Saturday, September 3, 2022

ငှက်ကလေး ( ၁၂ ) +


 

ကိုယ် ကျောင်း က ပြန်လာသောအခါ အိမ် မှာ ထုံးစံအတိုင်း ဆော်လီမား တစ်ယောက် တည်း ရှိသည် ။ သူ ကလည်း ကိုယ့် ကို ထမင်း ၊ ဟင်း မြန်မြန် ထည့်ပေးပြီး ပြန် သွားသည် ။ ကိုယ် တစ်ယောက် တည်း ကျန်ခဲ့၏ ။

ကိုယ် သည် ထမင်း ကို စိတ် မပါဘဲ စားနေရသည် ။ ခုမှ မဟုတ် ။ ရန်ကုန် က ဘွားမေသိန်း တို့ ဆီ က ပြန် လာပြီး ကတည်း က ကိုယ် ထမင်း စားလို့ သိပ် မကောင်းချေ ။ ခုလည်း ထမင်း တစ်ပန်းကန် ကို ကုန်အောင် မနည်း ကြိတ်မှိတ်ပြီး စား ရသည် ။ ဆိတ်သားဟင်း တစ်တုံး ခပ် ထည့်ထားပြီး ထပ် မထည့်ဖြစ် ။ မန်ကျည်းသီးဟင်းချို ကို ကိုယ် သောက်မှ သောက် မိပါရဲ့လား မသိပါ ။

တစ်ချက် တစ်ချက် ထမင်း စားနေတာကို မေ့ပြီး လျှောက် စဉ်းစားနေမိသည် ။ ကိုယ် သိချင်တာတွေ မှာ မသိရတာ က များသည် ။ နား မလည်နိုင်တာတွေ သာ နောက်ထပ် တစ်ခု ပြီး တစ်ခု တိုး လာသည် ။ အန်တီလူး က တစ်ခါက ကိုယ့် ကို ပြောပြတော့ ပြောပြသည် ။ သို့သော်လည်း ကိုယ် သိချင်နေသောအပိုင်း မပါချေ ။ ကိုယ် သည် ဦးလေးမောင်မောင်ကြီး ကို သွား သတိရမိသည် ။ သူ ရှိလျှင် ကိုယ့် ကို ရှင်းပြမည်လား မသိ ။

ထမင်း ဆက် မစားတော့ဘဲ ထ လိုက်သည် ။ လက် သွားဆေးပြီး လက်သုတ်ပဝါ ယူ ဖို့ စားပွဲ ကို ပြန်လာသည် ။ ထမင်းပန်းကန် ထဲ မှာ ထမင်း တော်တော် ကျန်သေးသည် ။ ဒီအတိုင်း ထားခဲ့လို့ မေမေ မြင်သွားလျှင် မေး နေဦးမည် ။ ပန်းကန် ကို ယူပြီး ထမင်းတွေ ကို သွန် လိုက်သည် ။ ပန်းကန် ကို ရေဇလုံ ထဲ ပစ် ထည့်လိုက်ပြီး ထွက် လာခဲ့သည် ။

စာ ကျက်ရဦးမည် ဟု စဉ်းစားပြီး စာရေး စားပွဲ သို့ လာ ခဲ့သည် ။ စားပွဲ မှာ ထိုင်ပြီးမှ လွယ်အိတ် က အိပ်ခန်း ထဲ မှာ ဖြစ်ကြောင်း သတိရသည် ။ ထ မယူ ဖြစ်သေးဘဲ ဒီအတိုင်း ထိုင် နေမိပြန်၏ ။ ကိုယ် သည် ကျောင်း စာ ကိုတော့ မကျက်ဘဲ မနေမိအောင် ကြိုးစားရသည် ။ တစ်ခုတော့ ရှိသည် ။ အရင်က ဆိုလျှင် စာတစ်ပုဒ် ကို ခဏလေး နှင့် ရသည် ။ သင်္ချာ တွက် လျှင်လည်း ချက်ချင်း ပြီးသည် ။ ခု တစ်မျိုး ဖြစ်နေသည် ။ စာ ကျက်နေရင်း က တခြား အကြောင်းတွေ သွား စဉ်းစားနေမိသည် ။ တစ်ခါတလေ သင်္ချာ တွက်နေရင်း ဖောင်တိန် ကို ကိုင်ပြီး ငိုင် နေမိသည် ။ သတိရ၍ ပြန် တွက်သောအခါ ဖောင်တိန် က မှင် ခြောက်ပြီး မလိုက်တော့ သဖြင့် မှင် ခါ ရသည်မှာ ခဏခဏ ပင် ။

လွယ်အိတ် သွား ယူမည် ဟု ကိုယ်တို့ အိပ်ခန်းဆီ သို့ လျှောက် လာသည် ။ ဖေဖေ့ အခန်း နား က ဖြတ် လျှောက်မိသော အခါ အပေါက် ဝ ကို လှမ်း ကြည့်မိသည် ။ ဖေဖေ့ အခန်း သည် တံခါး ပိတ်မထား ။ နည်းနည်း ဟ နေသည် ။ တံခါး အောက် မှ စာရွက်အပိုင်းကလေး တစ်ရွက် ထွက် နေသည် ။ အဲဒီကို လျှောက် သွားပြီး စာရွက် ကို ယူ၍ ဖြန့်ကြည့်လိုက်သည် ။

`အလုပ်ရုံ ၏ စုစုပေါင်းတန်ဖိုး ' ဟု အပေါ်ဆုံး က ရေး ထားပြီး အောက် က စက်ကရိယာတွေ ရဲ့ တန်ဖိုး ကို တစ်ခု စီ တွက် ထားသည် ။ အောက်ဆုံး က ` စုစုပေါင်း ရှစ်သောင်း သုံးထောင်ကျပ် '   ဟု ရေးထားသည် ။

ကိုယ့် စိတ်တွင် လုပ်ချင်တာ တစ်ခု ဖြစ် လာသည် ။ ဖေဖေ့ အခန်း ထဲ ကို ဝင် ကြည့်ချင်စိတ် ဖြစ် လာခြင်းပင် ။ ကိုယ် သည် ဦးလေးမောင်မောင်ကြီး ခေါ် သောကြောင့် စာကြည့်ခန်း ထဲ တစ်ခါ ရောက်ဖူးသည် ။ စာကြည့်ခန်း ရဲ့ ဟိုဘက် မှာ ဖေဖေ အိပ်သော နေရာ ရှိသည် ။ အထဲ ကို ဝင်ကြည့်ချင် စိတ် က အရမ်းပဲ ။ ကိုယ် အထဲ ရောက်နေတုန်း ဖေဖေ ရောက်လာမှာ ကိုလည်း ကြောက် နေမိသည် ။

အရဲ စွန့်ပြီး တံခါး ကို အသာလေး တွန်း လိုက်၏ ။ ကျွီခနဲ မြည် သွားသဖြင့် ကိုယ်လန့် သွားသေးသည် ။ စာကြည့်ခန်း ထဲ ကို ဝင် လိုက်သည် ။ စာကြည့်ခန်း ဆို သော်လည်း စာအုပ်တွေ ဘာတွေ သိပ်များများ မရှိပါ ။ ဒါကတော့ မဆန်း ။ ဖေဖေ သည် ဝတ္ထုတွေ ၊ ဘာတွေ ဖတ်လေ့ မရှိ ။ သူ့ စက်ကရိယာတွေ နှင့် ဆိုင်သော စာအုပ်တွေ သာ ရှိသည် ။ စာကြည့်ခန်း သည် အရင်တစ်ခေါက် ဦးလေးမောင်မောင်ကြီး နှင့် လိုက် ဝင်ခဲ့ရတုန်းကလောက် မရှုပ်တာ ကို တွေ့ရသည် ။ အဲဒီတုန်းက စာကြည့်ခန်း ထဲ မှာ စက်ပစ္စည်း အစိတ်အပိုင်းတွေ ဟိုတစ်စ ဒီတစ်စ တွေ့ရသေးသည် ။ ခု အဲဒါတွေ မတွေ့ရ ။ စာကြည့်ခန်း နှင့် အိပ်ခန်း ကို ကြား ထဲက စာအုပ်စင် တစ်ခု နှင့် ဗီရို တစ်လုံး ခြား၍ ကာ ထားသည် ။

အိပ်ခန်း ထဲ ဝင် ကြည့်ချင်စိတ် ကို တား လို့ မရတော့ ။ ကိုယ် ခြေလှမ်း ပြင်လိုက်သည် ။

“ မဝင်နဲ့ ”

အိပ်ခန်း အဝင် ဝ က ဗီရို မှာ ကပ် ထားသော စာ ကို မြင် လိုက်သောအခါ ဖေဖေ့ ကို မြင် ရသလို ဆတ်ခနဲ တုန် သွားသည် ။ စိတ် ကို တင်း ၍ အခန်း ထဲ ဝင် လိုက်သည် ။

ဖေဖေ့ အိပ်ရာ သည် မခင်းဘဲ ထားတာ ကြာ သောကြောင့် ဖြစ်မည် ။ ရှုပ်ပွပေကျံနေသည် ။ ခြင်ထောင် ကလည်း တစ်ခြမ်းပဲ တင် ထားသည် ။ ခေါင်းအုံး တစ်လုံး က ခုတင် ပေါ် မှာ ခေါက်ချိုး ရှိနေပြီး တစ်လုံး က ကြမ်း ပေါ် ကျ နေသည် ။ ခေါင်းအုံးစွပ်တွေ ကလည်း မည်းတူး နေတာပဲ ။ အိပ်ရာခင်း က တွန့်လိပ်ပြီး အောက် က အိပ်ရာ တစ်ဝက်လောက် ပေါ် နေသည် ။ စောင် ကလည်း ထောင့် တစ်ထောင့် မှာ လုံးထွေး နေ၏ ။ ကြမ်း ပေါ် မှာ လည်း ဆေးလိပ်ပြာတွေ ပြန့်ကျဲ နေသည် ။

ခုတင် ဘေး မှာ စားပွဲတစ်လုံး နှင့် ကုလားထိုင် တစ်လုံး ရှိသေးသည် ။ စားပွဲ ပေါ် မှာ ဝါယာကြိုးစတွေ ၊ စက္ကူစုတ်တွေ ၊ သံတိုသံစလေးတွေ ရှုပ်ယှက် ခတ်နေလေသည် ။ ကြမ်း ပေါ် ကျနေသော ခေါင်းအုံး ကို ပြန်တင်ပေးမည် ဟု ကိုင် လိုက်ပြီးမှ ပြန် တင်လိုက်လျှင် အခန်း ထဲ ကို ကိုယ် ဝင်ကြောင်း ဖေဖေ သိ သွားနိုင်သည် ဟု တွက် လိုက်ပြီး ဒီအတိုင်း ထား လိုက်၏ ။

စားပွဲ မှာ အံဆွဲ နှစ်လုံးရှိသည် ။ တစ်လုံး က သော့ ခတ်ထား၏ ။ တစ်လုံးက သော့ မရှိ ။ ကိုယ်သည် သော့ မရှိသော အံဆွဲ ကို ဆွဲ ဖွင့်လိုက်မိသည် ။ အထဲမှာလည်း စားပွဲပေါ်မှာ လိုပင် သံတိုသံစ ၊ ဝါယာကြိုးစ ၊ စက္ကူစုတ်တွေ ။ ပြီးတော့ မှောက်လျက်သား ရှိနေသော ဓာတ်ပုံမှန်ဘောင် တစ်ခု ။ ကိုယ် ယူပြီး ကြည့် လိုက်သည် ။

ကိုယ်တို့ မိသားစု ဓာတ်ပုံ ။ ဖေဖေ ရယ် ၊ မေမေ ရယ် ၊ ကိုယ် ရယ် ၊ ဖေဖေ က ကိုယ့် ကို ချီ ထားသည် ။ မေမေ က ကိုယ့် ကို ကြည့်ပြီး ရယ် နေသည် ။ ကိုယ် ကလည်း မေမေ့ ကို ပြန် ကြည့်၍ ရယ် နေသည် ။ ဖေဖေ ကတော့ ရှေ့တည့်တည့် ကို ကြည့် နေသည် ။ ဖေဖေ့ မျက်နှာ က ပြုံး မနေသော်လည်း ခပ်တည်တည်ကြီး မဟုတ် ။ ပျော် နေကြောင်း သိသာသည် ။ ကိုယ် သည် ဓာတ်ပုံ ထဲ မှာ အသက် နှစ်နှစ် ၊ သုံးနှစ် လောက် ရှိမည် ထင်သည် ။ ဓာတ်ပုံကလေး ကို ကြည့်လို့ ပင် မဝနိုင် ။ အဲဒီအခါတုန်းက ဘယ်လောက်များ ပျော်စရာ ကောင်းလိုက်မလဲ ။ ဖေဖေ နှင့် မေမေ တို့သည် စကား ပြောကြ မှာ သေချာသည် ။ တစ်ယောက် နှင့် တစ်ယောက် သိပ် ချစ်ကြမှာပဲ ။

ဖေဖေ နှင့် မေမေ သည် တစ်ယောက် နှင့် တစ်ယောက် ပြုံး ပြီး ကြည့် နေကြသည် ။ ကိုယ့် မွေးနေ့ အတွက် အုန်းနို့ခေါက်ဆွဲ ကျွေး သည် ။ ဖေဖေ က ကိုယ့် အတွက် စပို့ရှပ်အင်္ကျီကလေး တစ်ထည် လက်ဆောင် ပေးသည် ။ မေမေက သမင်ရုပ်စုဘူးကလေး ပေးသည် ။ ဖေဖေ က ကိုယ့် သူငယ်ချင်းတွေ ကို “ အေး .. ကောင်းမှာပေါ့ကွ ၊ မင်းတို့ ဒေါ်ဒေါ် ချက်တာကိုး ” ဟု ပြောသည် ။ မေမေ က  “ မောင်ပဲ ချီးကျူး သိလား ” ဟု ပြန်ပြောပြီး ရယ်သည် ။ ဖေဖေ က မေမေ့ နဖူး ကို နမ်း သည် ။

တကယ့် တကယ်တော့ အဲဒါတွေ ဟာ ကိုယ် စိတ်ကူး ယဉ်ကြည့်ရတာပါ ။ အဲဒီလို ပျော်စရာ ကောင်းတာတွေ ကို ကိုယ် မမှတ်မိ ။ ကိုယ် စပြီး မှတ်မိတာက လေ ထဲ မှာ ဝဲပြီး ပြတင်းပေါက် မှန် ကို ခွဲ ထွက်သွားတဲ့ ပန်းကန်ပြား ၊ ဓာတ်ပုံထဲ က လူများ သည် ဖေဖေ ၊ မေမေ ၊ ကိုယ် တို့ နှင့် မတူဘူး ဟု ထင်လာသည် ။

တစ်ယောက် ယောက် က ကိုယ့် ပခုံးပေါ် လက် လာ တင်လိုက်သောကြောင့် ထိတ်ခနဲ တုန် သွားသည် ။ ကိုယ် လှည့်မကြည့် ရဲ ။

“ ညီညီ ”

ဦးလေးမောင်မောင်ကြီး ရဲ့ အသံ ၊ ကိုယ် လှည့် ကြည့်သည် ။ ဦးလေး မောင်မောင်ကြီး က ကိုယ့် ကို ကြည့်နေသည် ။

“ကိုယ်တို့ ဓာတ်ပုံ”

ဟု ကိုယ် ပြောသည် ။ ပြီးတော့ ရယ်ပြမလို လုပ်သည် ။ ကိုယ် ရယ်လို့ မရ ။ ဦးလေးမောင်မောင်ကြီး သည် ကိုယ့် လက်ထဲ က ဓာတ်ပုံ ကို အသာ ဆွဲယူ၍ အံဆွဲ ထဲ ပြန် ထည့်လိုက်သည် ။ အံဆွဲ ကို ပြန် ပိတ်ပေးသည် ။

“ လာကွာ ... အိမ်ရှေ့သွားရအောင် ”

ဟု ပြောပြီး ကိုယ့် ပခုံး ကို ဖက်၍ ခေါ်သွားသည် ။ ဧည့်ခန်း ထဲ မှာ ထိုင်ကြသည် ။

ဦးလေးမောင်မောင်ကြီး သည် သက်ပြင်း ချလိုက်သည် ။

“မစောမြင့် ပြန် မလာသေးဘူးလား ” ဟု မေးသည် ။

ကိုယ် က “ မလာသေးဘူး” ဟု ဖြေ လိုက်သည် ။

“နောက်ကျလှချည်လား ”

“မေမေ က ခုနောက်ပိုင်း ရုံး ဆင်းရင် တရားပွဲ သွားတာ ဦးလေးရဲ့”

ဦးလေးမောင်မောင်ကြီး က ခေါင်း တညိတ်ညိတ် လုပ် နေသည် ။ သူ ဘာမျှ ထပ် မပြော ။ စားပွဲ ပေါ် က သတင်းစာ ကို သာ ကြည့်နေသည် ။ ကိုယ် ကတော့ ဆုံးဖြတ်ချက်တစ်ခုကို ချ လိုက်မိသည် ။

“ဦးလေး ” 

ကိုယ့် ခေါ်သံ ကြားတော့ သူ လန့်သွားသလိုပဲ ဖြစ်သွား၏ ။

“ကိုယ် တစ်ခု မေးချင်တယ် ”

သူ ဘာမျှ မပြောဘဲ ကိုယ့် ကို သာ ကြည့် နေသည် ။

“ဖေဖေ က ခု ရက်ပိုင်းမှာ ဘာဖြစ်လို့ အိမ် ပြန် မအိပ်တာလဲ ၊ သုံး လေးရက် နေမှ တစ်ခေါက် လောက် ပြန်လာတယ် ”

“ အလုပ် များနေလို့ပေါ့ ကွ ၊ အလုပ်ရုံ မှာ အရေးကြီးတဲ့ အလုပ်တွေ ရှိ ... ” 

“ ဦးလေး ” 

သူ့ စကား ကို ဖြတ် ၍ ကိုယ် ပြောလိုက်၏ ။ ပြီးတော့ ကိုယ့် ပါးစပ် က အလိုလို ဆက်ပြောမိသည် ။

“ ဦးလေး .. ဖေဖေ နဲ့ မေမေ ဘာလို့ စကား မပြောကြတာလဲဟင် ၊ အဲဒါ ကိုယ် သိချင်တယ် ”

ဦးလေးမောင်မောင်ကြီး သည် သက်ပြင်း ချလိုက်သည် ။

“တစ်နေ့ နေ့ မှာ ညီညီ ဒီလို မေး လာလိမ့်မယ်လို့ ဦးလေး သိ ပါတယ်ကွာ ၊ မေးလည်း မေးသင့်ပါတယ် ၊ သိလည်း သိသင့်ပါတယ် ၊ တစ်ခုပဲ ရှိတယ် ။ အဖြစ်အပျက် အားလုံး ရဲ့ အကြောင်းရင်းခံ ကို ညီညီ နား မလည်မှာဘဲ ဦးလေး စိုး ရိမ်တယ် ။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ရေလည်အောင် ဦးလေး ပြော ပြပါ့မယ် ။ ကြိုပြီး ပြောထားချင်တာ ကတော့ ညီညီ့ ဖေဖေ မှာ ရော ၊ ညီညီ့ မေမေ မှာ ပါ အပြစ် မရှိဘူး ဆိုတာကိုပဲ ကွာ ”

ဒါဆို ဘယ်သူ့မှာ အပြစ်ရှိတာလဲဟု ကိုယ်မေးလိုက်ချင်သည် ။ သို့သော်လည်း စကား ဆက် ပြတ်သွားမည် စိုး၍ မမေးဖြစ်တော့ ။ ဦးလေး မောင်မောင်ကြီး သည် ကိုယ့် ကို မကြည့်ဘဲ အပြင် ကို ငေးနေသည် ။ သူ့ ပုံစံ မှာ ကိုယ့် ကို ပြော ပြနေတာနဲ့ မတူဘဲ သူ့ တစ်ယောက် တည်း ပြော နေပုံမျိုး ။

“ ဖေအောင် ဟာ ငယ်ငယ်တုန်း က သိပ် ဒုက္ခ ရောက်ခဲ့တယ် ” 

ဟု ဆိုပြီး ဘွားမေသိန်း ပြောပြဖူးသော ဖေဖေ ငယ်ငယ် တုန်း က အကြောင်း ကို ပြန်ပြောပြသည် ။

“ သူ့ အဖေ နဲ့ အမေ ကွဲ ကြတော့ သူ က အဖေ နဲ့ ပါသွားတံယ် ၊ သူ့ အဖေ က အရက် ကို အလွန်အကျွံ သောက်လာတယ် ။ အမြဲလိုလို မူး နေတော့ သွန်သင်ဆုံးမဖို့ ၊ ကျွေးမွေး စောင့်ရှောက်ဖို့ ၊ ပြုစုယုယဖို့ ကိစ္စတွေ ကို မလုပ်နိုင်တော့ဘူး ။ နောက် သူ့ အဖေ သေလို့ သူ့ အမေ လက်ထဲ ရောက်ပြန်တော့ ပိုလို့ တောင် ဆိုးသေးတယ် ။ အရိုက်အနှက် ၊ အနှိပ်အစက် ခံရတာပဲ ပိုလာတယ် ။ ကလေး တစ်ယောက် အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တစ်ခု မှ မရခဲ့ဘူး ။ အထူးသဖြင့် မိဘ ရဲ့မေတ္တာ ၊ ပြုစုယုယမှုတွေ ကို သူ မခံစား ခဲ့ရဘူး ။ အဲဒီမှာ ဖေအောင် ဟာ လူတွေ ကို မယုံကြည်တတ်တဲ့ အကျင့် ဖြစ်လာတာပါပဲ ။ လောကကြီး ကို စိတ် နာတယ် ဆိုတာ အဲဒါမျိုးပေါ့ကွာ ”

ဦးလေးမောင်မောင်ကြီး က ဆေးပေါ့လိပ် ကို မီး ကောက် ညှိပြီး ဖွာ နေသည် ။ ကိုယ် ကလည်း မိဘမေတ္တာ ဆိုသော စကား ကို စဉ်းစား ကြည့်နေသည် ။ မိဘမေတ္တာ ဆိုတာ အဖေ ရယ် ၊ အမေ ရယ် တစ်ယောက်  စီ မှာ သပ်သပ်စီ ရှိ နေတာလား ။ နှစ်ယောက် ပေါင်းပြီး မှ ရှိ ရတာလား ။ ကိုယ် မသိ ။

“ ဒေါ်ဒေါ်သိန်း ဆီ ရောက်သွားတဲ့ အချိန်ဟာ သူ့ အတွက် ကံကောင်းတဲ့ အချိန် လို့ ပြောရမယ် ။ အေးလေ ... သူ့ အတွက် ကံ ကောင်းတယ် ဆိုတာ အရင်ကထက် စာရင်သာ အခြေအနေ ပို ကောင်းလာတာ ကို ပြောတာ ။ သူများတွေ နဲ့ ယှဉ်ရင်တော့ သိပ် မဟုတ်တော့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အချိန်မှာ ဦးလေး တို့ နဲ့ ကျောင်း မှာ ခင်ကြတဲ့ အချိန်ပဲ ။ ဦးလေးတို့ မှာ က ဘာ အပူအပင် မှ မရှိဘူး ။ အဝတ်အစား ကောင်းကောင်း နဲ့ မုန့်ဖိုး အပြည့်အစုံ နဲ့ ။ ဖေအောင် ကတော့ သိပ် ချို့တဲ့ ရှာတယ် ။ ဒေါ်ဒေါ်သိန်း ခမျာလည်း မုဆိုးမ မဟုတ်လား ။ သူ့ သားလေး နှစ်ယောက် က သိပ် ငယ်ကြသေးတယ် ။ ဖေအောင့် ကို သနားလွန်း လို့ သာ ခေါ် ထားရတာ ။ သိပ် အဆင်ပြေလှတာ မဟုတ်ဘူး ။ အိမ်ဆိုင်ကလေး ဖွင့်ပြီး စားသောက် နေရတာ ၊ ဒီတော့ ဖေအောင် က ကျောင်း တက် တာတောင် ဖြောင့်ဖြောင့် မတက်နိုင်ဘူး ၊ စာ တစ်ခုတည်း မှာ စိတ် မဝင်စားနိုင်ဘူး ၊ အိမ် ရဲ့ စားရေးသောက်ရေး အတွက် တစ်ဖက်တစ်လမ်း က ရှာကြံ လာ ရတယ် ။ ဖေအောင် ဟာ ရေလည်း ထမ်း ဖူးတယ် ။ ဆိုက်ကား လည်း နင်း ဖူးတယ် ။ ဆယ်တန်း အောင်ကြတော့ ဦးလေး နဲ့ လုစ် က ကောလိပ် ဆက် တက်နိုင်တယ် ။ သူ ကတော့ မတက်နိုင်ရှာဘူး ။ အချိန်ပြည့် အလုပ် ထွက် လုပ်ရတော့ တွင်ခုံ တစ်ခုမှာ အလုပ်သင် သဘော ဝင် လုပ်ရင်းက သူ့ ကြိုးစားမှု ကြောင့် ဒီ အခြေအနေ ရောက် လာရတာပဲ ”

စကား ခဏရပ် သွားသည် ။ မေမေ နဲ့ အကြောင်း ကို ဆက် မပြောဘဲ နေမည် စိုးရိမ်မိ၏ ။ သို့သော်လည်း သူ ဆက် ပြောသည် ။

“ ဦးလေး တို့ ဘွဲ့ရတဲ့ အချိန်လောက်မှာ ဖေအောင် နဲ့ မစောမြင့် လက်ထပ် ကြတယ် ၊ လက်ထပ်ခါ စ တုန်းက ဘာ ပြဿနာ မှ မရှိဘူး ။ ညီညီကို မွေးပြီးတဲ့ အချိန် ထိ သူတို့ အိမ်ထောင်ရေး ဟာ အဆင်ပြေပြေပဲ ။ ညီညီ သုံးလေးနှစ်သား လောက် မှာ ပြဿနာ ဖြစ်ကြတာပဲ ”

“ ဘာ ပြဿနာလဲ ဟင် ”

ကိုယ် သိချင်လွန်း အားကြီးသဖြင့် ပြောမည်မှန်း သိရက် နဲ့ မေးမိသည် ။

“ ဘာပြဿနာလဲ ဆိုတာ တိတိကျကျ ပြောရ ခက်တယ်ကွာ ၊ တကယ် တိတိကျကျ သိရင်လည်း ခုလို ဘယ် ဖြစ်မလဲ ၊ ရှင်းလို့ လွယ်တာပေါ့ ၊ ဦးလေး ခန့်မှန်းလို့ရတာတော့ ရှိတယ်ကွာ ၊ ဒါပေမယ့် မင်း နားလည်အောင် ပြောပြရ မှာ ခက်တယ် ”

“ ပြောပါ ဦးလေးရာ ၊ ကိုယ် သိမှာပါ ”

“ လွယ်လွယ် ပြောရရင် စိတ် သဘောထားချင်း မတိုက်ဆိုင်တာ လို့ ပြော ရမှာပေါ့ ။ ဖေအောင် ဟာ ကလေးဘဝ ထဲ က ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရတယ် ။ သူ့ အတွက် ပျော်စရာ ဆိုတာ မရှိခဲ့ဘူး ။ လူတွေ ကို စိတ်နာ တတ်တယ် ။ အရွယ် နဲ့ မမျှတဲ့ ဒုက္ခ ကို ခံစား ခဲ့ရတယ် ။ လူ့ ဘဝ ရဲ့ ပျော်စရာ အကောင်းဆုံး အချိန်တွေ မှာ သူ ဟာ စိတ်ဆင်းရဲစရာ အကောင်းဆုံး နဲ့ ပဲ တွေ့ခဲ့ရတယ် ။ သူ့အတွက် ပျော်ပျော်ပါးပါး လည်ပတ်သွားလာရတာကို မသိဘူး ။ ဦးလေး ပြောမယ်ကွာ ။ ဖေအောင် ဟာ ရယ် တာတောင် ဋ္ဌာန်ကရိုဏ်း ကျအောင် ရယ်တတ်တာ မဟုတ်ဘူး ။ မစောမြင့် ကတော့ ဖေအောင် နဲ့ မတူဘူး ။ မစောမြင့် တို့ မိဘ က ချမ်းသာတယ် ။ စိတ်ထား လည်း ကောင်းတယ် ။ သူတို့ မိသားစု ဟာ ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း နေကြတာပဲ ။ ပူပင်စရာ ဆိုလို့ ဘာမှမရှိဘူး ။ မစောမြင့် ဟာ မိဘ ရဲ့ စောင့်ရှောက်မှု ကို အပြည့်အဝ ခံခဲ့ရတယ် ။ အဲဒီလို လူ နှစ်ယောက် ပေါင်းဖက် မိတဲ့အခါ ဘာဖြစ်လာသလဲ ”

ကိုယ် မသိ ။ သိသလိုလို ရှိသည် ဟု လည်း ထင်သည် ။ မသေချာ ။

“ ဖေအောင် အတွက် ပျော်စရာ ဆိုတာ အလုပ်ပဲ ။ အလုပ် ထဲ မှာ နှစ်ပြီး လုပ်တယ် ။ ပင်ပင်ပန်းပန်း လုပ်မယ် ။ ငွေ ရအောင် ရှာမယ် ။ အဲဒါ သူ့ တာဝန်လို့ တွက်တယ် ။ ဖေအောင် ဟာ မိဘ ရဲ့ မေတ္တာ ၊ အယုအယ ကို မခံ ခဲ့ရဘူး ၊ ခံလည်း မခံစားတတ်တော့ဘူး ။ ဒီတော့ သူ ကလည်း သားမယား အပေါ်မှာ မယုယ တတ်ဘူး ။ ချစ်တာ တော့ ချစ်တာပဲ ။ ဒါပေမယ့် ဖွင့် မပြောတတ်ဘူး ။ သိ အောင်လည်း လုပ် မပြတတ်ရှာဘူး ။ အဲဒီအခါ အမြဲတမ်း ပြည့်စုံခဲ့တဲ့ မစောမြင့် အတွက် ဖေအောင် ဟာ အလို မကျစရာ ဖြစ် လာတာပဲ ။ သားမယား ကို အလုပ် လောက် တောင် ဂရု မစိုက်ဘူး ။ လူ့ဂွစာ လို့ ထင် လာတယ် ။ ဖေအောင် အနေနဲ့ ကလည်း မစောမြင့် ဟာ ဘဝ မနာခဲ့ဘူး ။ အလုပ် လုပ် မှ ထမင်း စားရတယ် ဆိုတာ မသိဘူး ။ အလုပ် ကို အရမ်း ကြိုးစားတာ ကို အပြစ် ပြောတယ် ။ အထက်တန်းလွှာ က လာတဲ့ လူမို့ ပညာမတတ်တဲ့ သူ့ ကို အထင် သေးတယ် လို့ ယူဆ လာတယ် ။ တကယ်တော့ သူတို့ ဟာ တစ်ယောက် နဲ့ တစ်ယောက် နားမလည် ကြတာပါပဲ ကွာ ”

“ ဦးလေး က နားလည် အောင် ပြောပြလိုက်ပေါ့ ”

ဦးလေးမောင်မောင်ကြီး က ရယ်သည် ။ တကယ် မရယ်ချင်လဲ ရယ်ကြောင်း သိသာလေသည် ။ ကိုယ့် ပခုံး ကို တစ်ချက် လှမ်းပုတ်ပြီး

“ မင်း မသိသေးပါဘူးကွာ ၊ ဒါပေမယ့် တစ်နေ့ နေ့ မှာတော့ မင်း နားလည်လာ မှာပါ ။ ဒီအခါကျရင်သာ အကောင်းဆုံး အခြေအနေ ဖြစ်လာဖို့ မျှော်လင့်ရတာပဲပေါ့ကွာ ”

     •••••   •••••   •••••   •••••

ဦးလေးမောင်မောင်ကြီး ပြော သွားသော စကားတွေ ထဲ တွင် ကိုယ် နားလည်တာ လည်း ပါသည် ။ နား မလည်တာ လည်း ပါသည် ။ ဖေဖေ နှင့် မေမေ တို့သည် တစ်ယောက် နှင့် တစ်ယောက် သဘောထားချင်း မတိုက်ဆိုင်လို့ တဲ့ ။ ကိုယ့် သဘောအရ ဆိုလျှင်တော့ မတိုက်ဆိုင်တာ ကို တိုက်ဆိုင်အောင် လုပ် ပေးလိုက် ပြီးတာပဲ ။ သို့သော်လည်း တိုက်ဆိုင်အောင် ဘယ်လို လုပ်ပေးရမှာလဲ ကိုယ် မသိ ။

ဦးလေးမောင်မောင်ကြီး က ပြော သွားသေးသည် ။ ဖေဖေ က အလုပ် ထဲ မှာပဲ စိတ် ရောက်နေလို့ မေမေ နဲ့ သိပ် စကား မပြောဖြစ်ဘူးတဲ့ ။ မေမေ က တစ်ခုခု ပြောမယ် ကြံ ရင်လည်း ဖေဖေ က အလုပ် ကိစ္စ စဉ်းစားနေတာ ကို နှောင့်ယှက်ရမလား ဆိုပြီး ဆူ တယ်တဲ့ ။ အဲဒီလို နေကြရင်းက တစ်ယောက် နဲ့ တစ်ယောက် ခပ်စိမ်းစိမ်း ဖြစ်လာကြတာ ။ ကြာတော့ စကား မပြောတဲ့ အထိ ဖြစ် သွားရော တဲ့ ။ ဒီလို ဆိုလျှင် တစ်ယောက် ယောက် က ပြန် ပြောလိုက် ပြီးတာပဲ မဟုတ်လား ။ သို့သော်လည်း ဦးလေးမောင်မောင်ကြီး က ပြော ပြန်သည် ။ မင်း မသိသေးပါဘူး ၊ တစ်နေ့ နေ့တော့ သိ လာမှာပါတဲ့ ။ သိတဲ့အခါ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ရတာပဲ တဲ့ ။ အဲဒါကကော ဘာ အဓိပ္ပာယ်လဲ ။

အခြေခံချင်း မတူတဲ့ လူနှစ်ယောက် ကို ဆုံစည်းအောင် ဖန်တီးပေးခဲ့တာ ဦးလေး တို့ လုစ် တို့ အမှားများ ဖြစ်နေသလား မသိဘူး တဲ့ ။ ကိုယ့် စိတ် ထင်တော့ အဲဒီလို မဟုတ်နိုင် ၊ ဒါဖြင့်ရင် ဘယ်သူက မှား တာလဲ ။

ဦးလေးမောင်မောင်ကြီး က ပြော ပြန်သည် ။ ဖေဖေ လည်း မမှားဘူး ။ မေမေ လည်း မမှားဘူး ။ ဒါပေမယ့် နှစ်ယောက်စလုံး မမှန်ဘူး တဲ့ ။ ရှုပ် လိုက်တာ ။

“ မင်း ဖေဖေ က မင်း မေမေ ကို ရော ၊ မင်း ကို ရော မချစ်ဘူး လို့ မထင်နဲ့ ၊ သိပ် ချစ်တယ် ၊ ဒါပေမယ့် ချစ်တယ် ဆိုတာ ဘာလဲလို့ သူ့ ဟာ သူတောင် မသိရှာဘူး ကွာ ”

ဘာတွေလဲ ၊ ဘာတွေလဲ ။ ကိုယ်ဖြင့် စဉ်းစားလို့ပင် မရတော့ ။ သူ ရှင်းပြမှပင် ပို ရှုပ်ကုန်ပြန်ပြီလား မသိပါ ။

#မင်းလူ

#ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment