်း ဟင်း ”

ကိုရဲဝင်း က သူ့ ထုံးစံ အတိုင်း ခပ်ရွှင်ရွှင် ပြန် ဖြေသည် ။

“ ဒါနဲ့ ကိုဉာဏ် ဆီ ကိုရော ရောက်ပြီးပလား ”

ကျွန်တော် က ခေါင်း ခါပြလိုက်သည် ။

“ ဟာ မင်း ကတော့ နာတော့မယ် ။ ကိုဉာဏ် ဆီ အရင် သွားမှပေါ့ကွာ ။ ကဲကဲ ပြောနေ ကြာတယ် ၊ ငါ လိုက် ပို့ပေးမယ် ”

ကိုရဲဝင်း က ကျွန်တော့် ကို ဦးဉာဏ် ( ဆရာမင်းလူ ) ဆီ အရင် မဝင်ခဲ့သဖြင့် ဆူ နေသည် ။ အမှန်တော့ ကျွန်တော် လည်း ဒီကို ရောက်လို့ သာ ရောက်လာတာ ဘယ်သူ တွေ က ဘယ်မှာ ရှိ၍ ဘယ်လို သွားရမည် မသိ ။ ကိုရဲဝင်း က လိုက်ပို့မည် ဆိုသဖြင့် အဆင် ပြေသွားသည် ။

“ နေဦး ငါ့ စီးတော်ယာဉ် ခေါ်လိုက်ဦးမှ ”

ပြောပြောဆိုဆို နှင့် စီးတော်ယာဉ် ခေါ်ရန် ကိုရဲဝင်း ညာ ဘက် လက် မြှောက် လိုက်ရာ မှ -

“ အား ကျွတ်ကျွတ် ”

လက် မမြှောက်နိုင်ဘဲ ပြန်ချလိုက်ရသည် ။

“ ဘာဖြစ်တာလဲ အစ်ကို ”

“ တောက် အဲဒါကြောင့် ဒင်း နဲ့ မတွေ့ချင်တာ ”

“ ဘယ်သူ နဲ့ ဘာ ဖြစ်ထားလို့လဲ ”

ကိုရဲဝင်း က ညာဘက်လက်မောင်း ကို ဖိ ကိုင်ထားရင်း -

“ ဘယ်သူ ရှိမလဲ ၊ ကိုငှက် ပေါ့ကွာ ။ ထုံးစံအတိုင်း တွေ့ တာ နဲ့ အတင်း လက်မောင်း လှဲမယ် ဆို လို့ မနေ့ည က လှဲ ကြတော့ အခု ကိုက်ခဲနေပြီး လက်တောင် မြှောက် လို့ မရတော့ဘူး ”

ဟု ရှုံ့မဲ့မဲ့ ပြန် ဖြေ၏ ။

ကိုငှက် ( ထူးအိမ်သင် ) သည် လက်မောင်း လှဲ ခရေဇီ ။ လူ ကသာ ကြည့်တော့ ပိန်ပိန်သေးသေး ။ တော်ရုံ ဗလ ရှိသူလောက်တော့ အသာ လှဲနိုင်သူဖြစ်သည် ။

“ ကိုငှက် ကရော ဘယ်မှာ နေတာလဲဗျ ”

“ ဒီမှာပဲလေ ငါတို့ နဲ့ အတူတူပေါ့ ”

“ ဟုတ်လား ဒါဆိုရင် အတော်ပဲ ၊ ကိုငှက် နဲ့ လည်း တွေ့ ချင်တယ်ဗျာ ”

“ ငှက်ကြီးများ ”

ကိုရဲဝင်း က မျက်နှာ ရှုံ့မဲ့ပြသည် ။

“ ဒီအချိန် ဘယ်တုန်း က နိုးလို့လဲ ”

“ ဒါဆို ဦးဉာဏ် ရော ဘယ်လိုလုပ်မလဲ ”

ထူးအိမ်သင် အိပ်ရာ ထနောက်ကျသည် ဆိုမှ ဆရာမင်းလူ ပါ အိပ်ရာ ထ နောက်ကျသည် ကို သတိ ရမိသွားသဖြင့် ကိုရဲဝင်း ကို မေးလိုက်သည် ။

“ အေး ဟုတ်သားကွ ၊ ဒီတော့လည်း ရောက်တုန်း ရောက်ခိုက် ဒီမြို့အနှံ့ မင်း ကို လျှောက်ပြမယ်လေ မကောင်းဘူးလား ”

“ သိပ်ကောင်းပေါ့ဗျာ ”

ထို့နောက် ကိုရဲဝင်း က သူ ၏ စီးတော်ယာဉ် နန ဖြင့် မြို့အနှံ့ လိုက်လံ ပြသသည် ။ စာ များသာ ဖတ်ဖူးပြီး လူချင်း အပြင်တွင် ဆုံတွေ့ခွင့် မရခဲ့သည့် ဆရာကြီးများ ၏ ဗိမာန်များ တစ်ခု စီ လိုက်ပြသည် ။ သို့သော် အဆိုပါ ဆရာကြီးများကိုတော့ ဆင်း၍ နှုတ် မဆက်ရဲ ။ ကျွန်တော့် လို ချွတ်တားတစ်ကောင် ကို သိဖို့ ဝေးစွ ။ နာမည် ပင် ကြားဖူးမည် မဟုတ် ။ ထို့ကြောင့် ခပ်လှမ်းလှမ်း မှ သာ လက်အုပ်လေး ချီပြီး ကြည့် နေရတော့၏ ။ ထို ဆရာကြီးများ ၏ စာပေများ ဖြင့် လူလား မြောက်ခဲ့ရ သူ မဟုတ်လား ။ တစ်နေရာအရောက် တွင် -

“ ကိုရဲဝင်း ၊ ဒီ ဗိမာန်ကြီး က ထူး လှချည်လားဗျ ”

အမိုး က လည်း အချွန် ။ အောက် ဘက် ကလည်း အချွန် ။ မြေကြီး ပေါ် တည်းတည်းလေး တင် ထားသကဲ့သို့ အသည်းယားစရာ ပုံစံဖြင့် ဗိမာန် ။ မျက်စိ ထဲ မြင်သာအောင် ပြော ရလျှင် ဖဲချပ်ထဲ က စပိတ် ပုံစံ ကဲ့သို့ ဗိမာန်ကြီး ။

“ ထူးဆို ဒါ ရွှေဘုန်း ရဲ့ ဗိမာန်လေကွာ ။ သူ့ စိတ်ကြိုက် ပို့စ်မော်ဒန်ဒီဇိုင်း နဲ့ ဆောက်ထားတာလေ ”

“ ဒါ ကိုရွှေဘုန်း ရဲ့ ဗိမာန်ဟုတ်လား ”

ကိုရွှေဘုန်း ဟု လူငယ်များ က ချစ်စနိုး ခေါ်ရသော ဆရာ တာရာမင်းဝေ ၏ ဗိမာန် ရှေ့သို့ ရောက်နေခြင်းပင် ။

“ ရပ်ဦးဗျာ ၊ ကိုရွှေဘုန်း တော့ သွား နှုတ်ဆက် မှ ”

“ စိတ်လျှော့ ငါ့ကောင် ၊ အခုချိန်ဆို ရွှေဘုန်း က ဆရာကြီးမင်းသိင်္ခ နဲ့ အတူ ဘယ်သူမှ မသိတဲ့ မြိုင်တော တစ်ခုခု မှာ တားရော့အကြောင်း တို့ ဗေဒင်အကြောင်း တို့ သွား ဆွေးနွေးနေလောက်ပြီ ”

“ သူတို့ နောက် ကို ကျွန်တော် လိုက် သွားလို့ မရဘူးလား ဟင် ”

“ ဘယ်သူမှ မသိတဲ့ မြိုင်တောပါ ဆို မှ ၊ ငါ လည်း ဘယ် သိပါ့မလဲ ကွ ”

ကိုရွှေဘုန်း နှင့် ပြန် တွေ့ရမည့်အခွင့်အရေး တော့ လက် လွှတ်လိုက်ရသည် ။ သို့သော် ဦးဉာဏ် နှင့် တွေ့ ရဖို့တော့ လက် မလွှတ်နိုင် ။ ထို့ကြောင့် ဦးဉာဏ် နိုးနိုး မနိုးနိုး သွား စောင့်ရန် ပြောလိုက်သည် ။

“ ကိုဉာဏ် ကတော့ တကယ့် အာဂပဲ ဟေ့ ၊ ဒီမြို့ မှာ ရှိသမျှ ဗိမာန်တွေ ထဲ မှာ သူ့ ဗိမာန် က အသေးဆုံး နဲ့ အရှုပ်ဆုံး ပဲ ”

“ ဘယ်လို ဘယ်လို အသေးဆုံး နဲ့ အရှုပ်ဆုံး ဟုတ်လား ”

“ အေးလေကွာ သူ့ ထုံးစံအတိုင်း ခမ်းခမ်းနားနား မနေတတ်တော့ ဗိမာန် ကို လည်း အသေးဆုံး ဗိမာန် မှာ ရွေး နေတယ်ကွာ ၊ နောက်ပြီး ဒီ တစ်မြို့လုံး မှာ ပျက်သမျှ ဆရာ ဆရာမကြီးတွေ ရဲ့ အသုံးအဆောင်တွေ ကိုလည်း ဒိုင်ခံ ပြီး ပြင် နေတော့ သူ့ ဗိမာန် က ပစ္စည်း အဟောင်းတွေ နဲ့ အမြဲ ရှုပ်ပွ နေတာပေါ့ဟ ”

ကိုရဲဝင်း က ဦးဉာဏ် ၏ ဗိမာန်သို့ မခေါ်သွား ။ ဦးဉာဏ် နိုးနိုးချင်း ထိုင်တတ် သည့် လက်ဖက်ရည်ဆိုင်လေး သို့ ခေါ်သွားသည် ။

“ မင်း ဦးဉာဏ် ကတော့ ကွာ ၊ ဒီရောက် လာပေမယ့် လူ့ ဘဝ ကအကျင့်တွေ လုံးဝ မပြင်ဘူးဟေ့ ၊ နိုး တာ နဲ့ လက်ဖက်ရည်ဆိုင် တန်း ထိုင်တာပဲ ”

ကိုရဲဝင်း ပြောသည့် လူ့ ဘဝ က အကျင့်တွေ လုံးဝ မပြင် ဆိုသည့် စကား ကို လက်ဖက်ရည်ဆိုင် ရောက်တာ နှင့် သဘော ပေါက်သွားသည် ။ ဘယ်ကနေ ဘယ်လို ရှာ ထားသည်မသိ ။ လက်ဖက်ရည်ဆိုင်လေး မှာ လည်း ဒေဝတာမြို့တော်ကြီး နှင့် မလိုက်အောင် သေးသေးကုပ်ကုပ်လေး ဖြစ်သည် ။ ဆိုင်ထဲ တွင် လည်း သစ်သားခုံပုလေးများ ချထားကာ ဆိုင်အပြင်အဆင် ကို အရိုးရှင်းဆုံးလုပ် ထားသည် ။ လူ့ ပြည် က ဦးဉာဏ် ထိုင်နေကျ ဦးရူပ ၏ လက်ဖက်ရည်ဆိုင်လေး ကို သတိ ရစရာပင် ။

သို့သော် လက်ဖက်ရည်ဆိုင်ဆိုသည် မှာ ကျွန်တော် နားလည် လွယ်အောင် အလွယ်ခေါ်ခြင်းဖြစ်သည် ။ တကယ်တော့ အဆိုပါ ဆိုင်တွင် စားပွဲထိုး ၊ အဖျော်ဆရာ တစ်ယောက် မျှ မရှိပေ ။ ဒီက ဆရာများ စိတ် ကျေနပ်အောင် ပုံစံတူ လုပ်ထားခြင်းပင် ။ ကိုယ် သောက် ချင်တာ ရှိလျှင် ကိုယ့် ဘာသာ ယူ လာရုံသာ ။

သိပ် မစောင့်လိုက်ရ ။

“ ဟော ဟိုမှာ ကိုဉာဏ် လာပြီ ”

ကိုရဲဝင်း က ပြောသဖြင့် နောက်သို့ လှည့် ကြည့်လိုက်သည် ။ ဦးဉာဏ် က လက်တစ်ဖက် တွင် အထုပ် တစ်ထုပ် ဆွဲပြီး လက် တစ်ဖက် တွင် ရေဒီယိုကလေး ကိုင် ကာ ခပ်ဖြည်းဖြည်း လမ်းလျှောက် လာနေ၏ ။ ဆိုင် ထဲ တွင် ထိုင်နေသည့် ကျွန်တော့် ကို မြင်သွားသည့်အခါ မျက်မှောင် တစ်ချက် ရှုံ့ကြည့်သည် ။ ပြီးတော့မှ -

“ ဟိုကောင် ရော ပါလာသေးလား ”

စားပွဲ ပေါ် သို့ ရေဒီယို ၊ မီးခြစ် ၊ ဆေးပေါ့လိပ် နှင့် အထုပ်လေးတစ်ထုပ် ကို အစီအရီ ချကာ ကျွန်တော့် ကို တွေ့တိုင်း မေးနေကျ မေးခွန်း ကို မေးသည် ။ ကျွန်တော် က ခေါင်း ခါပြလိုက်သည် ။ ကျွန်တော် နှင့် ကိုဟန်ဆန်း တို့ သည် ညနေ တော်တော်များများ ဦးဉာဏ် ဆီသို့ သွားလေ့ ရှိကြသည် ။ ထို့ကြောင့် ဦးဉာဏ် က ကျွန်တော်တို့ နှစ်ယောက် ကို တွဲ မှတ်ထားလေ့ ရှိရာ အခုလည်း ကိုဟန်ဆန်း ပါ လာသလား ဟု မေးခြင်း ဖြစ်သည် ။

“ အဲကောင်ရော မိန်းမ ရသွားပြီလား ”

“ ကိုဟန်ဆန်း ကို ပြောတာလား ”

ဟု ကျွန်တော် က ပြန် မေးလိုက်သည့်အခါ ဦးဉာဏ် က ဂျက်ကမ္ဘာဆေးပေါ့လိပ် ဖင် ကို လက်သည်း ဖြင့်ခြစ်နေရင်း ခေါင်း ညိတ်ပြသည် ။

“ ဦးဉာဏ်ရယ် ကိုဟန်ဆန်း များ ”

ကိုရဲဝင်း က ဦးဉာဏ် ယူလာသည့် အရွက်တချို့ ကို ရေနွေးအိုး ထဲ ထည့် ကာ ကျွန်တော့် အဖြေကို နားစွင့် နေ၏ ။

“ လူ့ပြည် မှာ ကိုညီငယ်လေး ခေါင်း က ဆံပင်တွေ သာ ပြန် ပေါက်ချင် ပေါက် လိမ့်မယ် ။ ကိုဟန်ဆန်း က တော့ ဒီ တစ်သက် မိန်းမ ရဖို့ မမြင်ပါဘူး ”

ကိုရဲဝင်း က ကျွန်တော့် အဖြေ ကို သဘော ကျပုံ ရကာ ပြုံးနေသည် ။ ဦးဉာဏ် ကတော့ မပြုံးနိုင်ရှာ ။ သူ့ တူ တပည့် တစ်ယောက် ဂေါ်မစွန် ဖြစ်ပုံ ကို သနား နေပုံ ရ လေသည် ။

“ ကဲ အစ်ကိုတို့ နှစ်ယောက် ပြောစရာ ရှိတာ ပြော နေကြဦး ၊ ကျွန်တော် ဟိုမှာ ကိုအောင်မင်းသိမ်း နဲ့ ဇာတ်ညွှန်း တစ်ခု ရေးဖို့ ချိန်းထားတာလေး ရှိလို့ သွားလိုက်ဦးမယ် ”

ကိုရဲဝင်း က ပြောပြောဆိုဆို နှင့် ထိုင်နေရာ မှ ထရန် ပြင်သည် ။

“ ဟာ ဒီမှာ ရုပ်ရှင်တွေ ဘာတွေလည်း ရှိတယ် ၊ ဟုတ်လား ”

“ ရုပ်ရှင် တင် မဟုတ်ဘူးဟေ့ ၊ မဂ္ဂဇင်း တွေ ရော ၊ ပြဇာတ် တွေရော ၊ ပန်းချီပြခန်း တွေ ရော ၊ သီချင်း တွေ ရော အကုန် ရှိတယ် ၊ စာရေးဆရာ တွေ ၊ ကဗျာဆရာ တွေ ဆုံ မှတော့ ဒါတွေ မရှိဘဲ ဘယ်ရှိမလဲ ”

ကိုရဲဝင်း က ဆိုင်အပြင် ထွက်ကာ သူ့ စီးတော်ယာဉ် နန ပေါ် သို့ တက် သွားသည် ။

“ ခင်ဗျား မနက်ဖြန် ကို နောက်ကျ မနေနဲ့ဦးနော် ၊ ကိုအောင်မင်းသိမ်း ကို ပါ သတိ ပေးလိုက်ဦး ကြားလား ”

ကိုရဲဝင်း က အိုကေ အိုကေ ဟု အော်ကာ နန ကို လှစ်ခနဲ မောင်းထွက် သွား၏ ။ အစတုန်းကတော့ ဦးဉာဏ် နှင့် တွေ့လျှင် ဘာတွေ ဘယ်လို ပြောလိုက်မည် ဟု စဉ်းစား ထားသေးသည် ။ လက်တွေ့ မှာ တော့ ပါးစပ် က တစ်ခွန်း မှ ထွက်မလာ ။ ဦးဉာဏ် က လည်း ကျွန်တော် ရောက် လာတာ ကို သိပ် ထူးဆန်းပုံ မပြဘဲ သူ့ရေဒီယို ကို သာ ဟိုဒီလှည့်နေ၏ ။

“ ဦး ၊ ဒီ မှာ ရေဒီယိုလိုင်း တွေ ရှိတယ်ပေါ့ ”

“ အေးလေဗျာ ခုန ခင်ဗျား ကို နီကိုရဲ ပြော သွားသလိုပေါ့ ၊ ဒီမှာ ဒီ လူတွေ စု နေမှတော့ ဒီလူတွေ လုပ်သမျှ အကုန် ရှိတော့တာပေါ့ ”

စကားဝိုင်း က ပြန် တိတ်သွားပြန်သည် ။ ဦးဉာဏ် ကတော့ သူ့ ရေဒီယို ကို တဂျစ်ဂျစ် နှင့် လှည့်ကာ လေလှိုင်း တစ်ခု ကို သဲကြီးမဲကြီး ရှာ နေ၏ ။ ကျွန်တော့် စိတ် ထဲ မှာတော့ ဒီမှာလည်း မြန်မာပြည် လို ပဲ ရေဒီယိုလိုင်းတွေ က သိပ် ကြည်ပုံ မရ ဟု တွေးမိလိုက်သည် ။ ဦးဉာဏ် ရေဒီယို ဖမ်းနေတာကို မနှောင့်ယှက်ချင်တာ နှင့် ရေနွေးတစ်ခွက် ငှဲ့ သောက်လိုက် ရာ ..

“ အဲ ”

ခွက် ထဲ တွင် အရည်များမဟုတ်ဘဲ အခိုးအငွေ့များ ဖြစ်နေသည် ။

“ ဒါက ဘယ်လို ဖြစ်တာလဲ ဦးဉာဏ် ရဲ့ ”

“ ကျွန်တော်တို့ လို ဒေဝတာတွေက အငွေ့ ကို ပဲ စားသုံးကြတယ်လေ ”

“ ဒါဖြင့် ကျွန်တော် က ဘယ်လို ”

“ လွယ်ပါတယ် ၊ အဲဒီ အငွေ့ တွေ ကို ဆေးလိပ် သောက် သလို ရှိုက် သွင်းလိုက်ပေါ့ ။ ဒီမှာ ကြည့် ”

ဆရာမင်းလူ က လုပ် ပြသည် ။ ကျွန်တော် လည်း လိုက်လုပ်၏ ။ ခွက် ထဲ က အခိုးအငွေ့တွေကို ပါးစပ် ဖြင့် စုပ် ယူပြီး ဆေးလိပ်မီးခိုး ကို ရှိုက်သလို ရှိုက်လိုက်သည် ။

“ ဝူး ”

လည်ချောင်း တစ်ဝက် ရှိန်းခနဲဖြစ်သွားသည် ။ မျို ချလိုက်သော ရေနွေး သည် လည်ချောင်းဝ မှ တစ်ဆင့် အူချောင်း အတွင်း ။ အူချောင်း မှ တစ်ဆင့် အစာအိမ် ။ အစာအိမ် မှ တစ်ဆင့် သွေးကြောများ ဆီ သို့ ။ တစ်ဆင့် ပြီး တစ်ဆင့် အတိုင်းသား ခံစား သိရှိနေရ၏ ။

“ ဒါ ဒါ ဘာ လက်ဖက်ခြောက်တွေ လဲ ဦး ၊ ဒီလို အရသာမျိုး ကျွန်တော် တစ်ခါမှ မခံစားဖူးဘူးဗျာ ”

“ ဘယ် ခံစားဖူးပါ့မလဲ ၊ ဒါမျိုးက လူ့ပြည် မှာ ရှိ မှ မရှိဘဲ ၊ နှစ်တစ်ထောင် ရေခဲကြာပန်းခြောက်ရယ် ၊ မီးတောင်ချော်ရည်တွေ ကြား က စမုံစပါးခြောက်တွေ ရယ် ကို အထူး ရောစပ်ထားတဲ့ လက်ဖက်ခြောက် လေ ”

“ ဩော် ”

ကျွန်တော် က နောက် တစ်ခွက် ကို အငမ်းမရ ထပ် သောက်လိုက်သည် ။ ထို့အတူ စိတ် ထဲ မှလည်း ဦးဉာဏ် ကို လူ့ဘဝ အကျင့်တွေ လုံးဝ မပြောင်းသေးပါလား ဟု ချီးကျူးမိသည် ။ လူ့ဘဝ တုန်း ကလည်း လက်ဖက်ခြောက် မျိုးစုံ ကို ကိုယ့် ဘာသာ ကိုယ် ဟိုစပ် ဒီစပ် သောက်လေ့ ရှိသည် ။ တစ်ခါကလည်း တရုတ်စကားပန်းခြောက်တွေ ရယ် ၊ စံပယ်ပန်းခြောက်တွေ ရယ် ကို လက်ဖက်ခြောက် နှင့် ရောပြီး ကျွန်တော့် ကို တိုက် ဖူးသည် ။ ရလဒ် ကတော့ သုံးရက် လောက် ဝမ်း မသွားတော့ ။ ဝမ်း ချုပ်တယ်နော် ဟု ဦးဉာဏ် ကို ပြော လိုက်မိသဖြင့် သွေးဆေးတွေ ထပ် ပေးပြန်သည် ။ သွေးဆေးတွေ သောက် ပြန်တော့ အိပ် ပြီး ရင်း အိပ် နေသဖြင့် အလုပ် ပင် ကောင်းကောင်း မလုပ်နိုင်တော့ ။ ယခုတော့ ထိုကဲ့သို့ မဟုတ် ။ တကယ့် ကို အနံ့ ရော အရသာ ထူးကဲ့သည့် ရေနွေး တစ်မျိုးပင် ။

“ ဒါနဲ့ ဦး ၊ ဒီ ဂျက်ကမ္ဘာ တွေ ကရော ဘယ် မှာ ရောင်းတာလဲ ”

“ ဟာ ၊ ဒါတွေက ဝယ်ဖို့ မလိုပါဘူး ။ ကျွန်တော့် ကို ကျွန်တော့် သမီး တွေ က အပြည့်အစုံ ထည့် ပေး လိုက်တာ အခုထိ တောင် သောက် လို့ မကုန်ဘူး ၊ နောက်ပြီး ကျွန်တော် က ဒီမှာ အရင် က လောက် မသောက်တော့ဘူး လေ ၊ တစ်နေ့ မှ တစ်ဖွာ နှစ်ဖွာ လောက် ပဲ စိတ်ပြေလက်ပျောက် ပေါ့ ”

ဦးဉာဏ် ပြောပုံ ကြည့်ရတာ သူ သိပ် ချစ်သည့် ဆေးလိပ် ကို ဖြတ်တော့ မဖြတ်နိုင် ။ ဒါပေမဲ့ သူ့ မိသားစု နှင့် စောစောစီးစီး ခွဲခဲ့သော အဓိက လက်သည် ဆေးလိပ် ကို တော့ အပြစ် ပေးကာ တတ်နိုင်သလောက် လျှော့သောက် နေပုံ ရသည် ။

“ ဉာဏ်ကြီး ရေ ”

ဆိုင်ရှေ့ သို့ နန တစ်စင်း ထိုးဆိုက်လာ၏ ။

“ မင်း မနက်ဖြန်တော့ အိပ်ရေးပျက်ခံနော် ၊ မင်း မနိုးရင် ငါတို့ လာ နှိုးပေးရမလား ”

တိုးမိုး နှင့် မျိုးရာဇာညွန့် ။ ဦးဉာဏ် ၏ ငယ်သူငယ်ချင်းများ တစ်နည်း အချစ်မြို့သားကြီးများ ။

“ သိပါတယ်ကွ ၊ ခုနတောင် နီကိုရဲ ကို မမေ့ဖို့ ငါ မှာ လိုက်သေးတယ် ၊ ဒီလို နေ့မျိုးမှာ မှ နိုးအောင် မထရင် ငါ့ ရာဇဝင်ရိုင်းရောပေါ့ ”

“ ဒါဆိုလည်း ပြီးရောဟေ့ ၊ ငါ တခြား သူတွေ ကို လိုက် ဆော်ဩ လိုက်ဦးမယ် ”

“ အလကား ဒီကောင်တွေ သက်သက် ပျင်းတိုင်း အကြောင်း မရှိ အကြောင်း ရှာ ၊ လျှောက်သွား ချင်လို့ ရမယ် ရှာနေကြတာ ”

“ ဒါနဲ့ ဦး ၊ မနက်ဖြန် မနက် မှာ ဘာ အရေးကြီး ကိစ္စ ရှိလို့လဲ ”

“ ဟင် ၊ ခင်ဗျား မသိဘူးလား ”

ကျွန်တော် က ခေါင်းခါ ပြလိုက်သည် ။

“ ဒီကို ဆရာဦးဝင်းတင် လာ မှာလေ ၊ ဆရာ့ ကို ဒီမှာ ရှိသမျှ စာရေးဆရာတိုင်း က သောင်းသောင်းဖြဖြ ကြိုဆိုကြဖို့ ပြင် နေကြတာလေ ”

“ ဟာ ဒါဆိုရင်တော့ အတော်ပဲ ၊ ကျွန်တော် ပါ လိုက်ကြိုချင်လိုက်တာ ”

“ ခင်ဗျား က လိုက် ကြိုမလို့လား ”

ဦးဉာဏ် က ခေါင်း ကို သာ သွင်သွင် ခါ၍ ဆိုင်ရှေ့ သို့ လက်ညှိုး ထိုးပြသည် ။ နန တစ်စင်း ။

“ ဟိုမှာ ခင်ဗျား ကို လာခေါ်နေပြီ ၊ ခင်ဗျား က ဒီကို အချိန် မတိုင်ဘဲ ရောက် လာတာ ၊ အခု ပြန် ရတော့မယ်လေ ”

“ ဒီမှာ တစ်ရက် နှစ်ရက် လောက် နေချင်တယ် ဦးရာ ၊ နေလို့ မရဘူးလား ”

“ ခင်ဗျား က အချိန် မတိုင် သေးဘူးလေဗျာ ၊ ကျွန်တော့် တုန်း ကလည်း အခုလိုပဲ အချိန် မတိုင်ဘဲ ရောက် လို့ တစ်ခေါက်ပြန် လာရသေးတယ်လေ ”

ဦးဉာဏ် က ထိုင်ရာမှ ထ ကာ ကျွန်တော့ ကို နန ဆီ သို့ လိုက်ပို့သည် ။ ကျွန်တော် ကလည်း မပြန်ချင့် ပြန်ချင် နှင့် နန ပေါ် သို့ တက် ရသည် ။ ကျွန်တော် နန ပေါ် ရောက်မှ နောင်တ ရမိသည် ။ ဦးဉာဏ် နှင့် တွေ့တုန်း စာပေ နှင့် ပတ်သက်ပြီး ဘာမှ မပြောလိုက်ရ ။ ပြောချင်တာတွေ တိုင်ပင်ချင်တာတွေ က အများကြီး ။ အခုတော့ ပြန်ရတော့မည် ။

“ ကဲ ကဲ သွားတော့ သွားတော့ ”

“ ဟုတ် ဟုတ် ၊ သွားပါ့မယ် ”

အခုချိန်မှာတော့ ပြောဖို့ အချိန် မရှိတော့ ။ လက်အုပ်လေး ချီလိုက်သည် ။ ရင်ဘတ် ထဲ အလိုလို ဆို့ တက်လာ၏ ။ နောက် တစ်ကြိမ် ထပ် ခွဲခွာရဦးမည် ။

“ သွားပြီနော် ”

ချီထားသည့် ကျွန်တော့်လက်အုပ်ကလေး ကို ဦးဉာဏ် က သူ့ လက် နှင့် ခပ်ဖွဖွလေး ပုတ်ကာ အသိအမှတ် ပြုသည် ဆိုသော သဘော ဖြင့် ခေါင်း ညိတ်လေသည် ။

“ သွား … ပြီ … နော် ”

စကားပင် မဆုံးလိုက် ။ နန က အလိုအလျောက် လှစ်ခနဲ ။

•••••   •••••   •••••

( ၅ )

ဆန်းလှသည် ။

•••••   •••••   •••••

( ၆ )

လောက တွင် ဆန်းလှပါသော ကိစ္စများ ကို ကိုယ်တွေ့ ကြုံမှသာ ယုံနိုင်ဖွယ် ။ တစ်ပါး ပြောဖြင့် မယုံနိုင် ။ တစ်ပါး ရေးဖြင့်  လက်မခံနိုင် ။ သို့သော် ကိုယ်တွေ့ ကြုံလျှင်တော့ မယုံလို့ မရတော့ ။ လက်မခံလို့ မရတော့ပေ ။

◾မြေမှုန်လွင်

မှတ်ချက် ။  ။ ဆရာမင်းလူ အပါအဝင် စာရေးဆရာကြီးများ ကို လေးစားသော စိတ်ဖြင့် ဆရာမင်းလူ ၏ ဒေဝတာမြို့တော် ဝတ္ထု ကို ပင် Remix လုပ် ရေးဖွဲ့ပါသည် ။ စိတ် အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင် တောင်းပန်အပ်ပါသည် ။ ကျွန်တော် ချစ်သော အနုပညာရှင်ကြီးများ ကို ဤ ဝတ္ထု ဖြင့် ကန်တော့ ပါရစေ ။

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး မှ မျှဝေသည်  ။

.

No comments:

Post a Comment