❝ ကြက် တစ်ကောင် တစ်ရာ ❞
ထိုအခါမှာ ... နိုင်ငံတော် အစိုးရ က ပြည်လမ်း တစ်လျှောက် ဝါးနက်ချောင်း အထိ သာ ပိုင်ဆိုင်ခွင့် ရခဲ့သော အခါ ဖြစ်၏ ။ ဝါးနက်ချောင်း ဆီ မှ ပြည် အထိ ကား တပ်ပေါင်းစု က အုပ်ချုပ် မင်းလုပ် နေခဲ့ လေသည် ။ ကျွန်တော် သည် တစ်နေ့ သ၌ မသွား မဖြစ်သော ကိစ္စ တစ်ခု အတွက် ရန်ကုန် သို့ သွား ရမည် ဖြစ် ရ ကား ပြည် မှ ထွက် လာသော ကား တစ်စီး ကို နံနက် လင်းသည် နှင့် တစ်ပြိုင်နက် တာဆုံ သို့ သွား၍ လွယ်အိတ် ကို လွယ် ကာ စောင့်လင့် နေခဲ့ရ၏ ။
ကံအားလျော် စွာ ပင် ပြည် မှ ကုလားပဲ အိတ် များ တင် ၍ လာသော ကား တစ်စီး ပေါက် ၍ လာရာ လက်ပြ သဖြင့် ရပ် ပြီး အဘယ်အရပ် သို့ သွားမည် ကို မေး၏ ။ ရန်ကုန် ခရီးသည် ဖြစ်ကြောင်း သိသည့် အခါ တွင် နောက်မြီး မှ လိုက်ရန် ကားမောင်းသူ က လက်ပြ သဖြင့် နောက်ပိုင်း သို့ သွား ကာ ပေါင်တံ ထိုး ၍ တစ်မျိုး ၊ ဝမ်းလျား ကပ် ၍ တစ်သွယ် အမျိုးမျိုးသော တက်နည်း မျိုး ဖြင့် ထို “ ချက်ပလက်ခေါင်းတို ” လော်ရီကား နောက်မြီး မှ တွယ် ၍ တက်ခဲ့ ရ ပါသည် ။
အပေါ်သို့ ရောက် သဖြင့် ထိုင်စရာ နေရာ ရှာ လိုက် သောအခါ နောက်မြီးပိုင်း အနည်းငယ် လပ် ၍ နေသော နေရာတွင် ခရီးသည် သုံးလေးဦး ပြွတ်သိပ် ကာ စီးနင်း လိုက်ပါလာ သည် ကို တွေ့ရသော ကြောင့် ၎င်းတို့ အား အားနာစွာ နှင့် ပင် တိုးဝှေ့၍ တစ်နေရာ တွင် ကုပ်၍ စီးခဲ့ရ ပါသည် ။
မင်းလှ တာဆုံ သို့ ရောက်ပြန် သော အခါ “ ဟိုးဆရာ ဟိုး ” ဟူသော ခေါင်မိုး ပေါ် မှ စပယ်ယာ ( ကား နောက်မြီး မှ တွယ် လိုက်ပြီး ခရီးသွားများ ကို အတင်း ဆွဲ လေ့ ရှိသော သူငယ်ကလေးများ အား စပယ်ယာ ဟု မြန်မာပြည် က ခေါ်သည် မှာ အဘယ် အထောက်အထား နှင့် ခေါ်သည် ကို ရှင်းလင်းပြကြဖို့ သင့်၏ ။ ) အော်သံ ကြား ပြီးနောက် ကား ထိုး ရပ်၏ ။
“ လိုက်ပါရစေ မောင်ရယ် …. ။ အမေကြီး ကားခ နှစ်ဆ ပေးပါ့ မယ် ။ မလိုက် မဖြစ်တဲ့ ကိစ္စကလေး ရှိလို့ပါ ” ဟု တောင်းပန်သံများ အဆုံး တွင် အသက် ၅ဝ မရှိ တရှိ မိန်းမကြီး တစ်ယောက် နောက်မြီး သို့ ပေါ် လာ ပြီး လျှင် တွယ် ၍ တက် ပြန်၏ ။
အပေါ် ၌ ရှိပြီးသူ များ က ခရီးသွား ချင်း ကိုယ်ချင်း စာနာသည့် သဘော ဖြင့် ထို မိန်းမကြီး အား မျက်စောင်းကြီး တွေ ထိုး ကြ၏ ။ အသံ ခပ်အုပ်အုပ် ဖြင့် မကြားတကြား “ ဒါလောက် ကြပ်ရတဲ့ အထဲ များ ကတ်သီးကတ်သတ် စီး ချင်ရသေးတယ် ဗျာ ” အစ ရှိသည်ဖြင့် လည်း ရေရွတ် ကြ၏ ။
သို့သော် စပယ်ယာ ကိုယ်တော်ဘုရား ကြား အောင် ကား မအော်ဝံ့ကြပါ ။ သို့နှင့် မင်းလှ တာဆုံ မှ ကား ထွက် ပြန်၏ ။
ထို မိန်းမကြီး မှာ ကတ်သီးကတ်သတ် ဖြင့် ကြက် ၄ - ၅ ကောင် ခန့် ပါသော ကြက်ခြင်း တစ်ခြင်း အနီး တွင် ကပ်၍ ပုပြီး ထိုင်ရ ရှာ၏ ။ ထို အဒေါ်ကြီး မှာ သနားကမား သန့်သန့်ပြန့်ပြန့် ပင် ဖြစ်ရာ ကျွန်တော် မှာ ကရုဏာ သက်ရောက် မိ သော် လည်း ကျွန်တော် ကိုယ်တိုင် ပင် ဟိန္ဒူယောဂီဘုန်းကြီး ပမာ တင်ပျဉ်ခွေ မကျ ၊ ဆောင့်ကြောင့် လည်း မမည်သော ထူးဆန်းသည့် ထိုင်နည်း ဖြင့် ထိုင် နေရသည် ဖြစ်သောကြောင့် ထူးခြားသော အကူအညီ ဆို၍ မည်သို့မျှ မပေးနိုင်ခဲ့ပါချေ ။
ကား သည် တအိအိ ဖြင့် ထွက်ပြန်၏ ။ တဖြည်းဖြည်း ဖြင့် စစ်ကွင်းဂရံ သို့ ရောက်သော အခါ “ ဒိုင်း ” ဟူသော အသံကြီး ကိုကြား လိုက်ရ သဖြင့် အားလုံး လန့်ဖျပ် ကုန်ကြ၏ ။ “ ဟဲ့ …. စောက်ခွေး ” ဟူသော မိန်းမသံ တစ်ခု မဆုံးမီ ကား ထိုး ရပ်တော့သည် ။
စပယ်ယာ လည်း ခေါင်မိုး ပေါ် မှ ကတ္တရာစေးလမ်း ပေါ် သို့ ရောက် ကာ ကား အောက် သို့ ငုံ့ ကြည့်ပြီး “ ဘီး ပေါက်တာ ဗျို့ ... ဘီး ပေါက်တာ ။ မအေရိုးဘီး က အစ ကတည်း က အထင်သား ပဲ ။ ပြောတာ ကို မရဘူး ။ မင်း က မင်း ကိုယ် မင်း ဘုရားများ ထင်နေ သလား ၊ ကောင်းပါတယ် ဆိုပြီး တပ် လာတာ အခုတော့ ကောင်းသေးသလား ” ဟု ကားမောင်းသမား ဘက် သို့ မျက်စောင်း တထိုးထိုး ဖြင့် ကြိမ်းမောင်း လေ ရာ ...
ကားမောင်းသမား က “ ကောင်းမယ် ထင်လို့ တပ် လာ တာပေါ့ကွ ။ ဒီလို ဖြစ်မယ်မှန်း သိရင် တပ် ပါ့မလား ။ မင်း က ငါ့ အပြစ် ချည်း ပဲ ဖြစ်အောင် မပြောနဲ့ သိလား ။ မင်း လည်း သဘော တူ လို့ တပ်ခဲ့တာပဲ ။ အစက ရီး ပြုလို့ မလဲတာ လား ” ဟု ပီယဝါစာ ချစ်ဖွယ်သော စကား ဖြင့် ပြန်၍ အဖြေ ပေးလေ တော့သည် ။
ဤသို့ဖြင့် တစ်ယောက် ကို တစ်ယောက် ကြိမ်းရင်း မောင်းရင်း ကား ဘေး တွင် ကပ် ထားသော ပစ္စည်းသေတ္တာ အတွင်း မှ ကားဘီး ဖြုတ်သည့် ကိရိယာများ ကို တစ်ခု ပြီး တစ်ခု ဆောင့်ကြီး အောင့်ကြီး ဖြင့် ထုတ် လျက် ကားဘီး လဲ ၍ တပ်ရန် ပြင်ဆင် နေကြသော ကြောင့် ကျွန်တော်တို့ တစ်တွေ လည်း နောက်မြီး မှ ဆင်း ကြပြီး လျှင် လမ်း နှင့် ခပ်လှမ်းလှမ်း တွင် ရှိ သော သစ်ပင်ရိပ် တစ်ခု အောက် သို့ သွားရောက် ထိုင်နေခဲ့ကြရပါ၏ ။
နေ က လည်း ပူ သဖြင့် ပျင်းပျင်းရိရိ နှင့် တစ်ယောက် တစ်ပေါက် ထွေရာလေးပါး စကား စမြည်များ ပြော ရင်းဖြင့် အချိန် ဖြုန်းတီးရင်း တစ်ကြိမ် တစ်ကြိမ် တွင် စပယ်ယာ နှင့် ကားသမား စကား များ သည်ကို နားထောင် ကာ ပြုံးမိ ကြပါ၏ ။
သို့နှင့် အတန်ကလေး ကြာသော အခါ ကား ပေါ် မှ အလန့်တကြား ဖြင့် “ အမယ်လေး - လာကြပါဦး တော် ဟောဒီ ကြက် ကျွန်မ ဥစ္စာ ကို ဆိတ် ယူ သွားပါပြီ ။ မြန်မြန် လာကြပါ ” ဟု အော်သံ ကြား သဖြင့် ကျွန်တော် တို့ လည်း ဘာမှန်း ညာမှန်း မသိဘဲ ကား ဆီ သို့ ပြေးသွား မိကြပါသည် ။
“ ဘာလဲ .. ဘာလဲ ... ဘာဖြစ်လို့လဲ ” ဟု မေးရင်း ကား နား သို့ ရောက် သော အခါ မင်းလှတာဆုံ မှ လိုက် ခဲ့သော အဒေါ်ကြီး မှာ ကား ပေါ် တွင် လက် ထဲ ၌ အထုပ်ကလေး တစ်ထုပ် ကို ကိုင် ရင်း ပြူးတူးပြဲတဲ ဖြစ်နေသည် ကို တွေ့ ရ ပါသည် ။ ထိုအခါ ကျ မှပင် ကျွန်တော် တို့ ကား အောက် သို့ ဆင်းသွား စဉ် က ထို အဒေါ်ကြီး မှာ မလိုက်ခဲ့ ဘဲ ကား ပေါ် တွင် တစ်ယောက် တည်း ကျန်ရစ် ခဲ့ကြောင်း သတိ ရကြပါ တော့သည် ။
“ ဘာလဲ အဒေါ်ကြီး ၊ ဘာဖြစ်တာလဲဗျ ။ အလန့် တကြား .. ” ဟု စပယ်ယာ က ငေါက်ဆတ်ဆတ် မေးသော အခါ ...
“ ဟောဒီ ခြင်း ထဲ က ကြက် ပေါ့ မောင်ရယ် ။ အဒေါ်ကြီး ဥစ္စာ ကို ဆိတ် ပြေးတယ် ။ မျို ပစ် လိုက်ပြီ ။ အကျိုးနည်း ပါ ပြီ ”
“ ဘာကို ဆိတ်သွားတာလဲဗျ ။ ခင်ဗျား ဥစ္စာ က အရင်း အဖျား မရှိ ”
“ စိန်လုံးကလေး မောင်ရေ စိန်ကြယ်သီး လုပ်ဖို့ ဝယ်လာခဲ့တဲ့ စိန်ကလေး ။ ဟောဒီ အထုပ် ထဲ က ဆိတ်ပြီး ယူ သွားတယ် ” ဟု ပြောပြောဆိုဆို လက် ထဲ မှ စက္ကူထုပ်ကလေး ကို ဖြေ ၍ ပြရာ အထုပ် ထဲ တွင် ဂွမ်း ပေါ် ၌ တင် ထားသော စိန်လုံးကလေး ၄ လုံး ကို ဖြိုးဖြိုးဖြောက်ဖြောက် မြင်ကြ ရ ပါသည် ။
ကျွန်တော် ကား စိန် ဟုတ်သည် မဟုတ်သည် ကို အသေအချာ မသိ ။ နောက် မှ ခရီးသည် အချင်းချင်း ပြောကြ သဖြင့် အတော် အသွေးအရည် ကောင်း သော စိန်မျိုးကောင်းကလေးများ ဖြစ်ကြောင်း သိရပါသည် ။
“ အဒေါ်ကြီး သမီး အတွက် ကြယ်သီး လုပ်ဖို့ အဆင့်သင့် ရတာနဲ့ ဝယ်လာ ခဲ့တာပါ ... မောင်ရယ် ၊ တစ်လုံး ကို ခြောက်ရာ ကျော် ပေးရ ပါတယ် ။ ကား ပေါ် မှာ လူ ရှင်းတုန်း အဒေါ်ကြီး က အထုပ် ကို ကြက်ခြင်း ကွယ်ပြီး ဖြေကြည့် နေတုန်း ဟောဒီ ခြင်းထဲ က ကြက် တစ်ကောင် ခေါင်း ထုတ်ပြီး ဆိတ် ယူ သွား ပါတယ် ။ လုပ်ပေးပါဦး ” ဟု ရှင်းလင်းပြ မှ အဖြစ်အပျက် ကို သဘော ပေါက် လာကြပါသည် ။
ထိုအခါကျ မှ ကျွန်တော် တို့ လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ တချို့ က လည်း ပြုံးစေ့စေ့ ဖြစ်လျက် ၊ တချို့က လည်း အဒေါ်ကြီး ကို သနားသော မျက်နှာ ဖြင့် ကြည့်နေ ကြ ပါသည် ။
စပယ်ယာ က “ ဘယ် ကြက်လဲ ။ အဒေါ်ကြီး စိန် ကို ဆိတ်ယူ သွားတာ ” ဟု မေးသော အခါ …
အဒေါ်ကြီး မှာ ကြက်ခြင်း ကို ကြည့် ပြီး မဝေခွဲ မဆုံးဖြတ် နိုင်သော အမူအရာ ဖြင့် “ အဲ … ခက်ပါပြီ ။ ဘယ် ကြက် မှန်း မသိလိုက်ဘူး မောင် ရဲ့ ။ ခြင်း ထဲ က ခေါင်း ထွက်ပြီး ကွတ်ခနဲ ဆိတ် ယူ သွားတော့ အဒေါ်ကြီး လည်း စိန် ပါ သွား သလား ၊ မသွားလား မသိရဘဲ ကိုယ့် စိန်ထုပ်ကလေး ကို ဘေးဖက် ကို ဖျတ်ခနဲ လွှဲပြီး ထားတယ် ။ နောက်ပြီး စိန်ကလေးတွေ ကို ရေကြည့် နေရတာ နဲ့ ဘယ် ကြက် မှန်း မသိလိုက်ဘူး ” ဟု ပြောရှာ လေသည် ။
ဤတွင်မှ ခက်တော့သည် ။ ခြင်း ထဲ တွင် ကြက်ဖ ၊ ကြက်မ စုစုပေါင်း ခြောက်ကောင် ရှိ လေသည် ။ ဤ ခြောက်ကောင် ထဲ မှ တစ်ကောင် သော ကြက်ကမြင်း သည် ခြောက်ရာ တန် စိန် တစ်လုံး ကို မျိုချ လိုက်လေပြီ ။ ဒေါ်ကြီး မှာ ကား နေမထိ ထိုင်မသာ ဖြစ်လျက် “ လုပ်ကြပါဦး ၊ လုပ်ကြပါဦး ” နှင့် ဟို လူ ကြည့် သည် လူ ကြည့် ဖြစ်နေ တော့၏ ။
ဤကိစ္စ ကား အဒေါ်ကြီး နှင့် ကြက်ပိုင်ရှင်ကု,လား ၏ ကိစ္စသာ ဖြစ်ရာ ဤအချက် ကို သိသော ခရီးသည် တစ်ယောက် က “ ကြက်တွေ ကို အားလုံး ဝယ်လိုက်ပေါ့ ဗျာ ။ အိမ် ကျ မှ ရင်ခွဲ ကြည့် တာပေါ့ ” ဟု အကြံ ပေးရာ၏ ။
ဤတွင် မှ “ ဘယ် ရောင်းနိုင်ပါ့မလဲ ဗျာ ။ ကျုပ် ကြက်တွေ ကို ။ ဒါတွေဟာ ရောင်းဖို့ မဟုတ်ဘဲ ။ အိမ် မှာ မွေးဖို့ တမင် ရွေးဝယ် လာတာပဲ ” ဟု ပြောသံ ကြား သဖြင့် အသံ ကြားရာ ဘက်သို့ အားလုံး ဝိုင်း၍ လှည့်ကြည့် လိုက်ရာ ကြက် ပိုင်ရှင် ဒို့ဗမာမွတ်ဆလင်လူမျိုး လူလတ် တစ်ယောက် ကို တွေ့ကြရပါ၏ ။
“ အောင်မယ် .. မရောင်းလို့ ... ဘယ် ဖြစ်မလဲ ကွဲ့ ။ မင့် ကြက် က ငါ့ ဥစ္စာ ကို မျို ပစ် လိုက်တာပဲ ” ဟု အဒေါ်ကြီး က ဒေါကြီး မောကြီး နှင့် လှည့် ပြောသော အခါ ထို ဗမာမွတ်ဆလင် က အေးအေး ဆေးဆေး အမူအရာ နှင့် ပင် “ ခင်ဗျာ့ ဟာ ကို မျိုတာ မမျိုတာ ကို … ကျုပ်တို့ မသိဘူးလေ .. ကျုပ် ကြက် ကို တော့ ကျုပ် ရောင်းချင် မှ ရောင်းမှာပဲ ” ဟု ပြန် ပြော လေသည် ။
၎င်း ပြောသည် မှာ နည်းလမ်း ပင် ဖြစ်ရာ ကျွန်တော် တို့ လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိ၏ ။
သူ ပြောသည် မှာ ဟုတ်ချေ သည် ။ စိန် ကို မျို သည် ဟု ပြောသည် မှာ အဒေါ်ကြီး သာ ဖြစ်လျက် မျက်မြင်သက်သေ ဟူ၍ ကြက် များသာ ရှိပုံ ပေါ်၏ ။ ကြက်များ ကို မေး၍ လည်း ရမည် မဟုတ်ချေ ။ ခမျာများ မှာ လူတွေ ဝိုင်း လာ လေလေ နေစရာ ထိုင်စရာ မရှိသလို ခြင်း ထဲ တွင် တကွတ်ကွတ် ဖြင့် ကြိတ်ကြိတ် တိုး ၍ သာ နေကြ လေသည် ။
“ ဟာ .. ခင်ဗျား မရောင်းလို့ ဘယ် ဖြစ်မလဲ ။ နည်းလမ်း မကျတာပဲ ။ ခင်ဗျား ကြက် က သူ့ စိန် အဖိုးတန်ကြီး မျို ထားတဲ့ ဥစ္စာ ကို ။ ခင်ဗျာ့ ကြက် က ဘယ်လောက်များ တန်သလဲ ။ မသကာ တစ်ကောင် သုံးကျပ် ပေါ့ ” ဟု စပယ်ယာ က ငေါက်ဆတ်ဆတ် ပြော လိုက်သော အခါတွင် ထို ကြက်ရှင် မောင်ဗမာမွတ်ဆလင် က သာ၍ ပင် အေးဆေးသော အမူအရာ ဖြင့် ...
“ အလို ... ကျုပ် ကြက် နှစ်ပြား ပဲ တန်တန် ၊ သူ က စိန် ကို မျိုပစ် လိုက်တယ် ဆိုတာ နဲ့ ရောင်းရ မှာလား ။ ဒါလောက် ခရီးကြမ်း တဲ့ အထဲ မှာ ဒုက္ခ ခံပြီး ယူ လာတာ လမ်း မှာ ရောင်းပစ်ဖို့မ မဟုတ်ဘဲ ” ဟု ငေါက်ဆတ်ဆတ် ပင် ပြန် ပြော၏ ။
စပယ်ယာ မှာ မျက်လုံးကြီး ပြူး၍ ကြည့် နေ၏ ။ ပါးစပ် လည်း လှုပ်လှုပ် လှုပ်လှုပ် နှင့် နေ သော်လည်း ဘာတွေ ပြောသည် ကို ကား အသံ မထွက် သဖြင့် မည်သူမျှ မကြားချေ ။ အဒေါ်ကြီး မှာ ထိုအခါတွင် ဒေါပွ လာ ကာ ..
“ အောင်မာ …. မင်း က မောက်မောက်မာမာ ရှိ လိုက်တာ ၊ မင်း ဒါလောက် တောင် ခေါင်းမာ နေရင် ငါ က ငါ့ တူ ဗိုလ် ( - - ) ကို သွား ပြောမှာပဲ သိလား ” ဟု ထိုအခါ က နာမည်ကြီး ဗိုလ် တစ်ယောက် ၏ အမည် ကို ပြောလေသည် ။ ကျွန်တော်တို့ အားလုံး လည်း အဘယ်သို့ ဖြစ်လာဦးမည်နည်း ဟု စိတ်ဝင်စား လာ ပြန်၏ ။ ကြက်ရှင် က တုန်လှုပ်ပုံ မပေါ် ။
“ အမယ်လေး ... ဗိုလ် ( - - ) ကို လည်း ကျုပ် က သွား တိုင် မှာပါပဲ ၊ ခင်ဗျား ကျုပ် ကို မတရား လုပ်ရင်တော့ ” ဟု ပြန်ပြော၏ ။ သူ ပြောသူ မှာ လည်း အရာရောက်သူ တစ်ဦး ဖြစ်နေ ပြန်၏ ။
ခက်နေပြီ ။ အပျက်ပျက် နှင့် အဒေါ်ကြီး မှာ စိန် ဆုံး ရတော့မည် ပုံ ပေါ် နေ၏ ။ အဒေါ်ကြီး မှာ မကြံသာတော့ သကဲ့သို့ ဟိုကြည့် သည်ကြည့် နှင့် ရှိ နေပြီး ငိုတော့မည့် မျက်နှာ နှင့် တစ်ဖန် ကြက်ရှင် ဘက် သို့ လှည့်လာ ပြန်ကာ
“ ရောင်းပါ မောင်ရင် ရယ် ... မောင့် ကြက် တစ်ကောင် ကို တစ်ဆယ် ပေး ပါ့မယ် .. ရော့ပါ ငွေ ခြောက်ဆယ် ” ဟု အင်္ကျီအိတ် အတွင်း သို့ လက်နှိုက် လေ ရာ ကြက်ရှင် က
“ မရောင်းနိုင်ပါဘူးဗျာ ။ ကျုပ် ကြက် ရောင်းဖို့ မဟုတ်ပါဘူး ဆိုနေမှ ပဲ ” ဟု ခေါင်း တခါခါ နှင့် ပြော လေသည် ။ ထိုအခါတွင် မှ ကျွန်တော်တို့ လည်း ကြက်ရှင် ၏ မရိုးသားသော စိတ်သဘော ကို ရိပ်မိ လာကြ၏ ။ အဖိုးတန် စိန် ကို မျိုသော ကြက် ဖြစ် သဖြင့် ကြက်များ ကို မရောင်းဘဲ အိမ် ကျ မှ ရင်ခွဲပြီး ယူရန် အကြံ ရှိ၍ သာ မတန်တဆ အဖိုး ပေး သော် လည်း မရောင်းဘဲ ခေါင်းမာ နေခြင်း ဖြစ်ချေသည် ။
အဒေါ်ကြီး ခမျာ မှာ ကား ငိုမဲ့ ငိုမဲ့ နှင့် “ တောင်းပန် ပေးကြပါဦး ရှင် ။ ကျုပ် စိန်ကလေး ဘာလိုလို နဲ့ ဆုံးနေပါဦးမယ် ” ဟု ပြောရှာ သဖြင့် ကျွန်တော်တို့ အားလုံးပင် ဝိုင်း၍ ကြက် ကို ရောင်းရန် တောင်းပန် ပေးကြ၏ ။ သို့သော် ထိုကု,လား ကား တောင်းပန်၍ မရတော့ချေ ။
ကျွန်တော် မှာ ကြက်ခြင်း ထဲ ရှိ ကြက်များ ကို ဂရုပြု ၍ ကြည့်မိရာ တခြား ကြက်များ လောက် တကွတ်ကွတ် မတိုးနိုင် ရှာ ဘဲ ထောင့် တစ်ထောင့် တွင် ခပ်ကုပ်ကုပ် ငြိမ် နေသော ကြက် မတမ်းမ, တစ်ကောင် ကို တွေ့ရသဖြင့် စိတ် ထဲ က “ ဧကန္တ စိန် ကို မျိုတာ ဒီ ကြက်မ ဖြစ်မှာပဲ ” ဟု တထစ်ချ တွေးမိ ပြီး စိတ် ထဲ ၌ မရိုးမရွ ဖြစ်လာတော့၏ ။ တခြား သူများ ကို လှည့် ကြည့် လိုက်သော အခါတွင် ထို ညောင်နာနာ ကြက် ကို ဂရုစိုက် ၍ ကြည့်နေသူ ကား ကျွန်တော် သာ မဟုတ် ။ ကားစပယ်ယာ မောင်ဟဝှာ ပါ ဖြစ်ကြောင်း တွေ့ရလေသည် ။ သူ လည်း ရိပ်မိ မှာ ပဲ ။
ထိုအခိုက် အဒေါ်ကြီး က ကြက် တစ်ကောင် ကို သုံးဆယ် အထိ တိုး၍ ပေး နေ သော်လည်း ကု,လား မှာ မရောင်း ဟု အတွင် သာ ငြင်းဆန် နေလေသည် ။ ခက်ချေတော့၏ ။ ဥပဒေ အရ ဘာမျှ မတတ်နိုင် ။ အနိုင် လည်း မကျင့်နိုင် ဖြစ်နေကြစဉ် ကု,လားသည် အတန်ငယ် စဉ်းစားသော အမူအရာ ဖြင့် ငြိမ်နေ ပြီး မှ ...
“ ကဲ ... ကျွန်တော် ပြောမယ် နော် ... ဒီ ကြက်တွေ ကို ကျွန်တော် လေလံ ပစ်မယ် ။ ပို ပေးတဲ့ လူ ရောင်းမှာပဲ ။ အဒေါ်ကြီး တစ်ယောက် တည်း ကိုတော့ မရောင်းနိုင်ဘူး ။ အားလုံး သဘောတူ ကြရဲ့ မဟုတ်လား ” ဟု ကျွန်တော်တို့ ဘက် လှည့် ၍ မေးလေသည် ။
ကျွန်တော်တို့ လည်း ဒုက္ခ တွေ့ နေသူ တစ်ဦး ၏ ပစ္စည်း ကို အချောင် နှိုက် ရန် ဝါသနာ မပါသော ပြည်ထောင်စုသားများ ပီပီ ...
“ ဟုတ်တယ် ... ဟုတ်တယ် ... အဲဒီ အကြံ ကောင်းတယ် ။ အဲဒါ တရား သဖြင့် ထိုက်သူ ရမှာပဲ ” ဟု တစ်ယောက် တစ်ပေါက် ဝိုင်း ၍ ပြောကြ၏ ။ အဒေါ်ကြီး ခမျာ မှာ ကား ခိုကိုးရာမဲ့ ဖြစ်၍ နေရှာ လေတော့သည် ။
သို့နှင့် မော်တော်ကား ဘီး ကို အသာ ထား၍ “ မူလကျီ လေလံပွဲကြီး ” စ လေ တော့သည် ။ ကြက်ကု,လား က ခြင်း ထဲ သို့ နှိုက် လိုက်သော အခါ ကျွန်တော် နှင့် စပယ်ယာ တို့ ဂရုပြု၍ ကြည့် ထားသော ကြက်နာမ မှာ တခြား ကြက် လို ရုတ်တရက် မရှောင်နိုင် သဖြင့် ဆွိခနဲ ပါ၍ လာလေသည် ။ ကျွန်တော် မှာ ကား စိန် ကို အသေအချာ မျို ထားသော ကြက် ပါလာပြီ ဟု ရိုးတိုး ရွတ ဖြစ်လာတော့၏ ။ စပယ်ယာ လည်း ကျွန်တော် ကဲ့သို့ ပင် စိတ်အား ထက်သန် နေသည် ကို တွေ့ရ လေသည် ။
“ ကဲ ... ဟောဒီ ကြက် ဘယ်လောက် ပေး မလဲ "
ကျွန်တော် မှာ လောဘ စိတ် တိုက်တွန်း နေလေပြီ ။ အသေအချာ ခြောက်ရာ တန် စိန် တစ်လုံး မျို ထားသော ကြက် ကို လက် မလွတ် စေရန် “ သုံးဆယ့်ငါးကျပ် ပေးမယ် ” ဟု အော် လိုက်၏ ။
ကားစပယ်ယာ က ကျွန်တော့် ကို မျက်စောင်း ထိုး ပြီး “ လေးဆယ် ” ဟု အော်၏ ။
ကျွန်တော် “ လေးဆယ် ငါးကျပ် ”
စပယ်ယာ “ ငါဆယ် ”
ကျွန်တော် “ ခြောက်ဆယ် ”
စပယ်ယာ “ ခုနစ်ဆယ် ”
ဤတွင် ကျွန်တော် ကုပ်၍ သွားတော့ ၏ ခုနစ်ဆယ် ထက် ကျွန်တော် ပို မပေး နိုင်ချေ ။ ကြက်ကု,လား လည်း တစ်ကြိမ် နှစ်ကြိမ် နှင့် အော်ပြီး စပယ်ယာ ကို ကြက် ပေး လိုက်လေသည် ။ စပယ်ယာ သည် ကြက်ဖိုး ခုနစ်ဆယ် ကို ကား ရှေ့ခန်း ထဲ မှ သွား၍ ယူပြီး ပေးချေ ကာ ကြက် ကို ကိုင်လျက် ကား ရှေ့ဖက် သို့ ထွက် သွား ၏ ။
ကြက်ကု,လား က တခြား ကြက်များ ကို လေလံ ဆက်၍ ပစ်ရန် ပြင်ဆင် နေစဉ် ကား ရှေ့ပိုင်း ဆီ မှ “ ကွတ်ကွတ် ဖျပ်ဖျပ် ” နှင့် အသံ ကြား ရ သဖြင့် သွားရောက် ကြည့် မိရာ စပယ်ယာ ကြက်သေကောင် ကို ကိုင် ထားပြီး ဒရိုင်ဘာ က မောင်းချဓား တစ်ချောင်း ဖြင့် ရင် ကို ခွဲ ရန် အသင့်ပြင် နေ သည် ကို တွေ့ရ လေသည် ။ မြန်ဆန်လှသူများ ပေ တကား ။
အားလုံး ထို ကြက်သေကောင် ဖျက် ရာ သို့ ပြေး၍ ကြည့်ကြ လေသည် ။ ဒရိုင်ဘာ လည်း အလွန် ကျင်လည်စွာ ကြက်သေကောင် ကို အူသိမ် အူမ, အစာအိမ် မကျန် ဓား ဖြင့် မွှေနှောက် ရှာဖွေ၏ ။ ရေ လည်း ဆေး ကြည့်၏ ။ သို့ရာတွင် စိန် နှင့် တူသော အရာ ဟူ၍ ဘာမျှ မတွေ့ရ ၊ ကြက်ချေးစော် နံသည် သာ လျှင် အဖတ်တင် ရရှာ လေသည် ။ ကျွန်တော် ကား ဝမ်းသာ လိုက်သည့် ဖြစ်ခြင်း ။
လေလံပွဲ ဘက် သို့ အားလုံး ပြန်လှည့် လာ ကြ၏ ။ စိန် မျိုသော ကြက် ကား ဤ ကျန် ကြက်ငါးကောင် မှ တစ်ကောင် ကောင် ဖြစ်ရတော့မည် ။ ပိုမို၍ စိတ်အား ထက်သန် လာ ကြ၏ ။ သို့ရာတွင် ခက်ပြန်သည် ကား ကြက်ကု,လား က
“ ခင်ဗျားတို့ ခုလို ချက်ချင်း ကြက် ကို သတ်ရင် ကျုပ် ကြက်တွေ ဘယ် ရောင်းရ တော့ မလဲဗျ ။ အဲဒီလို သ,တ် ရင်တော့ ကျုပ် မရောင်းနိုင်တော့ဘူး ” ဟု ပြောခြင်း ဖြစ်လေသည် ။
အင်း ဤ အချက်လည်း ဟုတ်ပေသည် ။ အကယ်၍ စိန် ကို မျို သော ကြက် ကို တစ်ယောက် ယောက် က ရ သွား ၍ ချက်ချင်း ရင် ကိုခွဲ ကြည့်ပြီး လိုက်လျှင် ကြက်များ ကျန်နေသေးပါ က တစ်ကောင် လျှင် ၃ိ သို့ လျှောကျ သွား ပေမည် ။ ထို့ကြောင့် အဒေါ်ကြီး မှ အစ , အားလုံးပင် ကြက် ကို ကား ပေါ် တွင် မခွဲရ ။ တခြား နေရာ သို့ ယူသွားမည် ဟု စည်းကမ်းချက် အာမဝန်တာ ခံ ကြပြီး လေလံပွဲ ကို ဆက်၍ ကျင်းပပြန် လေသည် ။
လေလံ တွင် အဒေါ်ကြီး လည်း တစ်ကောင် မကျန် လိုက်၍ ဆွဲရှာ ပါ သေး၏ ။ သို့ရာတွင် အခြားသူများ ကဲ့သို့ ရက်ရက်ရောရော အဖိုး မပေး နိုင်ရှာ သဖြင့် တစ်ကောင် မျှ မရချေ ။ ကြက် တစ်ကောင် ၏ အမြင့်ဆုံး တန်ဖိုး မှာ တစ်ရာ ဖြစ်၏ ။ အနည်းဆုံး ကား ခုနှစ်ဆယ် ဖြစ် လေသည် ။
သို့နှင့် ကြက်ကု,လား မှာ ကြက် ခြောက်ကောင် အတွက် ငွေ ငါးရာ ခန့် ရ၍ သွား လေသည် ။ ကြက် ရသောသူ များ မှာ ကြက်ကလေးများ ကို အလွန် အဖိုး ထိုက်တန်သော ရွှေဟင်္သာငှက်များ ကို ရဘိသည့် အလား တယုယု တယယ နှင့် ပိုက်ထား ကြပြီး ကားကြုံ ကို သာ မျှော်၍ တမော့မော့ ရှိနေကြသည် ကို ကျွန်တော် အကဲခတ် မိ သဖြင့် ဝမ်း ထဲ မှ ပြုံး မိ၏ ။
ပေါက်ဖော်ကြီး တစ်ယောက် မှာ ကား ကြက် ကို လက် တွင် ပိုက် ကာ လွတ်နေသော လက် ဖြင့် ကြက်ဇလုတ် ကို တစမ်းစမ်း ရှိနေ၏ ။ စပယ်ယာ နှင့် ဒရိုင်ဘာ တို့ လည်း ဆဲရင်း ဆိုရင်း ကားဘီး ကို ပြင်မြဲ ပြင်ကြ လေ တော့သည် ။
မကြာမီ ပြည် ဘက် မှ မော်တော်ကား တစ်စီး ပေါက် ၍ လာရာ ကြက်သမားများ မှာ ကား ကို ရပ်ပြီး အထုပ်ကလေးများ ကိုယ်စီ ဆွဲလျက် အဖိုးငွေ နှစ်ဆ ကျော် ပေးပြီး ရန်ကုန် သို့ လိုက်ရပါမည့် အကြောင်း တောင်းပန်ပြီး အတင်း တိုး ၍ တက်ကြတော့သည် ။
အဒေါ်ကြီး လည်း ၎င်းတို့ နှင့် တစ်ပါတည်း လိုက်ကာ ၎င်း ၏ ရန်ကုန် လိပ်စာ ကို ကြက်ပိုင်ရှင်များ အား တတွတ်တွတ် ပြောလျက် “ တွေ့လျှင် ပြန်ပေးကြပါနော် ” ဟု တစ်ဦး စီ တောင်းပန် နေ သော်လည်း တချို့ကား မကြား ချင် ယောင် ဆောင် နေကြ၏ ။ တချို့လည်း ဝတ်ကျေဝတ်ကုန် အဖြေ ပေး ကြ၏ ။
အထက်ပါ အဖြစ်အပျက် ကို ကျွန်တော် လည်း မေ့ပျောက် လု မတတ် ဖြစ်၍ နေ လေပြီ ။ သို့ရာတွင် ထူးဆန်းသော အချက် တစ်ချက် ကို မကြာမီ က မှ တွေ့ရ သဖြင့် စိတ် ၌ သို့လေ ... သို့လော ဖြစ်ပေါ် လာ ရ ပြန်၏ ။
မကြာမီ က ကျွန်တော် ကိစ္စ တစ်ခု နှင့် ရန်ကုန် သို့ ရောက် သဖြင့် အင်္ဂလိပ်ရုပ်ရှင် တစ်ရုံ တွင် ဝင်၍ ကြည့်ရာ ကျွန်တော့် ရှေ့တန်း ၌ စုံတွဲ တစ်တွဲ တွဲ၍ ထိုင် နေသည် ကို တွေ့မိ၏ ။ အားလပ်ချိန် တွင် တပိုတပါး သွားရန် အပြင် သို့ ထွက်ပြီး ပြန် အဝင် တွင် ကျွန်တော့် ရှေ့ က စုံတွဲ မှာ တခြား မဟုတ် ။ ကြက် လေလံ ပစ်သော ဗမာမွတ်စလင် လူလတ် နှင့် စိန် ကို ကြက် အမျို ခံရသည် ဟု ဆိုသော အဒေါ်ကြီး တို့ ဖြစ်နေကြောင်း တွေ့ရပါသည် ။ ကျွန်တော် ကား ရုပ်ရှင် နောက်ပိုင်း ကို ကောင်းစွာ မကြည့်နိုင် တော့ ချေ ။ ကြက်လေလံ မပစ်မီ က ပင် ညား နေသော လင်မယား လော ၊ ကြက်လေလံ ပစ် ပြီးမှ ညား နေ သော လင်မယား လော ဟူသော ပြဿနာ ကို သာ အဖန်ဖန် သုံးသပ် နေမိပါ သတည်း ။
◾သိပ္ပံစိုးလှ
📖 ရှုမဝ မဂ္ဂဇင်း
📖 အောက်မေ့ဖွယ် ဟာသဝတ္ထုများ ( ၅ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment