Tuesday, September 27, 2022

နန်းကြိုးကလေး


 ❝  နန်းကြိုးကလေး  ❞


မုဆိုးမကြီး ဒေါ်မှုန် တွင် ရွှေစာ ဟု ခေါ်တွင်သော သမီးငယ်လေး တစ်ဦး ရှိ လေသည် ။ ရွှေစာ သည် ရက်ကန်းရက်ခြင်း ဖြင့် အသက်မွေး ဝမ်းကျောင်း ၏ ။ ရွှေစာ လေး အရွယ် ရောက် လာသော အခါ သူ့ ကို ကြိုက်နှစ်သက်၍ ပိုးပန်းကြသူ များပြားသော်လည်း မိခင် ဖြစ်သူ ဒေါ်မှုန် က သဘော မတူ၍ မပေးစားချေ ။


“ အမေ ... တစ်နေ့ က ကိုလှဘူးရယ်  ... လယ်ထွန် သွားခါနီး သမီး ကို မေတ္တာ မျှတယ် လို့ပြော သွားတယ်လေ .. ”


“ အောင်မယ် ... ဘာ လုပ်ရမှာလဲ ၊ လှဘူး က သွားခေါကြီး ပဲ ”


“ အော် ...  သူကြီးသား ကိုမြဟန် ကလည်း ဒီလိုပဲညတဲ့ ”


“ ဟယ် ... မြဟန် က မျက်ပြူးကြီးပဲ ဟဲ့ ”


“ အောင်မယ် ... အမေ ရေ့ ၊ ပန်းပဲဖို က ကိုသံခဲ က လည်း ... ဟဲ ဟဲ ”


“ ဟဲ့ .. သူက ထန်းရည်သမား ဟဲ့ ၊ တစ်နေ့ ကျရင် သံခဲ က သံချေး တွေ တက်လာမှာ ... ”


“ ပန်းရံသမားလေး ကိုမောင်အေး က ...  ”


“ အို - ဒီကောင် က ညီအစ်ကို မောင်နှမ များ လွန်းတယ် ။ ဆယ့်တစ်ယောက် တောင်ပဲ ”


“ ပန်းပု ဆရာကြီး ဦး‌ဒွေး ဆီမှာ အလုပ် လုပ်တဲ့ ...  ”


“ ငပုတက် လား ၊ တော်စမ်းပါအေ  ... သူ့ အရပ် က တစ်နေ့ တခြား ပု သွားတာ ၊ ကြာရင် မြေမျို သွားမှာတောင် ကြောက် ရသေးတယ် ”


“ အို - အမေ့ ဟာ က တစ်ယောက် လည်း မကောင်း ၊ တစ်ယောက် လည်း မကောင်းနဲ့ .. ”


“ အေးလေ .. ညည်းအကောင်တွေ က လည်း အလကားကောင် တွေဘဲ ...  ဟာ ... ”


“ ဒီလိုဆိုရင် သမီး ဒီ တစ်သက်မှာ အိမ်ထောင် ပြု ရပါအုံးမလား ”


“ အချိန်တန်တော့ နွားပိန် ကန်လိမ့်မပေါ့ ဟယ် ... ”


“ ဟင် ... နွားပိန်ကြီး တော့ မယူချင်ပေါင် ၊ ဒီ ဘဝ လင် မရရင် နေပါစေတော့ ၊ နွားပိန် တော့ ဘာလုပ်ဖို့လဲ ... ”


“ တယ် ... ဒီကောင်မ ၊ ငါ ဖနောင့် နဲ့ ပေါက် ရရင်လေ ၊ အသက် နံကြား ခို သွားရော့မယ် ၊ သွားစမ်း .. ”


ဤလိုနှင့်ပင် ရွှေစာ ၏ ရှေ့ရေးမှာ မရေမရာ ဖြစ်ခဲ့ရ၏ ။


သို့သော် ဒေါ်မှုန် ပြောသည့် အချိန်တန်လျှင် နွားပိန်ကန်လိမ့်မည် ဆိုသော စကား မှာ မဆိုးလှပါ ။ အချိန်တန်တော့ တကယ်ပင် နွားပိန် ကန် လာပါသည် ။


ထို နွားပိန် သည် ကား တစ်ရပ်တစ်ရွာ မှ ထင်းလှည်း ဖြင့် ထင်း လာ ရောင်းလေ့ ရှိသူ မောင်ဒိုး ပင် ဖြစ်တော့၏ ။ မောင်ဒိုး တွင် မိဘ ဆွေမျိုး ဟူ၍ မရှိတော့သော တစ်ကောင်ကြွက် ဖြစ်၏ ။ သူ့ ရွာ မှ ဘုန်းကြီးကျောင်း တွင် ကြီးပြင်း လာခဲ့ရပြီး ထင်းရောင်း သော အလုပ် ဖြင့် အသက်မွေးသူ ဖြစ် လေသည် ။


သူ့ ကျတော့ ဒေါ်မှုန် က မျက်စိ ကျ၏ ။


“ ဟင် ... အမေ့ လူ ရဲ့နာမည် ကလည်း ကိုဒိုးတဲ့ ”


“ ကိုဒိုးတဲ့ မဟုတ်ပါဘူး ၊ ကိုဒိုးပါ ... ”


“ အော်  ... ကိုဒိုးပါ တဲ့လား ”


“ ဟယ်  ... မဟုတ်ပါဘူး ၊ ကိုဒိုးတဲ့ ဒါလည်း မဟုတ်ပါဘူး ၊ ကိုဒိုး - အို လွဲ ပြန်ပြီကွယ် ၊ ကိုဒိုး  ... တော်ပြီ ဒါပဲ  ... ”


“ အဟီး  ... သူ့ နာမည် က ကိုဒိုးတော်ပြီဒါပဲ ဆိုတော့ တော်တော် ရှည် တာပဲ ”


“ မိရွှေစာ လျှာ မရှည်နဲ့ ၊ ငဒိုး ကို နင် ယူရမယ် ၊ ဒါပဲ .. ”


“ ဟင် - သူ့ အရပ်ကြီးက တစ်နေ့ တခြား ရှည် ရှည်လာတော့ ကြာရင် မိုး ကို ခေါင်း နဲ့ တိုက် မိတော့မှာပဲ ”


“ ဒါက သိကြားမင်း ပူ လိမ့်မယ် ၊ နင့် အလုပ် မဟုတ်ဖူး ”


“ ရုပ် ကလည်း မလှဘူး ”


“ နင် ကကော ဘယ်လောက်ချော လို့ တုန်း ဟဲ့ ၊ အိုး နဲ့ ဆန် တန်ရုံပေါ့ ”


“ အမေ က ဘာများ သဘောကျလို့တုန်း ... ”


“ သူ က ဘုန်းကြီးကျောင်း ထွက် ၊ ပညာ ရှိတယ် ၊ ဒါမှ နင့် ကို ကောင်းကောင်း ဆုံးမ နိုင်မှာ ၊ ညည်း ဟာ တစ်ဦးတည်းသော သမီး ၊ ဒါကြောင့် နွဲ့ဆိုး ဆိုး လွန်းလို့ ပညာ နည်းတယ် ”


ထို့ကြောင့် ရွှေစာ သည် မောင်ဒိုး နှင့် လက်ထပ်ထိမ်းမြားလိုက်ရလေသည် ။


အိမ်ထောင် ကျပြီး၍ များ မကြာမီပင် တစ်နေ့သော အခါ မောင်ဒိုး သည် ဇနီး ဖြစ်သူ ရွှေစာ အား ခေါ်၍ သူ ၏ လက်ဝဲ ဘက် လက်မောင်း က ပစ္စည်းလေး ကို ပြ၏ ။ ထို ပစ္စည်းလေးသည် ကား လက်ဝဲ လက်မောင်း တွင် ပတ်နှောင်ထား သော သံနန်းကြိုးကလေး ပင် ဖြစ်လေသည် ။


“ ဒါလေးနဲ့ ပတ်သက်လို့ နင် ဘာမှ မသိချင်နဲ့ ၊ ပြီးတော့ ဘယ်အခါ ဖြစ်ဖြစ် ဒီ ကြိုးလေး ကို မဖြတ်လိုက်နဲ့ နော် .. ”


“ ဒီ နန်းကြိုးကလေး ကို ဖြတ်လိုက်ရင် ဘာ ဖြစ်မလဲ ... ဟင် ”


ထိုအခါ မောင်ဒိုး သည် မျက်စိမျက်နှာ ပျက်သွားပြီး ..


“ အို  ... မမေးပါနဲ့ ၊ ဘာပဲ ဖြစ်ဖြစ် နင် ဒုက္ခ မရောက်ချင်ယင် ဒီ နန်းကြိုးလေး ကို ငါ မသိတုန်း ဖြတ် မပစ်ရဘူး ”


ထို့နောက် မောင်ဒိုး သည် တောသို့ ထင်းခွေရန် သွား လေ၏ ။


“ အမေ … အမေ ကိုဒိုး ရဲ့လက်ဝဲ လက်မောင်း မှာ နန်းကြိုးကလေး ပတ်ထားတယ် ။ ဘယ်လောက် ကြာပြီလဲ မသိဘူး  ...  ၊ အသားတွေ တောင် ချိုင့် ဝင်နေပြီ ”


“ ငါ မြင်သားပဲ ၊ ဒါ ဘာဖြစ်သလဲ ”


“ အဲဒါကို မဖြတ်ရဘူး တဲ့ ၊ ဖြတ်ရင်  ... သူ ဘယ်လို ဖြစ် သွားမလဲ မသိဘူး နော် .. သေများသေသွားမလား ”


“ ဟယ်  ... မဖြစ်နိုင်ပါဘူး ၊ လူ့အသက် ဆိုတာ လူ့ ကိုယ်ထဲ မှာပဲ ရှိ တော့မပေါ့ ၊ ဘာဖြစ်လို့ နန်းကြိုး ထဲ ရောက် နေမှာလဲ ”


“ သူ က ပြောသေးတယ် ၊ ဒါနဲ့ ပတ်သက်လို့ ဘာမှ မသိချင်ပါနဲ့တဲ့ ”


“ ဒါဖြင့်လည်း မသိချင်နဲ့ပေါ့ဟယ် ၊ သူ ပြောတာ ရှင်းသားပဲ ”


ဒေါ်မှုန် နှင့် ဆွေးနွေး၍ ဟန်မကျချေ ။ ဒေါ်မှုန် က ဤကိစ္စ ကို ခပ်အေးအေး ပဲ ပြော ပစ်လိုက်သည် ။


ရွှေစာ ကား  ... ထို အချိန် မှ စ၍ နန်းကြိုးကလေး အကြောင်း ကို စိတ်ဝင်စား နေတော့သည် ။ စားလည်း ထို နန်းကြိုးလေး ၊ အိပ်လည်း နန်းကြိုးကလေး ၊ အလုပ်လုပ်လည်း နန်းကြိုးကလေး  ...  ။


တစ်ခါတွင် ရက်ကန်း ရက်ရင်း အဖော် ဖြစ်သူ မဇံသီး ကို ပြောပြ၏ ။ ရွှေစာ ၏ စကား ကို ကြားသောအခါ မဇံသီး သည် မျက်လုံး ပြူးသွား၏ ။


 “ ဟဲ့ ... ရွှေစာ ၊ ညည်း ယောက်ျား က လူ စင်စစ် မှ ဟုတ်ရဲ့လား ဟဲ့ ”


“ ဟုတ်ပါတယ် ဟဲ့ ... ဇံသီး ရဲ့ ၊ သူ့ မှာ လည်း တို့ လိုပဲ ခေါင်း တစ်လုံး ၊ လက် နှစ်ဖက် ၊ ခြေထောက် နှစ်ဖက် ”


“ ဟယ်  ... ဒါ ပြောတာ မဟုတ်ဘူး ၊ ဘီလူးတွေ နဂါးတွေ လူ ယောင် ဆောင် ထားလားမှ မသိတာ ”


“ အို  ... ဇံသီး ရယ် ၊ ဘီလူးတွေ နဂါးတွေ က ဘုန်းကြီးကျောင်း မှာ ငယ်ငယ်ကလေး ထဲ က လာနေမယ် တဲ့ လား .. ”


“ ဒါက သူ ပြောတာ နင့်တို့ သိကြရတာပဲ ဟာ ၊ ဟုတ်ချင် မှဟုတ်မှာပေါ့ ”


“ ကဲ  ... ဘီလူး ဖြစ်ဖြစ် ၊ နဂါး ဖြစ်ဖြစ် ၊ ယက္ခဂုမ္ဘာဏ် ပဲဖြစ်ဖြစ် ဒီ နန်းကြိုးကလေး ကို ဘာလုပ်ဖို့ လက် မှာ ပတ် ထားရမှာလဲ အေ့ ”


“ မပြောတတ်ဖူး လေ ၊ ဒါလေးပြတ် သွားရင် သူ့ ဇာတိရုပ် ပြန် ပေါ် လာပြီး ဘီးလူး ဆိုလည်း ဘီလူး ပြန်ဖြစ် ၊ နဂါး ဆိုလည်း နဂါး ပြန်ဖြစ် သွားမလားမှ မသိဘဲ ၊ ကိုထောပတ် ကို မေးကြည့် ပါလား ၊ သူ က ဗေဒင်လေး ဘာလေး လည်း တတ်တယ် ”


ရွှေစာ သည် တွေဝေ သွားမိ၏ ။ ဤကိစ္စ ကို သူ့ မိခင် ဒေါ်မှုန် ကို ပြန် ၍ တိုင်ပင်၍ မဖြစ်ချေ ။ ဒေါ်မှုန် က နန်းကြိုးကလေး ကိစ္စ ကို မသိချင်ဘဲ နေ၍ ဖြတ်တောက်ခြင်း ကိစ္စ ကို လည်း စိတ် မဝင်စားချေ ။


ထို့ကြောင့်ပင် ရွှေစာ သည် ဇံသီး ကို အဖော် ပြု ၍ ကိုထောပတ် နှင့် သွားရောက် တွေ့ဆုံ လေသည် ။ ရွှေစာ တို့ ပြောသမျှ ကို သိ ရသောအခါ ကိုထောပတ် သည် စိတ်ပါဝင်စားစွာ ပြန်၍ ပြော၏ ။


“ ဟာ  ... သိပ် ဖြစ်နိုင်တာပေါ့ ၊ ဒီ လူ ဟာ နဂါး ရင်လည်း ဖြစ်ရမယ် ၊ ဘီလူး ရင်လည်း ဖြစ်ရမယ် ၊ ညည ကျ မအော်ဘူးလား ”


“ အော်တော့ မအော်ဘူး ၊ တစ်ခါ တစ်ခါ ဟောက်တယ် ”


“ အိပ်ပျော် နေရင်ကော ... . တွန့်လိမ် မသွားတတ်ဖူးလား ”


“ တစ်ခါတစ်ခါ တော့  ... အင်းလို့ သံရှည်ကြီး ဆွဲပြီး လက်ကြီး နှစ်ဖက် ကို အပေါ် ဆန့်ပြီး တွန့်လိမ် သွားတတ်တယ် ။ ဒါအညောင်း ဆန့်တာ မဟုတ်ဖူးလား ”


“ ဟုတ်ချင် ဟုတ်မှာ ပေါ့ ၊ ဘာပဲ ဖြစ်ဖြစ်လေ ... သူ့ ရုပ်လက္ခဏာ ကို ကြည့် ပြီး မှ ပြောလို့ ရမှာ ၊ ဒူးခေါင်း မှာအကြေးခွံတွေ လို သဏ္ဌာန် ပါ ရင် နဂါး ပဲ ။ မျက်လုံး ဒေါင့် မှာ သွေးနီရောင်ပို လျှမ်းရင် ဘီလူး ပဲ ။ ဒါဟာ လူတိုင်း က ကြည့်တတ်တာ မဟုတ်ဘူး ၊ငါ ကိုယ်တိုင် လာ ကြည့် မှ ရမှာ ”


ထို့နောက် များမကြာမီ မောင်ဒိုး  ထင်း တိုက်ရာ မှ ပြန်ရောက် လာမည့် ရက် သို့ ရောက်ခဲ့လေ၏ ။ ဝီရိယ ကောင်းသော ကိုထောပတ် သည် ထိုနေ့ နေလယ်စောင်း အချိန် လောက်တွင် ရွှေစာ တို့ ၏ အိမ် သို့ မယောင်မလည် နှင့် ရောက်ခဲ့၏ ။ ဝင်းခြံဝ မှ ယောင်ပေယောင်ပေ နှင့် ခြံ ထဲ သို့ ဝင် လာလေရာ သူ ၏ ယောင်ပေ ယောင်ပေ လုပ်မှုကြောင့် မောင်ဒိုး မွေး ထားသော အောင်နက် ခေါ် ခွေးကြီး သည် ပြေးလာ လေတော့၏ ။


“ ဟယ်  ... နင် ခွေးမသား စစ်စစ်ပဲ ၊ ထွက်  ... သွား ၊ သွားလဟာ ”


ကိုထောပတ် က လက်ကားယား ခြေကားယား နှင့် ခွေး ကို အတင်း မောင်း ထုတ်၏ ။ သူလွယ် ထားသော လွယ်အိတ်ကြီး ကလည်း သူ့ ကိုယ် လှုပ်ရမ်းသည် နှင့် အမျှ လွှဲလိုက် ရမ်းလိုက် ဖြစ်နေ လေရာ အောင်နက် မှာ ပို၍ မျက်စိနောက် လာ၏ ။


ထို့ကြောင့် “ ဝူး  ... ဝုတ်  ... ဝုတ် ” ဟု တစ်ချက် ဟောင် ကာ ကိုက်တော့မည် ကဲ့ သို့ ထိုး၍ ဝင်လာလေ၏ ။ ဤတွင် ကိုထောပတ် မှာ ဘာမျှ မတတ်နိုင်တော့ဘဲ နီးရာ မာလကာပင် ပေါ် တက် ပြေးရတော့သည် ။


မလကာပင် ကား သိပ် မြင့်လှသည် မဟုတ်ချေ ။ ထိပ်ဖျား မှာ လူ့ တစ်ရပ်ခွဲ စာ ရှိ၏ ။ ထို့ကြောင့် ကိုထောပတ် က သစ်ကိုင်း တစ်ကိုင်း ပေါ် ဆောင့်ကြောင့် ထိုင်လိုက် ရာ တွင် အကိုင်း မှာ အိ၍ ညွတ်ပဲ့ကြီး ဖြစ် သွား၏ ။ ထိုအခါ အောက် က အောင်နက် သည် “ လူ ကို မကိုက်ရလျှင် ကြုံရာ ကို ကိုက်မည် ” ဟူသော သဘောဖြင့် တွဲရရွဲ ကျပြီး လွှဲရမ်းနေသော လွယ်အိတ်ကြီး ကို ခုန်၍ ဟပ်တော့၏ ။


လွယ်အိတ် ၏ အောက်စွန်း တစ်ခု ကို စွဲစွဲမြဲမြဲ ဟပ်မိ လေရာ အောင်နက် မြေကြီး ပေါ် ပြန် ကျသော အခါ လွယ်အိတ် ကနေ ကိုင်၍ ဆွဲ လိုက်သကဲ့သို့ ဖြစ်သွား သဖြင့် မာလကာကိုင်းကြီး မှာ ထပ်၍ ညွတ်သွား၏ ။


ကိုထောပတ် မှာ ကြောက်ကြောက်လန့်လန့် နှင့် အပေါ် က အကိုင်း ကို လက် နှက်ဖက် ဖြင့်ဆုပ်ကိုင်ကာ မတ်တပ် ရပ်ရန်ကြိုးစား ပြီး အတင်း ထ ၏ ။ သူ က အတင်း ရပ် သဖြင့် လွယ်အိတ်ကြီး ပါ မြင့်တက်လာလေရာ မလွှတ်တမ်း ကိုက်ထားသော အောင်နက် မှာ ယက်ကန်ယက်ကန် နှင့် မြေကြီး ပေါ် မှ ကြွ၍ တန်းလန်းကြီး ပါလာသည် ။


သို့သော် အောင်နက် ၏ အလေးချိန် ကြောင့် ကိုထောပတ် နင်း ထားသော မာလကာ ကိုင်း မှာ ပို၍ အိပြီး အောင်နက် ၏ ခြေထောက်များ မြေ နှင့် ပြန် ထိသွား၏ ။ လက် နှစ်ဖက် က မူ လေ ထဲ တွင် တန်းလန်း ဖြစ်လျက် ပါးစပ် က ကိုက် ထားသေး၏ ။


တစ်ဖန် ကိုထောပတ် က မတ်တပ် ရပ်ရန် ကြိုစား ပြန်သည် ။ ဤသို့ဖြင့် အောင်နက် မှာ လည်း မြေကြီး ပေါ် က စွေ့ခနဲမြောက်တက် သွားလိုက် ၊ တစ်ဖန် ပြန်၍ ခြေ ထောက်မိလိုက်နှင့် ဖြစ်နေစဉ် အိပဲ့ အိပဲ့ ဖြစ်နေသော မာလကာကိုင်း မှာ အရင်းနား က ဂျွတ်ခနဲ မြည်၍ ကျိုးကျလေတော့၏ ။


ကိုထောပတ် မှာလည်း မြေကြီးပေါ် သို့ ဖုတ်ခနဲ ပြုတ်ကျလေရာ ၊ ဖုန်များ မှာ ထောင်းခနဲ ထသွားသဖြင့် အောင်နက် သည် လန့် ၍ လွယ်အိတ် ကို လွှတ် လိုက်သည် ။ ပြီးတော့ နောက်သို့ အတင်း ဆုတ်ပြေး၏ ။


တစ်ကိုယ်လုံး ဖုံတွေ ပေနေသော ကိုထောပတ် သည် သူလဲကျနေစဉ် အောင်နက် က ဝင်ဆွဲမည် ကြောက် ၍ ကပျာကယာ မုဆိုး ထိုင် ထိုင် လိုက်သည် ။ သူ့ ရုပ် နှင့် လုပ်ပုံ ကို မြင်သော် အောင်နက် မှာ ပို၍ အလန့်တကြား ဖြစ်သွားကာ အတင်း ဟောင်လေတော့သည် ။ သို့သော် အနားသို့ ချဉ်းကပ်ခြင်းတော့ မပြုချေ ။


ခွေး ဟောင်သံ ကြား၍ ဒေါ်မှုန် ထွက် လာပြီး အောင်နက် ကို မောင်းနှင် ထုတ်လိုက်မှ ကိုထောပတ် မှာ စိတ်အေး သွားပြီး မတ်တပ် ထ လိုက်၏ ။ ထိုအခိုက်တွင် မောင်ဒိုး လည်း ရောက် လာလေတော့သည် ။


“ ကိုဒိုး ဆိုတာ ခင်ဗျား လား ”


“ ဟုတ်ပါတယ် ”


“ ခင်ဗျား ဟာ ကျွန်တော့်ကျေးဇူးရှ င်ပဲ ၊ ဒီတော့ ကျေးဇူး ဆပ်ရ မယ် ”


“ ကျွန်တော် က ဘာ ကျေးဇူးတွေများ ခင်ဗျား ကို ပြုထားဖူးလို့လဲ ”


“ ခွေး ရန် က ကယ်တာလေ ...  ။ ခင်ဗျားသာ ခွေး ကို မောင်း မထုတ်လိုက်ရင် ကျွန်တော့်အသက် သေချင် သေသွားနိုင်တယ် ”


ထိုအခါ  ... ဒေါ်မှုန် က ဝင် ၍ ပြော၏ ။


“ ဟဲ့  ... ခွေး မောင်းထုတ်တာက ငါ ပါလကွဲ့ ”


“ ဟင်  ... ဟုတ်လား ၊ ဒါပေမယ့် ကျွန်တော် ကတော့ ဒီက ကိုဒိုး ကို ကျေးဇူး ဆပ်ရမှာပဲလေ  ...  ၊ သူ က ဒီ အိမ် မှာ ဦးစီးဦးဆောင် ပြုနေတာကိုး ”


“ ကျွန်တော့် ကို ဘယ်လိုကျေးဇူး ဆပ်မှာလဲ ”


“ ကျုပ် က ဗေဒင်ဆရာလေ ”


“ ဗေဒင်ဆရာ က လည်း ညစ်ပတ် လှချည်လား ၊ ကျွန်တော် က အရူး မှတ်လို့ ”


“ အို  ... ဒါက ခွေး ရန်ကြောင့် မာလကာပင် ပေါ် တက်ပြေးတာ မာလကာကိုင်း ကျိုး ကျလို့ပါ ၊ ကျုပ် ကျေးဇူး ဆပ်မှာ က ခင်ဗျား ကို ဗေဒင် အလကား ဟော ပေးမယ် ….”


“ ဟာ  ... ကျွန်တော် ဝါသနာ မပါဘူး .. ”


မောင်ဒိုး က အိမ်ထဲ သို့ ဝင်သွားလေ၏ ။ ကိုထောပတ် က ဇွတ်ပင် 


“ ဝါသနာ မပါပေမယ့် ကျွန်တော် ကတော့ အတင်း ဟောရမှာပဲ ”


ဟု ပြော၍ နောက် က လိုက်ဝင်လာလေသည် ။


အိမ် ထဲ သို့ ရောက်သော အခါ မောင်ဒိုး သည် မောမော နှင့် ဖျာ ပေါ်တွင် လဲလျောင်းနေလေသည် ။ ကိုထောပတ် ကား မျက်နှာချို သွေး ကာ မောင်ဒိုး ၏ အနား သို့ လာရောက်ထိုင်၏ ။


ခဏကြာအောင် တော့ သူ စောင့်ပါသေးသည် ။ သို့သော် ဤသို့ ထိုင် စောင့်နေ၍တော့ မောင်ဒိုး ၏ ဒူးခေါင်း ကို မြင်ရမည် မဟုတ် ဟု တွေးမိသည် ။


“ ကိုဒိုး - လာဗျာ ၊ ခြင်း ခတ်ရအောင် ... ”


“ ကျွန်တော် ... မခတ်ချင်ဘူး ၊ အမော ဖြေနေတယ် ”


“ ခါးတောင်းကျိုက်ပါဗျ  ... ”


“ အော် - မခတ်ချင်ပါဘူး ဆိုနေ ”


“ အို ... ဘာပဲဖြစ်ဖြစ်လေ ”


ကိုထောပတ် သည် ပြောပြောဆိုဆို နှင့် မောင်ဒိုး ၏ လုံချည်စ ကို အတင်း ဆွဲ၍ လှန်ရာ အေးအေးလူလူ နေ နေသော မောင်ဒိုး မှာ မအေးလူ နိုင်တော့ဘဲ ထိုးထိုးထွန့်ထွန့် ဖြစ်သွားရပြီး ရုန်းရင်း ကန်ရင်း နှင့် လုံချည် စ ကို ဆွဲ၍ ဖိရလေ၏ ။


“ ဟ  ... ဘယ်လိုတုန်းဗျ ၊ ဘာကြောင့် ပုဆိုး ဆွဲ လှန်ရတာလဲ ၊ ကျုပ် ဒေါသ ဖြစ်လာလိမ့်မယ်နော် ၊ ဟေ့လူ  ... ဘာလဲဗျ ”


ဆွဲရင်းလှန်ရင်း ကန်ရင်း နှင့် ပင် ကိုထောပတ် သည် မောင်ဒိုး ၏ ဒူးခေါင်း ကို မြင်သွားလေ၏ ။


သို့သော် သူလို ငါလို ဒူးခေါင်း ပင် ဖြစ်သည် ။


“ အော်  ... ခင်ဗျား မှာလည်း ဒူးခေါင်း နဲ့ ပဲ ကိုး .. ”


“ ဒူးခေါင်း နဲ့ ပေါ့ ဗျ ၊ ဒူးခေါင်း မရှိရင် ကျွန်တော့် ခြေထောက် ကို ဘယ်လို လုပ်ပြီး ကွေး လို့ ရမှာလဲ ၊ ခင်ဗျား စိတ် မှ ကောင်းရဲ့လား ”


“ ဟဲဟဲ  ... ပြီးတော့ မျက်လုံး ”


“ ဘာဗျ ... ”


“ အော်  ... ခင်ဗျား ဟာ မျက်လုံးမျက်ခုံး တော်တော် လှတယ်လို့ ပြောတာပါ  ... ”


“ ကျွန်တော် မြှောက်ပင့် ပြောတာ မကြိုက်ပါဘူး .. ”


မောင်ဒိုး သည် မျက်လုံးများ ကိုပြန် ပိတ်၍ မှိန်း နေပြန်၏ ။ ကိုထောပတ် သည် ခဏတော့ စောင့် သေး၏ ။ သို့သော် ဤသို့ထိုင် စောင့် နေခြင်းဖြင့် အကျိုး မထူး ။ ဒူးခေါင်း တုန်းက လိုပင် အတင်း လုပ် မှ ရတော့မည် ဟု ကြံမိသည် ။


“ အောင်မယ်  ... အပေါ် က ထုတ် မှာ တောက်တဲ့ကြီး ပါလား ”


“ အော်သံ မကြားပါဘူး ဗျာ ”


“ အလို - ဟို ပင့်ကူ က ရွှေရောင်လေးပါလား  ... ”


“ နေရောင်နေပြောက် ကြောင့် ခင်ဗျား မျက်စိ မှားတာပါ ”


မောင်ဒိုး က မျက်လုံးများ ကို မဖွင့်ဘဲ စိတ်ကူး ဖြင့် ပြန် ပြောနေသည် ။


“ ကဲကွာ - ကဲကွာ  ... ”


ကိုထောပတ် သည် မစောင့်နိုင်တော့ဘဲ မောင်ဒိုး ၏ မျက်လုံး များ ကို အတင်း ဖြဲ ကြည့်လေတော့ရာ စောစောက လိုပင် မောင်ဒိုး မှာ ရုန်းရကန်ရ ပြန်လေ၏ ။


“ ဟေ့လူ - ဘာလဲဗျ ၊ သွား ...”


မောင်ဒိုး ၏ မျက်စိများ ကို ကိုထောပတ် မြင်သွားပါပြီ ၊ သို့သော် ဘာမျှ မထူးခြားချေ ။


“ အော် .. ခင်ဗျား ကလည်း မျက်စိတွေ နဲ့ ပဲကိုး ”


“ ဘာလဲဗျ - မျက်စိ မပါရအောင် ကျုပ် က အကန်းလား ဗျ ၊ အကန်း ဆို ဘယ့်နှယ် ထင်းတိုက် နိုင်မှာလဲ ၊  သွားဗျာ - သွား ”


ထိုအခိုက် တွင် မလှမ်းမကမ်း မှထိုင်၍ အကဲခတ် နေသော ဒေါ်မှုန် သည် မနေနိုင်တော့ဘဲ ထလာလေတော့၏ ။


“ ဟဲ့ - ဗေဒင် ဆရာ ၊ အခု ပြန်ချင် ပြန် ၊ မပြန်ရင် မောင်ရင့် ကို ကျုပ် ခုံဖိနပ် နဲ့ လာဘ် တင်မိလိမ့်မယ်  ... ”


“ အော် ဟုတ်ကဲ့ ၊ ဒီလိုဆိုတော့လဲ ပြန်ရမှာပေါ့ .. ”


“ ဘယ့်နှယ်တော် ၊ ကျေးဇူး ဆပ်မယ် ဆိုလို့ ဘယ်လို ဆပ်မလဲမှတ်တယ် ။ ပုဆိုး ဆွဲ လှန်လား လှန်ရဲ့ ၊ မျက်လုံး တွေ နှိုက်လားနှိုက်ရဲ့ ၊ ဒူးခေါင်း နဲ့ ၊ မျက်လုံး နဲ့ ၊ ဗေဒင် နဲ့ ဘာ ဆိုင်သလဲ ၊ ကျေးဇူး ဆပ်တာ နဲ့ ပိုပြီး ဘာ ဆိုင်လဲ ၊ တယ်လေ - ပြောရင်း က ရိုက်ချင် လာပြီ .. ”


ကိုထောပတ် ခပ်သုတ်သုတ် ထွက် သွား၍ ဒေါ်မှုန် ၏ လက်ကို မတွေ့ လိုက်ရတော့ချေ ။ ရွှေစာ ပြန် ရောက်လာသော အခါ ဒေါ် မှုန် ပြောပြ၍ အကြောင်း စုံ သိ ရသော်လည်း သူ့ အနေဖြင့် ဘာမျှ ပြန် မပြောဘဲ နေလိုက်သည် ။


နောက်များ မကြာမီ ရွှေစာ နှင့် မဇံသီး တို့ စကား စပ်မိ ပြန်လေသည် ။


“ ဟဲ့ရွှေစာ - အရှေ့ပိုင်း က ဘုန်းကြီးကျောင်း မှာသိုက်ဆရာကြီး တစ်ယောက် ရောက် နေတယ်တဲ့ တော့ ”


“ အဲဒါ ငါ နဲ့ ဘာ ဆိုင်သတုန်း ဇံသီး ရဲ့ ”


“ အော်  ... ညည်း ယောက်ျား အကြောင်း ပြော ကြည့်ပေါ့ ၊ သူ က သိုက် ထဲ က လာသလား မှ မသိတာ ၊ ဒါကြောင့် ဒီ နန်းကြိုးကလေး ကို ဖြတ် လိုက်ရင် သူ ဟာ သိုက် ထဲ ကို ပြန် သွားရမယ် ထင်တယ်  ... ”


မဇံသီး ပြောသော စကားများ ထဲ တွင် စိုးရိမ်မကင်းစရာတွေ ပါဝင် နေသည် ။ တွေးရင်း တွေးရင်းပင် ထို သိုက်ဆရာကြီး သည် တန်ခိုးတွေ အပြည့်အဝ နှင့် သူ နှင့် သူ့ယောက်ျား ၏ ဘေးဒုက္ခ ကို ကယ်တင်နိုင်သော သူ ကြီး ပမာ ထင်မြင်လာသည် ။


ဤသို့ဖြင့် ရွှေစာ သည် မဇံသီး နှင့် အတူ သိုက်ဆရာကြီး ဆရာပွန်း ၏ ရှေ့မှောက် တွင် ရောက် နေကြရလေ၏ ။


“ အဲ ... နင်တို့ ပြောတဲ့ အတိုင်း ဆိုရင် သေချာပါပြီလေ ၊ ဒီ သူငယ် ဟာ သိုက် ထဲ က လာတဲ့ ဥစ္စာစောင့် ဝင်စားတဲ့ လူ ပဲ ၊ ငါ နဲ့ အချိန်မီ တွေ့  လို့ သာပေါ့ ။ မတွေ့များ မတွေ့ ရင်တော့လား ဒုက္ခပဲ  ... ဒုက္ခပဲ ၊ ကောင်းပြီလေ ငါ က နင့် ယောက်ျား ကို မြင်ဖူးအောင် ကြည့် ထားမယ် ၊ ကျန်တာ ငါ့ တာဝန်သာ ထားပေတော့ ”


ရွှေစာ တို့ လည်း ပြန် လာခဲ့ကြလေ၏ ။ သိုက်ဆရာကြီးဆရာပွန်း သည် မောင်ဒိုး မသိအောင် တိတ်တဆိတ် ကြည့် ထား၏ ။


ရက်များ မကြာမီ မောင်ဒိုး သည် ထင်း တိုက်ရန် လှည်းကလေး နှင့် ရွာ ထဲမှ ထွက် လာခဲ့လေ၏ ။ တောစပ် သို့ အရောက် တွင် ပင် သိုက်ဆရာကြီး နှင့် တပည့် နှစ်ယောက် တို့ သည် မောင်ဒိုး ကို ဝိုင်းဖမ်းကြ လေ၏ ။


မောင်ဒိုး သည် ဘုမသိ ၊ ဘမသိနှင့် အဖမ်း ခံရသဖြင့် အတင်း ရုန်းကန်ပါသော်လည်း သုံးယောက် နှင့် တစ်ယောက် ဖြစ်သဖြင့် အဖမ်း ခံ ရတော့သည် ။ ဆရာပွန်း တို့ လူသိုက် သည် တောထဲ ရှိ တစ်နေရာ တွင် ရှိသော သစ်ပင်ကြီး ၌ မောင်ဒိုး ကို ကြိုးများဖြင့် ချည်နှောင်ကြ လေတော့၏ ။


ထို့နောက် ဆရာပွန်း သည် မောင်ဒိုး ၏ လက်တစ်ဖက် ကို သူ့ ဆေးကြိမ်လုံး နှင့် ထိုး ပြ၏ ။


“ ဟေ့ကောင် ၊ မှန်မှန် ပြော ၊ ဒါ ဘာလဲ .. ”


“ ဒါ ... နန်းကြိုးကလေး ပေါ့ ”


“ မင်း မှန်မှန် မပြောဘူးလား ”


“ မှန်မှန် ပြောတာပဲဗျ ၊ ဒါ နန်းကြိုးကလေး ပဲ ၊ ဘာလဲ  ... ခင်ဗျ က ဒါကို ပိုက်ဆံကြိုး မှတ်နေလို့လား ”


“ တယ်  ... ငါ ရိုက်လိုက်ရ ၊ ပြောစမ်း  ... မင်း ဟာ ဥစ္စာစောင့် မဟုတ်ဖူးလား ”


“ မဟုတ်ဘူး ”


“ ကဲ  ... လိမ်အုံးကွာ ၊ လိမ်အုံးကွာ ”


ဆရာပွန်း က လက် ထဲ က ကြိမ်လုံးကြီး နှင့် လွှဲ၍ လွှဲ၍ နှစ်ချက် သုံးချက် ခန့် ရိုက် လေ၏ ။


“ ဟေ့လူကြီး  ... နာတယ် ဗျ ၊ဘာဖြစ်လို့ ကျုပ် ကို ရိုက် နေရတာလဲ ”


“ မင်း မှန်မှန် မပြောလို့ ရိုက်တာကွ .. ”


“ ကျုပ် ပြောတာတွေ ဟာ အမှန်ကြီးပဲ  ... ”


“ ဘာ မှန်ရမှာလဲ ၊ မင်း ဟာ ဥစ္စာစောင့် မဟုတ်ဘူးလား ”


“ မဟုတ်ဘူး ”


“ ကဲ  ... မဟုတ်အုံးနဲ့ကွာ  ... မဟုတ်အုံးနဲ့ကွာ  ...  ”


“ အို ... ဘယ်လိုလဲဗျ ၊ သောက်ရမ်းပဲ ရိုက် နေရသလား ၊ ခင်ဗျာ ဟာ ကျုပ် ရဲ့ အဖေ လည်းမဟုတ် ၊ ဆရာ လည်း မဟုတ်ဘဲနဲ့ ၊ ဘာလို့ နင်းကန် ရိုက် နေရတာလဲ ။ သတ္တိ ရှိရင် ကျုပ် ကို ကြိုး ဖြေပေးလေ ကောင်းကောင်းကြီး ခင်ဗျား ကို နားရင်း ရိုက် ပစ်လိုက်မယ် .. ”


“ မင်း စကားတွေ တော့ အများကြီး ပြောတတ်သလားကွ ၊ ငါဘမေးတာတော့ မဖြေဘူးလား ၊ မဖြေမချင်း မင်း ကို ငါ ရိုက် နေရမှာဘဲ ၊ ရိုက် ရမှာက ငါ့ တာဝန် ၊ ဖြေ ရမှာက မင်း ရဲ့ တာဝန် ပဲ  ... ကဲလေ  ”


မောင်ဒိုး သည် ဆရာပွန်း ၏ စကားများ ကို တွေ ပြီး နားထောင် လေ၏ ။ သူ့ စိတ်ထဲတွင် ဘာ လုပ်ရ ကောင်းမည်လဲဟု အကြံ ယူနေသည် ။ မောင်ဒိုး ငြိမ်၍ တွေဝေ စဉ်းစားနေသည် ကို မြင်သော် ဆရာပွန်း က မောင်ဒိုး သည် ဝန်ခံ ၍ မိမိ ၏အလို သို့ လိုက်တော့မည် ဟု ထင်၍ ဝမ်းသာ လာ၏ ။


“ ပြောစမ်း ငါ့ လူ ရယ် ၊ ဘာဖြစ်လို့ အသား ကို အနာ ခံချင်ရတာလဲ ဒါဟာ ရိုးရိုး ကြိမ်လုံးမဟုတ်ဖူးကွ ၊ ဆေးကြိမ်လုံး ပဲ ”


“ အော် ... ခင်ဗျားတို့ က ဆေး သုတ်ရင် ကြိမ်လုံး နဲ့ သုတ်သလား ”


"ဟဲဟဲ ... မင်း က ရယ်စရာ ပြောတာကိုး ၊ ကဲပါကွာ - ငါ မေး တာ ဖြေမယ် မဟုတ်လား  ... ဟင် ”


“ ဖြေမယ်  ... ခင်ဗျား က ဘယ်သူလဲ .. ”


“ ဆရာပွန်း ဆိုတာပေါ့ကွ ”


“ ဘာ လုပ်စားတုန်း ”


“ ဥစ္စာသိုက် တူး တဲ့  ... သိုက်ဆရာလေ ကွ ”


“ ခင်ဗျား မှာ မိန်းမတွေ ၊ သားသမီးတွေ မရှိဘူးလား ”


“ မရှိဘူးကွ ၊ ငါ က ပညာ နောက် ပဲ လိုက်နေတာ ”


“ သိုက် ကို ရှာလို့ မတွေ့ ရင် ခင်ဗျား ဘယ်လိုလုပ် ထမင်းရှာစား       ”


“ ဒါကတော့ ငါ့ တပည့်တွေ က ကျွေးတာပေါ့ ၊ အောင်မယ်  ... ခွေးမသား  ... နင် က ညာတာပါတေး နဲ့ ငါ့ ကို ချည်းမေးနေတာကိုး ငါ က မေးရမှာကွ ”


“ မေးပါလေ ၊ ဒါထက် ခင်ဗျား အသက်  ... ဘယ်လောက် ရှိပြီလဲ ”


“ ငါးဆယ့်ကိုးနှစ် - တယ် ... တော်ပြီ ”


“ တော်ရင်လည်း ကျုပ် ကို ကြိုးဖြည် လွှတ်လေ ”


“ အောင်မယ် .. ဘာရမလဲ ၊ နင် တော်တော် လူလည် ကျတဲ့ ကောင် ၊ ကိုင်းပါ ငါ မေးတာ ဖြေလဟဲ့  ... ”


“ ဒါဖြင့်လဲ မေးလဟဲ့ ”


“ မင်း ဟာ ဥစ္စာစောင့် မဟုတ်ဖူးလား ”


“ ဟုတ်တယ် ”


မောင်ဒိုး က ဤသို့ ဖြေလိုက်ရာ ဆရာပွန်း သည် ကျေနပ် သွား သလို လက်ဝါးကြီး နှစ်ဖက် ကို အားရပါးရ ပွတ်လိုက်လေ၏ ။ ထိုအခါ ကြိမ်လုံးကြီး လွတ်ကျသွားသဖြင့် ကပျာကယာ ပြန်ကောက် လိုက်ရာ မှည့်ပျော် နေသော ရဲယိုသီး ကို ချော်၍ ကိုင်မိလေ၏ ။ ထိုအခါ ကျန်သော လက်တစ်ဖက် ဖြင့် ကြိမ်လုံး ကိုကောက် လိုက်ပြီး ရဲယိုသီး ကိုင်မိသော လက် ကို နမ်းကြည့် သည် ။ နံ သဖြင့် မျက်နှာကြီး ရှုံ့သွား၏ ။


“ တယ် နံပါလား ”


“ နံ မှာပေါ့ - သစ်သီးပုပ်ကြီး ကိုး ”


“ ဟေ့  ... ဒါက မင်း ကို ငါ မေးတာ မဟုတ်သေးဘူး ၊ ကဲ - မေးခွန်း ဆက် မေးမယ် ၊ မင်း ဟာ ဥစ္စာစောင့်နော် .. ”


“ ဟုတ်တယ် ”


“ ဟာ  ... ကောင်းပါပြီ ၊ မင်း ရဲ့ သိုက်နန်း ကို ငါတို့ ကို လိုက်ပြမလား ”


မောင်ဒိုး က ခေါင်း ကို ညိတ်ပြ၏ ။ သို့ဖြစ်လေရာ ဆရာပွန်း နှင့် တပည့် နှစ်ယောက် သည် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး လျှင် မောင်ဒိုး ကို ကြိုး ဖြည် ပေး ၍ သိုက်နန်းဆီ သို့ ခေါ်သွား စေ၏ ။


မောင်ဒိုး သည် ထင်းခုတ်သမားပီပီ ဤတောကြီး ၏ အကြောင်း ကို ကောင်းစွာ သိသူ ဖြစ်လေရာ ဆရာပွန်း တို့ ကို တစ်နေရာ သို့ ခေါ် သွားလေ၏ ။ ထိုနေရာ မှ လူ တစ်ရပ်စာ လောက် နက် သည့် တွင်းကြီး ဖြစ်၏ ။ တွင်းဝ မှာ ငါးပေခန့်ကျယ်ဝန်းသည် ၊ ထိုတွင်း ဝ မှနေ၍ ငုံ့ ကြည့် လျှင် အောက်တွင် မဲမှောင် နေ၍ ဘာကိုမျှ မမြင်ရ ။ စင်စစ် သော်ကား အောက် တွင် ရေ သည် ခါးလောက် ရှိ၍ သစ်ရွက်ဆွေး ၊ သစ်ရွက်ပုပ် ၊ သစ်သီးပုပ် ၊ တိရစ္ဆာန်အသေကောင်ပုပ် များ ရှိသည် ။


မောင်ဒိုး သည် တွင်းဝ နား သို့ ရောက်သော အခါ တွင်း ထဲ သို့ တစ်ချက် ငုံ့ ကြည့် လိုက်ပြီးလျှင် လက်ညှိုး နှင့် တွင်း ထဲ သို့ တငေါက်ငေါက် ထိုး လိုက်၏ ။


ထိုအခါတွင် သိုက်တွင်း မှ ပစ္စည်းများ ကို လိုချင်သည့်လောဘဇော တက်လျက် ရှိသော ဆရာပွန်း နှင့် တပည့် နှစ်ယောက် တို့ သည် လည်း တွင်း ၏ နှုတ်ခမ်းဝ သို့ လာရောက် ၍ ရပ်ကာ ဘာမသိ ညာမသိ နှင့် တွင်း ထဲ သို့ ငုံ့ ကြည့်မိကြလေ တော့သည် ။


ထိုအခါ တွင် မှ မောင်ဒိုး သည် နှုတ် မှ 


“ ကဲ ... ငမိုက်သားတွေ သွားကြရော့ကွာ  ... သွားကြရော့ကွာ ” 


ဟု ပြောပြောဆိုဆို နှင့် သုံးယောက် သား ကို တစ်ယောက် ပြီး တစ်ယောက် ဖင် ကို ကန်၍ ချ လိုက်လေရာ ဆရာပွန်း နှင့် တပည့် နှစ်ယောက် တို့ မှာ “ အား .. အား ” ဟု အော်၍ ခြေကားယား လက်ကားယား နှင့် တွင်း ထဲ သို့ ဂျွမ်းပျံ ကျ ကုန်ကြလေတော့သည် ။


မောင်ဒိုး သည် ပြုံးရယ်ရွှင်ပျစွာ နှင့် အိမ် သို့ ပြန် လာခဲ့ပြီး တစ်ရေးတမော အိပ် နေလေ တော့၏ ။


တွင်း ထဲ က ဆရာပွန်း နှင့်တပည့် နှစ်ယောက် သည် ပထမ တော့ ရေ အနက်ကြီး ဟု ထင်မှတ်၍ တဗွမ်းဗွမ်း နှင့် ကူးသေး၏ ။ သူတို့ ကူး သည့် တွင်း မှ အပုပ်နံ့ မှာ ပို၍ ပို၍ပင်ထောင်းခနဲ ထောင်းခနဲ ထ လာသဖြင့် သူတို့ ၏ မျက်နှာကြီးများမှာ ကြည့်မကောင်း ရှုမကောင်း အောင် ပင် ရှုံ့ မဲ့ နေကြလေသည် ။ ပြီးမှ ရေ သည် ခါးလောက် သာ နက်မှန်း သိသွားကြ၍ မတ်တပ် ရပ်လိုက်ကြသည် ။ တောနက်ကြီး ထဲ မှ တွင်းထဲ ရှိ ရေသည် အလွန်တရာ မှ အေးမြလှသည် ဖြစ်၍ ခဏမျှ စိမ်လိုက်ရုံကလေး ဖြင့် တခိုက်ခိုက် ချမ်းလာကြရတော့သည် ။ ပုပ်စော် က နံ ၊ ချမ်း လည်း ချမ်း မို့ တပည့် တစ်ယောက် သည် မျက်နှာကြီး မဲ့ ၍ ဆရာ့ အား စကား ပြော လိုက်သည် ။


“ ဆ - ဆရာ ... ဂတ်ဂတ်  ... ဒီ - ဒီလိုပဲ  ... ဂတ်ဂတ် .. ရေစိမ် နေ နေ - ရ ရင်  ... အင် - အင် - မကြာခင် .. အင်အင် ဂတ်  ... သေ သေကြလိမ့် - မ - မယ်  ... မယ်  ... ဂတ်ဂတ် - ထထင် .. တယ် - ဂတ် ဂတ် ”


“ အအေး  ... င ငါ  ... လ လဲ  ... ဂတ်ဂတ် .. ဂတ်ဂတ် .. ဂတ်ဂတ် ဂါဂါ  ... ဂတ်  ... ဂဲ - ဂဲ  ... ဂိုက်ဂိုက် ”


“ ဟာ ... ဂတ်ဂတ် - ဆဆ - ရာ - ရာ ဂတ်ဂတ် ပြောပြော .. ဂတ် ဂတ်တာတွေ ဂဂတ် - ကျကျနော် - ဂတ်ဂတ်  ... ဘာမှ န နား မမလယ်  ... ဂတ်ဘူး - ဂတ်ဂတ် ”


ထိုအခိုက် တွင် သူကြီး နှင့် ရွာသား ဆယ်ယောက် ခန့်တို့သည် တုတ်များ ၊ ဓားများ ကိုင် ကာ တွင်းကြီး နား သို့ရောက် လာကြ၏ ။ ခြေသံများ နှင့် စကားသံတွေ ကို ကြား ရသောအခါ တွင်း ထဲ မှဆရာပွန်း တို့ လူစု သည် အား တက် ကာ ကုန်း အော်ကြလေ၏ ။


“ တကယ် - ဂဂတ် - ဂတ်တတော် .. ဂတ်ဂတ် ”


ရွာသား တစ်ယောက် က သူတို့ ၏ အော်သံ ကို ကြားသော အခါ အံ့ဩ သွားကာ သူကြီး ကို ပြောလိုက်၏ ။


“ သူကြီး  ... ဟို တွင်း ထဲ မှာ ဘဲတွေ ကျ နေတယ် ထင်တယ် ၊ တဂတ်ဂတ် နဲ့  ”


 “ ဟ  ... လူသံ ပါ ကွ ၊ ငါတို့ လိုက် နေတဲ့ သူခိုးတွေ ထင်တယ် ၊ အသာနေ .. ”


သူကြီး သည် တွင်းနား သို့ မသွားဘဲ နွယ်ကြိုးရှည်ကြီးများ ကို အဝေး က လှမ်း ပစ်ချပေးပြီး သူတို့ က မူ ခြုံများနောက် တွင် ပုန်းနေသည် ။


နွယ်ကြိုး ၏ တစ်ဖက်စ များ ကို သစ်ပင် တွင် ချည်ထားသဖြင့် ဆရာပွန်း နှင့် တပည့် နှစ်ယောက် မှာ လွယ်ကူစွာပင် တွင်းပေါ် သို့ တက်ရောက် လာကြလေ၏ ။ သူတို့ တစ်ကိုယ်လုံးမှာ ညစ်ပတ်ပေရေ နေ လေသည် ။ ဆရာပွန်း ၏ နဖူး တွင် သစ်ရွက်ပျော့ပျော့ အဖပ်ကြီး သည် အပြားလိုက် ကပ်နေ၏ ။ ဂုတ်ပိုး တွင် မျှော့ကြီး တွယ်နေ၏ ။ တပည့် တစ်ယောက် ၏ ထိပ်ပေါ် တွင် ကြွက်သေကောင်လေး ပါလာ၏ ။ အခြား တပည့် တစ်ယောက် ၏ ယောင်ထုံး တွင် သရက်သီးပုပ်ကြီး ပါ လာလေသည် ။


အပေါ် ရောက်သော အခါ သူတို့ သည် လူ တစ်ယောက် မှ မတွေ့ သဖြင့် ဆရာပွန်း က တပည့်တွေကို လှည့်၍ ကြွားလိုက်သည် ။


“ လက်စသတ်တော့ ငါ့ အစောင့်တွေ က လာ ကယ်တာကိုး ကွ ၊ ကဲ - သွားကြစို့ ”


ထိုအခိုက်တွင် သူကြီး နှင့်ရွာသားများ ထွက်ပေါ်လာ၍ သူတို့ ကို ဖမ်းဆီး ထုထောင်း ကြလေ၏ ။ ထိုအခါ တပည့်တစ်ယောက် က နာလွန်း၍ အော် ရှာသည် ။


“ ဆရာရေ - ဆရာ့ အစောင့်တွေ ကို ပြောပါဦး ၊ ချလှ ချည်လား ဆရာရေ့ ... လုပ်ပါအုံးဗျို့ ၊ သေတော့မယ် .. ”


“ ဟဲ့ကောင်ရဲ့ - ငါ့ ကို ပါ ငါ့ အစောင့်တွေ က ချ သကွာ ၊ အီးအီး ”


ထိုနောက် မှ သူကြီး က သေသေချာချာ ကြည့်လိုက်ကာ


“ ဟကောင်တွေ  ... နေကြပါအုံး ၊ နေကြပါအုံး ၊ ဒီ လူတွေ ဟာ ဟို အရှေ့ပိုင်း က ဘုန်းကြီးကျောင်း မှာ တည်း တဲ့ ဆရာ ဆိုတာ မဟုတ်လား ဟ ”


ဟု ပြောလိုက် မှ ရွာသားများ က ရပ် လိုက်လေသည် ။


“ ဟုတ်ပါတယ် သူကြီး ရယ်  ...  ၊ ကျုပ် ဆရာပါ ”


“ ဆရာ က လည်း ပုပ်စော် နံလှချည်လား ”


“ အင်း သိုက် ကို မနိုင်လို့ ခံ လိုက်ရတာပါဗျာ ”


“ ကျွန်တော်တို့ သူခိုး လိုက် ဖမ်းနေကြတာပါ ၊ ကဲ - လူ မှားတာ သည်းခံပါ ဆရာရယ် ၊ ကျွန်တော် တို့ သူခိုး ဆက်လိုက် လိုက်အုံးမယ် ”


ဆရာပွန်း နှင့် တပည့်များ ကား လွန်စွာ မှ ရှက်သွားကြသည် ဖြစ်သောကြောင့် အရှေ့ပိုင်းဘုန်းကြီးကျောင်း တွင် ကျန်ရစ်ခဲ့သော ပစ္စည်း ပစ္စယကလေးများ ကို ပင် မယူတော့ဘဲ ထို တော ထဲ မှ နေ၍ အခြား သော အရပ်ဒေသ သို့ ထွက်သွားကြလေတော့သည် ။ ဤ တစ်သက် တွင် တော့ ဤရွာ သို့ သူတို့ပြန် မလာတော့ပါ ဟု အဓိဋ္ဌာန်ပြု သွား ကြသည်ဆို၏ ။


ဒေါ်မှုန် သည် သရက်ကင်းကျေးရွာ မှ ပြန် ရောက်လာသောအခါ တွင် ကား အိမ် တွင် သမီး ဖြစ်သူ ရွှေစာ သည် တရှုံ့ရှုံ့ နှင့် ငို နေသည် ကို တွေ့ရ သဖြင့် အထိတ်တလန့် ဖြစ်သွားရသည် ။


"ဟဲ့ ... သမီး ဘာ ဖြစ်တာလဲ ”


“ ကိုဒိုး ပေါ့ ”


“ မောင်ဒိုး ဘာ ဖြစ်သလဲ ”


“ ကျွန်မ က သူ အိပ်ပျော်နေတုန်း သူ့ လက်မောင်း က နန်းကြိုးလေး ကို ဖြတ် ပစ် လိုက်တယ်လေ ၊ အီး ... အီး ”


“ ဟင် - ဟုတ်လား ၊ ဖြတ်ပစ်လိုက်တော့ ဘာ ဖြစ်သလဲ ”


“ ဖြတ် ပစ်လိုက်တော့ ပြတ် သွားတာပေါ့ အမေရဲ့ ”


“ တယ် ဒီ ကောင်မလေး ဟာ  ... မောင်ဒိုး ကော ဘယ်မလဲ ”


“ သူ့ သူငယ်ချင်း ကိုဖိုးထိန် ဆီ သွား လည်တာပေါ့ ”


“ ငါ့ ကို ရှင်းအောင် ပြောစမ်းပါ ဟဲ့ ”


“ သူ အိပ်ရာ က နိုးတော့ ကျွန်မက နန်းကြိုးလေး ကို ဖြတ်ပစ်တာ  ကို  သိရော ၊ ဒီ ကြိုး ဟာ ဘာကြိုး မှ မဟုတ်ဖူး ၊ ငါ တမင် ပတ်ထားတာ  ၊  နင့် ကို စပ်စု တတ်တဲ့ ရောဂါ ကို ပျောက်အောင် ကု မလို့ တမင် လုပ်ထားတာ ... တဲ့ ၊ ပြီးတော့ စပ်စုအုံး ဟဲ့  ... စပ်စုအုံး ဟဲ့ ဆိုပြီး ကျွန်မ ကို ရိုက်ပြီး သွား လည် တော့တာပဲ ... အင်း ... အင်း ”


ဒေါ်မှုန် သည် သမီး ကို ကြည့်၍ မျက်ရည်များ ထွက်အောင်ပင် အော် ၍ ရယ် လိုက်မိလေတော့သည် ။


“ ကောင်းသဟဲ့ ၊ ကောင်းသဟဲ့ စပ်စုချင်အုံး ၊ စပ်စုတော့ ဘာဖြစ်သလဲ  ... လင် ထောင်းခံရတာပေါ့ တော့  ... လင် ထောင်းခံရတာပေါ့ ... ဟဲ .. ဟဲ .. ဟဲ .. အား .. ဟား .. ဟား ”


_______________________


ကြပ်ကလေး


ဆင့် အချစ်တော် မောင်အောင်ဘော်


#ကိုအောင်နိုင်ဦး


_______________________

No comments:

Post a Comment