Wednesday, August 31, 2022

ငှက်ကလေး ( ၁၀ ) +


 

ဘွားမေသိန်း သည် ကိုယ့် ကို မြင်မြင်ချင်း မမှတ်မိချေ ။ ကိုယ် က ပြုံးပြ လိုက်သော အခါကျ မှ “ ဟယ် .. ငါ့မြေး ညီညီ ” ဆိုပြီး ကိုယ့် ဆီ ပြေး လာသည် ။ ကိုယ့် ကို တအား ဖက်ထား၏ ။ ကိုယ့် ပါး ကိုလည်း အကြာကြီး နမ်းသည် ။ ပြီးတော့ ကိုယ့် ကို အတင်း ပွေ့ချီသည် ။ သို့သော်လည်း ဘွားမေသိန်း ကိုယ့် ကို မချီနိုင် ၊ “ အင်း အင်း ”  ဆို ဖြစ်နေပြီး သူ မနိုင်မှန်း သိတော့မှ ရယ် လိုက်သည် ။ ဘွားမေသိန်း ရယ်လျှင် အားရပါးရ ရယ် တတ်သော်လည်း အသံ ထွက်လေ့ မရှိပါ ။ ဘွားမေသိန်း သည် ကိုယ် နှင့် နည်းနည်း ခွာ ရပ်လိုက်သည် ။ ကိုယ့် ပခုံး နှစ်ဖက် ကို ဆုပ်ကိုင်၍ စေ့စေ့ ကြည့်သည် ။

“ ကြည့်စမ်း ၊ ညီညီ တောင် လူပျိုကြီး ဖြစ် နေမှကိုး ”

လူပျိုကြီး ဆိုသည် မှာ ဖေဖေ တို့ အရွယ် ထိ မိန်းမ မရသေးသော ဦးလေးမောင်မောင်ကြီး လို ၊ ပြီးတော့ ကိုယ်တို့ လမ်း ထဲ က ခြင်းလုံးချန်ပီယံ ဦးလေး ကိုစိုးထွန်း တို့ လို လူမျိုး ကို ခေါ်သည် ဟု သာ နားလည်ခဲ့သော ကိုယ် သည် ဘွားမေသိန်း စကားကြောင့် တစ်မျိုးကြီး ဖြစ် သွားပြီး ရှက် သလိုလို လည်း ဖြစ်  သွားသည် ။

ဦးလေးမောင်မောင်ကြီး က နောက်နေ့မနက် ကျ မှ တိရစ္ဆာန်ရုံ သွားဖို့ လာ ခေါ်မည် ဟု ပြောပြီး ပြန် သွားသည် ။ ကိုယ် ရောက်သွားသော အချိန်တွင် ဘွားမေသိန်း ၏ သား ဦးလေးချစ် နှင့် ဒေါ်လေးသန့် တို့ ရုံး သွား နေကြပြီ ၊ ကိုယ် နှင့် နှစ်ဝမ်းကွဲတော် သည်ဟု ဦးလေးမောင်မောင်ကြီး က ပြော ပြခဲ့သော ကိုတွတ် တို့ ၊ နီလာ တို့ ၊ သီတာ တို့ ကတော့ ကိုယ့် အနား မှာ လာ ဝိုင်းရပ်ပြီး ကိုယ့် ကို ကြည့် နေကြသည် ။ ဘွားမေသိန်း က ကိုယ့် ကို မေး၏ ။

“ ဟဲ့ .. ငါ့ တူမ မစောမြင့်လေး နေကောင်းရဲ့ လား ”

“ ကောင်းပါတယ် ဘွားမေသိန်း ရဲ့ ”

“ ဒါနဲ့ ဟိုကောင် နင့် အဖေ လူ့ဂွစာ ကော ”

ကိုယ် ခေါင်း ညိတ်လိုက်သည် ။ ဖေဖေ့ အကြောင်း ဘာ မေးတာမှန်း မသိ၍ ကိုယ် မဖြေခြင်း ဖြစ်သည် ။ နေကောင်းရဲ့လား လို့ မေး တာလား ။ တခြား ဘာလည်း မသိ ။

ဘွားမေသိန်း သည် ဘယ်လိုလဲ မသိ ။ တကယ်ဆိုလျှင် ဖေဖေ က ဘွားမေသိန်း ၏ တူ တော်သည် ဟု ပြောသည် ။ ဖေဖေ့ ကို ကျတော့ ဟိုကောင် လူ့ဂွစာ တဲ့ ။ မေမေ့ ကျ တော့ ငါ့ တူမ မစောမြင့်လေး တဲ့ ။ ဘွားမေသိန်း သည် ဖေဖေ့ ကို သိပ် မကြည်ဘူးလား မသိ ။ ဘာလို့လဲ မသိ ။

ဘာပဲဖြစ်ဖြစ် ရန်ကုန် မှာ ကိုယ် ပျော်တာတော့ အမှန်ပါပဲ ။ ဦးလေး မောင်မောင်ကြီး ရယ် ၊ ကိုယ် ရယ် ၊ ကိုတွတ် ရယ် ၊ တိရစ္ဆာန်ရုံ ကို သွား ကြသည် ။ သီတာ နှင့် နီလာ ကတော့ ငယ်သေးလို့ မခေါ်ခဲ့ချေ ။ တိရစ္ဆာန်ရုံ ထဲမှာ အကောင်တွေမျိုးစုံပဲ ကိုယ် ကြည့်ရသည် ။ ငှက်တွေ ကလည်း အများကြီး ။ ရထား လည်း စီးရသည် ။ ငါးပြတိုက် ကို သွား ကြည့်တော့ ရွှေငါးလေးတွေ အရမ်း လှသည် ။ ငါးခူအဖြူ လည်း ရှိသည် ။ အဝါ လည်း ရှိသည် ။

ပြီးတော့ သမ္မတရုံ မှာ စုံထောက် ကား သွား ကြည့်သည် ။ အရမ်း ကောင်းသည် ။ ဇာတ်လိုက် က ရေရေလည်လည် သားနားသည် ။ ဖိုက် လည်း အပြတ် ဖိုက်သည် ။ ပြီးတော့ သမ္မတရုံ ဆိုတာ ကလည်း ကိုယ်တို့ ဆီ က ရုံတွေ နှင့် တခြားစီ ။ ထိုင်ခုံတွေ ဘာတွေကလည်း သားနားသည် ။ လိုက်ကာကြီး ကလည်း အရမ်း လှသည် ။ ပိတ်ကားကြီး ကလည်း အကျယ်ကြီး ။ ပြီးတော့လည်း အဲယာကွန်းနေးရှင်း နဲ့ ။ ရုံ ထဲမှာ အေး နေတာပဲ ။

သမ္မတရုံ ထဲ ရောက်မှ တစ်ခါက ကိုယ် တို့ ကို တင်အောင်ခိုင် အကြောင် ရိုက်တာ သွား သတိ ရသည် ။ ဟို အရင် ဒီကောင် ရန်ကုန် သွား လည်ပြီး ပြန် လာတုန်းက ဖြစ်သည် ။ ကိုယ်တို့ ကို ပြော ပြသည် ။ ရန်ကုန်သမ္မတရုံ မှာ ရုပ်ရှင် ပြနေတုန်း ပန်ကာ ပြုတ်ကျလို့ လူသုံးယောက်သေသွားတယ် တဲ့ ။ ကိုယ်တို့ လည်း တကယ် ယုံပြီး တစ်ယောက် တစ်မျိုး ကိုယ် ထင်တာ ပြော နေကြတာပေါ့ ။ ဒါကို ကြည့်ပြီး တင်အောင်ခိုင် က အပြတ် ဟား သည် ။ ဟုတ်တယ်လေ ။ သမ္မတရုံ ဆိုတာ လေအေးစက် နဲ့ ရုံပဲ ။ ပန်ကာ မှ တပ်မထားတာ ။

ရုပ်ရှင် ပြီး လို့ ထွက် လာတော့ ရွှေလမင်းတီးဟောက်စ် မှာ ပဲပလာတာ စား ရသည် ။ ပြီးတော့ ကော်ဖီ သောက်ရသည် ။ အဲဒီ ရွှေလမင်းတီးဟောက်စ် ရှေ့က လမ်း မှာ ဆိုရင် ဈေးဆိုင်တွေ အများကြီးပဲ ။ အင်္ကျီတွေ ဘာတွေ ဆိုတာ လမ်းဘေး မှာ ပုံ ရောင်းနေတာ ။ ပြီး ဒီဘက်က ဆိုင်တွေ ကျတော့ ဘာတွေမှန်း မသိသော ပစ္စည်းတွေ မျိုး စုံ နေသည် ။ ခေါင်းစွပ် လို ဟာမျိုးတွေ ၊ လက်အိတ်တွေ ၊ ရေဒီယိုသေးသေးလေး တွေ ၊ မီးခြစ် တို့ ၊ ဖောင်တိန် တို့ လည်း ပါသည် ။ ဘွတ်ဖိနပ်အရှည်ကြီး တွေ ရော နောက် ကိုယ် ဘာမှန်း မသိတာ တွေ ရော ပဲ ။

ကိုယ် စိတ် အဝင်စားဆုံးက ကစားစရာကားလေး တွေ ၊ တခြား အရုပ်မျိုးစုံ တွေ သိပ် လှသည် ။ တစ်နေရာ ကျတော့ လူတွေ အုံ နေလို့ ကိုယ်တို့လည်း အတင်း ဝင် တိုးကြည့်သည် ။ ဦးလေးမောင်မောင်ကြီး က အပြင် မှာ ရပ် စောင့်နေသည် ။ လူတွေ ကြား ထဲ ဝင် တိုးပြီး ကြည့် လိုက်တော့ ကစားစရာ ခွေးရုပ်ကလေး တစ်ရုပ် ။ ခွေးကလေး က လမ်း လျှောက် နေသည် ။ ထိုအချိန်မှာ လူကြီး က လက်ခုပ် တီး လိုက်သည် ။ ဖြောင်း ခနဲလည်း မြည်သွားရော ခွေးကလေး က လမ်းလျှောက် နေရာမှ ရပ်ပြီး ခေါင်းကလေး မော့ကာ မော့ကာ နဲ့ ` အုအုအု ' ဆို အော်သည် ။ ပြီးမှ ဆက် လျှောက်ပြန်သည် ။ နောက်တစ်ခါ လက်ခုပ် တီးလိုက်တော့ ခုန လို ရပ်ပြီး အော် ပြန်သည် ။ လက်ခုပ် တီးရုံနဲ့ အရုပ်ခွေး က ဘယ်လို လုပ် သိသလဲ မသိဘူး ။ ကစားစရာ ခွေးအရုပ် ထဲ ကို တကယ့် ခွေးစိတ်မျိုး ထည့် ထားလို့ ရသလား ဟု ကိုယ် အံ့သြနေလေသည် ။

ကိုတွတ် ကတော့ အဲဒီ အရုပ် ကို ကြည့်ပြီး အရမ်း လိုချင်နေသည် ။ ဦးလေးမောင်မောင်ကြီး ရှိရာ တိုး ထွက်သွားပြီး ဝယ်ပေး ဝယ်ပေး ဟု အော်ငိုသည် ။ ဦးလေးမောင်မောင်ကြီး က ချော့ ပြီး ခေါ် သွားရ၏ ။ တကယ် ပြောရလျှင် အဲဒီ အရုပ်ကလေး ကို ကိုယ် လည်း လိုချင်တာပါပဲ ။

     •••••   •••••   •••••   •••••

ဘွားမေသိန်း တို့ အိမ် မှာ လည်း ကိုယ် ပျော်ပါသည် ။ ဘွားမေသိန်း သည် ဟင်းချက် အလွန် ကောင်းသည် ။ တစ်နေ့တစ်မျိုး မထပ်အောင် ချက် ကျွေးသည် ။ ကိုယ် အကြိုက်ဆုံးမှာ ဝက်သား ကို ပုန်းရည်ကြီး နှင့် ချက်သော ဟင်း ဖြစ်သည် ။ စား လို့ အရမ်း ကောင်းသည် ။ ထမင်း တစ်ခါ စားလျှင် အနည်းဆုံး နှစ်ပန်းကန် လောက် ကုန် အောင် စား နိုင်သည် ။ ဘွားမေသိန်း က တောင်မှ ဒီ လေးငါးရက် အတွင်းမှာ ကိုယ့် အသားတွေ ပြောင်တက်လာသည် ဟု ပြောလေ၏ ။

ဦးလေးချစ် ၏ ကလေးတွေ ဖြစ်သော ကိုတွတ် တို့ ၊ သီတာ တို့ ၊ နီလာ တို့ ကလည်း ကိုယ့် ကို သိပ် ချစ်ကြပါသည် ။ ကိုတွတ် က အသက် ရှစ်နှစ် ရှိပြီ ။ သီတာ က ခြောက်နှစ် ၊ နီလာ က လေးနှစ် ။ ကိုတွတ်ကြီး က သဘော လည်း ကောင်းသည် ။ လိမ် လည်း လိမ်မာသည် ။ သူ့ ညီမလေးတွေ ကိုလည်း သိပ် ညှာတာပဲ ။ သီတာ ကတော့ ချွဲ တတ်သည် ။ နီလာ ကျတော့ အငယ်ဆုံး မို့လား မသိ ၊ အစ်ကိုတွေ ၊ အစ်မတွေ အပေါ်မှာ နွဲ့ဆိုး ဆိုးသည် ။ တစ်အိမ်လုံး မှာ သူ က ဗိုလ်ပဲ ။ သူ့ အသံ စာစာ စာစာ နှင့် အမြဲတမ်း ဆူညံ နေတတ်သည် ။ ကျောင်း ပိတ်ရက်မှာ ကိုယ် ရောက်သွား သောကြောင့် သူတို့ ပို ပျော်ကြလေသည် ။ ကိုယ် က သူတို့ ကို စက္ကူ ဖြင့် အရုပ်ကလေး တွေ လုပ် ပေးသည် ။ ဦးလေးမောင်မောင်ကြီး ပြော ပြသော ပုံပြင်တွေ ကို ပြန် ပြောသည် ။

ဦးလေးချစ် တို့ ဒေါ်လေးသန့် တို့ ကလည်း သဘော ကောင်းပါသည် ။ ကိုယ့် ကို လည်း ဂရု စိုက်သည် ။ ညတိုင်ကျပြီ ဆိုလျှင် ဦးလေးချစ် က လမ်းထိပ် က ဈေးဆိုင်တန်း မှာ ဆီချက်ခေါက်ဆွဲ တို့ ၊ ပလာတာ တို့ ၊ ပဲဟင်း နှင့် နံပြား တို့ လိုက် ကျွေးတတ်သည် ။ ဦးလေးချစ် သည် စကား ပြောလျှင် အော်ကျယ် အော်ကျယ် နှင့် ပြော တတ်သည် ။ ပြီးတော့ လည်း သူ့ ပါးစပ်ပြဲကြီး နှင့် တဟားဟား ရယ် တတ်သည် ။ ဒေါ်လေးသန့် ကတော့ တဟားဟား ရယ် ဖို့ပင် အချိန် မရ ။ မနက် အစောကြီး ထပြီး ဈေး သွားရသည် ။ ပြန် လာတော့ ဘွားမေသိန်း နှင့် အတူ ထမင်း ၊ ဟင်း ကူ ချက်ရသည် ။ ပြီးတော့ ကိုတွတ် တို့ ကို ရေမိုးချိုး အဝတ်အစား လဲပေး ။ သူ လည်း ရေချိုး အဝတ်အစား လဲပြီး ရုံး သွားရသည် ။ ရုံး က ပြန် လာတော့လည်း ညနေစာ စားဖို့ ပြင်ဆင် ရသည် ။ တစ်ခါတလေ ဦးလေးချစ် က ညောင်းတယ် ဆိုလျှင် နင်းပေး နှိပ်ပေး ရသေးသည် ။ ဒီလောက် အလုပ်များတဲ့ ကြား ထဲကပင် ကိုယ် ထမင်း  စားလျှင် ဘေး မှာ လာ ထိုင်ပြီး ဟင်းတွေ ဘာတွေ ဂရုစိုက်ပြီး ခပ် ထည့် ပေးတတ်ပါသေးသည် ။

ကိုယ် မပြန်ခင် တစ်ရက် က ဘွားမေသိန်း ၏ သားကြီး ဦးလေးသောင်း လာ သည် ။ ဘွားမေသိန်း အတွက် လိမ္မော်သီးတွေ ဝယ် လာသဖြင့် ကိုယ်တို့ တောင် တစ်ယောက် တစ်လုံး ရ သေးသည် ။ ဦးလေးသောင်း က ကိုယ် ရယ် ၊ ကိုတွတ် ရယ် ၊ သီတာ ၊ နီလာ တို့ ကို ခေါ်ပြီး ရွှေတိဂုံဘုရား သွား ကြသည် ။ ဘုရား ပေါ် ကို ဓာတ်လှေကား နှင့် တက် ရသည် ။ ဘုရား ပေါ် ရောက် တော့ ဦးလေးသောင်း က ကိုယ် တို့ ကို တစ်ယောက်လျှင် ငါးပြားစေ့ အစေ့ နှစ်ဆယ် စီ ပေးသည် ။ ကိုယ် တို့ သည် ဘုရား ပေါ် က အလှူခံပုံး တွေ မယ်သီလရှင် တွေ ကို ငါးပြား စီ ၊ ငါးပြား စီ အလှူ ထည့်ကြရသည် ။ ကိုယ့် အတွက် ရန်ကုန် လာရတာ အရမ်း တန်သည် ။ အစုံလည်း လျှောက်လည်ရသေးသည် ။ ကောင်းကောင်း လည်း စား ရသေးသည် ။ ပြီးတော့ ..

“ အိမ် မှာ ထမင်း ၊ ဟင်း ဘယ်သူချက်လဲ ”

“ ဆော်လီမား ”

“ ဘာ ”

“ ဟိုလေ ငှားထားတဲ့ ကုလားမကြီး ပြောတာ ”

“  ဪ ... ဪ ”

“ ရုံးပိတ်ရက်တွေကျရင် မေမေချက်တယ် ”

“ နင့် အဖေ က ပိုက်ဆံ မှန်မှန်ပေးရဲ့လား ”

“ ပေးတယ် ဘွားမေသိန်း ၊ တစ်လ ခုနှစ်ရာ ၊ တစ်ခါတလေ ပိုတောင် ပေးသေးတယ် ”

ကိုယ် က တခါ ဖေဖေ ရေးထားသော စာ ကို တွေ့ဖူးသဖြင့် ထို အတိုင်း ပြော လိုက်ခြင်း ဖြစ်သည် ။ ဘွားမေသိန်းက ခေါင်းတညိတ်ညိတ် လုပ်နေသည် ။ ပြီးမှ

“ နင့် အဖေ နဲ့ အမေ စကား မှ ပြောကြရဲ့လား ၊ တစ်ယောက် နဲ့ တစ်ယောက် ”

ကိုယ် ဘယ်လို ဖြေရမှန်း မသိ ။ လိမ် လည်း မလိမ်ချင်ပါ ။ အမှန်အတိုင်း လည်း မပြောချင်သလို ဖြစ်နေသည် ။ ဘွားမေသိန်း က ကိုယ့် မျက်နှာ ကို စိုက်ကြည့်ပြီး ...

“ မပြောကြဘူး မဟုတ်လား ”

ကိုယ် ခေါင်းညိတ်ပြီး “ ဟုတ်ကဲ့ ” ဟု တိုးတိုး ပြော လိုက်သည် ။

“ အင်း ... ဖေအောင် ၊ ဖေအောင် တော်တော် ခက်သေးတယ် ”

ဘွားမေသိန်း က ညည်း သလို ပြော သည် ။ သူ့ ဘာသာ သူ လိပ် ထားသော ဆေးပေါ့လိပ်ကြီး ကို ပါးစပ်မှာ တပ် လိုက်ပြီး မီး ညှိသည် ။ တော်တော် နှင့် ညှိလို့ မရ ။ ဖွာလိုက် မီးခိုး ထွက်လာ လိုက် ပြန် မီးသေသွားလိုက် ဖြစ် နေသည် ။ ဘွားမေသိန်း က ဆေးပေါ့လိပ် ကို ငါးသေတ္တာခွက် ထဲ သို့ ဆောင့် ချထည့်လိုက်ရာ ဆေးရိုးတွေ ထွက် ကျကုန်သည် ။

“ နင့် အဖေ က တော်တော် ခွ ကျတဲ့ ကောင် ပဲ ”

ကိုယ် ယောင် ပြီး ခေါင်း ညိတ်မိသည် ။ တော်ပါသေးရဲ့ ။ ဘွားမေသိန်း က ကိုယ့် ကို ကြည့် မနေလို့ ။

“ ဘယ်လောက် ထိ ခွ ကျသလဲ ဆိုရင် သူတို့ နှစ်ယောက် ညားကာ စ လား ၊ တစ်နှစ် လောက် ကြာတော့လား မသိဘူး ။ ငါ နေ မကောင်းလို့ ထင်တယ် ။ မစောမြင့် က ဟင်း ဝင် ချက်တာ ။ ဒါနဲ့ ဖေအောင် က ထမင်း စား ရော ဆိုပါတော့ ။ ချဉ်ရည်ဟင်း တစ်ဇွန်း ကို ခပ် သောက် ကြည့်ပြီးတော့ ' ဒါ ဘာဟင်းလဲ ' တဲ့ မေးတယ် ။ မစောမြင့် က ' ချဉ်ရည်ဟင်း ' လို့ ပြန် ပြောတော့ နင့် အဖေ က ဘာ ပြောတယ် မှတ်သလဲ ။ ' ချဉ်ရည်ဟင်း ကလည်း ချဉ် လိုက်တာ ' တဲ့ ။ မစောမြင့် ကတော့ ဘာမှ မပြောပါဘူး ။ ငါ ကသာ ကြား ထဲက မနေနိုင်လို့ ' ဟဲ့ ဖေအောင် ရဲ့  ၊ ချဉ်ရည်ဟင်း က မချဉ်လို့ ဘယ်လို နေရမှာလဲ ' ဆိုတော့ ' ချဉ်ရည်ဟင်း ပေမယ့် မချဉ်အောင် ချက် လို့ ရတယ် ' လို့ ပြောပြီး ထ ထွက်သွားရော ။ ထမင်းပွဲကြီး ဒီ အတိုင်း ထား ပစ်ခဲ့တယ် ။ ကဲ ... ဘယ်လောက် ခွတီးခွကျ လုပ်သလဲ ဆိုတာ ”

ဘွားမေသိန်း သည် ဆေးပေါ့လိပ် ကို ကောက် ယူပြီး မီးညှိ ပြန်သည် ။ သည်တစ်ခါတော့ မီး ညှိ လို့ ရ သွားသည် ။ ဆက်တိုက် ဖွာနေရာ မီးခိုးတွေ အူ ထွက်လာသည် ။ ကိုယ် လည်း ဘာမျှ ဝင် မပြောဘဲ အသာ ငြိမ်နေသည် ။ ဘွားမေသိန်း သည် ဖေဖေ တို့ ၊ မေမေတို့ အကြောင်း တစ်ခုခု ဆက် ပြောလိမ့်မည် ဟု ထင် နေသည် ။ ပြော လည်း ပြော သည် ။

“ အင်း ... ဖေအောင် ဟာ တူ ဆိုပေမယ့် တကယ်တော့ ငါ့ မွေးစားသား လို့ ပြော ရင် ရပါတယ် ၊ အစ်ကို နဲ့ အစ်မ တို့ ကွဲ ကြတော့ ဖေအောင် လေး ၊ ငါးနှစ် လောက်ပဲ ရှိ ဦးမယ် ။ သူ့ ကို အစ်ကို က ခေါ် သွားတယ် ။ အစ်ကို့ လက် ထဲ မှာ တုန်းက ဖြစ်သလို နေရတယ် ဆိုပေမယ့် အနှိပ်စက် မခံရဘူး ။ အစ်ကို လည်း ဆုံးရော ဖေအောင့် ကို အစ်မ တို့ က ခေါ် ထားလိုက်တယ် ။ အဲဒီအချိန် မှာ အစ်မ က နောက် အိမ်ထောင် နဲ့ ဖြစ်နေပြီ ။ ဖေအောင် ဆယ်နှစ် သား ပေါ့ ။ ဟင်း  .... ပြော ပြန်ရင်လည်း ယောင်းမ မို့ မကောင်း ပြောတယ် ဖြစ် ဦးမယ် ”

ဘွားမေသိန်း က ပြော နေရာမှ ဆေးလိပ် ကောက် ဖွာ ပြန်သည် ။ ပြောပြန်ရင်လည်း မကောင်းဘူး ဆိုတော့ သွားမေသိန်း ဆက်မှ ပြောပါ့မလား ဟု ကိုယ် စိုးရိမ်သွားသည် ။ သို့သော်လည်း ဘွားမေသိန်း ဆက် ပြော၏ ။

“ အစ်မ ဟာ ဖေအောင့် အပေါ် မှာ ကြင်ကြင်နာနာ မရှိဘူး ၊ ပထွေး က ခပ်တော်တော် ရယ် ၊ သူ က ပို ဆိုးနေတယ် ။ အေးလေ သူ့ လင် ဆီ က မျက်နှာ ကောင်း ရအောင် နှိပ်စက် ပြ ရတာလားတော့ မသိဘူးပေါ့ ။ ဟို ကလေးတွေ ကိုသာ ဂရု စိုက်လိုက်ရတာ ဖူးဖူး ကို မှုတ် နေတာပဲ ။ ဖေအောင် ကတော့ ဘေး လူ မြင်ရင် သား လို့ တောင် ထင်ရက်စရာ မရှိဘူး ။ အိမ်မှာ ခိုင်းထားတဲ့ ကောင်လေး တစ်ယောက် ပဲ ။ အဲဒါနဲ့ ဖေအောင် က တခါ အိမ် က ထွက် ပြေးသေးတယ် ။ ပြန် မိတော့ သေ လုအောင် အရိုက် ခံရတာပေါ့ ။ အဲဒီတခါ ရိုက်တော့ ပထွေး ပါ ဝင် ပါလာတယ် ။ အဲ ... ဖေအောင် ဟာ အဲဒီတုန်း ကတည်း က အင်းလေ ခံရဖန် များလို့ ထုံ သွားသလား မသိဘူး ။ အရိုက် ခံ ရရင် ဘယ်တော့ မှ မငိုဘူး ။ ပေ ပြီး ခံတယ် ”

ကိုယ် သည် သင်္ချာဆရာ က ဟိုတစ်ခါ ကိုယ့် ကို ရိုက် တုန်းက အကြောင်း သွား သတိရသည် ။ အဲသည်တုန်း ကလည်း ဆရာ ရိုက်တော့ ကိုယ် မငိုဘဲ ပေပြီး ရပ် နေခဲ့တာ မဟုတ်လား ။ ကိုယ် သည် ဖေဖေ နှင့် တူ လို့ပါလား မသိ ။ သို့သော်လည်း အရိုက် ခံရလွန်းလို့ ထုံ သွားတာတော့ မဖြစ်နိုင် ။ ဖေဖေ နှင့် မေမေ သည် ကိုယ့် ကို တခါ မျှ မရိုက်ဖူးပါ ။ ဘာဖြစ်လို့လဲ ဟု မစဉ်းစားနိုင်ခင် ဘွားမေသိန်း က ပြော ပြန်သည် ။

“ သူ တို့ ငဖဲမြို့ ကို ပြောင်းရတဲ့ အခါ ကျတော့ ငါ လည်း ဖေအောင့် ကို ဇွတ် မရမက ခေါ် ထား လိုက်တယ် ။ ခုနှစ်တန်းစာမေးပွဲ ဖြေ ပြီးတဲ့ အထိ ရန်ကုန် မှာ နေပါစေ လို့ ပြောပြီးတော့ ဒါပေမယ့် အဲဒီအချိန် ကစပြီး သူတို့ နဲ့ ဖေအောင် အဆက်အသွယ် ပြတ် သွားတာပဲ ။ ဖေအောင် ကိုးတန်း တုန်း ကလား မသိဘူး တခါ လာ ခေါ်သေးတယ် ။ ဖေအောင် က မလိုက်တော့ဘူး ။ သူ့ ကို အတင်း ခေါ်ရင် သူ့ ကိုယ် သူ သတ်သေမယ် ။ ဒါမှမဟုတ်ရင် ပထွေး ကို သတ်မယ် လို့ ပြော လွှတ်လိုက်တယ် ။ အေး ... ခုထိပဲ ဆိုပါတော့ ။ ဖေအောင် ဟာ သူတို့ နဲ့ အဆက်အသွယ် ပြတ် သွားတာ ”

ကိုယ် ဆက်နားထောင်နေသည် ။ သို့သော်လည်း ဘွားမေသိန်း ထပ် မပြောတော့ နောက်တော့ ဘာ ဖြစ်သွားသလဲ ။ အဖေ နဲ့ အမေနဲ့ ယူ ကြတဲ့ အကြောင်း ၊ ပြီးတော့ နောက်ပိုင်း ဖေဖေ နဲ့ မေမေ နဲ့ စကား မပြောကြတဲ့အကြောင်း ၊ ဘာမျှ ထပ် မသိရတော့ ။

ဘွားမေသိန်း သည် အပြင် ကိုသာ ကြည့် နေသည် ။ ကိုယ် လည်း ဘွားမေသိန်း လိုပင် လိုက် ကြည့်သည် ။ လမ်းမီးတွေ မလာသောကြောင့် အပြင် ကို ဘာမျှ မမြင်ရချေ ။

“ ငါ့ မြေးလေး ... ငါ့ မြေးလေး ”

ဘွားမေသိန်း သည် အသံ တစ်မျိုးကြီး ဖြင့် ပြောပြီး ကိုယ့် ပခုံး ကို ဖက် ပြီး သူ့ ဘက် ဆွဲ ကပ်လိုက်သည် ။ ကိုယ် လည်း ဘွားမေသိန်း ၏ လက်မောင်း ပေါ် မှာ ခေါင်း ကို မှီ ထားလိုက်သည် ။

◾  မင်းလူ

📖   ငှက်ကလေး

#ကိုအောင်နိုင်ဦး

မန်ကျည်းပင် အိုအို ရွက်နုညွန့် စိုစို


 

❝ မန်ကျည်းပင် အိုအို ရွက်နုညွန့် စိုစို ❞

“ ဦးလှကြီး က တစ်ပိဿာ ၊ ခင်ပုတို့ အိမ် က တစ်ပိဿာ အ စိတ် ၊ မပွဲ က ငါးဆယ်သား ၊ ရှင်မယ်ရီ က အစိတ်သား ၊ ရှင်မယ်ရီ တို့ များ တော် သားတွေမြေးတွေ စားလူ တစ်ပုံကြီးနဲ့ ခရမ်းသီး အစိတ်သား တည်း ဝယ် ရတယ် လို့ ၊ ချွေတာ ရန် ကော မယ်တင်ရေး မိုး    ဖွဲ့ ကျလာပြီ တဲ့ ၊ ခရမ်းသီးတောင်း တွေ သိမ်းတော့ ”

အမေဆုံ သည် ကျောက်သင်ပုန်း ပေါ် ရှိ ယနေ့ရောင်း ရသည့် ခရမ်းသီးအကြွေး စာရင်းများ ကို ဖတ် နေရာမှ မိုးရေစက်များ ကျလာ သဖြင့် ဈေးတောင်း သိမ်းရန် မြေးငယ် အား သတိ ပေးလိုက်၏ ။ ရွာလယ် မန်ကျည်းပင်ကြီး အောက် မှ ဆိုင် ဟု ဆိုလျှင် အမေဆုံ ၏ ဟင်းသီးဟင်းရွက်ဆိုင် ကို ဆိုလို ကြောင်း အေးငြိမ်း ရွာ တစ်ရွာလုံး သိကြသည် ။ ဆိုင် ဟု ဆိုသော်လည်း အမိုးအကာ မရှိ ။ အခင်း မရှိ ။ မန်ကျည်းပင် အောက် မြေပြင် တွင် ပင် ဗန်း ခင်းပြီး ရောင်းခြင်း ဖြစ်၏ ။ အေးငြိမ်းရွာ ၌ ဈေး ဟူ၍ မရှိ ။  ဆိုင်ကနား လည်း မရှိချေ ။ ရွှေဘိုမြို့ နှင့် ငါးမိုင် သာ ဝေး သောကြောင့် ရွာသားများ သည် လိုအပ်သော ပစ္စည်း ရှိလျှင် မြို့သို့ တက်၍ ဝယ်ကြ၏ ။ မုန့် နှင့် သားငါးပုဇွန် တို့ ကို ကား တစ်ရွာ မှ လာ၍ ရောင်းသည့် ခေါင်းရွက်ဈေးသည် များ ထံ မှ ဝယ် စားကြသည် ။ ထို့ကြောင့် အေးငြိမ်းရွာ တွင် တစ်နေရာတည်း ၌ ထိုင်ပြီး ရောင်းသော ဆိုင် ဟု ဆိုစရာမှာ အမေဆုံ ၏ ဟင်းသီးဟင်းရွက် ဆိုင် တစ်ဆိုင် သာ ရှိ၏ ။ အမေဆုံ ၏ ဆိုင် ကား အမေဆုံ သီလဆောက်တည်မြဲ ဖြစ်သည့် ဥပုသ်နေ့ မှ တစ်ပါး နံနက်တိုင်း ထွက် သည် ။ အမေဆုံ ၏ ဆိုင် ကို ဘယ်သူမှ မတုပ နိုင်ကြ ။ ခရမ်းသီး ဟု ဆိုပေမဲ့ အမေဆုံ ၏ အခင်း မှ ထွက်သော ခရမ်းသီး သည် ပို၍ ချော၏ ။ ပို၍ ချို၏ ။ ပိုးလည်း လွတ် သည် ။ ထို့ပြင် အမေဆုံ ၌ ဈေးသည် စိတ် မရှိ ရက်ရောသည် ။ အမေဆုံ ၏ ဆိုင် မှ ချိန်ခွင်လျှာ သည် ဝယ်သူဖက် သို့ သာ မြဲပင် ။ အဆစ်လည်း တနင့်တပိုး ပေးတတ်သည် ။ ထို့ကြောင့် အမေဆုံ ရောင်းသမျှ ပစ္စည်း သည် ဆွမ်းခံ မဝင်ခင် ကုန် လေ့ ရှိ၏ ။ ငွေ လက်ငင်း မချေဘဲ အကြွေး ဝယ်ယူသူများ ကို အမေဆုံ သည် ကျောက်သင်ပုန်း ငယ် ပေါ်တွင် ကံ့ကူဆံ ဖြင့် စာရင်း မှတ်၏ ။ သို့သော် အမေဆုံ ၏ ပခုံးပေါ် မှ ကျော်ပြီး စာရင်းများ ကို ဖတ် ကြည့်ပါ က ဘာမျှ နားလည်နိုင်မည် မဟုတ်ချေ ။

“ အမေဆုံ ကလည်း ဗျာ... တဂျစ်ဂျစ် နဲ့ မှတ် လိုက်တာ ၊ ဘာတွေ မှတ်မှန်းလဲ မသိဘူး ၊ ကျုပ်တို့ ဖြင့် ဖတ် လို့ လည်း မရပေါင် ”

ဟူ၍ ပြော ပါ က အမေဆုံ သည် ကွမ်းသွေးများ စွတ်စိုနီရဲနေသည့် သူ့ အောက်နှုတ်ခမ်းပါးလေး ကို လက်ညှိုး လက်မ တို့ဖြင့် သုတ်ရင်း ...

“ ဟဲ့ .. နင်တို့ ဘယ် ဖတ်လို့ ရပါ့မလဲ ။ ငါ ရေးတာ က နတ်စာ ဟဲ့ ... နတ်စာ ဆိုတာ နတ်တွေ ၊ သိကြားတွေ ၊ သီလ ရှိတဲ့ လူတွေ မှ ဖတ်လို့ ရတယ် ”

ဟု ချေပတတ်၏ ။ ပြီးမှ ရယ် နေတတ် သည် ။

ကျောက်သင်ပုန်း ပေါ် မှ အမေဆုံ ပြောသည့် နတ်စာများ ကို လေ့လာ ကြည့်ပါက လက်ဝဲဖက် ပေါင် အနီး တွင် ဝလုံး လိုလို ၊ သစ်ပင် လိုလို ၊ တိရစ္ဆာန်အရုပ် လိုလို အရာများ ကို တွေ့ရ၏ ။ ယင်း သင်္ကေတ များ ကား ဈေးဝယ်သူ တို့ ၏ အမည်များ ဖြစ်၏ ။ ဥပမာ မခင်ပု ဟု ဆိုလျှင် အမေဆုံ က ထန်းပင်လေး ရေးလိုက်၏ ။ မခင်ပု တို့ အိမ် တွင် ထန်းပင် ရှိသည် ။ ဒေါ်ပွဲ ဆိုလျှင် နွားခေါင်းပုံလေး ရေး လိုက်၏ ။ ဒေါ်ပွဲ တို့ အိမ် တွင် နွားချောချော တစ်ရှဉ်း ရှိသောကြောင့် တည်း ။ ဤသို့လျှင် အမေဆုံ သည် တစ်ရွာလုံးမှ ဈေးဝယ်သူ အမည်များ ကို သူ့ သညာနှင့် သူ မှတ်နိုင်စွမ်း ရှိ၏ ။ ရောင်း ရသည့် ကုန်ချိန် ကိုလည်း အမေဆုံ သည် ဈေးဝယ် သူ အမည် နှင့် ယှဉ်၍ မှတ်၏ ။ သို့ရာတွင် သူတကာ ကဲ့ သို့ တုတ်ချောင်းငယ်များ တစ်ချောင်း ၊ နှစ်ချောင်း စသည့် ခြစ်ပြီး မမှတ် ။ မြွေသဏ္ဌာန် မျဉ်းကောက်လေး တစ်ချောင်း ကိုသာ ဖြစ်ပြီး မှတ်သည် ။ ထို မြွေ ၏ အတို အရှည် သည် ပင်လျှင် ကုန်ပစ္စည်း ၏ အလေးချိန် ၊ ကုန်ပစ္စည်း ၏ အရေအတွက် ဖြစ်သည် ။ တစ်ပိဿာ ဆိုလျှင် မြွေ ၏ အရှည်သည် ဘယ်လောက် ၊ တစ်ပိဿာ အစိတ် ဆိုလျှင် မြွေ ၏ အရှည်သည် ဘယ်မျှ ဟူ၍ အမေဆုံ သည် မျက်မှန်း လက်ဆ ဖြင့် ဆွဲ တတ်နေသည် ။ တွေး ကြည့်လျှင်ကား လူ အမည်ရော ကုန်အချိန်ပါ မှား စရာ ကောင်းလှသည် ။ အမေဆုံ ကား မမှား ။ ဤကဲ့သို့ သင်ပုန်းတစ်ချပ် ဖြင့် မှတ်သား ရောင်းချလာခဲ့ သည်မှာ ဆယ်နှစ် ကျော်ချေပြီ ။ တစ်ခါမှ လူ အမည် ရော ပစ္စည်း အရေအတွက် အချိန်အတွယ် ပါ မှား ယွင်းဖူးခြင်း မရှိ ။ သူ့ သင်္ကေတ နှင့် သူ ဟန်လျက် ရှိ၏ ။

စင်စစ် အမေဆုံ သည် စာ မတတ်ရှာပေ ။ အမေဆုံ တို့ ငယ်စဉ်က ရွာ ၏ အလေ့ မှာ လည်း မိန်းကလေးများ ကို ကျောင်း အပ်လေ့ မရှိခဲ့ ။ “ သမီးမိန်းကလေး ဆိုတာ စာ မတတ်ဖို့ မလိုပါဘူး ” ဟူ၍ မိဘ တိုင်း က ပြော ခဲ့ကြ၏ ။ ထို့ကြောင့် အမေဆုံ တို့ ခေတ် က ဘုန်းတော်ကြီး ကျောင်း တွင် စာသင်သား ဟူသရွေ့ ယောက်ျားလေးချည်း သာ ဖြစ်ခဲ့၏ ။ ရွာ ထဲ မှ အမေဆုံ တို့ အရွယ် ခြောက်ဆယ်နီးပါး မိန်းမ ကြီး များ တွင် စာ တတ်သူ ဟူ၍ မရှိသလောက် ပင် ။

အမေဆုံ အသက် သုံးဆယ့်လေး နှစ် တွင် ခင်ပွန်း ဆုံးခဲ့၏ ။ သမီး တစ်ယောက် သာ ကျန်ရစ်သည် ။ သမီး ကို ငဲ့ သဖြင့် အမေဆုံ သည် အိမ်ထောင်သစ် မထူထောင်ခဲ့ ။ သမီး အရွယ် ရောက်သောအခါ ရွာ ထဲ မှ သင့်တော်သူ တစ်ယောက် နှင့် ထိမ်းမြား ပေး၏ ။ အမေဆုံ သည် ကံ မကောင်းရှာပေ ။ အမေဆုံ ၏ သမီး သည် ယခု မြေးငယ် မယ်တင့် ကို မွေးဖွားစဉ် ပင် သွေး တက်၍ သေဆုံး သွား၏ ။ သမီး ဆုံး ပြီး မကြာမီ မှာပင် သားမက် က နောက်အိမ်ထောင် ပြုသည် ။ ယခု အမေဆုံ ၏ အနီးတွင် မြေးငယ် မယ်တင့် တစ်ယောက် သာ ကျန်တော့၏ ။

အမေဆုံ ကား လောကဓံ ကို မမှု ။ အသက် ခြောက်ဆယ် ပြည့် တော့မည့် တိုင် ခြံ ထဲ တွင် တကုပ်ကုပ် နှင့် ရာသီ သီးနှံပင်များ စိုက်ပျိုး နေတတ်၏ ။ အသက် ကြီး ပြီ ဖြစ်၍ အေးအေး ဆေးဆေး နေ ရန် ပြောလျှင် ...

“ ဟဲ့ ... လူ ဆိုတာ ချွေး ထွက်မှ ကျန်းမာ တာ ၊ အခုလို တစ်သက်လုံး လှုပ်လှုပ် ရှားရှား လုပ်ကိုင် ခဲ့လို့ အမေ ဒီ အရွယ်အထိ ခါးမကိုင်း နားမထိုင်း တဲ့ အပြင် မျက်စိ မမှုန်တာ ” ဟု ပြောလေ့ ရှိ သည် ။ စိုက်ခင်း မှ ထွက်သော သီးနှံများ ကို နံနက်တိုင်း ရွာလယ် မန်ကျည်းပင်ကြီး အောက်တွင် ထိုင်ပြီး ရောင်း၏ ။ ဆိုင် သိမ်းလျှင် အိမ် ပြန်ပြီး ရေချိုး ထမင်း စားသည် ။ ပုတီး စိပ်သည် ။ ထို့နောက် တရေးတမော အိပ်၏ ။ နေ ချိုသော အခါ ရွာ ထဲ သို့ လှည့်၍ နံနက်က မရသေးသော ကြွေးငွေများ တောင်း တတ်၏ ။

“ မယ်တင့် ရေ ကွမ်းအစ် ထဲ မှာ ကွမ်း ကုန်နေပြီ ၊ သွား ... ကွမ်းရွက် ခူးချေစမ်း ကတ်ကြေး ယူ သွားနော် ၊ အညှာ ကို လက် နဲ့ဆိတ်ပြီး မဖြတ်နဲ့ ”

မြေးငယ် က ကွမ်းရွက် ယူ လာသောအခါ အမေဆုံ သည် ရှေး ဦးစွာ ကွမ်းရွက်ချည်း သက်သက် ခေါက် ၍ ပါးစပ် ထဲ သို့ သွင်းငုံ လိုက်၏ ။ ထို့နောက် ထုံးဘူး ထဲ မှ ကွမ်းသီးစိတ် နှစ်စိတ် ကို ပါးစပ် ထဲ သို့ ပစ်ထည့်လိုက်ပြီး မြုံ့ နေ၏ ။ အမေဆုံ ကွမ်း စားတိုင်း ကွမ်းယာ ကို တကျတန ယာ စားလေ့ မရှိ ။ သည်နည်း အတိုင်း ပင် တစ်ခု ချင်း တစ်မျိုး ချင်း စား သည် ။

“ ငါ ... ရွာ ထဲ လှည့်ပြီး အကြွေး တောင်း ချေဦးမယ် ၊ နင် နေ ရစ် ၊ ဟိုဖက် ခြံ က ကြက်တွေ လာရင် မောင်းလွှတ်နော် ”

အမေဆုံ သည် ကျောက်သင်ပုန်း ကို ကိုင်၍ ကြွေး တောင်း ထွက် လာခဲ့၏ ။ ရှေးဦးစွာ ရွာဆော် ကိုတင်ရ တို့ အိမ် သို့ ဝင်၍ စာရင်း အရ ခရမ်းသီး တစ်ပိဿာ တောင်း သည် ။

“ အမေ ကလည်း ဘယ်ကလာ တစ်ပိဿာ ရ မှာလဲ ၊ မနက် က ကျုပ် ဝယ်တာ တစ်ပိဿာခွဲ ဗျ ၊ အမေ့ ပိုက်ဆံ ကို ညာပြီး မယူ ချင်ပါဘူး  ၊ ရော့ .. ရော့ တစ်ပိဿာခွဲ ဖိုး ယူသွား ”

တစ်ခါ မှ စာရင်း မမှားဖူးသော အမေ သည် ကိုတင်ရ အား ကက်ကက်လန်အောင် ပြန်၍ ရန် တွေ့၏ ။ အလကား ပို၍ ပေးသော ပိုက်ဆံ ကို ယူ လောက်အောင် သူ မငတ်သေး ဟု ပြောပြီး တစ်ပိဿာ ဖိုး သာ ယူသည် ။

“ ဒီမယ် မောင်တင်ရ ... မှတ်ထား ၊ အမေ စာ မတတ်ပေမဲ့ ဈေးစာရင်း မှတ်လာတာ ဆယ်နှစ် ရှိပြီ ၊ ငါ စာရင်း တစ်ခါမှ မမှားဖူးဘူး ၊ မင်း နဲ့ ကျမှ ကွယ် ... ကြုံပဲ ကြုံရတတ်တယ် ”

ထို့နောက် ဆီဆုံ ကြိတ်သော ဦးချစ်မောင် တို့ အိမ် သို့ ဝင်ပြီး ခရမ်းသီး တစ်ပိဿာခွဲ ဖိုး တောင်း သည် ။

“ ဟောဗျာ ... ဒီနေ့ အမေဆုံ ဘယ်လို ဖြစ် လာတာလဲ ။ ကျုပ် ဝယ်တာ ခရမ်းသီး တစ်ပိဿာ ထဲ ပါဗျ ငါးဆယ်သား က ဘယ်လို ပို လာရပြန်တာတုံး ”

သည်တစ်ခါ တွင် တော့ အမေဆုံ သည် သံသယ ဝင်လာ၏ ။ ကျောက်သင်ပုန်း ကို လက်နှစ်ဖက် ဖြင့် ကိုင်ပြီး သေချာစွာ ကြည့် သည် ။ အားမရသဖြင့် ဖျင်တဘက် အနားဖြင့် မျက်စိ ကို ပွတ်ပြီး သေချာ ကြည့်ပြန်၏ ။ နံနက် က ဦးလှကြီး တို့ အိမ် မှ ခရမ်းသီး တစ်ပိဿာ ဝယ်စဉ်က တစ်ပိဿာ ၏ သင်္ကေတ အဖြစ် မြွေတစ်ကောင် ကို အလောတော် အရှည်အတို စံ ပြု၍ မှတ် သည် ။ နောက် ဆက်လက် မှတ်သော စာရင်းများ ၌ နှစ်ပိဿာ ဆိုလျှင် ထို မြွေ ၏ နှစ်ဆ ၊ သုံးပိဿာ ဆိုလျှင် ထို မြွေ၏ သုံးဆ ၊ တစ်ပိဿာခွဲ ဆိုလျှင် ထိုမြွေ ၏ တစ်ဆခွဲ ရေး မှတ်ခဲ့၏ ။ ပြီးခဲ့သော ရက်များ တုန်းကလည်း ဤသို့ပင် မှတ်ခဲ့လေ့ ရှိသည် ။ ယခုကား အမေဆုံ သည် မိမိ စံပြုသော မြွေ ကိုပင် မသင်္ကာတော့ ။ ၎င်း တစ်ပိဿာ ၏ သင်္ကေတမြွေ သည် အနည်းငယ် တိုနေ သယောင်ယောင် ။ ဦးချစ်မောင် က ထပ်၍ မေး၏ ။

“ ပြောပါဦးလေ အမေဆုံ ရဲ့ ၊ ဒီနေ့ ဘယ်လို ဖြစ်လာတာ လဲ ”

အမေဆုံ က ပါးစပ် ထဲ မှ ကွမ်းသွေးများ ကို ထွေး ချ လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးသည် ။

“ သိပါဘူး ဟယ် ၊ မနက်က မိုးရေ ရွှဲ တာနဲ့ ငါ့ မြွေတွေ လည်း တို တဲ့ ဟာ က တို  ၊ ရှည် တဲ့ ဟာ က ရှည် ဖြစ်ကုန်ပြီ ထင်ပါရဲ့ ”

     •••••   •••••   •••••   •••••

“ တိုတဲ့ လမ်း နဲ့ ရှည် တဲ့ လမ်း ဘယ်လမ်း ကို ရွေးမလဲ ၊ သူတော်စင် များ ကား ရှည်လျားတဲ့ သံသရာခရီးလမ်း ကို မလိုလားကြဘူး ၊ ဘဝ တိုတို နဲ့ သာ မဂ်ဖိုလ် နိဗ္ဗာန် ကို ရောက် လိုကြပေတယ် ”

ဆရာတော် သည် ကြိမ်ကုလားထိုင်ကြီး ပေါ် တွင် ထိုင်၍ သား ရေဖုံး နှင့် ကျမ်းစာအုပ် ထူထူ တစ်အုပ် ကို ဖတ် နေရာမှ တစ်ပါး တည်း ရေရွတ်တော် မူလေ၏ ၊ ထိုစဉ် ဦးလူဝ သုတ်သီး သုတ်ပျာ နှင့် ကျောင်းအောက် သို့ ဝင်လာပြီး ဆရာတော် ကို ဦး ချသည် ။

“ ဘယ့်နှင့်လည်း ဒကာ ၊ ဒီနေ့ အမတော်ကြေး ထုတ်ရာမှာ လက်မှတ် ထိုးစရာ ရှိပြန်ပြီ ထင်တယ် ။ အင်း ... တယ်လည်း အလွယ် ကြိုက် ကြ သ ကိုး ။ အခုပဲ ဒကာ မောင်ရွှေသီး တော့ လေ့ကျင့်ပြီး ပြန် သွားလေရဲ့ ”

“ မှန်ပါ ၊ တပည့်တော် ဝင်လာတော့ ကျောင်း ပေါက် မှာ သူ ပြန် လာတာ  နဲ့ တွေ့လိုက်ပါတယ် ဘုရား  ” 

“ သွားသွား ၊ ဦးပဉ္စင်း ပညာဝရ ဆီ သွား သူ လုပ်ပေးလိမ့်မယ် ”

ဆရာတော် သည် စာ ဆက် ဖတ်နေ၏ ။ ဦးလူဝ က ခေါင်း မှ ပုဆိုး ကို ပြင်၍ ပေါင်းပြီး ဦးပညာဝရ ရှိရာသို့ သွားသည် ။ ဦးလူဝ ၏ မိဘများ က လယ်ကူလီများ ဖြစ်ကြ၏ ။ ထို့ကြောင့် ငယ်စဉ်က သူ တစ်ပါး ကျောင်းနေချိန် တွင် သားငယ် အား ကျောင်း သို့ အပ်နှံ၍ စာသင် ကြားပေးခြင်း မပြုနိုင်ကြ ။ ကျောင်း ထားရမည့် အရွယ် တွင် သားငယ် အား လယ်ရှင် ထံ သို့ ထွန်စီး နွားကျောင်း ခိုင်းရန် အခ နှင့် အပ်နှံ ခဲ့ရရှာကြ၏ ။ မိဘများ ဆင်းရဲသော်လည်း ဦးလူဝ က ခွန် နှင့် အား နှင့် ကြိုးစားသောကြောင့် လယ်ယာမြေဝေခြမ်းရေး မ တိုင်မီ ကပင် လယ် ငါးဧကခန့် ပိုင်ဆိုင်ပြီး လယ်ကူလီ ဘဝ မှ လွတ် မြောက် ခဲ့၏ ။ ယခု ဦးလူဝ သည် အသက်ငါးဆယ့်ငါးနှစ် ရှိပြီ ။

သျှောင် ကို တစောင်း အမြဲ ထုံးလေ့ ရှိသည် ။ ပျော်တတ် ရွှင်တတ် ပြီး လူငယ်များ နှင့် ရောနှော နေတတ်သဖြင့် ဦးလူဝ အား လူငယ်တိုင်း က ချစ်ခင်ကြသည် ။ ထို့ပြင် ဦးလူဝ သည် ခြင်းလုံး ခတ်ရာ၌ လူငယ် တိုင်း ၏ ဆရာ ဖြစ်၏ ။ ဦးလဝူ ခပ်ငယ်ငယ်က သူ ၏ သျှောင်ချောကြီး ကို တစောင်း ထိုးပြီး ထိုးကွင်းမင်ကြောင်များ ပေါ်လာအောင် ပုဆိုး ကို ခါးတောင်း ကျိုက်၍ ခြင်း ခတ်နေပြီ ဆိုလျှင် ရေခပ် ဆင်းသော လုံမပျိုများ ပင် ရပ်၍ ကြည့် နေရသည် ဟု ဆိုစမှတ် ရှိ၏ ။ ယနေ့ကား နှောပင်ကုန်းရွာ တွင် အမတော်ကြေး ငွေ ထုတ် ချေးသော နေ့ဖြစ်၏ ။ ဤသို့သော နေ့မျိုးတွင် ဦးရွှေသီး နှင့် ဦးလူဝ တို့ နှစ်ယောက်သည် အတူ တွဲ၍ သော် လည်းကောင်း ၊ တစ်ယောက် ချင်း သော်လည်းကောင်း ကျောင်း သို့ လာ မြဲပင် ။ လာရခြင်း အကြောင်း ကား ဤသို့ တည်း ။ အမတော်ကြေးငွေ ထုတ် ရာတွင် ငွေ ရရှိကြောင်း ချေးယူ သူ က လက်မှတ် ထိုးရ၏ ။ ဤလို နေ့မျိုးတွင် ပရိသတ် ဗိုလ်ပုံ အလယ်၌ မြို့ မှ လာသော သက်ဆိုင်ရာပုဂ္ဂိုလ် က ...

“ စာတတ်သလား ” ဟု မေးသည်ကို ...

“ မတတ်ပါဘူးခင်ဗျ ”  ဟူ၍ သေးသိမ်သော အသံ နှင့် ဖြေ ရမည် ကို သူတို့ နှစ်ယောက် အလွန် ရှက်၏ ။

“ ကဲ ... ကဲ ... မတတ်ရင် ဒီနေရာ မှာ ကြက်ခြေ ခတ်လိုက် ” ဟု အပြော ခံရမည်ကိုလည်း ရွံ့၏ ။ မိမိ ရှေ့မှ ညီအရွယ် သားအရွယ် ကလေးများ က ကိုယ့် အမည် ကိုယ် လက်မှတ် ထိုး သွားကြပြီး မိမိ က တုန်ရင်သော လက်ဖြင့် ဖောင်တိန် ကို ကိုင်ကာ ကန့်လန့်ဖြတ် မျဉ်း နှစ်ကြောင်း ခြစ် ၍ ကြက်ခြေ ခတ် ရမှာကိုလည်း အလွန်အမင်း  ကြောက် လှသည် ။ ထို့ကြောင့်ပင် ဦးလူဝ နှင့် ဦးရွှေသီး တို့ နှစ်ဦး တိုင်ပင်၍ နည်းသစ်နည်းဆန်း တစ်ခု ထွင် ခဲ့ကြ၏ ။ အဆိုပါ တီထွင် ထားသောနည်းက လက်မှတ် ထိုးရန် ကိစ္စ ရှိသော နေ့တွင် ရွာဦးကျောင်း သို့ လာ ရမည် ဖြစ်၏ ။ ဤတွင် ဘုန်းတော်ကြီး က ဒါယကာ ၏ အမည် ကို အိမ်ရိုက်သံ တစ်ချောင်းဖြင့် ကျောက်သင်ပုန်း ပေါ် ၌ အရာ ထင်အောင် ခြစ်ရေး ပေး၏ ။ ဥပမာ ဦးလူဝ ဟု ဆိုပါစို့ ။ ဘုန်းကြီး က သံချောင်း ဖြင့် ကျောက်သင်ပုန်း ၌ “ လူဝ ” ဟူ၍ ပီပီသသ ခြစ်ရေး ပေး လိုက်၏ ။ အဆိုပါ စာလုံး ကို သံချောင်း ရာ အတိုင်း ဦးလူဝ က လိုက် ၍ ထပ် ရေး၏ ။ လက် အံ သေ လာအောင် အထပ်ထပ် လေ့ကျင့် သည် ။ ကျေနပ်လောက်အောင် လေ့ကျင့် လိုက်သောအခါ ပရိသတ် အလယ် ငွေ ချေးရာ ၌ မိမိ အမည် ကို မိမိ ရေးနိုင်သွား၏ ။ တစ်နည်း အားဖြင့် ဆိုသော် လက်မှတ် ထိုးနိုင်သွား၏ ။ ကြက်ခြေ မခတ်ရတော့ ။ မျက်နှာ မငယ်ရတော့ ၊ တစ်ပွဲတိုး နည်းပင် ဖြစ်သော်လည်း ဤနည်းဖြင့် အဆင် ပြေခဲ့သော နှစ်  မှာ မနည်းတော့ပေ ။

ယနေ့လည်း ဦးလူဝ တစ်ယောက် ကျောင်း သို့ ရောက်ရ ပြန်ချေ ပြီ ။ ဦးရွှေသီး သည်လည်း ဦးလူဝ နှင့် အရှေးမနှောင်း ပင် ပြန် သွား၏ ။ သူ ကား ယနေ့အဖို့ လက်မှတ် ရေးထိုးနိုင်သူ ဘဝ သို့ မိမိ အရင် စောစော ကူးပြောင်း သွားချေပြီတည်း ။

ဦးပဉ္စင်း ဦးပညာဝရ သည် ဦးလူဝ ကို မြင်ကာမတ္တမျှ နှင့် ပင် အဘယ် ကိစ္စ နှင့် လာကြောင်း ကြိုတင်သိနှင့်၏ ။

“ လာ ... လာ ... ဒကာကြီး ... ဦးရွှေသီး တော့ ခုနကတင် ပဲ ပြန် သွားတယ် ”

ဦးပညာဝရ သည် အစောက သံချောင်း ဖြင့် ရွှေသီး ဟု ရေးခြစ် ထားသော ကျောက်သင်ပုန်း ကို ယူ၍ တစ်ဖက် သို့ လှန် လိုက်၏ ။

“ မြို့ က  ငွေ ပေးမယ့် ပုဂ္ဂိုလ် တွေ ရောက်ကြပြီလား ဒကာကြီး ၊ ဘာ နဲ့လာကြသလဲ ကား နဲ့ဘဲလား ”

“ မှန်လှပါ မရောက်သေးပါဘုရား ၊ သူကြီး က သူ့ လူတွေ အကြို လွှတ် လိုက်တာတော့ တွေ့မိပါတယ် ဘုရား ”

ဦးပညာဝရ သည် သံချောင်း ဖြင့် ဦးလူဝ ၏ အမည် ကို ကျောက် သင်ပုန်း တွင် ထင်ထင် ရေးခြစ် ပေး၏ ။ စာလုံးလေးများ မှာ ဝိုင်းစက် နေသည် ။ ထိုအခိုက် တွင် ကျောင်းသားငယ် တယောက် က ဦးပဉ္စင်း ကို လာ၍ ဦးတိုက်၏ ။

“ ဦးပဉ္စင်း ဘုရား ၊ သင်္ကန်း တွေ ဆေးဆိုးဖို့ ပြုတ်ထားတဲ့ ရေနွေး အိုးကြီး ဆူ နေပြီ ဘုရာ့ ”

“ ဟာ ... ဟုတ်သားပဲ ၊ မေ့ နေလိုက်တာ ”

ဦးပဉ္စင်း သည် ယခုမှ သတိ ရဟန်ဖြင့် ဧကသီ ကို ကဗျာ ကရာ ပြင် ၍ ရုံ ၏ ။ ကိုင် ထားသော ကျောက်သင်ပုန်း ကို ဦးလူဝ အား ကမ်း ပေးလိုက်ရင်း ... 

“ ကဲ ... ကဲ ... ဒကာကြီး ခါတိုင်း လိုပဲ ကျင့် ပေါ့ ၊ ဦးပဉ္စင်း သင်္ကန်းတွေ ပြုတ် ထားတာ သွား ကြည့်အုံးမှ ၊ တော်ကြာ အကုန် ပျက်စီးကုန်လိမ့်မယ် ”

“ မှန်ပါဘုရား ” 

ဦးလူဝ သည် ကျောက်တံ တစ်ချောင်း ဖြင့် ဝိုင်းစက်သော စာလုံး လေးများ ကို စိတ်ရှည် လက်ရှည် ထပ် ရေးနေသည် ။ ဆယ်ခါ ၊ ဆယ့်ငါးခါ ၊ အခါနှစ်ဆယ် ၊ အခါသုံးဆယ် ၊ အခါ လေးဆယ် ၊ အခါ ငါးဆယ် ။ စိတ် ကျေနပ်လောက်သော အခါ အောက်နားတွင် အလွတ် ရေး ကြည့်သည် ။ မိမိ အလွတ် ရေးသော စာလုံးလေးများ သည် အထက် မှ သံချောင်းရာ စာလုံးလေးများ နှယ်ပင် ဝိုင်းဝိုင်း စက်စက် ၊ ပိပိရိရိ ၊ သေသေ သပ်သပ် ။ စိတ် ထဲ တွင် ပျော် သွားသည် ။ ပီတိ လွှမ်းသော မနော ဖြင့် ငွေ ချေးရာသို့ ထွက်ခဲ့၏ ။ ငွေချေး အဖွဲ့ ရောက်နေပြီ ။ ရွာသားတွေ လည်း ကြိတ်ကြိတ် တိုး နေကြချေပြီ ။ အမည် ခေါ်လိုက်တိုင်း တစ်ဦး ပြီး တစ်ဦး လက်မှတ် ထိုး၍ ငွေ ယူနေ ကြ၏ ။

“ ဦးလူဝ ” 

မိမိ အမည် ကို ခေါ်သံ ကြားရ၏ ။ ကိုယ့် အလှည့်သို့ ရောက် ပေမင့်ကိုး ။

“ စာ တတ်သလား လက်မှတ် ထိုးတတ်သလား ”  

ဦးလူဝ က ခပ်သွက်သွက် ခေါင်း ညိတ်လိုက်၏ ။

“ ဒါဖြင့် ဒီ နေရာမှာ ထိုး ” 

ဦးလူဝ သည် တုန်ယင်ခြင်း မရှိ ။ မိမိ ကိုယ် ကို ယုံကြည်မှု ဖြင့် ဖောင်တိန် ကို ယူပြီး ညွှန်ပြသော နေရာတွင် ရဲရင့်စွာ ဖြင့် လက်မှတ် ထိုး ချလိုက်၏ ။ အလှည့် မကျသေးသဖြင့် ဘေး မှ ရပ် စောင့်နေသော ရွာသား အချို့ က ဦးလူဝ လက်မှတ် ထိုးသည်ကို သေချာစွာ ကြည့် နေကြသည် ။ ဤတွင် အာမေဋိတ်သံများ ဟို မှ သည် မှ ကျည်ကျည်ကျာကျာ ပေါ်ထွက်လာခဲ့၏ ။

“ ဟ ... ဟ အလို ဘယ့်နှာတုံး ဟ ၊ ဟောဒီမှာ ဦးလူဝ ၊ လက်မှတ် ထိုးတာက ရွှေသီး တဲ့ ဟေ့ ၊ မဆီမဆိုင် ဦးလူဝ ထိုးတဲ့ လက်မှတ် က ရွှေသီး တဲ့ ဟ ” 

     •••••   •••••   •••••   •••••

ရွှေသီးရွှေနှံ ဖြစ်သော စပါး တို့ ကို ဇီးတောရွာ မှ လယ်သမား များ ရိတ်သိမ်း ရောင်းချပြီးကြသဖြင့် ရှုလေရာ တိုင်းတွင် ရိုးဖြတ် ငုတ်တို များ ကိုသာ မြင်တွေ့နေရ၏ ။

နွေဦး ပေါက်လေပြီ ။

ဘသာဖြိုး သည် ဘယ်လက်မောင်း ကို ပင့်မြှောက်၍ အင်္ကျီ ကို နမ်းကြည့်၏ ။ တစ်ဖန် ညာလက်မောင်း ကို ပင့်မြှောက်ပြီး အင်္ကျီ ကို နမ်းပြန်သည် ။ ထို့နောက် ချိုင်း နေရာကို ငုံ့ပြီး နမ်းကြည့်ပြန်၏ ။ နှာခေါင်း ကို ရှုံ့ လိုက်သည် ။

“ ဟင်း ... ချွေးစော် နံလိုက်တာ ၊ ထွီ အင်္ကျီ လျှော်ပါ ဆိုတာ မလျှော်ကြဘူး ၊ အင်္ကျီ တစ်ထည် ကို ငါ က ဘယ်နှရက် တောင် ဝတ်ရ မှာတုံး ဟ ” 

ထိုနောက် ဒေါသ ဖြင့် ဝတ်ထားသော ဖျင်အင်္ကျီ ကို ချွတ်ပြီး ခြေရင်း သို့ လွှင့် ပစ်သည် ။ အင်္ကျီ မပါ ဗလာ ကိုယ်ထီး ဖြင့် အရွဲ့တိုက် ပြီး ထိုင် နေ၏ ။ အရွယ် ခြောက်ဆယ် ပြည့် ပြီ ဖြစ်ရကား ဘသာဖြိုး ရင်ပတ် မှ အရေပြား သည် နေလောင်ထားသော သရက်သီး နှယ် တွန့် ရှုံ့ချပ် ကပ်နေ၏ ။

မနေသာသော သမီး ဖြစ်သူ မအေးတင် က အင်္ကျီတစ်ထည် ကို ယူ လာ၍ ပေး၏ ။

“ ရော့ အဘ ... ချွေး ငုပ် သွားလိမ့်မယ် ဝတ်ထား ၊ အခု အဘ ချွတ်ပစ်လိုက်တဲ့ အင်္ကျီ လည်း တစ်နေ့ မှ လျှော်ထားတာပါ ။ အဘ ဝတ်ထားတာ နှစ်ရက် ပဲ ရှိပါသေးတယ် ။ နွေခါ ဆိုတော့ ချွေး ထွက် လို့ နံတာပါ ” 

မအေးတင် က စိတ် တို နေသော ဖခင် အား အင်္ကျီ ကို တယု တယ ဝတ်ပေး၏ ။ ကြယ်သီးများလည်း တပ်ပေး၏ ။ ဤတွင် မှ ဘသာဖြိုး သည် စိတ်ဆိုး ပြေ ပြီး မျက်နှာ ကြည်သာ လာ၏ ။ ဘသာဖြိုး ကား အလွန် အသန့်အရှင်း ကြိုက်သည် ။

ဇီးတော တစ်ရွာ လုံး တွင် လယ်ယာ လုပ်ကိုင်သူသာ များသော်လည်း ဘသာဖြိုး ကား လယ် သမား မဟုတ် ။ လယ်ယာ မလုပ်ဖူးချေ ။ ငယ်စဉ် က မူ ဘသာဖြိုး သည် ဇီးတောရွာ ၌ လက်သမားဆရာ အကျော် ဖြစ်၏ ။ ထိုကြောင့် ရွံ့ထဲ ရေထဲ တွင် နွားနှင့် ဖက်ပြီး မရုန်းခဲ့ဖူး၍လား မဆိုနိုင် ။ အသန့် ကြိုက် လှ၏ ။ အိမ် ၏ ကြမ်းပြင် ပေါ် တွင် ပင် ဖိနပ် စီး သည် ။ အိမ် ပေါ် စီးသော ဖိနပ် က တစ်ရန် ၊ မြေကြီး ပေါ် တွင် စီးသော ဖိနပ် က သတ်သတ် တစ်ရန် ၊ ဖိနပ် နှစ်ရန် ထား ပေးရ၏ ။ အသက် ခြောက်ဆယ် ပြည့် ပြီမို့ ဘသာဖြိုး သည် နား မထိုင်းသော်လည်း ခါးတော့ ကိုင်းပြီး မျက်စိ လည်း အနည်းငယ်မျှတော့ မှုန်သည် ။ အိမ်ပြင် ထွက် လျှင် ထီးရိုး ဝါးတောင်ဝှေး ကို ဆောင် တတ်၏ ။ လက်ယာ ဘက် လက်ကောက် ဝတ် တွင် နက်ပြောင်နေသော ပုတီးစေ့များ နှင့် သားရိုးဂုဏ်တော် ပုတီးတစ်ကုံး ကို အမြဲ စွပ်ထား၏ ။ ဘသာဖြိုး သည် ရွာရေးရပ်မှု ၌ ဝါသနာ ပါ၏ ။ အလှူမဏ္ဍပ် ဆောက် ရာတွင် ကိုယ်တိုင် ဝင်ရောက် မလုပ်ကိုင်နိုင်တော့ သော်လည်း အဘယ်ပုံ ဆောက်သင့်သည် ဟူ၍ ဗိသုကာ မျက်စိ ဖြင့် နည်းလမ်း ညွှန် ပြတတ်၏ ။ ကျွေးရုံ အနီးမှ ချက်ရာ ပြုတ်ရာတွင်လည်း ဝင်ရောက် စီမံတတ်၏ ။

“ အဘရယ် အိုးကြီးအိုမ ကြ မှ မီးဖို ထဲ လဲ နေပါဦးမယ် ၊ လူငယ် တွေ သူတို့ဟာ သူတို့ ချက် ပါလိမ့်မယ် ”

“ ဘာဖြစ်လို့ လဲ ရမှာတုံး ငါ့ များ အိုပြီ မှတ်လို့လား ၊ လူငယ်တွေ ချည်း ပစ် ထားလို့ ဖြစ်မလား ဟ ၊ သင်းတို့ က ချက်တတ်တာ မှတ်လို့ ။ အိမ် မှာလည်း မပြောချင်လို့ နေတာ ၊ တဲ့ အေးတင် ၊ နင် ချက်ပုံ ပြုတ်ပုံ များ ငါ ကျေနပ်နေတယ် မှတ်သလား ”  ဟု ဘသာဖြိုး သည် ပြောသူ ဘက် သို့ လှည့် ၍ မဲ လာတော့၏ ။ အမှန်လည်း ဘသာဖြိုး စီမံသော ဟင်း သည် အရာသာ နှင့် ပြည့်စုံ တတ်၏ ။

“ ဝက်သားကို အတုံးကြီးကြီး တုံး ၊ ငရုတ် ၊ နနွင်း ၊ ကြက်သွန် သင့်အောင် ထည့်ပြီး နှပ် ၊ ကျက်ပြီလား ၊ချခါ နီးပလား ကြည့် ။ အဲသည် မှာ ကရဝေးလေးများ အုပ် လိုက်ရရင် အ ... အ အလွန်ကောင်းပဲ ” ဟူ၍ ရံဖန်ရံခါ သူ ငယ်ငယ် က ချက်စား ခဲ့ပုံကို စမြုံ့ ပြန်သည် ။ ဘသာဖြိုး သည် ဩဇာသီး မှည့် ကိုပင် သည်အတိုင်း မစား ၊ နို့ဆီ သကြား တို့နှင့် ကြွေပန်းကန် တစ်ချပ် ထဲ တွင် ခေါက် ပြီးမှ စား၏ ။ သူ ချစ်သော မြေးငယ် အောင်ညွှန့် ကိုလည်း စား စေသည် ။

“ စားကွ ငါ့မြေး ၊ ဒီ အရသာကို ချို ဆိမ့် အီ လို့ခေါ်တယ် မှတ် ထား ” 

အရာရာတွင် စီမံခန့်ခွဲတတ်ခြင်း ၊ ရပ်မှုရွာမှု ၌ မနေတတ်ခြင်း တို့ကြောင့် ဘသာဖြိုး သည် ရွာသားများ အပေါ်တွင် ဩဇာ ရှိ၏ ။ သို့ရာတွင် ဘသာဖြိုး ၌ ပျော့ကွက် နှစ်ခုရှိ၏ ။ ယင်းတို့ ကား မိမိ အား ညစ်ပတ်သည် ဟု ပြောလျင် မကြိုက်ခြင်း နှင့် မိမိ စာ မတတ်သည်ကို လူ သိမှာ စိုးခြင်း တို့ တည်း ။

“ အဘ ရေ ... အဘ အိပ်ရာ မှာ ကြမ်းပိုးတွေ အများ ကြီးပဲ ” ဟု သမီး က ပြောလျှင် ...  ။

“ ဘယ် ကလာ ကြမ်းပိုး ရှိရမှာလဲ ၊ ငါ့ အိပ်ရာ မှာ ဘယ်တုန်းကမှ ကြမ်းပိုး မရှိဖူးဘူး ၊ နင်တို့ ဆီက ကူး တာ နေမှာ ” ဟု တွင်တွင် ငြင်း တတ် ၏ ။ ထို့ပြင် ဘသာဖြိုး ငယ်စဉ် က မိဘများ စားနိုင် သောက်နိုင် ပစ္စည်း ရှိသော်လည်း ကျောင်း ထားချိန်တွင် ဘသာဖြိုးလေး ၌ ကျောက်ကြီး ပေါက် သဖြင့် ကျောင်း မနေခဲ့ရ ။ သို့ရာတွင် ဘသာဖြိုး သည် မိမိ အား စာ မတတ် ဟု ဘယ်တော့မှ မပြော ၊ ဘယ်သူ့ ကို မှ လည်း မပြော ၊ ယုတ်စွ အဆုံး သမီး နှင့် သမက် ကိုပင် မိမိ စာမတတ် ကြောင်း ဝန်မခံပေ ။ စာ တစ်စောင် ရောက်လာလျှင် သော် လည်းကောင်း ၊ စာအုပ် တစ်အုပ် ကို တွေ့၍ အကြောင်းအရာ ကို သိ လိုလျှင် လည်းကောင်း ဘသာဖြိုး သည် ရှေးဦးစွာ အင်္ကျီအိတ် ထဲမှ ကြေးဝါ ကိုင်း နှင့် စာကြည့်မျက်မှန် ကို ထုတ်ပြီး တပ်ဆင်၏ ။ စာအုပ် ကို ဖွင့် ကိုင်ပြီး တစ်ချက် ကြည့် သည် ။ မျက်မှန် အနီးသို့ ကပ်၍ ကြည့်၏ ။ တစ်ဖန် စာအုပ် ကို နောက်သို့ အနည်းငယ် ဆုတ် ရွှေ့လိုက်ပြီး ကြည့် ပြန်၏ ။ ဤသို့ ကြည့် ပြီးမှ မျက်စိများ ကို တအား မှိတ်လိုက် သည် ။  စိတ် မရှည်ဟန်ဖြင့် မျက်မှန် ကို ယာ လက်တစ်ဖက် တည်း ဖြင့် ဆွဲ ချွတ်လိုက်ရင်း ..

“ ဘာမှ စာလုံး ကို မကွဲတော့ဘူး ၊ အင်း, ဇရာ ရဲ့ ဒဏ် ကို ခံရပြီ ၊ ဟဲ့ ဟဲ့ .. ခင်မောင် ၊ လာပြီး ဖတ်ပြစမ်း ” ဟု သမက် ကို ဖတ်ခိုင်း တတ်၏ ။ အမှန်က ဘသာဖြိုး သည် ရံဖန်ရံခါ သမီး ဖြစ်သူ ဆန်ရွေး နေရာ ၌ပင် မျက်မှန် မတပ်ဘဲ စပါးလုံး ကို ကောက် ပေးနိုင် သေး၏ ။ သူ့ မြေးငယ် အောင်ညွှန့် ကိုကား ဘသာဖြိုး သည် စာ အလွန် တတ် စေချင်၏ ။ အောင်ညွှန့် နှင့် တွေ့လျှင် အဘ စာ မတတ်ရှာသော အချက် သည် တစ်ခါတစ်ရံ ၌ အထင်းသား ပေါ်တတ်၏ ။ အောင်ညွှန့် သည် ကျောင်း လိုက်ခါစ ၊ စာ သင်စဖြစ်၏ ။

“ ကကြီး ယပင့် ကျ ၊ ကကြီး ယပင့် ရေးချ ကာ ၊ ကကြီး ယပင့် လုံးကြီးတင် ကို ”  ဟု အောင်ညွှန့် စာ အံ  နေလျှင် အမှန် ကို ရွတ်အံ နေပါလျက် ....

“ ဟဲ့ ကောင်လေး ဟုတ်ရဲ့လား ၊ နင့် ဟာ မှား နေပြီ ” ဟု အဘ က ထောက် သည် ။ ကလေး က .. “ မှန်သားပဲ အဘိုး ရဲ့ ၊ ကျုပ် အံတာ ဟုတ်ပါတယ် ”  ဟု ပြန်ပြောမှ ...

“ ဟုတ်ရင် အံ ၊ ဟုတ်ရင် ဆက် အံ ” ဟု ပြော တတ်သည် ။ ကိုခင်မောင် နှင့်မအေးတင် တို့ လင်မယား ကား အဘ မမြင်အောင် တစ်ယောက် ကို တစ်ယောက် ကြည့် ၍ ပြုံး မိကြသည် ။

တစ်ရက် တွင် ကား အေးငြိမ်းရွာ မှ ရွှေကူနီဘုရားကြီး ပြုပြင်ရန် အလှူခံများ အိမ် ရှေ့ သို့ ရောက် လာ၏ ။ တစ်ရွာ မှ လာသော ထို အလှူ ခံ အဖွဲ့ သည် ပိတ်ဖြူဝတ်စုံ ကို ဝတ်ဆင်ထားကြပြီး ငွေဖလားကြီးများ ကို လည်း ပိုက် ထားကြ၏ ။ သူတို့ နောက်မှ ဗုံရှည်ဆိုင်းအဖွဲ့ က လည်း ဆူညံစွာ တီးမှုတ်လာကြသည် ။

“ အဘိုး ... အလှူခံတွေ လာတယ် ၊ ပိုက်ဆံ ထည့်မယ် ၊ ပိုက်ဆံ သွားထည့်မယ်  ” 

ဖြင့် မြေးငယ် အောင်ညွှန့် သည် ဆိုင်းသံဗုံသံ ကြား သဖြင့် မြူး နေ ၏ ။ ထိုအချိန်က သမီး နှင့် သမက် သည် ရွာမြောက်ပိုင်း သို့ သွား နေ ၏ ။ ဘသာဖြိုး သည် အိတ် ထဲ ၌ အသင့် တွေ့သော ငါးပြားစေ့ တစ်စေ့ ကို မြေးငယ် အား ပေး၍ အလှူငွေ အဖြစ် သွားရောက် ထည့်စေ၏ ။

အောင်ညွှန့် သည် ဝမ်းသာအားရ ပြေး ထွက်သွားပြီး ငွေဖလားကြီး ထဲ သို့ ပိုက်ဆံငါးပြားစေ့ ကို “ ချွင် ”  ခနဲ မြည်အောင် ထည့်သည် ။ အလှူခံပုဂ္ဂိုလ် က လက် ထဲ မှ ငွေဖလား ကို အကြွေသံများ တဂျွမ်းဂျွမ်း မြည်အောင် ဆက် လှုပ်လိုက်ရင်း ဆုပေး၏ ။ ထို့နောက် “ ရွှေကူနီ ဘုရားသမိုင်း ”  ကို အကျဉ်းချုပ် ရိုက်နှိပ် ထားသည့် လက်ကမ်း ကြော် ငြာစာရွက်ငယ် တစ်ရွက် ပြန်ပေး၏ ။ ကလေး သည် စာရွက် ကို မြှောက် ကိုင်ရင်း အိမ် ထဲ သို့ ခုန်ပေါက် ပြေးဝင်လာသည် ။

“ အဘိုး ဖတ်ပြစမ်းပါ ၊ ဒီ စာရွက် ထဲမှာ ဘာ တွေ ရေးထား တာလဲဟင် ”

ဘသာဖြိုး သည် အင်္ကျီအိတ်ထဲ မှ ကြေးဝါကိုင်းမျက်မှန် ကိုထုတ်၍ တပ်ဆင်ရပြန်၏ ။ စာရွက်ကိုဖြန့်၍ ကိုင်သည် ။

“ ဖတ်ပြပါ ဘိုး ရဲ့ ၊ မြန်မြန် ဖတ်ပြစမ်းပါ ၊ နားထောင် ချင်လှပြီ ”

ရော ... ခက်ချေပြီ ။ သည်တစ်ခါကား စစ်ကူ တောင်းရမည့် သမက် ကလည်း အိမ် တွင် မရှိ ၊ အိမ်ကြီး တခုလုံး၌ လူမမည် မြေး ငယ် နှင့်မိမိ သာ ရှိ၏ ။ မြေး ကလည်း သူ ရလာသော စာရွက် ကို အလွန် ဖတ်ပြ စေချင်နေသည် ။ အလွန် သိချင်နေသည် ။

ဘသာဖြိုး သည်ဘုရားသမိုင်း စာရွက် ကို မျက်မှန် အနီး သို့ သေချာ ကပ် ၍ ကြည့်၏ ။ ထိုနောက်မြေးငယ် ကြားအောင် စာလုံး တစ်လုံးချင်း ပီပီသသ ဖတ် ပြသည် ။

ဘသာဖြိုး ဖတ်ပြလိုက်ပုံကား -

“ ပိုက် ... ဆံ ... ငါး... ပြား ... ရ ... ပါ သည် ”  ဟူသတည်း ။

     •••••   •••••   •••••   •••••

ကျေးရွာများ ၌ အသုံးလုံး အခြေစိုက်စခန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး နောက် ရာသီဥတု သာယာသော နေ့ တစ်နေ့ တွင် ...

အေးငြိမ်း ရွာ မှ အမေဆုံ သည် သီတင်းကျွတ် ဆွမ်းကြီး လောင်းပွဲ အတွက် ကုသိုလ်ရှင်များ အမည် နှင့် လှူဖွယ်ပစ္စည်း စာရင်းများ ကို အက္ခရာဂဏန်း တို့ဖြင့် သေချာစွာ ရေးမှတ် တွက်ချက် လျက် ရှိ၏ ။ ထိုအချိန်မှာ ပင် နှောပင်ကုန်းရွာ မှ ဦးလူဝ သည် ခြင်းလုံးခတ်ခြင်း အကြောင်း စာအုပ် တစ်အုပ် ကို စိတ်ပါဝင်စားစွာ ဖတ်ရှု နေပြီး ဇီးတောရွာ မှ ဘသာဖြိုး သည် မိမိ နှုတ်တိုက် ရထားဖူးသော ထောပတ်ထမင်း ချက်နည်း တစ်ခုကို မြေးငယ် အား ရေးသား ပေးလျက် ရှိပါသည် ဟု ဆိုလျှင် တိုက်ဆိုင်လွန်းလှသည် ဟူ၍ များ ဆိုကြလေမည်လား ... ။

◾မြတ်သင်း

📖 ငွေတာရီ မဂ္ဂဇင်း
      နိုဝင်ဘာလ ၊ ၁၉၇၀
     
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Tuesday, August 30, 2022

ငှက်ကလေး ( ၁၀ )


 

အပိုင်း ( ၁၀ )

ကိုယ်တို့ ကျောင်း သည် နှစ်တိုင်း နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ ကျင်းပပါသည် ။ ဒီနှစ် တွင် လည်း အရင် နှစ်များ လိုပင် စည်ကားလေသည် ။ ကျောင်းဝင်းကြီး တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေ၏ ။ လူတွေ လည်း ဟိုသွား ဒီသွား အများကြီးပဲ ။ နေရာတကာတိုင်း လိုလို ဒေါင်းတံဆိပ် အလံတော်တွေ ၊ ပြည်ထောင်စုအလံတော်တွေ တလူလူ လွင့် နေကြသည် ။ ဈေးဆိုင်တွေ လည်း ရှိသည် ။ ကိုယ် သည် ငါးမူးတန် ကြာဆံကြော်သုပ် စားပြီး ကျောက်ကျော သောက်သည် ။ ပြီးတော့ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ပြခန်း ကို ဝင်ကြည့်သည် ။

အင်္ဂလိပ်နယ်ချဲ့ အစိုးရ က ကျောင်းသားတွေ ကို ဖိနှိပ်ချုပ်ချယ်ပုံ ၊ ကျောင်းသားများ သပိတ်မှောက်ကြပုံ ၊ အမျိုးသားကျောင်းများ တည်ထောင်ကြပုံ တို့ ကို ပန်းချီကားများ ၊ ဓာတ်ပုံများ ဖြင့် ပြသထားသည် ။ ပြီးတော့ အမျိုးသားနေ့ အကြောင်း သီချင်းတွေ လည်း ဖွင့်သည် ။ ဝင်ပေါက်နား က စားပွဲမှာ ကျောင်းသားကြီး တွေ ရောင်းသော လက်ရေးပို့စကဒ် တစ်ခု ဝယ် သေးသည် ။ ဒေါင်းတစ်ကောင် က နေပုံ ဖြစ်သည် ။

ပြခန်း ထဲ က ထွက်လာပြီး ဘယ်သွားရမှန်း မသိ ဖြစ် နေတုန်းမှာပင် ကျောင်းဝင်း အဝ နားဆီက ' ဖလ်နေဝန်း ' သီချင်း ကို ဘင်ခရာတီးဝိုင်း ဖြင့် တီးမှုတ်နေသံ ကြားရသည် ။ ဟော ... သူတို့ ပြန် လာကြပြီ ။ သူတို့သည် မြို့ တစ်ပတ် ချီတက် တီးမှုတ်ပြီး ကျောင်း ထဲ သို့ ပြန် ဝင်လာခြင်း ဖြစ်သည် ။ ကိုယ့် သူငယ်ချင်းတွေ အားလုံး ဘင်ခရာတီးဝိုင်း အဖွဲ့ ထဲ မှာ ပါသည် ။ ကိုယ် တစ်ယောက်တည်း သာ ဖေဖေ က မတက်ရဘူး ဆိုလို့ သင်တန်း မတက်ခဲ့ရခြင်း ဖြစ်သည် ။ ဒါကြောင့် ခု ကိုယ် တစ်ယောက်တည်း လျှောက်သွား နေရခြင်း ဖြစ်၏ ။ ကိုယ် လည်း ကျောင်းဝင်း ဝ ဘက်သို့ လျှောက် လာခဲ့သည် ။

သူတို့ ကလည်း ဝင် လာနေကြပြီ ။ ဆယ်တန်း မှ ကိုမျိုးမြင့် နှင့် ကိုထွန်းလွင် တို့ က ဒေါင်းအလံတော် နှင့် ပြည်ထောင်စုအလံတော် ကို ကိုင်ပြီး ရှေ့ဆုံး မှ ချီတက် လာသည် ။ နောက်က အစ်ကိုကြီး တစ်ယောက် နှင့် အစ်မကြီး တစ်ယောက် တို့ က အချက်ပြသည့် တုတ်ကြီးတွေ ကို ကိုင်ပြီး လျှောက် သည် ။ အဲဒီ နောက် ကမှ တီးဝိုင်း အဖွဲ့ ။

ရှစ်တန်း မှ ချိုဝင်း က ဘင်ကြီး ကို လွယ် ထားသည် ။ သူ သည် ဝဝတုတ်တုတ် ဖြစ်သောကြောင့် ဘင်ကြီး နှင့် အလွန် လိုက်လေသည် ။ သူ့ ဗိုက်ပူပူကြီး ပေါ် မှာ ဘင်ကြီး ကို တင်၍ တဒုန်းဒုန်း ထု နေတာ သိပ် ကြည့်လို့ ကောင်းသည် ။

ပလွေတွေ ကို ပြိုင်တူ မှုတ်လာသူတွေ ထဲ မှာ ရှေ့ပိုင်းက တင်အောင်ခိုင် ၊ ဂျွန်ဆင် ၊ ဇော်ဝင်း ၊ နောက်က မိန်းကလေးတန်း ထဲ မှာ ကစ်တီ ၊ မီးမီး ၊ မိခိုင် ။ တင်အောင်ခိုင် က ကိုယ့် ကို မြင်သောအခါ မျက်စိ မှိတ် ပြသွားသည် ။ ဂျွန်ဆင် က ကိုယ် ကို မြင်တော့ ယောင်ပြီး ရယ် ပြလိုက်သဖြင့် သီချင်း ကို လိုက် မမှုတ်မိဘဲ ဖြစ် သွားသည် ။ နောက်မှ မြန်မြန် လိုက် မှုတ်ရသည် ။ မီးမီး က နဂိုက ပြူးသော မျက်လုံး ကို ပို၍ ပြူး ပြသွားသည် ။ မိခိုင် ကတော့ ကိုယ့် ကို မြင် ပင် မမြင်လိုက်ချေ ။

ကိုယ် သည် ဝမ်းနည်း သွား၏ ။ ဘင်ခရာသင်တန်း ကို မတက်ခဲ့ရသည့် အတွက် ပို၍ စိတ်မကောင်း ဖြစ်ရသည် ။ အရင်ကလည်း သူတို့ တတွေ သင်တန်း အကြောင်း ပြော နေကြပြီ ဆိုလျှင် ကိုယ် သည် ဘေးက ယောင်ချာချာ ဖြစ်ရင်း နားထောင်၍သာ နေရသည် ။ ခုလည်း ကိုယ် တစ်ယောက်တည်း ယောင်လည်လည် ။ ကိုယ်သာ သင်တန်း တက် ခဲ့ရလျှင် ခုချိန်ဆို သူတို့လို ပင် အင်္ကျီအဖြူ ၊ ဘောင်းဘီအဖြူ ၊ ဖိနပ်အဖြူ ၊ ဦးထုပ်အဖြူ ဖြင့် တီးဝိုင်း နှင့် အတူ ချီတက် နေရမှာပေါ့ ။ ခုတော့ ကိုယ် သည် သူတို့ ကို ကြည့်ရင်း အားကျ နေရုံပဲ ။

အဲဒီ ည က ကိုယ် အိပ်မက် မက်သည် ။ အိပ်မက် ထဲမှာ ကိုယ် သည် ဝတ်စုံအဖြူ နှင့် လက်အိတ် က လည်း အဖြူ ၊ ကိုယ် သည် တီးဝိုင်း ၏ ရှေ့ဆုံး မှ အချက်ပြ တုတ်ကြီး ကို ဝှေ့ရမ်း ၍ လျှောက် နေသည် ။ ခဏကြာတော့ လူအုပ် ထဲ မှ ဖေဖေ ပြေး ထွက်လာပြီး ကိုယ့် လက် ထဲ မှ တုတ်ကြီး ကို ဆွဲ လု၍ လွှင့် ပစ်လိုက်သည် ။ မေမေ နှင့် မိခိုင် က ဖက် ပြီး ငို နေကြသည် ။ ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး တို့ က ဟားတိုက် ရယ်နေကြလေသည် ။

     •••••   •••••   •••••   •••••

ကိုယ် အိပ်ရာ မှ နိုး သော အခါ ဧည့်ခန်း ဆီ မှ ထူးဆန်းသော အသံ ကြားရသည် ။ ရယ်သံများ ဖြစ်ပါသည် ။ ကိုယ်တို့ အိမ်မှာ ဟက်ဟက်ပက်ပက် ဆူဆူညံညံ ရယ်သံမျိုးတွေ မကြား ရတာ ကြာပြီ မဟုတ်လား ။ ဂရုစိုက်ပြီး နားထောင် ကြည့်သည် ။ ယောက်ျားရယ်သံ ကတော့ ဦးလေးမောင်မောင်ကြီး အသံ ဖြစ်ကြောင်း သိသည် ။ မိန်းမ ရယ်သံ ကိုတော့ ခွဲခြားလို့ မရ ။ နောက် စကား ပြောလိုက်မှ အန်တီလူး မှန်း သိသွား၏ ။ ကိုယ် သည် အခန်း ပြင် သို့ မထွက်သေးဘဲ အိပ်ရာ ပေါ် မှာပင် လှဲနေ ရင်းက သူတို့ ဘာ ပြောကြမလဲ ဟု နားထောင် နေလိုက်သည် ။ ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး ကချည်း စကားတွေ ပြောသည် ။ သူတို့ နှင့် တူတူ ပြော နေသူမှာ ဖေဖေ ဖြစ်သည် ။ ဖေဖေ က တစ်ခွန်းတလေ သာ ဝင် ပြောသည် ။ ဖေဖေ့ ရယ်သံ ကိုတော့ လုံးဝ မကြားရ ။ ဒီ စကားဝိုင်း မှာ ဖေဖေ ပါနေသောကြောင့် မေမေ လုံးဝ မပါကြောင်း ကိုယ် သိ လိုက်ပြီ ။

“ မစောမြင့် ကော ကွ ”

ဦးလေးမောင်မောင်ကြီး က မေးသည် ။ ဖေဖေ့ ပြန်ဖြေသံ မကြားရ ။ တိုးတိုး ဖြေသောကြောင့် မကြားရခြင်း ဖြစ်မည် ။ ကိုယ်တို့ အခန်း ထဲ ရှိ စားပွဲတင်နာရီကလေး ကို ကြည့် လိုက်သောအခါ ခုနှစ်နာရီ ခွဲ ခါနီးပြီ ။ ဒီနေ့ တနင်္ဂနွေ ဖြစ်သောကြောင့် မေမေ ရုံး မသွားရချေ ။  အခန်း ထဲ မှာလည်း မရှိ ။ ဖေဖေတို့ နှင့် တူတူ စကား ထိုင် ပြောနေတာတော့ လုံးဝ မဖြစ်နိုင်ပါ ။ မီးဖိုချောင် ထဲ မှာ ရှိချင် ရှိမည် ။ ဦးလေးမောင်မောင်ကြီး ပြော လိုက်သော စကားကြောင့် မေမေ ဈေး သွားကြောင်း သိလိုက်ရသည် ။

“ မစောမြင့် က နေ့တိုင်း ဈေး သွားလားကွ ”

“ မသိဘူး ”

ဖေဖေ က ပြန် ဖြေသည် ။

အန်တီလူး က

“ ဖေအောင် ... ယူ က အိမ် မှာ ဘယ်သူ ဈေးသွားတယ် ဆိုတာ မသိဘူးလား ”

“  အဲဒါ ငါ့ အလုပ် မှ မဟုတ်ဘဲ ”

“ ဟုတ်ပါတယ် ကွာ ၊ မင်း အလုပ် က စက်ယန္တရားတွေ ပဲ ပေါ့ ၊ ဒါပေမယ့် မင်း ကိုယ်တိုင် က စက်ယန္တရား မှ မဟုတ်ဘဲ ”

ဦးလေးမောင်မောင်ကြီး က ဝင် ပြောသည် ။ ဖေဖေ က ဘာမျှ မပြော ။ အန်တီလူး က ပြော ပြန်သည် ။

“ ယူ က ဖယ်မလီ အပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်ကွာ ”

အင်္ဂလိပ်စကား ညှပ် ပြောသော်လည်း ကိုယ် နည်းနည်း သိသည် ။ ယူ ဆိုတာက  '  မင်း '   ။ အန်တီလူး က ဒီလိုပဲ ပြော နေကျ ။ ပြီးတော့ ဖယ်မလီ ဆိုတာ ' မိသားစု ' အင်္ဂလိပ်စာဆရာမ ဒေါ်လှလှတင် ကတောင် ' မိုင်ဖယ်မလီ ' ဆိုပြီး စာစီစာကုံး ရေး ခိုင်း ဖူးသေးသည် ။

“ မင်း တို့ အဲဒီ စကားမျိုးတွေ ခဏခဏ ပြော တယ်ကွာ ၊ ဒီမှာ မောင်မောင်ကြီး ငါ က မင်းတို့ လို ပညာတတ် မဟုတ်တော့ မင်းတို့ လို စကား လှည့်ပတ် မပြောတတ်ဘူး ။ အေးကွာ ...မင်းတို့တွေ လို ဟန်ဆောင် ပြီးတော့လည်း မနေတတ်ဘူး ။ ငါ့ အလုပ်က ငွေ ရှာဖို့ပဲ ။ ပြီးတော့ အိမ်သုံးစရိတ် အတွက် လိုလေသေး မရှိအောင် ပေး နိုင်ဖို့ပဲ ။ တခြားဟာတွေ ငါ နားမလည်ဘူး ။ မင်းတို့ လျှောက် ပြောနေလည်း မောရုံပဲ ရှိမယ် ”

ဖေဖေ သည် စကား အရှည်ကြီး ပြောလေ့ မရှိ ။ ဒီတစ်ခါကျမှ ပြောခြင်း ဖြစ်သည် ။ သို့သော်လည်း ဖေဖေ့ စကားတွေ ကို ကိုယ် သေသေချာချာ နားမလည် ။

“ ဖေအောင် ... ယူက ခုထိ ဂျစ်ပေပေ လုပ်တုန်းပဲကိုး ”

“ အေးကွာ ... မင်းဟာ ခုထိ အသိရ ခက်တုန်းပဲ ”

အန်တီလူး နှင့် ဦးလေးမောင်မောင်ကြီး က ပြိုင်တူ လိုလို ပြော လေသည် ။

ဖေဖေ က

“ မင်းတို့ နှစ်ယောက် က တယ်လည်း ညီညွတ် ကြတာပဲ ။ ဒါကြောင့် ငါ ပြောတာပေါ့ ”

“ ဘာလဲ ဟေ့ကောင် ၊ ကိုယ်တို့ နှစ်ယောက် ကို ပေးစား ဦးမလို့လား ”

“ အေး  ... ဟုတ်တယ် ၊ မင်းတို့ နှစ်ယောက် သိပ် လိုက်တာပဲ ”

“ လုစ် ကတော့ မောင်မောင်ကြီး ကို နည်းနည်းတော့ အင်ထရက်စ် ဖြစ်ခဲ့သားပဲ ၊ ဒါပေမယ့် မောင်မောင်ကြီး ဟာ ငယ်ငယ်တုန်း က ပေါကြောင်ကြောင် နဲ့ မို့ အားမကိုးလောက်ဘူး ထင် ခဲ့တာ ။ ခုလို အင်ကမ်းကောင်းမယ် ဆိုရင် ကိုအောင်ရွှေ ကို ဘယ် ယူမလဲ ၊ သူ့ ယူ မှာပေါ့ ”

“ အေးလေ .. ခု ကိုအောင်ရွှေ လည်း ဆုံး သွားပြီပဲ ”

ဖေဖေ က ဝင်ပြောသည် ။ အန်တီလူး က ဆက် ပြောပြန်၏ ။

“ ဟုတ်တယ် လုစ် လည်း ခု မုဆိုးမ ဘဝ နဲ့ အားကိုးရာ မဲ့ နေတာနဲ့ အတော်ပဲ ၊ ဘယ်လိုလဲ မောင်မောင်ကြီး ယူ နဲ့ လုစ် နဲ့ ”

ဦးလေးမောင်မောင်ကြီး က ဘာမျှ ပြန် မပြောပါ ။ အန်တီလူး က “ အံမယ် ၊ ယူ ကပဲ ရှက်ရတယ် ရှိသေး “  ဟု ပြော လိုက်သည် ။ ထိုအခါ ကျ မှ ဦးလေးမောင်မောင်ကြီး က“ မဟုတ်ပါဘူး ဟာ ၊ ကိုယ် စဉ်းစားနေတာပါ ၊ ယူ တာကတော့ ဟုတ်ပါပြီ ၊ ယူ ပြီးတော့မှ တစ်အိမ်တည်း နေပြီး မခေါ်မပြောဘဲ ခပ်စိမ်းစိမ်း ဖြစ် နေကြရင် ဘယ် ကောင်းမလဲ ”

ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး တို့ ရယ် ကြသည် ။ ဖေဖေ ကတော့ မရယ်ဘူး ထင် သည် ။ အေးလေ ၊ ဖေဖေ ကတော့ အသံ ထွက်အောင် ရယ် တတ်တာ မှ မဟုတ်တာ ။

လူကြီးတွေ ဟာ တစ်မျိုး ပဲ ဟု ကိုယ် ထင်သည် ။ ခုပဲ ကြည့် ပါလား ။ သူတို့ သည် ရန် ဖြစ်ကြတော့မလို စကားမျိုးတွေ ပြော နေရာက ချက်ချင်း နောက်ပြောင်ပြီး ရယ်ချင် ရယ်လိုက်ကြသည် ။ တော်ကြာ ကျတော့ ခပ်တည်တည် စကားတွေ ပြန် ပြောချင် ပြော ကြပြန်သည် ။ ကိုယ် မကျေနပ်ဆုံးက သူတို့ ပြောသောစကားတွေ ကို ကိုယ် သိပ် နားမလည်ခြင်း ဖြစ်သည် ။

ကိုယ် သည် အိပ်ရာ ထဲ မှာ ဆက် မနေချင်တော့ ။ ကော်ဖီ သောက်ချင် လှပြီ ။ ထို့ကြောင့် အိပ်ရာ မှ လူးလဲ ထပြီး အခန်း အပြင် ထွက် လိုက်သည် ။ ကိုယ့် ကို မြင်သောအခါ ဦးလေးမောင်မောင်ကြီး က လှမ်း၍

“ ဟား ညီညီ တောင် နိုးလာမှကိုး ၊ ဦးလေး တို့ စကားသံတွေ က ဆူလို့ လန့် နိုးလာတာလားကွ ဟေ ”

ကိုယ်သည် ဦးလေးမောင်မောင်ကြီး ကို လှမ်း ပြုံးပြပြီး ဖေဖေ့ ကို လှမ်း ကြည့်မိသည် ။ ဖေဖေ့ မျက်နှာ က နည်းနည်း ခပ်တည်တည် ဖြစ်နေ၏ ။ ထို့ကြောင့် ဖေဖေ့ ကိုတော့ ကိုယ် မပြုံးပြရဲချေ ။ အန်တီလူး က ကိုယ့် ကို လှမ်း ကြည့်ပြီး တစ်ခုခု ပြောမည် ပြုစဉ် ကိုယ် ရေချိုးခန်း ဘက် သို့ ဝင် လာခဲ့သည် ။

ကိုယ် သည် သွား မြန်မြန် တိုက် ၊ မျက်နှာ မြန်မြန် သစ် ပြီး အိမ်ရှေ့ခန်း သို့ ပြန် ထွက်လာခဲ့သည် ။ ကိုယ် တို့ အခန်း ထဲ သို့ ပြန် ဝင်မည် ဟု ဧည့်ခန်း ကို ဖြတ် ဝင်လိုက်ချိန်တွင် အိမ်ပေါက် ဝ မှ ဝင် လာသော မေမေ့ ကို လှမ်း မြင်လိုက်ရသည် ။

မေမေ သည် ဈေး က ပြန် လာခြင်း ဖြစ်သည် ။ လက် ထဲ မှာ ခြင်းတောင်း ကို ဆွဲ ထားသည် ။ ဝင် လာလာချင်း ဖေဖေ တို့ စကားဝိုင်း ပြောနေကြသည် ကို မြင် သွားသည် ။ မေမေ က သူတို့ ကို လှမ်း ကြည့်သည် ။ ဘယ်သူ့ ကို ကြည့် လိုက်မှန်းတော့ ကိုယ် မသိ ။ ပြီးမှ ကိုယ့် ကို လှည့် ပြုံးပြ၍ “ သား .. နိုးပြီလား ” ဟု မေးသည် ။ ကိုယ် ခေါင်းညိတ် ပြလိုက်သည် ။

ဦးလေးမောင်မောင်ကြီး က

“ မစောမြင့် တောင် ဈေး က ပြန်လာ ပြီ ၊ ဘာတွေ ဝယ် ခဲ့သလဲဗျ ၊ ကျွန်တော်တို့ လည်း ဒီမှာ စား မှာနော် ၊ လောက်ပါ့ မလား ဗျ ”

မေမေ က နည်းနည်း ပြုံး၍ “ ရပါတယ် ” ဟု ပြောသည် ။ ထို့နောက် သူတို့ ဘေး က ဖြတ် လျှောက်လာသည် ။ အန်တီလူး က ..

“ ဟိတ် ... ပြီးရင် လာဦးလေ ကွာ ၊ စကားလေး ဘာလေး ပြော ရအောင် ”

“ ပြောနှင့် ကွာ ၊ နောက်ဖေး မှာ ချက်ရပြုတ်ရ ဦး မယ် ”

ဟု မေမေ က ပြန် ပြောပြီး မီးဖို ဘက် ဝင်သွားသည် ။ မေမေ့ မျက်နှာ က တစ်မျိုး ပဲ ။ ကိုယ် ဖေဖေ့ ကို တစ်ချက် လှမ်း ကြည့်လိုက်သည် ။ ဖေဖေ သည် လက်ကြား ထဲ ရှိ စီးကရက် မှ ထွက် နေသော မီးခိုးတွေ ကို သာ စိုက် ကြည့်နေသည် ။

ကိုယ် လည်း အိပ်ခန်း ထဲ ဝင် လာခဲ့သည် ။ မျက်နှာ သုတ် ပြီးနောက် ကော်ဖီ သောက် ဖို့ ပြန် ထွက်ခဲ့သည် ။ ဧည့်ခန်း ထဲ တွင် ဦးလေးမောင်မောင်ကြီး နှင့် ဖေဖေ သာ ရှိ တော့သည် ။ သူတို့ နှစ်ယောက် သည် ဘာမျှ မပြောကြဘဲ ငြိမ်နေ၏ ။ ဖေဖေ ကလည်း စီးကရက် ကို သာ ဖွာရင်း အပေါ် ကို ငေး ကြည့်နေသည် ။ ဦးလေးမောင်မောင်ကြီး က စာရွက် တစ်ခု ပေါ် မှာ ဘာတွေ ရေး နေသလဲ မသိ ။ ရေး ပြီးတော့ ဖေဖေ့ ကို လက်ကုတ် ၍ ပေး လိုက်သည် ။ ဖေဖေ က ယူ ပြီး ဖတ် ကြည့်သည် ။ နောက် ခေါင်းညိတ် ပြသည် ။ ကိုယ့် ကို တစ်ချက် လှမ်း ကြည့်သည် ။ ကိုယ် မီးဖို ထဲ ဝင် လာခဲ့သည် ။

မီးဖိုချောင် ထဲ မှာတော့ မေမေ နှင့် အန်တီလူး ထိုင် နေကြသည် ။ ကိုယ် ထမင်းစားခန်း ထဲ မှာ ဝင် ထိုင်ပြီး ပေါင်မုန့်ယို သုတ်စားသည် ။ ကော်ဖီ သောက်သည် ။ စားသောက် နေတုန်း အန်တီလူး ဝင် လာ၏ ။ ကိုယ့် ပခုံး ပေါ် လက် လာ ထောက်သည် ။

“ အမယ် ညီညီ က တစ်ယောက် တည်း စားနေတယ် ၊ အန်တီ့ ကို မကျွေးတော့ဘူးလား ”

ကိုယ် မော့ မကြည့်ဘဲ ခေါင်း ကို သာ ညိတ် ပြလိုက်သည် ။

“ အလကား ပြောတာပါ ကွာ ၊ ညီညီ ပဲ ဝအောင် စားပါ ”

ကိုယ် က ဘာမျှ မပြော ။ သူ့ ကို လည်း မကြည့်ဘဲ ခေါင်း ငုံ့ ၍ သာ ကော်ဖီ သောက် နေလိုက်သည် ။ အန်တီလူး က ရယ် ၍ ..

“ ဘာလဲ ညီညီ က အန်တီတို့ ဆူလို့ အိပ်ရာ က လန့် နိုးသွားလို့လား ၊ ဟုတ်လား ၊ အိပ်ရေး ပျက်သွားလို့ အန်တီ တို့ ကို စိတ်ကောက် နေတာလား ”

ကိုယ် အန်တီလူး ကို ဆတ်ခနဲ မော့ ကြည့်လိုက်သည် ။ ပြီးတော့ ကိုယ် ပြောသည် ။

“ ကိုယ် နိုးနေတာ ကြာလှပြီ ”

     •••••   •••••   •••••   •••••

ဟီးနိုးဘတ်စ်ကားကြီး သည် အရမ်း မြန်သည် ။ ဦးလေး မောင်မောင်ကြီး နှင့် ကိုယ် သည် ဥဿာဒဂုံ ကား ဖြင့် ရန်ကုန် သို့ သွားကြခြင်း ဖြစ်ပါသည် ။ ဦးလေးမောင်မောင်ကြီး ဒီ တစ်ခေါက် ကိုယ်တို့ ဆီ လာသော ရက် သည် ဒီဇင်ဘာ ကျောင်းပိတ်ရက် ဖြစ်သည် ။ ဦးလေးမောင်မောင်ကြီး က ကိုယ့် ကို ရန်ကုန် ခေါ်သွားချင်သည် ဟု ဖေဖေ နှင့် မေမေ တို့ ကို ပြောပြီး ခေါ်ခဲ့သည် ။ ကိုယ်တို့ သည် မနက် အစောကြီး ထပြီး ဥဿာဒဂုံ ဟီးနိုးကားသစ်ကြီး ဖြင့် ထွက်လာခဲ့ခြင်းပင် ဖြစ်လေသည် ။

ကိုယ်တို့ ကားကြီး သည် ထုံးကြီး တို့ ၊ သနပ္ပင် တို့ သွားသော ကားစုတ်တွေ နှင့် ကွာချင်တိုင်း ကွာသည် ။ ဟို ကားတွေ လို ဂျုံးဂျုံးဂျိုင်းဂျိုင်း လည်း မမြည် ။ မြန် လိုက်တာကလည်း လမ်းဘေး က ဓာတ်တိုင်တွေ ဆို တာ “ ဝှစ်ခနဲ ၊ ဝှစ်ခနဲ ”  ကျန် နေခဲ့သည် ။

ကိုယ် သည် ရန်ကုန် သွား ရသဖြင့် အရမ်း ပျော်နေမိ၏ ။ ဟို ရောက်လျှင် တိရစ္ဆာန်ရုံတို့ ၊ ငါးပြတိုက်တို့ ၊ ကရဝိက်တို့ ကို လိုက် ပြမည် ဟု ဦးလေးမောင်မောင်ကြီး က ပြောသည် ။ သမ္မတရုံ မှာ ပြနေသော စုံထောက်ကား ကိုလည်း လိုက် ပြမည်တဲ့ ။ ပြီးတော့ ဘွားမေသိန်း တို့ အိမ် ကို လိုက် ပို့ဦးမည် ။ အဲဒီမှာ နှစ်ရက် ၊ သုံးရက် လောက် နေပြီး မှ ပြန် ရမည် ဟု ဆိုသည် ။

မြို့ က စ ထွက် ကတည်း က လမ်းဘေး မှာ လယ်ကွင်းပြင်ကြီးတွေ ကို မြင် ရသည် ။ ဟိုး အဝေးကြီးတွေ မှာ ဘုရားတွေ ခဏခဏ တွေ့ ရ၏ ။ ဦးလေးမောင်မောင်ကြီး သည် ရှေးတုန်းက အကြောင်းတွေ ကို ပြော ပြနေသည် ။

“ ပဲခူးမြို့တဝိုက် ကို အရင်က ဟံသာဝတီ လို့ ခေါ်တယ် ၊ မွန်တွေ ရဲ့ ဒေသပေါ့ ၊ အဲဒီတုန်းက ဟံသာဝတီဘုရင် က ရာဇဓိရာဇ် တဲ့ ။ အဲဒီ အချိန်မှာ အင်းဝ နဲ့ ဟံသာဝတီ ကလည်း မကြာမကြာ စစ် ဖြစ်ကြတယ် ။ အင်းဝဘုရင် မင်းခေါင် မှာ သားတော်တစ်ပါး ရှိတယ် ။ သူ့နာမည်က မင်းရဲကျော်စွာ တဲ့ ”

“ မင်းရဲကျော်စွာ ”

ဒီ နာမည် ကို ကြားဖူးသည် ။ ဘယ်မှာလဲ ။ ဪ ... သိပြီ ။ တော်လှန်ရေးနေ့ ဆိုလျှင် ရေဒီယို မှ စစ်ချီသီချင်းတွေ လာ တတ်သည် ။ “ မင်းရဲကျော်စွာ ၊ တပင်ရွှေထီးပုံညီ ၊ ဘုရင့်နောင်ပါ ၊ အလောင်းဘုရားတို့သည် ”  ဆိုသော သီချင်း လည်း ပါသည် ။ ပြီးတော့လည်း မိခိုင် တို့ တင်အောင်ခိုင် တို့ ဘင်ခရာသင်တန်း အတွက် ပြွေမှုတ် လေ့ကျင့်နေတုန်း ကလည်း ဆို တာ ကြား ဖူးသည် ။

“ အေး  ... ဟုတ်တယ်ကွ ၊ မင်းရဲကျော်စွာ ဆိုတာ မင်းခေါင် ရဲ့သား ဖြစ်သလို အင်းဝ စစ်တပ် ရဲ့ စစ်သေနာပတိချုပ် လည်း ဖြစ်တယ် ။ သူ စစ်သေနာပတိ လုပ်ပြီး စီမံအုပ်ချုပ်ပြီး တိုက်တာ အင်းဝတပ်တွေ ဟာ ဟံသာဝတီ ကို တိုက်ပွဲတော်တော်များများ မှာ နိုင်ခဲ့တယ် ကွ ၊ ဒါပေမယ့် ”

“ ဘာဖြစ်လို့လဲ ဦးလေး ”

“ မင်းရဲကျော်စွာ ဟာ စစ်တိုက် တာလည်း တော်တယ် ၊ ဉာဏ်လည်း ကောင်းတယ် ၊ ဒါပေမယ့် အသက် သိပ် ငယ်သေးတော့ အတွေ့အကြုံ နည်းသေးတာပေါ့ ။ သူ နဲ့ ပြိုင်ဘက် ဟံသာဝတီဘုရင် ရာဇာဓိရာဇ် ကျတော့ သတ္တိ လည်း ရှိတယ် ။ ဦးနှောက် လည်း ကောင်းတယ် ။ အတွေ့အကြုံ လည်း များပြီး ၊ ပြီးတော့ သူ့ ဆီ မှာ လဂွန်းအိမ် ၊ မင်းကန်စီ စတဲ့ သူရဲကောင်းတွေ ပညာရှိတွေ လည်း အများကြီး ရှိနေတယ် ။ ဒီတော့ ကာ ရာဇာဓိရာဇ် ဟာ တချိန်မှာ မင်းရဲကျော်စွာ ကို ဒဏ်ရာပြင်းထန်စွာ နဲ့ ဖမ်း မိလိုက်တာပေါ့ ”

“ သတ်ပစ်လိုက်ရောလား ဟင် ”

“ မသတ်ဘူးကွ ၊ ရာဇာဓိရာဇ် ဟာ သူရဲကောင်း တွေ ကို အလွန် ချစ်မြတ်နိုးတာပဲ ။ ဒါကြောင့် မင်းရဲကျော်စွာ ကိုလည်း ဒဏ်ရာတွေ ပျောက်အောင် ဆေး ကုပေးမယ် လို့ ပြောတယ် ။ ဒါပေမယ့် မင်းရဲကျော်စွာ ကလည်း သူရဲကောင်း ပဲ ။ ရန်သူ က ဆေးကု ပေးတာကိုတော့ မခံဘူး ။ အသက် သာ အသေခံမယ် လို့ ပြန် ပြောလိုက်တယ် ။ ရာဇာဓိရာဇ် လည်း လက် လျှော့လိုက်ရတာပေါ့ ။ ဒါနဲ့ အဲဒီ ဒဏ်ရာတွေကြောင့်ပဲ မင်းရဲကျော်စွာ လည်း သေဆုံး သွားရှာတာပေါ့ ”

ဦးလေးမောင်မောင်ကြီး က ခဏ စဉ်းစားပြီး ဆက် ပြောသည် ။

“ နေဦးကွ ၊ ဦးလေး ပြောဖို့ တစ်ခု မေ့နေတယ် ၊ မင်းရဲကျော်စွာ ဟာ စစ်သေနာပတိကြီး ဖြစ်တဲ့ အချိန်မှာ အသက် ဘယ်လောက် ရှိပြီ ထင်လဲ ”

ကိုယ် ခေါင်းခါ ပြသည် ။

“ အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်ကွ ”

“ ဟင် ... ငယ်ငယ်လေး ၊ ကိုယ်တို့ အရွယ်ပဲ ပေါ့ ”

“ အေးပေါ့ကွ ”

ကိုယ် တွေးကြည့်သည် ။ စိတ်ကူး ထဲတွင် ကိုယ် သည် မင်းရဲကျော်စွာ ဖြစ် နေသည် ။ စစ်ဗိုလ်ချုပ် အဝတ်အစား နှင့် သံခမောက်ကြီး ကို ဆောင်းပြီး ဓားကြီး ကို ကိုင် ထားသည် ။ ကိုယ် သည် ဆင်ကြီး ပေါ် မှာ မတ်တပ် ရပ်ပြီး အမိန့်တွေ ပေး နေသည် ။ ကိုယ် က မင်းရဲကျော်စွာ ဆိုလျှင် ဖေဖေ က ဘုရင်မင်းခေါင် ပေါ့ ။ မိဖုရားကြီး က မေမေ ပေါ့ ။ ဒါဆို ရာဇာဓိရာဇ် ၏ နေရာမှာ ဘယ်သူ့ ကို ထားလျှင် ကောင်း မလဲ ။ ကိုယ် သည် ဦးလေးမောင်မောင်ကြီး ကို “  ဦးလေး ” ဟု ခေါ် လိုက်သည် ။ သူ က ကား အပြင် ကို ကြည့်  နေရာမှ လှည့် ကြည့်သည် ။ ကိုယ် က မေးလိုက်သည် ။

“ မင်းရဲကျော်စွာ မှာ မိန်းမ ရှိလားဟင် ”

ဦးလေးမောင်မောင်ကြီး က အကျယ်ကြီး ရယ် လိုက်သည် ။ ဟိုဘက်ခုံ က အိပ်ငိုက်နေသော လူကြီး ပင် လန့်ပြီး လှည့် ကြည့်ရသည် ။ ကိုယ် ရှက်သွားလေ၏ ။

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

အပြစ်ကင်းသန့် တဲ့ ချစ်ခြင်း ရနံ့


 

❝  အပြစ်ကင်းသန့် တဲ့ ချစ်ခြင်း ရနံ့  ❞

အခန်း ( ၁ )

“ ကိုကို ...  ခင်လေး ဆီ လာတာ လား ၊ ခဏလေးနော် ကိုကို ခင်လေး အခု ပြန်လာမယ် ။  ဒီ အုတ်ခုံနား မှာ ခဏ စောင့်နေနော် ၊ ခင်လေး တို့ ကျောင်း က မိုးရာသီ နံရံကပ်စာစောင် အတွက် စာမူ ပိတ် တော့မှာ မို့ ခင်လေး ရေးထားတဲ့ ကဗျာလေး သွား ပို့ချင်လို့ပါ နော် ကိုကို ”

ပါးစပ် က ပြော လည်း ပြော ၊ သူ့ လွယ်အိတ် ထဲ က စာမူ ကို ထုတ် ၊ သူ့ လွယ်အိတ် ကို လည်း ကျွန်တော့် ကို ကိုင် ခိုင်း ထားလိုက်သေး ။ ခုမှတော့ မယ်မင်းကြီးမ စေခိုင်းသမျှ ပေါ့ ။ တစ်ခါတလေ ကျွန်တော် က သူ ခေါ်တိုင်း ချက်ချင်း မလိုက်သေးပဲ “ ဘာကိစ္စလဲ ဘာလဲ ” လို့ နည်း နည်းပါးပါး အိုက်တင် ခံ မိ လိုက်ရင် ဒါမှမဟုတ် စောဒက တက် မိရင် သူ့ နှုတ်ခမ်း ကို တစ်တောင်လောက် စူ လိုက်မယ်  ။ ပြီးရင်တော့ “ ရတယ် လိုက် မပေးနိုင်ရင် နေခဲ့လိုက် ၊ မှတ်ထားနော် ” လို့ ပြောတတ်တာ ။

တစ်ခါ ကျွဲမြီး တိုရင် တစ်ပတ် ( ၇ ) ရက် ကြာ တတ်သေးတယ် ။ သူ့ အဆောင် ကို ကျွန်တော် လိုက် ချော့ရင် လည်း ဧည့်တွေ့ချိန် သာ ကုန် သွားခဲ့ပြီး သူ က ဆင်း မလာတတ်ဘူးဗျ ။ ( ၁ဝ ) ရက် ကျော်ကျော် ကောက် ပြီး လောက်မှ သူ့ စိတ် က ပြန် ဖြောင့် တော့တယ် ဗျာ ။ စိတ်ကောက် ပြေ စ ဆိုရင် သူ က ကျွန်တော့် ကို “ အကျင့်ပုတ်ကြီး ” လို့ စ ခေါ်တယ် ။ ကျွန်တော် ကတော့ သူ့ ကို ခုလို စိတ်ကောက် ပြေကာစ အချိန်မှာ “ ငါးပိချက် မ ” လို့ ခေါ်လေ့ ရှိတယ်ဗျ ။

ငါးပိချက်မလေး က ဝါသနာပေါင်းစုံ ကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်ချင်တာက လွဲရင် ဖြူစင်သန့်ရှင်းပြီး ချစ်စရာ ကောင်း တဲ့ မိန်းကလေး တစ်ယောက် မို့ ပါ ။ သူ နဲ့ ကျွန်တော် က မူလတန်း ကျောင်းသားကျောင်းသူ ကလေး ဘဝ မှာ ထဲ က ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ပါ ။ ၁၉၇၉ - ၁၉၈၀ ပညာသင် နှစ် မှာ အတူတူ ၁၀ တန်း အောင် ကြတယ်ဗျာ ။ ခုတော့ သူ က စီးပွားရေးတက္ကသိုလ် ကျောင်းသူ တစ်ယောက် ဖြစ် နေပါ ပြီ ။ ကျွန်တော် လည်း ဆေးတက္ကသိုလ် ( ၁ ) မှာ တက် နေတဲ့ ကျောင်းသား ဖြစ် နေပါပြီ ။ 

အမြဲတမ်းတော့ လည်း သူ့ ဆီ ကို ကျွန်တော် မရောက်နိုင်ခဲ့ဘူး ဗျာ ။ သူ ကလည်း ကျွန်တော့် ကို သူ အကူအညီ လို မှပဲ ဆက်သွယ် တတ် ပါတယ် ။ ဒါပေမဲ့ သူ နဲ့ ကျွန်တော် နဲ့ နှစ်ယောက် ကြား မှာ ဖြူစင် အပြစ် ကင်း တဲ့ ချစ်ခြင်း နဲ့ သံယောဇဉ် တစ်ခု တော့ ရှိတယ် ဗျ ။ ဒါကိုတော့ သူ လည်း သိ နေသလို ကျွန်တော် လည်း သိ နေခဲ့ပါတယ်ဗျာ ။

     •••••   •••••   •••••   •••••

အခန်း ( ၂ )

ခုတလော ကျွန်တော် ကိုယ်တိုင် လည်း စာမေးပွဲတွေ ရှိနေ တော့ သူ့ ဆီ ကို မရောက်ဖြစ်တာ ရက် ၂ဝ နီးပါး လောက် ရှိခဲ့ပါတယ် ။ ဖုန်း ဆက်ပြီး ပြော ထားခဲ့ရတယ် ။ 

“ အင်းပါ ကိုကို သာ စာမေးပွဲတွေ ကို ဂရုစိုက် ဖြေပါ ခင်လေး အဆင်ပြေပါတယ် ” တဲ့ ။

အော် ...  ကျွန်တော့် နာမည် က ကိုကိုအောင် ပါ ။ သူ့ နာမည် က နွယ်လေးခင် တဲ့ ။ နယ် မှာ ကျောင်း အတူတူ နေခဲ့တဲ့ မူလတန်း ကျောင်းသား ဘဝ ထဲ က သူ့တို့ မိဘ နဲ့ကျွန်တော့် မိဘတွေ က သိပ် ခင်ကြ တဲ့ မိတ်ဆွေတွေ ပေါ့ ဗျာ ။ ကျွန်တော် တို့ နှစ်ယောက်လုံး ရဲ့ မိဘတွေ က ချမ်းချမ်းသာသာတွေ မဟုတ်ပါပဲ နဲ့ ကျွန်တော်တို့ ကို ခြိုးခြံပြီး စာ သင် ပေး နေကြရတာပါ ဗျာ ။ သူ့ မိဘ လည်း ဒီလိုပါပဲ ။ သူ့ မှာ အဖေ မရှိတော့ သလို ကျွန်တော့် မှာ လည်း အဖေ မရှိတော့ပါဘူး ။

ဒီနေ့လည်း သူ့ ဆီ ကို တစ်ယောက်တည်း အဆင် မှ ပြေရဲ့လား လို့ သွား ကြည့်ဖို့ စိတ်ကူး ရလို့ သူ တို့ အီကို ( စီးပွားရေးတက္ကသိုလ် ) ကျောင်းတော်ကြီး ဘက် ကို ထွက် လာမိလိုက်တယ် ။ 

“ ကိုကို လာတာ အတော်ပဲ ၊ ဒီနေ့ အာရ်အိုင်တီ ( စက်မှုတက္ကသိုလ် ) မှာ ဆရာဦးသုမောင် တို့ စာပေဟောပြောပွဲ ရှိတယ် ။ ခင်လေး နားထောင် ချင်လို့ပါ ။ သူငယ်ချင်း ၃ ယောက် သွားကြမလို့ ကိုကို ပါလိုက် ခဲ့နော် .. မိန်းကလေးတွေချည်း ဖြစ် နေလို့ လိုက်ပို့ပေး နော် .. နော် ”

ကျွန်တော် သူ့ ဆီ လာခဲ့စဉ်က အေးအေးဆေးဆေး ထိုင် စကား ပြောမယ် ။ ဗိုက် ဆာရင် ကျောင်း ထဲ က မုန့်ဆိုင် မှာ စား ကြမယ် ။ ခု ဒီအတိုင်း ဆိုရင်တော့ ...  ။

နေ့လည် ၁ နာရီ အထိ ပဲ ဆိုပါတော့ဗျာ .. ။

စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး ထဲ က စာပေဟောပြောပွဲ အခမ်းအနား ကို ငါးပိချက်မ ရဲ့ စည်းရုံးမှု အောက် မှာ မရုန်းထွက် နိုင် ဘဲ ကျွန်တော် ပါ သွားခဲ့ ရပြန်တာပေါ့ ။

သူ နဲ့ တွေ့ပြီးမှပဲ တစ်ခုခု စားတော့မယ် ဆိုတဲ့ စိတ်ကူး နဲ့ အဆောင် က ဘာမှ မစားဘဲ ထွက် လာခဲ့တာ အခု ဗိုက် ထဲ က ဆာလောင် တဲ့ အသံ တွေ တောင် ထွက်ပေါ် နေပြီလေ ။ ကျွန်တော့် ဗိုက်ထဲ က တောင်း ဆိုသံတွေ ပိုပို ထွက်လာပြီ ။ မနေနိုင်တော့ ။ သူ့အနား ကို နည်းနည်းတိုး ကပ် လိုက်သည် ။ အသံကို ထိန်းလိုက်ကာ လေသံအုပ်အုပ် နဲ့

“ ဗိုက်ဆာတယ် ဟာ ”

ရုတ်တရက် သူ က ဆတ်ကနဲ ကျွန်တော့်  ဘက် ကို လှည့်ကြည့် လိုက်တယ် ။ နောက်တော့ စင်ပေါ်မှာ ဟောပြောနေတဲ့ ဆရာဦးသုမောင် ရဲ့ ဟောပြောတဲ့ အသံ ကို အာရုံ လွတ်မှာ စိုးတဲ့ ပုံပေါ့ ။ သူ မျက်လုံး တွေ က စင်ပေါ် မှာ ၊ သူ့ လက်တစ်ဖက် က သူ့ လွယ်အိတ် ကို နှိုက် နေ ပြန်တယ် ။ ဟော .. လွယ်အိတ် အထဲ က ဘီစကစ်မုန့် နှစ်ထုတ် သူ့ လက်ထဲ ပါလာပြီ ။

“ အင့် .. အဆာပြေ စား ထားပါ ကိုကို ရာ ၊ ပြန်ရင် ခင်လေး ဒကာခံပြီး လှည်းတန်းဈေး မှာ လိုက်ကျွေးပါ့မယ် နော် .. နော် ”

အဲ့လိုတွေလည်း သူ နှင့် ကျွန်တော်တို့ နှစ်ယောက် ရဲ့ ဘဝ မှာ ရှိ ခဲ့ပါတယ်ဗျာ ။

     •••••   •••••   •••••   •••••
    
အခန်း ( ၃ )

ဒီနေ့ ကျွန်တော် အတန်း နှစ်ချိန် အားနေတယ် ။ မနေ့က ကျွန်တော် တို့ မြို့ က လာတဲ့ လူကြုံ ဦးဝင်း ဆိုတဲ့ အန်ကယ်ကြီး တစ်ယောက် နဲ့ ထည့်ပေးလိုက်တဲ့ ကျွန်တော် နဲ့ နွယ်လေးခင် အတွက် စာ နဲ့ ကျောင်း လခ ကို လည်း နွယ်လေးခင် ဆီ ပို့ပေးရဦးမယ် ။ ဒါနဲ့ပဲ သူတို့ ကျောင်း ဘက် ကို ကျွန်တော် ထွက်လာခဲ့တယ် ။ လကုန်ရက် နီးတော့ ငါးပိချက်မလေး လည်း လက် ထဲ အသုံးစရိတ် နည်းနေလောက်ပြီ ထင်တယ် ။

သူ တက် နေကြ တူးအိုအိတ် ၂၀၈ အတန်း ထဲ မှာ ဆရာ အတန်း ဝင် နေတဲ့ အချိန်လည်း မဟုတ်သေးတော့ အခန်း ထဲ မှာ များ ရှိ နေမလား လို့ သူ တို့ စာသင်ခန်း ထဲ ကို တစ်ချက် ဝင် ကြည့်လိုက်မိတယ် ။ ကျွန်တော့် ကို သိ နေတဲ့ ကျောင်းသူ တစ်ယောက် က “ နွယ်လေးခင် မရှိ ဘူး ၊ အပြင် ထွက်သွားတာ တော့ တွေ့ လိုက်တယ် ” လို့ ပြောပြီး ၊ နောက် တစ်ယောက် ကတော့ “ အနုပညာအသင်း ဘက် ကို သွားတာ ” လို့ ပြော သွား သေးတယ် ။ တကယ် အငြိမ် အနေဘူး ။ ငါးပိချက်မ တော့ ။

“ ကျေးဇူးပါ ဗျ ၊ သူ တစ်ယောက် ထဲ သွားတာလား ခင်ဗျ ”

“ ဟုတ်တယ် ရှင့် နွယ်လေးခင် က အတန်း မရှိရင် အနုပညာ အသင်း ထဲ မှာ ပတ္တလားတီး သွား သင်တတ်တယ် လေ ”

“ ကျေးဇူးပါပဲ ကျွန်တော် သွား ရှာလိုက်ပါ့မယ် ဗျာ ”

အနုပညာအသင်း ဘက် ကို ကျွန်တော် ထွက် လာခဲ့ရပြန်ပေါ့ ။ သူ သွားတယ် ဆိုတဲ့ အတီးသင်တန်းခန်းမကြီး ကို တွေ့တော့ သော့ခတ် ထားတာ တွေ့ လိုက်ရပြန်ရော ။ ကျွန်တော့် ရင် ထဲ မှာ ဘယ်လို ဖြစ်သွား မှန်း ကို မသိတော့ဘူး ။ စိတ် မကြည်လင်တော့ဘူး ။ ရှေ့ကို တိုးပြီး ထပ် လျှောက် လိုက်တော့ မှ လားလား ...  မယ်မင်းကြီးမ ရယ် တိတ်ဆိတ် ငြိမ်သက်ပြီး အာရုံ ဝင်စားလွန်းတဲ့ အမူအရာ နဲ့ ကားချပ်တစ်ခု အပေါ် စုတ်တံ ကိုင်ပြီး ဆေး ခြယ် နေပြန်ပါပြီကောလား ။

စုံပါပေ့ ငါးပိချက်မ ရယ် ။ သင်တန်းဆရာ က ရေးဆွဲနေတဲ့ သူ အားလုံးရဲ့ လက်ရာ တစ်ခုချင်း ကို လိုက် စစ်ပေးနေတွေ့ရတယ် ။
ဟော.. ငါးပိချက်မ က သူ ဆွဲပြီးတဲ့ပန်းချီကား ကို သင်တန်းဆရာ ထံ မှာ အပ်နေပြီ ။ အခန်း အပေါက် ဝ မှာ ရပ် စောင့် နေတဲ့ ကျွန်တော့် ကို မြင် တော့ သူ့ ထုံးစံ အတိုင်း တအံ့တဩ မျက်လုံးလေး နဲ့ ပြုံးစစ လုပ် ပြလိုက် သေး ။

“ နင့် ဝါသနာတွေ က မကုန်သေးဘူးလား ငါးပိချက်မ ရာ ။ အတန်းဘက် ကို ရောက်ခဲ့တယ် ။ ပတ္တလားတီး သင်တန်း သွားတယ် ဆိုလို့ ဟိုဘက် အခန်း ကို အရင် သွားကြည့်နေတာ ”

“ ဟီး ...  ဟုတ်တယ် ၊ အတီး သင်ပေး တဲ့ ဆရာ မလာတာ နဲ့ ပန်းချီ ဝင် ဆွဲနေလိုက်တာ ”

“ သူငယ်ချင်းတွေ ကို ခေါ် မလာဘူးလား ”

“ သူတို့ က ဝါသနာ မပါတော့ ပျင်း  နေမှာပေါ့ ၊ ခင်လေး က တမင် ပဲ မခေါ်ခဲ့တော့တာ ”

“ ဗိုက်ဆာနေပြီ ” 

“ ခင်လေးလည်း ဆာတာပေါ့ ”

“ ခုမှများ ”

သူ့ ခေါင်း ကို ဖွဖွထု ရင်း ပြော လိုက်တော့ “ ည ကျရင် အိပ်ရာထဲ ရှူး ပေါက်တော့မှာပဲ ကိုကို ရာ ” ဟု ပြန် နောက်သေးတဲ့ ငါးပိ ချက်မ ။

“ ထမင်းကြော် စားမယ်နော် ကိုကို ”

“ အင်း ”

ငါးပိချက်မ ကို ဝါသနာ ပါတာတွေ လုပ်တာ လည်း လုပ်ပေါ့ နောက်ဆုံးနှစ် လည်း ဖြစ်နေပြီ ။ အတန်း မပျက်ဖို့ စာကျက်ဖို့ တွေ ပြော ဖြစ်ခဲ့သေးတယ်ဗျ ။

ကလေး တစ်ယောက် လိုပဲ ။ “ ဟုတ် yes ” လို့ ပြန်ဖြေ တယ် ။ ကျွန်တော် က လူကြုံ နဲ့ ပို့လိုက်တဲ့ ပိုက်ဆံ နဲ့ စာတစ်စောင် ကို သူ့ လက်ထဲ ထည့် ပေးလိုက်တော့ ကျန်တဲ့ ကျွန်တော့် ပိုက်ဆံအိတ် ကို ကြည့်ပြီး

“ လွယ်အိတ် ထဲ သေချာ ထည့်ဦး ခါးပိုက်နိုက် ထိမယ် ” 

လို့ ဆရာမကြီး က လုပ် လိုက်သေးတာ ။

အဲဒီနေ့ က ကျွန်တော် ရဲ့ ကျောင်း ကို နေ့လည်ပိုင်း အမီ ပြန် တက် နိုင်ခဲ့သေးတယ် ။ ကျွန်တော် တို့ ကျောင်း က စာတွေ က လည်း တစ်နှစ် ထက် တစ်နှစ် ပိုပို များလာ ၊ ပိုပို ခက်ခဲလာခဲ့ပြီ ဗျာ ။

     •••••   •••••   •••••   •••••
    
အခန်း ( ၄ )

ဘာလိုလိုနဲ့ ငါးပိချက်မ တို့ စီးပွားရေးတက္ကသိုလ် နောက်ဆုံး နှစ် အတန်းတွေ စာမေးပွဲကြီး ဖြေ ပြီးလို့ အိမ် ပြန်ကြရမယ့် နေ့ ရောက် လာခဲ့ပြီ ။

“ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဘဝ က အချိန်တွေ အကုန် မြန်တယ်နော် ကိုကို ”  

သူ့ ကို ကျွန်တော် ဘူတာ ကို လိုက် ပို့ပေးတော့ သူ ကျွန်တော့် ကို ပြောတဲ့စကား ။ သူ့ ရင် ထဲ မှာ ခံစားချက် တစ်ခု ခု ရှိ နေမှာ သေချာတယ် ဟု တထစ်ချ နားလည်မိလိုက်ပါတယ် ။ ၄ နှစ် တာ ကာလ တစ်ခုလုံး ကို ကုန် လွန်စေခဲ့သည့် တိုင် သူ့ အတွက် လေ့လာစရာတွေ စူးစမ်းစရာတွေ သင်ယူစရာတွေ တက္ကသိုလ်မြေ မှာ အများကြီး ကျန်ရှိ နေခဲ့ဦးမယ် လို့ ကျွန်တော် ထင်တယ် ။

“ ခရက်ဒစ် ဝင်ရင် ဆက် တက်လို့ ရတာပဲ ”

ကျွန်တော် နှင့် အနီးဆုံး မှာ သူ့ ကို ရှိ နေစေချင်သေးတဲ့ စိတ် နဲ့ သူ့ ကို ကျွန်တော် ပြောလိုက်တဲ့ စကား ပါ ပဲ ။ ခေါင်း ကို တွင်တွင်ခါရမ်း ရင်း က သူ ပြန် ဖြေလိုက်တဲ့ စကားတွေ ကြောင့် စိတ် မကောင်း ဖြစ်မိသွား တယ် ။

“ အမှတ် ကောင်းရင် တောင် မှ ခင်လေး က ကျောင်း ဆက်တက် လို့ မရတော့ဘူး လေ ။ အမေ က ကျန်းမာရေး မကောင်းတော့ ဈေး မရောင်း နိုင်တော့ဘူး ကိုကို ”

သူ့ ဘဝ အခက်အခဲတွေ ကို တကယ် ဆိုရင် အခု သူ ပြောနေ တာ ထက် ကို ကျွန်တော် က ပို သိထားခဲ့သူတစ်ယောက် ။ အင်း ...  ပြောမဲ့သာ ပြော ရတာပါ ။ သူ နဲ့ ကျွန်တော် က သိပ်တော့ မထူးလှပါဘူး ။ ကျွန်တော့် ကျောင်းစရိတ် ကို တဖြည်းဖြည်း နဲ့ အမေ တစ်ယောက် ထဲ မရှာနိုင်တော့ဘူး တဲ့ ။ ဒီနှစ် အစ မှာ ထဲ က ငွေကြေး ပြည့်စုံတဲ့ ကျွန်တော် တို့ မြို့ က မြို့မျက်နှာဖုံး သူဌေး ဦးလေးဦးဝင်း က ပညာဒါန ကုသိုလ် ယူခဲ့ တာတဲ့ ။ ဒီ အကြောင်း ကို ကျွန်တော် တောင် သိတာ မကြာသေးဘူး ။ အမေ က မပြော မဖြစ်တဲ့ အချိန် ကျ မှ မင်း သိအောင် ပြောတာ လို့ လည်း ပြော သေးတယ် ။

စတုတ္ထနှစ် အစပိုင်း လောက် ကတည်း က လို့ အမေ က ပြောပြ တယ် ။ သူဌေးဦးဝင်း က ရန်ကုန် မှာ လည်း တိုက် တစ်လုံး ထပ် ဝယ်ထား တယ် တဲ့ ။ ဒါလည်း အမေ ပြော ပြလို့ပဲ သိရတာ ။ နွယ်လေးခင် ကို တော့ ကျွန်တော် က သိသိ ချင်း ပဲ ပြော ပြဖြစ်တယ် ။

“ ကိုကို ကံကောင်းတယ်ကွာ ”

လို့ သူ့ ထုံးစံအတိုင်း ပွင့်ပွင့် လင်းလင်း သုံးသပ်ခဲ့တယ် ။

“ အောင်စာရင်း ထွက်ပြီးရင် ရန်ကုန် ကို ဆင်းလာပါဦးလား ခင်လေး ”

ကျွန်တော် က သူ့ ကို မျှော် ဖြစ်အောင် မျှော် လိုက်သေးတာ ။

“ သိပ်တော့ မျှော်မနေနဲ့ဦး ကိုကို ၊ အင်း .. ခင်လေး လာဖြစ် မယ် မထင်ပါဘူး ကိုကို ရာ ”

“ ကိုယ် လည်း အမြန်ဆုံး ကျောင်း ပြီးချင်ပါပြီ ၊ သူများတွေ လို ပေါ့ပါးချင်လို့ ”

ကျွန်တော့် စကား ကို ကြားတော့ သူ က ပြုံးစစ နဲ့ လုပ်လိုက်သေး တာ ။ ခါတိုင်းလို တော့ ပေါ့ပေါ့ပါးပါး အပြုံး မဟုတ်ဘူး လို့ ထင်တာပဲ ။

“ ပေါ့ပါးပြီ လို့ ကိုကို က ထင်လို့လား ၊ ခုမှ ပို လေးတော့မှာ ကိုကို ရဲ့ ”

သူ့ မျက်နှာ ပေါ် မှာ အရင် က လိုတော့ လွတ်လပ်ပေါ့ပါးမှု အရိပ်အယောင် တွေ မရှိတော့ သလိုပါပဲ ။ ငါးပိချက်မ ဆိုတဲ့ ကောင်မလေး တစ်ယောက် အမည် နဲ့ မလိုက်အောင် လေးနက် တည်ငြိမ်နေ လိုက်တာ ။

“ ခင်လေး ပြန် ရောက်တာနဲ့ အမေ့ ကို နားခိုင်းပြီး ဆေး ကုရဦး မယ် ၊ အမေ့ အထည်ဆိုင်လေး ကို ခင်လေး ကိုယ်တိုင် ပဲ ရောင်းမယ် ကိုကို ၊ ဆိုင် ကို ပြန် ဦးစီး မှ ဖြစ်တော့မယ် ။ အငယ် နှစ်ကောင် ကျောင်း စရိတ် က ခင်လေး တာဝန် ဖြစ်သွားပြီ ”

“ အင်း ... ဟုတ်ပါတယ်ကွာ ”

ကျွန်တော့် အမေ က ပြော ပြထားလို့

“ နွယ်လေးခင် တို့ အမေ က ကျန်းမာရေး မကောင်းရှာဘူး ကွယ် ” 

ဆိုတဲ့ စကား ကို သိ ထားခဲ့တာကြာ
ပြီ ။

“ ဖိုက်တင်းပါ ချစ်သူ ”

သူ့ ခေါင်း ပေါ် ကို ထုံးစံ အတိုင်း ကျွန်တော့် လက် ကို တင် လိုက် ပြီး နှစ်သိမ့်အားပေး မိပြန်တော့ အရင်လို နောက်တီး နောက်တောက် စကား ကို သူ မသုံးတော့ ။ 

“ ဟုတ် ကိုကို ”

လို့ ဒီ တစ်ခွန်းပဲ သူ ပြန်ပြောပြီး မျက်နှာ ကို ကျွန်တော် မမြင် အောင် တစ်ဘက် ကို လွှဲ ပစ် လိုက်တာရော ။ ပြီးတော့ သူ မျက်ရည် ဝဲ နေမှန်း ရော ကျွန်တော် သိတာပေါ့ ။ ကျွန်တော် လည်း ရထား ထွက်ဖို့ အချိန် နီးနေပြီ ဖြစ်လို့ အချက်ပေး နေတဲ့ အသံ ကို ကြား နေရပြီဗျာ ။ ဒါ ဟာ ကျွန်တော် နဲ့ ချစ်သူ ကို ခွဲခွာဖို့ အချက် ပေးတဲ့ အသံ ပါ ။

ကျွန်တော့် ရဲ့ လက်ဖဝါး အစုံ ကို သူ့ လက်ဖဝါး လေး နှစ်ဘက် နဲ့ လာ ထိပြီး နှုတ်ဆက် တဲ့ အပြုအမူ တစ်ခု ကို လုပ်တော့ သူ့ ရဲ့ လက်ဖျား လေးတွေ က အေးစက် လို့ ပါလား ။ ပြီးတော့ ပြော သေးတယ် ။

“ ကိုကို ခင်လေး တို့ ကျောင်းဘက် ကို လာနေရတဲ့ အချိန် တစ်ခု အတွက် တော့ စာတွေ ပို ကျက် နိုင်တော့မှာ ပါ ”

ငိုမဲ့မဲ့ ဖြစ်နေတဲ့ မျက်နှာလေး ကို စ ချင်သလိုတောင် ဖြစ်သွား တယ်ဗျာ ။ ဒါနဲ့ပဲ

“ နောက်ထပ် ရည်းစား အသစ် တစ်ယောက် ထပ် ထားဖြစ်ရင် ကော ... ” 

“ အကျင့်ပုတ်ကြီး ”

သူ စိတ် ဆိုးရင် ကျွန်တော့် ကို ခေါ်နေကြ အတိုင်း ခေါ်ရင်း ရထားတွဲ ပေါ်  တက် သွားလေပြီ ။ ငါးပိချက်မ ထိုး ခဲ့တဲ့ မျက်စောင်းကြီး က ချစ်စရာ ။ ဒါမှ နွယ်လေးခင် အစစ် ရဲ့ မျက်နှာ ။

     •••••   •••••   •••••   •••••
    
အခန်း ( ၅ )

သူ့ အိမ် ကို ပြန် သွားပြီး ကတည်း က တစ်ခါမှ ဖုန်းမဆက် ဘာ မဆက် နဲ့ ငါးပိချက် တစ်ယောက် နေမှ ကောင်းရဲ့လား ဆိုတာ သိချင် မိ ပြန်ရော ။ သူ ရေးပေးခဲ့တဲ့ ဖုန်းနံပါတ် တစ်ခု ကို ဆက် ကြည့်တော့ သူတို့ အထည်ဆိုင် ဘေး က စခသ အများသုံး တယ်လီဖုန်း ဖြစ်နေတယ် ။ ခဏ ကြာတော့မှ သူ ဖုန်း လာ ကိုင်တယ် ။

“ ဟဲလို ”

“ ဘာ ခုမှ ဟယ်လို လဲ ။ ပြန် ရောက်တာ ဖုန်း တစ်ခါတောင် မဆက်ဘူး ။ နေ ကောင်းရဲ့ လား ၊ အဆင်ကော ပြေရဲ့လား ၊ ကျွန်တော်မျိုး ကြီး က စိတ် ပူလို့ပါ ခင်ဗျား ”

“ ပြေပါတယ် ကိုကို ၊ အမေ့ အထည်ဆိုင် က ခင်လေး ထင်သလို သေးသေးလေး မဟုတ်ဘူး ကိုကို ရဲ့ ၊ အမေ ကဆိုင် ထဲ ကို ပစ္စည်းတွေ အတော် ရင်းနှီး ထားတာပဲ ။ ဆိုင် ကို မြင် လိုက်ရတော့ ခင်လေး ဈေး ရောင်းဖို့ အားတွေ ရှိသွားမိတယ် ။ အစပိုင်း တစ်ရက် နှစ်ရက် တုန်း က
တော့ ဈေး ရောင်းရမှာ ရှက် နေသလိုကြီး နောက်တော့ ပိုက်ဆံတွေ ရ လာတာ မြင်ရတော့ ခင်လေး ပျော် လာတယ် ။ ကိုကို ရော နေကောင်းရဲ့ လား ”

“ နေတော့ ကောင်းပါတယ် ” 

“ ဘာက မကောင်းလို့လဲ ” 

“ အဆောင် က နေ အပြင် ကို ပြောင်း နေပေးရမယ် တဲ့ ” 

“ ဟင် ...  ဘယ်ကိုလဲ ကိုကို ” 

သူ စိတ်ပူပန် သွားသည့် အသံမှန်း က အထင်အရှား ။

“ ကို တို့ မြို့ က သူဌေးဦးဝင်း လေကွာ ၊ တို့ ကို ကျောင်း ထားပေး
တဲ့ သူဌေး လေ ၊ ရန်ကုန် မှာ တိုက် တစ်လုံး ဝယ် ထားတယ် လို့ ကို တစ်ခါ က ပြော ဖူးတာ မှတ်မိသေးလား ”

“ အင်း ...  မှတ်မိတယ် ကိုကို ”

“ အဲဒီ တိုက် မှာ ...  ကို ပြောင်း နေပြီး ကျောင်း တက်ရမှာ ၊ ကို ကျောင်း တက် ဖို့ အဆင်ပြေ အောင် ကား ရော ဒရိုင်ဘာ ရော အဆင့် သင့် လုပ်ထားပြီး မှ ဦးဝင်း က အသိပေးတာ ခင်လေး ရဲ့ ”

“ ဟား ... ကိုကို က ကံကောင်း လိုက်တာ သူဌေးဦးဝင်း ကို တော့ ဒီ မြို့ မှာ ရှိနေတာ တွေ့ရတယ် ကိုကို ရဲ့ ။ သူ က ရန်ကုန် မှာ အမြဲ မနေ လောက်ဘူး ထင်တယ်နော် ကိုကို ”

“ သုံးလေးလ မှ တစ်ကြိမ် လာ တတ်တယ်တဲ့ ခင်လေး ရဲ့ ”

“ တော်သေးတာပေါ့ ကိုကို ရယ် ၊ ခင်လေး ကို အမေ က ပြောပြ တယ် ၊ ကိုကို့ ရဲ့ အမေ က ကိုကို့ ကို ဆရာဝန် ဖြစ်တဲ့ အထိ ကျောင်း ဆက် မထားနိုင်မှာ အရမ်း စိုးရိမ်နေတာ တဲ့ ။ ဟိုတစ်နေ့ က အမေ့ ဆီ ကို ကြီးကြီး လာ သေးတယ် တဲ့  ။အမေ့ ကျန်းမာရေး အခြေအနေ ကို လာ မေး တာလေ ကိုကို ”

သူ့ အမေ ကျန်းမာရေး ဆို မှ သတိ ရ သွားမိတယ် ။ ခင်လေး သိ ရင် စိတ်မကောင်း ဖြစ်မှာ ။ ဒေါ်လေး ၏ နှလုံးရောဂါ အခြေအနေ ကို ကျွန်တော် သိနေပေမယ့် သူ့ ကို မပြောရက်သေး ။ အမေ က ခင်လေး မသိ သေးဘူး လို့တော့ ပြောဖူးတယ် ။ ဒေါ်လေး ရဲ့ နှလုံး က အဆို့ရှင် ကျယ်နေ တာ တဲ့ ။ အမေ က ပြော ပြတော့ ကျွန်တော် စိတ် ပူမိတယ် ။

“ ဟုတ်ပါရဲ့ ဒေါ်လေး အခြေအနေ ရော သက်သာ ရဲ့ လား ”

ကျွန်တော့် အမေ ကို သူ က ကြီးကြီး လို့ ခေါ်  သလို ၊ သူ့ အမေ ကို ကျွန်တော် က ဒေါ်လေး လို့ ငယ်စဉ် က အတိုင်း ပဲ ခေါ် ခဲ့ကြတာဗျ ။

“ သက်သာပါတယ် ကိုကို ၊ နှလုံးသမား ဆိုတော့ သက်သောင့် သက်သာ ပဲ နေရင် အဆင် ပြေမှာပါ ။ အမေ့ ကို အခု အိမ် မှာ ပဲ နေခိုင်းပြီး အထည်ဆိုင် ကို ခင်လေး ပဲ ထွက် ရောင်းနေတာ ။ အဆင် ပြေတယ် ကိုကို ရေ ။ စာရင်း နဲ့ အင်း နဲ့ လုပ် ရတော့မယ် ။ ပိုက်ဆံ ရှာနေနိုင်ပြီ ဆိုတော့ အရင် လောက် တော့ စိတ် မပူတော့ပါဘူး ကိုကို ရေ ”

သူ ကျောင်း ပြီး လို့ ပြန်လာတဲ့ အချိန်က သူ့ အမေ ရဲ့ အထည်ဆိုင် ကို အထည် အသစ် တွေ အများကြီး ထပ် ဖြည့်ထားတဲ့ ကိစ္စ ကို တော့ အမေ ပြော ပြ ထားလို့ ကျွန်တော် သိ နေပေမယ့် သူ့ ကို မပြောပြတော့ဘူး ။ သူ သိ မှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ် ။

“ ဒါမှ ငါပိချက်မ အစစ်ကွ ” 

“ စီးပွားရေးလုပ်ငန်းရှင် လို့ တော့ ပြောလိုက်တော့ ကိုကို ရာ ”

“ အေးပါ ...  အေးပါ ၊ အော် .. ကို ဖုန်းဆက်တဲ့ အဓိက အကြောင်းရင်း ကို ပြောဖို့ ကျန် သေးတယ် ။ မနက်ဖြန် အမေ ရန်ကုန် လာ မယ် ။ ကိုကို အိမ် ပြောင်းပေးဖို့ လာ စီစဉ်မှာလေ ။ အန်ကယ်ဦးဝင်း က အလုပ် မအားလို့ ရန်ကုန် မလာဖြစ်သေးဘူး တဲ့ ”

“ ဟုတ်မယ် ကိုကို မနေ့က မနက်ခင်း ခင်လေး ဈေး ထွက်နေ တုန်း က အမေ့ ဆီ ကို လူမမာ လာ မေးတယ် တဲ့ ၊ ဆေးဘိုးဝါးခ လို ရင်လည်း အားမနာ နဲ့ တစ်မြို့တည်းသားချင်းတွေ ပဲ ကူညီမယ် အဆင်သင့်ပဲ လို့ ပြော သွားသတဲ့ ကိုကို ရေ .. အတော် ချမ်းသာပြီး စိတ်ကောင်း လည်း ရှိ
တယ် နော် ”

ဦးလေးဝင်း နဲ့ သူ နဲ့ တရင်းတနှီး မရှိသေးဘူး လို့ ကျွန်တော် ရိပ် မိပါတယ် ။

“ သူ့ လုပ်ငန်းတွေ က အတော် အောင်မြင်နေတာ ခင်လေး ရဲ့ ။
သူ့ ဇနီး ဆုံးပြီးတဲ့ နောက်ပိုင်း သူ့ သားသမီးတွေ လည်း အကုန်လုံး နိုင်ငံခြား မှာ ပဲ ကျောင်း တက်ကြ ၊ အလုပ် လုပ် နေကြတာတဲ့ ”

“ အမေ လည်း ပြောဖူးတယ် ၊ ခင်လေး တော့ သူ ခင်လေး တို့ အိမ် လာတိုင်း မဆုံဖြစ်သေးတော့ မရင်းနှီးဘူး ”

“ ဟုတ်လား .. သဘော ကောင်း တဲ့ လူကြီး တစ်ယောက် ပါ ”

“ ကိုကို ရေ .. ဈေး ဝယ်သူတွေ လာ နေပြီ နောက် မှ ဆက်တော့ မယ် ...  တာတော့နော် ”

ပြောပြောဆိုဆို နဲ့ ဖုန်းခွက် ကို ခွပ်ကနဲ မြည်အောင် ချ သွားပေ

     •••••   •••••   •••••   •••••

အခန်း ( ၆ )

ကျွန်တော့် ရဲ့ ကျောင်း က စာမေးပွဲတွေ ဆက်တိုက် ဖြစ်နေတဲ့ အချိန် မှာ ကျွန်တော့် အတွက် အစစအရာရာ လိုအပ်ချက် မရှိအောင် လုပ် ပေးကြဖို့ ထမင်းချက်ဒေါ်ကြီး နှင့် ဒရိုင်ဘာဦးလေးကြီး ကို သူဌေး က မှာထားတဲ့ အကြောင်း သိရတယ် ။ ကျေးဇူးပါ ဗျာ ။ မနေ့ ည က ဆိုရင် အန်ကယ်ဦးဝင်း ကိုယ်တိုင် ဖုန်း ဆက်သေးတာ ။

“ လူလေး ကိုကိုအောင် ၊ မင်း စာမေးပွဲ ဖြေ နေတဲ့ ရက်တွေ အဆင်ရော ပြေရဲ့လား ” တဲ့ ။ 

“ ဟုတ်ကဲ့ ပြေပါတယ် ခင်ဗျာ ၊ ဦး ရဲ့ ကျေးဇူးတွေ ကြောင့် ” 

ကျွန်တော့် စကား ကို ပြီးအောင်ပြောခွင့် မပေးဘူး ။

“ ကိစ္စမရှိဘူး ငါ့တူ ဦးလေး လည်း ပညာပါရမီ ကုသိုလ် ရတာ ပေါ့ ။ ကျေးဇူးစကားတွေ နောက် မပြောနဲ့ ကွာ ။ မင်း သာ ဆရာဝန် မဖြစ် ဖြစ်အောင် လုပ်ပါ ။ တို့ မြို့လေး က ဆရာဝန် ပေါ်ပေါက်လာတယ် ဆိုတဲ့ ဂုဏ် ကို ယူချင်လွန်းလို့ပါ ကွာ ။ ငွေ ရှိတိုင်း ဆရာဝန် ဖြစ်အောင် လုပ်နိုင် တာ မဟုတ်ဘူး လူလေး ရဲ့ ”

ကျွန်တော် ပြောချင်တဲ့ စကား ၊ မေးချင်တဲ့ အကြောင်းများ မေးခွင့် မရ ။

“ မင်း စာကျက် ပျက်မယ် လူလေး ရာ ၊ လေးလေး ဖုန်း ချ လိုက်ပြီ ”

လို့ စကား အဆုံးသတ် ကာ ဖုန်း ချသွားရော ဗျာ ။ သိချင် နေတဲ့ အကြောင်းအရာ များစွာ ကို မေးခွင့် မရပြန်ဘူး ။ စာမေးပွဲ မတိုင်ခင် ကတည်း က ငါးပိချက်မလေး နဲ့ ကျွန်တော် ဖုန်း အဆက်အသွယ် မရဘူး ။ သူ့ အမေ ရောဂါ လည်း ပြန် ဖောက်တယ် ဆိုလား ကြား မိလိုက်သလိုပဲ ။ စာ ပြီးရင်း စာ ဖြစ်နေရတဲ့ အချိန် မို့ မတတ်သာခဲ့ပြန်ဘူး ။ 

ကျောင်း ပြီးခါနီးလေလေ နေ့ရက်တွေ က ပို ခြောက်သွေ့ လေ လေပါပဲ ။ ဘာတွေမှန်းတော့ မသိဘူး ။ ကျွန်တော့် ကို တခြား ကမ္ဘာ့တစ်ခု ကို ပို့ ထားသလို မျိုးကြီး ခံစား နေရတယ်ဗျာ ။ ဒီ စာမေးပွဲ ရက်တွေ က ပဲ ရှည်ကြာ လွန်းတာကြီးကြောင့် များ လား ။

     •••••   •••••   •••••   •••••
    
အခန်း ( ၇ )

ငွေ ဆိုတဲ့ အရာ က ကျွန်တော့် ကို ဆရာဝန် တစ်ယောက် ဖြစ်စေ ခဲ့တယ် ။ ငွေ ဆိုတဲ့ အရာက နွယ်လေးခင် အမေ ရဲ့ နှလုံးရောဂါကြီး ကို အသက် ဆက် ရှင်ဖို့ အခွင့်အရေး ပေးခဲ့တယ် ။ ငွေ ဆိုတဲ့ အရာက မပြည့် စုံတဲ့ မိခင် မုဆိုးမ နှစ်ယောက် ရဲ့ မိသားစု ဘဝ လိုအပ်ချက်တွေ ကွက်လပ်တွေ စားဝတ်နေရေးတွေ ကို ပြေလည် စေခဲ့တယ် ။

ဒါပေမဲ့ အဲ့ဒီ ငွေ ဆိုတဲ့ အရာကြီး နဲ့ ကျွန်တော် ချစ်ရတဲ့ ချစ်သူ နွယ်လေးခင် ကို အန်ကယ်ဦးဝင်း သိမ်းပိုက်ခဲ့တာ လေ ။ ဘယ်သူ ငြင်း မှာလဲ ။ သူ က ဘယ်တော့မှ ကျွန်တော့် ကို ခွင့်မလွှတ်ဘူး ဆိုရင်တောင် သူ့ ကို ကျွန်တော် နားလည် နိုင်ပါတယ် ။ ကျွန်တော် ဆရာဝန် ဖြစ်ဖို့ အတွက် ၊ သူ့ အမေ အသက် ဆက် ရှင်နိုင်ဖို့ အတွက် ၊ သူ ရဲ့ မောင်လေး နဲ့ ညီမလေး ကို ပညာရေး အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ ။ သူ ပေး
ဆပ် လိုက်ရတာ နဲ့ တန်အောင် သူ့ ဘဝ တစ်လျှောက်လုံး ပြည့်စုံတော့မှာ ပါ ။ ပြီးတော့သူ ဝါသနာ ပါ တဲ့ အနုပညာပစ္စည်းတွေ ကို လည်း လို လေသေးမရှိ ဖြည့်ဆည်း ပေးမှာပါ ။

သူ ဟာ ကျွန်တော့် အတွက် အသန့်ရှင်းဆုံး အစွန်းအထင်း မဲ့ တဲ့ ချစ်သူ တစ်ယောက် ဖြစ် ခဲ့တာပါ ။ သူ့ ဆီ မှာ လည်း ကျွန်တော့် လို ပဲ ထပ်တူမျှ တဲ့ ခံစားချက်တွေ ရှိနေမယ် ဆိုတာ အကြွင်းမဲ့ ယုံကြည်တယ် ။ သူ နဲ့ ကျွန်တော့် ကြား မှာ ဆက်ပြီး ရှင်သန် နိုင်တဲ့ အချစ် တစ်ခု တော့ မွေး ဖွား ဖြစ်လိမ့်မယ် ။ အဲ့ဒီ အချစ် က တစ်အူတုံ ဆင်း မောင်နှစ်မ အရင်း လို အပြစ် ကင်းသန့် တဲ့ ချစ်ခြင်းရနံ့ နဲ့ ပါ ဗျာ ။

◾ခင်လေး ( ပြည်ထောင်စုနယ်မြေ )

📖 နှလုံးသားဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Monday, August 29, 2022

တစ်မူခြားခြင်း


 

◾တစ်မူခြားခြင်း

လူတိုင်း တွင် တစ်မူ ခြား ချင်သော ဗီဇစိတ်ဓာတ် ရှိ ပေသည် ။ လူတိုင်း ထဲ က လူတိုင်း မဖြစ် လို ။ မိမိ က တစ်နည်း နည်း တစ်ဖက် ဖက် တွင် သာလွန် လို ကြသည် ။ သို့ရာတွင် ထို ထူးခြားမှု သည် တကယ် ပြောင်မြောက် ထူးခြား၍ အများ ကို အကျိုး ပြုနိုင်ခြင်း နှင့်လည်း ယှဉ် ရပေမည် ။ တစ်မူ ခြား ရုံ မျှ သက်သက် တန်ဖိုး မရှိပေ ။ လူငယ် တစ်ယောက် က နာမည် ကို သူများ နှင့် မတူအောင် “ မဟာအဝီစိ ” ဟူ၍ မှည့်ခေါ်သည် ။ ထူးကား ထူး၏ ။ သို့သော် လူများ က သူ့ ကို ရူး နေပြီ ဟု ထင် သွားကြ၏ ။ သူ့ ထက် ထူး ချင်၍ နဖူး တွင် ဦးချို တပ် နေလျှင် လူ စင်စစ် က တိရစ္ဆာန် ရုပ် ပေါက် နေပေမည် ။ လူတကာ က ခြေထောက် နှင့် လမ်း လျှောက်သည် ကို မိမိ က ကင်းမြီးကောက် ထောင် ၍ လက် နှင့် လျှောက်မည် ဆိုသော် ခရီး ဘယ်လောက် ဝေးဝေး ဘယ်နှစ်ရက် လျှောက် နိုင်မည်နည်း ။ ထူးသည် ကို လက်သင့် ခံ နိုင်သော်လည်း ရူး သွားသည် အထိ တစ်မူ မခြားသင့်ပေ ။

◾လှသမိန်

📖 ကြီးပွါးအောင်မြင်လိုသူတိုင်းအတွက် သိမှတ်စရာများ ( ၃ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

ငှက်ကလေး ( ၉ )


 

အပိုင်း ( ၉ )

ကျောင်း မှာ ပဲ အေးသည် ။ ကျောင်း တက်နေသော အချိန် တွင် စာ ထဲ မှာပဲ စိတ်ဝင်စားပြီး နေလို့ ရသည် ။ ကမ္ဘာ့သမိုင်း ၊ မြန်မာ့သမိုင်း တွေ အကြောင်း သင် ရသောအခါ ဟိုးရှေးခေတ် က အကြောင်းတွေ မှာ ပုံပြင် လိုပင် နားထောင် လို့ ကောင်းသည် ။ ပထဝီ မှာ မြေပုံ တွေ ဆွဲ ရသည် ။ ရာသီဥတု အကြောင်းတွေ သင် ရသည် ။ သိပ္ပံ ဆိုလျှင်လည်း သိပ် စိတ်ဝင်စားဖို့ ကောင်းသည် ။ သင်္ချာတစ် နှင့် နှစ် အချိန်များ တွင် ပုစ္ဆာတွေ ကို ဘယ်သူ အရင် ပြီးမလဲလို့ ပြိုင် တွက်ရတာ ပျော်စရာပဲ ။ မြန်မာစာ အချိန် မှာ တော့ ကိုယ် အပျော်ဆုံး ပင် ။ ကိုယ်တို့ တီချာမေ က မြန်မာစာ သင်တာ မဟုတ်လား ။ ပြီးတော့ အင်္ဂလိပ်စာ ကို ကိုယ် အစ ကတည်း က ကြိုးစား ပြီးသား ။ ခုအခါ ကျတော့ ပိုပြီး ကြိုးစားသည် ။ အင်္ဂလိပ်စာ တတ်မှ ကိုယ် သိချင်တာတွေ ကို ပိုပြီး သိခွင့် ရမည် ထင်သည် ။ ဦးလေးမောင်မောင်ကြီး တို့ ၊ အန်တီလူး တို့ သည် ကိုယ် မသိစေချင်သော စကားမျိုးတွေ ကို အင်္ဂလိပ် လို ပြောတတ် ကြပါသည် မဟုတ်လား ။

ကျောင်း မတက်ခင်အချိန် နှင့် မုန့်စားကျောင်းဆင်းချိန် ဆိုလျှင် သူငယ်ချင်းတွေ နှင့် တွေ့ရသည် ။ စကားဝိုင်း ပြော ချင် ပြော ၊ ကစား ချင် ကစား ။ ခု နောက်ပိုင်းတွေ မှာတော့ သိပ် မကစားကြတော့ ။ တစ်ခါတလေ ချိန်းပွဲ ရှိမှပင် ဘောလုံး ကန်ကြသည် ။ ကိုယ်တို့ အဖွဲ့ ထဲမှာ မိန်းကလေး တွေ ပါ ပါ နေသောကြောင့် သိပ် မကစားဖြစ်ကြခြင်း ဖြစ်မည် ။ အမြဲလိုလို မှာ စိန်ပန်းပင်ကြီး အောက်မှာ စု ၍ စကား ပြောကြခြင်း ဖြစ်သည် ။

ကိုယ်တို့ အဖွဲ့ က လည်း သိပ် ညီညွတ်သည် ။ အုပ်စု တောင့်သောကြောင့် တခြား ကောင်တွေ က လာ မစ ရဲချေ ။ အုန်းသီး တို့ ၊ ဖရက်ဒီ တို့ ပင် ကိုယ်တို့ ကို ဖြုံ နေကြသည် ။ ကိုယ်တို့ ကလည်း သူများ ကို အလကား သက်သက် သွား မကြောပါ ။

ကိုယ်တို့ ထဲမှာ တစ်ယောက် ကို ပုံစံ တစ်မျိုး စီ ရှိကြသည် ။ ဇော်ဝင်း သည် ပျော့စိစိကလေး ။ စကား ပြောလျှင်လည်း ညောင်နာနာ နှင့် ။ ဂျွန်ဆင် က စကား ပြောလျှင် ဗလုံးဗထွေး နှင့် ရိုးလည်း သိပ် ရိုးသည် ။ အ,လည်း အ သည် ။ တင်အောင်ခိုင် ကတော့ ကိုယ်တို့ထဲ မှာ “ ငလောင် ” ပဲ ။ ကိုယ် ကတော့ ဘယ်လိုနေလဲ ကိုယ့် ဘာသာ မသိ ။ တစ်မျိုး ပဲ ။ တစ်ခါတလေ တစ်ယောက် တည်း အေးအေးဆေးဆေး နေ ချင်သည် ။ တစ်ခါတလေ သူငယ်ချင်းတွေ နှင့် ပျော်ပျော်ပါးပါး နေ ချင်သည် ။

မိန်းကလေးတွေ ထဲ မှာ ဆိုလျှင် မီးမီး က သိပ် စွာသည် ။ ကစ်တီ က ခပ်တုံးတုံး ၊ ခပ်အအ ၊ သဘောလည်း ကောင်းသည် ။ မိခိုင် ကို တော့ ကိုယ် ဘယ်လို ပြောရမှန်း မသိ ။ တစ်ခါတလေ စိတ် ကောက်တတ်သည် ။ တစ်ခါတလေ တော့ လည်း သဘော ကောင်းသည် ။ သူ လည်း ကိုယ့် လို ပဲလား မသိ ။ ဘာပဲဖြစ်ဖြစ် သူ နှင့် ကိုယ် ပေါင်းလို့ ရတာတော့ အမှန်ပင် ။ ကိုယ် သည် ယောက်ျားလေးတွေ ထဲ မှာ တင်အောင်ခိုင် ကို အခင်ဆုံး ဖြစ်၍ မိန်းကလေးတွေ ထဲ မှာ မိခိုင် ကို အခင် ဆုံး ဖြစ်ပါသည် ။ သူငယ်ချင်းတွေ အားလုံး နှင့် ဆုံ၍ စကား ပြောကြရသော အခါတွင် ပျော်ရွှင်ရသည်တော့ အမှန်ပါ ။

သည်နေ့လည်း စိန်ပန်းပင်ကြီး အောက် မှာ ကိုယ်တို့ စု ထိုင်နေကြသည် ။ ခု ပြနေသော အင်္ဂလိပ်စစ်ကား အကြောင်း ပြော ကြသည် ။ ပြော နေတုန်း မှာပင် မီးမီး က ဖြတ်၍ ဖောက် လာသည် ။ သူ က မိခိုင် ကို မေးခြင်း ဖြစ်သည် ။

“ သူ တို့ လယ်တေး ယယ်တောက် ထဲ မှာ ဘယ်သူ အချယ်တောဆုံး လဲ ဟေ့ ”

“ ဘယ်သိမလဲ ဟ ”

“ နင့် စယ်တိတ် ထဲ မှာတော့ ညယ်တီ မဟုတ်လား ”

မိခိုင် က မီးမီး ပေါင် ကို ဆွဲ ဆိတ်သည် ။ သူတို့ သည် စကားလိမ် ဖြင့် ပြော နေကြခြင်း ဖြစ်သည် ။ သူတို့ ဘာ ပြောကြသည်ကို ကိုယ် သိ သလိုလို ရှိပါသည် ။ ဘာလို့ဆို အန်တီလူး သည် မေမေ့ ကို ခုလို ပင် စကားလိမ် ဖြင့် ခဏခဏ ပြော တတ်သောကြောင့် နည်းနည်းပါးပါးတော့ ကိုယ် လည်း နားလည်နေပြီ ။ ကိုယ်တို့ ယောက်ျားလေးတွေ ထဲ မှာ ဘယ်သူ အချောဆုံးလဲ ဟု မီးမီး က မေးခြင်း ဖြစ်သည် ။ မိခိုင် က မသိဘူး ဆိုတော့ မီးမီး က ညီညီ က အချောဆုံး လို့ နင် ထင်တယ် မဟုတ်လား ဟု မေးတာ ဖြစ်နိုင်သည် ။ ဟိုကောင်တွေ က နားလည်သလား ၊ မလည်သလား မသိ ။ တင်အောင်ခိုင် က ဝင်ပြောသည် ။

“ နင် တို့ က စကားလိမ်တွေ ဘာတွေ နဲ့ ပြော တာပေါ့လေ ၊ ဒါဆို ငါ လည်း ပြောမယ် ၊ အန်တရိတ်စီး ၊ မန်ကိုပျိုး ၊ နူသံတေတေး ၊ အမေ့ပါးတဲ့ အဲဒါ ဘာလဲ ”

“ ဘယ် သိမလဲဟ ”

မိခိုင် က ပြောသည် ။ ကစ်တီ က လည်း မသိ ။ မီးမီး က ခဏ စဉ်းစားပြီး မှ “ နင့် ဟာ က အဓိပ္ပာယ် မရှိဘူး ”  ဟု ဆို၏ ။

“ ဟား ရှိတာပေါ့ဟ ၊ ဒီမှာ အီးတိရစ္ဆာန် ၊ မိုးကိုပျံ ၊ နံသူ တေတေး ၊ အစ်မပေး တဲ့ ၊ ဂျွန်ဆင် မင်း နံလား ”

“ အီးပေါက်ရင်တော့ နံမှာပေါ့ကွ ”

“ အေး .. နံရင် အစ်မပေး ၊ ဟား ဟား ”

ဂျွန်ဆင် က “ ငါ့ မှာ အစ်မ မရှိဘူး ” ဟု ပြောသည် ။ ပြီးတော့ သူ စဉ်းစားနေသည် ။

“ နေဦးဟ ၊ ငါ နင့် ကို တစ်ခုမေးမယ် ၊ ဟို ဥစ္စာဟာ ၊ ဒီ မှာ မီးမီး ၊ နင် ဖြေ နော် ၊ မြွေ နဲ့ ဖား နဲ့ ဘယ်ဟာ က ... ”

“ ဟေ့ကောင် ... အဲဒါ မဟုတ်ဘူး ကွ ” 

ဟု တင်အောင်ခိုင် က မြန်မြန် ဝင် ပြော လိုက်ရသည် ။ ဂျွန်ဆင် က

“ အေးကွာ .. ငါ မှား သွားလို့ ”

“ နေဦး နေဦး ၊ ငါ မေးမယ် ကစ်တီ ဖြေ ဟာ ”

ကစ်တီ က “ ခက်တာတွေတော့ မမေးနဲ့ ”  ဟု ပြောသည် ။ တင်အောင်ခိုင် က

“ အေးပါ ”

ဆိုပြီး ...

“ လွယ်လွယ်လေး ရယ် ၊ ရှဉ့် နဲ့ မြွေ နဲ့ ဘယ်သူ့ ကို ချစ်သလဲ ၊ အဲဒါ ဖြေ ”

မီးမီး က ဝင်တားမည် ကြံ သော်လည်း မရလိုက် ။ ကစ်တီ က ဖြေ လိုက်မိသည် ။

“ ရှဉ့် ကို ချစ်တာပေါ့ ဟ ”

“ ဘာပြောတယ် ၊ ရှင့် ကို ချစ်တယ် ဟုတ်လား ၊ ငါ့ ကို ဟုတ်လား ၊ ဟား ... ဟား ... ဟား .. ဟား .. ”

ခုမှ ကစ်တီ က သဘော ပေါက်သွားပြီ “ တင်အောင်ခိုင် နင် ယုတ်တယ် ၊ နင် ယုတ်တယ် ” ဆိုပြီး တင်အောင်ခိုင့် ကျောကုန်း ကို ထု နေသည် ။ ကိုယ်တို့ အားလုံး ဝိုင်း ရယ်ကြသည် ။ ကစ်တီ သည် ရှက် လည်း ရှက် ၊ ဒေါသ လည်း ဖြစ် လာသောကြောင့် ငိုမဲ့မဲ့ ဖြစ်နေသည် ။ ထိုအခါကျမှ ကိုယ်တို့ အရယ် ရပ်လိုက်ကြသည် ။

“ ကစ်တီ ကလည်း ဟာ စ တာပဲဟာ ” ဟု ဇော်ဝင်း က ဝင်ပြော၏ ။

“ ဟုတ်ပါဘူး ဟာ ၊ အဲဒီ တင်အောင်ခိုင် က ဘာမှန်းလဲ မသိဘူး ၊ မျက်နှာ ရူး ၊ ရုပ် ကို က ကာတွန်း ထဲ က မျောက်ညို ကျနေတာပဲ ၊ စပ်ဖြဲဖြဲ နဲ့ ”

“ အေး ဟုတ်တယ်ဟေ့ ၊ ခုမှ သေသေချာချာ ကြည့်မိတယ် ။ တင်အောင်ခိုင် က မျောက်ညို နဲ့ တူတယ် ”

“ မျောက်ညို ၊ မျောက်စုတ် ၊ မျောက်နာ ”

မီးမီး နှင့် မိခိုင် တို့က တင်အောင်ခိုင် ကို ပြန် လောင်သည် ။

တင်အောင်ခိုင် ကတော့ တော်တော့် ကို အရှက် မရှိတဲ့ ကောင် ။ သူ က အနောက် ခံရလို့ မရှက်တဲ့ အပြင် တကယ့် မျောက် နဲ့ တူအောင် လုပ်ပြီး တခွီးခွီး အော် ပြနေသေးသည် ။ ကိုယ် က လည်း သူတို့ ကို အကြောင် ရိုက်ဖို့ တစ်ခု သွား သတိရမိသဖြင့် ပြောပြလိုက်သည် ။

“ ကိုယ် တစ်ခု ပြောပြမယ်ကွ ၊ တစ်ခါတုန်းက ကွာ ၊ ဝေါ ကို သွားတဲ့ ကားတစ်စင်း ပေါ့ ၊ ညဘက်ကြီး ကွ ၊ မိုးတွေ က လည်း အရမ်း ရွာနေတာတဲ့ ၊ ကားမီးထိုးထားတာတောင် လမ်းကို ကောင်းကောင်း မမြင်ရဘူး ၊ အရေးလည်း ကြီးတော့ ကား ကို မြန်မြန် မောင်းရတာပေါ့ ၊ အဲဒါ တစ်နေရာလည်း ရောက်ရော လမ်းပေါ် မှာ အဘိုးကြီး တစ်ယောက် ကုန်းကုန်းကုန်းကုန်း နဲ့ ဖြတ်ကူးနေတာ ကို ဘွားခနဲ တွေ့ လိုက်ရတယ်တဲ့ ၊ ရုတ်တရက် ဆိုတော့ ဘရိတ် အုပ်လို့လည်း မရတော့ဘူး ပေါ့ ”

“ ဟယ် ... တိုက်မိရောလား ”

“ ဘာ ပြော ကောင်းမလဲ ဟာ ၊ အရှိန် နဲ့ ဆိုတော့ ဒိုင်းခနဲ တိုက်မိတာ အဘိုးကြီး လည်း မြောက် တက် သွားပြီးမှ ဖုန်းခနဲ ပြန် ကျတယ်တဲ့ ၊ အဲဒါနဲ့ ဒရိုင်ဘာ က လည်း ကား ကို ချက်ချင်း ရပ် ၊ မြန်မြန် ကားပေါ် က ဆင်းပြီး သွား ကြည့်တော့ မရှိတော့ဘူး တဲ့ ”

“ ဟင် ... ဘယ်ရောက်သွားတာလဲ ”

“ သရဲ ခြောက်တာ ထင်တယ် ”

“ မဖြစ်နိုင်ပါဘူးကွာ ”

“ ဖြစ်နိုင်တာပေါ့ကွ ၊ စဉ်းစားကြပါလား ၊ သွားကြည့်တော့ မရှိတော့ပါဘူး ဆိုမှ ”

“ ဟာ မဟုတ်နိုင်ပါဘူးကွာ ”

“ ဟုတ်နိုင်တာပေါ့ဟ ၊ သေသေချာချာ ပြန် တွေးကြည့်လေ ၊ အဘိုးကြီး ပါ ဆိုမှ သွားတွေ ကျိုး ကုန်ပြီပေါ့ကွ ၊ ဘယ် ရှိတော့မလဲ ၊ ဒါကြောင့် ' သွား '  ကြည့်တော့ မရှိတော့ဘူးလို့ ပြောတာ ”

“ အေးဟ ၊ ဟုတ်သားပဲ ”

ကိုယ်တို့ အားလုံး ရယ် နေကြလေသည် ။

ကျောင်း ဆင်းသောအခါ ဗိုက်နာ လာသောကြောင့် အိမ်သာ သို့ ပြေးရသည် ။ အိမ်သာ မှ ပြန်လာပြီး ကျောင်းရှေ့ ပေါက် သို့ သွားမည် ဟု ထွက် လာသည် ။ ဘီတန်း ရှေ့ရောက်သော အခါ မိခိုင် တစ်ယောက် တည်း ရပ် နေ သည် ကို တွေ့ရသည် ။ အတန်း နား မှာ လူတောင် မှ ရှင်း နေပြီ ။

“ မိခိုင် နင် တစ်ယောက်တည်း ဘာ လုပ်နေတာလဲ ”

“ အိမ်ပြန်ဖို့ အဖော် မရှိလို့ ဟ ”

မိခိုင် မျက်နှာ က ငိုမဲ့မဲ့ ဖြစ်နေသည် ။ ကိုယ် မေးသည် ။

“ ကစ်တီ တို့ ၊ မီးမီး တို့ ရော ”

“ မီးမီး ကောင်မစုတ် က ငါ့ ကို မစောင့် ဘဲ ထွက် သွားတယ် ”

“ နင် က ဘာလုပ် နေလို့လဲ ”

“ စာ နည်းနည်း ကူးချင်လို့ ခဏလေး စောင့်ပါ ဆိုတာ ထမင်း ဆာတယ် ဆိုပြီး ထွက်သွားတာ ”

“ ကစ်တီ က ရော ”

“ သူ လည်း ပါ သွားတာပေါ့ ”

“ ဟာ ... ဒါဆိုလည်း တစ်ယောက်တည်း ပြန်ပေါ့ ”

“ ငါ မှ မပြန်ရဲတာ ”

“ ကိုယ် တောင် မှ တစ်ယောက် တည်း ပြန်တာပဲ ”

“ နင် က ယောက်ျားလေး ပဲ ”

“ ဘာဆိုင်လို့လဲ ၊ နင့် ကို ဘယ်သူမှ မဆွဲပါဘူး ဟ ၊ သူ့ ကိုယ် သူ များ အပျိုကြီး ကျ နေတာပဲ ”

မိခိုင် သည် ကိုယ့် ကို ဖျတ်ခနဲ ကြည့် လိုက်သည် ။ သူ့ မျက်လုံးများ တလက်လက် တောက်နေ၏ ။ မျက်ရည် ဝဲ လာသလား မသိ ။

“ နင် .. နင် ... ငါ့ ကို အဲလို ပြောလား ဟင် ”

သူ့ အသံ က ငိုသံ ပါ လာလေသည် ။

“ ဘာပြောလို့လဲ ဟ ”

“ နင် စဉ်းစားကြည့် ပေါ့ ၊ တကယ်ဆိုရင် ငါ တစ်ယောက်တည်း အဖော် မရှိဘူး ဆိုရင် နင်က ငါ လိုက် ပို့မယ်လို့ ပြော ရမှာပေါ့ ”

“ အေး ဟာ .. ဟုတ်သားပဲ ၊ ကိုယ် မေ့ သွားတယ် ၊ ကဲ ... လာ သွားရအောင် ကိုယ် လိုက်ပို့ပါမယ် ”

သူ သည် နှုတ်ခမ်း ကို စူပြီးတော့ မဲ့ လိုက်သည် ။

“ သွားပါ ... ခုမှ လာပြီးတော့ ၊ နေပစေ နင့် ပို့စရာ လည်း မလိုဘူး ။ ငါ့ ဘာသာ သွားမယ် ”

ကိုယ် ရယ်လိုက်သည် ။

“ ကဲ ... ဒီလိုဆိုလည်း သွားလေ ၊ ကိုယ် လည်း သွားတော့မယ် ၊ ထမင်း ဆာလှပြီ ”

ကိုယ် လှည့်ထွက်မည် ပြုသည် ။ သူ က သမံတလင်း ပေါ် သို့ ခြေ ဆောင့်လိုက်တာ ဖတ်ခနဲ တောင် မြည်သွား၏ ။ ကိုယ် လှည့်ကြည့်လိုက်သည် ။

“ ညီညီ နော် ၊ နင် နော် ၊ ဘယ်လို ဖြစ်နေတာလဲ ”

ခြေဆောင့် ရင်း သူ ပြောသည် ။ အသံတွေ လည်း တုန် နေသည် ။ သူ ငိုခါ နီးပြီ ။

“ ကဲ ... ဘာဖြစ်လို့လဲ ၊ နင်ပဲ လိုက်မပို့နဲ့ ဆို ၊ တစ်ယောက် တည်း သွားမယ် ဆို ”

“ အဲဒါက စိတ် ကောက်လို့ ပြောတာ ၊ ငါ က လိုက်မပို့ နဲ့ ဆိုပေမယ့် နင်က အတင်း လိုက် ပို့ရမှာပေါ့ လို့ ”

ကိုယ် ရယ်ရင်း က ...

“ နင် တော်တော် ဆိုးတယ် ဟာ မိခိုင် ”

“ ဆိုးတာ ဘာဖြစ်လဲ ”

ဟု ပြောပြီး သူ ခစ်ခနဲ ရယ်သည် ။ ရယ်လိုက်တော့ မှပင် စောစောက ဝဲ ရုံသာ ဝဲ နေသော မျက်ရည်တွေ ထွက် ကျလာလေတော့သည် ။

“ နင် ရူးနေပြီ ထင်တယ် ၊ ငိုလည်း ငိုတယ် ၊ ရယ်လည်း ရယ်တယ် ”

“ ညီညီ နော် .. နင် မစ နဲ့ ၊ ငါ ဆွဲ ဆိတ် လိုက်ရမလား ”

သူ က ကိုယ့် ဗိုက်ခေါက် ကို ဆွဲ ဆိတ်သည် ။

“ ဟ ... ဆိတ်မ ... နာတယ် ဟ ”

“ ဘာပြောတယ် ၊ ငါ့ ကို ဆိတ်မ ဟုတ်လား ကဲ ”

“ အလကား ပြောတာ ၊ အလကား ပြောတာ ”

သူ ဆွဲဆိတ်ရာ မှ လွှတ် လိုက်သည် ။

“ ကဲ သွားကြရအောင် နောက်ကျနေပြီ ”

ကိုယ်တို့ နှစ်ယောက် ထွက် လာကြသည် ။ ကျောင်းဝင်း ထဲ မှာ လူ တော်တော်ပင် ရှင်း နေပြီ ။ ဆရာ ၊ ဆရာမ တချို့နှင့် အလုပ်သမားကြီး တွေ သာ ရှိ တော့သည် ။ သူတို့ အိမ်ဘက် သို့ သွားသော လမ်း အတိုင်း လျှောက် လာကြရင်းက သူ ပြောသည် ။

“ နေ့လယ် က နင်တို့ ဘောလုံး ကန်ကြတယ် မဟုတ်လား ။ အဲဒါ ငါတို့ အတန်း ထဲ က ကောင် တွေ ရော ၊ ကောင်မတွေရော ငါ့ ကို မကြည်ဘူး သိလား ”

“ ဘာလို့လဲ ”

“ ငါ က ကိုယ့် ဘီတန်း ကိုတော့ အား မပေးဘဲနဲ့ နင်တို့ အေတန်း ကို အားပေး လို့တဲ့ ”

ဒီနေ့ မုန့်စားဆင်းချိန် တုန်း က ကိုယ် တို့ အေတန်း နှင့် မိခိုင် တို့ ဘီတန်း ဘောလုံး ချိန်း ကန်ကြသည် ။ မိခိုင် သည် အစ ကတော့ ဘောလုံး ချိန်း ကန်တာ ကို မကျေနပ်ချေ ။ “ ငါတို့ အတန်း နဲ့ နင်တို့ အတန်း နဲ့ ကန်တော့ ငါ က ဘယ်ဘက်က အားပေးရမှာလဲ ” ဟု ပြောသည် ။ ခြေဆောင့် ပြီး ထွက် သွားသည် ။ ကွင်းထောင့် မှာ သွား ထိုင်ပြီး နှုတ်ခမ်း စူနေသည် ။ သို့သော်လည်း ကိုယ် ကန်လိုက်သော ဘောလုံး သည် ဂိုးတိုင် ထဲ သို့ တန်းတန်းမတ်မတ် ဝင် သွားသောအခါ လက်ခုပ်သံတွေ ကြား မှ “ ဒါမှ ညီညီ ကွ ” ဟု အော် လိုက်သော သူ့ အသံစူးစူးကလေး ကို ကြား ရလေ၏ ။ ဒါကို သူတို့ အတန်း ဘက် က မကျေနပ်ခြင်း ဖြစ်မည် ။

“ ဒီတော့ နင် က ဘာ ပြောလိုက်လဲ ”

“ ငါ ကလား ၊ ဒီလို ပြော လိုက်တယ် ၊ နင်တို့ က အီးယောင်ဝါးတွေ မို့ လို့ အားမပေးတာ လို့ ၊ ညီညီ က ..... ညီညီ က .. ”

သူ သည် စကား ကို မဆက်ဘဲ နေသည် ။

“ ဘာဖြစ်လဲ ပြောလေ ”

“ ညီညီ က ငါ့ ရဲ့ ဟိုဟာ အဖြစ်ဆုံး သူငယ်ချင်း လို့ ”

“ ဘယ်ဟာ ဖြစ်တာလဲ ”

“ ဟို .. အခင်ဆုံး လို့ ၊ အဲဒါ ဟုတ်တယ် ၊ အခင်ဆုံး လို့ ”

ပြောပြီး သူ သည် ကိုယ့် ကို မကြည့်တော့ ။ မြေကြီး ကို ပဲ ငုံ့ ကြည့်ရင်း လျှောက် လာသည် ။ ပြီးတော့မှ ကိုယ့် ကို တစ်ခါ မော့ ကြည့်၏ ။ ကိုယ် လည်း ဘာ ဖြစ်သွားမှန်း မသိ ။ သူ က ကိုယ့် ကို ကြည့် နေသော အခါ ပြန် မကြည့်ရဲဘဲ ဖြစ် သွားသည် ။ ထိုအခါ ကိုယ် ခေါင်း ငုံ့ လိုက်မိသည် ။ ကတ္တရာလမ်း ကို သာ ငုံ့ကြည့်ပြီး လျှောက်လာ မိသည် ။ ခဏ ကြာသောအခါ သူ့ ရယ်သံ ကြား ရသည် ။ သူ ရပ် လိုက်သည် ။ ကိုယ် လည်း ရပ်လိုက်ပြီး ...

“ ဘာဖြစ်လို့လဲ ”

သူ ရယ်နေရာ မှ ....

“ ငါတို့ လမ်း ကို ကျော် လာခဲ့ပြီ ဟ ”

ကိုယ်တို့ နှစ်ယောက် စလုံး ရယ်ပြီး ပြန် လှည့် လျှောက်သည် ။ သူတို့ လမ်း ထဲ သို့ ဝင်ကာနီး တွင် ကိုယ် ပြောသည် ။

“ ကိုယ် ပြန်တော့မယ် နော် ၊ နင် သွားရဲပြီ မဟုတ်လား ”

“ အိမ် ကို လိုက်ခဲ့ပါဦးလား ဟ ”

“ ဟင့်အင်း ”

“ နင် ဟိုတစ်ခါ လည်း ဒီလိုပဲ ၊ ငါ တို့ အိမ် ကို ဘယ်တော့ မှ လိုက်မလာဘူး ”

“ နောက်တော့ ကိုယ် လာ လည်ပါ့မယ့် ဟာ ၊ ခု အိမ်ပြန် နောက်ကျမှာ စိုးလို့ ”

“ ဒါဆိုလည်း ပြီးရောလေ ၊ ငါ သွားတော့မယ် နော် ”

“ နေဦး မိခိုင် ”

သူ ပြန် ရပ်နေသည် ။ ကိုယ် သည် လွယ်အိတ် ထဲ သို့ လက် နှိုက်၍ စမ်းသည် ။ တနင်္ဂနွေနေ့ က ဆော်လီမား ဈေး သွား တော့ ကိုယ် လိုက်သွားသည် ။ ကိုယ် စုထားသော ပိုက်ဆံ ဖြင့် လက်ကိုင်ပဝါ သေးသေးလေး တစ်ထည် ဝယ်သည် ။ အနားလေးဘက် အတွန့်အတွန့်ကလေးတွေ နှင့် ။ သုံးကျပ် ပေး ရသည် ။

ထို လက်ကိုင်ပဝါကလေး ကို စက္ကူအိတ်ကလေး ဖြင့် ထည့်ပြီး ယူ လာခဲ့ခြင်း ဖြစ်သည် ။ အိတ်ကလေး ကို ဆွဲထုတ် ၍ မိခိုင် ကို ပေး လိုက်သည် ။

သူ က “ ဘာလဲ ”  ဆိုပြီး ဖွင့် ကြည့်သည် ။ လက်ကိုင်ပဝါ ကို ဆွဲ ထုတ်၍ ဖြန့် ကြည့်သည် ။

“ ဟယ် .. လက်ကိုင်ပဝါလေး ”

သူ ကိုယ့်ကို လှမ်းကြည့်ပြီး ပြုံး သည် ။ နောက်တော့ မျက်နှာ က ပြန် တည်သွား၏ ။

“ ငါ မလိုချင်ဘူး ဟာ ”

“ ဟင် ... ဘာဖြစ်လို့လဲ ”

ကိုယ် က စေတနာနဲ့ ပေးတာ ကို သူ က မယူချင်ဘူး ဆို တော့  ကိုယ် ဝမ်းနည်းသွားမိသည် ။ ဒါကို သူ က လည်း သိမည် ထင်သည် ။

“ နင် ပေး တာ ကို မလိုချင်လို့ မဟုတ်ပါဘူး ဟာ ၊ လက်ကိုင်ပဝါ လက်ဆောင် ပေး   မကောင်းဘူး တဲ့ ။ ပေးရင် ခွဲ ရတတ်တယ် တဲ့ ”

“ အို ... ကိုယ် ဒါတွေ မယုံပါဘူး ”

“ ဪ .. တစ်ခုတော့ ရှိတယ် ၊ လက်ကိုင်ပဝါ လက်ဆောင် ပေးရင် ပိုက်ဆံ ဆယ်ပြား ပြန် ပေးရတယ် တဲ့ ။ အဲဒါဆို ကြိမ်း ကြေ ရော ၊ မခွဲ ရတော့ဘူး ”

သူ သည် လွယ်အိတ် ထဲ သို့ လက် နှိုက်မည် ပြုပြီး မှ ...

“ ဟယ် ... မေ့ လို့ ၊ ငါ့ မှာ ပိုက်ဆံ မှ မကျန်တော့တာ ၊ လက်ကိုင်ပဝါ ကို နင် ပြန်ယူ ထားပါဦး လား ”

“ ဟာ ... နင် ပဲ ယူထားပါ ၊ ခု ပိုက်ဆံ မပါလည်း နောက် မှ ပေးပေါ့ ”

“ အေးလေ ၊ တစ်ရက် လောက်တော့ ကိစ္စ မရှိပါဘူး ၊ ငါ နက်ဖြန် မှ ပိုက်ဆံ ပေးမယ် နော် ”

ကိုယ် ခေါင်းညိတ်ပြသည် ။

“ ငါ လေ ဒီ လက်ကိုင်ပဝါလေး ကို သေသေချာချာ သိမ်းထားမယ် သိလား ”  ဟု ပြောပြီး သူ ပြေးထွက် သွားသည် ။ ကိုယ်လည်း သူ့ ကို နောက် ကနေ ငေး ကြည့်နေပြီး သူ လမ်းချိုး ထဲ ကွေ့ဝင် သွားမှ ထွက် လာခဲ့သည် ။

ဒီနေ့ ညနေ တွင် မြင်မြင်သမျှ တို့သည် ကြည်လင် ၍ နေသည် ။ လမ်းလျှောက် ရင်းက ကားလမ်း ပေါ် မှ ချိုင့်ခွက်တွေ ကို မြင်သောအခါ ကိုယ် တို့ လမ်းအချိုး ရှိ ရေမြောင်းကလေး ကို မြင်သောအခါ အရင် ကလို လွှားခနဲ ခုန် ကျော်လိုက်ချင်သည် ။ သို့သော်လည်း မခုန်ကျော် မိအောင် စိတ် ကို ထိန်း ထားမိပြန်၏ ။ ဓာတ်ကြိုးတန်း ပေါ် မှာ နားနေသော စာကလေးတစ်အုပ် ကို မြင်ရသောအခါ ကိုယ် မနေနိုင်တော့ဘဲ “ ဟေး ”  ဟု အော် လိုက်သည် ။ စာကလေးများ က “ ကျလိ ကျလိ ”  မြည်ပြီး ကိုယ့် ကို ပြန် နှုတ်ဆက်သဖြင့် ကိုယ် ရယ် မိသေးသည် ။

အိမ်ဝင်း အဝ ရောက်သောအခါ ပြေး ဝင်သွားသည် ။ လွယ်အိတ် ကို စားပွဲ ပေါ် ပစ်တင်ပြီး မီးဖိုချောင်ဘက် သို့ ဝင် ခဲ့သည် ။ မီးဖိုချောင် အဝင် ဝ ပေါ်တွင် တန်းကြီး တစ်ခု ရှိသည် ။ ကိုယ် ဆတ်ခနဲ လှမ်း ခုန်လိုက်သောအခါ တန်းကြီး မှာ တွဲလောင်း ခိုမိသွား၏ ။

ကိုယ် အံ့သြ သွားသည် ။ အရင်က ဆိုလျှင် အရမ်း ခုန်တာတောင် တန်းကြီး ကို လက် နှင့် ထိရုံသာ ထိ သည် ။ ခုတော့ ထိရုံ မက ခို လို့ တောင် မှီ သွားပြီ ။

ကိုယ် သည် ခုတလော မှာ အရပ် ပဲ အရမ်း ရှည် လာလို့လား ။ ပျော်နေလို့ အမြင့်ကြီး ခုန် နိုင်တာလား ။ မိခိုင် နှင့် ခုလို တွေ့ ရတိုင်း ကိုယ် ပျော်မိတာချည်းပါ ပဲ ။

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

လူ့ပြည် ဆိုသည် မှာ


 

❝  လူ့ပြည် ဆိုသည် မှာ ❞

လင်မယား ဆိုသော်လည်း ... တစ်ယောက် အကြောင်း တစ်ယောက် နှစ်ပေါင်း လေးဆယ် ကျော် ပေါင်းသင်း လာပြီး မှ သိ ရသည် ဆိုသည် မှာ အံ့သြစရာ ကောင်းသည် ဟု အများ က ထင် ကြပေလိမ့်မည် ။ 

သို့သော် ကျွန်တော့် အဖို့ အသက် နှစ်ဆယ် က လက်ထပ် ခဲ့သော ကျွန်တော့် ချစ်ဇနီး အကြောင်း ကို ကျွန်တော် ခုမှပင် သိရတော့သည် ။

သူ သည် ချစ်ဖို့ ကောင်းသော မိန်းကလေး ဖြစ်သောကြောင့်ပေလား မသိ ၊ သူ့ အမည် မှာ “ မချစ်ဖို့ ”  ဖြစ်လေသည် ။ ကိုယ် မှာ ခပ်လုံးလုံး နှင့် ဖြူဖြူဖွံ့ဖွံ့ ကိုယ်လုံး မျိုး ဖြစ်ပေသည် ။ မျက်ခုံး မှာ မထူလှသော်လည်း အသား ဖြူ သောကြောင့် သူ့ မျက်ခုံးနက်များ သည် ထင်ရှားနေ၏ ။ 

မချစ်ဖို့ အပျိုခေတ် က အပျို လုပ်ရသည် မှာ ငွေကုန်ကြေးကျ သက်သာသည် ဟု ဆိုရပေမည် ။ ပဒုမ္မာအင်္ကျီ ကို အလွန်အကျွံ အလှပြင် ပါ မှ ဇာနား တတ် ခြင်း ၊ စက်ပန်း နှင့် လက်ဖျား ရော ရင်စင်း ပါ ဇာထိုး ဝတ် ကြသည် က လွဲ ၍ လုပ်စရာ မရှိပါပေ ။ အလွန်ဆုံး  ပါး နိုင် မှ “ မယ်ညို ” ပဒုမ္မာ သည် အပါးဆုံး ခေတ် အဆန်းဆုံး ဖြစ်သည် ။

မယ်ညို ပဒုမ္မာခေတ် က လည်း မချစ်ဖို့ သည် မယ်ညို ကို မဝတ် ၊ ပတ္တလား သို့မဟုတ်  ရွှေခေါင်းလောင်း တံဆိပ် တစ်အုပ် ကို လေးကျပ်ခွဲ ငါးကျပ် တန် လောက် ကို သာ သူ ချုပ် ဝတ်ပေသည် ။ ချုပ်ပါလျှင်လည်း တစ်အုပ် လုံး မချုပ် ၊ တစ်နှစ် ကို မှ ပဒုမ္မာအုပ်ဝက် ဘော်လီငါးထည် ဆို လျှင် မချစ်ဖို့ အတွက် လုံလောက်ပေပြီ ။

သရက်ထည် လုံချည် ဆယ်ထည် ကို ဖောက်သည်ဈေး ငါးကျပ်တန် များ ကို အိမ် နေရင်း ဝတ်ဖို့ အတွက် ဆယ်ထည် သူ ဝယ်ထားလျှင် တစ်နှစ် ၊ နှစ်နှစ် လောက် မချစ်ဖို့ သည် အသစ် မဝယ်တော့ ။ ထသွား လာသွား အတွက် သာ တိုဘရယ်ကိုး လုံချည် သုံးလေး ထည် ဝယ်၍ ထားပေသည် ။

ကျွန်တော် နှင့် ရပြီး ကျွန်တော် သည် သူ့ ကို စောင့် ကြည့်၏ ။ အင်္ဂလိပ်ခေတ် တစ်လ တစ်ရာ ခန့် ရသော ကျွန်တော့် လို အင်္ဂလိပ်ကျောင်း  ၊ ဆရာ တစ်ယောက် အတွက် မချစ်ဖို့ ကို ကောင်းကောင်း ထား နိုင်ပါသည် ။

“ မချစ်ဖို့ ကို ဝယ်လာတာတွေလေ ”

ကျွန်တော် သည် ရိုး မှ ပိုးတွန့်လုံချည် ဆန်းဆန်း တစ်ထည် နှစ်ထည် ပိုးတွန့်အင်္ကျီများ ဝယ် လာလျှင် မချစ်ဖို့ သည် မျက်စိမျက်နှာ ပျက် နေလေသည် ။

“ ကို ရယ် ... ချစ်ချစ် ဝတ်ဖို့ ဘာတွေလဲ ဆိုတာ ချစ်ချစ် ဘာသာ နားလည်ပါတယ် ။ ကို ဘာမှ မဝယ်ပါနဲ့ ... ကို့ အတွက်သာ ကိုယ် ဝယ်ချင် စိတ် ရှိရင် ဝယ် ”

ကျွန်တော် က လည်း .. မချစ်ဖို့ ဝယ် ပေးမှသာ ဝတ် တတ်တော့သည် ။

ထမင်းစားချိန် ကို ကျွန်တော် သတိထား ကြည့်၏ ။ ကျွန်တော့် အတွက် အသားဟင်း ကောင်းကောင်း တစ်ခွက် ချက်သည် မှ လွဲ၍ သူ သည် ပုစွန်ဆိတ် နှင့် ဘူးသီးကြော်ချက် ၊ မျိုးကောင်း တစ်ရာ ပါ သော ငါး ဆိုသည့် ငါးဘဲဖြူ ၊ ငါးသံချိတ် စသော ငါးလေးဆီပြန်မျိုး နှင့် အိမ် တွင် သူ ကိုယ်တိုင် ထည့်သော  သရက်သီး ဆားစိမ်လောက် နှင့် ပင် စား တော့သည် ။ ကျွန်တော့် ရင်ထဲ တွင် ချစ်ချစ် သည် ထိုမျှ ခြစ်ခြစ် ခြုတ်ခြုတ် လုပ်ဖို့ မလို ဟူ၍ ...  ထင်ပါသည် ။ 

ကျွန်တော်တို့ လို မြစ်ဝကျွန်းပေါ် တွင် အင်္ဂလိပ်ခေတ် ပုစွန်သား ငါးဈေး မှာ အလွန် ပေါသည် ။ တော်သလင်း လောက် များ ဆိုလျှင် ပုစွန် တစ်ပိသာ တစ်မူး ဆယ်ပြား အထိ ဈေး ကျ သွားတတ်၏ ။

“ ချစ်ချစ်  ... ကိုတို့မှာ သားသမီး လည်း မရှိဘူး ၊ ချစ်ချစ် နေတာ ၊ စားတာ ၊ သောက်တာ ဟာ မလွန်လွန်း ဘူးလား ... ချစ်ချစ် ဘယ်သူ့ အတွက် ဒါလောက် ငွေ စုနေတာလဲ ” 

ချစ်ချစ် ကား ပြုံး ၍ နေပါသည် ။

' ချစ်ချစ် ငွေ စုတာ ဘယ်သူ့ မှ မထိခိုက်ရင် ပြီးတာပဲ မို့လား ကိုရယ် ...  ။ မလှူရက် မတန်းရက် မပေးကမ်း ဘဲ စု တာမျိုးမှ မဟုတ်ဘဲ ... ' ဟု သူ က ဆိုပါသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ ရပ်ရွာထုံးစံ အတိုင်း သာရေး နာရေး ဖြစ်ဖြစ် ရပ်ရွာ အတွက် စာ ကြည့်တိုက် ၊ လမ်းပြင် ၊ ကျောင်းပြင်ရန် ကိစ္စများ တွင် လည်း ချစ်ချစ် သည် ကျွန်တော် မျက်နှာ မငယ်ရအောင် ငွေ ကို သူများနည်းတူ ထည့်ဝင် ကူညီ တတ်ပါသည် ။

သို့သော်လည်း သူ ကိုယ်တိုင် တော့ ငါးသေးငါးမွှားလေးများ စား ကာ လုံချည်အင်္ကျီ အပေါစား များ ဝတ်၍ ငွေ စုနေသည် ကို ကျွန်တော် မကြည့်ရက်ပါပေ ။ ဖေဖေ တို့ မေမေ တို့ ကမူ သူ တို့ ရှာပေးသော ချွေးမ ၏ စနစ်ကျပုံ ၊ ငွေစုပုံ ကို ကျွန်တော် နှင့် တွေ့တိုင်း ဂုဏ်ယူ ချီးကျူးပါသည် ။ စင်စစ်မတော့ သူတို့ ဂုဏ်ယူမည် ဆိုလျှင်လည်း ဂုဏ်ယူ ထိုက်ပါ သည် ။ ကျွန်တော့် အနေနှင့် လည်း ချစ်ချစ် ကို မကျေနပ်၍ သာ မကျေနပ် ဘူး ပြော ရသည် ။ အပြစ် က လည်း ရှာ၍ မရပါပေ ။ သူတစ်ပါး ကို မထိ ခိုက်သော ငွေစုနည်း ကို ကျွန်တော် ဘယ်လို လုပ်၍ အပြစ် ပြောရပါမည်နည်း ။ သို့သော် ရင်ထဲ မှာမူ မကျေနပ်ပေ ။

နှစ်ဖက်မိဘများ သည် ကျွန်တော် တို့ ကို အားကိုးကြဖို့ မလိုပေ ။ သူတို့ ဘာသာ အေးအေး  နေထိုင် နိုင်ကြသူများ ဖြစ်၏ ။ သီတင်းကျွတ် လျှင် “ ကို - ကို့ မိဘတွေ ကို ကြိုက်တာ နဲ့ ကန်တော့ နော် ... ကိုယ် ကြိုက်တာ ဝယ် ၊ ဖေဖေ တို့ မေမေ တို့ ဖို့ပါ တစ်ခုစီ ပို ဝယ်ခဲ့ ”

ကျွန်တော့် မိဘ နှင့် တန်းတူ သူ့ မိဘ ကိုလည်း သူ ကန်တော့ပါသည် ။

တစ်နှစ်ပြည့်သော အခါတွင်မူ သူ သည် ကျွန်တော့် ကို လက်ဝါး ဖြန့် ခိုင်းပါသည် ။ ကျွန်တော် လက်ဝါး ဖြန့် လိုက်သော အခါတွင်မူ သူ သည် အိတ်ဖြူလေး တစ်လုံး ကို ကျွန်တော့် လက် ပေါ် သွန် ချပါသည် ။ အိတ် ထဲ မှ ရွှေဒင်္ဂါး တစ်ဆယ့်ငါးပြား ကျ ၍ လာပါသည် ။ ဟိုခေတ်က ရွှေဒင်္ဂါး တစ် ပြား ကို တစ်ဆယ့်ငါးကျပ် ဈေး ရှိ၏ ။

“ ဒါတွေ ဘာလုပ်ဖို့လဲ ချစ်ချစ် ရယ် ”

“ ချစ်ချစ်တို့ အိမ် ဆောက်ရမယ်လေ ... ခု နေရတာ သူများ အိမ် ငှား နေရတာ မို့ လား ”

“ ဪ ... ဖေဖေ တို့ သေရင် တို့များ အဲဒီ အိမ်တွေ အမွေ ရမှာပဲ ဟာ ချစ်ချစ် ရာ ၊ မစားရက်  မသောက်ရက် မစုစမ်းပါနဲ့ ”

“ ကိုယ် ဟာ အတော် ခက်တာပဲ ” 

သူ က ညည်းပါ၏ ။

“ မခက်နဲ့ လေ ... တော်ကြာ ခင်ဗျား တော့ သေရင် အဲဒီ ရွှေဒင်္ဂါး တွေ စွဲ ပြီး ဥစ္စာစောင့်မကြီး ဖြစ် တော့မယ် ”

ကျွန်တော် က ပြောင်သလိုလို ပြော လိုက်လျှင် သူ သည် ချစ်ဖွယ် ကောင်းအောင် ပင် ရယ်မော တတ်ပါသည် ။

ကျွန်တော် က သာ သူ့ ကို ဥစ္စာစောင့်မကြီး ဖြစ်မည် ။ ဘာညာ ပြောရ သော်လည်း ကျွန်တော် တို့ လက်ထပ်ပွဲ ဆယ်နှစ် မြောက်သော နေ့ တွင် မူ ကျွန်းပျဉ်ထောင် ကာ သော လေးပင်သုံးခန်း နှစ်ထပ်အိမ်ကြီး ပေါ် သို့ ပြောင်းရွှေ့ ရသောအခါ ကျွန်တော် အလွန် ပျော်ပါသည် ။ ကျွန်တော် သည် သူ့ ကို ပွေ့ယူကာ လက်ထပ်သော ညဉ့်ဦး က လို ပင် လှိုက်လှိုက်လှဲလှဲ နမ်း ရှုံ့လိုက်ပါသည် ။ သို့သော် ယခင်က အနမ်း က ချစ် ၍ သက်သက် နမ်း  ခြင်းတည်း ။ ယခု အနမ်းကား ကျေးဇူး တင်ခြင်းပါ စွက်ဖက်ရောနှော ၍ နမ်း ခြင်း ဖြစ်ပါ၏ ။ 

မချစ်ဖို့ သည် နှစ် ကြာလာသောအခါ ပို၍ပင် ချစ်ဖို့ ကောင်းလာ ပါသည် ။ သို့သော် မချစ်ဖို့ ပုံစံက မပြောင်းပေ ။ အရင်လိုပင် ပဒုမ္မာထူထူ သို့မဟုတ် ပင်နီချောများ ကို ဝတ်မြဲပင် ဖြစ်၏ ။ သူ ၏ သရက်ထည် ဆယ်ထည် ငါးကျပ်တန် က လည်း  ဝတ်မြဲ ပင် ဖြစ်ပေသည် ။ အိမ်သစ် ကို ရောက် ရပြန်တော့ လည်း သူ့ မှာ ကြမ်း တိုက်ရသည့် အလုပ် ပို လာပါသည် ။ အိမ် ကျယ်ဝန်းသည် နှင့် အမျှ အိမ်ထောင် ပရိဘောဂများ ၊များပြား လာသည် ။ အလှ ပြင်ရသော အလုပ် ၊ ဖုံ သုတ်ရသော အလုပ် မှာ လည်း ချစ်ချစ် အတွက် ပို လာတော့သည် ။ သူ့ ကိုယ် ဝတ်စား ဖို့ ကိုသာ ချွေတာ သည် ။ အိမ် အလှ ပြင်ရန် အတွက် ဇာခန်းဆီး အပြာနုများ ၊ ငွေပန်းအိုးနှင့် ဖန်ပန်းအိုးများ ကို မူ ချစ်ချစ် သည် ဝယ်ယူရန် မနှမြောပေ ။ လူ တွင် ကိုယ် ကြိုက်သော ဝါသနာလေးများ တစ်ခု စီ ပါ ကြစမြဲ ပင် ဖြစ်၏ ။

“ ကို တော့ မသိဘူး ၊ ချစ်ချစ် တော့ အလုပ်ပင်ပန်းပြီး နားချိန် ရောက်ရင် ရေမိုးချိုး အဲဒီ ကြမ်းပြောင်ပြောင် အိမ်လေး မှာ လေ ... ခန်းဆီးလေး က လေ ထဲ တလွင့်လွင့် နေပြီး ၊ ငွေပန်းအိုး ထဲ က ပန်းတွေက များ မွှေး နေတာ မြင် ရ ၊ ရှူ ရရင် သိပ်ပြီး စိတ် ချမ်းသာတာပဲ ... ”

မရွှေချစ် စိတ်ချမ်းသာ လျှင် ကျေနပ်ပါပြီ ။ ဒီလိုမှ သူ့ မှာ စိတ် ချမ်းသာ ကွက်ကလေး ၊ အရသာခံ ကွက်ကလေး တစ်ကွက် မရှိဘူး ဆိုလျှင် သူ လူ ဖြစ်ရသည့် ဘဝ ကို ကျွန်တော် ကြား ထဲက အတော် နှမြောမိပေသည် ။ အဘယ်ကြောင့်ဆိုသော် ချစ်ချစ် သည် သူ့ အတွက် “ ဇိမ် ”  ကွက်ကလေး တစ်ကွက် ရအောင် လူ့ ပြည် တွင် မနေတတ်သောကြောင့်တည်း ။ 

သို့သော် ကျွန်တော် ကတော့ အပြော မလျော့ပါပေ ။

“ ကဲ ... ဒေါ်ရွှေချစ် ခင်ဗျား နေချင်တဲ့ အိမ်လည်း ရပါပြီ ၊ ခုထိ ငါးသေးငါးမွှားစား ၊ အင်္ကျီ ထူလဗျစ်ကြီး ဝတ် နေဦးမှာလား ”

သူ က ကျွန်တော့် ကို ပြန်လည်၍ မချေပ ၊ ရယ်၍ ပင် နေပါသည် ။

ကျွန်တော်တို့ လက်ထပ်ပွဲ အနှစ် နှစ်ဆယ်မြောက် ၊ အသက် အား ဖြင့် လေးဆယ် လောက် တွင် ဂျပန်ခေတ် ကို ကြုံ ကြရပါသည် ။ သို့သော် ဂျပန်ခေတ် ၅ နှစ် သည် ကျွန်တော်တို့ အတွက် ဒုက္ခ မဖြစ်ပါပေ ။ မရွှေချစ် ၏ ပင်နီများ သည် ဂျပန်ခေတ် တစ်ခေတ်လုံး ဝတ် မကုန်ပါပေ ။ သူ တကာများ မှာ သန်းကြီးမ တို့ ပေါက်ဖွား ရာ ချည်အလုံးကြီး နှင့် ယက်ရ သော ဖျင်ကြမ်းလုံချည်များ ၊ ဖျင်ကြမ်းအင်္ကျီများ ကို ဝတ် ရချိန်တွင် ကျွန်တော် သည် ပလေကပ်လုံချည်များ ကို အိမ် နေရင်း အေးအေးလူလူ ဝတ် နေနိုင်၏ ။

ထိုအခါ ကျ မှ ကျွန်တော် သည် ဖျင်ကြမ်းလုံချည် ကို ပင် မဝတ်နိုင် သော လူ နု တစ်ယောက် မှန်း ကိုယ့် ကိုယ် ကို သတိထား မိပါသည် ။ ဂျပန် ခေတ် ၏ အနိဋ္ဌာရုံ များ တွင် သန်းကြီးမ ကိုင်းထ နေသော ဝဲနာများ သည် ကျွန်တော့် အတွက် မမြင်မရှု နိုင်သော မြင်ကွင်း များ ဖြစ်၏  ။ ဗုံးကျ ၍ သေလိုက်ချင်သေးသည် ။ ကျွန်တော် သည် သန်းကြီးမ အကိုက် ခံ၍ ဝဲ မပေါက် ချင်ပါ ။

ထို တစ်ကြိမ် တွင် လည်း ကျွန်တော် သည် ကျွန်တော် ၏ မချစ်ဖို့ ကို ချစ် မိပြန်သည် ။ 

“ ဒီတစ်ခါတော့ သိပ် ကို ကျေးဇူးတင်တာ ပဲ ချစ်ချစ် ရယ် ၊ နို့မို့ရင် ကိုယ် တော့ လား ဒီ သန်းကြီးမ အိမ် ဖွဲ့ ကောင်း တဲ့ ဖျင်ကြမ်းလုံချည်တွေ ဝတ် ရမှာ ”

မချစ်ဖို့ က ပလေကပ်လုံချည် အသစ် တစ်ထည် ချုပ် ပေးတိုင်း ကျွန်တော် က သူ့ ကို ကျေးဇူးတင် စကား ဆိုရပါ၏ ။ သူ သည် အင်္ဂလိပ် ခေတ် က လိုလိုမယ်မယ် စုဆောင်း သိုသိပ်ထားသော တယောစွပ်ကျယ် များ ၊ ပလေကပ်လုံချည်များ သေတ္တာ တစ်လုံး ပြည့်လုလု ကို ကျွန်တော့် အား ထုတ် ပြပါသည် ။

ယခင် က လိုတော့ တစ်နှစ် ကုန်တိုင်း ရွှေဒင်္ဂါးများ ထုတ်၍ ထုတ် ၍ ကျွန်တော့် ကို မပြတော့ပါ ။

သို့သော် ဂျပန်ခေတ် ကုန်ခါနီး တွင် မူ သူ ကျွန်တော့် ကို တိုင်ပင်၏ ။

“ မြို့ပြင် နား က တိုက်ခံအိမ်ကလေး ဝယ် ရအောင် ကို ရယ် ၊ မြေ က တစ်ဧက နီးနီး ရှိတယ် ”

ကျွန်တော် သည် မချစ်ဖို့ မျက်နှာ ကို စူးစိုက် ကြည့်၏ ။

“ ကိုယ် က ချစ်ချစ် မှာ ငွေ မရှိဘူး ထင်လို့လား ၊ ချစ်ချစ် ရွှေဒင်္ဂါး တချို့ ကို ဂျပန်ငွေ နဲ့ ရောင်းပြီး စပါး ဝယ်တယ် ၊ ဖေဖေ့ တပည့် ကိုလှ က ဆန်ခွဲ ပြီး အညာ သွားရောင်းပေးတယ် ။ သူ့ အတွက်လည်း ပေးပြီး သား ၊ ချစ်ချစ် ငွေ ပြန်ရပြီ ၊ ကို့ ကို တိုင်ပင် လုပ်ရင် ချစ်ချစ် ရယ် ဘယ်သူ့ အတွက် အပင်ပန်း ခံ ရတာလည်း နဲ့  ကို က ဆို ဦးမှာ ”

ကျွန်တော် သည် ဂျပန်ခေတ် တွင် လည်း ပရိုက်ဗိတ် ကျောင်းဆရာ လုပ် ကာ ... ဂျပန်ခေတ် ဝင်ငွေ နှင့် ချစ်ချစ် ကို ရှာ ကျွေးလာခဲ့သူ ဖြစ်၏ ။ ယခုလို ချစ်ချစ် တစ်ဖက်မှ နေ၍ သူ့ အဖေ နှင့် ပေါင်းကာ ငွေ ရှာနေသည် ကို ကျွန်တော် မသိပါ ။ သူ လိုချင်သော တိုက်ခံအိမ် မှာ ဂျပန်ခေတ် ငွေ နှင့် ခေတ်နှောင်းပိုင်း တွင် နှစ်သောင်း ကျော် သုံးသောင်း နီးနီး ခန့် ကျ ပေ မည် ။

“ ဒီ အိမ် ရှိပြီပဲ ချစ်ချစ် ရယ် ... ချစ်ချစ် တိုက် နဲ့ နေချင်လို့လား ...  ၊ ချစ်ချစ် မှာ လိုချင်တဲ့ ဒုက္ခ ကြောင့် အစား ချွေရတာ ၊ အဝတ် ချွေ ရတာ နဲ့ ကိုယ် က ချစ်ချစ် ကို မြင် ရတာ စိတ် မချမ်းသာလို့ပါ ”

“ ကိုယ် ကလဲ နော် ၊ ဒါပဲ ပြောတာပဲ ၊ ချစ်ချစ် ငယ်ငယ် က အကျင့်  ပဲ ဟာ ၊ တိုး ထူးပြီး ချွေတာ နေ ရတာ မှ မဟုတ်ဘဲ ။ ချစ်ချစ် က ခြံလေး နဲ့ နေ ချင်လို့ ၊ ဒီ အိမ် က မြို့ထဲ မှာ ဆိုတော့ မြေပို သိပ်မကျန်ဘူး ကိုယ် ရဲ့ ၊ သစ်ပင်ပန်းပင်လေးတွေ စိုက် ချင် ချင်သေးတယ် ”

ကျွန်တော် သည် သူ့ ဆန္ဒကို လိုက်လျော လိုက်၏ ။ မလိုက်လျော နိုင်စရာ အကြောင်း က လည်း မရှိပါပေ ။ ကျွန်တော် ရှာဖွေကျွေးသည် ဆို ပေမယ့် သူ့ ဘာညာ ငွေစု ၊ ထို ငွေ ကို တိုးပွားအောင် လုပ်ကာ သူ ဝယ်ချင် ခြမ်းချင် သည် ကို ကျွန်တော် ကန့်ကွက် ဖို့ မလိုပါပေ ။

စောစောက ကျွန်တော် ပြောခဲ့ သလိုပင် သူ စစ်ကုတ် ချွေတာ အနစ်နာ ခံခြင်း အတွက် သူ့ သာယာမှု တစ်ကွက် အတွက် ကျွန်တော် ကလည်း လိုက်လျောသင့်သည် ဟု ကျွန်တော် ထင်ပါသည် ။ 

ကျွန်တော့် အသက် လေးဆယ့်ငါးနှစ် တွင် စစ် ပြီး သွားပါသည် ။

စစ်ပြီးချိန် တွင် ကျွန်တော်တို့ လင်မယား နှစ်ယောက် သည် နှစ်ထပ် တိုက်ခံ အိမ်လေး တွင် အေးအေးချမ်းချမ်း နေ ကြရပေသည် ။

ထိုတိုက်ခံအိမ် ရောက်မှ မာလီတစ်ယောက် နှင့် အိမ်ဖော်မိန်းကလေး တစ်ယောက် ကို ချစ်ချစ် ငှားတော့သည် ။

ဆောင်းဦး ရောက်လျှင် ချစ်ချစ် စိုက်သော ပန်းပွင့်လေးများ သည် အစွမ်းကုန် ပွင့် ကြသည် ။ ကျွန်တော် သည် ကျောင်းဆရာ လုပ်မြဲ ပင် လုပ် ၏ ။ ညနေတိုင်း ရောက်လျှင် ကျွန်တော် ထိုင်နေသော ကုလားထိုင်ဘေး တွင် ပန်းရောင်စုံလေးများ ပွင့် ကြသည်ကို ကျွန်တော် မြင်ရသော အခါ အလွန် စိတ်ချမ်းမြေ့ ၍ သွား ပါသည် ။ 

ချစ်ချစ် သည် အရွယ်အားဖြင့် ယခင် ချစ်ချစ် မဟုတ်တော့ ဒေါ်ချစ်ဖို့ ဖြစ် နေပေသည် ။ အသက် လေးဆယ် ကျော် သွား ၍ ကိုယ်ရေ စစ် သွားသော်လည်း ဖျတ်လတ်ပုံ မှာ ငယ်ငယ်တုန်း က လိုပင် ဖြစ်၏ ။ လှပသော ပန်းခိုင်လေးများ ကို ဖြတ်တောက် ၍ ခြင်းတောင်း ထဲ တွင် ထည့် နေသည် ။ သူ ညနေ စောင်း လျှင် ဘုရားပန်းအိုး လဲ မည် ဖြစ်သည် ။ ဘီး ကျော်ပတ် ဆံပင် ကို ပတ်၍ အိန္ဒိယ ဖြစ် ရှန်သားတစ်ကိုက် နှစ်ကျပ်ခွဲ သုံးကျပ်တန် နှင့် ဟန် ကလည်း ခုထိ မပျောက်သေးပေ ။ တရုတ် နှင့် ဂျပန် က လာသော ထဘီ တစ်ကိုက် နှစ်ကျပ် နှစ်ကျပ်ခွဲ တန် က လည်း သူ့ ခါး တွင် ရှိမြဲ ဖြစ်၏ ။ ကျွန်တော် သည် တစ်ခါတစ်ရံ သူ့ ကို နောက်  ၍ နှစ်ကျပ်ခွဲတန် မချစ်ဖို့ ဟူ၍ နောက်ပြောင် ခေါ်ပါသည် ။ သို့သော် သူ့ မျက်နှာ သည် ယခင် လို ပင် အေးချမ်း၍ ယခု လို ပင် ချစ်ဖွယ် ကောင်းနေသေး သည် ။

တစ်ညနေတွင် မူ ... ကျွန်တော် နှင့် ရန်ကုန် တွင် ကျောင်း နေဘက် မိတ်ဆွေ တစ်ယောက် ကျောင်း ကို ပေါက် လာသည် ။ သူ သည် ရန်ကုန် တွင် စားရိတ် ကြီးလွန်း ၍ ကျွန်တော်တို့ မြို့သို့ ပြောင်း လာကြောင်း ။ ယခု အရှေ့ ပိုင်း တွင် အိမ်ငှား နေကြောင်း ပြောပြ၏ ။ ကျွန်တော့် အိမ် ကို မသိ၍ ကျောင်း လိုက် လာကြောင်း ပြောပါသည် ။ သူ့ အမည် ကိုကျော်မြင့် ဖြစ် ပါသည် ။ 

“ ကိုဖေအောင် ရှိတယ် ဆိုတာ သာ သိ တာ ။ အိမ် တော့ ကျွန်တော် က မစုံစမ်းမိဘူး ၊ ဒါနဲ့ ကျောင်း လိုက်လာတာ ”

ကျွန်တော့် မှာ သူငယ်ချင်း ကို တွေ့၍ အလွန် ဝမ်းသာပါသည် ။

“ ဒီလိုလုပ် ကိုကျော်မြင့် ရေ ... ခင်ဗျား အိမ် ကျွန်တော် ကျောင်း ဆင်း လိုက် လည်မယ် ၊ ပြီးတော့ ကျွန်တော့် အိမ် ကို တနင်္ဂနွေ တစ်နေ့ လာ လည် ပေါ့  ။ ခင်ဗျား မိန်းမ ရော ကလေးတွေ ရော ထမင်းပါ စားတာပေါ့ ” 

ကျွန်တော် သည် သူငယ်ချင်း ကို ထမင်းစား ဖိတ်လိုက်၏ ။ ညနေ တွင် မူ ကိုကျော်မြင့် ပြောင်း လာသည် ဆိုသော အိမ် ကို လိုက် သွားပါသည် ။ ရန်ကုန် တွင် သာ ဥက္ကလာပ ၊ သာကေတ တို့ ရှိသည် မဟုတ်ပေ ။ ကျွန်တော်တို့ မြို့ အရှေ့ပိုင်း တွင် လည်း တော မှာ ရွာ ပျက် ၍ ပြေး လာသော သူ များ အတွက် တာကြီးပိုင်း တွင် နေရာ ချထားသော ရပ်ကွက် ရှိပေသည် ။ ကိုကျော်မြင့် ရသော အိမ် မှာ ထို ရပ်ကွက် ထဲ မှ အိမ် တစ်လုံး ဖြစ် လေသည် ။

ကျောင်းများ ပိတ် ကာ နီး၍ ဆောင်းရာသီ နှောင်း လာသောကြောင့် အပူရှိန် မှာ ပြင်း လာချိန် ဖြစ်၏ ။ ကိုကျော်မြင့် အိမ် မှာ သွပ်မိုး ၊ ကြမ်းခင်း ၊ ထရံ ကာ အိမ် ဖြစ်သည် ။ အိမ် မှာ တစ်ထပ် အိမ် ဖြစ်၍ ပူ လိုက်သည်မှာ လွန် ပါ ရော ၊ ကလေးများ ကလည်း ပုစုခရု နှင့် ဆူ လိုက် ဆော့ လိုက် ကြသည်မှာ  ၊ သူ့ အိမ်လေး သိမ့်သိမ့် တုန် သွားမတတ် ဖြစ်ပါသည် ။ မိန်းမ ဖြစ်သူ မှာ မချစ်ဖို့ လောက် ပင် အသက် မကြီးသေးသော်လည်း နို့ပျဉ်းကျကျ နှင့် အတော် အိုစာ နေပါသည် ။ သူ သည် စေတနာ တော့ အတော် ကောင်းသော မိန်းမ တစ်ယောက် ဖြစ်ဟန် တူပါသည် ။ ကျွန်တော် ရောက်လျှင်ပင် ကော်ဖီ နှင့်   လက်ဖက်ပန်းကန် လာ ၍ တည်ပါသည် ။ 

“ ကိုဖေအောင် နဲ့ တွေ့ရတော့ မှ အား ရှိတော့တယ် ။ ရန်ကုန် မှာ တစ်ခါ တွေ့ပြီး ကတည်း က မတွေ့ရတော့ဘူး နော် ”

သူ့ခမျာ အာလ္လာပသလ္လာပ စကား ဆိုရင်း ရစ်ဝဲ လာသော ယင်ကောင် များ ကို ယပ်တောင် တစ်လက် ဖြင့် ခတ် ပေးရှာ၏ ။ ယင်ကောင်များ ပေါ ရ သည့် အထဲ ထမင်းလုံး နှင့် ကြက်သွန်ပုပ်များ ရော၍ နေသော မြောင်းပုပ်နံ့ က တစ်ချက် တစ်ချက် ဝှေ့၍ လာသောအခါ ကျွန်တော်သည် မူးညှီညှီ ဖြစ် လာပါသည် ။ လက်ဖက် ကိုလည်း မစားချင် ၊ ချွေးစီးများ လည်း ပြန် လာပါတော့သည် ။

နောက် တနင်္ဂနွေ တွင် ကျွန်တော် တို့ အိမ် သို့ ထမင်း လာ စားဖို့ ကျွန်တော် ကိုယ်တိုင် လာ ခေါ်မည့် အကြောင်း လင်မယား နှစ်ယောက်စလုံး ကို ဖိတ်ခေါ် ကာ ပြန် လာခဲ့ရပါသည် ။ အိမ် ရောက်လျှင် နှစ်ကျပ်ခွဲတန် ရှန်သား နှင့် ပင် သနပ်ခါးရေကျဲ လူး ကာ ကျွန်တော့် မချစ်ဖို့ သည် ကျွန်တော့် ကို ကြို ပါသည် ။

ကျွန်တော် သည် တိုက် ထဲ ရောက်လျှင် မချစ်ဖို့ ကို အိပ်ခန်း ထဲ သို့  ဆွဲ ခေါ် သွားပါသည် ။ မချစ်ဖို့ သည် မျက်လုံးလေး ကလယ်ကလယ် နှင့် ကျွန်တော့် အပြုအမူ ကို နား မလည်ဘဲ အိပ်ခန်း ထဲ သို့ လိုက် လာပါသည် ။

ကျွန်တော် သည် သူ့ ကို ဆွဲယူ ပွေ့ကာ သနပ်ခါးရနံ့ သင်း နေ သာ ပါးပြင် အား လက်ထပ်သော ညဉ့်ဦး က လို ပြင်းပြစွာ နမ်းရှုံ့ လိုက် သည် ။

“ ဟော့တော့ ... အဲဒါက ဘယ်လို ဖြစ်တာလဲ ” 

မချစ်ဖို့ က ရယ်ရတော့ မလို ပြုံးရတော့ မလို မျက်နှာထား နှင့် ကျွန်တော့် ကို မေးတော့သည် ။ မှန်၏ ။ အသက်များ ပင် ၅၀ ကျော် ကာ မှ ငယ်မူ ပြန်သော လူပျိုပေါက်စ လို ကျွန်တော် ၏ အပြုအမူ ကို မချစ်ဖို့ သည် အံ့ဩ နေပေတော့မည် ။

“ ကျေးဇူး တင်လွန်းလို့ပါ ချစ်ချစ် ရယ် ... ချစ်ချစ် သာ တကယ်လို့ မစီစစ်ရင် ကိုယ် တို့ လေ ခုလို အရွယ်မှာ ဒီလို အေးအေးချမ်းချမ်း နေနိုင် ၊ မှာ မဟုတ်ဘူး ။ ဒီနေ့ ကိုယ့် ရဲ့ သူငယ်ချင်း ကိုကျော်မြင့် ပြောင်းလာလို့ တာကြီးပိုင်း သွား လည်တယ် ၊ တက တည်း ကွာ ယင် က ပေါ ၊ ကလေး က ဆူ ၊ မြောင်းပုပ်နံ့ က နံ နဲ့ ကိုယ် ဖြင့် စကား ပြောရင်း အံချင် သလို ၊ ခေါင်းခဲ သလိုလို ချွေးစီးတွေ က လည်း ပြန် လာတာပဲ ခုမှပဲ လမ်း လျှောက် စဉ်း စားရင်း ချစ်ချစ် လုပ်သမျှတွေ ဟာ ငါ့ ဘို့ ပါလား တွေး ပြီး ကျေးဇူးတင် လာ လို့ ”

“ ဪ ...  ဖြစ်မှ ဖြစ်ရလေ ကို ရယ် ”

မချစ်ဖို့ ကား သူ့ ဟန် ရိုးရိုးလေး နှင့်ပင် ရယ်ပြီး ၍ နေတော့သည် ။ စင်စစ် မတော့ ရွှေဒင်္ဂါးများ ကို စောင့်သော ဥစ္စာစောင့် ဖြစ်မည် ။ ချစ်ချစ် သေလျှင် အိမ်စောင့်သူရဲကြီး ဖြစ်မည် ဟူ၍ သာ ပြောရသည် ။ ချစ်ချစ် ဖန်တီးပေးသော လှပသော အိမ်လေး ၊ သာယာသော ခြံဝင်းလေး ၏ အရသာ ကို တကယ် ခံစားလို သူ မှာ ကျွန်တော် သာ တည်း ။ ယခု တစ်ခဏလေး ပင် အနိဋ္ဌာရုံ ကို တွေ့ရသည့် အတွက် ကျွန်တော့် မှာ အတော် မခံမရပ်နိုင် ဖြစ် ခဲ့ရပါသည် ။ ရေချိုး ပြီးလျှင် ခြံပြင် သို့ ကမန်းကတန်း ထွက်ကာ ဆောင်း လို မလှတော့ ဟူ၍ ပင် ဆို ဦးတော့ ကိုကျော်မြင့် အိမ် ထက် ဆယ်ဆ လောက် သာ ပါသည် ။

ယခုမှပင် တဖြူးဖြူး တိုက်ခတ်သော လေတွင် အသက် ကို ဝဝ ရှူ ရပါသည် ။

ကျွန်တော် ငါးဆယ့်ငါးနှစ် ပြည့် ၍ ပင်စင် ယူသော အချိန်တွင် မချစ်ဖို့ သည် ညနေ တိုင် ရောက် လျှင် အိမ် တွင် မရှိတတ်ပေ ။

တစ်ခါတစ်ရံ ခြံ ထဲတွင် ပန်းပင်များ စိုက် ၊ ပန်း ပွင့်များ ခူး နေ သော်လည်း သူ့ မျက်နှာ သည် ယခင်လို မရွှင်လှပေ ။ အိုမင်း လာကြ ပြီ ဖြစ်၍ မျက်နှာ သွင်ပြင်များ ပြောင်း လာကြသည် ဟု သာ ကျွန်တော် က ထင် ပါသည် ။ အသက်ခြောက်ဆယ် ပြည့် သော နေ့တွင် မူ ချစ်ချစ် သည် သူ ၏ ငွေစုစာအုပ်လေး ကို ကျွန်တော့် လက် သို့ လာ ပေးပါသည် ။

“ ဒါ ဘာလုပ်ဖို့လဲ ချစ်ချစ် ” 

ကျွန်တော် က မေးရင်း စာအုပ် ကို ဖွင့် ကြည့်လိုက်၏ ။

သူ့ ငွေ မှာ တစ်သောင်း မပြည့်တတ်ပေ ။

“ ကို ... ယူထားလေ ”

သူ့ မျက်နှာ က လည်း မကြည်လင်လှပေ ။ ကျွန်တော် သည် ခါတိုင်း စကား ပြောနေကျ အတိုင်းပင် ရယ်သလို မောသလို သူ့ ကို ကြည့်၍ ပြော၏ ။

“ ကဲ ... ဆိုစမ်းပါဦး ၊ ဒေါ်ရွှေချစ် ရဲ့ အိမ် ရ ပြန်တော့ တိုက် နဲ့ ခြံ နဲ့ ဝင်း နဲ့ မှ နေချင်တယ် ဆိုပြီး စု လိုက်ရတဲ့ ပိုက်ဆံ ၊ စား လိုက်ရတဲ့ ငါးသေးငါး မွှား ၊ ဝတ်လိုက်ရတဲ့ နှစ်ကျပ်ခွဲတန် ၊ ခုရော  ဒီ ငွေတစ်သောင်း နဲ့ ဘာ လုပ် ချင်ပြန်ပလဲ ”

သူ့ မျက်နှာ ထား ကား တည်တည်ငြိမ်ငြိမ်ပင်တည်း ။

“ ကို  ... မလဲနော် အသက် လည်း ခြောက်ဆယ် ပြည့် ပြီ ၊ ညား လာ တာ လည်း အနှစ် လေးဆယ် ၊ ကိုယ့် မိန်းမ အကြောင်း ကို ခုထိ မသိသေး ဘဲကိုး ” 

သူ က ဆိုပါ၏ ။

“ ဆိုပါဦး ၊ ခင်ဗျား ရဲ့ နောက်ဆုံး ဆန္ဒ က ”

“ ဆိုပါဦး မနေ နဲ့ အဲဒါတွေ အဲ့ဒါတွေ ရအောင် စုခဲ့ ပြီးပြီ မို့လား ၊ ပျဉ်ထောင်အိမ် လခ နဲ့ပဲ ချစ်ချစ် တို့ လင်မယား စား လောက်တယ် လေ ”

“ ဟုတ်ပါတယ် ၊ ဒီ တိုက် လည်း ရှိ ၊ ငွေ လည်း တစ်သောင်း ရှိပြီ ၊ အဲဒီတော့  ...  ”

“ အဲဒီတော့ မနေနဲ့လေ အဲဒါတွေ ကို ဖြတ်နိုင်အောင် ကြိုးစားရဦး မယ် ၊ အဲဒါဟာ ချစ်ချစ် ရဲ့ နောက်ဆုံး ဆန္ဒ ပဲ ”

“ ဘုရားရေ ...”

ကျွန်တော် သည် ကျွန်တော့် ချစ်ဇနီး မချစ်ဖို့ ၏ အဘိဓမ္မာ ကို နား မလည်နိုင်ပေ ။

“ ဪ ... ချစ်ချစ် ရယ် ပင်ပန်းလိုက်တာ ကွယ် ”  

“ ဟုတ်တယ် ၊ ရဖို့ အတွက် ပင်ပန်း သလို ပဲ ဖြတ်ဖို့ အတွက်လည်း ချစ်ချစ် ညနေတိုင်း လိုလို ရိပ်သာ သွား ပြီး ကြိုးစား နေတာ ”

“ ဟင် ဒီလို ဆိုရင်လည်း အစ ကတည်း က မရှာ ရင် အခု လည်း ဖြတ်ဖို့ အတွက် မကြိုးစား ရတော့ဘူးပေါ့ ချစ်ချစ် ရယ် ”  

“ ဒီလို ဘယ် ဟုတ်မလဲ ကိုရယ် ၊ ကို ဟာ အတော် ခက်တာပဲ ၊ လူ့ ပြည် ဆိုတာ ငယ်တုန်း ရွယ်တုန်း ရအောင် ရှာကြဖွေကြ ၊ ကြီး လာ တော့ ရှာပြီးသား တွေ စွန့် နိုင်အောင် တစ်ခါ ခါ ကြိုးစားရ ၊ ပြတ်ရာ ပြတ်ကြောင်း တရား ရှာ ရပြန်ရော ၊ အဲဒါ လူ့ပြည် ပဲ ”

“ အစ ကတည်း က မရှာရင် အဲဒီ ပစ္စည်းတွေ လည်း မရှိဘူး ၊ မရှိတော့ ပြတ်အောင် လုပ်စရာ မလိုတော့ဘူး ”

“ အဲဒီအခါ ကျတော့ လည်း ခုလို အတွေးအဆ  ခေါင်း ထဲ မှာ ပေါ် လာ ဖို့ အချိန် မပေးတော့ဘူး ။ နှစ်ဆယ့်လေးနာရီ လုံးလုံး ကိုကျော်မြင့် လို သားသမီး တရုံးရုံး ရေမြောင်းပုပ်နံ့ ခံပြီး အို သေ တဲ့ အထိ ဇော ပြန် နေရပြန် ရော ၊ အလုပ် လုပ် ရတာနဲ့ သေချင်စော် နံပြီး အဲဒီ ဇောနဲ့ပဲ သေရော လူ့ ပြည် ဆိုတာက လိုအပ်သလောက် လည်း စွမ်းအား ထုတ်ရမှာ ပဲ ၊ လျောက် ပတ်ရုံ လောက် လည်း ခြိုးခြံ ရမှာပဲ ၊ ပြီးတော့ လည်း စိတ်နှလုံး ချမ်းငြိမ်းမှု လည်း ရအောင် နေ သွားရမှာပဲ ၊ ပြီးတော့လည်း စိတ်နှလုံး အေးအေးချမ်းချမ်း နေနိုင်အောင် သင့်တော်တဲ့ ခြိုးခြံမှု ကို မလုပ်ရင် ကိုယ် ရဲ့ အိုမင်း ချိန် မှာ ဘယ်လို အနား ယူ မလဲ ၊ အလုပ် လုပ်ပြီး သေဖို့ လူတွေ မွေးလာတာ မဟုတ်ဘူး ။ အလုပ် လည်း လုပ် ကြရမယ် ၊ သူတို့ ရဲ့ စိတ်နှလုံး ဟာ လောကီ မှာ ရော တမလွန် မှာ ရော ချမ်းငြိမ်းစွာ နားဖို့ တရား အသိလေး ဝင်စား ဖို့ မွေး လာ ကြတာ ၊ စိက် မနား ရ ရင်လေ ... ဘယ် သူဌေး ဖြစ်ဖြစ် မနား ရဘူး မှတ် ပေတော့ ...” 

“ လူ့ပြည် ဆိုသည်မှာ ”  ဆို၍ အကျယ် ချဲ့ပြသော သူ့ အဘိဓမ္မာ မှာ မည်မျှ မှား ၍ မည်မျှ မှန် သည် ကိုတော့ ကျွန်တော် အဆုံးအဖြတ် မပေး ပါ ။ မချစ်ဖို့ ကတော့ သူ ၏ အဘိဓမ္မာ သဘော အယူအဆ အတိုင်း ပင် သူ ရအောင် စုဆောင်းခဲ့သော ပစ္စည်းများ ကို သူ ပြတ်အောင် တရား ရှာ နေ သည် ။

ကျွန်တော် လည်း သူ ဖန်တီးပေးသော တိုက် နှင့် ခြံဝန်းကလေး ထဲ တွင် ကျွန်တော် ၏ အိုမင်း ချိန် ကို ချမ်းငြိမ်းစွာ နှင့် ပင် ကုန်လွန် ခဲ့ ပါ၏ ။

သီတင်းနေ့ သို့ ရောက် ၍ ကျွန်တော် ကိုကျော်မြင့် ကို ရိပ်သာ သွား ရန် သွား ခေါ်တိုင်း “ သူငယ်ချင်း ရဲ့ ကိုယ့် မှာ စိတ် မအေးတော့ တရား ကို နှလုံး မသွင်းနိုင်သေးဘူး ကွဲ့ ” ဟု ဆိုမြဲ ဆို ပါသည် ။ 

ကျွန်တော့် မှာ မူ ပေါင်းသင်း လာ သော နှစ် အနှစ် လေးဆယ် ကျော် မှ ပင် ကျွန်တော့် ဇနီး မချစ်ဖို့ အကြောင်း ကို သိ ရပါတော့သည် ။

◾  ခင်နှင်းယု

📖  ကြာတော၌ ရွာသောမိုး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.