Friday, September 2, 2022

မင်းလူ ( သို့မဟုတ် ) ပြည်သူ့လူ


 

❝  မင်းလူ ( သို့မဟုတ် ) ပြည်သူ့လူ  ❞

ရည်းစား တစ်ယောက် ခေါင်း ခေါက်လို့ ယူ နိုင်သူရယ် ၊ မောင့် ခေါင်း ကို တစ်ချက် လောက် ခေါက် စမ်းပါကွယ်

ဝတ္ထု နာမည် မမှတ်မိတော့သော်လည်း ဆရာမင်းလူ ၏ လက်ရာ ဝတ္ထုလတ် တစ်ပုဒ် မှ အဖွင့်ကဗျာ အဖြစ် တော့ မမေ့နိုင်အောင် ရှိနေဆဲပါ ။

•••••   •••••   •••••   •••••

လူချင်း မသိကျွမ်းမီ သူ ၏ ပန်းကျောင်း ကတည်း က “ ကျွန်တော့်သံယောဇဉ်ဦး ” ဖြစ်ခဲ့သည် ။ ကျောင်း အားကစားကွင်း ကို ကျွန်တော် ငေးမိတိုင်း ကျောင်းလက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့သူ သူ့ အား မြင်ယောင်သည် ။ ကျောင်းနံရံကပ်စာစောင် မှာ တာဝန် ယူရပြန်တော့ သူတို့ လက်ထက် သူတို့ ၏ လက်ရာများ ကို တသသ ပြန် လွမ်းသည့် မြန်မာစာဆရာမများ ၏ နှုတ်ဖျား မချ သူ့ ကဗျာ သူ့ စာ များ ကို ကျွန်တော် အားကျ ခံစားရပြန်သည် ။

သူ က တက္ကသိုလ် မှာ အချစ်မြို့သားများ ကဗျာစာအုပ် ကို ရေးဖော် တစ်သိုက် နှင့် ထုတ်ချိန် ( ထိုကာလ က ဖယောင်းစက္ကူ ကိုယ်တိုင်ရေး လက်လှည့် စာကူးစက်များ ဖြင့် လှိမ့် ၊ ကိုယ်တိုင် ချုပ် ၊ ကိုယ်တိုင် လှည့် ရောင်း ) ကျွန်တော်တို့ က ကဗျာတွေ သင် ဖတ် ဖတ်နေချိန် ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းတော်က ကဗျာတွေ ကို မြိန်ရေရှက်ရေ ရှိ နေချိန် ၊ စာအုပ်အငှားဆိုင် ယဉ်ကျေးမှု ထွန်းကားချိန် ၊ သူ့ စာအုပ် အသစ် ထွက်တိုင်း အလုအယက် ငှား သူတွေ ထဲ ကျွန်တော် က ထိပ်ဆုံး မှာ အမြဲ ။ အိမ်နား က အငှားဆိုင်ရှင်အမည် က ကိုအောင်အေး ၊ ထို ဆိုင် က မင်းလူ ဝတ္ထုစာအုပ်တိုင်း မှာ “ ကိုအောင်အေး ဖတ်ဖို့ ” ဟု စာရေးသူ လက်မှတ် ထိုးပေးထားတာ မြင်တိုင်း ငါ လည်း ဒီလို ( စာရေးသူ လက်မှတ်ထိုးပေးထားတာ ) တစ်အုပ်လောက် ရရင် သိပ်ကောင်းမှာပဲ ဟု တမ်းတဖူးသည် ။

မင်းလူ စာအုပ် မှန်လျှင် အဦးအဖျား ဖတ် ချင်ကြသော ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် မှာ ရှေ့ဆုံး စာမျက်နှာ ၌ “  ကိုအောင်အေး ဖတ်ဖို့ ” ဟု ရေးထားသည့် ဆရာမင်းလူ ၏ ဝါကျ အား အငှားဆိုင်ရှင် ကိုအောင်အေး ကြား အောင် “ ကိုအောင်အေး ငှားစားဖို့ ” ဟု အော် ဖတ်ကြသည် ။ ထိုအခါတိုင်း ကိုအောင်အေး က သူ့ပါးစပ်ကြီးများ ကို မို့တက် ၊ မျက်ပေါက်များ ပိတ်သည် အထိ ရယ်မောရင်း ဖတ်ပြီး မှ ငှား တာပါကွ ဟု ဖြေရှင်းချက် ပေးလေ့ရှိပါ၏ ။

တစ်ရက် တွင် ကိုအောင်အေး က ကျွန်တော့် ကို ခုလို ပျာယီးပျာယာ ဆီးကြိုပြောသည် ။

“ အမလေး တော်သေးတာပေါ့ ကွာ ၊ မနေ့က မင်း ဘာတွေ ပက်ခနဲ ဝေဖန် လိုက်မလဲလို့ ငါ့ မှာ ပူ လိုက်ရတာ ”

ကိုအောင်အေး ထိုသို့ ပြောရခြင်း မှာ အကြောင်း ရှိပါသည် ။ ကျွန်တော့် အကျင့်ဆိုး တစ်ခု မှာ စာအုပ် ဖတ်ပြီး ပြန် အပ်တိုင်း ကျွန်တော် ခံစားမြင်သိအတိုင်း အားမနာ လျှာမကျိုး ဝေဖန်ချက် ပေးတတ်ခြင်း ဖြစ်ပါသည် ။

“ မနေ့က ငါ နဲ့ ထိုင်နေတာ မင်းလူ ကွ ၊ မင်း က ဘာများ ခါတိုင်းလို တဲ့တိုးကြီး ဝေဖန်လိုက်မလဲလို့ ငါ စိတ်ပူနေတာ ”

“ ကျွန်တော် ကြိုက်ပါတယ်ဗျ ”

“ အေးလေကွာ ၊ ဒါပေမဲ့ သူ က ပြောတယ်ကွ ၊ ဝေဖန်ပါစေတဲ့ ၊ ဒါမျိုး ကြားချင်လို့ လာ ထိုင်နေတာတဲ့ ဝေဖန်ချင်တာ ပြောပေ့စေ ၊ သူ မှန်း မသိစေနဲ့ တဲ့ ”

ကျွန်တော့် မှာ ကျွန်တော် ချစ်သော စာရေးဆရာ ကို သေချာ သိကျွမ်းခွင့် မရလိုက်၍ နာလိုက်သည့် ဖြစ်ခြင်း ဟု သာ မချင့်မရဲ ဖြစ်မိသည် ။ သူ နှင့် ကျွန်တော် စ တွေ့ဆုံခန်း မှာ ထိုသို့ ပွတ်ကာသီကာ လွဲချော်ခဲ့ပါ၏ ။

•••••   •••••   •••••   •••••

အထက်တန်းကျောင်းသား ဘဝ ကျွန်တော့် အား စာပေဩဇာ လွှမ်းမိုးမှု အကြောင်း ပြောရလျှင် ဆရာမင်းလူ အကြောင်း ပါ မှ ပြည့်စုံ ပါလိမ့်မည် ။ ဝါသနာ တူရာ တွဲကြသည့် ထိုအရွယ် တွင် ကျွန်တော် နှင့် ခုံချင်း ကပ် ထိုင်ကြသူ မှာ စာရေးဆရာ ဒါရိုက်တာ သာဓု ၏ သား မောင်သော်တာ ( ဒါရိုက်တာအာယု ) ဆိုတော့ မင်းလူ ညီ အငယ်ဆုံး ဖြစ်နေပါသည် ။ ထိုစဉ်က ကျွန်တော့်မှာ ကဗျာ ကို ချစ်တာသာ သိပြီး မည်သို့ ချဉ်းကပ် ပိုးပန်းရမည် ကို မသိတတ်ခဲ့ပါ ။ ကျွန်တော် ခုံချင်း ကပ်သူငယ်ချင်း အာယု က ကျွန်တော့် အား ကဗျာ တစ်ပုဒ် ပြီး တစ်ပုဒ် ရေးကာ အစွမ်း ပြလေ့ ရှိသည် ။ သူ့ ကဗျာ က မဆုံးသေး ၊ ကျွန်တော် က ဟိုလို မဟုတ်ဘူးလား ၊ ဒီလို မဖြစ်ရဘူးလား ဟု နှောင့်ယှက် လေ့ ရှိရာ သူ က “ နေစမ်း ၊ မပြီးသေးဘူး ” ဟု ကျွန်တော် လွှတ်ခနဲ တောင်းပန် ရလောက်အောင် ကဗျာ က တောက်ပလှနေပါသည် ။

အာယု သည် စာသင်နေသော ဆရာ အား ခိုးကြည့်လိုက် ၊ ကျွန်တော့် ကို ကျောင်းအပ် လက်ခံတပည့် နှယ် ကြည့် လိုက်ပြီး အသံတိုးတိုး ဖြင့် “ ဒါမျိုး ရေးနိုင်ဖို့ မလွယ်ဘူးကွ ၊ စာဖတ် နာရမယ် ၊ အတွေး ကောင်းရမယ် ” စသည်ဖြင့် သမားဂုဏ် ပြနေသေးသည် ။ ကျွန်တော့် မှာ အားကျ စိတ် ဖြင့် ကဗျာ ကို တစ်ခေါက် ပြန် ဖတ်လိုက် ၊ အာယု အား အထင်ကြီး စိတ် ဖြင့် မော့ ကြည့်လိုက် ၊ အတန်ကြာမှ အာယု သည် မမျိုသိပ်နိုင်တော့သည့် အောင့်လုံးကြီး ထွေးထုတ်ကာ တခစ်ခစ် ရယ်လျက် ခုလို ဆိုပါ၏ ။

“ အဲဒါ ကိုဉာဏ့် ( မင်းလူ ) ကဗျာ ကွ ၊ ငါ လည်း ကြိုက်လို့ အလွတ် ကျက်ထားတာ ” ဟု ဆိုကာ အဆက်မပြတ် ရယ်နေပါတော့၏ ။

•••••   •••••   •••••   •••••

ခေတ်ပေါ်ကဗျာ ကိစ္စ တွင် ဆရာမင်းလူ သည် ကျွန်တော် ၏ မြင်ဆရာ တစ်ယောက်အဖြစ် ကျွန်တော် ကိုယ်တိုင် သတ်မှတ်ပြီး အတုယူ ရေးသားခဲ့ကြောင်း တင်ပြခဲ့ပြီးပြီ ။ ဆရာ မင်းလူ ၏ ဝတ္ထုများ သည် ဝတ္ထု ရေး ချင်သော ကျွန်တော့်အတွက် အကောင်းဆုံး နမူနာများ ဖြစ်ခဲ့ပါသည် ။ အထူးသဖြင့် ငယ်စဉ်က ဖတ်ခဲ့သော ပန်းကျောင်း ဝတ္ထု သည် အထက်တန်းကျောင်းသား တစ်စု ၏ ငယ်ဘဝ ကို အခြေခံရေးသားခြင်း ဖြစ်ပါသည် ။ အဓိက အချက် မှာ ရိုးသားမှု ကို အရင်း တည် ဖြစ်လာသော သူ ၏ ပထမဆုံး ဝတ္ထု ဟု ကျွန်တော် ခံစား မိပါသည် ။ အထက်တန်း ကျောင်းသားတို့ ၏ ရင်ခုန်သံများ ၊ တစ်ဦးပေါ်တစ်ဦး အနစ်နာခံမှု ၊ သံယောဇဉ်တွယ်တာမှု အမှန်တရားမြတ်နိုးမှုများ အခြေခံ ခဲ့သည် ။ ဆရာမင်းလူ ၏ အခြားဝတ္ထု ဖြစ်သော ကျွန်တော်တို့ ကျွန်မတို့သည် ၊ ငှက်ကလေး ၊ ခုနစ်စဉ်အလွမ်း ၊ ချစ်သော ပန်းကလေး ၊ ရင်ထဲကဆောင်းရာသီ စသည် ဖြင့် ကျွန်တော်တို့ ရင် ထဲ အဆက်မပြတ် ရောက်လာခဲ့သည် ။ အထူးသဖြင့် ငှက်ကလေး ဝတ္ထု တွင် ဖခင် ၏ မေတ္တာ ကို မရသလို နားလည်မှုလွဲ ခံစားရသော ကလေးငယ် တစ်ယောက် ၏ ခံစားချက် ၊ ရင်သွေး အပေါ် လုပ်ငန်း လောက် ဂရု မစိုက်သဖြင့် နောင်တကြီးစွာ ရ သော ဖခင် တစ်ယောက် ၏ နောက်ဆုံး ကြိုးပမ်းချက် စသဖြင့် ကြေကွဲဖွယ် ဇာတ်သိမ်း မှာ မမေ့နိုင်လောက်အောင် စွဲလမ်းဖွယ် ဖြစ်ခဲ့ပါသည် ။

ဆရာမင်းလူ ၏ ထူးခြားချက် မှာ စာဖတ်သူ ကို အင်မတန် ရင်းနှီးသော သူငယ်ချင်း တစ်ယောက် လို သဘောထား၍ ရင်ဖွင့် ပြောပြနေခြင်းမျိုး သဘောထား မိပါသည် ။ ဆရာမင်းလူ ၏ လူငယ်ဘဝသရုပ်ဖော် ( သို့မဟုတ် ) လူငယ်တွေ ၏ သံယောဇဉ် စိတ်ဓာတ်သတ္တိများ ၊ လူငယ်တွေ မှားလေ့မှားထ ရှိသော အမှားများ ကို နားလည်မှု အခြေခံဖြင့် ရေးသော စာများ ကို ကျွန်တော် သတိထား မိပါသည် ။ အထူးသဖြင့် ရသဝတ္ထုတွေ မှာ အရေးကောင်းသူ တစ်ဦး ပါ ။ သူ အထူး လက်စွမ်းပြသည့် အက်ဆေး ( ခေါ် ) ရသစာတမ်း အမျိုးအစား မှာ လည်း ကျွန်တော်တို့ စောင့်ဆိုင်း ဖတ်ရှုရသည့် ထိပ်တန်း တွင် ပါဝင်လျက် ရှိပါသည် ။ တချို့အက်ဆေးများ မှာ သရော်စာ သဘော သက်ဝင်သည့် အတွက် ကျွန်တော်တို့ နိုင်ငံ စာပေနယ် ထဲ တွင် ရှားပါးသောလက်ရာ အဖြစ် လည်း အများက အသိအမှတ် ပြုထားကြပြီးသား ဖြစ်ပါသည် ။ သူ့ လက်ရာများ အကြောင်း ပြောရင် ပြောကုန်နိုင်မည် မဟုတ်၍ ဒီနေ့ ကျွန်တော် နီးစပ်ပတ်သက်မှုများ ကို ပါ ဤ စာ တွင် တင်ပြလိုက်ပါသည် ။

ကျွန်တော်တို့ ကျောင်းနေစအရွယ် ၊ မြီးကောင်ပေါက်အရွယ်များ တွင် ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ခဲ့ရာ ဦးသန့်အရေးတော်ပုံ ၊ မှိုင်းရာပြည့်အရေးတော်ပုံ စသည်ဖြင့် ကျောင်းသားလှုပ်ရှားမှုများကြောင့် ကျောင်း ပိတ်သည့်အခါတိုင်း စပ်စုချင်သည့် ကျွန်တော်တို့ ၏ ငယ်သူစိတ်များ အရ ကျောင်းသားလှုပ်ရှားမှု ဆိုသည်မှာ ကျောင်းသားများ အတွက် ခေတ် အရ ၊ စနစ် အရ ယိုယွင်းပျက်စီးနေသော လူ့အဖွဲ့အစည်းကို အကောင်း သို့ ပြုပြင်ပြောင်းလဲရန် ကြိုးစားအားထုတ်မှု ဟု နားလည်ထားပါသည် ။ ဒါကြောင့် ထိုအရေးတော်ပုံများ တွင် စွမ်းစွမ်းတမံ ရှေ့တန်းက ပါဝင်ခဲ့သော ကျောင်းသားများ ၊ အထူးသဖြင့် ထောင် ထဲ သို့ရောက်၍ ဖမ်းဆီး ခံရသော ကျောင်းသားများ မှာ ကျွန်တော်တို့ ရဲ့သူရဲကောင်းများ ဖြစ်ခဲ့ရပါသည် ။ ထိုသူရဲကောင်းများ ထဲ တွင် ကျွန်တော် တန်ဖိုးထားသော ကလောင်ပိုင်ရှင် ဆရာမင်းလူ တစ်ယောက် ပါခဲ့သည် ကို ကျွန်တော် သူ့ ဘဝ ၏ နောက်ဆုံး အချိန် သို့တည်းမဟုတ် သူ့ အကြောင်း ကို ပြန်လည် ပြောပြနေကြချိန် အထိ ဂုဏ်ယူ မဆုံး ရှိနေဆဲပါ ။

၁၉၈၈ ကျောင်းသားလှုပ်ရှားမှုများ စတင်ချိန် တွင် ကျွန်တော်သည် အနုပညာလောက ၊ အထူးသဖြင့် စာပေလောက မှ ထင်ရှားသူများ နှင့် ဆက်သွယ်ရန် စဉ်းစားဖူးပါသည် ။ ကျွန်တော့် သူငယ်ချင်း ဖြစ်သူ မောင်သော်တာ ( ကလောင်အမည် အာယု ) အား ကျွန်တော် က ပူဆာ ပါသည် ။ ကိုမင်းလူ နှင့် ငါ့ ကို အဆက်အသွယ် လုပ်ပေးစမ်းပါကွာ ။ ငါ သူ့ ရဲ့ကလောင်အင်အား ကို သုံးပြီး ဒီ အရေးတော်ပုံ အတွက် စာမူမျိုး ငါ လိုချင်တယ် လို့ ပူဆာ ရာ ကျွန်တော့် သူငယ်ချင်း က ကိုယ်တိုင် ကြောက်တတ်သော်လည်း သူ့ အစ်ကို ကတော့ သတ္တိ ကောင်းကြောင်း ၊ ဖြစ်နိုင်ခြေ ရှိကြောင်း ကျွန်တော့်အား ပြန် ပြောပါသည် ။ သို့သော် ကျွန်တော် ၏ ဝီရိယ နည်းပါးမှု ကြောင့် ဆရာမင်းလူထံ မှ စာမူ ( သို့မဟုတ် ) ကလောင်လက်နက် ဖြင့် တိုက်ပွဲဝင်မည့် စာ ၊ ကဗျာများရရှိသည့် အချိန်ထိ မကြိုးပမ်းနိုင်ခဲ့ပါ ။ ကျွန်တော် ၁၉၈၉ နှစ်ဆန်းပိုင်း ထောင် ထဲ ရောက်ပြီးသောအခါ အပြင်လောက မှ သတင်းများ ကို ကြားသိရန် အင်မတန် ခဲယဉ်းပါသည် ။

၁၉၉၀ ပြည့် ရွေးကောက်ပွဲ ပြီးသောအခါ အနိုင်ရပါတီ မှ ကိုယ်စားလှယ်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ယင်း ထောင် ထဲ သို့ ရောက်လာသည့်အခါ ဆရာမင်းလူ ၏ ပြောင်မြောက်သော ကလောင်စွမ်း ကို ကျွန်တော် သိခဲ့ရပါသည် ။ ထို ကိစ္စ မှာ မြန်မာပြည်နိုင်ငံရေး ဖြစ်စဉ် တွင် အရေးကြီး သည့် ရွေးကောက်ပွဲအပြီး အာဏာ မလွှဲမှု အပေါ် ဆရာမင်းလူ ၏ လက်ရာ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရှည်ကြီး မှာ တိုင်းပြည် နှင့် အနှံ့ ပျံ့၍ပျံ့၍ လူထု လက်ထဲသို့ ရောက်ကာ မတရားမှု မှာ ရှင်းရှင်းကြီး ဘွင်းဘွင်းကြီးပေါ်ပြီး ဒါဟာ ဖြင့် တွန်းလှန်ရမည့် ကိစ္စ ။ ဆန့်ကျင်ရမည့် ကိစ္စ ဟု လူထု ၏ အသိ ထံ သို့ ပို့ပေးနိုင်ခဲ့ပါသည် ။ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရှည်ကြီး ထဲ မှာ စာသားများ ကို ထောင် ထဲ တွင် ပြန် ရွတ်ပြကြခြင်း ဖြင့် နဂိုက ရောက်နှင့်ပြီးသား အကျဉ်းသမားများ မှာ စိတ်ဓာတ်သတ္တိများ နိုးကြားလာခဲ့ရပြီး အပြင် မှာ ကျန်ခဲ့သူတွေ က လည်း တာဝန် ကျေကြပါလား ဟု ကျေနပ်မှုအားတက်မှုများ ဖြစ်ကြရသည် ကို ကောင်းကောင်း ကျွန်တော် သတိရ နေပါသည် ။

အကယ်၍ တစ်စုံတစ်ယောက် က “ မင်းလူ ဆိုတာ ဘာလဲ ၊ သူ့ လက်ရာ တစ်ပုဒ်လောက် ပြစမ်းပါ ” ဟု တောင်းဆို လာလျှင် အနှီ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရှည်ကြီး ကို သာ ကျွန်တော် ညွှန်ပြ လိုက်မည် ဖြစ်ပါသည် ။

ထို့နောက် မကြာပါ ဆရာမင်းလူ သည် အကျဉ်းထောင် ထဲ သို့ ထို ကဗျာအရှည်ကြီးရေးသားမှု ဖြင့် ရောက်လာရပြီး ထောင်ဒဏ် ချမှတ်ခံရ ၊ အဆောင်တွင် ရောက်နေပြီ ဟု ကျွန်တော် ကြားရပေမယ့်လည်း သူ နှင့် မည်သို့မျှ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ ။ တစ်ဖန် သူ ထောင် က ပြန် လွတ်ချိန်တွင် နေပူမိုးရွာ ဟူသည့် ခေါင်းစဉ်ဖြင့် ဝတ္ထု တစ်ပုဒ် ရေးခဲ့ရာ သူ ထောင်ထဲ တွင် အကြိမ်ကြိမ် ရောက်တိုင်း တွေ့ခဲ့ရသော ဖောက်ထွင်းဝိဇ္ဇာများ ၊ အလစ်သုတ်သမားများ သူတို့ ၏ ဖြစ်စဉ်များ ကို ရယ်စရာ မောစရာများ ထည့်သွင်း၍ ရေးသားထားသည် ဟု ကျွန်တော် သိရပါသည် ။ ဆရာမင်းလူ မှာ ကိုယ် ရောက်တဲ့နေရာ မှာ နား ၊ မျက်စိ ၊ ပါးစပ် ဖွင့်ထားပြီးတော့ အကျိုးရှိရာ အကျိုးရှိကြောင်းများ ကို စုဆောင်းနိုင်သူ ။ ပြီးတော့ သူ ကျွမ်းကျင်သော အနုပညာ ဖြင့် ပြန်၍ ပရိသတ် အား ပြောပြနိုင်သူ ဖြစ်သည့် အတွက် သူ့လက်ရာ အထူး ကောင်းမွန် မှာ ဖြစ်ကြောင်း ကျွန်တော် က ဝင်၍ ကြော်ငြာပေးရန် လိုတော့မည် မဟုတ်ပါ ။
  
•••••   •••••   •••••   •••••

ကျွန်တော်တို့ အားလုံးနီးပါး အကျဉ်းထောင် အသီးသီး မှ ပြန် လွတ်လာကြသော ၂၀၀၄ နှစ်ကုန်ခါနီး တွင် ဆရာမင်းလူ ၏ မိခင်ကြီး ဈာပန နှင့် တည့်တည့် တိုး ပါသည် ။ ညဘက် ကျွန်တော် အသုဘအိမ် သို့သွား၍ နှုတ်ဆက်ရင်း ဆရာမောင်ဝဏ္ဏ ၊ ဆရာသုမောင် ၊ ရုပ်ရှင်သရုပ်ဆောင် မောင်ရူပ နှင့် ကျွန်တော် နှုတ်ဆက်ပြီး ဆရာမင်းလူ နှင့် အားရပါးရကြီး နှုတ်ဆက် ရပါသည် ။ သူသည် ကျွန်တော့် အား နှစ်ပေါင်းများစွာ ကွဲကွာခဲ့သည့် ညီငယ်တစ်ယောက် ကဲ့ သို့ တနွေးတထွေး ဆက်ဆံပြီး “ သူ့ ဘက်က ကူညီနိုင်တာ ဘာတွေ ရှိမလဲ ” ဟု လှိုက်လှိုက်လှဲလှဲ မေးပါသည် ။

ထိုအချိန်မျိုး တွင် ကျွန်တော်တို့ လို အကျဉ်းထောင် မှ နှစ်ရှည် ထွက်လာစ အကျဉ်းသားများ အတွက် ပတ်ဝန်းကျင် က ခင်မင်နှုတ်ဆက် လိုသည့် တိုင် ခြိမ်းခြောက်မှု များစွာ ကြောင့် တွန့်ဆုတ် နေကြသည် ဖြစ်ရာ ဆရာမင်းလူ ကဲ့သို့ ထင်ရှားသော အနုပညာသမား တစ်ယောက် က ကျွန်တော်တို့ အပေါ် ဟန်ဆောင်မှု ကင်းသည့် ကမ်းလက်များ ဖြင့် ကြိုဆိုသည် မှာ ယနေ့တိုင် မမေ့နိုင်သည့် ဖြစ်ရပ်ပင် ။ သူ သည် လူကြား ထဲ တွင် ကျွန်တော့် အား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပြီး လူ အလစ် တွင် တစ်နေရာ သို့ ခေါ်သွားကာ နှစ်ကိုယ် ကြား ဤသို့ ပြောပါသည် ။

“ ခင်ဗျား မှာ သုံးဖို့ စွဲဖို့ ပိုက်ဆံလေး ဘာလေးရော ရှိရဲ့လားဗျ ၊ ကျွန်တော် စာမူခ ထဲ က ခင်ဗျား ကို သုံးဖို့စွဲဖို့ ပေးချင်တယ် ”

ဟု ကျွန်တော့် အား တိုးတိုး ပြောပါသည် ။

ကျွန်တော် သူ့ မျက်လုံးများ အား ကြည့် မိပါသည် ။ ထိုသို့ ပြောရခြင်း အပေါ် သူ့ ခမျာ အား လည်း နာ ၊ ကျွန်တော် များ စိတ် ဆိုးမလား ဟု စိုးရိမ်နေတာ မြင်ရပါသည် ။ ကျွန်တော်သည် ထိုအချိန် တွင် ယောက်ျားတန်မယ့် ငိုချင်စိတ် ပေါက်သွားလောက်အောင် သူ့ အပေါ် စကားလုံး အကြိုက်ဆုံး ရွေးရလျှင် ချစ် မိ သွားပါတော့သည် ။

“ အစ်ကိုရယ် အစ်ကို့ ဆီ က ရတဲ့ အစ်ကို ပေးချင်တဲ့ ပိုက်ဆံဟာ ဘယ်လောက် ဖြူစင်တယ်ဆိုတာ ကျွန်တော် သိပြီးသားပါ ။ ကျွန်တော် လိုရင် ပြောပါ့မယ်  ”

လို့ပြောတော့

“ ပြောပါဗျာ ပြောပါ ၊ ကျွန်တော် မရှိလည်း ကျွန်တော့် မိန်းမ ဆီက တောင်း သွားစမ်းပါ ။ ကျွန်တော်တို့ မိသားစု က ခင်ဗျား ကို ကြည်ကြည်ဖြူဖြူ ပေးမှာပါ ”

လို့ သူ ကျွန်တော့် အား ကတိ ပေးပါသည် ။

ထိုအချိန်တွင် ကျွန်တော်တို့ ၏ အချို့သော အသိုင်းအဝိုင်း ခင်မင်ရင်းနှီးခဲ့သူများ ၊ သို့တည်းမဟုတ် အစိုးရဝန်ထမ်း ဖြစ်နေကြသည့် ဆွေမျိုး အချို့ တွင် ကျွန်တော်တို့ အတွက် ဆက်ဆံရန် အခက်အခဲ ရှိနေချိန် ၊ ငယ်သူငယ်ချင်းများ အိမ်နီးနားချင်းများ ပင် စိုးရိမ် ကြောက်လန့်နေချိန်များ တွင် ကျွန်တော်တို့ အတွက် အခက်အခဲ ကို သူ့အခက်အခဲ လို စဉ်းစားပြီး အခုလို ပြောဖူးသူ မှာ လက်ချိုး ၍ ရေ ရလောက်အောင် အင်မတန်ရှားပါး ခဲ့ပါသည် ။ သူ သည် အပွင့်ပွင့်ချိန် မှ ဒီ အပင် ငါ နဲ့ ဆိုင်တယ် ဟု ကြွေးကြော်သူမျိုး မဟုတ်ပါ ။ သူ သည် ခြောက်သယောင်း ၍ သေလုလုဖြစ်နေချိန်မျိုး တွင် သူ နှင့် ဘာမျှ မဆိုင်သလို အဝေး မှ ငေး နေတတ်သူ မဟုတ်ပါ ။ ဤအချက် ကို တော့ ကျွန်တော် က အခိုင်အမာ ပြော ဝံ့သည် ။ သူ ၏ အခြား ထူးချွန်သော အချက် ကို ကျွန်တော် မပြောနိုင်ခဲ့ခြင်းများ ရှိကောင်း ရှိပါလိမ့်မည် ။ သူ ၏ စိတ်စေတနာ မှန်ကန်မှု နှင့် ရိုးသားဖြူစင်မှုများ ကို တော့ ကျွန်တော် သေချာပေါက် မည်သည့် အချိန်တွင် မဆို အာမခံ ရဲပါသည် ။ ကျွန်တော် ကိုယ်တိုင် စာပေဟောပြောပွဲ တွင် ပြောရသည့် အခါတိုင်း သူ့ အား မကြာခဏ သတိ ရလေ့ရှိသည် ။ စာပေဟောပြောပွဲ အတွေ့အကြုံတချို့ ကို ရေးပြရာ ကျွန်တော် တကယ် ကြုံရသည့် အခါမျိုးမှာ သူ ကြုံခဲ့တဲ့အတိုင်း ဖြစ် နေရပါလား ဟု အမြီးအမောက် မတည့် သည့်ကိစ္စများ ၊ အဓိက က သာမညနောက် သို့ ရောက် သွားသည့် အလွဲများ ကြုံရတိုင်း သတိရလေ့ ရှိပါသည် ။

•••••   •••••   •••••   •••••

ကျွန်တော့် အပေါ် တင်ရှိနေသော ကျေးဇူးတရားများ ကို ပြောရလျှင် ဆုံးမည် မထင်ပါ ။ အထူးသဖြင့် ကျွန်တော့် ဘဝအတွက် ရတနာများ လို တန်ဖိုးအထားရဆုံး ဖြစ်သည့် ကျွန်တော့် အနုပညာလက်ရာ ကိစ္စများ ပင် ဖြစ်ပါသည် ။ ကျွန်တော့် တစ်သက်တာ ရေးထားသမျှ ကဗျာများ ၊ စာမူများ ၊ ဝတ္ထုအတိုအရှည် ၊ ဆောင်းပါးများ နောက်ဆုံး ကာတွန်းများအထိ သူ့ အား ပြ ရာ သူ က တစ်ပုဒ်ချင်း ကျွန်တော့် ရှေ့ တွင် အချိန် ယူ ၍ စိမ်ပြေနပြေ ဖတ် ပေးပြီး ၊ ကျကျနန ဖတ်ပေးပြီး ဝေဖန်ပေးလေ့ ရှိပါသည် ။ ဒီ စာမူ ကို ဖြင့် သူ ကြိုက်တယ် ၊ ဘာကြောင့် ဘယ်နေရာ မှာ ကြိုက်တယ် ၊ ဘယ်နေရာ မှာ အား မရဘူး ၊ ဘယ်နေရာ မှာ ဘဝင် မကျဘူး ဆိုတာ အနီးကပ် ကျွန်တော့် အား ဝေဖန် ပေးလေ့ ရှိပါသည် ။ ကျွန်တော် လိုချင်သည် မှာလည်း ထိုသို့ပင် အနာအဆာ ကို အနာအဆာ မှန်း ထောက်ပြ နိုင်ပြီး အားသာချက် ကို ဖော်ထုတ်နိုင် သူ သူ့ လို စေတနာရှင်မျိုး ကို ပင် ဖြစ်ပါသည် ။

ထို့ကြောင့် ကျွန်တော် ရေးသမျှ စာမူအတော်များများ ဟာ သူ့လက် ထဲ တွင် ခေတ္တ သိမ်းပေးထားရန် ကျွန်တော် ပူဆာခဲ့သည် ။ အချိန်ကာလ အားဖြင့် ကျွန်တော်တို့ တွင် အာမခံချက် လုံခြုံမှု မရှိ ရဲထောက်လှမ်းရေးနှင့် အသစ် ဖွဲ့စည်းထားသော ထောက်လှမ်းရေးပေါင်းစုံ က ကျွန်တော်တို့ အား မျက်ခြည် ပြတ် မခံ ။ အထူးသဖြင့် ကျွန်တော်တို့ ၏ နှုတ်ထွက်များ ၊ လက်ရေးစာမူများ နှင့်ပတ်သက်၍ သဲကြီးမဲကြီး လိုက်နေသည် ဖြစ်၍ ကျွန်တော် တို့ စာမူ အချို့ ကို ဆရာမင်းလူ ထံ တွင် သိမ်းဆည်း သိုဝှက်ထားပေးပါရန် တောင်းပန်ရပါသည် ။ ဆရာမင်းလူ သည် နှစ်ခါ ပူဆာစရာ မလို သူ ဖြစ်သည့် အလျောက် “ စိတ်ချပါ ၊ ကျွန်တော့် အသက် နှင့် လဲပြီး ခင်ဗျား စာမူတွေ ကို ကာကွယ်သွားမယ် ဆိုတာ ကတိပေးပါတယ် ” ဟု ကျွန်တော့် အား အခိုင်အမာ စိတ်ချ လောက်အောင် ကတိ ပြုပါသည် ။ သူ ကတိ ပြုသည့် အတိုင်းပင် ကျွန်တော် ၏ ပေါ့ဆမှုကြောင့် ပျောက်သည် ဟု ထင်ရသောစာမူများ အပါအဝင် ကျွန်တော် ၏ ရင်သွေး လို သဘောထားသော ( ပျောက်လွန်း မ က ပျောက် ၊ ကြာ၍ သေပြီ ဟု ထင်ရသော ) ရင်သွေးများ ကို ပြန်တွေ့ ရသော ဖခင် လို ကျွန်တော် ဝမ်းသားရမည် မှာ သူ သိမ်းဆည်း ထားသမျှ ပြန် ထုတ် ပေးခြင်းကြောင့် ပင် ဖြစ်ပါသည် ။

သူ သည် စေ့စပ်သေချာ သူ ဖြစ်သည့် အလျောက် ကျွန်တော့် စာမူများ ကို မိတ္တူ ဆွဲ၍ ပင် သိမ်း ထားပါသည် ။ ထို စာမူများ ပြန် ရသည့်နေ့ မှာ ကျွန်တော့် အတွက် မမေ့နိုင်အောင် ကြည်နူး ဝမ်းသာမှု ၊ သေပြီထင်တဲ့ ရင်သွေး ကို ပြန် တွေ့ရသည့် ဖခင် တစ်ယောက် လို ခံစားရသည် မှာ မမေ့နိုင်တော့ပါ ။ ကျွန်တော့် အပေါ်တွင် စာပေအရ ရှေ့မှ မြင်ဆရာ တစ်ဦးအဖြစ် ကျေးဇူး ကြီးခဲ့ သူ ၊ ကျွန်တော့် ဘဝ ၏ အမည်းမှောင်ဆုံး ၊ အကြမ်းတမ်းဆုံး အချိန်တွင် ခိုင်မာသော ကမ်းလက် ဖြင့် ကျွန်တော့် အား ကမ်း ပေးခဲ့သူ ၊ ကျွန်တော် ၏ တန်ဖိုးထား မြတ်နိုးရာများ ကို ကိုယ် နှင့် မကွာ စောင့်ရှောက် ၍ ကျွန်တော့် လက် ထဲ သို့ အရောက် ပြန် ပို့နိုင်ခဲ့သူ ၊ ပြီးတော့ ကျွန်တော်တို့ ရှေ့က မျိုးဆက် အဖြစ် လမ်းပြကြယ်တစ်ပွင့် အဖြစ် ထွန်းလင်း တောက်ပခဲ့ သူ ပြောနိုင်လျှင် ဆုံးတော့မည် မထင်သော သူ နှင့် ကျွန်တော် ပတ်သက်မှုများ ကို ကျွန်တော် ရေး ပြ၍ လည်း ဆုံးမည် မထင်ပါ ။

•••••   •••••   •••••   •••••

သူ မကွယ်လွန်မီအချိန်ပိုင်း က စာရေးဆရာ နေဘုန်းလတ် ၏ စာအုပ်မိတ်ဆက်ပွဲ တွင် ကျွန်တော့် အား “ ပရီးမီးယားလိဂ် မှ ဘောလုံးသမားတစ်ဦး နှင့်တူသည် ” ဟု လူသိရှင်ကြား ကျီစယ် သွားဖူးပါသည် ။ ထိုကျီစယ်မှု သည် ကျွန်တော့် အတွက် နောက်ဆုံး ကျီစယ်မှုဖြစ်မည် ဟု ကျွန်တော် မထင်ခဲ့ပါ ။ ယခင်ကများဖြင့် ဆိုလျှင် လက်ထပ်မင်္ဂလာပွဲများ တွင် ကျွန်တော်တို့ ဆုံတိုင်း ကျွန်တော့် အား ကပ်၍ အိမ်ထောင် မပြုခြင်း ကို သူ ကျီစယ် လေ့ရှိပါသည် ။ အခုလို ကျီစယ် သွားသည် မှာ နောက်ဆုံး ဖြစ်သည်ဟု ကျွန်တော် မတွေးမိခဲ့ပါ ။ သူ ကွယ်လွန် သည့် တိုင် ကျွန်တော်တို့ မြန်မာပြည် ရှိ စာဖတ်ပရိသတ် အများစု ၏ ချစ်ခင်ရသော နှလုံးသား မှ ကြယ်တစ်ပွင့် ကို ကြွေအောင် မည်သူမျှ လုပ်နိုင်ခဲ့မည် မဟုတ်ပါ ။

သေမင်း သည် သူ လစ်သည် နှင့် မည်သူ့ ကို မဆို ခေါ်ယူနိုင်ခွင့် ခေါ်ယူနိုင်စွမ်း ရှိပါသည် ။ ဒါပေသည့် သူ ၏ လက်ရာ ၊ သူ ၏ သမိုင်း ၊ တစ်စုံတစ်ယောက် ၏ လက်ရာ ၊ တစ်စုံတစ်ယောက် ၏ သမိုင်းကို တော့ သူ ချေဖျက်နိုင်စွမ်း မရှိပါ ။ ဒါကြောင့် ဆရာမင်းလူ ၏ ဇာတ်ကောင်များ သည် ကျွန်တော် တို့ ရပ်ထဲရွာထဲ တွင် အမြဲတမ်း အသက် ဝင်လျက် အထူးသဖြင့် သူ ၏ ရယ်စရာမောစရာ ဇာတ်လမ်းများ ထဲ မှ ဇာတ်ကောင်များ သည် ရုပ်ရှင်ထဲ အထိ အသက် ဝင်လာကြ ။ ဓာတ်ခဲ လို ဇာတ်ကားမျိုး ပြန်ကြည့် ကြပါဦး ၊ မြန်မာ့ရုပ်ရှင်လောက တွင် ဖန်တစ်ရာတေ ခေါက်ရိုးကျိုး များ ထဲ မှ ဖောက် ထွက်လာသော ကလေးသရုပ်ဆောင် တစ်ယောက် ကို သာ အဓိက ထား ၊ ရပ်ထဲရွာထဲ မှ အကြောင်းတွေ ကို ပရိသတ် စွဲလမ်းနှစ်သက် တသသ ပြော လောက်အောင် ချန်ရစ် ထား ပြနိုင်ခဲ့သည် မှာ သူ့ အနုပညာ ၊ သူ့ လက်ရာ ၊ သူ့ စိတ်စေတနာ အခြေခံ ကောင်းခြင်း ကြောင့်ဖြစ်သည် ဟု ကျွန်တော် အလေးအနက် အခိုင်အမာယုံကြည်ပါသည် ။

ယခု ဆရာမင်းလူ ကွယ်လွန်ပြီ ၊ သေပြီ ဟု ပြောကြ ပါလိမ့်မည် ။ သူ ၏ ကိုယ်ပွား ဖြစ်သော သူ့ဇာတ်ကောင်များ သူ့ ကဗျာများ ပြီးတော့ သရော်စာများ ကတော့ ကျွန်တော် တို့ ဤမြေ ပေါ် တွင် မြန်မာစာပေ ရှိနေသ၍ ပျောက်ကွယ်နိုင်လိမ့်မည် မဟုတ်ပါ ။

သူ့ ပရိသတ် သည် နယ်တကာ တွင် အခိုင်အမာ ရှိသည် ကို ကျွန်တော် ကိုယ်တိုင် သိခဲ့ရသည် ။ ဘာကြောင့် ဒီလောက် ပရိသတ် အများဆုံး စာရေးဆရာ တစ်ယောက် ဖြစ်နေပါသနည်း ။ အခြေခံ ကတော့ ရှင်း ပါသည် ။ ရိုးသားခြင်း နှင့် အခြေခံကျသော ပြည်သူများ ၏ ဘဝ ကို စာနာ နားလည်ခံစား၍ ပြန်လည် တင်ပြနိုင်ခြင်းပဲ ဖြစ်ပါသည် ။ သူ သည် ဆင်စွယ်နန်းတော် ပေါ် က ပုဂ္ဂိုလ်များ အကြောင်း သိသော်လည်း ဘယ်တော့ မှ မြေပြင် နှင့် ကွာ သွားသူ မဟုတ် ။ လိုအပ်လျှင် နန်းတော်ပေါ် က လူများ အကြောင်း ကို မြေပြင် က လူများ အကြောင်းနှင့် နှိုင်းယှဉ် ပြလျှင် ပြမည် ။ သူ့ မျက်နှာ မူ ထားသည် မှာ မြေပြင် ပေါ် မှ သူ့ အရင်းနှီးဆုံးဇာတ်ကောင်များ အပါအဝင် လူ ထဲ က လူ တွေ ၊ ပြည်သူ ထဲ က ပြည်သူ တွေ  ၊ ခေတ်အဆက်ဆက် တွင် လည်း မိုးလင်း လို့ မျက်စိနှစ်လုံး ဖွင့် ကတည်း က ကြက်မကြီး ကြက်ယက် သလို သူတို့ အိပ်မက်များ သူတို့ ဘဝ ထဲ က ရယ်စရာမောစရာများ ကို နောက် ဘဝ ရောက်သည် အထိ သူ့ ပရိသတ် ကို ပြန် ပြောချင်စိတ် အပြည့် ရှိ နေပါလိမ့်မည် ။ ဆရာမင်းလူ သည် လူသက် တိုသော်လည်း စာသက် သို့တည်းမဟုတ် သူ့ အနုပညာအသက် က မြန်မာစာပေ ရှိနေသ၍ တည်ရှိ နေပါဦးမည်ပင် ။

စာကြွင်း ။  ။ သူ ၏ လုံးချင်းဝတ္ထုများ ထဲ မှ သူ့ ဆံပင်နှင်းဆီပွင့်တွေ နဲ့ ဆိုသည့် ဝတ္ထု က တော့ ကျွန်တော့် အတွက် အထူး အမှတ်ရစရာပဲ ဖြစ်ပါသည် ။ ဇာတ်အဖွင့် တွင် ပင် ကျွန်တော့် နာမည် ကို သူ သုံး၍ ထောင် မှ လွှတ်သည့် အခန်းဖြင့် စ၍ ရေးဖွဲ့ ထားပါသည် ။ ထောင် မှ လွတ် ၍ အိမ် ပြန်သွားသည့် နေရာ မှာ လည်း ကျွန်တော် နေသည့် ၁၆ ရပ်ကွက် ပဲ ဖြစ်နေပြီး ဆက်၍ ဆက်၍ ကျွန်တော် ပင် တကယ်ထောင် က လွတ် လာသလို ၊ အထူးသဖြင့် ကျွန်တော် တို့ နှင့် ရင်းနှီးသော ဓာတ်သိများ က ကျွန်တော့် အကြောင်း ကို ပဲ ယူရေး သလိုလို သူ ဖန်တီးပေးခဲ့ပါသည် ။ အချို့ နီးစပ်ပတ်သက်သူများ သည် ကျွန်တော့် ကို အစိုးရ က မလွှတ်လို့ သူ က လွှတ်တယ်ကွာ ဆိုပြီး အားပါးတရ ဇာတ် အစ ကို ဖွင့်ခဲ့တယ် ဟု ခံစားကြရပါသည် ။ ထိုသို့လည်း ကျွန်တော့် ကို အမြဲ ပြောလေ့ ရှိကြပါသည် ။ ဒီ့အတွက် သူ မရှိတော့သည့်အချိန်တိုင်း မှာ သူ ကိုယ်တိုင် လက်မှတ် ထိုးပေးထားသော သူ့ စာအုပ်များ ကြား သူ့ ဆံပင်နှင်းဆီပွင့်တွေ နဲ့  ဆိုသည့် စာအုပ်လေး ကို တော့ ကျွန်တော် ကိုင် မိတိုင်း မှာ ဖွင့် မဖတ်ရဲ ဘဲ လက်တုန်တုန် ဖြင့် ပြန် ချထားရသည့် စာအုပ် တစ်အုပ် အဖြစ် ယနေ့ တိုင် ရှိနေပါတော့သည် ။

◾မင်းကိုနိုင်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#အောင်နိုင်ဦး မှ မျှဝေသည်  ။

.

No comments:

Post a Comment