Friday, September 2, 2022

ငှက်ကလေး ( ၁၂ )


 အပိုင်း ( ၁၂ ) 


ကိုယ် က မွေးနေ့လက်ဆောင် အထုပ်ကလေး ကို မိခိုင် လက်ထဲ ထည့် လိုက်သည် ။ မိခိုင် က “ ဘာတွေလဲ ” ဟု မေးသည် ။


“ သိချင်ရင် ဖွင့်ကြည့်ပေါ့ဟ ”


ကိုယ် က ပြောလိုက်သည် ။ မိခိုင် က အထုပ် ကို ဖောက် ကြည့်လိုက်သည် ။ အထဲ က အင်္ကျီပိတ်စကလေး ထွက် လာသည် ။ ပန်းရောင်အပွင့်ကလေးတွေ နှင့် ဘာသားမှန်းတော့ ကိုယ် လည်း မသိ ။


“ဟယ် ... လှလိုက်တာ ”


မိခိုင် အရမ်း ပျော်သွားသည် ။ ကိုယ် တို့ လည်း သိပ် ဝမ်းသာသွားကြသည် ။


“ ကြည့်ပါဦး ပန်းရောင်ကလေး ၊ ဒါ ငါ အကြိုက်ဆုံး အရောင်ပဲ ဟ ” 


ကိုယ် က မီးမီး နှင့် ကစ်တီ တို့ ဘက် လှည့် ကြည့်ပြီး ဘယ်နှယ့်လဲ ဆိုသော သဘောဖြင့် မေး ငေါ့ ပြလိုက်သည် ။ ပြီးတော့ မီးမီး က ကိုယ် တို့ လက်ဆောင် ပေးဖို့ စီစဉ်ကြပုံ ကို ပြော ပြနေသည် ။ ကိုယ်တို့ သူငယ်ချင်းတွေ တစ်ယောက် သုံးကျပ် စီ စု ကြသည် ။ နောက် ဘာ ဝယ်မလဲ ဟု တိုင်ပင်ကြသည် ။ တစ်ယောက် တစ်မျိုး လျှောက် ပြောကြ၏ ။ ကစ်တီ က လက်သည်းဆိုးဆေး ဝယ် ပေးချင်သည် ။ ကျောင်း ကို လက်သည်း ဆိုး မလာရဘူး လို့ တီချာမေ က ပြော ထားသဖြင့် ဝယ် ပေးလို့ မဖြစ် ။ ကိုယ် က မှန်ကလေး တစ်ချပ် ဝယ် ပေးချင်သည် ။ မီးမီး က မတော်တဆ ကျ ကွဲနေရင် နိမိတ် မကောင်းဘဲ နေမည် ဟု ပြောသည် ။ တင်အောင်ခိုင် က ကင်းဗတ်ဖိနပ် ဝယ်ပေးရအောင် ဆိုသဖြင့် ဝိုင်း ဟားကြရသေးသည် ။ ဂျွန်ဆင် နှင့် ဇော်ဝင်း ကတော့ မင်း တို့ ကြိုက်တာ ဝယ် ဟု ပြောသည် ။ နောက်ဆုံး မီးမီး က အင်္ကျီစ တစ်စ ဝယ် ပေးဖို့ အကြံ ပေးသည် ။ နင် ဝယ်တတ်လို့လား ဆိုတော့ ဒါများ ဘာ ခက်လို့လဲတဲ့ ။ ဒါနဲ့ပဲ မီးမီး က လူတတ်ကြီး လုပ်ပြီး ဈေး ကို ဦးဆောင် ခေါ်သွားသည် ။


တကယ့်တကယ် ဝယ်ကြမယ် ဆိုတော့ သူ လည်း အိယောင်ဝါး လုပ်နေသည် ။ ဘာသား ဝယ် ရမလဲ ၊ ဈေး ဘယ်လောက်လဲ မသိကြ ။ နောက် မှ ကိုယ် သွား သတိ ရလိုက်၏ ။ ဟိုတစ်ခါ ဖေဖေ ကိုယ့် ကို လုံချည် လိုက် ဝယ်ပေးသော ဆိုင် က အဒေါ်ကြီး ဆီ သွား ကြသည် ။ သူ့ ကို အကျိုးအကြောင်း ပြောပြပြီး ဝယ် ခိုင်းသည် ။ ဝယ် ပြန်တော့လည်း ကိုယ်တို့ တစ်တွေ ဘယ်အစ ဝယ်မယ် ဆိုတာ ငြင်း နေကြတာက တော်တော် ကြာသည် ။ ဈေး တန်းထဲမှာ ကိုယ်တို့ အသံတွေ ချည်း ။ တခြား လူတွေ က ပင် ပြုံးစေ့စေ့ လုပ်၍ ဝိုင်း ကြည့်ကြသည် ။ အပွင့်ကလေးတွေ ဝယ်မယ် ဆုံးဖြတ်ပြီးတော့လည်း အရောင် ရွေးကြပြန်သည် ။ တင်အောင်ခိုင် က အစိမ်း ဟု ပြောသည် ။ ကစ်တီ က အစိမ်းရောင် မပေးကောင်းဘူး ၊ စိမ်းကားတဲ့ သဘောမို့ ဟု ကန့်ကွက်သည် ။ မီးမီး က အနီ ဝယ်ချင်သည် ။ ကိုယ် က ငါ သိတယ် ၊ မိခိုင် က ပန်းရောင် ကြိုက်တယ် လို့ ငါ့ ကို တစ်ခါ ပြောဖူးတယ် ဟု ပြော လိုက်သဖြင့် ပန်းရောင်အပွင့်ကလေး ဝယ် ဖြစ်ခဲ့ခြင်း ဖြစ်သည် ။


“ ဟင် ... ညီညီ က ငါ ဘာရောင် ကြိုက်တယ် ဆိုတာ မှတ်မိတယ် ၊ နင် သိပ်တော်တာပဲ ” ဟုပြောသည် ။ 


ကစ်တီ က မိခိုင် ကို မျက်စောင်း ထိုးသည် ။ မီးမီး က မဲ့ ပြသည် ။


ဂျွန်ဆင် က “ ငါ မပြောဘူးလား ၊ နောက်ဆုံးတော့ မိခိုင် က ညီညီ ကို ပဲ ချီးကျူးရမှာပဲလို့ ”


“ အမယ် ဟုတ်တာ ပြောတာ မဟုတ်ဘူးလား ၊ ခု ညီညီ ပြောတဲ့ အရောင် ဝယ်လာလို့ မဟုတ်လား ”


“ အင်္ကျီစ ဝယ်ပေးဖို့ အကြံပေးတာက ငါ ပါနော် ”


မီးမီး က ဝင် ပြောသည် ။


“ အေးပါဟယ် ၊ ငါ က အားလုံးကို ကျေးဇူး တင်တာပါ ”


ကိုယ် တို့ ဆူဆူညံညံ လုပ် နေကြတုန်း မိခိုင် တို့ မေမေ အနား ရောက် လာသည် ။


“ကဲ ... ပြီးမှ စကား ပြောကြ ၊ ခေါက်ဆွဲ စားကြရအောင် ”


မိခိုင် က အကျီစကလေး ကို ပြပြီး ..  


“ သူ တို့ သမီး ကို လက်ဆောင် ပေးတာ မေမေ ရဲ့ ”


“ အေး ဟဲ့ ၊ လှလိုက်တာ ”


မိခိုင် တို့ မေမေ က ကိုယ်တို့ ကို ထမင်းစားခန်း ထဲ ခေါ် သွားသည် ။ စားပွဲရှည်ကြီး ပေါ် မှာ ခေါက်ဆွဲပန်းကန်တွေ ပြင်ထား ပြီးပြီ ။ ကြက်သား နှင့် အုန်းနို့ခေါက်ဆွဲ ။ မိခိုင် တို့ မေမေ က ပြောသည် ။


“ ကဲ .. ကြိုက်သလောက် စားကြ ၊ ဒေါ်ဒေါ် အပြင် မှာ ထွက်နေမယ် ၊ ဒေါ်ဒေါ် ရှိနေရင် ရှက်ပြီး သိပ် မစားကြဘဲ နေဦးမယ် ၊ သမီး က လိုတာ ထည့်ပေးနော်” ဟုပြောပြီး ထွက်သွားသည် ။


တင်အောင်ခိုင် က ...  


“ နင် တို့ အမေ က အလိုက် သိတတ်သားပဲ ၊ မီးမီး ကို စောင်း ပြောတာ ဖြစ်ရမယ် ”


“ အမယ် ၊ မျောက်စုတ် မျောက်နာ ၊ နင် သာ အစားပုတ် ”


“ကဲ .. ကဲ .. စားကြလေ ဟာ ”


အုန်းနို့ခေါက်ဆွဲ က အရမ်း ကောင်းသည် ။ တစ်ယောက် ကို နှစ်ပန်းကန်စီ ထက် ပို မစားနိုင်ကြ ။ အုန်းနို့တွေ များ လို့ အီ ပြီး မစားနိုင်ခြင်း ဖြစ်သည် ။ခေါက်ဆွဲ စားနေရင်း ကျ မှ မိခိုင် ကို သတိထား ကြည့်မိသည် ။ သူ သည် ကျောင်း မှာ လို အင်္ကျီအဖြူ ၊ စကတ်အစိမ်း နှင့် မဟုတ်ချေ ။ နိုင်ငံခြားဖြစ် စပို့ရှပ်ပန်းရောင်ကလေး နှင့် ၊ ပြီးတော့ စကတ် က အနီရဲရဲကလေး ။


စားပြီးကြတော့ အိမ်ရှေ့ ကို သွားပြီး ဝိုင်းထိုင် ၍ စကား ပြောကြသည် ။ မိခိုင် က သူ ဝတ်ထားသော စပို့ရှပ် ကို သူ့ ဖေဖေ က မွေးနေ့ လက်ဆောင် ပေးတာ ဟု ပြော သည် ။ သူ့ မေမေ က ပေးသော သမင်ရုပ်စုဘူးကလေး ကို လည်း ပြသည် ။ သူတို့ မေမေ က ကိုယ်တို့ ကို လီမွန်ဘာလီဖျော်ရည် တွေ လာ တိုက်သည် ။ ကိုယ် တို့ စကား တွေ ပြောနေကြရင်းက “သီချင်းဆိုကြရအောင် ”


ဟု မီးမီး က ပြောသည် ။ တစ်ယောက် တစ်ပုဒ် စီ ဆိုရမယ် ဟု ဆိုသည် ။


“ ကိုယ်တော့ မဆိုချင်ဘူး ”


ကိုယ် က ပြောသည် ။


“ ဘယ်ရမလဲ ၊ ဆိုရမှာပေါ့ ”


“ ဟင့်အင်း ၊ ကိုယ် မှ မဆိုတတ်ဘဲ ”


“ရှုပ်ပါတယ် ဟာ ၊ အားလုံး ဝိုင်း ဆိုမယ် ”


သူတို့ မိန်းကလေးတွေက နပန်းဆံ   သီချင်း ကို ပြိုင်တူ ဆိုကြသည် ။ တင်အောင်ခိုင် က `နောက်တစ်ခါ လာပြန်ပြီဟေ့' ဆိုသော နေရာမှာ ဝင်ဆိုသည် ။ ' ဟေး ဟေး .. ဝါး ' ဆိုသော နေရာတွင် ကိုယ်တို့ က ဝင် အော်ပေးရ၏ ။


“ မင်း တို့ ရန်ကုန်မြို့ မှာ အချစ် ကို ခါးပိုက်နှိုက် တတ် တာ မောင်မကြားဘူ လို့ မှားခဲ့ပါပြီကွယ် ရန်ကုန်သူရယ် ”


မင်းယျာ ၏ သီချင်း ကို ကိုယ်တို့ ယောက်ျားလေး အုပ်စု က ဆိုသည် ။ ကိုယ်တို့ တစ်တွေ သီချင်း ဆိုနေကြတုန်း မိခိုင် တို့ မေမေ ရောက် လာပြီး ပြုံးပြုံးကြီး ကြည့်ရင်း နားထောင် နေသည် ။ တင်အောင်ခိုင် က ထ အော် လိုက်၏ ။


“ ဒေါ်ဒေါ် သီချင်း ဆိုပြပါ ”


မိခိုင် တို့ မေမေ က ရယ်၍  “ ဒေါ်ဒေါ် မဆိုတတ်ပါဘူးကွယ် ”


“ အမယ်... ဆိုတတ်ပါတယ် ၊ မေမေ ကလည်း မရဘူး ၊ ဆိုပြရမှာ ”


မိခိုင် က အတင်း ဆို ခိုင်းသည် ။ ဒီတော့  “ ကဲ ကဲ ... ဆိုပြပါ့မယ် ၊ ဘာဆိုရမယ် ပြော ”


“ ဒဿလိုမိန်းမ ဆိုပါ ”


ဂျွန်ဆင် က ပြောသည် ။


“ ဟဲ့ စတီရီယို တော့ ဒေါ်ဒေါ် မရဘူး ”


“ ဒါဆို ဟိုဟာလေ မေမေ ၊ ဟို ... ဘာ ဆို ခိုင်းရမှန်းတောင် မသိတော့ဘူး ”


မိခိုင် က ခေါင်း ကုတ်ပြီး စဉ်းစား နေသည် ။ 


ကိုယ် က  “ သီတဂူသီချင်း ဆိုပြပါ ဒေါ်ဒေါ်  ”


မိခိုင် တို့ မေမေ သည် ကိုယ့် ကို အံ့သြသလို လှမ်း ကြည့်ပြီး ... “သား က အဲဒီ သီချင်း ကို သိလို့လား ”


ကိုယ် ခေါင်းညိတ်ပြပြီး “ ကိုယ်တို့မေမေ အမြဲဆိုတယ်”


မိခိုင် တို့ မေမေ သည် သီတဂူသီချင်း ကို ဆိုသည် ။ အဲဒီ ဒေါ်ဒေါ် အသံ ကလည်း တော်တော် ကောင်းပါသည် ။ သို့သော် လည်း မေမေ ဆိုတာလောက်တော့ မကောင်းဘူး ဟု ထင်သည် ။ သီချင်း ဆုံးတော့လည်း ကိုယ် လှိုက်ခနဲ သိပ်မဖြစ်မိ ၊ လက်ခုပ်တွေ ဝိုင်းတီးလိုက်လို့လား ။ ဒေါ်ဒေါ် က မေမေ့ လို သီချင်း ဆုံးလျှင် သက်ပြင်းကြီး မချဘဲ ပြုံး နေလို့လား မသိ ။


ခဏကြာတော့ မိခိုင် တို့ ဖေဖေ ရောက် လာသည် ။ ကိုယ်တို့ အားလုံး ကို ပြုံး၍ နှုတ်ဆက်သည် ။ ဒေါ်ဒေါ် က ကိုယ်တို့ လက်ဆောင် ပေးသော အင်္ကျီစကလေး ကို ပြသည် ။


“ ဟ ... တယ်ဟုတ်ပါလား ၊ လှတယ်ဟေ့ ၊ ငါ့တူတွေ တူမတွေ က ရွေး တတ်သားပဲ” 


ဟုပြောပြီး ကိုယ်တို့ ကို တစ်ယောက် စီ လိုက်ကြည့်သည် ။ ကိုယ့် ကို မြင်သောအခါ ...


“ဟေ့ ... မင်းက ဟိုတစ်ခါ မိခိုင် ကို ထီး နဲ့ လိုက်ပို့တာ မဟုတ်လား ”


“ ဟုတ်ကဲ့ ဦးဦး ”


“ အေး ... ကြည့်စမ်း ၊ ငါ့ တူ က ထွား လာလိုက်တာ ၊ ရုတ်တရက်ဆိုတော့ မှတ်တောင်မမှတ်မိဘူး ၊ ဒါနဲ့ အုန်းနို့ခေါက်ဆွဲ စားလို့ ကောင်းကြရဲ့ လား ”


“ ကောင်းတယ် ဦးဦး ”


“ သိပ်ကောင်းတာပဲ ”


“ အေး ... ကောင်းမှာပေါ့ကွ ၊ မင်းတို့ ဒေါ်ဒေါ် ချက်တာကိုး ၊ ဟဲ ... ဟဲ ... ”


ဆိုပြီး ဒေါ်ဒေါ့် ဘက် လှည့်၍ မျက်စိ မှိတ်ပြသည် ။ ဒေါ်ဒေါ် က .. 


“ မောင် ပဲ ချီးကျူး သိလား ” 


ဟုပြုံး၍ ပြောသည် ။ ကိုယ် သည် မိခိုင် တို့ ဖေဖေ နှင့် မေမေ ကို ငေး ကြည့်နေသည် ။


     •••••   •••••   •••••   •••••


ကိုယ်တို့ တစ်တွေ ထိုင် စကား ပြောနေရင်း က ကိုယ် သည် ဗိုက် နာလာသည် ။ စကား ကောင်း နေသောကြောင့် ခဏ အောင့်ထား ကြည့်သော်လည်း မရချေ ။ ထို့ကြောင့် ကိုယ် က  “ ခဏ နေခဲ့ကြဦး ၊ ကိုယ် အိမ်သာသွားဦးမယ် ”


ဟု ပြောပြီး ထ သည် ။ တင်အောင်ခိုင် က သူ လည်း ပါချင်သည် ဆိုပြီး လိုက် လာသည် ။


ကျောင်း က အိမ်သာ တွင် အခန်း ငါးခန်း ရှိ သည် ။ တစ်ခန်း က ဆရာတွေ အတွက် မို့ သော့ ခတ်ထားသည် ။ ကျန် လေးခန်း ထဲ က သုံးခန်း က မအားချေ ။ တစ်ခန်း ပဲ လွတ်သည် ။ ကိုယ် က ပြော၏ ။


“ တင်အောင်ခိုင် ... မင်း ခဏ စောင့်ကွာ ၊ ကိုယ် အရမ်း ဗိုက် နာနေပြီ ”


“ ဟေ့ကောင် မရဘူးကွ ၊ ငါ လည်း ထွက် တော့မယ် ”


“ ဟာ ... ပြဿနာပဲ ”


“ ဒီလိုလုပ် ၊ တို့နှစ်ယောက်စလုံး ဝင်မယ် ၊ ကျောချင်း ကပ် ထိုင်ပြီး ပါ တာပေါ့ ”


“ ဟာ .... ဟေ့အေး ကွာ ”


“ အမယ်... မင်း က ခုမှ ဘာ ရှက်နေတာလဲ ၊ ငါတို့ အရင်ကလဲ ဒီလိုပဲ ပါနေ ကျ မဟုတ်ဘူးလား ”


ပြောပြောဆိုဆို တင်အောင်ခိုင် က အိမ်သာ ထဲ ဝင်သွားပြီး အပေါက်ဘက် ကို ကျော ပေး၍ ထိုင် ချလိုက်သည် ။ ကိုယ် သည် နှစ်ယောက် ပူး ထိုင်ရမှာကိုလည်း ရှက်နေသည် ။ ဗိုက် ကလည်း မနေနိုင်အောင် နာလာပြီ ။


“ဟေ့ကောင် ... ဝင် ချင်လည်း ဝင် ၊ မဝင် ရင်လည်း တံခါး ပိတ်လိုက် ”


တင်အောင်ခိုင် က ပြောသည် ။ ကိုယ်လည်း မတတ်နိုင်သောကြောင့် အထဲ ဝင်ပြီး သူ နှင့် ကျောချင်း ကပ် ထိုင် ချလိုက်ရသည် ။ တံခါး ကို လည်း ပိတ်လိုက်၏ ။


ကိုယ် သည် ဘယ်လို ဖြစ်နေမှန်း မသိ ။ အရင်က ဆိုလျှင် တခြား အိမ်သာခန်းတွေ အား နေတာတောင် တစ်ယောက် တစ်ခန်းစီ မဝင်ကြ ၊ တစ်ခန်းတည်း တူတူ ခုလို ထိုင်ပြီး ပါ တတ်သည်က များ၏ ။ ခုကျတော့ တစ်မျိုးပဲ ။ ကိုယ် သည် တင်အောင်ခိုင့် ကို ရှက် နေမိသည် ။ ဗိုက် က နာ နေသော်လည်း မထွက် ဘဲ ဖြစ် နေသည် ။ အရမ်း လွှတ် ချလိုက်လျှင် အသံ ထွက်သွားမှာကို စိုးရိမ်နေ၏ ။ တဖြည်းဖြည်းချင်း ထိန်းပြီး သွားမှ နည်းနည်း အဆင် ပြေသွားသည် ။


ခဏကြာတော့ တင်အောင်ခိုင် က ကိုယ့် ကို မေးသည် ။


“ ညီညီ ၊ မင်း ကို ငါ တစ်ခု မေးစရာ ရှိသေးတယ် ”


“ ဘာလဲကွ ”


“ ခုတစ်လော မင်း ဘာဖြစ်နေသလဲ မသိဘူး ”


“ ဘာဖြစ်လို့လဲ တင်အောင်ခိုင် ရ ”


“ တစ်မျိုးပဲကွ ၊ မင်း ကြည့်ရတာ ၊ တစ်ခါတစ်ခါ ကျရင် ငိုင် ပြီး ဘာတွေ စဉ်းစားနေမှန်း မသိဘူး ၊ ငါတို့ သူငယ်ချင်းတွေ နဲ့ လည်း အရင်လို အမြဲတမ်း တွဲ မနေတော့ဘူး ၊ မိခိုင် နဲ့ လည်း ထမင်း သွား မစားတော့ဘူး ဆို ”


“အေး ”


“ ဘာဖြစ်လို့လဲ ကွ ”


ကိုယ် ခဏ စဉ်းစားလိုက်သည် ။ ပြီးမှ ... 


“ မသိပါဘူး ကွာ ”


“ ဟင် ... မင်း ဟာကလဲ ၊ ကိုယ့် ဟာ ကိုယ် တောင် မသိဘူးလား ”


“အေး ... ကိုယ်တို့ မသိသေးတာတွေ အများကြီး မဟုတ်လား ”


ကိုယ် ပြောတာ ကို သူ နားလည် သွားလို့လား ၊ နား မလည်လို့လား မသိ ။ ကိုယ့် ကို ထပ် မမေး ။


ကိုယ် က ...


“ တင်အောင်ခိုင် မင်း ပြီးပြီလား ”


“ ကြာလှပြီ ။ မင်း ပါတာ စောင့် နေတာ ”


“ကိုယ်လည်း ပြီးပြီ ၊ အပြင် ထွက်ရအောင်ကွာ ၊ ဒီထဲက သိပ်နံတာပဲ ”


“အမယ် ၊ ကိုယ့်ချေး ကိုယ် ပြန် နံနေတယ် ” 


ဟုပြောပြီး တင်အောင်ခိုင် ရယ်သည် ။


ကိုယ်တို့ အပြင် ထွက်ပြီး စိန်ပန်းပင်ကြီး ဘက်သို့ ပြန် လျှောက်လာကြ၏ ။ လမ်း မှာ တင်အောင်ခိုင် ထပ် ပြောပြန်သည် ။


“ မင်း မိခိုင် နဲ့ ထမင်း တူတူ မစားတော့ပေမယ့် တစ်ခါတလေ ကျရင် မင်း တို့ နှစ်ယောက်တည်း သွားသွား ထိုင်ကြတယ် မဟုတ်လား ” 


ကိုယ် က ဘာမျှ ပြန် မပြောဘဲ နေလိုက်သည် ။


“ အဲဒါ သူများတွေ က ပြောကြတယ် ကွ ”


“ဟာ ... ဘာတွေ ပြောကြလဲ ”


ကိုယ် က အလန့်တကြား မေးမိသည် ။ 


တင်အောင်ခိုင် က ပြုံး၍ ... 


“ မင်းတို့ နှစ်ယောက်က တစ်ခုခု ဖြစ် နေကြတယ်တဲ့ ”


“ ဘာဖြစ်နေကြလို့လဲ ”


“  ဒါတော့ ငါလည်း မသိဘူး ၊ သူတို့ ပြောသလို ပြောရတာ”


ကိုယ်တို့ က ဘာ ဖြစ်နေကြတာလဲ ။ ကိုယ် လည်း မသိ ။


“ အဓိပ္ပာယ် မရှိတာကွာ ။ ကိုယ်တို့ ဘာသာတောင် ဘာဖြစ်နေမှန်း မသိဘဲနဲ့ သူတို့ က သိမလားကွ ”


“ အေးလေကွာ ၊ သူတို့ က လည်း ဘာဖြစ်နေကြမှန်း မသိဘူး ။ မင်းတို့ နှစ်ယောက် တစ်ခုခု ဖြစ်နေကြတယ်လို့ ပြောတာပဲ ဟာ ”


“ဟာ .. ရှုပ်လိုက်တာကွာ ”


“ငါ ထင်တာ တစ်ခု ပြောပြမယ် ညီညီ ”


ကိုယ် တင်အောင်ခိုင့် ကို ဖျတ်ခနဲ ကြည့် လိုက်၏ ။


“ မင်းတို့ နှစ်ယောက် က သူငယ်ချင်းတွေ ကို ပစ်ထားပြီး လစ် သွားကြတော့ ဘော်ဒါတွေ ကို မခင်သလို ဖြစ်နေတာပေါ့ ။ မင်းတို့ နှစ်ယောက်ထဲ ခင်သလို ဖြစ်နေတာပေါ့ ”


“ အေးကွာ ... ဆောရီးပဲ ၊ ကိုယ် လည်း ဘာမှန်း မသိပါဘူး ။ သူ့ ဟာ သူ ဖြစ်သွားတာပဲ ”


အားကစားရုံကြီး နား က ဖြတ် လျှောက်လာသော အခါ မိခိုင် နှင့် ထမင်း တူတူ စားခဲ့ပုံကို သတိ ရသည် ။ မိခိုင် တို့ မေမေ ကို ရော သတိ ရသည် ။ ပြီးတော့ .... မိခိုင် မွေးနေ့ ။ မိခိုင် တို့ ဖေဖေ နှင့် မေမေ ။


လျှောက်နေရာမှ ကိုယ် ရပ်လိုက်သည် ။


“ တင်အောင်ခိုင် ”


“ ဘာလဲ ”


“ မင်း တို့ အဖေ နဲ့ မင်း တို့ အမေ ရန် ဖြစ်ဖူးသလားကွ ဟေ ” 


သူ ကြောင်သွားသည် ။


“ ကိုယ် မေးတာသာ ဖြေစမ်းပါကွာ ”


“ မင်း ကလဲ ကွာ ၊ တစ်ခါတလေ တော့ ဖြစ် တာပေါ့ ”


“ရန် ဖြစ်ပြီးရင် ပြန် ခေါ်ကြသလား ”


“ ဟင် ”


“ ဒီလိုလေကွာ ၊ ရန် ဖြစ်ပြီး နောက်တော့ စိတ်ဆိုး ပြေသွားတဲ့အခါ စကားတွေ ဘာတွေ ပြန် ပြောကြသလားလို့ ”


“ဟာ ... ပြောရုံ ဘယ် ကမလဲကွ ”


“ ဟင် .. ဘာ ဖြစ်သေးလို့လဲ ”


“ ဒီလိုကွာ .... တခါတုန်းကပေါ့ ။ ငါတို့ အဖေ နဲ့ အမေ ရန် ဖြစ်ကြရော ။ ပြီးတော့ တစ်နေ့လုံး စကား မပြောကြဘူး ။ အဲဒါ ညနေ ကျတော့ မေမေ က သူတို့ အခန်း ထဲ မှာ မအိပ်ဘူး ။ အပြင် မှာ ဖျာကလေး ခင်းပြီး ထွက် အိပ်တယ် ။ နောက်တော့ ငါ လည်း အိပ် ပျော်သွားတာပေါ့ကွာ ။ ငါ တရေးနိုးလို့ သေး ထ ပေါက်တော့ သူ အိပ်တဲ့ နေရာမှာ မေမေ မရှိတော့ဘူးကွ ။ အဲဒါနဲ့ ငါလည်း သူတို့ အခန်းထဲ ကို အသာလေး ချောင်းကြည့်တော့ ဟား ဟား .. ဘာ ပြောကောင်းမလဲ ”


“ ဘာဖြစ်လို့လဲကွ ”


“ ဖေဖေ က မေမေ့ လက် ကို ကိုင်ပြီး ချော့ နေတာကွ ၊ ပြီးတော့ နဖူး ကို လည်း နမ်းသေးတယ် ဟေ ဟေ့ ”


တင်အောင်ခိုင် က ရယ်နေသည် ။ ကိုယ် က မရယ်မိ ။ မိခိုင် မွေးနေ့တုန်းက မိခိုင်တို့ ဖေဖေ နဲ့ မေမေ ကို သွား သတိရသည် ။ ပြီးတော့ ကိုယ့် ဖေဖေ ၊ ကိုယ့် မေမေ ။


     •••••   •••••   •••••   •••••


ကိုယ် သည် ပြတင်းပေါက် ဘောင် ပေါ် ၌ လက် ကို ထောက်၍ မေး တင်ပြီး အပြင် ကို ငေး ကြည့်နေသည် ။ မေမေ့ ကို စောင့် နေခြင်းပင် ဖြစ်ပါသည် ။ မေမေ သည် ခုတစ်လော ရုံးဆင်းဆင်းချင်း အိမ် ကို တန်း ပြန် မလာတတ်ချေ ။ ည ကျ မှပင် ပြန် ပြန်လာတတ်သည် ။


အိမ်ရှေ့ ရှိ တိုင်ကပ်နာရီကြီး မှ နာရီသံ ခုနှစ်ချက် ကြားရသည် ။ မေမေ ပြန် မလာသေးချေ ။ သီချင်း ဆိုလျှင် ကောင်းမလား ဟု စဉ်းစားမိသည် ။ သို့သော်လည်း မဆိုချင် ။ မေမေ ဆိုသော သီချင်းများ ကိုလည်း ကိုယ် မဆိုတတ် ။ ကိုယ် ရသော သီချင်းတွေ ကို လည်း မဆိုချင် ။ နောက်တော့ မေမေ ဆိုနေကျသီချင်းများ ကိုပင် စိတ် ထဲ က ဆို ကြည့်နေမိသည် ။


မေမေ ဘယ်ကို သွား နေသောကြောင့် အိမ်ပြန် နောက်ကျရကြောင်း ကိုယ် သိပါသည် ။ ပထမဆုံး မေမေ အိမ်ပြန် နောက်ကျသော ည က “ မေမေ ဘယ်သွားနေတာလဲ ”


ဟု မေးရာ  “ ကိစ္စရှိလို့ပေါ့ သားရယ် ”


ဟူ၍သာ ပြန် ဖြေခဲ့လေသည် ။ နောက်တော့ နှစ်ရက်သုံးရက် ဆက်၍ အိမ်ပြန် နောက်ကျလာခဲ့သော အခါ ကိုယ် ထပ်၍ မေးပြန်သည် ။ ထိုအခါကျမှ မေမေ က ရုံး ဆင်းလျှင် တရားပွဲ သွားကြောင်း ကို ပြောပြပါသည် ။


နောက် တစ်နေ့ ကျသောအခါ ကျောင်းဆင်းချိန် တွင် ကိုယ် အိမ် မပြန်ဘဲ မေမေ အလုပ် လုပ်သော ရုံး ရှေ့မှာ သွား စောင့်သည် ။ မေမေ ရုံး ဆင်းလာလို့ ကိုယ့် ကို တွေ့သောအခါ ... 


“ ဟဲ့ ... သား ၊ ဘာဖြစ်လို့ လာ စောင့်နေတာလဲ ”


“ ကိုယ် လည်း မေမေ နဲ့ တရားပွဲ လိုက်မလို့ ”


မေမေ က ပြုံးပြီး ...


“သား ရဲ့ ....တရားပွဲ က သား နဲ့ မဆိုင်သေးပါဘူးကွယ် ၊ ဟို ရောက်ရင် သား ပျင်းနေမှာပဲ ”


“ အိမ် မှာ တစ်ယောက်တည်း နေရတာက ပိုတောင် ပျင်းသေးတယ် မေမေ ရဲ့ ”


မေမေ က ဘာမျှ မပြောတော့ဘဲ ကိုယ့် ကို တရားပွဲ ခေါ်သွားသည် ။ လမ်း မှာ ကိုယ် တို့ ဆီချက်ခေါက်ဆွဲ ဝင် စားကြသေးသည် ။ တရားပွဲ သည် ဘုရားစောင်းတန်း ရှိ ဇရပ် ထဲ မှာ ဖြစ်သည် ။ တရားပွဲ လာသူ တို့ မှာ အဘိုးအို အဘွားအိုကြီးတွေ သာ များ ပါသည် ။ မေမေတို့ အရွယ် မိန်းမကြီးတွေ လေးငါးယောက် လောက်သာ ပါသည် ။ ဖေဖေတို့ အရွယ်လူကြီး တွေ တော့ တစ်ယောက်မျှ မပါချေ ။ ကိုယ်တို့ အရွယ် ဆိုလို့ ကိုယ် တစ်ယောက်တည်း သာ ပါသည် ။ တရားပွဲ လာကြသူများ ၏ မျက်နှာများမှာ ပျော်ပျော်ရွှင်ရွှင် လည်း မရှိကြ ။ ဟက်ဟက်ပက်ပက် ရယ်မောသည်ကိုလည်း မတွေ့ရ ။ တစ်ယောက် နှင့် တစ်ယောက် နှုတ်ဆက်သော အခါ ပြုံးရုံကလေး ပြုံးပြကြပြီး စကား ပြောလျှင်လည်း တိုးတိုးကလေး သာ ပြော ကြလေသည် ။


တရားပွဲ စသောအခါ ခေါင်းပေါင်း ပေါင်းထားသော အဘိုးကြီး တစ်ယောက် ဝင် လာသည် ။ ဟိုး ရှေ့ဆုံးက အဝါရောင်ကော်ဇောကြီး ပေါ် မှာ ထိုင်သည် ။ နောက် ဘုရား ရှိခိုးကြသည် ။ ပြီးလျှင် ထို အဘိုးကြီး က တရား ဟောလေသည် ။ သူ့ တရား ကို ကိုယ် နားမလည်ပါ ။ ဒုက္ခ ရောက်တာတွေလည်း ပါသည် ။ လူ ၏ ကိုယ် သည် အရိုးတွေ ဟုလည်း ပြောသည် ။ သနပ်ခါး လိမ်းထားပေမယ့် မမွှေးဘူး တဲ့ ။ ပုပ်စော် နံသည် ဆိုသော အကြောင်းလည်း ပြောသည် ။ ကိုယ် သည် နားထောင်ရင်း နားထောင်ရင်း ကြောက် လာလေသည် ။ နောက်နေ့များ တွင် တရားပွဲ သို့ ကိုယ် လိုက် မသွားတော့ချေ ။


ခုနှစ်နာရီခွဲကာနီး ကျမှ ပင် မေမေ ပြန် လာသည် ။ ကိုယ် သည် ခုတင် ပေါ် မှ ဆင်း ၍ အိမ်ရှေ့တံခါးဆီ သို့ ပြေး သွားသည် ။ တံခါး ကို မြန်မြန် ဖွင့်သည် ။ မေမေ ဝင် လာသောအခါ ဆီး ၍ ဖက် ထားလိုက်သည် ။


မေမေ က ကိုယ့် ကို ပြုံး၍ ငုံ့ ကြည့်သည် ။ မေမေ့ မျက်နှာ မှာ ခါတိုင်းတုန်း က လို တစ်ခုခုကို လွမ်းနေသလိုလို ဖြစ် မနေတော့ပါ ။ ပြီးတော့ ရယ်ရယ်မောမော ၊ ပျော်ပျော်ရွှင်ရွှင် လည်း မဟုတ်ပါ ။ ဘယ်လိုမျိုး ဆိုတာတော့ တိတိကျကျ ပြော မပြတတ် ။ တရားပွဲတွေ မှာ တွေ့ဖူးရသော မိန်းမကြီးများ ၏ မျက်နှာမျိုး ပင် ဖြစ် လေသည် ။


တရားပွဲတွေ သွား နားထောင်ပြီး နောက်ပိုင်း တွင် မေမေ ဒီလို ဖြစ်လာခြင်း ဟု ထင်ပါသည် ။ ဒီလို မျက်နှာမျိုး ကို ကိုယ် သိပ်တော့ မကြိုက်လှပါ ။ ပျော်ပျော်ရွှင်ရွှင် သာ မြင်ချင်ပါသည် ။ သို့သော်လည်း ခါတိုင်းတုန်း က လို တစ်ခုခု ဝမ်းနည်း နေသလို မျက်နှာမျိုး နှင့် စာလျှင် ခုလို တရားပွဲ မျက်နှာမျိုး က မှ တော်သေးသည် ဟု ထင်သည် ။ ထို့ကြောင့် မေမေ့ ကို တရားပွဲ မသွားဘဲ အိမ် ကို စောစော ပြန်လာဖို့ပင် မပြော ဖြစ်တော့ပါ ။


ရေမိုးချိုး ၊ အဝတ်လဲ ၊ ထမင်းစား ပြီးတော့ မေမေ အိပ်ရာ ပေါ် မှာ ခဏ လှဲသည် ။ ကိုယ် လည်း မေမေ့ ဘေး နား မှာ ဝင် လှဲနေလိုက်သည် ။


မေမေ့ ကို ကိုယ် မေးချင်တာတွေ အများကြီး ။ ဦးလေးမောင်မောင်ကြီး နှင့် မေမေ ၊ ပြီးတော့ အန်တီလူး နှင့် မေမေ ပြောကြသည့် စကားတွေ အကြောင်း ၊ ဟိုတစ်ခါတုန်း က အိပ်မက် လိုလို ငယ်ငယ်တုန်း က အကြောင်းတွေ သတိ ရသလိုလို ဖြစ်ခဲ့ဖူးသည့် အကြောင်း ၊ ခုတလော ဖေဖေ သည် နှစ်ရက် သုံးရက် ဆက် ၍ အိမ် ကို ပြန် မလာဘဲ နေတတ်သည့် အကြောင်း ။ အရင်ကလည်း ဖေဖေ ရန်ကုန် ဆင်းသွားလျှင် နှစ်ရက် သုံးရက် ကြာ တတ်တာပါပဲ ။ သို့သော်လည်း ခုဟာ  က ရန်ကုန် သွားတာ မဟုတ် ။ ကိုယ်တို့ မြို့ မှာပဲ ရှိနေလျက် နှင့် အိမ် မပြန်ဘဲ အလုပ်ရုံ မှာ နေ နေတာ ၊ တစ်ရက်တလေ ကျမှ အိမ် ပြန်လာသည် ။ ပြန် လာလျှင်လည်း ယူစရာ ရှိတာ ယူပြီး ပြန် ထွက်သွားတတ်သည် ။ ပြီးတော့ ဖေဖေ နှင့် မေမေ သည် ရန် ဖြစ်ထားကြသလား ။ ရန် ဖြစ်တာ ဆိုလျှင်လည်း ခုလောက် ကြာအောင် ပြန် မခေါ်ကြဘဲ ဘာလို့ နေကြတာလဲ ။ ကိုယ် အဲဒါတွေ မေး ချင်သည် ။ မေး လိုက်ပြန်လည်း မေမေ စိတ် မကောင်းများ ဖြစ် သွားမလား ဟု ထင် နေမိပြန်သည် ။ မေး ချင်နေသော စိတ် ကလည်း တားလို့ပင် မရနိုင် ။


ကိုယ် သည် မေမေ့ လက်မောင်း ကို ဆုပ်ကိုင်၍ ဖက် ထားလိုက်ပြီး မေမေ့ ပခုံး ပေါ်မှာ မှီ ထားလိုက်သည် ။ မေမေ က ကိုယ့် ကို စောင်း ပြီး ငုံ့ကြည့်၏ ။


“ မေမေ ”


မေမေ သည် နည်းနည်း ပြုံးပြီး 


“ ဘာလဲ သား ရဲ့ ”


ကိုယ် သည် ဘယ်ကနေ ဘယ်လို စ၍ မေး ရမှန်း မသိ ။ ပြောချင်တာတွေက များပြီး ပြောစရာ စကား ရှာလို့ မရ ။ ကိုယ်သည် စကားတစ်ခွန်း ကို လွှတ်ခနဲ ပြောမိသည် ။


“ ကိုယ့် ကို ချစ်ရဲ့လား ဟင် ”


မေမေ သည်  


“ ချစ်တာပေါ့ သားရဲ့ ”


ဟု ပြောပြီး မှ ဘာကို သတိ ရ သွားသလဲ မသိ ။ မျက်နှာ တစ်မျိုး ဖြစ်သွားသည် ။ ကိုယ့် ဆံပင်များ ကို လက် ဖြင့် ပွတ်သပ်ပြီး ...


“ ဘာဖြစ်လို့ မေးတာလဲ သားရယ် ”


မေမေ့ အသံ သည် တုန် နေ၏ ။ မေမေ့ မျက်နှာ သည် တရားပွဲတွေ မသွားခင် ဟို အရင် လို မျက်နှာမျိုး ပြန် ဖြစ်လာကာ နီးပြီ ဟု ထင်သည် ။ မေမေ ဘာဖြစ်သွားမှန်း ကိုယ် မသိ ။ ကိုယ် မေး မှာ ကို မပြောဘဲ သိသွားသလား ဟု စိုးရိမ်သွားမိပြန်သည် ။ ထို့ကြောင့် ကိုယ် မေးချင်နေတာတွေကို မမေးတော့ဘဲ မေမေ့ လက်မောင်း ပေါ် တွင် မျက်နှာ ကို အပ်၍ ငြိမ် နေလိုက်သည် ။ ခဏ ကြာသောအခါ မေမေ့ တရားစာ ရွတ်ဖတ်သံ ကို ကြားရသည် ။


မေမေ သည် ခုခါတွင် အရင်ကလို သီချင်း တွေ မဆိုတော့ ။ ညတိုင်း တရားစာတွေချည်း ပဲ ရွတ်သည် ။ တရားစာ ရွတ်ဖတ်သံ သည် အရင်ကလို လွမ်းစရာ သီချင်းသံ မဟုတ်သော်လည်း ကိုယ့် ကို ဘာကြောင့် လှိုက်ခနဲ ဖြစ် သွားစေရပြန်တာလဲ ။


မင်းလူ


ငှက်ကလေး


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment