❝ အနောက်မုခ် မှာ မိုးသည်း တဲ့ ည ❞
“ ဖွီး မိုး ကလည်း သည်းလိုက်တာ ကွာ ”
ပါးစပ် ထဲ က ကွမ်းယာ ကို ထွေး ထုတ်ရင်း ကျော်လှ က ပျစ်ပျစ်နှစ်နှစ် ညည်း လိုက်တယ် ။
ဆိုင်လေး ရဲ့ မိုးကာ တံစက်မြိတ် ကနေ တဝေါဝေါ စီး ကျနေတဲ့ မိုးရေတွေ က မသိကျိုးကျွံ ပြု ပြီး ရွှေတံချောင်း မြောင်း ထဲ ကို စီး သွား ကြတယ် ။ အချိန် က ည ခုနစ်နာရီ လောက် ရှိ နေပြီ ။
ခါတိုင်း အလင်းရောင် မပျောက်တပျောက် ညီအစ်ကို မသိတသိ အချိန် ဖြစ်ပေမဲ့ ၊ အခုတော့ လေး ၊ ငါးရက် မုန်တိုင်း ရှိလို့ ရက်ဆက် စွေ နေတဲ့ မိုးကြောင့် မှောင်မည်း အုံ့ဆိုင်းမို့မှိုင်း နေတယ် ။ ဘယ်သူ မှ အိမ် ထဲ က ထွက်ချင်ကြ မှာ မဟုတ်ဘူး ။ မရှိ ၊ ရှိတာ ချက်ပြုတ် စားပြီး ကိုယ့် အိမ် ထဲ ကိုယ် ကုပ် နေကြရ မှာ ။ ကျော်လှ တို့ လို ဆိုက်ကားသမားတွေ ရယ် အခုလို ကျော်လှ ရှေ့ မှာ ငိုင်ငိုင်ကြီး ထိုင် နေတဲ့ လေးဘီးသမား ဘိုထွန်း တို့ လို ရယ် လူတွေ ကတော့ မိုး ဘယ်လောက် သည်းသည်း အိမ် မှာ မံမံ တူတူ ပုန်း ကြမှာမို့ မထွက် မဖြစ် ထွက် ကြရ တယ် ။ ထွက် ပြန်တော့ မိုး က ရွာ ၊ ရာသီဥတု က ကိုယ့် ဘက် မှာ ဆိုပြီး ရွှေတံချောင်းမြောင်း ဘေး က ဘီအီးအရက်ဆိုင်လေး ကို ရောက်ကြ ပြန် ရော ။
ညနေ ကတည်း က အနောက်မုခ် စစ်ကိုင်း ၊ မန္တလေးလမ်း ဘေး မှာ လေးဘီး နဲ့ ဆိုက်ကား ကို တစ်နေရာ စီ ထိုး ထားခဲ့ပြီး ရောက် နေကြတာ ။ ခုနစ်နာရီ ထိုးနေပြီ ၊ မထ ဖြစ် ကြဘူး ။
စောစော ကတော့ အနောက် ဘက် မာလကာခြံ လမ်း ထဲ က နေ မိုးကာအင်္ကျီ နဲ့ လူ တစ်ယောက် ငိုက်စိုက်ငိုက် စိုက် ထွက် လာတယ် ။ အရက် ခိုး တွေ ဝေနေတဲ့ ကျော်လှ မျက်လုံး ကျယ်သွားတယ် ။ “ ဆိုက်ကား လား ဆရာ ” လို့ မျှော်လင့်တကြီး မေးမိပါတယ် ။ ခေါင်း ခါ ပြလို့ ကိုယ်ရှိန် သတ် လိုက်တုန်း ဘိုထွန်း ရဲ့ ၀မ်းသာအားရ “ လေးဘီးလား ခင်ဗျ ” ဆိုတဲ့ အသံ ကို လည်း ခေါင်း ခါ ပြ ပြန်တယ် ။ “ ဆိုင် ကယ် ” ဆိုတဲ့ ခရီးသည် အသံ အဆုံး မှာ ဘေးနား က အရက် သောက် နေတဲ့ ၀င်းမြင့် ဝုန်း ခနဲ ထ သွားတယ် ။ ဝေါခနဲ ဆိုင်ကယ်သံ ဟာ ကျော်လှ နဲ့ ဘိုထွန်း ရဲ့မျှော်လင့်ချက်တွေ ကို ကျိုးပဲ့ သွားအောင် စိစိ ညက်ညက် နင်းခြေ သွား တယ် ။ နှစ်ယောက် သား မျက်နှာချင်း ဆိုင် ငိုင်ငိုင်ကြီး ပြန် ထိုင် သွားကြတယ် ။ ကျော်လှ စိတ်ပေါက်ပေါက် နဲ့ ဘီအီး ခွက် ကို ခွပ်ခနဲ မော့ ချလိုက် တယ် ။
“ ဟာ ဟေ့ကောင် ကျော်လှ ၊ ဒီလို မလုပ်နဲ့လေ ကွာ ။ ရေ မရောရင် အသေ စော တယ် ကွ ”
အသက်ငါးဆယ် လောက် ရှိတဲ့ ဘိုထွန်း က ကျော်လှ ကို ဟား တယ် ။
“ သွားစမ်းပါဗျာ ။ ဘိုထွန်းကြီး ကလည်း စော လည်း စော ပေါ့ဗျ ။ ဘာဖြစ် သေးလဲ ။ ဒီ မိုး နဲ့ လုပ်စားလို့ မရတဲ့ ထဲ ဒီ ဆိုင်ကယ်တွေ ကလည်း တစ်မှောင့် ။ ဟေ့ အောင်သန်း ကွမ်း ပြန် ထုပ် စမ်းကွာ ”
“ ဟာ မိုးရွာကြီး ထဲ အနောက်မုခ် ထိ ပြန် လျှောက်ရမှာ ။ မထုပ်ချင်ဘူး ကွာ ”
ဘိုထွန်း က လှည့် ကြည့်တယ် ။
“ သွားလိုက်ပါ အောင်သန်း ရာ ။ ငါ လည်း စားချင်နေတာ ကွ ။ ရော့ ရော့ ”
အိတ်ထောင် ထဲ က နှစ်ရာတန် တစ်ရွက် ထုတ် ပေးလိုက်တော့ မိုးဖွဲဖွဲ ထဲ မှာ အောင်သန်း အနောက်မုခ်ဘက် ကို ပြေးသွားတယ် ။ အောင်သန်း ကွမ်းယာဆိုင် ကလည်း စစ်ကိုင်း လမ်းပေါ် မှာ မိုး မိပြီး ဈေးဝယ် မလာလို့ ကွမ်းယာ ဆိုင်ကလေး တုပ်ကွေး မိ တော့မယ် ။ အောင်သန်း ခါတိုင်း ဆို နှစ်ရာဖိုး နဲ့ ပြန် ပြေး သွားပါလိမ့်မယ် ၊ ဝေးပါသေး ရဲ့ ။ အရောင်းအဝယ် ပါး လွန်းတော့ နှစ်ရာ လည်း နှစ်ရာ ပဲ လေ ။
“ မင်း မပြန်သေးဘူး လား ”
ဘိုထွန်း က မေးတော့ ကျော်လှ ခေါင်း ခါတယ် ။
“ ဘယ်လောက် ရပြီလဲ ”
ဆက် မေးတော့ လက်နှစ် ချောင်း ထောင် ပြပြီး မိုးရေစက်တွေ ကို ငေး နေတယ် ။
“ ပြန်လေကွာ ။ နှစ်ထောင် တောင် ရနေပြီပဲ ဟာ ”
“ ဟာ ဘိုထွန်း ကလည်း ။ နေ့ပြန် ပေးဖို့ တောင် မလောက်တာ မပြန်သေးဘူး ဗျာ ။ တစ်ခါတလေ နေ့ပြန် ပေး တဲ့ မရှမ်းမ က ကိုးနာရီ လောက် မှ လာ တောင်း ချင် တောင်း တာ ။ ကိုးနာရီ ကျော် မှ ပြန် ဖြစ်မှာ ”
“ ဒါဆိုလည်း တစ်လုံး ထပ် မှာ လိုက်ဦးမယ် ကွာ ”
“ ချ ဗျာ မြင်းခွာရွက်သုပ် တစ်ပွဲ ပါ မှာ ဗျာ ။ တောက် ဟို ဆိုင်ကယ် ကောင် ကွာ ... ”
“ လုပ် မနေနဲ့ ။ ဆိုင်ကယ် ကယ်ရီတွေ ပေါ် လာ မှ ငါတို့ လေးဘီး ရော မင်း တို့ ဆိုက်ကား ရော ခံ ရတာ ”
“ ခင်ဗျားတို့ က ဇိမ် နဲ့ မောင်းရတာ ၊ ကျုပ်တို့ က ဖင် ကုန်း အောင် နင်း ရတာ ”
“ ဟင် ငါတို့ က ဆီ နဲ့ မောင်း ရတာကွ ။ မင်း တို့ က အရင်း မရှိ ”
“ မရှိဘဲ နေမလားဗျ ။ ဆိုက်ကား စပေါ် နဲ့ အုံနာခ က ခင်ဗျား အဖေ က ပေးမှာလား ။ ကဲ ... ”
ဒီ ကောင် လစ်မစ်လေး နည်းနည်း ကျော် သွားရင် စကားတွေ က ရိုင်း ချင်လာပြီ လို့ ဦးထွန်းမောင် က တွေး တယ် ။ ဒီ နား မှာ အသက် အကြီးဆုံး မို့ အားလုံးက ဘိုထွန်း ၊ ဘိုထွန်း ခေါ် နေကြ တာ ။ ကိုယ် လူကြီး ဆန် အောင် နေမှပါလေ ဆို ပြီး ငြိမ် နေလိုက်တယ် ။ ငယ်ငယ် က စိတ် ဆို ခုံ နဲ့ ကောက် ရိုက် ပြီး ပြီ ။ ကျော်လှ ကတော့ တဂွတ်ဂွတ် သောက်တုန်း ၊ ဘိုထွန်း က အသာလေး ချို နေလိုက်တယ် ။ အောင်သန်း ကွမ်းယာထုပ် နဲ့ ပြန် ရောက် လာတယ် ။ မိုး ကလည်း သည်း လိုက်တာ ။ တဖြည်းဖြည်း အချိန်တွေ ကုန် လာပြီး ည နက်သထက် နက်လာ တယ် ။ ဆယ်နာရီ ထိုးခါ နီးမှ သူတို့ နှစ်ယောက် အနောက်မုခ် ကို ပြန် လျှောက်လာတော့ အောင်သန်း အရက်ဆိုင် ထဲ မှာ ကျန် ခဲ့တုန်း ။
“ ဒီ ကောင် က ကြွက်တွင်း ဗျ ။ ဆိုင် ကို မသိမ်းသေး တာ ၊ သူ့ ဆိုင် ရောက်ရင် တစ်ယာ လောက် တော့ အိမ် အပြန် ယာ စား သွား လိုက်ဦးမယ် ”
ပြောပြောဆိုဆို ကျော်လှ က ဆိုက်ကား ပေါ် တက် ပြီး အောင်သန်း ကွမ်းယာ ဆိုင် ဘက် ဘီး တစ်လိမ့် နှစ် လိမ့်စာလေးကို လမ်းလျှောက် မသွားဘဲ နင်း သွားတာ လှမ်း ကြည့်ရင်း ဦးထွန်းမောင် က ကား ထဲ ဝင် ထိုင်ပြီး စက် နှိုးတယ် ။ ထုံးစံအတိုင်း အအေး မိပြီး နှာစေးချောင်းဆိုး ဖြစ် နေတဲ့ ကား က တော်တော် နဲ့ မနှိုးဘူး ။ အောင်သန်း ဆိုင် မှာ ကွမ်း ယာပြီး ပါးစောင် ထဲ ထည့်ရင်း ၊ ကျော်လှ ဆိုက်ကား ကို ကွေ့ လိုက်တယ် ။
မိုးလေး က ဖွဲဖွဲ လေး ကျနေတယ် ။ ဝင်းခနဲ လက်လိုက်တဲ့ လျှပ်စီးရောင် အောက် မှာ အနောက်မုခ် လှေကား ထစ် ပေါ် က ထူးခြားမှု တစ်ခု တွေ့ လိုက်ရလို့ အံ့သြသွားတယ် ။ ကြက်သီးတောင် ထ သွားတယ် ။ ဘယ့်နှယ်ပါလိမ့် ။ ဘုရားကြီး က ဆင်းလာတဲ့ လှေကားထစ် ပေါ် မှာ မည်း မည်းကြီး တွေ့လိုက်သလားလို့ ။ လမ်းပေါ် မှာ အသွား အလာ မရှိ ၊ လူကပြတ် မှောင် ကြီးမည်းမည်း မီးတွေ က လည်း ပျက်လို့ ၊ ကိုယ်တောင် ဆိုင်ထိုင် နောက်ကျလို့ ဒီ အချိန် ရှိ နေတာ ။ ကျော်လှ ခုထိ ကားစက် နှိုး မရသေးတဲ့ ဘိုထွန်း နား ဆိုက်ကား ကို အတင်း နင်းသွားပြီး ၊ ကား ဘေးနား မှာ ဆိုက်ကား ကို ရပ်ပြီး အလျင်စလို ဆင်း လိုက်တယ် ။
“ ဘိုထွန်း ဘိုထွန်း လှေကားပေါ် မှာ မည်းမည်းကြီး ဗျ ။ ငုတ်တုတ်ကြီး ”
“ ဟယ် တစ္ဆေ ရှိတယ် မကြားဖူးပါဘူး ။ နင် မူး နေတာလား ကျော်လှ ”
“ မမူးဘူးဗျ ၊ မမူးလို့ မြင်တာ ။ လာကြည့် ”
အဲဒီလို နေတုန်း မိုး က တိတ်သလောက် ရှိပြီ ။ လျှပ်စီးတွေ သာ တဝင်းဝင်း ပစ် နေတယ် ။ ဘိုထွန်း ညည်းညည်း ညူညူ နဲ့ ကားပေါ် က ဆင်း လိုက်ရတယ် ။
“ ဟိုမှာဗျ ”
“ သြော် ”
လျှပ်စီးက ဝင်းခနဲ လက်သွားတယ် ။
ဘိုထွန်း ရော ကျော်လှ ရော အံ့သြသွားတယ် ။ လှေကားထစ် ပေါ်မှာ ထီး ကို အုပ်ပြီး ဆောင်းထားတဲ့ ကိုယ်ဝန်ဆောင် ကိုယ်ပြည့်လက်ပြည့် တစ်ယောက် က ကိုးရိုးကားရားကြီး ထိုင် နေတယ် ။ သူ့ ဘေး မှာ ပလတ်စတစ် အုပ် ထားတဲ့ ခြင်းတောင်း တစ်လုံး တွေ့ ရတယ် ။ ခါး ကို လက် တစ်ဖက် နဲ့ နှိပ်ပြီး မျက်နှာက လည်း ရှုံ့မဲ့ လို့ ပါတိတ်လုံ ချည် ဝတ်ထားတဲ့ အောက်ပိုင်း တစ်ပိုင်းလုံး ရွှဲ စိုနေတယ် ။ ဘိုထွန်း နဲ့ ကျော်လှ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ချက်ချင်း ကျော်လှ က လှေကားထစ်တွေ ထစ် ကျော် တက်သွားလို့ ဘိုထွန်း လည်း လိုက် ခဲ့တယ် ။
“ ဟို အစ်မ ဘာ ဖြစ်နေ တာလဲ ။ ဗိုက်နာ နေတာလား ”
ဗိုက်ကြီးသည် က မျက်ရည်တွေ စိုရွှဲနေတဲ့ မျက်နှာနဲ့ မော့ ကြည့်ပြီး အသံသဲ့သဲ့ နဲ့ ...
“ ပခုက္ကူကား ဝင် သွားပြီ လား ”
“ ဝင်ရောပေါ့ ဆယ်နာရီ ကျော် နေပြီ ဟာ ”
ဗိုက်ကြီးသည် က ဟီး ခနဲ ငို ချလိုက်တယ် ။
“ ဟာ အစ်မ မငိုနဲ့လေ ။ ကားကြို လာတာလား ။ ဒုက္ခပါပဲ ။ မွေး မှာ နဲ့ တူတယ် ။ ဘိုထွန်း လုပ်ပါဦး ဗျ ”
“ မလာတော့ဘူး ထင်တယ် ။ ကျွန်မ ယောက်ျား ပခုက္ကူ သွား ပြီး ပိုက်ဆံ ရှာတာ ၊ ဒီနေ့ လာမယ် ဆိုလို့ လာခဲ့တာ ။ မိုး ထဲ မှာ ၊ ကျွန်မ က မြရည်နန္ဒာ က ”
“ ကဲကဲ ကျော်လှ ဘာ ဖြစ်ဖြစ် မွေး မလို့ ဆိုရင် သားဖွားခန်း ပို့ ရမှာ ။ သယ်သာ လာ ခဲ့တော့ ။ ပြောနေတာ ကြာပါ တယ်ကွာ ”
“ ဆေးရုံ ပို့ မလို့လား ”
“ မင်း အဘ ဆေးရုံ လား ။ ကား က ဆီ မရှိပါဘူး ဆိုနေ ၊ နီးနီးနားနား ခိုဂျာ ပေါ့ ”
အဲ ဟုတ်သားပဲ ကျော်လှ တို့ ပျာ နေလိုက်ပုံတော့ တစ်ပြ လောက် ပဲ ဝေးတဲ့ ခိုဂျာ သားဖွားခန်း ကို မေ့ နေလိုက် တာ ။ ကဲ နောက်မှ ဘာဖြစ် ဖြစ် အရင်ဆုံး မွေး တော့မယ့် လူ ကို တွဲပြီး ကား နောက်ခန်း က တင် ရတယ် ။ ခြင်း နဲ့ ထီး ကို ပါ ယူပြီး ကား စက် နှိုးကြတယ် ။ ဒီတစ်ခါတော့ ချော ချောမောမော နှိုးပြီး ကား က ချက်ချင်း လိုပဲ သားဖွားခန်း ရှေ့ ရောက်လာတယ် ။
“ ဟေ့ကောင် အပ် လည်း မအပ်ရသေးဘူး နော် ၊ ရ ပါ့ မလား ”
“ အို ရပါတယ် ။ ကျွန်တော့် ကလေး လေးယောက် လုံး ဒီ က ဆရာမကြီး နဲ့ မွေးတာ ”
ဒါပေမဲ့ သားဖွားခန်း ထဲ လည်း ရောက်ရော ၊ ကျော်လှ ရေရေလည်လည် အငေါက် ခံ ရတော့တာပဲ ။
“ ဟဲ့ ဗိုက်ကြီးသည် သေ သွားရင် နင် တာဝန် ယူ မလား ။ ရေမွှာတောင် တောင် ပေါက် ပြီးနေပြီ ။ ကလေး ထွက် ကျတော့မယ် ။ အပ် ထားတာ လည်း မဟုတ်ဘူး ။ ကောက် ရိုး ပွေ့လာတယ် ။ ည အချိန် မတော် ... ”
ဒါပေမဲ့ ဗိုက်ကြီးသည် က မွေးစင် ပေါ် ရောက် သွား ပြီ ။ ဆရာမကြီး က လက်မောင်း ကို ဆေးနှစ်လုံး ဆက် တိုက် သွင်းပေး ရင်း ၊ မွေးခန်းဝ မှာ ပြူတစ်ပြူတစ် လုပ် နေတဲ့ ကျော်လှ ကို မောင်း ထုတ်လိုက်တယ် ။ အနီဝတ် ဆရာမ က “ မစန်းကြည် ၊ ကလေးအဖေ လက်မှတ် ထိုးရ မယ် ။ ဘယ့်နှယ့် လုပ်ရမလဲ ” ဆိုပြီး လာပြောတော့ ကျော်လှ က မျက်နှာငယ်လေး နဲ့ လက်မှတ် ထိုး လိုက်ရတယ် ။ ခဏနေတော့ အူဝဲ အူဝဲ ကလေး ငိုသံ ကြား ရပြီ ။ ကျော်လှ နဲ့ ဘိုထွန်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံး ကြတယ် ။ ခြင်းတောင်း ထဲ က တွေ့ တဲ့ ပုဆိုး နဲ့ ကလေး ကို ထုပ်ပြီး ပုခက် ထဲ လာ ထည့်တာ ကို ကျော်လှ ပြုံးပြုံးကြီး ကြည့် နေတယ် ။ ကလေးအမေ ထွက် လာပြီး အိပ်ရာခင်း မပါတဲ့ ကုတင် ပေါ် မှာ မောဟိုက် နေတယ် ။ ခိုဂျာ က တခြား မွေးလူနာတွေ နဲ့ လူနာစောင့်တွေ လည်း မအိပ်နိုင်ဘဲ သူတို့ ကို ဝိုင်း ကြည့် နေကြတယ် ။
ကလေး အမေ က “ ကျွန်မ ခြင်းထဲ က ထမင်းချိုင့်လေး ” ဆို လို့ ကျော်လှ ပျာပျာသလဲ ရှာပြီး ဖွင့် ပေးလိုက်တယ် ။ အားယူ ထ ပြီး ထမင်းချည်း ပါ တဲ့ ထမင်းတစ်ဇွန်း ခပ် စားတယ် ။
“ ဟဲ့ ဟဲ့ ကလေးမ မုန့်ဟင်းခါး စားရဲလား ။ ညနေ က ငါ ဝယ် ထားတာ ရှိတယ် ”
လူနာစောင့် တစ်ယောက် ပေး တဲ့ မုန့်ဟင်းခါး ကို အိပ်လိုက် မှောက်ချပြီး ၊ ထမင်း တစ်ဇွန်းပြီး တစ်ဇွန်း ကလေးအမေ က အားရပါးရ အငမ်းမရ စား နေတာ ကို ဘိုထွန်း နဲ့ ကျော်လှ ပါးစပ် အဟောင်းသား ဟ ပြီး ငေး ကြည့် နေကြတယ် ။ ကျော်လှ စိတ် ထဲ မှာ ဘယ်နှနပ် ထမင်း မစားရလို့ လည်း မသိဘူး လို့ တွေး မိအောင် တွေး လိုက်သေးတယ် ။ ကလေးအမေ ထမင်း တစ်စေ့ မကျန် စား ပြီးမှ အဆာ ပြေ သွားသလို ၊ အိပ်ရာ ပေါ် ပြန် လှဲချလိုက်တယ် ။
“ ကဲ ကလေးအမေ က ဘာမှ မဖြစ်တော့ဘူး ။ ငါ့ ကို ဆေးဖိုး ရှင်းဦး ။ လေးထောင် ကျတယ် ”
ကျော်လှ အိတ် ထဲ က နှစ်ထောင် ထုတ် ပေးလိုက်ပြီး ၊ ကျန်တဲ့ နှစ်ထောင် မနက်ဖြန် လာ ပေးမယ်လို့ ပြော ခဲ့တယ် ။ ကလေးအမေ က မောမော နဲ့ အိပ်ပျော်လုလု ဖြစ် နေပြီမို့ သူတို့ နှစ်ယောက် အသာလေး ထွက် ခဲ့ကြတော့တယ် ။
အပြင် ဘက် ရောက်တော့ မိုး တိတ်နေပြီ ။ လျှပ်စီးတွေ သာ တဝင်း ဝင်း ပစ် နေတယ် ။ ချောချော မောမော စက်နှိုးတဲ့ လေးဘီး ကားလေး ဟာ ကျောက်ဆစ်ကွေ့ အဆင်း မှာ တုံ့ခနဲ တုံ့ခနဲ ဖြစ်သွားတယ် ။
“ ဟီး ဟီး ဆီ ကုန်ပြီ ကွ ။ အနောက်မုခ် တော့ ရောက် ပါတယ် ။ လှိမ့် ချလိုက် ရုံပဲ ”
“ ဒါပေါ့ဗျ အသွား တုန်း က မကုန်တာ ကျေးဇူး တင် ရမှာ ... ဟင် ”
ကျော်လှ မျက်လုံး ပြာခနဲ ဖြစ်သွားတယ် ။ တဝင်းဝင်း လက်နေတဲ့ လျှပ်စီးရောင် အောက်မှာ စစ်ကိုင်း လမ်းမကြီး တစ်ခုလုံး ရှင်းပြောင် နေအောင် မြင် နေရ တယ် ။ ကားဘေး နား မှာ ရပ် ထား ခဲ့တဲ့ သူ့ ဆိုက်ကား မရှိ တော့ဘူး ။ ဗိုက်ကြီးသည် ကို သားဖွားခန်း ပို့ ဖို့ အရေးကြီး နေ တာနဲ့ ပျာယာ ခတ်ပြီး သော့ မခတ် ခဲ့ရဘူး ။ လူ တစ်ယောက် မှ မရှိတဲ့ မှောင်မိုက် တဲ့ ည မှာ သူ့ ဆိုက်ကား အစီး လိုက် ပျောက်ဆုံး သွားခဲ့ပြီ ။
ကျော်လှ ကားပေါ် က ပြေး ဆင်းပြီး ၊ အနောက်မုခ် မှာ တောင်ဘက် ပြေးလိုက် ၊ မြောက်ဘက် ပြေးလိုက် ဖြစ် နေတယ် ။
“ သွားပါပြီ ဗျာ မရှိတော့ဘူး ၊ မရှိတာ့ဘူး ”
ဂါထာ ရွတ်သလို ရွတ် နေတယ် ။ မျက်နှာတွေ ပျက် ပျက်လာပြီး ၊ မျက်လုံးတွေ နီရဲ လာတယ် ။ ဘိုထွန်း ကြည့် နေတုန်း ကတ္တရာ လမ်းမ ပေါ် ဖင်ချ ထိုင်ပြီး ဟီး တိုက် ငို ချ လိုက်တယ် ။
“ ဘိုထွန်း ရေ ကျုပ် ဘာ လုပ်ရ မတုံး ။ မရှိတော့ဘူး ဗျ ”
ကျော်လှ ငိုသံပါကြီး နဲ့ အော် နေတာကို ဘိုထွန်း လည်း မချော့တတ်ဘူး ။ ခေါင်း ကုတ်ပြီး စိတ်ညစ်ညစ် နဲ့ သူ လည်း ကျော်လှနားမှာ ထိုင် ချလိုက်တယ် ။ ကျော်လှ ကတော့ ကတ္တရာလမ်း ပေါ် လှဲ ချလိုက်ပြီး လက်တွေ ပေါ် မျက်နှာ အပ်လို့ မှောက်ခုံကြီး ငို နေတယ် ။ မိုးတွေ က ပြန် ရွာ လာ ကြပြန်ပြီ ။ ကျော်လှ ရဲ့ မျက်ရည်စက်တွေ နဲ့ မိုးရေ တွေ ရောပြီး စီးဆင်းသွားကြတယ် ။
“ ကောင်းကွာ ။ လူမှုရေး လုပ် ချင်ဦးလေ ။ အများ အကျိုးဆောင် ကိုယ့်အကျိုး ပြောင် ” လို့ တော့ ကျော်လှ ကို အပြစ် မတင်ချင်ပါဘူး ။ စောစော က ဗိုက်ကြီးသည် အခြေ အနေမျိုး ဆိုရင် ဘယ်သူ မဆို ကူညီကြမှာ မလွဲပါဘူး ။ အေးလေ ကျော်လှ ပေါ့ လျော့တာပဲ လို့ အပြစ် ပြောလို့လည်း မဖြစ် ။ ဘိုထွန်း ခမျာ ဘယ်လို လုပ်ရမှန်း မသိဘဲ ခေါင်း စား ရတဲ့ ကြား ထဲ ကွမ်းယာ စား ချင်စိတ် က ဘယ်က ဝင် လာတယ် မသိဘူး ။ ဒီအချိန် အောင်သန်း က လည်း ပြန် သွားပြီ ဆိုပေမဲ့ မျက်လုံး က ကုက္ကိုပင်ကြီး အောက် မှာ ရှိတဲ့ အောင်သန်းကွမ်းယာ ဆိုင် လေး ကို ကြည့် လိုက်မိတယ် ။
အောင်သန်း ကတော့ ကွမ်းယာဆိုင်ကလေး ကို ထုံးစံ အတိုင်း မိုးကာ နဲ့ အုပ်သွား တယ် ။ လျှပ် တစ်ချက် အပစ် မှာ မိုးကာ အောက် က ပေါ် နေ တဲ့ ဆိုက်ကားတာယာခွေ လို လို မြင် ရတာ နဲ့ ဆတ်ခနဲ ထ လိုက်တယ် ။ ကွမ်းယာခုံ နား ကို ဘယ်လို ပြေး သွားမိ မှန်း မသိဘူး ။ ရင်တွေ လည်း တထိတ်ထိတ် ခုန်နေတယ် ။ ကုက္ကိုပင် နဲ့ ကွမ်းယာဆိုင် ကြား ထဲ မှာ မိုးကာ အုပ်ပြီး ထိုး ထား တဲ့ ဆိုက်ကား ကို လည်း မြင် ရရော ဘိုထွန်း ကုန်းအော် တော့တာပဲ ။
“ ဟာ ကျော်လှ ရေ ကျော်လှ ရေ ဆိုက်ကား တွေ့ပြီ ဟ ၊ ဒီမှာ ဟ ”
ကျော်လှ ဝုန်းခနဲ အနား ရောက် လာတယ် ။ ကြောင်တောင်တောင် နဲ့ ဆိုက်ကား ကို ငိုင်ငိုင်ကြီး ကြည့် နေတယ် ။ မိုး က လည်း သဲသဲမဲမဲ ရွာ နေ လိုက်တာ ။ မျက်နှာ ပေါ် က မိုးရေစက်တွေ ကို လက် နဲ့ သပ်ချရင်း အသံ တုန်တုန်နဲ့ ။
“ တော်သေးတာပေါ့ ဗျာ ။ ကျုပ် သေတော့မလို့ ။ အောင်သန်း ဆိုင် သိမ်းရင်း ဆိုက်ကား တွေ့လို့ သိမ်းသွား တာ နေမှာဗျ ”
“ အေးကွ ဒီမှာ ကွမ်းယာဆိုင် နဲ့ မင်း ဆိုက်ကား ကို သေသေချာချာ သံကြိုး နဲ့ သော့ ခတ် သွားတာကွ ”
“ မနက်ဖြန်မှ ဒီကောင် ကြီး ကို အရက် တိုက် ရဦးမယ် ဗျာ ”
ဘိုထွန်း လည်း အခုမှ စိတ် အေး ရတော့တယ် ။ လူ တွေ ကတော့ ရွှဲနစ် ပြီး ကြွက်စုတ် ဖြစ်နေပြီ ။
“ ကဲ ကျော်လှ ပြန် ပြန် ။ မိုးတွေ ကလည်း သည်း လိုက် တာ ။ ည လည်း နက် လှပြီ ”
ကျော်လှ က စဉ်းစား သလို ငြိမ် နေတယ် ။ ပြီးမှ -
“ ခင်ဗျား လည်း ပြန် လေ ။ ဆီ မရှိလို့ တွန်း ပြန်ရမှာ နော် ။ အခုမှတော့ ဘာမှ မထူး တော့ပါဘူး ။ ခင်ဗျား ကို ပဲ ကား လိုက် တွန်းပေးမယ် ဗျာ ။ ဆိုက်ကား လည်း ယူ မှ မရတာ ”
“ ကဲ ဒါဖြင့် လာ တွန်း ကြစို့ ။ အိမ် ကျရင် ထမင်း ကျွေး မယ်ကွာ ။ ဆီ လက်ကျန် လေး ရှာ တွေ့ရင်လည်း မင်း ကို အိမ်ပြန် ပို့ ပေးမယ် ”
“ ဘယ်လို ဖြစ်ဖြစ် ရပါ တယ်ဗျာ ”
လေးဘီးကား နဲ့ လူ နှစ်ယောက် ဟာ မှောင်မိုက်နေတဲ့ ည ထဲ ကို တဖြည်းဖြည်း တိုး ဝင်ပြီး ပျောက်ကွယ် သွားပါ တော့တယ် ။ အဲ့ဒီ ည က အနောက်မုခ် မှာ မိုးတွေ သဲကြီး မဲကြီး ရွာ နေပါတယ် ။
◾ယဉ်ယဉ်နု ၊ မန္တလေး ၊
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဖေဖေါ်ဝါရီလ ၂ဝ၁၂
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment