Showing posts with label သိပ္ပံစိုးလှ. Show all posts
Showing posts with label သိပ္ပံစိုးလှ. Show all posts

Wednesday, March 15, 2023

ကြက် တစ်ကောင် တစ်ရာ


 

❝ ကြက် တစ်ကောင် တစ်ရာ ❞

ထိုအခါမှာ ... နိုင်ငံတော် အစိုးရ က ပြည်လမ်း တစ်လျှောက် ဝါးနက်ချောင်း အထိ သာ ပိုင်ဆိုင်ခွင့် ရခဲ့သော အခါ ဖြစ်၏ ။ ဝါးနက်ချောင်း ဆီ မှ ပြည် အထိ ကား တပ်ပေါင်းစု က အုပ်ချုပ် မင်းလုပ် နေခဲ့ လေသည် ။ ကျွန်တော် သည် တစ်နေ့ သ၌ မသွား မဖြစ်သော ကိစ္စ တစ်ခု အတွက် ရန်ကုန် သို့ သွား ရမည် ဖြစ် ရ ကား ပြည် မှ ထွက် လာသော ကား တစ်စီး ကို နံနက် လင်းသည် နှင့် တစ်ပြိုင်နက် တာဆုံ သို့ သွား၍ လွယ်အိတ် ကို လွယ် ကာ စောင့်လင့် နေခဲ့ရ၏ ။

ကံအားလျော် စွာ ပင် ပြည် မှ ကုလားပဲ အိတ် များ တင် ၍ လာသော ကား တစ်စီး ပေါက် ၍ လာရာ လက်ပြ သဖြင့် ရပ် ပြီး အဘယ်အရပ် သို့ သွားမည် ကို မေး၏ ။ ရန်ကုန် ခရီးသည် ဖြစ်ကြောင်း သိသည့် အခါ တွင် နောက်မြီး မှ လိုက်ရန် ကားမောင်းသူ က လက်ပြ သဖြင့် နောက်ပိုင်း သို့ သွား ကာ ပေါင်တံ ထိုး ၍ တစ်မျိုး ၊ ဝမ်းလျား ကပ် ၍ တစ်သွယ် အမျိုးမျိုးသော တက်နည်း မျိုး ဖြင့် ထို “ ချက်ပလက်ခေါင်းတို ” လော်ရီကား နောက်မြီး မှ တွယ် ၍ တက်ခဲ့ ရ ပါသည် ။

အပေါ်သို့ ရောက် သဖြင့် ထိုင်စရာ နေရာ ရှာ လိုက် သောအခါ နောက်မြီးပိုင်း အနည်းငယ် လပ် ၍ နေသော နေရာတွင် ခရီးသည် သုံးလေးဦး ပြွတ်သိပ် ကာ စီးနင်း လိုက်ပါလာ သည် ကို တွေ့ရသော ကြောင့် ၎င်းတို့ အား အားနာစွာ နှင့် ပင် တိုးဝှေ့၍ တစ်နေရာ တွင် ကုပ်၍ စီးခဲ့ရ ပါသည် ။

မင်းလှ တာဆုံ သို့ ရောက်ပြန် သော အခါ “ ဟိုးဆရာ ဟိုး ” ဟူသော ခေါင်မိုး ပေါ် မှ စပယ်ယာ ( ကား နောက်မြီး မှ တွယ် လိုက်ပြီး ခရီးသွားများ ကို အတင်း ဆွဲ လေ့ ရှိသော သူငယ်ကလေးများ အား စပယ်ယာ ဟု မြန်မာပြည် က ခေါ်သည် မှာ အဘယ် အထောက်အထား နှင့် ခေါ်သည် ကို ရှင်းလင်းပြကြဖို့ သင့်၏ ။ ) အော်သံ ကြား ပြီးနောက် ကား ထိုး ရပ်၏ ။

“ လိုက်ပါရစေ မောင်ရယ် …. ။ အမေကြီး ကားခ နှစ်ဆ ပေးပါ့ မယ် ။ မလိုက် မဖြစ်တဲ့ ကိစ္စကလေး ရှိလို့ပါ ” ဟု တောင်းပန်သံများ အဆုံး တွင် အသက် ၅ဝ မရှိ တရှိ မိန်းမကြီး တစ်ယောက် နောက်မြီး သို့ ပေါ် လာ ပြီး လျှင် တွယ် ၍ တက် ပြန်၏ ။

အပေါ် ၌ ရှိပြီးသူ များ က ခရီးသွား ချင်း ကိုယ်ချင်း စာနာသည့် သဘော ဖြင့် ထို မိန်းမကြီး အား မျက်စောင်းကြီး တွေ ထိုး ကြ၏ ။ အသံ ခပ်အုပ်အုပ် ဖြင့် မကြားတကြား “ ဒါလောက် ကြပ်ရတဲ့ အထဲ များ ကတ်သီးကတ်သတ် စီး ချင်ရသေးတယ် ဗျာ ” အစ ရှိသည်ဖြင့် လည်း ရေရွတ် ကြ၏  ။

သို့သော် စပယ်ယာ ကိုယ်တော်ဘုရား ကြား အောင် ကား မအော်ဝံ့ကြပါ ။ သို့နှင့် မင်းလှ တာဆုံ မှ ကား ထွက် ပြန်၏ ။

ထို မိန်းမကြီး မှာ ကတ်သီးကတ်သတ် ဖြင့် ကြက် ၄ - ၅ ကောင် ခန့် ပါသော ကြက်ခြင်း တစ်ခြင်း အနီး တွင် ကပ်၍ ပုပြီး ထိုင်ရ ရှာ၏ ။ ထို အဒေါ်ကြီး မှာ သနားကမား သန့်သန့်ပြန့်ပြန့် ပင် ဖြစ်ရာ ကျွန်တော် မှာ ကရုဏာ သက်ရောက် မိ သော် လည်း ကျွန်တော် ကိုယ်တိုင် ပင် ဟိန္ဒူယောဂီဘုန်းကြီး ပမာ တင်ပျဉ်ခွေ မကျ ၊ ဆောင့်ကြောင့် လည်း မမည်သော ထူးဆန်းသည့် ထိုင်နည်း ဖြင့် ထိုင် နေရသည် ဖြစ်သောကြောင့် ထူးခြားသော အကူအညီ ဆို၍ မည်သို့မျှ မပေးနိုင်ခဲ့ပါချေ ။

ကား သည် တအိအိ ဖြင့် ထွက်ပြန်၏ ။ တဖြည်းဖြည်း ဖြင့် စစ်ကွင်းဂရံ သို့ ရောက်သော အခါ “ ဒိုင်း ” ဟူသော အသံကြီး ကိုကြား လိုက်ရ သဖြင့် အားလုံး လန့်ဖျပ် ကုန်ကြ၏ ။ “ ဟဲ့ …. စောက်ခွေး ” ဟူသော မိန်းမသံ တစ်ခု မဆုံးမီ ကား ထိုး ရပ်တော့သည် ။

စပယ်ယာ လည်း ခေါင်မိုး ပေါ် မှ ကတ္တရာစေးလမ်း ပေါ် သို့ ရောက် ကာ ကား အောက် သို့ ငုံ့ ကြည့်ပြီး “ ဘီး ပေါက်တာ ဗျို့ ... ဘီး ပေါက်တာ ။ မအေရိုးဘီး က အစ ကတည်း က အထင်သား ပဲ ။ ပြောတာ ကို မရဘူး ။ မင်း က မင်း ကိုယ် မင်း ဘုရားများ ထင်နေ သလား ၊ ကောင်းပါတယ် ဆိုပြီး တပ် လာတာ အခုတော့ ကောင်းသေးသလား ” ဟု ကားမောင်းသမား ဘက် သို့ မျက်စောင်း တထိုးထိုး ဖြင့် ကြိမ်းမောင်း လေ ရာ ...

ကားမောင်းသမား က “ ကောင်းမယ် ထင်လို့ တပ် လာ တာပေါ့ကွ ။ ဒီလို ဖြစ်မယ်မှန်း သိရင် တပ် ပါ့မလား ။ မင်း က ငါ့ အပြစ် ချည်း ပဲ ဖြစ်အောင် မပြောနဲ့ သိလား ။ မင်း လည်း သဘော တူ လို့ တပ်ခဲ့တာပဲ ။ အစက ရီး ပြုလို့ မလဲတာ လား ” ဟု ပီယဝါစာ ချစ်ဖွယ်သော စကား ဖြင့် ပြန်၍ အဖြေ ပေးလေ တော့သည် ။

ဤသို့ဖြင့် တစ်ယောက် ကို တစ်ယောက် ကြိမ်းရင်း မောင်းရင်း ကား ဘေး တွင် ကပ် ထားသော ပစ္စည်းသေတ္တာ အတွင်း မှ ကားဘီး ဖြုတ်သည့် ကိရိယာများ ကို တစ်ခု ပြီး တစ်ခု ဆောင့်ကြီး အောင့်ကြီး ဖြင့် ထုတ် လျက် ကားဘီး လဲ ၍ တပ်ရန် ပြင်ဆင် နေကြသော ကြောင့် ကျွန်တော်တို့ တစ်တွေ လည်း နောက်မြီး မှ ဆင်း ကြပြီး လျှင် လမ်း နှင့် ခပ်လှမ်းလှမ်း တွင် ရှိ သော သစ်ပင်ရိပ် တစ်ခု အောက် သို့ သွားရောက် ထိုင်နေခဲ့ကြရပါ၏ ။

နေ က လည်း ပူ သဖြင့် ပျင်းပျင်းရိရိ နှင့် တစ်ယောက် တစ်ပေါက် ထွေရာလေးပါး စကား စမြည်များ ပြော ရင်းဖြင့် အချိန် ဖြုန်းတီးရင်း တစ်ကြိမ် တစ်ကြိမ် တွင် စပယ်ယာ နှင့် ကားသမား စကား များ သည်ကို နားထောင် ကာ ပြုံးမိ ကြပါ၏ ။

သို့နှင့် အတန်ကလေး ကြာသော အခါ ကား ပေါ် မှ အလန့်တကြား ဖြင့် “ အမယ်လေး - လာကြပါဦး တော် ဟောဒီ ကြက် ကျွန်မ ဥစ္စာ ကို ဆိတ် ယူ သွားပါပြီ ။ မြန်မြန် လာကြပါ ” ဟု အော်သံ ကြား သဖြင့် ကျွန်တော် တို့ လည်း ဘာမှန်း ညာမှန်း မသိဘဲ ကား ဆီ သို့ ပြေးသွား မိကြပါသည် ။

“ ဘာလဲ .. ဘာလဲ ... ဘာဖြစ်လို့လဲ ” ဟု မေးရင်း ကား နား သို့ ရောက် သော အခါ မင်းလှတာဆုံ မှ လိုက် ခဲ့သော အဒေါ်ကြီး မှာ ကား ပေါ် တွင် လက် ထဲ ၌ အထုပ်ကလေး တစ်ထုပ် ကို ကိုင် ရင်း ပြူးတူးပြဲတဲ ဖြစ်နေသည် ကို တွေ့ ရ ပါသည် ။ ထိုအခါ ကျ မှပင် ကျွန်တော် တို့ ကား အောက် သို့ ဆင်းသွား စဉ် က ထို အဒေါ်ကြီး မှာ မလိုက်ခဲ့ ဘဲ ကား ပေါ် တွင် တစ်ယောက် တည်း ကျန်ရစ် ခဲ့ကြောင်း သတိ ရကြပါ တော့သည် ။

“ ဘာလဲ အဒေါ်ကြီး ၊ ဘာဖြစ်တာလဲဗျ ။ အလန့် တကြား .. ” ဟု စပယ်ယာ က ငေါက်ဆတ်ဆတ် မေးသော အခါ ...

“ ဟောဒီ ခြင်း ထဲ က ကြက် ပေါ့ မောင်ရယ် ။ အဒေါ်ကြီး ဥစ္စာ ကို ဆိတ် ပြေးတယ် ။ မျို ပစ် လိုက်ပြီ ။ အကျိုးနည်း ပါ ပြီ ”

“ ဘာကို ဆိတ်သွားတာလဲဗျ ။ ခင်ဗျား ဥစ္စာ က အရင်း အဖျား မရှိ ”

“ စိန်လုံးကလေး မောင်ရေ စိန်ကြယ်သီး လုပ်ဖို့ ဝယ်လာခဲ့တဲ့ စိန်ကလေး ။ ဟောဒီ အထုပ် ထဲ က ဆိတ်ပြီး ယူ သွားတယ် ” ဟု ပြောပြောဆိုဆို လက် ထဲ မှ စက္ကူထုပ်ကလေး ကို ဖြေ ၍ ပြရာ အထုပ် ထဲ တွင် ဂွမ်း ပေါ် ၌ တင် ထားသော စိန်လုံးကလေး ၄ လုံး ကို ဖြိုးဖြိုးဖြောက်ဖြောက် မြင်ကြ ရ ပါသည် ။

ကျွန်တော် ကား စိန် ဟုတ်သည် မဟုတ်သည် ကို အသေအချာ မသိ ။ နောက် မှ ခရီးသည် အချင်းချင်း ပြောကြ သဖြင့် အတော် အသွေးအရည် ကောင်း သော စိန်မျိုးကောင်းကလေးများ ဖြစ်ကြောင်း သိရပါသည် ။

“ အဒေါ်ကြီး သမီး အတွက် ကြယ်သီး လုပ်ဖို့ အဆင့်သင့် ရတာနဲ့ ဝယ်လာ ခဲ့တာပါ ... မောင်ရယ် ၊ တစ်လုံး ကို ခြောက်ရာ ကျော် ပေးရ ပါတယ် ။ ကား ပေါ် မှာ လူ ရှင်းတုန်း အဒေါ်ကြီး က အထုပ် ကို ကြက်ခြင်း ကွယ်ပြီး ဖြေကြည့် နေတုန်း ဟောဒီ ခြင်းထဲ က ကြက် တစ်ကောင် ခေါင်း ထုတ်ပြီး ဆိတ် ယူ သွား ပါတယ် ။ လုပ်ပေးပါဦး ” ဟု ရှင်းလင်းပြ မှ အဖြစ်အပျက် ကို သဘော ပေါက် လာကြပါသည် ။

ထိုအခါကျ မှ ကျွန်တော် တို့ လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ တချို့ က လည်း ပြုံးစေ့စေ့ ဖြစ်လျက် ၊ တချို့က လည်း အဒေါ်ကြီး ကို သနားသော မျက်နှာ ဖြင့် ကြည့်နေ ကြ ပါသည် ။

စပယ်ယာ က “ ဘယ် ကြက်လဲ ။ အဒေါ်ကြီး စိန် ကို ဆိတ်ယူ သွားတာ ” ဟု မေးသော အခါ …

အဒေါ်ကြီး မှာ ကြက်ခြင်း ကို ကြည့် ပြီး မဝေခွဲ မဆုံးဖြတ် နိုင်သော အမူအရာ ဖြင့် “ အဲ … ခက်ပါပြီ ။ ဘယ် ကြက် မှန်း မသိလိုက်ဘူး မောင် ရဲ့ ။ ခြင်း ထဲ က ခေါင်း ထွက်ပြီး ကွတ်ခနဲ ဆိတ် ယူ သွားတော့ အဒေါ်ကြီး လည်း စိန် ပါ သွား သလား ၊ မသွားလား မသိရဘဲ ကိုယ့် စိန်ထုပ်ကလေး ကို ဘေးဖက် ကို ဖျတ်ခနဲ လွှဲပြီး ထားတယ် ။ နောက်ပြီး စိန်ကလေးတွေ ကို ရေကြည့် နေရတာ နဲ့ ဘယ် ကြက် မှန်း မသိလိုက်ဘူး ” ဟု ပြောရှာ လေသည် ။

ဤတွင်မှ ခက်တော့သည် ။ ခြင်း ထဲ တွင် ကြက်ဖ ၊ ကြက်မ စုစုပေါင်း ခြောက်ကောင် ရှိ လေသည် ။ ဤ ခြောက်ကောင် ထဲ မှ တစ်ကောင် သော ကြက်ကမြင်း သည် ခြောက်ရာ တန် စိန် တစ်လုံး ကို မျိုချ လိုက်လေပြီ ။ ဒေါ်ကြီး မှာ ကား နေမထိ ထိုင်မသာ ဖြစ်လျက် “ လုပ်ကြပါဦး ၊ လုပ်ကြပါဦး ” နှင့် ဟို လူ ကြည့် သည် လူ ကြည့် ဖြစ်နေ တော့၏ ။

ဤကိစ္စ ကား အဒေါ်ကြီး နှင့် ကြက်ပိုင်ရှင်ကု,လား ၏ ကိစ္စသာ ဖြစ်ရာ ဤအချက် ကို သိသော ခရီးသည် တစ်ယောက် က “ ကြက်တွေ ကို အားလုံး ဝယ်လိုက်ပေါ့ ဗျာ ။ အိမ် ကျ မှ ရင်ခွဲ ကြည့် တာပေါ့ ” ဟု အကြံ ပေးရာ၏ ။

ဤတွင် မှ “ ဘယ် ရောင်းနိုင်ပါ့မလဲ ဗျာ ။ ကျုပ် ကြက်တွေ ကို ။ ဒါတွေဟာ ရောင်းဖို့ မဟုတ်ဘဲ ။ အိမ် မှာ မွေးဖို့ တမင် ရွေးဝယ် လာတာပဲ ” ဟု ပြောသံ ကြား သဖြင့် အသံ ကြားရာ ဘက်သို့ အားလုံး ဝိုင်း၍ လှည့်ကြည့် လိုက်ရာ ကြက် ပိုင်ရှင် ဒို့ဗမာမွတ်ဆလင်လူမျိုး လူလတ် တစ်ယောက် ကို တွေ့ကြရပါ၏ ။

“ အောင်မယ် .. မရောင်းလို့ ... ဘယ် ဖြစ်မလဲ ကွဲ့  ။ မင့် ကြက် က ငါ့ ဥစ္စာ ကို မျို ပစ် လိုက်တာပဲ ” ဟု အဒေါ်ကြီး က ဒေါကြီး မောကြီး နှင့် လှည့် ပြောသော အခါ ထို ဗမာမွတ်ဆလင် က အေးအေး ဆေးဆေး အမူအရာ နှင့် ပင် “ ခင်ဗျာ့ ဟာ ကို မျိုတာ မမျိုတာ ကို … ကျုပ်တို့ မသိဘူးလေ .. ကျုပ် ကြက် ကို တော့ ကျုပ် ရောင်းချင် မှ ရောင်းမှာပဲ ” ဟု ပြန် ပြော လေသည် ။

၎င်း ပြောသည် မှာ နည်းလမ်း ပင် ဖြစ်ရာ ကျွန်တော် တို့ လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိ၏ ။

သူ ပြောသည် မှာ ဟုတ်ချေ သည် ။ စိန် ကို မျို သည် ဟု ပြောသည် မှာ အဒေါ်ကြီး သာ ဖြစ်လျက် မျက်မြင်သက်သေ ဟူ၍ ကြက် များသာ ရှိပုံ ပေါ်၏ ။ ကြက်များ ကို မေး၍ လည်း ရမည် မဟုတ်ချေ ။ ခမျာများ မှာ လူတွေ ဝိုင်း လာ လေလေ နေစရာ ထိုင်စရာ မရှိသလို ခြင်း ထဲ တွင် တကွတ်ကွတ် ဖြင့် ကြိတ်ကြိတ် တိုး ၍ သာ နေကြ လေသည် ။

“ ဟာ .. ခင်ဗျား မရောင်းလို့ ဘယ် ဖြစ်မလဲ ။ နည်းလမ်း မကျတာပဲ ။ ခင်ဗျား ကြက် က သူ့ စိန် အဖိုးတန်ကြီး မျို ထားတဲ့ ဥစ္စာ ကို ။ ခင်ဗျာ့ ကြက် က ဘယ်လောက်များ တန်သလဲ ။ မသကာ တစ်ကောင် သုံးကျပ် ပေါ့ ” ဟု စပယ်ယာ က ငေါက်ဆတ်ဆတ် ပြော လိုက်သော အခါတွင် ထို ကြက်ရှင် မောင်ဗမာမွတ်ဆလင် က သာ၍ ပင် အေးဆေးသော အမူအရာ ဖြင့် ...

“ အလို ... ကျုပ် ကြက် နှစ်ပြား ပဲ တန်တန် ၊ သူ က စိန် ကို မျိုပစ် လိုက်တယ် ဆိုတာ နဲ့ ရောင်းရ မှာလား ။ ဒါလောက် ခရီးကြမ်း တဲ့ အထဲ မှာ ဒုက္ခ ခံပြီး ယူ လာတာ လမ်း မှာ ရောင်းပစ်ဖို့မ မဟုတ်ဘဲ ” ဟု ငေါက်ဆတ်ဆတ် ပင် ပြန် ပြော၏ ။

စပယ်ယာ မှာ မျက်လုံးကြီး ပြူး၍ ကြည့် နေ၏ ။ ပါးစပ် လည်း လှုပ်လှုပ် လှုပ်လှုပ် နှင့် နေ သော်လည်း ဘာတွေ ပြောသည် ကို ကား အသံ မထွက် သဖြင့် မည်သူမျှ မကြားချေ ။ အဒေါ်ကြီး မှာ ထိုအခါတွင် ဒေါပွ လာ ကာ ..

“ အောင်မာ …. မင်း က မောက်မောက်မာမာ ရှိ လိုက်တာ ၊ မင်း ဒါလောက် တောင် ခေါင်းမာ နေရင် ငါ က ငါ့ တူ ဗိုလ် ( - - ) ကို သွား ပြောမှာပဲ သိလား ” ဟု ထိုအခါ က နာမည်ကြီး ဗိုလ် တစ်ယောက် ၏ အမည် ကို ပြောလေသည် ။ ကျွန်တော်တို့ အားလုံး လည်း အဘယ်သို့ ဖြစ်လာဦးမည်နည်း ဟု စိတ်ဝင်စား လာ ပြန်၏ ။ ကြက်ရှင် က တုန်လှုပ်ပုံ မပေါ် ။

“ အမယ်လေး ... ဗိုလ် ( - - ) ကို လည်း ကျုပ် က သွား တိုင် မှာပါပဲ ၊ ခင်ဗျား ကျုပ် ကို မတရား လုပ်ရင်တော့ ” ဟု ပြန်ပြော၏ ။ သူ ပြောသူ မှာ လည်း အရာရောက်သူ တစ်ဦး ဖြစ်နေ ပြန်၏ ။

ခက်နေပြီ ။ အပျက်ပျက် နှင့် အဒေါ်ကြီး မှာ စိန် ဆုံး ရတော့မည် ပုံ ပေါ် နေ၏ ။ အဒေါ်ကြီး မှာ မကြံသာတော့ သကဲ့သို့ ဟိုကြည့် သည်ကြည့် နှင့် ရှိ နေပြီး ငိုတော့မည့် မျက်နှာ နှင့် တစ်ဖန် ကြက်ရှင် ဘက် သို့ လှည့်လာ ပြန်ကာ

“ ရောင်းပါ မောင်ရင် ရယ် ... မောင့် ကြက် တစ်ကောင် ကို တစ်ဆယ် ပေး ပါ့မယ် .. ရော့ပါ ငွေ ခြောက်ဆယ် ” ဟု အင်္ကျီအိတ် အတွင်း သို့ လက်နှိုက် လေ ရာ ကြက်ရှင် က

“ မရောင်းနိုင်ပါဘူးဗျာ ။ ကျုပ် ကြက် ရောင်းဖို့ မဟုတ်ပါဘူး ဆိုနေမှ ပဲ ” ဟု ခေါင်း တခါခါ နှင့် ပြော လေသည် ။ ထိုအခါတွင် မှ ကျွန်တော်တို့ လည်း ကြက်ရှင် ၏ မရိုးသားသော စိတ်သဘော ကို ရိပ်မိ လာကြ၏ ။ အဖိုးတန် စိန် ကို မျိုသော ကြက် ဖြစ် သဖြင့် ကြက်များ ကို မရောင်းဘဲ အိမ် ကျ မှ ရင်ခွဲပြီး ယူရန် အကြံ ရှိ၍ သာ မတန်တဆ အဖိုး ပေး သော် လည်း မရောင်းဘဲ ခေါင်းမာ နေခြင်း ဖြစ်ချေသည် ။

အဒေါ်ကြီး ခမျာ မှာ ကား ငိုမဲ့ ငိုမဲ့ နှင့် “ တောင်းပန် ပေးကြပါဦး ရှင် ။ ကျုပ် စိန်ကလေး ဘာလိုလို နဲ့ ဆုံးနေပါဦးမယ် ” ဟု ပြောရှာ သဖြင့် ကျွန်တော်တို့ အားလုံးပင် ဝိုင်း၍ ကြက် ကို ရောင်းရန် တောင်းပန် ပေးကြ၏ ။ သို့သော် ထိုကု,လား ကား တောင်းပန်၍ မရတော့ချေ ။

ကျွန်တော် မှာ ကြက်ခြင်း ထဲ ရှိ ကြက်များ ကို ဂရုပြု ၍ ကြည့်မိရာ တခြား ကြက်များ လောက် တကွတ်ကွတ် မတိုးနိုင် ရှာ ဘဲ ထောင့် တစ်ထောင့် တွင် ခပ်ကုပ်ကုပ် ငြိမ် နေသော ကြက် မတမ်းမ, တစ်ကောင် ကို တွေ့ရသဖြင့် စိတ် ထဲ က “ ဧကန္တ စိန် ကို မျိုတာ ဒီ ကြက်မ ဖြစ်မှာပဲ ” ဟု တထစ်ချ တွေးမိ ပြီး စိတ် ထဲ ၌ မရိုးမရွ ဖြစ်လာတော့၏ ။ တခြား သူများ ကို လှည့် ကြည့် လိုက်သော အခါတွင် ထို ညောင်နာနာ ကြက် ကို ဂရုစိုက် ၍ ကြည့်နေသူ ကား ကျွန်တော် သာ မဟုတ် ။ ကားစပယ်ယာ မောင်ဟဝှာ ပါ ဖြစ်ကြောင်း တွေ့ရလေသည် ။ သူ လည်း ရိပ်မိ မှာ ပဲ ။

ထိုအခိုက် အဒေါ်ကြီး က ကြက် တစ်ကောင် ကို သုံးဆယ် အထိ တိုး၍ ပေး နေ သော်လည်း ကု,လား မှာ မရောင်း ဟု အတွင် သာ ငြင်းဆန် နေလေသည် ။ ခက်ချေတော့၏ ။ ဥပဒေ အရ ဘာမျှ မတတ်နိုင် ။ အနိုင် လည်း မကျင့်နိုင် ဖြစ်နေကြစဉ် ကု,လားသည် အတန်ငယ် စဉ်းစားသော အမူအရာ ဖြင့် ငြိမ်နေ ပြီး မှ ...

“ ကဲ ... ကျွန်တော် ပြောမယ် နော် ... ဒီ ကြက်တွေ ကို ကျွန်တော် လေလံ ပစ်မယ် ။ ပို ပေးတဲ့ လူ ရောင်းမှာပဲ ။ အဒေါ်ကြီး တစ်ယောက် တည်း ကိုတော့ မရောင်းနိုင်ဘူး ။ အားလုံး သဘောတူ ကြရဲ့ မဟုတ်လား ” ဟု ကျွန်တော်တို့ ဘက် လှည့် ၍ မေးလေသည် ။

ကျွန်တော်တို့ လည်း ဒုက္ခ တွေ့ နေသူ တစ်ဦး ၏ ပစ္စည်း ကို အချောင် နှိုက် ရန် ဝါသနာ မပါသော ပြည်ထောင်စုသားများ ပီပီ ...

“ ဟုတ်တယ် ... ဟုတ်တယ် ... အဲဒီ အကြံ ကောင်းတယ် ။ အဲဒါ တရား သဖြင့် ထိုက်သူ ရမှာပဲ ” ဟု တစ်ယောက် တစ်ပေါက် ဝိုင်း ၍ ပြောကြ၏ ။ အဒေါ်ကြီး ခမျာ မှာ ကား ခိုကိုးရာမဲ့ ဖြစ်၍ နေရှာ လေတော့သည် ။

သို့နှင့် မော်တော်ကား ဘီး ကို အသာ ထား၍ “ မူလကျီ လေလံပွဲကြီး ” စ လေ တော့သည် ။ ကြက်ကု,လား က ခြင်း ထဲ သို့ နှိုက် လိုက်သော အခါ ကျွန်တော် နှင့် စပယ်ယာ တို့ ဂရုပြု၍ ကြည့် ထားသော ကြက်နာမ မှာ တခြား ကြက် လို ရုတ်တရက် မရှောင်နိုင် သဖြင့် ဆွိခနဲ ပါ၍ လာလေသည် ။ ကျွန်တော် မှာ ကား စိန် ကို အသေအချာ မျို ထားသော ကြက် ပါလာပြီ ဟု ရိုးတိုး ရွတ ဖြစ်လာတော့၏ ။ စပယ်ယာ လည်း ကျွန်တော် ကဲ့သို့ ပင် စိတ်အား ထက်သန် နေသည် ကို တွေ့ရ လေသည် ။

“ ကဲ ... ဟောဒီ ကြက် ဘယ်လောက် ပေး မလဲ "

ကျွန်တော် မှာ လောဘ စိတ် တိုက်တွန်း နေလေပြီ ။ အသေအချာ ခြောက်ရာ တန် စိန် တစ်လုံး မျို ထားသော ကြက် ကို လက် မလွတ် စေရန် “ သုံးဆယ့်ငါးကျပ် ပေးမယ် ” ဟု အော် လိုက်၏ ။

ကားစပယ်ယာ က ကျွန်တော့် ကို မျက်စောင်း ထိုး ပြီး “ လေးဆယ် ” ဟု အော်၏ ။

ကျွန်တော် “ လေးဆယ် ငါးကျပ် ”

စပယ်ယာ “ ငါဆယ် ”

ကျွန်တော် “ ခြောက်ဆယ် ”

စပယ်ယာ “ ခုနစ်ဆယ် ”

ဤတွင် ကျွန်တော် ကုပ်၍ သွားတော့ ၏ ခုနစ်ဆယ် ထက် ကျွန်တော် ပို မပေး နိုင်ချေ ။ ကြက်ကု,လား လည်း တစ်ကြိမ် နှစ်ကြိမ် နှင့် အော်ပြီး စပယ်ယာ ကို ကြက် ပေး လိုက်လေသည် ။ စပယ်ယာ သည် ကြက်ဖိုး ခုနစ်ဆယ် ကို ကား ရှေ့ခန်း ထဲ မှ သွား၍ ယူပြီး ပေးချေ ကာ ကြက် ကို ကိုင်လျက် ကား ရှေ့ဖက် သို့ ထွက် သွား ၏ ။

ကြက်ကု,လား က တခြား ကြက်များ ကို လေလံ ဆက်၍ ပစ်ရန် ပြင်ဆင် နေစဉ် ကား ရှေ့ပိုင်း ဆီ မှ “ ကွတ်ကွတ် ဖျပ်ဖျပ် ” နှင့် အသံ ကြား ရ သဖြင့် သွားရောက် ကြည့် မိရာ စပယ်ယာ ကြက်သေကောင် ကို ကိုင် ထားပြီး ဒရိုင်ဘာ က မောင်းချဓား တစ်ချောင်း ဖြင့် ရင် ကို ခွဲ ရန် အသင့်ပြင် နေ သည် ကို တွေ့ရ လေသည် ။ မြန်ဆန်လှသူများ ပေ တကား ။

အားလုံး ထို ကြက်သေကောင် ဖျက် ရာ သို့ ပြေး၍ ကြည့်ကြ လေသည် ။ ဒရိုင်ဘာ လည်း အလွန် ကျင်လည်စွာ ကြက်သေကောင် ကို အူသိမ် အူမ, အစာအိမ် မကျန် ဓား ဖြင့် မွှေနှောက် ရှာဖွေ၏ ။ ရေ လည်း ဆေး ကြည့်၏ ။ သို့ရာတွင် စိန် နှင့် တူသော အရာ ဟူ၍ ဘာမျှ မတွေ့ရ ၊ ကြက်ချေးစော် နံသည် သာ လျှင် အဖတ်တင် ရရှာ လေသည် ။ ကျွန်တော် ကား ဝမ်းသာ လိုက်သည့် ဖြစ်ခြင်း ။

လေလံပွဲ ဘက် သို့ အားလုံး ပြန်လှည့် လာ ကြ၏ ။ စိန် မျိုသော ကြက် ကား ဤ ကျန် ကြက်ငါးကောင် မှ တစ်ကောင် ကောင် ဖြစ်ရတော့မည် ။ ပိုမို၍ စိတ်အား ထက်သန် လာ ကြ၏ ။ သို့ရာတွင် ခက်ပြန်သည် ကား ကြက်ကု,လား က

“ ခင်ဗျားတို့ ခုလို ချက်ချင်း ကြက် ကို သတ်ရင် ကျုပ် ကြက်တွေ ဘယ် ရောင်းရ တော့ မလဲဗျ ။ အဲဒီလို သ,တ် ရင်တော့ ကျုပ် မရောင်းနိုင်တော့ဘူး ” ဟု ပြောခြင်း ဖြစ်လေသည် ။

အင်း ဤ အချက်လည်း ဟုတ်ပေသည် ။ အကယ်၍ စိန် ကို မျို သော ကြက် ကို တစ်ယောက် ယောက် က ရ သွား ၍ ချက်ချင်း ရင် ကိုခွဲ ကြည့်ပြီး လိုက်လျှင် ကြက်များ ကျန်နေသေးပါ က တစ်ကောင် လျှင် ၃ိ သို့ လျှောကျ သွား ပေမည် ။ ထို့ကြောင့် အဒေါ်ကြီး မှ အစ , အားလုံးပင် ကြက် ကို ကား ပေါ် တွင် မခွဲရ ။ တခြား နေရာ သို့ ယူသွားမည် ဟု စည်းကမ်းချက် အာမဝန်တာ ခံ ကြပြီး လေလံပွဲ ကို ဆက်၍ ကျင်းပပြန် လေသည် ။

လေလံ တွင် အဒေါ်ကြီး လည်း တစ်ကောင် မကျန် လိုက်၍ ဆွဲရှာ ပါ သေး၏ ။ သို့ရာတွင် အခြားသူများ ကဲ့သို့ ရက်ရက်ရောရော အဖိုး မပေး နိုင်ရှာ သဖြင့် တစ်ကောင် မျှ မရချေ ။ ကြက် တစ်ကောင် ၏ အမြင့်ဆုံး တန်ဖိုး မှာ တစ်ရာ ဖြစ်၏ ။ အနည်းဆုံး ကား ခုနှစ်ဆယ် ဖြစ် လေသည် ။

သို့နှင့် ကြက်ကု,လား မှာ ကြက် ခြောက်ကောင် အတွက် ငွေ ငါးရာ ခန့် ရ၍ သွား လေသည် ။ ကြက် ရသောသူ များ မှာ ကြက်ကလေးများ ကို အလွန် အဖိုး ထိုက်တန်သော ရွှေဟင်္သာငှက်များ ကို ရဘိသည့် အလား တယုယု တယယ နှင့် ပိုက်ထား ကြပြီး ကားကြုံ ကို သာ မျှော်၍ တမော့မော့ ရှိနေကြသည် ကို ကျွန်တော် အကဲခတ် မိ သဖြင့် ဝမ်း ထဲ မှ ပြုံး မိ၏ ။

ပေါက်ဖော်ကြီး တစ်ယောက် မှာ ကား ကြက် ကို လက် တွင် ပိုက် ကာ လွတ်နေသော လက် ဖြင့် ကြက်ဇလုတ် ကို တစမ်းစမ်း ရှိနေ၏ ။ စပယ်ယာ နှင့် ဒရိုင်ဘာ တို့ လည်း ဆဲရင်း ဆိုရင်း ကားဘီး ကို ပြင်မြဲ ပြင်ကြ လေ တော့သည် ။

မကြာမီ ပြည် ဘက် မှ မော်တော်ကား တစ်စီး ပေါက် ၍ လာရာ ကြက်သမားများ မှာ ကား ကို ရပ်ပြီး အထုပ်ကလေးများ ကိုယ်စီ ဆွဲလျက် အဖိုးငွေ နှစ်ဆ ကျော် ပေးပြီး ရန်ကုန် သို့ လိုက်ရပါမည့် အကြောင်း တောင်းပန်ပြီး အတင်း တိုး ၍ တက်ကြတော့သည် ။

အဒေါ်ကြီး လည်း ၎င်းတို့ နှင့် တစ်ပါတည်း လိုက်ကာ ၎င်း ၏ ရန်ကုန် လိပ်စာ ကို ကြက်ပိုင်ရှင်များ အား တတွတ်တွတ် ပြောလျက် “ တွေ့လျှင် ပြန်ပေးကြပါနော် ” ဟု တစ်ဦး စီ တောင်းပန် နေ သော်လည်း တချို့ကား မကြား ချင် ယောင် ဆောင် နေကြ၏ ။ တချို့လည်း ဝတ်ကျေဝတ်ကုန် အဖြေ ပေး ကြ၏ ။

အထက်ပါ အဖြစ်အပျက် ကို ကျွန်တော် လည်း မေ့ပျောက် လု မတတ် ဖြစ်၍ နေ လေပြီ ။ သို့ရာတွင် ထူးဆန်းသော အချက် တစ်ချက် ကို မကြာမီ က မှ တွေ့ရ သဖြင့် စိတ် ၌ သို့လေ ... သို့လော ဖြစ်ပေါ် လာ ရ ပြန်၏ ။

မကြာမီ က ကျွန်တော် ကိစ္စ တစ်ခု နှင့် ရန်ကုန် သို့ ရောက် သဖြင့် အင်္ဂလိပ်ရုပ်ရှင် တစ်ရုံ တွင် ဝင်၍ ကြည့်ရာ ကျွန်တော့် ရှေ့တန်း ၌ စုံတွဲ တစ်တွဲ တွဲ၍ ထိုင် နေသည် ကို တွေ့မိ၏ ။ အားလပ်ချိန် တွင် တပိုတပါး သွားရန် အပြင် သို့ ထွက်ပြီး ပြန် အဝင် တွင် ကျွန်တော့် ရှေ့ က စုံတွဲ မှာ တခြား မဟုတ် ။ ကြက် လေလံ ပစ်သော ဗမာမွတ်စလင် လူလတ် နှင့် စိန် ကို ကြက် အမျို ခံရသည် ဟု ဆိုသော အဒေါ်ကြီး တို့ ဖြစ်နေကြောင်း တွေ့ရပါသည်  ။ ကျွန်တော် ကား ရုပ်ရှင် နောက်ပိုင်း ကို ကောင်းစွာ မကြည့်နိုင် တော့ ချေ ။ ကြက်လေလံ မပစ်မီ က ပင် ညား နေသော လင်မယား လော ၊ ကြက်လေလံ ပစ် ပြီးမှ ညား နေ သော လင်မယား လော ဟူသော ပြဿနာ ကို သာ အဖန်ဖန် သုံးသပ် နေမိပါ သတည်း ။

◾သိပ္ပံစိုးလှ

📖 ရှုမဝ မဂ္ဂဇင်း

📖 အောက်မေ့ဖွယ် ဟာသဝတ္ထုများ ( ၅ )

#ကိုအောင်နိုင်ဦး

.

Sunday, June 5, 2022

တစ်သက်လုံး ဖုံးသမျှ


 

❝ တစ်သက်လုံး ဖုံးသမျှ ❞

အပြင်၌ မိုးတစိမ့်စိမ့် ရွာ ၍ နေလေရာ ကျွန်တော်တို့ နှစ်ယောက် သောက် ၍ နေသော တရုတ်ဆေးစိမ်အရက် ကို ပို၍ အရသာ ရှိအောင် ဖန်တီးပေး သကဲ့သို့ ရှိလေ၏ ။ ကျွန်တော့် အဖော်ကား အခြားသူ မဟုတ် ။ ဘကြီးဘိုးပြော့ ဖြစ်၏ ။ တနင်္ဂနွေ နှစ်ပတ် လျှင် နှစ်ကြိမ် သုံးကြိမ် လောက် ကျွန်တော် နှင့် ဘကြီးဘိုးပြော့ တို့သည် တရုတ်လောရှုတ် ၏ တိတ်တိတ်ပုန်း အရက်ဆိုင် တွင် ကျွန်တော်တို့ အတွက် စပယ်ရှယ် တရုတ်ဆေး စိမ်ထားသော အရက် ကို သောက်လေ့ရှိကြ၏ ။

ဘကြီးဘိုးပြော့ ကား အသက်ခြောက်ဆယ် ကျော် လေပြီ ။ သို့ရာတွင် သူ ကြိုက် တတ်သော အရက် ကို ကား အလျှော့ မပေးသေးချေ ။ ဝါသနာတူ ဖြစ်သော ကျွန်တော် နှင့် လေပေး ဖြောင့် သောကြောင့် ယစ်မျိုးရာဇဝတ်အုပ် ကိုစံကျော် ၏ အမိန့် အရ တိတ်တိတ်ပုန်း ခိုး ရောင်းသော မြို့အစွန် ရှိ လောရှုတ် ၏ ဆေးစိမ်အရက်ကို အတူ သောက်ရင်း ဘကြီးပြော့ ၏ ရှေးဟောင်းနှောင်းဖြစ်ကလေးများ ကို နားထောင် ရ သည် မှာ ယခုကဲ့သို့ မိုးဦးကျ ညနေပိုင်း ၏ ဇိမ် တစ်မျိုး ပင် ဖြစ်တော့သည် ။

မိတ်ဆွေ တို့ လောရှုတ် ၏ စပယ်ရှယ် ကို ကျွန်တော် တို့ မြို့ကလေး သို့ ရောက်သည့်အခါ မြည်း ၍ ကြည့်ကြစမ်းပါ ။ ဝါရင့်ပြီးသော ဘကြီးပြော့ နှင့် ကျွန်တော် တို့ နှစ်ယောက် သည် ပင် လျှင် တစ်ပိုင်း ကုန်သော အခါ ရေချိန် ကိုက် ၍ လာ ကြပါပြီ ။ လောရှုတ် သည် မိုးရွာ နေသဖြင့် လူပါး သောကြောင့် ထောင့် တစ်ထောင့် ရှိ ခွေးခြေပေါ် ၌ ထိုင်ပြီး ဝါးလုံးဆေးတံကြီး ကို တဂွပ်ဂွပ် နှင့် ရှူရင်း ပြည်သူ့ဒီမိုကရေစီအစိုးရ တည်ထောင်ပြီး ဖြစ်သော တရုတ်ပြည်သစ် အကြောင်း ကို တွေး၍ နေဟန်ရှိ၏ ။ ထိုအခိုက် ဆိုင်ရှေ့ ပေတစ်ရာ ပေါ်၌ မှုန်မွှား ညနေဆည်းဆာ တွင် ခမောက်အကြီးကြီး တစ်ခု ကို နှစ်ယောက် အတူတူ ဆောင်းပြီး မိုး ကို ရမယ် ရှာ ကာ တစ်ယောက် ခါး တစ်ယောက် ဖက် ၍ လျှောက်သွားသော လုံမပျိုတစ်ယောက် နှင့် လုလင်ပျိုတစ်ယောက် ကို ကျွန်တော် တို့ မြင်လိုက်ကြရာ ဘကြီးပြော့ က ပြုံးဖြီးဖြီး လုပ်ရင်း ...

“ အင်း ဒီလို ဟာကလေးတွေ တွေ့တော့ တို့ ငယ်ငယ် က တွေ့ဖူး ကြားဖူးတာကလေးတွေ သတိ ရသေးတော့ ကွယ် ”

ဟု ပြောကာ ဖန်ခွက် ကို ယူပြီး မော့လိုက်ပါသည် ။ ကျွန်တော် လည်း ထို ဒီဂရီ တွင် ရှေးဟောင်းနှောင်းဖြစ် ကလေးများ ကို ပြောလေ့ ရှိသော ဘကြီးပြော့ ၏ အကြောင်း ကို သိရှိထားရာ ..

“ ပြောပါဦး ဘကြီးပြော့ရဲ့ ။ ဘကြီးပြော့ ကြားဖူး ၊ တွေ့ဖူးတာ ကလေးတွေ ကို အပျင်းပြေ နားထောင်ရအောင် ”

ဟု အားပေးလိုက်ရာ အောက်ပါအတိုင်း အဘိုးကြီး က ပြောပြပါတော့သည် ။

“ ဒီလိုကွဲ့ ဒီလို ။ တို့ အသက် နှစ်ဆယ် ကျော် လောက်တုန်းက အနောက်ဘက် ရှားတောချောင်းကမ်းဘေး က လင်းလွန်းပင်ရွာ မှာ သူငယ် တစ်ယောက် ရှိတယ် ။ ( လင်းလွန်းပင် မှာ ကျွန်တော်တို့ မြို့နှင့် လေးမိုင် ခန့် ဝေးပါသည် ) သူ က အဲဒီ အခါတုန်း က ရွာ မှာ ကြေးရတတ် မိဘများ ရဲ့ သား ဖြစ်ပြီး ညီအစ်ကို မောင်နှမ မရှိဘူး ။ နာမည် ကတော့ မောင်ဘိုးသာ ထားကြပါစို့ ကွာ ။ အလုပ်အကိုင် ကတော့ အဲဒီ့ ချောင်းကမ်းနံဘေးတစ်လျှောက် မှာ ကြံခင်းကြီး အကြီးအကျယ် လုပ်ပြီး ကြံဖောက်သည် ပေးတာပဲ ။ အတော်ကလေး လည်း စီးပွား ဖြစ်ပါတယ် ။ သူငယ် က အလုပ်အကိုင်လည်း ကောင်း ၊ ရိုးလည်း ရိုးတယ် ။ ပစ္စည်း ပစ္စယကလေး နဲ့ ဆိုတော့ လိုချင်တဲ့ မိန်းမတွေ အပုံ ပေါ့ကွယ် ။ ဒါပေမဲ့ မိဘတွေ က ပေးစား ချင်တာတောင် သူ က မိန်းမ လို ချင်စိတ် မရှိသေးဘဲ အလုပ် ကို ပဲ ကြိုးစားပြီး လုပ်နေတယ် ”

“ ဒါနဲ့ ဆိုကြပါစို့ကွယ် ၊ တစ်နေ့တော့ ကြံခင်း ကို လျှောက် ကြည့်ရင်းနဲ့ ရွာ နဲ့ တော်တော်ဝေးတဲ့ တောစပ်ကလေး ကို ရောက် သွားတယ် ။ အချိန်ကလည်း နေဝင်ခါ နီးနေပြီ ။ တောစပ်ကလေး ရောက်တော့ “ အမယ်လေး ” လို့ မိန်းကလေး အော်သံ တစ်ခု ကို ရုတ်တရက် ကြား လိုက်ရပြီး တိတ်သွားတော့ မောင်ဘိုးသာ လည်း လက်ထဲ မှာ ပါတဲ့ ဝါးရင်းတုတ် ကို တင်းတင်းကျပ်ကျပ် ဆုပ်ပြီး အသံ ကြား ရာ ဘက် သို့ ပြေး သွားသတဲ့ ။ တော်တော်ကလေး ပြေး မိတော့ လား .. လား …. မိန်းကလေး တစ်ယောက် မြေပေါ် မှာ တုံးလုံး လဲ နေတာ တွေ့ ရသတဲ့ ။ ပထမတော့ မောင်ဘိုးသာ ဟာ မိန်းကလေး ပဲ သတိ ထားပြီး မြင်ရတာပေါ့ ။ နောက် အနီးအပါး ကို ကြည့် လိုက်တော့ မိန်းကလေး နဲ့ တစ်လံ ကျော် ကွာ လောက် မှာ မြွေဟောက်ကြီး တစ်ကောင် ပါးပျဉ်းကြီး ထောင်လျက်သား နဲ့ တွေ့ ရသတဲ့ ။ ဒီတော့မှ မောင်ဘိုးသာ လည်း အဲဒီ မြွေကြီး ကို လန့်ပြီး မိန်းကလေး အော် တာပဲကိုး လို့ တွေး မိပြီး သူ့ ဝါးရင်းတုတ်ကြီး နဲ့ မြွေ ကို တီးလိုက်တာ မြွေ လည်း သေသွားပါလေရော ။ နောက် ခြေ ကိုင် ရမလို ၊ လက် ကိုင် ရမလို နဲ့ မိန်းကလေး ဖြစ်နေတော့ သူလည်း အူကြောင်ကြောင် ဖြစ်နေတာပေါ့ ကွာ ။ နေ ကလည်း ဝင် ပြီ ။ မှောင်တော့မလို ဖြစ် နေပြန်တော့ နောက်ဆုံး မှာ မိန်းကလေး အနား ကို သွားပြီး ပွေ့ထူ လုပ်ရတော့တာပေါ့ ကွာ ။ သူ့ ကိုယ်ငွေ့ ကြောင့် လားမသိ ကောင်မလေး ဟာ သူ့ ရင်ခွင် ထဲ ရောက်ကရော သတိ ပြန် ရလာပြီး မျက်လုံးကလေး ကလယ်ကလယ် ဖြစ်နေရှာသတဲ့ ။ ဒါနဲ့ တိုတို ပြောကြပါစို့ကွာ ။ မိန်းမပျိုကလေး ဟာ တခြား က မဟုတ်ဘူး ၊ စည်ပင်သာရွာ လယ်ပိုင်ရှင် ဦးထွန်းဦး ရဲ့ သမီးကလေး မယ်မြင့် လို့ သိ ရတာနဲ့ သူ့ ရွာ ကလည်း မနီးမဝေးမို့ လိုက် ပို့လိုက်ရတယ် ။ ဟင်းရွက်ခူး လာရင်း မြွေဟောက် နဲ့ တွေ့ပြီး လန့်သွားတာ ဆို ကိုး ကွ ”

“ တစ်ဦး မေတ္တာ တစ်ဦး မှာ ဆိုသလိုပေါ့ကွာ ။ မောင်ဘိုးသာ လည်း အဲဒီ မယ်မြင့် ကို ပွေ့ လိုက်ရတာနဲ့ နုံးချည့် နုံးချည့် ဆိုတဲ့ အတိုင်း မယ်မြင့် ကလည်း အ‌ပွေ့ ခံ ရတာ နဲ့ ပဲ ကူလီ ကူမာတွေ ဖြစ်ကြတော့တယ်ထင်ပါရဲ့  ။ နောက်ဆုံး ... လူကြီးချင်းတွေ လည်း တစ်ယောက် တစ်ယောက် ငြင်းစရာ မရှိသူတွေ ဖြစ်ပြီး မယ်မြင့် တို့ အိမ် ကို မောင်ဘိုးသာ ဟာ ဝင်လိုက် ထွက်လိုက် နဲ့ သူတို့ နှစ်ယောက် ကို ပေးစား မလို့ ရက်တွေ ဘာတွေ ချိန်း လိုက်ရတာပေါ့ကွာ ”

“ မောင်ဘိုးသာ ဟာ မယ်မြင့် တို့ အိမ် ကို သွား သွားနေတော့ မယ်မြင့် မှာ မယ်တင့် ဆို တဲ့ ညီမ တစ်ယောက် ရှိသေးတယ် ဆိုတာ သိ ထားတယ် ။ အဲဒီ မယ်တင့် ဟာ လည်း ပြည်မြို့ က အရီးတော် တစ်ယောက်ဆီ ကို သွားပြီး ကူဖော်လောင်ဖက် ဆိုသလို သွား နေတယ် ဆိုတာ သိ ရတယ် ။ မယ်မြင့် ဟာ မပြုမပြင် နဂိုယဉ်မိန်းမချော မိန်းမလှကလေး ဆို တော့ မောင်ဘိုးသာ က .. သူ့ ခယ်မလောင်း မယ်တင့် ဟာ ဖြင့် မယ်မြင့် လောက် လှ မှာ မဟုတ်ဘူးနော် လို့ ပြောတဲ့ အခါ မယ်မြင့် က ပြုံးပြုံးကလေး လုပ်ရင်း .. “ သူ့ မြင်တော့ သိမှာပေါ့ တော် ” လို့ ပြော သတဲ့ ”

“ ဒီလိုနဲ့ နေကြရင်း တစ်နေ့တော့ မောင်ဘိုးသာ ဟာ မယ်မြင့် တို့ အိမ် ရောက် သွားတော့ သူတို့တစ်အိမ်သား လုံး တလှုပ်လှုပ် တရွရွ နှင့် ဖြစ် နေတာကို တွေ့ ရတယ် ။ အကြောင်းကို မေး ကြည့်တော့ မယ်မြင့် တို့ အမေကြီး က “ မယ်တင့် ရယ် ပြန်လာပြီလေ ။ မနက် က ပဲ ပြန် ရောက်တယ် ။ နောက်ဖေးမှာ ရှိတယ် ဟေ့ .…. မယ်တင့် ” လို့ လှမ်း ခေါ်လိုက်တော့ နောက်ဖေး က ထူးသံ ကြားပြီး မယ်တင့် ဟာ အိမ်ရှေ့ကို ရောက် လာသတဲ့ ။ မယ်တင့် ကို မြင် လိုက်တော့ မောင်ဘိုးသာဟာ အတော်ကြီး အံ့အား သင့် သွားတယ် ။ ဘာပြုလို့လဲ ဆိုတော့ မယ်တင့် ဟာ မယ်မြင့် နဲ့ တစ်ထေရာတည်း တူပြီး ဘယ်လိုမှ ရွေး မရအောင် ဖြစ်နေသတဲ့ ။ အမယ်ကြီး က ရယ်ပြီး ... “ မယ်တင့် နဲ့ မယ်မြင့် ဟာ အမြွာပူး မွေးတာ ကွဲ့ ။ ငါ တောင် မှ အခုထက်ထိ သေသေချာချာ ခွဲပြီး မသိဘူး ။ ဟဲ့ .. မယ်တင့် အဲဒါ ညည်း ခဲအိုလောင်း မောင်ဘိုးသာ လေ ” ဆိုပြီး မိတ်ဆက် ပေးသတဲ့ ”

“ မောင်ဘိုးသာ ကလည်း မယ်တင့် က ရယ် ပြီး နှုတ်ဆက် တော့ မယ်မြင့် နဲ့ တစ်ထေရာ တည်း ဖြစ်နေလို့ သာပြီး အံ့သြ သွား ပြန်တာပေါ့ကွာ ”

“ အဲဒီ့ နောက်မှာ တို့ မောင်ဘိုးသာ မှာ တော်တော်ပဲ စိတ် အနှောင့်အယှက် ဖြစ်နေတော့တာပေါ့ကွာ ။ သူ ချစ်တဲ့ ရည်းစား ဟာ အခုမှ နှစ်ကိုယ်ခွဲပြီးသား ဖြစ်နေတော့ ယောင်ချာချာ ဖြစ် နေတဲ့ အပြင် မယ်တင့် က လည်း မောင်ဘိုးသာ ကို တွေ့တော့ ဘာကလိုတိုတို ဆိုတာ လို ပေါ့ကွာ ။ မင်းတို့ သိ တဲ့ အတိုင်း အဖို နှ င့်အမ ဆိုတာ တွေ့ ဖန် မြင် ဖန် များ ပြန်တော့ လည်း အခက်သားကပဲ ”

ဘကြီးပြော့ သည် ပြောရင်း နှင့် အရက်တစ်ကျိုက် ကို မော့ ချလိုက်ပြီး နောက် ...

“ မယ်မြင့် လည်း သူ့ ညီမနဲ့  သူ့ ခင်ပွန်းလောင်း မျက်စိ ကစား တာ တွေ့မြင် ရတော့ ရိပ်မိ ပုံ ရသတဲ့ ”

“ ဒီလိုနဲ့ မကြာခင်ပဲ မယ်မြင့် နဲ့ မောင်ဘိုးသာ တို့ မင်္ဂလာ ဆောင် မယ့် ရက် ဟာ နီးနီးလာတော့တာပေါ့လေ ။ တစ်နေ့တော့ သူတို့ ရွာသူရွာသားတွေ ရေ ချိုး နေကျ ဖြစ်တဲ့ သရက်တိုက် ထဲ က ရေကန်ကြီး ကို ထုံးစံအတိုင်း ညီအစ်မ နှစ်ယောက် ရေ ချိုး ရအောင် သွား ကြသတဲ့ ။ အဲဒီ ရေကန်ကြီး ဟာ အခုလည်း ရှိသားပဲ ။ တော်တော် ကျယ်တယ် ၊ နက်လည်းတော်တော် နက်တယ် ။ သူတို့ နှစ်ယောက် သွား ပြီး တော်တော် ကြာ တော့ မယ်မြင့် ဟာ ထဘီရင်ရှား နဲ့ အူယားဖားယား ပြေး လာပြီး မယ်တင့် ရယ် ရေ ထဲ နစ်သွားတာ ပြန် ပေါ် မလာတော့ဘူး ၊ သူ လည်း ဆယ် တာ မရတော့ဘူး ဆိုပြီး ရွာ ထဲ ကို ပြေးလာသတဲ့ ။ ရွာ က လူတွေ အပြေးအလွှား လိုက် သွားပြီး ရှာ ကြတော့ မယ်တင့် အလောင်း ကို ရ ကြတော့တယ် ”

“ မိဘတွေ လည်း မယ်တင့် ရေ နစ်ပြီး သေတော့ သောက ပရိဒေဝမီး တောက်လောင်ပြီး ယူကျုံး မရ ဖြစ် ကြရတော့ တာပေါ့ကွာ ။ မင်္ဂလာဆောင် ကိစ္စ ကို လည်း ဘယ် စီမံ နိုင် ကြတော့မလဲ ။ ရက် ရွှေ့ပြီး ချိန်း လိုက်ရတော့တာပေါ့ ”

“ မောင်ဘိုးသာ ကတော့ မယ်တင့် ဟာ ရိုးရိုး သေတာ မဟုတ် ၊ သူ့ ရည်းစား မယ်မြင့် ရယ် မနာလိုဝန်တို ဖြစ်ပြီး တမင် ရေနှစ် သတ်တာလို့ စိတ်က သင်္ကာရနံ့ မကင်းတဲ့ အပြင် သူ့ မယ်မြင့် ဟာ လင် စိတ်မွှန် ပြီး တော်တော် ရက်စက် တဲ့ မိန်းမ ပါ ကလား လို့ စိတ် ထဲ က ထင် မိသတဲ့ ။ အဲဒီ စိတ် ဟာ သူ့ မှာ အစွဲကြီး စွဲပြီး နောက် အချိန်အတန် ကြာ လို့ မင်္ဂလာ တွေ ဘာတွေ ဆောင် ၊ လင်မယား ဘဝ ရောက်သည့် တိုင်အောင် ဖြေဖျောက်လို့ မရနိုင်ဘဲ သူ့ မယား ဟာ လူ သတ်သမား ပဲ လို့ အောက်မေ့ နေတာပေါ့ ”

“ ထင်လည်း ထင်စရာပဲလေ ။ ကိုယ် ချိုးနေကျ ရေကန် မှာ ရေ သွားပြီး ချိုးရင်း နစ်ရတယ် ။ နောက်ပြီး အစ်မ လုပ်တဲ့ လူ က မကယ်ဘူး ၊ သူ့ ရည်းစား နဲ့ လည်း မျက်စိ ကစားတယ် ဆိုတော့ မသင်္ကာ စရာ ဖြစ် နေတာပေါ့ ။

“ အဲဒါနဲ့ပဲ မောင်ဘိုးသာ နဲ့ မယ်မြင့် တို့ လင်မယား ဘဝ နဲ့ ငါးနှစ် ကြာ သွားတော့ မယ်မြင့် ဟာ အရင်က သမီးရည်းစား ဘ၀တုန်း က လောက် စိတ်နေ သဘောထား မသိမ်မွေ့ ဘူး တဲ့ ။ လူငှားတွေ ကို ငေါက်ငမ်းပြောဆို ပုံ တွေ ဟာ လည်း ရုန့်ရင်းကြမ်းတမ်း လာတယ် တဲ့ ”

“ တစ်နေ့တော့ မယ်တင့် ရေနစ်ပြီး သေ တဲ့ လ လောက် မှာပေါ့ ။ ည အိပ်ရာ ထဲ မှာ မယ်မြင့် ဟာ အော်ကြီးဟစ်ကျယ် ထ ပြီး ယောင် သတဲ့ ။ ဘယ်လို ယောင် သလဲ ဆိုတော့ ညည်း သူ့ ကို မယူရဘူး ၊ မယူရဘူး လို့ ယောင်တော့ မောင်ဘိုးသာ က ဧကန္တ သူ့ မိန်းမ မယ်မြင့် ဟာ မယ်တင့် ကို အိပ်မက် ထဲ မှာ စကား ပြော နေတာပဲ ။ မုချ မယ်တင့် ကို သေကြောင်း ကြံခဲ့တာ အမှန်ပါပဲ လို့ ယူဆပြီး စိတ် မချမ်းမသာ ပိုပြီး ဖြစ် ရှာတာပေါ့ ။ အဲဒီလို စိတ်နှလုံး မသာယာပေမဲ့ မယ်မြင့် နဲ့ သူ နဲ့ ဟာ ငယ်ချစ်တွေ ဖြစ်ပြီး အင်မတန် ကို စုံစုံမက်မက် နဲ့ ညား လာကြတဲ့ လင်မယား ဖြစ် လေတော့ ဒီ ကိစ္စ ကို ဖွင့်ဟ ပြီး မမေးရက်နိုင်ဘူး ။ သူ့ တစ်ကိုယ် တည်းသာပဲ ကျိတ် ပြီး “ ငါ့ မယား ဟာ အဆင်း ရှိသလောက် သဝန်တို တယ် ၊ ရက်စက် တယ် ” လို့ တစ်တွေးတည်း တွေးပြီး နေရ ရှာသတဲ့ကွယ် ”

“ မောင်ဘိုးသာ မျက်စိ ထဲ မှာ သူ့ ခယ်မကလေး မယ်တင့် ရယ် ရေကန် ထဲ မှာ မြုပ်ချည်ပေါ်ချည် နဲ့ ဖြစ်နေတာ ကို မြင်ယောင် နေသတဲ့ ။ သူ့ မိန်းမ မယ်မြင့် ရဲ့ ရက်စက်ကြမ်းတမ်း တဲ့ အကျင့် နဲ့ ဆက်စပ်ပြီး တွေး ကြည့်လိုက်ပြန်တော့ ဒီလို သူ့ ရည်းစား နဲ့ မသင်္ကာ နေတဲ့ ညီမ တစ်ယောက် ကို ရေနှစ် သတ်ဖို့ တာဝန် လေး မှာ မဟုတ်ဘူး လို့ တွေးမိပြန်လေ သူ့ မိန်းမ အပေါ် မှာ စိတ်မချမ်းမြေ့လေ ပေါ့ကွာ ”

“ ဒီလိုနဲ့ပဲ နောက်ထပ် တစ်နှစ် ကုန်ပြန်ရော ။ မယ်မြင့် တို့ အိမ်ထောင်သည် ဘဝ နဲ့ ခြောက်နှစ် မြောက် လာခဲ့တာ ပေါ့လေ ။ မိုးဦးလေဦး ကျ ဆိုတော့ တောသူတောင်သား ပီပီ လယ်ထဲ ဆင်း ကြရပြန်တယ် ။ တစ်နေ့ မှာ မယ်မြင့် လည်း ကောက်စိုက်သမတွေ နဲ့ အတူတူ လယ်ထဲ လိုက်သွားသတဲ့ ။ မိုး ကလည်း သည်းလိုက်တာ လွန် ပါရော ။ လယ် နဲ့ အိမ် ကလည်း ဝေး တော့ မယ်မြင့် ဟာ အိမ် မပြန်ဘူး ။ ညနေစောင်း လောက် မှ ပဲ ပြန်တယ် ။ ညလည်း ရောက် ကရော တစ်ခါတည်း အအေး မိပြီး အပြင်း ဖျား ရှာတာပဲ ။ မောင်ဘိုးသာ နဲ့ ဆွေတွေမျိုးတွေ ဟာ စိုးရိမ်တကြီး ဖြစ်ပြီး ကောင်းပေ့ ဆိုတဲ့ ဆရာ ကို ပင့်ပြီး ကုသ ကြတယ် ။ ဒါပေမဲ့ မယ်မြင့် ရောဂါ ကတော့ လျော့တယ် လို့မရှိ ၊ တိုးလို့သာ လာသတဲ့ ။ နောက်ဆုံး ဆရာကိုမင်းအို လက်ထဲ ရောက်တော့ ဆရာက အကဲခတ်ပြီး သည်တောင်က ကျော်နိုင်ပုံ မပေါ်တဲ့ အကြောင်း တိုးတိုးတိတ်တိတ် ပြော သတဲ့ ”

“ မယ်မြင့် လည်း သတိ ရတဲ့အခါ ရလိုက် ၊ မရတဲ့ အခါ မှာလည်း ကယောင်ကတမ်းတွေ ပြောလိုက် နဲ့ ပေါ့လေ ။ တစ်ညနေ မှာ မောင်ဘိုးသာ ကိုခေါ်ပြီး ... “ ကိုဘိုးသာ ကျုပ် တော့ မနေရတော့ဘူး ၊ ရှင့် ကို မသေခင် ပြော သွားချင်တယ် ။ ဟိုကောင်မ ရေ ထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေတုန်း က ကျုပ် ဆယ် မလို့ ကူး တော့ သွား ပါသေးရဲ့ ။ မမီလိုက်တော့ဘူး ။ တစ်ခါတည်း မြုပ် သွား တာပဲ ။ ဒါပေမဲ့ ကျုပ် ဟာ ဝမ်းတောင် သာခဲ့သေးတယ် ။ ဘာလို့လဲ သိလား ၊ ကျုပ် ချစ် နေတဲ့ လူ ကို မှ ချစ် နေတဲ့ ကောင်မ ပဲ ။ အဲဒါ ကျုပ် မိုက်တာပဲ နော် ။ ကျုပ် တွေးမိတိုင်း စိတ် မကောင်းပါဘူး ” လို့ ပြောရှာသတဲ့ ။ အဲသလို မောင်ဘိုးသာ က သေခါနီးဆဲဆဲ မယ်မြင့်ပြော စကား ကို ကြား လိုက်ရတော့ သူ့ မယားကလေး ဟာ သူ ထင် ခဲ့သလို သူ့ ခယ်မ ကို ရေနှစ် သတ်တာ မဟုတ် ၊ ကယ်ဖို့တောင် အားထုတ်သေးတယ် ဆိုတာ သိလို့ ဝမ်းသာ သွားသတဲ့ ”

“ ဟာ ... မယ်မြင့် ရယ် သူ့ကုသိုလ် နဲ့ သူ ပေါ့ကွာ ။ ဒါပေမဲ့ မင်း ဟာ ငါ့ ကို စုံမက်လွန်း လို့ ညီမ တစ်ယောက် သေတာ ကို မနှမြော မိတာပေါ့ ။ စိတ်မကောင်း မရှိပါနဲ့ကွာ ” လို့ ပြောတော့ မယ်မြင့် ရဲ့ မျက်နှာကလေး ဟာ ပြုံးယောင်ယောင်ကလေး ဖြစ် လာပြီး ... “ ဪ .. ကိုဘိုးသာ ၊ကိုဘိုးသာ ကျုပ် လည်း သေခါ နီး ပါပြီ ။ မှန်တဲ့အတိုင်း ဖွင့်ပြော ပါတော့မယ် ။ ကျုပ် ဟာ မယ်မြင့် မဟုတ်ဘူး ရှင် ရဲ့ ။ မယ်တင့် သိ ရဲ့လား ။ မယ်တင့် ရယ် တော့ ။ သေတာ က ရှင့်ရည်းစား မယ်မြင့် ရယ် ၊ ရှင့် ကို ချစ်လွန်း ၊ စုံမက်လွန်း လို့ အခုလို ပုံမှား တင် ပြီး မယ်မြင့် ယောင် ဆောင်နေတာ ... ရှင်းပလား ” လို့ ပြောပြီး သတိ မရ ဖြစ် သွားပြန်ရော တဲ့ ”

“ ကဲ ဘယ်လောက် ဆန်းတဲ့ အချစ် လဲ ကွာ ၊ မယ်တင့် ဟာ သူ့ အစ်မ မယ်မြင့် ယောင် ဆောင်ပြီး မောင်ဘိုးသာ ကို အရ ယူပြီး သေခါနီး မှ ဖွင့် ပြောခဲ့တယ် ။ သူ လည်း နောက် တစ်နေ့ သေ ရှာတာပါပဲ ။ ငါ လည်း အဲဒီ နောက် အိမ်ထောင် နှစ်ဆက် တောင် ရှိပြီ ” ဟု ဘကြီးဘိုးပြော့ က အဆုံး သတ် ရာ ကျွန်တော် လည်း အံ့အား သင့်လျက် ..

“ ဟင် ... ဘကြီးဘိုးပြော့ နဲ့ ဘယ်လို ဆိုင်လို့လဲ ”

ဟု မေးမိပါ၏ ။

“ ဆိုင်ပါသကောကွ ၊ မောင်ဘိုးသာ ဟာ ငါ ပေါ့ ”

ဟု ဘကြီးဘိုးပြော့ က ဆေးစိမ်အရက် ကို ယူရင်း ပြန် ပြောပါသတည်း ။

◾ သိပ္ပံစိုးလှ

📖 မြဝတီမဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် -၂
      ၁၉၅၂ ၊ ဒီဇင်ဘာ

www.facebook.com/aung.naingoo.3726613

.