❝ ဒေါင်းဖန်ဝါ ရောင်စုံ ကွယ်တော့ ❞
နွေ မနက်ခင်း လေနုအေး က သူ့ ခေါင်း ပေါ် မှ ဆံဖြူစများ ကို လှုပ်ခါ သွားအောင် ဝေ့ဝဲ နှုတ်ဆက် ပြေးသွား၏ ။ သူ သည် ဖြတ်ပြေး သွားသော လေကလေး ကို အမိအရ ဖမ်းယူ ရှူရှိုက်ရင်း သိသိသာသာ မြန်လွန်း နေသော သူ့ ရင်ခုန်သံ ကို အတတ်နိုင်ဆုံး လျော့ပါး သွားအောင် ဖော့ ပစ် လိုက် သည် ။ ဒီနေ့ အဖို့ ငါ လျှောက်လှမ်း နေတဲ့ ခြေလှမ်း တိုင်း မှာ မာရသွန် အပြေးသမား တစ်ယောက် ရဲ့ ပန်းတိုင် ဝင်ခါနီး ခြေလှမ်းများ လို တဖြည်းဖြည်း အားပြည့် တက်ကြွ လာ နေရမယ် လို့ သူ့ ကိုယ် သူ အားတင်း ပစ် သည် ။ သို့ငြား ချိုင့်ခွက် များ သော ကတ္တရာလမ်းအိုလေး ပေါ် မှာ ခပ်စိပ်စိပ် ခပ်လေးလေး သာ လျှောက်လှမ်း နေတဲ့ သူ့ ခြေထောက်များ ကို သွက်လက် သွားအောင် မစွမ်းဆောင်နိုင် တော့သလို လေးကန် နေ၏ ။
ခါတိုင်း ဆိုလျှင် သူ့ အိမ် မှ နံနက် ၇ နာရီ ၁၀ မိနစ် အလို မှာ ဆွဲ တဲ့ စက်ရုံ ဥဩသံ ကြား မှ ထွက်လာ တော့ ၇ နာရီ နောက်ဆုံး သတိပေး ဥသြ အဆုံး မှာ စက်ရုံ ပေါက် က ဆွဲတံခါး ထဲ သို့ သူ အရောက် အချိန် ကိုက် ပင် ဖြစ်သည် ။ သည် မနက် တော့ ၆ နာရီ ၌ ပထမ ဥသြ ဆွဲသံ ကြား က တည်း က သူ့ အိမ် မှ ထွက် ဖြစ်သည် ။ သူ ၏ လေးကန် ဖင့်နွှဲ နေသော ခြေလှမ်းများ ကြောင့် အိမ် နှင့် စက်ရုံကြား ခရီးလမ်းကလေး ကို ပင် ကမ္ဘာ တစ်ဖက်စွန်း သို့ သွား နေရ သူ ကဲ့သို့ ရောက်ခဲ လှ ပါဘိ ။
သူ့ ဘေး မှ တရိပ်ရိပ် ဖြတ်ကျော် သွားကြသော မြင် နေ ကျ မျက်နှာများ ကို လှည့် မကြည့်မိအောင် သူ တမင် ခေါင်းငုံ့ ထား၏ ။ ပေါ့ပါးသော ခြေလှမ်းများ ဖြင့် သူ့ ကို ဖြတ်ကျော် သွားကြ သူများ ထံမှ ရှေ့လ ထဲ မှာ သက်သာ သကြား ခြောက်ဆယ်သား စီ ရလိမ့်မယ် ဆိုတဲ့ သတင်း စကား ကို ကြား ရသဖြင့် သူ ထိတ်ခနဲ ဝမ်းသာ သွားမိသေးသည် ။ ပြီးမှ အို ဒါတွေ ငါ နဲ့ မဆိုင်တော့ပါဘူး လို့ ခေါင်းခါ ဖယ်ထုတ် ပစ်ရသည် ။
စက်ရုံ ပေါက် အချိန်မှတ်ရုံး နံရံ သံငုတ် ပေါ် က သူ့ အလုပ် ကိုယ်ပိုင် နံပါတ်ပြားလေး ကို ဖြုတ် ပေးရင်း ဘိုးတော် ဒီနေ့ နောက်ဆုံး နေ့ နော် လို့ သတိပေး နှုတ်ဆက် လိုက်သော စာရေး လေး ကိုမြင့်စိန် ရဲ့အသံ က သူ့ နား ထဲ သို့ တုန်ခါ သွားစေသည် ။ စာရေးလေး ၏ စကား ကြောင့် သူ့ မျက်နှာ အမူအရာ တစ်မျိုး ပြောင်းသွားသည်လား မသိ ။ သံဆန်ခါပေါက် တွေ ရဲ့ နောက် စားပွဲ မှာ ထိုင် ကြည့်နေသော အချိန်မှတ်မှူးကြီး ဦးအောင်သန်း က ..
ဦးလှမောင် လုပ်သက် က သုံးဆယ့်ငါးနှစ် တောင် မှ နော် ၊ အသက် ခြောက်ဆယ်ပြည့် လို့ သာ ပင်စင် ယူ ရမှာ သန်တုန်း မြန်တုန်း ၊ နုပျိုတုန်း ခင်ဗျ လို့ နှစ်သိမ့်စကား ဆို၏ ။ သူ သည် အချိန် မှတ်မှူးကြီး အား လူ ကတော့ နု ပါ ရဲ့ဆရာရယ် ၊ ပါးရေ တွန့်ပြီး ဆံဖြူ သွားကျိုး နေ တာလေးပဲ ပြော စရာ ရှိတယ်လို့ အရွှန်း ဖောက် ရယ်မော ပြောဆို လိုက်သည် ။ သူ့ စကား ကြောင့် ဦးအောင်သန်း နှင့် တကွ အချိန်မှတ်ရုံးသား များ ပါ လိုက်၍ ရယ်မော ကြသည် ။ သူ ကိုယ်တိုင် လည်း ရင်ထဲ မှာ တစ်ဆို့ နေသော ခံစားတုန်လှုပ်စိတ် တို့ ကို မေ့လျော့ သွားစေသည် ။
“ ငါ့ အရင် က လူတွေ လည်း ဒီလိုပဲ အချိန် တန်တော့ ခွဲခွာ သွားကြရတာပဲ ၊ ငါ က မှ ဘာ ဖြစ်လို့ သတ္တိ နည်း နေရတာလဲ ၊ အလုပ်သမားအိုကြီး တစ်ယောက် သူ့ အလုပ် က အငြိမ်းစား ယူ သွားရတာ လေ ထဲ မှာ နှင်း တစ်ပွင့် လွင့်ပြယ် သွား သလောက် ပဲ ရှိမှာပေါ့ ”
သူ့ နှလုံးသား က စကား တီးတိုး ဆို နေ၏ ။ အချိန်မှတ်ရုံး အပြင်ဘက် သူတို့ အလုပ်ရုံခွဲ သို့ သွားရာ ဥယျာဉ်လမ်းကလေး မှာ သူ နှင့် အလုပ်ဂိုဏ်းချင်း တူသော ထွန်းလွင် နှင့် တင်အောင် ၊ လုပ်သားကလေး နှစ်ယောက် ကို တွေ့ရသည် ။
နှုတ်သွက်လျှာသွက် ရှိလှသော အာကျယ်တင်အောင် က သူ့ အား ဘိုးလှအောင် ဒီ အပင် ပေါ် မှာ ရှိတဲ့ အုန်းသီးတွေ ထဲ က ဘယ် အလုံး အကြိုက်ဆုံး လဲ ပြော ၊ ရုံမှူး က ဘိုးလှအောင် ကန်တော့ပွဲ အတွက် ကျွန်တော်တို့ ကို အုန်းသီး တစ်လုံး အချိုင် ခိုင်းလိုက်လို့ ဟု ပြောသည် ။ သူ သည် အသီးတွေ ဝေဆာ နေသော အုန်းပင် ကို မော့ ကြည့်ရင်း ဟောသည် အုန်းပင်ကြီး ကို ငါ နဲ့ ကိုဘမှီ နှစ်ယောက် ထောက်ခံကြိုဆိုပွဲ အထိမ်းအမှတ် တစ်ခု မှာ စိုက်ခဲ့ကြတာ ။ ကိုဘမှီ နဲ့ ငါတို့ ဆိုတာက ဒီ ကောင်လေးတွေ လို စက်ရုံ ထဲ ကို တစ်နေ့ တည်း ဝင် လာကြတဲ့ သူငယ်ချင်းတွေ လေ ။ ကိုဘမှီ ခမျာ အဆုတ်ရောဂါ နဲ့ ဆုံးပါးခဲ့တာ ငါးနှစ် တောင် ရှိ သွားပြီ ။ ငါ က မှ သက်ပြည့် ပင်စင် တွေ ဘာတွေ ယူ လို့ ဆိုတဲ့ အတွေးစ ကို ဘိုးတော် ညနေ ကျ ရင် ကျွန်တော် တို့ ငှက်ပျောပွဲ နဲ့ ခင်ဗျား အိမ် ကို လိုက်ခဲ့တော့ မှာနော် ၊ ဒီတစ်ခါ တော့ သားမက် တော် ဖို့သာ ပြင်ထား ပေတော့ ဆိုတဲ့ ထွန်းလွင် ရဲ့ စနောက် ပြော ဆိုသော စကား ကို ပျက်ပြယ် သွားစေသည် ။
“ ချီးတဲ့မှပဲ ၊ ငါ့ မှာ သမီးပျို မရှိတော့ပါဘူး ဆိုနေမှ .. အိမ် မှာ ငါ့ အဘွားကြီး မယ်အေး ရယ် ၊ ထမင်းရည် တောင် ဝအောင် မသောက်ရ ရှာတဲ့ ခွေးပိန်မလေး မိနီ ရယ် ပဲ ရှိတယ် ။ မင်း လိုချင်ရင် ခွေးပိန်မလေးမိနီ ကို ပဲ လာ တောင်းလှည့် ”
ထွန်းလွင် မျက်နှာ ရှုံ့မဲ့ သွားသည် ။ သူ သည် ကောင်လေးတွေ ကို ကြည့်ပြီး တဟားဟား ရယ်မော မိသည် ။ အတော် ပျော်တတ် တဲ့ ကောင်လေးတွေ ဟု လည်း စိတ် ထဲ မှ မှတ်ချက်ချ မိသည် ။ ပြောသာ ပြော ရသည် ။ သူ့ သမီးအကြီး မိကြင်မြိုင် တုန်း ကလည်း သည်လိုပဲ စလိုက် နောက် လိုက် နှင့် သူ တို့ အလုပ်ဂိုဏ်း ထဲ မှ ကျော်သန်း နှင့် ညား သွားကြသည် ။ သူ့ သမီးအငယ်မ မိကြင် လှိုင် ကျ ပြန်တော့ သူ နှင့် အလုပ်ရုံခွဲ တူ တဲ့ ဆေးသုတ်ဂိုဏ်း က စိုးမင်း နှင့် အကြောင်း ပါ ပြန်သည် ။
ခုတော့လည်း သူ့ သားမက် အကြီးကောင် ကျော်သန်း တစ်ယောက် စက်ရုံ ထဲ မှ ပစ္စည်း ခိုး လို့ အလုပ် ပြုတ်ပြီး သူ့ ရွာ သူ ပြန်ကာ သံပရာခြံတွေ မှာ နေ့စား ရရာ အလုပ်တွေ ဝင် လုပ်နေ ရှာပြီ ။ သားသမီး များသော ၊ ရိုးအသော သားမက် နှင့် သမီးတို့ အတွက် တွေးမိတိုင်း သူ စိတ် မကောင်းဖြစ် ရသည် ။ စက်ရုံ ထဲ မှာ ရှိ နေသေးတဲ့ သားမက် အငယ်ကောင် စိုးမင်း ကို တော့ သူ အတတ်နိုင်ဆုံး စောင့်ရှောက် သတိ ပေးရသည် ။ သူများ မကြည့် နဲ့ ကွ ၊ ငါ့ ကို ပဲ ကြည့် ၊ မရှိလို့ ငတ် သေချင် သေပါစေ စက်ရုံ ထဲ က ပစ္စည်း ဘယ်တော့ မှ မခိုးဘူး ဆိုတဲ့ စိတ်မျိုး မွေးစမ်းပါကွာ လို့ အားပေး ရသည် ။ စိုးမင်း သည် အလုပ် အားရက်များတွင် ပန်းရန် ၊ ထင်းခွဲ ၊ မြေတူး စတဲ့ အလုပ် မရွေး လိုက် လုပ်ပြီး ဝင်ငွေ ရှာတတ် သလို သမီး မိကြင်လှိုင် က လည်း အိမ်ဆိုင်ကလေး ဖွင့် ကာ မုန့်ပဲသရေစာကလေး ရောင်း လိုက်သေးသည် ။ လင်မယား နှစ်ယောက် လက်ချညီညီ နှင့် ရုန်းကန် စီးပွား ရှာနေကြတဲ့ ကြားထဲ က သားသမီးငါးယောက် တာဝန် ကို လိမ်ဖယ်လိမ်ဖယ် နှင့် မနိုင့်တနိုင့် ထမ်း နေကြရ ရှာသည် ။ ကြာလျှင် သူ့ သားမက် စိုးမင်း တစ်ယောက် သူ ဖြစ်စေ ချင်တဲ့ အလုပ်သမားကောင်း တစ်ယောက် ရဲ့ ဘဝ ကို ဂုဏ်ယူစွာ ဆုံးခန်းတိုင် နိုင်ရှာပါဦးမည်လား လို့ သူ စိုးရိမ် မိသည် ။
အုန်းသီး တစ်လုံး ကို လက် မှာ ပိုက်ရင်း သူ့ နား ရောက် လာသော တင်အောင် က ဘိုးတော် ဒီ အလုံးကြီး မလှဘူးလား ဟု မေး နေရာမှ တုန့်ခနဲ အမူအရာ ပြောင်း သွားကာ တစ်သက်လုံး စက်ရုံ ထဲ မှာပဲ ဘဝ ကို မြုပ်နှံပြီး အလုပ် လုပ် နေရာ က ခွဲခွာ သွားရမှာ ဆိုတော့ ဘာပဲ ပြောပြော ခံစားရမှာပဲ နော် လို့ သူ့ ကို ဆွေးနင့်စွာ ပြောသည် ။ သူ က အလုပ် ကို သန့်သန့်ရှင်းရှင်း တာဝန်ကျေကျေ နဲ့ အနားယူ သွားတာပဲကွ ၊ ငါ ဖြင့် ဝမ်းတောင် သာသေးလို့ ခပ်ပေါ့ပေါ့ ပြောပြီး ရယ် ချ လိုက်သည် ။ သူ ၏ ရယ်သံ မှာ ဟက်ခနဲ နစ်ဝင် သွားတာ သတိထား မိပြန်သောအခါ သူ့ ကိုယ် သူ မကျေမနပ် ဖြစ်ရပြန်သည် ။ သူ့ အမူအရာတွေ ခါတိုင်း နှင့် မတူဘဲ ဘယ်လောက် အထိ လွဲချော် နေပြီလဲ ။
“ ဘောက်ဖားဂိုဏ်း က ဘိုးချစ်အောင်ကြီး က ခင်ဗျား အတွက် ဘားတစ်လုံး ယူလာတာ ဗျ ၊ စက်ရုံပေါက် ကွမ်းယာဆိုင်မှာ ထား ခဲ့တယ် သိလား ။ ညနေ ကျ ရင် ဘိုးတော် တစ်ခွက်တစ်ဖလား ချပစ်ဗျာ ”
ထွန်းလွင် က သူ့ ကို တစိမ့်စိမ့် ကြည့် နေပြီးမှ ပြော လိုက်သော စကား ကို သူ သဘော မကျပေ ။ ထို့ကြောင့် သူ က ချစ်အောင် ဘာ အရူး ထ နေတာလည်း မသိဘူး ၊ မယ်အေး နဲ့ အိမ် ထောင်ကျပြီး ကတည်း က ငါ အရက် မသောက်တော့တာ သူ သိသားနဲ့ ကွာ လို့ ခပ်မာမာ ပြော ပစ် သည် ။ ထိုအခါ တင်အောင် က အောက်နှုတ်ခမ်း ကို လျှာ ဖြင့် သိမ်း ပြရင်း ဒါဆိုရင်လည်း ညနေ မှာ အဲဒီ အလုပ် ကို ကျွန်တော့် တာဝန် ထားလိုက် ဘိုးတော် လို့ အားတက်သရော ဝင် ပြောသည် ။ ထွန်းလွင် က တင်အောင် အား အရက်သမား က တော့ ဖြင့် လုပ်ပြီ လို့ မကျေမနပ် ပြောရင်း ရန်ဖြစ် ကြပြန်သော အခါ သူ ရယ် နေလိုက်သည် ။
သူ သည် စက်ဘီးကိုင် ဝင်ရိုး ကို ပွတ်သပ် ကိုင်တွယ် ကြည့်နေဆဲ ရုံမှူး က အဆင်သင့် ဖြစ် နေပါတဲ့ လက် တို့ ကာ လာ ခေါ်နေသော ရုံးအကူ လုပ်သားလေး မောင်စန်းလွင် ကို ယောင် ငေး နှင့် ပင် ခေါင်းညိတ် ပြ လိုက်သည် ။ သံလက်ကိုင် ဝင်ရိုး ပေါ် က ချိုင့်ခွက် နေသော လက်ချောင်းရာများ သည် သူ နှင့် အရင် က ကိုင်တွယ် လုပ်ဆောင်သွားကြသော လုပ်သားကြီးများ ၏ လက်ရာများ ပင် ဖြစ်ပေ လိမ့်မည် ။ သူတို့ ရုံ ၌ စာရေးမလေး ခင်စန်းရီ က ကျွန်မတို့ အလုပ်သမား များ ရဲ့ လက်တွေ လို့ တင်စား ပြောဖူးတာကလေး ကို သတိရ ကြည်နူးမိသည် ။
သူတို့ အလုပ်သမားတွေ က တော့ သည် စက်ကြီး ကို သံတွေ ဖောက် ပေးတတ်တဲ့ အတွက် ဖောက်စက် လို့ ပဲ လွယ်လွယ် နှင့် ခေါ်လိုက်ကြသည် ။ စက် ရဲ့ ရှေ့ထိပ် အဖုံးပေါ် မှာ တော့ အင်္ဂလိပ် လို ရေး ထားတဲ့ အခေါ်အဝေါ် နာမည်စာတန်း ရှိသည် ။ မြန်မာအက္ခရာ လို ကကြီး ဝလုံး လို ဟာ တွေ ပါ တာလောက်ပဲ သူ သိသည် ။ သည် စက်ကြီး ကို စက်ရုံ တည်ပြီး ကတည်း က မျက်နှာဖြူတွေ ယူ လာ ခဲ့ကြတာ ဆိုတော့ စက်ကြီး ရဲ့ သက်တမ်း က လည်း ခုနှစ်ဆယ့်ငါးနှစ် ကျော်ပြီ လို့ သူ တွက်ကြည့် မိသည် ။
“ ကျုပ် နှုတ်ဆက် ကန်တော့ခဲ့ပါတယ် ”
သူ သည် ဖောက်စက်ကြီး ကို ဘဝ တွင် အတူ ရုန်းကန် လက်တွဲခဲ့တဲ့ မိတ်ဆွေကောင်း တစ်ယောက် ပမာ ထိုင်၍ ကန်တော့ လိုက်သည် ။ အနား တွင် ရပ်စောင့် နေသော ရုံးအကူလုပ်သားလေး က သူ့ ကို အံ့သြထူးဆန်းစွာ ကြည့် နေခြင်း အတွက် အနှောင့်အယှက် မဖြစ်တော့ သလိုပါ ပဲ ။ ရုံးခန်းကလေး သို့ သွားရာ လမ်းတစ်လျှောက် တွင် တွေ့သမျှ သူ့ မိတ်ဆွေများ ကို လည်း တည် ငြိမ်စွာ နှုတ်ဆက် ထွက်ခွာနိုင်ခဲ့သည် ။
ရုံးအောက် မြေကွက်လပ် ပေါ် မှာ စားပွဲ တစ်လုံး ၊ ကုလားထိုင် တစ်လုံး ခင်းထား၏ ။ စားပွဲ နောက် ရုံး ကြော်ငြာ သင်ပုန်း တွင် သက်ပြည့်ပင်စင် ဖြင့် အငြိမ်းစား ယူတော့မည့် အလုပ် သမားကြီး ဦးလှမောင် အား ဂုဏ်ပြုနှုတ်ဆက်ပွဲ ဆိုတဲ့ ရောင်စုံမြေဖြူ နဲ့ ရေးထားတဲ့ စာတန်းကလေး ကို သူ ဖတ်သည် ။
“ သုံးနာရီ ထိုးတော့မှာမို့ အခေါ်ခိုင်း လိုက်ရတာပဲ အဘရေ ”
အသင့် စောင့်ကြိုနေသော ရုံမှူး က သူ့ လက် ကို ဆုပ်ကိုင် ပြောဆိုရင်း ၊ တစ်လုံး တည်း သာ ရှိတဲ့ ကုလားထိုင် ပေါ် မှာ ထိုင်ဖို့ နေရာ ပေး လိုက်သည် ။ စားပွဲ ပေါ် မှာ တော့ သူ့ အတွက် ဂုဏ်ပြု လက်ဆောင် အဖြစ် ပေးကြမည့် ငှက်ပျောသီး ၊ အုန်းသီးတောင်း တစ်လုံးနှင့် ဆပ်ပြာခွက် ၊ မျက်နှာ သုတ်ပဝါ စတဲ့ လက်ဆောင် ပစ္စည်းကလေးများ ထည့် ထားတဲ့ အထုပ် တစ်ခု ရှိသည် ။
“ အဘ ကို ကျွန်တော် တို့ က တစ်ခါတည်း ကန်တော့လိုက်ကြဦးမှာ ”
အလုပ်ထိန်းကလေး ကိုကျော်အေး က သူ့ အနား ကပ် လာ ပြောသည် ။ သူ့ ဘေး က မြေကွက်လပ်ကလေး ပေါ် မှာ တဖြည်း ဖြည်း နှင့် လူတွေ များ လာသည် ။ သူ မြင်နေရသော လူတွေ ထဲ မှာ နှင်းဆီပန်း ၊ စံပယ်ပန်းကုံးတွေ ပွေ့ပိုက် ထားသော စာရေးမလေး ခင်စန်းရီ လည်း ပါသည် ။ သူတို့ အလုပ်ရုံခွဲ မှာ အလုပ်ဂိုဏ်းခွဲ ရှစ်ဂိုဏ်း ရှိရာ တစ်ဂိုဏ်း လျှင် လူ သုံးဦး သာ နှုတ်ဆက်ပွဲ သို့ တက် ခွင့် ရကြသည် ။ ရုံခွဲ မှာ ဆိုတော့ ရုံမှူး ခမျာ လက်ဖက်ရည်ဖိုး ၊ မုန့်ကြွပ်ဖိုး နှင့် ပင် ခေါင်းခြောက် ရှာပေလိမ့်မည် ။ သူတို့ ရုံ ခွဲကလေး မှာ အဲသည်လောက် အထိ ရန်ပုံငွေ မပြည့်စုံတာ သူ သိသည် ။
သူ့ အလုပ်ကြပ် ကိုချစ်ပို တစ်ယောက် ကတော့ ထွန်းလွင် တို့နှင့် အတူ လက်ဖက်ရည် ပုံးကြီးတွေ ဆွဲ လာတာ မြင်ရသည် ။ ကိုချစ်ပို က အဲဒီ နေ့ ကျရင် ကျွန်တော့် ကို နှုတ်ဆက် စကား ပြောဖို့ ရုံး က တာဝန် ပေးနေတယ် ဦးလေး ရာ ၊ ဖြစ်ပါ့မလား မသိဘူး ၊ ကျွန်တော် က သိပ်ပြီး ဝမ်းနည်းတတ်တာ လို့ သူ့ ကို ပြောဖူးသည် ။
သူ့ ထံ သို့ လက်ဖက်ရည်မုန့်ကြွပ်များ လာ ချ ပေးသော တင်ရွှေကြီး အား ဘီဝမ်းဂိုဏ်း သား မျိုးချစ် က ဟေ့ကောင်တင်ရွှေ ၊ မင်း က ရာထူး တိုး တော့ မှာ မို့ ဝမ်းသာတဲ့ အထိမ်းအမှတ် နဲ့ ဘိုးလှမောင် ကို လက်ဖက်ရည် တိုက်တာလား ကွလို့ လှမ်း စ သည် ။ တင်ရွှေကြီး မှာ လစာ ရင်း တစ်ရာနှစ်ဆယ့်ငါးကျပ် ရတဲ့ ဒု - စက်ကိုင်ရာထူး မှ တစ်ရာ့ငါးဆယ် ရသော သူ့ နေရာ ( ပ ) စက် ကိုင် ရာထူး သို့ တက်ရမည့် သူ ဖြစ်သည် ။ တင်ရွှေကြီး က မျိုးချစ်အား ချက်ချင်းပင် တစ်တစ် ခွခွ လှမ်းဆဲသည် ။ လူဖြောင့် စိတ်တို တင်ရွှေကြီး အား မခံချင်မှန်း သိသဖြင့် ရုံ ထဲ က လူတွေ က သည်လိုပဲ လှောင်ပြောင်လေ့ ရှိကြသည် ။
“ ကဲ ကဲ အခမ်းအနား စမယ် ”
အလုပ်ထိန်း ကိုကျော်အေး က သတိပေး လိုက်မှ အားလုံး ငြိမ်သက် သွားကြသည် ။ ပထမ ဆုံး ရုံမှူး က နှုတ်ဆက် ဂုဏ်ပြု စကား ပြော၏ ။ သည်လို အခမ်းအနားပွဲ များစွာ တွင် အတွေ့ အကြုံ များလှပြီ ဖြစ်သော ရုံမှူး က တော့ နှုတ်ဆက်စကား စု ကို ပြေပြစ် ချောမွေ့စွာ ပြော သွားနိုင် ခဲ့သည် ။ အလုပ်ကြပ် ကိုချစ်ပို အလှည့် ကျတော့ အဆင် မပြေ ရှာတော့ ။ ဂုဏ်ယူပါတယ် ၊ နှုတ် ဆက်ပါတယ် ဆိုတဲ့ စကားတွေ နှင့်သာ ထပ်နေသော ကိုချစ်ပို ခမျာ ပြော နေရင်း မှ မျက်နှာ တစ်ခု လုံး ရဲ တက် နေပြီး မျက်တောင် ကို ပုတ်ခတ် ပုတ်ခတ် လုပ် နေသည် ။ ကိုချစ်ပို သည် စကား ကောင်း စွာ မပြောနိုင်တော့ဘဲ ထစ်အ နေသလို နားထောင်သူ အားလုံး ၏ မျက်ဝန်းတွေ မှာ လည်း စို စွတ် နေကြ၏ ။ နောက်ဆုံး သူ့ အလှည့် ရောက်လာသည် ။
သူ ဘာ ပြောရမည်နည်း ။ သူ့ အကြောအခြင်တွေ တောင့်တင်း လာ၏ ။ သူ့ မျက်လုံးတွေ ပြာဝေ နေသည် ။ သူ့ နှလုံးသွေး များ သည် ခန္ဓာကိုယ် အနှံ့အပြား သို့ အရှိန် ပြင်းစွာ လှည့်ပတ် စီးဆင်း နေကြသည် ။
“ လေးစားအပ်တဲ့ ရုံမှူး နှင့် တကွ ဘဝတူ လုပ်သားများ ခင်ဗျား ”
သူ့ အသံတွေ ကွဲအက် တုန်ခိုက် မနေအောင် သတိ ထားပြီး ပြောသည် ။ သည်ကြား ထဲ မှ တဆတ်ဆတ် တုန်နေသော လက်နှစ်ဖက် ကိုတော့ စားပွဲ ပေါ် မှာ တအား ဖိထောက် ထားပြီး ရပ်ရင်း ဟန် မပျက်အောင် ထိန်းထား ရသည် ။
သူ့ ကို အားလုံး က စကား ပြော ကောင်းသူ လို့ ချီးကျူး ကြသည် ။ သူ စကားတွေ အများကြီး ပြော ဖြစ်ခဲ့သည် ။ တစ်သက်လုံး မပြော ဖြစ်ဖူးသေးတဲ့ စကားတွေ ပါပဲ ၊ အလုပ်သမား ဆိုတာ ဘာ လဲ ဆို တဲ့ အဓိပ္ပာယ် ကို သူတို့ သိ စေချင်သည် ။ လောဘ ၊ ဒေါသ ၊ မာန ကင်းသော သန္တိသုခရသ ကို ခံစားနေကြရတဲ့ မိမိတို့ရဲ့ လုပ်သား ဘဝ ကို ဂုဏ်ယူ တတ်ကြစေချင်သည် ။
အေဝမ်းဂိုဏ်း က အလုပ်ကြပ် မောင်ချက် တို့ အဖွဲ့ကတော့ ဘိုးတော် ဘာတွေများ ဒီ လောက် အကြာကြီး ပြော နေတာလဲဟင် လို့ မေးသည် ။ သူတို့ ရုံ ထဲ မှ လူတွေ ကတော့ မောင်ချက် တို့ ဂိုဏ်းသားတွေ ကို နားထိုင်း အုပ်စု လို့ ခေါ်ကြသည် ။ ရပစ် ရိုက်စက် ၊ စို့ ဖြတ်စက် စသော ဆူညံ နေတဲ့ စက်တွေ ကြား တွင် အလုပ် လုပ်နေကြရသော်လည်း အသံကာ နားကြပ် တပ်ဆင်စရာ မရှိဘဲ လုပ်ကြ ရသဖြင့် မောင်ချက် တို့ တစ်တွေ နားလေး ကုန် ကြရတော့သည် ။ သူ့ ကို ငေး ၍ ထုံအစွာ ကြည့် ပြီး မေး နေသော မောင်ချက် ကို ကြင်နာစွာ ကြည့်ရင်း သူ ပြောခဲ့တဲ့ စကား တစ်စ ကို ပင် ကျေနပ်စွာ ခံစားမိသည် ။
“ ကျွန်တော် ဟာ စက်ရုံကြီး ထဲ ကို အလုပ်သမား တစ်ယောက် အဖြစ် လုပ်ကိုင် အသက်မွေး ဖို့ ကျွန်တော် ရဲ့ ဟောဒီ လက်နှစ်ဖက် ကို ပဲ အရင်းအနှီး ပြုပြီး ဝင်ရောက် ခဲ့ပါတယ် ။ ခု ကျွန်တော့် ရဲ့အလုပ်သမား ဘဝ အငြိမ်းစား ယူ အိမ်ပြန် ခရီးမှာ ဟောသည် လက်နှစ်ဖက် ကို ပဲ အကောင်း ပကတိ အဖြစ်နဲ့ ပြန် ယူသွား နိုင်တာ ကို ပဲ ကျေနပ် လှပါပြီ ခင်ဗျာ ”
စာရေးမလေး ခင်စန်းရီ က တော့ အဘ က လည်း လက်ချည်း သက်သက် အိမ် ပြန် ရတာ ကို များ လို့ မျက်ရည် ဝဲပြီး ပြော သည် ။ တင်ရွှေကြီး က မူ “ ခင်ဗျား က သာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသလေး ဘာလေး နဲ့ အလုပ်သမား တစ်ယောက် ပင်စင် ယူ တာ စက်ရုံ ထဲ က ဘယ်သူတွေ က များ ဂရု စိုက်ပြီး နှုတ်ဆက်ဖော် ရလို့လဲ ” ဟု စိတ် တို စွာ ပြောသည် ။
“ ဟကောင်ရ အလုပ်သမား တစ်ယောက် ပင်စင် ယူ တာ သူ့ ရဲ့ ဘဝတူ အလုပ်သမားတွေ က ဂုဏ်ပြုခြင်း ဟာ သိပ် ထိုက်တန်တဲ့ ပွဲပဲပေါ့ ကွ ၊ အဲဒါကိုပဲ ငါ အမြတ်နိုးဆုံး ”
သူ သည် တင်ရွှေ ကြီး အား ခေါင်းမော့ လက်မ ထောင်ပြီး ပြော ဖြစ်ခဲ့လေသည် ။
••• ••• ••• •••
သူ ၏ မျက်ရည်စက် တို့ က တဖြုတ်ဖြုတ် ကြွေကျ သွားသည် ကို မည်သူမျှ မမြင်လိုက် ကြချေ ။ သူ့ ကို အားလုံး က ခေါင်းငုံ့ ပြီး ရှိခိုးဝပ်ချ နေကြစဉ် သူ့ မျက်ရည်စက်များ ကို ထိန်း မထား လိုက်နိုင်ခဲ့ပေ ။
“ လေးနာရီ မတ်တင်း ဥသြ ဆွဲပြီ ဦးလေး ကျွန်တော် တို့ သွားကြစို့ ”
အလုပ်ကြပ် ကိုချစ်ပို က သူ့ ကို သတိ ပေးသည် ။ စာရေးမလေး ခင်စန်းရီ က သူ့ လည်ပင်း သို့ နှင်းဆီ နှင့် စံပယ်ပန်းကုံး တွေ ချိတ်ဆွဲ ပေးလာသော အခါ အားလုံး က လက်ခုပ် တီး ဂုဏ် ပြု ကြသည် ။ မည်သူ တစ်ဦး တစ်ယောက် ၏ တိုက်တွန်း စေခိုင်းချက် မပါ ။ တိုင်ပင် ၍ လည်း မထားပါဘဲ လျက် တဖြောင်းဖြောင်း ပြိုင်၍ ထွက် လာသော လက်ခုပ်သံများ ကြောင့် သူ့ တစ် ကိုယ်လုံး ကြက်သီးတွေ စိမ့် ထွက် လာသည် ။
“ ကဲ မောင်ရှင်လောင်း ရှေ့က ကြွ ”
တစ်ချိန်လုံး ပျောက်ချက်သား ကောင်းနေသော ချစ်အောင်ကြီး ခု မှ ပေါ် လာသည် ။ သူ့ ခေါင်း ပေါ် မှာ အုန်းသီး ၊ ငှက်ပျောသီး တောင်း ရွက် ထားပြီး အာပြဲတင်အောင် က လက်ဆောင် ပစ္စည်း ထုပ် ကို လက် မှာ ပိုက်ထား၏ ။ သူတို့ က အလှူ့ဒကာ နှင့် အလှူ့အစ်မ ပုံစံ မျိုး ။
သူ က ပန်းကုံးတွေ လည်ပင်း မှာ ချိတ်ဆွဲ လျက် ရှေ့ဆုံး က သွားရသည် ။ သူ့ နောက် မှာ တော့ သူ့ ကို လိုက်ပို့မည့် လူ သုံးဆယ် ခန့် တန်း ပါလာသည် ။ စက်ရုံ ပေါက် သွားရာ လမ်း တစ်လျှောက် တွင် အလုပ်သမားများ က သူတို့ ကို လမ်းဖယ် ပေးကြသည် ။ သူ့ ကို သိသူ ရော မသိသူများ က ပါ ဟေးခနဲ လက်ပြ နှုတ်ဆက် ကြရာ သူ့ မှာ တစ်လမ်းလုံး လက် ကို မြှောက်ပြီး နှုတ်ဆက် ပြီး ပြနေရ၏ ။
စက်ရုံ ပေါက် လုံခြုံရေး တာဝန်ရှိသူများ ရှေ့ တွင် ရုံမှူး နှင့် အဖွဲ့ က သူတို့ မှာ ပါ လာတဲ့ တောင်း နှင့် အထုပ်များ ကို ဖွင့် ၍ အစစ်ဆေး ခံ နေကြစဉ် သူ သည် အချိန်မှတ် စာရေးလေး ကိုမြင့်စိန် ထံ သို့ သူ့ အလုပ် ကိုယ်ပိုင် နံပါတ်ပြားကလေး ကို တိတ်ဆိတ်စွာ အပ်နှံ လိုက်သည် ။ စက်ရုံ ပေါက် အပြင် ဘက် ကတ္တရာလမ်းအိုကလေး ပေါ် မှာ တော့ အမိုး ဖွင့် ထားသော မြင်းလှည်း တစ်စီး ရပ် ထားသည် ။ မြင်းလှည်း ဘေး တွင် အငြိမ်းစား ယူ တော့မည့် အလုပ်သမားကြီး ဦးလှမောင် အား ဂုဏ်ပြု ပို့ဆောင် နှုတ်ဆက်ပွဲ ဆို တဲ့ စာတန်း ကပ်ထား၏ ။ လှည်း ပေါ် သို့ သူ ရယ် ၊ ရုံမှူး ရယ် ၊ အလုပ်ထိန်းလေး နှင့် အလုပ်ကြပ် ကိုချစ်ပို တို့ လိုက်ပါ လာကြသည် ။ လှည်း ပေါ် မှာ အသင့် ပါ လာတဲ့ အသံချဲ့စက်သမားလေး အား ချစ်အောင်ကြီး က အလှူသီချင်းလေး ဖွင့် စမ်းကွာ လို့ လှမ်း ပြောသည် ။
“ အရှေ့ကို လျှောက်ပါလို့ အနောက် ကို တဲ့ မျှော်လိုက်ရင် .... ။ တံခွန်တိုင် ... ရွှေကုက္ကားနဲ့ ”
အသံချဲ့စက် မှ ထွက်ပေါ် လာသော ဂီတသံ နှင့် အတူ ချစ်အောင်ကြီးနှင့် တင်အောင်ကြီး တို့ ကတော့ ကွေး နေအောင် က နေ ကြပြီး တင်ရွှေကြီး သည် သူတို့ လှည်း ပေါ် သို့ ပြေးတက် လာ ပြီး မောင်ရှင်လောင်း က ဒီလိုမှ ဗျ လို့ ပြောပြောဆိုဆို ပင် သူ့ လည်ပင်း မှ ပန်းတစ်ကုံး ကို ခေါင်း မှာ ပတ် ပေးလိုက်သည် ။ ရုံမှူး က တင်ရွှေကြီး ၏ အနံ့အသက်များ ကို ရှူရှိုက်ရင်း ဒီကောင်ကြီး သောက် ထား ပြန်ပြီ ။ မြန် လိုက်တာကွာ လို့ ညည်းညူ ပြောသည် ။ ပြီးတော့ သူ့ ခေါင်း ပေါ် မှ ပန်းကုံး ကို ပြန် ဖြုတ်ပေး ရှာသည် ။ ထိုစဉ် ထွန်းလွင် က လည်း လွယ်အိတ် တစ်လုံး လှမ်း ပေးလာသည် ။ လွယ်အိတ် ထဲ မှာ ပုလင်း နှင့် ဖန်ခွက် တစ်လုံး ပါ လာသည် ။ မြင်းလှည်း ရှေ့ထိပ် တွင် ပြုံး မော့ လိုက်ပါ လာသော သူ့ ကို တချို့က ငေး ရပ် ပြုံးပြ နေကြသည် ။ တချို့က လက်ပြ နှုတ်ဆက်နေကြသည် ။
လှည်း နောက် တွင် လိုက်ပါ လာကြသော ချစ်အောင်ကြီး တို့ အုပ်စု က တော့ အသံချဲ့စက် နှင့် အတူ ကွေး နေ အောင် က နေ ကြပြီ ။
“ ရွှေစာ ... အမေ ပိုက်ပါလို့ လိုက်ပါရစေကွယ့် မောင်လှရယ် ကျောင်းဝိဟာ ဘယ်မတုံး .. လမ်းပြလှည့်ဦး ”
တင်အောင် သည် ရင် ကို ထုကာ ထုကာ ငိုချင်း ချနေတဲ့ မင်းသား တစ်ယောက် လို က နေသည် ။
“ အလုပ် က ပင်စင် ယူလိုက်ရလို့ လိုင်းအိမ်ခန်း က ဖယ်ပေးရမှာမို့ နေစရာ မရှိ ၊ ထိုင်စရာ မရှိ စိတ်ညစ် နေ မယ့် သူ ရှေ့ မှာ ကျောင်းဝိဟာ ဘယ်မတုံးတွေ ဘာတွေ နဲ့ ဦးချစ်အောင် ဘယ်လို မဟုတ်တဲ့ သီချင်းတွေ ဖွင့် ခိုင်းရသလဲ မသိပါဘူး ။ ဟိုကောင်လေး တခြား သီချင်း ပြောင်း ဖွင့်ကွာ ”
ရုံမှူး က အသံချဲ့စက်သမားလေး အား စိတ်ရှုပ်စွာ ပြောသည် ။ သူ့ မျက်နှာ ပေါ် က ပီတိ ရှက်ပြီး တစ်ခု မှာ လေမှုတ် ခံရတဲ့ မီးတစ်စ လို မည်းခနဲ ဖြစ် သွားသည် ။ ရပါတယ် ဆရာရယ် လို့ ရုံမှူး ကို ပြန် ပြောပြဖို့ သူ့ တွင် အင်အား မရှိပေ ။
“ ဆရာ ကျွန်တော် တစ်ခွက် သောက် တော့မယ်နော် ”
သူ သည် ပြောပြောဆိုဆို ပင် ပုလင်း ထဲ မှ အရည်များ ကို ငှဲ့ သောက် လိုက်သည် ။ ရုံမှူး က သူ့ အား သောက်ပါ ဆို တဲ့ ခွင့်ပြု တုံ့ပြန် စကား ပြောသော အခါ သူ့ ဗိုက် ထဲ သို့ နှစ်ခွက် လောက် ဝင် နေပြီ ဖြစ်သည် ။ အသံချဲ့စက် ဒိုးဒိုးဒန့်ဒန့် နှင့် ဆူညံ နေသော တေးသွား ပေါ်ထွက် လာ၏ ။ လှည်း နောက် က လူတွေ မှာ တော့ သီချင်းတေးသွား ပြောင်း သွား သဖြင့် ကချိုး ပြောင်း ကုန်ကြပေပြီ ။
“ ဟိုကောင် ချစ်အောင်ကြီး မကြီးမငယ် နဲ့ ကလေးတွေ နဲ့ အပြိုင် လိမ်တွန့် က နေကာ များကွာ ”
သူ ဟက်ဟက်ပက်ပက် ရယ်မော မိသည် ။ အလုပ်ကြပ် ကိုချစ်ပို က ရုံမှူး မမြင်အောင် သူ့ ထံ မှ အရက် တစ်ခွက် တောင်း သောက် သည် ။ ပြီးတော့ အသံချဲ့စက် မှ အမျိုးအမည် မသိသော တေးသွား တွင် လက်ခုတ်တီး စည်းဝါး လိုက်သည် ။ ရှက် တတ်သည့် အလုပ်ကြပ်ကလေး လည်း အူ မြူး နေပြီပဲ ။
“ ဦးလေး အိမ် ရောက်ရင် ဘာတွေ နဲ့ ဧည့်ခံ မှာ တုံး ဗျ ”
ကိုချစ်ပို တစ်ယောက် နှုတ်သွက် လျှာသွက် ဖြစ်ကာ သူ့ ကို လှမ်း စ နေပြန်သည် ။ သူ က ကျုပ် အမယ်ကြီး ရဲ့ အကောင်းဆုံး လက်ရာ သာကူယို လေ ဗျာ လို့ နှုတ် ပေါ့ သွက်လက်စွာ ပြန်ပြော သည် ။ သို့ငြား သူ့ အသံတွေ ကွဲအက်လေးတွဲ့ နေ၏ ။ သူ့ မျက်လုံးတွေ မှေးစင်း ရီဝေ နေကြလေပြီ ။
••• ••• ••• •••
အလင်းရောင် ကောင်းစွာ မဝင်နိုင်သော အလုပ်သမားလိုင်း က အခန်း ကျဉ်းကျဉ်းကလေး တစ်ခု မှာ နေဝင်ချိန် မို့ ပို၍ မှောင်မိုက် နေသည် ။ ထို အခန်းကျဉ်းလေး ထဲ တွင် အဘွားကြီး တစ်ဦး ၏ ထံ မှ တဖျတ်ဖျတ် ထွက်ပေါ် နေသော ယပ်တောင် ခတ်သံ မှ အပ ပကတိ ငြိမ်သက် လျက် ရှိသည် ။ မကြာသေးမီ အချိန်ကလေး အတွင်း က မှ အသံချဲ့စက်သံ လူသံ တွေ ဆူညံ ခဲ့သော အခန်းကလေး မှာ ယခု တိတ်ဆိတ် နေခြင်း နှင့် မည်သို့မျှ မပတ်သက်တော့ သလို ပါ ပဲ ။ ထိုစဉ် အခန်းပြတင်း ဘေး က ကြမ်းပြင် ပေါ် မှာ လဲလျောင်း နေသော သူ ထံ မှ ငါ အရက် သောက် လာတာ ခွင့်လွှတ်ပါ မယ်အေး ရာ ၊ ဒီနေ့ အဖို့ ငါ လွတ်လွတ်လပ်လပ်ကြီး ပျော် လိုက်စမ်းပါရစေ ဆို တဲ့ အသံ က ပေါ် ထွက်လာသည် ။ ဒေါ်အေး သည် သူ တို့ အိမ်ထောင် ကျပြီး အနှစ် သုံးဆယ် အတွင်း ယခု တစ်ကြိမ် သာ အရက် သောက် လာခဲ့သော သူ့ ကို မကျေမနပ် မဖြစ်မိဘဲ အံ့သြ ထူးဆန်းစွာ အကဲခတ်ရင်း သူ့ အတွက် ယပ်တောင် ကို သာ တဖျတ်ဖျတ် ခတ်ပေးနေ၏ ။
“ ဒီ နေ့ ဟာ ငါ့ အတွက် ပန်းတိုင် တစ်ခု ကို ရောက်တဲ့နေ့ ကွ ။ ခုလို အချိန်မျိုး မှာ ငါ ဟာ သိပ် ပျော်ပြီး သိပ် ဂုဏ်ယူ နေ သင့်တယ် ။ အဲဒါကို မင်း က ပင်စင် ယူ လိုက်ရလို့ လိုင်းခန်း က ဖယ် ပေးရတော့မှာ မို့ နေစရာ ရှာပေးပါ လို့ ငါ့ ကို နား မပူ လိုက်ပါနဲ့ နော် ။ ပြီးတော့လည်း မင်း ကို ခု မှ ငါ ဖွင့်ပြောမယ် ။ ပင်စင် ယူ လိုက်ရတဲ့ အလုပ်သမား တစ်ယောက် ရဲ့ ပင်စင်လစာ ဆိုတာ ချက်ချင်း မရဘူး ။ လေးငါးလ ကြာအောင် စောင့် ပြီး မှ ရ မှာ ။ အဲဒီ ကာလ အတွင်း မှာ ကျုပ် တို့ ဘာ နဲ့ သွား စားကြမလဲ လို့ လည်း မမေး လိုက်ပါနဲ့ နော် ။ အဲ့ဒါတွေ အားလုံး ကို မေ့ထား လိုက် စမ်းပါရစေ ”
ပြော နေ ရင်း မှ ကလေး တစ်ယောက် လို ရှိုက်ငို ငိုကြွေး လိုက်သော သူ့ ကို ကြည့်ပြီး ဒေါ်အေး မှာ ထိတ်လန့် တုန်လှုပ် စိတ် များ ဝင် လာသည် ။ ဒေါ်အေး က အဲဒါတွေ ကို ကျုပ် မတွေးဘူး သိလား ။ တော် လည်း မတွေးဘဲ အိပ်ပျော် အောင် အိပ် လိုက်စမ်းပါလို့ နှစ်သိမ့် ပြောဆို နေသည် ။
“ ဘဝ ကို ကြံ့ကြံ့ခံ ရင်ဆိုင် ရဲတာ အလုပ်သမား ရဲ့ စည်းစိမ်ကွ မှတ်ထား ”
သူ့ အသံ တွေ က လေးတွဲ့ လာပြီး တသိမ့်သိမ့် ရှိုက်ခါ နေသော သူ ၏ ခန္ဓာကိုယ်ကြီး မှာ လည်း တဖြည်းဖြည်း နှင့် ငြိမ်သက် ၍ သွားချေပြီ ။ ဒေါ်အေး သည် သူ့ ပါးပြင် ပေါ် မှ မျက်ရည်စများ ကို ယုယစွာ သုတ် ပေးရင်း တရှူးရှူး နှင့် အိပ်ပျော် သွားပြီ ဖြစ်သော သူ့ ကို ကြင်နာစွာ ကြည့် လေသည် ။ သူ အိပ်ပျော်နေစဉ် အတွင်း သူ မေ့ ထားလိုက်ချင်တဲ့ အရာ မှန် သမျှ အိပ်မက် အဖြစ် နှင့် ပင် ဝင်ရောက်ပြီး မလာကြပါစေ နှင့် ၊ သည် ည အဖို့ သူ သည် အေးချမ်း ဖြောင့်တန်းစွာ အိပ် စက်နိုင်ပါစေ ၊ ဒေါ်အေး ၏ ရင် ထဲ တွင် မူ သူ ပြော လိုက်တဲ့ လေးငါးလ အတွင်း မရနိုင်သေး တဲ့ ပင်စင်လစာ ငွေ အကြောင်း က သာ လွှမ်းမိုး နေသည် ။
ည အမှောင်ထု သည် တစ်စ တစ်စ ကြီးစိုးလာလျက် ရှိ ချေပြီ ။ ဒေါ်အေး သည် ပြတင်း တံခါးရွက် တို့ ကို ပိတ် ရန် ဆွဲယူ လိုက်သည် ။ ဟောသည် အခန်းကျဉ်းကလေး ရဲ့ ပြတင်းတံခါး ကလေး ကို ဘယ်နှရက် ထိ ဆက်ပြီး ဖွင့်ပိတ် ခွင့် ရှိပါဦးတော့မည် လဲ တွေးမိ ပြန်သောအခါ ဆွဲလက်စ တံခါးရွက် နှစ်ခု ကို ဂျိုင်းခနဲ မည်ဟည်း သွားအောင် ဆောင့်ချ လိုက်သလို သတိ လက် လွတ် ဖြစ်သွားသည် ။
“ ကျွတ် ကျွတ် ကျွတ် ကျွတ် ”
သူ အိပ်ပျော် နေရာမှ လန့် နိုး မသွားပါစေ နှင့် ၊ ဒေါ်အေး သည် စုတ်သပ် အသံ ပြုရင်း သူ့ အနား သို့ လျင်မြန်စွာ ထိုင် ချ လိုက်သည် ။ ပြီးတော့ ချ ထားခဲ့သော ယပ်တောင်ကလေး ကို ပြန် ကိုင် ကာ သူ့ ကို ခတ် ပေး နေလိုက်သည် ။
••• ••• ••• •••
နွေ ည သည် အခန်းကျဉ်းကလေး ထဲ တွင် အိုက်စပ် ပူလောင် စေ လျက် ရှိပါသည် ။ ယပ် တောင် တစ်ချောင်း ကို တဖျတ်ဖျတ် ခတ် နေသော အဘွားကြီး တစ်ယောက် သည် ကား အဲသည် အခန်းကျဉ်းကလေး အတွင်း မှာ တစ်ည လုံး ငုတ်တုတ် ထိုင် လျက် ရှိသည် ကို တွေ့ကြ ရပါလိမ့်မည် ။
◾မ၀င့် ( မြစ်ငယ် )
(၁၉၈၉)
📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment