Wednesday, September 28, 2022

တင်ကျီး တစ်ဝမ်း ဗျိုင်း တစ်ဝမ်း


 

❝  တင်ကျီး တစ်ဝမ်း ဗျိုင်း တစ်ဝမ်း  ❞

( ၁ )

“ ဆင်းရဲငတ်မွတ်ခြင်း က တံခါးမကြီး ကို လာ၍ ခေါက်သော အခါတွင် … ချစ်ခြင်းမေတ္တာ တို့ သည် လည်း ပြတင်းပေါက် မှ ထွက်ခွာပြေးသွားလေ့ ရှိတတ်ပါသည် ”

( ၂ )

သူ နှင့် တွေ့ ရ၍ ကျွန်တော် ပျော်ပါသည် ။ သူ့ ကို ကျွန်တော် နှစ်သက်ပါသည် ။ ကျွန်တော် ပျော်ခြင်းကား သူ နှင့် တွေ့ ရသည် ထက် သူ နှင့် အတူ ရင်းနှီးစွာ နေရခြင်း ကြောင့် ပင် ဖြစ်ပါသည် ။ ထို့ကြောင့်ပင် သူ့ ကို ကျွန်တော် နှစ်သက်သည် ဟု ဆိုမိပါသည် ။ သူ ဆိုသည် ကား မလေးနွယ် တည်း ။

မလေးနွယ် က လှ၏ ၊ ချော၏ ၊ သို့သော် ဆင်းရဲသည် ။ ကျွန်တော် က အရုပ်ဆိုး၏ ၊ အကျည်းတန်၏ ၊ မလေးနွယ် ကဲ့သို့ ပင် လည်း ဆင်းရဲသူ ဖြစ်သည် ။ ထို့ကြောင့် ပင်လျှင် ဆင်းရဲသော သူ အချင်းချင်း သတင်းလွေ့လွေ့  ပေါင်းဖက် တွေ့ ခဲ့ရခြင်း ဖြစ်ပါသည် ။

သို့သော် မလေးနွယ် ၌ ခေါ်မည့် သူ ပြောမည့် သူ အရောဝင်မည့် သူ အလျှံပယ် လျက် ရှိ၏ ။ အကြောင်းမူ မလေးနွယ် ၏ အလှ ၌ ခုံမင်ယစ်မူး မျှော်လင့်ဇော ထားကြ ၍ ဖြစ်လေ၏ ။ ထိုကဲ့သို့ သဘော ထားလေ့ရှိသူများ ကား မလေးနွယ် နှင့် ဆန့်ကျင်ဘက် သဘာဝ ဖြစ်သော ယောက်ျားသား များ တည်း ။

ကျွန်တော့် ၌ မူ ခေါ်မည့် သူ ၊ ပြောမည့် သူ ၊ အရော ဝင်မည့် သူ ဟူ၍ နည်းပါးလှချေ၏ ။ အကြောင်းမူ ကျွန်တော် သည် အရုပ်ဆိုး၏ ။ အကျည်းတန်၏ ။ ကျွန်တော် ကဲ့သို့ သော ယောက်ျားသား နှင့် ဆန့်ကျင်ဘက် မိန်းမ တို့ ၌ ကား အလှအပ ဟူသည် မက်မောဖွယ်ရာ ဖြစ်၏ ။ ထို့ကြောင့်ပင် လျှင် ကျွန်တော့် ၌ ခုံမင်ယစ်မူး မျှော်လင့်ဇော ထားမည့် သူ ကင်းမဲ့လေခြင်း ဖြစ်သည် ။

ဤအခါ၌ ကျွန်တော့် အတွက် အားကိုးစရာ ကား မမတင့် သာ လျှင် ဖြစ်ချေတော့သည် ။ မမတင့် မှာ တစ်ကိုယ်ရေ တစ်ကာယ အပျိုကြီး ဘဝ နှင့် နေသူ ဖြစ်၏ ။ မိဘ နှစ်ပါး တွင် ရှိသည့် ပစ္စည်းပစ္စယ မှာ လည်း သူ့ အတွက် ဆို တစ်သက်တာ သုံး၍မျှ မကုန်နိုင်အောင် ဖြစ်၏ ။ ကျွန်တော် နှင့် မမတင့် မှာ မေမေ မှ တစ်ဆင့် သိကျွမ်းရသူများ ဖြစ် ကြ၏ ။ မမတင့် သည် ကျွန်တော် ခင်မင်သည်ထက် မမတင့် ကို မေမေ က ပို၍ လေးစားရ၏ ။ အကြောင်းမူ မေမေ့ ကုန်ဆိုင်ကလေး မှာလည်း မမတင့် ၏ ငွေကြေး ဖြင့် တည်ထောင် ထားရသော ဆိုင် ဖြစ်လေသောကြောင့် တည်း ။

တောနယ် သဘာဝ ဖြစ်၍ ကျောင်းချိန် မှ တစ်ပါး ကျွန်တော် ၌ အားလပ်လွန်းလှသည် ။ ပျော်ပွဲရွှင်ပွဲ ဟူ၍ လည်း မရှိလှချေ ။ ကျောင်း ဆင်း သည် ဆိုလျှင်ပင် မေမေ့ ဆိုင် သို့ရောက်၍ ဗာဟီရကိစ္စများ ကို ပြုလုပ်လေ့ ရှိသည် ။ မေမေ့ ကုန်ပစ္စည်းများ ကို သိမ်းဆည်းထုပ်ပိုး ၍ နေချိန်များ ၌ မေမေ မှာ ကျွန်တော့် ကို ကြည့်ကာ ဝမ်းသာအားရ ပြော ရှာပါသည် ။

“ ငါ့ သား ကတော့ သိပ်အားကိုးရတဲ့ သားပဲ ၊ မေမေ ဖြင့် ငါ့ သား ပင်ပန်း မှာ စိုးပါတယ်ကွယ် ၊ အိမ် ပြန် အေးအေးဆေးဆေး စာလေး ဘာလေး ကျက်ဦးပေါ့ ၊ မေမေ့ ဟာ မေမေ သိမ်းပါ့မယ် ... ” ဟုပင် မေမေ က ဝမ်းသာအားရ ပြော ရှာပါသည် ။

ဤအခါ၌ မေမေ့ အပြုံး ကိုကြည့်၍ ကျွန်တော် ပီတိ ဖြစ် ရပါသည် ။ တစ်ခါတစ်ရံ ဤသို့သော အချိန်များ ၌ ဆိုင် ရှေ့သို့ မမတင့် က ရောက် လာတော့သည် ။ သည်အခါများ ၌ မေမေ သည် တစ်ဦးတည်းသော သား ဖြစ်သူ ကျွန်တော့် အပေါ် ၌ ဂုဏ်ယူဝင့်ကြွားလိုဟန် ဖြင့် “ အဲဒါပဲ ကြည့်တော့ တင့်တင့် ရေ ... ညည်း မောင် က တော့ အတော် အားကိုး ရတယ် ။ ခုလည်း အမေ ပင်ပန်းမှာ စိုးလို့ ကျောင်း ဆင်းတာတောင် ဘယ်မှ မလည်ဘဲ အမေ့ အလုပ်တွေ ကူ လုပ်နေတယ် .. ” ဟု ပြော ရှာပါသည် ။

သည်အခါ ၌ မမတင့် က ကျွန်တော့် အပြုအမူ ကို ကြည့်၍ ခပ်ထေ့ထေ့ ပြုံးရင်း .….“ ခုတော့ ငယ်သေးတာ ကိုး အရီး ရယ် ၊ တော်တော်ကြာ ကျတော့ ကြိုက်တာ တွေ့ ရင် မိုက်ပါလိမ့်မယ် နော ” ဟု ပင် ရယ်သွမ်းသွေး၍ ပြောလိုက်ပါတော့သည် ။

မမတင့် ထိုကဲ့သို့ ပြောသွားခဲ့သော စကားရပ် ကို ကျွန်တော် မမေ့ နိုင်ပါချေ ။ ထို့ကြောင့်ပင်လျှင် မလေးနွယ် နှင့် ပတ်သက်၍ မမတင့် ကို ကျွန်တော် ဖွင့်ဟ ၍ တိုင်ပင် မိပါချေသည် ။

“ မမတင့် … မလေးနွယ် ကို သိသလား ဟင် ”

ရုတ်တရက် ကျွန်တော် ကောက်ကာငင်ကာ မေး လိုက်သော စကားကြောင့် မမတင့် မှာ အံ့အားသင့်သွားသည် ။

“ ဟဲ့ .. သိတာပေါ့ ၊ တို့ အနောက်လမ်း က ကုန်စိမ်းသည် မမယ်ခင် သမီးကလေး ပဲ ၊ မင်းတို့ ကျောင်း မှာ နေတယ် မဟုတ်လား ... ” ဟု ပင် ပြန်၍ ဖြေပါတော့သည် ။

“ ဟုတ်တယ် မမတင့် ... အဲဒီ ကောင်မလေး မလှဘူးလား ဟင် .. ” ဟု ပင် ကျွန်တော် က ဝမ်းသာအားရ ဆက်၍ မေး မိပါသည် ။

“ မင်းတို့ ခေတ် မျက်စိ နဲ့ တော့ လှ သပေါ့ကွာ ၊ အမှန် တော့ မိန်းကလေး ဆိုတာ ဒီ အရွယ် အလှဆုံး အချိန် ပဲ ၊ ယောက်ျားကလေးတွေ ရဲ့ မျက်စိ ထဲ မှာ ချစ်စရာ အကောင်းဆုံး အချိန်ကိုး ကွ ” ဟု မမတင့် က ဆက်၍ ပြောပြန်ပါသည် ။ ဤအခါ ၌ မမတင့် ၏ သိတတ်သော စိတ် ကို ကျွန်တော် ကြည့်၍ ချီးကျူးမိပါသည် ။

“ ဒါပေါ့ မမတင့် ရာ … မလေးနွယ် ကို ကျွန်တော် ရှင်းရှင်း ပြော ရရင် ချစ် နေမိတယ် ၊ သူ က လည်း ကျွန်တော့် ကို ချစ်တယ် ဆိုပါတော့ ”

ကျွန်တော် က မရှက်မကြောက်နိုင်ဘဲ ဖွင့်၍ ပြောမိသော အခါ မမတင့် မှာ ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည် ။

“ အံမာလေး မောင်မြလှိုင် ရာ မင်း က ခုမှ ကျောင်းသား ရှိ သေးတယ် ၊ ဟို ကလည်း ဆင်းရဲပါဘိ သ နဲ့ ၊ မင်း တို့ နှစ်ယောက် ချစ်ကြရုံ နဲ့ ပြီး မတဲ့လား ” ဟု ပင် မမတင့် က ရယ်ရလွန်း ၍ စို့ထွက်လာသော မျက်ရည်စများ ကို သုတ်ရင်း မေး ပြန်ပါတော့သည် ။

“ ဒါတော့ မမတင့် ရာ ဆင်းရဲတာ ချမ်းသာတာ ဘေးထား ၊ ချစ်တာ သာ ပဓာနမ ဟုတ်လား ၊ မမတင့် တို့ ခေတ် တုန်းက တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ ဆိုတဲ့ သီချင်း တောင် ပေါ် ဖူးသေးတယ် မဟုတ်လား ”

ကျွန်တော် က ဆင်ခြေ တက်မိသည် ။ မမတင့် မှာ အရယ် ရပ်လိုက် ပြီး “ အေးပေါ့ကွယ် ချစ်တုန်း ခင်တုန်း ဆိုတော့ လောကကြီး ရဲ့ စားဝတ်နေရေးကို ဘယ် သိကြဦးမလဲ ” ဟု သူ့စကား ကို ဤမျှ နှင့် ရပ် လိုက်ပါတော့သည် ။

ကျွန်တော့် မှာ မမတင့် နှင့် တွေ့တိုင်း ပင် မလေးနွယ် အကြောင်း ကို မပြောရဲအောင် ဖြစ် လာရတော့သည် ။ ကျွန်တော် နှင့် မလေးနွယ် ချစ်နေကြောင်း မမတင့် အား အသိ ပေး ခဲ့ခြင်းမှာ မှားယွင်း နေခဲ့ပြီလော ဟု သံသယ ဖြစ်ရပါသည် ။ အကြောင်းမူ မလေးနွယ် လို ဆင်းရဲသော သူများ အပေါ် ၌ မမတင့် ကဲ့သို့ ချမ်းသာသော သူများ က အထင် သေး လေ့ ရှိ တတ်သောကြောင့် ဖြစ်၏ ။ ထို့ထက် မမတင့် ၏ ငွေကြေးသြဇာရေး ၌ ခိုလှုံနေကြ ရသော ကျွန်တော် တို့ သားအမိ အပေါ် တွင် မမတင့် အနေ နှင့် ကျွန်တော့် နှင့် မလေးနွယ် ၏ ကိစ္စ ကို မေမေ့ အပေါ် ၌ တစ်စုံတစ်ခု ပြောလိုက်ခြင်း အား ဖြင့် ကျွန်တော်တို့ ၏ ချစ်ဗိမာန်ကလေး ပြိုပျက်သွားမည် ကိုလည်း စိုးရိမ် ရပါသေးသည် ။ ထို့ကြောင့်ပင်လျှင် မလေးနွယ် နှင့် တွေ့ သည့် အခါ၌ ကျွန်တော့် မှာ အလောသုံးဆယ် ဖြစ်ရပြန်သည် ။

“ ကိုယ်တို့ နှစ်ယောက် တစ်နေရာရာ ထွက် ပြေးကြပါစို့လား နွယ် ရယ် ၊ ကိုယ် တော့ နွယ် နဲ့ မြန်မြန် နေချင်လှပြီ ” ဟု ပူဆာ မိပါသည် ။

“ ဘာဖြစ်လို့ ဒီလောက် လောနေရတာလဲ ကိုမြလှိုင် ရယ် ၊ နွယ် က ဘယ် ထွက်ပြေး မှာ မှတ်လို့ နေ့တိုင်း ကျောင်း မှာ လည်း တွေ့ နေရတာပဲ ၊ အိပ် မှာ ဆိုရင်လည်း အိပ်တဲ့ မျက်စိ ပဲ ခွဲကြတာ မဟုတ်လား ဒါနဲ့များ ဘာတွေ တွေး ပူနေရတာလဲ ” ဟု မလေးနွယ် က ခပ်ပေါ့ပေါ့ ပင် ပြန်၍ ပြောပါသည် ။

“ မဟုတ်ဘူး နွယ် ၊ လူ ဆိုတာ ရှေ့ရေး ကို တွေးနိုင် မှ တော်ရုံ ကျတာ ၊ ရှေ့မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာလည်း ၊ တို့များ သိနိုင်တာ မဟုတ်ဘူး ၊ အခြေအနေ ဆိုတာ ရုတ်တရက် အမျိုးမျိုး ပြောင်းလဲ တတ်တယ် မဟုတ်လား ၊ မတော်လို့များ ဒီ ကြားထဲ မှာ နွယ့် ကို ဒီ့ပြင် လူ နဲ့ ပေးစား လိုက်ရင် ကိုယ် ရင် မကွဲရပါလား ”

ကျွန်တော် က စောဒက တက်မိသည် ။ ဤအခါ ၌ မလေးနွယ် က ဟက်ဟက်ပက်ပက် ရယ်ပါချေသည် ။

“ အံမယ်လေး ကိုမြလှိုင် ရာ အလုပ် မရှိ အလုပ် ရှာ ပူ တတ်ရင် ကော ၊ ဒိပြင် လူ နဲ့ ပေးစားလို့ကော နွယ် က ယူ မှာ တဲ့လား ၊ ချစ်ခြင်းမေတ္တာ ဆိုတာ နွယ် နဲ့ ကိုမြလှိုင် လို ဆင်းရဲတဲ့ လူ အချင်းချင်း မှ သာ နှစ်နှစ်ကာကာ ချစ် တတ်ကြတာ ။ ကိုမြလှိုင် ဘယ် ဘဝ ပဲ ရောက် နေနေ နွယ် ကတော့ ချစ် ရမှာပဲ ၊ ကိုမြလှိုင် က သာ ဒီ ဆင်းရဲတဲ့ ဘဝကြီး က လွတ်မြောက်အောင် ကြိုးစားဖို့ လိုတယ် ။ အဲဒီ အချိန် မှာ နွယ် နဲ့ ကိုမြလှိုင် ဘဝသစ် ကို ထူထောင်ကြဖို့ပဲ ရှိ တော့တာပေါ့ ” မလေးနွယ် က ရှည်လျားစွာ ရှင်းပြ လိုက်ပါတော့သည် ။ ဤသို့သော မလေးနွယ် ၏ စကား ကို ကြား ရသည်မှာ ကျွန်တော့် ရင် မှာ ဝမ်းသာချမ်းမြေ့ ရပါသည် ။ ဝမ်းသာအားရပင် မလေးနွယ် အား ကတိ တစ်ခု ကို လည်း ပေး မိပါတော့သည် ။

“ ဘာပဲဖြစ်ဖြစ် ကိုယ် ဒီနှစ် ဆယ်တန်း အောင် အောင် ဖြေမယ် ၊ ဆယ်တန်း အောင် ပြီး ရင် ရတဲ့ အလုပ် ကို ဝင် လုပ်မယ် ၊ ဘယ် အလုပ် ပဲ လုပ်ရ လုပ်ရ ရတဲ့ ငွေ နဲ့ ကိုယ့် ချစ်သူ ကို တစ်အိုးတစ်အိမ် ထား နိုင်ရင် ဘဝ မှာ ပျော်စရာ ပဲ ။ ဒီနေ့က စပြီး ကိုယ်တို့ နှစ်ယောက် နီးဖို့ အရေး အတွက် ကိုယ် မဖြစ်မနေ ကြိုးစားတော့မယ် ”

ကျွန်တော် ၏ စကား အဆုံး၌ ဝင်းပသွားသော မလေးနွယ် ၏ မျက်နှာကလေးကို မြင် လိုက်ရပါတော့သည် ။

( ၃ )

ပဲ့ မပါသော လှေ သည် လိုရာ ခရီး သို့ မရောက် ဟု ကျွန်တော် ကြားဖူးပါသည် ။ ရည်ရွယ်ချက် မရှိသော လုပ်ငန်း တစ်ခု သည်လည်း အောင်မြင်ခြင်း ပန်းတိုင် မရောက် ဟု ကျွန်တော် ကြားဖူးပါသည် ။ ကျွန်တော် ၌ မူ မလေးနွယ် နှင့် နီးရဖို့ ကြီးစွာသော ရည်ရွယ်ချက် က ရှိနေခဲ့၏ ။ ထို့ကြောင့် ပင် လျှင် ခဲရာခဲဆစ် ဖြင့် ကျွန်တော် ဆယ်တန်း အောင် ခဲ့ပါသည် ။

ဤအခါ၌ ကျွန်တော် အလုပ် တစ်ခု ကို ဝင်၍ လုပ် ရန် ကြံ မိသည် ။ ကျွန်တော် အလုပ် ရလျှင် မည်သည့် နည်းဖြင့် ဖြစ်စေ မလေးနွယ် နှင့် ပေါင်း ရမည်ကို ကြံစည် မိသည် ။ ဤအခါ၌ မေမေ နှင့် မမတင့် က ကျွန်တော် အလုပ် ဝင်မည့် ကိစ္စ တွင် ကန့်ကွက် ကြတော့သည် ။

“ သား အသက် လည်း ငယ်ပါသေးတယ် ကွာ ... ဆယ်တန်း အောင်ပြီး အလုပ် ဝင် လုပ်ရအောင် မေမေ လည်း စားလောက်သားပဲ ။ မေမေ့ လုပ်စာ နဲ့ တောင် ငါ့ သား ကို ဒီ အထိ ကျောင်း ထားလာခဲ့ သေးတာပဲ ၊ တက္ကသိုလ် ဆက် နေဖို့ ဘာ ပူစရာ လို သလဲ သားရယ် … ၊ ငါ့ သား ပညာရေး အတွက် ဆို မေမေ ကျွန်ခံ ရှာရရှာရ မပင်ပန်းပါဘူး ။ ငါ့ သားဆရာဝန်ကြီး ဖြစ် ချင်တယ် ဆို ... ကျောင်း သာ ဖြောင့်ဖြောင့် သွားပါ ၊ အလုပ် လုပ် ဖို့ စိတ် မကူးစမ်းပါနဲ့ ” ဟု မေမေက ကျွန်တော့် ကို ပြန်၍ တောင်းပန် ပြောဆိုပါချေတော့သည် ။

ကျွန်တော် အဘယ်ကြောင့် အလုပ် ဝင်၍ လုပ်ချင်ကြောင်း ကို ပြော ရမှာလည်း ခက်နေပါချေသည် ။

ပင်ပင်ပန်းပန်း ရှာဖွေ၍ သင်ရသော ပညာ နှင့် မိန်းမ ယူရမည့် အရေး ကို လည်း တွေးလိုက်လျှင် မချည့်စရာ ဖြစ်ရပါသည် ။

ထို့ကြောင့် ပင် လျှင် မေမေ့ ကို လိမ်၍ ပြောမိပါသည် ။ “ မေမေ က ချည့်ပဲ လုပ်ကျွေးရတာ ပင်ပန်းလှပြီ မဟုတ်လား ၊ ဒီ တစ်ခါ သားအလှည့် ဆိုတော့ မေမေ့ ကို သား ကလည်း လုပ်ကျွေးချင်သေးတယ် ” ဟု မေမေ့ အကြိုက် ကို လိုက်၍ ပြောမိပါသည် ။

ဤအခါ ၌ မေမေ့ မှာ အလွန်အမင်း ဝမ်းသာဟန် ဖြင့် “ အံမာလေး သားရယ် ၊ မေမေ ဖြင့် ဒီ စကား ကြားရတာ ဝမ်းသာလို့ မဆုံးပါဘူး ။ သား လုပ်စာ လည်း မေမေ မစားရက်ပါဘူး ။ မေမေ ပဲ သား ကို ပညာ ဆက်ပြီး သင်ပေးပါရစေဦး ။ ငါ့ သားဆရာဝန်ကြီး ဖြစ်တယ် ဆိုရင်  မေမေ က အိမ်ဦးခန်း က နေပြီး ဥပုသ်သီတင်း ဆောက်တည်ပြီး အေးအေးဆေးဆေး နေရမှာပေါ့ ။ ဒါကြောင့် ငါ့ သား ကျောင်း ဆက် နေပါကွယ် ” ဟု မေမေ က ဝမ်းသာ အားရ ဆို ရှာပါသည် ။

ကျွန်တော့် မှာ မိမိ ရည်ရွယ်ချက် ကို မိမိ ဖွင့်၍ ပြော လိုက်ချင်သော်လည်း ဘေး မှ မမတင့် က ရှိ နေသောကြောင့် ဘာမျှ မပြောသာဘဲ ရှိနေရတော့သည် ။

“ ဟုတ်သားပဲ မောင်မြလှိုင် .. ၊ ကိုယ့် မိဘ ထားနိုင်တုန်း ကျောင်း ဖြောင့်ဖြောင့် နေပေါ့ ။ သူများတွေ မှာ နေချင်ရက် နဲ့ တောင် မနေရဘူး ။ မင်း မှာ အခု ဘာ ပူစရာ ရှိ လို့လဲ ၊ အမေ တစ်ခု သား တစ်ခုပဲ ” ဟု မမတင့် က ပါ ဝင်၍ ပြော လာတော့သည် ။ သည်အခါ တွင် ကျွန်တော့် မှာ မိမိ အထုပ် ကို မိမိ မဖြေနိုင်ဘဲ ကျိတ်မှိတ် ငြိမ်သက်၍ နေရပါတော့သည် ။

ဤသို့ ဖြင့် ပင် ကျွန်တော် ရန်ကုန်တက္ကသိုလ် သို့ ဆက်လက် တက်ရန် ဆုံးဖြတ် လိုက်ရပါတော့သည် ။ ရန်ကုန် မသွားမီ တစ်နေ့ မှာ ပင် မလေးနွယ် ထံ သို့ သွား၍ နှုတ်ဆက် ရသည် ။ မခွဲစဖူး ခွဲ ရသည့်အချိန် ဖြစ်၍ မလေးနွယ် ၏ မျက်လုံးအိမ် ၌ မျက်ရည်အပြည့် ဖြင့် တွေ့  ရသည် ။

“ ကိုယ် လည်း စာ မကြာခဏရေး ပါ့မယ် နွယ် ... ၊ တကယ်တော့ ဘယ် သွားချင်ပါ့မလဲ ၊ ခုနေ အလုပ် ဝင် လုပ်တယ် ဆိုရင် နွယ် နဲ့ မြန်မြန်နီး ရမှာ ၊ ဒါပေမဲ့ မေမေ ကလည်း ကျောင်း ဆက်နေပါ ဆိုတော့ ကိုယ် မငြင်းသာ ဘူးပေါ့ ။ တစ်နည်းတော့ လည်း ကောင်းတာပဲ ၊ ဆရာဝန် သင်တန်း တက်ပြီး ဆရာဝန်ကြီး ဖြစ်တဲ့ အခါ နွယ့် ကို သည်ထက် ပိုပြီး လှလှပပ ထား နိုင်မယ်လို့ တွေး ပြီး စိတ် ကို ဖြေ ရတာပဲ ” ဟု ကျွန်တော် ပြော မိပါတော့သည် ။

ကျွန်တော့် စကားကြောင့် ပင် မလေးနွယ် ၏ မျက်နှာ မှာ ရွှင်ပြုံးလာဟန် ရှိ သော်လည်း ခဏချင်း မှာပင် ပြန်လည် ၍ ညှိုးငယ် သွားသည်ကို တွေ့ ရပါသည် ။

“ အင်းပေါ့လေ … ပညာရေး အတွက် ဆိုတော့လည်း မခွဲချင် ပေမယ့် ခွဲ ရဦးမှာပေါ့ ၊ ဘာပဲဖြစ်ဖြစ် နွယ် က တော့ ကိုမြလှိုင် နဲ့ နီးရမယ့် ရက် ကို ပဲ လက်ချိုး မျှော်နေမှာ ... ကိုမြလှိုင် က သာ ရန်ကုန် ရောက် လို့ ကောလိပ်ကျောင်းသူတွေ နဲ့ တွေ့ပြီး နွယ့် ကို မေ့ မသွားပါစေနဲ့ လို့ ဆုတောင်း ပါတယ် ။ ဘယ်အခါ ဖြစ်ဖြစ် နွယ် ကတော့ သစ္စာ မပျက်ဘူး ဆိုတာ ယုံ စေချင်ပါတယ် ”

နွယ်ဘက ဝမ်းနည်းတသ စွာ ပြော လိုက်ပါသည် ။ ဤသို့ဖြင့်ပင် နွယ့် အပါး မှ ကျွန်တော် ခွာ ခဲ့ရပါ၏ ။

( ၄ )

ကျွန်တော် တက္ကသိုလ်ကျောင်း သို့ ရောက် ၍ တစ်နှစ် မျှ ကြာသော ကာလ အတွင်း ဝယ် မလေးနွယ် ထံ မှ လွမ်းဆွတ်တသ သော စာများကို ရခဲ့ပါ၏ ။ ကျွန်တော် ၏ မေမေ ထံ မှလည်း အလားတူ သား ကိုအောက်မေ့သော စာ များ ကို ရခဲ့ပါ၏ ။

မလေးနွယ် ၏ စာ ၌ မူ အပူအပင် ကင်းလှချေ၏ ။ ကျွန်တော် မည်သည့် နေ့ ၌ ပြန် လာ၍ သူ့ အား လက်ထပ်မည့် အရေး ကို သာ လျှင် မျှော်မှန်း တမ်းတသော ချစ်သူတို့ ဘာဝ ပေးစာများ ဖြစ်၏ ။ သို့သော် မေမေ့ စာ ၌ မူ ကျွန်တော် မည်သည့် နေ့ ၌ ဆရာဝန်တစ်ယောက် ဖြစ်မည် ဆိုသည့် ကျွန်တော့် အနာဂတ်ရေး ကို တွေး၍ ကြိုးစားစေလိုသော စိုးရိမ်ပူပန်စာများဖြစ်၏ ။

မေမေ့ စာ ထဲ၌ ပင် ကျွန်တော် ၏ ပညာရေး ကိစ္စ ၌ ငွေကြေး ထောက်ပံ့မှု အကူအညီ ကို မမတင့် ထံ မှ အချို့အဝက် တောင်းယူ ထား ရသဖြင့် ကျွန်တော် စာ ကြိုးစားပါ မှ တန်ရုံ ကျမည့် အကြောင်း ပါ လာတတ်လေ့ ရှိသည် ။ ဤသို့ဖြင့် ပင် တစ်နှစ် လည် ခဲ့သည် ။

မေမေ့ ထံ မှ စာများ မှာ ရောက်လေ့ ရှိသော အချိန် ထက် စော၍ ရောက်လာ တတ်၏ ။ သို့သော် မလေးနွယ် ထံ မှ စာများ မှာ မူကား တစ တစ နှင့် နောက်ကျ၍ လာလေ့ ရှိ ရာ မှ တဖြည်းဖြည်း နှင့် စာအလာ ပါး ၍ သွားတော့သည် ။ နွေဦးရာသီ ကျောင်း ပိတ်၍ ကျွန်တော် မေမေ့ ထံ ပြန်ရန် စီစဉ်ချိန် တွင် မလေးနွယ် ထံ မှ နောက်ဆုံးသော စာ ကို ရ ခဲ့သည် ။ ပြင်းပြစွာ တုန်လှုပ်ရပါ၏ ။

ကိုမြလှိုင် …
        ဒီ စာ ကို နောက်ဆုံး အဖြစ် ရေးခဲ့ပါတယ် ၊ နွယ့် မိဘ တွေ ရဲ့ သဘော တူညီချက် အရ ဆန်စက်ပိုင်ရှင် ရဲ့ သား တစ်ယောက် နဲ့ လက်ထပ် ရပါတော့မယ် ၊ နွယ် ကိုမြလှိုင် ကို ချစ် ပါတယ် ။ ဒါပေမဲ့ နွယ့် မိဘ မှာ ဆင်းရဲတယ် ဆိုတာ လည်း ကိုမြလှိုင် အသိပဲ ၊ ဆင်းဆင်းရဲရဲ နဲ့ ကျောင်း ထားခဲ့ရတဲ့ မိဘ ရဲ့ အကြွေး တွေ ကျေဖို့ နွယ် ကချမ်းသာတဲ့ လူ ကို ယူ မှ ဆပ် နိုင်လိမ့်မယ် ။ နွယ့် အဖေ လည်း လေငန်း ရောဂါ နဲ့ ဘာမှ လုပ်နိုင်တာမဟုတ်ဘူး ၊ မေမေ က လည်း ခု မျက်စိ ကွယ်သွားပြီ ။ ဒီတော့ နွယ် ဒီလို အိမ်ထောင် ပြု မှသာ မေမေ နဲ့ ဖေဖေ ရဲ့ အသက် ရှင်နေမှု ဖြေရှင်း နိုင်လိမ့်မယ် လို့ ယူဆပြီး လက်ခံ လိုက်ရပါတယ် .…. ။

ကျွန်တော် စာ ကို ဆက် ၍ မဖတ်တော့ဘဲ ၊ ဤမျှနှင့် ပင် ရပ် လိုက်မိပါသည် ။ ကျွန်တော့်လက် များ လည်း တဆတ်ဆတ် တုန် လျက် ရှိသည် ။

“ ကောင်းပါပေတယ် နွယ်ရယ် ... အချစ် ကို ငွေကြေး နဲ့ လဲတယ် ဆိုတာ ခုမှပဲ လက်တွေ့ သိရတော့တယ် ။ တကယ်ဆိုတော့ လောကကြီး မှာ မိန်းမတွေ အတွက် လင် ယူတယ် ဆိုတာ ထမင်းအိုးကြီး တစ်ခု ကို အပိုင် သိမ်း လိုက်တာမျိုးပဲ ဆိုတာ ခုတော့ မောင် သိပါပြီ ။ တကယ်တော့ သစ္စာတရား ဆိုတာ လည်း မင်း တို့ မိန်းမတွေ မှာ ရှာလို့ မတွေ့ နိုင်တဲ့ အရာမျိုးပဲ ”

ကျွန်တော့် စိတ် ကို ကျွန်တော် မကျေမချမ်း ဖြစ်ရပါသည် ။ ထို့ကြောင့် ပင် လျှင် ကျောင်းပိတ်ရက် ၌ မပြန် တော့ဘဲ ရန်ကုန် တွင် ပေကပ်၍ နေမိသည် ။ မလေးနွယ် အတွက် ရင်ကွဲ မတတ် ပူပန်ခဲ့ရသော စိတ် တွေ ကို လည်း ကျိတ်မှိတ် ၍ ဖြေဖျောက် ရပါသည် ။ ကျွန်တော့် ဘဝ တစ်သက်တာ တွင် အချစ်ဦး ဖြစ် ခဲ့သော မလေးနွယ် အား ဆုံးရှုံးရချေပြီ ဟူသော အသိ က ကျွန်တော့် ရင် ကို ဖြင့် ခွဲ ၍ ဆား ပက်လိုက် သကဲ့သို့ ရှိ ပါတော့သည် ။ ကျွန်တော့် အား ချစ်လှပါသည် ဟု ဆိုခဲ့သော မလေးနွယ် တစ်ယောက် သူ့ ဘဝ ရပ်တည်ရေးအတွက် ကျွန်တော့် အလာ ကို မှ မစောင့်ဘဲ ငွေကြေး ချမ်းသာသူ ၏ ရင်ခွင် ၌ ဝင်ရောက် သွားလေသည့်အဖြစ် ကပင် ကျွန်တော့် စိတ် ၌ ပို၍ မကျေမချမ်း ဖြစ်ရတော့သည် ။ ထို့ကြောင့်ပင် မလေးနွယ် နှင့် တွေ့ လျှင် လက်ညှိုးငေါက်ငေါက် ထိုး၍ မှိုချိုး မျှစ်ချိုး ပြောဆိုပစ်လိုက်မည် ဟု လည်း ကျွန်တော် ဆုံးဖြတ် လိုက်မိပါတော့သည် ။

( ၅ )

လောက ဟူသည် မထေမဲ့မြင် ပြု တတ်လွန်းလှချေသည် ။

ကျွန်တော် ဥပစာသိပ္ပံ ဒုတိယနှစ် အောင်ပြီး ဆေးတက္ကသိုလ် တက် ရမည့် နှစ် ၌ မေမေ့ ထံ မှ စာ ရောက်၍ လာသည် ။ ဤ စာ ကား ကျွန်တော့်ရင် ကို ဓား ဖြင့် ခွဲ၍ ဆား ပက် လိုက်ပြန်သော စာ တည်း ။

လူကလေး
        မေမေ တော့ မရေးရမယ့် စာ မှန်း သိ ပေမယ့် အင်မတန် ချစ်လွန်းတဲ့ သား အတွက် သနားရက် နဲ့ ရေး လိုက်ရတယ် ။ မေမေ့ မှာ အခု ဆိုင် လည်း ဖြုတ် လိုက်ရပြီ ။ မေမေ လည်း ကောင်းကောင်း မကျန်းမာဘူး ။ ဒါကြောင့် သား ရဲ့ရှေ့ရေး အတွက် မေမေ စိုးရိမ်မိတယ် ။ တကယ်တော့ သား ခုလောက် ထိ ပညာ သင်ခွင့် ရအောင် ထောက်ပံ့လာ သူ က မေမေ မဟုတ်ဘူး သား ရဲ့မမတင့် ပဲ ။

        မေမေ့ မှာ တင့်တင့် ကို ပေးဆပ်စရာ ကြေးငွေတွေ ကို တွက် လိုက်ရင်တော့ ဒီ တစ်သက် မှာ မေမေ ဘယ်နည်း နဲ့ မှ ဆပ် နိုင်လိမ့်မယ် မထင်တော့ပါဘူး ။ ခုလည်း ရှေ့ ဆက်ပြီး သားဆရာဝန် ဖြစ်တဲ့ အထိ ဘယ်နည်းနဲ့ မှ မေမေ မထောက်ပံ့ နိုင်တော့ဘူး ။ ဒီတော့ ရှေ့ဆက်ပြီး ထောက်ပံ့ရမယ့် သူ က တင့်တင့် ပဲ ဖြစ်လိမ့်မယ် ။

        တင့်တင့် က လည်း သူ ရထိုက်တဲ့ အခွင့်အရေး တစ်ရပ် အနေနဲ့ မေမေ့ အပေါ်  မှာ တောင်းခံလာတယ် ၊ မေမေ့ အနေ နဲ့ ကလည်း ဒီ အခွင့်အရေး ကို ပေးမှ အနာဂတ်ရေး ကောင်း လိမ့်မယ် လို့ ထင် မိတယ် ။ ဒီအခွင့်အရေး က တော့ ငါ့ သား ကို ရှေ့ဆက် ဆရာဝန် ဖြစ်အောင် ထောက်ပံ့ဖို့ ကိစ္စ မှာ တင့်တင့် ကို လက်ထပ် မှ သာ အားလုံး အဆင် ပြေ လိမ့်မယ် ဆိုတာ မေမေ ပြောချင်တယ် ။ ဒါကြောင့် ဒီ ကျောင်း ပိတ်ရင် ပြန်ဖြစ်အောင် ပြန်ခဲ့ပါ ။ မေမေ့ စကား ကို သား နားထောင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် .…. ။

မေမေ့ စာ ကို ဖတ် ပြီးသည် ၌ ကျွန်တော့် တစ်ကိုယ် လုံး လျှပ်စစ် မိသကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ သွား မိတော့သည် ။ စိတ် ထဲ ၌ လည်း မခံချိသော ဝေဒနာ က ပြင်းပြစွာ ခံစား လျက် ရှိပါသည် ။

ကျွန်တော် ချစ်သော ချစ်ဦးသူ မလေးနွယ် ကို ဆုံးရှုံး ရသည့် ဝေဒနာ ထက် ကျွန်တော် မချစ်သော မမတင့် ကို လက်ဆက် ရမည့် အရေး က ကျွန်တော့် အတွက် ဆရာဝန် တစ်ယောက် ဖြစ်လာသည့် တိုင်အောင် ကိုယ်တိုင် ကုစား ၍ ရမည် မဟုတ်သော ဝေဒနာ ဟု ထင်မိပါသည် ။

နောက်ဆုံးတွင် ကျောင်း ပိတ်ရက် ၌ မေမေ့ ထံ သို့ ကျွန်တော် ပြန်ခဲ့ရပါတော့သည် ။ အကြောင်းမူ မေမေ့ ကို သနားသောကြောင့် တည်း ။

( ၆ )

တင်ကျီးငှက် တို့ မည်သည် ရေအောက် သို့ ငုပ်လျှိုး ၍ ငါး ကို ရှာ ရ၏ ။ ဥဗျိုင်း တို့ မည်သည် လည်း ကုန်းပေါ် ၌ တစ်ထောက် နား ၍ ငါး ကို ရှာရ၏ ။ စင်စစ်တော့ ဝမ်းစာ ရှာပုံ ရှာနည်း ကား အတူတူ တည်း ။

မလေးနွယ် သည် သူ့ ဘဝ ရှေ့ရေး အတွက် သူဌေး ၏ သား နှင့် လက်ထပ် လိုက်၏ ။ သူ့ အတွက် ကုန်းပေါ် ၌ တစ်ထောက် နား ၍ ငါး ကို ရှာရသော ဥဗျိုင်းငှက်ငယ် တည်း ။

ကျွန်တော် သည် မမတင့် နှင့် ကျွန်တော့် ဘဝ ရှေ့ရေး အတွက် လက်ထပ် လိုက်ရ၏ ။ ရေအောက် သို့ ငုပ်လျှိုး ၍ ငါး ကို ရှာရသော တင်ကျီးငှက် ကဲ့ သို့ တည်း ။

ကျွန်တော့် အတွက် ဆင်းရဲငတ်မွတ်ခြင်း က တံခါးမကြီး ကို လာ၍ ခေါက်သော အခါ တွင် ချစ်ခြင်းမေတ္တာ တို့ သည် လည်း ပြတင်းပေါက် မှ ထွက်ခွာ ပြေး သွားလေပြီ တကား ။

◽ကောက်လှိုင်း

🗒️မြဝတီ မဂ္ဂဇင်း
     ဧပြီ ၊ ၁၉၆၅

#ကိုအောင်နိုင်ဦး

*

No comments:

Post a Comment