Saturday, September 10, 2022

စံပယ် တွေ ရမယ်


 

❝ စံပယ် တွေ ရမယ် ❞

( သူ့ ကို လမ်းမ တစ်ခု ပေါ် ရှိ လူ စည်ကား သည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှေ့ မော်တော်ကားများ အနီး တစ်ဝိုက် တွင် မနက်တိုင်း ကျွန်တော် တွေ့ ရတတ်သည် ။ အသားညိုညို ၊ မျက်လုံးဝိုင်းဝိုင်း ၊ မျက်ခုံး ကောင်းကောင်း ၊ နှာတံစင်းစင်း ၊ မျက်ခမ်းထူထူ နှင့် ဖြစ်ပြီး သူ့ သွားများ သည် ညိုလဲ့သော သူ့ မျက်နှာ ပေါ်တွင် ဝင်းလက် နေကြသည် ။ သူ့ ဆံပင်များ က ကုပ်ပေါ် နှင့် ပခုံး ပေါ် တွင် ဝဲကျ လျက် ...

ယောက်ျားဝတ် တက်ထရွန်လက်ရှည် အဖြူ ကို အပြင် ထုတ် ၍ ဝတ် ထားပြီး ခါး တွင် ကျောင်းစိမ်းတက်ထရွန်လုံချည် ခပ်နွမ်းနွမ်း တစ် ထည်ကို ခပ်တိုတို ဝတ်ထားသည် ။ ခြေထောက် တွင် မူ ဂျပန်ဖိနပ်ကလေး ကို အမြဲ စီး ထားတတ်၏ ။

အသက် မှာ ၁၅ နှစ် ၊ ၁၆ နှစ် လောက်သာ ရှိ လိမ့်ဦးမည် ။ လက် ထဲ တွင် စံပယ်ပန်းကုံးတွေ ကို  ကိုင် ထားပြီး အနား သို့ ဖြတ် သွားလျှင် “ ကဲ ... စံပယ်တွေ ရမယ်နော် ၊ စံပယ်တွေ ရမယ် ” ဟု အော် တတ်သည် ။ ကျွန်တော် က သူ့ နာမည် ကို မစံပယ် ဟု ခေါ်သည့် အခါတွင် သူ သည် သဘောကျစွာ ပြုံး နေတတ်သည် ။

တစ်ခါတစ်ခါ တွင် မစံပယ် ကို မြေနီကုန်းမီးပွိုင့် အနီး တွင် လည်း ကောင်း ၊ တစ်ခါတစ်ရံ တွင် လှည်းတန်း မီးပွိုင့် အနီး တွင် လည်းကောင်း တွေ့ ရတတ်သေးသည် ။ ကား ဖြင့် ဖြတ် သွားသည့် ကျွန်တော့် ကို မြင်လျှင် မစံပယ် သည် “ ဦးလေး ... ပန်းတွေ မယူတော့ဘူးလား ” ဟု အမြဲ ပြော တတ်သည် ။ မီးပွိုင့် တွင် မီးနီ ပြသည့်အခါမျိုး နှင့် ကြုံလျှင် ကျွန်တော် ကလည်း စံပယ် လေးငါးကုံး ကို တော့ ယူမြဲ ။ အောက်တွင် ဖော်ပြလိုက် သည့် အကြောင်းများ မှာ မစံပယ် က ကျွန်တော့် ကို ပြော ပြလိုက်သည့် အကြောင်းများ ဖြစ် ပါသည် ။ )

ဦးလေး က သမီး နာမည် ကို မစံပယ် လို့ ခေါ်တော့ လက်ဖက်ရည် ဆိုင် နား က ကားဆရာတွေ ကလည်း သမီး ကို မစံပယ် လို့ ပဲ ခေါ် ကြပါ တယ် ။ ဒီ နာမည် ကို သမီး က လည်း သဘော ကျပါတယ် ။ နာမည်ကလေး က လှ လည်း လှတယ် ။ ပြီးတော့ စံပယ်ပန်း ရောင်း နေရတဲ့ သမီး ရဲ့ အလုပ် နဲ့ လည်း လိုက် တယ်လေ ။ သမီး နာမည် က အမှန် ကတော့ တင်တင်အေး ပါ ။ သမီး ငယ်ငယ်တုန်း က ရုပ်ရှင်မင်းသမီး  တင်တင်အေး နဲ့ တူ လို့ အဖေ က သမီး ကို တင်တင်အေး လို့ မှည့် ထားတာ တဲ့ ။

မျက်လုံး ဝိုင်းတာ ရော ၊ မျက်နှာ သွယ်ပုံ ရော တင်တင်အေး နဲ့ တူတယ် တဲ့ ။ သမီး ကတော့ တင်တင်အေး ကို ငယ်ငယ် က မကြည့်လိုက်ဖူးပါဘူး ။ ဒါပေမဲ့ အရပ် ထဲ မှာ တင်တင်အေး ပါ တဲ့ ရုပ်ရှင်ကား နှစ်ကား ၊ သုံးကား ကို ကြည့်ဖူးပါတယ် ။ “ နှင်းပျောက်တဲ့နွေ ”  တို့ ၊ “ မုန်းတစ်လှည့် ပြုံးတစ်လှည့် ”  တို့ ထင်ပါတယ် ။ ရုပ်ချင်း သာ ဆင် တာပါ ။ ဘဝချင်း ကတော့ မတူပါ ဘူး ။ သူ က ရုပ်ရှင် မင်းသမီး ၊ သမီး က စံပယ်ပန်း ရောင်းတဲ့ သူ ။ ဘာဆိုင် တာ မှတ်လို့ ။ တခြားစီပဲ ။ ဘဝချင်း မတူသလို ပညာချင်း လည်း မတူ ဘူး ။ ဝတ်ပုံစားပုံချင်း လည်း မတူဘူး ။ နာမည်ကျော် ပုံ ချင်း လည်း မတူ ဘူး ။ သူ က တစ်နိုင်ငံလုံး မှာ နာမည် ကျော်တာ ။ သမီး က ဒီနား တစ်ဝိုက် က ကားသမားတွေ ၊ ကားဆရာတွေ ကြား ထဲ မှာ တွင် နာမည် ကျော်တာ ။

ရုပ်ရှင်မင်းသမီး တင်တင်အေး ကတော့ ဖျာပုံသူ ၊ ဖျာပုံမယ် လို့ ပြောသံ ကြား ဖူးတာပဲ ။ သမီး ကတော့ ရန်ကုန်သူ ၊ ရန်ကုန် မှာ မွေး တာ ။ ဒါပေမဲ့ ရန်ကုန်သူ ဆိုလို့ သိပ်တော့ အထင် မကြီးလိုက်နဲ့ဦး နော် ဦးလေး ။

သမီး မွေး တာက ဟို ... မြောက်ဥက္ကလာပ မြို့စွန် က ငမိုးရိပ်ချောင်း ဘေး မှာ မွေး လာတာ ။ ခုတော့ သမီး မွေးခဲ့တဲ့ တဲကလေး တောင် မရှိတော့ဘူး ။ သမီးတို့ က မြောက်ဥက္ကလာပ မှာ တစ်နေရာ ပြီး တစ်နေရာ ပြောင်း နေတာ ဆိုတော့ ကိုယ် ချက်မြှုပ်တဲ့ နေရာ ကို တောင် မသိတော့ဘူး ။

သမီး အဖေ က အစတုန်း က ဆိုက်ကားသမား ပါ ။ ကိုစိန်လင်း လို့ ခေါ်ပါတယ် ။ အဖေ လည်း ရန်ကုန် မှာ မွေး တာပါပဲ ။ အဖေ တို့ ငယ်ငယ် တုန်း ကတော့ မြောက်ဥက္ကလာ တို့ ၊ ဘာတို့ မရှိသေးဘူး လို့ ပြောပါတယ် ။ အဲဒီတုန်းက အဖေ က ဦးဝိစာရကွက်သစ် မှာ နေတယ်လို့ ပြောပါတယ် ။ ဦးဝိစာရကွက်သစ် ဆိုတာ ဦးလေး တော့ သိ မှာပေါ့  ။ အဲဒီ နေရာ ဟာ အခု တော်လှန်ရေးပန်းခြံ လုပ် ထားတဲ့ နေရာ ဆိုတာ အဖေ ပြော မှ သိ တာပါ ။

အဖေ က ငယ်ငယ်လေး ကတည်း က ကျောင်း က ထွက်ပြီး ဆိုက်ကား အငှား နင်းပါတယ် ။ အဖေ တို့ ခေတ် တုန်းကတော့ ဆိုက်ကားငှားခ က အုံနာ ကို တစ်နေ့ နှစ်ကျပ် ပေးရတယ်လို့  ပြောပါတယ် ။ ဆိုက်ကားခ က လည်း အနည်းဆုံး ပြားငါးဆယ် လို့ ပြောပါတယ် ။ ဆိုက်ကား တစ်စီး လုံး ခေါ် ငှား မှ ဘယ်လောက်မှ မကျဘူးတဲ့ ။ တစ်ကျပ် ၊ နှစ်ကျပ် လောက် ပေးရင် မြို့ထဲ အထိ တောင် ငှားလို့ ရတယ်တဲ့ ။ 

ဒါပေမဲ့ အဖေ ကတော့ မြို့ထဲ မှာ ဆိုက်ကား မနင်းပါဘူး ။ မြေနီကုန်း တစ်ဝိုက် မှာ ပဲ နင်း ပါတယ် ။ အဲဒီတုန်းက ဗားကရာလမ်း မှာ မြင်း လှည်းတွေ နဲ့ ဆိုက်ကားတွေ ပဲ ရှိပါတယ် ။ မြင်းလှည်း ကတော့ စမ်းချောင်း ကနေ ဘုရား အထိ တို့ ၊ စမ်းချောင်း ကနေ ရွှေဂုံတိုင် ၊ ဗဟန်း တို့ ၊ မြို့ထဲ တို့ ကို သွား ပါတယ် ။ ဆိုက်ကား ကတော့ ဒီနား တစ်ဝိုက် တွင် ပေါ့လေ ။

အဲဒီတုန်း က အဖေ က မြေနီကုန်း အဝိုင်း နား မှာ ဆိုက်ကားဂိတ် ထိုး ပြီး အဲဒီ ဆိုက်ကားဂိတ် မှာပဲ အမြဲ နင်း ပါတယ် ။ တခြား ဘယ်ကို မှ မသွားဘူး တဲ့ ။ အဲဒီတုန်း က အဲဒီနား မှာ အရက်ဆိုင်တွေ လည်း ရှိတယ် ။ ဟို .. ဘယ်လို ပြောရမလဲ ၊  မကောင်းတဲ့ အိမ်တွေ လည်း ရှိတယ်လို့ အဖေ က ပြောတယ် ။

ဒီတော့ ဆိုက်ကား နင်း ရတာ အဆင် ပြေတယ် တဲ့ ။ ကောလိပ် ကျောင်းသားတို့ ၊ ဘာတို့ အရက် လာ သောက်ရင်လည်း မြေနီကုန်း တစ် ဝိုက် က အကြုံ ရဲ့ ဆိုင် မှာပဲ လာ သောက် ကြတယ်တဲ့ ။ အကြုံ ဆိုတော့ အဲဒီတုန်း က မြေနီကုန်း မှာ ရှိတဲ့ ဘောဂဗလ အရက်ဆိုင် ရဲ့ ပိုင်ရှင် ပါ ။ အမေ ပြော ဖူးလို့ ဒီ ဆိုင် နာမည် ကို ကောင်းကောင်း မှတ်မိ နေတာပါ ။

နောက်တော့ အဖေ တို့ နေခဲ့တဲ့ ဦးဝိစာရကွက်သစ် ပြောင်း ရပါ တယ် ။ အဖေ တို့ နေတဲ့ မြေနီကုန်း နား က တဲကလေးတွေ လည်း ပြောင်း ရပြီး မြို့သစ် တည် လို့ တောင်ဥက္ကလာ တို့ ၊ မြောက်ဥက္ကလာ တို့ ကို ပြောင်း ရပါတယ် ။ အဲဒီတော့ အဖေ နဲ့ အမေ ကြိုက် နေကြပြီ တဲ့ ။ သူတို့ နှစ်ယောက် တွေ့ သွားပုံ ကလည်း သိပ်တော့ မဆန်းဘူးပေါ့ ဦးလေး ရယ် ။

အဖေ ကလည်း အဲဒီ နား က မြေနီကုန်းအဝိုင်း မှာ ဆိုက်ကားဂိတ် ထိုး ၊ အမေ က လည်း ဘောဂဗလ အရက်ဆိုင် ရှေ့ မှာ ကြက်ခြေရိုး တို့ ၊ အမဲကြော် တို့ ရောင်း ဆို တော့ သူတို့ နှစ်ယောက်ဟာ တွေ့ပြီး ချစ်ကြိုက် သွားကြတာ ဖြစ် မှာပေါ့ ။ အဲဒီတုန်း က အဖေ က အသက် ၂၀ လောက် ၊ အမေ က အသက် ၁၈ နှစ် လောက် ပဲ ရှိ ဦးမှာပေါ့ ။ အဖေ တို့ ၊ အမေ တို့ အိမ် ပြောင်း ရတော့ တစ်ယောက် တခြား စီ ဖြစ် သွားပါတယ် ။ အဖေ တို့ က တောင်ဥက္ကလာပ ကို ပြောင်း သွားရပါတယ် ။ အမေတို့ က မြောက်ဥက္ကလာပ ကို ရောက် သွားပါတယ် ။ နေရေးထိုင်ရေးတို့ ၊ အလုပ်အကိုင်တို့ လည်း နည်းနည်းပါးပါးတော့ ကသီ သွားတာပေါ့  ။ 

နောက်တော့ အဖေ က တောင်ဥက္ကလာ မှာ ပဲ ဆိုက်ကား နင်းပါတယ် ။ အမေ ကတော့ မြောက်ဥက္ကလာ ဈေး နား က စက်ဆိုင် တစ်ဆိုင် မှာ အင်္ကျီ တွေ ကို ယူပြီး ကြယ်သီးတံ တပ်ပါတယ် ။ အဲဒီ တုန်း ကတော့ အမျိုးသမီး တွေ ဝတ် တဲ့ အင်္ကျီတွေ မှာ ကြယ်သီးကွင်း တို့ ၊ ဘာတို့ ပါ တော့ ကြယ်သီး တပ် တဲ့ အလုပ် ဟာ လည်း မဆိုးပါဘူး ။ အိမ်စရိတ်ကလေး ဘာလေး ကို တော့ နည်းနည်းပါးပါး အထောက်အကူ ဖြစ်ပါတယ် ။

အမေ ရဲ့ အဖေ က အလျင်တုန်းက လက်သမားဆရာကြီး ပါ ။ နောက် တော့ အိမ် ဆောက်ရင်း အိမ်ခေါင် ပေါ် က လိမ့် ကျတာနဲ့ ခါးရိုး ကျိုး သွား ပြီး အလုပ် မလုပ် နိုင်တော့ပါဘူး ။ ဒီတော့ အမေတို့ သားအမိ က ပဲ ရှာဖွေ ကျွေး ရပါတယ် ။ 

အဖေ ဟာ တောင်ဥက္ကလာ မှာ သာ ဆိုက်ကား နင်းပေမဲ့ အလုပ် ကို ကောင်းကောင်း မလုပ်နိုင်ဘူး ။ မြောက်ဥက္ကလာ ချည်းပဲ လာ လာနေတယ် ။ ဦးလေး စဉ်းစား ကြည့်လေ ။ တောင်ဥက္ကလာ က နေပြီး မြောက်ဥက္ကလာ ကို ဆိုက်ကား နဲ့ နေ့တိုင်း လာ ရတာဟာ နည်းတဲ့ ခရီးလား ။ တိုက်ရိုက်လမ်း မရှိတော့ ကမ္ဘာအေးဘုရားလမ်းမကြီး က နေ ပြီး တစ်ကွေ့ ကြီး လာ ရတာ ။ ဒါပေမဲ့ အဖေ ကတော့ နေ့တိုင်း လာ တာပဲ တဲ့ ။ ဒီလိုနဲ့ မြောက်ဥက္ကလာ ကို ချည်းပဲ လာ လာနေတော့ အမေ့ အလုပ် မှာ ထိ ခိုက်တယ် ။ ဒါနဲ့ နောက် ကျတော့ မြောက်ဥက္ကလာဈေး နား က ဂိတ် မှာပဲ ဆိုက်ကား လာ ထိုးပြီး မြောက်ဥက္ကလာ မှာ ပဲ နင်း သတဲ့ ။

မနက် လင်း တာနဲ့ အဖေ ဟာ ဆိုက်ကား တစ်စီး နဲ့ မြောက်ဥက္ကလာ ကို ရောက် လာပြီး မြောက်ဥက္ကလာဈေး နား က ဂိတ် မှာ ထိုး ၊ တစ်နေကုန် မြောက်ဥက္ကလာ မှာ ပဲ ဆိုက်ကား နင်း ၊ ညနေ မိုး ချုပ် တော့ မှ ဆိုက်ကား သိမ်း တော့တာပဲ ။ အပြန် ကျတော့လည်း တောင်ဥက္ကလာ အထိ ဆိုက်ကား နင်း ပြန်ရတာပဲ ။

အဖေ နဲ့ အမေ ကြိုက် နေတဲ့ သတင်း ဟာ ဘယ်လို ကနေ ဘယ်လို ပေါက် သွားသလဲ မသိဘူး ။ အမေ့ ရဲ့ အဖေ နား ကို ရောက် သွားတယ် ။ ဒီ သတင်း ကို ကြားတော့ အမေ့ ရဲ့ အဖေ က သဘော မတူဘူး တဲ့ ။ သူ့ သမီး ကို ဆိုက်ကားသမား မယား အဖြစ် မခံနိုင်ဘူးပေါ့ ဦးလေး ရယ် ။ တကယ်တော့ လက်သမားဆရာ ရဲ့ သမီး ဟာ လက်သမား တို့ ၊ ဘာတို့ နဲ ပဲ ညား ပေါ့  ။ ခုလည်း အဖေ့ ရဲ့ ဆိုက်ကားဆရာ အလုပ် ဟာ ဒီလောက် ဂုဏ်ငယ် တဲ့ အလုပ် မဟုတ်ပါဘူး ။ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စား ရင် ပြီး တာပဲ မဟုတ်လား ။ အဘိုးကြီး ကတော့ ရှေးလူကြီး ဆိုတော့ သူ့ သမီး ကို ဆိုက်ကားဆရာ နဲ့ မပေးစားနိုင်ဘူး ဆိုပြီး တဆူဆူ တပူပူ လုပ်နေတယ် ။

နောက်တော့ အမေ လည်း စိတ်ညစ်ညစ် ရှိတာနဲ့ အဖေ နဲ့ ခိုးရာ လိုက် ပါတယ် ။ အဘိုး က စိတ် ဆိုးလို့ အမေ့ ကို တော်တော် နဲ့ ပြန် မခေါ်ပါဘူး ။ ဒါနဲ့ အဖေ နဲ့ အမေ တို့ ဟာ မြောက်ဥက္ကလာ အစွန် က သူငယ်ချင်း တစ်ယောက် အိမ် မှာ နေကြရပါတယ် ။ အဖေ ကတော့ ဆိုက်ကား နင်းမြဲ နင်း ရတာပေါ့လေ ။ အဘိုး က စိတ်ကြီးသူ ဖြစ်လေတော့ အမေ့ ကို သေသည် အထိ ခေါ် မသွားတော့ပါဘူး ။ အမေ တို့ အိမ်ထောင် ကျပြီး တစ် နှစ်လောက် အကြာမှာ ပဲ အဘိုး ဆုံး သွားတယ် ထင် ပါတယ် ။ အဘိုး ဆုံးတော့ မှ အဘွား က လည်း သမီး ကို ပြန် လက်ခံပြီး အမေ တို့ နဲ့ အတူ တူ နေ ပါတယ် ။

အမေ တို့ မှာ အဖေ့ လုပ်စာ နဲ့ မစားလောက်တဲ့ အခါ ကျတော့ အဘွား နဲ့ အမေ က ကျပန်း လုပ်ကိုင် စားသောက်ကြရပါတယ် ။ ကျပန်း ဆိုတာ က ပဲပြုတ် ရောင်းတဲ့ အခါ ရောင်း ၊ ကုန်စိမ်း ရောင်းတဲ့ အခါ ရောင်း ၊ မြောက်ဥက္ကလာ ထဲ မှာ ရှိတဲ့ ပလတ်စတစ်စက်ရုံကလေးတွေ မှာ ပလတ် စတစ်အဟောင်းတွေ ဆေး ။ အလုပ် ကတော့ စုံ လို့ပါပဲ ။ သမီးတို့ မှာလည်း လူဦးရေ က များ လာပြီလေ ။ အဖေတို့ ၊ အမေတို့ က သားသမီး ခြောက်ယောက် မွေးပါတယ် ။ အကြီးဆုံး ကတော့ ယောက်ျားလေး ပါ ။ သူ က ခုနစ်တန်း လောက် ပဲ ကျောင်း နေလိုက်ပါတယ် ။ ခုနစ်တန်းတောင် မအောင် ပါဘူး ။ ဒါနဲ့ သူ့ ကို အဖေ့ ရဲ့ သူငယ်ချင်း က မော်တော်ကားဝပ်ရှော့ မှာ အလုပ် သွင်း ပေးထားပါတယ် ။ နောက်တော့ သူ လည်း စောစောစီးစီး အိမ်ထောင် ကျပြီး အိမ် ခွဲ သွားပါတယ် ။
နောက် တစ်ယောက် ကတော့ မိန်းကလေး ပါ ။ သူ လည်း ကျောင်း ကောင်းကောင်း မနေလိုက်ရပါဘူး ။ အိမ် အလုပ် ကို ကူ လုပ်ပေးရင်းနဲ့ပဲ မော်တော်ကား ဒရိုင်ဘာ တစ်ယောက် နဲ့ ရ သွားပါတယ် ။ ကီလီဒိုင် ကို မနက် အစောကြီး သွား သွားပြီး ကုန်စိမ်းတို့ ၊ ငါးတို့ ဝယ် ရာကနေပြီး ဒရိုင်ဘာ နဲ့ ညား သွားတာပါ ။ သူ ကလည်း နောက်တော့ သာကေတ ကို ပြောင်းပြီး အိမ်ခွဲ သွားပါတယ် ။

နောက် တစ်ယောက် ကတော့ ယောက်ျားလေး ပါ ။ သူ ကတော့ အိမ်ထောင်တို့ ၊ ဘာတို့ မကျသေးပါဘူး ။ ဒါပေမဲ့ ဆိုးလွန်း လို့ အဖေ က သူ့ ကို အိမ် က နှင် ချထားပါတယ် ။ ဆိုးသလား တော့ မမေး နဲ့ ဦးလေး ။ ရန်ဖြစ်ပြီး ရဲစခန်း ကို ရောက်ရတဲ့ အကြိမ်ပေါင်း ကလည်း မနည်းတော့ ဘူး ။ ဆိုး တာကတော့ အရက် သောက် တာပဲ ။ အရက် မူး ပြီး ပြန် လာရင် အမေ့ ကို ဂျီတိုက်တယ် ။ အဖေ ရှိရင်တော့ အိမ် ကို သိပ် မလာရဲဘူး ။ ကြုံ ရာမှာ နေ တာပါပဲ ။ ဘယ်လို လုပ်ကိုင် စားသောက်နေသလဲ ဆိုတာတော့ သမီး လည်း မသိဘူး ။ တစ်ခါတလေ မှာ တောင်ဥက္ကလာ မှာ သွား နေ တယ် ။ တစ်ခါတလေ မှာလည်း သာကေတ မှာ သွား နေတယ် ။ တစ်ခါ တလေ မှာ လည်း ဘယ် ပျောက်နေမှန်း မသိဘူး ။ လေးငါးလ လောက် ရှိမှ မြောက်ဥက္ကလာ ဘက် ကို ရောက် လာတတ်တယ် ။ အဲဒီတော့မှ သူ့ ကို တွေ့ ရတာပဲ ။ အဖေ မရှိတုန်း အိမ် ကို ရောက် လာရင် အမေ့ ကို ပိုက်ဆံ တောင်း တယ် ။ အမေ ကလည်း အဲဒီ သား ကျတော့ တော်တော် ချစ်ပုံ ရတယ် ။

သူ ပိုက်ဆံ တောင်း ရင် ရှိသမျှ ပိုက်ဆံကလေး ကို အဖေ မသိအောင် ကြိတ် ပေးလိုက်တာပဲ ။ တစ်ခါတလေ မှာ ပိုက်ဆံ မရှိရင်လည်း ရှိတဲ့ အဝတ် အစားကလေး ၊ ဆံစုကလေး ကို ပေါင်ပေးလိုက်တယ် ။ တစ်ခါတလေ ကျ တော့ သမီး စဉ်းစားမိတယ် ဦးလေး ။ အမေ တွေ ဟာ မတရားဘူး လို့ ။ ဆိုးတဲ့ ကလေးတွေ ကို ကျတော့ သိပ် ချစ် ၊ သိပ် အလိုက် လိုက်ပြီး လိမ္မာ ရေးခြား ရှိတဲ့ သားသမီး တွေ ကျတော ဝတ်ကျေတန်းကျေ ပဲ ချစ်ကြတယ် မဟုတ်ဘူးလား ဦးလေး ။

သမီး က စတုတ္ထ သမီး ။ သမီး အောက် မှာ မောင်လေး တစ်ယောက် နဲ့ ညီမလေး တစ်ယောက် ရှိသေးတယ် ။ အဖေ ကလည်း အသက် ကြီး လာတော့ အလျင် ကလို ဆိုက်ကား မနင်းနိုင်တော့ဘူး လေ ။ အသက် ကြီး တဲ့ လူ ဆိုက်ကားသမား ဆိုရင် စီးတဲ့ လူ က လည်း သိပ် မစီးချင်ကြတော့ဘူး ။ အားနာလို့လား ၊ ဒါမှမဟုတ် အဘိုးကြီး ကောင်းကောင်း မရုန်းနိုင်တော့ ဘူး လို့ ထင် လို့လားတော့ မပြောတတ်ဘူး ။ ဒီ အထဲ မှာ အဖေ က မျက်စိ မှုန် တယ် ။ မျက်စိ မှုန်တော့ ည တို့ ၊ ဘာတို့ ဆိုရင် ဆိုက်ကား နင်းလို့ မရ
တော့ဘူး ။ တစ်နေ့ ကို အုံနာခ ပေးပြီး ကျန်ရုံလောက်ပဲ နင်းတော့တယ် ။ နေပူတဲ့ အချိန် နင်း ပြန်ရင်လည်း အဖေ က အသက် ကြီးတော့ သိပ် မနင်း နိုင်ဘူး ။ မိုးတွင်း ကျတော့လည်း မကြာခဏ အအေး မိလို့ မနင်း နိုင်ပြန် ဘူး ။ ပန်းနာရင်ကျပ် လည်း ရှိတော့ ဆေးဝါးခ တို့ ၊ ဘာတို့ ကလည်း ကုန် တယ် ။

ဒီတော့ သမီး ကလည်း ထွက် အလုပ် လုပ် ရတာပေါ့ ။ ဟုတ်ပါတယ် ။ သမီး အသက် ၁၅ နှစ် ပဲ ရှိ ပါသေးတယ် ။ မောင်လေး က ၁၂ နှစ် ၊ ညီမ လေးက ၁ဝ နှစ် ပါ ။ သူတို့ အတွက် ကျောင်းစရိတ် တို့ ၊ ဘာ တို့ လည်း ကုန်တယ် မဟုတ်လား ။ ဒီတော့ သမီး ကျောင်း ဆက် မနေနိုင်တော့ဘူး လေ ။ ခြောက်တန်း အောင် အပြီး ခုနစ်တန်း အရောက် မှာ ကျောင်း က ထွက် လိုက်တယ် ။ ကျောင်း မထွက်ခင် ကတည်း က အလုပ် လုပ်ခဲ့တာ ခု ကျောင်း ထွက် တော့လည်း အလုပ် လုပ် နေတုန်းပါပဲ ။ 

သမီး အလုပ်လား ။ သမီး က ဒီ အရွယ် မှာ ဘာအလုပ် လုပ်တတ် ဦးမှာလဲ ဦးလေး ရယ် ။ သမီး ဆယ်နှစ် သမီးလောက် ကတည်း က အလုပ် လုပ်ခဲ့ရတာ ။ ဆယ်နှစ်သမီး အရွယ် ဆိုတာ ဘာ အလုပ် လုပ် တတ်မှာလဲ ။ အိမ်ဖော် လုပ် ရင် လုပ် ၊ ဒါမှမဟုတ်ရင် အကြော်တို့ ၊ ဘာတို့ လည် ရောင်း ချင် ရောင်း ပေါ့  ။ ဒါပဲ ရှိတာပေါ့  ။ အိမ်ဖော် တော့ မလုပ်ချင်ဘူး ဦးလေး ရယ် ။

ဒီတော့ သမီး ဆယ်နှစ်သမီး အရွယ် လောက် တုန်း က အကြော် လျှောက်ပြီး ရောင်းတယ် ။ ဒါပေမဲ့ သိပ် မကိုက်ဘူး ဦးလေး ရဲ့ အကြော် က ရာရေ နဲ့ ရောင်း ရတာ ။ ကုန်ရင်တော့ မဆိုးပါဘူး ။ မကုန်ရင် ရှုံး တယ် ။ နောက်တော့ ရာရေ နဲ့ မယူတော့ဘူး ။ ကိုယ် နိုင် သလောက်ပဲ ယူ ရောင်းတယ် ။ တစ်ခု မှာ ဆယ်ပြားလောက် တော့ ကျန် ပါတယ် ။ 

မနက်ပိုင်း နဲ့ ညနေပိုင်း လှည့် ရောင်းလိုက်ရင် ကိုယ့် ဖို့ တစ်ဆယ် လောက် တော့ ကျန်ပါတယ် ။ ဒါပေမဲ့ အကြော် ရောင်းရတာ ပင်ပန်းတယ် ဦးလေး ရဲ့ ။ တစ်လမ်းဝင် ၊ တစ်လမ်းထွက် လျှောက် ရောင်းရတာ ဆိုတော့ ပင်ပန်းတယ် ။ ပင်ပန်းတယ် ဆိုတာ ခြေထောက် ညောင်းတာ တို့ ၊ ဘာတို့ က ဒီလောက် အကြောင်း မဟုတ်ပါဘူး ။ သမီး ဒီလောက်တော့ အပင်ပန်း ခံနိုင်ပါတယ် ။ အဆိုးဆုံး က တော့ ဆာ တာပဲ ။ လမ်း ချည်း ပဲ လျှောက် နေ ရတော့ သိပ် ဆာတာပဲ ။

ဒီတော့ ကိုယ် ရောင်းတဲ့ အကြော် ထဲက ချည်း နှိုက်နှိုက် စားနေ တော့ နေ့တွက်  သိပ် မကိုက်ဘူးပေါ့ ။ အိမ် မှာ လည်း ကောင်းကောင်း မစားရတော့ လမ်း မှာ ဈေးလျှောက် ရောင်းရင်း ဆာ လာရင် အကြော် ပဲ နှိုက် စား လိုက်တာပဲ ။ မှတ်မိသေးတယ် ဦးလေး ရယ် ။ တစ်ခါတော့ အိမ် က အကြော်ရောင်း ထွက် လာတယ် ။ အိမ် မှာ လည်း ထမင်းကြမ်းတို့ ၊ ဘာတို့ မကျန်ဘူး ။ ဘာ မှ မစားခဲ့ရဘူး ။ အကြော်ဖို ရောက် မှ အကြော် ကလေး တစ်ခု လောက် စားပြီး အကြော် ရောင်း ထွက် လာတယ် ။

တစ်လမ်း ဝင် ၊ တစ်လမ်း ထွက် တတောက်တောက် လျှောက် နေ ရတော့ ဆာ တာပေါ့ ဦးလေး ရယ် ။ ဒီတင် ဆာ တိုင်း အကြော် တွေ နှိုက် နှိုက် စားလာတာ အဲဒီနေ့ က အရင်းတောင် ပြန် မရပါဘူး ။ အိမ် ရောက် တော့ အမေ က ရိုက် လိုက်တာလေ ၊ ဘာပြော ကောင်းမလဲ ။

နောက်တော့ အကြော် မရောင်းဘဲ သမီး ပန်း ရောင်းပါတယ် ။ စံပယ်ပန်း ပေါ့ လေ ။ သမီး တို့ မြောက်ဥက္ကလာ မှာ စံပယ်ပန်းခြံတွေ အများ ကြီး ရှိတယ် ။ အဲဒီ ခြံတွေ က စံပယ် ကို ဆယ့်နှစ်ရာသီ လုံးလုံး ပွင့် အောင် စိုက် ကြတယ် ။ ညနေပိုင်း ဆိုင်ရင် စံပယ်ဖူးတွေ ကို သွား ခူးရတယ် ။ ခြံ တွေ က ပန်းဒိုင် ကို သွင်းတာလည်း ရှိတယ် ။ ပန်းဒိုင် ဆိုတာ က ရန်ကုန် တစ်မြို့လုံး မှာ ရှိတဲ့ စံပယ်ခြံ တွေ က စံပယ်ပန်း တွေ ကို လိုက် သိမ်း ဝယ်ပြီး သူတို့ က မှ တစ်ဆင့် ဈေးတွေ ကို လက်လီလက်ကား ဖြန့် တာပေါ့လေ ။

သမီး တို့ ကတော့ ပန်းဒိုင်ကြီးတွေ က တစ်ဆင့် ယူတာ မဟုတ်ပါဘူး ။ ခြံ က တိုက်ရိုက် ယူတာပါ ။ ဈေး က အပွင့် တစ်သောင်း ကို ခုနစ်ကျပ် ပါ ။ အပွင့် ဆို ပေမဲ့ ညဦးပိုင်း မှာတော့ သိပ် မပွင့်သေးဘူးပေါ့လေ ။ အဖူးကလေး တွေ ကို ခူး လာပြီး အိမ် ကျရင် ပိတ်စိမ်းပါးကလေး နဲ့အုပ် ၊ ရေ ဖျန်းထားရ ပါတယ် ။ အပွင့်ကလေးတွေ ပွင့် လာတော့မှ အပ်ချည်ကြိုး နဲ့ သီပါတယ် ။

ရောင်းတမ်း ဆို ရင်တော့ အပွင့်တစ်သောင်း ဆိုရင် စံပယ်ကုံး တစ်ရာ လောက် ရ တာပေါ့ ။ ကုံးရေ နဲ့ ရောင်းရင် နှစ်ဆယ်ဖိုး ၊ အစိတ်ဖိုး လောက် ရှိမှာပေါ့ ။ ဒီတော့ ဒီ ထဲ မှာ အပ်ချည်ကြိုးဖိုး ၊ လုပ်အားခ တို့ နုတ် လိုက်ရင် ကိုယ့် အတွက် တစ်ဆယ် လောက် ကျန် တာပေါ့ ။ လုပ်အားခ ဆိုတာ ကတော့ ထား ပါတော့လေ ။ တကယ်တော့ စံပယ်ကုံး သီ တဲ့ လုပ် အားခ ဆိုတာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရတာ မဟုတ်ပါဘူး ။

စံပယ်ကုံး တွေ ကို ည က သီ ထားပြီး မနက် အစောကြီး ကျတော့ သမီး ရန်ကုန် ထဲ ကို သွား ရောင်းပါတယ် ။ ခရီးစရိတ် ကတော့ ကုန်တာ ပေါ့လေ ။ အများအားဖြင့်တော့ ခရီးစရိတ် သက်သာအောင် မြို့ပတ်ရထား နဲ့ လိုက် ပါတယ် ။ မြို့ပတ် နဲ့ လိုက်ပြီး ဟံသာဝတီဘူတာ မှာ ဆင်း ပါတယ် ။ ဆင်းပြီး လှည်းတန်းဈေး ကို လာ ရောင်းပါတယ် ။

ရှင် ... ဈေး ထဲ မှာ ချ ရောင်းတာ မဟုတ်ပါဘူး ။ လှည်းတန်းဈေး ကို ဈေး လာ ဝယ်တဲ့ ကားတွေ မှာ လိုက် ရောင်းပါတယ် ။ တချို့ကလည်း အိမ် မှာ ဘုရား တင် ဖို့ ဝယ် ပါတယ် ။ တချို့ကလည်း မော်တော်ကား ရှေ့ မှန်ခန်း မှာ ချိတ် ဖို့ ဝယ်ကြပါတယ် ။ သမီး က တစ်နေ့ ကို အကုံး သုံးရာ လောက် ရောင်း ရပါတယ် ။ သိပ်တော့ မကျန်ပါဘူး ဦးလေး ရယ် ။ တစ် နေကုန် ရောင်းရတာ မဟုတ်လား ။ မနက်စာ ထမင်းဖိုး က ရှိသေးတယ် ။

ပြီးတော့ ဟိုပေး ဒီပေး ပေး ရတာက ရှိသေးတယ် ။ မနက်စာက တော့ အိမ် က ပဲပြုတ် နဲ့ ထမင်းကြော် တော့ စားခဲ့ပြီးပါပြီ ။ ဒါပေမဲ့ သိပ် ဆာတယ် ဦးလေး ရဲ့  ။ တလျှောက်လျှောက် လုပ်နေရတော့ ၁၀ နာရီ လောက် ဆိုရင် ဆာ လာပြီ ။ ဒီတော့ ထမင်းကြော် ဝယ် စားရတယ် ။ ထမင်း ကြော် ဆို တာကလည်း တစ်ပန်းကန် ကို ရှစ်ကျပ် လောက် ပေး ရတာ ။

တစ်ခါတလေ လည်း လှည်းတန်းဈေး မှာ တင် ကုန်ချင် ကုန် သွား တယ် ။ မနက်စောစော ဈေးဝယ် လာတဲ့ မော်တော်ကားတွေ စည်ချိန် မှာ ဆိုရင် လှည်းတန်းဈေး မှာ ရောင်း ပါတယ် ။ နေ မြင့်လို့ ကားတွေ တော်တော် ရှင်းသွားပြီ ဆိုတော့ လှည်းတန်းမီးပွိုင့် မှာ သွားပြီး ရောင်းပါတယ် ။ မီးပွိုင့် မှာ မော်တော်ကားတွေ ရပ်တယ် မဟုတ်လား ။ ဒီတုန်းမှာ ရောင်း ရတာပါ ။ အဲဒီမှာ မကုန်ရင် ဓာတ်ဆီဆိုင်တို့ ၊ မြေနီကုန်း လက်ဖက်ရည် ဆိုင်တွေ နဲ့ မြေနီကုန်းမီးပွိုင့် ကို သွား ရောင်းရပါတယ် ။ 

အမှန်ကတော့ မီးပွိုင့် မှာ မရောင်းရဘူး ဦးလေး ရဲ့  ။ ရောင်းရင် ယာဉ်ထိန်းရဲ က ဖမ်းတယ် ။ တချို့ ယာဉ်ထိန်းရဲကြီးတွေ ကျတော့လည်း သဘော ကောင်း ရှာပါတယ် ။ သမီးတို့ ကို ဘာမှ မလုပ်ပါဘူး ။ အသာပဲ ကြည့် နေလိုက်တာပါပဲ ။ တချို့ယာဉ်ထိန်းရဲ ကျတော့လည်း ... အမျိုးမျိုး ပေါ့ ဦးလေး ရယ် ။

နေရာတကာ မှာ လူကောင်း ရှိသလို လူဆိုး လည်း ရှိတာပေါ့  ။ တချို့ လက်ဖက်ရည်ဆိုင်တွေ ရှေ့ကျတော့ လည်း မိုက်ကြေး ခွဲတဲ့ လူတွေ ရှိသေးတယ် ဦးလေး ရဲ့  ။ သူတို့ကို နည်းနည်းပါးပါး ပေး ရတယ် ။ နို့မို့ ရင် ဆိုင် နား မှာ လာ မရောင်းရဘူး ။ ဒါက ဆိုင်တိုင်း မှာတော့ မဟုတ်ပါ ဘူး ။ တချို့ဆိုင်တွေ ကျမှပါ ။ သူတို့က လက်ဖက်ရည်ဆိုင် နဲ့ လည်း ဘာမှ မဆိုင်ဘူး ။ ယာဉ်ထိန်းရဲ တို့ ၊ ဘာတို့ လည်း မဟုတ်ဘူး ။ သက်သက်မဲ့ အနားတစ်ဝိုက် မှာ မိုက်ကြေး ခွဲနေတာ ။

မီးပွိုင့် မှာ စံပယ်ပန်း ရောင်းရတာ အန္တရာယ် တော့ များတယ် ဦး လေး ။ တစ်ခါတလေ မှာ ကား ကို မနည်း လွတ်အောင် ရှောင် ရတာတို့ ၊ ဘာတို့ ရှိတယ် ။ တချို့ကားတွေ ကျတော့လည်း မီးဝါ ပြ နေပေမဲ့ ဇွတ် မောင်း ချင် မောင်း သွားတာ ။ တချို့ကား ကလည်း တခြားကား ဘေး မှာ လူ တစ် ယောက် ရပ်နေတာ မှန်း သိလျက်နဲ့ အတင်း ကပ်ပြီး ထိုး ဝင်ချင် ဝင် လာတာ ။

တစ်ခါတုန်းက သမီး နဲ့ အတူ စံပယ်ကုံး ရောင်းတဲ့ မသန်းဌေး ဆိုတဲ့ ကောင်မလေး တစ်ယောက် မီးပွိုင့် မှာ စံပယ်ပန်းတွေ ကို ကားဘေး မှာ ကပ်ပြီး ရောင်း နေတယ် ။ ဒီတုန်းမှာ ကားကြီးတစ်စီး က အတင်း ဘေးနား မှာ လာရပ်လို့ ကောင်မလေး ကားညပ်မိပြီး အဲဒီနေရာမှာ ပဲ ပွဲချင်းပြီး သေသွားတယ် ဦးလေး ရယ် ။ အဲဒီတုန်းက သမီး က တစ်ဖက် ယာဉ်ကြော မှာ ရောင်း နေတာ ။ စိတ် မကောင်းလိုက်တာ ဦးလေး ရယ် ။ သွေးအိုင်ထဲ မှာ စံပယ်ကုံးကလေးတွေ ပြန့်ကျဲလို့  ။ သမီး စိတ် ထိခိုက်တာနဲ့ အဲဒီ မီးပွိုင့် ကို တစ်လ နှစ်လလောက် မသွားဘူး ။ မျက်စိ ထဲ မှာ သွေးစွန်းနေတဲ့ စံပယ်ပန်းကုံး နီနီကလေးတွေ ကိုပဲ မြင် နေတယ် ။ အိပ်မက် ထဲ မှာတောင် သွေးစွန်းတဲ့ စံပယ်ပန်းကုံး နီနီကလေးတွေကိုပဲ မြင်မြင်ပြီး ကယောင် ကတမ်း အော် နေမိတယ် ။

ဒါပေမဲ့ သမီး အဲဒီ မီးပွိုင့် ကို ကြာကြာ မသွားဘဲ မနေနိုင်ဘူးလေ ။ အဲဒီ နေရာက ကားလမ်းတွေ အများကြီး ဆုံ နေတော့ စံပယ်ကုံး ရောင်းလို့ သိပ် ကောင်းတာကိုး ။ အဲဒီ မီးပွိုင့် ကိုသာ ဦးဦးဖျားဖျား ရောက် သွားရင် တခြား ဘယ်နေရာ ကို မှ သွားစရာ မလိုတော့ဘူး ။ တစ်နေရာတည်း မှာ တင် ကုန်သွားတယ် ။ ဒါကြောင့် အဲဒီ မီးပွိုင့် ကို ကိုယ် က ဦးအောင် သွား ရတယ် ။

လက်ဖက်ရည်ဆိုင် နား မှာ ရောင်းတာ ကတော့ မော်တော်ကား အန္တရာယ် တို့ ၊ ဘာ တို့ ကို သိပ် မစိုးရိမ်ရပါဘူး ။ ဒါပေမဲ့ တချို့ ကားဆရာ တွေ က မကောင်းဘူး ဦးလေး ရဲ့  ။ ပန်း ဝယ်တော့ တစ်ကျပ်ဖိုး လောက် ဝယ်ပြီး ရိသဲ့သဲ့ ပြောတာတို့ ၊ ထိပ်ပုတ်ခေါင်းပုတ် လုပ်တာတို့ ရှိတယ် ။ ခက်တာက သူတို့ နဲ့ လိုက်လိုက်လျောလျော မနေပြန်ရင်လည်း တစ်မျိုး ။

တစ်ခါတလေ ကျတော့လည်း စိတ်ညစ်ရတယ် ဦးလေး ရေ ။ စံပယ် ပန်း က တော်တော် နဲ့ မကုန်နိုင်ဘူး ။ ဒီတော့ အရပ် ထဲ ကို လှည့် ရောင်းရ ပြန်ရော ။ အဲ ... အရပ် ထဲ လှည့် ရောင်းရပြီ ဆိုရင်တော့ ဖတ်ဖတ်မောပြီ လို့ သာ အောက်မေ့ပေတော့ ။ စံပယ်တွေ ရမယ် ၊ စံပယ်တွေ ရမယ် လို့ ပါးစပ် က အော် လိုက်ရတာလည်း အမော ။ လမ်း ချည်းပဲ လျှောက် နေရတော့ ဆာ လည်း ဆာတယ် ။ အဲဒီတော့ ဟိုဟာ ဝယ်စား ၊ သည်ဟာ ဝယ် စား နဲ့ ပိုက်ဆံ က အပို ကုန်ပြန်ရော ။

သမီး လား ၊ ကျောင်းတော့ မနေတော့ပါဘူး ဦးလေး ရယ် ။ စားရေး သောက်ရေး က ရှိနေတော့ ကျောင်း နေဖို့ စိတ် မကူးနိုင်တော့ပါဘူး ။ အဖေ က လည်း ကောင်းကောင်း မမာဘူး ။ အမေ က လည်း အဖေ့ ကို ပြုစုနေတာ နဲ့ ပဲ အချိန် ကုန်တာ မဟုတ်လား ။ ပြီးတော့ မောင်လေး နဲ့ ညီမလေး တို့ လည်း ကျောင်း ထား ရဦးမယ် ။

သမီး မှာ မျှော်မှန်းချက် ကြီးကြီးမားမား မရှိပါဘူး ။ မောင်လေး နဲ့ ညီမလေး ကို ကောင်းကောင်း ပညာ သင် ပေးနိုင်ရင် တော်ပါပြီ ။ အဲ ... တစ်ခုတော့ ရှိတာပေါ့ ဦးလေးရယ် ။ မြောက်ဥက္ကလာ မှာ ဖြစ်ဖြစ် စံပယ်ခြံ ကလေး တစ်ခြံ လောက်တော့ ပိုင် ချင်တယ် ။ သမီး သာ စံပယ်ခြံကလေး တစ်ခြံ လောက် ပိုင် ရင် စံပယ်တွေ ကို ဆယ့်နှစ်ရာသီ ပွင့် အောင် စိုက် မယ် ။ စံပယ်ခြံ အောင်ရင် ပန်းဒိုင်ကြီး တစ်ခု ဖွင့်မယ် ။ ပန်းဒိုင် က ကြည့် တော့သာ ဘာမှ မဟုတ်တာ ၊ ဝင်ငွေ တော်တော် ကောင်းတာ ဦးလေး ရဲ့ ။ ပြီးတော့ သမီးတို့ လို ကျောင်း မနေနိုင်တဲ့ ကလေးတွေ ကို စံပယ်ပန်း ရောင်းတဲ့ အလုပ် ပေးမယ် ။ အဲ ... တစ်ခုတော့ ရှိတယ် ။ မသန်းဌေး လက် ထဲ မှာ မြင် လိုက်ရတဲ့ သွေးစွန်း နေတဲ့ စံပယ်ပွင့် နီနီကလေးမျိုးတွေ ကို တော့ သမီး မမြင်ချင်ဘူး ။ ဖြူဖွေးပြီး မွှေး နေတဲ့ စံပယ်ပွင့်ကလေး တွေ ကို ပဲ မြင် ချင်တယ် ။

◾မြသန်းတင့်

📖 ကလျာ မဂ္ဂဇင်း
      မေ ၊ ၁၉၈၉

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment