Tuesday, September 6, 2022

အမေညို ပြောသော ဆရာသော်တာဆွေ အကြောင်း


 

❝ အမေညို ပြောသော ဆရာသော်တာဆွေ အကြောင်း ❞

ကိုဆွေ ကို သတိ ရလိုက်တာ ။ ကိုဆွေ ရော ၊ ကိုတင့်တယ် ကော အမေ က သူတို့ ကို ခေါ်တာ ကိုဆွေ ၊ ကိုတင့်တယ် ၊ ကို - ဦးသာဓု သုံးယောက် ။ သူတို့ က အဲဒီ လွန်ခဲ့တဲ့ နှစ် ၅၀ လောက် တုန်း က ၃ဝ ရဲ့ အောက် မှာ ၂၈ ၊ ၂၉ အဲဒီ အရွယ် ။ ပြောရဦးမယ် ၊ ည က မြန်မာ့အသံ ၊ မြန်မာ့ရုပ်မြင် နှစ် ၅ဝ ရွှေရတုသဘင် အစီအစဉ် ကို ကြည့် လိုက်ရတော့ ကာ ကိုဆွေ ကို သွားပြီး သတိ ရလိုက်တယ် ။ ( ၁၅ -၂ - ၉၆ ရက်နေ့ တွင် ထုတ်လွှင့်သွား သည့် လွမ်းရစ်တော့ ငြိမ်း ဇာတ်လမ်း ကို ဆိုလိုခြင်း ဖြစ်သည် ။ ) နှစ် ၅ဝ ၊ လွန်ခဲ့တဲ့ နှစ် ၅၀ ။ အဲဒီတုန်းက ရေဒီယို ပေါ်ခါစ ၊ အမေ တို့ အိမ် မှာ ရေဒီယို ရောက်ပြီပေါ့ ။ ရောက်တော့ ဘိုးဘိုး ဦးသာဓု က ဘာ နဲ့ လုပ်ထားလဲ ဆိုတော့ အော်လံကြီး နဲ့ အိမ်ရှေ့ ကို ထုတ် ထား တယ် ။ ရေဒီယို ပေါ် စ ဆိုတော့ လူတွေ က လာ နားထောင် ကြတယ် ။ အမလေး .. ပွဲလေး တစ်ခုလိုပဲ တော့ ။ အိမ်ရှေ့ မှာ အဲဒါ ကို ညတိုင်း ဖွင့်ပေးတယ် ။ အဲဒီလို ဆိုတော့ အမေ က “ အော် ” လို့ ည က အဲဒါ ပြန် တောင် သတိရသေးတယ် ။ ဘာတဲ့ ကျန်းမာတော်မူကြပါစ ရှင် ဆိုတာ နှုတ်ခွန်းဆက် စကား ။ အဲဒီ အသံ ကို ကိုဆွေ က သိပ် သဘော ကျတယ် ။ အဲဒါကို နား မထောင်ရလို့ ရှိရင် တစ်ခါတလေ စိတ် ဆိုးသေးတယ်လေ ။

အဲဒီတုန်းက အမေတို့ က ဘာလုပ်လဲ ဆိုတော့ စာပုံနှိပ်တိုက် လုပ်တယ် ။ ဘိုးဘိုးဦးသာဓု တို့ က စာပုံနှိပ်တိုက် လုပ်တယ် ၊ ပေါင်ဒါ လုပ်တယ် ဘာတယ်ပေါ့ ။ ဒီတော့ အမေတို့ အိမ် မှာ ပုံနှိပ်စက် ရှိတယ် ။ ပဒေသာမဂ္ဂဇင်း လုပ်တယ် သား ။ မနက်မိုးလင်း ရင် စောက ပြောတဲ့ နှုတ်ခွန်းဆက် စကား “ ကျန်းမာတော်မူကြပါစရှင် ” ဆိုတဲ့ အသံ ကို နား ထောင်ပြီးပါ မှ ကိုဆွေ နဲ့ ကိုတင့်တယ် က အလုပ်စားပွဲ ကို ရောက်လာ ကြတော့တာပဲ ။ အဲဒီတုန်းက ကိုဆွေ က ဘယ် မှာ အလုပ် လုပ်တယ် ၊ အလုပ် တစ်ခုခု ၊ သည့်အပြင် မှာ လုပ် သေးတယ် ။ ရုံးတို့ ဘာတို့ ပေါ့ သား ရယ် ။ ကိုတင့်တယ် က လည်း ရုံး အလုပ် တစ်ခု လုပ်တယ် ။ ဘိုးဘိုး ဦးသာဓု ကတော့ အိမ် က အလုပ် ပေါ့ ၊ ပုံနှိပ်တိုက် အလုပ် ပေါ့ ။ အဲ ... မိုးလင်းရင် သူတို့ နှစ်ယောက် ရောက်လာကြ ပြီးရင် စားပွဲ မှာ ထိုင် ကြ တယ် ။ စားပွဲတစ်ခု လုပ် ထားတာပေါ့ကွယ် ။ ပဒေသာမဂ္ဂဇင်း လုပ်တာ အယ်ဒီတာ စားပွဲ ပေါ့ ။ အဲဒီမှာ ထိုင်ပြီးရင် စကားစမြည် ပြောလို့ နေတော့ ခုန ပြောသလို “ ဒီနေ့များဗျာ ကျုပ် ကို စောစော မနိုးလို့ စိတ်မကောင်းဘူး တဲ့ ” ဘာဖြစ်လို့လဲ ဆိုတော့ “ ကျန်းမာတော်မူကြပါစရှင် ” ဆိုတဲ့ နှုတ် ခွန်းဆက်စကားလေး က မိန်းမ ... မိန်းမ ပြောတဲ့ အသံ ကို သူ ကိုဆွေ က သိပ်သဘော ကျတာကိုး ။ အဲဒီလေလှိုင်း က လာတဲ့ အသံသာလေး ကို သူ မကြားလိုက်ရတဲ့ နေ့ ဆိုရင် အဲလို ပြောတော့တာပဲ ။ ဒါကြောင့် အမေ ည က သွား သတိရလိုက်သေးတယ် ။ ဪ ... ကိုဆွေ အဲဒီလိုလေး အခါခါ ပြောခဲ့တာပါကလား လို့ပေါ့ ။ အဲဒီတော့ ကိုဆွေ က မိုးလင်းရင် ရောက် လာတယ် ။ ကိုတင့်တယ် လည်း ပါတယ် ။ ဘိုးဘိုး က အိပ်တုန်း ။ အဲဒီ အိပ်တုန်း ဆိုတာ ဟင် ဘိုးဘိုး က ... အဲ ၊ အဲဒီတုန်းက ဘိုးဘိုး ဘယ် ဟုတ်မလဲ သား ရဲ့ ၊ ဟား .. ဟား .. ဟား ... ဘိုးဘိုး က လည်း ၂၈ နှစ် လောက် ပေါ့ ။ အမေ လည်း ၂၇ - ၂၈ ၊ အဲလောက်ပဲ ရှိသေးတာပဲ ။ ဒါပေမဲ့ ခုတော့ မေမေ က ဘိုးဘိုး ဦးသာဓု ၊ ဘိုးဘိုး ဦးသာဓု ပြောနေတာ ၊ သူ က အိပ်တုန်း ။ ကိုဆွေ နဲ့ ကိုတင့်တယ် တို့ က လာပြီ ဆိုရင် သူတို့ က ဘာလုပ် လဲ ၊ ရေးစရာ ရှိ ရေး ။ ရေးတယ် သားတယ် ဆိုရင် အမေ ခုနေများ စဉ်းစား ကြည့်မိတယ် ။ အခု အယ်ဒီတာတွေ တော့ မပြောတတ်ဘူး လို့ ။ ဘယ်လို အမလေး သူတို့ကတော့ ရေးစရာ ရှိရင် တန်းခနဲ ရေး ချလိုက်တာပဲ ။ ထမင်းစား ရေသောက် လွယ်လွယ်ကလေးပဲ ... စဉ်းစားလို့ ဘာလို့ ညာလို့ ၊ ခေါင်းကုတ်လို့လည်း မရှိဘူးကွဲ့ ။ သိပ် ကျွမ်းကျင်တာပဲ ။

သူတို့ တော်ကြတာ ကို ပြောတာပါ ။ စကား ပြောရင်း ရေးရင်း ရေးရင်း ၊ စကား ပြောရင်း ဝတ္ထု ဆိုလည်း ဟုတ် ၊ ဆောင်းပါး ဆိုလည်း ဟုတ် ၊ ပြီး သွားတာပဲ ။ ဖတ်လို့ လည်း ကောင်း ၊ ဘာရေးရေး ၊ ဘယ်လို ရေး ရေး ဖတ် ကောင်းတာချည်း ပဲ ။ အဲဒီလို သုံးယောက် စလုံး ၊ သူတို့ ၊ ဘိုးဘိုး ရောပေါ့ ။ အဲဒီချိန်တုန်းက အမေ က ဘာ လုပ်ရသလဲ ဆိုတော့ အမေ က မင်း တို့ အခု ကိုကိုကြီးဝဏ္ဏ ဟာ နှစ်နှစ် ၊ သုံးနှစ် လောက် ရှိ သေးတယ် ။ ငယ်ငယ်လေး ပဲ ရှိသေးတယ် ။ စာမူတွေ လာ တယ် ၊ အများကြီးပဲ ။ သူတို့ ဘယ် ဖတ်နိုင်မလဲ ။ မနက်ပိုင်း စ လာ ၊ ပြီးတော့ ရုံး ကို သွားကြ ၊ ဟော ... ညနေ ၄ နာရီ ၊ ၅ နာရီ ပြန် လာကြ ၊ ဆက်လုပ်ကြ ၊ ည ၈ နာရီ ၉ နာရီ အချိန်ပိုင်း ထိ ပေါ့ ။ ဒီတော့ အလုပ် က ဘယ်လို ဖြစ်လဲ ဆိုတော့ ဒီ စာမူ တွေ ဖတ်ဖို့ အလုပ် ကို သူတို့ သုံးယောက် စလုံး ဖတ် ကြတာပေါ့ ကွယ် ။ သူတို့ အဲဒီ အချိန်တုန်း က အမေ ကြည့် တယ် ။ အယ်ဒီတာ က သုံးယောက် သူတို့ ပဲ ။ ဘယ်သူ က အယ်ဒီတာ ၊ ဘယ်သူ က ဘာ မဟုတ်ဘူး ကွဲ့ ။

အားလုံးတူတူ ဝိုင်း လုပ်ကြတယ် ။ ဟုတ်တယ် ၊ သိပ်ပျော်စရာ ကောင်းတာ ။ အဲ ... သူတို့ က ကြာလာတော့ သိပ် မဖတ်နိုင်ကြတော့ဘူး ။ ဒီတော့ အမေ က ဖတ် ရတယ် ။ အမေ ကလည်း ဖတ်ချင်ချင်ကိုး ။ စာမူ လာသမျှ ဖတ်ပြီးတော့ သုံးပုံ ပုံရတယ် ။ စားပွဲ မှာ သုံးခု ပေါ့ ။ အကန့်ကလေး တွေ သုံးခု လုပ်ထားတယ် ။ အမေ က စာမူတွေ အကုန် ဖတ်ပြီးရင် အကောင်း ဆုံး ထည့်ပါ ။ ဒီ အထဲ ကို ထည့်တော့ ဆိုတဲ့ အပုံ က ၁ မှာ ထားတယ် ။ အတန်းအစား ခွဲလိုက်တာပေါ့ ။ ဒါတော့ မထည့်နဲ့တော့ ၊ လုံးလုံး ကို မတန်ဘူးပေါ့ကွယ် ။ စာမူ မကောင်းဘူး ဆိုတာ က ၃ မှာ ထားတယ် ။ ပြီးတော့ အလယ် ပုံ ကျတော့ ရှင်တို့ ဖတ် ကြည့်ကြဦး ၊ ကျုပ် ကတော့ ဒါ နဲ့ ဒါ ပို ကြိုက်တယ် ။ ဒီ အလယ် ပုံ ကတော့ ဖတ်လိုက် ၊ ပြန် ဖတ်လိုက်ပါ ။ သူတို့ ပြန်ပြီးတော့ စိစစ်လိုက် ၊ မကောင်းရင် သုံး ကို ပို့ ၊ ကောင်း ရင် ၁ ကို ပို့ ။ အဲဒီ အလုပ် ကို အမေ က လုပ်ပေးတာ ။ သူတို့ သိပ် သဘောကျ တယ် ။ စာမူ ဖတ် ရတာ သက်သာ သွားကြတာကိုး ။ အမေ့ ကို ဘယ်သူ က ခိုင်းတာလဲ ဆိုတော့ ဟို ... ကိုတင့်တယ် က “ မညိုရယ် တဲ့ ... ကျွန်တော် တို့ကို ကူပါဦးတဲ့ ” အဲဒီတုန်းက ဟိုဒင်း လည်း ပါတယ် ကွဲ့ ။ ဗန်းမော် တင်အောင် ၊ ဗန်းမော်တင်အောင် တို့လည်း တိုက် ကို လာတတ်ကြတယ် ။ အဲလို အမေ က စီမံခန့်ခွဲ လုပ် ပေးလိုက်တော့ သူတို့ မှာ သုံးခု ဖတ်ရမယ့် ဟာ ကို တစ်ခု ပဲ ဖတ် ရတယ် ။ သူတို့ အတွက် အလုပ် အင်မတန် နည်းသွား တယ် ။ သူတို့ သိပ်သဘော ကျကြတယ် ။ အမေ့ ကို မိုးလင်း လို့ သူတို့ နှစ်ယောက် ရောက် လာတာ နဲ့ လုပ်ပါဦး ၊ ကူချည်ပါဦး ပေါ့ ။ အမေ က လည်း ဖတ်ချင်ချင်ကိုး ။ အမေ က လည်း စာဖတ် သိပ်ဝါသနာ ပါတယ် ။ အဲ .. သည်တော့ အမေ့ ကို ဘယ်သူ က နာမည် ပေးတယ်မှတ်လဲ ။ ကိုသော်တာဆွေ က အမေ့ ကို “ ဟာ မညို ၊ မညို က ခြေထောက်အယ်ဒီတာ ပဲ ” တဲ့ လေ ။ သတိ ရသေးတယ် ။ ကိုဆွေ က အမေ့ ကို လက်ထောက် အယ်ဒီတာ ရယ် လို့ မပြောဘဲ ခြေထောက် အယ်ဒီတာ တဲ့ တော့ ။ အဲလို နာမည် ပေးခဲ့တယ် ။ နောက် ပြောရဦးမယ် ၊ သူတို့ နှစ်ယောက် က အရက် သောက်ကြတယ် ။ သားတို့ ဘိုးဘိုးသာဓု က အရက် မသောက်ဘူး ။ အဲ .. ဒါပေမဲ့ စီးကရက် အရမ်း သောက်တယ် ။ ဘယ်လောက် ထိ သောက်လဲ ဆိုတော့ မီးကူး သောက်တာ ၊ ဆေးလိပ် သောက်ပြီ ဟေ့ ဆိုရင် မီးခြစ် ကို တစ်ခါပဲ ခြစ် ရတယ် ။ တစ်လိပ် ကုန် သွားရင် အဲဒီ တစ်လိပ်မီး နဲ့ နောက် တစ်လိပ် မီးတို့ ပြီး သောက်တယ် ။ အဲလို မီးကူး သောက်တော့ ကာ သား ဘိုးဘိုး သာဓု ကို တွေ့ဖူးတယ် မဟုတ်လား ။ အသား မည်းတယ် နော် ။ ဘိုးဘိုးသာဓု ရဲ့ အဲဒီ အမည်းရောင် လက်ချောင်းလေးတွေ လက်ကြားတွေ မှာ စီးကရက်ဆေးကြေး ( ဂျီး ) အဝါရောင် က ဖုံး သွားတယ် ။ အဲလောက် သောက်တာ ။ အရက် သောက်တာ ကို တော့ သူ က မုန်းတယ် ။ ဒါကြောင့် ဟို နှစ်ယောက် အရက် သောက် လာပြီ ဆိုရင် စိတ်ဆိုးတယ် ဆိုပေမဲ့ သူတို့ က သောက်တတ်ကြတဲ့ သူတွေ ဆိုတော့ သောက်ဖို့ လို့ ခွင့် ပြုရတာပေါ့ ကွယ် ။ တစ်နေ့ အမေ သွား ကိုက် နေတော့ ကာ ဆရာစန္ဒ က အဲဒီတုန်း က သူ လည်း အသက် ၃၀ အောက် ပေါ့ ။ အဲ ... ဆရာစန္ဒြ က အရက် ပြားလေး တစ်လုံး သွားဝယ် ။ ပြီးတော့ ဂွမ်းလေး နဲ့ ဆွတ်ပြီး ကိုက် နေတဲ့ သွားပေါက် ထဲ ကို ထည့် ပေးတယ် ။ အောင်မလေး ... ချက်ချင်း သက်သာ သွားတယ် သား ။ ဒီတော့ အမေ လည်း အဲဒီ အရက်ပုလင်းပြားလေး ကို အသေအချာ သိမ်းပြီး မနက် ကျောင်း သွားခါနီး ဂွမ်းလေး နဲ့ အရက် ကို ဆွတ်ပြီး သွား ပေါက်ထဲ ထည့် ၊ ပြီးတော့ ကျောင်းသွား ။ အဲလိုပဲ မှန်မှန် လုပ် နေတာ ။ အောင်မယ် ... အမေ့ ပုလင်းပြားလေး က အရက်တွေ လျော့ တာ မြန် လိုက်တာပေါ့ ။ မဖြစ်နိုင်တာ ၊ အမေ က သုံးတယ် ဆိုတာ ဂွမ်း လေး နဲ့ တင် ဆွတ်ပြီး အစက် ချ ရုံ ။ ခုတော့ အများကြီး လျော့ သွားတယ်ပေါ့ ။ ဘယ်ဟုတ်မလဲ ကိုဆွေ လေ ၊ ကိုဆွေ တို့ နှစ်ယောက် ယူ ယူ သောက်ကြတာကိုး ။ ဒါတင်ပဲလား ၊ ဘယ် ဟုတ်မလဲ ကွယ် ... အမေ က ကျောင်း သွားခါနီး ချက်ပြုတ် ၊ ကြော်လှော်သွားတဲ့ ကြက်ကြော် ကို သူတို့ နှစ် ယောက် က အမြည်း လုပ် ပစ်လိုက်သေးတယ် ။ သူတို့ လုပ်ချင်တာတွေ လုပ်ပြီးရင် အမေ့ ကို လာ ချော့ကြတော့တာပဲ ။ တစ်ခါတလေ ကျောင်း အထိ လိုက် လာကြတယ် ။ ဘိုးဘိုးသာဓု က အရက် သောက် တာ မကြိုက်ဘူး ဆိုပေမဲ့ သူတို့ နှစ်ယောက် ကို ဘိုးဘိုးသာဓု က ကားမောင်း လိုက်ပို့ တယ်လေ ။ သူတို့ က အရက် ကို အဲလောက် ပေပေတေတေ သောက်ခဲ့ ကြပေမဲ့ သူတို့ ရဲ့ စာတွေ က သိပ် ကောင်းတာပဲ ။ ပါရမီရှင်တွေ ဖြစ်မယ် နော် ။ ဘာရေးရေး ဖတ် လို့ ကောင်း နေတာပဲ ။ ကိုဆွေ က ဆို ပိုသေးတယ် ။ အမေ နည်းနည်းလေး မလှုပ်လိုက် နဲ့ ၊ သူ့ အတွက် စာတစ်ပုဒ် ဖြစ် သွားတာပဲ ။ တော်တယ် ၊ သိပ် တော်တယ် ။

အမေ က သားဗလ ကို မွေးတော့ ဂျင်မခါနာ မှာ မိုးလင်းတာ နဲ့ ရောက် လာတာကတော့ ကိုဆွေ တို့ နှစ်ယောက် ပဲ ။ နေ့တိုင်း မိုးလင်းတာ နဲ့ ရောက် လာကြပြီပေါ့ ။ အဲလို လူ တွေ ။ မင်းတို့ ဘိုးဘိုးသာဓု က ည မှ ရောက် လာ တတ်တယ် ။ လူတွေ မရှိတော့ဘူး ဆို မှ လာတယ် ။ သူ လာပြီ ဆိုရင် တာဝန်ကျ ဝန်ထမ်း တွေ စားဖို့ ဆိုပြီး ခေါက်ဆွဲထုပ် တွေ ၊ စား စရာတွေ ဝယ် ဝယ် လာတတ်တယ် ။ ဂိတ်စောင့်ကုလား ကို မုန့်ဖိုးလေး ဘာလေး ပေးပြီး တက် လာတာပေါ့ကွယ် ။

တစ်ခါကွယ် ... စိတ် ဆိုးရလည်းခက် ၊ ရယ်ဖို့လည်း ကောင်း ၊ အမေ့ ပုံ ကို ပန်းချီဆရာ ဆွဲ ခိုင်း ၊ ဘယ်လို ပုံ မှတ်လဲ ... ယောက်မကြီး နဲ့ တော့ အဲလို ပန်းချီ ရေး ခိုင်းပြီး အမေ့ နာမည် တပ် ရေး တော့တာပဲ ။ အမေ က ည အိပ်ရင် နံရံထောင့် မှာ အိပ် တာကိုး ။ သည်တော့ တစ်ရေး နိုး ထ တတ်တဲ့ အခါ သား သိတယ်မဟုတ်လား ။ မင်း တို့ ဘိုးဘိုးသာဓု က အရပ် ရှည် တော့ ကာ ခြေထောက် နဲ့ ခုတင် နဲ့ က အတိ လို ဖြစ် နေတော့ အမေ က ကိုယ့် လင်သား ရဲ့ ခြေထောက် ကို ကျော်ခွပြီး လည်း မသွားချင်ဘူး လေ ။ သည်တော့ အမေ က ဘာလုပ်လဲ ဆိုတော့ အမေ အိပ် တဲ့ ထောင့်နံရံ ကို ဟ ထားပြီး အဲဒီကနေ တစ်ဆင့် ခုတင် အောက် က နေ တိုး ထွက် လုပ်ရတာ ပေါ့ ။ အဲဒါကိုလေ ကိုဆွေ က သိ တော့ “ မညို က လင်သား ကို အင်မတန် ရိုသေ တဲ့ မိန်းမ ” ဆိုပြီး စာ ဖြစ်အောင် ရေး သေးတယ်လေ ။

အင်းလေ ... သူ ဘာ ရေးရေး စာ ဖြစ်နေတာပဲ ။ ဘယ်လို ရေးရေး ကောင်း နေတာပဲ ။ တော်တယ် ။

သူ့ အကြောင်း ကို သည့်ထက် ပြည့်ပြည့်စုံစုံ သိချင်ရင် ဆရာကြီး ဦးခင်မောင်လတ် နဲ့ မမမြ ကို မေး ။ မမမြ ဆိုတာ ဒေါ်ခင်မျိုးချစ် လေ ။ အမေ က မမမြ လို့ ပဲ ခေါ်တယ် ။ သူတို့ နဲ့ ကိုဆွေ က ပိုပြီး ရင်းကြတယ် ။ သားသမီး လို ပဲ နေလာခဲ့ကြတာ ကွဲ့  ။

◾အမေညို

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment