Monday, September 12, 2022

နီးလိုလျက် နဲ့ ဝေး


 

❝ နီးလိုလျက် နဲ့ ဝေး ❞

“ ငွေတောင် ” လို့ အမည် ရတဲ့ ကွမ်းယာဆိုင်ကလေး ဟာ ကျွန်တော့် ရဲ့ အိမ် အပြန် လမ်း မှာ ရှိနေတယ် ။ ထိန်လင်း နေတဲ့ မာကျူရီမီးရောင် အောက် မှာ ငြိမ်သက်စွာ လဲလျောင်း နေတဲ့ မဟူရာလမ်းမကြီး ရဲ့ အခြေ မှာပေါ့ ။ အချိန် က သန်းခေါင် ကျော်နေပြီ ။ စက်ဘီး ကို ဒေါက် ထောက်ရင်း ကျွန်တော် စက်ဘီး ပေါ် က ဆင်း တယ် ။ ကျွန်တော့် ကို တစ်ချက် မော့ ကြည့်ပြီး ဆိုင်ရှင် က ခေါင်း ပြန် ငုံ့ရင်း ၊ ကွမ်းယာ ယာ တယ် ။ ထုံး ၊ မြန်မာဆေး ၊ ဗလရှင် လို့ ပြောစရာ မလိုဘူး ။ ကျွန်တော် ဘယ်လို စားသလဲ သူ သိတယ် ။ နှပ်ဆေး ကျွန်တော် မကြိုက်ဘူး ။ အရက် နဲ့ နှပ်တာ ဆိုတော့ အရက်စော် နံတယ် ။ အရက် နံ့ ကို ကျွန်တော် မုန်း လွန်းလို့ ။ ကွမ်း ကို စွဲစွဲမြဲမြဲ စား တဲ့ ကွမ်းယာသမား ကျွန်တော် နဲ့ ဒီ ဆိုင်လေး ရဲ့ ပေါင်းဖက်မှု သက်တမ်း က တစ်နှစ် ကျော် ခဲ့ပေမယ့် ပထမဦးဆုံး ည တုန်းက လို ပဲ ဆိုင်ရှင် ဟာ ယာ လက်စ ထဲ က ကွမ်းတစ်ယာ ကျွန်တော့် ကို လှမ်း ပေးတယ် ။ ကျွန်တော် က ပါးစပ် ထဲ ကို ထည့် လိုက် တယ် ။ ပြီးတာ နဲ့ လမ်းဘေး အုတ်ခုံလေး ပေါ် မှာ ထုံးစံအတိုင်း ထိုင် ချ လိုက်တယ် ။ ပြီး ပြီ ။ တစ်နေ့တာ အလုပ် ပြီးသွားပြီ ။ ဒီ အချိန် ဟာ ကျွန်တော် အနား ယူ တဲ့ အချိန် ပဲ ။ ဆိုင်ရှင် လှမ်း ပေးလိုက်တဲ့ ကွမ်းယာထုပ် ကို ယူပြီး အိပ်ထောင် ထဲ ကို ထည့်လိုက်တယ် ။ ဆိုင်ရှင် က လည်း စကား တစ်လုံး မှ မပြောဘူး ။ မနက် သုံးနာရီ လောက် မှ စ ထွက်မယ့် အဝေးပြေးကား တွေ ရဲ့ ဖောက်သည်တွေ လာရင် အဆင်သင့် ဖြစ်နေ အောင် ကွမ်းယာတွေ ကို တိတ်တိတ်ဆိတ်ဆိတ် ယာ နေတယ် ။ ကျွန်တော် ကွမ်းယာ ကို အရသာခံ ဝါး ရင်း ကောင်းကင် ကို မော့ ကြည့်တယ် ။ မာကျူရီမီးတွေ လင်းလက် နေတဲ့ ည မှာ လရောင် က မဖြာပါဘူး ။ ဖြတ်သွားတဲ့ ရထား တစ်စင်း ရဲ့ ဥဩသံ က လွဲ လို့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ငြိမ်သက် နေတယ် ။ ကောင်း လိုက်တာ ။ တိတ်ဆိတ် ငြိမ်သက်ခြင်း ရဲ့ အရသာ ကို ကျွန်တော် တဝကြီး စံစား ပစ်လိုက်တယ် ။ တိတ်ဆိတ်ခြင်း ကို အားရပါးရ ကျွန်တော် စားသုံး လိုက်တယ် ။ တိတ်ဆိတ်ခြင်း နဲ့ ကျွန်တော် နဲ့ ဟာ တသားတည်း စီးမျော သွားတယ် ။ အရသာ ရှိလိုက်တာ ။ ကျွန်တော် ဟာ ခေါင်း ကို မော့ပြီး အသက် ကို အားရပါးရ ရှူ လိုက်တယ် ။ အင်း ခုမှပဲ အသက် ဝဝ ရှူ ရတော့တယ် ။ 

လွန်ခဲ့တဲ့ ငါးနာရီ လောက်က ကျွန်တော် ဟာ မီးရောင်စုံတွေ ဖြာသက် ၊ လူတွေ ပျားပန်းခပ်လှုပ်ရှား ။ အော်ဟစ်ဆူညံ ပွက်လောရိုက်တဲ့ ဒရမ်ရိုက်ချက်တွေ တဒုန်းဒုန်း ၊ အပြင်းအထန် မြူးနေတဲ့ ပြည်တွင်း ဖြစ် နိုင်ငံခြားဂီတ သံစဉ် တွေ အောက် မှာ နစ်မြုပ်နေခဲ့တယ် ။ အသက် ရှူဖို့ တစ်ချက်ကလေး တောင် ပြန်ပေါ် မလာခဲ့ဘူး ။ ကာရာအိုကေ စားတော်ဆက် တစ်ခု ရဲ့ ညချမ်း ဟာ ဘယ်မှာ လာပြီး အေးဆေး တည်ငြိမ်မှု ရှိမလဲ ။ အသံချဲ့ တဲ့ စက်တွေ ၊ တေးသံ ထွက် တဲ့ ကိရိယာတွေ ၊ စည်းမကျ ဝါးမကျ အော်ရ ရင် ပြီးရော ပူလောင်ဆူပွက် တဲ့ သီချင်း ကို မှ ရွေး ဆိုတက် ကြတဲ့ ကာရာအိုကေ အဆိုတော်ကောင်မလေး တွေ ။ အို ကျွန်တော်  ချွေး တွေ  ၊ တရွှဲရွှဲ နဲ့ အလုပ်ခွင် ထဲမှာ မြုပ်လိုက် ပေါ်လိုက် ဖြစ် နေတယ် ။ လူ တစ်ရပ် လောက် မြင့်တဲ့ အသံချဲ့ ဆောင်းဘောက်ကြီးတွေ က လည်း နား ကွဲမတတ် တဂွမ်ဂွမ် အော်ဟစ်လို့ ။ အီလက်ထရွန်းနစ် စက်ကိရိယာတွေ ကြား မှာ အလုပ် လုပ် နေရတဲ့ ကျွန်တော် ဟာ အသံတွေ နဲ့ အနီးဆုံး ။ တကိုယ်လုံး ကို အစွမ်းကုန် လှုပ်ပြီး သီချင်း ဆိုနေကြတဲ့ ကောင်မလေးတွေ ရဲ့ တင်ပါးတွေ နဲ့ လည်း အနီးဆုံး ။ တဒုန်းဒုန်း ဒရမ် ရိုက်ချက်တွေ ဟာ နေ့စဉ် ကျွန်တော့် ရဲ့ နားစည်တွေ က တစ်ဆင့် ဦးနှောက် ကို အကြီး အကျယ် ထု ရိုက်နေကြတယ် ။ ဒီ ကြားထဲ ပန်းကုံး လာ စွပ်တဲ့ ယမကာလုလင်ကြီး တစ်ယောက် က အရှိန် လွန်ပြီး ကျွန်တော့် အပေါ် မှောက်လျက်ကြီး လဲ ကျလို့ ။ “ ဆောရီးကွာ ညီလေး ” ဆိုပြီး ဟဖြဲ ထားတဲ့ အာခေါင်ကြီး က နံ လိုက်တာဗျာ ။ အရက်စော်တွေ ကို ထောင်းထောင်း ထ လို့ ။ ကျွန်တော် အလွန် မုန်းတဲ့ အနံ့ ။ ဒီ ပတ်ဝန်းကျင် က နေ အလုပ် ချိန် ပြီးလို့ လွတ်မြောက် လာ တဲ့ ကျွန်တော် ဟာ ဒီ ငွေတောင် ကွမ်းယာဆိုင် လေး မှာ တိတ်ဆိတ်ခြင်း တွေ ၊ ငြိမ်သက်ခြင်း တွေ ၊ အားရပါးရ တဝကြီး လောဘတကြီး စံစား နေမိတယ် ။ ညတိုင်း ဒီ အချိန်လေး ပဲ ကျွန်တော် ဒီ အနား နေ ရတာလေ ။

“ ဒီ ည စော တယ်နော် ”

စကား ပြော ခဲ လှတဲ့ ဆိုင်ရှင် က တစ်ခွန်း လှမ်း ပြောတယ် ၊ ကျွန်တော် ခေါင်း ပဲ ညိတ် ပြလိုက်မိတယ် ။ အဲဒီအချိန် မှာ မည်းခနဲ တစ္ဆေတစ်ကောင် လို လူတစ်ယောက် ကွမ်းယာဆိုင် ရှေ့ မှာ လာရပ်တယ် ။ သူ့ ဆီ က အနံ့ တစ်ခု ရ လိုက်တယ် ။ ထုံးစံ အတိုင်း အရက် နံ့ ၊ ကျွန်တော် ပျို့အန်မလို ဖြစ်သွားတယ် ။ သွားပါပြီ ၊ ကျွန်တော် ရဲ့ ကမ္ဘာလေး တော့ ပျက်စီး ပါပြီ ။ ကျွန်တော် ပြန် မှ ဖြစ် တော့မယ် လို့ စဉ်းစားတယ် ။ အဲဒီ အချိန်မှာပဲ အဲဒီ ပုဂ္ဂိုလ် ဆီ က အသံ ထွက်လာတယ် ။

“ ဒီမယ် ကိုအောင်သိန်း လူတွေ ကိုက မကောင်းပါဘူး ဗျာ ”

ဆိုင်ရှင် က တစ်ချက် မော့ ကြည့်တယ် ။ သူ့ ထုံးစံ အတိုင်း ကွမ်းယာ တစ်ရာ လှမ်း ပေးတယ် ။ အဲဒီ လူ က ဒရောသောပါး လှမ်း ယူပြီး ပါးစပ် ထဲ ကို ထည့် လိုက်တယ် ။ သွား ပါပြီ ။ မူး နေတဲ့ လူတွေ ရဲ့ ထုံးစံ အတိုင်း စကားတွေ ပေါက်ကရ ပြောတော့မှာ ပဲ လို့ ကျွန်တော် တွေးမိတယ် ။ ဒီ အချိန် မှာ ဒီလူ ရဲ့ ဝတ်စားဆင်ယဉ်မှု ကို ကျွန်တော် သတိ ပြုမိသွားတယ် ။ ဘယ်လိုပါ့လိမ့် ။ ပုဆိုး က ပန်းရောင်ကြိုးကြီးချိတ် နဲ့ ၊ တိုက်ပုံအင်္ကျီ ပန်းရောင် နဲ့ ၊ ပုဆိုး က ကြိုးကြီးချိတ် က ဖွာ နေပြီး တိုက်ပုံ က တတောင်ဆစ် မှာ ပိုးပေါက် တစ်ပေါက် နှစ်ပေါက် ရှိနေတယ် ။ ဆိုင်ရှင် နဲ့ လည်း ရင်းနှီးပုံ ရတယ် ။ လူ ပုံ က လည်း ခပ်ဆန်းဆန်း ရယ် ။ ညကြီး က လည်း အချိန် မတော် ။ အရက် နံ့ ကို ကျွန်တော် မုန်းလျက် နဲ့ သိချင်စိတ် ရှိလာတာ နဲ့ ကျွန်တော် ပေပြီး ဆက် ထိုင်နေမိတယ် ။ ဟို လူ ကတော့ ကျွန်တော့် ကို သတိ မပြုမိပါဘူး ။ ကွမ်းသွေး တစ်ချက် ထွီကနဲ ထွေး လိုက်ရင်း ။

“ လူတွေ ကို က မကောင်းပါဘူး ။ ကိုအောင်မင်းသိမ်း ကောင်လေး လေ ။ ဟို နွေမင်းသားလေး ဆိုတဲ့ ကောင်လေး ပေါ့ ။ အစတုန်း က တော့ ကောင်းပြီ ကောင်း ရဲ့ နဲ့ ဦးလေး မြန်မာသံစတိတ်ရှိုး မှာ သူ မန္တလေးခွင် မှာ က ရင် လာ ဆို ပါတဲ့ ၊ ညကြေး ကန်တော့ပါမယ် တဲ့ ။ ကျုပ် က အဟုတ် မှတ်ပြီး သွား တာပေါ့ ။ ဟို ရောက်တော့ ဗျာ မေတ္တာစေကျွန် တဲ့ ၊ မောင့်မူပိုင်ရှင် တဲ့ ငါးပွက်ရာ ငါးစာ ချ နေကြတာ ဗျ ။ ဒါတွေက ခေတ်စား နေတာကို ကျုပ် ဆိုတဲ့ မြန်မာ့ဂုဏ်ရည် ကျ တော့ လေး သတဲ့ ။ ပရိတ်သတ် မမီဘူး တဲ့ ။ ဒီမှာ ဗျာ ကိုအောင်သိန်း ကျက်သရေ ရှိ လိုက်တဲ့ သီချင်း ဗျ ။ ခင်ဗျား နားထောင် ကြည့်စမ်း ဗျာ ။ ... ဟော မင်းကွန်းခေါင်းလောင်းကြီး ကို ... ရောက်အောင် ဘယ်လို တည် ၊ ခွေးတို့ စက် က ဘယ်မှာ ရနိုင်မည် ၊ ကြိုး နဲ့ လက် နဲ့ ဆွဲကာ နွဲ့ကာ မြဲ ရရှာလေသည် ။ ရသေ့ရှင်ခန္တီ ၊ မန္တလေးတောင်တော်မဟီ အင်ဂျင်နီယာ ကို မခေါ် ရသေ့ ကိုယ်တိုင် ကြံစည် ပါသည် ။ ရာဇဝင်များ မှာ ထင်ရှား မြန်မာ့ဂုဏ်ရည် ”

ကျွန်တော် ငေး ပြီး သူ့ သီချင်း ထဲ မှာ မျော သွားတယ် ။ ကောင်းလိုက်တဲ့ အသံ ဗျာ ။ အာသံ လျှာသံ က လည်း ကောင်း ၊ အတီး မပါ ဘဲ နဲ့ ကို အဖြတ် အတောက် အဆွဲ အငင် က စည်းဝါး ကျ နေလိုက်တာ ။ ဆိုင် က ဟာတွေ နဲ့ ကွာ ပါ့ ။ တကယ်ဆို ကျွန်တော် လည်း ဂီတ ချစ်တဲ့ အခံ ရှိပါတယ် ။ ဆူညံသံတွေ ကို နေ့စဉ် ကြား နေရလို့သာ အသံတွေ ကို မုန်းသွားတာ ။ တိတ်ဆိတ် နေတဲ့ ညလေး အေးအေး မှာ ဒီ လူ့ သီချင်းသံ ကြား လိုက်ရတာ ။ ဘာသံ မှ မကြားချင်တဲ့ ကျွန်တော့် အတွက် တောင် သိပ်အနှောက် အယှက် မဖြစ်ပါဘူး ။ ဟို လူ ကတော့ သီချင်း တစ်ပိုဒ် ပြီးတော့ ဆက်မ ဆိုဘဲ တဟင်းဟင်း နဲ့ ရယ် နေတယ် ။ ရယ် နေရင်းနဲ့ ငို နေသလား လို့ ထင် ရအောင် ကျွန်တော့် စိတ် ထဲ သံသယ ဖြစ်လာ တဲ့ အချိန်မှာ သူ က

“ ဒီမှာ ကိုအောင်သိန်း ရဲ့ ၊ မြန်မာဂုဏ်ရည် တစ်ပုဒ် လည်း ဆို ပြီးရော ကျုပ် ဆက် မဆိုရတော့ဘူး ။ သူ့ အခန်း ထဲ ခေါ် ပြီး အရက် တစ်ပိုင်း ချ ပေး တယ် ။ နိုင်ငံခြားအရက် ဗျ ။ အမြည်း ကလည်း ဘဲကင် ဗျ ။ ကျုပ် ချ တာပေါ့ ဗျာ ။ အချိန် ဘယ်လို ကုန် သွားမှန်း မသိဘူး ။ ပြန်ခါနီးလို့ ပိုက်ဆံ တောင်းတော့ သူ့ အရက် က ငါးထောင် ကျော် တန် တယ် တဲ့ ။ သောက်ရ တော်ရော ပေါ့ တဲ့ ။ သီချင်း တစ်ပုဒ် ဆိုပြီး ပိုက်ဆံ တော့ ဒီနေ့ မယူ နဲ့တော့ တဲ့ ။ အိမ် မှာ မိန်းမ နဲ့ ကလေးတွေ ဘာ စားကြမလဲ မသိဘူး ။ ကျုပ် ဗျာ ”

ကွမ်းယာဆိုင် ခုံလေး ကို ဆုပ် ကိုင် ထားတဲ့ သူ့ လက်တွေ အကြောပြိုင်းပြိုင်း ထ နေတယ် ။ သူ့ ကျောကုန်း က နိမ့်မြင့် လှုပ်ရှားနေတယ် ။ ကျွန်တော် ဖြင့် ငို နေသလား လို့ တောင် ထင် နေတယ် ။ အသံ မထွက်ဘဲ ရှိုက် နေတာလည်း ဖြစ် နိုင်တယ် ။ ဆိုင်ရှင် က လည်း ငုံ့ ပြီး ကွမ်းယာ နေတုန်းပဲ ။ ပတ်ဝန်းကျင် က ကြောက်စရာ ကောင်းအောင် တိတ်ဆိတ် နေတယ် ။ ကျွန်တော် လည်း ဝမ်းနည်း တာ လိုလို ဘာလိုလို နဲ့ စိတ်တွေ လေး လာတယ် ။ အဲဒီတုန်း မှာ ဗျာ ဘာမပြော ညာမပြော နဲ့ ဟို လူ က သီချင်း ထ ဆိုပြန် ပါ လေရော ...

“ ချစ်ခင်ကြတဲ့ အားလုံး မိတ်ဆွေ ၊ နေတိုင်းပဲ သတိရတယ်လေ ။ ကျုပ်တို့ မြို့မ အသင်းသားတွေ ၊ တောင်ရိုးတန်းစစ်ကိုင်း ဘက် မှာ နေ ။  ဪ ... ကျန်းမာကြပါရဲ့ လား လို့ မြို့မမောင်တွေ ရွှေမန်းသူ ရေ ၊ မေးလိုက်ပါလေ ။ ဪ ကျန်းမာကြပါ ရဲ့လို့ မြို့မမောင် တွေ ၊ ဇော်ဖော်ရွေရွေ ပြော လိုက်ပါလေ ။ စစ်ကိုင်း မှာ ပဲ စိတ် က စွဲ .. နတ် ပြည် တစ်ခါတလေတော့ ရော်ရမ်း တမ်းမိတဝေဝေ ။ ပြန်ချင်ဇောတွေ ရောက်ချင် ဇောနဲ့ စိတ်မော ရတယ်လေ ။ အခါတော် ရောက်ချိန် နီးလို့ လာပေ ”

“ ကောင်းလိုက်တာ ဗျာ သိပ် ကောင်းတာ ။ ဒါမျိုးမှ အဟုတ် ကို ကောင်း တာဗျ ”

သီချင်းသံ က တိခနဲ ပြတ် သွားတယ် ။ သီချင်း ထဲ မှာ နစ်မျော နေတဲ့ ကျွန်တော် လည်း အသံရှင် ကို တအံ့တသြ ကြည့်မိတယ် ။ လာ ပြန်ပါပြီ ။ အရက်စော် တွေ နံ နေတဲ့ လူ တစ်ယောက် ။ ဒီတစ်ခါတော့ ဂျင်းဂျာကင်ရယ် ၊ ဂျင်းဘောင်းဘီ နဲ့ ၊ ခပ်ယိုင်ယိုင် ခြေလှမ်းတွေ နဲ့ လူငယ် တစ်ယောက် အသက် က နှစ်ဆယ် လောက် ပဲ ရှိ ဦးမယ် ။ ဟို .. လူ ကလည်း လန့် ပြီးတော့ သီချင်း ဆို ရပ်သွားတယ် ။ ဒီ ကောင်လေး ဆိုင် ရှေ့ ရောက်နေတာတောင် ကျွန်တော် မသိရအောင် သီချင်း ထဲ မှာ နစ်မျော နေတာ လား ။ ဆိုင်ရှေ့ က မာကျူရီမီးတိုင် အောက် မှာ ဆိုင်ကယ်တစ်စီး နဲ့ ကောင်လေး နှစ်ယောက် ကို တွေ့ ရတယ် ။ ကြည့် ရတာ ဆိုင်ကယ် ကို သုံးယောက် စီး လာကြပုံ ရတယ် ။ ဒါဖြင့် ဆိုင်ကယ်သံ ဘာလို့ မကြားရတာလဲ ။ ကောင်လေး နှစ်ယောက် က ဆိုင်ကယ် ကို ငုံကြည့် ငုံ့ကြည့် ဟို နှိုက် ဒီ နှိုက် နဲ့ ။ အဲ့ဒီတော့မှ ကျွန်တော် အဓိပ္ပာယ် ပေါက် သွားတယ် ။ သူတို့ ဆိုင်ကယ် ပျက်လာလို့ တွန်းလာပုံ ရတယ် ။ ဒါကြောင့် ဟိုကောင်လေး ဖျတ်ခနဲ ဆိုင် ထဲ ကို ဝင် လာတာ ကို ကျွန်တော် မသိ လိုက်တာပေါ့ ။ ကျွန်တော် အံ့သြ နေတဲ့ အချိန် ကလေး အတွင်း မှာပဲ ကောင်လေး ဟာ ဂီတ ဆရာ ကို ဖက်လှဲတကင်း လုပ် နေပြီ ။ စကား တွေ တစ်တွတ်တွတ် ပြော နေတယ် ။

“ ကောင်းလိုက်တာ ဦးလေး ရယ် ။ ဒါမျိုးမှ အဖိုး တန်တာ ဒါမျိုးမှ တကယ့် အနှစ်သာရ ။ ကျွန်တော်တို့ ကြား ချင်နေတာ ဒီ သီချင်းမျိုး ပါ ။ ကောင်း လိုက်တာ ဦးလေး ရယ် ”

ကောင်လေး က လှိုက်လှိုက်လှဲလှဲ ပြောတဲ့ စကားတွေ ကို နားထောင်ပြီး ကျွန်တော် ဝမ်းသာ သွားတယ် ။ ဖီလင် တက် နေတဲ့ ဂီတဆရာ လည်း ဝမ်းသာ ရှာ မှာပဲ ။ သူ့ မျက်နှာ ကို ကျွန်တော် လှမ်း ကြည့်တော့ ခံညား တည်ငြိမ်တဲ့ အပြုံး နဲ့ ခပ်မြိန့်မြိန့် မျက်နှာပေး ကို တွေ့ရတယ် ။ ကိုယ့် လူ နည်းနည်းတော့ စိတ် ပြေ ရာ ရသွား ရှာသားပဲ လို့ ကျွန်တော် တွေး နေတုန်း ကောင်လေး က

“ ကျွန်တော် ဆိုင်ကယ် တွန်းလာရင်း နား ထောင် လာတာ ဦးလေး ရ ။ အသံ က လည်း ကောင်း လိုက်တာဗျာ ။ ကျွန်တော် လေးစားပါတယ် ။ ဂုဏ်ပြုပါတယ် ။ သီချင်း ထပ် ဆိုပါဦးဗျာ ”

“ ကဲ ... ဆက် ဆို ပေးလိုက်ပါ ဗျာ ” လို့ ဆိုင်ရှင် က လည်း ဝင် ပြောတယ် ။ ကောင်လေး က လေးလေးစားစား ပါ ပဲ ယို့ယို့ လေး ရပ်လို့ ။ ဂီတဆရာ က ဟင်း ဟင်း လို့ လည်ချောင်း ရှင်း လိုက်တယ် ။ သူ ရဲ့ ကိုယ်ဟန် က ခပ်မတ်မတ် နဲ့ စတိတ်ချ် ပေါ် မှာ သီချင်း ဆိုနေတဲ့ ပုံမျိုး ။ ခဏကြာတော့ ခန့်ညားတည်ငြိမ် တဲ့ အသံ က သန်းခေါင် ယံ မှာ ပေါ်ထွက် လာ ပါတော့တယ် ။

“ အခါတော် ရောက်ချိန် နီးလို့ လာပေ ။ ဒေါ်ဒေါ် မမ နှမတို့ ရေ အသဲစွဲချစ် မိတ်ဆွေ ခေတ္တ ခွဲ လို့နေ ၊ မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ ။ အောင်စည်ယွန်းသံ ကြား ရင်ဖြင့် ပြည်တော် ဝင်မယ်လေ ။ မန္တလေး ရွှေမြို့ ဒို့ရတနာပုံနေပြည် တင့်တယ် သာယာ စည်ကား ဟိုတုန်းအခါကလေ အဲ့ဒါတွေ မတွေး ကြနဲ့ ရှေ့ဆက်ကာစီမံလေ ။ မေ့မေ့ပျောက်ပျောက် အောက်မေ့ကြပေ တိုက်တာအိမ်ခြေ စည်းစိမ်အထွေထွေ လူကြံရင် မခံနိုင်ဘူး အထူးပင် မှတ်ကြလေ ။ အရင်လို ပျော်ပျော်ရွှင်ရွှင်နေ ။ မြို့မ အသင်း က ပြောမယ် ။ ဖြစ်ဟဲ့ ဆို ဖြစ်ရမယ်ပ ။ လောကီလူသား အားအင်တောင့် တင်းပေ ။ အတော်ရောက်ချိန် နီးလို့ လာပေ ”

သီချင်း ထဲ မှာ အာရုံ ဝင်စားနေတဲ့ ကျွန်တော်တို့ အားလုံး လန့် သွားတယ် ။ ကောင်လေး နှစ်ယောက် နှိုက် နေတဲ့ ဆိုင်ကယ် က ဝူးကနဲ စက် နိုး လာလို့ပါ ။ ဂီတ ဆရာ လည်း အဆို ရပ်သွားတယ် ။ ကောင်လေး က စက် နိုးသွားတဲ့ ဆိုင်ကယ် နဲ့ သူ့ သူငယ်ချင်း နှစ်ယောက် ကို ကြည့်ရင်း

“ အချိန်မရဘူး ဆရာ ရယ် ။ အေးအေးဆေးဆေး မှ ကျွန်တော် နားထောင် ချင်ပါသေးတယ် ။ အခုတော့ ဆရာ့ ကို ကျွန်တော် တတ်နိုင်သမျှ ကန်တော့ လိုက် ပါရစေ ”

လို့ ပြောရင်း အိတ်ထောင် ထဲ ကို လက် နှိုက် လိုက်တယ် ။ ကျွန်တော် လှိုက်ခနဲ ဝမ်းသာ သွားတယ် ။ ဂီတဆရာ လည်း ဝမ်းသာ ရှာ မှာပဲ ။ ဆိုင်ရှင် ကလည်း ပါးစပ် အဟောင်းသား နဲ့ မော့ ကြည့်လို့ ၊ ဂီတဆရာ ရဲ့ မျက်နှာ က အဲ့ဒီ အချိန်မှာ ထူးခြားစွာ အရောင်တွေ ထွက် ပြီး ခမ်းနား နေသလိုပဲ ။ မျက်လုံး တွေလည်း စိုလက် တောက်ပလို့ သူ့ ရဲ့ ဂီတ သူ့ ရဲ့ ဘဝ အပေါ် မှာ နည်းနည်း ကျေနပ် အားရ ရှိ သွားရှာမှာပဲ ။ နှစ်သိမ့်မှု ရသွား မှာ ပဲ လို့ ကျွန်တော် ထင်တယ် ။ ညာဘက် အိတ် ၊ ဘယ်ဘက် အိတ် ဘာမှ မပါဘူး ။ အဲ့ဒီ တစ်ခဏလေး ကို ကျွန်တော် က အကြာကြီး လို့ ထင်နေတယ် ။ ဟိုစမ်း ဒီစမ်း နဲ့ ဘောင်းဘီ အိတ်တွေ ကိုလည်း နှိုက် ရှာနေတယ် ။ ဒီ အချိန် မှာ ဆိုင်ကယ် ပေါ် က အဖော် နှစ်ယောက် က တတီတီ နဲ့ ဟွန်းသံ ပေးပြီး ခေါ်နေတယ် ။

ကောင်လေး က လှမ်းကြည့်ပြီး

“ ဟ နေကြပါဦး ဟ ။ ဒီမှာ ငါ့ ပိုက်ဆံအိတ် မတွေ့လို့ ”

လို့ ပြောတော့ ဆိုင်ကယ် ပေါ် က လူ နှစ်ယောက် က ဝါးလုံးကွဲ ရယ်လိုက်ကြတာ ။ ပြီး မှ တစ်ယောက် က

“ လုပ်မနေနဲ့ ဟေ့ကောင် ၊ စွဲ နေပြီ က မင်း ကောင်မလေး သက်ထား ကို မင်း ဆု ချခဲ့တာ သုံးသောင်း စလုံး ကုန်သွားတာ မင်း မေ့ နေပြီလား ။ ငါတို့ မှာ ပါ တဲ့ ငါးသောင်း လည်း ကုန် သွားလို့ ခုမှ သန်းခေါင်ကျော် ရှိသေးတာ အိမ် မှာ ပိုက်ဆံ ပြန် ယူပြီး ထပ်ကဲ မယ် ဆိုပြီး မင်း ပိုက်ဆံအိတ် ပါ လွင့် ပစ် ခဲ့တာလေ ။ မေ့ နေပြီလား လာ ပါကွာ ရစ် မနေ နဲ့ ။ မြန်မြန်လာ အချိန် မရှိဘူး ။ နေ့လယ် က ကား အရောင်း အဝယ် တည့်ထားတဲ့ ငွေနှစ်သိန်း ပြန် ယူမယ် ။ မြန်မြန် လာ ”

ကောင်လေး မျက်နှာ ဟာ အရမ်း အားနာ သွားရတဲ့ ပုံ ပဲ ။ ဂီတဆရာ ကို ဖက် လိုက်တယ် ။ ကျော ပုတ်ပြီး အလွန် နူးညံ့တဲ့ လေသံ နဲ့ ပြော တယ် ။

“ ဟုတ်တာပေါ့ ဆရာ ရယ် ။ အားနာ လိုက်တာ ။ ပိုက်ဆံ ကုန်သွားတာ ကျွန်တော် မေ့သွားတယ် ။ နောက်မှပဲ ကြုံရင် ကန်တော့ တော့ မယ် ဆရာ ရယ် ။ ကျွန်တော် တို့ ကြုံ ဦး မှာပါ ။ ဟုတ်တယ် မဟုတ်လား ။ ကျွန်တော် သွားတော့မယ် နော် ။ ခွင့်ပြုပါဦး ဆရာ ရယ် ”

ပြောပြောဆိုဆို နဲ့ ကောင်လေး က ဆိုက်ကယ် ဆီ ပြေး သွားပြီး ခွ ထိုင်တယ် ဆိုရင်ပဲ ပြင်းထန်တဲ့ စက်သံ ကို ပြုလို့ ဆိုင်ကယ် ဟာ အလွန် လျင်မြန်တဲ့ အရှိန် နဲ့ မောင်း ထွက် သွားတော့တယ် ။ ဆိုင်ကယ်ဘီး တွေ ဟာ ကျွန်တော့် ရဲ့ အသည်းနှလုံး တွေ ၊ မျှော်လင့်ချက် တွေ ကို စိစိညက်ညက် နင်း ချေ သွားကြတယ် ။ ဂီတဆရာ ရဲ့ မျက်နှာ ကို ကျွန်တော် မကြည့်ရဲဘူး ၊ ဆိုင်ရှင် က တိတ်ဆိတ်စွာ ကွမ်းယာ တဲ့ သူ့ အလုပ် ကို ပဲ သူ ဆက် လုပ်နေတယ် ။ ပတ်ဝန်းကျင် တစ်ခုလုံး က လည်း တိတ်ဆိတ် နေတာ အပ် ကျသံ တောင် ကြား ရ မလိုပဲ ။ ဂီတဆရာ ဆီ က နှာခေါင်း လေမှုတ်သံ လိုလို ၊ ငိုသံ လိုလို အသံ တစ်ချက် ပြု ပြီး ဆိုင် ထဲ က ဘာမပြော ညာမပြောနဲ့ ကမူးရှူးထိုး ထွက် ခွာသွား တော့တယ် ။ လမ်းမကြီး အတိုင်း မြောက်ဘက် ကို ဒယိမ်းဒယိုင် နဲ့ လျှောက် သွားတာ ကို ပါးစပ် အဟောင်းသား ဟ ပြီး ကျွန်တော် ငေး ကြည့် နေမိတယ် ။ မာကျူရီမီးရောင် အောက် မှာ တဖြည်းဖြည်း ဝေးကွာ သွားတဲ့ ဂီတဆရာ ကို နောက်ဆုံး အစက်အပြောက် ကလေး ဖြစ်ပြီး ပျောက်ကွယ် သွားလု အချိန် ကျ မှ

“ ဒီ လူ ဘယ်ကို သွား တာလဲ မသိဘူး ။ သူ့ အိမ် က တောင်ဘက် ကို ပြန် ရမှာ ”

စကား နည်းလွန်း တဲ့ ဆိုင်ရှင် ရဲ့ ဆွေးဆွေးမြည့်မြည့် မှတ်ချက် ဟာ ကျွန်တော့် ရင် ထဲ ကို ကျင်ကနဲ ဖြစ်သွားစေတယ် ။ မျှော်လင့်ချက်တွေ ဝေဝါး ကုန်ဆုံး နေ တဲ့ သူ ဟာ ခြေဦး တည့်ရာ ဘယ်ကိုများ သွား မှာပါလိမ့် ။ ကျွန်တော် မတွေးတတ် ပါဘူး ။ ခပ်ဝေးဝေး က နာရီပြန် တစ်ချက် ထိုး တဲ့ သံချောင်း ခေါက်သံ ဒေါင်ခနဲ ကြား ရတယ် ။

အင်း ကျွန်တော် လည်း အိမ် ပြန်ဖို့ အချိန် တန်ပြီ ။ ကျွန်တော် အုတ်ခုံ ပေါ် က ထ လိုက်တယ် ။ သွားတော့မယ်ဗျာ လို့ ဆိုင်ရှင် ကို နှုတ်ဆက်တယ် ။ စက်ဘီး ပေါ် ကို တက် နင်းပြီး ထွက် လာခဲ့တယ် ။ ဦးခေါင်း ပေါ် မှာ မွန်းတည့် နေ တဲ့ လမင်းကြီး က တရိပ်ရိပ် နဲ့ လိုက်ပါ လာတယ် ။ မကြာသေးခင် က ကပြ ခဲ့တဲ့ ပရမ်းပတာ ပြဇာတ် တစ်ပုဒ် သူ့ မျက်စိ အောက် မှာ ပြီးဆုံးသွားခဲ့ တာ သူ ကတော့ သိပုံ မပေါ်ဘူး ။ ကျွန်တော် စက်ဘီး နင်း ရင်း နဲ့ ဂီတဆရာ ဆို သွားတဲ့ သီချင်း တစ်ပိုဒ် ပါးစပ် ထဲ ကို ရောက်လာတယ် ။

“ အခါတော် ရောက်ချိန် နီးလို့ လာပေ ။ အခါတော် ရောက်ချိန် နီးလို့ လာပေ ” တဲ့ ။

◾ယဉ်ယဉ်နု ၊ မန္တလေး ၊

📖 ရွှေအမြူတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၁၃၉ 
      ဇွန်လ ၊ ၂၀ဝ၁ ခုနှစ်

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment