Thursday, September 15, 2022

ချစ်ဝင်္ကဘာ


 

❝ ချစ်ဝင်္ကပါ ❞

လူ့လောက ၌ ဖြစ်ပျက်နေသော ဇာတ်လမ်း တို့ သည် အချက်အလက်ပေါင်း များစွာ ကို အခြေခံ၍ ဖြစ်တတ်သည်များ ရှိသလို မမျှော်လင့်သော အချက်အလက် တစ်ခု ကို အကြောင်း ပြု၍ ရှုပ်ထွေးသော ဇာတ်လမ်းများ ဖြစ်လာ တတ်သည် လည်း ရှိပါသည် ။ ချစ်ဝင်္ကပါ သည် ဂျာကင်အင်္ကျီ တစ်ထည် ကို အကြောင်း ပြု ၍ ဖြစ်ပေါ်လာသော ဇာတ်လမ်း ဖြစ်ပါသည် ။

ရွှေတမာ ကဖေး တွင် ညီညီ တို့ သူငယ်ချင်း တစ်စု ထိုင်လေ့ ရှိပါသည် ။ သူတို့ သည် “ နယူးဖီလင် ”  ( အာရုံသစ် ) ဆိုသော ခေတ်ပေါ် ဂီတဝိုင်း ကို ဖွဲ့စည်းထားကြပြီး ညီညီ က “ အာရုံသစ် ”  ၏ ထင်ရှားသော တေးသံရှင် ဂစ်တာသမား တစ်ဦး ဖြစ်ပါသည် ။ ထိုနေ့က သူတို့ ထိုင်နေကြစဉ် လက်ဖက်ရည်ဆိုင် ရှေ့ သို့ ကား တစ်စီး ထိုး ရပ်လိုက်ပြီး …

“ ဟေး … မင်းတို့ ကို လိုက်ရှာနေတာ ”

ကားပေါ် မှ ဝိုင်းထောင် ကိုကြီးကျော် ဆင်းလာ၏ ။ ကားတစ်ဖက် မှ တံခါး ဖွင့် ဆင်းလာသူ က ရှုတင်မန်နေဂျာ ကိုခင်မောင်တင့် ။ ကိုခင်မောင်တင့်သည် ရီမြင့်ရုပ်ရှင် ၏ လက်စွဲ ဖြစ်သည် ။ သင်္ကြန်မိုး ၊ ဒဏ္ဍာရီ စသည့် ဇာတ်ကားကြီးများ နှင့် ဗွီဒီယိုကားပေါင်း များစွာ ကို တာဝန်ယူ လုပ်ပေးခဲ့သူ ဖြစ်သည် ။ သူတို့ တီးဝိုင်း နှင့် လည်း သုံးကြိမ် မျှ လက်တွဲဖူးသည် ။

“ ရုပ်ရှင် ရိုက်ချင်လို့ မင်းတို့ ဝိုင်း လာ ခေါ်တာ ”

ကိုကြီးကျော် နှင့် အတူ ဆိုင်တွင်း ဝင်လာသော ကိုခင်မောင်တင့် က အားလုံး ကို ပြုံးပြ နှုတ်ဆက်ရင်း ဝင်ပြောသည် ။

“ ဗြုန်းစားကြီး ဗျ ”

“ မင်းသား မရောက်လာလို့ ကွ ။ အရေးပေါ် အစီအစဉ် ပြောင်းလိုက်ရလို့ ”

“ ကဲ ထကြကွာ ၊ ဟိုမှာ ဒါရိုက်တာ နဲ့ မင်းသမီး စောင့်နေတယ် ”

“ ဘယ်မှာလဲ ”

“ တောင်ခြေ မှာ ”

“ သွားနှင့်လေ ကျွန်တော် လိုက်ခဲ့ပါ့မယ် ။ အိမ် ပြန်ပြီး အနွေးထည် ယူ လိုက်ဦးမယ် ။ ခင်ဗျားတို့ ရိုက်တာ မပြတ်လို့ ည ထိ ရောက်ရင် အေးမှာဗျ ”

ညီညီ ၏ ဘေး မှ မင်းခေါင် က …

“ စောင့်နေရတဲ့ လူတွေ အားနာစရာကွာ ဟိုမယ် ပိုပို ဆီ က အင်္ကျီ ခဏ ငှါး ခဲ့ ”

ပိုပို မှာ ညီညီ နှင့် မရင်းနှီးသော်လည်း သိတော့ သိသည် ။ ပိုပို နှင့် ညီညီ မှာ မြို့သစ် တစ်ရပ်ကွက် တည်း မှာ အတူနေ သူတွေ ။ ပိုပို က ရွှေတမာ ကဖေး နှင့် မျက်နှာချင်းဆိုင် မှာ လာပြီး အလုပ် လုပ် သည် ။ ဆံပင် မိတ်ကပ် အလှပြင်ဆိုင် မှာ ။ ညီညီ သည် ဆိုင်ရှေ့ မှာ ရပ်နေသော ပိုပို ကို လှမ်း၍ ကြည့်လိုက်သည် ။ ပိုပို ဝတ်ထားသည် က ယောက်ျားလေးတွေ ဝတ် တတ်သော ဂျင်းဂျာကင် ပွပွကြီး ။

“ ငါ နဲ့ မရင်းနှီးဘူး ကွ ”

“ မရင်းနှီးပေမယ့် သိနေတာပဲကွာ သွားပါ ”

သူတို့ ကို ကြည့် နေသော ပိုပို ၏ စိတ် ထဲ မှာ သူ နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ပြောနေကြမှန်း အလိုလို သိ နေသည် ။ သူ ကြည့် နေစဉ်မှာပင် ညီညီ က လမ်း တစ်ဘက် သို့ လျှောက်လာပြီး သူ့ ရှေ့သို့ ရောက်သော အခါ …

“ ပိုပို ”

“ ရှင် ”

“ ကျွန်တော့် ကို ဂျာကင်အင်္ကျီ ခဏ ငှါး နိုင်မလား ၊ အရေးပေါ် ပွဲတီး ရှိလို့ လာ ခေါ်နေလို့ ။ အိမ်ပြန်ယူချိန် မရလို့ ”

“ ဟုတ်ကဲ့ ရပါတယ် ”

ပိုပို က ပြောပြောဆိုဆို ချွတ်ပေး လိုက်သည် ။

“ နက်ဖြန် မှ ပြန် ပေးမယ်နော် ”

“ ရပါတယ် ”

ညီညီ က ကျေးဇူး တင်သော အကြည့်ဖြင့် ပြုံး ပြကာ စက်နိုးပြီးနေသော ကား ဆီ သို့ ပြေးတက် လိုက်သွားသည် ။ ပိုပို သည် ညီညီ တို့ အား အဝေး ရောက်သွားသည် အထိ ရည်ရွယ်ချက် မဲ့ ငေးနေမိရာ …

“ ဟိတ် ”

“ လန့်လိုက်တာ ဟယ် ”

သူငယ်ချင်း တစ်ယောက် နောက် မှ ရောက်လာပြီး ပိုပို ၏ ပုခုံး ကို ပုတ်လိုက်သည် ။

“ အံမယ်မယ်မယ် ငါ့ ကျတော့ လန့်တယ်ပေါ့ ”

“ တော်စမ်းပါ မိစံ ရယ် ”

“ အို ငါ က ဘာပြောလို့လဲ ”

“ နင် မပြောသေးပေမယ့် ဘာပြောချင်တယ် ဆိုတာ ငါ သိပါတယ် ”

“ ငါ က ဘာမှ မပြောချင်ပါဘူး ပိုပို ရယ် ၊ ပြောစရာလည်း မလိုဘူးလေ ၊ ကိုယ့် ချစ်သူ ကို နွေးနွေးထွေးထွေး ရှိ စေချင်တာ အပြစ် မှ မဟုတ်တာ ။ ဟဲ့ … ဟဲ့ ”

ပိုပို က လှမ်း ထုလိုက်သည် ။ မိစံ က လက် ကို ဖမ်းဆွဲထားပြီး …

“ ကိုယ်ငွေ့လေး နဲ့ နွေးနေတော့မှာပဲ ၊ သူ့ စိတ်ထဲ မှာလေ ပိုပို က ဖက်ထားတယ် လို့ ခံစား … အား … အား မလုပ် နဲ့ နာတယ် ဟ ”

သို့နှယ် ပိုပို ကို မိစံ က စ နေချိန်မှာ ညီညီ ကို လည်း သူ ၏ အပေါင်းအသင်းများ က …

“ ခုလို ပိုပို ရဲ့ အင်္ကျီ ကို ဝတ်ထားတော့ မင်း ရဲ့ ရင်ထဲ မှာ ပိုပိုက ဖက်ထားတယ် လို့ မခံစားရဘူးလား ”

“ ဟာကွာ ”

“ ပိုပို က လှတယ်နော့ ”

“ ငါ က ရိုးရိုး ခင်တာပါကွာ ”

“ ဒါပေါ့ နောက် မှ တစ်မျိုး တိုးရမှာပေါ့ ”

“ ငါ စိတ်မကူးပါဘူးကွာ တကယ်ပါ ”

“ ဟင်းဟင်း စိတ်ကူးတဲ့ လူ ပေါ်လာ မှ မဆွေးနဲ့ နော ။ ပိုပို လို ဟာမျိုး ရှာကြည့်စမ်း ၊ ပညာတတ် ၊ ဥစ္စာပေါ ၊ ရုပ်ချော ။ ပြီးတော့ အလုပ် လုပ်ချင်စိတ်လည်း ရှိ တယ်ကွာ ။ ဒါမျိုးမှ စိတ် မကူးရင် မင်း မှာ ဦးနှောက် မရှိလို့ဘဲ ”

“ ကောင်မလေး ကြည့် ရတာ မင်း ကို စိတ်ဝင်စားပုံ ရတယ်နော ၊ မင်း သာ ပြော လိုက်ရင် ”

“ တော်ကြပါတော့ကွာ ”

“ အံမာ စေတနာ ရှိလို့ တို့က ကမ္ဗောဇဘဏ် လုပ်နေတာ ”

တစ်ယောက် က လက် တို့ပြီး ပြောရင်း ထ ထွက်သွားသည် ။ သူငယ်ချင်းများ ၏ ပြောစကားများ မှာ သူ ၏ နားထဲ မှတစ်ဆင့် ရင် ထဲ သို့ ရောက်သွားသည် ။ စကား တစ်လုံး နှင့် ထိမိ လိုက်တိုင်း နှလုံးသား က လှုပ်ခါ သွားသည် ။ စကားလုံးများ ဆက်တိုက် ထိပုတ် လိုက်သောအခါ နှလုံးခုန်သံ လည်း မြန် ရလေပြီပေါ့ ။ သူ့ ကိုယ်ပေါ်မှာ ရှိ နေသော ပိုပို ၏ ဂျာကင်အင်္ကျီ မှ ရေမွှေးနံ့ နှင့် ကိုယ်သင်းနံ့လေး က သင်းသင်းလေး ပျံ့နေသည် ။ ပိုပို နှင့် နီးကပ်လွန်းစွာ တွေ့ နေရသလို ။ ညီညီ ပြုံး မိသွားသည် ။

•••••   •••••   •••••

ထိုနေ့ ည က ပိုပို မှာ လည်း သူငယ်ချင်းများ စ လိုက်သော စကားများကြောင့် ညီညီ နှင့် ပတ်သက်သော အတွေးများ က သူ့ အာရုံ မှာ ကြီးစိုး နေသည် ။

“ ငါ သူ့ ကို စိတ်ဝင်စား နေပြီလား ”

“ သူ က ရော ငါ့ ကို စိတ်ဝင်စား နေပြီလား ”

“ ကဲ ချစ်ရေးဆို လာပါပြီတဲ့ ”

“ ခေါင်း ခါရမယ့် သူတော့ မဟုတ်ပါဘူး ”

သူ့ အတွေး နှင့် သူ ရှက်ပြုံး ပြုံးမိသွားသည် ။ ထို ည က ရင်ဖိုစရာ အိပ်မက် ထဲ မှာတော့ ညီညီ က မင်းသား ပေါ့ ။

ပိုပို တစ်ယောက် သန်းခေါင်ကျော် ချစ်အိပ်မက်  မက် နေချိန် မှာ ညီညီ က ရည်းစားစာ တစ်စောင် ကို ရင်ဖိုစွာ နှင့် ရေး နေပါလေပြီ ။ ဒီစာ ကို ပိုပို ၏ အင်္ကျီ ပြန် ပေးချိန် မှာ အင်္ကျီအိတ်ကပ် ထဲ ထည့်ပေး လိုက်မည် ။ ပေးဖို့ အတွက်လည်း တော်တော် အဆင်ပြေသည် ။ ညီညီ သည် စာ ကို ရေးနေရင်း ရင်ခုန်စရာ ချစ်သူ ဘဝ ကို မှန်းဆ နေမိ၏ ။

•••••   •••••   •••••

စိတ်ကူးယဉ် ည ကို လွန်မြောက်၍ နေ့သစ်ပင် ရောက်ခဲ့ပါလေပြီ ။ ညီညီ မှာ လင်းအားကြီး မှ အိပ်ပျော် သွားသောကြောင့် မနိုးသေးပါ ။ ဘ သည် အိပ်ရာ မှ ထ လာကာ မျက်နှာသစ် ပြီးသည် နှင့် လက်ဖက်ရည်ဆိုင် သွားရန် ဟန် ပြင်တော့သည် ။

“ ဟား ဂျာကင် တစ်ထည် ပါလား ”

ဘ က ညီညီ ၏ အခန်း ပေါက် မှာ ချိတ် ထားသော ပိုပို ၏ ဂျာကင် ကို တွေ့သွားသည် ။ ဘ က ယူ ဝတ်လိုက်ပြီး …

“ အံကျပဲ ဖစ်ဆိုက် ဆိုတာ ဒါမျိုးပြောတာ နေမှာ ”

သို့နှယ် ပိုပို ၏ အင်္ကျီ ကို ဝတ်ပြီး အိမ် ရှေ့ သို့ ထွက် သွားလေတော့၏ ။

“ ဒီကောင့် အင်္ကျီ ဝတ် ရတာ မွှေး နေတာပဲ ။ ‘ အားယို … အာရေ့’ တောင်  အော်ချင်စိတ် ပေါက်လာတယ် ”

ဘ သည် အင်္ကျီ ကို ငုံ့နမ်းရင်း လျှောက်လာရင်း မျက်နှာချင်းဆိုင် မှ လာ နေသော ဖွားစွာ နှင့် ဆုံမိသည် ။ ဖွားစွာ သည် အဝေး ကတည်း က ဘ ကို စူးစူးစိုက်စိုက် ကြည့်လာသောကြောင့် …

“ မစွာ လူ ကို ကြည့် လှချည်လား ၊ ရိုးပုံတော့ မပေါ်ဘူး ပြုံးပြ လိုက်ဦးမှပဲ ”

ဘ က သူ့ အတွေး နှင့် သူ ပြုံးပြသည် ။

ဖွားစွာ က …

“ မျက်နှာ ကတော့ စပ်ဖြဲဖြဲ ပဲ ။ သူ ဝတ်ထားတာ ငါ့ မြေး အင်္ကျီပဲ ဖြစ်ရမယ် ”

မျက်နှာချင်း ဆိုင် ဆုံမိသောအခါ နှစ်ယောက်သား ပြိုင်တူ ရပ် လိုက်မိ၏ ။

“ ရေမွှေးနံ့ က တော့ ဟုတ်တယ် ၊ သေချာအောင် ကပ် ကြည့်ရမယ် ”

ဖွားစွာ က ကပ် ကြည့်သည် ။ အိတ်ထောင် ပေါ် မှာ ချည်ထိုးထားသည့် ပိုပို ဆိုသော စာလုံးလေး ကို တွေ့ လိုက်ရသည် ။

သေချာပြီ ၊ ဘ က သူ့ အား အနီးကပ် ရပ် ကြည့်နေသော ဖွားစွာ ကို …

“ ဟဲ … ဟဲ ကြည့်လို့ ဝပြီလား ၊ လူ မှာ အဝတ် တောင်း မှာအကွပ် ဆိုတဲ့ စကားများ တယ်မှန်တာပဲ ”

“ ဒီမယ် ”

“ ပြောပါ စိတ်မဆိုး တတ်ပါဘူး ။ မစွာ တစ်ခုခု ပြောချင်နေတယ် ဆိုတာ ကျုပ် အလိုလို သိနေတယ် ။ ဟိုကြော်ငြာ လိုပေါ့ ပြောမထားလည်း ပဲ သိနေ သိနေတယ် ”

“ ကဲ သိနေရင် အင်္ကျီ ချွတ်ပါ ”

“ ဟ - ဟ နေပါဦး မင်း က ဘာ ဆိုလိုတာလဲ ”

“ တော် ဝတ်ထားတာ ကျုပ် မြေး အင်္ကျီ ”

“ ဟုတ်လို့လား ကွ ”

“ အိတ်ထောင် ပေါ် မှာ စာပါတယ် ပိုပို တဲ့ ” 

ဘက ငုံ့ ကြည့် လိုက်သည် ။ ပိုပို ဆိုသော စာတန်းလေး ကို တွေ့ သောကြောင့် အလိုက်အထိုက် ကြည့် ပြောရန် ဆုံးဖြတ်လိုက်ပြီး …

“ ကျုပ် ကလည်း ကျုပ် အင်္ကျီ လို့ မပြောမိပါဘူး မစွာ ။ မင်း ရဲ့မြေး စက်ဘီး နောက် မှာ ညှပ်ယူရာ က ကျ နေခဲ့တာ ။ ပထမတော့ အော် ခေါ်ပြီး ပေး မလို့ဘဲ ။ နောက်တော့ မင်း ကို ပေးချင်တာ နဲ့ ခုလို တွေ့ လိုက်ရတော့ အဆင်ပြေ သွားတာပေါ့  ကဲ ရော့ ”

ဘ က အင်္ကျီ ကို ချွတ် ပေးပြီး ထွက် သွားသည် ။ ဖွားစွာ က မျက်စောင်း ထိုး ကြည့်ကာ အင်္ကျီ ကို ယူ၍ ထွက် ခဲ့သည် ။ ဖွားစွာ မှာ အိမ် ရောက်သည် နှင့် …

“ နည်းနည်း တော့ ထူးဆန်းတယ် ။ ဘာလို့ ငါ့ လက် ကို ပေးချင်ရတာလဲ ၊ အဘိုးကြီး မရိုးဘူး ”

သံသယ နှင့် အင်္ကျီ ကို သေသေချာချာ ကြည့် သည် ။ နောက်တော့ အိတ်ထောင် တွေ စမ်း ကြည့်သည် ။ ဟော တွေ့ပါပြီ ။ ဘာပါလိမ့် ။ ပိုက်ဆံများ လား ဟုတ်ပါဘူး ၊ ဟင် စာ တစ်စောင်ပါလား ။ ဖွားစွာ သည် ဂျာကင် အိတ်ထောင် ထဲ မှ စာ ကို ဖတ် ကြည့်လိုက်သည် ။

“ ချစ် …
        ဒီ စာ ကို အရဲ စွန့်ပြီး ရေးလိုက်ရတာပါ ။ ချစ် တဲ့ အကြောင်း ပြောမိကာ မှ ရှိနှင့်ပြီး ဖြစ်တဲ့ ခင်မင်မှုလေးပါ ပျက်သွားမှာ စိုး တယ်လေ ။ အဲဒီ စိုးရိမ်စိတ် ကြောင့် ခုလောက် ထိ အချိန်တွေ နောက်ကျ ခဲ့ရတာပါ ။ ဒီ စာ ဟာ ချစ်တဲ့ အကြောင်း ပြောတဲ့ စာ ဆိုတာ ထက် ပိုပြီးတော့ အလေး ထားစေ့ချင် ပါတယ် ။ ဘဝ လက်တွဲဖော် အဖြစ် မျှော်လင့်ပြီး ရေး တာပါ ချစ် ။      
        ချစ် ရဲ့ သဘောထား ကို …

ဖွားစွာ မှာ စာ ကို ဖတ်ရင်း လက်တွေ ပင် တုန် လာသည် ။ ဝန်းကျင် ကို လည်း လှည့်ကြည့်မိသည် ။ ရှက် လည်း ရှက်နေသည် ။ တော်သေးရဲ့ ။ ငါ တစ်ယောက် တည်း ရှိလို့ ဟု စိတ် ဖြေရသည် ။ ဖွားစွာ မှာ ထိုနေ့ က စာ ကို ဖတ် လိုက် ဆုံးသွားလိုက် ပြန် ဖတ်လိုက် နှင့် အခေါက်ရေ မည်မျှ ဖတ်မိသည်ပင် မသိပါ ။ ဖွားစွာ မှာ စိတ်ကူး နှင့် ဘုရား ကို လည်း အတူ သွား မိသည် ။ အိမ်ဦးခန်း မှာ ထိုင် ၍ လည်း ငယ်ဖြစ်ဟောင်းများ ပြော မိသည် ။ ဆေးပေးမီးယူ ဘုရားသွား ကျောင်းတက် အဖော် အဖြစ် ။

•••••   •••••   •••••

ညီညီ အိပ်ရာ က ထ တော့ ပထမဆုံး သတိ ထား မိသည်က ပိုပို ၏ အင်္ကျီ ပျောက် နေခြင်းပင် ။

“ ကိုကို ”

“ ဝေ ”

“ ဒီမှာ ချိတ်ထားတဲ့ ဂျာကင် မတွေ့မိဘူးလား ”

“ တွေ့သားပဲ ”

“ ဘယ်မှာလဲ ”

“ အဲဒီ ချိတ်မှာပဲ ”

“ ခု မရှိလို့ မေးနေတာ ကိုကို ရ ”

“ ဘ ဝတ် သွားတယ်လေ ”

“ ဒုက္ခပါပဲ ”

ထို အချိန် မှာ ပင် ရှုတင် မန်နေဂျာ က ရောက်လာသည် ။ ရိုက်လက်စ ပြီးပြတ်အောင် ဒီနေ့ ကူ ရဦးမည် ။ ညီညီ သည် ဘ ကို စောင့် မနေ အားတော့ဘဲ ရုပ်ရှင် ရိုက်ရန် လိုက် သွားရလေတော့သည် ။ ထိုနေ့ က ညနေ သုံးနာရီ ထိုးခန့် မှ ပင် ပြီးသွားသည် ။ သူ တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် ရောက်သောအခါ လေးနာရီ ။

“ မြန်မြန် သောက်ကြကွာ ၊ ပြီးရင် ပြန်မယ် ”

“ မင်း က ဘာ လော နေရတာလဲ ။ နေစမ်းပါဦး ဖြည်းဖြည်းပေါ့ ”

ညီညီ က သူ့ အင်္ကျီ ကိစ္စ ဖြေရှင်းရန် ရှိနေသေး၍ အိမ် အမြန် ပြန် ချင်နေခြင်း ဖြစ်ပါသည် ။

“ မင်းတို့ မပြန်ချင် ဆက်ထိုင်ကွာ ၊ ငါ တော့ လစ်မယ် ”

“ နောက် မှ လစ် ၊ ဟိုမယ် ခေါ်နေတယ် ”

ညီညီ က လှည့် ကြည့်လိုက်သည် ။ လမ်း တစ်ဖက် ရှိ အလှပြင်ဆိုင် ရှေ့ မှာ ရပ်နေသော ပိုပို ကို မြင်ရသည် ။ ပိုပို က သူ ကြည့်သောအခါ ပြုံးပြသည် ။

“ သွားလေကွာ ”

“ ငါ့ ခေါ်တာ ဟုတ် လို့လား ”

“ စိတ် မရှည်ချင်တော့ဘူး ကွာ ၊ မင်း အစား ငါ သွား လိုက်ရမလား ”

ထိုစဉ်မှာ ပင် ပိုပို က လှမ်းခေါ်သည် ။

“ ကိုညီ ”

“ ကဲ … ယုံပြီ မဟုတ်လား ”

ညီညီ က ထ သွားသည် ။ သူ့ စိတ် ထဲ မှာ အင်္ကျီ နှင့် ပတ်သက် နေလိမ့်မည် ဟု ထင်နေ၏ ။ သို့သော် ပိုပို ၏ အနီး သို့ ရောက်သောအခါ …

“ သူငယ်ချင်း တစ်ယောက် သူ့ မင်္ဂလာဆောင် မှာ ကိုညီ တို့ တီးဝိုင်း ငှါး ချင်လို့တဲ့ နက်ဖြန် ဆယ်နာရီ လောက် ဒီ လာလိမ့်မယ် ။ အဲဒါ လွဲမှာ စိုးလို့ ”

“ ရပါတယ် လာစောင့် နေမယ်လေ ။ ဪ … အင်္ကျီ လည်း နက်ဖြန် မှ ယူ တော့နော် ”

“ ဘယ် အင်္ကျီလဲ ”

“ မနေ့က ယူသွားတဲ့ ဂျာကင်လေ ”

“ ဂျာကင် က ဖြင့် အိမ် ရောက်နေပြီ ။ ဘ လာပေး သွားတာ တဲ့ ”

“ ဟုတ်လား ”

ညီညီ မှာ ဂျာကင် ထဲ မှာ စာ ကိစ္စ ကို ဘယ်လို ဆက် မေးရမှန်း မသိ ဖြစ်နေ၏ ။ ပိုပို ၏ မျက်နှာ အကဲခတ် ကြည့်တော့လည်း ဘာမှ မထူး ။

“ ကိုညီ ဘာပြောချင်သေးလို့လဲ ”

“ ဟို … အိတ် ထဲ က ဘာ တွေ့သေးလဲ ”

“ ဟင့်အင်း ကိုညီ ဘာ ပါသွားလို့လဲ ”

“ အဲ သီချင်း စာရွက်များ ပါ သွားသလား လို့ပါ ”

ပိုပို က သံသယ နှင့် ကြည့်လိုက်သည် ။ ညီညီ ၏ မျက်ဝန်း မှာ တစ်စုံတစ်ရာ ကို လျှို့ဝှက်ထားမှန်း ပိုပို သိပါသည် ။ သူတို့ ဆက်ဆံရေး မှာ ပဟေဠိတွေ  ပါလာပြီကော ။ ခွဲခွာခဲ့ပြီး နောက် မှာ အတွေးကိုယ်စီ နှင့် ။

“ သူ ငါ့ စာ ကို တကယ် မတွေ့လို့လား ”

“ သူ့ ကြည့် ရတာတော့ တကယ် မတွေ့သေးပုံပဲ ”

ညီညီ အတွေး နှင့် အဖြေရှာနေစဉ် မှာ ပိုပို က လည်း …

သူ အင်္ကျီ အိတ် ထဲ တစ်ခုခု ထည့်ပေး ထား တာ ဖြစ်ရမယ် ။ မေ့ ထည့်ထားတာ ဆို သူ ဘာလို့ ပီပီပြင်ပြင် မမေးရသလဲ ။ အိတ်ထဲ က ဘာ တွေ့သေးလဲ ဆိုတော့ ထည့် ပေးထားလို့ပေါ့ ။ တမင် ထည့်ပေးထား လို့ သာ … ။ ဘာ ဖြစ်မလဲ ။ ရည်းစားစာများလား ။ အို မဖြစ်နိုင်ပါဘူး ။ ရည်းစားစာ ဆို ရင် အဘွား တွေ့ သွားပြီး ငါ့ ကို ဆူ မှာပေါ့ ။ အဘွားစွာ တဲ့ ဘယ် နေလိမ့်မတုန်း ။ တစ်ခုခု ထည့် ပြီး ပေးချင်ရင် ကိုညီ ငါ့ ကို တိုက်ရိုက်  ပေးမှာပေါ့ ။

ပိုပို သည် လည်း တွေးရင်း တွေးရင်း အဖြေ မထွက်သော ပုစ္ဆာ ကို ထပ်ပြန် တလဲလဲ တွက် နေမိတော့သည် ။ ညီညီ မှာလည်း ပိုပို နည်းတူပင် ။ သူ ရေးထည့်ပေးလိုက်သော ရည်းစားစာ အကြောင်း တွေး မရ ဖြစ်နေသည် ။ ပိုပို လည်း တကယ် တွေ့သေးဟန် မတူ ။ သို့ဆိုလျှင် ထို စာက ဘယ် ရောက်နေသနည်း ။ အင်္ကျီ ကို ဘ , ယူဝတ် ၍ ပိုပို ၏ အဘွား ထံ ပေးခဲ့သည် ။ ထို စာ ကို ဖွားစွာ တွေ့ ရပေမည် ။ အိတ်ဖုံးကြယ်သီး တပ် ထားသော ဂျာကင်အိတ်ထဲ မှ စာ ကတော့ ထွက် မကျနိုင် ။ ဖွားစွာ သာ ထို စာ ကို တွေ့လျှင် ပိုပို အား ဆူပူမည် အမှန် ။ သူ့ အင်္ကျီ သည် အဘယ်ကြောင့် အမျိုးသား တစ်ယောက် ထံ ရောက် နေရ ပါသနည်း ဟု စပ်စုမည် အမှန် ။ ယခုမူ … ။

ညီညီ နှင့် ပိုပို တို့ မှာ အတွေး ကိုယ်စီ နှင့် အဖြေ ရှာ ရင်း တစ်ရက် မှ နှစ်ရက် ၊ နှစ်ရက် မှ သုံးရက် အချိန် တို့ သည်ပင် ကုန်လွန်ခဲ့လေပြီ ။ အဖြေ ကား မထွက် ။

သူတို့ မှာ သာ အဖြေ ရှာ မရသော်လည်း ဘ မှာ မူ မရှာရဘဲနှင့် အဖြေ ရ နေပါလေပြီ ။ လက်ဖက်ရည်ဆိုင် ထွက်လာသော ဘ နှင့် ဈေးဝယ် ပြန် လာသော ဖွားစွာ တို့ မျက်နှာချင်း ဆိုင် ဆုံမိရာ …

“ ဟား ဖွားစွာ ပါလား ”

ဘ သည် ဖွားစွာ ကို မြင်သည်နှင့် ပြုံးချင် သွားသည် ။ ပိုပို ၏ အင်္ကျီ ကို သူ ဝတ်လာမိခဲ့သော အဖြစ် ကို သတိ ရသွား၍ ဖြစ်ပါသည် ။ ထို အင်္ကျီ က ညီညီ ၏ အခန်းဝ ရောက်နေရသည့် အဖြစ် ကို မူ သူ အဖြေ မရှာမိ ။ သူ ယူ ဝတ်မိသည့် အတွက် သာ ပြုံးချင် နေမိ၏ ။ ပြုံးစိစိ နှင့် မချိုမချဉ် ဖြစ် နေသော ဘ ၏ မျက်နှာ ကို ကြည့်ပြီး ဖွားစွာ ကလည်း ပြုံး မိသည် ။ သူ့ အား ရည်းစား စာ ပေးထားမိသောကြောင့် အဘိုးကြီး ရှက်နေတာ ဟု အတွေး ရောက်၍  ဖြစ်ပါသည် ။

ဖွားစွာ ၏ အပြုံး ကို ဘ က သူ့အား ပြုံးပြသော အပြုံး ဟု ယူဆ လိုက်သည် ။ ထို့ကြောင့်လည်း မျက်နှာချင်းဆိုင် ဆုံမိသည်နှင့် …

“ ဘယ်က ပြန် လာတာလဲ မစွာ ”

“ ဈေးဆိုင်ကပါ ”

“ ပင်ပန်းလှသကွယ် ၊ မြေး ကို အဝယ် ခိုင်း ပြီးရောပေါ့ ”

“ သူ့ အလုပ် နဲ့ သူ မအားပါဘူးတော် ၊ ပြီးတော့ ကိုယ့် ဟာ ကိုယ် ဝယ်ရတာ လောက် လည်း စိတ်တိုင်း မကျဘူး ၊ သွားဦးမယ် ”

ဘ က ခေါင်းညိတ် ပြသည် ။ ဖွားစွာ က ပြုံး ပြပြီး ဆက်လျှောက် သွားသည် ။ ဘ သည် ပြောင် နေသော နဖူး ကို လက်ဝါး နှင့် ပွတ်၍ စဉ်းစားသည် ။ တစ်မျိုးပဲ … တစ်မျိုးပဲ ၊ ဘာတွေ ဖြစ် ကုန်ပြီလဲ ။ အသက် ကြီး မှ ဝက်သက်  ပေါက် ချင်လို့နဲ့ တူတယ် ၊ ဝက်သက် ပေါက်တာ က ကိစ္စ မရှိပါဘူး ၊ ဟိ ဟိ … ဒုတိယမ္ပိ အို ရချည်သေး ရဲ့ ။ ဒါကြောင့် စိုင်းခမ်းလိတ် က ရေးတာ “ အိုဇာတာရယ် စန်းထလာ ၊ အနယ်ထိုင်ချိန် မှာ မင်းရောက်လာ ”  ဆိုပြီးတော့ …

ဘ သည် သို့နှယ် တွေး နေသလို ဖွားစွာ ကလည်း …

“ သူ ပေးထားတဲ့ စာ ကိစ္စ မေးချင်ပုံ ရတယ် ။ ဟီ ဟိ အဘိုးကြီး ရှက် နေလို့ ဘယ် က စ,မေးရမှန်း မသိ ဖြစ်နေတာ ။ အေးလေ မမေးတာဘဲ ကောင်းပါတယ် ။ မေးရင် ငါ ကလည်း အဖြေ ရ ခက် နေဦးမှာ ။ ခုလို လိုက်လိုက်လျောလျော ဆက်ဆံ ပြ လိုက်တော့ ငါ လည်း အမူအယာ နဲ့ ဖြေပြီး ဖြစ်သွားရော ။ ဒီ အရွယ်ကြီးတွေ ကျ မှ ပြော နေရရင် ရှက်စရာကြီး ”

သို့နှယ် ဖွင့် မပြောဘဲလည်း သိနေ သိနေတယ် ပုံစံဖြင့် ဆက်ဆံခဲ့ကြရာ နေ့ရက်တွေ ပြောင်းလာသည်နှင့် အမျှ သူတို့ ၏ ဆက်ဆံရေး က လည်း တိုးတက် လာပါပြီ ။ ဘ သည် ဖွားစွာ ၏ အိမ်ဦးခန်း တွင်ထိုင် ၍ လက်ဖက် စားရင်း အေးအေးဆေးဆေး စကားလက်ဆုံ ကျ နိုင်သည့် အဆင့် သို့ ရောက်လာပါပြီ ။ ပိုပို ကလည်း တစ်နေ ကုန် အလုပ် သွား နေရသည်မို့ အထီးကျန် ဆန် နေသော ဖွားစွာ ၏ ဘဝ မှာ ယခု မှ စိုပြည် လာရ ပါတော့၏ ။ သူတို့ သည် လူကြီးများ ဖြစ်နေ၍ ကလက်တက်တက် တော့ မပြော ။ လူကြီးဆန်ဆန် ဝေ့ဝိုက် ၍ ပြောနေကြသည် ။ ဘ က လည်း ဖွင့် ပြောရင်တော့ ရလောက်ပြီ ဟု တွေး မိနေသလို ဖွားစွာ ကလည်း ယောက်ျား ကြိုက်တော့ စိုက်စိုက် လာ ဆိုတာ ဒါမျိုးပဲ ဟု တွေး နေသည် ။

သူတို့ ၏ အခြေအနေ ကို ပထမဆုံး သတိ ထားမိ သူ မှာ ပိုပို ။

“ ဒုက္ခပဲ ရှက်စရာကြီး ဘယ်လို လုပ်ရပါ့ ” ဟု တွေးသည် ။

နောက်ဆုံးတော့ သည် ပြဿနာ ကို ညီညီ အား ပြောပြ တိုင်ပင်ရန် ဆုံးဖြတ် လိုက်လေသည် ။

ညနေပိုင်း မှာ ပိုပို ၏ စီစဉ်မှုဖြင့် ပိုပို နှင့် ညီညီ တို့ မြို့သစ် အအေးဆိုင် မှာ ဆုံခဲ့ကြပါသည် ။ အရင် ရောက်နှင့် သူ က ပိုပို ၊ ညီညီ ဆိုင် တွင်း သို့ ဝင်လာသောအခါ …

ညီညီ က ပိုပို ထိုင်နေသည့် စားပွဲမှာ ဝင်ထိုင်လိုက်သည် ။

“ ဘာကိစ္စ ရှိလို့လဲ ဟင် ”

“ တစ်ခုခု မှာပါဦး ”

ညီညီ က အအေး တစ်ပုလင်း မှာ လိုက်သည် ။

“ ဒီလိုပါ … ”

“ ပိုပို ကို လည်း ဘေး အိမ် က ပြော မှ သိတာပါ ။ ပိုပို သုံးခါ လောက် အိမ် ကို ပြန်လာကြည့်တယ် ။ ဘေး အိမ် က ပြောသလိုပဲ ပိုပို အလုပ် သွားပြီးတာ နဲ့ သူတို့ နှစ်ယောက် အိမ် မှာပဲ ဆုံနေကြတာ တွေ့ရတယ် ။ ဘယ်လိုမှ အကြား မတော် အမြင် မသင့်ဘူး ကိုညီ ၊ ဘယ်လို ထိန်းကြမလဲ ၊ ဘယ်လိုက ဘယ်လို စပြီး ခုလို ဖြစ်သွားတယ် မသိဘူး ”

ပိုပို ၏ စကား ဆုံး သောအခါ ညီညီ က ပြုံး လိုက်ပြီး …

“ ပိုပို မသိပေးမယ့် ကျွန်တော် သိတယ် ”

“ ရှင် ”

“ ကျွန်တော် သိတယ်လို့ ပြောတာပါ ။ ဘာကြောင့် ခုလို ဖြစ်သွားတယ် ဆိုတာ ”

“ ပြောစမ်းပါဦး ”

ပိုပို က စိတ်ဝင်စား စွာ မေးသည် ။ ညီညီ က ပိုပို ကို စူးစိုက်၍ ကြည့် လိုက်ပြီး …

“ ပိုပို စိတ်မဆိုးပါနဲ့ နော် ” 

ပိုပို က နားမလည်နိုင်စွာဖြင့် ညီညီ ကို ကြည့်သည် ။ ပြီးမှ …

“ ပြောပါ ကိုညီ ”

ညီညီ က သူ အင်္ကျီ ငှါး ဝတ်ပြီး ပြန် မပေးခင် မှာ ပိုပို အတွက် ရည်းစားစာ ရေး၍ ထည့်ထားမိသည် မှ စပြီး ဘ ယူ ဝတ်သွားကာ ဖွားစွာ လက် ထဲ အင်္ကျီ ပေးပုံ ကို ပြော ပြလိုက်သည် ။

“ ဖွား က အဲဒီ စာ ကို ဘ က သူ့ ပေးတာ မှတ် ပြီး မထင်မှတ်တာတွေ ဖြစ် ကုန်တာပဲ ”

ပိုပို မှာ ဘာ ပြောရမှန်း မသိ ဖြစ်နေသည် ။

“ ဘ တို့ ကိစ္စ ကို ဖြေရှင်းနိုင်ဖို့ အတွက် ကျွန်တော် တို့ ကိစ္စ ကို အရင် ရှင်း မှ ဖြစ်မယ် ပိုပို ”

“ ရှင် ဘာဆိုင်လို့လဲ ”

“ ဆိုင်တာပေါ့ ပိုပို ၊ ကဲ ကျွန်တော် မေးမယ် ၊ တကယ်လို့ သာ အဲဒီ စာ ကို ပိုပိုရရင် ကျွန်တော့် အပေါ် ဘယ်လို သဘော ထား မလဲဟင် ”

ပိုပို က ခေါင်း ငုံ့နေသည် ။

“ ပိုပို ”

“ ရှင် ”

“ ကျွန်တော့် ကို စိတ်ဆိုး နေပြီလား ”

“ မဆိုးပါဘူး ”

“ ဒါဖြင့် ကျွန်တော့် အချစ် ကို လက်ခံမှာပေါ့ ”

“ အို … ဘာဆိုင်လို့လဲ ”

“ ဆိုင်တယ် ပိုပို ”

“ ခု ချက်ချင်းကြီး ”

“ စာ ပေးခဲ့တာ ကြာပါပြီ ပိုပို ၊ ပိုပို က သာ ခုမှ သိတာကိုး ”

“ လူကြီးတွေ ကိစ္စ ပြောဖို့ လာတာပါ ဆိုမှ ”

“ ကျွန်တော်တို့ ကိစ္စ ပြတ်မှ လူကြီးတွေ အတွက် က ဆုံးဖြတ်လို့ ရမှာပါ ပိုပို ။ ပိုပို စဉ်းစားကြည့်ပါ ။ ပိုပို သာ ကျွန်တော့် အချစ် ကို လက်ခံနိုင်တယ် ဆိုရင် ကျွန်တော်တို့ ရဲ့ ဖြစ်ရပ်မှန် ကို စာ ရေးပြီး လူကြီးတွေ ဆီ ပို့ လိုက်ရုံပဲ ”

“ ပိုပို တို့ က ”

“ ပိုပို နဲ့ ကျွန်တော် က ပြင်ဦးလွင် သွား နားကြမယ်လေ ”

“ အို ”

ပိုပို ငြိမ် နေသည် ။ လူ က သာ ငြိမ် နေသော်လည်း စိတ် က မငြိမ် ပါ ။ လှုပ်ရှားလွန်းနေပြီ ။ ရင်တွေ ဖိုလာသည် ။ ရင်ခုန် မြန်လာသည် ။ အသိတရား သည် မည်သည့် အရပ်သို့ ထွက်ပြေးပြီ မသိ ၊ သူ သတိ ထားမိသော အချိန် မှာ သူ ၏ လက်ဖျားလေးများ သည် ညီညီ ၏ လက်တွင်း သို့ ရောက် နေပါပြီ ။ သိ နေသော်လည်း မရုန်းမိပြီ ။

“ ပိုပို ”

“ ရှင် ”

အသံ က တိုး လှ၏ ။

“ ချစ်တယ် ”

သူ့ တစ်ကိုယ်လုံး လေ ထဲ မှာ လွင့်မျော နေသလို ။

•••••   •••••   •••••

“ ဘ ”

“ ဟေ ”

“ ဒီမယ် စာ တဲ့ ”

“ ညီညီ က အပေး ခိုင်းတာတဲ့ ”

“ ဘယ်သူ လာပေးတာလဲ ”

“ တီးဝိုင်းက လူတစ်ယောက်ပဲ ”

“ ဘာစာလဲ ကွ ၊ ပိုက်ဆံ တောင်းတာဆို မရှိဘူး ပြောလိုက် ”

“ ဖတ်ကြည့်ပါဦး ”

ဘ က စာ ကို ယူ၍ ဖတ်ကြည့်လိုက်သည် ။ စာ ဆုံးသွားသော အခါ …

“ လက်စသတ်တော့ ဒီလိုကိုး ၊ အင်း ဖြစ်သမျှ အကြောင်း အကောင်းပဲ ၊ ဖွားစွာ နဲ့ ရင်းရင်းနှီးနှီး တိုင်ပင် လို့ ပြောလို့ ရတာပေါ့လေ ”

ဘ သည် စာ ကို ယူကာ ဖွားစွာ ထံ သို့ ချီတက် သွားပါ လေတော့သတည်း ။

ဘ နှင့် ဖွားစွာ တို့ မှာ မမျှော်လင့်ဘဲ ဝင်ရောက်မိခဲ့သော ချစ်ဝင်္ကပါ ထဲ မှ ကံကောင်း ထောက်မ စွာ မျက်စိ မလည်တော့ဘဲ ပြန်၍ ထွက် နိုင်ကြချိန်မှာ …

ညီညီ နှင့် ပိုပို တို့ သည် ချစ်ဝင်္ကပါ ထဲ သို့ စတင် တိုးဝှေ့ ဝင်ရောက် သွားပါလေပြီ ။

( ပြီးပါပြီ ။ )

◾ကံချွန်

📖 ငယ်မူပြန် အချစ်ဟာသဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment