Thursday, September 22, 2022

သူရဲဘောကြောင်တဲ့ လူညံ့ ( ၅ )


 

အခန်း ( ၅ )

ဈေးရောင်းပွဲတော် က မျှော်လင့်ထားသည် ထက် ပိုပြီးစည်ကား အောင်မြင်နေသည် ။ ပရိသတ်တွေ က ကျိတ်ကျိတ် တိုးနေ၏ ။

ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တွေ ၊ အဆိုတော်တွေ ရှိသော ဆိုင်ခန်း တိုင်း မှာ အော်တိုလက်မှတ် ထိုးခိုင်းသူတွေ ၊ အမှတ်တရ ဓာတ်ပုံ တွဲရိုက်ကြသူတွေ ၊ ဈေးဝယ်ကြသူတွေ နှင့် ပြည့်ကျပ် နေသည် ။

သီချင်းသံတွေ က လည်း ဆိုင်တိုင်း က အပြိုင် ဖွင့်ထားကြသော ကြောင့် ဆူညံလုံးထွေးနေ၏ ။ စကား ပြောလျှင် ပင် သဲသဲကွဲကွဲ မကြားရ ။

မြနဒီ နှင့် သူ့ မိတ်ဆွေတွေ ကတော့ ဆိုင်ခန်း တိုင်း ကို လျှောက် သွားကာ လာရောက်ကူညီသော အနုပညာရှင်များ ကို ကျေးဇူး တင်ကြောင်းပြောရင်း နှုတ်ဆက်နေသည် ။ ရောင်စုံမီးများ ကြား မှာ လူတိုင်း က တောက်ပနေ၏ ။ ပျော်ရွှင်သော မျက်နှာများ ကလည်း တဖိတ်ဖိတ် လက်နေသည် ။

အနုပညာရှင်တွေ နှင့် ပရိသတ်တွေ လူးလားခေါက်တုံ့ တိုးဝှေ့ပျော်ရွှင်နေကြ သည့် ဆိုင်တန်း ၏ အစွန်ဆုံးထောင့် တစ်နေရာ တွင် ' မေးခွန်းဆိုင် ' ဟု ဆိုင်းဘုတ် တင်ထားသော ဆိုင်ခန်းကလေး တစ်ခု ရှိနေသည် ။

ဆိုင်ခန်း အပြင်ဘက် တွင် စားပွဲတစ်လုံး ချ ထားပြီး ဗီဒီယိုဒါရိုက်တာကြီး ရတနာပုံစောဝင်း က ခံ့ခံ့ညားညား ထိုင် နေသည် ။ သူ့ ရှေ့ရှိ စားပွဲ ပေါ်တွင် ...

“ ကြိုက်ရာမေးခွန်း မေး မဖြေနိုင်လျှင် ငွေပြန်အမ်းမည် ။
မေးခွန်း ( ၃ ) ခု ၁ဝဝဝိ/ ကျပ်
မှတ်ချက် ။ အစားအသောက်များ ယူဆောင်လာခြင်း မပြုရ ။
အပြင်မှာ ထားခဲ့ပါ ”

ဟု စက္ကူ ပိုစတာ တွင် ရေးပြီး သေသေသပ်သပ် ထောင် ထားသည် ။

ဆိုင်ရှေ့ ရောက်လာသူတွေ က အထဲ သို့ လှမ်း ကြည့်ကြသော်လည်း ဘာမှ မမြင်ရ ။ ဆိုင် ၏ ဝဲယာ နံရံ နှစ်ဖက် တွင် လိုက်ကာ အပြည့် ကာ ထား၏ ။ ဈေးတန်းဘက် သို့ မျက်နှာ မူ ထား သည့် အတွင်း နံရံ ကား သုံးထပ်သား ပြား ဖြစ်ပြီး ထို အပေါ် တွင် ဦးစောဝင်း ၏ ကာတွန်းရုပ်ပြောင် ပုံ တူ ကို ရေးဆွဲ ထားသည် ။ မျက်စိ နေရာ မှာ မီးလုံး အနီရောင် တပ်ဆင် ထားသည် ။ ရုပ်ပြောင် ၏ ပါးစပ် နေရာတွင်တော့ အပေါက် ဖောက် ထား၏ ။ ထို ကာတွန်း ပုံတူ ၏ နောက်ဘက် အမှောင် ထဲ တွင် ကုလား ထိုင် တစ်လုံး ဖြင့် ထိုင် နေရသူကတော့ စိုးရှား ... ။

မေးလာသမျှ မေးခွန်းတွေ ကို အပေါက် ဖောက် ထားသော ကယ်ရီကေးချား ရုပ်ပြောင် ၏ ပါးစပ်ပေါက် မှ ပြန် ဖြေ ပေး နေရ၏ ။

ပရိသတ် က လူပေါင်း စုံ ဖြစ်သောကြောင့် မေးလာသမျှ မေးခွန်းတွေ ကလည်း အမျိုးမျိုး ။ တချို့က တကယ် သိချင် ၍ မေးသည် ။ တချို့ကျတော့လည်း နောက်ချင် ပြောင်ချင် ၍ မေးသည် ။ တချို့ကျပြန်တော့လည်း မဖြေနိုင်အောင် တမင် ညစ်ပြီး မေးသည် ။

ကောင်မလေး တစ်ယောက် က မေးသည် ။

“ တိရစ္ဆာန်တွေ ထဲ မှာ အသိဉာဏ် အနည်းဆုံး သတ္တဝါ လို့ သိပ္ပံပညာရှင်တွေ က သတ်မှတ် ထားတာ ဘာ အကောင် လဲ ”

ကန့်လန့်ကာ နောက်ကွယ် မှ စိုးရှား က ...

“ ကြက်ဆင် ပါ ... မိုး ရွာ ချလို့ တစ်ကောင် လုံး စို နေရင်တောင် မိုး လွတ်တဲ့ နေရာ ခို ဖို့ ဗီဇ အသိဉာဏ် မပါလို့ပါပဲ ...”

ဒုတိယမေးခွန်း က ပို ခက်လာသည် ။

“ လူ တော်တော်များများ က ဒီဇင်ဘာ ၂၅ ရက် နေ့ ကို သခင်ယေရှု ရဲ့ မွေးနေ့ လို့ ပြောကြတယ် ၊ ဒါပေမယ့် ဂန္ဓာရီကျမ်း တစ်အုပ် ထဲ မှာ ကျတော့ ယေရှု ကို မွေးတာ ဟာ မေလ ထဲ မှာ ဖြစ်နေတယ် ၊ ဘာဖြစ်လို့ အဲဒီလို ကွဲလွဲနေတာလဲ ...”

စိုးရှား က ...

“ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုတွေ တစ်ခု နဲ့ တစ်ခု ရောနှော ပေါင်းစပ်သွားလို့ပါ ၊ တကယ်တော့ ဒီဇင်ဘာ ၂၅ ရက် နေ့ ဟာ ခရစ်တော် မတိုင်ခင် ကိုးကွယ်ခဲ့တဲ့ ' မစ်သရာ ' နတ်ဘုရား ရဲ့ မွေးနေ့ပါ ၊ မစ်သရာ နတ်ဘုရား ဟာ ဒီဇင်ဘာလ ၂၅ ရက် နေ့ မှာ မွေးတယ် ၊ ‌ေ+သ တော့လည်း ဒီဇင်ဘာ ၂၅ ရက် နေ့ မှာပဲ ‌ေ+သ တယ်လို့ ယုံကြည်ကြပါတယ် ၊ မစ်သရာ ဟာ ‌ေ+သ ပြီးတဲ့ နောက် ကျောက်ဂူ ထဲ မှာ အလောင်း ကို ပိတ်လှောင်ခံထား ရပြီး သုံးရက်မြောက် မှာ ရှင်ပြန် ထမြောက်တယ် ”

နောက်ဆုံး မေးသည့် မေးခွန်းက တမင် ညစ်မှန်း အတော် သိသာ၏ ။

“ ဝေသန္တရာဇာတ် ကို ဗုဒ္ဓ ဟာ ဘယ်အချိန် ဘယ်နေရာ မှာ ဟော ခဲ့တာလဲ ...”

“ ကဆုန် လဆုတ် ( ၁ ) ရက် ၊ အင်္ဂါနေ့ ပါ နေရာ ကတော့ နိဂြောဓာရုံ ကျောင်းတိုက် မှာပါ ...”

မေးသည့် ပိန်ပိန်ရှည်ရှည် ကောင်မလေး ကတော့ အံ့ဩအူမြူးပြီး ပြန် ထွက်သွား၏ ။ ကန့်လန့်ကာ နောက်ကွယ် မှ စိုးရှား ကတော့ ချွေး ပြန်လျက် ကျန်ရစ်သည် ။

     •••••   •••••   •••••   •••••

ဆိုင်ရှေ့ မှာ ပိုက်ဆံတွေ အထပ်လိုက် သိမ်းရင်း အတည်ပေါက်ကြီး ကောင်းစားနေသူ က တော့ ... ဦးစောဝင်း ။

ပေါ့သေးသေး စောဝင်း မဟုတ် ... သာမညောင်ည စောဝင်း မဟုတ် ...

ရတနာပုံစောဝင်း ...

အကြံ က တော့ ကြီးသည် ။

“ အစားအသောက်များ ယူဆောင်လာခြင်း မပြုရ ၊ အပြင် မှာ ထားခဲ့ပါ ”

ဟူသော ဆိုင်းဘုတ် ကို အကြောင်းမဲ့ ချိတ်ဆွဲထားခြင်း မဟုတ် ။ သေသေချာချာ အပိုင်တွက် ပြီးမှ ရေး ထားခြင်း ဖြစ်၏ ။

ပွဲဈေးတန်း လျှောက်သူတိုင်း လိုလို က သူတို့ နှင့် သိကျွမ်းသော မိတ်ဆွေတွေ အနုပညာရှင်တွေ ရောင်းသော ဆိုင်များ မှ အသားကင်တွေ မုန့်တွေ ဝယ်လာခဲ့ကြသူတွေ ချည်း ဖြစ်သည် ။

မေးခွန်းဆိုင် ထဲ သို့ ဝင်မည် ဆိုသောအခါ လက်ထဲ မှ စားစရာ မှန်သမျှ ကို ဦးစောဝင်း ရှေ့ က စားပွဲ ပေါ် မှာ ထား ပစ်ခဲ့ရသည် ။ မေးခွန်း သုံးခု မေးပြီး ပြန် ထွက်လာကြသည့် အခါတွင်တော့ တွေဝေ အံ့ဩစိတ်တွေ ၊ ချီးမွမ်းအူမြူး ပျော်ရွှင် စိတ်တွေ ဖြင့် စားစရာတွေ ကို ပြန် ယူဖို့ မေ့သွားကြသည်က များ၏ ။

အဲသည်လို တမင် အမေ့ခံထားသော မုန့်တွေ အသားကင်တွေ ကို ဘီယာ ဖြင့် မြည်းသူကတော့
ပုဂ္ဂိုလ်ကျော်ကြီး ... ရတနာပုံစောဝင်း ။

     •••••   •••••   •••••   •••••

' မေးခွန်းဆိုင် ' လေး ၏ သတင်း က ပွဲဈေးတန်း တစ်လျှောက် တစ်စ ထက် တစ်စ ပျံ့နှံ့သွားသည် နှင့်အမျှ ဆိုင်ရှေ့ တွင် လူ ပို အုံလာ၏ ။

အထူးသဖြင့် ပိုပြီး ကတ်သီးကတ်သတ် မေးမည့် လူတွေ ၊ ပညာ စမ်းသည့် လူတွေ အတော်များများ ရောက်လာ
ကြသည် ။

တစ်ချို့ကတော့ အငိုက်ဖမ်းသည့် မေးခွန်းတွေ မေး ကြ၏ ။ ဥပမာ

“ အိမ်သာ ကို အင်္ဂလိပ်ဝေါဟာရ နဲ့ ဘယ်နှစ်မျိုးလောက် အခေါ်အဝေါ် ရှိသလဲ ...”

စိုးရှား က အမြှောက်အလီပေါင်း ရွတ် သလို ရွတ် ပြလိုက်သည် ။

“ လိုက် မှတ်ထားဗျာ ... ( ၁ ) Toilet ( ၂ ) Latrine  ( ၃ ) Lavatory ( ၄ )  bog ( ၅ ) necessary house ( ၆ ) bathroom ( ၇ ) cloakroom ( ၈ ) outhouse ( ၉ ) powder room ( ၁ဝ ) privy ( ၁၁ ) Urinal ( ၁၂ ) garderobe ( ၁၃ ) sewer ( ၁၄ ) public convenience ( ၁၅ ) wash room ( ၁၆ ) water closet ( ၁၇ ) Wc။( ၁၈ ) Loo ( ၁၉ ) smallest room ( ၂ဝ ) earth closet ( ၂၁ ) Netty ဆိုပြီး နှစ်ဆယ့်တစ် မျိုး ရှိတယ် ...”

တစ်ချို့ကျတော့လည်း သမိုင်း ထဲ က ဝိဝါဒ မကွဲသည့် ကိစ္စများ ကို အပိုင် ချည်တုပ်ပြီး မေးခွန်း ထုတ်ကြသည် ။

“ ဂူပြောက်ကြီး ကို တည်တဲ့ ရာဇကုမာရ ဟာ ဘယ်သူလဲ ”

အဲသည်လို မေးခွန်းမျိုး ကိုတော့ ဆုတ်သာ တက်သာအောင် နှစ်ခွ ဖြေရ၏ ။

“ စောလူးမင်း နဲ့ မဏိစန္ဒာ တို့ ရဲ့ သား ဖြစ်မယ်လို့ ပညာရှင်တွေ က သုံးသပ် ထားကြပါတယ် ၊ ပါးစပ် ရာဇဝင် ထဲ မှာတော့ ကျန်စစ်သား နဲ့ သမ္ဘူလ တို့ ရဲ့ သား ဖြစ်တယ်လို့ အတော်များများ က ယုံကြည်နေကြတုန်း ပါပဲ ”

ဂမ္ဘီရပညာ ကို စိတ်ဝင်စားသည့် တစ်ယောက် တလေ လောက် ကတော့ စိတ်ဝင်စားဖွယ် မေးခွန်းမျိုး မေးတတ်ကြသည် ။

“ အနောက်တိုင်း လောကီပညာရှင်တွေ က ( ၁၃ ) ရက် သောကြာ နေ့ ကို ကြောက်ရွံ့ကြတာ ဘာဖြစ်လို့လဲ ”

“ ဆော်လမွန် ဝတ်ကျောင်းတော် ထဲ က ယေရှုခရစ် ရဲ့ သိုဝှက်သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ နဲ့ လျှို့ဝှက်ချက် တွေ ကို ကာကွယ်‌စောင့်ရှောက်တဲ့ အဖွဲ့ ရှိပါတယ် ၊ သူတို့ ကို ဝတ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ ( Knights Templar ) လို့ ခေါ်တယ် ။ သူတို့ဟာ ဘုရားကျောင်းပျက် ထဲ က မြင်းဇောင်း မှာ အခြေ ချပြီး မြင့်မြတ်တဲ့ မြေ ကို ကာကွယ် ကြတယ် ။ နောက်ပိုင်း မှာ စတုတ္ထမြောက် ဖိလစ်ဘုရင် ဟာ သူတို့ ကို သတ်မိန့် ထုတ်ပြန်ပြီး ၁၃ဝ၇ ခုနှစ် ၊ အောက်တိုဘာ လ ( ၁၃ ) ရက် သောကြာနေ့ မှာ တိုက်ခိုက်မီးရှို့ သ +တ်ဖြတ်ခဲ့တယ် ၊ အဲဒီက နေပြီးတော့မှ ( ၁၃ ) ရက် သောကြာ နေ့ ဟာ ကံမကောင်းဘူး ဆိုတဲ့ အယူအဆ ပေါ်လာတာပါပဲ ”

တစ်ချို့ကတော့ ယုံရကောင်းနိုး မယုံရကောင်းနိုး ဖြစ်နေသည့် ကိစ္စများကို သူခိုး သေဖော်ညှိ ဖို့ မေးခွန်း ထုတ်ကြခြင်း ဖြစ်၏ ။

“ အနော်ရထာမင်း လက်ထက် မှာ အရည်းကြီး တွေ ရဲ့ ပန်းဦး လွှတ်တဲ့ ထုံးစံကို ဖျက်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာ ကို ထူထောင်တယ် လို့ ရုပ်ရှင်ကား တစ်ကား ထဲ မှာ ကြည့် လိုက်ရတယ် ၊ အဲဒါ ဟုတ်သလား ”

“ အနော်ရထာ လက်ထက် မှာ အရည်းကြီး ဆိုတာ မပေါ်ပေါက်သေးပါဘူး ၊ ပုဂံခေတ် နှောင်း ကျမှ အရည်းကြီး ဆိုတာ ပေါ်တာပါ ၊ ပန်းဦး လွှတ်တယ် ဆိုတဲ့ ဓလေ့ ဟာ လည်း ပါးစပ် ရာဇဝင်ပဲ ရှိပါတယ် ၊ အထောက်အထား မတွေ့ပါဘူး ၊ ဗုဒ္ဓဘာသာ ဆိုတဲ့ အသုံးအနှုန်း ဝေါဟာရ ကလည်း ကုန်းဘောင်ခေတ် ဘိုးတော်မင်း လက်ထက် ကျ မှ ပေါ် တာပါ ၊ အဲဒီမင်း မတိုင်ခင် က သမ္မာဒိဋ္ဌဘာသာ လို့ပဲ ခေါ်ပါတယ် ”

ကြာလာသည်နှင့် အမျှ မေးခွန်းတွေ က ပိုပိုပြီး ခက်လာသည် ။ စိုးရှား ကတော့ ဆိုင်အဝင် ဝ မှာ ထိုင်ပြီး လူတွေ တစ်ယောက် ပြီး တစ်ယောက် သွင်းနေသည့် သူ့ ဦးလေး ဆီ ပြေး သွားပြီး ' တော်ပါတော့ ' ဟု ကုန်းအော် ပစ်လိုက်ချင်နေသည် ။

သူ့ ဝဋ်ဒုက္ခ က လည်း မသေးလှ ။

     •••••   •••••   •••••   •••••

ဆိုင်ရှေ့စားပွဲ တွင် ထိုင်ရင်း ဘီယာ ကို တစ်ငုံ စုပ်လိုက် အသားကင် တစ်ကိုက် ဖဲ့လိုက် လုပ်နေသော ဦးစောဝင်း ကား သူ့ ရှေ့တွင် လာ ရပ်သော မိန်းကလေး တစ်ယောက် ကို မြင် လိုက်ရသောအခါ မျက်လုံး ပြူးသွား၏ ။

ဆိုဖီယာ လပြည့်ဝန်း ... ။

ဟောသည် ကောင်မလေး က မြနဒီ ၏ တူမလေး ... ။ ဆိုဖီယာလပြည့်ဝန်း နှင့် အတူ ပါလာသော ဆံပင်အဖြောင့် နှင့် မိန်းမပျိုလေး ကို တော့ ဦးစောဝင်း မှတ်မိ နေသည် ။ စောစောကလေး တင် ပိုက်ဆံ တစ်ထောင် ဖိုး မေးခွန်း သုံးခု မေးပြီး ပြန် ထွက်သွားခဲ့သည်ပဲ ။ ( ဗီစီဒီသရုပ်ဆောင်လား မော်ဒယ်လား မသိ ။ သူ နာမည် မေ့နေသည် ။ )

ဆိုဖီယာလပြည့်ဝန်း ကိုတော့ ဦးစောဝင်း က ပျာပျာသလဲ နှုတ်ဆက် လိုက်၏ ။

“ သမီး ဆိုင်တွေ လျှောက်ကြည့်နေတာလား ...”

“ ဟုတ်တယ် ဦး ... တခြား ဆိုင်တွေ ကိုတော့ ဝိုင်း ကူ ပေးခဲ့ပြီးပြီ ၊ ဦး ရဲ့ ဆိုင် က စိတ်ဝင်စားဖို့ ကောင်းတယ် ... ဆိုပြီး ဟောဒီ က ဧပရယ် က အတင်း ဆွဲ ခေါ်လာလို့ ...”

သူမ ဘေးမှ ပိန်ပိန်သွယ်သွယ် မော်ဒယ်မလေး ကို လက်ညှိုး ထိုး ပြပြီး ဖြေသည် ။ ဦးစောဝင်း က ထုံးစံ အတိုင်း ဟက် ... ဟက် ... ဟက် ... ဟု ရယ်မောလိုက်ရင်း ...

“ သမီး ရဲ့ အန်တီလေး ကော မပါဘူးလား ...”

အလိုက်အကန်းဆိုး မသိစွာဖြင့် သူ့ လိုရင်း ကိုသာ အတင်း ဇွတ် မေးလေတော့သည် ။ ဆိုဖီယာလပြည့်ဝန်းကတော့ ...

“ ပါတယ် ဦး ရဲ့ ... အန်တီလေး က နောက်မှာ ကျန်ခဲ့လို့ ... ဟော ဟိုမှာ လာနေပြီ ...”

သူ ဆိုင်ခန်း ရှိရာ ဆီ သို့ လျှောက် လာနေသော မြနဒီ ကို တွေ့ လိုက်ရသည် နှင့် တစ်ပြိုင်နက် ဦးစောဝင်း တစ်ယောက် ထ ရမလို ထိုင် ရမလို လက်သီးလက်မောင်း တန်းပြီး ဟစ်ကြွေး လိုက်ရတော့ မလိုလို ... ကိုယ့် အသား ကိုယ် ပြန် ကုန်း ကိုက်ရတော့ မလိုလို ... ဘာ ဖြစ်ချင်မှန်း မသိအောင်ကို ဂနာမငြိမ် ဖြစ်နေလေတော့သည် ။

“ ဘယ်လိုလဲ ... ဒါရိုက်တာကြီး ရန်ပုံငွေတွေ တော်တော် ရနေပြီလား ...”

မြနဒီ က လေသံချိုမြမြ ဖြင့် နှုတ်ဆက် လိုက်သည် ။ ဦးစောဝင်း က ...

“ ဟက် ... ဟက် ... သိပ် အများကြီးတော့ မရသေးဘူး ဒီ ၊ သုံးသောင်း နီးနီးလောက်တော့ ရှိနေပြီ ၊
အလှူငွေ ကို အခု တစ်ခါတည်း ဒီ့ လက်ထဲ ကိုပဲ အပ် လိုက်တော့မယ်လေ နော် ...”

“ ဟင့်အင်း ... မယူသွားသေးဘူး ... ပွဲပြီးတော့မှ ပဲ စာရင်း နဲ့ အပ်လေ ... ကျွန်မ လည်း အဲဒီတော့ မှ ဆိုင်ခန်း တစ်ခန်း စီ က ဘယ်လောက် ရတယ် ဆိုပြီး တွက် လို့ အဆင် ပြေမှာ ...”

“ အိုကေ ... အိုကေ ... ဒီ့ သဘော အတိုင်း ဖြစ်စေရမယ် ”

ဦးစောဝင်း တစ်ယောက် ပျာလောင်ခတ်နေချိန် တွင် ဆိုဖီယာလပြည့်ဝန်း ကတော့ ဆိုင်ခန်း အဝ ရှိ ဆိုင်းဘုတ် ကို ကြည့်ပြီး မျက်မှောင် ကုပ်နေ၏ ။

ထိုနောက် သူမ ၏ သူငယ်ချင်း ဧပရယ် ကို အသာအယာ လက် ကုတ်ပြီး တိုးတိုး မေးသည် ။

“ ဘာလဲဟ ... မေးခွန်းသုံးခု ကို တစ်ထောင်ကျပ် ဆိုတော့ ဗေဒင်ဆရာလား ”

ဧပရယ် က ...

“ ဟာ ... မဟုတ်ဘူးဟ ... ဟိုဒင်း ငါလည်း ဘယ်လို ရှင်း ပြရမလဲတောင် မပြောတတ်တော့ဘူး ၊ နင့် ဘာသာ နင် ပဲ ဝင် သွားပြီး ကြိုက်တဲ့ မေးခွန်း သုံးခု မေး ကြည့်ပေ တော့ ၊ သူ မဖြေနိုင်လောက်ဘူး ထင်တဲ့ ဟာတွေ မေး ကြည့်ဟာ ၊
ဒါတောင်မှ ဖြေနိုင်သေးတယ် ဆိုရင်လည်း တစ်ထောင် ပေး ရတာ တန်ပါတယ် ၊ သူ မဖြေနိုင်ရင်တော့ ကိုယ့် ပိုက်ဆံ ကိုယ် ပြန် ယူပြီး ထွက် လာရုံပေါ့ ...”

ဆိုဖီယာလပြည့်ဝန်း ၏ မျက်ခုံးမွှေးနက်နက် တစ်စုံ က အလယ် သို့ ပိုပြီး ကွေးညွှတ် စု ဝင်သွားကြ၏ ။

“ မေးခွန်းတွေ ကို ဖြေ ပေးနေတာ ဘယ်လို လူစားလဲ ...”

ဟု သူမ သိချင် လာသည် ။ ထို့ကြောင့် ဆိုဖီယာလပြည့်ဝန်း က သူမ ၏ ပိုက်ဆံအိတ် ထဲ မှ တစ်ထောင်တန် ငွေစက္ကူတစ်ရွက် ကို ထုတ် ယူကာ အလှူခံပုံး ထဲ သို့ ထည့် လိုက်၏ ။

ထိုနောက် သူမ အခန်း ထဲ သို့ လှမ်း ဝင်လိုက်တော့သည် ။

     •••••   •••••   •••••   •••••

အခန်း ထဲသို့ ဝင်လာ သူ ကို ကာတွန်းရုပ် ၏ ပါးစပ်ပေါက် မှတစ်ဆင့် စိုးရှား ဘက်ကတော့ လှမ်း မြင်နေရ၏ ။

သူမ ဘယ်သူလဲ ...

သူမ ဘယ်သူလဲ ...

စိုးရှား ၏ ဦးနှောက် ထဲ မှာ မေးခွန်း တစ်ခု တည်း သာ ထပ် တလဲလဲ ပေါ်နေသည် ။ ဒီလောက် ဆွဲဆောင်မှု ကောင်းလွန်းသည့် မိန်းကလေး ကို သူ တစ်ခါ မှ မမြင်ဖူးပါ ။

ဒီ တစ်ညတာ ကာလ အတွင်း ဟောဒီ ပွဲဈေးတန်း ထဲ မှာ ဟောဒီ ဆိုင်ခန်းလေး အတွင်းမှာ ရုပ်ရှင်မင်းသမီးတွေ
ဗီဒီယိုမင်းသမီးတွေ မော်ဒယ်တွေ အများကြီး သူ့ မျက်စိ ရှေ့က ဖြတ်သန်း သွားခဲ့ကြပြီးပြီ ။

စိုးရှား စိတ် ထဲ တွင် ဘယ်လိုမှ မနေ ။

မြေတစ်ခဲ သဲတစ်မှုန်စာ မျှ ပင် မတုန်လှုပ်ခဲ့ ။

အခု ဝင် လာသည့် မိန်းကလေး ကတော့ ( ဘယ် အစိတ်အပိုင်း က စွဲမက်စရာ ကောင်း နေသလဲတော့ မသိ ) ထူးထူးခြားခြား ဖြစ်နေသည် ကို တော့ ကျိန်ဆိုပြီး ပြောနိုင်၏ ။

ဆံပင်တွေ လည်း မီးလျှံ လို တောက်ပ နေသည် ။

မျက်နှာ ကလည်း ကံ့ကော်ရောင် မီးတောက်မီးလျှံ တစ်ခုနှင့် တူနေ၏ ။ တစ်ကိုယ်လုံး အနက်ရောင်ပွပွ ဖားလျား ကို ဖရိုဖရဲ ဝတ်ပြီး ခါး မှာ အနီရောင် ပိုးကြိုး စည်း ထားသည် ။ တစ်ချက် မှ ခြေလှမ်း တွန့် မသွားသည့် ခြေထောက်တွေ မှာ လည်း ဖိနပ်ဦးချွန် အနီရောင် ။

သာမန် မိန်းမ တစ်ယောက် လို မျိုး မဟုတ်ဘဲ ဂရိ ပုံပြင် ထဲက စစ်သူရဲကောင်းမ တစ်ယောက် နှင့် တူ နေသည် ။ ( ဒါမှမဟုတ် သူ အလွန်အမြင် ကတ်သည့် ပင်လယ်ဓားပြ တစ်ယောက် နှင့် တူ နေခြင်းလည်း ဖြစ်နိုင်ပါသည် )

သူမ ၏ ညာဘက် ပါးပြင် ပေါ် မှာ တော့ ထင်ရှားသော အစိမ်းရောင် မှဲ့ တစ်လုံး ။

သေချာသည် ကတော့ သူမ သိပ် လှသည် ။

သူမ ၏ အခန်း ထဲ မှာ မီးလောင် ၍ မီးသတ်သမား ဝင် ငြှိမ်း ရလျှင်တောင် သူမ ကို မြင်လျှင် မြင်ချင်း လောင် နေသည့် မီး ကို လုံးဝ မေ့လျော့သွားစေနိုင်လောက်အောင် လှသည် ။

အဲသည်လောက်ပါပဲ ...

မှဲ့စိမ်းရှင်မရယ် ...

သိပ် လှသော ကောင်မလေး တစ်ယောက် ကို မြင် လိုက်ရသောကြောင့် စိုးရှား ၏ နှလုံးခုန်သံတွေ မြန် မသွား ။

အေးစက်မြဲ အေးစက်လျက်သာ ရှိသည် ။

စိုးရှား နှုတ်ခမ်း ကို တင်းတင်း ကိုက်ပြီး ဆိုဖီယာလပြည့်ဝန်း ကို မျက်မှောင် ကုပ် ကာ စိုက် ကြည့်နေသည် ။

     •••••   •••••   •••••   •••••

ဆိုဖီယာလပြည့်ဝန်း က ကာတွန်းရုပ် ဆွဲထားရာ နံရံ ၏ ရှေ့တွင် ရှိသော ကုလားထိုင် မှာ ဝင် ထိုင်လိုက်သည် ။

ကာတွန်းရုပ်ကြီး ၏ ပါးစပ် နေရာ တွင် ရှိသော အပေါက် က နေပြီး အတွင်း မှ တစ်စုံတစ်ယောက် က
စိုက် ကြည့်နေမှန်း သူမ အာရုံ ခံစားသိဖြင့် သိသည် ။ သူမ က ပြန် ကြည့်သော်လည်း အတွင်းဘက်ပိုင်း မှာ မှောင်မိုက် နေသဖြင့် လူ ကို သဲသဲကွဲကွဲ မမြင်ရ ။

ဆိုဖီယာလပြည့်ဝန်း က ပထမ မေးခွန်းကို စ မေးလိုက်၏ ။

“ ကြက်ဥ ထဲ က ကြက်ကလေး ဟာ ဥ မပေါက်ခင် မှာ လေ ကို ဘယ်လို ရှူသလဲ ”

အထဲ မှ ဖြေသံ က တုံ့ဆိုင်းခြင်း မရှိဘဲ ချက်ချင်း ထွက်ပေါ်လာသည် ။

“ လေ ဟာ ဥခွံ ကို ဖြတ်သန်းပြီး အထဲကို စိမ့် ဝင်ပါတယ် ”

အဖြေ က မှန်နေသည် ။

ဒီလူ ဘယ်လို လုပ်ပြီး သိ တာလဲ ။ ရမ်း ဖြေလိုက် လို့ တိုက်ဆိုင် သွားတာများလား ။

သူမ က နှုတ်ခမ်းလွှာ ကို ဓားသွား လို မာကျောစွာ စေ့ လိုက်သည် ။ ထိုနောက် ဒုတိယမေးခွန်း ကို မေး၏ ။

“ ဇာတ်ကြီးဆယ်ဘွဲ့ မှာ ပါတဲ့ မဟောသဓ ဟာ ဘာ လူမျိုးလဲ ”

သေချာသည် ။ ဒီ မေးခွန်း ကိုတော့ ဖြေနိုင်စရာ အကြောင်း မရှိ ။ သူမ စိတ်ထဲ မှာ ကျိတ်ပြီး ပြုံး လိုက်သည် ။

သို့သော် ... သူမ ၏ အပြုံး တစ်ဝက် မှာပင် ကန့်လန့်ကာ နံရံ နောက်ကွယ် မှ အဖြေ စကားသံ ထွက်ပေါ်လာ၏ ။

“ တရုတ်လူမျိုး ”

သူမ တစ်ကိုယ်လုံး အကြောတွေ တင်းခနဲ ဖြစ်သွားသည် ။ မှန် သွားပြန်ပြီ ။ ဒီ လူ ဘာဖြစ်လို့ သိ နေရတာလဲ ... ဒီလူ ဘာဖြစ်လို့ သိနေရတာလဲ ... တတိယမေးခွန်း ကို မေးဖို့ သူမ အသေအချာ ပြင်ဆင်ရပြီ ။

ရယ်ရွယ် မထားပါဘဲ နှင့် သူမ ၏ စိတ် ထဲ မှာ စီးချင်း ထိုး နေသလိုမျိုး အမည် မသိ လူ တစ်ယောက် နှင့် ပြိုင်ဆိုင် နေမိသည် ။

     •••••   •••••   •••••   •••••

နောက်ဆုံး မေးခွန်း ကို ဆိုဖီယာလပြည့်ဝန်း က မေး လိုက်၏ ။

“ လီယိုနာဒိုဒါဗင်ချီ ဆွဲခဲ့တဲ့ ပန်းချီကားတွေ ထဲ မှာ မိုနာလီဇာ ဆိုတဲ့ ပန်းချီကား ဟာ အရမ်း ထူးခြားတယ် လို့။နာမည် ကြီးတယ်လေ ၊ အဲဒီ ပန်းချီကား ကို ပုံတူ အဆွဲခံတဲ့ မိုနာလီဇာ ဆိုတဲ့ အမျိုးသမီး ဟာ ဘယ်သူလဲ ”

ဒီတစ်ခါတော့ ခဏ ကြာအောင် တိတ်ဆိတ် နေ၏ ။ နောက် ... လေးနက်ပီသသော အသံဖြင့် စကား တစ်လုံးချင်း ဖြည်းဖြည်း မှန်မှန် ဖြေသည် ။

“ မိုနာလီဇာ ဆိုတာ မိန်းမ တစ်ယောက် မဟုတ်ပါဘူး ၊ အဲဒီ ပန်းချီကား ဟာ လီယိုနာဒိုဒါဗစ်ချီ ကိုယ်တိုင် သူ့ ပုံတူ ကို သူ မိန်းမအဝတ်အစား ဝတ်ပေးပြီး အမျိုးသမီး အသွင်အပြင်ပုံပေါက်အောင် ဆွဲ ထားတာပါ ၊ လီယိုနာဒိုဒါဗစ်ချီ ဟာ တစ်ခါတစ်ခါ မိန်းမစိတ် ပေါက်နေတဲ့ Homosexual  တစ်ယောက်ပဲ ...”

“ ဘာ ... ဒါ မဖြစ်နိုင်ဘူး ... လုံးဝ မဖြစ်နိုင်ဘူး ... ရှင် ဘာအထောက်အထား နဲ့ ပြောတာလဲ ...”

အံ့ဩတုန်လှုပ် စိတ် ကြောင့် သူမ ကိုယ် သူမ ပင် စိတ်မထိန်းလိုက်နိုင်ပဲ ချောက်ချားစွာ အော်ဟစ် လိုက်မိသည် ။

ဒီ အဖြေ သည် လူတွေ အလန့်တကြား ဖြစ်သွားနိုင်လောက်သော ပြဿနာအကြီးကြီး ဖြစ်၏ ။

ထို့ကြောင့် သူမ က ...

“ ဒီ ... အဖြေ ဟာ တကယ် ... တကယ် ဟုတ်လို့လား ...”

နံရံ နောက်ကွယ် မှ ဘာသံမှ ထွက်ပေါ်လာခြင်း မရှိတော့ချေ ။

မေးခွန်း သုံးခု ပြည့် သွားပြီမှန်း သူမ နားလည်လိုက်သည် ။

အောက်နှုတ်ခမ်းသား ကို တင်းတင်း ဖိကိုက်ကာ အခန်း ထဲ မှ ချာခနဲ လှည့် ထွက်ခဲ့တော့သည် ။

မင်းခိုက်စိုးစန်

#ကိုအောင်နိုင်ဦး

No comments:

Post a Comment