Friday, September 16, 2022

ဒင်္ဂါးမ ရဲ့ အိမ်ပြန်ချိန်


 

❝ ဒင်္ဂါးမ ရဲ့ အိမ်ပြန်ချိန် ❞

ဒင်္ဂါးမ က သာမန် မိန်းမသား တစ်ယောက် ဆိုရင် လင် ကောင်း သား ကောင်း ရနိုင်တဲ့ အလှပိုင်ရှင် ပါ ။ မျက်နှာကျ က မြန်မာ ပီသတယ် ။ သူ့ မျက်နှာမှာ အထင် ရှားဆုံး အလှ က နက်မှောင်တဲ့ မျက်ခုံး တစ်စုံ နဲ့ ထူထူထဲထဲ အချိုးကျတဲ့ နှုတ်ခမ်း တစ်စုံ ပဲ ။ မျက်နှာလေး က သာ အကြည့် ခံ တာ မဟုတ်ဘူး ။ သူမ ရဲ့ ခန္ဓာကိုယ် ကလည်း အဖုအဖောင်း အကွေ့အဝိုက်တွေ နဲ့ မျက်နှာသာ ပေးထား သေးတယ် ။ 

ဒါပေမဲ့ သူမ က တန်းဝင် လမ်းဝင် နာမည်ကြီး မိန်းမပျက် ။ ကြေး ကောင်း မှ လိုက်မယ် ။ အဖော် သုံး မှ လိုက်မယ် ။ One Hour Session , One Man Session တွေ သတ်မှတ်မယ် ဆိုတဲ့ စည်းကမ်းတွေ ကလည်း အများသား ။ ဒါတွေလည်း နောင်နောင် တို့ အဖွဲ့ ကို သူမ အဝင်အထွက် များလာတဲ့ အခါ တစ်လုံးစ နှစ်လုံးစ မေး ရင်း သိ ခဲ့ရတာတွေပါ) အဲဒီလို မေးရင်တော့ ဆရာ ရှေ့ ရောက် နေတဲ့ မူလတန်း တပည့်မလေး တစ်ယောက် လို သိမ်သိမ်မွေ့မွေ့ မှန်မှန်ကန်ကန် ဖြေ ရှာတယ် ။

နောင်နောင် တို့ “ ချမ်းမြေ့ ” နာရေးကူညီမှုအဖွဲ့ ကို သူမ ရောက် လာတာလည်း တကယ် အားကိုး ရပါတယ် ။ ကိစ္စ တစ်ခု ကို ဘာမှ အထူး မှာစရာ မလို ။ ပြန် ကြည့်စရာ မလိုအောင် ဆောင်ရွက် နိုင်တယ် ။ ကာယကံရှင် က မျက်နှာကြီး ၊ မျက်နှာငယ် ကွဲပြားလို့ သူမ ရဲ့ ဝန်ဆောင်မှု လျော့ သွားတယ် ။ ပို သွားတယ် မရှိဘူး ။ နောက်ဆုံး ကာယကံရှင် က သူတို့ အဖွဲ့ ကို အသိအမှတ် ပြုတဲ့ အနေနဲ့ ဆိုင်ကယ် ဆီဖိုး ( နောက်ပိုင်း သွားရေး လာရေး အစစ အရာရာ အဆင်ပြေအောင် ဆိုင်ကယ်လေး တစ်စီး ဒင်္ဂါးမ ဝယ် စီးတယ် ) ထုတ် ပေးရင်တောင် သူမ က အကြောက် အကန် ငြင်းပြီး စေတနာ ကို ဝေဒနာ အစွက် မခံခဲ့ဘူး ။

သူမ ရဲ့ စေတနာ ကို အရပ် က သိတယ် ။ လောက ကြီး က သိတယ် ။ ဒါပေမဲ့ စားသုံးသူ ( ကွမ်းမိတ်ဆွေ တွေ ) က မသတီ ကြတော့ဘူး ။ လက်မခံ ချင်ကြတော့ ဘူး ။ အင်မတန် ချစ်ခင်ကြသူချင်း သေတော့ “ မသာ ” တဲ့ ။ အစက ဘယ်လို ပဲ ပလူးပလဲ နေခဲ့ကြလင့်ကစား သေ တော့ “ အသုဘ ” တဲ့ ။ မကြည့်ချင် မမြင်ချင် မထိချင် ၊ မကိုင်ချင် ကြတော့ဘူး ။ သူတို့ စိတ် က အဲဒီမှာ တင် မရပ် ၊ အဲဒီ လူသေ ကို ကိုင်ခဲ့တဲ့ လက်ပိုင်ရှင်ယာတဲ့ ကွမ်းကိုပင် မျက်နှာလွှဲလာကြတော့ချေ ။

အဲဒီလို စီးပွားရေး ခြေလှမ်း ပျက်စ ပြုလာနေပေမဲ့ ဒင်္ဂါးမ တွေဝေ နောင်တ ရဟန် မရှိ ။ သူမ ရဲ့ စရိုက် နဲ့ ဗီဇ က ဘယ်လိုမှ ဆက်စပ် မရဘူး ။ ဒါတွေကြောင့် လည်း နောင်နောင် သူမ ရဲ့ အကြောင်း ကို မရေးချင်ဘဲ ရေး မိပြန်တယ် ။ လူ တစ်ယောက် အကြောင်း ဆိုတာ ဆိုးဆိုးကောင်းကောင်း နှစ်ခါ မရေး မိတာ အကောင်းဆုံး ပဲ ။ ရေး ရင်း နဲ့ စေတနာ သည်းတာ ဖြစ်ဖြစ် စေတနာ နည်းတာ ဖြစ်ဖြစ် တစ်ခုခု ဘက် ယိုင် သွားမိရင် ကလောင် အာပတ် သင့် မှာ စိုးရတယ် ။

အခုတော့ နောင်နောင် တစ်ယောက် ဒင်္ဂါးမ ဆိုင် ကို ကွမ်းယာ သွား အားပေးပေမဲ့ အရင် လို ကွမ်းပရိသတ် မြိုင်မြိုင်ဆိုင်ဆိုင် မတွေ့ရတော့ချေ ။ သူမ က အပြုံးမပျက် “ ဆရာ စားသွားပါ ” လို့ အမြဲတမ်း ပြောပေမဲ့ နောင်နောင် ကလည်း အမြဲတမ်း ကွမ်းဖိုး ကို ချ ပေးခဲ့တယ် ။ ဒင်္ဂါးမ ရဲ့ ဗီဇ က  သံပရာသီး လို ပဲ နဲ့ တူပါရဲ့ ။ သံပရာသီး ကို ကိုက် ရင်း တော်တော် ကောင်းတဲ့ အသီးကွာ လို့ မျက်နှာရှုံ့မဲ့
ပြော ရသလို သင်း လည်း အခု အဲဒီ ပုံစံ ဝင် သွားပြီ ။ ဒင်္ဂါးမ က “ ညဉ့်ဧကရီ ” အမည် မှေးမိန်စပြုရာက “ သုဘဧကရီ ” နာမည် က ကြီး လာတယ် ။ သူမ ကလည်း သူမ ပါပဲ ။ အက်ဆီးဒင့် တစ်ခုခု ဖြစ်လို့ မိန်းမ နဲ့ ကလေးတွေ အဝေး က ရှောင်ကွင်း သွားကြချိန် ၊ တော်ရုံ တန်ရုံ ယောက်ျား သားကြီး တွေ လက်ကလေး နောက် ပစ်ပြီး မရဲတရဲ ဝိုင်း ကြည့် နေချိန် သူမ က အပြေးအလွှား ရောက် လာတာပဲ ။

နောက်တော့ ရဲအရေးပိုင် တဲ့ သေမှု သေခင်း ကိစ္စ မှန်သမျှ ကုန်ကုန် ပြောရရင် ရဲတောင် မကိုင်ချင်တဲ့ ဘော်ဒီတွေ ဆို ရင် သူ့သွား ခေါ် ခိုင်းလိုက်ရတာပဲ ။ ဒင်္ဂါးမ ကတော့ ပုပ်ပွ နေတဲ့ ရေမျောကမ်းတင် အလောင်း ကို လည်း ရအောင် ဆယ်ပြီး အိတ် ထဲ ထည့်ပေးမယ် ။ အပိုင်းပိုင်း အတစ်တစ် ပြတ်နေတဲ့ လမ်းပေါ်က အလောင်း ကို လည်း တစ်စစီ ကောက်ပြီး တောင်း ထဲ ထည့်ပေးမယ် ။ အာဂသတ္တိခဲ ထူးကဲ ပါရမီရှင် ပါပဲ ။ အဲဒီလိုနဲ့ ဒင်္ဂါးမ ကို လည်း အပြစ် ပြော မရ ။ စားသုံးသူ ကို လည်း အပြစ် ဆို မရဘဲ သူမ ရဲ့ ကွမ်းယာဆိုင်လေး ဇာတ်သိမ်း သွားရှာတယ် ။

     •••••   •••••   •••••   •••••

ကွမ်းယာဆိုင်လေး ပြုတ် သွားပြီ ဆိုတော့ ဒင်္ဂါးမ စားဝတ်နေရေး အတွက် ရုန်းကန် ရပြန်တယ် ။ ရှိတဲ့ လက် ဝတ် လက်စားလေး တွေ ရောင်းချပြီး သူမ ရဲ့ ရပ်ကွက် ထဲ မှာပဲ တစ်ဖက် က အိမ်ဆိုင်လေး ဖွင့် ၊ တစ်ဖက်က ငွေ တိုးလေး ပေးစားနေတယ် ။ သူမ ရဲ့ ရပ်ကွက် ဆိုတာက လည်း ကန္တာရမြိုင် လေ ။ လွင်တီးခေါင် က ဒုက္ခသည် စခန်း ရဲ့ ပြယုဂ်ပါပဲ ။ အဲဒီမှာ ပလတ်စတစ် ကောက်တဲ့ မိသားစု တွေ ၊ ထီးပြင် ဖိနပ်ပြင် တဲ့ အိမ်ထောင်စု တွေ ၊ ရေစည်လှည်း တွန်း ၊ ဆိုက္ကား နင်း ၊ မြင်းလှည်း မောင်းကြ တဲ့ အုပ်စုလေးတွေ နဲ့ ကျန်တာ ကတော့ ဒင်္ဂါးမ တို့ လို ည မှာ ထွက်ကြတဲ့ ညဉ့်ငှက်မလေးတွေ ပါပဲ ။

လူ့စရိုက် ဆိုတာကလည်း သိကြတဲ့ အတိုင်း ၊ ချေး မယ် ၊ ငှားမယ် ၊ အကြွေးရမယ် ဆိုရင် ရှင်ဘုရင် ဆီ က လည်း ယူ မှာပဲ ။ သူတောင်းစား နဲ့ ကိုယ် မကောင်းတဲ့ လူ ဆီ ကလည်း ယူမှာပဲ ။ ပြန် တောင်းတဲ့ အချိန် ရောက် မှ သာ မျက်လုံးပြူး ၊ မျက်ဆန်ပြူး ဖြစ် ကုန်ကြတာ ။ ဒီ ကြား မှာတော့ သူတို့ ပျော်ပျော် ပဲ ။ ငွေ ချေးတဲ့သူ ရာခိုင် နှုန်း တော်တော်များများ က ရေရှည်စီမံချက် မျှော်မှန်း ချက် ရှိကြတာ မဟုတ်ဘူး ။ နှစ်လုံး ၊ သုံးလုံး ထိုးဖို့ အရင်း ရ တာလို့ပဲ မြင်ကြတာ များတယ် ။ တစ်ကွက် မိလိုက်ရင် တော့ ဆိုတဲ့ အိပ်မက်တွေ ပဲ ရှိတယ် ။ အိပ်မက် က နိုးရင် တော့ မျက်တွင်းဟောက်ပက် နဲ့ အကြွေး တောင်း သူကို “ အသား ကို လှီးယူတော့ ” “ လက် ကို သာ ဖြတ်ယူပါတော့ ” ဆိုတာတွေ နဲ့ အမနာပ ပြော ရဲကြတယ် ။

အဲဒီလို နဲ့ ဒင်္ဂါးမ ရဲ့ဘဝ ဟာ ဖွပ်သထက် ညစ်လာ တယ် ။ ဆုပ်စူး ၊ စားရူး ဖြစ်လာတယ် ။ လွင်တီးခေါင် မှာ မျိုးစေ့ ချမိတဲ့ သူ့ အမှား လို့ ပဲ မြင် လာတယ် ။ သူမ နဲ့ အတူနေ အဒေါ်ကြီး က လည်း ဒင်္ဂါးမ ရဲ့ ပါရမီ အမျိုးမျိုး ဖြည့် ဆည်း ပေးခဲ့ပြီပဲ ။ အခုတော့ စိတ်ကုန်ပြီ ထင်ပါရဲ့ ။ ရွာ ကို ပြန် မလိုလို တရားစခန်း တစ်ခုခု ဝင် မလိုလိုနဲ့ သူမ ရဲ့ အပါး က ခွာ သွားပြန်ချေပြီ ။ မုန်တိုင်း ရဲ့ အောက် မှာ အလူး လူး အလဲလဲ ဖြစ်နေပေမဲ့ ဒင်္ဂါးမ က လူမှုရေး တာဝန်တွေ ကို တော့ လုံးဝ လစ်ဟင်း မခံ ။ ဒီ လုပ်ငန်းတွေဟာ သူ့ ဘဝ ဆိုးတွေ ကို ဆေးကြော ပေးတဲ့ ရေစင် ရေသန့် လို့ ခံယူ တယ် ။ ဒီ လုပ်ငန်းတွေ ဟာ သူ့ ဘဝ ကြည်လင်သန့်ရှင်း ဖို့ အရေပြား အသစ်တွေ လဲတာလို့ ခံယူတယ် ။
 
ဘယ်လိုပဲ ခံယူချက်တွေ ပြင်းထန်ပေမဲ့ ဆက် လက် ရှင်သန်ဖို့ အရေးကျတော့ သူ့ လုပ်ငန်း က တကယ့် ပရဟိတ ၊ ကုသိုလ် ဖြစ် သက်သက် လုပ်ငန်း ဖြစ် နေပြန် တယ် ။ ဒါကြောင့် ကိုယ့် ဘဝ ကိုယ် ဖြူစင်စေချင်လို့ တစ်ဆင့် မြင့်မယ် ထင်တဲ့ နေရာ ကို လှမ်းထားမိတဲ့ သူမ ရဲ့ ခြေတစ်လှမ်း ကို အခု သူမ ကိုယ်တိုင်ပဲ ပြန် ဆုတ်ရတော့ မယ် ။ သူမ ရဲ့ အနား မှာ ကလည်း ကယ်တင်ရှင် လိုလို ဇိကုပ် နတ်ပြည် တင် တော့မလိုလို “ ကိုင်း အစ က ငါ မပြောဘူးလား ” ဆိုတဲ့ စကားတွေ ကုလားဖန် ထိုးနေ ကြတဲ့ ပုရိသတွေက အများသား ။ နောက်ဆုံးတော့လည်း “ ဒီနေ့ အမြတ် ဟာ မနက်ဖြန် အတွက် စားစရာ ဖြစ်ရ မယ် ” ထုံး နှလုံးမူပြီး ဒင်္ဂါးမ တစ်ယောက် မချိပြုံးလေး နဲ့ ဆောင်ကြာမြိုင် အရိပ်ထဲ ပြန်လည် ခိုဝင်သွားရှာပြီ ။

     •••••   •••••   •••••   •••••

အဲဒီ ည က ဆောင်းတွင်း ပီပီ ည ခုနစ်နာရီ ဝန်းကျင် မှာပဲ နှင်းတွေမြူတွေ သိပ်သိပ်သည်းသည်း နဲ့ အတော် ကြီး အမှောင်က စိုးမိုး ထားသည် ။ ဒင်္ဂါးမ ကို လာ ခေါ်ကြ တဲ့ လူတွေက သုံးဦး ပါ ။ သူတို့ က ဂျစ်ကားလေး ပါလာ ပြီး သူတို့ မြို့ရဲ့ တောင်ဘက် တစ်နေရာ ပြောပြတယ် ။ နေရာဒေသ က ဒင်္ဂါးမ တို့ အဖို့ အဆန်း မဟုတ်ပါဘူး ။ သင်း တို့ က တောင် ဆို မြောက် ရောက်ချင် ရောက်တတ်ကြ တာကလား ။ အဓိက ကတော့ ငွေပဲ ။

ဒါကြောင့် “ ဝမ်း အာဝါ ဆက်ရှင် ” ဖိုး ကြိုတင် ငွေ တောင်းပြီး ရင်ဘတ် ကြား ထိုး ထည့်ထားလိုက်တယ် ။ ပြီးကရော ။ ကြိုက်တဲ့ ဆီ မောင်း ပေရော့ ။ ခရိုင်ကျော်ပြီး ခေါ် မသွားရေး နဲ့ ည တွင်းချင်း ပြန် ပို့ပေးရေးလေးတွေ ကိုတော့ နှစ်ဦးနှစ်ဖက် ညှိ ရတာလေး ရှိ တာပေါ့လေ ။

မြို့ထဲ ဖြတ်နေစဉ် က အလင်းရောင်တွေ ဖြာဖြာဝေ နေလို့ပေလား ။ နှင်းတွေ ဝေနေတာ မသိသာပေမဲ့ မြို့ပြင် ရောက်လို့ အမှောင် ထဲ တိုး ဝင်လိုက်တော့ နှင်းထု အား ပျစ်ပျစ်နှစ်နှစ် ဖြစ်နေတာက သိသာ နေတယ် ။ ဒင်္ဂါးမ ခေါင်းစည်းပဝါလေး ကို တင်းနေအောင် ပြင် စည်းပြီး ဆွယ်တာအင်္ကျီ ကို ကြယ်သီးစုံ တပ် ထားလိုက်တယ် ။

မြို့ပြင်ရောက်လေ လမ်းမကြီး က ကျယ်ပြန့်လေ ကောင်းလေပါပဲ ။ ဂျစ်ကားလေး က လည်း ရှေ့မီးနှစ်လုံး အားကိုး နဲ့ နှင်းထု ကို ဖြိုခွဲရင်း ရဲရဲတင်းတင်း ထိုးခွဲပြေး ဝင်နေတယ် ။ ကားမောင်းသမား က ခပ်ငယ်ငယ်ပါပဲ ။ သူ့ ဘေး က လူ ကတော့ အသက်လေးဆယ် လောက် ရှိ မလားပဲ ။ နောက်ခန်း မှာ ဒင်္ဂါးမ နဲ့ တွဲ ထိုင်တဲ့လူကတော့ အသက်ငါးဆယ်ကျော်ကျော် ထင်ပါရဲ့ ။ ဘီယာနံ့ လည်း ခပ်စူးစူး ရတယ် ။ သူ့ လက်တွေ က လည်း ဒင်္ဂါးမ ကိုယ် ပေါ် က မခွာဘူး ။ ဒင်္ဂါးမ တို့ ကတော့ အလိုလို သိ လိုက် ပါပြီ ။ သင်း က အဖွဲ့ ရဲ့ မာစတာကီး ပေါ့  ။ အင်း ... အင်း အလို လိုက်ရပေမပေါ့ ။ အကြိုက် ဆောင်ရပေမပေါ့ ။

အဲဒီလိုနဲ့ မြို့လေး ရဲ့ တောင်ဘက် တစ်လမ်းမောင်း လမ်းခွဲ ရောက်ခါနီး မှာ တောင်ဘက် က ကားကြီး မီး ရောင် စူးစူး က ဖြတ် ဝင်လာတယ် ။ ဒါကြောင့် ထင်ပါရဲ့ ။ ဂျစ်ကား ဆရာလေး လည်း လမ်းခွဲ မြန်မြန်ရောက်အောင် အရှိန် တင်လိုက်တယ် ။ ကားကြီး ကို အလွတ် ရှောင်ပြီး လမ်းခွဲ ထဲ ကို ဆွဲ အဝင် မှာ ရှေ့ မှာ မြင်းလှည်း တစ်စီးပါ လား ။ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ် သွားကြတယ် ။ ဒင်္ဂါးမ လည်း ကား လက်ရန်း ကိုင်ကာ ခေါင်းထောင် အကြည့် မှာ ကားမီးရောင် နဲ့ မထင်မှတ်ဘဲ မြင် လိုက်ရ တာ က မြင်းလှည်း ထဲ က သူမ ရဲ့ ရပ်ကွက် က ပရိသတ် တွေ ။ ညနေ ကတော့ ရွာ အလှူ က ဆိုင်းပွဲ သွားကြမယ်လို့ သူ တို့ ပြောနေကြသံ ကြား မိသား ။

ဒင်္ဂါးမ ရဲ့ စိတ်တွေ တဖျပ်ဖျပ် ပြေးနေကြပေမဲ့ ဂျစ်ကား ကတော့ မြင်းလှည်းလေး ရဲ့ ဘယ်ဘက်ဘီး ကို အားရပါးရ တိုက်ခွဲ ချလိုက်တယ် ။

“ ဝုန်း ”

“ မိငယ် ”

မြင်းလှည်းလေး က ငရဲလို ပွက် ကျန်ခဲ့တယ် ။ ဂျစ်ကား ကတော့ အရှိန် နိုင်အောင် ပြန် ထိန်းရင်း လမ်းကြော ပေါ် မှာ ပုံမှန် ပြန်ဖြစ်သွားတယ် ။ ဂျစ်ကား နဲ့ မြင်းလှည်း တိုက်မိပြီး ဒင်္ဂါးမ အော် လိုက်မိတဲ့ မိငယ် ဆိုတာ မြင်း လှည်း ပေါ်မှာ လှမ်း မြင်လိုက်ရတဲ့ သူမ ရဲ့ သူငယ်ချင်း အမည် ပါ ။ အဲဒီလို အမှတ်တမဲ့ အလန့်တကြား လှမ်း အော်လိုက်မိတာ ဟာ ဒင်္ဂါးမ အဖို့ ကြမ္မာဆိုး ဝင် သွား တာပါပဲ ။ အခင်းဖြစ်တဲ့ နေရာ နဲ့ အဝေးကြီး ဝေးခဲ့ပြီးဖြစ် တဲ့ သစ်ပင်ရိပ်ကောင်းကောင်း မှောင်ရိပ်ကျကျ အောက် မှာ မာစတာကီး က ဂျစ်ကားလေး ကို ရပ်ခိုင်း လိုက်တယ် ။ ပြီးတော့ ကားပေါ် က အားလုံး ဆင်းခိုင်းတယ် ။ ဒင်္ဂါးမ ကို လည်း ခပ်ကြမ်းကြမ်း ဆွဲချပြီး ... 

“ မိငယ် ဆိုတာ မြင်းလှည်း ပေါ် က နင့် အသိလား ” လို့ မေးတယ် ။ ဒင်္ဂါးမ သဘော ပေါက်တယ် ။ ဒါဟာ သူ့ ဘဝ ရဲ့ သေရေးရှင်ရေး ပဲ ။ ဘယ်လိုပဲ တွေးတွေး လွယ် လွယ်လေးပါ ။ ဟုတ်တယ် ဆိုရင် သင်းတို့ က သူမ ကို နှုတ် ပိတ်ကြတော့မယ် ။ သူ့ ဘဝကတော့ အလင်း ကို ရှာ ရင်း မှောင်ဆဲ ။ အခုလည်း ပိန်းပိတ်လု အမှောင် ထဲ မှာ ပါပဲ ။ ဒင်္ဂါးမ ဘဝ မှာ သန်းခေါင်ထက် ညဉ့်နက် စရာ မရှိတော့တဲ့ အတူတူ အမှန်တရား ကို တန်ဖိုးထားခြင်း ဖြင့် ဘဝ ကို ပေးဆပ်တော့မယ် လို့ ဆုံးဖြတ် လိုက်တယ် ။ ဒါကြောင့် လုံးဝ ညာဖို့ စိတ်မကူး ။ ပလီဖို့ မတွေးမိတော့ ချေ ။ အခုကိုပဲ မြင်းလှည်း ပေါ် က သူ့သူငယ်ချင်း မိတ် ဆွေတွေ ရဲ့ အဖြစ်ဆိုးတွေ ကို မြင်ယောင်ရင်း ရင်တွေ ပူ လောင်တာ နဲ့ အမျှ

“ အေး ... ဟုတ်တယ် ”

လို့ ဒင်္ဂါးမ လည်း ခပ်ရင့် ရင့် ခပ်ပြတ်ပြတ် ပြန် ဖြေလိုက်တယ် ။

“ ဟာ ... ဒါဆို တို့ ကိုယ်ကျိုး နည်းတော့မှာပေါ့ ”

မာစတာကီး က ဗလုံးဗထွေး ရေရွတ်တာ ကို ...

“ ဟုတ်တယ် အစ်ကိုကြီး ကျွန်တော်တို့ ဒုက္ခ ရောက်မယ့် အပေါက်ပဲ ”

ရှေ့ခန်း က ပါလာတဲ့ လူ ကလည်း ဝင် ထောက်ခံ တယ် ။

“ အေးလေကွာ ... ဒီ ဒုက္ခ က တိုင်ပတ်ရုံ ကဘူး ။ တို့ လည်ပင်းကို ညှစ် မှာဟ ၊ ကြာတယ်ကွာ ဟိတ်ကောင် မင်းဒင် အပြတ် ရှင်းကွာ အသေ ကိုင်စမ်း ”

မာစတာကီး က ဒရိုင်ဘာ ကို အမိန့်တွေ ပေးပြီး သူတို့ ညီအစ်ကို နှစ်ယောက်က ကား ပေါ် က ဘီယာ လက်ကျန်ဘူးတွေ ဖောက် သောက်နေကြပုံပါပဲ ။ မင်းဒင် ဆိုတဲ့ ကောင် ကလည်း ကားခွေ ကိုသာ ကိုင်ဖူးတာ ။ လူ သတ်ဖူးတာ မှ မဟုတ်ဘဲ ။ အခုလည်း သူ့ ဆရာ က အမိန့် ပေး လို့သာ လုပ်ရမှာ ။ ဒင်္ဂါးမ ကို ဆွဲခေါ် သွားတဲ့ သူ့ လက်တွေ မတရား တုန်နေတာ သူမ လည်း သိ တာပေါ့  ။ ကား နဲ့ နည်းနည်း လှမ်းတဲ့ သစ်ပင် အခြေ ရောက်တော့ ဒင်္ဂါးမ ကို တစ်ချက် ဖြတ် ရိုက်လိုက်တယ် ။ နောက်တော့ ချွန်ထက်တဲ့ အရာနဲ့ ထိုး တယ် ။

“ အား ”

ဒင်္ဂါးမ ရဲ့ အော်သံ က နှင်းထု ထဲ မှာ ကျိုးပဲ့ကွယ် ပျောက်သွားတယ် ။ မင်းဒင် က နောက်တစ်ချက် ထပ် ထိုးတယ် ။ ဒင်္ဂါးမ မလှုပ်တော့ဘူး ။ မင်းဒင် က သေချာအောင် ခြေထောက် နဲ့ ခပ်ပြင်းပြင်း ဆောင့်ကန် ပြန်တယ် ။ သူမ အံ့ကြိတ်ရင်း အသက်အောင့် ထားလိုက်တော့တယ် ။

     •••••   •••••   •••••   •••••

ဒင်္ဂါးမ ကို နောင်နောင် တို့ ချမ်းမြေ့ အသင်း က ကား နဲ့ပဲ သွား တင်ခဲ့ပြီး ဆေးရုံ ပို့ပေးရတာပါ ။ သူမ ရဲ့ ဘော်ဒါ တွေ အားလုံး ဝိုင်းဝိုင်းလည်အောင် အားပေး ပြုစုလိုက် ရပါတယ် ။ ဒါပေမဲ့ ဆေးရုံ ပေါ် မှာ ဒင်္ဂါးမ နှစ်ရက် လောက်တော့ နေ လိုက်ရပြီး အမိုက်ဇာတ်တွေ သိမ်း သွား ရှာတယ် ။ ပြစ်မှု ကျူးလွန်တဲ့ ဂျစ်ကားအဖွဲ့ အားလုံး ကို ပိုင်ပိုင်နိုင်နိုင် ဖမ်း လိုက်နိုင်တယ် ။ မြင်းလှည်း ပေါ် က ဒင်္ဂါးမ သူငယ်ချင်း အပါအဝင် သုံးယောက် ပွဲချင်းပြီး ဆိုတော့ မာစတာကီး တို့ လည်း အဲဒီ သွေးကြွေးတွေ ကို ဆပ်လိုက်ကြပေဦး ။

ဒင်္ဂါးမ ဘယ် အရပ်သူလဲ ။

ဘာကြောင့် ထွက်လာခဲ့တာလဲ ။

ဘယ်အချိန် က ထွက်လာခဲ့တာလဲ ။

ဗီဇကောင်းလေး မျိုးစေ့ ချပြီး မွေး ပေးလိုက်တဲ့ သူမ ရဲ့ မိဘတွေ ဟာ သူတော်ကောင်းတွေ ဖြစ်ကြမှာပါ ။ သူတို့ သမီး ကို မျှော် နေတုန်းလား ။ လွမ်း နေတုန်း လား ။ ဒါမှမဟုတ် ရင်ထုမနာ ဖြစ်နေတုန်းပဲလား ။

ဘာပဲဖြစ်ဖြစ် ဒင်္ဂါးမ အိမ် ပြန်သွားပါပြီ ။ 

◾ မွန်ဇူး

📖 ပေဖူးလွှာမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment