Thursday, September 8, 2022

ပီယဆေး


 

❝ ပီယဆေး ❞

တက်လူ တစ်စု တို့ ၏ စုဝေးရာ ဖြစ်သော လူငယ်များ စာဖတ်အသင်း သည် ကား မူလရည်ရွယ် တည်ထောင်စဉ် က သာ ဗဟုသုတ တိုးပွားရန် ငြိမ်ငြိမ်သက်သက် စာပေဖတ်ရှု မှတ်သား ကြိုးစား လေ့လာကြစေဖို့ ရာ ပင် ဖြစ်သော်လည်း ထိုသို့ ရည်ရွယ်ချက်အတိုင်း မဖြစ်မြောက်ဘဲ အချိန် အား ရရှိသူ တစ်စုတို့ တွေ့ဆုံ စုဝေးကာ ဟေးလားဝါးလား အော်ဟစ်ပြောဆိုကြရန် လည်းကောင်း ၊ ကျားတောက် ၊ ဖဲရိုက်ရန်  လည်းကောင်း ၊ အတင်းအဖျင်း ပြောဆိုငြင်းခုံရန် လည်းကောင်း ထို အကြောင်းများ ကို အခြေခံ ပြု၍ တည်ထောင်ထား သကဲ့သို့ လူမျိုးစုံ ရောက်ရှိ ကာ စာကြည့်ခန်း နှင့် မတူဘဲ သာလာယံ ဇရပ် တမျှ ရှိနေပေတော့၏ ။

စာအုပ် အညွန့်အကောင်း ဟူသမျှ တို့ ကို လည်း ငှားပြီး ပြန် မအပ်ဘဲထား၍ လည်းကောင်း ၊ ခိုးယူ၍ လည်းကောင်း အပိုင်သိမ်းပိုက် ကြလေကုန်ပြီ ဖြစ်သဖြင့် ကျန်သေးသော စာအုပ်များ မှာ ဖုန်တင် ၊ ပင့်ကူအိမ် ဖွဲ့လျက် ရှိကြလေကုန်၏ ။

ထို စာဖတ်ခန်း သို့ လာရောက်ကြသူများ အနက် စာပေ အတွက် သိသိသာသာ ဆည်းပူးရန် လာရောက်သူ မှာ ဘတင် တစ်ယောက် သာလျှင် ဖြစ်ပေ၏ ။ ဘတင် မှာ ဝတ္ထုရေးဆရာ ပေါက်စ ကလေး တစ်ယောက် ဖြစ်သည် ကို အားလုံးပင် သိကြလေ၏ ။ ဘတင် ၏ လက်ရာများ မှာ တစ်မူးတန် ဂျာနယ်များ တွင် ဝတ္ထုတို တစ်ဒါဇင်ဝက် ခန့် မျှ ရေးသားခဲ့ဖူး၍ အချောင်လိုက်သော ဝတ္ထုထုတ်ဝေသူ တစ်ဦး နှင့် ပေါင်းမိကြ၍ တစ်မူးတန် ဝတ္ထု နှစ်ပုဒ် ရေးသားခဲ့ ပြီးပြီ ဖြစ်ပေ၏ ။ ဂျာနယ်များ တွင် ရေးပေးသော ဝတ္ထုများ မှာ အလကား နှင့် အခမဲ့ တို့ ဖြစ်ကြ၍ တစ်ပုဒ် ကိုမူ မေတ္တာရိ ပေး လိုက်ရလေ၏ ။ တစ်မူးတန် ဝတ္ထုစာအုပ် နှစ်အုပ်ကိုမူ တိုက်ပိုင်ရှင် ဟု အမည် ခံသော ဝတ္ထု ထုတ်သူ ထံ လက်ဝါးဖြန့် ကာ တမတ် တောင်း ငါးမူး တောင်း နှင့် လူနာ အမဲခြောက် တောင်းသလို တောင်း ခဲ့ရသဖြင့် ငွေတစ်ဆယ် ကျော်ကျော် သုံး ခဲ့ရလေ၏ ။

သို့ရာတွင် ဘတင် ၏ စိတ် ထဲ၌ ငွေ ရသည် မရသည် ကို အရေးမကြီးလှပေ ၊ ဝတ္ထု ထုတ်ဝေ သူ က စာအုပ်များ တွင်ကျယ်အောင် မိမိ ၏ ကလောင်နာမည်ရှေ့တွင် နိုင်ငံကျော်စာရေးဆရာကြီး ဟု တပ်ပေးထားခြင်း ကို ပင် အထူး ကျေနပ်ကာ ပထမတန်း ထိပ်သီး စာရေးဆရာကြီး တမျှ မနက်ဖြန် ' ဆာ ' ဘွဲ့ ရတော့မလောက် သွေးကြီးကာ မိမိ ၏ လက်ရာများ ကို ကြည့်ရင်း တစိမ့်စိမ့် ဘဝင် မြင့်နေ ပေ၏ ။

ထို စာကြည့်ခန်း ထဲ သို့ ဘတင်  ဝင်လာပြီ ဟု ဆိုလျှင် မြင်သူတိုင်း က အချင်းချင်း လက်တို့ ကာ “ ဟော ဟိုမှာ ဦးပုည လာပြီ ၊ ဪ ဝတ္ထုရေးဆရာကြီးပါကလား ။ ကြွပါ ခင်ဗျာ ၊ အပြင်ဘက် ကို ” စသဖြင့် နောက်ပြောင်လေ့ ရှိပေ၏ ။

ဘတင် သည် စာကြည့်ခန်း ထဲသို့ ရောက်ရှိလာကာ ဟိုဟိုဒီဒီ လှမ်း ကြည့်ပြီးနောက် မိမိ အား လာ၍ ထိုင်စေရန် ခေါ် သကဲ့သို့ ပြုံးရယ်နေကြသော တက်လူ ၃ - ၄ ယောက် ဝန်းဝိုင်း၍ ထိုင်နေသည့် စားပွဲ သို့ ရောက်သွားလေ၏ ။

“ ဘယ့်နှယ် ဦးရွှေဂဠုန် ရဲ့ ၊ နောက်ထပ်ပြီး ဝတ္ထု မရေးတော့ဘူးလား ၊ ခင်ဗျား ဝတ္ထုတွေ လည်း မဖတ်ရတာ အတော် ကြာပြီ ။ အတော်ကြာ ဆို မွေးကတည်း က ဆိုပါတော့ ” ဟု တစ်ယောက်  က စ လိုက်သဖြင့် ...  ။

အခြား တစ်ယောက် က ဝင်၍ “ ကိုယ့်လူတွေ မဖတ်ရချင်လို့သာ ရှိရမယ် ၊ ဟို အယ်ဒီတာ စက္ကူခြင်း ထဲ မှာ တစ်ပုံကြီး ”

“ အယ်ဒီတာ တစ်ယောက် တော့ ဖြင့် သူ့ ဝတ္ထု ကို ဖတ်ရင်း စိတ်ညစ်လို့ သေရှာပြီ ” ဟုနောက် တစ်ယောက် က ပြောပြန်လေ၏ ။

ဘတင် သည် ၎င်းတို့ ပြောသမျှကို ပါးစပ် အဖြီးသား နှင့် နားထောင် ၍ နေပြီးမှ “ ကဲ ...  ထပ်ပြီး နောက်ဖို့ ကျန်ကြသေးသလား ” ဟု မေး၍ အားလုံးက ဘာမျှ မပြောဘဲ ရယ်မောနေကြသော အခါမှ မျက်နှာထား တည်ကြည်စွာ ဖြင့် “ အခုကျွန်တော် ဝတ္ထုရှည်ကြီး တစ်ပုဒ် ရေးနေတယ်ဗျ ” ဟု ပြောပြ လေ၏ ။

“ ဘယ်ကို ပို့မလို့လဲ ၊ မလွှကုန်း က ထုတ်တဲ့ အမှိုက်ပုံ မဂ္ဂဇင်း ဖို့လား ”

“ မနောက်ကြပါနဲ့ဦးလေ ၊ သူ ပြောတာ နားထောင်ပါဦး ” ဟု တစ်ယောက် က ပြောပြီး ဘတင် ဘက်သို့ လှည့်၍ “ ကိုယ့်လူ ဝတ္ထု က ဘယ်လိုတုံး ၊ စုံထောက်လား ၊ အလွမ်းလား ၊ ရာဇဝင်လား ” ဟု မေးလိုက်လေ၏ ။

“ မဟုတ်ဘူး ၊ ကျွန်တော်ရေးနေတာ အချစ်ဝတ္ထု ” ဟု ဘတင် က ပြော လိုက်သဖြင့် အလွန်ရယ် စရာကောင်းသော ပြက်လုံး တစ်ခု ကို ကြားလိုက်ကြရဘိသည့် အလား အားလုံးပင် အူလန်အသည်း လန် ဟက်ဟက်ပက်ပက် ရယ်မောကြသည် ။

ဘတင် မှာ သရော် ၍ ရယ်မောခံ ရသည့် အတွက် မျက်နှာထား ပျက် သွားပြီး “ ဘာများပြုလို့ ဒါလောက်တောင် ရယ်ကြတာလဲ ” ဟု မေးလေ၏ ။

တက်လူ နံပါတ် တစ် မှာ တော်တော် နှင့် အရယ် မရပ်နိုင်ဘဲ မိမိ ၏ ရယ်ခြင်းကိုပင် ထပ်မံ၍ - ရယ်မောနေပြီး မှ “ ခင်ဗျား လို လူ ကလားဗျာ အချစ် နဲ့ ပတ်သက်တဲ့ ဝတ္ထု ရေးတာ ၊ အချစ်အကြောင်း ခင်ဗျား ဘာ နားလည်လို့တုံး ၊ ရည်းစား မှ မထားဖူးတဲ့လူ က ” ဟု ဆိုလေ၏ ။

တက်လူ နံပါတ် နှစ် က ကြား ဝင်၍ “ ရည်းစား ထားဖို့နေနေသာသာ မိန်းမ အနား မှ ကပ်ရဲ ရဲ့လားလို့ မေးစမ်းပါဦး ၊ ရေးလိုက်တော့ဖြင့် ကောင်ကလေး က ကောင်မကလေး ကို ဘယ်လို ဖက် လိုက်တာပဲ ဘယ်လို ဆွဲ လိုက်တာပဲ ။ ဒီတော့ ကောင်မကလေး က ဟင်းနော် လက်ကြီး က သရမ်း လိုက်တာ ၊ အို ... ဒါ ဘာလဲလို့ ကြည့် ပါလား ငို လိုက်လိမ့်မယ်နော် ” ဟု ဟန်အမူအရာ လုပ်၍ ပြောကာ တဟားဟား ရယ် ပြီးမှ “ အောင်မယ်လေး ဟ ကိုရွှေဂဠုန် ရ ထင်တိုင်း လျှောက်ရေးမှဖြင့် ခက်ကုန်ရောပေါ့ ” ဟု သရော် လိုက်လေ၏ ။

“ ဒါပါပဲဗျာ ။ ခု ကာလ စာရေးဆရာတွေ ကိုယ်တိုင် နားမလည်ဘဲ နဲ့ နင်းပြီး ကြဲတာပဲ ။ သဘာဝ နဲ့ တူမယ် ၊ မတူဘူး ၊ ယုတ္တိ ရှိမယ် ၊ မရှိဘူး ဆိုတာ နည်းနည်းကလေး မှ မစဉ်းစားဘဲ ဝတ္ထု ဖြစ် ပြီးရော ဆိုတဲ့ သဘောမျိုး နဲ့ ထင်မိထင်ရာကောက်ပြီး စွပ် တာပဲ ။ ဒီလိုပြောတော့ ချိုးချိုးဖဲ့ဖဲ့ ပြောတယ် ဆိုကြမယ် ။ နို့ပေတဲ့ ဟုတ်တာတော့ ပြောရမှာပဲ ၊ ကျွန်တော့် ကို မင်း က ကော ဝတ္ထု ရေး တတ်လို့လား ဆိုရင် ရေးတော့ မရေးတတ်ဘူးပေါ့ ။ ဒါပေမဲ့ မကောင်းဘူး ၊ ကောင်းတယ် ဆိုတာလောက်တော့ အပြစ် ပြနိုင်ပါရဲ့” ဟု တက်လူ နံပါတ်သုံး က လေလုံး ထုတ်ပြန်လေ၏ ။

ဘတင် မှာ ဘေး မလှုပ်သာ ခေါင်း မလှုပ်သာ ဖြစ်ကာ အနေရ ကျပ်ပြီး ထွက်သွားတော့မည် လုပ်သဖြင့် နံပါတ်တစ် တက်လူ က ဆွဲ၍ ထားကာ “ အလကား နောက်တာပါ ဗျာ မသွားပါနဲ့ဦး ၊ ပျော်တယ်လို့ ပြက် ကလက်တယ်ပဲ အောက်မေ့ပါ ” ဟု ဆိုပြီး အခြား တက်လူ နှစ်ယောက်အား “ မနောက်ကြပါနဲ့ဗျာ ၊ သူ့ခမျာ ရှက် သွားပါဦးမယ် ၊ ဒီလိုပေါ့ ဗျာ ၊ ပညာ ဆိုတာ တစ်စ တစ်စ သင်ယူရတာပေါ့ ၊ ဒါနဲ့ တဖြည်းဖြည်း တတ်ရတာပဲ ၊ ဒါမှ တက်လူ ခေါ်တာ ” ဟု ပြောလေ၏ ။

“ သူ့ ကို တော့ ဝတ္ထု ရေးဖို့ ပညာ သင်စရာ မလိုပါဘူး ။ ရည်းစား ထားနည်း ၊ လူပျိုစကား ပြောနည်း တတ် အောင်သာ သင်ပေးဖို့ လိုတာ ၊ ဒါမှ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး ရေးမှ သူ့ ဝတ္ထု နာမည်ကျော်မှာ ” ဟု ဆိုပြီး “ ကိုယ့်လူ ရည်းစား ဘယ်နှယောက် ထားဖူးသလဲ ၊ မှန်မှန် ပြောစမ်း ” မေးရာ ...

“ ခင်ဗျားတို့ ကလည်းဗျာ သိရက်သား နဲ့ မေး ပြန်ပါပြီ ” ဟု ဘတင် က ပြောသဖြင့် ရယ်မော ကြပြန်လေ၏ ။

ထိုနောက်မှ နံပါတ်နှစ် တက်လူ က “ ကိုယ့်လူ လောက မှာ လူပျိုကလေး ဖြစ်လာပြီး ရည်းစား မထားဖူးဘူး ၊ မိန်းမ နဲ့ မတွေ့ဖူးဘူး ဆိုတာ ယောက်ျား ဖြစ် အရှုံး ဆုံးပဲ ။ လောက မှာ လည်း  ၊မကောင်း သံသရာ မှာ လည်း မကောင်း တဲ့ ဟာ တစ်မျိုးပဲ ” ဟု ပြောရာ ... 

နံပါတ်တစ် က “ ခင်ဗျား အခုထက် ထိ ရည်းစားကလေး တစ်ကောင် တစ်မြီး မှ မထားဖူးတာ အံ့သြပါရဲ့ဗျာ ” ဟု ဆိုလေ၏ ။

“ မအံ့သြကြ နဲ့ ကိုယ့်လူ တို့ သူ့ ကိုယ်နှိုက် က အဖြစ် မရှိတာ ၊ ထားချင်လိုက်သမှ သူ့ ခမျာ သေလုမြောပါး ဖြစ်နေတာ ၊ နို့ပေတဲ့ မိန်းကလေး မြင်ရင်ပဲ သူ့ ကို ကိုက်စားတော့ မလိုလို ၊ သွားပြီး စကား ပြောရင်ပဲ ပါး ချ ခံရတော့မလိုလို နဲ့ အလကား နေရင်း ကြောက်ချေး ပါ နေတာ ၊ ဒါနဲ့ပဲ ကြက်ဖကြီး လို ရစ်သီရစ်သီ နဲ့ ပုဆိုး နွမ်း တာပဲ အဖတ်တင်တယ် ” ဟု နံပါတ်သုံး က ပြောပြလေ၏ ။

ထိုအခါ ဘတင် က “ ဒီလိုလည်း မထင်ကြပါနဲ့ဗျာ ၊ ကျွန်တော် က စိတ်အနှောင့်အယှက် ပေးတတ်တာမျိုးကို မနှစ်သက်လို့ပါ ။ ရည်းစား ထားတယ် ဆိုတာ အနှောင့်အယှက် တစ်မျိုးပဲ ။ ကျွန်တော်တို့ လို ဝတ္ထုရေးတဲ့ လူတွေနဲ့ ဆိုတော့ မကိုက်ဘူး ” ဟု ပြောလိုက်ရာ နံပါတ်နှစ် က “ မဆိုင်လိုက်တာ ကိုရွှေဂဠုန် ရာ ၊ ဒီလိုသာဖြင့် ဝတ္ထုရေးဆရာတွေ ဟာ မယား မယူရ ၊ ရည်းစား မထားရတော့ဘူးပေါ့လေ ၊ အင်း ...  ဒါတွေကြောင့် ဝတ္ထုရေးဆရာကြီး ရွှေဂဠုန် ...  ရွှေဂဠုန် နဲ့ နာမည် ကြီးနေတာပဲထင်ပါရဲ့” ဟု သရော် ၍ ပြောဆို ရယ်မောလေ၏ ။

“ သူ့ ခမျာ ရှက်လို့ ဖွင့် မပြောတာပါဗျာ ၊ ရည်းစား လည်း မရှိဘူး ၊ ပိုးလဲ မပိုးရဲဘူး ဆိုတာ အမှန် ပဲဗျ ၊ ပီယဆေးကလေး ဘာကလေးများ ရှိရင် ပေးလိုက်ကြပါဦး ” ဟု နံပါတ်တစ် က ပြောလိုက် သဖြင့် ...

“ လိုချင်ရင် ရနိုင်ပါတယ်ဗျာ ၊ ကျွန်တော့်မှာ ဆေးနည်းကောင်း ရှိတယ် ” ဟု နံပါတ်သုံး က ပြောကာ ဘတင် ဘက်သို့ လှည့်၍ “ ကိုယ့် လူ ပီယဆေး ဆောင်မလား ” ဟု မေးလေ၏ ။

ဘတင် မှာ ပြုံး၍သွားပြီး “ ခင်ဗျား ဆေးနည်းက ပြောစမ်းပါဦး ” ဟု မေးမှ ...

“ ဆေးနည်း ကတော့ အုန်းမှုတ်ခွက် ထဲ ရေ ထည့် ဆေးတာပဲ ၊ ဒီနည်း ထက် တော့ ကောင်းတာ မရှိဘူး ” ဟု ဆိုလိုက်သဖြင့် အခြား တက်လူ နှစ်ယောက် မှာ တခွီးခွီး ဖြစ်၍ နေကြပြီး နံပါတ် တစ် က “ မယ်တော်ကြီးပေးတဲ့ ဆေးနည်း ထင်ပါရဲ့” ဟု ဆိုကာ ကိုယ့် စကား နှင့် ကိုယ် ကျ ပြီး အူနှိပ် ၍ ရယ် ပြန်လေ၏ ။

ထိုအခါ မှ နံပါတ်နှစ် က ဣန္ဒြေ ဆည်ထားသော မျက်နှာ နှင့် “ ကိုယ် မှာ ပီယဆေး တကယ် ကောင်းတာ ရှိတယ် ” ဟူ၍မှ စကား မစရမီ တက်လူတွေ ရယ်၍ နေကြသဖြင့် “ ရယ်စရာ လုပ်တာ မဟုတ်ဘူး ၊ အတည် ပြောနေတာ ၊ အင်းအိုင်လက်ဖွဲ့ မဆောင်ရဘူး ၊ ကိုယ့် ဆေး က အဂ္ဂိရတ် ထိုးတဲ့ ရွှေပြား နဲ့ ဆေး နဲ့ ရောထားတဲ့ ပြာ ၊ တကယ် စွမ်းတယ် ” ဟု ပြောလိုက်မှ အားလုံး အရယ် တိတ်ကာ အံ့ဩသော မျက်နှာနှင့် ၎င်းအား ကြည့် နေကြလေ၏ ။

ထိုနောက်မှ နံပါတ်တစ် က “ ဒီလိုဆိုရင်လည်းဗျာ သူ့ ကို နည်းနည်း တောင်း ပေးလိုက်ပါ ။ ဘယ်လောက် ကန်တော့ရမှာလဲ ” ဟု မေးလေ၏ ။

“ ဘုန်းကြီးပဲ ငွေ မလိုပါဘူး ၊ ဖယောင်းတိုင်ကလေး ဘာကလေး သဒ္ဓါသလောက် လှူရင် ပြီးတာပါပဲ ” ဟု ဆိုပြီး ဘတင် ဘက်သို့ လှည့်၍ “ ကိုယ့်လူ ယူမယ် မဟုတ်လား ” ဟု မေးလေ၏ ။

ထိုအခါ ဘတင် ပြောရမည့်အစား နံပါတ်သုံး က ဝင်၍ ရှေ့နေ လိုက်ကာ “ ယူမှာ ပေါ့ ဗျာ ပီယဆေး ဆိုတာ ဘယ် လူပျို မဆောင်ချင်ဘဲ နေပါ့မလဲ ” ဟု ပြောလေ၏ ။ ဘတင် မှာမူ ပြုံးပြီး ကြီး လုပ်၍သာ နေလေ၏ ။

“ နို့ပေတဲ့ ဆောင်တဲ့ လူ ကလည်း ယုံမှ ဆေးလည်း ပိုပြီး ထက်တယ် ။ ကိုယ့်လူ ယုံယုံ ကြည်ကြည် သုံးမယ် မဟုတ်လား”

ဘတင် သည် ပြုံး၍ ခေါင်း ညိတ်လေ၏ ။

ထိုသို့ ပြောဆို နေကြပြီးနောက် ဘတင် ထွက်သွားသောအခါ တက်လူတစ် က နှစ် အား “ ခင်ဗျား ဗျာ ဒီလို ဆေးကောင်း ရှိရက်သား နဲ့ အစတုန်းက ကျွန်တော်တို့ ကို ပြောရောပေါ့ ” ဟု စကားနာ စကား ပြောလေရာ နံပါတ် နှစ် က ဟက်ဟက်ပက်ပက် ရယ်ပြီး “ ကိုယ့်လူ ကလည်း နော် တက်လူ တစ်ယောက် လုပ်နေပြီး အ လိုက်တာ ၊ ကိုယ် က အတည် နဲ့ နောက် နေတာ ” ဟု ဆိုလိုက် သဖြင့် နံပါတ်သုံး က ရယ်မောလေတော့၏ ။  ။

ထိုသို့ ပြောလိုက်သည် နှင့် နံပါတ်တစ် က ထပ်မံ၍ “ နို့ သူ တကယ် တောင်းနေတာ ခင်ဗျား ဘာ နဲ့ ပေးမလဲ ” ဟု မေးပြန်သဖြင့်

“ ပြာ ဆိုရင် ပြီး ရောပေါ့ဗျာ ၊ ဆေးပေါ့လိပ်ပြာ ပေးပေး ၊ စီးကရက်ပြာ ပေးပေး မသိတဲ့ လူ ယုံ မှာပေါ့ ။ ဆေးပြင်းလိပ်ကတော့ နည်းနည်းခါးတယ် ”

ထိုအခါ နံပါတ်သုံး က “ တော်တော်ကြာ ဆေး မစွမ်းဘဲ လိမ်မှန်း သိတော့ ကိုယ်တို့ တစ်တွေ ကလော်ပြီး ဆဲနေဦးမယ် ” ဟု စောဒကတက်လေ၏ ။

“ ဆေး ဆိုတာ ဘာမှ မဟုတ်ဘူး ကိုယ် လူ တို့ ရ ။ တချို့မှာ ဆေးက မစွမ်းဘဲ လူ က ယုံကြည် တာ နဲ့ ကို တကယ် စွမ်းသလို ဖြစ်သွားတာ ၊ နောက်ဆုံးတော့ စိတ် ပဲ ။ ပျောက်စေဆရာတို့ ဘာတို့ ဆိုတာ ရောဂါသည် ကို စိတ် နဲ့ ကုတာ ။ ဘုရားကု ကုတယ် ဆိုတာ ကြားဖူးမှာပေါ့ ၊ ဘယ်မှာ ဆေး ပါသလဲ ။ စိတ် က ယုံကြည်အားကိုးတာ နဲ့ ပျောက်တာ ။ ဆိုင်ကိုလိုဂျီ တို့ ဘာတို့ ဆိုတဲ့ ပညာတွေ ဟာ စိတ် ပညာတွေပေါ့ ”

“ ရောဂါ ကို သာ စိတ် နဲ့ ကုသလို့ရမယ် ၊ အချစ် ကို စိတ် နဲ့ လုပ်လို့ ရပါ့မလား ”

“ ကျပ်ပါ ကိုယ့်လူ တို့ ရာ စိတ်ညှို့အချစ်ကျမ်းတွေ ဘာတွေ မဖတ်ဖူးဘူးလား ။ ကိုယ့် စိတ် က ပြင်းထန်နေရင် စိတ်တန်ခိုးဟာ ပြန့်လွင့်သွားပြီး ကိုယ်အာရုံ စူးစိုက်တဲ့ သူ ရဲ့ စိတ် နဲ့ ပူးပေါင်းမိတယ် ။ တယ်လီပသီ ဆိုတာ အဲဒီ နည်းပဲ ။ ဘတင် အဖို့တော့ သိပ် လွယ်တာပေါ့ ၊ ဝတ္ထု ရေးနေတဲ့ လူ ဆိုတော့ စိတ်ကူး က အင်မတန် ထက်မြက်တာ ၊ နို့ပြီး သူ့ အဖို့ မှာ လူ ကလည်း လူချော ဝတ်ပုံစားပုံကလည်း စတိုင်ကျကျ မြာ ကျတဲ့ ရုပ် မျိုးပဲ ။ နို့ပေတဲ့ သူ့ ကိုယ် က မစရဲတော့ ဘယ် မိန်းမ က ကျွန်မ က ကြိုက်ပါတယ်ရှင့် လို့ လာပြီး ပြောပါမလဲ ၊ အခုလို ပီယဆေး ဆိုပြီး ပေး လိုက်ရင် ဆေးအစွမ်း ရှိတယ်လို့ ယုံကြည်ပြီး ကြံစည်ရင် တစ်ယောက် ယောက် နဲ့တော့ မုချ နေရာကျမှာ ” ဟု ပြောပြလိုက်သဖြင့် တက်လူ တစ်စု တို့ မှာ ပညာတစ်မျိုး ဆည်းပူးမိကာ ကျေနပ်၍ သွားကြလေ၏ ။

ထိုသို့ တက်လူ တို့ ၏ တက်ခေတ်ဉာဏ် ကြီးကျယ်တော် မူလှသည့် အတိုင်း စီးကရက်ပြာ မန်ကျည်းစေ့ တစ်စေ့စာ လောက် ကို အင်းချသော မှိုင်းခံစက္ကူ နှင့် ထုပ်၍ ထားကြပြီးလျှင် ဘတင်
ယုံကြည်လောက်အောင် ဂျူဘလီဟော အနီးရှိ ရဟန္တာသိမ်တစ်ခု ရှိရာသို့ ခေါ်သွားကာ ဘတင် အား ငါးပါးသီလ ဦးစွာ ခံစေပြီးမှ ဤ ဆေး ကို စားသည့်နေ့မှ စ၍ ကာမေသုမိစ္ဆာစာရကံ မကျူးလွန်ပါ ဟု သစ္စာရေ ကို သောက်စေပြီး စီးကရက်ပြာ ကို ကျွေးလေ၏ ။

တက်လူတို့ ၏ ပိပိရိရိ အလိမ် ကောင်းလှသဖြင့် ဘတင် မှာ အထူးသဖြင့် ယုံကြည်မိကာ ထို “ ပီယဆေး ” ဝမ်းထဲ ကို ဝင် မိသည့်နေ့မှ စ၍ ငါ တော့ဖြင့် အို ရချေသေးရဲ့ ၊ မိန်းမ ရချေသေးရဲ့ ဟု ကြိတ်ပြီး ကျေနပ်မိလေ၏ ။

ထိုသို့ ပြာ ကျွေးပြီးသည် နှင့် တစ်ပြိုင်နက် နှစ်နံပါတ် တက်လူ က “ ဘယ့်နှယ်လဲ ကိုယ့် လူ ဘယ်လို အရသာ တွေ့ရသလဲ ” ဟု မေးရာ ဘတင် သည် မျက်လုံးကလေး အပေါ်လှန်ပြီး အာခေါင် ကို လျှာ နှင့် လူးကာ အရသာ စူးစမ်းကြည့်ပြီးမှ “ ချဉ်တင်တင် ဖန်ဖန် တန်တန် နေတယ်ဗျ ” ဟု ပြောသဖြင့် ... 

“ ဟဲ ...  ဟဲ ။ အဲ့ဒါ ဆေး စွမ်းကြောင်း ပြတာပဲ ။ ခါး ရင် ဆေး မစွမ်းဘူး ” ဟု ပြော လိုက်သည့် အတွက် ဘတင် မှာ ပြုံးပြုံးကြီး ဖြစ်သွားလေ၏ ။

“ ကိုယ့် လူ သူဌေးသမီးများ ရရင် ကိုယ်တို့ ကို မမေ့နဲ့နော် ” ဟု တက်လူနံပါတ်သရီး က သဖြီး နှင့် ပြောလေ၏ ။

ထိုနောက် သိမ် ထဲ မှ ထွက်ခဲ့ကြကာ ပြန်လာကြရာ တွင် ဓာတ်ရထားပေါ်တွင် မြင်မြင်သမျှ မိန်းမ တို့ ကို ဘတင် သည် စေ့စေ့စပ်စပ် ရဲရဲတင်းတင်း ကြည့်၍ လိုက်ပါလာရာ သုံးယောက် သော တက်လူတို့ မှာ ရယ်ချင် လှသဖြင့် ဒုက္ခကြီးစွာ မျိုသိပ်၍ ထားကြရလေ၏ ။

ဘတင် ၏ ထူးခြားစွာ အကြည့်ရဲခြင်း ကြောင့် အချို့မိန်းမများ မှာ ခါးပိုက်နှိုက် လား ၊ မိန်းမထိန်း လား ဟု မသင်္ကာဘဲ အရိပ်အကဲ ကြည့် နေကြသည် ကို ပင် ဘတင် မှာ ငါ ၏ အညှို့ဓာတ် ကို ဘယ် မိန်းမ မှ မခံရပ်နိုင်ပါကလား ဟု ပီတိတရွှမ်းရွှမ်း ဖြစ်နေလေတော့၏ ။

ထိုနောက် စာကြည့်ခန်း သို့ ရောက်ကြပြီး လူစု ခွဲလိုက်ကြသောအခါ ဘတင် မှာ ယနေ့ အဖို့ ဆေးတန်ခိုး သိရအောင် မိရာမိန်းမပျို ကို အတွေ့ စမ်းမည်ဟု စိတ်နှလုံး ပြုလိုက်လေ၏ ။

သို့နှင့်ပင် ဘတင် မှာ ဝတ္ထုရေးရန် စားပွဲ တွင် မထိုင်နိုင် ၊ စိတ်ကူးဉာဏ် မထုတ်နိုင်ဘဲ ချစ်ဖို့ ပိုးဖို့ လောက် ကိုသာ အာရုံ စော၍ နေခြင်းဖြင့် လျှောက်၍ လည်လေရာ စတားရုံ နှင့် မနီး မဝေး ရှိ လက်ဖက်ရည်ဆိုင် သို့ ရောက် လာလေ၏ ။

ထို ဆိုင်သို့ ရောက်သည်တွင် ဘတင် မှာ မိမိ ဆေးတန်ခိုး ပြလေပြီ ဟု ယုံကြည်မိလေ၏ ။ အကြောင်းမူကား မိမိ နှင့် မနီးမဝေး ၌ ရှိသော စားပွဲ တွင် အသက် ၂၂ နှစ် အရွယ် ရှိ ဖြူဖြူတုတ်တုတ် တရုတ်ကြိုက်ရုပ်ဖော အပျိုချော တစ်ယောက် ကို တွေ့ ရခြင်းဖြစ်ပေ၏ ။ ထို မိန်းကလေးမှာ တစ်ယောက် တည်း မဟုတ်ဘဲ အသက် ၃၀ ကျော် ခန့် ရှိ မိန်းမတစ်ယောက်လည်း အတူတူပါ လာလေ၏ ။ သို့ရာတွင် ထို မိန်းမ မှာ ဘတင် ကို ကျောပေးလျက် ထိုင် နေသဖြင့် ဘတင် မှာ ထို အပျိုချော ကို ရဲရဲတင်းတင်း ကြည့်ရှု ဝံ့လေ၏ ။

ထိုသို့ ကြည့်ရင်း မိန်းမပျို ၏ မျက်လုံးများ နှင့် မကြာခဏ ဆုံလေရာ ထိပြီ ဟ ၊ ငြိပြီ ဟ ၊ ပွတာပဲ ဟု အောက်မေ့လျက် ထိုင်ရာ မှ ထပြီး စားပွဲခုံ ကို လက်သီး နှင့် ထုကာ ကြုံးဝါးလိုက်ချင်မိ တော့၏ ။

ထို အပျိုချော သည်လည်း ဘတင် ကို ကြည့် နေရာမှ အဖော်မိန်းမ အား တစ်စုံတစ်ရာ ပြောလိုက်သည် ကို တွေ့ရပြီး ထိုမိန်းမ လည်း လှည့်၍ ကြည့် သည် ကို မြင်ရပြန်သောအခါ ဘတင် မှာ “ အောင်မယ် နှစ်ကောင်တွဲများ စွဲ နေဦးမှာလား ” ဟု ကျိတ်ပြီး ဝမ်းသာမိပြန်လေ၏ ။

ထိုနောက်မှ ငါ ဒီလို ကြည့်နေရုံနဲ့ မပြီးသေး ၊ မျက်နှာချို သွေးပြီး ညု လိုက်ဦးမှပဲ ဟု ကြံမိ သည့် ခဏ၌ ငါ မျက်စ ပစ် လိုက်လျှင် ထပြီး ဆဲဦးမှာလားဟု ရွံ့ ၍ သွားပြီးမှ ဆေးပြား ကို သတိ ရကာ ရဲတင်း၍ လာပြီးလျှင် မချိုမချဉ် မျက်နှာထား နှင့် လျှာ ထုတ်၍ ပြလိုက်လေ၏ ။

ယင်းသို့ လျှာ ထုတ် ၍ ပြ လိုက်လျှင်ပင် ယဉ်စစ အပျိုချော မှာ မနောတွင် အကြည် ဆိုက်သွား သကဲ့သို့ မပြုံး တပြုံး မျက်လုံးကလေး ကလယ်ကလယ် နှင့် ဖြစ်သွားသည် ကို တွေ့ရသောကြောင့် ဘတင် မှာ စိန်လက်စွပ် ဝတ်ချင် သလိုလို ဟိုဒင်းကို ပြုရတော့ မလိုလို ဖြစ် သွားလေတော့၏ ။

ထိုအခိုက်တွင် အဖော် မိန်းမ က “ လာအေ သွား ရအောင် ၊ အချိန် နီးပြီ ထင်ပါရဲ့” ဟု ဆိုလိုက် သဖြင့် မိန်းမပျိုကလေးလည်း ထိုင်ရာမှ ထရာတွင် ဘတင် မှာ ၎င်းတို့ နောက်က လိုက်သွားရ ကောင်း မည်လား ၊ ဒီနေရာတွင် ဇာတ် သိမ်းရ ကောင်းမည်လား ဟု စဉ်းစား၍ ရှိနေဆဲ ၊ အပြင်သို့ အထွက် တွင် ထို မိန်းမပျို က လှည့် ကြည့်ကာ ပြုံး ပြလိုက်သဖြင့် ဘတင် ၏ စိတ် တွင် ဤသို့ ပြုံးချက် ထူးသော အလိုမှာ အစ်ကို လာပါ ခေါ်တာပဲ ဟု အဓိပ္ပာယ် ပြန်မိကာ ထ၍ လိုက်လေ၏ ။

စတားရုံ ရှေ့သို့ ရောက်သောအခါ ထို နှစ်ယောက် တို့ ရပ် နေကြသည် ကို တွေ့ရသဖြင့် ရုပ်ရှင် ကြည့်မည် ကို အတပ်စွဲ သိပြီး မိမိ လည်း ကြည့်ရှုရန် ဆုံးဖြတ်လိုက်မိလေ၏ ။ 

သို့ဖြစ်၍ ရုံ ဖွင့်သည့်အခါ ထို နှစ်ယောက် တို့ ဝင်သွားရာအတန်း သို့ စွပ်၍ ဝင်သွားရာ လက်မှတ်စစ် က တား ထားမှ လက်မှတ် မဝယ်ရသေးသည်ကို သိပြီး လက်မှတ် ပြန်၍ ဝယ်ပြီး မှ ဝင် ရသဖြင့် အတော်ကလေး အလှမ်းကွာကွာ တွင် နေရာ ရလေသောကြောင့် အောင့်သက်သက်ကြီး ဖြစ်သွားလေ၏ ။

ထိုအခါတွင် မိမိ ဝင်လာသည် ကို မသိကြသဖြင့် မိမိ အား မကြည့်ကြသောကြောင့် ဆေး အစွမ်းဖြင့် မဆွဲညှိ နိုင်တော့ဘဲ ချောင်းအစွမ်း ဖြင့် တဟွတ်ဟွတ် ပြုလုပ်ကာ မိမိ အား ကြည့်အောင် လုပ် ရလေ၏ ။

သို့သော် ရုပ်ရှင်ရုံ ထဲ တွင် ဖြစ်သဖြင့် လူ အများ ရှေ့တွင် ထင်သလို မညုဝံ့ ၊ ထိုသို့ ပြုရန်လည်း အချိန်များစွာ မရသဖြင့် အားရပါးရ ကြည့်ဖို့ ကိုပင် အထူး အားခဲ နေရကာ ရုပ်ရှင် ပြရင်း မကြာခဏ ကား ပြတ်၍ မီး လင်းပါစေ ၊ အနား ပေးချိန်ကြာကြာ ဆွဲပါစေ ဟု ဆုတောင်း မိလေ၏ ။ သို့ရာတွင် ထို ဆုတောင်း နှင့် တစ်ချက် မှ မကိုက်သောကြောင့် ရုပ်ရှင် မြန်မြန် ပြီးပါစေဟု တစ်မျိုး ဆုတောင်းရ ပြန်လေ၏ ။  ။

သို့နှင့် ကား ပြီးသောအခါ အပြင်သို့ ပြွတ်သိပ် တိုးကြိတ်၍ ထွက် ကြရာ ဘတင်မှာ ထို သူငယ်မ ကို မျက်ခြည်မပြတ် ရအောင် အတော်ဂရုစိုက်၍ ကြည့် နေရင်းက ၎င်းတို့ သည် လန်ချား တစ်စီးပေါ် တက်၍ ထွက် သွားကြသည် ကို မြင် ရသောကြောင့် မိမိ လည်း လန်ချားတစ်စီး ကို ခေါ်ကာ နောက် က လိုက်လေ၏ ။

ထိုသို့ လိုက်ရင်း ရှေ့က လန်ချား ပေါ် မှ နောက်သို့ လှည့်ကြည့် လှည့်ကြည့် နှင့် လုပ်နေသည် ကို တွေ့ ရလေရာ ဘတင် မှာ ဤ ဇမ္ဗူ တွင် ငါ့ လို လူမရှိ ဟူသလောက် လန်ချား ပေါ်တွင် ထ ၍ ခြေက က လိုက်ချင်မိလေတော့၏ ။

သို့နှင့် ဗိုလ်တထောင် ဘက် ဆီသို့ ရောက်ရှိသွားကာ လမ်းတစ်လမ်း ထဲ သို့ ချိုးဝင်၍ အသွား တွင် မိမိ လန်ချား ကို အရှိန် သတ်ကာ ‘ အပ်စတေးစပိ ' နှင့် အလိုက် ခိုင်းလေ၏ ။

ထို နှစ်ယောက် သည် အိမ် တစ်အိမ်ရှေ့တွင် လန်ချား ဆိုက် ၍ ပိုက်ဆံ ပေးပြီး အခန်း နှစ်ခု ကို ခြား ထားသော လှေကား ပေါ် သို့ အတက် တွင် ဘတင် သည် အိမ်ရှေ့ သို့ ရောက် လာလေ၏ ။ မိန်းမကြီး က ရှေ့ ကတက်၍ အပျိုချော က နောက်က တက်ကာ လှည့် အကြည့် ဘတင် ကို အမြင် လက်ယပ် ပြ ၍ သွား သဖြင့် ဘတင် စကြဝဠာကြီး ချာလည် လည်၍ သွားသကဲ့သို့ ဝမ်းသာ ၍ သွားလေ၏ ။ စီး လာသော လန်ချားကုလား လည်း ထို နေရာတွင် ဆိုက်မည် ပြုသဖြင့် တချောင်းချောင်း အမိန့် ပေးကာ ရှေ့သို့ ဆက်၍ သွား စေရလေ၏ ။

ထိုနောက် ဆိုင် ထဲ ကို ဝင်၍ လက်ဖက်ရည် တစ်ခွက် မှာ ပြီး လက်ဖက်ရည် ကို မသောက်နိုင်ဘဲ ဆိုင်ပေါက် က ထွက်ပြီး အပျိုချော တက် သွားသည့် အိမ် ဆီ ကိုသာ မျှော် နေလေ၏ ။

အတန် ကြာသောအခါ မိန်းမပျိုသည် အိမ်ရှေ့ ဝရန်တာ သို့ ထွက် လာကာ ဟိုဟိုဒီဒီ ကြည့်လေရာ ဘတင် နှင့် အကြည့်ချင်း ဆုံသည်တွင် ဘတင် သည် ပြီး၍ ပြလိုက် သဖြင့် ၎င်းလည်း ပြန်၍ ပြုံး ကာ အိမ် ထဲသို့ ဝင် သွားပြန်လေ၏ ။ ဘတင် သည် ဆက်လက် မျှော်နေပြန်ရာ ကာကာကုလား က လက်ဖက်ရည် အေး ကုန်တော့မည် ဟု ပြောသဖြင့် ဟန် မပျက်ရအောင် လက်ဖက်ရည်စားပွဲ တွင် သွား ရောက် ထိုင်လိုက်ရလေ၏ ။

ထိုသို့ လက်ဖက်ရည် သောက်နေစဉ် တစ်စုံတစ်ရာ ကို တွေ့မြင်ရသဖြင့် ဘတင် မှာ မိမိ မျက်လုံး ကို ပင် မယုံချင် ဖြစ်မိပေ၏ ။ အကြောင်း မူ ကား အဆိုပါအပျိုချော သည် ချိုင့်တစ်လုံး ကို ဆွဲကာ ဆိုင် ထဲသို့ဝင် လာသည် ကို တွေ့ ရသောကြောင့် ဖြစ်၏ ။

ထိုခဏ တွင် ငါ နှုတ်ဆက်လိုက်ရ ကောင်းမည်လား ဟု တွေးတော ကာ အရဲစွန့်ရန် ချီတုံ ချတုံ ဖြစ်နေလေ၏ ။ အပျိုချော လည်း လက်ဖက်ရည် ဖျော်သော ကုလား၏ ခုံ ပေါ်တွင် ချိုင့် ကို ချကာ လက်ဖက်ရည် မှာ ပြီး ဘတင် ဘက်သို့ လှည့် ကြည့်၍ မျက်လုံးချင်း တွေ့ သည်တွင် “ ရှင် ဘာလုပ်နေ သလဲ ” ဟု နှုတ်ဆက် မေးမြန်းရာ ဘတင်မှာ မိမိ နား ကို မယုံဘဲ ရှိပြန်လေ၏ ။

ဘတင် မှာ ပါးစပ်ကြီး အဖြဲသား နှင့် ရှိနေပြီးမှ ထိုင် ရာက ထ ကာ အနားသို့ ကပ် သွားပြီး ခင့် မျက်နှာကလေး ကြည့်လို့ မဝနိုင်လွန်း လို့ လိုက် လာခဲ့တာ ဟု မိမိ ၏ ဝတ္ထု တစ်ပုဒ် တွင် သုံးခဲ့ဖူးသည့် အတိုင်း အရဲစွန့်၍ ကြိတ် လိုက်လေ၏ ။

“ ဒါလောက်ပဲ လှသလား ရှင် ”

“ လှ လို့ပေါ့ ခင်ရယ် ၊ အမရာ ကိန္နရီ မဒီ သမ္ဘူလ တို့ လို ၀၀တုတ်တုတ် ရုပ်ကလေး က ချောတော့ ”...  ဟု ဆိုရင်း ကျက်မှတ်ဖူးသော စာ ကို မေ့၍ နေသဖြင့် အင်းအင်း နှင့် တံတွေး နင် လေရာ ... 

“ ချောတာ နဲ့ ဘာဖြစ်လဲ ” ဟု ပြုံးပြုံးကလေး မေးလိုက်သောကြောင့် “ ချောတော့ ချစ်တာပေါ့ ” ဟု ဇွတ်နှစ် ၍ ပြောလိုက်ပြီး အခု ဖိနပ် နှင့် ကောက်ချလျှင် ဘယ် ပြေးရပါ့မလဲ ဟု ထွက်ပေါက် ကို မှန်းကာ တာစူ၍ နေလေ၏ ။

သို့သော် မိန်းမပျိုကလေး သည် အပြုံး မပျက် သည်ကို တွေ့ ရမှ စိတ် အေးသွားပြီး “ပီယဆေး ကွ ပီယဆေး ” ဟု ကျိတ်၍ ဝမ်းသာ ကာ စကား လာ ကိုစောင့် နေလေ၏ ။

“ တွေ့တာမှ မကြာသေးဘူး ရှင် ၊ မြင်မြင်ချင်း ချစ်တယ် ဆိုတာ မယုံနိုင်ပါဘူး ”

ဘတင် သည် မိမိ ဝတ္ထု ထဲ ကလို စခန်း သွား တော့မည် ဟု အားခဲကာ

“ လဖ်အက်ဖတ်ဆိုက် ဆိုတာ ဒီလို အချစ် မျိုး ပေါ့ ”

“ အို ရှင် တို့ အင်္ဂလိပ် စကားတွေ နား မလည်ပါဘူး ။ လပ်အက်အက် ကိုးအက်အက်ကုလား သုံးစီး ပဲ ဖြစ်ဖြစ် မယုံနိုင်ပေါင် ”

ဟု ဆိုသဖြင့် အချေရ ခက်နေလေ၏ ။

သို့ဖြစ်၍ ထို စကား ကိုပြောင်းပြီး “ ခင့်နာမည် ဘယ်လို ခေါ်သလဲ “ ဟု မေးလေ၏ ။

“ ညွန့်ရှင် တဲ့ ” ဟု ဆိုပြီး “ ကျွန်မ သွားတော့မယ် ” ဟု ပြော လေရာ ...

“ မောင် ကော မလိုက်ရဘူးလား ” 

“ လိုက်ခဲ့လေ လိုက် နိုင်ပါတယ် ”

“ အိမ် မှာ လူကြီးတွေ မရှိဘူးလား ” 

“ ရှိကော ဘာဖြစ်လဲ ” ဟု ဆိုပြီးနောက် “ နေဦး ကျွန်မ သွားနှင့်မယ် ၊ အပေါ် က လက်ယပ် ခေါ်တော့မှ လိုက်ခဲ့ ” ဟု မှာသွားသဖြင့် ဘတင် မှာ ပီတိသောမနဿ စိတ် တွေ နစ်မွန်းလျက် ကျန်ရစ်ခဲ့လေ၏ ။

ဘတင်မှာ ရင်တွင်း က ဖိုးကျိုင်းတုတ် ဖိုးကျိုင်းတုတ် နှင့် စောင့်မျှော်နေရာ က လက်ယပ် ၍ ခေါ်သည် ကို တွေ့ ရသည်နှင့် တစ်ပြိုင်နက် ကတိုက်ကရိုက် နှင့် တက် ၍ သွားပြီး အခန်း တွင်း သို့ ဝင်မည် ပြု တော့မှ ကြောက်ရွံ့သောစိတ် အနည်းငယ် ပေါ်၍ လာလေ၏ ။

သို့သော် မိန်းမပျိုကလေး က ဖော်ရွေစွာ ဖြင့် “ ဝင်လေ ” ဟု ခေါ်လိုက်သဖြင့် ရဲတင်း၍ သွားကာ အခန်းတွင်း သို့ ဝင်၍ ကုလားထိုင် တစ်လုံး ပေါ် တွင် ထိုင် နေပြီး အခြားသော သူ များ  ရှိ နေသောကြောင့် စတင်၍ စကား ပြောရန် မရဲဘဲ အခန်းတွင်း ၌ လှပစွာ ပြင်ဆင်ထားသော ဘုရားစင် ကို စိုက်ကြည့်နေလေ၏ ။

ထိုအခါမှ မိန်းမကြီး တစ်ယောက် က “ မညွန့်ရှင် ညည်းတို့ စကား ပြောချင်ရင် အထဲ သွားကြပါလား ” ဟု ဆိုလိုက်သောကြောင့် ဘတင် မှာ အခန်းတွင်း ၌ ထိုင်စရာ စားပွဲကုလားထိုင် မရှိ သဖြင့် ခုတင်ပေါ်တွင် ဝင်၍ ယှဉ်တွဲ ထိုင်ရလေရာ ဘတင် မှာ ငါ ၏ ကုသိုလ်ကံ ထူး  လေစွ   ၊ ဆေး တန်ခိုး စွမ်းလေစွ ဟူသော တွေးတောခြင်းဖြင့် နှစ်သိမ့် ဝမ်းမြောက်နေမိလေ၏ ။

“ ကိုကို နာမည် ဘယ်လိုခေါ်သလဲ ” ဟု ညွန့်ရှင် က မေးရာ ဘတင် မှာ မိမိ နာမည်ကြီး ကို မနှစ်သက်လှသဖြင့် လှပသောနာမည် ကို တွေးကာ “ ခင်မောင်တင် ” ဟု ဖြေ လိုက်လေ၏ ။

“ ကိုကိုတင် ညွန့် ကို တကယ်ပဲ ချစ် သလား ”

“ ချစ်လွန်း လို့ အရဲစွန့်ပြီး လာတာပေါ့ ”

“ ညွန့် တို့က ဆင်းရဲလို့ ကြောရုံ ကြောပြီး နောက်တော့ ပစ် သွားမှာလား ”

“ အို ... ဆင်းရဲတာ ပဓာန မဟုတ်ပါဘူး ။ ကိုကို ကျွေးနိုင်မွေးနိုင်ပါတယ် ” ဟု ပြောသဖြင့် ညွှန့်ရှင် သည် ဘတင် ၏ ရင်ခွင် တွင် ပွတ်သီးပွတ်သပ်လုပ်ကာ အိတ် ထဲ က ငွေတစ်ကျပ် ကို နှိုက် ယူလိုက်ရာ ဘတင် မှာ တဟဲဟဲ ရယ်နေရင်း က ဝတ္ထု ရေးရန် ဖူးစကတ်စက္ကူ ဝယ် ဖို့ စုဆောင်း ထားသော ငွေတစ်ကျပ် ပြုတ် မှန်း မသိ ပြုတ် သွားလေ၏ ။

ထိုသို့လျှင် ပွတ်ကာ သပ်ကာ ၊ ကလိကာ နှင့် အကြည်လုံး ဆိုက်ကြကာ တရုန်းရုန်း ဖြစ်နေကြသဖြင့် အိမ်ရှေ့မှ နေ၍ “  ကြွက်တွေနော် တယ် ကဲ တယ် ” ဟု မိန်းမခပ်ကြီးကြီး ၏ အသံကို ကြား ရမှ ငြိမ် သွားကြလေ၏ ။

ဘတင် မှာ ထို အိမ် မှ မပြန်ချင် ။ ညွန့်ရှင် အနား က မခွာချင် ရှိ နေလေရာ ညွန့်ရှင် က “ ပြန်ပါဦး ကိုကိုတင် ရယ် ၊ လူကြီးတွေ က ကြာတော့ စိတ်ဆိုး လို့ နောက် မလာရဘဲ ရှိနေဦးမယ် ” ဟု ဆိုမှ ဘတင် မှာ မခွာချင် ခွာချင်နှင့် ပြန်ရသည်တွင် ...

“ ကိုကို မနက်ဖြန် လာနော် ” ကရုဏာသံကလေး နှင့် မှာ လိုက်သော စကား မှာ နားထဲတွင် ချိုအေးသွားကာ “ လာမယ် ၊ လာပါ့မယ် ၊ ဆက်ဆက်ကြီးလာမယ် ” ဟု သွက်သွက်ကြီး ပြန် ပြောရင်း ငါတို့ နေထိုင်ရသော ဤ ကမ္ဘာလောကကြီးသည် ကား ပျော်ရွှင်ဖွယ် အတိဖြင့် ပြည့်စုံပေ၏ တကား ဟု တဖွားဖွား နှလုံးပြုကာ ဆင်း၍ လာခဲ့ပေ၏ ။

ဘတင် မှာ တက်လူတစ်စု တို့ အား အလွန်အမင်း ကျေးဇူး တင်ကာ ဝမ်းမြောက်ဖွယ်ရာစကား ကို ပြောလို လှသဖြင့် နောက် တစ်နေ့ တွင် စာကြည့်တိုက် ဖွင့် သည်နှင့် တစ်ပြိုင်နက် ဦးစွာ ရောက်ရှိနေပြီး နောက် တက်လူတွေ စုံသည့်အခါ အကုန် ဖွင့်၍ ပြောလေ၏ ။

တက်လူ တစ်စု တို့မှာ ဘတင်  ၏ စကား ကို ကြား ရလျှင် စဉ်းစားတွေဝေခြင်း ဖြစ်မိကြလျက် တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့် ကာ အကဲ ခတ်နေကြလေ၏ ။

ထိုအခါတွင် တစ်နံပါတ်တက်လူ က ဘတင် အား “ ခင်ဗျား တွေ့တဲ့ အကောင်မ ဟာ အကောင်း မှ ... ” ဟု စကား စ လိုက်သည် တွင် နံပါတ်နှစ် က တံတောင် နှင့် တွက်လိုက်သဖြင့် မဆက်ဘဲ ငြိမ် ၍ နေကြပြီး မှ အချင်းချင်း ကြည့် ၍ ရယ် ကြလေ၏ ။

ဘတင် မှာ စိတ် မလုံဘဲ မိမိကိုယ် ကို ရှေ့ပြန် နောက်ပြန်ကြည့်ကာ “ ဘာ ရယ်ကြတာလဲဗျ ” ဟု မေး လေ၏ ။

ထို စကား ကို မည်သူမျှ မဖြေမီ နံပါတ်နှစ် က “ ဝမ်းသာလို့ ရယ်တာပေါ့ ကိုယ့်လူ ရ လူ မစွမ်း တော့ ပီယဆေး မ တာပေါ့ ။ ကိုယ့် လူ လည်း အခုမှ ပဲ စွံတော့တယ် ” ဟု ပြော နေရင်း နံပါတ်သုံး က ဝင်၍  “ ကဲ ...  ကိုယ်တို့ကို ဘာ ကန်တော့မလဲ ” ဟု မေးလေ၏ ။

“ အခုတော့ နေပါဦးဗျာ ။ နောက်တော့မှပေါ့ ။ တွေ့ ရတာက သူဌေးသမီး နဲ့ မတွေ့ ဆင်းရဲတာ နဲ့ တွေ့လို့ စက္ကူ ဝယ်ဖို့ ငွေတစ်ကျပ် တောင် ပြတ်သွားပြီ ” ဟု ဆိုလိုက်သဖြင့် တက်လူ တစ်စု တို့ သည် အချင်းချင်း မျက်စ ပစ်ကာ ရယ်မောကြလေရာ ဘတင် လည်း ရောနှောရယ်မော သဖြင့် တက်လူ တို့ မှာ သာ၍ပင် ရယ် ကြပြန်လေ၏ ။

“ ကဲ ...  ခင်ဗျားတို့ ရယ် နေကြပေတော့ ၊ ကျွန်တော် လည်း ချိန်းထားတဲ့ အတိုင်း သွား လိုက် ဦးမယ် ” ဟု ဆိုပြီး ထွက်သွားရာ ကျန်ရစ်သူ တက်လူတစ်စု တို့ မှာ တတွတ်တွတ်ကျိတ်၍ ပြောဆိုလျက် ရှိကြလေတော့၏ ။

“ ကျွန်တော် တော့ ဖြင့် တယ်ပြီး မသင်္ကာဘူး ။ သူ နဲ့ တွေ့ တာဟာ အကောင်း မှ ဟုတ်ပါလေစ ”

“ ကိုယ်တို့ စာရေးဆရာကြီး ရွှေဂဠုန် တော့ နတ်ပြည် ရောက်သွားတာပဲ ထင်ပါရဲ့  ၊ ဒါလောက် လွယ် တာတော့ မနူရင်သာ ရှိရမယ် အကောင်း တော့ မဟုတ်ဘူး ဟဲ ...  ဟဲ ... ”

“ ဒီလိုဆိုရင် အကြောင်း သိရအောင် ကျွန်တော် နောက်ယောင် ခံပြီး လိုက် ဦးမယ် ” ဟု နံပါတ်သုံး က ပြောသဖြင့် အားလုံး သဘောတူကာ အလိုက် ခိုင်း လေ၏ ။

နံပါတ်သုံး ထွက် သွားပြီး နာရီဝက် မပြည့် တပြည့် အကြာတွင် အခန်းတွင်း သို့ ပြန်၍ ရောက် လာကာ ဘာ စကားမျှ မပြောနိုင်သေးမီ အူနှိပ်၍ ရယ်နေသဖြင့် “ ပြောပါဦး ၊ နောက် မှရယ်စမ်းပါ ကိုယ်တို့ လည်း ရယ်ပါရစေဦး ” ဟု ဆိုမှ ... 

“ အစစ်ပေါ့ ဗျ ၊ ဟို ပေါက်ဖော်ကြီး ပြောတာ လို ” ဟု ဆိုလိုက်သဖြင့် ဝါးကနဲ ဖြစ်သွားကြ လေ၏ ။

“ ခင်ဗျား ဘာပြုလို့ သိနိုင်သလဲ ”

“ မသိဘဲ နေပါ့မလား ၊ ကျုပ်လည်း တက်လူ ပဲ ” ဟု ဆိုလိုက်သဖြင့် ပွဲ ကျ၍သွားကာ “ လူတတ်ကြီး လုပ်ပြီး တိုင်းပြည် ကို ညာနေတဲ့ စာရေးဆရာကြီး တော့ ထိပြီ ” ဆို၍ ရယ်ကြပြန်လေ၏ ။

ထိုသို့လျှင် ဘတင် ကို အကြောင်းပြု၍ ရယ်ပွဲကြီး တွေ့ကြရကာ အဘယ်မျှ ရယ်ရဦးမည် ကို စောင့်စား၍ နေကြသည်တွင် ဘတင် ညွန့်ရှင် ကို အစွဲကြီး စွဲ၍ နေပြီး နေ့စဉ်ရက်ဆက် သွား၍ နေလေသောကြောင့် “ ကျုပ်တို့ လူ ဒီလိုဆိုရင် မဖြစ်ချည်ဘူး ၊ ရောဂါတွေ ဘာတွေ ရ နေမှဖြင့် တက်လူ တစ်ယောက် အညွန့် တုံး နေပါဦးမယ် ၊ လုပ် ကြဦးမှပဲ ” ဟု တစ်ယောက် က အကြံ ပေးလိုက် , သောကြောင့် တက်လူ တစ်စု တို့ မှာ ဘတင်အား အဝိဇ္ဇာ ညွှတ်ကွင်း မှ လွတ်ကင်းအောင် ကယ်တင် ဖို့ကို ကြံစည် ကြရလေ၏ ။

သို့ဖြစ်သည့် အတိုင်း တက်လူတို့ သည် လူချင်း ခွဲကာ ဘတင် နှင့် တစ်ယောက်ချင်း တွေ့ ကြပြီး “ ခင်ဗျား ကို ပေးတဲ့ ပီယဆေး ဟာ အကောင်း မထင် နဲ့ လိမ်ပြီး ပေးတာ ” ဟု တစ်ယောက်က ပြောလေ၏ ။

“ လိမ်ပေးကော ဘာဖြစ်လဲ ညွန့် နဲ့ ကျွန်တော် နဲ့ ကြိုက် ကြတာသာ လိုရင်းပဲ ” ဟု ဆိုသဖြင့် နောက်ထပ်၍ မဟ နိုင် ရှိလေ၏ ။

သို့ဖြစ်၍ အခြား တစ်ယောက် နှင့် တွေ့ ရာတွင် “ ကိုယ့်လူ တော့ အကဲခတ် မှား နေပြီ ။ ကိုယ့်လူ နဲ့ ကြိုက် နေတဲ့ ငနဲမ ဟာ အကောင်း မဟုတ်ဘူး လို့ ကြားတယ် ” ဟု ပြော ရာ ဘတင် မှာ မျက်နှာ ပျက်ကာ စိတ်ဆိုးသည့် အမူအရာ ဖြင့် ... 

“ အကောင်း မဟုတ်ကော ဘာဖြစ်သလဲဗျာ ။ အနူအဝဲ ပဲ ဖြစ်ဖြစ် ကျွန်တော် ကြိုက်ရင် ယူ မှာပဲ ။ ကြား ထဲက မနာလိုစရာ မဟုတ်ပါဘူး ” ဟု ပြောလိုက်လေ၏ ။

“ ကျပ်ပါ့ ကိုယ့် လူရာ စေတနာနဲ့ ပြော နေတာ ဝေဒနာ ဖြစ် နေပါပြီ ။ ကိုယ့် လူ လည်း ရွှေဂဠုန် ရွှေဂဠုန် နဲ့ ဟိုးလေးတကျော် စာရေးဆရာကြီး လုပ် နေပြီး မစဉ်းစားတတ်ဘဲ ကိုး ”

“ အို ... စဉ်းစားတတ်လို့ ဝတ္ထုတွေ ရေး နေတာပေါ့ဗျ ။ ကျုပ်အချစ် အကြောင်း ကောင်းကောင်း နားလည်ပါတယ် ” ဟု ဆိုသဖြင့် ထပ်၍ မပြောရဲတော့ဘဲ ရှောင်လွှဲ ၍ ထွက်သွားရကာ တက်လူ တစ်စု တို့မှာ ဘတင် အတွက် အကြံ အိုက် ၍ နေကြလေ၏ ။

သို့အားဖြင့် အမျိုးမျိုး တွေးလုံးထုတ်ကြရာ ဘတင် အား ထို ညွတ်ကွင်း မှ လွတ်ကင်းအောင်  ၊ တွေးမိ ကြ၍ ပိုက်ဆံ စု မိကြသော နေ့ တစ်နေ့ တွင် ကမာရွတ်ခြံ တစ်ခြံ သို့ အပျော်အပါး စားသောက် သွားလာကြရန် စီမံကြလေ၏ ။

သို့အားဖြင့် တက်လူ သုံးယောက် နှင့် ဘတင် တို့ သည် ကမာရွတ်ခြံ သို့ ရောက် ကြကာ ချက်ပြုတ်စားသောက် ပျော်ရွှင်ကြပြီးနောက် တက်လူနှစ် က သုံး အား “ ကိုယ့်လူ မြာ တစ်ယောက် လောက် ရှာ ချေဗျာ ” ဟု စကား စ လေ၏ ။

“ အောင်မာ ခင်ဗျား က အပြော နောက် ကျနေတယ် ၊ ကျွန်တော် က ခေါ် ထားပြီးသား ။ အရှေ့ က တဲ ကလေး ထဲ မှာ ”

“ ကိုယ့် လူ ဒါမျိုးကျတော့ တယ်ပြီး တစ်ကိုယ်ကောင်း ကြံတာကိုး ” 

“ မဟုတ်ပါဘူးဗျာ ၊ အာလုံးဖို့ပါ ”

“ ကိုယ့်လူ တွေ့ပြီးပလား ”

“ ဒါမျိုး ဘယ်တော့ မှ နောက်မကျဘူး ။ ကျွန်တော်လည်း တက်လူ ပဲ ဗျ ” ဆိုကာ ရယ်မောသဖြင့် တက်လူနှစ် မှာ မနေနိုင်တော့ဘဲ ထ ၍ သွား လေ၏ ။

သို့နှင့် တက်လူတွေ လူစုံတက်စုံ ပျော်ပါးကြပြီး နောက် ဘတင် အား တိုက်တွန်းကြလေရာ ဘတင် သည် “ ဟင့်အင်း ဒါမျိုး ကျွန်တော် ဝါသနာ မပါဘူး ” ဟု အတန်တန် ငြင်း သော်လည်း မရဘဲ အတင်း တွန်းထိုး၍ လွှတ်သဖြင့် ထို တဲကလေး သို့ ရောက် သွားလေ၏ ။

ဘတင် သည် တဲ ထဲ သို့ ရောက်သွားသည် တွင် ဒူးပေါ် ပေါင်ပေါ် နှင့် ဖြစ်ချင်တိုင်း ဖြစ်နေ သော ညွန့်ရှင် ကို မြင် ရသည်နှင့် တစ်ပြိုင်နက် ရူးချင်သလို ၊ နှမ်းချင်သလို ဖြစ်သွားလေ၏ ။ ညွန့်ရှင် သည် ဘတင် ကို မြင်သည်နှင့် တစ်ပြိုင်နက် နောက်ဖေးထရံ ကို ဖြဲ၍ ထွက် ပြေးလေရာ ဘတင် မှာ ဒေါသ ဖြစ် ပေါ်လာပြီး အတင်း လိုက်လေ၏ ။

တဲ ထဲ တွင် ဝရုန်းဝရင်း ဖြစ်နေသည် ကို တွေ့ ရသဖြင့် တက်လူတစ်စု တို့ သည် ပြေး၍ လာကြလေရာ တဲ နောက်ဖေးတွင် ထမင်းရေ သွန်သည့် နေရာ ၌ ညွန့်ရှင် က ကြောက်ရွံ့ထိတ်လန့်ကာ ပု ၍ နေလျက် ၊ ဘတင် က ရေအိုးအကွဲကြီး ကို ကိုင်မြှောက်ကာ ပေါက်တော့ မည် လုပ် နေသည်ကို တွေ့ ရသဖြင့် ဘတင် ကို ဝိုင်း ၍ ဆွဲ ထားကြရပြီး ညွန့်ရှင် အား တစ်ယောက် က ခေါ်သွားရလေ၏ ။

ထိုအခါမှ ဘတင် က “ ခင်ဗျားတို့ ဘာ ကောင်းသလဲဗျ ၊ ကျွန်တော့် ရည်းစား ကို ဒီလို ဖျက်ဆီးတာ ” ဟု ဆိုရာ ... 

နံပါတ်နှစ် က ဟက်ဟက်ပက်ပက် ရယ်ရင်း “ ကိုယ့်လူ က တယ်လည်း ကျွဲမီး တို တာကိုး ၊ ကိုယ့်လူ ရည်းစား ကို ကိုယ် လည်း ဖျက်တာ မဟုတ်ဘူး ။ သူတို့ တစ်တွေလည်း ဖျက်တာ မဟုတ်ဘူး ။  ကိုယ့်လူ နဲ့ မတွေ့ရခင် ကတည်းက လူ တကာ ဖျက်ထားလို့ အပျက် ထဲ ရောက် နေတာ ၊ အောင်မလေး , အ လိုက်တာ ဆရာရွှေဂဠုန် ရာ ” ဟု ဆိုမှ ...

ဘတင် သည် လက်ထဲ က အိုးခြမ်းပဲ့ကြီး ကို ပစ်ချရင်း ခေါင်းငိုက်စိုက် ကျကာ လေးလန်သော ခြေလှမ်း နှင့် ခြံဝ ဆီ သို့ ထွက်သွားသောကြောင့်

“ ဟေ့လူ ဘယ်လဲ ဘာလုပ်တာတုံး ”

“ ပြန်မယ်ဗျာ ၊ ဘတ်စကား နဲ့ ပြန်မယ် ၊ ခင်ဗျားတို့ ချည်း နေရစ်ကြတော့ ”

“ မဟုတ်သေးပါဘူး လာစမ်းပါဦး ညနေ မှ အတူတူ ပြန်တာပေါ့ ” ဟု ဆိုသော်လည်း တား၍ မရဘဲ ဇွတ် ထွက်သွားသောကြောင့် တက်လူတစ်စု မှာ ရယ်မော၍ ကျန်ရစ်ခဲ့ကြလ၏ ။

သို့အားဖြင့် ညွန့်ရှင် နှင့် တက်လူ တစ်စု တို့ မှာ တစ်နေ့လုံး ဖြစ်ချင်သလို ဖြစ်၍ နေကြ လေတော့သတည်း ။

◾ဇဝန
     ( ၁၉၃၆ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment