❝ ပြုံးနေတဲ့ ကမ္ဘာ နဲ့ အပြုံးမရှိတဲ့ ကမ္ဘာ ❞
တချို့ကား ဈေးရောင်းပြီး ပြန်လာကြ၏ ။ တချို့ကား ဈေးဝယ်ပြီး ပြန်လာကြ၏ ။ တချို့ ကုန်ထမ်းရာ မှ ပြန်လာကြသည် ။ တချို့ကား ငါးဒိုင် မှ ပြန်လာကြသည် ။ တချို့ ဟင်းသီးဟင်းရွက်စည်းများ ခေါင်းပေါ်မှာ တင်လျက် ၊ ကြက်အရှင်များ ကို ကြိုး နှင့် တုပ်လျက်ယူလာသူ ၊ ငါးခြောက်တောင်း ခေါင်းရွက် သယ်လာ သူတွေ နှင့် သင်္ဘော မှာ လူတွေ ပြည့်ကျပ် သွားသည် ။ ပါလာသည့် သတင်းစာများ ၊ စက္ကူစုတ် ကလေးများ ကို ခင်းထိုင်သူထိုင် ၊ ဖိနပ်ခုပြီး ထိုင် သူ ထိုင် ၊ ခွေးခြေခုံကလေးတွေ ကတော့ တစ်ခုံ တစ်ကျပ် ။ လူသံ သူသံ ၊ ကလေးငိုသံ ၊ ကြက်ဘဲတွေ ၏ အော်သံ ၊ သင်္ဘော ပေါ် မှ ဈေးရောင်းသူများ ၏ အသံ ညံစီနေသည် ။ ငါးပိ ငါးခြောက်နံ့ ၊ ချွေးနံ့ ၊ လူအငွေ့အသက်အနံ့ ၊ ငါးညှီနံ့ တို့ လည်း လှိုင်လျက် ရှိသည် ။
အသက် ၇၀ အရွယ် လောက် ရှိမည့် အဘွားအို တစ်ယောက် သည် မြွေရေခွံအိတ် အဟောင်းအစုတ် တစ်ခု တွင် သစ်တိုသစ်စ တို့ ကို စုစည်းထားသည့် ထင်းစည်းကြီး ကို ခေါင်းပေါ် ရွက်လျက် တက် လာသည် ။
အသားအရေ ခြောက်ခန်းလျက် ရှိသည့် ကိုယ်ခန္ဓာ ၊ နေလောင်ထားသည့် အသား ၊ တွန့်လိပ်လျက်ရှိ သည့် အရေပြား တို့ က အာဟာရ မပြည့်ဝခြင်း နှင့် ကိုယ်ခန္ဓာ က တတ်နိုင်တာထက် ပို၍ အင်အား စိုက်ထုတ်နေရခြင်း တို့ ကို ဖော်ပြနေသည် ။
ကိုယ်ကာယ တောင့်တင်းသူ လူရွယ်များ ပင် လျှင် မနည်း ထမ်း ရမည့် ဤ သစ်ပိုင်းစ ထင်းစည်းအိတ်ကြီး ကို အဘွားအို က ရွက်လျက် လာသည် ။ ဤသည်မှာ လည်း နိစ္စဓူဝ လုပ်နေကျ ဖြစ်ကောင်း ဖြစ်မည် ။
သူ ၏ အသက် သည် ၇၀ ရှိချင် မှ လည်း ရှိ မည် ။ သို့သော် အဆီအသား ခန်းခြောက်ပြီး လိုအပ်သော အာဟာရ မရဘဲ ၊ နှစ်များစွာ အားစိုက် ထုတ်လာရသဖြင့် ရှိသည့် အသက် ထက် ပို၍ အိုမင်းရွတ်တွ သွားရဟန်လည်း တူသည် ။
အဘွားအို သည် ခေါင်းပေါ် မှ သစ်ပိုင်းစ အစည်းကြီး ကို သင်္ဘောကုန်းပတ် ကြမ်းခင်း ပေါ် ချ လိုက်သည် ။ ညှိုးရော်သော မျက်လုံးများ ဖြင့် ဟိုဟိုဒီဒီ ကြည့် လိုက်သည် ။ ထိုင်စရာ နေရာထိုင်ခင်းလေး ရလို ရငြား ကြည့်ခြင်း ဖြစ်၏ ။ မျက်နှာပေါ် မှ ချွေးများ ကို ပါလာသော ခေါင်းခု အဝတ်စုတ် ဖြင့် သုတ်၏ ။ မောဟိုက် နေသော ရင် တည်ငြိမ်အောင် သင်္ဘောလက်ရမ်း ကို အားပြု ကိုင်လျက် အသက် ရှူထုတ်နေ၏ ။ နတ်ဆိုးများ ဒဏ်ခတ်ထားလေသလား ဟု ထင်ရသည် ။
အသက် ရှူ ဖို့ လှုပ်ရှားနေရခြင်း က ပင်ပန်းလှသည် ။
ခဏကြာတော့ သူ ရပ်နေသော နေရာကလေး မှာ ပင် စီးလာသည့် ရာဘာ ဖိနပ်စုတ်ကလေး ကို ခုလျက် ကျဉ်းကျဉ်းကျုတ်ကျုတ် ထိုင် လိုက်သည် ။ အဘွားအို သည် နောက်ကျိလျက် ရှိသည့် မြစ်ရေပြင် ကို ငေး ကြည့်နေ၏ ။ မျက်လုံးများ က ညှိုးရော် ပင်ပန်းနေကြ၏ ။
ဘေးနား မှာ သားသည်အမေ ကောင်မလေး ကား ဒန်ချိုင့် ကို မ,ကာ ထမင်း စားလျက် ရင်ခွင်ထဲ မှာ လည်း ကလေး ကို နို့ တိုက်လျက် ရှိ၏ ။ ပဲပြုတ် ၊ ကန်စွန်းရွက်ကြော် တို့ ကို သူ့ထမင်းချိုင့် မှာ တွေ့ ရသည် ။ သူ့ ဆံပင်တွေ က နီကြံ့ကြံ့ ၊ အဆီ မရှိသော ကိုယ်ခန္ဓာ ၊ ဒီ ကိုယ်ခန္ဓာ က ရင်သွေး ကို လည်း အာဟာရ ဖဲ့ ကျွေး နေရသေးသည် ။
ဂျင်းဘောင်းဘီရှည် ဝတ်ထားသည့် ကောင်လေး ခပ်ရွယ်ရွယ် တစ်သိုက် ကတော့ စက်ဘီးပစ္စည်း တချို့ ကို လက် က ဆွဲလျက် တက် လာကြသည် ။ သူတို့ ၏ အဝတ်အစားများ ကို ကြည့်ခြင်းဖြင့် သူတို့ သည် သူတို့ အရပ် မှာတော့ အတန်အသင့် စားဝတ်နေမှု အဆင် ပြေကြသူတွေ ဖြစ် နိုင်သည် ။ အားလုံး ၏ မျက်လုံးများ သည် အိမ် အပြန် တွင် ပင်ပန်းနွမ်းရိလျက် ရှိကြ၏ ။ ဘယ်သူမှ လန်းဆန်း တောက်ပသော မျက်လုံး မရှိ ။ မဝရေစာ စား ကာ မနိုင်ဝန် ကို ထမ်းပြီး ရုန်း နေရသူတွေချည်း သာ ဖြစ်၏ ။ မောဟိုက်ပန်းရိနေကြ၏ ။ ချွေးသံထွက်လျက် အသက်ပြင်းပြင်း ရှူလျက် ရှိကြ၏ ။
“ အစ်မတို့ ရေ … အိမ် အပြန် ဇိမ်ခံစားလို့ ရတယ်နော် … ၊ မြေပဲဆားလှော် ရွရွကလေး လေ … ”
မြေပဲလှော် ၊ ဇီးထုပ်ရောင်းသူ ကောင်လေးများ ၏ ကာရံနဘေ ထပ်၍ ရွတ်သံ …
“ သတင်းစာတွေ ၊ ယနေ့ထုတ် သတင်းစာတွေ ၊ မြို့တော်သတင်းစာတွေ ၊ အသစ်ကျပ်ချွတ် ဆောက်နေတဲ့ ဆယ့်နှစ်ထပ်တိုက်ကြီး ပြိုကျလို့ သေကြကျေကြတဲ့ သတင်း ၊ ဓာတ်ပုံ နဲ့ တကွ မပါရင် ပိုက်ဆံ မပေးနဲ့ ၊ ဟောဒီမှာ ယနေ့ထုတ် သတင်းစာတွေ ”
လက်ဆွဲမှန်အိမ် တစ်လုံး ကိုင်ထားသူ က သတင်းစာ တစ်စောင် ကို ဝယ်၏ ။ အိပ်ကပ် ထဲ မှ ကျပ်တန် သုံးရွက် ထုတ် ပေးသည် ။
“ လေးကျပ် ပါ အစ်ကို ”
“ သုံးကျပ် မဟုတ်ဘူးလား ”
“ သတင်းထူး လို့ အစ်ကို ၊ လေးကျပ်ပါ ”
ဟု သတင်းစာရောင်း က ပြော၏ ။
သင်္ဘော ထွက်တော့မည် ။
“ တံလျှပ် ” အမည် ရှိ သင်္ဘော သည် ကြည့်မြင်တိုင်ဆိပ်ကမ်း မှ နေ့စဉ် လုပ်နေကျ တာဝန်တစ်ခု ကို ထမ်းပြီး လေးတွဲ့စွာ ထွက်ခွာ လာခဲ့၏ ။
တြိ - စင်မြင့်ဖျော်ဖြေပွဲ
သတင်းစာ ၏ စာမျက်နှာ တစ်ခုကို ဖြန့် ကြည့်ကာ လူငယ်လေး တစ်ယောက် က နှုတ် မှ လှစ်ခနဲ အသံ ထွက်လာသည် ။
“ ဟာ ၊ မိုက်တယ် ဟ ”
ဘေး က သူ့ ထက် အတွေ့အကြုံ အသက်အရွယ် ကြီးသူ လူကြီး တစ်ဦး နှင့် ထို လူငယ်လေး သည် သတင်းစာ ကို ဘေးချင်းထိုင်လျက် အပျင်းပြေ ဖတ် နေကြခြင်း ဖြစ်၏ ။ တစ်ရပ်တည်းသားချင်း ခရီးသွားများ ဖြစ်ဟန် တူသည် ။
သတင်းစာ ၏ စောစောက စာမျက်နှာ မှာ ကား ကုတ်အင်္ကျီရှည် ၊ မျက်မှန်နက် တပ်လျက် ၊ လက် နှစ်ဖက် စလုံး မှာ လက်စွပ်များ ၊ လက်ကောက်များ စွပ်ထားသည့် နာမည်ကြီး ရုပ်ရှင်မင်းသား အဆိုတော်ကြီး ၏ ပုံ ။ သတင်းစာ စာမျက်နှာပြည့် မျှ တွေ့ ရသည် ။ စူပါမင်းလိုလို ၊ မျက်လှည့်ဆရာလိုလို ထူးဆန်းသော မြင်ကွင်း က လူငယ်လေး ကို ဆွဲဆောင်ထား၏ ။လူငယ်ကလေး မှာ ထိုရုပ်ပုံ ကို ကြည့်ပြီး ပျော်မြူးအံ့ဩနေသည် ။
“ လက်မှတ် တစ်စောင် ( ၆၀၀ ) ၊ ( ၅၀၀ ) ၊ ( ၄၀၀ ) ကျပ် တဲ့ ၊ ဟာ … မနည်းပါလား ၊ အဲလောက်ကြီး ပေးပြီး ဘယ်သူတွေ ကြည့် မလဲဗျာ ကိုကြီးထူး ”
လူငယ်လေး ၏ စကား ကို ကြားတော့ ကိုကြီးထူး ဟု အခေါ် ခံရသော လူကြီး က ဘောက်ဆတ်ဆတ် ပြန် ပြောသည် ။
“ ကြည့်တဲ့ လူတွေ ရှိတယ် ကွ ၊ ရှိလို့ လက်မှတ် မှောင်ခို တောင် ရောင်း ရတယ် ဆိုပဲ ၊ လက်မှတ်တစ်စောင် ကို ၁၀၀၀ ပေး ပြီးတော့ တောင် ကြည့်သေး ”
ထို လူကြီး က လက်ညှိုးတစ်ချောင်း ထောင်လျက် ‘ ၁၀၀၀ ’ ဆိုသော နေရာ မှာ အသံ ကို အားဖိပြီး ပြော လိုက်သည် ။
လူငယ်လေး မှာ အံ့ဩလျက် အသံ တိတ်သွားသည် ။
လူငယ်လေး သည် သတင်းစာ ကို ဆက်၍ ဖတ် သွား၏ ။
တစ်ရက် တည်းခိုရုံမျှ နှင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သင့်သက်တမ်း သည် တစ်နှစ် ပိုရှည်မည် ။
ရှန်ဂရီလာ မှာ တည်းခိုပါ ။
“ ရှန်ဂြီလာဟိုတယ် ဆိုပါလား ၊ ဘာနာမည်လဲ ဗျ ”
လူငယ်လေး က ဘေးက လူကြီး ကို မေးပြန်သည် ။
“ ဟိုတယ် နာမည်ပေါ့ ကွ ”
“ ဘာအဓိပ္ပါယ်လဲ ”
“ အသက်ရှည် ကျန်းမာနုပျိုတဲ့ နေရာပေါ့ ”
“ အေးဗျာ ၊ ကောင်းလိုက်တဲ့ ဟိုတယ်ကြီး ၊ အထပ်တွေ မနည်းဘူးပါလား ၊ ခမ်းနားလိုက်တာဗျာ ”
လူငယ်လေး ၏ အံ့ဩအားကျသော အသံ ကို ကြားရပြန်၏ ။
“ အဲဒီ ဟိုတယ်ကြီး မှာ ဘယ်လိုလူမျိုးတွေများ တည်းခိုကြသလဲ ၊ မသိဘူးနော် ”
ဟု လူငယ်လေး က သူ့ ဘာသာ မေးပြော ပြော နေပြန်၏ ။
“ တည်းခိုတဲ့ သူတွေ ရှိလို့ ဆောက်တာပေါ့ကွ ”
လူကြီး ၏ ခပ်ပြတ်ပြတ် စကား ။
နောက် စာမျက်နှာ တစ်ခု မှာ …
“ ဒါက အင်္ဂလိပ် လို ရေးထားပါလား ၊ DREAM CAFÉ တဲ့ ”
ဒရမ်းဂ်ကဖေး မှာ လက်ဖက်ရည် တစ်ခွက် နဲ့ အိပ်မက် မက်နိုင်တယ် ။ အရှေ့တိုင်း ၊ အနောက်တိုင်း အစားအစာများ အားလုံး ရမယ် ။ သင် ပင်ပန်းထားသမျှ အိပ်မက် သမီးပျိုလေးများ ရဲ့ ညဉ့်ဦးယံတေး နဲ့ လာရောက် အပန်းဖြေပါတဲ့ …
ထို ကြော်ငြာစာသား နှင့် အတူ အဆောက်အအုံငယ် တစ်ခု ၏ မျက်နှာစာ မှာ ဇိမ်ခံကားမျိုးစုံတို့ ပြည့်သိပ်ပြီး ရပ်ထားပုံ ကို တွေ့ရသည် ။
“ ဒီနေရာမှာ ရော ဘယ်သူတွေလာပြီး စားကြသောက်ကြသလဲ မသိဘူးနော် ”
“ ဟေ့ကောင် ၊ စားတဲ့ လူ ရှိလို့ ဖွင့်ထားတာပေါ့ ကွ ၊ ပုံထဲ မှာ မတွေ့ ဘူးလား ၊ လာ စားတဲ့လူတွေ ၊ ကားတွေ အများကြီး ရပ်ထားတာ ”
လူငယ်လေး က ကြော်ငြာစာသားများ ကို ဖတ်လိုက် ၊ ပုံကို ငုံ့ ကြည့်လိုက် နှင့် တအံ့တဩ ဖြစ် ရပြန်သည် ။
“ ဟော … နောက် ကြော်ငြာ တစ်ခု တွေ့ ပြန်ပြီ ”
မောင့်သက်ထား သနပ်ခါးအလှကုန် ထုတ်လုပ်ရေး မှ ကံစမ်းမဲ အထူးအစီအစဉ် …
ဇူလိုင် ( ၁ ) ရက် ဒီဇင်ဘာ ( ၃၁ ) ရက်နေ့ထိ ဝယ်ယူအားပေးသူများ ကို စေတနာ ၊ မေတ္တာ တုံ့ပြန်သောအားဖြင့် ကံစမ်းဆုမဲများ ဖွင့်လှစ်မည် ။
ရွှေဆွဲပြား ၊ ရေခဲသေတ္တာ ၊
ရောင်စုံရုပ်မြင်သံကြားစက် ၊
ဗီဒီယိုပြစက် ၊ စတီရီယိုကက်ဆက် ၊ လျှပ်စစ် ထမင်းအိုး ၊ ပန်ကာ ၊ ကွာ့စ် နာရီ ၊ မီးပူ ၊ စတီးချိုင့် ။
“ ဟာ … စုံနေတာပဲ ”
“ ဘီလျံနာ ဆို တဲ့ ထီဆိုင် က ကံစမ်းဆုမဲ က ဒီ ထက်တောင် ပေးနိုင်သေးတယ် ၊ ၁၀ သိန်းတန် ကား တောင် ဆုမဲ ပါသေးတယ် ဗျာ ”
“ ဒါတွေက မဲ တကယ် ဖောက်တာလား ၊ ပေါက်ရင်ကော အဲဒီပစ္စည်းတွေ တကယ် ပေးသလားဗျ ကိုကြီးထူး ”
“ တကယ် ပေးတာပေါ့ ကွ ”
“ ဘယ်လို လုပ် ပေးနိုင်ကြသလဲဗျာ ”
“ ချမ်းသာလို့ ပေးနိုင်ကြတာပေါ့ကွ ၊ ဟား ဟား ဟား ”
လူကြီး က တစ်စုံတစ်ခု ကို သဘော ကျသလို ရယ် လိုက်သည် ။ သူ့ ရယ်သံ ကား လောကကြီး အကြောင်း ဘာမျှ မသိရှာသော လူငယ်ကလေးအား ကရုဏာသက်စွာ ရယ်မောခြင်း ဖြစ်၏ ။
ထို လူကြီး နှင့် လူငယ်ကလေးတို့ သည် သတင်းစာ မှ သူတို့ အတွက် ထူးဆန်းအံ့ဩဖွယ် ကြောငြာ ကော်လံများ ကို အပျင်းပြေ ဖတ်ရှုလျက် ၄၅ မိနစ် ဟူသော အချိန် ကို ကုန်လွန်စေ၏ ။ ထို ကြော်ငြာများ မှာကား ထူးဆန်းသော အမည်များ ၊ သူ့ ထက် ငါ ကောင်းပေ့ ၊ ဆန်းပေ့ ၊ ညွန့်ပေ့ ဆိုသော စကားလုံးများ နှင့် အလုအယက် ဆွဲဆောင်ဖမ်းစား နေကြ၏ ။ မစားရဝခမန်း ဖတ်ရှု ကြရ၏ ။လူငယ်လေး အဖို့ မှာကား အားလုံး အထူးတဆန်းချည်း ဖြစ်နေ၏ ။
“ မဲ ပေါက်တဲ့သူတော့ ပွတာပဲနော် ”
ကောင်လေး က ဆုစာရင်း ကို ကြည့်ပြီး သွားရည် ကျဟန် တူသည် ။
“ မဲ ဖောက်ပေးတဲ့ ပိုင်ရှင် က ပိုပွတာကွ ”
မင်း ဘာမှ နားမလည်ပါဘူး ကွာ ဟူသည့် အကြည့် နှင့် လူကြီး က ကောင်လေး ကို ရယ်မော လိုက်ပြန်၏ ။
“ မင်း က ဘာလဲ ၊ ရေခဲသေတ္တာတို့ တီဗီတို့ လိုချင်လို့လား ၊ အဲဒါတွေကို မင်းတို့ ငါတို့ အိမ် မှာ ဘယ်လို ထားမလဲ ”
လူကြီး က သူ့ ရှေ့ မှာ ချထားသည့် ဖန်ချောင်းမီးအိမ် ကို မြှင့်ပြီးပြ လိုက်သည် ။
“ ဒီဟာ တောင် မနည်း ပေး ဝယ်ရတာ ၊ မင်း အဖေ ကို အိမ် မှာ မီးအရင် သွယ်ခိုင်းဦး ဟား … ဟား ”
လူငယ်လေး က ရယ်ကျဲကျဲ နှင့်ရှိသော်လည်း အံ့ဩတာတော့ အမှန်ပင် ။
“ အေးလေဗျာ ၊ အဲဒီ ပစ္စည်းတွေ တကယ်ပဲ မဲ ဖောက်ပြီး ဆုပေးနေကြတာ အံ့ဩစရာပဲ ၊ကျွန်တော် စဉ်းစားနေတာ ၊ တကယ်မှ ပေးရဲ့လားလို့ ”
“ ဟေ့ကောင် ၊ မင်း မလည်း တယ် ခက်တာပဲ ၊ တကယ် ပေးတာကွ ၊ ပေးနိုင်လို့ ပေးတာကွ ၊ မပေးဘဲ နဲ့ ဒီလောက် ပိုက်ဆံ အကုန် ခံပြီး ကြော်ငြာ ထည့်မလား ၊ ဒီလောက် အကွက်ကြီးကြီး ကြော်ငြာတာ က အလကား ကြော်ငြာ လို့ ရတယ်မှတ်လား ၊ ဒီ ကြော်ငြာခတောင် နေ့တိုင်း လိုလို ထည့်ရင် နည်းတာ မဟုတ်ဘူး ၊ မင်းတို့ ငါတို့ လို အိမ်တွေ ချွေချွေတာတာ သုံးရင် မိသားစု သုံးခု သုံးလ ၊ လေးလလောက် အေးအေးဆေးဆေး စားလို့ ရတဲ့ ငွေလောက် ကို သူတို့ ကြော်ငြာခ အကုန် ခံတာ ”
မအံ့ဩဘဲ နေပါ့မလား ။ လောကကြီး သည် အရမ်း အံ့ဩစရာ ကောင်းသည် ။
မော်တော်ကား ၊ တီဗီ ၊ ရေခဲသေတ္တာ ၊ ရွှေဆွဲပြား ၊ ရွှေဆွဲကြိုးများ လက်ဆောင်ပေးနေသည် ။ သူငယ်လေး ၏ မျက်စိ ထဲ မှာ ရေခဲသေတ္တာ ၊ ရွှေဆွဲပြား ၊ ကွာ့စ်နာရီ ၊ တီဗီတွေ အိပ်မက် မက်သလို သူ့ ဦးခေါင်း ပေါ် မှာ ပျံဝဲ နေကြသည် ။ မဲများ ပေါက် လိုက်ရင်ဟု သူ သည် ပျော်ပျော်ကြီး စိတ်ကူး ယဉ်လိုက်မိသေးသည် ။
မကြာမီမှာ ပင် ‘ တံလျှပ် ’ သင်္ဘော သည် လှိုင်သာယာဆိပ်ကမ်း သို့ ဆိုက်ကပ်လေ၏ ။ လူငယ်လေး ရော လူကြီး အပါအဝင် သင်္ဘောစီးခရီးသည် တွေ အားလုံး ဆိပ်ခံတံတား သို့ တက် လာကြသည် ။ လူငယ်လေး သည် တခြားကမ္ဘာတစ်ခု နှင့် တွေ့ခဲ့ရသည် မှာ ၄၅ မိနစ် မျှ သာ ရှိသေးသည် ။
“ ဟေ့ ၊ ဟိုမှာ ဟိုမှာ ၊ အဲဒါ ည က သမ္ဗာန်သမား ကို ဝိုင်း ရိုက်သတ်တဲ့ ကောင်တွေ လေ ”
လူ သုံး လေးယောက် ကို လက်ထိပ်ခတ်လျက် ရဲသား နှစ်ဦး ဘေး က ရံကာ ဖမ်းလာသည် ကို တွေ့ ရသည် ။
သမ္ဗာန်သမား တစ်ယောက် သည် သမ္ဗာန်ခ တစ်ကျပ် ယူနေကျ ကို နှစ်ကျပ် တိုးတောင်း ၍ သမ္ဗာန် စီးသူတွေ က ဝိုင်းရိုက် ၍ သေရသည့် လူသတ်မှုတစ်ခု သူတို့ အရပ် မှာ ဖြစ်ခဲ့သည် ။
“ သမ္ဗာန်ခ ဈေး တက်တော့ ခရီးသည်တွေ က မခံနိုင်ဘူးလေ ”
“ ခရီးသည်တွေ က မခံနိုင်သလို ၊ အစစ ဈေး တက်တော့ သမ္ဗာန်သမား က လည်း တစ်ကျပ် တော့ ပို လိုချင်လာတာပေါ့ဗျာ ၊ သနားပါတယ် ”
“ သမ္ဗာန်သမား လည်း ဝမ်းဗိုက်နဲ့ ၊ ခရီးသည်တွေ က လည်း ဝမ်းဗိုက် နဲ့ ပဲ ၊ သူတို့ လည်း နေ့တိုင်း ဟိုဘက်ကမ်း သွား အလုပ် လုပ် ကြရတာ ၊ သမ္ဗာန်ခ ဈေး တက်ရင် ရတဲ့ လုပ်ခ က ပဲ့ကုန်တာပေါ့ ၊ အေးလေ … သေတဲ့ ကောင်လည်းသေ ၊ သတ်တဲ့ ကောင်လည်း အဖမ်းခံရ ၊ ဘယ်ဘက် က မှ မကောင်းပါဘူးဗျာ ”
သမ္ဗာန်သမား အသတ်ခံရမှု ကို အချင်းချင်း ပြောဆိုဆွေးနွေးကြသည့် စကားများ ကို ကြားရ၏ ။ ဒီ အရပ်ဝန်းကျင် မှာ တော့ ဒီလိုပဲ ။ ပိုက်ဆံ တစ်ကျပ်သည် လည်း အရေး ကြီး၏ ။ အသက် သေရ လောက်အောင် လူသတ်မှု ဖြစ်ရလောက်အောင်ပင် သူတို့ အဖို့ အရေး ကြီး၏ ။ လူငယ်လေး သည် စောစောက သတင်းစာကြော်ငြာများ ကို ဖတ်၍ ၄၅ မိနစ် မျှ စိတ်ကူးယဉ် ကမ္ဘာ တစ်ခု သို့ အလည်အပတ် ရောက် ခဲ့သည် ။ အခြားကမ္ဘာ တစ်ခု က အကြောင်းတွေ ကို ကြားသိ ခဲ့ရသည် ။ ပျော်စရာတွေ ၊ အံ့ဩစရာတွေ ၊ ထူးဆန်းတာတွေ … ယခု ကြားရကြုံရ သိရတာတွေ နှင့် ကွာခြားလှပေစွ ။ ထူးဆန်းပေစွ ။ အဲဒီ ကမ္ဘာ က အဝေးကြီး မှာ လည်း မဟုတ် ။ တခြား ကမ္ဘာ မှာ လည်း မဟုတ် ။
တစ်မြေ တည်း တစ်ရေ တည်း မှာ …
ကမ္ဘာကြီး တစ်ခု တည်း မှာ …
◾တင်တင်ဦး
📖 ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
၁၉၉၄ ၊ မတ်လ ။
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment