Sunday, June 5, 2022

တစ်သက်လုံး ဖုံးသမျှ


 

❝ တစ်သက်လုံး ဖုံးသမျှ ❞

အပြင်၌ မိုးတစိမ့်စိမ့် ရွာ ၍ နေလေရာ ကျွန်တော်တို့ နှစ်ယောက် သောက် ၍ နေသော တရုတ်ဆေးစိမ်အရက် ကို ပို၍ အရသာ ရှိအောင် ဖန်တီးပေး သကဲ့သို့ ရှိလေ၏ ။ ကျွန်တော့် အဖော်ကား အခြားသူ မဟုတ် ။ ဘကြီးဘိုးပြော့ ဖြစ်၏ ။ တနင်္ဂနွေ နှစ်ပတ် လျှင် နှစ်ကြိမ် သုံးကြိမ် လောက် ကျွန်တော် နှင့် ဘကြီးဘိုးပြော့ တို့သည် တရုတ်လောရှုတ် ၏ တိတ်တိတ်ပုန်း အရက်ဆိုင် တွင် ကျွန်တော်တို့ အတွက် စပယ်ရှယ် တရုတ်ဆေး စိမ်ထားသော အရက် ကို သောက်လေ့ရှိကြ၏ ။

ဘကြီးဘိုးပြော့ ကား အသက်ခြောက်ဆယ် ကျော် လေပြီ ။ သို့ရာတွင် သူ ကြိုက် တတ်သော အရက် ကို ကား အလျှော့ မပေးသေးချေ ။ ဝါသနာတူ ဖြစ်သော ကျွန်တော် နှင့် လေပေး ဖြောင့် သောကြောင့် ယစ်မျိုးရာဇဝတ်အုပ် ကိုစံကျော် ၏ အမိန့် အရ တိတ်တိတ်ပုန်း ခိုး ရောင်းသော မြို့အစွန် ရှိ လောရှုတ် ၏ ဆေးစိမ်အရက်ကို အတူ သောက်ရင်း ဘကြီးပြော့ ၏ ရှေးဟောင်းနှောင်းဖြစ်ကလေးများ ကို နားထောင် ရ သည် မှာ ယခုကဲ့သို့ မိုးဦးကျ ညနေပိုင်း ၏ ဇိမ် တစ်မျိုး ပင် ဖြစ်တော့သည် ။

မိတ်ဆွေ တို့ လောရှုတ် ၏ စပယ်ရှယ် ကို ကျွန်တော် တို့ မြို့ကလေး သို့ ရောက်သည့်အခါ မြည်း ၍ ကြည့်ကြစမ်းပါ ။ ဝါရင့်ပြီးသော ဘကြီးပြော့ နှင့် ကျွန်တော် တို့ နှစ်ယောက် သည် ပင် လျှင် တစ်ပိုင်း ကုန်သော အခါ ရေချိန် ကိုက် ၍ လာ ကြပါပြီ ။ လောရှုတ် သည် မိုးရွာ နေသဖြင့် လူပါး သောကြောင့် ထောင့် တစ်ထောင့် ရှိ ခွေးခြေပေါ် ၌ ထိုင်ပြီး ဝါးလုံးဆေးတံကြီး ကို တဂွပ်ဂွပ် နှင့် ရှူရင်း ပြည်သူ့ဒီမိုကရေစီအစိုးရ တည်ထောင်ပြီး ဖြစ်သော တရုတ်ပြည်သစ် အကြောင်း ကို တွေး၍ နေဟန်ရှိ၏ ။ ထိုအခိုက် ဆိုင်ရှေ့ ပေတစ်ရာ ပေါ်၌ မှုန်မွှား ညနေဆည်းဆာ တွင် ခမောက်အကြီးကြီး တစ်ခု ကို နှစ်ယောက် အတူတူ ဆောင်းပြီး မိုး ကို ရမယ် ရှာ ကာ တစ်ယောက် ခါး တစ်ယောက် ဖက် ၍ လျှောက်သွားသော လုံမပျိုတစ်ယောက် နှင့် လုလင်ပျိုတစ်ယောက် ကို ကျွန်တော် တို့ မြင်လိုက်ကြရာ ဘကြီးပြော့ က ပြုံးဖြီးဖြီး လုပ်ရင်း ...

“ အင်း ဒီလို ဟာကလေးတွေ တွေ့တော့ တို့ ငယ်ငယ် က တွေ့ဖူး ကြားဖူးတာကလေးတွေ သတိ ရသေးတော့ ကွယ် ”

ဟု ပြောကာ ဖန်ခွက် ကို ယူပြီး မော့လိုက်ပါသည် ။ ကျွန်တော် လည်း ထို ဒီဂရီ တွင် ရှေးဟောင်းနှောင်းဖြစ် ကလေးများ ကို ပြောလေ့ ရှိသော ဘကြီးပြော့ ၏ အကြောင်း ကို သိရှိထားရာ ..

“ ပြောပါဦး ဘကြီးပြော့ရဲ့ ။ ဘကြီးပြော့ ကြားဖူး ၊ တွေ့ဖူးတာ ကလေးတွေ ကို အပျင်းပြေ နားထောင်ရအောင် ”

ဟု အားပေးလိုက်ရာ အောက်ပါအတိုင်း အဘိုးကြီး က ပြောပြပါတော့သည် ။

“ ဒီလိုကွဲ့ ဒီလို ။ တို့ အသက် နှစ်ဆယ် ကျော် လောက်တုန်းက အနောက်ဘက် ရှားတောချောင်းကမ်းဘေး က လင်းလွန်းပင်ရွာ မှာ သူငယ် တစ်ယောက် ရှိတယ် ။ ( လင်းလွန်းပင် မှာ ကျွန်တော်တို့ မြို့နှင့် လေးမိုင် ခန့် ဝေးပါသည် ) သူ က အဲဒီ အခါတုန်း က ရွာ မှာ ကြေးရတတ် မိဘများ ရဲ့ သား ဖြစ်ပြီး ညီအစ်ကို မောင်နှမ မရှိဘူး ။ နာမည် ကတော့ မောင်ဘိုးသာ ထားကြပါစို့ ကွာ ။ အလုပ်အကိုင် ကတော့ အဲဒီ့ ချောင်းကမ်းနံဘေးတစ်လျှောက် မှာ ကြံခင်းကြီး အကြီးအကျယ် လုပ်ပြီး ကြံဖောက်သည် ပေးတာပဲ ။ အတော်ကလေး လည်း စီးပွား ဖြစ်ပါတယ် ။ သူငယ် က အလုပ်အကိုင်လည်း ကောင်း ၊ ရိုးလည်း ရိုးတယ် ။ ပစ္စည်း ပစ္စယကလေး နဲ့ ဆိုတော့ လိုချင်တဲ့ မိန်းမတွေ အပုံ ပေါ့ကွယ် ။ ဒါပေမဲ့ မိဘတွေ က ပေးစား ချင်တာတောင် သူ က မိန်းမ လို ချင်စိတ် မရှိသေးဘဲ အလုပ် ကို ပဲ ကြိုးစားပြီး လုပ်နေတယ် ”

“ ဒါနဲ့ ဆိုကြပါစို့ကွယ် ၊ တစ်နေ့တော့ ကြံခင်း ကို လျှောက် ကြည့်ရင်းနဲ့ ရွာ နဲ့ တော်တော်ဝေးတဲ့ တောစပ်ကလေး ကို ရောက် သွားတယ် ။ အချိန်ကလည်း နေဝင်ခါ နီးနေပြီ ။ တောစပ်ကလေး ရောက်တော့ “ အမယ်လေး ” လို့ မိန်းကလေး အော်သံ တစ်ခု ကို ရုတ်တရက် ကြား လိုက်ရပြီး တိတ်သွားတော့ မောင်ဘိုးသာ လည်း လက်ထဲ မှာ ပါတဲ့ ဝါးရင်းတုတ် ကို တင်းတင်းကျပ်ကျပ် ဆုပ်ပြီး အသံ ကြား ရာ ဘက် သို့ ပြေး သွားသတဲ့ ။ တော်တော်ကလေး ပြေး မိတော့ လား .. လား …. မိန်းကလေး တစ်ယောက် မြေပေါ် မှာ တုံးလုံး လဲ နေတာ တွေ့ ရသတဲ့ ။ ပထမတော့ မောင်ဘိုးသာ ဟာ မိန်းကလေး ပဲ သတိ ထားပြီး မြင်ရတာပေါ့ ။ နောက် အနီးအပါး ကို ကြည့် လိုက်တော့ မိန်းကလေး နဲ့ တစ်လံ ကျော် ကွာ လောက် မှာ မြွေဟောက်ကြီး တစ်ကောင် ပါးပျဉ်းကြီး ထောင်လျက်သား နဲ့ တွေ့ ရသတဲ့ ။ ဒီတော့မှ မောင်ဘိုးသာ လည်း အဲဒီ မြွေကြီး ကို လန့်ပြီး မိန်းကလေး အော် တာပဲကိုး လို့ တွေး မိပြီး သူ့ ဝါးရင်းတုတ်ကြီး နဲ့ မြွေ ကို တီးလိုက်တာ မြွေ လည်း သေသွားပါလေရော ။ နောက် ခြေ ကိုင် ရမလို ၊ လက် ကိုင် ရမလို နဲ့ မိန်းကလေး ဖြစ်နေတော့ သူလည်း အူကြောင်ကြောင် ဖြစ်နေတာပေါ့ ကွာ ။ နေ ကလည်း ဝင် ပြီ ။ မှောင်တော့မလို ဖြစ် နေပြန်တော့ နောက်ဆုံး မှာ မိန်းကလေး အနား ကို သွားပြီး ပွေ့ထူ လုပ်ရတော့တာပေါ့ ကွာ ။ သူ့ ကိုယ်ငွေ့ ကြောင့် လားမသိ ကောင်မလေး ဟာ သူ့ ရင်ခွင် ထဲ ရောက်ကရော သတိ ပြန် ရလာပြီး မျက်လုံးကလေး ကလယ်ကလယ် ဖြစ်နေရှာသတဲ့ ။ ဒါနဲ့ တိုတို ပြောကြပါစို့ကွာ ။ မိန်းမပျိုကလေး ဟာ တခြား က မဟုတ်ဘူး ၊ စည်ပင်သာရွာ လယ်ပိုင်ရှင် ဦးထွန်းဦး ရဲ့ သမီးကလေး မယ်မြင့် လို့ သိ ရတာနဲ့ သူ့ ရွာ ကလည်း မနီးမဝေးမို့ လိုက် ပို့လိုက်ရတယ် ။ ဟင်းရွက်ခူး လာရင်း မြွေဟောက် နဲ့ တွေ့ပြီး လန့်သွားတာ ဆို ကိုး ကွ ”

“ တစ်ဦး မေတ္တာ တစ်ဦး မှာ ဆိုသလိုပေါ့ကွာ ။ မောင်ဘိုးသာ လည်း အဲဒီ မယ်မြင့် ကို ပွေ့ လိုက်ရတာနဲ့ နုံးချည့် နုံးချည့် ဆိုတဲ့ အတိုင်း မယ်မြင့် ကလည်း အ‌ပွေ့ ခံ ရတာ နဲ့ ပဲ ကူလီ ကူမာတွေ ဖြစ်ကြတော့တယ်ထင်ပါရဲ့  ။ နောက်ဆုံး ... လူကြီးချင်းတွေ လည်း တစ်ယောက် တစ်ယောက် ငြင်းစရာ မရှိသူတွေ ဖြစ်ပြီး မယ်မြင့် တို့ အိမ် ကို မောင်ဘိုးသာ ဟာ ဝင်လိုက် ထွက်လိုက် နဲ့ သူတို့ နှစ်ယောက် ကို ပေးစား မလို့ ရက်တွေ ဘာတွေ ချိန်း လိုက်ရတာပေါ့ကွာ ”

“ မောင်ဘိုးသာ ဟာ မယ်မြင့် တို့ အိမ် ကို သွား သွားနေတော့ မယ်မြင့် မှာ မယ်တင့် ဆို တဲ့ ညီမ တစ်ယောက် ရှိသေးတယ် ဆိုတာ သိ ထားတယ် ။ အဲဒီ မယ်တင့် ဟာ လည်း ပြည်မြို့ က အရီးတော် တစ်ယောက်ဆီ ကို သွားပြီး ကူဖော်လောင်ဖက် ဆိုသလို သွား နေတယ် ဆိုတာ သိ ရတယ် ။ မယ်မြင့် ဟာ မပြုမပြင် နဂိုယဉ်မိန်းမချော မိန်းမလှကလေး ဆို တော့ မောင်ဘိုးသာ က .. သူ့ ခယ်မလောင်း မယ်တင့် ဟာ ဖြင့် မယ်မြင့် လောက် လှ မှာ မဟုတ်ဘူးနော် လို့ ပြောတဲ့ အခါ မယ်မြင့် က ပြုံးပြုံးကလေး လုပ်ရင်း .. “ သူ့ မြင်တော့ သိမှာပေါ့ တော် ” လို့ ပြော သတဲ့ ”

“ ဒီလိုနဲ့ နေကြရင်း တစ်နေ့တော့ မောင်ဘိုးသာ ဟာ မယ်မြင့် တို့ အိမ် ရောက် သွားတော့ သူတို့တစ်အိမ်သား လုံး တလှုပ်လှုပ် တရွရွ နှင့် ဖြစ် နေတာကို တွေ့ ရတယ် ။ အကြောင်းကို မေး ကြည့်တော့ မယ်မြင့် တို့ အမေကြီး က “ မယ်တင့် ရယ် ပြန်လာပြီလေ ။ မနက် က ပဲ ပြန် ရောက်တယ် ။ နောက်ဖေးမှာ ရှိတယ် ဟေ့ .…. မယ်တင့် ” လို့ လှမ်း ခေါ်လိုက်တော့ နောက်ဖေး က ထူးသံ ကြားပြီး မယ်တင့် ဟာ အိမ်ရှေ့ကို ရောက် လာသတဲ့ ။ မယ်တင့် ကို မြင် လိုက်တော့ မောင်ဘိုးသာဟာ အတော်ကြီး အံ့အား သင့် သွားတယ် ။ ဘာပြုလို့လဲ ဆိုတော့ မယ်တင့် ဟာ မယ်မြင့် နဲ့ တစ်ထေရာတည်း တူပြီး ဘယ်လိုမှ ရွေး မရအောင် ဖြစ်နေသတဲ့ ။ အမယ်ကြီး က ရယ်ပြီး ... “ မယ်တင့် နဲ့ မယ်မြင့် ဟာ အမြွာပူး မွေးတာ ကွဲ့ ။ ငါ တောင် မှ အခုထက်ထိ သေသေချာချာ ခွဲပြီး မသိဘူး ။ ဟဲ့ .. မယ်တင့် အဲဒါ ညည်း ခဲအိုလောင်း မောင်ဘိုးသာ လေ ” ဆိုပြီး မိတ်ဆက် ပေးသတဲ့ ”

“ မောင်ဘိုးသာ ကလည်း မယ်တင့် က ရယ် ပြီး နှုတ်ဆက် တော့ မယ်မြင့် နဲ့ တစ်ထေရာ တည်း ဖြစ်နေလို့ သာပြီး အံ့သြ သွား ပြန်တာပေါ့ကွာ ”

“ အဲဒီ့ နောက်မှာ တို့ မောင်ဘိုးသာ မှာ တော်တော်ပဲ စိတ် အနှောင့်အယှက် ဖြစ်နေတော့တာပေါ့ကွာ ။ သူ ချစ်တဲ့ ရည်းစား ဟာ အခုမှ နှစ်ကိုယ်ခွဲပြီးသား ဖြစ်နေတော့ ယောင်ချာချာ ဖြစ် နေတဲ့ အပြင် မယ်တင့် က လည်း မောင်ဘိုးသာ ကို တွေ့တော့ ဘာကလိုတိုတို ဆိုတာ လို ပေါ့ကွာ ။ မင်းတို့ သိ တဲ့ အတိုင်း အဖို နှ င့်အမ ဆိုတာ တွေ့ ဖန် မြင် ဖန် များ ပြန်တော့ လည်း အခက်သားကပဲ ”

ဘကြီးပြော့ သည် ပြောရင်း နှင့် အရက်တစ်ကျိုက် ကို မော့ ချလိုက်ပြီး နောက် ...

“ မယ်မြင့် လည်း သူ့ ညီမနဲ့  သူ့ ခင်ပွန်းလောင်း မျက်စိ ကစား တာ တွေ့မြင် ရတော့ ရိပ်မိ ပုံ ရသတဲ့ ”

“ ဒီလိုနဲ့ မကြာခင်ပဲ မယ်မြင့် နဲ့ မောင်ဘိုးသာ တို့ မင်္ဂလာ ဆောင် မယ့် ရက် ဟာ နီးနီးလာတော့တာပေါ့လေ ။ တစ်နေ့တော့ သူတို့ ရွာသူရွာသားတွေ ရေ ချိုး နေကျ ဖြစ်တဲ့ သရက်တိုက် ထဲ က ရေကန်ကြီး ကို ထုံးစံအတိုင်း ညီအစ်မ နှစ်ယောက် ရေ ချိုး ရအောင် သွား ကြသတဲ့ ။ အဲဒီ ရေကန်ကြီး ဟာ အခုလည်း ရှိသားပဲ ။ တော်တော် ကျယ်တယ် ၊ နက်လည်းတော်တော် နက်တယ် ။ သူတို့ နှစ်ယောက် သွား ပြီး တော်တော် ကြာ တော့ မယ်မြင့် ဟာ ထဘီရင်ရှား နဲ့ အူယားဖားယား ပြေး လာပြီး မယ်တင့် ရယ် ရေ ထဲ နစ်သွားတာ ပြန် ပေါ် မလာတော့ဘူး ၊ သူ လည်း ဆယ် တာ မရတော့ဘူး ဆိုပြီး ရွာ ထဲ ကို ပြေးလာသတဲ့ ။ ရွာ က လူတွေ အပြေးအလွှား လိုက် သွားပြီး ရှာ ကြတော့ မယ်တင့် အလောင်း ကို ရ ကြတော့တယ် ”

“ မိဘတွေ လည်း မယ်တင့် ရေ နစ်ပြီး သေတော့ သောက ပရိဒေဝမီး တောက်လောင်ပြီး ယူကျုံး မရ ဖြစ် ကြရတော့ တာပေါ့ကွာ ။ မင်္ဂလာဆောင် ကိစ္စ ကို လည်း ဘယ် စီမံ နိုင် ကြတော့မလဲ ။ ရက် ရွှေ့ပြီး ချိန်း လိုက်ရတော့တာပေါ့ ”

“ မောင်ဘိုးသာ ကတော့ မယ်တင့် ဟာ ရိုးရိုး သေတာ မဟုတ် ၊ သူ့ ရည်းစား မယ်မြင့် ရယ် မနာလိုဝန်တို ဖြစ်ပြီး တမင် ရေနှစ် သတ်တာလို့ စိတ်က သင်္ကာရနံ့ မကင်းတဲ့ အပြင် သူ့ မယ်မြင့် ဟာ လင် စိတ်မွှန် ပြီး တော်တော် ရက်စက် တဲ့ မိန်းမ ပါ ကလား လို့ စိတ် ထဲ က ထင် မိသတဲ့ ။ အဲဒီ စိတ် ဟာ သူ့ မှာ အစွဲကြီး စွဲပြီး နောက် အချိန်အတန် ကြာ လို့ မင်္ဂလာ တွေ ဘာတွေ ဆောင် ၊ လင်မယား ဘဝ ရောက်သည့် တိုင်အောင် ဖြေဖျောက်လို့ မရနိုင်ဘဲ သူ့ မယား ဟာ လူ သတ်သမား ပဲ လို့ အောက်မေ့ နေတာပေါ့ ”

“ ထင်လည်း ထင်စရာပဲလေ ။ ကိုယ် ချိုးနေကျ ရေကန် မှာ ရေ သွားပြီး ချိုးရင်း နစ်ရတယ် ။ နောက်ပြီး အစ်မ လုပ်တဲ့ လူ က မကယ်ဘူး ၊ သူ့ ရည်းစား နဲ့ လည်း မျက်စိ ကစားတယ် ဆိုတော့ မသင်္ကာ စရာ ဖြစ် နေတာပေါ့ ။

“ အဲဒါနဲ့ပဲ မောင်ဘိုးသာ နဲ့ မယ်မြင့် တို့ လင်မယား ဘဝ နဲ့ ငါးနှစ် ကြာ သွားတော့ မယ်မြင့် ဟာ အရင်က သမီးရည်းစား ဘ၀တုန်း က လောက် စိတ်နေ သဘောထား မသိမ်မွေ့ ဘူး တဲ့ ။ လူငှားတွေ ကို ငေါက်ငမ်းပြောဆို ပုံ တွေ ဟာ လည်း ရုန့်ရင်းကြမ်းတမ်း လာတယ် တဲ့ ”

“ တစ်နေ့တော့ မယ်တင့် ရေနစ်ပြီး သေ တဲ့ လ လောက် မှာပေါ့ ။ ည အိပ်ရာ ထဲ မှာ မယ်မြင့် ဟာ အော်ကြီးဟစ်ကျယ် ထ ပြီး ယောင် သတဲ့ ။ ဘယ်လို ယောင် သလဲ ဆိုတော့ ညည်း သူ့ ကို မယူရဘူး ၊ မယူရဘူး လို့ ယောင်တော့ မောင်ဘိုးသာ က ဧကန္တ သူ့ မိန်းမ မယ်မြင့် ဟာ မယ်တင့် ကို အိပ်မက် ထဲ မှာ စကား ပြော နေတာပဲ ။ မုချ မယ်တင့် ကို သေကြောင်း ကြံခဲ့တာ အမှန်ပါပဲ လို့ ယူဆပြီး စိတ် မချမ်းမသာ ပိုပြီး ဖြစ် ရှာတာပေါ့ ။ အဲဒီလို စိတ်နှလုံး မသာယာပေမဲ့ မယ်မြင့် နဲ့ သူ နဲ့ ဟာ ငယ်ချစ်တွေ ဖြစ်ပြီး အင်မတန် ကို စုံစုံမက်မက် နဲ့ ညား လာကြတဲ့ လင်မယား ဖြစ် လေတော့ ဒီ ကိစ္စ ကို ဖွင့်ဟ ပြီး မမေးရက်နိုင်ဘူး ။ သူ့ တစ်ကိုယ် တည်းသာပဲ ကျိတ် ပြီး “ ငါ့ မယား ဟာ အဆင်း ရှိသလောက် သဝန်တို တယ် ၊ ရက်စက် တယ် ” လို့ တစ်တွေးတည်း တွေးပြီး နေရ ရှာသတဲ့ကွယ် ”

“ မောင်ဘိုးသာ မျက်စိ ထဲ မှာ သူ့ ခယ်မကလေး မယ်တင့် ရယ် ရေကန် ထဲ မှာ မြုပ်ချည်ပေါ်ချည် နဲ့ ဖြစ်နေတာ ကို မြင်ယောင် နေသတဲ့ ။ သူ့ မိန်းမ မယ်မြင့် ရဲ့ ရက်စက်ကြမ်းတမ်း တဲ့ အကျင့် နဲ့ ဆက်စပ်ပြီး တွေး ကြည့်လိုက်ပြန်တော့ ဒီလို သူ့ ရည်းစား နဲ့ မသင်္ကာ နေတဲ့ ညီမ တစ်ယောက် ကို ရေနှစ် သတ်ဖို့ တာဝန် လေး မှာ မဟုတ်ဘူး လို့ တွေးမိပြန်လေ သူ့ မိန်းမ အပေါ် မှာ စိတ်မချမ်းမြေ့လေ ပေါ့ကွာ ”

“ ဒီလိုနဲ့ပဲ နောက်ထပ် တစ်နှစ် ကုန်ပြန်ရော ။ မယ်မြင့် တို့ အိမ်ထောင်သည် ဘဝ နဲ့ ခြောက်နှစ် မြောက် လာခဲ့တာ ပေါ့လေ ။ မိုးဦးလေဦး ကျ ဆိုတော့ တောသူတောင်သား ပီပီ လယ်ထဲ ဆင်း ကြရပြန်တယ် ။ တစ်နေ့ မှာ မယ်မြင့် လည်း ကောက်စိုက်သမတွေ နဲ့ အတူတူ လယ်ထဲ လိုက်သွားသတဲ့ ။ မိုး ကလည်း သည်းလိုက်တာ လွန် ပါရော ။ လယ် နဲ့ အိမ် ကလည်း ဝေး တော့ မယ်မြင့် ဟာ အိမ် မပြန်ဘူး ။ ညနေစောင်း လောက် မှ ပဲ ပြန်တယ် ။ ညလည်း ရောက် ကရော တစ်ခါတည်း အအေး မိပြီး အပြင်း ဖျား ရှာတာပဲ ။ မောင်ဘိုးသာ နဲ့ ဆွေတွေမျိုးတွေ ဟာ စိုးရိမ်တကြီး ဖြစ်ပြီး ကောင်းပေ့ ဆိုတဲ့ ဆရာ ကို ပင့်ပြီး ကုသ ကြတယ် ။ ဒါပေမဲ့ မယ်မြင့် ရောဂါ ကတော့ လျော့တယ် လို့မရှိ ၊ တိုးလို့သာ လာသတဲ့ ။ နောက်ဆုံး ဆရာကိုမင်းအို လက်ထဲ ရောက်တော့ ဆရာက အကဲခတ်ပြီး သည်တောင်က ကျော်နိုင်ပုံ မပေါ်တဲ့ အကြောင်း တိုးတိုးတိတ်တိတ် ပြော သတဲ့ ”

“ မယ်မြင့် လည်း သတိ ရတဲ့အခါ ရလိုက် ၊ မရတဲ့ အခါ မှာလည်း ကယောင်ကတမ်းတွေ ပြောလိုက် နဲ့ ပေါ့လေ ။ တစ်ညနေ မှာ မောင်ဘိုးသာ ကိုခေါ်ပြီး ... “ ကိုဘိုးသာ ကျုပ် တော့ မနေရတော့ဘူး ၊ ရှင့် ကို မသေခင် ပြော သွားချင်တယ် ။ ဟိုကောင်မ ရေ ထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေတုန်း က ကျုပ် ဆယ် မလို့ ကူး တော့ သွား ပါသေးရဲ့ ။ မမီလိုက်တော့ဘူး ။ တစ်ခါတည်း မြုပ် သွား တာပဲ ။ ဒါပေမဲ့ ကျုပ် ဟာ ဝမ်းတောင် သာခဲ့သေးတယ် ။ ဘာလို့လဲ သိလား ၊ ကျုပ် ချစ် နေတဲ့ လူ ကို မှ ချစ် နေတဲ့ ကောင်မ ပဲ ။ အဲဒါ ကျုပ် မိုက်တာပဲ နော် ။ ကျုပ် တွေးမိတိုင်း စိတ် မကောင်းပါဘူး ” လို့ ပြောရှာသတဲ့ ။ အဲသလို မောင်ဘိုးသာ က သေခါနီးဆဲဆဲ မယ်မြင့်ပြော စကား ကို ကြား လိုက်ရတော့ သူ့ မယားကလေး ဟာ သူ ထင် ခဲ့သလို သူ့ ခယ်မ ကို ရေနှစ် သတ်တာ မဟုတ် ၊ ကယ်ဖို့တောင် အားထုတ်သေးတယ် ဆိုတာ သိလို့ ဝမ်းသာ သွားသတဲ့ ”

“ ဟာ ... မယ်မြင့် ရယ် သူ့ကုသိုလ် နဲ့ သူ ပေါ့ကွာ ။ ဒါပေမဲ့ မင်း ဟာ ငါ့ ကို စုံမက်လွန်း လို့ ညီမ တစ်ယောက် သေတာ ကို မနှမြော မိတာပေါ့ ။ စိတ်မကောင်း မရှိပါနဲ့ကွာ ” လို့ ပြောတော့ မယ်မြင့် ရဲ့ မျက်နှာကလေး ဟာ ပြုံးယောင်ယောင်ကလေး ဖြစ် လာပြီး ... “ ဪ .. ကိုဘိုးသာ ၊ကိုဘိုးသာ ကျုပ် လည်း သေခါ နီး ပါပြီ ။ မှန်တဲ့အတိုင်း ဖွင့်ပြော ပါတော့မယ် ။ ကျုပ် ဟာ မယ်မြင့် မဟုတ်ဘူး ရှင် ရဲ့ ။ မယ်တင့် သိ ရဲ့လား ။ မယ်တင့် ရယ် တော့ ။ သေတာ က ရှင့်ရည်းစား မယ်မြင့် ရယ် ၊ ရှင့် ကို ချစ်လွန်း ၊ စုံမက်လွန်း လို့ အခုလို ပုံမှား တင် ပြီး မယ်မြင့် ယောင် ဆောင်နေတာ ... ရှင်းပလား ” လို့ ပြောပြီး သတိ မရ ဖြစ် သွားပြန်ရော တဲ့ ”

“ ကဲ ဘယ်လောက် ဆန်းတဲ့ အချစ် လဲ ကွာ ၊ မယ်တင့် ဟာ သူ့ အစ်မ မယ်မြင့် ယောင် ဆောင်ပြီး မောင်ဘိုးသာ ကို အရ ယူပြီး သေခါနီး မှ ဖွင့် ပြောခဲ့တယ် ။ သူ လည်း နောက် တစ်နေ့ သေ ရှာတာပါပဲ ။ ငါ လည်း အဲဒီ နောက် အိမ်ထောင် နှစ်ဆက် တောင် ရှိပြီ ” ဟု ဘကြီးဘိုးပြော့ က အဆုံး သတ် ရာ ကျွန်တော် လည်း အံ့အား သင့်လျက် ..

“ ဟင် ... ဘကြီးဘိုးပြော့ နဲ့ ဘယ်လို ဆိုင်လို့လဲ ”

ဟု မေးမိပါ၏ ။

“ ဆိုင်ပါသကောကွ ၊ မောင်ဘိုးသာ ဟာ ငါ ပေါ့ ”

ဟု ဘကြီးဘိုးပြော့ က ဆေးစိမ်အရက် ကို ယူရင်း ပြန် ပြောပါသတည်း ။

◾ သိပ္ပံစိုးလှ

📖 မြဝတီမဂ္ဂဇင်း
      အတွဲ - ၁ ၊ အမှတ် -၂
      ၁၉၅၂ ၊ ဒီဇင်ဘာ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment