အခန်း ( ၂ )
ဦးစောဝင်း တစ်ယောက် ဈေးခြင်း ကို လက် က ဆွဲပြီး ဟင်းချက်စရာ သားငါး နည်းနည်း အသီးအရွက် နည်းနည်း ဝယ်သည် ။
ဈေးတန်း ထဲ မှာ တိုးဝှေ့ ဝယ်ရ သည့် ဒုက္ခ က မသက်သာလှ ။ လူတွေ က ရှုပ်ရှက်ခတ်ကာ ကျပ်ညပ်နေ၏ ။ အသံတွေ ကလည်း ဆူညံနေသည် ။
သားမယား မရှိတော့လည်း သူ ကိုယ်တိုင်ပင် ဈေး သွားဝယ်ခြမ်းပြီး ချက်ပြုတ် စားရသည် ။ အိမ်ဖော်တွေ ဘာတွေ လည်း မထားနိုင် ။ သည်တော့ ကိုယ် ပဲ ပင်ပန်းရသည် ။
“ တစ်နေ့နေ့ ငါ နာမည်ကြီး ဒါရိုက်တာ ဖြစ်ရင်တော့လား ကွာ ... ”
ဟု သူ့ ရင်ထဲ မှ မျှော်လင့်ချက် က ကျိတ်ပြီး ကြုံးဝါးသံ ပေး၏ ။
ကြုံးဝါးမည့် သာ ကြုံးဝါး ရသည် ။ ' နာမည်ကြီး ဒါရိုက်တာ ဖြစ်ဖို့ ' ဆိုသည့် မျှော်လင့်ချက် က သူ အသက် ၂ဝ အရွယ် လူငယ် ဘဝ ကတည်း က ... ။
ယခု ဆိုလျှင် အသက် ငါးဆယ် သာ ပြည့် တော့မည် ။ ဘာမှ ဖြစ် မလာသေး ။
ဒါပေမယ့် ဦးစောဝင်း ကတော့ နည်းနည်းလေးမှ မလျှော့ ။ အိမ်မက် မက်၍ ကောင်းနေဆဲ ။
လူ ထူထူ ရှိရာ အရပ် ကို ရောက်တိုင်း သူ့ ပါးစပ် က ဂျော့လူးကပ်စ် ၊ ဖရန်စစ်ကော်ပိုလာ ၊ ဟစ်ချ်ကော့ ၊ ပီတာဝိုင်ယာ ၊ ကူရိုဆာဝါး ၊ ဒေးဗစ်လင်း ၊ စပီးဘာ့ဂ် ... စသော ကမ္ဘာကျော် ဒါရိုက်တာ တို့၏ နာမည်များ ကို သူ နှင့် ငယ်ပေါင်းကြီးဖော် လို လို ဘာ လို လို တဖွဖွ ပြောတတ်သည် ။
တကယ်ဆိုလျှင် အဲသည် ကမ္ဘာကျော်ဒါရိုက်တာကြီး တွေ ရိုက်ခဲ့သမျှ ရုပ်ရှင်ကား တော်တော်များများ ကို ပင် ကြည့်ဖူးသူ မဟုတ် ။ ( အဲသည် ဒါရိုက်တာတွေ ရိုက် သမျှ ဇာတ်ကားတိုင်း ကလည်း ကောင်းသည် ဟု ပြော၍ မရပါ )
ဦးစောဝင်း ကတော့ ( ကမ္ဘာကျော်ဒါရိုက်တာ ဆိုသည် နှင့် ) သူတို့ ရိုက်သမျှ ကား တိုင်း ရွှေ ဖြစ်မည် အထင်ဖြင့် စွတ် ပြောတတ်၏ ။ သူ ပြောမယ့် သာ ပြောသည် ။ ကြည့်ဖူးသည့် ဇာတ်ကား ဆယ့်လေးငါးကား မှာလည်း သူ အဓိပ္ပါယ် ကောင်းကောင်း နားမလည် သည် က တစ်ဝက် ကျော်ကျော်လောက် ပါ၏ ။
သူ့ လောက နှင့် သူ့အထာ တော့ ဟုတ် နေသည်ချည်းပင် ။
ဦးစောဝင်း တစ်ယောက်တည်း ကို ချည်းပဲ အပြစ် တင်၍ တော့ မရ ။ မြန်မာပြည် မှာ ရုပ်ရှင် ပင် ကောင်းကောင်း မကြည့်တတ်သည့် ဒါရိုက်တာတွေ တစ်ပုံကြီး ။ မြန်မာ့ရုပ်ရှင်လောက က သာ သေး ငယ်သည် ။ ဒါရိုက်တာတွေ က တော့ များ သလား မမေး နှင့် ။
လမ်းဘေး ဈေးသည် ၏ ဗန်း ထဲ က သရက်သီး အပေါ် လာ အုံနေကြသော ယင်ကောင်တွေ ထက်တောင် ဗီဒီယို ဒါရိုက်တာ အရေအတွက် က များ သေးသည် ။ အဲဒီ ထဲ မှာ ဦးစောဝင်း တစ်ယောက် လည်း အပါအဝင် ။
သူ က အကြံ တော့ ကြီးသည် ။
“ ကား များများ မရိုက်ရရင် နေပစေ ၊ တစ်ကား ဆို ဆိုသလောက် ပေါက် သွားအောင် ရိုက်ပြမယ် ”
ဟု ကျိတ်ပြီး ကြံစည်ထား၏ ။
နိုင်ငံခြား က ဗုဒ္ဓဝင်ဇာတ်ကားတွေ ၊ အင်္ဂုလိမာလဇာတ်ကားတွေ ရိုက်ပြီး သတင်း ကြီးနေသည့် အခါတုန်းက ဦးစောဝင်း က သူ လည်း မြန်မာပြည် မှာ ဗုဒ္ဓဝင်ဇာတ်ကား ရိုက်မည်ဟု ကြံစည် ကာ ပရိုဂျူဆာ တစ်ယောက် နှင့် သွား ဆွေးနွေးသည် ။
ထို ပရိုဂျူဆာ က ငွေ မထုတ်ပေးဘဲ သူ့ ကို ပြန် မေး၏ ။
“ သိဒ္ဓတ္ထမင်းသား နေရာ မှာ သရုပ်ဆောင် ဖို့ မြန်မာပြည် မှာ ဘယ် မင်းသား ရှိသလဲ ”
ဦးစောဝင်း က ပြန် ဖြေသည် ။
“ ရာဇာနေဝင်း ”
အဲသည့် စကား တစ်ခွန်း ထဲ နှင့်ပင် သူ လက်လျှော့ပြီး နောက်ဆုတ် ပြန်ခဲ့ရသည် ။
လွန်ခဲ့သည့် လေးငါးလကလည်း နေပြည်တော်ရုံမှာ TROY ဇတ်ကား ရုံတင်သွားသည် ။ လူကြိုက်
အလွန် များပြီး ဝင်ငွေ အရမ်းကောင်း၏ ။ ဒါကို ကြည့်ပြီး ဦးစောဝင်း အကြီးအကျယ် စွဲလန်း ရူးသွပ်လေတော့သည် ။
သူ က ...
“ ကြီးကျယ်ခမ်းနားတဲ့ မြန်မာရာဇဝင် ဇာတ်ကားကြီး တစ်ကား လောက် ရိုက် ကြရအောင်ဗျာ ... ”
အဲဒါကိုလည်း သူ့ ပရိုဂျူဆာ က လက်မခံ ဘဲ ခေါင်းခါပြသည် ။ ပြီးတော့ ...
“ တော်စမ်းပါ ... ကိုစောဝင်းရာ ... ဟိုတစ်ခါတုန်းက ခင်ဗျားရိုက်ခဲ့တဲ့ ပုဂံရာဇဝင် ဗီဒီယိုကား ကို ပဲ
ပြန် ကြည့်ပါဦး ၊ အဲဒီ ကား ထဲမှာ အနော်ရထာမင်းကြီး က လက်ပတ်နာရီကြီး ဝတ်လို့ ...”
အဲသည်လို သူ့ ညံ့ဖျင်းချက်များကို ထောက်ပြပြီး ငြင်းပယ်ခံရသော်လည်း ဦးစောဝင်း က စိတ်ဓါတ် ကျမသွား ။ သူ့ ကိုယ် သူ တဖွဖွ အားပေးသည် ။
“ တစ်နေ့ကျရင် ငါ နာမည်ကြီး ဒါရိုက်တာ ဖြစ်ရမယ် ”
••••• ••••• •••••
ဦးစောဝင်း တစ်ယောက် ဈေး ခြင်းတောင်း ကို လက် က ဆွဲရင်း ဈေး နှင့် မလှမ်းမကမ်း မှာရှိသော ဘတ်စ်ကား မှတ်တိုင် ဆီ သို့ ဖြည်းဖြည်းချင်း လျှောက်ခဲ့၏ ။
သူ့ မှာ မရှိမဲ့ ရှိမဲ့ ပိုင်ဆိုင်သော ဆန်နီဆူပါစလွန်းကားကလေး က လည်း ထုံးစံအတိုင်း ပျက်နေသဖြင့် ဝပ်လျှော့ မှာ ထိုး ထားရသည် ။ သည်တော့ ကားမှတ်တိုင် ငါးမှတ်တိုင် ခန့်သာ ဝေးသော အိမ် နှင့် ဈေး ကို ဘတ်စ်ကား ဖြင့် သာ သွား နေရသည် ။ ဘတ်စ်ကား ထိုး ဆိုက်လာတော့ ကျပ်ကျပ်တည်းတည်း ပင် တိုးဝှေ့ ကာ တက် လိုက်သည် ။ နေရာ တော့ မရ ။ မတ်တတ် သာ စီးရ၏ ။
သူ့ ရှေ့မှာတော့ ရွယ်တူမိန်းမကြီး တစ်ယောက် က အတက်အဆင်း ပေါက်ဝ နား မှာ ရပ် နေ၏ ။ ဦးစောဝင်း က ထို မိန်းမကြီး ၏ နောက် မှာ ကပ်လျက် နေရာ ယူလို က်သည် နှင့် တစ်ပြိုင်နက် အမျိုးသမီးကြီး က မသင်္ကာစွာဖြင့် လှည့် ကြည့်သည် ။ မသင်္ကာ ဖြစ်မည် ဆိုလည်း ဖြစ်စရာပင် ။ ဘတ်စ်ကား စ ထွက်သည် နှင့် တစ်ပြိုက်နက် သူမ ၏ ခန္ဓာကိုယ် အောက်ပိုင်း တစ်နေရာ ကို နောက်ဘက် မှ တစ်စုံတစ်ရာ က လာ ထိသည် ။ အမျိုးသမီးကြီး က ဒေါသ ဖြစ်သွား၏ ။ သူမ ကျောဘက် တွင် ရပ် နေသော ဦးစောဝင်း ကို ဆတ်ခနဲ မျက်စောင်း လှည့် ထိုးသည် ။
ထိုနောက် ...
အမျိုးသမီးကြီး က ကျပ်ညပ်နေသည့် ကြား မှ နေရာ ရွေ့၏ ။ သူမ ၏ ခန္ဓာကိုယ် တစ်နေရာ ကို
နောက်ဘက် မှ လုံးဝန်းရှည်လျား သော တစ်စုံတစ်ရာ က ခပ်ဖိဖိ လာ ထောက်နေမှန်း ခံစား လိုက်ရသောကြောင့် ဖြစ်သည် ။
ဟင်း ... တဏှာရူးကြီး ....
သူမ က စိတ် ထဲ မှ ကျိတ်၍ ဆဲရေး လိုက်ရင်း ဒေါသအကြည့် ဖြင့် သမင်လည်ပြန် လှည့် ကြည့်သည် ။
ဦးစောဝင်း ၏ မျက်နှာ ကို မြင်ခါ မှ ထို အမျိုးသမီးကြီး က ဒေါသ ပို ထွက်လာ၏ ။ အံ ကိုတင်းတင်းကြိတ် လိုက်သည် ။ လူ သိခံရမှာ ရှက်သောကြောင့် ပါးစပ် ကလည်း ထုတ် မပြော ။
သူမ ၏ စိတ် ထဲ ကတော့ ...
“ ရှင့် အသက်အရွယ် မှ အားမနာ ... ယုတ်မာ လှချည်လား ... နှမချင်း မစာမနာ အကျင့်ပက်စက်ပြီး အရသာ ခံ နေတယ် ”
ဟု တရစပ် ကျိန်ဆဲနေ၏ ။
ဦးစောဝင်း ၏ မျက်နှာ အမူအရာ ကတော့ သူ ဘာမှ မလုပ်သလိုပင် ။
ဘတ်စ်ကား က ကျပ်လွန်းသောကြောင့် ရှေ့ မှ မိန်းမကြီးခမျာ လည်း နေရာ ခဏခဏ ရွှေ့ ၍ မရ ။ သူမ ကို နောက်ဘက် မှ လာ ထိနေမှန်း သိသိချည်း နှင့် ကသိကအောင့် ဖြစ်ကာ ရပ် နေရသည် ။ ထို အမျိုးသမီးကြီး က ဆင်းရမည့်မှတ်တိုင် သို့ နီးကပ်လာသောအခါ ...
“ ငါ့ နောက် က တဏှာရူးတော့ သိကြရောပေါ့ ... ဘတ်စ်ကားပေါ် က ဆင်းတော့မှ ဒင်း ကို မှတ်လောက်သားလောက် အောင် ပညာ ပေးခဲ့ဦးမယ် ”
ဟု ဒေါသ ကို အရှိန် တင်လိုက်သည် ။
အမျိုးသမီးကြီး ၏သတ္တိ က ပြောင်မြောက် လှသည် ။ ဘတ်စ်ကားမှတ်တိုင် တွင် ထိုးရပ်လိုက်သည် နှင့် တစ်ပြိုင်နက် သူမ က လက်နောက်ပြန် အနေအထား ဖြင့် သူမ ၏ တင်ပါး ကို လာ ထိနေသော ရှည်မျောမျော အရာ ကို ဆတ်ခနဲ ဖမ်း ညှစ်ဆုပ် ကိုင်ပြီး အားကုန် လှန် ချိုး လိုက်လေတော့သည် ။
“ ကဲဟာ ... လူယုတ်မာ ... သေပေတော့ ... ”
“ ဂျွတ် ... ”
တစ်စုံတစ်ရာ ကျိုး သွား သံ ထွက်ပေါ် လာသည် ။ မိန်းမကြီး မျက်လုံး ပြူးသွား၏ ။
ဘုရားရေ ...
ငါ လုပ်လိုက်တာ
လက် လွန်သွားပြီလား
မသိဘူး ...
ဟူသော စိုးရိမ်စိတ် ဖြင့် ချာခနဲ လှည့် ကြည့်လိုက်သည် ။
ဦးစောဝင်း ကတော့ စိတ်ကူး ထဲမှာ နစ်မြော ၍ ကောင်း နေဆဲ ။
မိန်းမကြီး က သူမ ၏ လက်ထဲတွင် ကျိုးပဲ့ကာ ပါ လာသော ပစ္စည်း ကို မရဲတရဲ ငုံ့ကြည့်လိုက်သည် ။
သခွားသီး တစ်ပိုင်း ပြတ် .... ။
••••• ••••• •••••
ဘတ်စ်ကားစီး ခရီးသည်များက အစ တွင် ကြောင်ငေးပြီး ကြည့် နေကြသော်လည်း ချက်ချင်း လိုလိုပင် အဖြစ်အပျက် မှန် ကို ခန့်မှန်းသဘော ပေါက်သွားကြပြီး တဟားဟား ဝိုင်း ရယ်ကြတော့သည် ။
ထို မိန်းမကြီး လည်း ရှက်ကိုးရှက်ကန်း ဖြင့် သူမ ၏ လက် ထဲ တွင် ပါလာသော သခွားသီး ထက်ပိုင်းကျိုး ကို
ဦးစောဝင်း ၏ ဈေး ခြင်းတောင်း ထဲ သို့ ပစ်ထည့်ခဲ့ပြီး ကား ပေါ် မှ အပြေး တစ်ပိုင်း ဆင်း သွားတော့သည် ။
အူကြောင်ကြောင်ဖြင့် ကျန်ရစ်ခဲ့သူ ကတော့ ဦးစောဝင်း ... ။
ဘာ ဖြစ်သွားမှန်း လည်း မသိလိုက် ။
ဘတ်စ်ကား ပေါ် မှ ခရီးသည်တွေ က ဘာကြောင့် တဟားဟား ရယ်မောနေကြမှန်းလည်း သူ နားမလည် ။
အထူးသဖြင့် သူ့ ရှေ့က မိန်းမကြီး က သူ့ ဈေး ခြင်းတောင်း ထဲ က အစွန်း ထွက်နေသော သခွားသီး ကို
ဘာ စိတ်ကူး ပေါက်ပြီး ဒေါသတကြီး ထက်ပိုင်း ချိုးသွားမှန်းလည်း သူ စဉ်းစား၍ မရပါချေ ။
အူကြောင်ကြောင် ဖြစ်နေလျက်နှင့် ပင် သူ လမ်းထိပ်ကားမှတ်တိုင် မှာ ဆင်းပြီး အိမ်ဆီ သို့ လမ်းလျှောက် ခဲ့တော့သည် ။
ခြံတံခါး ကို ဖွင့်ပြီး ဝင် လိုက်တော့ မှ ဦးစောဝင်း မျက်လုံး ပြူး သွားရတော့၏ ။
သူ့ အချစ်ဆုံး တူ ဖြစ်သူ စိုးရှားက ခရီးဆောင်အိတ် ကို ကျောမှီ ကာ အိမ် ရှေ့ လှေကားထစ်ပေါ် တွင် ခွေခွေခေါက်ခေါက် ပျင်းရိပျင်းတွဲ ထိုင် နေသည် ကို တွေ့ လိုက်ရသောကြောင့်ဖြစ်၏ ။
ဦးစောဝင်း တအံ့တဩ ဖြင့် ...
“ ဟာ ... ဟေ့ကောင် .... စိုးရှား ... မင်း ... မင်း ... ”
“ ကျွန်တော် အိမ် ပေါ် ကဆင်းလာခဲ့ပြီ ၊ အခု ဦးလေး နဲ့ အတူတူ နေမလို့ လာ တာ ... ”
“ ဟေ ... ”
မင်းခိုက်စိုးစန်
သူရဲဘောကြောင်တဲ့ လူညံ့
.
No comments:
Post a Comment