❝ မှာချင်တယ် မောင် မလွမ်းနဲ့ ❞
ယောက်ျားတွေ ကို ကြည့်တဲ့ ကိုယ့် ရဲ့ အကြည့်တွေ ဝါးတားတား ဖြစ် ဖြစ်နေတော့လည်း အပြစ် မပြောနဲ့ ကောင်လေး ။ တွေ့ကြုံ ၊ ကြားရ သမျှဟာ အထင်ကြီး လေးစားစရာ တစ်ကွက် မှ မရှိတာလေ ။ အလျင် တုန်းက လူတော်ရယ် လို့ ကိုယ့် ကိုယ် ကိုယ် သတ်မှတ်ခဲ့တဲ့ ယောက်ျား တစ်ယောက်ဟာ ကိုယ့် မျက်စိ အောက် မှာပဲ လူညံ့ ဖြစ်ချင် ဖြစ် သွားတတ် တာ ။ အဲဒီတော့ အမြင်မကြည်လင်သူ ရဲ့ အပြစ်လား ၊ မင်းတို့ ကောင်တွေ ရဲ့ အပြစ်လား ၊ ပျော့ညံ့လျော့ရဲ တဲ့ ကိုယ် တို့ မိန်းကလေးတွေ ရဲ့ အပြစ် လား ။ မင်း ဖြေ ။
ဘာပဲ ဖြစ်ဖြစ်လေ ၊ အသာစီး ရနေတဲ့ ယောက်ျားတွေ ကို အမြင် ရှင်းရှင်း နဲ့ ကြည့် လို့ မရတာတော့ ကိုယ် လည်း ဘာမှ မတတ်နိုင်ဘူး ။ ယောက်ျား တစ်ယောက်ကြောင့် ဘဝ စတေး သွားတဲ့ ( ကိုယ့် ရဲ့ သေချာ ပေါက် ယိုးစွပ်မှု ) ကိုယ့် အချစ်ဆုံး သူငယ်ချင်း တစ်ဦး ကို လည်း ကိုယ် တစ်သက်လုံး မေ့ မှာ မဟုတ်တော့ ။
မင်း ကိုလည်း ကိုယ် တစ်ခုတော့ ပြောစရာရှိသေးတယ် ကောင်လေးရေ ။
••••• ••••• •••••
မေမိုးတို့ ရဲ့ ရုံးကားကြီး ရင်ခွဲရုံ နောက်ကျောဘက် ရှိ လမ်းမ ပေါ် ရောက်တော့ ဆယ့်တစ်နာရီ ထိုးပြီးလို့ မိနစ်နှစ်ဆယ် ခန့် သာ ရှိသေး သည် ။ အဲဒီမှာ ကားလေး လေးစီး သာ ရောက်နှင့်သေး၏ ။ တင်တင်နီ ရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်း လည်း ရောက်နှင့်ဦး မှာပေါ့ လေ ။ ရပ်ကွက် ထဲ က လူတွေ နဲ့ မိတ်ဆွေတွေ ကတော့ ထုံးစံအတိုင်း ဆယ့်တစ်နာရီခွဲ ပြီး လောက် မှပဲ မကင်းရာ မကင်းကြောင်း ကိုယ်ပိုင်ကားတွေ နဲ့ တစ်သွယ် ၊ နာရေးရှင် စီစဉ်ပေးတဲ့ ကားတွေ နဲ့ တစ်ဖုံ ၊ စုပြုံ ရောက်လာကြမှာပေါ့ ။ သုသာန် ကို ပို့ မှာက ဆယ့်နှစ်နာရီတိတိ မှ ဆိုတော့ နည်းနည်း စောနေသေး တယ် ။
အရိပ်ကောင်းတဲ့ သစ်ပင်ကြီး တစ်ပင် အောက်မှာ ကား ရပ်လိုက် တော့ ရုံးသူရုံးသား တချို့ ကတော့ ကားပေါ်မှာပဲ ဆက် ထိုင်နေကြသည် ။ တချို့လည်း အောက် ဆင်း ကာ မိုးတိုးမတ်တတ် ။
မနု ရယ် ၊ ချို ရယ် ၊ မေမိုး ရယ် ကတော့ တစ်ရုံးလုံးမှာ တင်တင်နီ ၏ အချစ်ဆုံး သူငယ်ချင်းများ မို့ ရင်ခွဲရုံ ဆီ သို့ လျှောက်လာခဲ့ကြသည် ။ ရင်ခွဲ ရုံ ဝင်းထဲ ဝင်မိကာမှ မနု က ... ။
“ ငါ ကတော့ တင်တင်နီ ရဲ့ မျက်နှာလေး ကို မကြည့်ရက်တော့ဘူး ဟာ ။ သွား မနေနဲ့တော့ ”
ကြောက်တတ်သော ချိုကလည်း အင်တင်တင် မျက်နှာလေးနှင့် ။
ဘယ်ရမလဲ ၊ အချစ်ဆုံး သူငယ်ချင်း ရဲ့ နောက်ဆုံး ခရီးမှာ သူ့ မျက်နှာလေး ဘယ်လို နေလဲ ဆိုတာတော့ မေမိုး ကြည့် ချင်သေးသည် ။ လောက ရေစီးကြောင်း မှာ အဆန်လိုက် ပင်ပန်းတကြီး ကူးခတ်ရင်း ခြေကုန် လက်ပန်းကျပြီး စုံးစုံး မြုပ်သွားရှာတဲ့ တင်တင်နီ ဟာ သူ့ရဲ့ နောက်ဆုံး အချိန် မှာ သူ အမြဲပဲ ပြုံး တတ်တဲ့ မဲ့ပြုံးလေး ပဲ ပြုံး နေမလား ။ မဲ့ပြုံး ဆိုတာ တကယ်တော့ အပြုံး တစ်မျိုးပဲဟာ ။ အေးပေါ့လေ ။ ဘဝ ရဲ့ သောကဖိစီး မှု ဝေဒနာတွေ နဲ့ မိန်းကလေး တစ်ဦး ဟာ ဘယ်က လာပြီး သူ့ မျက်နှာပေါ် မှာ ရွှန်းလက်တဲ့ အမှန်အကန် အပြုံးစစ်စစ် တစ်ခု ကို ဖန်တီး နိုင်မှာလဲ ။
လောက ရဲ့ နိယာမ အရပဲ ။ လူ ဆိုတာ မပြုံး ချင် လည်း ပြုံး ပြုံး ချင် လည်း ပြုံး ။ ခဏခဏ ပြုံး နေရတယ် ဆိုတော့လည်း မပြုံးချင်တဲ့ အချိန် မှာ ပြုံး လို့သာ ပြုံး လိုက်ရ ။ ရင် ထဲ က အမဲ့နဲ့ ရော နေတာမို့ မဲ့ပြုံး ပဲ ဖြစ် တော့မှာပေါ့ ။ အဲဒီ မဲ့ ပြုံးမျိုး တင်တင်နီ ပြုံး နေတတ်တာ ကြာပြီ ဆိုတာ သိ ခဲ့ပေမဲ့လည်း မေမိုး တို့ ဘာ တစ်ခု များ သူ့အတွက် လုပ် ပေးနိုင်ခဲ့လို့လဲ ။ ခံစားချက် ပြင်းထန် ပြီး ပြုံးစိစိ တင်တင်နီ ကို မေမိုး တို့ ဟာ ဝေဒနာ ပြေ ရာပြေကြောင်း နှစ်သိမ့်စကားလေး တစ်ခွန်းလောက် တောင် ပြော နိုင်ခဲ့ လို့လား ။
အခု တို့ လာခဲ့ပြီ တင်တင်နီ ၊ လောကကြီး က လွတ်ပြီ ကျွတ်ပြီ ဆိုတဲ့ အချိုး နဲ့ နှင် ကျေနပ်စွာပဲ ပြုံး နေမလား ။ ကျန်းမာရေး ဂရုစိုက်ဖို့ မေမိုး က ပြောတိုင်း ကံ ပါသလောက်ပဲပေါ့ မေမိုး ရယ် လို့ အမြဲ ပြန်ပြော ရင်း ပြုံးတတ်တဲ့ နွမ်းဖတ်လျော့ရဲ အပြုံးလေး ပဲ ပြုံး နေမလား ။
“ ဘာပဲဖြစ်ဖြစ် နင့် နား ကို မရောက် ရောက်အောင် လာခဲ့မယ် တင် တင်နီ ။ ရုံး က ဘယ်သူတွေ နင့် နား ကို လာလာ ၊ မလာလာ ငါတို့ သုံး ယောက် သာ နင့် အနား ကို မရောက်လာဘူး ဆိုရင်တော့ နင် စိတ် မကောင်း ဖြစ်နေမှာပဲ မဟုတ်လား ။ နင် ခရီးရှည် တစ်ခု ကို ဆက်လက် ထွက်ခွာ ခါနီးမှာ စိတ် အနှောင့်အယှက် ဖြစ်အောင် ငါ တို့ မလုပ်ဘူးနော် ”
“ မကြောင်စမ်းပါ နဲ့ မေမိုး ရာ ။ ငါတို့ မသွားလည်း အရေး မကြီးပါဘူး ။ ခုချိန် မှာ တင်တင်နီ က သူ့ သားလေး ရယ် ၊ သမီးလေး ရယ် ၊ သူ့ ယောက်ျား ရယ် ကိုတောင် နှုတ်ဆက် လို့ ဝ မှာ မဟုတ်ဘူး ”
ချို က မျက်နှာ အင်ဖက်လောက်ကြီး ( ချို့ မျက်နှာ က ပြည့်ပြည့် ဝိုင်းဝိုင်းကြီး လေ ) ဖြင့် အကြောက်အကန် ငြင်း နေတော့ မေမိုး ချဉ် သွား ရသည် ။ အဲဒီ ချို ဆိုတာ လူကောင် ကြီး ထွား သလောက် သိပ်ကြောက် တတ်တဲ့ မိန်းမ ။ အသည်း ငယ်ပုံ က လည်း ခန္ဓာကိုယ် နဲ့ လုံးဝ မအပ်မရာ ။ သူ့ အိမ် ရှေ့က နာရေး တစ်ခု ဖြတ် သွားတာ တွေ့ ရ ရင်တောင် သူ က ညကျ အိပ်လို့ ရတော့တာ မဟုတ်ဘူးတဲ့ လေ ။ အဲဒီ ညမျိုး မှာ ဆိုရင် သူ့ ယောက်ျားကြီး ပါ အချောင် အိပ်ရေး ပျက်ပြီ သာ မှတ် ။
“ ဟုတ်တယ် ။ ငါ လည်း မလိုက်ချင်တော့ဘူး ။ ငါ မျက်ရည် လွယ် တတ် တာလည်း နင် သိသားနဲ့ ။ လာပါ မေမိုးရာ ။ ငါ တို့ ကား ပေါ် ကပဲ စောင့် ရအောင် ”
“ ဘယ်ဖြစ်မလဲ မနု နဲ့ ချို ရယ် ”
ဒါပေမဲ့ မလိုက်လိုသော လူများ ကိုလည်း မေမိုး ဇွတ် အတင်း ခေါ် မနေတော့ပါ ။ လူ တစ်ဦး တစ်ယောက် ဟာ သူ့ ဆန္ဒ အတိုင်း စိတ်လက် ချမ်းသာစွာ နေပါစေ ။ လူ တစ်ယောက် ရဲ့ ဆန္ဒ ကို ဇွတ်အတင်း ချိုးနှိမ် လွှမ်းမိုးဖို့ ကြိုးစားရင်လည်း ကြိုးစားသူ ရဲ့ အမှားပဲ ။ သူတစ်ပါး ကို စိတ် ဆင်းရဲစေရင် အဲဒါ နဲ့ ညီမျှတဲ့ စိတ် ဆင်းရဲမှုမျိုး ကိုယ့် ဆီ ပြန် ရစေတယ် ဆိုတာလည်း ငယ်ငယ် ကတည်း က စွဲ လာခဲ့တဲ့ အစွဲ တစ်ခုပဲ ။
မေမိုး တစ်ယောက်တည်း ပဲ ရင်ခွဲရုံ ထဲ ဝင် လာခဲ့တော့သည် ။ ညှီ စို့စို့ အနံ့တစ်မျိုး ရ လိုက်ချိန်မှာ ကျောထဲ စိမ့် သွားသလိုလို ။ “ ဟေ့ အေး ၊ မေမိုး မကြောက်ပါဘူး ။ အခုဟာက အနွေးထည် ဝတ် မလာခဲ့လို့ ။ ဘာ ကြောက်စရာ ရှိလဲ ။ တင်တင်နီ့ ဘေးပတ်လည်မှာ မျက်ရည်စ ကိုယ်စီနဲ့ ဆွေမျိုးသားချင်းတွေ မှ ပြည့်လို့ အားလုံးဟာ ကိုယ့် အပူ နဲ့ ကိုယ် မို့ မေမိုး ကို သတိ မထားမိကြပါ ။ မေမိုး လည်း သူတို့ နောက်မှ တင်တင်နီ့ မျက်နှာလေးကို မြင်သာသော နေရာလေး မှာ ပဲ အသာ ဝင် ရပ်လိုက်မိသည် ။ ရှိုက်သံများ ကြားမှ မေမိုး တစ်ဆို့ဆို့ကြီး ဖြစ် လာသည် ။ မနု သာ ပါ လာ ခဲ့ရင်တော့ မျက်ရည်များ ဒလဟော ကျ နေမှာဖြစ်ပေမဲ့ မေမိုး ကတော့ နဂိုကမှ မျက်ရည် ခိုင် သူ ပီပီ ဝေ့ရုံသာ ဝေ့လာသော မျက်ရည်များ ကို ချက်ချင်းပဲ ပြန် သွင်းလိုက်နိုင်ပါသည် ။
မျက်ဝန်း မှာ ဟို အရင် က ပုံရိပ်များ ပြည့်နှက်လာ၏ ။
တကယ်ဆို မနု ရယ် ၊ ချို ရယ် ၊ တင်တင်နီ ရယ် ၊ မေမိုး ရယ် က ငယ်ပေါင်း သူငယ်ချင်းများ မဟုတ်ကြပါ ။ လုပ်ငန်းခွင် မှာ ဆုံစည်းခဲ့ကြသော သူငယ်ချင်းများ သာ ဖြစ်ခဲ့သည် ။ မေမိုး ဓာတုဗေဒ အဓိက နှင့် ကျောင်း ပြီးတော့ ရန်ကုန်ရုံးချုပ် ဘူမိဗေဒ နှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ( ဘဓရ ) ဓာတ်ခွဲခန်း မှာ အလုပ် ဝင်ခဲ့ရသည် ။ ရုံးချုပ် မှာ အမြဲ နေခွင့် မရသော မေမိုး တို့ သည် နယ်အနှံ့ ရှိ သတ္တုတွင်းများ သို့ အလှည့် ကျ သွား ရောက် တာဝန် ထမ်းဆောင်ခဲ့ကြရသည် ။ အဲဒီမှာ မနု ရယ် ၊ ချို ရယ် ၊ တင်တင်နီ ရယ် ၊ မေမိုး ရယ် က မုံရွာ တစ်ဖက်ကမ်း မှာ ရှိသော ကြေးစင်တောင် ၊ လက်ပံတောင်းတောင် မှာ တုန်း ကလည်း အတူတူ ၊ ကောလင်းမြို့အနီး ဗန့်ဗူးကုန်း စခန်း မှာ လည်း အတူတူ တွဲဖက် တာဝန် ကျဖူးတာမို့ ရင်းနှီး ချစ်ခင်မှုများ က တစ်ရစ်ပြီး တစ်ရစ် တိုး ခဲ့ရသည် ။
အဲဒီတုန်းက တင်တင်နီ ဟာ ကိုတိုးဝင်း နဲ့ တောင် မယူရသေးပါဘူး ။ ကိုတိုးဝင်း က ဘူမိဗေဒသမား ၊ မန္တလေးသား ။ ဒါပေမဲ့ မေမိုး တို့ မန္တလေး မှာ တုန်းက မတွေ့ဖူးကြပါ ။ မန္တလေးသူ ပင် ဖြစ်သော မနု နှင့် တောင် အရင်က သိ မှ မသိကြတာ ။ မေမိုး တို့ အဖွဲ့ထဲမှာ ချို တစ်ယောက်ပဲ ရန်ကုန် သူ ။ တင်တင်နီ ကတော့ မြစ်ဝကျွန်းပေါ် သူ ၊ မြောင်းမြ သူ ။
တင်တင်နီ့ ကို ကိုတိုးဝင်း က ဗန့်ဗူးကုန်း မှာ အတူ တာဝန် ကျစဉ် သဘော ကျတယ် ဆိုတော့တောင် မေမိုး က ကဖျက်ယဖျက် လုပ် ခဲ့သေး တာပဲလေ ။ တကယ်ဆို တင်တင်နီ ဟာ ဘယ် ယောက်ျား တစ်စုံတစ်ဦး ရဲ့ အချစ် ကို မှ လက်ခံသင့်တာ မဟုတ်ဘူး ။ သူ့ မှာ မွေးရာပါ နှလုံးရောဂါ ရှိနေတာ တစ်ရုံး လုံး အသိ ။ သိပ်ပြီး စိုးရိမ်ရတာ မဟုတ်ပေမဲ့ အိမ်ထောင် မပြုဘဲ နေမယ် ဆိုရင်တော့ အကောင်းဆုံး ပဲ ဆိုတာ တင်တင်နီ အသိဆုံး ။ အဲဒီ အခြေအနေ ကတည်း က တင်တင်နီ ယောက်ျား တစ်ယောက် ရဲ့ သွေးဆောင် ဖြားယောင်းမှု နောက်ကို ကောက်ကောက် ပါအောင် လိုက်သွား တော့ မေမိုး ဘာ တတ်နိုင်မှာလဲ ။ စိတ် တိုရုံပဲ ရှိတော့တာပေါ့ ။ ဆရာဝန် က ခွင့်ပြုတယ် ဆိုမှတော့လည်း ဘေးလူ က အနေသားကြီးလေ ။ မနု နဲ့ မေမိုး ဘဝင် မကျပေမဲ့လည်း ကိုတိုးဝင်း ရဲ့ အကြောင်း ကိုတောင် ဝိုင်းကူ စုံစမ်း ပေးရသေးတယ် ။ ယောက်ျား တစ်ယောက် အကြောင်း စိတ်ပါဝင်စားစွာ လေ့လာစူးစမ်းဖူးတာ တစ်သက် မှာ မှတ်မှတ်ရရ ဒီ တစ်ခါ ပဲ လို့ မေမိုး က ပြောတော့ မနု က လည်း ..
“ အေးလေ ၊ ဟုတ်ပါရဲ့ ။ ကိုယ် ယူမယ့် ယောက်ျား ကို တောင် ဒီလို စုံစမ်းဖြစ်မှာ မဟုတ်ဘူး ။ ဒီလို စုံစမ်း ပြီးမှ သာ ယောက်ျား တစ်ယောက် ကို ယူ ရမယ် ဆိုရင်တော့လည်း တော်ပါပြီ ဟယ် ၊ နေပါစေတော့ ” တဲ့ ။
မနု က ထစ်ခနဲ ရှိ မျက်ရည် လွယ်တာ ၊ အေးအေး နေတတ်တာက လွဲလျှင် မေမိုး နှင့် စရိုက် တူသည် ။ ယောက်ျား မကောင်းမြင်တတ်တာ ချင်း တူသည် ။ တင်တင်နီ့ ကိစ္စ မှာ မနု နှင့် မေမိုး က တစ်ဖက် ။ အလုပ် မဝင်ခင် ကတည်း က အိမ်ထောင် ကျတဲ့ ချို က တစ်ဖက် ။ တစ်ခါတစ်ခါ စကားနိုင် လုရင်း ရန်ဖြစ်ရတာ ပျော်ဖို့ ကောင်းသည် ။
ဒီခေတ် ထဲ မှာတော့ အသောက်အစား ၊ ကစား ၊ အပျော်အပါး မလုပ်တတ်တဲ့ ယောက်ျား ဆိုရင် ယောက်ျားကောင်း လို့ ယေဘုယျ သတ်မှတ် ရတာပဲ မဟုတ်လား ။ တကယ်လည်း ကိုတိုးဝင်း ဟာ အဲဒါတွေ မလုပ်တတ်တဲ့ လူအေး တစ်ယောက် ။ မိဘအသိုက်အဝန်း ကလည်း လူ လတ်တန်းစား ထဲ ကမို့ တင်တင်နီ ကံကောင်းခဲ့ပါသည် ။ မင်္ဂလာဧည့်ခံပွဲ ကို မြောင်းမြ မှာ တစ်ခါ ၊ မန္တလေး မှာ တစ်ခါ ကျင်းပခဲ့သည် ။ ရန်ကုန် ရုံးချုပ် မှာ ပဲ ရှိနေကြတဲ့ မေမိုး တို့ မြောင်းမြ ကို လိုက်ချသွားကြသလို ၊ နှစ်ပတ်သာ ကွာသော မန္တလေး မင်္ဂလာဧည့်ခံပွဲ မှာလည်း တင်တင်နီ က လိုက်ခဲ့ရမယ် ဆိုတာ နှင့် လိုက်ခဲ့ကြရပြန်သည် ။
ဒီ လူ ကြောင့် အခုလို အ,မင်္ဂလာ အခမ်းအနား လည်း စောစီးစွာ ဖြစ် ရလိမ့်မယ် ဆိုတာသာ အဲဒီတုန်းက အသေအချာ သိ ကြည့်စမ်းပါ ။ အဲဒီ မင်္ဂလာအခမ်းအနား နှစ်ခု စလုံး ဟာ ဖြစ်လာစရာ အကြောင်း မရှိပါဘူး ။ အဲဒီတုန်းက မြူးနေ ၊ ကြွနေ ၊ လှနေတဲ့ တင်တင်နီ ။ အခု ဝင်းစက် သော အသားအရေ သည် ပြာလဲ့လဲ့တောင် ဖြစ်ချင်နေပြီ ။ အေးပေါ့ လေ ။ နင် မှ ငါ့ စကား ကို နား မထောင်ခဲ့တာဘဲ လို့ အခုအချိန်မှာ ငါ အပြစ်တင် မနေတော့ပါဘူး ။ နင် ပြောသလို နင့် ကံ ကို က ဒီအတိုင်း ပါ လာတာပဲလို့ တွေး ရတော့မှာပေါ့ ။
ဆရာဝန် က ကလေး နှစ်ဦး သာ ယူ ခိုင်းသော တင်တင်နီ မှာ သား လေး တစ်ယောက် ၊ သမီးလေး တစ်ယောက် ရ လာသည်အထိ အဆင်ပြေ နေသေးသည် ။ ကလေး တစ်ခါ မွေးတိုင်း သေလုမြောပါး ခံစားရသော ဝေဒနာတွေ ကို မေမိုး တို့ ကို ပြော ပြတော့ မနု က စုတ်သပ်ပေမဲ့ မေမိုး က တော့ နှာခေါင်း ကို ပြားကပ်နေအောင် ရှုံ့ ပစ်ခဲ့သည် ။
“ ခံပေါ့ နင့် အပြစ်နဲ့ နင် ။ ယောက်ျား တစ်ယောက် ကို ကြိုက်လွန်း ၊ နှစ်သက်လွန်း လို့ ဖြစ် လာတဲ့ ကိစ္စပဲ ။ ဒါ သနားစရာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး ”
အဲလို မေမိုး ကလည်း ပြော ၊ ချို က ဆဲ ပေမဲ့ တင်တင်နီ ကတော့ ရှက်ရယ် ရယ်လို့သာ နေခဲ့သည် ။
အဲဒီတုန်း ကတောင် ဝေဒနာ ကို သားသမီး ဇော နဲ့ လက်မြှောက် အရှုံး မပေးဘဲ ရှင်သန် လွတ်မြောက်ခဲ့ပြီးခါမှ ..
“ တောက် ... ကိုတိုးဝင်း ဆိုတဲ့ အစုတ်ပလုတ်ကောင်ကြီး ၊ ဒီလူ ဘယ် ရောက်နေပြီလဲ ။ တင်တင်နီ ဆေးရုံ တက် တုန်းကလည်း မေမိုး ရောက်တဲ့ သုံးခေါက် စလုံးမှာ ဒင်းကြီး ကို မတွေ့ခဲ့ဘူး ။ အခု သူ့ မိန်းမ ကို မကြည့်ရက်ဘူး ဆိုပြီးတော့များ အပြင် မှာ ထွက် နေတာလား ။ အဲဒီ လူ က ယောက်ျား တန်မယ့် အင်မတန် မူရာမာယာ များ တဲ့လူ ။ အေးလေ ၊ အဲဒါကြောင့်ပဲ ၊ ဒေါ်မာမာအေး ဆိုတဲ့ ယုံတမ်းစကား သီချင်း ဟာ ပေါ် လာခဲ့တာပဲ ။ သီချင်းရေး ဆရာ တကယ် တော်တယ် ။ တင်တင်နီ ဟာ ပထမ တော့ ဖျာလိပ်လေးလို ထိပ်ပေါ် တင်ထား ခံခဲ့ရပြီး နောက်တော့မှ ဖျာလေး တစ်ချပ် လို တကယ်ပဲ နင်းခြေ ခံခဲ့ရတာ ။ လူအများ ရှေ့မှာ ကိုတိုးဝင်း ဆိုတဲ့ လူဟာ တင်တင်နီ့ ကို သိပ် ချစ်ပုံ ၊ သိပ် ယုယပုံနဲ့ ”
လူရိုးလူအေး ဟု အများ လက်ခံထားသော ကိုတိုးဝင်း ။ ဘယ်အချိန် က ပြောင်းလဲသွားမှန်း မေမိုး တို့ လည်း မသိလိုက်ပါ ။ ကံကြမ္မာ မျက် လှည့်ဆရာ ရဲ့ လျင်မြန်ဖျတ်လတ်ပုံ ဟာ အံ့သြစရာ ကောင်းလိုက်ပါရဲ့ ။ ပြော မကောင်းတဲ့ ကိစ္စ မဟုတ်ဘူး လို့ များ တင်တင်နီ က ယူဆ ခဲ့လို့လား ။ တကယ်လည်း ပြောလို့ ကောင်းတဲ့ ကိစ္စတွေ မှ မဟုတ်ခဲ့တာလေ ။ သူငယ်ချင်း ရယ် လို့ ဖွင့်ဟ ညည်း မိရင်လည်း “ နင့် အပြစ် နဲ့ နင် ခံလို့ ” လို့ မေမိုး က စာနာမှု ကင်းမဲ့စွာ ပြော မှာကို မခံချင်လို့လား ။ ကိုတိုးဝင်း ရဲ့ ပြောင်းလဲမှု များ ကို မေမိုး တို့ အပေါင်းအသင်း သူငယ်ချင်းများ အား တင်တင်နီ ဘာ တစ်ခွန်း မှ မဟခဲ့ပါ ။ ကိုတိုးဝင်း တစ်ယောက် သောက်တတ်စား တတ်လာ တာ ၊ ကစား တတ်လာ တာ ၊ ပွေတတ်ရှုပ် တတ် လာတာ မျက်မြင်သမားများ က သေချာပေါက် ပြော ပြမှပဲ မေမိုး တို့ သိခဲ့ရသည် ။ ကိုတိုးဝင်း နှင့် မေမိုး တို့ ကလည်း အတွေ့ရ ကျဲ သွားတာကိုး ။ တင်တင်နီ နဲ့ တောင် လင် မယား အတူ နေရချိန်က သိပ် ရှိတာမှ မဟုတ်တာ ။
နယ်အနှံ့ သတ္တုတွင်းများ သို့ လှည့်ပတ် တာဝန် ထမ်းနေရတဲ့ ကို တိုးဝင်း အကြောင်း တင်တင်နီ တောင် တော်တော်ကြီး လွန်မှ သိပုံ ရသည် ။ မန္တလေးသူ တစ်ပိုင်း ဖြစ်နေသော တင်တင်နီ နှင့် မေမိုး တို့ ကလည်း ခု နောက်ပိုင်း မန္တလေး ရုံး ခွဲ မှာပဲ အနေ များတော့ တော်ရုံတန်ရုံ ကိစ္စဆို ဘယ် သိနိုင်တော့မှာလဲ ။ ကလေး နှစ်ဦး ဝေယျာဝစ္စ တစ်ဖက် နှင့် မြို့စွန် ရှိ ရုံး ကို ကား နှစ်ဆင့် ပြောင်း စီး ပြီး မှ ဖတ်သီဖတ်သီ ရောက် လာရတဲ့ တင်တင်နီ ။ သူ့ ယောက်ျား လူရိုးလူအေးကြီး အလွန်အကျွံ ဖြစ်မှာ မဟုတ်ဘူး ဟု အပိုင် တွက်ကာ စိတ်ချလက်ချပဲ နေ ခဲ့မှာပေါ့ လေ ။ သံဖြူဇရပ် ဘက် မှာ ကိုတိုးဝင်း တာဝန် ကျစဉ် မိန်းကလေး ငယ်ငယ်လေး တစ်ဦးနှင့် ယူ တော့ မည်ဟု သတင်း အခိုင်အမာ ရမှ တင်တင်နီ မျက်ကလဲဆန်ပျာ ဖြစ် ကာ လိုက် ချသွားရသည် ။
စဉ်းစား ကြည့်စမ်းပါ ။ နဂို က မှ ရောဂါ အခံ ရှိရသည့် အထဲ ဒီလို ယောက်ျား တစ်ယောက် ကို လင် တော် ထားရတဲ့ မိန်းမတစ်ယောက် ရဲ့ နှလုံးသား ဟာ အလကား ပြန် ကောင်း လာနိုင်ဦးတော့မလား ။
ရုံး ကို ရောက်တာ နှင့် ခြင်းတောင်း ကို ပစ် ချကာ စားပွဲခုံ ပေါ် မှာ မှောက်ခုံကြီး ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတဲ့ တင်တင်နီ ကို မြင် ရတာ မသက်သာလိုက်တာ ။ မွေးရာပါ နှလုံးရောဂါ ထက် ကိုတိုးဝင်း ကြောင့် ဖြစ်တဲ့ နှလုံးကွဲ ရောဂါ ကို ကြိတ်မှိတ် ခံစားရင်း မေမိုး တို့ နဲ့ တောင် ဟို တုန်းကလို ဟက်ဟက်ပက်ပက် မနေနိုင်တော့ဘဲ တင်တင်နီ ကို မေမိုး ကတော့ စာနာမှု ကင်းခဲ့ပါသည် ။
“ ရောက်တဲ့ အရပ် မှာ အိမ်ထောင် ပြု ချင်တဲ့ ယောက်ျား တစ်ယောက် အတွက် နဲ့ များ စိတ်ဆင်းရဲ ခံလို့ ။ မေမိုး နဲ့ များ နေရာ ချင်း လဲ ချင်တယ် ”
အဲလို ပြောတော့ ချို က “ နင် က ကာယကံရှင် မှ မဟုတ်တာ ။ နင် သာ တင်တင်နီ့ နေရာ မှာ သာဆို နင် အဲဒီလို မပြောနိုင်ဘူး ” တဲ့ ။
“ လောင်း မလား ။ ယောက်ျား တစ်ယောက် ကို ကောက် ယူပြမယ် ။ မကောင်းဘူး ဆိုတဲ့ နေ့ မေမိုး တို့ က အဲဒီ ယောက်ျား ကို လွင့် နေအောင် ကန် ထုတ်လိုက်မယ် ။ ဘာကြေး လောင်း မလဲ ။ ဘဝ ကို စတေး ပစ် ရမှာ ဆိုတော့ လောင်းကြေး နည်း လို့တော့ မဖြစ်ဘူးနော် ”
ချို ကလည်း နည်းနည်းလေး မှ မလျှော့ ။
“ အဲဒီ ကတည်း က နင့် မှာ အချစ် မှ မပါဘဲ ။ အချစ် နဲ့ စ တည်ဆောက် ပြီး မှ အဆင် မပြေဖြစ်ရတဲ့ အိမ်ထောင်ရှင်မ တိုင်း နှလုံး ကွဲ ၊ အသည်း အက် ကြ တာချည်းပဲ ”
အပြန်အလှန် ငြင်းရင်းခုံရင်း နောက်ဆုံးတော့ လည်း ဒါတွေ နင် နားမလည်ပါဘူး မေမိုးရာ ဆိုပြီး စကား ကို အနိုင် ပိုင်းကာ ဖြတ် ချသွား တတ်သည် ။
တင်တင်နီ့ အပေါ် မှာ မေမိုး တကယ်ပဲ မစာနာတတ်ခဲ့တာလား ။ မဟုတ်သေးပါဘူး ။ ညီမရင်းချာ တစ်ယောက် လို ချစ်ခင်ပြီး စာနာခဲ့လို့ ပဲ “ လစာမဲ့ ခွင့် ယူပြီး မြောင်းမြ ပြန် အနားယူချည် ” လို့ ခဏခဏ ပြော ခဲ့ ဖူးတာပဲ ။ တင်တင်နီ ကတောင် ပြန် အော်ခဲ့ဖူးသည်လေ ။
“ ဘေး က ပြောတော့ လွယ်လွယ်လေး ။ ငါ့ ကိစ္စ ငါ သိတယ် ။ လို အပ်ရင် ပြန်မယ် ” တဲ့ ။ မေမိုး စိတ် မဆိုးရက်ပါ ။ အဲဒါ စာနာ တတ် လို့ပေါ့ ။
တစ်ခါတစ်ခါ တော့လည်း မျက်ဝန်း မှာ မျက်ရည် စ တွေ အပြည့်နဲ့ ။ “ မေမိုး ရယ် နင့် စကားအတိုင်း အိမ်ထောင် မပြုဘဲ နေ ခဲ့ရင် အခု လောက် ဆို ငါ့ ရောဂါ ပျောက်ချင် ပျောက် နေလောက်ပြီနော် ” တဲ့ ။ အဲလို ပြောချင် ပြော နေပြန်ရော ။ မေမိုး ကလည်း “ ကိုတိုးဝင်း သာ ယုတ်မာ ရိုင်းစိုင်း မသွားဘူး ဆိုရင် နင့် ရောဂါ တိုး လာစရာ အကြောင်း မရှိပါဘူး ” လို့ ပြန် ပြော မနေခဲ့တော့ပါဘူး ။
တဖြည်းဖြည်း ဖြင့် တင်တင်နီ ကို ကြည့် ရတာ လုံးဝ အခြေအနေ မဟန်တော့ပါ ။ နောက်ဆုံး ဆေးရုံ တင် လိုက်ရသည် ။ ခွဲစိတ် ကုသဖို့ မလို တော့ လောက်အောင်ပင် ရောဂါ က ကျွမ်းခဲ့လေပြီ ။ တင်တင်နီ က သူ့ နှလုံးရောဂါ အကြောင်း သူ့ ဆွေမျိုးသားချင်များ အား လုံးဝ မသိ စေခဲ့ရ ။ အိမ်ထောင် ပြုတာကို သဘော မကျသော မိဘများ အား စိတ် မဆင်းရဲစေရ ။
ယောက်ျား တစ်ယောက် ကို ရင်ကွဲ ပက်လက် ရေငုံ နှုတ်ပိတ် ချစ် ပြသွားတဲ့ တင်တင်နီလို မိန်းကလေးမျိုး လောကကြီး မှာ ဘယ်နှဦး တောင် ရှိ နေပြီလဲ ။ ဒါ ချီးကျူးစရာ ကိစ္စ မဟုတ်ဘူးလေ ။ မေမိုး သာ ဆိုရင် ...
“ ဘေး က ပြောတော့ လွယ်လွယ်လေးရယ် လို့ ငါ့ ကို ပြန် ပြောပါဦး တင်တင်နီ ရယ် ။ ငါ့ ကိစ္စ ငါသိတယ် ” လို့လေ ။
စက်သံ ခပ်ကြမ်းကြမ်း ကား တစ်စီး ထိုး ဆိုက်သံနှင့် အတူ အော်ဟစ် ငိုသံများ ဆူညံ သွားသည် ။ ဒါ တင်တင်နီ ကို တင်ဆောင်သွားမယ့် ကား ပဲ ။ ကိုတိုးဝင်း ကို အခုထိ အရိပ်အယောင် မမြင်ရသေး ။ လက် မှ နာရီ လေး ကို ကြည့် လိုက်တော့ သတ်မှတ်ချိန် ရောက်ရန် ဆယ်မိနစ် ခန့် သာ လို တော့သည် ။
“ တိုးဝင်း ရော မလာသေးဘူးလား ”
မေးသံ နှင့် ဝင် လာတဲ့ ကိုတိုးဝင်း ရဲ့ အဖေ ကြောင့် ပဲ ငိုသံများ ရပ် သွား၏ ။ ကိုတိုးဝင်း ၏ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းများ ပွစိ ပွစိ ဖြစ် ကုန်ကြသည် ။ တင်တင်နီ့ ဘက်က ဆွေမျိုးတွေ ကတော့ တစ်ပူ ပေါ် နှစ်ပူဆင့် မျက်နှာ ငယ်ငယ်ကလေး များ နှင့် ။
“ ယပ်တောင်တွေ သွား ယူမယ် ဆိုပြီး ထွက် သွားတာ ။ အခု ယပ် တောင်တွေ ကို ငါ ယူခဲ့ရတယ် ။ ဒီကောင် .. တောက် ”
တင်တင်နီ နဲ့ ပတ်သက်သူ အားလုံး မငို နိုင်ကြပါ ။ ကလေး နှစ် ယောက် တောင် မျက်လုံးကလေးတွေ ကလယ်ကလယ် နှင့် သူ့ အမေ ကို လှမ်း ကြည့်လိုက် ၊ လူကြီးတွေ ကို ကြည့်လိုက် ။ တစ်စတစ်စ ချဉ်းကပ်လာ တဲ့ အချိန် ကြောင့် ကိုတိုးဝင်း ကို စောင့် ချင်သူတွေ ၊ မစောင့် ချင်သူတွေ ကွဲပြားကုန်သည် ။ တင်တင်နီ့ ဘက်ကတော့ ဧည့်သည်တွေ မို့ ဘာမှ အလွန်အကျွံ ဝင် မပြောကြပေမဲ့ သူတို့ ကိုတိုးဝင်း ကို မကျေနပ်ကြပါ ။ တမလွန် က တင်တင်နီ ရဲ့ သဘောထား ကရော ဘယ်လို ရှိနေမှာပါလိမ့် ။ နောက်ဆုံး အချိန်မှာ သူ့ အနား မှာ ရှိ မနေတဲ့ သူ့ရဲ့ ချစ်လှစွာသော ယောက်ျားကြီး ကို စောင့် ချင်ရှာမှာပဲ ။ စောင့်ပါဦး လို့ ပြော နေသလိုလို ။
လုပ်မနေနဲ့ တင်တင်နီ ။ နင် ဖြောင့်ဖြောင့်ကြီး နဲ့ ပျော်ပျော်ကြီး သွား ပြလိုက်စမ်း ။ ဇနီးသည် ရဲ့ နောက်ဆုံး ခရီး မှာ ၊ နောက်ဆုံး အချိန်လေး မှာတောင် အနီးအနား မှာ မနေနိုင်ရလောက်အောင် အဲဒီ ယောက်ျား မှာ အခြား အရေးတကြီးကိစ္စ ဘာ ရှိနိုင်သေးလို့လဲ ။
ရုတ်တရက် မီး ပျက်သွားတဲ့ မှောင်ကြီးမည်းကြီး ထဲ အဆံ မပါတဲ့ မီးခြစ်ဘူး ကို စမ်း မိလိုက်သလိုမျိုး မေမိုး ရင် ထဲ မှာ ဒေါသတွေ ထွက် လာ သလို ၊ အခု ချက်ချင်း ကိုတိုးဝင်း ကို ရောက်လာစေချင်သော ဆန္ဒများ က လည်း တဖွားဖွား ။ အသက် အောင့်ကာ ဖနောင့် နှင့် ခုနစ်ချက် ပေါက် ရင်း သာ ကိုတိုးဝင်း ကို အော် ခေါ်လိုက်ချင်တော့သည် ။ စိတ် တွေ အိုက်ကာ ချွေးတွေတောင် စို့လာသည် ။ တင်တင်နီ ရဲ့ ဘေးနား မှာ ရှိနေတဲ့ လူတွေ အားလုံး ရဲ့ ရင်ထဲမှာလည်း မေမိုး လို ပဲ ဖြစ် နေကြမယ် ဆိုတာ မေမိုး သေ ချာပေါက် ပြောရဲပါသည် ။ ။
“ လုပ်စရာ ရှိတာ လုပ် မယ်ဟေ့ ။ ဟိုကောင့် ကို စောင့် မနေနဲ့တော့ ”
ကိုတိုးဝင်း အဖေ ၏ ခပ်ပြတ်ပြတ် အသံ နှင့် အတူ ခုနက ကား ပေါ် မှာ ပါ လာတဲ့ သေတ္တာရှည်လေး ထဲ တင်တင်နီ့ ကို ထည့်ရန် ပြင်ဆင်ကြ ချိန်မှာတော့ ငိုသံများ က တစ်ဖန် ပွက်ခနဲ ညံ သွားပြန်သည် ။
ငါးမိနစ် တောင် လိုသေးတာ ဥစ္စာ ။ အဲဒီ ငါးမိနစ် ဆိုတဲ့ အချိန် အတွင်း မှာ ကိုတိုးဝင်း ပြန် ရောက် လာနိုင်တာပဲ ။ ဒါပေမဲ့ အဲဒီ အချိန်လေး ဟာ တင်တင်နီ့ ကို သေတ္တာရှည်လေး ထဲ ထည့် မှာ နဲ့ ၊ ကား ပေါ် တင် မှာ နဲ့ ၊ ဒီ က ထွက်ခွာဖို့ ပြင်ဆင်ရမှာ နဲ့ ဆိုရင် သိပ်တောင် လုံလောက်တဲ့ အချိန် မဟုတ်တော့ဘူးလေ ။
တင်တင်နီ့ မျက်နှာလေး အား နောက်ဆုံး ကြည့် မိတော့ မျက်ဝန်း ထဲ မှာ ဝါး သွားရသည် ။ လူ့ သက်တမ်း ကို ခြောက်ဆယ် ပဲ ထား ။ နောက်ထပ် အနှစ် သုံးဆယ်လောက် နေ နိုင်သေးတဲ့ ကောင်မလေး တစ်ဦး ရဲ့ နောက်ဆုံး ခရီး ပါ လား ။ ကျန် နေသေးတဲ့ ဘဝတွေ မှာ ဒါမျိုး ဘယ်တော့မှ မကြုံပါ စေနဲ့ တော့ တင်တင်နီ ။
အရေးထဲမှာ နှစ်ပူ ပေါ် သုံးပူ ဆင့် ၊ တင်တင်နီ့ ကို သယ်ဆောင်မယ့် ကားကြီး က တော်တော် နဲ့ စက် နှိုးလို့ မရပြန် ။ အားလုံး မျက်စိ မျက်နှာ ပျက် ကုန်ကြပြန်သည် ။ တိုက်ဆိုင်မှုပဲလား ။ သူတို့တွေ အယူသည်းစွာ ပြောကြသလို တင်တင်နီ က ကိုတိုးဝင်း ကို စောင့် နေတာလား ။ သိပ်မကြာ ခင် ဝူးခနဲ ကား စက် နိုးသွားတော့မှ အားလုံး ရင် ထဲ မှာ ဟင်းခနဲ သက်ပြင်း ချ နိုင်ကြတော့သည် ။
ကြည့်ဦး ။ ကားတွေ တောင် အသင့် စီပြီးလို့ စက်တောင် နှိုး ထား ကြပြီ ။ ဟို ကားကြီး ထွက် လာတာနဲ့ နောက် က တန်းပြီး ထွက် ကြရုံပဲ ။ ကိုတိုးဝင်း ကတော့ ရောက် မလာသေး ။
စိတ်ဆိုးမာန်ဆိုး ကားပေါ် ပြန် ရောက်လာတဲ့ မေမိုး ကို နု နှင့် ချို တို့ က အံ့သြ နေကြသည် ။ ထင် မှာပဲလေ ။ တင်တင်နီ့ ဆီ မေမိုး တစ်ယောက် တည်း သွားရလို့ ဆိုပြီး ။ ဘယ်လိုပဲ ထင်ကြထင်ကြ ၊ မေမိုး ရှင်း မပြအား သေးပါဘူး ။ လောလောဆယ် တော့ ယောက်ျားတွေ ကို ဒေါသတွေ မတရား သဖြင့် ထွက်နေတာပဲ မေမိုး သိသည် ။
အိမ် ပြန် ရောက်လို့ ညီမလေးတွေ ကို ပြောပြရင်တော့ ထုံးစံ အတိုင်း အစာ မကြေခြင်း အတွက် အဝေရာ ရှိတယ် ၊ အဝေရာ ရှိတယ် ဆိုပြီး တီဗီ ထဲ ကလို သံနေသံထား နှင့် အော် ကြလိမ့်ဦးမည် ။
••••• ••••• ••••• •••••
အဲဒါပဲ ကောင်လေး ရေ ။ အဲဒီ နေ့ က တင်တင်နီ့ နား ကို တကယ် ကိုတိုးဝင်း ရောက် မလာခဲ့ဘူး ။ တင်တင်နီ့ ကို သယ်ဆောင်သွားတဲ့ ကားကြီး ကလည်း ဆီ ပိတ် တာလိုလို ၊ ဆီ မလိုက်တာလိုလို တုံ့နှေး တုံ့နှေး နဲ့ ။ နှစ်ပြ ခရီးလောက် ရောက် မှ ဆိုင်ကယ်တစ်စီး က ကိုယ်တို့ ကားတွေ ကို ဝေါခနဲ ကျော် တက်သွားတယ် ။ နောက်မှာတော့ ခေါင်း ငိုက်စိုက်နဲ့ မူး နေ တဲ့ ကိုတိုးဝင်း ။ သူ့ ကို တင်တင်နီ့ နောက် က ကပ်လျက် ကားပေါ် ပြောင်း တင်ပေးရသေးတယ်လေ ။ မင်း စဉ်းစားကြည့်စမ်း ။ အရက် ကို ကြိုက်လို့ သောက် တဲ့ အဆင့် မှာ ရောက် နေတဲ့ ယောက်ျား တစ်ဦး ရဲ့ ရင် ထဲ က ပူ လောင်မှု ဟာ သေဆုံးသွားတဲ့ ဇနီးမယား ကြောင့်တော့ လုံးဝ မဟုတ်နိုင် ဘူး ဆိုတာ ကိုယ် ပြော ရဲတယ် ။ လောင်းမလား ကောင်လေး ။ ဒါပေမဲ့ ယောက်ျား တစ်ယောက် ဟာ သိက္ခာ ကို ဆယ်ဖို့ အတွက် အမှန်တရား ကို ဘယ်တော့မှ ပြော ရဲ မှာ မဟုတ်ဘူး ။ သိက္ခာ မရှိတဲ့ ယောက်ျားတွေ ဟာ မဟုတ်တမ်းတရမ်းတွေ ပြောပြီး သိက္ခာ ဆည်နေကြတာ ။ လောကကြီး တစ်ခုလုံး နဲ့ တောင် အဲဒီလို မဟုတ်တမ်းတရမ်းတွေ မဆံ့ ချင်တော့ဘူး ။ ခပ်ပျော့ပျော့ ခပ်ထုံထုံ မိန်းမတွေ ကတော့ အဲဒီ မဟုတ်တမ်းတရမ်း တွေ ကြား မှာ မြုပ်ချည်ပေါ်ချည် နဲ့ပေါ့ ။
မင်း ကို ကိုယ် တစ်ခု ပြောစရာရှိတယ် ဆိုတာလေ ။ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ကိုယ်တို့နှစ်ယောက် တကယ်လို့ ချစ်သူတွေ ဖြစ် သွားကြပြီ ဆိုပါတော့ ။ ပြီးတော့ အိမ်ထောင် ပြုကြပြီ ဆိုပါတော့ ။ ကိုယ့် မှာ နှလုံးရောဂါ တော့ ရှိ မနေပါဘူး ။ ဒါပေမဲ့ မပြောကောင်း ပြော ကောင်း ကိုယ်များ မင်း ထက် အလျင် လောကကြီး ထဲ က ထွက် ခွာခဲ့ရရင် လေ ။ ကိုယ် အသက် မဲ့ တဲ့ အချိန် က စပြီး တစ်သက်လုံး ကိုယ့် ကို မင်း မလွမ်းချင်နေ ။ ကိုယ့် ရဲ့ နောက်ဆုံး အချိန်လေး မှာတော့ မင်း ဟာ ယပ်တောင်လေး တစ်ထုပ် ရယ် ၊ ပန်းခွေလေး တစ်ခွေ ရယ် ၊ ဝမ်းနည်းကြေကွဲ နေတဲ့ မျက်နှာလေး ရယ် နဲ့ အနည်းဆုံး နာရီဝက် လောက်တော့ ကိုယ့် နား မှာ နေပေး ရမှာနော် ။
ဘယ့်နှယ်လဲ မောင် ။ နေပေးမယ် မဟုတ်လား ။ ကိုယ် တို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ပြီး ၊ အိမ်ထောင် ကျပြီး ၊ ကိုယ် က အလျင် ဘဝ တစ်ပါး ကို ပြောင်း သွားခဲ့နှင့် ရင် လေ ။
◾ မေမောင်
📖 ရုပ်ရှင်အမြူတေ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၁၉၉၂
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment