Sunday, November 30, 2025

သားအလိမ္မာ လင်ပန်

 

❝ သားအလိမ္မာ လင်ပန် ❞
            ( ပုံပြင် )

ရှေးသရောအခါ လင်ပန် ဟူသော လယ်သမားကလေး တစ်ယောက် ရှိလေ၏ ။ လင်ပန်သည် ငယ်ရွယ်စဉ် ဖခင် သေဆုံးခဲ့သဖြင့် မိခင်ကြီးနှင့် နေထိုင်ရလေ၏ ။ မိခင်မုဆိုးမကြီးသည် ဆွေမျိုးများကို မမှီခိုဘဲ ဖြစ်သလို လုပ်ကိုင် နေထိုင်လေ၏ ။ လင်ပန် အတော် ကြီးလာသောအခါ မိခင်ကြီးသည် လယ်အလုပ်ကို သူကိုယ်တိုင် မလုပ်တော့ဘဲ သားလင်ပန်ကို လုပ်ခိုင်းကာ သူကိုယ်တိုင် မှာမူ အိမ်အလုပ် ကိုသာ လုပ်ကိုင်လေ၏ ။ နေ့စဉ် ထမင်းဟင်းများ ချက် ပြီးလျှင် လယ်လုပ် သွားသော လင်ပန် ရှိရာသို့ အပို့လာသည် ။ အသက်အတန် ငယ်ကြီးလာသော အခါ၌ မိခင်ကြီးသည် အိမ်အလုပ်ကိုပင် ကောင်းစွာ မလုပ်နိုင်တော့ဘဲ အနားယူရလေသည် ။ ထိုအခါ လင်ပန်သည် မိခင်ကြီး လုပ်နေသော အိမ် အလုပ်တို့ကို သူကိုယ်တိုင်ပင် ဝင်၍ လုပ်လေသည် ။ နေ့စဉ် မနက်စောစော ထပြီးလျှင် မိခင်ကြီး အတွက် ဆန်ပြုတ်ပြုတ်ပြီးမှ လင်ပန် လယ်ထွန် ထွက်နိုင်လေသည် ။

လင်ပန်သည် လယ် ကိုလည်းလုပ် ၊ အိမ်အလုပ် ကိုလည်း လုပ်ရကာ မနားရ သော်လည်း တစ်ချက်မှ ညည်းညူသည် ဟူ၍ မရှိဘဲ အမြဲပင် ကြည်ကြည်ဖြူဖြူ ရှိလေသည် ။ ဤသို့ဖြင့် လင်ပန်တို့သားအမိ၌ စိတ်လက်အေးချမ်းစွာ နေလာရင်း ပစ္စည်းကလေးများ စုမိလာလေ၏ ။ သူ့အတွက် အဝတ်ကောင်းများ ၊ မိခင်ကြီးအတွက် အဝတ်ကောင်းများ အပြင် စားစရာများ ကိုလည်း ကောင်းစွာ သိုမှီးထားရှိလေ၏ ။ ထိုသို့ လိုရာ ပစ္စည်းကလေးများကို ဝယ်ခြမ်းနိုင်သည့် အပြင် ငွေစကြေးစများလည်း အတော်ပင် စုဆောင်းမိလေ၏ ။ လင်ပန်သည် စုထားသော ငွေစများကို အိုးတစ်လုံးတွင်ထည့် ၊ အိပ်ရာအောက်၌ သိမ်းထားလေ၏ ။

အရပ်ထဲ၌ လင်ပန်တို့ သားအမိ၌ ငွေစကြေးစများ စုမိနေပြီ ဖြစ်သည်ကို ပြောကြလေ၏ ။ ထိုအကြောင်းကို မကြာခင်မှာပင် လူဆိုးများ သိသွားလေ၏ ။ လူဆိုးဓားပြတို့သည် တစ်ည၌ လင်ပန်တို့ အိမ်ကလေး ရှိရာသို့ လာ၍ ချောင်းကြည့်လေသည် ။ ညသန်းခေါင်ယံ အချိန် ကြက်တွန်ပြီးသောအခါ ဓားပြတို့သည် လင်ပန်တို့ အိမ်ကလေး အတွင်းသို့ တွန်းဝင်လာခဲ့ကြလေသည် ။ ဓားပြတို့လည်း လင်ပန်ကို တိုင်တွင် ကြိုးဖြင့် တုပ်ချည် ထားလိုက်ကြသည် ။ လင်ပန်၏ မိခင်ကြီး ကိုလည်း ထိုနည်းအတူ တုပ်ချည်လိုက်ကြသည် ။ လင်ပန်သည် ဓားပြတို့ ဝင်လာ ကတည်းက သိသော်လည်း အော်ရန် မကြိုးစားပေ ။ သူ အော်လိုက်ပါကလည်း သူတို့၏ တဲနီးချင်းများမှာ အတန် ဝေးသည် ဖြစ်သောကြောင့် မထူးတော့ဘူးဟု တွေးကာ မအော်ဘဲ နေခြင်းသာ ဖြစ်လေသည် ။

ဓားပြတို့သည် အိမ်ထဲရှိ ပစ္စည်းများကို မွှေနှောက်ကာ ယူကြလေ၏ ။ သူတို့သည် ကြမ်းပေါ်တွင် စောင်ကြီး တစ်ထည်ကို ဖြန့်ခင်းလိုက်ကြပြီးသောအခါ ဆွဲယူလာသော ပစ္စည်းများကို ထိုစောင်ကြီး ထဲသို့ ပစ်ထည့်လိုက်ကြလေ၏ ။ လင်ပန် အတွက် ဝယ်ထားသော ပိုးရင်ဖုံး အင်္ကျီ ၊ ပိုးဖိနပ်များ ၊ မိခင်ကြီး အတွက် ဝယ်ထားသော အင်္ကျီ ၊ ဘောင်းဘီနှင့် စောင်များကို ဆွဲယူ လာကြသည် ။ အိပ်ရာ အောက်မှာ သိမ်းထားသော ငွေစအိုးကိုလည်း ဓားပြတို့ တွေ့သွားကြသည် ။ လင်ပန်သည် ဓားပြတို့ လုပ်သည်ကိုသာ ဘာမဆို ငေးကြည့်လျက် ရှိလေ၏ ။ ဓားပြတို့ လည်း အိမ်ထဲတွင် ရှိသည်များကို လိုက်၍ ယူငင်ကြပြီးနောက် မီးဖိုချောင် ဘက်သို့ လှည့်ဝင်ကြသည် ။ သူတို့သည် မီးဖိုချောင် ထဲရှိ ပစ္စည်းများ ကိုလည်း လိုက်၍ မွှေနှောက်ကြလေသည် ။ ပန်းကန်ခွက်ယောက်များ ၊ ရေအိုးများမှ အစ တစ်ခုမကျန် လိုက်၍ ကောက်ယူ နေကြလေသည် ။ ဓားပြ တစ်ယောက်သည် အိုးခွက်များ ဆီသို့ သွား၍ မွှေနှောက် နေလေ၏ ။ ဓားပြဗိုလ်သည် မီးဖို ချောင်ထဲရှိ အိုးများကို ယူထုတ်လာလေ၏ ။ ထိုအိုးများထဲ၌ လင်ပန်၏ မိခင်ကြီးကို ဆန်ပြုတ် ပေးရသော ကြေးအိုးကလေး တစ်လုံး ပါလာလေ၏ ။ လင်ပန် လည်း ထိုကြေးအိုးကလေးကို မြင်လိုက်ရသောအခါ များစွာ ဝမ်းနည်း သွားလေ၏ ။ ဓားပြတို့သည် အိမ်ထဲမှ ပစ္စည်းများကို လိုက်၍ ကောက်ယူနေကြသည်မှာ ဘာတစ်ခုမျှ မကျန်တော့ချေ ။ ဘာတစ်ခုမျှ မကျန်တော့ဘဲ ပစ္စည်းများ ဓားပြတို့ လက်သို့ ပါသွား သော်လည်း သူ ဝမ်းမနည်း ၊ မကြာမီ အလုပ်လုပ်လျှင် ပြန် ၍ရနိုင်သေးသည် ။ သို့ရာတွင် မိခင်အိုကြီး အတွက် မနက်ဖြန် ဆန်ပြုတ် ထပြုတ်ရမည့် ထို ကြေးအိုးကလေးကိုမူ မည်သည့် နည်းနှင့်မျှ ဓားပြတို့လက်သို့ အပါမခံနိုင်ချေ ။ အိုး မရှိလျှင် မနက်စောစော သူ လယ်ထွန်ထွက် မသွားမီ မိခင်ကြီး အတွက် ဆန်ပြုတ် ပြုတ်နိုင်တော့မည် မဟုတ်ပေ ။ မိခင်ကြီးသည် အချိန်နှင့် မစားရလျှင် မည်မျှ ဆာလောင်လေမည်နည်း ။ လူအိုများသည် အဆာ မခံနိုင်ကြသည်ကို လင်ပန် သိသည် ။ ထိုကြောင့် ဓားပြဗိုလ်က မိခင်ကြီး၏ ကြေးအိုးကို ကိုင်လာသည်နှင့် တစ်ပြိုင်နက် လင်ပန်သည် သူ တွေးမိလာသည့် အတိုင်း မပေးနိုင်ကြောင်းကို ပြောလိုက်လေ၏ ။

“ ဒီအိုးကလေး ကိုတော့ မယူပါနှင့်ဗျာ ၊ တခြား ဘာကိုပဲယူယူ ဒီအိုးကလေးကိုတော့ ပြန်ပေးခဲ့ပါ ၊ ကျွန်တော်တို့ အသက်ကို ချမ်းသာပေးတာကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ် ” ဟု သနားစဖွယ် အော်၍ ပြောလေ၏ ။ ဓားပြဗိုလ်ကလည်း ကြေးအိုးကလေးကို လက်မှ မချလိုက်သေးဘဲ “ ဟား ... ဟား ... ဟား ... ဟား ” ဟု ရယ်လိုက်လေ၏ ။ ရယ်ပြီးနောက် သူက “ ဟေ့ .. နေစမ်းပါဦးကွ ၊ မင်းက ရှိသမျှ ပစ္စည်းတွေ ကိုတော့ ယူတာ မနှမြောဘဲနှင့် ဒီဘာ မဟုတ်တဲ့ ကြေးအိုးကလေး ကျမှ ဘာကြောင့်များ ပြန်တောင်း နေရတာလဲ ” ဟု မေးလေ၏ ။ လင်ပန် ကလည်း “ ဒီ ကြေးအိုးကလေးက ကျွန်တော့် အမေကို မနက်တိုင်း ဆန်ပြုတ်ပေးရတဲ့ အိုးကလေး မို့ပါခင်ဗျာ ၊ နက်ဖြန်ဟာ ဆိုရင် အမေ့အတွက် ချက်ချင်း ဆန်ပြုတ် ပေးနိုင်မှာ မဟုတ်လို့ ပြန်တောင်းရတာပါ ” ဟုပြောလေ၏ ။ ဓားပြဗိုလ်လည်း ကြေးအိုးကလေးကို လက်မှ ချလိုက်ကာ စဉ်းစားနေ၏ ။ လင်ပန် ကလည်း သူ့ အိုးကလေးကို ရတော့မည်ဟု တွေးတောကာ ဝမ်းသာနေလေ၏ ။ ဓားပြဗိုလ်လည်း မိခင်ကြီး အတွက် မနက်ဖြန် ဆန်ပြုတ် မပြုတ်ရမည်ကို ပူပင်နေသော လင်ပန် ကို တွေးနေလေ၏ ။ “ အင်မတန်မှ မိခင်ကို ပြုစုချင်တဲ့ လူကလေးပါကလား ၊ ဒီလူကလေးဟာ လူကောင်းလေး တစ်ယောက်ပဲ ၊ သူ့လို မိခင်ကို လုပ်ကျွေးနေတဲ့ လူကောင်းကလေးရဲ့ ပစ္စည်းတွေ ကိုသာ ငါတို့ တိုက်ယူသွားကြမယ် ဆိုရင် အင်မတန် ကြောက်စရာ ကောင်းမှာပဲ ၊မကောင်းမှုဟာ ငါတို့ကို လိုက်ပြီး နှိပ်စက်တော့မှာ မလွဲဘူး ” ဟု စဉ်းစားမိလာသည့် အလျောက် လင်ပန် ကို သနားလာကာ “ ဟေ့ ... မင်းမိခင် အတွက် မနက်ဖြန် ဆန်ပြုတ် ပြုတ်ပေးဖို့ အိုးကလေးကို ငါတို့ မယူတော့ပါဘူးကွာ ၊ အိုးတင် မဟုတ်ဘူး ၊ တခြား ဘာကိုမှ ငါတို့ မယူတော့ပါဘူး ၊ ကဲ ... ကဲ ... မင်းနှင့် မင်းအမေ ကိုလည်း ငါတို့ လွှတ်ပေးခဲ့မယ် ၊ ကောင်းကောင်း နေကြပေတော့ ” ဟု ပြောပြီးလျှင် ဓားပြဗိုလ် ကိုယ်တိုင် လင်ပန် နှင့် သူ့မိခင်ကြီးကို ကြိုးဖြေ ပေးလေ၏ ။ ဓားပြဗိုလ် နှင့် တပည့်တို့လည်း လင်းကြက် မတွန်မီ အိမ်ကလေးမှ ထွက်ခွာ သွားကြလေသတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၂ ၊ မေ

ကန္တာရဆူး


 

❝ ကန္တာရဆူး ❞
( သာလွန်ကျော် )

“ အောင်မလေး သေပါပြီဗျ ”

စံအေး၏ အလန့်တကြား အော်သံကြောင့် ကန္တာရသား ထင်းခုတ်နေကြသည့် တိုးရီ နှင့် နိုင်အေး တို့ ပြေးလာကြသည် ။ တိုးရီ က ညာခြေတစ်ဖက်ကို ဆုပ်၍ ထိုင်နေသော စံအေးကို ငုံ့ကြည့်ရင်း -

“ စံအေး ဘာဖြစ်သာလဲ ၊ ပိုးထိလို့လား ” ဟု မေးလိုက်၏ ။

“ မဟုတ်ပါဘူး ၊ ဘိလပ်ထနောင်း စူးသာပါဟ ၊ နင်ကလည်း ”

“ ဪ ... မင်းကလည်းကွာ အသည်းငယ်လိုက်သာ ၊ ကန္တာရဆူး စူးသာများ ”

“ ဟ, ဆူးက အတုတ်ကြီးကွ နိုင်အေးရ ၊ ပြီးတော့ ခြေဖဝါးကို ထုတ်ချင်းခပ် သွားသာဟ ”

ကန္တာရဆူးပင်များသည် အညာဒေသတွင် အလေ့ကျပေါက်၍ ဘိလပ်ထနောင်းဆူးသည် တစ်လက်မခွဲသံခန့် ရှိပြီး စူးမိလျှင် မသက်သာ ၊ အောင့်နေတတ်၏ ။ အဆိပ် လည်း အလွန်ပြင်းသည် ။ နိုင်အေးက ခြေဖဝါးဘက် မှ ဝင်နေသော ဆူးခက်ကို ဆွဲနုတ်ပေးလိုက်သည် ။ သွေးများက ငေါက် ခနဲ ပန်းထွက်လာ၏ ။

“ အား ... အမယ်လေး ၊ နာလိုက်သာဗျာ ”

“ ဟယ် ... သွေးတွေထွက်လာပြီ ။ နေနေ ငါ ဖုန်နဲ့ သိပ်ပေးမယ် ”

တိုးရီသည် ပြောရင်းဆိုရင်း မြေတစ်ဆုပ် ယူ၍ စံအေး၏ ခြေဖဝါးပေါ် ဖြူးလိုက်သည် ။ ပြီးလျှင် သူ စီးထားသော ကားတာရာဖိနပ် ဖြင့် တဖျပ်ဖျပ်ရိုက်လေသည် ။ စံအေးသည် တအင်းအင်း ညည်းညူရင်း အောင့်ခံနေလေ၏ ။

“ ငါ သံစူးတုန်းကလည်း မင်းလိုပဲ ၊ ခြေဖနောင့် မှာ နစ်ဝင်သွားသာ ၊ အဲသာ နွားချေးခြောက်ပြာချပြီး ကားဘီးဖိနပ်နဲ့ ရိုက်လိုက်သာပဲ ၊ လေးငါးရက်ဆို ပျောက်သွားရော ”

ဟု နိုင်အေး က မျက်နှာ ရှုံ့မဲ့နေသော စံအေး ကို အားပေးစကား ဝင်ပြောလိုက်သည် ။

သူတို့ ‘ ထူးကြီးရွာ ’ လေးသည် အိမ်ခြေသုံးလေးဆယ်ခန့်သာရှိပြီး မြို့နှင့် ဝေး၍ အလွန်ခေါင်၏ ။ ပခုက္ကူ နယ်ဆုံး ဖြစ်၍ ရွာ၏ အနောက်ဘက် လှည်းလမ်းကျော်လျှင် ပေါက်နယ် ဖြစ်၏ ။ ယာလုပ်သူ ဆယ်ဦးခန့်သာ ရှိ၍ ကျန် အိမ်ထောင်စုများမှာ ထင်း ခုတ် ၊ မျှစ်ချိုး ကြုံရာကျပန်း လုပ်ကြရသူများဖြစ်သည် ။ ရွာတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းလည်း မရှိချေ ။ လူကြီးများက သံကျောက်တောင် သွား၍ ဝါး ခုတ်ပြီး ထွန်ကိုင်း ၊ ထွန်သံ ၊ နှင်တံ ၊ ထမ်းပိုးကျည်း စသည်ဖြင့် လုပ်ရောင်းကြ၏ ။ အချို့က ရှားပင်ကို ခုတ်၍ ထွန်တုံး ၊ ထွန်သွား လုပ်ရောင်းရ၏ ။ ငယ်ရွယ်သူတို့ကမူ ကန္တာရသားဟု ခေါ်သော အလေ့ကျပေါက်သည့် ဆူးဖြူ ၊ ဘိလပ်ထနောင်း စသော ဆူးပင်များကို ထင်းအဖြစ် ခုတ်ကြရ၏ ။ ထိုကန္တာရပင်များသည် လက်ကောက်ဝတ်ခန့် တုတ်ပြီး ပင်စည်တစ်လျှောက် ဆူးအပြည့်နှင့်ဖြစ်၏ ။ ဆူးဖြူ ၊ ဆူးသည် သေးသော်လည်း ဘိလပ်ထနောင်းဆူးမှာ သံချောင်းခန့် တုတ်သည် ။ သတိထား ခုတ်သော်လည်း လက်ကို ဆူးမထိသောနေ့ ဟူ၍ မရှိချေ ။

စံအေး ကန္တာရဆူး စူးသောကြောင့် ဆက်မခုတ်နိုင် ။ တိုးရီ နှင့် နိုင်အေး တို့က ကူ ခုတ်ပေးရ၏ ။ သူ၏ ထင်းစည်းကို နိုင်အေး က ဝါးချွန် ထမ်းပိုးဖြင့် ရှေ့နောက်ထမ်း ၍ ကူသယ်လာပြီး ရွာသို့ ပြန်ခဲ့ကြလေသည် ။ စံအေး သည် ညာခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် နောက်မှ လိုက်ပါလာလေတော့၏ ။

••••• ••••• •••••

ညနေစောင်းတွင် “ စံအေး ဖျားနေလို့ ” ဟု တိုးရီ လာခေါ်သဖြင့် နိုင်အေး သည် စံအေးတို့ အိမ်ရှိရာ ရွာအရှေ့တောင်ချောင်သို့ လိုက်လာခဲ့၏ ။ စံအေး သည် နွေခေါင် ခေါင်မှာပင် ခေါက်ချိုးစောင်ပိုင်းလေး ခြုံရင်း ‘ တဟင်းဟင်း ’  ညည်းနေ၏ ။ စံအေး မိခင် မနက်လှ က -

“ နိုင်အေး ၊ မင်းတို့ မနက် ထင်းခုတ်က အပြန် ၊ ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ စံအေး သေးပေါက်ခဲ့တယ်ဆို ”

“ အင်း ... အဲဒါ သူက နောက်က လိုက်လာသာဆိုတော့ ကျုပ်လည်း သတိမထားမိပေါင် ”

“ သတိမထားမိဘူး မလုပ်နဲ့ ၊ အခု စံအေး ကိုယ်တွေ ချစ်ချစ်တောက် ပူနေလို့ ဦးကံကောင်း ဆီ ဗေဒင်သွားမေးသာ ရုက္ခစိုး ဖမ်းစားလိုက်သာလို့ ပြောတယ် ။ အခု ညောင်ပင်သွားပြီး ရုက္ခစိုးနတ် သွားတင်မလို့ ၊ နင်တို့ လိုက်ခဲ့ကြစမ်း ” ဟု အဖော် ခေါ်သဖြင့် တိုးရီ က ထန်း လျက်ခဲနှင့် ထမင်းဖြူ ပန်းကန်ကို ကိုင်လိုက်၏ ။ နိုင် အေးက ဝါးကပ်ချပ်နှင့် ဝါးလုံးတိုကို ကူ၍ သယ်ပေးသည် ။ မနက်လှ က ရေဖန်ခွက်နှင့် နွယ်သာကီပန်း အနည်းငယ် ထိုးထားသော ညောင်ရေအိုးဗန်းကို ရွက်လာ၍ ခွေးတစ်ဟောင်ခန့် ဝေး သော ရွာထိပ်ညောင်ပင်သို့ သုံးဦးသား ထွက်ခဲ့ကြသည် ။ ညောင်ပင်အောက် ရောက်လျှင် မနက်လှ  က ထန်းစစ် တံမြက်စည်းဖြင့် ညောင်ပင်ခြေရင်းကို လှည်းကျင်းလိုက်၏ ။ နိုင်အေး ဝါးတိုင်ငုတ်စိုက်လိုက်ပြီး ပါလာသော ဝါးကပ်ချပ်ကို လေးစိတ်ကွဲဝါးတိုင်ထိပ်၌ အံကျ စွပ်ပြီး တင်ပေးလိုက်သည် ။ ထို ဝါးကပ်ချပ်လေးပေါ်သို့ မနက်လှ က ပါလာသော ထမင်းပန်းကန် ၊ ထန်းလျက်ခဲ ၊ ဖန်ခွက်နှင့် ညောင်ရေအိုး တို့ကို စီ၍ တင်လိုက်၏ ။ ပြီးသော် ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ကို ထွန်းညှိပြီး ညောင်ပင်ကို ဝတ်ပြုလေတော့၏ ။

“ အရှင်ရုက္ခစိုးနတ်မင်း တော့် ၊ အမိုက်အမဲလေးတွေကို ဗွေမယူပါနဲ့တော့် ၊ ဤပွဲတော်စာ ၊ သောက်တော်ရေ ၊ ပန်းဆီမီး ၊ အမွှေးနံ့သာတို့ကို သုံးဆောင်ခံယူတော်မူပါတော့ ။ အင်္ဂါသား မောင်စံအေး မိမွေးတိုင်း ၊ ဖမွေးတိုင်း ကျန်းမာ ချမ်းသာပါ ရစေတော့် ” ဟု သူတတ်သမျှနှင့် တတော့်တည်း တော့်ကာ ရုက္ခစိုးနတ်မင်းကို တိုင်တည်နေလေ၏ ။ တိုးရီ နှင့် နိုင်အေး တို့က မနက်လှ လုပ်နေသမျှကို စိတ်ဝင်တစားကြည့်နေကြလေ၏ ။ ကိစ္စပြီးလျှင် သူတို့သည် ရုက္ခစိုး တင်ထားသော ထန်းလျက်ခဲတို့ကို စွန့်၍ စားလိုက်ကြသည် ။ ဖန်ခွက်ထဲမှ ရေကိုလည်း မျှ၍ သောက်လိုက်ကြသေး၏ ။ သူတို့သုံးဦး အိမ်ပြန်ရောက်ချိန်တွင် စံအေး သည် အနာရှိန်တက်သဖြင့် အိပ်ပျော်နေလေ၏ ။

••••• ••••• ••••• 

နောက်ရက်များတွင်လည်း စံအေး ကိုယ်ပူတက်၍ အဖျားကြီးနေသောကြောင့် ထင်းခုတ်မလိုက်နိုင် ။ တိုးရီ နှင့် နိုင်အေး သည် ထင်းခုတ် အပြန် သူငယ်ချင်းထံ အခြေ အနေ သွားကြည့်ရန် တိုင်ပင် ထား၏ ။ အိမ်ပြန်ရောက်လျှင် ထင်းစည်းကို ပစ်ချ၍ စံအေး တို့ အိမ်သို့ ထွက်ခဲ့ကြသည် ။

စံအေးသည် အိပ်ရာထက်မှ ယဲ့ယဲ့ကလေး ပြုံးပြလိုက်သည် ။

“ နင်တို့က အမေ့ကို မေ့ထားသာကိုးဟဲ့ ၊ အမေက နင်တို့ သားကို လုပ်ထားတဲ့ ရွာ သူကို ဟောဒီ ထဘီနဲ့ ယမ်းပစ် လိုက်မယ်ဟဲ့ ”

အမေဂျမ်း ဝင်ပူးနေသော နတ်ကတော် ဒေါ်ငွေတင်၏ အယုတ္တ အနတ္တ အသံ တို့ကို လူမမြင်ရမီကပင် ကြားလိုက်ရလေ၏ ။ စံအေး သည် အိမ်ခေါင်းရင်း၌ စောင်ကိုခေါင်းမြီးခြုံ၍ “ တဟီးဟီး ” ညည်းညူနေရှာလေသည် ။ သူ၏ ခြေရင်းတွင် အမဲအူစုံ အသည်းစုံ ချက်ပြီး ထည့်ထားသော စတီးဇလုံလေးလုံးကို တွေ့ရ၏ ။ ဇလုံတစ်လုံးစီ၏ ဘေး၌ မီးညှိထားသော ပြောင်းဖူးဖက်ဆေးလိပ်လေးလိပ်ကို ကပ်၍ ချထားသည် ။ ရေထည့်ထားသော နှီးခွက်လေးလုံးလည်း ရှိ၏ ။ အမဲအူချက်ရနံ့သည် အငွေ့တထောင်းထောင်းဖြင့် သူတို့ နှာခေါင်းအတွင်း ပျံ့လွင့်လာသည် ။ နှစ်ဦးသား တံတွေးကိုသာ မျိုချနေကြရလေ၏ ။ မျက်လုံးများကလည်း နနွင်းရောင်ထိန်နေသော အမဲအူချက်ခွက်ကိုသာ တရစ်ဝဲဝဲရှိနေ၏ ။

စံအေးကို ရွာသူက ပြုစားထားသည် ၊ မိဆိုင်ဖဆိုင်ကို မေ့လျော့ထား၍ အမေဂျမ်းက မစောင့်ရှောက်ဘဲ ဒဏ်ခတ်ထားသည် ။ အမဲအူချက်ဖြင့် စားတော်တိုက်မှသာ စံအေးကို ရွာသူ အန္တရာယ်မှ လွတ်မြောက်အောင် ကယ်မ, မည်ဟု နတ်ကတော် မငွေတင် က အဟော ထွက်သောကြောင့် ဖခင်ဖြစ်သူ ကိုထွန်းရှင် က မနက် မလင်းမီကပင် လေးငါးမိုင် ဝေးသော အမဲပေါ်သည့် သစ်ပုလွေကုန်းရွာ ပြေးကာ အမဲအူစုံ ဝယ်လာပြီး ဆားနနွင်း ၊ ငါးပိတို့ဖြင့် နယ်ကာ ချက်ထားခြင်းဖြစ်သည် ။ သူတို့ ရွာတွင် တော်ရုံလူဆိုလျှင် အမဲဝက် ဝယ်မစားနိုင် ၊ ဟင်းရွက်ပြုတ် ၊ ငရုတ်သီးနှင့် ငါးပိဖုတ် ရှိလျှင် ဟင်းကိစ္စ ပြီး၏ ။ လက်လုပ်လက်စား အိမ်ထောင်စုများအနေဖြင့် ကောက်ဆန်ထမင်းကိုပင် အိမ်တိုင်းစေ့ မစားနိုင် ။ ပဲနီ နှင့် ပြောင်းဖူးစေ့ ရောပြုတ် ပြီး စားကြရရှာ၏ ။ ယခုလည်း အနောက်ကတော်တင်ရန် အတွက်မို့ ရှိစုမဲ့စု ငွေလေး နှင့် ဝယ်ချက်ထားရခြင်း ဖြစ်လေသည် ။ ရွာဘုရားပွဲရှိသော နေ့မျိုးမှသာ ဟင်းလျာ ကောင်းစားနိုင်ကြ၏ ။

မငွေတင်က ပြောင်းဖူးဖက်ဆေးလိပ်ကို အခိုးထွက်အောင် ဖွာရှိုက်ရင်း “ ဟင် နင်တို့က ဘယ်ဆရာ အားကိုးလို့ ငါ့ကို မေ့ထားသတုံးဟဲ့ ၊ နင် တို့ မေ့လည်း အမေက စောင့်ရှောက်ရမယ့်တာဝန် ရှိသဟဲ့ ။ နင်တို့ သားကို လုပ်ထားတဲ့ အဲဒီ သောက်ကောင်မကို ပေါင်နှစ်ချောင်း ဆွဲဖြဲပစ် လိုက်မယ်ဟဲ့ ။ အမေ့ဥစ္စာနဲ့ ပွတ်လိုက်မယ်ဟဲ့ ” ဟု ကိုယ်ကို ယိမ်းထိုးကာ အသံတုန်တုန်ဖြင့် တိုင်းထွာပြီး ဆဲဆိုနေလေ၏ ။ ပြီးလျှင် အမဲအူချက်ကို ဇွန်းဖြင့်ကော်၍ ရှူးခနဲ သောက်လိုက်ပြန်၏ ။ တိုးရီ နှင့် နိုင်အေးသည် နတ်က,ရာ ကျီးမော ဆိုသလို မငွေတင် ဟောလိုက် ပြောလိုက် ၊ ဆဲလိုက်ဆိုလိုက် ၊ သောက်လိုက် စားလိုက်လုပ်နေသည်ကို သွားရည်တများများဖြင့် မျှော်နေကြလေ၏ ။ အမေဂျမ်းသည် အမဲအူ ချက် လေးဇလုံနှင့် ပြောင်းဖူးဖက် လေးလိပ်လုံး ကုန်အောင် သောက်စားပြီးမှ ဝါးခနဲ သမ်း၍ ထွက်သွားလေတော့၏ ။ ကိုထွန်းရှင် နှင့် မနက်လှ တို့သည်လည်း စံအေးအတွက် စိတ်လက်ပေါ့ပါးသွားလေ၏ ။ မငွေတင် လည်း အမေဂျမ်း ထဘီဖိုး ၊ ဆေးလိပ်ဖိုး တင်ထားသော ငွေတစ်ထောင်ကို လိပ်၍ ဘော်လီအင်္ကျီ ချွေးခံအိတ်ထဲ ထိုးထည့်ကာ ပြန်သွားလေ၏ ။ နိုင်အေး နှင့် တိုးရီ တို့ သည်လည်း မငွေတင် နှင့် ရှေ့ဆင့်နောက်ဆင့်ပင် အတွေး ကိုယ်စီနှင့် ပြန်ခဲ့ကြလေတော့ ၏ ။ အမဲအူချက်နံ့သည် သူတို့ နှာဝတွင် ရစ်ဝဲ၍ ပျံလွင့်နေဆဲ ပင်တည်း ။

••••• ••••• ••••• 

တစ်ပတ်ခန့် ကြာပြီး တစ်ညနေ၌ ကိုထွန်းရှင် သည် နိုင်အေး ၏ အဘိုး ဦးကြာလှိုင် ထံသို့ အရေးတကြီး ရောက်လာလေသည် ။

“ ဘကြာ စံအေးတော့ မသက်သာဘူးဗျာ ၊ စကား မေးတောင် မရတော့ဘူး ။ အဲသာ ခေါပန်းတောင်း ပစ်ရမှာလား ၊ တစ္ဆေစာ ကျွေးရမှာလား ၊ တွက်ချက်ပေးပါဦးဗျာ ”

နိုင်အေးတို့ မြေးအဘိုးသည် ရွာအနောက်မြောက်ထောင့် စည်းရိုးစပ်တွင် နေကြ၏ ။ နိုင်အေး၏ မိဘနှစ်ဦးလုံး ကွယ်လွန်ခဲ့သောကြောင့် မြေးအဘိုးနှစ်ယောက်တည်း ထန်းလက်တဲလေးဖြင့် နေကြရသည် ။ သင်္ချိုင်းနား နီးသဖြင့် နေချင်သူ မရှိသောမြေကွက်ကို တဲထိုးနေရသည် ။ ဦးကြာလှိုင် က ထွာဆိုင်ခန့် တုတ်သော ရှားပင် ၊ ထနောင်းပင်တို့ကို ရှာ၍ ခုတ်ပြီး အိမ်ရောက်လျှင် တူ ၊ ဆောက်တို့ဖြင့် ထွင်းကာ ထွန်တုံး ၊ ထမ်းပိုး တုံး လုပ်ရ၏ ။ ဓားမ ဖြင့် ထွန်သွားခုတ်ရ၏ ။ နိုင်အေး က ကန္တာရဆူးသား ထင်းခုတ်ရ၏ ။ ပေါက်ရွှေပေါင်လောင်ပွဲ ၊ ရေမျက်ဂေါတမပွဲ ၊ ပခုက္ကူ သီဟိုဠ်ရှင်ပွဲ နီးလျှင် မြို့ပေါ်မှ ထွန်တုံး ၊ ထွန်တံသမားများက ရွာအထိ ဆင်းဝယ်ကြ၏ ။ ထိုအချိန်မှသာ ငွေကိုင်ရ၏ ။ ကောက်ဆန်ထမင်း စားကြရ ၏ ။ ကျန်အချိန်များတွင် ပဲနီ နှင့် ပြောင်းဖူးစေ့ကို ရောပြုတ်ကာ ထမင်းအဖြစ် ဟင်းမပါဘဲ စားကြရသည် ။ ဦးကြာလှိုင်သည် မုတ်ဆိတ်ကျင်စွယ် ရှည်ပြီး အသား မည်းကာ ၊ မျက်လုံး မျက်ဆန် နီသဖြင့် အကြည့်တန်လှ၏ ။ သင်္ချိုင်းအနီး မကြောက်မရွံ့ နေရဲသောကြောင့် ပယောဂ အောက်လမ်းပညာတတ်သည်ဟု ဆိုကြ၏ ။ အရေးကိစ္စကြီးငယ် မရှိလျှင် သူ့ကို မဆက်ဆံရဲကြပေ ။ ကလေးများက ဆိုလျှင် မျက်နှာချင်းပင် မဆိုင်ဝံ့ကြချေ ။

“ အင်း ... အင်္ဂါသား ဆိုတော့ ခန္ဓာပျက်ကိန်းတောင် ရှိသဗျား ။ ပြီးတော့ တောထဲက လန့်လာပုံရတယ် ။ တစ္ဆေနီ ဖမ်းစားခံထားရသာပဲ ။ အဲဒီတော့ မနက်ဖြန် အင်္ဂါနေ့ နေဝင်စ ရွာ့အနောက်သင်္ချိုင်းဇရပ်က  ပုန်းမဲစာပင် အောက်ကို သွားပြီး အမဲသားချက်နဲ့ တစ္ဆေစာ ကျွေးရလိမ့်မယ် ။ အမဲသား ငါးဆယ်သား ကိုလည်း ပုန်းမဲစာပင်မှာ ချိတ်ဆွဲပြီး အစိမ်းသရဲစာ ကျွေးခဲ့ရမယ် ”

ကိုထွန်းရှင် သည် ဦးကြာလှိုင် ပြောသမျှ သေသေချာချာ နားထောင်မှတ်သား ၍ ပြန်သွားသည် ။ နိုင်အေး က သူ့ အဘိုး ဟောနေစဉ်က တံတွေးသီးနေလေပြီ ။ ရွာစည်းရိုးကို ကျော်၍ ကြည့်လိုက်သောအခါ မှောင်မည်းတိတ်ဆိတ်နေသော သင်္ချိုင်းကို ကြက်သီးထ,စဖွယ် တွေ့ လိုက်ရ၏ ။ အဝေးတစ်နေရာ မှ တောခွေးတစ်သိုက်၏ ဆွဲဆွဲငင်ငင် အူလိုက်သည့် အသံ ကိုလည်း ရင်ဖိုဖွယ် ကြား လိုက်ရချေသေး၏ ။ “ နောက်ရက် မြန်မြန်ရောက်ပါစေ ” ဟု စိတ်ထဲမှ ဆုတောင်းနေမိလေ၏ ။

••••• ••••• ••••• 

ကိုထွန်းရှင်သည် သားဇောဖြင့် နံနက်ဝေလီဝေလင်း ကပင် သစ်ပုလွေကုန်းရွာသို့ အမဲဝယ် ထွက်သွားသည် ။ ပြန်ရောက်လျှင် တစ်ဝက်ခွဲ၍ လက်မခန့် တုံးတစ်ပြီး ဆန်ဘူးဝက်ခန့်ဖြင့် မြေအိုးတစ်လုံးတွင် ထည့်ကာ အမဲဆန်မနဲ ကျိုသည် ။ တစ်ဝက်ကို ထန်းလျှော်ဖြင့် တွဲလိုက်၏ ။ နွားရိုင်းသွင်းချိန်တွင် သာဟန် နှင့် ကျင်မောင် တို့ကို ချော့၍ သင်္ချိုင်းသို့ သွားပြီး တစ္ဆေစာ ကျွေးခိုင်းလေသည် ။ သူတို့သည် ကာလသားခေါင်း ဝတ္တရားရှိသဖြင့် ကြောက်ကြောက်နှင့်ပင် ထွက်ခဲ့ကြရ၏ ။ သာဟန် သည် အမဲမနဲအိုး ထည့်ထားသော ခွဲတောင်းကို ပခုံးပေါ် ထမ်း၍ လက် တစ်ဖက်က ယောက်မကို ကိုင်ထား၏ ။ ကျင်မောင် က အမဲသားတွဲကို တစ်ဖက်က ဆွဲ၍ တစ်ဖက်က ဓားမတိုကို ကိုင်ထားသည် ။

လုပ်တိုင်းသို့ ရောက် သော် မှောင်စပျိုးနေပေပြီ ။ ကျင်မောင် က အမဲသားတွဲကို ပုန်းမဲစာပင်တွင် ချိတ်ဆွဲလိုက်၏ ။ မြေပြောင်ပြောင်တွင် ပါလာသော ဓားဦးချွန်ဖြင့် လေးထောင့်အင်းကွက် ရေးခြစ်လိုက်၏ ။ ပြီးလျှင် ပါလာသော အင်ဖက်ခုနစ်ရွက်ကို ဖြန့်ခင်းလိုက်သည် ။ သာဟန် က အိုးထဲမှ အမဲမနဲ ကို ယောက်မဖြင့် ကော်ခပ်ပြီး အင်ဖက်များပေါ်တွင် ခုနစ်ပုံ ပုံလိုက်သည် ။ လူသေများ မြှုပ်နှံထားသော မြေပုံများရှိ ရာဘက် လှည့်ကာ -

“ အင်္ဂါသား မောင်စံအေးကို ဖမ်းစားထားသော ဤအရပ် ၊ ဤဒေသရှိ အစိမ်း သရဲတို့ဗျား ၊ မောင်စံအေး ကိုယ်စား ကျွန်ုပ်တို့ကျွေးမွေးသော ဤအမဲစိမ်းတွဲနှင့် အမဲ ထမနဲ ကို လာရောက်သုံး ဆောင်တော်မူပါ ။ ဧဟိ ဧဟိ ဘုဇ္ဇာဟိပါဗျား ၊ အင်္ဂါသား မောင်စံအေးအသား ခါးပါတယ် ၊ အမဲစိမ်းသား ချိုပါတယ် ၊ မောင်စံအေး အသက် လွှတ်ပေးပါ ” ဟု ခွဲတောင်းဖင် ကို ယောက်မဖြင့် တဖုန်းဖုန်း ရိုက်၍ တစ္ဆေသရဲ ခေါ်ကာ အစာကျွေးလေ၏ ။ မည်သည့် အစိမ်းသရဲတစ်ကောင် တစ်မြီးမှ ထွက်ပေါ်မလာချေ ။ သုသာန်သည် တိတ်ဆိတ်ခြင်းဖြင့် သူတို့၏ စိတ်ကို ချောက်ချားခြင်းဖြစ်ပေါ်စေ၏ ။ ထို့နောက် သူတို့နှစ်ယောက်သည် ဘေးဘီကို အကဲခတ်၍ မြေကြီးပေါ်တွင် မျက်နှာချင်းဆိုင် ဖင်ချထိုင်ပြီး ဖက်ပေါ်မှ အမဲထမနဲကို ကုန်း၍ အားပါးတရ ခေါင်းမဖော်တမ်း စားလိုက်ကြ၏ ။ ကုန်သောအခါ အိုးကို တောင်းထဲ ကပျာကယာ ထည့်၍ နောက်လှည့်မကြည့်ဘဲ ရွာဆီသို့ သုတ်ခြေတင်ခဲ့ကြလေတော့၏ ။

ရွာအဝင်တွင် “ ဖတ်ဖီ ဖတ်ဖီ ” ဟု နောက်ပြန်တံတွေး ထွေးလိုက်ကြ၏ ။ အိမ်ပေါက် ဝ,သို့ ရောက်သောအခါ နှစ်ယောက်လုံးက “ အင်္ဂါသားမောင်စံအေး လွတ်ပြီလား ၊ ကျွတ်ပြီလား ” ဟု ပြိုင်တူအော်မေးလိုက်သည် ။ အိမ်ပေါ်မှ နေ၍ ကိုထွန်းရှင်က “ အင်္ဂါသားမောင်စံအေး လွတ်ပြီ ၊ ကျွတ်ပြီ ” ဟု ပြန်ဟစ်အော်လိုက်လေသည် ။ သူတို့ပင် အိမ်ပေါ် မရောက်တတ်သေး ။ “ အမယ်လေး လူကလေး စံအေးရဲ့ အဖြစ်ဆိုးလှချည်လားဟဲ့ ” ဟူသော မနက်လှ ၏ ခပ်အုပ်အုပ် အော်ဟစ်ငိုလိုက်သံကို တုန်လှုပ်ဖွယ် နားဆင်လိုက်ရ ပေတော့သတည်း ။

••••• ••••• •••••

သာဟန် နှင့် ကျင်မောင် ပြန်သွား၍ ရွာဝင်ပေါက် ရောက်သည့် အချိန်လောက်၌ ဦးကြာလှိုင် သည် ဆူးစည်းရိုး အောက်ခြေ မလွယ်ပေါက် ( ခွေးတိုးပေါက် ) ကို ဆူးရင်း ခွဖြင့် ကလော်၍ ဆို့ထား သော ဆူးခက်အချို့ကို ဖယ်လိုက်သည် ။ မလွယ်ပေါက် အောက်မှ လေးဖက်ထောက်၍ တိုးဝင်လိုက်ပြီး ရွာပြင်သို့ ထွက်လိုက်၏ ။ နိုင်အေးသည် လည်း သူ့အဘိုးနောက်မှ လေးဖက်ထောက် ထွက်လိုက်သည် ။ အင်းချ၍ တစ္ဆေစာကျွေးထားသည့် နေရာတွင်တော့ ဖက်ရွက်ချည်းသာ ကျန်လေ၏ ။ နိုင်အေး က ဖက်များကို တစ်ရွက်ချင်းကောက်၍ အကပ်အသပ်ကို လက်ဖြင့်ကော်ပြီး လျက်နေလေ၏ ။

“ ဟကောင်လေး ငတ်မနေနဲ့ ၊ လာ အမဲသားတွဲရှိသေးတယ် ။ အိမ်ရောက်မှ ချက်စားရအောင် ” ဟု ဦးကြာလှိုင်က ပုန်းမဲစာပင်တွင် ချိတ်ဆွဲထားသော အမဲသားတွဲကို ဆွဲယူ၍ ရွာထဲသို့ လာလမ်း အတိုင်း ဆူးစည်းရိုးကို ငုံ့ဝင် သွားသည် ။ နိုင်အေး သည် ကပျာကယာ ပြေးလိုက်ပြီး လေးဖက်တွား၍ ဆူးတာ ပေါက်မှ ငုံ့ဝင်လိုက်၏ ။ ရွာ အတွင်းရောက်လျှင် ဖယ်ထားသော ဆူးခက်များကို ဆူးရင်းခွဖြင့် ကော်ပြီး မလွယ်ပေါက်ကို ပြန်ဆို့လိုက်သည် ။ နောက်လှည့်၍ တဲအိမ်ဆီသို့ အပြေးတွင် ညာခြေဖဝါး အောက်မှ ပူခနဲဖြစ်သွား၏ ။

“ အောင်မလေး သေပါပြီဗျ ” 

ဟု အော်ဟစ်ကာ သူ့ခြေဖဝါးတွင် စူးဝင်နေသော ကန္တာရဆူးကို ဆွဲနုတ်လိုက်လေ၏ ။ ထို့နောက် သွေးထွက်နေသော သူ၏ခြေဖဝါးကို ဖုန်သိပ်၍ ကားတာရာ ဖိနပ်ဖြင့် တဖျပ်ဖျပ် ရိုက်နေလေတော့သတည်း ။

▢  သာလွန်ကျော်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၅

Saturday, November 29, 2025

အာလူး နှင့် ပွိုင်

 ❝ အာလူး နှင့် ပွိုင် ❞

        ( ပုံပြင် )


ရှေးသရော အခါက နီဟောင်းကျွန်းကလေးပေါ်၌ ဘီလူးကြီး တစ်ကောင် ရှိလေ၏ ။ သူ့နာမည်ကို ငကူး ဟု ခေါ်သည် ။ ဘီလူးကြီးငကူးသည် အကောင်အထည် အလွန်ကြီးသည် ။ ဟာဝေယံကျွန်းစု၌ ဘီလူးများစွာ ရှိကြသည့် အနက် ငကူး သည် အကြီးဆုံး ဖြစ်လေသည် ။ ငကူး သည် လမ်းလျှောက်လေ့ ရှိသည် ။ သူသည် အားလုံးထဲ၌ အကောင်အထည် အကြီးဆုံး ဖြစ်နေသည်ကို ဂုဏ်ယူသည် ။ သူ လမ်းလျှောက်သည့်အခါ၌ နေရောင်တွင် ကျနေသော အရိပ်မည်းမည်းကြီးကိုကြည့်ကာ အလွန် သဘောကျလေသည် ။ ငကူး သည် လမ်းမလျှောက်သည့်အခါ များ၌ အာလူး စိုက်နေတတ်သည် ။ သူသည် အာလူးကိုသာ တစ်သက်လုံး စားခဲ့သည် ။ အာလူး မှာ သူအကြိုက်ဆုံး အစာလည်း ဖြစ်သည် ။ သူ့အတွက် အာလူးများကို ဧကများစွာ စိုက်ထားရလေသည် ။


ကောက်အိုင်ကျွန်းမှ ရေလက်ကြား တလျှောက်ကို ကြည့်လိုက်လျှင် “ မန်နာ ” ဆို သော ကျွန်းကလေး တစ်ကျွန်းကို တွေ့ရမည် ။ ထို မန်နာကျွန်းကလေး ၌လည်း ဘီလူးကြီး တစ်ကောင် ရှိလေ၏ ။ ထိုဘီလူးကြီး၏ နာမည်မှာ ဟန်နို ဖြစ်လေသည် ။ ဟန်နို သည်လည်း ငကူး ကဲ့ သို့ ထွားကျိုင်းသန်မာသည် ။ ငကူး ကဲ့သို့ပင် ဟန်နို သည် သူ့ကိုယ်သူ ဂုဏ်ယူတတ်သည် ။ သူသည် မန်နာကျွန်းစပ် မှနေ၍ သူ့ကိုယ်သူ ဟန်ရေးပြရင်း “ ငါ့လောက် ကြီးထွားသန်မာတဲ့သူ ဒီ ဟာဝေယံကျွန်းစုမှာ ရှိသေးရဲ့လား ” ဟုဆိုကာ ကြွားလေ့ရှိသည် ။ ဟန်နို သည် ပွိုင်မုန့် ကိုသာ စားလေသည် ။ သူကြိုက်သော ပွိုင်မုန့်များကို လုပ်ရသော “ တာရို ” ပင်များကို သူကိုယ်တိုင် စိုက်သည် ။ တာရိုပင်များကို ဧကပေါင်းများစွာ စိုက်ထားရသည် ။ တာရိုမြစ်များကို ထုချေ၍ ပွိုင်မုန့် လုပ်ရသောကြောင့် သူ စားလောက်ရန် ဧကပေါင်းများစွာ စိုက်ရခြင်းဖြစ်လေသည် ။


တစ်နေ့သ၌ နီဟောင်းကျွန်း မှ ဘီလူးကြီး နှင့် မန်နာကျွန်း မှ ဘီလူးကြီးတို့သည် သွားရင်းလာရင်း လှမ်း၍ တွေ့မြင်လိုက်ကြ၏ ။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေ ကြသည် ။ ငကူး က စတင်၍ “ ဟေ့ ... မင်း ဘယ်သူလဲကွ ” ဟု မေးလိုက်သည် ။ မန်နာကျွန်း ဘက်မှ ဘီလူးဟန်နို ကလည်း ပြန်၍ “ ဟေ့ ... ငါက ဒီမန်နာကျွန်းက ဘီလူးကြီး ဟန်နို ဆိုတာ မင်း မသိဘူးလား ၊ မင်းက ငါ့ထက် အရပ်နည်းနည်း မြင့်ပေမယ့် ငါ မင်းနဲ့ ပြိုင်ချင်တယ်ကွာ ” ဟု အော်၍ ပြောလိုက်လေ၏ ။ ငကူး ကလည်း မခံနိုင်ဘဲ “ ဟား ... ဟား ... ဟား ... ဟား ” ဟုအော်၍ ရယ်မောလိုက်သောအခါ သူ့အနီးက သစ်ပင်များ လှုပ်ခါသွားလေသည် ။ ငကူး က ဆက်၍ “ အောင်မယ် ... မင်းကလား ပြိုင်ချင်တယ် ဆိုတာ ၊ မင်း ငါ့အကြောင်းကို မကြားသေးဘူးထင် တယ် ၊ ငါဟာ နီဟောင်းကျွန်းတင် မကဘဲ ဒီ ဟာဝေယံကျွန်းစုမှာ အကြီးဆုံးဘီလူးပေါ့ ၊ မပြိုင်ချင်စမ်းပါနဲ့ကွာ ” ဟု ပြောလေ၏ ။ ဟန်နို လည်း မခံနိုင်ဘဲ “ မင်းကလား အကြီးဆုံး ဆိုတာ ၊ ရယ်စရာ ကောင်းလိုက်လေကွာ ၊ ဟေ့ ... ဒီမှာ ငါအခုနေ ကုန်းအော် လိုက်လို့ ရှိရင် တစ်ကမ္ဘာလုံးက ငါ့အသံကို ကြားသွားကြမှာကွ ၊ သိလား ” ဟု ပြောလိုက်သည် ။ ငကူး လည်း ပို၍မခံနိုင်ဘဲ “ ဟေ့ မင်း အသံသေး အသံကြောင်ကို မအော်ချင်စမ်းပါနဲ့ကွာ ၊ မင်းကို ငါ ဟောဒီလိုပဲ ပစ်သ,တ်လိုက် ချင်တယ် ” ဟု ပြောပြောဆိုဆို ငကူးက သူ့ နောက်ကျောဘက်မှာ ရှိသော တောင်ကြီးကို ခွဲ၍ ဟန်နို ရှိရာ မန်နာကျွန်း ဘက်သို့ ပစ်ပေါက်လိုက်လေ၏ ။ ဟန်နို လည်း ငကူး ပစ်လိုက်သော ကြောင့် ပို၍ စိတ်ဆိုး လာပြီးလျှင် သူ့အနီးမှာ ရှိသော ကျောက်တောင်ကြီးကို လက်ဖြင့်ကုတ်၍ ကျောက်တုံးကြီး တစ်တုံးကို ယူလိုက်ပြီးလျှင် ငကူး ရှိရာ နီဟောင်းကျွန်း ဘက်သို့ ပစ်သွင်းလိုက်လေ၏ ။ ငကူးမှာ ဟန်နို ပစ်လိုက်သော ကျောက်တုံးကြီး ဘေးမှ လွတ်သွားသော်လည်း ငကူး ပစ်လိုက်သော မြေစိုင်မြေခဲကြီးလည်း ဟန်နို့ ကို ထိမှန်ကာ ဟန်နို သေဆုံးသွားလေ၏ ။ ထိုနေရာ ယခုတိုင်အောင် မြေပုံကြီးသည် တောင်တစ်ခု အဖြစ် တည်နေလျက်ရှိလေ၏ ။


ဟာဝေယံကျွန်းမှ လူတို့သည် ဘီလူးကြီး ငကူး နှင့် ဟန်နို တို့ကို ကြည့်ကာ မည်သူမျှ အင်အား မသေးကြောင်းကို သိလိုက်ကြရသည် ။ ဘီလူးကြီးတို့သည် တစ်သက်ပတ်လုံး အာလူး နှင့် ပွိုင်မုန့် ကိုသာ စားကြသည် ။ ထို့ကြောင့် ဘီလူးကြီးငကူး နှင့် ဟန်နို ကဲ့သို့ အင်အား ကောင်းစွာဖြင့် ကျန်းမာစေသည် ။ ဟာဝေယံကျွန်းသူကျွန်းသား အားလုံးသည် အာလူး နှင့် ပွိုင်မုန့်ကို အစဉ်အမြဲ မှီဝဲလျက် ရှိကြခြင်းဖြစ်လေသည် ။


( ဘာသာပြန် ) 


〇 နုယဉ်

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၂ ၊ မတ်

ဒဿဂီရိအချစ်


 

❝ ဒဿဂီရိအချစ် ❞
( သန်းမြင့်အောင် )

အချစ်ဟာ စွန့်လွှတ်ခြင်း အနစ်နာခံခြင်း ဆိုတာ တကယ် မချစ်တတ်တဲ့ လူတွေ ပြောတဲ့ စကား ။

တို့ အတွက်တော့ အချစ်ဆိုတာဟာ ရယူခြင်း ၊ ပိုင်ဆိုင်ခြင်းပဲ .. ။ ဒဿဂီရိလို စွန့်စားတဲ့ သတ္တိရှိတဲ့ အချစ်မျိုးကို တို့ ကြိုက်တယ် ။

••••• ••••• •••••

စကော့ဈေးရှေ့မှာ ... ။

မိုနာလီဇာ ပန်းချီကားလေး ကိုယ့်ရှေ့ကို ဖုတ်ခနဲ ပြုတ်ကျလာတယ် ။

“ ကျေးဇူးတင်ပါတယ် ” 

“ ဘယ်သူ့ကိုလဲ ”

“ ယူကိုပေါ့ ”

“ တို့ ကို ၊ ဘာလို့ ”

“ ယူ့ ကားပေါ် ခဏ တက်ခွင့်ပြုပါလား ၊ တို့ အခက်အခဲကို ကူညီပါနော် ” 

နားဝေတိမ်တောင်နဲ့ ကားတံခါးကို ဖွင့်ပေးလိုက်တယ် ။ မိုနာလီဇာလေး ကိုယ့်အပါးမှာ အယိုင်လိုက် ။

ပဲရစ်နံ့လေး သင်းသွားတယ် ။

“ မောင်းလေ ယူရဲ့ ” 

ဒီတစ်ခါ တို့ မကြောင်တော့ ၊ အခြေအနေကို နားလည်လိုက်ပြီမို့ ကားကို အသာလေး မောင်းထွက်လိုက်တယ် ။

စကော့ဈေး ရှေ့မှာ ဘဲနှစ်ပွေ ပေကတ်ကတ် ရပ်လို့ ၊ ဘီးလှိမ့်ပြီး ညက်ညက်ညောညောလေး ထွက်သွားတဲ့ ကိုရိုလာလေးကို ကြည့်ပြီး ကျန်ခဲ့တယ် ။

“ ကျေးဇူးတင်လိုက်တာ ယူရယ် ၊ ဈေးလာဝယ်ရင်းနဲ့ လေ ဟို ”  

“ တို့ သိပါတယ် ဘဲလိုက်ခံရတယ်ပေါ့ ”

“ သိပ်ဣန္ဒြေပျက်တာပဲ ၊ တို့ လည်း ကြံမိကြံရာ ယူ့ ကားဆီ ပြေးလာတာ ”

“ အဲသလို အလိုက်မခံရချင်ရင် နောက်ကို တစ်ယောက်တည်း မလာနဲ့ ”

“ သူငယ်ချင်းတွေကလည်း ဒီနေ့မှ ”

“ သူငယ်ချင်းပါလည်း လိုက်မှာပဲ ”

“ ဒါဖြင့် ဘယ်သူနဲ့ လာရမလဲ ”

“ အတွဲနဲ့ ပေါ့ ”

“ သူ အခု ဩစတြေးလျ ရောက်နေတယ် ”

“ ဪ ”

ဝေဒနာလေးတစ်ခု ခြွေချပေးတယ် ။

“ ယူ့ နာမည် ဘယ်လို ခေါ်သလဲဟင် ”

“ အောင်ခိုင်လတ် ”

“ ယူ့ကို တို့ သူငယ်ချင်း တော်လိုက်ပြီနော် ၊ ယူ့ကို လတ်လို့ပဲ ခေါ်မယ် ”

“ သူငယ်ချင်း လတ်ပေါ့ ”  

“ ကြိုက်သလိုခေါ် ”

“ တို့ နာမည် နီမာ ”

“ မိုနာလီဇာ မဟုတ်ဘူးလား“ ”

“ ယူကလည်း ပေါက်ပြန်ပြီ ”

“ မိုနာလို့ ခေါ်ချင်တယ် ၊ ခေါ်ရမလား ”

“ ယူ့ သဘော ”

“ မိုနာကို ဘယ်အထိ ပို့ရမလဲ ”

“ လတ် အချိန်ရရင် အဆောင်ထိ ပို့လေ ”

••••• ••••• •••••

“ လတ်ရေ လတ် ”

“ ဪ .. မိုနာ ” 

“ လတ်က ဒိုင်လျှိုတယ်ကွာ ”  

“ ဘယ်လို ”

“ လတ် ၊ အခု လာလည်တဲ့ လီလီထွန်းက တို့ သူငယ်ချင်း သိလား ။ လီလီ့ ဘဲကို ကြည့်ချင်လို့ လာချောင်းတာ ၊ လက်စသတ်တော့ သူကိုး ”

“ ဪ မိုနာရယ် ”

••••• ••••• ••••• 

ရဲရင့်ရုံ .. ။

“ ကိုကို ”

“ ဟင် ”

“ ဂျူးလီးယက် နေရာမှာ သဲမာ ဆိုရင် ကိုကို ရိုမီယို လို လိုက်သေရဲပါ့မလား ”

“ ဒါက ရုပ်ရှင်ပဲ ”

“ ဟင့်အင်း ရုပ်ရှင်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝကို ပြတာပဲ ၊ ကိုကို့ အတွက် ဆိုရင် သဲမာတော့ လိုက်သေမှာ ပဲ ”

“ အလကား ရူးနေတယ် ”

••••• ••••• •••••

အင်းလျားကန်စောင်း ... ။

“ မောင် ခုတစ်လော သိပ်မှိုင်တာပဲ ”

“ ထင်လို့ ပါ ”

“ မောင် မမအေးကို စိတ်ဆိုးနေလားဟင် ”

“ ဆိုးစရာ ဘာအကြောင်း ရှိလို့လဲ ”

“ မောင် ဘာကို အလိုမကျ ဖြစ်နေလဲ ၊ ဘာလိုချင်လဲကွယ် ပြောပါ ”

“ ဘာမှ မဖြစ်ပါဘူး မမရဲ့ ၊ မမ မောင့်ကို ဘယ်လောက် ချစ်သလဲလို့ မူကြည့်တာ ”

“ သွား လူဆိုးလေး ၊ သိပ်ဆိုး ”

“ ဟော ... မိုနာ ”

“ ဟင် လတ်တို့ ပါလား ”

“ မိုနာတို့ လမ်းလျှောက်ထွက်သလား ”

“ ဟုတ်တယ် လတ်ရေ ၊ တို့ တစ်တွေ ဘူးသီးကြော် သွားစားကြမလို့ ၊ လီလီတော့ မပါဘူး ၊ သွားမယ်နော် ”

“ မောင် သူက ဘယ်သူလဲဟင် ”

“ နီမာတဲ့ ၊ မောင့်သူငယ်ချင်းလေ ”

“ မိုနာလို့ ကြားလိုက်မိလားလို့ ”

“ ဒါက မောင်တစ်ယောက်တည်း ခေါ်တဲ့ နာမည် ”

••••• ••••• •••••

“ လတ်က ချောတယ်နော် ”

“ မိုနာလည်း လှပါတယ် ”

“ ဒါပေမဲ့ လတ်က မျက်နှာများတယ် ”

“ မိုနာ သိတယ်လား ”

“ တို့ က တို့ သူငယ်ချင်းကို သစ္စာရှိစေချင်တယ် ”

“ တို့လည်း ဘယ်သူ့ကိုမှ သစ္စာမမဲ့ရသေးပါလား ”

“ မဟုတ်ဘူးလေ ၊ လတ် လက်ထပ်နိုင်မယ့် မိန်းကလေး တစ်ယောက်ကို ရွေးလိုက်ပါလား ”

“ ရွေးပြီးပြီ ”

“ ဒါဆိုလည်း တခြား မိန်းကလေးတွေကို ဒုက္ခမပေးနဲ့ တော့ပေါ့ ”

“ တို့ ကြိုးစားနေပါတယ် ”

“ ဟွန်းဖြေပုံက အားမရစရာ တို့များလို တစ်ပြည်တစ်ရွာဆီ ခွဲနေရရင် ခက်မယ် ”

“ မိုနာရယ် မကြွားပါနဲ့ “  ”

“ သူများလို ကြွားပြစရာတွေ အများကြီး မထားပါဘူး ၊ မိုနာတို့ က တစ်ယောက်ဆို တစ်ယောက်တည်း ၊ နှစ်ယောက် မတွဲဘူးဆိုတဲ့ အကြောင်း ပြောတာပါ ”

“ တော်ပါတော့ မိုနာရယ် ”

••••• ••••• •••••

“ ဟဲလို - အမိန့်ရှိပါ ”

“ လတ်လား ၊ မိုနာပါ ” 

“ ဘာကိတ် ”

“ ဝမ်းသာစရာသတင်း လတ်ရေ ဩစတြေးလျက မိုနာရဲ့ ကိုလေ ”

“ ဘာလဲ ဟိုမှာပဲ အပြီးအပိုင် နေတော့မယ်တဲ့လား ”

“ လတ်ကလည်းကွာ မဦးမချွတ် ၊ မနက်ဖြန် ပြန်ရောက်မယ်တဲ့  ၊ တို့ သွားကြရမှာ ပေါ့ ၊ မိုနာ့ကို အဆောင်မှာ လာခေါ်ပြီး လေဆိပ်ကို ပို့ပေးဦးနော် ”

“ ......... ..........”

“ လတ် ... ဟေ့ ... လတ် ”

“ ပြောပါ မိုနာ ၊ ကိုယ် နားထောင်နေပါတယ် ”

“ မိုနာ့ကို ပို့ပေးနိုင်မယ်လားဟင် ၊ တို့နှစ်ယောက် သွားကြိုရအောင်ပါနော် ”

“ လတ် လာခေါ်ပါ့မယ် ၊ မနက်ဖြန်နော် ”

“ အေး .. မနက်ဖြန် ဆက်ဆက်နော် ၊ ဒါပဲ ”

“ ဪ .. မိုနာ ”

“ လတ် ဘာလဲ ”

“ မိုနာ သိပ်ပျော်နေလားလို့ ”

“ ဟာ ... လတ်ကလည်း ”

••••• ••••• •••••

“ ဟေ့ကောင် အောင်ခိုင်လတ် သောက်လှချေလားကွ ”

“ ငါ မူးချင်တယ် ”

“ မင်း ဘာဖြစ်နေလဲ ၊ ပြောစမ်း ”

“ အချစ်အတွက် ဆိုပါတော့ကွာ ”

“ မင်းလိုကောင်က ဆိုသေးလား ”

“ တကယ်ပါ ၊ ငါ အခု တကယ်ချစ်တတ် လာပြီ ၊ သူ့ကို ဆုံးရှုံးရမှာ ကြောက်တယ်ကွာ ”

“ ဘယ်သူလဲ လီလီထွန်းလား ”

“ ဟင့်အင်း ”

“ ဟို ပညာရေးက အစ်မကြီးလား ၊ ဘာတဲ့ မမအေး ဆိုလား ”

“ ဟုတ်ပါဘူးကွာ ”

“ ဒါဖြင့် သဲမာ ”

“ နိုးနိုး ”

“ ဒါဆို မေသူပေါ့ ”

“ မေသူက မိဘချင်း သဘောတူတာ ၊ သူနဲ့ ငါ ဘာမှ မဖြစ်ဘူး ” 

“ မင်းဟာကလည်းကွာ ၊ ဒါဆို မင်းချစ်သူက ဘယ်သူလဲ ”

“ သူက ငါ့ကို မချစ်ပါဘူး ၊ သူ့မှာ ချစ်သူ ရှိတယ် ”

“ မင်းကလည်းကွာ ၊ မိန်းမရှားသလား ”

“ ဝင်းအောင်ကို ”

“ ဟေ ... ”

“ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ စူဠသုဘဒ္ဒါကို မင်း ဘယ်လို မြင်သလဲ ” 

“ အချစ်ကြီးလွန်းသူ ၊ အချစ်ရဲ့ ကျေးကျွန်လို့ မြင်တယ် ”

“ အေး ... မင်းနဲ့ ငါ အမြင်ချင်းတူတယ် ၊ ရာမဇာတ်မှာရော ”

“ လက္ခဏာ ကိုလား ”

“ ဟင့်အင်း ... ဒဿဂီရိ ကို ”

“ သူများ အချစ်ကို ဝင်ခိုးတဲ့ ဘီလူးပဲ ၊ အဲဒါ ကြာကူလီပေါ့ ”

“ ဟေ့ကောင် ဝင်းအောင်ကို ”

“ ဘာလဲကွ ၊ မင်းပဲ မေးပြီးတော့ ”

“ ဒဿဂီရိက မယ်သီတာကို တကယ် ချစ်တာကွ ၊ လက်လွတ်ဆုံးရှုံးရမှာ ကြောက်လွန်းလို့ အခက်အခဲ အမျိုးမျိုးကြားမှာ စွန့်စွန့်စားစား ခိုးယူရတာ ၊ အဲဒါ အထွတ်အမြတ် ထားပြီး ချစ်လွန်းလို့ကွ ၊ အပျော်လုပ်တာ မဟုတ်ဘူး ”

“ ဒါက မင်းအမြင်ကိုး ၊ မတရားတာလည်း ထည့်ပြောဦးမှ ပေါ့ ” 

“ အချစ်နဲ့ စစ်မှ တရားတယ် မတရားဘူး မရှိပါဘူးကွာ ”

“ နောက်ဆုံး သူ ရှုံးတယ်လေကွာ ”

“ မင်း ငါ့ကို ရန်စတာလား ”

“ အောင်ခိုင်လတ် မူးရင် ပြန်စို့ ”

“ ငါမှ သိပ်မသောက်ရသေးတာ ”

“ ဘာလဲ ၊ မင်းက စည်ပိုင်း ကိုင်းတပ်ပြီး သောက်ချင်လို့လား ”

“ အရက်ချက်စက်ရုံကြီးပါ မျိုပစ်လိုက်ချင်တယ်ကွာ ”

“ သောက်ရူး ”

••••• ••••• ••••• 

“ ဟယ် ... လတ် စောလှချည်လား ”

“ မိုနာ့စိတ်က ပိုစောနေမှာ ပေါ့ ၊ ဟုတ်ဖူးလား ”

“ လတ်နော် မစနဲ့ ”

“ တို့ နှစ်ယောက်တည်း သွားမှာလား ”

“ ဒါပေါ့ မိုနာ့ကိုက သဝန်မတိုတတ်ပါဘူး လတ်ရဲ့ ”

“ တို့ ဘယ်လောက် ချောတယ် ဆိုတာ သူ မသိသေးလို့ နေမှာပါ ” 

“ သိပါတယ်ရှင် ၊ မိုနာက အမြဲတမ်း စာထဲ ထည့်ရေးတာ ၊ လတ်က ချောသလောက် ပွေတယ် ၊ မိုနာ့ကိုလည်း တကယ်ခင်တယ် ၊ သူငယ်ချင်းကောင်း ပီသတယ် ဆိုတာ ”

“ ဘာလို့ ဒီလို ရေးရတာတုံး ”

“ မိုနာက ချစ်သူ မသိဘဲ ဘာမှ မလုပ်တတ်ဘူးလေ ၊ နောက်ပြီး မိုနာ့သူငယ်ချင်းကို သူကလည်း ခင်စေချင်လို့ပေါ့ ”

“ သူက မိုနာ့ကို လတ်နဲ့ မပေါင်းရဘူးလို့ မပြောဘူးလား ”

“ မပြောတဲ့ အပြင် သူ့ကို လာကြိုရင် လတ်ကိုပါ ခေါ်ခဲ့ပါတဲ့ ”

“ တကယ် သဘောထားကြီးတဲ့ လူပဲ ”

“ လက်လည်း အတုခိုးထား ”

“ သူက လွဲရင် မိုနာ ဘယ်သူ့ကိုမှ မချစ်တော့ဘူးလားဟင် ” 

“ လတ်တို့လို ဟောတစ်ယောက် ဟောတစ်ယောက် မချစ်တတ်ဘူး ” 

“ လတ်က အခု တစ်ယောက်တည်းကိုပဲ ချစ်တတ်နေပြီ ”

“ တကယ် ”

“ အကယ် တစ်သိန်း ”

“ ဝမ်းသာပါတယ်တဲ့ရှင် ၊ ဟင် ... လတ်တို့ ကား ဘယ်ဘက် ရောက်လာတာတုံး ”

“ ............ ”

“ ဟေ့ ... လတ် ၊ မေးနေတာ မကြားဘူးလား ၊ ဘာတွေ လုပ်နေလဲ ၊ ဘယ်သွားမလို့လဲ ”

“ လတ် မိန်းမ ခိုးလာတာ ”

“ ဘာ ... ဘယ်သူ့ကိုလဲ ” 

“ မိုနာ့ကိုပေါ့ ”

“ လတ် မနောက်နဲ့နော် ၊ တကယ် ပြောနေတာလား ”

“ အကယ်တစ်သန်း ”

မိုင်ခွက်ပြ အိမ်မြှောင်လေးက မိုင်နှုန်း ၄၅ နဲ့ ၅ဝ ကြား ကစားနေတယ် ၊ လမ်းလေး ရှုခင်းလေးတွေ ရိပ်ခနဲ ရိပ်ခနဲနဲ့ ကျန်ခဲ့တယ် ။

“ ကြည့်စမ်း ... လတ် မကောင်းဘူး ၊ သစ္စာမဲ့တယ် ၊ ယုတ်မာတယ် ” 

“ ချစ်တာကိုး ”

“ ဘာချစ်တာလဲ ၊ မိုနာ့ကို ဒီလို လုပ်လို့ မရဘူး ၊ ရပ်ပေး ၊ ခုရပ်ပေး ” 

“ လတ်ကို မချစ်ဘူးလား ”

“ မချစ်ဘူး ၊ ဘာလို့ ချစ်ရမှာလဲ ၊ ကားရပ်ပေး ”

“ မရပ်ပေးဘူး ၊ မိုနာ့ကို လက် ချစ်နေတာ ကြာပြီ ၊ မခွဲနိုင်ဘူး ” 

“ လတ် အရမ်းမမောင်းနဲ့  ၊ ရှေ့မှာ ကား ... အား .. အမယ်လေး ”

••••• ••••• ••••• 

မြင်ကွင်းက ဝိုးတဝါး ။

မိုနာလီဇာ ပန်းချီကားလေး သွေးပင်လယ်မှာ နစ်နေတယ် ။

လတ် အတင်းပြေးပြီး ရင်ခွင်ထဲမှာ ပွေ့လိုက်တယ် ။

ကားချပ်ကလေး အသက်ဝင်မလာဘူး ၊ လက်ထဲက ဖုတ်ခနဲ ပြန်ပြီး ပြုတ်ကျသွားတယ် ။ လတ် မျက်စိထဲ ကြယ်ကလေးတွေ လင်းခနဲ လက်ခနဲ ပြေးဝင်လာပြီး ကားချပ်ကလေးပေါ် ယိုင်နဲ့ ပြီး ကျသွားတယ် ။

••••• ••••• ••••• 

ရာမမင်းက လေးစကြာကြီး ချိန်ပြီး ကိုယ့်ဆီ လာနေတယ် ။ ကြောက်တော့ မကြောက်ဘူး ။ တစ်မျိုးပဲ ။

ပုံပြင်ထဲက ဒဿဂီရိက မယ်သီတာကို မသတ်ဘူး ။

တို့ရဲ့ မယ်သီတာက ဘာလို့ သေရတာလဲ ။

ရာမက မကျေဘူးပေါ့ ၊ တအား ကျုံးအော်ပစ်လိုက်တယ် ။

“ မယ်သီတာကို ငါမသတ်ဘူး ၊ ချစ်လို့ ခိုးတာ ”

အခန်းထဲမှာ အနီတွေ အပြာတွေ ရှုပ်ယှက်ခတ်နေတာပဲ ၊ ကိုယ့် ဘေးမှာလည်း လူတွေက တအားများတာပဲ ၊ ဘယ်သူတွေမှန်းလည်း မသိဘူး ၊ သူတို့ကို ကြည့်ရတာလည်း ပီပီပြင်ပြင် မရှိဘူး ၊ ရှည်သွားလိုက် ၊ လုံးသွားလိုက် ၊ ချွန်းသွားလိုက်နဲ့ အိုလေ စုံနေတာပဲ ။

ဒီကြားထဲ ဝတ်ရုံဖြူ ဖားဖားကြီးနဲ့ လူက တို့ ဘေးက အဘိုးကြီးကို လာပြောပြနေတယ် ။

“ စိုးရိမ်စရာတော့ မရှိဘူး ၊ သူ့ကို နေကောင်းရင် စိတ္တဇဆေးရုံကို ပို့ထားရမယ် ၊ အခုတော့ သူ ဘာကိုမှ မသိဘူး ဖြစ်နေတယ် ”

အောင်မယ် ... လာလာချေသေး ၊ သူကများ ငါ့ကို ၊ ဘာလို့ မသိရမှာလဲ ၊ သိလွန်းလို့ မှ အဲ .. အခုလို မျက်စိလေး မှိတ်ထားကြည့်စမ်း ၊ မျက်စိထဲလည်း မြင်နေရတယ် ၊ နားကလည်း ကြားနေရတယ် ။

“ လတ်လို့ ခေါ်မယ်နော် ၊ သူငယ်ချင်း လတ်ပေါ့ ”

“ လတ်က ချောတယ် ”

“ ဒါပေမဲ့ လတ်က မျက်နှာများတယ် ”

“ သူများ အချစ်ကို ဝင်ခိုးတဲ့ ဘီလူးပဲ ၊ အဲဒါ ကြာကူလီ ”

“ နောက်ဆုံး သူ ရှုံးတယ်လေကွာ ”

“ မိုနာက တစ်ယောက်ဆို တစ်ယောက် ၊ နှစ်ယောက် မတွဲဘူး ”

“ လတ် လက်ထပ်နိုင်မယ့် တစ်ယောက်ကို ရွေးလိုက်ပါလား ”

“ လတ် သစ္စာမဲ့တယ် ၊ ယုတ်မာတယ် ” 

“ လတ် အရမ်းမမောင်းနဲ့  ၊ ရှေ့မှာ ကား ... အား ... အမယ်လေး ”

“ အား ... ”

“ သား ကိုလတ် .. ကိုလတ် ”

ပန်းပွင့်ကလေးတွေပေါ်မှာ ယင်တွေ အုံနေတယ် ။

စမ်းချောင်းလေးထဲမှာ လည်း မီးတောက်တွေနဲ့ ။

အနိဋ္ဌာရုံတွေကို မျက်နှာလွှဲလိုက်တယ် ။

မကြည့်ချင်ဘူး ။

မမြင်ချင်ဘူး ။

မလိုချင်ဘူး ။

ကိုယ် လိုချင်တာက မိုနာ တစ်ယောက်တည်း ။

▢  သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

Friday, November 28, 2025

လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ


 

❝ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ❞
▢ မောင်မောက် ( ဥက္ကလာ )

“ ခင်ဗျားတို့ဗျာ ဒီအရွယ်ကြီးရောက်မှ သမီးရည်းစားလို နေကြတာကို ကြည့်ရတာ တော်တော် အောက်တာပဲ ” ဆိုသော သူငယ်ချင်း ဖြစ်သူ၏ စကားကို အကြားမှာ ကိုသိန်းမောင်၏ ရင်ထဲမှာ တော်တော်လေး အောင့်သက်သက်ဖြစ် သွားသည် ။ ခုမှ သူ့အသက်က သုံးဆယ့်လေးနှစ် ရှိသေးတာပဲ ။ လူ့ဘဝဆိုတာ အသက်လေးဆယ်မှ စတယ် ဆိုတာကိုရော သူတစ်ဖက်သားကို ဝေဖန်တဲ့ ငတုံး မသိဘူးလား ။ ကိုယ့်ဘာသာ ကိုယ် ချစ်တာ ဘာဖြစ်လဲလို့ ကိုသိန်းမောင်က ခပ်ဆတ်ဆတ်လေး ပြန်ငေါ့လိုက်သည် ။

“ အိုင်ဆေး ကိုသိန်းမောင် ၊ ခင်ဗျား ဝင်ငွေနဲ့ ခင်ဗျား အသက်အရွယ်နဲ့ အရတော့ အိမ်ထောင်ပြုသင့်နေပြီဗျ ။ ခင်ဗျားမှာ စာရေးတဲ့ အလုပ်ကလည်း တစ်လကို လေးငါးခြောက်ရာ ဝင်တာပဲ ။ ရုံးကလည်း သုံးရာကျော် ရနေတာပဲ ။ ရုံးလုလင်လုပ်တဲ့ ကောင်လေးတွေတောင် သူ့ဝင်ငွေနဲ့ သူ အိမ်ထောင် ပြုနိုင်တာပဲ ။ စီးပွားရေး အဆင်မပြေမှာကို တွေးပြီး အိမ်ထောင် မပြုရင်တော့ ခင်ဗျား ဒီတစ်သက် မလွယ်တော့ဘူး ။ ခုပဲကြည့် ခင်ဗျားလို ခေါင်းရှုပ်ခံ မစဉ်းစားတဲ့ ခင်ဗျား ညီမတွေ ၊ တူတွေတောင် အိမ်ထောင်ကျလို့ တူတွေ ၊ မြေးတွေတောင် ထပ်ရနေပြီ ။ တမလွန်ကို ငှက်ပျောတုံးတော့ ဖက်မကူးပါနဲ့ဗျာ ”

လုပ်ဖော်ကိုင်ဖက် ၊ စာရေးဖက်လည်း ဖြစ်သော ကိုကြည်ဌေး က ဆိုလာပြန်သည် ။ ကိုသိန်းမောင်၏ ဝင်ငွေမှာ တစ်လ တစ်ထောင်ခန့် ရှိသည် မှာ အမှန် ဖြစ်သော်လည်း ခရီး သွားလာရာ၌ အပင်ပန်းနှင့် အချိန်ကုန် မခံတတ်သည့် အတွက် လမ်းစရိတ်က သုံးရာခန့် ကုန်နေသည် ။ လက်ဖက် ရည်ဖိုးက နှစ်ရာ သုံးရာခန့် ရှိသည် ။ အစ်မကြီးတွေကို သုံး ရာခန့် ထောက်ရသည် ။ ကျန်တဲ့ ငွေက ကြုံတဲ့ အခါမှာ ရီဝေရီဝေ ထွေတတ်သည့် ညနေပိုင်းတွေမှာ ပဲ့ပါတတ်သည် ။ သည်တော့လည်း သိပ်ပြီး ပိုပိုလျှံလျှံ မရှိလှ ။ ရပ်ကွက်စာရင်းရှင်းတမ်းများ ၏ လက်ကျန် ရှင်းတမ်းနှယ် ဝင်ငွေနှင့် ထွက်ငွေက သိပ်မကွာလှ ။ ပြီးတော့လည်း သူ့ရှေ့မှာ အိမ်ထောင် ပြုသွားသည့် သူငယ်ချင်းများ၏ အခြေအနေမှာ သိပ်မကောင်းမွန်လှ ။ အဲသည် လူတွေထဲမှာ သူ့လိုပင် ဝင်ငွေ ရှိသူတွေရော ၊ သူ့ထက် ဝင်ငွေနည်းသည့် သူတွေရော ပါဝင်သည် ။

ပြီးတော့ သူ့အိမ်ထောင်ဖက် အဖြစ် ရွေးထားသော သူ့ချစ်သူ မမြလေး ကလည်း အသုံးအစွဲမကြီးသည့် တိုင်အောင် လက်ဖွာသူ ဖြစ်သည် ။ သူ့လစာ လေးရာကျော်မှ ပိုပိုလျှံလျှံ ရယ်လို့ မရှိလှ ။ သည်အထဲမှာ အပျိုကြီး ပီသစွာဖြင့် ညီမက မွေးသော တူကလေးကို အလို အရမ်းလိုက်ထားရာ တူလိမ္မာလေး၏ စရိတ်ကပင်လျှင် တစ်လတစ်လ မနည်းလှ ။

သူထက် စာလျှင်တော့ ကိုသိန်းမောင်တို့က ပတ်ဝန်းကျင်စရိတ် သက်သာသည် ။ သူ့ညီမတွေ ၊ သူ့တူမတွေ ၊ အိမ်ထောင်ဖက်တွေက ပညာမတတ်သည့် တိုင်အောင် ရှာတတ် ဖွေတတ်ကြသည် ။ သူတော့ သူ့အိမ် မှာ နေသော တူ ၊ တူမ ၊ မြေးထီး ၊ မြေးမတွေ အတွက် သိပ်ပူစရာမလို ။ ဒါပေမဲ့ အဲသည် အထဲမှာ တူမလေး မမသင်းကိုတော့ ကိုသိန်းမောင် အချစ်ပိုသည် ။ မနက်အိပ်ရာကထသည်နှင့် “ လေးလေး ပိုက်ဆံပေး ” ဆိုသည့် ငွေတောင်းလွှာကို သီချင်းသံလို ဆိုတတ်ပြီး ညအိပ်ရာ ဝင်ခါနီးတိုင်း “ လေးလေး ဂွတ်တ်နိုက် ” ဆိုသော အသံလေးကို ဘိုကပြားသံဖြင့် ပြောလေ့ရှိသည် ကို ကိုသိန်းမောင် ခံတွင်းတွေ့သည် ။ သည်တော့လည်း သူ့တူမချောလေး တောင်းသမျှ ငွေသည် လျှောခနဲချောမြဲ ။

ကိုသိန်းမောင် နှင့် မမြလေးတို့ တွေ့တိုင်း အချစ်ပြိုင်ရုံတင်မက တူမလေးတွေ အလိမ္မာ ပြိုင်တတ်သည် ။ တဖြည်းဖြည်း သည်ကလေးတွေ၏ နာမည်က မကြာခဏ ပါလာသဖြင့် သူတို့ချင်း သုံးစွဲသည့် အခေါ်အဝေးများပင် တစ်ခါတစ်ရံ ပြောင်းသွားတတ်သည် ။

ကိုသိန်းမောင်က မမြလေးကို “ ကိုလှထွန်းတို့ ဒေါ်လေး ” ဟု ချစ်စနိုး ခေါ်တတ်သကဲ့သို့ မမြလေးကလည်း ကိုသိန်းမောင်ကို “ မမသင်းတို့ လေးလေး ” ဟု မြတ်နိုးစွာ ခေါ်တတ်လေ့ ရှိသည် ။

ပြက္ခဒိန်နှင့် အချိန်သည် လူကို မစောင့်ပေမဲ့ ကိုသိန်းမောင် သည် မမြလေးကို ရုံးတက်သည့် မနက်တိုင်း ကားမှတ်တိုင်မှာ သွားစောင့်လေ့ရှိပါသည် ။ မိုးလေဝသ သဘောကောင်းသည့် နေ့များမှာဖြင့် တော်သေးသည် ။ အသူရာနှင့် သိကြားမင်း စစ်ခင်းသည့် အခါနှင့် ကြုံလျှင်ဖြင့် ကိုသိန်းမောင်၏ ကိုယ်တစ်ပိုင်းလုံးမှာ ကားဂိတ် တည်းခိုရိပ်သာလေးမှာ ခိုနေလျက်နှင့် ရွှဲရွှဲစိုနေတတ်သည် ။

သည် နေ့မနက်လည်း အိမ်က အထွက်မှာ ရာသီဥတု အခြေအနေ ကောင်းနေသဖြင့် ကိုသိန်းမောင် ထီးမယူလာခဲ့ ။ မြို့ထဲကို ရောက်သည်ထိ မိုးက မရွာ ။ ကားဂိတ်မှာ မမြလေး ကို မျှော်တော်ယောင် လုပ်ရသည် မှာ ကားတစ်စီးပြီး တစ်စီး ၊ လည်ပင်း နည်းနည်းစီ ပိုရှည်လာသည် ။ မျှော်သူက အချိန်တန်၍ မလာသော်လည်း မမျှော်သူက အချိန်မတန်ဘဲ ရွာလာသည် ။ ကိုသိန်းမောင် မမြလေးကို ဒေါပွသွားသည် ။ ဘာပြုလို့များ ဒီလောက်တောင် အလိုက်ကန်းဆိုး မသိ နောက်ကျရတာလဲ ။ ကိုသိ န်းမောင်ဒေါသကို ဒတ်ဆန်းကားလေး တစ်စီးပေါ်က သီချင်းသံလေးတစ်ခုက ပညာပေး သွားသည် ။

“ သူလာ လာလာ မလာလာ xxx ကိုယ်က စောင့်ရမှာ xxx ဂျူတီ ချိန်ဟာ ဂျူတီပါ xxx ဝတ္တရား မပျက်ဖို့ပါ ” တဲ့ ။ အဟုတ်သား ။

ကိုသိန်းမောင် လူတစ်ပိုင်း ငါးတစ်ပိုင်းဖြစ်၍ မိုးတိတ်စ ပြုလာတော့မှပင် မမြလေးသည် ကားပေါ်က ဆင်းလာသည် ။ အော်တိုမက်တစ် ခေါက်ထီးကို ဖွင့်ကာ တစ်စုံ တစ်ခုအား ရှာဖွေတွေ့ရှိသွားသည့် မျက်လုံး အစုံကို ပြုံးပြီးသား ဖြစ်သွားသည် ။

“ ဟယ် မမသင်းတို့ လေးလေး မိုးမိနေတယ် ”

“ လှထွန်းတို့ ဒေါ်လေးကမှ အချိန်နဲ့ မလာဘဲ ။ ဒီကို ရောက်ရောက်ချင်း မိုးက မရွာသေးဘူး ။ ခုနမှ ရွာတာ ၊ အဲဒါနဲ့ မိုးမိရော ”

“ သူကလည်း တွေ့မယ်ဖြင့် မကြံသေးဘူး ဆူဖို့ပဲ တတ်တယ် ။ ဒီကလည်း ညကတည်းက သူလာရင် ပေးဖို့ ငါးသလောက် ပေါင်းနေတာ မနက်ကျတော့ နာရီရပ် နေတာကို မသိဘဲ ဇိမ်နဲ့ လုပ်နေတာ ။ ရေဒီယိုအသံ ကြားမှ ကမန်းကတန်း ထပြေးလာရတာ ။ ဒီနာရီစုတ်ကြီးကိုတော့ ရိုက်ခွဲပစ်မှ ပါပဲ ”

သူ့ထက်ပို၍ ဟိုက ဒေါပွပြသဖြင့် ကိုသိန်းမောင် ငြိမ်သွားသည် ။

“ ပေးလေ ၊ သူ လေးနေမှာပေါ့ ” ဆိုကာ ထမင်းဘူး နှစ်ဘူးနှင့် ဝတ္ထုစာအုပ်တစ်အုပ်သာ ပါသော ကြိမ်ဆွဲခြင်းလေးကို ယူလိုက်သည် ။

“ ကဲ လာသွားမယ် ” ဆိုကာ မမြလေး က ထီးကို မိုးပေးသည် ။

“ မဟုတ်တာ ၊ ဒီက စိုပြီးသားပဲ ၊ သူပဲ လုံအောင် ဆောင်း ” လို့ အပြောမှာ “ ဘာလဲ ထီးပိတ်ပြီး နှစ်ယောက်လုံး မိုးရေထဲ သွားပြလိုက်ရမလား ။ လာအခု ထီးအောက်ဝင် ” ဆိုသော မမြလေး၏ ဗီတိုအာဏာကြောင့် ထီးအောက်ကို ဝင်လိုက်ရသည် ။

မမြလေး၏ ဆွဲခြင်းထဲမှ ငြိမ်းကျော်၏ ဝတ္ထုစာအုပ်ကို ကြည့်ကာ ကိုသိန်းမောင် မလုံပြုံး ပြုံးမိသည် ။

“ ဘာလို့ ပြုံးတာလဲ ”

“ ဪ ဒီအပတ် ရေးတဲ့ ဝတ္ထုလေးကို ပိုသဘောကျလို့ ပါ ။ အပျိုကြီးတွေ ၊ လူပျိုကြီးတွေ ဘဝမှာ ခွကျတာလေးတွေကို ရေးထားတာ မဟုတ်လား ”

“ သူကတော့ ပိုကိုပိုပါတယ် ။ စာပိုဒ်တွေရဲ့ အောက်မှာ တားထားလိုက်တဲ့ မျဉ်းကြောင်းတွေ ။ သူချစ်တာကို မြလေး ရင်နှင့် အမျှ ခံစားပြီး သားပဲဟာကို ။ တစ်ခါတလေ မအားတဲ့ အခါမှာ တမင်စိမ်းရက်တယ်လို့ ဆိုပါနဲ့ ကွယ် ”

မမြလေး အသံကိုက ခပ်ချွဲချွဲဆိုတော့ ခုလိုများ စကားလုံး ညင်ညင်သာသာလေးတွေ သုံးလိုက်တိုင်း ကိုသိန်းမောင်၏ ရင်ထဲမှာ မျှော့ကို ဆားနှင့် တို့ သလို လူးလွန့်၍ သွားတတ်သည် ။

“ ဟုတ်ဘူးလေ ။ ကိုယ်ကလည်း ကိုယ်ခံစားရတာကို မြလေး လည်း သိနေပေမဲ့ ပိုပိုပြီး အသည်းထဲမှာ စွဲနေအောင်လို့ ထပ်ဆင့် တင်ပြတဲ့ သဘောပါ ။ ခိုင်မာပြီးသား မြေကြီးခဲကို အင်္ဂတေ ထပ်ကိုင်တဲ့ သဘောပါ မြလေးရယ် ”

“ ဟွန်း သိပ်စကားတတ်တာ ။ မမသင်းရဲ့ လေးလေး ပီသပါရဲ့ ”

စကား တပြောပြောဖြင့် လက်ဖက်ရည်ဆိုင်ကို ရောက်လာသည် ။ ရောက်ရောက်ချင်း လက်ဖက်ရည်ခွက်ကို မမြလေး က ယူကာ ကိုသိန်းမောင် ရှေ့သို့ ချပေးသည် ။

အရင်တုန်းကတော့ ဘဝသံသရာ ဇာတ်ကားထဲက ဇေယျ နှင့် မေသစ် တို့လို သူအရင် ၊ ကိုယ်အရင် လောကွတ် ချော်နေကြသော်လည်း ‘“ ကိုယ့်ထက် ငယ်ပေမဲ့ ယောက်ျားဆိုတာ ရှေ့က ဦးဆောင်တဲ့ သူဆိုတော့ရင် ဦးစားပေးရတယ် ။ သူကရော မြလေး ထက် ဘယ်လောက် ငယ်လို့လဲ ။ နှစ်နှစ် ၊ သုံးနှစ်လောက် ငယ်တာကို သူ့ကိုယ်သူ ဆယ့်ခုနစ်နှစ်သားလေး ကျနေတာပဲ ” ဆိုကတည်းက ကိုသိန်းမောင် တုဏှိဘာဝေ ဆိတ်ဆိတ်နေခဲ့သည် ။ ဒါပေမဲ့ ရေနွေးပူပူကို အေးသွားအောင် မှုတ်ပေးခဲ့သည့် တာဝန်ကိုတော့ မပျက် ။

“ ရော့ သူ့ဖို့ ထမင်းဘူး ယူသွား ။ ငါးသလောက်ပေါင်းနဲ့ ။ သူ့အိမ်ကို ယူသွားပြီး သူ့တူမတော်လေးကို ကျွေးဦးမယ် မဟုတ်လား ။ ပိုထည့်ထားပါတယ် ”

“ အဲဒါကြောင့်မို့လည်း လှထွန်းတို့ အန်တီကို ပိုချစ်ရတာပေါ့ ”

ရေနွေးငွေ့ပေးခြင်း ၊ ထမင်းဟင်း ခွဲဝေစားကြခြင်း ၊ အပြုံးချင်း လဲလှယ်ခြင်း ၊ အကြည့်ချင်း ပြိုင်ခြင်းတို့သည်ပင် သူတို့၏ အချစ် သင်္ကေတ ဖြစ်ခဲ့ကြသည် ။

လက်ဖက်ရည်ဆိုင်က ကောင်လေးတွေကတော့ “ သက်ကြီးရွယ်အိုတွေကို နုပျိုအောင် လုပ်ပေးရမယ့် နှစ်မှာမှ သူတို့ စုံတွဲကို ပိုပြီး မျက်စိ နောက်လာတယ်ဗျာ ။ သိပ်ပြီး ပိုလွန်းအားကြီးတယ် ။ ဒါပေမဲ့ သူတို့ကို ကြည့်ရတာ လမ်းဘေးမှာ တစ်ခါတလေ ခေတ်ဟောင်းကားတွေ ပြန်ကြည့် နေရသလိုပဲ ” ဆိုတာ မကြားတကြား ပြောလေ့ရှိသည် ။

ကိုသိန်းမောင်ကလည်း မကြားတကြား ပြန်ပြောလိုက်ပါသည  ။

“ ကိုယ့် ဘာသာကိုယ် ချစ်တာ ဘာဖြစ်လဲ ၊ ဘာဖြစ်လဲ ”

မမြလေး ကပင် စတင်၍ ပြုသော အကြံဖြစ်သည် ။ ကိုသိန်းမောင် ကလည်း ချက်ချင်းပင် သဘောတူသည် ။ ( တစ်ခါမျှလည်း ကန့်ကွက်သည့် လေသံကို မကြားဖူးခဲ့ ။ ) မမြလေးနှင့် ကိုသိန်းမောင်တို့ ရုပ်ရှင်ကြည့်ဖြစ်သည် ။

အပျိုကြီး ၊ လူပျိုကြီးတွေ သမီးရည်းစား ဖြစ်တာ နှစ်နှစ် ၊ သုံးနှစ်ပဲရှိလာပြီ ။ ရုပ်ရှင် ကြည့်တာ ဆန်းသလားဟု အမေး မလောစေလိုပါ ။

သည်တစ်ခါ ကိုသိန်းမောင်တို့ ရုပ်ရှင်ကြည့်ခြင်းမှာ နည်းနည်း ထူးခြားပါသည် ။ သူတစ်ဖက်သားတွေ ၊ သူငယ်ချင်းတွေနှင့် ကြည့်လေ့ ရှိပေမဲ့ ကိုသိန်းမောင်တို့ ကတော့ တူ ၊ တူမလေးတွေ ကို ခေါ်လာကာ ရုပ်ရှင် ကြည့်ကြသည် ။

ကိုသိန်းမောင် နှင့် မမြလေး က အလယ်မှ ထိုင်ကာ ကိုသိန်းမောင် ဘေးတွင် သဇင်သင်း နှင့် မမြလေး ဘေးတွင် တင်လှထွန်း တို့ ထိုင်ကြသည် ။

ကိုသိန်းမောင် က မမြလေး ကို ဖရုံစေ့ အခွံနွှာ၍ ကျွေးသလိုပင် မမြလေး ကလည်း ကိုသိန်းမောင် ကို မရန်းပြား ၊ သရက်ပြားတွေ ခွံ့၍ ပေးသည် ။

မမြလေး၏ ခေါင်းကလေးက ကိုသိန်းမောင် ၏ ပခုံးပေါ်မှာ နွဲ့လျစွာ မှီထားပြီး ကိုသိန်းမောင် ကလည်း မမြလေး၏ လက်တို့ကို ထွက်ပြေးမည် စိုးသည့်အလား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည် ။

မမြလေး ရော ၊ ကိုသိန်းမောင် ပါ ပတ်ဝန်းကျင်ကို အတန်ငယ်မျှ မေ့လျော့နေပြီး သူတို့ ကိုယ် သူတို့ အသက်အရွယ် မေ့ကာ သဇင်သင်း တို့  ၊ တင်လှထွန်း တို့ ကိုလည်း မူကြို အရွယ်လေးတွေလို ထင်နေမိခဲ့ကြသည် ။

သဇင်သင်း ရော ၊ တင်လှထွန်း ပါ အခြေခံအဆင့်မြင့်တန်းကို ရောက်နေကြသူများ ဖြစ်၍ ဦးလေးတို့ ၊ အဒေါ်တို့ အစား နည်းနည်းပါးပါးတော့ ရှက်မိသား ။

ဒါပေမဲ့ သူတို့ အချစ်က ဖြူစင်လွန်း ၊ ရိုးသားလွန်းသည့် အချစ် ဖြစ်နေသည့် အတွက် သူတို့ ရင်ထဲမှာ ခွင့်လွှတ်ပြီးသားဖြစ်နေသည် ။

ရုပ်ရှင်ပြီးသည် နှင့် ကိုသိန်းမောင် တို့ ၊ မမြလေး တို့ လူချင်းခွာသည် ။ လက်တွဲဖြုတ်သည် ။ ဣန္ဒြေ ပြန်ဖွဲ့စည်းသည် ။ အမှောင်နှင့် အလင်းကို ခွဲခြား ပြလိုက်သည် ။ လက်ဖက်ရည်ဆိုင်မှာ သူတို့ လေးဦး ဝင်အထိုင်မှာ အလိုက်သိစွာဖြင့် သီချင်းလေး တစ်ခု လူးလွန့်လာသည် ။

“ အဘိုးကြီး ငါ့ကို အဘွားကြီး မင်းက မောင်တွေ ၊ ဘာတွေ ခေါ်ပါဦး ”

အဓိပ္ပာယ်ပါသော ကိုသိန်းမောင်၏ အကြည့်ကြောင့် မမြလေးက စားပွဲအောက်မှ နေ မသိမသာ ကိုသိန်းမောင် ၏ ပေါင်ကို လိမ်ဆွဲလိုက်နေသည် ။

ခုလို သုံးနှစ်သုံးမိုး ချစ်ပင် ပျိုးလာသည့် တိုင်အောင်မှ မမြလေး သည် ကိုသိန်းမောင် ကို မောင် ဟု တစ်ခါမျှ မခေါ်စဖူး ။

မမြလေး နေမကောင်းသဖြင့် သူ့ခွင့်စာကို တင်လှထွန်း နှင့် လူကြုံ ပါးလိုက်သည် ။ ခွင့်စာနှင့် အတူ ပါလာသော စာကို ဖတ်ကာ ကိုသိန်းမောင် မျက်နှာသည် ရုတ်တရက် ညှိုးကျ၍ သွားသည် ။

“ နေပါဦး ဖိုးလှထွန်း ရဲ့  ၊ ဘယ်လိုက ဘယ်လို ဖြစ်တာလဲ ။ မနေ့က အကောင်းပါ ။ အအေးများ သွားသောက်လို့လား မသိဘူး ။ မင်း ဒေါ်လေး က ဂျစ်တစ်တစ်ကွ ။ မတည့်တာလည်း ရှောင်တာ မဟုတ်ဘူး ။ ခု အဖျားကရော ကျရဲ့ လား ။ ဘာဆေးတွေ တိုက်ထားလဲ ”

“ ဦး မေးတာကို ကျွန်တော် ဘယ်ကနေ စဖြေရမှန်း မသိတော့ဘူး ”

“ ဟုတ်သားပဲ ၊ ဆန္ဒ သိပ်စောသွားတယ်ကွာ ။ လာ လက်ဖက်ရည်ဆိုင် သွားရအောင် ။ ဦးလည်း စာပြန်ရေး လိုက်ဦးမယ် ”

ကိုသိန်းမောင်တို့ ရုံးနားက ရွှေပယင်းလက်ဖက်ရည်ဆိုင်မှာ တင်လှထွန်းတို့ အပြတ် ဝါးပစ်လိုက်သည် ။ နက်စ်ကော်ဖီ ၊ ပေါက်စီ ။ အဒေါ် တစ်ယောက်ရှိတာ မျက်နှာတယ် ပွင့်ပါလားဟုလည်း အတွေး ပေါက်မိသေးသည် ။

“ ရော့ ဒီစာလေး ယူသွား ။ ညနေ ရုံးဆင်းမှ လာခဲ့မယ်လို့ ”

စာကို မဖတ်ဘဲ အိတ်ထဲကို ထည့်လိုက်သည် ။ သူတစ်ဖက်သား ၊ ကိုယ်ရေးကိုယ်တာကို သိတတ်ရမည် ။ ဆိုင်က ထွက်ပြီး အိမ်အပြန် ဘတ်စ်ကားပေါ်ရောက်မှ ပင် စာကို တင်လှထွန်း ထုတ်ဖတ်သည် ။

         မြလေး
         မယုံတောင် မယုံဘူး ။ မနေ့က အကောင်းချည်း ကိုး ။ မြလေး အစား ကိုယ်ပဲ ဖျားချင်လိုက်တာကွယ် ။
         အဖျားရှိရင် အစာ မစားတာ ကောင်းတယ် ။ ကိုယ် ညနေရုံးဆင်း ရင် ရွှေလမင်း က စွပ်ဝင်ဝယ်ခဲ့မယ် ။ လေစိမ်းလည်း အတိုက်မခံနဲ့ ဦး ။
                 သူ့ရဲ့ ကိုယ်ပွား
                       သိန်းမောင်

တင်လှထွန်းက ကိုသိန်းမောင်၏ စာကို ဖတ်ကာ တစ်ချက် ပြုံးလိုက်သည် ။ မြလေးအစား ကိုယ်ပဲ ဖျားချင်လိုက်တာကွယ်တဲ့ ။ မဖြစ်နိုင်တာဘဲ ။ ဒေါ်လေး ကိုယ်စား ဖျားပေးလို့တော့ ဘယ်ရမလဲ ။ ထမင်းတွေ ၊ ဘာတွေ လာချက်ပေးမယ် ၊ အဝတ်တွေ ၊ ဘာတွေ လာလျှော်ပေးမယ် ဆိုရင်တော့ ဟုတ်သေးရဲ့ ဟု တစ်ကိုယ်တော် ရေရွတ်မိ သေးသည် ။

ပြီးတော့မှ သူ့အိတ်ထဲက ရည်းစားစာလေးကို ထုတ်ကြည့်သည် ။

         အိုလီဗာရယ်
         နင့်ကို ငါမြင်ရတာ အပြတ်ဖျားသွားတာပဲဟယ် ။ နင် သိပ်မိုက်တာပဲ ။
         တို့ ဘော်ဒါတွေထဲမှာ နင့်လို သားနားတာ တစ်ခါမှ မတွေ့ဖူးသေးဘူး ။
         ငါ့တော့ နင့်ကို ရေရေလည်လည် ခိုက်နေပြီ ။ ဒီစီမှာ တက်ပြီး နက်ဖြန်ခါ ရုပ်ရှင် ကြည့်ရအောင်ဟယ် ။
                 ရိုမီယိုလှထွန်း

ကိုသိန်းမောင် ဖုန်းလာတယ် ဟူသော မြို့နယ်မှူး၏ အသံကြောင့် ထိုင်ရာက ထသည်  ။ ဆင်စွယ်ရောင် ဖုန်းထဲမှ ခပ်စိမ်းစိမ်း အသံကို ကြားရသည် ။

“ ဪ ဦးသိန်းမောင် ။ ကျွန်မ ဒေါ်မြလေးပါ ”

“ ဟုတ်ကဲ့ ဒေါ်မြလေး အမိန့်ရှိပါ ။ ကျွန်တော်က ဘယ်သူများလဲလို့  ”

နည်းနည်းလေး ပို၍ အငေါ်တူးမိလိုက်သည် ။

“ ကိစ္စကတော့ ဦးသိန်းမောင် သိပြီးရောပေါ့ ”

“ ဟုတ်ကဲ့ ၊ နည်းနည်းပါးပါးတော့ ရိပ်မိသလိုပဲ ”

“ အဲဒါ စကား ခဏလောက် ပြောချင်တယ် ။ လက်ဖက်ရည်ဆိုင်ကို လာခဲ့ပါလား ”

“ စိန်မောင်း ကိုလား ”

“ ဟုတ်ဘူး ။ ကျောက်စိမ်းမြတ် ကို ”

ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာတောင် မမြလေး မထိုင်တော့ ။

ကိုသိန်းမောင် ရုံးပေါ်မှ ဆင်းကာ လက်ဖက်ရည် ဆိုင်ကို သွားသည် ။ ဆိုင်ဝမှ နေ၍ မမြလေး စောင့်နေသည် ။ ပြီးတော့ တူတူ ဆိုင်ထဲသို့ ဝင်သည် ။

မမြလေးကလည်း ကိုသိန်းမောင် ရှေ့ကို လက်ဖက်ရည်ခွက် အရင်ပို့ ပေးရန် သတိမထားမိ ။ ကိုသိန်းမောင် ကလည်း ရေနွေးပူ မှုတ်ပေးရန် သတိမပြုမိ ။

“ ကလေးတွေ ကိစ္စပါ ”

“ ကျွန်တော်က သမီးရှင်ပါ ဒေါ်မြလေးရယ် ”

“ ထွန်းထွန်း ကို ကျွန်မ ဘယ်လောက် ချစ်တယ်ဆိုတာ ”

“ သင်းသင်းကို ကျွန်တော် ချစ်တာ မီပါ့မလားဗျာ ”

လက်ဖက်ရည်ဆိုင်ထဲမှာ အချစ် လာပြိုင်မိသေးသည် ။ ဒါပေမဲ့ အရင်လို သူတို့ ချင်း အချစ်ပြိုင်တာတော့ မဟုတ် ။ အသွင် ကွဲနေသည် ။

“ ကျွန်မ တူကလေးက ဒီနှစ်မှ ဒုတိယနှစ် ဆိုတော့ ကျောင်းပြီးအောင် ဆက်နေစေချင်တယ် ”

“ ရပါတယ် ဒေါ်မြလေး ၊ သူတို့ကိုမှ မတွေ့သေးတာ ။ သူတို့ကို တွေ့ရင် ဒေါ်မြလေးတူကို ပြန်ပို့ပေးမှာပါ ။ ကျွန်တော့် တူမ ကိုလည်း စာမေးပွဲ ပြန်ဖြေခိုင်းရမှာ ပေါ့ ”

“  မဟုတ်ဘူး ၊ မဟုတ်ဘူး ဒီစာ ဖတ်ကြည့်ပါဦး ”

ကိုသိန်းမောင် မမြလေး ထံမှ စာကို ဖတ်ကြည့်ပြီး တော်တော်လေးပင် နေရထိုင်ရ ခက်သွားသည် ။

          ချစ်လှစွာသော ဒေါ်လေး
          ဒေါ်လေးနဲ့ မတော်ရသေးတဲ့ လေးလေးကိုသိန်းမောင်တို့ရဲ့ မြတ်နိုးကြည်နူးစရာကောင်းတဲ့ အချစ်ကို အားကျပြီး သဇင်သင်းကို ခိုးပြေးသွားပါပြီ ။
          အတူတူ မနေဘဲ မနေနိုင်လောက်အောင် ချစ်လို့သာ ခိုးပြေးရပေမဲ့ ကျောင်းကိုတော့ ပြီးအောင် ဆက်တက်ချင်ပါသေးတယ် ။ ထွန်းထွန်းတို့ ပညာရော ၊ အလုပ်ရော ပြည့်စုံမှ ဒေါ်လေးတို့ ကျေးဇူးကို ပြန်ဆပ်နိုင်မှာ မဟုတ်လား ။
          ဒေါ်လေးတို့ အရင် အိမ်ထောင်ပြုမိတာကိုလည်း ခွင့်လွှတ်စေချင်ပါတယ် ။ သိပ်စဉ်းစားနေရင် ဒေါ်လေးတို့ လိုပဲ နောက်လူတွေ ဖြတ်ကျော်ခံရမှာ စိုးလို့ပါ ။
          ချစ်လေးစားစွာ
          ဒေါ်လေးရဲ့ တူလေး
          တင်လှထွန်း

“ ဒီကိစ္စမှာ ကျွန်မတို့ နှစ်ယောက်လုံး အဓိက တရားခံလို ဖြစ်နေတယ် ကိုသိန်းမောင် ။ တစ်ခါတလေ သတိမမူတတ်တဲ့ အမှားပဲ ဆိုရမလား ၊ သတ္တိမရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းကြတာလား မပြောတတ်တော့ပါဘူး ။ ဒါပေမဲ့ သူတို့ ကိစ္စကိုတော့ ကျွန်မတို့ နှစ်ယောက်လုံး တာဝန်ယူရမှာပဲ မဟုတ်လား ”

“ ဒါပေါ့လေ ၊ ဒီတော့ မမြလေး ဆန္ဒက ”

“ ကလေးတွေကို ကျွန်မပဲ ခေါ်ထားပါရစေ ။ လောလောဆယ် သူတို့ မပြည့်စုံသေးတဲ့ အခြေအနေမှာ ကိုသိန်းမောင်ရဲ့ တူမလေးအတွက် တတ်စွမ်းသမျှ ထောက်ပံ့ပါလို့ ”

“ ဟာ ရပါတယ် မမြလေးရဲ့ တာဝန်ယူရမှာပေါ့ ”

“ သူတို့ ဒီညနေ ကျွန်မတို့ အိမ်ကို ပြန်လာမယ်လို့ စောစောကပဲ ထွန်းထွန်း ဖုန်းဆက်တယ် ။ မိသား ၊ ဖသားပီပီ ဦးသိန်းမောင်တို့ အစ်မများဆီ ဒီညပဲ လာအပ်ဖို့ စီစဉ်လိုက်ပါ ”

“ ကောင်းပါတယ် ၊ ကောင်းပါတယ် ။ အဆင်ပြေသွားတာပေါ့ ”

“ ဒါပါပဲ ကိုသိန်းမောင် ၊ ကျွန်မကို ခွင့်ပြုပါဦး ”

ဟုတ်ကဲ့ ဆိုကာ ထိုင်ရာမှ ရှေ့ဆင့်နောက်ဆင့် ထကြသည် ။ လက်ဖက်ရည်ဖိုးကို အလှည့်နှင့် ပေးနေကျကနေ မပေးစဖူး လုပေးသည် ။

“  ဆရာတို့ လက်ဖက်ရည်တွေ သောက်မသွားကြတော့ဘူးလား ” ဟူသော အလိုက်မသိသည့် စားပွဲထိုး၏ အသံကို မနည်း ဥပေက္ခာပြုကာ ပြန်ခဲ့ကြသည် ။

ဆိုင်ရှေ့ လမ်းမကြီးပေါ်မှာတော့ အနှေးယာဉ်ဆိုက်ကားတွေကို အမြန်ယာဉ်ဒတ်ဆန်း တွေက ရိပ်ခနဲ ၊ ရိပ်ခနဲ ဖြတ်သန်းနေကြသည် ။

မမြလေးတို့ လူကြီးချင်း လာစကားပြောပြီး ပြန် အသွားမှာ ကိုသိန်းမောင် အိပ်၍ မရတော့ ။ တွေ့ရာစာအုပ်ကို ဆွဲအဖတ်မှာ ကိုပြာလောင် ရုပ်ပြစာအုပ်လေးကို ဖတ်မိ သည် ။ သည် စာအုပ်ထဲမှာ ကိုပြာလောင်သည် “ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ” ဆိုသည်ကို မကြာခဏ တွေးသည် ။

ဒါပေမဲ့ ကိုပြာလောင့် လွမ်းစရာသည် ပူဆွေးသောကဖြစ်သော လွမ်းစရာနှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။ ရယ်မောဖွယ်ရာ ကောင်းသည် ။ ခုလည်း ကိုသိန်းမောင် နှင့် မမြလေး တို့ အဖြစ်က လွမ်းစရာတော့ ကောင်းသား ။ ဒါပေမဲ့ ကိုပြာလောင်၏ လွမ်းစရာလေးလိုပင် ဖြစ်နေသည် ။

သုံးနာရီ အချိန်မှန် ထွက်တတ်သော ဘိုးရင်းဂျက် လေယာဉ်ပျံ၏ စက်နှိုးသံသည် ကိုသိန်းမောင် နားထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာသည် ။

▢  မောင်မောက် ၊ ဥက္ကလာ ၊

📖 ပေဖူးလွှာ မဂ္ဂဇင်း
      နိုဝင်ဘာလ ၊ ၁၉၈၃ ခုနှစ်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၀၉ ခုနှစ်

Thursday, November 27, 2025

ကဗျာဆရာ နှင့် ဂန္ဓမာ

 

❝ ကဗျာဆရာ နှင့် ဂန္ဓမာ ❞
             ( ပုံပြင် )

ရှေးသရောအခါ တောင်စောင်းပေါ်ရှိ ဘုရားရှိခိုးကျောင်းကြီး တစ်ကျောင်းအနီး၌ လှပသော ဂန္ဓမာပင်များ ထူးဆန်းစွာ ပေါက်နေကြလေ၏ ။ တစ်နေ့သ၌ နေအိမ်မှ ခရီး ထွက်ခွာလာသော ကဗျာဆရာကလေး တစ်ယောက်သည် ထိုနေရာသို့ ရောက်လာလေ၏ ။ သူသည် အလွန် လှပသော ဂန္ဓမာပန်းခင်းကို ကြည့်ကာ သဘောကျလေ၏ ။ ထိုနေရာ၌ နေအိမ် ဆောက်၍ နေကာ ကဗျာများ ရေးနေရလျှင် အလွန်ပျော်မည်ဟု ကြံစည်မိလေ၏ ။ ထိုအကြံအတိုင်း မကြာမီ သူသည် ဂန္ဓမာတော အနီး၌ အိမ်တစ်အိမ်ကို ဆောက်လုပ်ကာ နေထိုင်လေ၏ ။ ကဗျာဆရာ လုလင်ပျိုကလေးသည် နေ့စဉ် လှပသော ဂန္ဓမာပန်းများကို ကြည့်ကာ ကဗျာ ရေးလေ၏ ။

တစ်နေ့သော နံနက်၌ ပန်းများကို ကြည့်ကာ ကဗျာ ရေးနေစဉ် ဂန္ဓမာပွင့်များ ကြား၌ လမ်းလျှောက် နေသော မိန်းမပျိုကလေး တစ်ယောက်ကို မြင်ရလေ၏ ။ မိန်းမပျိုကလေးသည် နှင်းဆီရောင်အဝတ်ကို ဝတ်ဆင်ကာ အလွန်လှပသော အဆင်း ရှိလေ၏ ။ လုလင်ပျိုလည်း အံ့အားသင့်ကာ ငေးကြည့် နေရင်းမှ မိန်းမပျိုကလေး နောက်သို့ အပြေး လိုက်သွားလေ၏ ။ သူသည် မိန်းမပျိုကလေးကို မီလုမီခင်ဖြင့် လိုက်သွားရင်း ပန်းခင်းများ အဆုံးရှိ အုတ်တံတိုင်း အနီးသို့ ရောက်သောအခါ မိန်းမပျိုကလေး ပျောက်ကွယ်သွားသည်ကို မြင်ရလေ၏ ။ လုလင်ပျိုသည် မသဲကွဲသောကြောင့် သေချာစွာ လိုက်၍ ကြည့်သောအခါ မိန်းမပျိုကလေး ပျောက်သွားသော နေရာ၌ ဂန္ဓမာပွင့် တစ်ပွင့်သည် အညှာမှ လှုပ်ကာ ယိမ်းနေသည် ကိုသာ မြင်ရလေ၏ ။ လုလင်ပျိုလည်း အိမ်သို့ ပြန်လာပြီးလျှင် မိန်းမပျိုကလေး အတွက် ကဗျာတစ်ပုဒ်ကို ရေးလေ၏ ။ ရေးပြီးသောအခါ ဂန္ဓမာပင်များ၌ သွား၍ ချိတ်ဆွဲထားခဲ့လေ၏ ။ လုလင်ပျိုလည်း မိန်းမပျိုကလေးကို စွဲလမ်းသည့် စိတ်ဖြင့် အိမ်ထဲ၌ ငိုင်ငေးနေလေ၏ ။ ညနေခင်းသို့ ရောက်သောအခါ အိမ်တံခါး ကိုညင်သာစွာ လာ၍ ခေါက်သံကို ကြားလိုက်ရလေ၏ ။

လုလင်ပျိုလည်း တံခါးကို ဖွင့်လိုက်သောအခါ မနက်က ဂန္ဓမာပွင့်များ ကြား၌ ပျောက် ကွယ်သွားသော မိန်းမပျိုကို တွေ့ရလေ၏ ။ မိန်းမပျိုကလေး ကပင် စတင်၍ “ ဒီမှာ ကျွန်မ ရှင့်ကို ကြောက်ပြီး ထွက်မပြေးတော့ပါဘူး ၊ ရှင်ဟာ အလှအပကို ကြိုက်တဲ့ ကဗျာဆရာမှန်း မသိလို့ပါ ” ဟု ပြောလေ၏ ။

လုလင်ပျိုလည်း ဝမ်းသာစွာဖြင့် “ ဪ ... ကောင်းပါတယ်ကွယ် ၊ မင်း ဘယ်သူများ လဲ ၊ ဘယ်မှာ နေပါသလဲ ၊ ဘာဖြစ်လို့ ပန်းပွင့်တွေ ကြားထဲမှာ ပျောက်ကွယ် သွားရသလဲ ၊ မင်း နာမည် ဘယ်လို ခေါ်သလဲ ” ဟု မေးလေ၏ ။ ထိုအခါ မိန်းမပျိုကလေးက “ ကျွန်မ နာမည် ကတော့ “ ဆိုင်ယူ ” လို့ ခေါ်ပါတယ် ။ ကျွန်မ နေတာကတော့ ဂန္ဓမာပွင့်တွေကြားထဲမှာ နေရပါတယ် ၊ကျွန်မဟာ နေ့အခါမှာ ပန်းပွင့် ဖြစ်ပြီး ညအခါ ရောက်ရင် လူဖြစ်ရပါတယ် ၊ ကျွန်မ ဒီလိုဖြစ်ပြီး နေရဖို့ ဟောဟို မိုးပေါ်က ကြယ်ကလေးတွေ ထဲမှာ ရေးမှတ်ထားတာ ရှိပါတယ် ” ဟု ပြန်ပြောလေ၏ ။ ထို့နောက် ဆိုင်ယူ က ထပ်၍ “ ဒါနဲ့ ရှင် ကဗျာဆရာ ဆိုရင် ကျွန်မ ရေးထားတဲ့ ကဗျာကလေး တစ်ပုဒ်ကို ရွတ်ဆိုပြချင်ပါတယ် ၊ ရှင် မရယ်ပါဘူးလို့ ကတိပေးပါရှင် ” ဟု ပြောလေ၏ ။ လုလင်ပျို က ရွတ်ဆိုပြနေသော ကဗျာကို သဘောကျစွာဖြင့် နားထောင်လေ၏ ။ ထို့နောက် သူတို့နှစ် ယောက်သည် ချစ်ခင်စွာ လက်ထပ်လိုက်ကြလေ၏ ။

မိန်းမပျိုကလေးသည် နေ့အခါ၌ ဂန္ဓမာပွင့်ကလေး ဖြစ်ပြီးလျှင် ညအခါသို့ ရောက် သောအခါ မိန်းမပျိုကလေး ပြန်ဖြစ်ကာ လုလင်ပျိုနှင့် အတူ လာရောက် ပေါင်းသင်းနေထိုင်လျက် ရှိလေ၏ ။ သူတို့ နှစ်ယောက်သည် အလွန် ပျော်ရွှင်ကြလေ၏ ။ လုလင်ပျိုကလည်း ကဗျာရေး၍ ဖြစ်နေလေ၏ ။

တစ်နေ့သ၌ မနက်စောစော အိပ်ရာမှ ထလာသော မိန်းမပျိုကလေးသည် မျက်နှာ မကောင်းစွာဖြင့် လုလင်ပျို အနီးသို့ ကပ်ပြီးလျှင် “ ကျွန်မ ရှင်နဲ့ ခွဲဖို့ အချိန်တန်လာပြီ ၊ ကျွန်မဟာ ပန်းပွင့် အဖြစ်မှ ရင့်ရော်ပြီး ကြွေကျရတော့မယ် ၊ ရှင့်ကို နှုတ်ဆက်ခဲ့ပါတယ်ရှင် ” ဟု ပြောကာ ငိုယိုလျက် ထွက်သွားလေ၏ ။ မိန်းမပျိုကလေး ထွက်သွားသောအခါ လုလင်ပျိုသည် အိပ်မက် မက်နေလေ၏ ။ အိပ်မက်ထဲ၌ သူ အလွန် နှစ်သက်သော ဂန္ဓမာဥယျာဉ်ကြီးထဲ၌ ဥယျာဉ်မှူး တစ်ယောက်သည် ပွင့်နေသော ပန်းများကို လိုက်၍ ဖြတ်နေလေ၏ ။ ဂန္ဓမာပွင့်များသည် လမ်းပေါ် ကြွေကျကာ နှင်းဆီရောင်အပွင့်ကလေး တစ်ပွင့်သာ ကျန်တော့လေ၏ ။ ဥယျာဉ်မှူးသည် ထိုနှင်းဆီရောင် ဂန္ဓာမာပွင့်ကလေးကိုလည်း အပင်မှ ဆွဲနှုတ်ပစ်လိုက်လေ၏ ။ နှုတ်ပြီးသောအခါ အဝေးသို့ လွှင့်ပစ်လိုက်လေ၏ ။ လုလင်ပျိုလည်း အိပ်မက်မှ လန့်နိုးလာကာ သူ့ချစ်သူ “ ဆိုင်ယူ ” သည် ဧကန္တ ဂန္ဓမာပွင့်ကို မှီ၍ နေရသော မိန်းမပျိုကလေး တစ်ယောက် ဖြစ်ရမည်ဟု စဉ်းစားမိပြီးလျှင် အိပ်ရာမှ ခုန်ဆင်းလာခဲ့လေ၏ ။

သူသည် ဥယျာဉ်ကြီး ထဲသို့ ပြေးဝင် သွားသောအခါ အိပ်မက်ထဲမှာ ကဲ့သို့ပင် ဥယျာဉ်မှူး တစ်ယောက်သည် ပန်းပင်များကို ပေါက်တူးဖြင့် တူးပစ် နေသည်ကို မြင်ရလေ၏ ။ လုလင်ပျိုလည်း ကြောက်လန့်စွာဖြင့် နှင်းဆီရောင် ဂန္ဓမာပွင့်ကလေးကို လိုက်၍ ရှာလေ၏ ။ နှင်းဆီရောင်ဂန္ဓမာပွင့်ကလေးသည် ဥယျာဉ်မှူး၏ လက်ထဲ၌ စွန့်ပစ်တော့မည် ဖြစ်သည်ကို မြင်လိုက်ရသောအခါ လုလင်ပျိုက အတင်းဝင်၍ ဆွဲယူလိုက်လေ၏ ။ ဂန္ဓမာပွင့်ကလေးသည် သူ့ လက်ထဲသို့ ရောက်သော အခါ၌ အိပ်မက်ထဲမှာ ကဲ့သို့ မိန်းမပျိုကလေး တစ်ယောက် ဖြစ်လာလေ၏ ။ မိန်းမပျိုကလေးသည် သူ့ချစ်သူ “ ဆိုင်ယူ ” ဖြစ်နေသည်ကို သိရလေ၏ ။

ထိုနေ့မှ စ၍ လုလင်ပျိုသည် ဥယျာဉ်ကြီး ထဲ၌ သူ့ချစ်သူ နှင်းဆီရောင် ဂန္ဓမာပွင့် ကလေးကို အပင်ပါ ပြန်၍ စိုက်ပြီးလျှင် မည်သူမျှ မဖျက်ဆီးနိုင်ရန် ကျောက်နံရံ ပြုလုပ်၍ ကွယ်ပေးထားလေ၏ ။ နှင်းဆီရောင်ဂန္ဓမာပွင့်ကလေးသည် နေ့အခါ၌ ပန်းပွင့်ကလေး အသွင် ဖြင့် နေ၍ ညအခါ၌ သူ့ချစ်သူ “ ဆိုင်ယူ ” ဖြစ်လာကာ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြရလေ၏ ။ သူတို့ နှစ်ယောက်သည် အသက်အရွယ် အတော် အိုမင်းခါမှ သေဆုံးကြလေ၏ ။

ယခုအခါ တောင်စောင်းရှိ ဘုရားရှိခိုးကျောင်းကြီး အနီး ဂန္ဓမာဥယျာဉ်ကြီး ထဲ၌ ကျောက်နံရံဖြင့် ကွယ်၍ထားသော ဂန္ဓမာပင်ကလေးကို အလည်ရောက်သူတိုင်း တွေ့ မြင်နိုင်လေသည် ။ ထိုအပင်မှ နှင်းဆီရောင် ဂန္ဓမာပွင့်ကလေး တစ်ပွင့်သည် နေ့အခါ ပန်းပွင့် အသွင်ဖြင့် နေရသော်လည်း ညအခါ၌ မိန်းမပျိုကလေး “ ဆိုင်ယူ ” များ ပြန်ဖြစ်လာလေဦးမည်လား ဟု ထင်မှားရလောက်အောင် လန်းလန်းစွင့်စွင့် ပွင့်နေဆဲပင် ဖြစ်လေသည် ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၂ ၊ ဇန်နဝါရီ

ရေခဲနှင်းဆီ


 

❝ ရေခဲနှင်းဆီ ❞  
▢ ပြေ ( ဆေး - ၂ )

၁ ။

နောက်ဆုံး ခြေတစ်လှမ်းစာဟု အမှတ်ပြု၍ အပေါ်ဆုံး အထစ်ကို တက်သည် ။ ခြေကုန်လက်ပန်းကျ၍ နွမ်းနယ်နေ၏ ။ ကျောင်းပရိဝုဏ် မြေသားပေါ် ခြေဖဝါး ထိသည် ။ ကျောက်စရစ်ခဲကလေးများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည် ။ ခြေဖော့နင်းသည် ။ ကျောင်းအဝင် လှေကားထိပ်တွင် ကိုစိုး ရပ်နေသည်ကို တွေ့ရ၏ ။ မို့အစ်သော မျက်ခွံဖြင့် ပြုံး၍ နှုတ်ဆက်လေသည် ။ ညက အိပ်ရေး အတော် ဝထားပုံရသည် ။

မောသလား ကိုအောင် ဟု သူ ပြောသည် ။ ပခုံးထက်မှ မီးသွယ် ဝိုင်ယာကြိုးခွေ တောင်းကို ကိုဇော် လှမ်းယူသည် ။ နဖူးပြင်တွင် စို့နေသော ချွေးစများကို လက်ဝါးဖြင့် သပ်ချသည် ။ သူ့အကြည့်က အုတ်ခုံလှေကားအတိုင်း တောင်ခြေဆီသို့ ရောက်သည် ကို မြင်၏ ။ 

“ ဟော ဦးအေးမောင်တို့ လာကြပြီ ” ဟု ပြောသည် ။ ခြေလှမ်းတို့ တုံ့သည် ။ လှေကားအတိုင်း တဖြည်းဖြည်း တက်လာသော လူများကို ကြည့်ဖြစ်သည် ။ ပြုံးပြုံး ရွှင်ရွှင်ဖြင့် ရှေ့ဆုံးကလူ နှုတ်ဆက်သည် ။ ရောက်နေတာ ကြာပြီလားဟု မေးသည် ။ ညကတည်းကဗျာ ဟု ကိုစိုး ဖြေသည် ။ ဦးအေးမောင် ဟု နားလည်လိုက်သည် ။ သူ့နောက်က ဝဝအိအိ အမျိုးသမီးတစ်ဦး တစ်လှမ်းချင်း တက်လာသည် ။ နုငယ် လန်းဆတ်သော ကောင်မလေး တစ်ယောက် ၊ ပြီးလျှင် နောက်ဆုံးမှ လိုက်၍ တက်လာသောသူကို ဦးဆုံး မြင်ဖူးရလေသည် ။

မောကျနေသော နှလုံးအိမ်သည် တုန်ခါမှု စတင်လိုက်သည်ကို သိလိုက်၏ ။

••••• ••••• •••••

၂ ။

“ ပန်းဟေမာတဲ့ ” ဟု ကိုဇော် ပြောသည် ။

နေ့လယ် ထမင်းစားသောက် အပြီး မန်ကျည်းပင်ရိပ်တွင် ဖျာခင်း၍ ထမင်းလုံး စီ ကြသည် ။ ကိုစိုးတို့ ခင်းသော ကထိန်မို့ လာဖြစ်ကြရသည် ။ စစ်ကိုင်းတောင်ရိုး တောလျှို တောင်ကြား ရိပ်ကြီးမြိုင်ကြီး အတိပြီးသော ဆရာတော် ရွှေကိုင်းသား၏ အနုရုဒ္ဓါချောင် တွင် ခင်းလေသည် ။

ကျောင်းပေါ်မှ သူ တစ်လှမ်းချင်း ဆင်းလာသည် ။ လှေကားခြေရင်း အုတ်ခုံတွင် ထဘီကို ဖြန့်ခါ၍ ကျစ်ကျစ်လျစ်လျစ် ပြင်ဝတ်သည် ။ မြင့်တက်နေသောအခါ အင်္ကျီစကို တစ်ချက် ဆွဲချသည် ။ မြေသားပေါ် ခြေချလေသည် ။ ကျောင်းဝင်းထဲတွင် လင်းလင်းတို့ မောင်နှမတစ်တွေ စိန်ပြေးတမ်း ကစားနေကြသည် ။ ဆိတ်ဖလူးနံ့များ လေတွင် ရောပျံ့နေသည် ။ ကလေးများ ကြားတွင် သူ ရပ်နေ၏ ။ ဝင်းဆွတ်သော နို့နှစ်ရောင် အသားအရေရှိသည် ။ ပြေစင်းသော နှာတံ ၊ မို့မို့ရဲနေသော နှုတ်ခမ်း ၊ သနပ်ခါးပြယ်စ ပါးပြင်နု ရဲရဲကို အဝေးကပင် မြင်သည် ။ 

စကားဝိုင်းတွင် စိတ်မရှိ ။ လှည့်လည်သွားနေသော သူ့နောက်မှ တကောက်ကောက် ပါအောင် စိတ် လိုက်လေသည် ။ ကိုဇော် ၊ ကိုစိုး ၊ ကိုအောင်ကျော်တိုး ၊ နုနုရည် တို့ ဝိုင်းဖွဲ့ စကားဆိုသည် ။ စာသမားဝိုင်းမို့ စည်သည် ။ စကားဝိုင်းတွင် တစ်လုံးတလေမျှ ဖွင့်ဟ မပြောဖြစ်ခဲ့ ။

ထိုင်နေသော ဖျာနှင့် ဆယ်လှမ်းခန့် အကွာတွင် သူ ရပ်သည် ။ ဝဲပျံကျနေသော ခရေပွင့်လေးများကို တစ်ပွင့်ချင်း လိုက်ကောက်သည် ။ ခြေစုံစု၍ ကျုံ့ကျုံ့ထိုင်သည် ။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် နေရာတွင် ခရေတစ်ပွင့် သူ မြင်ပုံရသည် ။ ကိုယ်ကို ယို့၍ ရှေ့ကုန်းကောက်သည် ။ မျက်လွှာ ပင့် အကြည့် ကျွန်တော့်ကို သူ မြင်သည်  ။ မျက်လွှာချ၍ ခရေပွင့် ကို လက်ဝါးတွင် ထည့်၏ ။ ပီပီပြင်ပြင် မြင်ရသည် ။ သူ ပိုလှလေသည် ။

သူ့အကြည့်က ကလေးတွေဆီ ရောက်သွား ပြန်သည် ။ ကျောင်းဘက်ဆီသို့ လှည့်ထသွားသည် ။ ကျောင်းဆောင်တော်ဆီ မရောက်မီ တစ်ခါ လှည့်ကြည့်မလားဟု ထင်၏ ။ သူ မကြည့် ။

••••• ••••• •••••

၃ ။

သူနှင့် ပတ်သက်သော အရာရာတိုင်းကို သိချင်နေသည် ။ မည်သူ့ကို စမေးရမှန်း မသိ ။ ကိုစိုး နှင့်က အမျိုး တော်စပ်နေသလိုလို စိတ်က ထင်၏ ။ အားလုံးက ပန်းချီဆွဲသူ ၊ ကဗျာရေးသူ ၊ ဝတ္ထုရေးသူများ ။ စာပေအသိုင်းအဝိုင်း ။ မောင်နှမတွေလို နေသည် ။ ဝံ့ဝံ့ရဲရဲ မေးမြန်းပြောဆိုရန် မသင့်သော အခြေအနေတွင် ရှိလေသည် ။

ကိုစိုး က သာမန်ထက် ပိုမိုသော ပြောဆိုဆက်ဆံမှု အနေအထားတွင် ရှိ၏ ။ မမေးဝံ့ ။ ကိုစိုး ပင်ကိုစရိုက်ကိုက အေးအေးစက်စက် ၊ ထုံတိတိ မပွင့်တပွင့် ။ ဝမ်းသာဝမ်းနည်းသော စိတ် အာရုံခံစားမှု အပြောင်းအလဲကို မျက်နှာပြင်တွင် တွေ့ရခဲသည် ။ အကဲခတ်ရ ခက်၏ ။ မိန်းကလေး ကိစ္စနှင့် ပတ်သက်လျှင် စက်ဆုပ်ဟန် ၊ စိတ်လက် ကင်းရှင်းဟန်နေသည် ။ ပန်းချီဆွဲသော ကိုစိုး၏ စရိုက်သည် သူ ဆွဲသော ပန်းချီကားများ ကဲ့သို့ နားလည်ရ ခက်လှလေသည် ။ ခင်မင်ရင်းနှီးမှု အလုံးအထည်ကို အိတ်သွန်ဖာမှောက် ဖွင့်ဟ တိုင်ပင်၍ ရသော စိတ်နေရှိဟန် မတူပေ ။

ခုတင်ပေါ်တွင် ပျံ့လွင့်သောအာရုံသည် သူ့ ထံသို့ ပြေးသွားနေလေသည် ။ အိပ်မပျော်ဖြစ်သော ညများကို သူသိ စေချင်မိသည် ။ သူ့ပုံရိပ်သည် ကျွန်တော့် အိပ်ခန်းလေးထဲတွင် နေရာအနှံ့ ရှိနေသည် ။ စာအုပ်ပုံကြားတွင် သူ ရှိသည် ။ စားပွဲပေါ်မှာ သူ ရှိသည် ။ တစ်ကြိမ် မြင်ရရုံနှင့် ကျွန်တော့် သွေးသားနှလုံးကို သူ လှုပ်ကိုင် စိုးမိုးနိုင်စွမ်း ရှိလေသည် ။

နံရံတွင် ကပ်နေသော အိမ်မြှောင်လေးနှင့် အတူ ကျွန်တော်လည်း အိပ်ခြင်း ကင်းမဲ့သော ညများကို ဖြတ်သန်းခဲ့ရသည် ။

••••• ••••• •••••

၄ ။

ဆရာတော်ကိုပညာ ( အမရပူရ ) ၏ တောင်လေးလုံး ကျောင်းတိုက်တွင် ကျင်းပသော ပွဲတိုင်း သူ့ကို မြင်ရသည် ။ ကြည်နူး နွေးထွေးသော ခံစားမှုများ ရသည် ။

လူထုဒေါ်အမာ အသက် ၇ဝ ပြည့် မွေးနေ့တွင် ကဗျာ ရွတ်ဆိုပွဲ ပြီးသောအခါ မိတ်ဆုံ ထမင်းစားကြသည် ။ ငှက်ပျောဖက်ပေါ် ခင်းစားရသော ဝက်သားဟင်းလေး ချက်ပေါ်တွင် စိတ်မရောက် ။ သူ နှင့် လူဆယ်ယောက်ကျော် ခြား၍ စားနေရသော်လည်း နံဘေးတွင် သူ ရှိနေသကဲ့သို့ ထင်၏ ။ ဘေးတိုက် သူ့ သွင်ပြင်ကို မျက်စိအကြည့် ထပ်တလဲလဲ ကျရောက်ရသည် ။ သူကတော့ ကျွန်တော် ရှိနေသည်ကို သတိပြုဟန် မတွေ့ရပေ ။

“ ကိုအောင် နည်းလှချည်လား ၊ စားမကောင်း ဘူးလား ” ဟု ပြောသော လေးလေးဦးထွန်းဝေ အသံကြားမှ ထမင်းလုတ် ဆက်ရန် သတိရသည် ။ ကိုယ့်ကိုယ်ကို မလုံ ဖြစ်ရ၏ ။

“ လုပ်ပါ ထည့်ပါဦး ”

ဟု ကိုငြိမ်းချမ်းမိန်းမ တင်တင်မာ ပြောရင်း ထမင်းချိုင့် ကိုင်လျက် ကျွန်တော့်ဘေးတွင် ရပ်သည်  ။ ကြည်နူးမှုများဖြင့် ပြည့်တင်းနေပြီ ထင်သည် ။ ထမင်း မလိုတော့ သည်ကို တင်တင်မာ သိမည် မထင် ။ မည်သူ တစ်ဦးတစ်ယောက်မျှ ရိပ်မိပုံလည်း မပေါ်ဟု ထင်၏ ။ သူ ထမင်းဝိုင်းမှ ထ၍ ညောင်ပင်ရင်းအုတ်ခုံပေါ်တွင် လက်ဆေးသည် ။ အမြန်ထ၍ ရေလောင်းပေးဖို့ ကြံ၏ ။ အကြံအစည် မအောင်မြင် ၊ သူ ကိုယ်တိုင် ခပ်၍ လက်ဆေးသည်  ။

ထမင်းစား ပြီးကြသောအခါ အချိုပွဲများကို သူ စီမံလေသည် ။ ကိတ်မုန့် လှီးသည် ။ ပန်းကန်ထဲ အစီအရီ ထည့်၍ ပေးသည် ။ သူ စိတ်ရှည်လက်ရှည် လှီးဖြတ်ပေးနေပုံကို ကျွန်တော် အဝေးက ငေးကြည့်သည် ။ ကိတ်မုန့် အချိုပွဲများကို အမေမာ ၊ ဦးစောလွင် ၊ ဆရာမောင်သာနိုး ၊ တော်ဘုရားလေးတို့ ဝိုင်း ။ ဒေါ်ခင်ဝင်းနွယ် ၊ မငြိမ်းငြိမ်း ၊ စောရီ ဦးတို့ ဝိုင်းတွင် သူ လိုက်ချသည် ။

မုန့်ပွဲ ချပေးအပြီး မျက်လုံးချင်း ဆုံမိကြသော အခါတွင်မူ ကျွန်တော် ဦးအောင် ပြုံးပြ မိသည် ထင်၏ ။ သူ့ ထံမှ ဝမ်းမြောက်ဖွယ် တုံ့ပြန် ပြုံးလှလှ တစ်ခု ကျွန်တော် ရလေသည် ။ ကျွန်တော် ရင်တွေ တဖျပ်ဖျပ် ခုန်၏ ။ ကျောင်းဝင်း အတွင်း ဖြတ်တိုက်သွားသော လေသည် မွှေးထုံရစ်ထနေသည်ဟု ထင်၏ ။ မင်္ဂလာနေ့ဟု စိတ်တွင် တေးမှတ်ထားလိုက်သည် ။

အမှတ်တရ ဓာတ်ပုံ ရိုက်ကြသောအခါ တန်းစီ အုပ်စုထဲတွင် ကျွန်တော် ဝင်ရပ်သည် ။ ဇရပ် ဘေးတွင် သူ ရပ်၍ ကြည့်နေသည် ။ ကျွန်တော့် အကြည့်ကို သူ မြင်သောအခါတွင် အပြုံး တစ်ခု ရပြန်လေသည် ။ ကင်မရာဆရာ ကိုစိုး ကို လက်ကာပြလျက် ကျွန်တော် တားသည် ။ သူ့ကို လာလာဟု ခေါ်မိသည် ။ တွန့်ဆုတ် ရှက် ရွှံ့ဟန်ပြ၍ သူ ရပ်မြဲ နေသည် ။ ဒုတိယအကြိမ် ခေါ်မှ သူ လျှောက်လာသည် ။ စုထား ဘေးတွင် ရှက်ပြုံးလေးဖြင့် သူ ဝင်ရပ်သည် ။ သည် ဓာတ်ပုံတော့ ရွေးရဦးမည်ဟု တွေးမှတ်ထားမိသည် ။

တောင်လေးလုံး မှ ပြန်သောအခါ ခပ်သိမ်းသည် ကျက်သရေ ခညောင်းနေသည် ။ မယ်ဇယ်ပင်တန်းသည် လှ၏ ။ ဦးပိန်တံတားပေါ်တွင် ကျွန်တော် လမ်းလျှောက်လာ သောအခါ ကြမ်းခင်းပြင်နှင့် ခြေဖဝါး မထိဟု ထင်၏ ။

“ ဒီပုံ ကျွန်တော် ယူမယ်နော် ” ဟု ကိုစိုး ကို ပြောသည် ။ အင်းအဲ မပြော ။ “ ခုမယူနဲ့ ဦး ၊ ကျွန်တော် ကူးခိုင်းပေးမယ် ” ဟု ကိုစိုး ဖြေသည် ။ မျက်နှာပြင် ပြောင်းလဲမှု မရှိ ။ မျက်နှာ သေသည် ။ သူ့ပုံ ပါသော အုပ်စုဓာတ်ပုံကို ကျွန်တော် ကြည့်သည် ။ သူ တစ်ယောက်တည်းကိုသာ ထပ် တလဲလဲ ကြည့်မိသည် ။ ကိုစိုး ရိပ်မိပုံ မရဟု ကျွန်တော် ထင်သော်လည်း ထိုပုံကို ကျွန်တော် မရခဲ့ချေ ။ မည်သို့သော အကြောင်း ပြချက်ကိုမျှ ကိုစိုး ထံမှ မသိရ ။ ကျွန်တော်လည်း မမေးမိ ၊ မမေးချင် ။ သူ ရိပ်မိမည်ကို စိုးထိတ်သည် ။ အသာ တိတ်တိတ်နေရ၏ ။

••••• ••••• •••••

၅ ။

သူ့ အိမ်ရှေ့လမ်းကို ကျွန်တော် မကြာမကြာ ဖြတ်သည် ။ ခြံကျယ်ကြီးထဲတွင် သူ့ကို တွေ့နိုးနိုးဖြင့် မျှော်ကြည့်သည် ။ စိမ်းစိုစို အုန်းရွက်ဖားဖား ကြားတွင် တစ်ထပ်တိုက် ပုပုလေးကိုသာ မြင်ရသည် ။ တစ်ခါတလေများ ဆုံလေမလား ဟု ထင် တွေးလုံးဖြင့် ဖြတ်မြဲ လျှောက်မြဲနေသည် ။ ခြံထဲတွင် လူရိပ်ခြည် ကင်းသည်သာ များသည် ။ သူ့ကို မြင်ရခဲ၏ ။ အိမ်ပေါ်မှ သူ ဆင်း၍ ခြံတွင်း ပုံနှိပ်စက်ဘက် လျှောက်လာသည်ကို တစ်ခါသာ ကျွန်တော် တွေ့ဖူးသည် ။ သူ သိပုံလည်း မရ ။ ကျွန်တော့်ကိုလည်း မကြ ည့် ။ 

••••• ••••• •••••

၆ ။

ရင်းနှီးမှု တစ်စုံတစ်ရာရရန် နည်းလမ်းကို ကျွန်တော် တစ်ယောက်တည်း တွေးသည် ။ လမ်းမမြင် ။ ကိုပြေ့ ကောင်းမှုကြောင့် သူ့ဆီ ရောက်ဖို့ အခွင့်သာလေ၏ ။ ကိုပြေတို့ ဇနီးမောင်နှံ ငွေရတု အထိမ်းအမှတ် မင်္ဂလာ ဧည့်ခံပွဲ အတွက် ဖိတ်စာရိုက်ရန် သူ့ ပုံနှိပ်တိုက်သို့ ရောက်ကြသည် ။ ကိုပြေ ၊ ကိုသိုက်ထွန်းသက် ၊ ကိုရွှေမိုး တို့နှင့် ကျွန်တော် လိုက်သွားသည် ။

သူက ရဲရဲတောက် အော့ဖ်ဆက် ကို ဦးစီး၍ နေသည် ။ ကျွန်တော်တို့ ရောက်သွား သောအခါတွင် နမူနာ ဖိတ်စာပေါင်းစုံကို ထုတ်ယူ ပြသလေ၏ ။ ကျွန်တော်က သူ ပြလာသော ဖိတ်စာများ ပေါ်တွင် စိတ်မရှိ ။ သူ့ကိုသာ မသိမသာ ငေးကြည့် ခိုးကြည့်သည် ။ သူ နဂိုနေလေးကိုက လှပနေသည် ကျွန်တော်တို့ကို သူက နိုင်ငံခြားပို့ ဒူးယား တစ်ဘူး ဧည့်ဝတ်ပြု၏ ။ ကျွန်တော့်ကို ကြည့်မလား ၊ မျက်လုံးချင်း ဆုံမလား မျှော်သည် ။ စိုးစဉ်းမျှ မျက်စိ မရောက်  ။ ကျွန်တော်တို့ကို ရှမ်းခေါက်ဆွဲ ကျွေးသေးသည် ။ မစားမီ ကပင် ဝ၍ နေချေ၏ ။ အပြန်လမ်းတွင် ကိုရွှေမိုး က ကိုအောင် ဘယ်တော့ ဖိတ်စာရိုက်မှာလဲ ဟု မေးသည် ။

ကျွန်တော့်ကို စသည် ထင်၍ ပျော်မြောက်လေ၏ ။ ထို့ထက် ပိုကဲ၍ သူ့ထံ ကျွန်တော့် တယ်လီဖုန်းနံပါတ် ပေးခဲ့ရသဖြင့် ရင်၌ ဝမ်းသာမိပြန်သည် ။

••••• ••••• •••••

၇ ။

စာအုပ်ရာသီလပိုင်း ဝင်လာသည် ။ ဖြန့်ချိရေး အလုပ်များ ခါတိုင်းထက် ပိုရှုပ်သည် ။ အနားမနေနိုင် ။ ရန်ကုန်နှင့် နေ့စဉ် ဖုန်းအဆက်အသွယ် ပြုရသည် ။ နေ့စဉ် စာရင်း ၊ လချုပ် ၊ လကျန် စာအုပ်များ ၊ လက်ကျန်စာရင်းများ လုပ်သည် ။ အလုပ်ထဲ နစ်နေရ၍ သူ့ကို မေ့နေသည် ။ တွေးချိန် မရ ။ သူ့အိမ်ဘက် ရောက်ဖို့ မလွယ် ။ သွားစရာအကြောင်းပြချက်လည်း မရှိတော့ ခက်၏ ။

သူနှင့် မတွေ့ရသည် မှာ နှစ်လကျော်ရှိပြီ ။ တစ်ခါတလေ နေ့ခင်းဘက်ဆိုင်တွင် အဝယ် ပါးသောအခါ ဆိုင်ရှေ့မှာ ထိုင်၍ လမ်းမဘက် ကြည့်မိသည် ။ သူများ မြို့ထဲ အထွက် ကြုံလေမလားဟု တွေးသည် ။ ဆန်နီအဝါရောင် ပစ်ကပ်ကား ဖြတ်သွားတိုင်း ကြည့်သည် ။ ကားနံပါတ် ဖတ်၏ ။ တိုက်ဆိုင်မှု တစ်ခါလေးမျှပင် မကြုံ ။

••••• ••••• •••••

၈ ။

အရှေ့မြောက်မြို့နယ် စာပေလုပ်သားအဖွဲ့က ဦးဆောင်၍ စာပေဟောပြောပွဲ ကျင်းပသည် ။ မြသန်းတင့် ၊ ခင်ဆွေဦး ၊ ဆရာမိုး ၊ ပန်းချီစံတိုး တို့ ၃၁ လမ်း ၊ ဓမ္မသာလ ဓမ္မာရုံ တွင် ဟောပြော၏ ။ ခိုက်ခိုက်တုန်အောင် အေးစိမ့်သော ညချမ်းတွင် ပရိသတ်များ နေရာမလပ် ပြည့်လျှံ ပြွတ်သိပ်သည် ။ အပြင် ဝရန်တာတွင် ရပ်နားထောင်သူ ထောင်၏ ။ ဖျာခင်း မရှိ ။ သမံတလင်းပြင် အေးစက်စက်ပေါ် ဖိနပ်ခု ထိုင်ကြရသည်  ။ တင်ပါး ၊ ဒူးချင်း တိုက်ကြသည် ။

ကျွန်တော် ရောက်သွားသောအချိန်မှာ ဆရာမိုး ဟောနေပြီ ။ ထနောင်းပင် ချိုး နှစ်ကောင် အကြောင်း ရောက်သည် ။ အန်ထွက်နေသော လူအုပ်ကြား တိုးဝင်၏ ။ တံခါးပေါက်မှ ခေါင်းပြူကြည့်နေသည် ။ ဆရာမိုး မျက်နှာ မြင်ရုံသာ ရှိလေသည် ။ “ ကိုအောင် ၊ ဒီလာပါလား ” ဟု ထိုင်နေသော လူတွေ ကြားမှ အသံထွက်လာသည် ။ တံခါးနှင့် သုံးလေးယောက်ကျော်တွင် ကိုငြိမ်းချမ်း ၊ တင်တင်မာ ၊ ကိုသင်းဝေ ၊ အေးတို့ ကို မြင်ရသည် ။

ဖိနပ်ချွတ် ၊ ကန်တော့ဟု ရွတ်ရင်း ထိုင်နေသော လူများ အကြား ဝင်သည် ။ ဖင်တစ်နေရာစာ လွတ်အောင် ကိုငြိမ်းချမ်းတို့ ကြွပေး ကျုံ့ပေးကြသည် ။ နောက်ကျတယ်ဟု တင်တင်မာ မေးသည် ။ “ ဟုတ်တယ် ၊ ရန်ကုန်က ထုတ်ဝေသူတွေ ရောက်နေတာ ထမင်းလိုက်ကျွေးနေရလို့ ” ဟု ကျွန်တော် ဖြေရသည် ။ လူတွေ ကြားမှာပင် ဝမ်းဘဲတစ်လိပ် မီးညှိသည် ။ ဆရာမိုး ပြောအပြီးလောက်တွင် ဆယ်နာရီခွဲသည် ။

ဟောပြောစင် အနီး ရှေ့ဆုံးတန်းတွင် လူများကြားမှာ မိန်းကလေး တစ်ယောက် ထိုင် နေသည် ။ အပြာနုထဘီ ၊ ယုန်မွေးဆွယ်တာ ပန်းနုရောင် ၊ နို့နှစ်ရောင် အသားရေနှင့် သူပင် ဖြစ်လေသည် ။

ဒေါ်ခင်ဆွေဦး စကားစပြောသည် ။ မျက်စိ အာရုံက သူ့ထံ ရောက်နေသည် ။ ပရိသတ်များ တိတ်ဆိတ်ငြိမ်သက်နေကြသည် ။ သူက ဆရာမကြီး ကိုသာ ငေးကြည့်နေ လေသည် ။ ကျွန်တော် ပင့်သက်သာသာ ရှူမိသည် ။ တစ်ခါ တစ်ခါ၌ မူ သူသည် စာအုပ်လေးထဲတွင် လိုက်မှတ်နေဟန် ရှိသည် ။

သူ ဟေး သူတို့ ဒီမှာ ဒီမှာ ထိုင်နေတယ်ဟေ့ ဟု လက်ပြ အော်ဟစ်ပစ်လိုက်ချင်သည် ။ ဒေါ်ခင်ဆွေဦး ပြောနေသော ဗိုလ်အောင်ကျော် အကြောင်း ၊ မဟာဆွေ အကြောင်း ၊ ဂျပန်တော်လှန်ရေး အကြောင်းတို့ကို ကျွန်တော် နားမဝင်တော့ ။ စိတ်အစဉ်သည် သူ့ ထံ၌သာ တည်တံ့၍ နေ၏ ။

သူ ။

ဝေါခနဲ ပွဲကျသံကို ကြားလိုက်ရသည် ။ ကျွန်တော့် အာရုံ ကိုယ်မှာ ပြန်ကပ်သည် ။ သံ ဃာတော် တစုတဝေး ထပြန်သည်ကို မြင်သည် ။

ညအိပ်ရာထဲတွင် သူ့ကို မြင်သည် ။ သူ့ကို တွေ့ရသည် ။

ကျွန်တော့် သွေးများ နွေး၍ ရင်မှာ အေးလေ၏ ။

••••• ••••• •••••

၉ ။

“ အောင်အောင်လား ၊ တို့ မွေးနေ့ ဖိတ်မလို့ ဖုန်းဆက်တာ ၊ လာမှာလား ၊ မဟုတ်ဘူး ၁၉ ရက် ၊ ဒီဇင်ဘာမှ  ၊ မများပါဘူး ။ သူငယ်ချင်း နည်းနည်းလေး ဖိတ်တာ ”

••••• ••••• •••••

၁၀ ။

“ အောင်အောင် လားဟင် ၊ ခုမှပဲ ဖုန်းဆက်လို့ ရတာ ။ တို့က ဒီလောက် မတုံးသေးပါဘူးနော် ။ မြင်လိုက်တာနဲ့ တစ်ခါနှစ်ခါ စကားပြောဖူးတာနဲ့ သိတယ် ။ ဘယ်လိုပြော ရမလဲ ၊ ဘာခံစားချက်မှ ကို မရှိတော့တာ ”

“ ခုအသက်အရွယ်ထိ ကိုယ် လုပ်ချင်တာ ဘာတစ်ခုမှ မလုပ်ရသေးဘူး ။ ဖေဖေတို့ စီမံတာပဲ ကောင်းတယ် ထင်လို့ လုပ်ကြတာပဲလို့ ပြောနိုင်တော့တယ် ။ ဘာတစ်ခွန်းမှလည်း မမေးချင်ဘူး ။ မေးစရာ စကားလည်း မရှိဘူး ။ ဟိုလူ ကတော့ ပြောတယ် ။ စိတ်ဝင်စားတယ်ပေါ့လေ ”

“ ပြင်နိုင်ခဲတဲ့ သုံးချက် ဆိုတော့လည်း ဖြစ်ပြီးမှ ဆိုရင် ကိုယ်က မိန်းမ အနာဘက်က ချည်းပဲ ။ တို့က လွဲလို့ အားလုံးက ဝိုင်းစီစဉ်နေကြတာ ။ ဘာမှလည်း မထူးပါဘူး ။ ဘဝ အကျိုးပေးလို့ပဲ ဖြေယူရတယ် ။ ဖေဖေတို့ မှာ ရှိတဲ့ ကိစ္စလည်း ပါမယ် ။ တို့ ကပဲ ဘဝကို မိဘအတွက် စတေးပစ်ရ တော့မလား ”

ကျွန်တော် သူ့စကားကို နားထောင်သည် ။ ဘာပြန် ပြောရမှာလဲ မှန်းဆတွေးကြည့်သည် ။ မသိ ။ စည်းချက် မြန်နေသော ရင်ခုန်သံ အပြင် အမည် မသိသော လှိုက်မောခံစားမှု တစ်ခု ရလိုက်၏ ။ လွင့်မျောနေသော တိမ်ခိုး မြူငွေ့များ နှယ် စိတ်အစဉ်တို့ ကြေမွပျက်စီးရလေသည် ။

မြင်နေကျ သူ့ပုံရိပ်ကို ပြန်တွေးသည် ။ ရီဝေလဲ့လဲ့ ရွှန်းတောက်သော မျက်ဝန်းအကြည့် နောက်တွင် လျှို့ဝှက်ချက် တစ်ခုခုကို ထိန်းချုပ်ထားပုံရသည် ။ အေးဆေးဟန် ၊ ဣန္ဒြေ ရှိဟန် ၊ သူ့သွင်ပြင်နှင့် ရင်တွင်းခံစားမှု တို့ လွဲသွေနေသည် ။ ကျွန်တော် ပြောချင်သော စကားများ ဝါကျ မပီပြင်တော့ ။ တစ်လုံးစီ တစ်စစီ ပြိုလွဲ လွင့်ထွက်ကုန်ရလေသည် ။ ဘာပြောရမလဲ သူ ။

“ အိမ်မှာလည်း ပြဿနာတွေ ရှုပ်ထွေး ထူပူနေတာပဲလေ ။ စာလည်း ဘာစာမှကို မဖတ်ချင်တော့တာ ။ တစ်ယောက်တည်း ငေးနေချင်တယ် ။ တွေးနေချင်တယ် ။ ဘာတွေ ဖြစ်ဦးမယ် မသိဘူး ။ ဒီကိစ္စ စတာလည်း ကိုစိုး ပဲ ၊ သူပဲ ဒါရိုက်တာ ၊ သူပဲ ပြေးလွှားနေတာ ၊ သိပ်ဖြစ်စေချင်ကြတယ်လေ ”

ညဉ့်သည် အေးစက် တိတ်ဆိတ်နေလေသည် ။ ချက်ချက်မြည်သော နာရီသံမှ အပ ငြိမ်သက်နေ၏ ။

“ တို့ အောင်အောင့် ကို စတွေ့ဖူး ကတည်းက သိတယ် ။ သူများတွေ ပြောမှ သိရတာမျိုး မလိုချင်ဘူး ။ မကြားချင်ဘူး ။ ကိုယ်တိုင် မေးချင်တယ် ။ မေးတယ် ။ မေးဖူးတယ်နော် ။ သတိရတယ် ။ တကယ် ပြောတာပါ ။ ဖုန်းလည်း ပြောချင်တယ် ။ ဘယ်လို ပြောရမလဲ ။ မလွတ်မလပ် လုပ်ရတဲ့ အလုပ် မလုပ်ချင်ဘူး ။ ခိုးကြောင်ခိုးဝှ က် မလုပ်ချင်လို့လေ ။ လူကြီးတွေ ရှေ့မှာ ပြောရတာ မကောင်းဘူး ”

“ နောက်တစ်ခု ရှိသေးတယ် ။ စိတ်ထဲမယ် ရှုပ်ထွေး နောက်ကျိနေတာလည်း ပါမယ် ။ ဖုန်း မပြောချင်ဘူး ။ ကိုယ်က တစ်ယောက်ယောက်ကို အော်ပစ်ချင်နေတယ် ။ အပြစ် ရှာချင်နေတယ် ။ ပြောရမယ့်သူ မရှိဘူး ။ ဒါကြောင့် မဆက်ဖြစ်တာ ။ အောင် စောင့်နေမယ် ပြောတာ သိသားပဲ ။ ကိစ္စ မရှိပါဘူး ။ အောင့် ကို တို့ လည်း သိတာပဲ ဥစ္စာ ။ ဒါပေမဲ့ အဲဒါတွေ အားလုံး အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဘာမှ မတွေးဘူး ။ ပြီးခဲ့တာတွေ ပြီးခဲ့ပြီ ။ ထားခဲ့ပြီ ။ ခုကျတော့ လူကြီးတွေ ကောင်းရင် ကောင်းလိုက်တာပဲ ။ မကောင်းဘူးဆို မကောင်းဘူးပေါ့ ။ ဒါပဲလေ အားလုံးက သင့်တော်တယ် ။ ဘာညာဘာညာပေါ့ ဆိုတော့ အစကတည်းက ကိုယ် ချစ်မှ မရတာ သူချစ်ကပဲ ကောင်းပါတယ် ။ ဒီအချိန်မှာ ကိုယ် ချစ်နေတဲ့ လူ ရှိနေလည်း မချစ်တော့ပါ ဘူး ။ သူများကို ဒုက္ခ ပေးသလို ဖြစ်သွားမှာပေါ့ ။ ကိုယ် နေရတာကလည်း သံတမန်တွေ ကြား နေရတာ ။ သူတို့ကလည်း ဝေဖန်ရေး ဆရာတို့ ၊ စာရေးဆရာတို့ ၊ သတင်းစာဆရာတို့ ၊ ကဗျာဆရာတို့ ဆိုတော့ ဘာမှ ပြန်မပြင်ချင်တော့ဘူး ။ တော်တော်ပြောရ ကျပ်တယ် ။ အောင်ရယ် အောင့်ကို အစ်ကိုလို ချစ်တာ ။ ဟုတ်တယ် အောင် မမေးလည်း ပြောမှာ ပဲ ။ အစ်ကိုလို ပို ချစ်ချင်တယ် ။ ဘာဖြစ်လို့လဲ အစ်ကို မတော်စေချင်လို့လား ”

ကျွန်တော့် အသံ စိုးစဉ်းမျှမထွက် ။ ရင်တွင်း မွန်းပိတ်ဆို့နစ်နေသည် ။ သူ သိပုံမရ ။

“ အောင် ပြန်သွားတော့ စားပွဲပေါ်မှာ ပုဂံက ဝယ်လာတဲ့ ယွန်းဟင်္သာစုံတွဲရုပ်လေးကျန်ခဲ့တယ် ။ စိတ်မကောင်းဘူး ။ ပေးလိုက်တဲ့ ဆွဲကြိုးနာရီလေးရော ချောင်ထိုးမထားနဲ့နော် ချောကလက်ထုပ်လေးကော အောင် ကြိုက်တတ်မယ်ထင်လို့ ထည့်ပေးလိုက်တာ ကြိုက်လား ”

“ တို့ စိတ်မကောင်းဘူး ။ အောင့် ကို ဒီလို ပြောပြရတာလည်း နောင်တရတယ် ။ တို့ မှာ ဖွင့်ပြောရမယ့်လူ မရှိဘူး ။ ပြောချင်နေတာ ကြာပြီ ။ တို့လေ နောက်နှစ်လလောက် ကျရင် မင်္ဂလာ ဆောင်ရတော့မှာ ”

••••• ••••• •••••

၁၁ ။

လေးလံနောက်ကျိသော စိတ်လေးကို ဖြေဖျောက်ပစ်ရန် နည်းမမြင် ။ သူနှင့် ဖုန်းမ ပြောဖြစ်တာလည်း ကြာပြီ ။ မတွေးမိစေရန် အလုပ်ထဲ စိတ်ကို နှစ်ထားသည် ။ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပန်းချီဆရာတွေနှင့် မဆုံမိအောင် နေသည် ။ ကိုယ့်အဖြစ်က တစ်ယောက်ယောက်ကို ဖွင့်ဟပြ၍ ရသော ကိစ္စမဟုတ် ။ တစ်ယောက်တည်း ကျိတ်ခံသည် ။ အရက် ကိုလည်း မသောက်တတ်သူဖြစ်၍ နည်းနည်း သောက်ပြီး များများ မူးသည် ။ ဆက်မသောက်ချင် ။

ကတ္တရာ လမ်းမပေါ်တွင် မန်ကျည်းရွက်ကြွေခြောက်လေးများ ပျံ့လွင့်နေသည် ။ ပြင်း ပြင်းပူသော နွေနေထက် ရင်တွင်းအပူက ပိုမည်ထင်သည် ။ သူ့အသံကို ကျွန်တော် ကြားချင်နေသည် ။ သူ့ကို မြင်ချင်နေသည် ။ ပျင်းရိ ခြောက်သွေ့သော နေ့လယ်ခင်းပိုင်းတွင် မုတ်ဆိတ်လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ထိုင်သည် ။

နည်းနည်းလေး ချစ်ရင်လည်း မလောက် ၊
များများကြီး ချစ်ရင်လည်း မလောက် ။

ကော်နီ့ သီချင်းသံလေးက ပျံ့လွင့်ကြည်မောသည် ။

ဆိုင်ရှေ့ကို တွေငေး ကြည့်နေမိလေသည် ။ စိမ်းဝါခြောက်ခြောက် ဗာဒံရွက်လေးများ လေ မှာ ဝဲနေသည် ။ ဆိုင်ပေါက်ဝတွင် စက်ဘီးဒေါက်ထောက်နေသော ကိုစိုး ကို မြင်သည် ။

ကျွန်တော် ထိုင်နေသော စားပွဲကို ကိုစိုး တွေ့သွားပုံရသည် ။ ကျွန်တော့် ဆီသို့ သူ တည့်တည့်လာသည် ။ တစ်စုံတစ်ရာ ထူးခြားပြီဟု ကြိုတွေးသိလိုက်သည် ။ လွတ်နေသော ကုလားထိုင်တွင် ဝင်ထိုင်သည် ။ မျက်နှာပြင် အပြောင်းအလဲ မရှိ ။ ပုံရိပ်ဖမ်းမရ ။ သူ ကျွန်တော့်ကို စူးစေ့ရီဝေစွာ ကြည့်နေသည် ။

“ ကိုအောင့် အတွက် လာပေးတာ ” ဟု ပြောရင်း လွယ်အိတ်တွင်းမှ တစ်စုံတစ်ခုကို ထုတ်သည် ။ သူ ကျွန်တော့် မျက်နှာပြင် အပြောင်းအလဲကို တစ်ချက်မလွတ် အကဲခတ် နေမှန်း သိသည် ။

ကျွန်တော် ဘာဖြစ်သွားမှာလဲ ။ သူသိချင် နေပုံရ၏ ။

“ ဟာ ” ဟု အော်ပြလိုက်ရမည်လား ။ နံရံကို လက်သီးဖြင့် ထိုးပြလိုက်ရမည်လား ။ စားပွဲပေါ် ခေါင်းငိုက်စိုက်ကျ ပြရမည်လား ။ “ ဘာလဲ ၊ ခင်ဗျားကိုယ် ခင်ဗျား စိတ်နှလုံးကောင်း ရှိတဲ့ လူပုံမျိုး လာဖမ်းပြနေတာလား ” ဟု အော်ဟစ် ပစ်လိုက်ရမည်လား ။

ကိုစိုး ကျွန်တော့်ကို နဖူးရေ တွန့်ကြည့်သည် ။

ကျွန်တော် သူ့ကို နင့်နင့်နာနာ ကြည့်သည် ။ “ ကိုစိုး အခု ဝတ္ထုတိုတွေ ရေးနေပြီနော် ။ ဝတ္ထုတို အတတ်ပညာတွေလည်း အတော် တတ်နေပါလားဗျာ ” ဟု ပြောမိသည် ။ စားပွဲပေါ်၌ မီးသေနေသော ဆေးလိပ်တို နံဘေးတွင် မင်္ဂလာဖိတ်စာကတ်လေး ငြိမ်သက်စွာ တည်ရှိနေလေသည် ။

••••• ••••• •••••

၁၂ ။

သူနှင့် ပတ်သက်ဖူးသော အရာ မှန်သမျှကို ကျွန်တော် ရှောင်သည် ။ သူ့ကို ကြုံဖူးသော တောင်လေးလုံးကျောင်း ၊ ဦးပိန်တံတား ၊ မယ်ဇယ်ပင်တန်း ၊ အနုရုဒ္ဓါချောင် ဓမ္မသာလ ၊ နဂါးစာပေ ၊ ဥတ္တရလွင်ပြင် စာအုပ်ဆိုင် ၊ ဒေါင်းအိုးဝေ စာအုပ်ဆိုင် ၊ ခရမ်းရောင်စာပေ ၊ ဝင်းစာပေ ၊ အဏ္ဏဝါ အအေးဆိုင် ၊ ဧရာဦး အအေးဆိုင် ၊ အေတီးဟောက်စ် ၊ ရွှေပါတီကာကာဆိုင် ၊ ဈေးချို အလယ်ပေါက်တို့ကို ကျွန်တော် မသွားတော့ ။

သည်နေ့ သူ့မင်္ဂလာပွဲနေ့မှန်း သိသည် ။ နေ့ခင်း မင်္ဂလာဧည့်ခံပွဲကို ကိုသိုက်ထွန်းသက် ၊ ကျော်မျိုးဆက် တို့ သွားကြသော်လည်း ကျွန်တော် မလိုက်ခဲ့ ။ မမြင်ဝံ့ ။ သတ္တိ နည်းသူဟု ဆိုချင်ဆိုတော့ ။ ကျွန်တော် ခံစားရမည်ကို ကြောက်သည် ။ ကျွန်တော့် ရင်တွင်း မီးတောင် ပေါက်ကွဲမည်ကို သိသည် ။

သူတို့ မင်္ဂလာပွဲမှ ပြန်လာကြသောအခါ ကျွန်တော့်ကို လိုက်ရှာကြပုံရ၏ ။ ကျွန်တော် သွားဖူးသည့် နယူးဟောင်ကောင်ကို လိုက်လာကြသည် ။ ကျွန်တော် အရာရာကို မသိ ။ မခံစား ။ ရင်တွင်းပူလောင်သည် ။ အိမ်ကို သူတို့တွေ ပြန်ပို့ ပေးပုံရသည် ။ ကျွန်တော် သတိရတော့ အခန်းထဲက ကျွန်တော့် ခုတင်ပေါ် ရောက်နေသည် ။ အာခေါင်တစ်ခုလုံး ခြောက်ကပ် ပူစပ်နေသည် ။ 

ရေအေးအေး တစ်ခွက် သောက်လိုက်ချင်သည် ။ ရေသောက်ဖို့ အိပ်ရာမှ ထသည် ။ စစ်စစ် ကိုက်သော ဦးခေါင်းသည် ထုံကျဉ်အုံခဲနေသည် ။ စားပွဲပေါ်မှာ ရေဖန်ချိုင့် ရှိသည် ။ မေမေ အဆင်သင့် တင်ပေးထာတာ ဖြစ်မည် ။ ရေတစ်ခွက် မြန်မြန် သောက်လိုက်သည် ။ လည်ပြွန် တစ်လျှောက် အေးစိမ့် ဆင်းသွားသည် စားပွဲပေါ်က နာရီလေးသည် မနက် တစ်နာရီကို ပြနေသည် ။ ကျွန်တော် အိပ်ပျော်နေတာ ကြာခဲ့ပြီပဲ ။ သူ့ မင်္ဂလာဦးညတောင် ကျော်လွန် ကုန်ဆုံးခဲ့ပါပကောလား ။ 

သူရယ် ။

သူ ပေးထားသော ရွှေဝါရောင် ဆွဲကြိုးနာရီလေး ခုတင်ခြင်ထောင်တိုင်တွင် ငြိမ်သက်စွာ ရှိနေသည် ။ နံရံပေါ်မှာ ကော်နီ့ပုံလေးက ကျွန်တော့်ကို တွေတွေရီရီ ကြည့်နေသည် ။

သူ အိပ်ပျော်နေမှာလား ။ ကျွန်တော် လွမ်းချင်နေသေးသည် ။

“ တူ တူ ”

တိတ်ဆိတ်ဆိတ် အေးစက်စက် ညကို တယ်လီဖုန်းသံက ဖျက်ဆီးပစ်လိုက်သည် ။

ဟော ဒါ တယ်လီဖုန်းသံပဲ ။ သေချာရဲ့လား ။ ကျွန်တော့်ကိုယ် ကျွန်တော် သေချာမှု ရှိ မရှိ အရင် မေးကြည့်သည် ။ ခုတင်ပေါ် ထထိုင်လိုက်မိသည် ။ ဟုတ်တယ် ။ တယ်လီဖုန်းသံ ။ ဒီ အချိန်ကြီးမှာ ကျွန်တော့်ဆီ ဘယ်သူ တယ်လီဖုန်း ဆက်မှာလဲ ။ ဘယ်သူ ဆက်တတ်မှာလဲ ။ ကျွန်တော့် အိမ်သည် မီးသတ်ဌာန မဟုတ် ။ ရဲစခန်း မဟုတ် ။ ဆေးရုံ မဟုတ် ။ ကောင်စီရုံး မဟုတ် ။ ဖုန်းသံ သေချာသည် ။

ကျွန်တော့် နှလုံးသည် တစ်သက်လုံးတွင် အပြင်းထန်ဆုံး အပေါက်ကွဲဆုံး ခုန်မြည်နေသည် ။

ဟုတ်တယ် ဖုန်းလာတယ် ။ ကျွန်တော် ခုတင်ပေါ်မှ ဆင်းသည် ။ ရပ်သည် ။ အခန်း တံခါးကို ဖွင့်သည် ။ စားပွဲပေါ်မှာ တယ်လီဖုန်းသံ မြည်နေသေးသည် ။ ကျွန်တော့်ကို ခေါ်နေသည် ။ ကျွန်တော့် တစ်ကိုယ်လုံး တုန်သည် ။ မွေးညင်း ကြက်သီး မျှဉ်းမျှဉ်းထသည် ။ လက်ချောင်းလေးတွေ တဆတ်ဆတ် လှုပ်ခါနေသည် ။ ပုခက်တွင်းမှ တယ်လီဖုန်းကို မ ယူရန် အားစိုက်သည် ။ တယ်လီဖုန်းကို ကျွန်တော် ဆတ်ခနဲ မ လိုက်ပြီး နားဆီကို အလျင်စလို ကပ်လိုက်သည် ။

ဘယ်သူလဲ ၊ ဘယ်သူလဲ ။ ကျွန်တော့် အသံက ရင်ခေါင်းတွင်း တိုးဝင်ပျောက်နေ၏ ။ မထွက် ။

“ အောင် လားဟင် ”

သူ ဟုတ်တယ် သူပဲ ။ ကျွန်တော် ပျော်သည် ။ အထိန်းအကွပ် အတားအဆီးမဲ့ ဝမ်းသာသည် ။

“ ဟုတ်တယ် ၊ အောင်လေ ၊ အောင် ။ သူ သူ လား ”

“ အောင့် ကို သတိရလို့ ဆက်လိုက်တာ ၊ အိပ်တော့နော် အိပ်နော် ”

သူ ဖုန်းချသွားသည် ။ ကျွန်တော့် နှလုံးခုန်သံတို့ ရုတ်ခြည်း ပျောက်လွင့်သည် ။ အသက်ရှူဖို့ အသိတို့ ကုန်ဆုံး၏ ။ ကျွန်တော့် လက်ထဲတွင် တယ်လီဖုန်းကို ကိုင်ထားဆဲ ရှိနေသည် ။

စာပေ အသိုက်အဝန်း ကြားတွင် နေထိုင်ရင်း ရင်ထဲက ထွက်ပေါ်လာသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည် ။

▢  ပြေ ( ဆေး - ၂ )

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဇွန်လ ၊ ၁၉၈၇ ခုနှစ်

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      သြဂုတ်လ ၊ ၂ဝဝ၉ ခုနှစ်

Wednesday, November 26, 2025

နှုတ်ခမ်းနီမ ( ရဲ့ ) ပြေ ( ဆေး - ၂ )


 

❝ နှုတ်ခမ်းနီမ ( ရဲ့ ) ပြေ ( ဆေး - ၂ ) ❞

စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်းကဏ္ဍမှာ ဒီလ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ဆရာကတော့ လူငယ်စာရေးဆရာ တစ်ဦး ဖြစ်တဲ့ “ ပြေ ( ဆေး - ၂ ) ” ပါပဲ ။ ဆရာပြေ က လုံးချင်းဝတ္ထု အနေနဲ့ “ နှုတ်ခမ်းနီမရယ်က ပန်းဆီသ,ကာ ရယ်ကာချိုရွှင် ” တစ်အုပ်ပဲ ထွက်သေးပေမဲ့ မဂ္ဂဇင်းဝတ္ထုတို တော်တော်များများ ရေးခဲ့ပြီး ဖြစ်ပါတယ် ။ ဆရာပြေ နဲ့ ပြောဖြစ်ခဲ့ကြတာတွေကို တင်ပြပေးပါရစေ ။

••••• ••••• ••••• 

🆆 🅽 “ နှုတ်ခမ်းနီမ ” အကြောင်း အရင် ပြောကြရအောင်လား ဆရာ ၊ ဒီဝတ္ထုက အမျိုးသမီးစားပွဲထိုး ဖြစ်လာရတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ရေးထားတဲ့ ဝတ္ထုနော် ၊ ကျွန်တော်တို့ မြန်မာတွေက စားပွဲထိုးမိန်းကလေး ဆိုရင် အထင်သေးကြတယ် ။ “ ဟိုတယ်မယ် ” လို့လည်း ကင်ပွန်းတပ်ကြတယ် ။ နှုတ်ခမ်းနီမနဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်တာက ...

ဒီဝတ္ထုဟာ တစ်စုံတစ်ယောက်ရဲ့ တကယ့် အဖြစ်အပျက်လား ၊ ဒါမှမဟုတ် ဆရာ့စိတ်ကူးယဉ် သက်သက်ပဲလား ။

🅟 ကျွန်တော့်ရဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထု ဖြစ်တဲ့ “ နှုတ်ခမ်းနီမရယ်က ပန်းဆီသကာ ရယ်ကာ ချိုရွှင် ” ကို ကိုဝင်းငြိမ်း ဖတ်ပြီးမှ မေးတယ်လို့ ယူဆပါတယ် ။ ကိုဝင်းငြိမ်း ဖတ်ပြီးပြီ ဆိုရင်တော့ ဒီဝတ္ထုဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ် ။ တစ်စုံတစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်လား ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ ။ ကျွန်တော် ဆိုလိုတာက စားပွဲထိုးကောင်မလေး တစ်ယောက်တည်း အကြောင်း မေးပြီး ရေးထားတာ မဟုတ်ဘူးလို့ ပြောချင်တာပဲ ။ ဒီစားပွဲထိုးကောင်မလေး အတော်များများရဲ့ ကိုယ်စားပြု ဇာတ်ကောင် တစ်ခုလို့ ဆိုချင်ရင်တော့ ရနိုင်ပါတယ် ။

🆆 🅽 နှုတ်ခမ်းနီမကို ရေးနိုင်ဖို့အတွက် ဆရာ ၊ ဘယ်လို လေ့လာခဲ့ပါသလဲ ။

🅟 နှုတ်ခမ်းနီမကို ရေးနိုင်ဖို့အတွက် ဘယ်လို လေ့လာရသလဲဆိုတော့ ပြောရရင် အရှည်ကြီးပေါ့ဗျာ ၊ ကျွန်တော် ဆေးကျောင်းသားဘဝတုန်းက ဆိုပါတော့ ၊ ဆေးကျောင်းမှာက စာမေးပွဲတွေက တစ်လတည်းကို အမျိုးစုံအောင် ဖြေရ ၊ ကျက်ရ အစုံပေါ့ဗျာ ။ လူပင်ပန်း စိတ်ပင်ပန်း အတော်ခံကြရတယ် ။ အဲလိုဆိုတော့ တစ်ခါ တစ်ခါ စာမေးပွဲလေးတွေ ပြီးရင် လူကို နုံးခွေကျန်ခဲ့တာချည်းပဲ ။ ဒါနဲ့ အရက်ကို နည်းနည်း စမ်းသောက်ကြည့်ကြတာပေါ့ ။ လူဆယ်ယောက်မှာ ခုနစ်ယောက်လောက်ကတော့ အနည်းနဲ့အများ သောက်ကြတာပဲ ဆိုပါတော့ ။ ကျွန်တော်က မန္တလေး ဆေးတက္ကသိုလ်မှာ စတက်ရတော့ မန္တလေး ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းနှီးရတယ် ။ မန္တလေး မှာ အဲဒီလိုပဲ သူငယ်ချင်းတွေ စုစုပြီး အရက်သောက်တတ်ခဲ့တယ် ။ စာမေးပွဲ တစ်ခါ ပြီးတိုင်း ဆိုပါတော့လေ ။ ဆိုတော့ ကျွန်တော်တို့ဟာ စားပွဲရုံ အတော်များများကို ဆေးကျောင်းသားဘဝမှာ ကိုက ရောက်ခဲ့ဖူးလှပြီ ၊ မူးခဲ့ဖူးလှပြီ ၊ ရမ်းခဲ့ဖူးတာလည်း ပါတယ် ၊ စုံတာပေါ့ ။ ဒီနေရာမှာ ကျွန်တော်က ဘာလေးပဲ လုပ်လုပ် စာရေးချင်တဲ့ ဝါသနာက သွေးထဲမှာ အမြဲရှိနေတော့ ရောက်ခဲ့တဲ့ စားပွဲရုံက စားပွဲထိုး ကောင်မလေးတွေရဲ့ စရိုက်တွေ ၊ အကျင့် ၊ အမူအရာ ၊ စိတ်ထား က အစ သတိထားနေမိတာ များတယ် ။ ကိုယ်နဲ့ အမြဲလို ဆေးကျောင်း သက်တမ်းတစ်လျှောက်မှာ သိနေ မြင်နေရတော့ ခေါင်းထဲမှာ စွဲနေတယ် ။ နောက် ရန်ကုန် ဆေးတက္ကသိုလ် ၂ ကို ပြောင်းတော့ ဒီ ရန်ကုန် မှာက ပိုဆိုးတာပေါ့ ။ ကျွန်တော်တို့ ခေတ်တုန်းက ပြောပါတယ် ။ ခုတော့ မရှိပါဘူး ။

ပြောချင်တာက သူတို့တွေရဲ့အကြောင်းကို အပေါ်ယံလေး ရှပ်ကြည့်ရင်တော့ လှလှပပဝတ်မယ် ၊ ဆိုင်လာတဲ့ လူကို မြှူမယ် ၊ ချွဲမယ် ၊ ချူမယ်ပေါ့ ထင်စရာ ရှိတယ် ။ ဒါပေမဲ့ သူတို့တွေရဲ့ ဘဝကို အတွင်းကျကျ ဝင်ကြည့်လိုက်ရင် အတော်လေးကို စိတ်ညစ်စရာတွေ ပြည့်နေတော့တာပဲ ။

တစ်ခုတော့ ရှိတာပေါ့လေ ၊ ကျွန်တော် ပြောနေတဲ့ အပိုင်းဟာ ရိုးရိုးသားသာ ဝမ်းရေးအတွက် စားပွဲထိုးလုပ်စားတဲ့ ကောင်မလေးတွေကို ပြောတာပဲ ။ စားပွဲထိုး လုပ်သော သူတို့ကို ဘာအထင်သေးစရာ ရှိသလဲ ။ ကျွန်တော်တော့ ဒီလိုမြင်တယ် ။ နိုင်ငံခြားမှာ သူဌေးသမီးလည်း စားပွဲထိုးလုပ် ၊ ပန်းကန်ဆေး ဝင်လုပ်ပြီး ကျောင်းတက်ကြတာ ရှိတယ် ။ ဒီတော့ ရိုးရိုးသားသား လုပ်ကိုင်စားတယ် ၊ အကျင့်စာရိတ္တ မဖောက်ပြားဘူး ဆိုရင် လေးစားရမှာပဲ ။ အဲဒီဘက်က ကျွန်တော် မြင်ပြီး ရေးတာပဲ ။ လောကမှာ အကောင်းနဲ့ အဆိုးက ဘယ်နေရာမှာ မဆို ရှိတာပါပဲ ။ အရာရာကို အမြင် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး ။ ခုခေတ် ကောင်မလေးတွေရဲ့ နေပုံထိုင်ပုံ ဝတ်စားဆင် ယင်ပုံကို ကြည့်ပြီး ပြောလို့ မရဘူး ။ သူတို့ ဝမ်းထဲက စိတ်ကို မှန်းလို့ မလွယ် ဘူး ။ ကျွန်တော့် အဖို့ သိပ်ပြီး ကွင်းဆင်းရတာတို့ ၊ ပြည်သူကြား လေ့လာရတာတို့တော့ မပြောချင်လှပါဘူး ။ ဒီဝတ္ထုလေး ရေးဖို့ ကျွန်တော် အတော် ရင်းရပါတယ် ။ ပိုက်ဆံ အတော် ကုန်တာဗျ ။ စာမူခ ရတော့လည်း သူငယ်ချင်းတွေကို ပြန်တိုက်ရလို့ ချောတာပါပဲ ။

🆆 🅽 မီမီတို့လို စားပွဲထိုး မိန်းကလေးတွေ အပေါ် ဆရာ ဘယ်လို မြင်ပါသလဲ ။

🅟  မီမီ တို့လို စားပွဲထိုးမျိုးကို ဘယ်လို မြင်သလဲ ဆိုတော့ မီမီ လို အိမ်တာဝန်တစ်ခုလုံးကို ထမ်းနေရတဲ့ ကောင်မလေးတွေ ၊ အရှက်ကို ငဲ့မနေဘဲ ရိုးရိုးသားသား အလုပ်လုပ်တဲ့ ကောင်မလေးတွေ ၊ စာရိတ္တ အပဲ့မခံဘဲ အလုပ်လုပ်စားတဲ့ ကောင်မလေးတွေကို လေးစားတယ် ။

🆆 🅽 လူသာ ပဓာန ဖြစ်တဲ့အတွက် စားပွဲထိုး မိန်းကလေးတွေ မရှိသင့်ဘူး ဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လိုမြင်ပါသလဲ ။

🅟 စားပွဲထိုး ရှိသင့် ၊ မရှိသင့် ဆိုတာကတော့ တိုင်းပြည်ရဲ့ အာဏာပိုင်အဖွဲ့အစည်းနဲ့ ဆိုင်မှာပါ ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ရှုထောင့်တွေနဲ့ ချိန်ထိုး ကြည့်ရင်လည်း တစ်မျိုးပေါ့လေ ။

ကျွန်တော် ကတော့ ရိုးရိုးပဲ မြင်တယ် ၊ ကောင်းတဲ့လူ ကောင်းမှာပဲ ။ လူတွေမှာ ဆုံးဖြတ်ပိုင်ခွင့်တော့ ရှိရမှာပေါ့ ၊ ရွေးချယ်ပိုင်ခွင့် အများကြီးပေါ့ ။

🆆 🅽 ဆရာ ဘာကြောင့် လုံးချင်း ဆက်မရေးဖြစ်သေးတာလဲ ။

🅟  ကျွန်တော် လုံးချင်း ဆက်မရေးဖြစ်သေးတာကလည်း အကြောင်းတွေ ပေါင်းစုံ တစ်ချိန်တည်း လာတိုက်ဆိုင်နေလို့ပဲ ၊ ဒုတိယအုပ် ဖြစ်တဲ့ “ တောင်ကုန်းနားက ယုန်ကလေး ခုန်၍ ခုန်၍ ပြေး ” ဆိုရင် တစ်နှစ်တိတိ ကြာသွားတယ် ၊ ခုတော့ ရပါပြီ ၊ ရှေ့လလောက်မှာ အင်ကြင်းမြိုင်စာပေက ထွက်ပါမယ် ။

လုံးချင်း ရေးရတာကလည်း ခက်ပါတယ်ဗျာ ၊ ကျွန်တော် ခုရေးနေတဲ့ သရုပ်မှန်စာပေ ဆိုတဲ့ လိုင်းကြောင်းကို အခုတစ်လော ဘဝင်မကျဘူး ဖြစ်နေတယ် ၊ ကျွန်တော်တို့ ရေးနေတဲ့ စာတွေဟာ ဘယ်အတိုင်းအတာထိ သရုပ်မှန်သလဲ ဆိုတာ တွေးကြည့်ရင် တစ်မျိုးပေါ့ဗျာ ၊ သရုပ်မှန်စာပေဟာ ခေတ်တစ်ခုရဲ့ ကြေးမုံပြင်လို့ ဆိုတဲ့ စကားကို နည်းနည်း သံသယ ဝင်လာချင်တယ် ၊ ကြေးမုံပြင်ဟာ ဘယ်လို ကြေးမုံပြင်လဲ ဆိုတာ ဆန်းစစ်ဖို့ လိုလာပြီလို့ ထင်တယ် ၊ လှိုင်းအတွန့်လေးတွေ ပါသလားပေါ့ ၊ ခုန လုံးချင်းအကြောင်း နည်းနည်းပြောချင်သေးတယ် ၊ နှုတ်ခမ်းနီမ ဝတ္ထုက စားပွဲထိုးမအကြောင်းတစ်ခုတည်း မဟုတ်ပါဘူး ၊ ပြောချင်တာတွေ အများကြီး ပါပါသေးတယ် ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေရာရပ်တည်မှုပေါ့လေ ၊ အဲဒါလေးလည်း ပြောချင်တာပါ ၊ ကျွန်တော် ရေးတာ လိုသွားလို့ရင်လည်း ဖြစ်ပါလိမ့်မယ် ။

🆆 🅽 ဝတ္ထုတို နဲ့ ဝတ္ထုရှည် ခွဲခြားကန့်သတ်မှုကို ဆရာ ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ။

🅟  ဝတ္ထုတိုနဲ့ ဝတ္ထုရှည် ခွဲခြားသတ်မှတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ဆိုတာကတော့ ပညာရှင်တွေ အလုပ်ပါ ၊ ကျွန်တော်က ဝတ္ထုရေးသမား ဆိုတော့ နားလည်သလိုပဲ ပြောပါ့မယ် ။

ဝတ္ထုတို ဟာ ဓာတ်ပုံတစ်ပုံ ရိုက်ချက်နဲ့ တူတယ် ၊ ကိုယ်လိုချင်တဲ့ အကွက်ကို အမိအရ ရိုက်ပြတာပဲ ၊ ပုံထွက်လာရင် ပုံထဲမှာ ပါတဲ့ အတိုင်းပဲ အပိုထပ်ဖြည့်ပြလို့ မရဘူး ၊ မရိုက်ခင်က ကိုယ့်ဟာကိုယ် လိုတာကို ကြည့်ထားရမယ် တွေးထားရမယ် ၊ ပုံထဲပါအောင် အမိအရ ရိုက်မယ် ။

ဝတ္ထုရှည်ကတော့ ရုပ်ရှင်ရိုက်သလို နေမယ် ၊ ပြောချင်တာတွေကို စီကာပတ်ကုံး လှလှပပ သိုက်သိုက်ဝန်းဝန်း လုပ်ပြလို့ ရတယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ထင်တယ် ။

🆆 🅽 စာရေးဆရာတွေ အားလုံးနီးပါး မဂ္ဂဇင်းကိုယ်စီ နဲ့ အယ်ဒီတာတွေ ဖြစ်လာချိန်မှာ ဆရာကော အယ်ဒီတာ မလုပ်တော့ဘူးလား ။

🅟  ဒီမေးခွန်း ဖြေရတာ ခွကျသားဗျ ၊ အယ်ဒီတာ မလုပ်တော့ဘူးလား ဆိုတော့ လုပ်ခဲ့ဖူးတာကို ပြောတာလား ၊ အလကားပါဗျာ ၊ ကျွန်တော် အယ်ဒီတာ မလုပ်ခဲ့ရပါဘူး ၊ အယ်ဒီတာ အလုပ် ၊ မဂ္ဂဇင်းတစ်ခုရဲ့ လုပ်ငန်း ၊ စာမူ ဖတ်တာကနေ ဆိုင်ပေါ် ရောက်တဲ့အထိ သိချင်လို့ ၊ သိသင့်တယ် ထင်လို့ တစ်ခါက ဝင်ကူညီပေးခဲ့ဖူးတာပါ ၊ အယ်ဒီတာအလုပ် ဆိုတာ ဘာလဲတော့ ကျွန်တော် မသိလိုက်ပါဘူး ၊ လူထဲက ဝတ္ထု ၊ ဝတ္ထုထဲက လူ အကြောင်းပဲ ကောင်းကောင်း သိလိုက်ရဖူးပါတယ် ။

အယ်ဒီတာ လုပ်တာထက် စာရေးချင်တာက ပိုပါတယ် ၊ အသက်ကြီး လာရင်တော့ မပြောတတ်ဘူးပေါ့ဗျာ ။

🆆 🅽 ဆရာဝန်စာရေးဆရာ ဆိုတာ အရင်တုန်းကတော့ ဆေးဝတ္ထုပဲ ရေးခဲ့ကြတယ် ၊ အခု ဆရာဝန် စာရေးဆရာတွေက ( အများအားဖြင့် ) သရုပ်မှန်စာပေဘက် ကူးလာကြတယ် ၊ ဘာကြောင့်ပါလဲ ။

🅟  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် လင်း ( ဆေး - ၁ ) နဲ့  မောရူးဆိုး တို့နဲ့ တစ်ခါ ပြောဖူးတယ်ဗျ ။

ကျွန်တော် ထင်တာတော့ ဟိုအရင်က ဆရာဝန်တွေ ရေးကြတာက လူတွေအတွက် ဆေးပညာ ပေးချင်တယ် ၊ ကျန်းမာရေး ဗဟုသုတကို သကြားလုံးပြီး ပေးတယ် ၊ ရောဂါတစ်ခုကို မူတည်ပြီး ဇာတ်ကွက်ချပေးမယ် ၊ ဆရာဝန်က ပင်တိုင်ဇာတ်ကောင် ၊ ဇာတ်ရုပ်သေနဲ့ ရေးတယ် ။ ဆရာဝန်ဘက်က အမြင်နဲ့ ရေးကြတယ် ။ ကျွန်တော် ငယ်ငယ်ကလည်း ဆရာမောင်သင် ၊ ဒေါက်တာ ထွန်းရွှေတို့ ဝတ္ထုတွေ ဖတ်ပြီး စာရေးချင်လာတာပဲ ။ အားကျတာလည်း ပါတယ် ။ ဒီနေရာမှာ ရသစာပေ ရေးတဲ့ ဆရာဝန်ပိုင်းကို ပြောတာပါ ၊ သုတပိုင်း ရေးတဲ့ ဆရာဝန် ကိုတော့ မပြောလိုပါဘူး ။

ဒါ သူ့ခေတ်နဲ့သူ ၊ သူ့စာဖတ်ပရိသတ်နဲ့သူ ရှိနေခဲ့တာပဲ ၊ အခု ကျွန်တော်တို့ ဆရာဝန်တွေ စာရေးကြတယ် ၊ ဒါ ဘာလို့လဲ ဆိုတော့ ကျွန်တော့် အမြင်က ဒါဟာ မျိုးဆက်သစ် တစ်ခုပဲလို့ မြင်တယ် ၊ ဒီနေရာမှာ တစ်ခါက ကျွန်တော့်ကို အင်တာဗျူး တစ်ယောက် လုပ်တယ်ဗျ ၊ သူက ဆရာဝန် စာရေးဆရာ ဘဝသရုပ်ဖော် ရေးလို့ ခေါင်းထောင်ကြည့်မိတယ်လို့ ရေးတယ် ။ ခေါင်းစောင်းပြီး ကြည့်လေ့ကြည့်ထ ရှိပုံရတယ် ထင်တယ် ။

ဒီမျိုးဆက်သစ် ဆိုတာ တစ်ချိန်တစ်ခါမှာ စုစုဝေးဝေး အုံနဲ့ကျင်းနဲ့ ပေါ်လာတာပဲ ၊ ဘယ်သူကမှ ပြောလို့ စုပေးလို့ တင်ပေးလို့ မဟုတ်ဘူး ။ ခေတ်အခါ အချိန်ကိုက ကျွန်တော်တို့တွေ စာရေးဖြစ်ကြဖို့ ဖန်တီးပေး လာတာပဲ ။

ဒီလိုပဲ မျိုးဆက်သစ် New Generation ဟာ တစ်စုံတစ်ယောက်က လုပ်ပေးလို့ ဖြစ်လာရတာ မဟုတ်ဘူး ၊ ကျွန်တော်တို့ လုပ်ခဲ့တဲ့ကိစ္စ ကိုယ့်ဟာကိုယ် သိကြပါတယ် ။

သရုပ်မှန်ဘက် ကူးလာကြတယ် ဆိုတာ မှန်သင့်သလောက် မှန်တယ် ၊ အားလုံးတော့ မဟုတ်ဘူး ၊ ကျွန်တော် မြင်တာ ခုဝတ္ထုတိုခေတ်လို့ ပြောနေတဲ့အချိန်မှာ ဝတ္ထုတို ခေတ်ပြိုင်သမား အားလုံးဟာ ကိုယ့်ဟာကိုယ် လုံလုံခြုံခြုံ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ ကိုယ်မှန်တယ် ထင်တာကို တစိုက်မတ်မတ် လုပ်ရကြတယ်လို့ မြင်တယ် ။ ဆရာဝန်တွေ ထဲမှာ ကျွန်တော့် သူငယ်ချင်းတွေဆို အတော်လေး လုပ်ထားတာတွေ ရှိတယ် ။ စာမရေးချင်သာ ရှိမယ် ၊ စာကို နာနာဖတ်တဲ့ လူတွေ ရှိတယ် ၊ ဆရာဝန်ဖြစ် မယ် အပြောခံရတာတွေ ရှိတယ် ။ ဒါကလည်း လူ့ သဘာဝပဲ မဟုတ်လား ။ ထားပါတော့ ။

တစ်ယောက်ဆိုရင် သူ့မှာ အနုပညာအား ဖန်တီးမှု သိပ်ကောင်းတယ် ၊ သူ ခံစားရတာလေးတွေ ၊ သူ့အမြင်နဲ့ ရိုးရိုးလေး ရေးတဲ့ ဝတ္ထုတိုလေးတွေ ဆို သိပ်ဖတ်ကောင်းတယ် ။ လှတယ် ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့ရဲ့ပတ်ဝန်းကျင်က အုပ်စုရဲ့ လွှမ်းမိုးမှုကို ခံရပုံရတယ် ။ သရုပ်မှန်ပဲ ကြွေးကြော်လာတယ် ။ သရုပ်မှန် ရေးမှ သူ့စာတွေ အဖိုးတန်မယ်လို့ ပြောလာတယ် ။ ရေးလာတယ် ။ ဒီတော့ သူ့ စာကြီးက သရုပ်တုတွေ ထွက်လာရော ၊ သရုပ်မှန်သမားတွေ ရေးလေ့ရေးထ ရှိတဲ့ ဖော်မြူလာအတိုင်း ဆင်းရဲမယ် ရေးတယ် ။ နောက်ဆုံးကျ ဇာတ်က နာရမယ် ။ ဒီအတိုင်း ချပြီး ရေးတယ် ။ ရှမ်းပြည်နယ်က အလှူတစ်ခု အကြောင်း ရေးတယ် ၊ ပြီးသွားတယ် ။ ပဲပုပ်နံ့ ၊ မုန်ညင်းချဉ်နံ့ မရဘူး ။ ကျွန်တော် မြင်တာတော့ ဘာပဲရေးရေး အညာအလှူ ဆိုရင် တမာနံ့ ၊ ဖုန်နံ့လေးတော့ ရလိုက်ချင်တာပဲ ၊ ဒါက သရုပ်မှန်ရဲ့ သြဇာသက်ရောက်မှုဟာ ဆရာဝန်တွေ ပေါ်တင် မကဘူး ၊ လူငယ်မျိုးဆက်သစ်တွေပေါ် အတော် လွှမ်းမိုးပါတယ် ။ ကျွန်တော် ကတော့ ရေးချင်တာ ရေးပါ ။ ရသမြောက်စေချင်တယ် ။ သရုပ်မှန်လို့ ကြွေးကြော်ပြီး သတင်းဓာတ်ပုံ ကြည့်ရတာမျိုး အရသာပဲ ရရင်တော့ သရုပ်ပွတွေပဲလို့ ထင်တယ် ။

🆆 🅽 ဆရာ ငယ်ငယ် ကတည်းက စာရေးတာ ဝါသနာပါခဲ့တယ် မဟုတ်လား ။ ဒါဖြင့် ဘာကြောင့် ဆရာဝန် ဖြစ်လာရတာလဲ ၊ အမှတ်ကောင်းလို့ ဆေးကျောင်းတက်ခွင့်ရတာကြောင့်လား ။

🅟  ဟုတ်တယ် ၊ ငယ်ငယ်ကတည်းက စာရေးတာ ဝါသနာပါခဲ့တယ် ၊ ဆရာဝန် ဖြစ်လာရတာကလည်း ဝါသနာပါလို့ပါပဲ ၊ စာရေးဆရာ ဖြစ်ချင်တာနဲ့ စာမကြိုးစားရဘူးလားဗျာ ၊ ကိုဝင်းငြိမ်း မေးချင်တာ အမှတ်ကောင်းတာနဲ့ ဆေးကျောင်းတက်ရတာလို့ ဆိုတာလည်း ဟုတ်တာပါပဲ ။ ဘာပဲဖြစ်ဖြစ်ပါ စာကတော့ ရေးမှာပါပဲ ။

🆆 🅽 စာရေးဆရာဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှု မပြုနိုင်ဘူးလို့ ဆရာ မြင်သလား ။

🅟  မမြင်ပါဘူး ၊ အသက်မွေးဝမ်းကျောင်းမှု ပြုတယ်ဆိုတာ ကိုယ့် အတိုင်းအတာနဲ့ ကိုယ် သတ်မှတ်နိုင်တာပဲ ။ ကိုယ် စာရေးမယ် ၊ ရမယ့်ဟာနဲ့ပဲ စားမယ် ၊ မရရင် ရေသောက် နေမယ်ဆိုလည်း ရသားပဲ ။ တစ်ယောက်တည်း ဆိုရင်ပေါ့ဗျာ ။ စာပဲရေးတဲ့ ဆရာတွေကို ကျွန်တော် လေးစားမိပါတယ် ။ ကျွန်တော် ကတော့ စာရေးဖို့ ထမင်းစား နေရတဲ့ အတွက် ဆေးထိုးစားပါတယ် ။

🆆 🅽 ဆရာ့ ရေးဟန်က ဆရာကြီးတစ်ယောက်နဲ့ ဆင်ဆင်တူနေတယ်လို့ ဆိုကြတယ် ။( အမှန်ကတော့ ကွဲပြားပါတယ် ) ဘာကြောင့် တူတယ်လို့ ဆိုကြတယ်လို့ ဆရာ ထင်သလဲ ။

🅟  ကျွန်တော့် ရေးဟန်က ဘယ်သူနဲ့ တူနေသလဲ ကျွန်တော် မသိပါဘူး ။ ဘယ်သူ့ ဟန်ကိုမှ အတုခိုးပြီး မရေးမိတာတော့ သေချာပါတယ် ၊ ကျွန်တော် ရေးတတ်သလို ရေးတာပါပဲ ။

🆆 🅽 စာရေးဆရာ ဖြစ်ဖို့ ကြိုးပမ်းတဲ့ လူတစ်ယောက်ဟာ သူ သိပ်သဘောကျတဲ့ ဆရာကြီးတွေရဲ့ အတုယူဖို့ လိုပါသလား ။ ဒါမှမဟုတ်ရင် ကိုယ်ပိုင်ဟန်နဲ့ပဲ ရေးသင့်ပါသလား ။

🅟  ဒါကတော့ ဒီလို ရှိပါတယ် ၊ ကိုယ်သဘောကျ
တဲ့ ဆရာကြီးတွေရဲ့ စာကိုတော့ စိတ်ဝင်တစား လေ့လာ လိုက်စားဖို့ လိုမယ် ထင်တာပဲ ။ ဒါမှလည်း ဝတ္ထုရေးတယ် ဆိုတဲ့ အတတ်ပညာကို နားလည်မယ် ။ ဟန်ဆိုတာတော့ အတုယူလို့ မရဘူး ထင်တာပဲ ၊ ကိုယ်ပိုင်ဟန်က အကောင်းဆုံးပေါ့ဗျာ ။

🆆 🅽 ဝတ္ထုတို ရေးရတာနဲ့ ဝတ္ထုရှည် ရေးရတာ ဘယ်ဟာက ပိုခက်ပါသလဲ ။ ဘာကြောင့်ပါလဲ ။

🅟  နှစ်ခုစလုံး ခက်တာပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ နှစ်ခုလုံးက စိတ်ပါမှ ၊ ခံစားမှုရှိမှ ရေးဖြစ်တာပဲ ဥစ္စာ ။

🆆 🅽 ဝတ္ထုတို တစ်ပုဒ် ရေးဖို့အတွက် ဘယ်လို ခံစားယူပါသလဲ ၊ ဆရာ့ဝတ္ထုတိုတွေ ထဲက စိတ်ကြိုက် တစ်ပုဒ် ရွေးထုတ်ပြီး ဒီဝတ္ထု ဘယ်လို ရလာတယ် ဆိုတာ ပြောပြ ပေးပါလား ။

🅟  ကြုံလို့ ပြောပြပါ့မယ် ၊ ကျွန်တော် အလုပ်သင်ဆရာဝန် တာဝန်ကို မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆင်းခဲ့ဖူးပါတယ် ။ အဲဒီတုန်းက ကျွန်တော် မွေးရုံမှာ တာဝန်ကျ တဲ့အခါပေါ့ ။ မွေးခန်း ဆိုတာကလည်း မိန်းမတွေချည်းပဲ မဟုတ်လား ။ သူတို့တွေနဲ့ နေရတာနဲ့ကို ဝတ္ထုတွေ တော်တော်ရလိုက်ပါတယ် ။

အဲဒီထဲမယ် ကျွန်တော်တို့ မွေးရုံက အလယ်ထပ်မှာ ရှိတယ် ။ ရုံက သုံးထပ် ၊ မွေးလူနာတွေကို ဓာတ်လှေကားနဲ့ အတက်အဆင်း လုပ်ပေးတယ် ။ ကျွန်တော်တို့လည်း အတက်အဆင်း ဒီဓာတ်လှေကားအိုကြီးနဲ့ပဲ ဆင်းရတက်ရတယ် ။ ဒီဓာတ်လှေကားအိုကြီးက တစ်ခါတလေ ဆေးရုံကြီးမှာ မီးပျက်တဲ့အခါ လမ်းခုလတ်မှာ ရပ်နေတတ်တယ် ။ ကျွန်တော် ကိုယ်တိုင် ကြုံဖူးတယ် ။ မှောင်ထဲမှာ ရပ်နေရတာမျိုး ။ တစ်ခါများ နာရီဝက်လောက် ကြာတယ် ၊ ကျွန်တော် တွေးကြည့်တယ် ။ ဒီဓာတ်လှေကားအိုကြီးနဲ့ မွေးလူနာ ပါလာပြီး ရေမြွှာပေါက်ပြီး ကလေး ခေါင်းထွက် နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးလေး ရတယ် ။ တစ်ခါ ဓာတ်လှေကား ထဲမယ် ဆရာဝန် ပါလာလို့ကတော့ ဘာများ လွမ်းလောက်စရာ ရှိလဲ ။ ဆရာဝန် ကလေးမွေးပေးတာ ဆန်းသလား ။ ဒီတော့ မွေးရုံမှာ ခြောက်လသင်တန်း တက်နေတဲ့ သားဖွား ဆရာမလေးတွေကို သွားသတိရတယ် ။ တချို့က တစ်လ နှစ်လပဲ ရှိသေးတော့ မမွေးတတ်ဘူး ။ စာတွေ့ပဲ ရှိတယ် ။ လက်တွေ့ မရှိ ။ ဆရာဝန် မွေးရင် ဘေးက ရပ်ကြည့်တာလောက်ပဲ ရှိတယ် ။ နောက် ဆရာမလေးက တောက လာတယ် ၊ အူတူတူ ကြောင်တက်တက်နဲ့ ၊ ပုံဖော် ကြည့်တယ် ။ ဝပ် ထဲမှာ နွယ်နွယ် ဆိုတဲ့ ဆရာမလေး တစ်ယောက်ကို သွားမြင်တယ် ။ သူ့ကို ဇာတ်ကောင် ထားပြီး ကျွန်တော် ရေးကြည့်တယ် ။ မီးပျက်လို့ ဓာတ်လှေကား ထဲမှာ ပိတ်မိနေတဲ့ မွေးလူနာ ၊ သားဖွား ဆရာမရယ် ၊ ဓာတ်လှေကားမောင်းရယ် ၊ ဒီလို ချပြီး ရေးတော့ “ ဧည့်ကြိုမ ” ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်လာတယ် ။ ကလျာ မဂ္ဂဇင်းမှာ ပါတယ် ။ ဒါက ကျွန်တော် ခံစားပြီးရေးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ပေါ့ ။ တခြား ကိုယ့်ရင်ထဲက ခံစားရတာလေးတွေလည်း ရေးဖူးပါ့ဗျာ ။

🆆 🅽 စာရေးတဲ့ အတတ်ပညာကို သင်ယူလို့ ရနိုင်ပါသလား ။

🅟  သင်ယူလို့တော့ မရနိုင်ပါဘူး ၊ အတတ်ပညာကို စူးစူးနစ်နစ် လေ့လာမယ် ဆိုရင်တော့ ရနိုင်ပါတယ် ။ စာများများ ဖတ်ရမယ် ၊ ဝတ္ထုရေးချင်တဲ့ လူဟာ ဝတ္ထု ကောင်းကောင်းတွေ ဖတ်ရမယ် ။

🆆 🅽 ဆရာ စာရေးချင်တုန်းက ဘယ်လို စ,ရေးခဲ့ပါသလဲ ။

🅟  ကျွန်တော့်တုန်းက စ,ရေးတာ ဝတ္ထုမဟုတ်ဘူး ၊ ကဗျာပါ ၊ ကဗျာ ရေးတာလည်း အချစ်ကဗျာလေးနဲ့ စခဲ့တာ ။ ခုနစ်တန်း ၊ ရှစ်တန်း ကျောင်းသားဘဝက စတာ ဆိုပါတော့ ပို့စကတ်လေးတွေ ထုတ်တယ် ။ ကျွန်တော့်ညီ အေးချမ်း က ပုံလေးတွေ ဆွဲတယ် ။ ခု ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုတိုလေးတွေ ရေးတဲ့ ကျော်မျိုးဆက် ရဲ့ ကဗျာစာအုပ်လေး ထုတ်ဖူးတယ် ။ မရောင်းရဘဲ မေတ္တာလက်ဆောင် ပေးတာတောင် မကုန်ဘူး ။

ကျွန်တော့်တုန်းက ရေးချင်တာထက် စာဖတ်ချင်တာက များတယ် ။ အိမ်မှာက ကျွန်တော့် ကိုကိုက စာအုပ်တွေ ဝယ်ဝယ်စုတဲ့ ဝါသနာ ရှိတော့ ကိုကို ဝယ်ထားတဲ့ စာအုပ်တွေက ကျွန်တော့် အတွက် ဖြစ်နေတော့တာပေါ့ ။ ကိုယ် ကြိုက်တဲ့ စာရေးဆရာရဲ့ ဝတ္ထုဆိုရင် အပြန်ပြန်ဖတ်တယ် ။

၁၉၇၄ ခုနှစ်မှာ ကျွန်တော် ဆေးတက္ကသိုလ် မန္တလေး မှာ စတက်ရတယ် ။ တက္ကသိုလ် ရောက်တော့မှ စာပေနဲ့ ပိုရင်းနှီးခွင့် ရတယ် ။

မန္တလေးဆေးတက္ကသိုလ် ကျွန်တော်တို့ အတန်းမှာ တစ်တန်းလုံးလိုလို စာဖတ်ကြတယ် ၊ စာလည်း ရေးကြတယ် ။ ချစ်စရာကောင်းတာ အတန်းထဲမှာ တစ်ယောက် တစ်ကျပ် စုပြီး ကဗျာစာအုပ် ထုတ်တယ် ။ ရေးတဲ့ လူကလည်း တစ်တန်းလုံးလိုလိုပါ ။ ကိုယ့်ကဗျာ ပါချင်ရင် တစ်ကျပ် ၊ နှစ်ကျပ် ပါတဲ့ လူက နှစ်ကျပ်ပေါ့လေ ။

နိုင်ဇော် က ဒဿဂီရိစာစောင်ကို 1st MB မှာ စာထုတ်တယ် ။ လက်ရေးမူနဲ့ပဲ ။ သူပဲ Illustration သရုပ်ဖော်ပုံတွေ ဆွဲတယ် ။ ကျွန်တော်က အေးအေး ၊ ဖိုးလမင်း ၊ မဟော် ကလောင်တွေနဲ့ ဝတ္ထုတိုလေးတွေ ရေးခဲ့တယ် ။ ဒီစာစောင်လေးမှာပဲ ဂျူး လည်း ရေးခဲ့ဖူးပါတယ် ။ ပိုင်ကျွမ်း တို့ ၊ မြင့်ဝေ တို့လည်း ကျွန်တော်တို့နဲ့ တစ်တန်း တည်းပဲ ။

ကျော်စွာထက် ၊ လူမျိုးနော် ၊ စုထား တို့က အဲဒီတုန်းက ဝင်မရေးတာလား ၊ တခြား ကလောင်နာမည်နဲ့ပဲ ရေးသလား မမှတ်မိဘူး ၊ သူတို့က ကျွန်တော့်ထက် တစ်တန်းငယ်တယ် ။

တကယ့် ပျော်စရာပါဗျာ ၊ စာကြည့်တိုက်လေးပါ ထောင်ကြတယ် ။ နောက် မကြာဘူး ဒီစာစောင်လေး ရပ်သွားတယ် ။ ကျွန်တော်လည်း ဒုတိယအမ်ဘီ စာမေးပွဲ ကျတယ် ။ ၁၉၇၆ မှာ ဆေး ၂ ကို ပြောင်းတယ် ။ ဆေး ၂ က အမျိုးသားဆောင်မှာ ကျွန်တော် နေရတယ် ။ အဆောင်က စာကြည့်တိုက်က စာအုပ်အားလုံး ကျွန်တော် ဖတ်ဖူးတယ် ။ ညည စာပဲ ဖတ်နေတာပဲ ။

၁၉၇၈ မှာ “ ပြေ ” ကလောင်နဲ့ စီးပွားရေး တက္ကသိုလ်မဂ္ဂဇင်း မှာ စာရေးတယ် ။ ရန်ကုန် ရောက်တော့ စာပေလောကနဲ့ ပိုရင်းနှီးကျွမ်းဝင်ရတာပေါ့ ။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ထဲ နေ့တိုင်းလို ရောက်တယ် ။ ဦးချစ်ဆိုင် ထိုင် ၊ လေပန်း ၊ ကဗျာသမား ၊ ပန်းချီသမားတွေနဲ့ အတူနေတယ် ။

တကယ်တမ်း စာကို ရေးနိုင်တာက အလုပ်သင် ဆရာဝန် ဖြစ်မှပါပဲ ။ ဆရာဝန် ဖြစ်ပြီး တောမှာ သွားနေတယ် ၊ နောင်ချိုကံကြီး ၊ တောင်းခန်းရွာ ၊ မြို့သာ တို့မှာ ပေါ့ ။ စာရေးဖို့ ကုန်ကြမ်းတွေ ရခဲ့တယ် ။

🆆 🅽 မဂ္ဂဇင်းတန်းကို တိုးဝင်ချင်တဲ့ ကလောင်သစ်တွေ အတွက် အကြံ ဘယ်လို ပေးမလဲ ။

🅟  ဒါကိုတော့ ကျွန်တော် အယ်ဒီတာအလုပ်ကို ခဏလေး ဝင်လုပ်ကြည့်ဖူးလို့ နည်းနည်း သိတာမြင်တာ ပြောရရင် ကလောင်သစ် တစ်ယောက်ဟာ မဂ္ဂဇင်း တန်းဝင်ဖို့ဆိုတာ ပထမဆုံး သူဟာ စာရေးချင်သူ ဖြစ်ရပါ မယ် ။ ဆိုလိုတာက စာရေးချင်လို့ကို ရေးနေတဲ့လူ ဖြစ်ရမယ် ။ ကိုယ့် ရင်ထဲမှာ ခံစားနေရတာကို မနေနိုင်လို့ ချရေး လိုက်တဲ့လူ ဖြစ်ရမယ် ။ ဒီလို ရေးတာဟာ စာရေးဆရာ ဖြစ်ချင်လို့ မဟုတ်ဘူး ၊ မဂ္ဂဇင်းမှာ ပါချင်လို့ မဟုတ်ဘူး ၊ ရေးလိုက်ရမှ ပေါ့သွားတယ် ၊ ဒါမျိုး စိတ်ရင်းအခံ ရှိနေရ မယ် ။ ဒါမှ ကိုယ့်အတွေးလေးတွေ အမြင်လေးတွေကို ချရေးနိုင်မယ် ။ စာတစ်ပုဒ်ရေး မဂ္ဂဇင်းတိုက်ပို့ ၊ ပါ - မပါ ကို ထိုင်စောင့်နေမယ် ဆိုရင် စာရေးဆရာ ဖြစ်ဖို့လမ်း နည်း ပါလိမ့်မယ် ။ မဂ္ဂဇင်းမှာ ပါမှ ထပ်ရေးမယ် ဆိုရင် မဖြစ်နိုင်ပါဘူး ။

နောက်တစ်ခါ စာမူပို့တဲ့ အခါ အနည်းဆုံး ကိုယ့်စာမူလေးကို ဖတ်ချင်အောင် ၊ ဆွဲဆောင်မှုရှိအောင် စာရွက်လေး သပ်သပ်ရပ်ရပ် လက်ရေးလှလှနဲ့ ရေးစေချင်တာပဲ ။ လက်ရေး မလှရင် သူများ ရေးခိုင်း ၊ ဒါမှမဟုတ် တိုက် ( Type ) ရိုက်ပို့ ။ ဒါမှလည်း အယ်ဒီတာ မြင်တာနဲ့ အနည်းဆုံး ဖတ်ချင်လာမှာပဲ ။ စက္ကူစုတ်နဲ့ ရေးတဲ့ လူလည်း တွေ့ဖူးပါတယ် ။

စာ အပိုင်းကတော့ ကိုယ် ရေးချင်တာ ရေးပေါ့ ၊ ဒါပေမဲ့ တကယ်ယုံကြည်မှ ရေးတာ ကောင်းတယ် ။ မဂ္ဂဇင်းတိုက် အယ်ဒီတာ အကြိုက် လိုက်ရေး နေလည်း မကောင်းဘူး ။ ဆိုပါတော့ စကားပြောဟန်နဲ့ ရေးတဲ့ ကိစ္စပေါ့ ။ ဒီအယ်ဒီတာက စကားပြောဟန် ကြိုက်တယ် ဆိုတာနဲ့ အကုန်လုံး ရေးတော့တာပဲ ။ စ,လာကတည်းက “ ဖွတ်ကျား ” ဆိုတဲ့ စကားလုံးနဲ့ စမယ် ။ ပုံသေ လိုက် တု ရေးမယ် ။ သူ့ စာမူ ပါချင် ပါလာမယ် ။ စာဖတ်ပရိသတ်က သိတာပေါ့ ။ ဘယ်ခံမလဲ ။ အကြောင်းအရာပိုင်း ကိုတော့ မပြောလိုပါဘူး ။

ပုံသဏ္ဌာန်ပိုင်းမှာ ရေးတဲ့ လူဟာ ကိုယ့်စာ တစ်လုံး ၊ တစ်ကြောင်း ၊ တစ်ပါဒ ၊ တစ်ဝါကျကအစ အစစ်ဆေးခံနိုင်ရမယ် ။

အကြောင်းအရာ ဘယ်လောက်ကောင်း ကောင်း တင်ပြပုံ Presentation မကောင်းရင် ဖတ် မကောင်းပါဘူး ၊ ရသ မမြောက်ပါဘူး ။ ဒီတော့ ကလောင်သစ်မှာ ပိုဂရုစိုက်သင့်တာပေါ့ ။ စာကို နည်းနည်းနဲ့ ကောင်းကောင်း ရေးသင့်တယ် ။ တစ်ပုဒ် ဆို တစ်ပုဒ်ကောင်း ရေးထား ။ မဂ္ဂဇင်းတိုက် မပို့နဲ့ဦး ။ သိမ်းထား ။ ၁၀ ပုဒ်လောက် ရပြီ ဆိုမှ ပို့ ။ ဒါက ပိုသေချာတဲ့ နည်းပါ ။ ကိုယ့် စာမူကိုယ် ယုံကြည်မှု အပြည့်နဲ့ပေါ့ ။ ဒါတွေက ဆရာလုပ် ပြောတာ မဟုတ်ပါဘူး ။ ကျွန်တော် ကြုံဖူးလို့ ပါ ။ တချို့ဆို စာမူတွေ အများကြီး ပို့တယ် ။ တစ်ပုဒ် မှ ကောင်းကောင်း မရေးဘူး ။ စကားပြောဟန်နဲ့ ဘာရေးရေး ဝတ္ထုဖြစ်တယ်လို့ သဘောရသလား မသိဘူး ရေးတယ် ။ ဆရာကြီးတွေကို သွားတုယှဉ်လို့တော့ ဘယ်ရပါ့ မလဲ ။ ကိုယ်က ကလောင်သစ်ပဲ ဥစ္စာ ။ သမ္ဘာတို့ ၊ ဝါတို့ ၊ တန်းတို့ ဆိုတာ ရှိသေးတာပဲ ။ ဒါလောက်ပါပဲ ။ မှားတယ် ထင်ရင်လည်း ခွင့်လွှတ်ကြပါ ။

🆆 🅽 ဒီနေ့ မဂ္ဂဇင်းတွေ ဖောင်းပွနေတယ်လို့ ဆရာ မြင်ပါသလား ၊ သို့တည်းမဟုတ် ဒီလို များလာတာဟာ ကောင်းတဲ့အလားအလာလို့ မြင်ပါသလား ။

🅟  မဂ္ဂဇင်းတွေ များလာတာတော့ ကောင်းပါတယ် ၊ ဒါက တစ်ပိုင်း ၊ စာရေးဆရာတွေ ရေးကွက် ပိုရတာပေါ့ ။ ဖောင်းပွတယ် ဆိုတာက ဟုတ်တယ် ။ တကယ် စာပေနဲ့ပတ်သက်တဲ့ မဂ္ဂဇင်း ၊ ဖတ်စရာမဂ္ဂဇင်းက နည်းပါတယ် ။ လက်ချိုးရေလို့ ရပါတယ် ။ များနေတာက ပေါ်ပင်တွေပါ ။ မင်းသား မင်းသမီးတွေနဲ့ လုပ်စားတဲ့ မဂ္ဂဇင်းတွေက များနေတယ် ။ ဒါကလည်း ရှိသင့်တာပါပဲ ။ ကျွန်တော်တို့မှာ ဒါမျိုးလေးတွေ ဖက်ရှင်လို ဟာမျိုးလေးတွေလည်း လူငယ်တွေ ဖတ်ချင်ကြမှာပေါ့ ။ မဂ္ဂဇင်း များများထွက်တော့ များများ ဖတ်ကြရတာပေါ့ဗျာ ။

🆆 🅽 မဂ္ဂဇင်းတွေ များနေပေမဲ့ ကလောင်သစ်တွေ အတွက် နေရာ မရနိုင်သေးဘဲ ကလောင်ဟောင်းတွေ အတွက်သာ နေရာရလာတယ် ဆိုရင် ဆရာ ဘယ်လိုပြောမလဲ ။

🅟  ဒါ ဟုတ်တယ် ၊ ကလောင်သစ်တွေ အတွက် မဂ္ဂဇင်းတွေမှာ နေရာ မပေးနိုင်သေးဘူး ၊ ဒါကလည်း မဂ္ဂဇင်းရဲ့ ရပ်တည်နိုင်မှုပေါ် မူတည်ပြီး Best Seller တွေရဲ့ စာကို သုံးနေရတာ ပါတယ် ။ ကလောင်ဟောင်းတွေ အတွက် နေရာ ရပေမဲ့ အုပ်စုတိုက်ပွဲလေးတွေ ဖြစ်နေတယ်လို့ ကျွန်တော် မြင်တာပါပဲ ။

သူ့အုပ်စုလေးတွေနဲ့ သူ ချနေကြတာပဲ ။ ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေကြတာပါပဲဗျာ ။

🆆 🅽 စိုင်းခမ်းလိတ် က ဆေးကုရင်း သီချင်းရေးဖို့ အကြောင်းအရာတွေ အများကြီး ရတယ်လို့ ပြောဖူးတယ် ၊ ဆရာ ကကော .. ။

🅟  ဆေးကုရင်း စာရေးဖို့ အကြောင်းတွေတော့ မရဘူးဗျ ၊ ဆေးကုတုန်း စိတ်ညစ်တာပဲ ၊ ပြီးမှသာ စာရေးချင်တဲ့ အကြောင်းလေးတွေ ပြန်စဉ်းစားမိတာ ။

တောမှာ နေတုန်းကဆို ညနေပိုင်းကျရင် ထန်းရည်လေး ၊ ထန်းရည်က ချက်တဲ့ အရက်လေးနဲ့ တစ်ယောက်တည်း တစ်မြုံချင်း မြုံ ၊ ဆေးလိပ်လေး ဖွာ ၊ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကောင်းကင်ကို မော်ကြည့် ၊ လမင်းကြီးကို ငေးကြည့် ၊ ကြယ်လေးတွေကို ရေတွက်ကြည့်ရင်း စာရေးဖို့ အကြောင်းတွေ တွေးရတာပဲလေ ။ ဒီမှာတော့ ကတ္တရာလမ်းပေါ် ပြေးရင်း လွှားရင်း စာရေးဖို့ တွေးရတာပဲ ။

🆆 🅽 ဝတ္ထုတိုပေါင်းချုပ် ထုတ်ဖို့ အစီအစဉ် ရှိပါသလား ။

🅟  “ အိမ်ဆူးဆို့ ကလေးလက်တို့ ခွေးအို့အို့ နှင့် ဝတ္ထုတိုများ ” ကို အားမာန်သစ်က ထုတ်ပါ့မယ် ။

🆆 🅽 စာပေဝေဖန်ရေးနဲ့ ပတ်သက်လို့ ဘာများ ပြောစရာ ရှိပါသလဲ ။

🅟  ကျွန်တော့် အနေနဲ့ သရုပ်မှန်စာပေ ဝေဖန်ရေးကို ဘဝင် မကျလှဘူးဗျ ၊ သရုပ်မှန် စာပေမှာ ဝေဖန်ရေး သုံးမျိုး ရှိနေတာ တွေ့ရတယ် ။

ပထမ အမျိုးအစားက ဘာလဲဆိုတော့ သရုပ်မှန်ဝတ္ထု မှန်သမျှ ရေးတဲ့ လူကို အရင် ကြည့်တယ် ၊ ရေး ချင်တာရေး ပြည်သူ့ဘက်က ရပ်တည်မယ် ဆိုတဲ့ မူတစ်ချက်တည်းကို အသေကိုင်ပြီး ပြောတယ် ။ ပြောပါ ကျွန်တော်တို့ လက်ခံတယ် ။ ဒါပေမဲ့ ဝတ္ထုရဲ့ ရသ ဘယ်လို ကောင်းတာလဲ ၊ ဘယ်လို တင်ပြလို့ ကောင်းတာလဲ ၊ ဘယ်နေရာမှာတော့ ဘယ်လို ကောင်းတယ် ဆိုတာလောက်တော့ ပြောသင့်တာပေါ့ ။ ခုတော့ သတ်မှတ်ထားတဲ့ ဝတ္ထုရေးဆရာ တစ်ယောက် ကို သူ့စာ မြင်တာနဲ့ “ ဆေး ဆို ဒီဆူဇာမှ စိတ်ချရတယ် ” ဆိုတာမျိုး ကောင်းတယ်ပဲ ပြောနေတာမျိုး ။ ဝတ္ထုရဲ့ ရသပိုင်း ကိုလည်း ဝေဖန်သင့်တယ်လို့ မြင်တာ ။

တစ်ခါ စာရေးတဲ့သူဟာ ဘယ်လိုလူ ဆိုတာကလည်း မူတည်နေပြန်တယ် ။ ပုဂ္ဂိုလ်ရေး အရလည်း နှီးနွှယ်မှု အုပ်စုဖွဲ့ သူ့လူ ကိုယ့်လူ ရှိနေတာမျိုးပေါ့ဗျာ ။ တကယ်လို့သာ ဆရာကြယ်နီ သာ အခုအခါမှာ ရှိနေမယ် ဆိုရင် သူ ကလည်း မြန်မာပြည်အောက်သား ဖြစ်နေခဲ့လို့ သရုပ်မှန်က စာပေတန်း ဝင်ချင်မှ ဝင်ပေလိမ့်မယ် ။

ဒုတိယ အမျိုးအစားကတော့ သရုပ်မှန် ရေးတဲ့ ဝတ္ထုရေးဆရာတွေကို သရော် သလို ၊ ရှုတ်ချချင် သလို လေသံမျိုးနဲ့ မေးတတ်တဲ့ ဝေဖန်ရေးမျိုးပဲ ၊ သူကတော့ ဝတ္ထုရဲ့ ရသ ၊ ဝတ္ထုရဲ့ အတတ်ပညာပိုင်း ခံစားမှုတွေကို ပိုင်းဆစ် ဝေဖန်တယ် ။ ကောင်းပါတယ် ။ ဒါပေမဲ့ ဝေဖန်ရေးကလည်း အဂတိလိုက်စားတဲ့ ဝေဖန်ရေးမျိုးပါပဲ ။

ဝေဖန်ရေးကလောင် တစ်ချက် ဝင့်လိုက်ရင် ဝတ္ထုရေးဆရာတော့ သွားရော့ ဆိုတဲ့ လေသံမျိုးတွေ ကျွန်တော် ကြားဖူးတယ် ။ အဂတိကင်းတဲ့ ဝေဖန်ရေးလေးတွေ ဖတ်ချင်လှပါတယ် ။

တတိယ အမျိုးအစားကတော့ သရုပ်မှန်ကို မကောင်းဘူးလို့ ပြောနေတဲ့ ကိစ္စ ၊ ဝေဖန်ရေးမျိုးပဲ ။ ဒါမျိုး ကျွန်တော် ဝေဖန်ရေးက တစ်ပိုင်း ၊ အယူအဆရေးရာ သက်ဝင်ယုံကြည်မှုက တစ်ပိုင်းလို့ မြင်တယ် ။ ဆိုလိုတာက ကိုယ် ယုံကြည်တဲ့ ကိစ္စကို တခြားလူ မယုံကြည်လို့ အပြစ်ပြောတာမျိုးကို လက်မခံနိုင်ပါဘူး ။

ဒါ ကျွန်တော့် အမြင် ဝေဖန်ရေးတွေပါ ၊ ဝေဖန်ရေးကို လက်ခံကြိုဆိုပါတယ် ။ စာဖတ်ပရိသတ် အပေါ်မှာ ဝေဖန်ရေးသမားတွေရဲ့ သြဇာသက်ရောက်မှုက အတော်လေးကို ရှိပါတယ် ။

🆆 🅽 ဝတ္ထုတိုခေတ်လို့ စာပေပညာရှင်တွေက သတ်မှတ်ကြတယ် ၊ ဆရာ ဘယ်လို ယူဆပါသလဲ ။

🅟  ဝတ္ထုတိုနဲ့ ပတ်သက်ပြီး ပြောချင်တာတွေက ရင်ထဲမှာ အပြည့် ရှိတယ်ဗျာ ၊ ဒါကလည်း ကိုယ်က ဝတ္ထုတိုသမားက လာလို့ ခံစားရတာမျိုးပေါ့ ။ ကျွန်တော်တို့ ခုခေတ်ပြိုင် ဝတ္ထုတိုသမားတွေ အားလုံးဟာ ကိုယ့် အယူဆလေး ၊ ကိုယ့် ယုံကြည်ချက်လေးနဲ့ ရေးနေကြတယ်လို့ မြင်တယ် ။ ဒီလို ရေးကြတဲ့ ရေးဖော်တွေ အချင်းချင်း ကျွန်တော် နားလည်ခံစားလို့ရတယ် ။ စာနာနိုင်တယ် ။ ရင်ခုန်သံကို ကြားတယ်ပေါ့ ။

ဒီဝတ္ထုတိုရေးသမား အချင်းချင်းမှာကိုပဲ အုပ်စု လေးတွေ ဖွဲ့ကြ ၊ အင်ပါယာလေးတွေ ထူထောင်ကြ ၊ မြှောက်ကြ ၊ ရိုက်ချလိုက်ကြနဲ့ ဒီလူတွေပဲ လုပ်နေကြ တာပါ ။ ဝတ္ထုတိုလောကဟာ မောင်ပိုင်စီး သိမ်းပိုက်ထားလို့ ရကောင်းတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ သိလျက်နဲ့ပဲ ပြောကြ လုပ်နေကြတာပဲ ။ ဒါမျိုးတွေ မြင်ရဖတ်ရတော့ ခံစားရတယ် ၊ စိတ်မကောင်းတာပါဗျာ ။

ကျွန်တော်ကတော့ သရုပ်မှန် ရေးမှ ဝတ္ထုတိုသမားကို ဂုဏ်ရှိတယ်လို့ မထင်ပါဘူး ။ အနုပညာအား ကောင်းကောင်းနဲ့ ရေးနိုင်ဖွဲ့နိုင်တဲ့ လူကို ကြိုဆိုတာပဲ ။ လက်ခံတာပါပဲ ။

အထူးသဖြင့် တွေ့နေတာက သရုပ်မှန်သမားလို့ ကြွေးကြော်တဲ့ လူတွေ အချင်းချင်းပဲ မြှောက်ကြ ၊ ရိုက်ချလိုက်ကြနဲ့ အုပ်စုတွေလည်း ကွဲလို့ ၊ ဘေးက ကြည့်ရတာ စိတ်မချမ်းသာဘူး ။

ဘာမှ မပြောဘဲ ရိုးရိုးလေး ဝတ္ထုတို ရေးပြီး တစိမ့်စိမ့် ခံစားနေကြတဲ့ ဝတ္ထုတိုသမားတွေမှာ ဘာ ပြဿနာမှ တက်မလာပါဘူး ။ ပုဂ္ဂိုလ်ရေးလည်း အခင်မင် မပျက်ကြဘူး ။ စာပေအကြောင်း ပြောကြ ၊ အေးအေးလူလူပဲ ။ ကိုယ်ရေးစရာ ရှိရင် ရေး ၊ မရေးရင် ဖတ် ၊ ဘယ်လောက် အေးချမ်းသလဲ ။

ခု ဝတ္ထုတိုလောကမှာ ဒီလို ဖြစ်နေတာ တွေ့ရတယ် ၊ ဒါ ကျွန်တော့် အမြင်ပါ ။

ဝတ္ထုတို ရေးတဲ့ လူတွေကို ရန်တိုက်ပေး ၊ ပွဲလန့်တော့ ကလောင်တစ်ချောင်း စာဖတ်ပရိသတ်က သိအောင်လုပ်တဲ့ နင်းတက်တဲ့ ဝတ္ထုတိုသမား ၊ တစ်ဖက်လူ တီးနင်း ၊ တစ်ဖက် လူငယ် မြှောက်ပြီး ရေးတဲ့ ဝတ္ထုတိုသမားတွေကိုတော့ခေတ်ပြိုင်ဝတ္ထုတိုစာရင်းထဲမှာ ထည့် မပြောလိုပါဘူး ။ ဒါလောက်ပါပဲ ။

🆆 🅽 ကျေးဇူးတင်ပါတယ် ဆရာ ၊ ကျွန်တော်တို့ ပေဖူးလွှာရဲ့ မူအရ လုပ်ငန်းအဆင်ပြေမှုပေါ် မူတည်ပြီး ဆရာကြီးတွေ တစ်လှည့် ၊ ဆရာတို့လို လူငယ်စာရေးဆရာ တွေ တစ်လှည့် သွားနေတဲ့ နေရာမှာ ဆရာက အခုလို ဝင်ရောက်ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ဆရာ့ လုံးချင်းဝတ္ထုတွေကို စာဖတ်ပရိသတ်နဲ့အတူ ကျွန်တော်တို့ မျှော်နေကြပါမယ် ။

⎕ ဝင်းငြိမ်း
📖ပေဖူးလွှာမဂ္ဂဇင်း
     အမှတ် - ၉၃
     မေလ ၊ ၁၉၈၉ ခုနှစ်