Wednesday, September 28, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၁၁ )


 အခန်း ( ၁၁ )


ဗီဒီယို ရိုက်ကွင်း သည် သူ နှင့် စိမ်း နေသောကြောင့်လား မသိ ။ သူ့ မျက်စိ ထဲတွင် အရာရာ တိုင်း သည် အသစ် အဆန်း ဖြစ်ကာ ရှုပ်ယှက်ခတ် နေလေသည် ။


သူ့ ဦးလေး ဖြစ်သူ ရတနာပုံစောဝင်း က လည်း ဒါရိုက်တာ မှန်း မသိ သိအောင် တမင် စတိုင် လုပ်နေသလား ဟု ပင် ထင် ရ၏ ။ စပီကာ တပ်ထားသော အော်လံ အငယ်စားလေး တစ်ခု ကို လက် က မချစတမ်းကိုင် ကာ တောင်အော်

မြောက်အော် ဖြင့် ' ကင်မရာ ကို ဟိုဘက်ချိန် ၊ ဒီဘက် က ချိန် ...' စသဖြင့် စွတ် ပြောနေသည် ။ တကယ်တော့ စပီကာ ဖြင့် အဲသည်လောက် အော် ပြောနေစရာ မလို ။ လက် လှမ်း တို့ပြီး ပြော လျှင်ပင် ရနိုင် လောက်အောင် နီးကပ် နေသည် မဟုတ်လား ။


စိုးရှား မျက်စိ အနောက်ဆုံးပုဂ္ဂိုလ် ကတော့ ရုပ်ရှင်မင်းသမီး မြနဒီ ကို မိတ်ကပ် လူး ပေးသော အခြောက် ' စိန်လှလှ ' ဖြစ်၏ ။ တစ်ချိန်လုံး သူ့ ကိုယ် သူ ' အလှကလေ အလှကလေ ...' ဟု အသံ တစာစာ ဖြင့် ကြက်မ လို ကတော်ကတော် တွန်ရင်း ရှုတင် တစ်ခု လုံး အနှံ့ ယောက်ယက် ခတ်နေသည် ။


စိုးရှား ကတော့ အဲဒီ ' အလှ ' ဆိုသည့် မိန်းမလျာ က သူ့ အနီး သို့ ရောက် လာတိုင်း ဝင်းဦး ၏ သီချင်း ဖြစ်သော ...


“ တကယ်မမောပန်းစေရန်ကိုကွယ် ... ပြော ... ပြောပြမယ် ...

ကိုယ့်ဋ္ဌာနေ ဝန်းကျင်မှာကွယ် တကယ်ကို ' အလှ ' ရှိတယ် ...”


ဟူသည့် စာသား ကို အော်ဟစ်ပြီး ဆိုပစ် လိုက်ချင် စိတ် ပေါ် လာ၏ ။


ဒါရိုက်တာဦးစောဝင်း က ရှူတင်မန်နေဂျာ ကို အော်ဟစ်ကြိမ်းမောင်း နေသသည် ။


“ ဟေ့ကောင် ... မောင်သက် ... နေ့လည် ကျ ရင် ရိုက်မယ့် Scene မှာ မင်းသမီး နဲ့ အတွဲ ပါရမယ့် ကောင်မလေး ကို ရှာ ထားပြီးပြီလား ...”


“ ဗျာ ... ဆရာ ဘယ်ကောင်မလေး ပါ လို့လဲ ...”


“ ဟာ ... မင်းတို့ အဲဒါ ခက်တာပဲ ၊ မိခင် ဆိုတဲ့ ကောင်မလေး လေကွာ ၊ ရော့ ... ဒီမှာ ဇာတ်ညွှန်း ထဲ မှာ ကြည့်ဦး ... ' မိခင် နှင့် မြနဒီ အပြန်အလှန် စကားပြော ...'  တဲ့ ... တွေ့လား ...”


ရှူတင်မန်နေဂျာ မောင်သက် က ဇာတ်ညွှန်းစာရွက် ကို ယူကာ ပါဝင်ရမည့် သရုပ်ဆောင် စာရင်း ကို ကြည့်ပြီး ခေါင်း ကုတ်ရင်း ...


“ ဟာဗျာ ... ဆရာ က လည်း မိခင် ဆိုတာ လူ နာမည် မဟုတ်ဘူးဗျ ၊ အမေ ... အမေ ကို ပြောတာ ၊ ဘယ်က ကောင်မလေး မှ သွား ရှာစရာ မလိုဘူး ၊ မင်းသမီး အမေ နေရာ က သရုပ်ဆောင် တဲ့ အန်တီစန်း နဲ့ ရိုက်ရမှာ ...”


ဦးစောဝင်း က သူ့ အမှား ကြောင့် ရှက် သွားဟန်တူ၏ ။ ဒေါသတကြီး တောက် ခေါက်လိုက်ပြီး ...


“ တောက် ... ဇာတ်ညွှန်းရေး ဆရာ က လည်း ကွာ ရှည် ကို ရှည်တယ် ၊ အမေ ဆိုရင် လည်း အမေ လို့ ရေးတာ မဟုတ်ဘူး ၊ မိခင်တွေ ဘာတွေ နဲ့  ...ငါ့ ကို အာရုံ နောက်အောင် သိပ် ရေးတဲ့ လူ ... ဟိုတစ်ခါ က လည်း ဘုန်းကြီး လူထွက် ကို ရိုးရိုး မရေးဘဲ ' လူပြန်တော် ' ဆိုပြီး ရေး လို့ ... ငါ့ မှာ လူပျံတော် ပတ္တမြားသွေးဆေးတွေ မှား ပြီး ဝယ်ခဲ့ရ ပြီးပြီ ...”


ဒါရိုက်တာဦးစောဝင်း က ရှက်ရမ်း ရမ်းပြီး ဇာတ်ညွှန်းရေး ဆရာ ကို သာ အပြစ် ပုံချကာ တတွတ်တွတ် ဆဲဆို နေ၏ ။


စိုးရှား ကတော့ ဗီဒီယို ရိုက်ကွင်း ကို ကြည့်ရင်း စိတ်လည်း ရှုပ်သည် ။ ရယ်လည်း ရယ်ချင်၏ ။ တစ်ခါတစ်ရံ တော့ ဦးစောဝင်း ၏ ...


“ မင်းသမီး ကို ခါးလောက် ဖြတ်ပြီး ရိုက် ”


ဟူသော အသံ ကို လည်း ကြားရသည် ။


ကင်မရာ မြင်ကွင်း အကျဉ်းအကျယ် ကို ရည်ညွှန်းပြီး ပြောသော စကား ဖြစ်သော်လည်း ဘေး က လူ အဖို့ ကြား ရသည် မှာ တစ်မျိုးကြီး ဖြစ်နေ၏ ။


မင်းသမီး ကို ခါး က ဖြတ်ပြီး ရိုက် ရင် ခါး ရိုး ကျိုးပြီး ဒုက္ခိတ ဖြစ် သွားမှာပေါ့ ... ဟုလည်း သူရောက်တတ် ရာရာတွေ လျှောက် တွေးနေဖြစ်သည် ။

တကယ်တော့ ဒီနေရာ သည် သူ နှင့် အစိမ်း သက်သက် ။ ဟို ... ပင်လယ်ဓားပြ နှင့် တူသော ကောင်မလေး ကြောင့် သာ မဟုတ်လျှင် ဒီနေရာ တွင် သူ အခုလို ယောင်ချာချာ ဖြစ်နေစရာ အကြောင်း မရှိ ။

အခုတော့ ငါ့ မှာ သက်သက်မဲ့ ... ။


သူ့ ကိုယ် သူ မကျေနပ်သလို တွေး နေမိစဉ်မှာ ပင် နီညိုရောင် Surf ကား တစ်စီး ဝင်လာသည် ။


ဟော ... လာပါပြီ ...

 

သေချင်းဆိုးမလေး ...


ဆိုဖီယာလပြည့်ဝန်း က ကားပေါ် မှ ဆင်းလာပြီး သူမ ၏ အဒေါ်ဖြစ်သူ မြနဒီ ကို အရင်သွား နှုတ်ဆက်သည် ။ ထိုနောက် သူ ထိုင်နေသော နေရာ ဆီ သို့ တန်းတန်းမတ်မတ် လျှောက်လာပြီး ...


“ ရှင် ရောက်နေတာ ကြာပြီလား ...”


“ ရှူတင် စ ကတည်း က ပဲ ...”


အနည်းငယ် မာဆတ်ဆတ် ဖြစ်ကောင်း ဖြစ်နေမည့် လေသံ ဖြင့် စိုးရှား က ပြန် ပြောလိုက်၏ ။


ဆိုဖီယာ က တစ်ချက် ပြုံး သည် ။ စိုးရှား စိတ် ကသိကအောက် ဖြစ်အောင် တမင် နောက်ကျပြီး မှ လာခဲ့ခြင်း အတွက် ကျေနပ်ပျော်ရွှင်သော အပြုံး ။


ပြီးမှ သူမ က မျက်နှာ ကို ချက်ချင်း ပြန် တည်ပစ်လိုက်ပြီး ...


“ ဆောရီးပဲ ရှင် ... မနေ့ည က ရှင် ပြောတဲ့ အကြောင်းတွေ ကို စဉ်းစားရင်း အိပ်လို့ ကို မပျော်တာနဲ့ ဒီနေ့ မနက် အိပ်ရာ ထ နောက်ကျ သွားတယ် ”


ဆိုဖီယာ ၏ ပါးနပ်မှု ကို စိုးရှား အသိအမှတ် မပြုဘဲ နေ၍ မရ ။ မိန်းမဉာဏ် ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ... ဟု သူ ကျိတ်ပြီး တွေး မိသည် ။


စိုးရှား က ...


“ ထားလိုက်ပါတော့လေ ... ကဲ ... အခု ကျွန်တော်တို့ ဘယ်မှာ သွားပြီး စကား ပြောကြမလဲ ၊ ဒီ ရိုက်ကွင်း ပေါ် မှာတော့ စကား ပြောလို့ ရမှာ မဟုတ်ဘူး ထင်တယ် ၊ သူတို့ အသံ ဖမ်းတဲ့ အထဲ မှာ ကျွန်တော်တို့ စကား ပြောသံ တွေ ကြောင့် အနှောင့်အယှက် ဖြစ်နေဦးမယ် ” 


“ ရှင် လက်ဖက်ရည် ကြိုက်တတ်လား ၊ ကျွန်မ က တော့ လက်ဖက်ရည် ကျဆိမ့် ကို ကြိုက်တယ် ၊ ဟိုဘက် နား က လက်ဖက်ရည်ဆိုင် မှာ သွား ထိုင်ရအောင်လေ ...”


အအေးဆိုင် သွားရအောင် ခေါ်လိမ့်မည် ဟု စိုးရှား က မျှော်လင့် ထားသော်လည်း တခြားစီ ဖြစ်သွား၏ ။


စိုးရှား က ခေါင်းညိတ် ပြရင်း ...


“ ကောင်းသားပဲ ကျွန်တော် လည်း လက်ဖက်ရည် ကြိုက်ပါတယ် ”


ပြောပြောဆိုဆို ဖြင့် ရိုက်ကွင်းနှင့် အတော် အလှမ်းဝေးသော လက်ဖက်ရည်ဆိုင် ဆီ သို့ ဦးတည် လိုက်သည် ။


သူတို့ နှစ်ဦးသား လျှောက်လာခဲ့ကြသည် မှာ ခြေလှမ်း ဆယ့်လေးငါးလှမ်း မှ ပင် မပြည့်သေးခင် နောက်ဘက် ဆီ မှ လှမ်း ခေါ်သံ ကြား ရ၏ ။


လှည့် ကြည့် လိုက်တော့ ဦးစောဝင်း ... ။ သူ့ အသံပြဲကြီး ဖြင့် ...


“ ဟေ့ ... အဲဒီ နှစ်ယောက် က ဘယ်ကို တိတ်တိတ်လေး လစ်သွားကြမလို့လဲ ...”


“ လက်ဖက်ရည် သွား သောက်မလို့ ... ဦးလေး ...”


“ ဟာ ... မင်း တို့ က လည်းကွာ ... ထမင်း စားခါနီး ကျ မှ လက်ဖက်ရည် သွားသောက်ဦးမလို့လား ၊ နေကြပါဦး ကွ ... ခဏ နေရင် ရှူတင် ခဏ နားပြီး ထမင်း စားကြတော့မှာ ...”


ဟာ ... ပြသနာ ပဲ ... ဟု စိုးရှားနှုတ် က ခပ်တိုးတိုး ညည်းတွားမိသည် ။ အတင်းကြီး ငြင်းဆန်ပြီး ဇွတ်ထွက် သွားဖို့ ကျတော့လည်း မကောင်းပြန် ။


ဒီကြား ထဲ မြနဒီ က ပါ ...


“ လာပါ ... ဆိုဖီယာ ရော ... ဟိုမောင်လေး ပါ ရှူတင်ထမင်းဟင်းလေး စား ဖူးတယ် ရှိတာပေါ့ ...”


ဟု ရယ်ရယ်မောမော ဖြင့် လှမ်းပြော နေသဖြင့် သူတို့ နှစ်ယောက် သား ပြန် လှည့်ခဲ့ရပြန်သည် ။


ခဏနေတော့ ရိုက်ကူးရေး ကို ခေတ္တ နားပြီး ထမင်း စားဖို့ ပြင်ကြဆင်ကြသည် ။ ဦးစောဝင်းနှင့် စိုးရှား ထိုင် နေသော စားပွဲဆီ သို့ မြနဒီ က လာပြီး သူမ ၏ ထမင်းချိုင့် ထဲ မှ ဟင်းများ ကို ခွဲ ထည့်ပေး၏ ။


ထိုစဉ် နံဘေး သို့ အဖြူရောင် ဆလွန်းကား တစ်စီး ထိုး ရပ်ပြီး တီ ... တီ ... ဟု ဟွန်း တီး လိုက်သဖြင့် ဦးစောဝင်း က လှမ်း ကြည့်၏ ။


“ ဟာ ... ကိုသျှပ် ...”


ကား ပေါ် မှ ဆင်းလာသူ က သျှပ်မှူးအိမ် ။ အင်္ကျီလက်ရှည် အစိမ်းကွက်ရောင်ဖျော့ဖျော့ ကို လက်ခေါက် တင် ကာ ဝတ် ထားပြီး ကချင်ပုဆိုးကွက် နှင့် ။

နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင် နှင့် ကောက်ကွေးလိမ်ခေါက်ပြီး ရှည်လျား နေသော ဆံပင် ဖရိုဖရဲ ကတော့ ထုံးစံ အတိုင်းပင် ။


ကိုသျှပ် က ...


“ ကိုငြိမ်းအေးအိမ် ဆီ ဖုန်းဆက် ကြည့် လိုက်တော့ ခင်ဗျား ရိုက်ကွင်း ဒီမှာ ရှိတယ် ပြောလို့ ဝင် လာတာ ...”


“ လာဗျာ ... ကိုသျှပ် ထမင်း စား သွား ...”


ကိုသျှပ် က စားပွဲဝိုင်း တွင် ဝင်ထိုင်၏ ။ ထိုနောက် ဟင်းခွက်များ ကို ငုံ့ ကြည့်ပြီး ...


“ ဘာဟင်းတွေလဲ ဗျ ...”


“ ဟောဒီ က ပုစွန် ကတော့ မင်းသမီးထမင်းချိုင့် ထဲ က ... ရှူတင် ထမင်းဟင်း ကတော့ ဒီလို ပေါ့ဗျာ ... ဒီမှာ ကြက်သား နဲ့ ပဲကြီးဆူးပုပ်ဟင်းချို နဲ့ မန်ကျည်းရွက်သုပ် ...”


ကိုသျှပ်က သူ့ ပင်ကိုယ်ဟန် အတိုင်း ရယ် လိုက်ရင်း ...


“ ဟာ ... မန်ကျည်းရွက်နုသုပ် နဲ့ ပဲကြီးဆူးပုပ်ဟင်းချို က သိပ်လိုက်တယ်ဗျ ... ဝက်သရက်သီးနှပ် နဲ့ ဆို ပိုတောင် ကောင်း ဦးမယ် ...”


အဲသည်လို စကားမျိုး ပြောချိန်တွင် ကိုသျှပ် ၏ မျက်နှာ သည် အပြစ် ကင်းစင်သော ကလေးတစ်ယောက် နှင့် တူနေ၏ ။


ဦးစောဝင်း က ...


“ ဘယ့်နှယ် ပြောလိုက်တာလဲ ကိုသျှပ်ရာ ... အခုတောင် စားချင်လာပြီ ...”


“ ခင်ဗျား တကယ် စားမှာလား ... မနက်က ကျွန်တော့် အမ ဆီ ဖုန်း ဆက်တော့ အိမ် မှာ ဝက်သရက်သီးနှပ် ချက်တယ် လို့ ပြောတယ် ၊ မကျဉ်းရွက်နု သုပ်တာတို့ ဘာတို့ က အိမ် ကျ မှ လုပ်ရင် ဖြစ် တာပဲ ”


ဟင်းကောင်းကောင်း ကြိုက်တတ်သော ဦးစောဝင်း ၏ မျက်လုံးတွေ က အရောင်တောက်ပ လာပြီး ...


“ ဟာ ... ကိုသျှပ် အမေ ရဲ့ လက်ရာ ဆို ကောင်း မှာ ဗျ စားမယ် ဗျာ ...”


“ တကယ် စားမယ် ဆိုရင် လာဗျာ ... ကျွန်တော့် ကား ပေါ် တက် အခု သွားရအောင် ...”


ကိုသျှပ် က ပြောပြောဆိုဆို နှင့် ထ ရပ်ပြီး ကားတံခါး ဖွင့်သည် ။ စိုးရှား ရော ဦးစောဝင်း ပါ မနေသာတော့ဘဲ စားလက်စ ထမင်းပန်းကန် ကို ဒီအတိုင်း ထားကာ ကိုသျှပ် ၏ ကား ပေါ် တက် ရတော့သည် ။


ဦးစောဝင်း က မြနဒီ ကို လှမ်းပြီး ...


“ ခဏလေးနော် ... ဒီ ... ကိုသျှပ်အိမ် ကို လိုက် သွားလိုက်ဦးမယ် ” 


စိုးရှား က လည်း ဆိုဖီယာလပြည့်ဝန်း ရှိရာဆီ သို့ တစ်ချက် လှမ်းကြည့်သည် ။ သူမ က လည်း ကြည့် နေသည် နှင့် မျက်ဝန်းချင်း ဆုံ၏ ။


အကြည့်သက်သက် ဖြင့် သာ ' ခဏစောင့်နော် ... ' ဟု အဓိပ္ပါယ် ပါ အောင် မျက်လုံး က နှုတ်ဆက်လိုက်သည် ။


သူမ က မျက်တောင် တစ်ချက် ကို သိသာအောင် ခတ် ပြ၏ ။


မျက်ဝန်းချင်း နှုတ်ဆက်၍ မဆုံးခင် မှာ ပင် ကိုသျှပ် က သူ့ကား ကို ပြည်လမ်းမ ဆီသို့ ဦးတည် မောင်းထွက် လိုက်လေသည် ။


•••••   •••••   •••••   •••••


ကား ပေါ် တွင် ကိုသျှပ် က သူနောက် ထုတ်မည့် စီးရီးအတွက် ရွေးချယ်ထားသည့် သီချင်းအကြမ်းများ ကို ဖွင့် ပြသည် ။ စိုးရှား နှင့် ဦးစောဝင်း ကတော့ တောင်ပြောမြောက် ပြောတွေပြောလိုက် စိတ်ကူး တည့် ရာ အကြံ ပေးလိုက် နှင့် ရယ်ကာ မောကာ စကား ကောင်း လာကြသည် ။


သတိထားမိတော့ ကား က လှည်းကူး ကို ပင် ကျော်လွန်လာစ ပြုပြီ ။ ပဲခူး သို့ ပင် ရောက်တော့မည် ။


သည်တော့မှ ဦးစောဝင်း က အထိတ်တလန့် ဖြင့် ...


“ ဟေ့လူ ကိုသျှပ် ... ဘယ်ကို မောင်း နေတာလဲ ၊ ပဲခူး တောင် ရောက် တော့မယ် ...” 


“ ကျွန်တော့် အမေ အိမ် ကိုလေ ... ခင်ဗျား ပဲ အိမ် ကို လိုက်ပြီး ထမင်း စားမယ် ဆို ...”


“ ဟုတ် ... ဟုတ်တော့ ဟုတ်တယ်လေ ... ကိုသျှပ် ရဲ့ ... အခု မောင်း နေတာ က ...”


“ မော်လမြိုင် မှာ ရှိတဲ့ ကျွန်တော့် အမေ အိမ် ကို သွား နေတာလေ ...”


“ သေပြီဗျာ ...”


ဦးစောဝင်း က ပါးစပ် အဟောင်းသား ဖြစ် သွား၏ ။ ကိုသျှပ် က တော့ အေးအေးဆေးဆေး ပင် ။ ကား ကို မောင်းမြဲ မောင်း နေသည် ။ သူ ဘာတစ်ခု မှ အမှားအယွင်း မလုပ်ခဲ့သည့် အတိုင်း ။


ပြူးတူးပြဲတဲ ဖြစ် နေရသူ က တော့ ဦးစောဝင်း ...


“ မဖြစ် ... မဖြစ်ဘူး ထင်တယ် ကိုသျှပ် ရဲ့ ... ကျွန်တော့် မှာ ရိုက်လက်စ ရှူတင် ကို တန်းလန်းကြီး ထား ပစ်ခဲ့ရတာ ...”


ကိုသျှပ် က ဘာမှ မသိနားမလည်သူ တစ်ယောက် လို အပြစ် ကင်းစင်သော မျက်နှာ အမူအရာ ဖြင့် ဦးစောဝင်း ကို လှည့် ကြည့်ရင်း ...


“ ဒါနဲ့ ခင်ဗျား ပြောတော့ ထမင်း လိုက်စားချင်တယ် ဆို ...”


သူ့ စကား ကြောင့် ဦးစောဝင်း က ခေါင်းကို ကုတ်ရင်း စိတ်ကျဉ်းကျပ်စွာ ဖြင့် ...


“ အဲ ... ဟုတ်တော့ ဟုတ်တယ် ၊ ဒါပေမယ့် ဟို ...”


အ, တီးအ, ထစ် ဖြင့် ဘာ ပြောရမည်မှန်း မသိ ဖြစ်နေ၏ ။ ကိုသျှပ် ကတော့ လီဗာ ကို နင်းကာ ကား ကို အရှိန် မြှင့် လိုက်ရင်း ...


“ ကဲ ... ထမင်း လိုက် မစားတော့ဘူး ဆိုရင်လည်း ကား ပေါ် က သာ ခုန်ချပြီး နေရစ်ခဲ့ ဗျာ ...”


ဝေါခနဲ ပြေး နေသည့် ကားအဖြူရောင်လေး က ရန်ကုန် - ပဲခူး ကားလမ်းမ ပေါ်တွင် တရိပ်ရိပ် ...


ဦးစောဝင်း က တော့ ဝက်ဝံအိုကြီး တစ်ကောင် လို ငူငူငိုင်ငိုင် ။ နောက်ဆုံး ပဲခူး သို့ ရောက်သော အခါတွင် မှ ( အဲသည်တုန်း က ပဲခူး တွင် GSM ဖုန်းလိုင်း မမိသေးသောကြောင့် ) ကိုသျှပ် ကို တောင်းပန်ကာ လမ်းဘေး ဖုန်း မှ နေပြီး ရန်ကုန် မှာ ကျန်ရစ်နေခဲ့သည့် ရိုက်ကူးရေး အဖွဲ့ ကို ရှူတင် ဖျက်ကြောင်း ပြော လိုက်ရလေတော့သည် ။


ဆိုဖီယာလပြည့်ဝန်း တစ်ယောက် တော့ ဘယ်လောက် တောင် ဒေါ ကန် နေ မလဲ မသိ ။


•••••   •••••   •••••   •••••


မော်လမြိုင် ကို ခရီး ဆက် ဖို့ ကားပေါ်  ပြန်တက်ကာ မောင်းထွက် လာကြတော့ ဦးစောဝင်းက ကား ထဲ မှ ကက်ဆက် ထဲ သို့ သီချင်းခွေတစ်ခွေ ထည့်ပြီး ဖွင့် လိုက်သည် ။ သီချင်းသံ ထဲ မှ စကားလုံးတွေ က အဝေးပြေး ကားလမ်းမ မျက်နှာပြင် ပေါ်  ပြန့်ကျဲ သွား၏ ။


မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမျောရင်းလေ . . .

မပြီးသေးတဲ့ ခရီးတစ်ခု . . . 

အဆုံးအထိရောက်ဖို့ ကြိုးစားနေသူမှာ . . .

ရိုးသားတဲ့ကျေးလက် က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့ . . .

မြင်ယောင်ကာ အိပ်မက်ရင်း . . .

အလိုလို ငိုချင်တယ် . . .

အိမ်ပြန်ချင်တယ် . . .

ဟူး . . .

ဟူး . . .


___________________________


မင်းခိုက်စိုးစံ


#အောင်နိုင်ဦး


No comments:

Post a Comment