Showing posts with label ပြေ ( ဆေး - ၂ ). Show all posts
Showing posts with label ပြေ ( ဆေး - ၂ ). Show all posts

Thursday, November 27, 2025

ရေခဲနှင်းဆီ


 

❝ ရေခဲနှင်းဆီ ❞  
▢ ပြေ ( ဆေး - ၂ )

၁ ။

နောက်ဆုံး ခြေတစ်လှမ်းစာဟု အမှတ်ပြု၍ အပေါ်ဆုံး အထစ်ကို တက်သည် ။ ခြေကုန်လက်ပန်းကျ၍ နွမ်းနယ်နေ၏ ။ ကျောင်းပရိဝုဏ် မြေသားပေါ် ခြေဖဝါး ထိသည် ။ ကျောက်စရစ်ခဲကလေးများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည် ။ ခြေဖော့နင်းသည် ။ ကျောင်းအဝင် လှေကားထိပ်တွင် ကိုစိုး ရပ်နေသည်ကို တွေ့ရ၏ ။ မို့အစ်သော မျက်ခွံဖြင့် ပြုံး၍ နှုတ်ဆက်လေသည် ။ ညက အိပ်ရေး အတော် ဝထားပုံရသည် ။

မောသလား ကိုအောင် ဟု သူ ပြောသည် ။ ပခုံးထက်မှ မီးသွယ် ဝိုင်ယာကြိုးခွေ တောင်းကို ကိုဇော် လှမ်းယူသည် ။ နဖူးပြင်တွင် စို့နေသော ချွေးစများကို လက်ဝါးဖြင့် သပ်ချသည် ။ သူ့အကြည့်က အုတ်ခုံလှေကားအတိုင်း တောင်ခြေဆီသို့ ရောက်သည် ကို မြင်၏ ။ 

“ ဟော ဦးအေးမောင်တို့ လာကြပြီ ” ဟု ပြောသည် ။ ခြေလှမ်းတို့ တုံ့သည် ။ လှေကားအတိုင်း တဖြည်းဖြည်း တက်လာသော လူများကို ကြည့်ဖြစ်သည် ။ ပြုံးပြုံး ရွှင်ရွှင်ဖြင့် ရှေ့ဆုံးကလူ နှုတ်ဆက်သည် ။ ရောက်နေတာ ကြာပြီလားဟု မေးသည် ။ ညကတည်းကဗျာ ဟု ကိုစိုး ဖြေသည် ။ ဦးအေးမောင် ဟု နားလည်လိုက်သည် ။ သူ့နောက်က ဝဝအိအိ အမျိုးသမီးတစ်ဦး တစ်လှမ်းချင်း တက်လာသည် ။ နုငယ် လန်းဆတ်သော ကောင်မလေး တစ်ယောက် ၊ ပြီးလျှင် နောက်ဆုံးမှ လိုက်၍ တက်လာသောသူကို ဦးဆုံး မြင်ဖူးရလေသည် ။

မောကျနေသော နှလုံးအိမ်သည် တုန်ခါမှု စတင်လိုက်သည်ကို သိလိုက်၏ ။

••••• ••••• •••••

၂ ။

“ ပန်းဟေမာတဲ့ ” ဟု ကိုဇော် ပြောသည် ။

နေ့လယ် ထမင်းစားသောက် အပြီး မန်ကျည်းပင်ရိပ်တွင် ဖျာခင်း၍ ထမင်းလုံး စီ ကြသည် ။ ကိုစိုးတို့ ခင်းသော ကထိန်မို့ လာဖြစ်ကြရသည် ။ စစ်ကိုင်းတောင်ရိုး တောလျှို တောင်ကြား ရိပ်ကြီးမြိုင်ကြီး အတိပြီးသော ဆရာတော် ရွှေကိုင်းသား၏ အနုရုဒ္ဓါချောင် တွင် ခင်းလေသည် ။

ကျောင်းပေါ်မှ သူ တစ်လှမ်းချင်း ဆင်းလာသည် ။ လှေကားခြေရင်း အုတ်ခုံတွင် ထဘီကို ဖြန့်ခါ၍ ကျစ်ကျစ်လျစ်လျစ် ပြင်ဝတ်သည် ။ မြင့်တက်နေသောအခါ အင်္ကျီစကို တစ်ချက် ဆွဲချသည် ။ မြေသားပေါ် ခြေချလေသည် ။ ကျောင်းဝင်းထဲတွင် လင်းလင်းတို့ မောင်နှမတစ်တွေ စိန်ပြေးတမ်း ကစားနေကြသည် ။ ဆိတ်ဖလူးနံ့များ လေတွင် ရောပျံ့နေသည် ။ ကလေးများ ကြားတွင် သူ ရပ်နေ၏ ။ ဝင်းဆွတ်သော နို့နှစ်ရောင် အသားအရေရှိသည် ။ ပြေစင်းသော နှာတံ ၊ မို့မို့ရဲနေသော နှုတ်ခမ်း ၊ သနပ်ခါးပြယ်စ ပါးပြင်နု ရဲရဲကို အဝေးကပင် မြင်သည် ။ 

စကားဝိုင်းတွင် စိတ်မရှိ ။ လှည့်လည်သွားနေသော သူ့နောက်မှ တကောက်ကောက် ပါအောင် စိတ် လိုက်လေသည် ။ ကိုဇော် ၊ ကိုစိုး ၊ ကိုအောင်ကျော်တိုး ၊ နုနုရည် တို့ ဝိုင်းဖွဲ့ စကားဆိုသည် ။ စာသမားဝိုင်းမို့ စည်သည် ။ စကားဝိုင်းတွင် တစ်လုံးတလေမျှ ဖွင့်ဟ မပြောဖြစ်ခဲ့ ။

ထိုင်နေသော ဖျာနှင့် ဆယ်လှမ်းခန့် အကွာတွင် သူ ရပ်သည် ။ ဝဲပျံကျနေသော ခရေပွင့်လေးများကို တစ်ပွင့်ချင်း လိုက်ကောက်သည် ။ ခြေစုံစု၍ ကျုံ့ကျုံ့ထိုင်သည် ။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် နေရာတွင် ခရေတစ်ပွင့် သူ မြင်ပုံရသည် ။ ကိုယ်ကို ယို့၍ ရှေ့ကုန်းကောက်သည် ။ မျက်လွှာ ပင့် အကြည့် ကျွန်တော့်ကို သူ မြင်သည်  ။ မျက်လွှာချ၍ ခရေပွင့် ကို လက်ဝါးတွင် ထည့်၏ ။ ပီပီပြင်ပြင် မြင်ရသည် ။ သူ ပိုလှလေသည် ။

သူ့အကြည့်က ကလေးတွေဆီ ရောက်သွား ပြန်သည် ။ ကျောင်းဘက်ဆီသို့ လှည့်ထသွားသည် ။ ကျောင်းဆောင်တော်ဆီ မရောက်မီ တစ်ခါ လှည့်ကြည့်မလားဟု ထင်၏ ။ သူ မကြည့် ။

••••• ••••• •••••

၃ ။

သူနှင့် ပတ်သက်သော အရာရာတိုင်းကို သိချင်နေသည် ။ မည်သူ့ကို စမေးရမှန်း မသိ ။ ကိုစိုး နှင့်က အမျိုး တော်စပ်နေသလိုလို စိတ်က ထင်၏ ။ အားလုံးက ပန်းချီဆွဲသူ ၊ ကဗျာရေးသူ ၊ ဝတ္ထုရေးသူများ ။ စာပေအသိုင်းအဝိုင်း ။ မောင်နှမတွေလို နေသည် ။ ဝံ့ဝံ့ရဲရဲ မေးမြန်းပြောဆိုရန် မသင့်သော အခြေအနေတွင် ရှိလေသည် ။

ကိုစိုး က သာမန်ထက် ပိုမိုသော ပြောဆိုဆက်ဆံမှု အနေအထားတွင် ရှိ၏ ။ မမေးဝံ့ ။ ကိုစိုး ပင်ကိုစရိုက်ကိုက အေးအေးစက်စက် ၊ ထုံတိတိ မပွင့်တပွင့် ။ ဝမ်းသာဝမ်းနည်းသော စိတ် အာရုံခံစားမှု အပြောင်းအလဲကို မျက်နှာပြင်တွင် တွေ့ရခဲသည် ။ အကဲခတ်ရ ခက်၏ ။ မိန်းကလေး ကိစ္စနှင့် ပတ်သက်လျှင် စက်ဆုပ်ဟန် ၊ စိတ်လက် ကင်းရှင်းဟန်နေသည် ။ ပန်းချီဆွဲသော ကိုစိုး၏ စရိုက်သည် သူ ဆွဲသော ပန်းချီကားများ ကဲ့သို့ နားလည်ရ ခက်လှလေသည် ။ ခင်မင်ရင်းနှီးမှု အလုံးအထည်ကို အိတ်သွန်ဖာမှောက် ဖွင့်ဟ တိုင်ပင်၍ ရသော စိတ်နေရှိဟန် မတူပေ ။

ခုတင်ပေါ်တွင် ပျံ့လွင့်သောအာရုံသည် သူ့ ထံသို့ ပြေးသွားနေလေသည် ။ အိပ်မပျော်ဖြစ်သော ညများကို သူသိ စေချင်မိသည် ။ သူ့ပုံရိပ်သည် ကျွန်တော့် အိပ်ခန်းလေးထဲတွင် နေရာအနှံ့ ရှိနေသည် ။ စာအုပ်ပုံကြားတွင် သူ ရှိသည် ။ စားပွဲပေါ်မှာ သူ ရှိသည် ။ တစ်ကြိမ် မြင်ရရုံနှင့် ကျွန်တော့် သွေးသားနှလုံးကို သူ လှုပ်ကိုင် စိုးမိုးနိုင်စွမ်း ရှိလေသည် ။

နံရံတွင် ကပ်နေသော အိမ်မြှောင်လေးနှင့် အတူ ကျွန်တော်လည်း အိပ်ခြင်း ကင်းမဲ့သော ညများကို ဖြတ်သန်းခဲ့ရသည် ။

••••• ••••• •••••

၄ ။

ဆရာတော်ကိုပညာ ( အမရပူရ ) ၏ တောင်လေးလုံး ကျောင်းတိုက်တွင် ကျင်းပသော ပွဲတိုင်း သူ့ကို မြင်ရသည် ။ ကြည်နူး နွေးထွေးသော ခံစားမှုများ ရသည် ။

လူထုဒေါ်အမာ အသက် ၇ဝ ပြည့် မွေးနေ့တွင် ကဗျာ ရွတ်ဆိုပွဲ ပြီးသောအခါ မိတ်ဆုံ ထမင်းစားကြသည် ။ ငှက်ပျောဖက်ပေါ် ခင်းစားရသော ဝက်သားဟင်းလေး ချက်ပေါ်တွင် စိတ်မရောက် ။ သူ နှင့် လူဆယ်ယောက်ကျော် ခြား၍ စားနေရသော်လည်း နံဘေးတွင် သူ ရှိနေသကဲ့သို့ ထင်၏ ။ ဘေးတိုက် သူ့ သွင်ပြင်ကို မျက်စိအကြည့် ထပ်တလဲလဲ ကျရောက်ရသည် ။ သူကတော့ ကျွန်တော် ရှိနေသည်ကို သတိပြုဟန် မတွေ့ရပေ ။

“ ကိုအောင် နည်းလှချည်လား ၊ စားမကောင်း ဘူးလား ” ဟု ပြောသော လေးလေးဦးထွန်းဝေ အသံကြားမှ ထမင်းလုတ် ဆက်ရန် သတိရသည် ။ ကိုယ့်ကိုယ်ကို မလုံ ဖြစ်ရ၏ ။

“ လုပ်ပါ ထည့်ပါဦး ”

ဟု ကိုငြိမ်းချမ်းမိန်းမ တင်တင်မာ ပြောရင်း ထမင်းချိုင့် ကိုင်လျက် ကျွန်တော့်ဘေးတွင် ရပ်သည်  ။ ကြည်နူးမှုများဖြင့် ပြည့်တင်းနေပြီ ထင်သည် ။ ထမင်း မလိုတော့ သည်ကို တင်တင်မာ သိမည် မထင် ။ မည်သူ တစ်ဦးတစ်ယောက်မျှ ရိပ်မိပုံလည်း မပေါ်ဟု ထင်၏ ။ သူ ထမင်းဝိုင်းမှ ထ၍ ညောင်ပင်ရင်းအုတ်ခုံပေါ်တွင် လက်ဆေးသည် ။ အမြန်ထ၍ ရေလောင်းပေးဖို့ ကြံ၏ ။ အကြံအစည် မအောင်မြင် ၊ သူ ကိုယ်တိုင် ခပ်၍ လက်ဆေးသည်  ။

ထမင်းစား ပြီးကြသောအခါ အချိုပွဲများကို သူ စီမံလေသည် ။ ကိတ်မုန့် လှီးသည် ။ ပန်းကန်ထဲ အစီအရီ ထည့်၍ ပေးသည် ။ သူ စိတ်ရှည်လက်ရှည် လှီးဖြတ်ပေးနေပုံကို ကျွန်တော် အဝေးက ငေးကြည့်သည် ။ ကိတ်မုန့် အချိုပွဲများကို အမေမာ ၊ ဦးစောလွင် ၊ ဆရာမောင်သာနိုး ၊ တော်ဘုရားလေးတို့ ဝိုင်း ။ ဒေါ်ခင်ဝင်းနွယ် ၊ မငြိမ်းငြိမ်း ၊ စောရီ ဦးတို့ ဝိုင်းတွင် သူ လိုက်ချသည် ။

မုန့်ပွဲ ချပေးအပြီး မျက်လုံးချင်း ဆုံမိကြသော အခါတွင်မူ ကျွန်တော် ဦးအောင် ပြုံးပြ မိသည် ထင်၏ ။ သူ့ ထံမှ ဝမ်းမြောက်ဖွယ် တုံ့ပြန် ပြုံးလှလှ တစ်ခု ကျွန်တော် ရလေသည် ။ ကျွန်တော် ရင်တွေ တဖျပ်ဖျပ် ခုန်၏ ။ ကျောင်းဝင်း အတွင်း ဖြတ်တိုက်သွားသော လေသည် မွှေးထုံရစ်ထနေသည်ဟု ထင်၏ ။ မင်္ဂလာနေ့ဟု စိတ်တွင် တေးမှတ်ထားလိုက်သည် ။

အမှတ်တရ ဓာတ်ပုံ ရိုက်ကြသောအခါ တန်းစီ အုပ်စုထဲတွင် ကျွန်တော် ဝင်ရပ်သည် ။ ဇရပ် ဘေးတွင် သူ ရပ်၍ ကြည့်နေသည် ။ ကျွန်တော့် အကြည့်ကို သူ မြင်သောအခါတွင် အပြုံး တစ်ခု ရပြန်လေသည် ။ ကင်မရာဆရာ ကိုစိုး ကို လက်ကာပြလျက် ကျွန်တော် တားသည် ။ သူ့ကို လာလာဟု ခေါ်မိသည် ။ တွန့်ဆုတ် ရှက် ရွှံ့ဟန်ပြ၍ သူ ရပ်မြဲ နေသည် ။ ဒုတိယအကြိမ် ခေါ်မှ သူ လျှောက်လာသည် ။ စုထား ဘေးတွင် ရှက်ပြုံးလေးဖြင့် သူ ဝင်ရပ်သည် ။ သည် ဓာတ်ပုံတော့ ရွေးရဦးမည်ဟု တွေးမှတ်ထားမိသည် ။

တောင်လေးလုံး မှ ပြန်သောအခါ ခပ်သိမ်းသည် ကျက်သရေ ခညောင်းနေသည် ။ မယ်ဇယ်ပင်တန်းသည် လှ၏ ။ ဦးပိန်တံတားပေါ်တွင် ကျွန်တော် လမ်းလျှောက်လာ သောအခါ ကြမ်းခင်းပြင်နှင့် ခြေဖဝါး မထိဟု ထင်၏ ။

“ ဒီပုံ ကျွန်တော် ယူမယ်နော် ” ဟု ကိုစိုး ကို ပြောသည် ။ အင်းအဲ မပြော ။ “ ခုမယူနဲ့ ဦး ၊ ကျွန်တော် ကူးခိုင်းပေးမယ် ” ဟု ကိုစိုး ဖြေသည် ။ မျက်နှာပြင် ပြောင်းလဲမှု မရှိ ။ မျက်နှာ သေသည် ။ သူ့ပုံ ပါသော အုပ်စုဓာတ်ပုံကို ကျွန်တော် ကြည့်သည် ။ သူ တစ်ယောက်တည်းကိုသာ ထပ် တလဲလဲ ကြည့်မိသည် ။ ကိုစိုး ရိပ်မိပုံ မရဟု ကျွန်တော် ထင်သော်လည်း ထိုပုံကို ကျွန်တော် မရခဲ့ချေ ။ မည်သို့သော အကြောင်း ပြချက်ကိုမျှ ကိုစိုး ထံမှ မသိရ ။ ကျွန်တော်လည်း မမေးမိ ၊ မမေးချင် ။ သူ ရိပ်မိမည်ကို စိုးထိတ်သည် ။ အသာ တိတ်တိတ်နေရ၏ ။

••••• ••••• •••••

၅ ။

သူ့ အိမ်ရှေ့လမ်းကို ကျွန်တော် မကြာမကြာ ဖြတ်သည် ။ ခြံကျယ်ကြီးထဲတွင် သူ့ကို တွေ့နိုးနိုးဖြင့် မျှော်ကြည့်သည် ။ စိမ်းစိုစို အုန်းရွက်ဖားဖား ကြားတွင် တစ်ထပ်တိုက် ပုပုလေးကိုသာ မြင်ရသည် ။ တစ်ခါတလေများ ဆုံလေမလား ဟု ထင် တွေးလုံးဖြင့် ဖြတ်မြဲ လျှောက်မြဲနေသည် ။ ခြံထဲတွင် လူရိပ်ခြည် ကင်းသည်သာ များသည် ။ သူ့ကို မြင်ရခဲ၏ ။ အိမ်ပေါ်မှ သူ ဆင်း၍ ခြံတွင်း ပုံနှိပ်စက်ဘက် လျှောက်လာသည်ကို တစ်ခါသာ ကျွန်တော် တွေ့ဖူးသည် ။ သူ သိပုံလည်း မရ ။ ကျွန်တော့်ကိုလည်း မကြ ည့် ။ 

••••• ••••• •••••

၆ ။

ရင်းနှီးမှု တစ်စုံတစ်ရာရရန် နည်းလမ်းကို ကျွန်တော် တစ်ယောက်တည်း တွေးသည် ။ လမ်းမမြင် ။ ကိုပြေ့ ကောင်းမှုကြောင့် သူ့ဆီ ရောက်ဖို့ အခွင့်သာလေ၏ ။ ကိုပြေတို့ ဇနီးမောင်နှံ ငွေရတု အထိမ်းအမှတ် မင်္ဂလာ ဧည့်ခံပွဲ အတွက် ဖိတ်စာရိုက်ရန် သူ့ ပုံနှိပ်တိုက်သို့ ရောက်ကြသည် ။ ကိုပြေ ၊ ကိုသိုက်ထွန်းသက် ၊ ကိုရွှေမိုး တို့နှင့် ကျွန်တော် လိုက်သွားသည် ။

သူက ရဲရဲတောက် အော့ဖ်ဆက် ကို ဦးစီး၍ နေသည် ။ ကျွန်တော်တို့ ရောက်သွား သောအခါတွင် နမူနာ ဖိတ်စာပေါင်းစုံကို ထုတ်ယူ ပြသလေ၏ ။ ကျွန်တော်က သူ ပြလာသော ဖိတ်စာများ ပေါ်တွင် စိတ်မရှိ ။ သူ့ကိုသာ မသိမသာ ငေးကြည့် ခိုးကြည့်သည် ။ သူ နဂိုနေလေးကိုက လှပနေသည် ကျွန်တော်တို့ကို သူက နိုင်ငံခြားပို့ ဒူးယား တစ်ဘူး ဧည့်ဝတ်ပြု၏ ။ ကျွန်တော့်ကို ကြည့်မလား ၊ မျက်လုံးချင်း ဆုံမလား မျှော်သည် ။ စိုးစဉ်းမျှ မျက်စိ မရောက်  ။ ကျွန်တော်တို့ကို ရှမ်းခေါက်ဆွဲ ကျွေးသေးသည် ။ မစားမီ ကပင် ဝ၍ နေချေ၏ ။ အပြန်လမ်းတွင် ကိုရွှေမိုး က ကိုအောင် ဘယ်တော့ ဖိတ်စာရိုက်မှာလဲ ဟု မေးသည် ။

ကျွန်တော့်ကို စသည် ထင်၍ ပျော်မြောက်လေ၏ ။ ထို့ထက် ပိုကဲ၍ သူ့ထံ ကျွန်တော့် တယ်လီဖုန်းနံပါတ် ပေးခဲ့ရသဖြင့် ရင်၌ ဝမ်းသာမိပြန်သည် ။

••••• ••••• •••••

၇ ။

စာအုပ်ရာသီလပိုင်း ဝင်လာသည် ။ ဖြန့်ချိရေး အလုပ်များ ခါတိုင်းထက် ပိုရှုပ်သည် ။ အနားမနေနိုင် ။ ရန်ကုန်နှင့် နေ့စဉ် ဖုန်းအဆက်အသွယ် ပြုရသည် ။ နေ့စဉ် စာရင်း ၊ လချုပ် ၊ လကျန် စာအုပ်များ ၊ လက်ကျန်စာရင်းများ လုပ်သည် ။ အလုပ်ထဲ နစ်နေရ၍ သူ့ကို မေ့နေသည် ။ တွေးချိန် မရ ။ သူ့အိမ်ဘက် ရောက်ဖို့ မလွယ် ။ သွားစရာအကြောင်းပြချက်လည်း မရှိတော့ ခက်၏ ။

သူနှင့် မတွေ့ရသည် မှာ နှစ်လကျော်ရှိပြီ ။ တစ်ခါတလေ နေ့ခင်းဘက်ဆိုင်တွင် အဝယ် ပါးသောအခါ ဆိုင်ရှေ့မှာ ထိုင်၍ လမ်းမဘက် ကြည့်မိသည် ။ သူများ မြို့ထဲ အထွက် ကြုံလေမလားဟု တွေးသည် ။ ဆန်နီအဝါရောင် ပစ်ကပ်ကား ဖြတ်သွားတိုင်း ကြည့်သည် ။ ကားနံပါတ် ဖတ်၏ ။ တိုက်ဆိုင်မှု တစ်ခါလေးမျှပင် မကြုံ ။

••••• ••••• •••••

၈ ။

အရှေ့မြောက်မြို့နယ် စာပေလုပ်သားအဖွဲ့က ဦးဆောင်၍ စာပေဟောပြောပွဲ ကျင်းပသည် ။ မြသန်းတင့် ၊ ခင်ဆွေဦး ၊ ဆရာမိုး ၊ ပန်းချီစံတိုး တို့ ၃၁ လမ်း ၊ ဓမ္မသာလ ဓမ္မာရုံ တွင် ဟောပြော၏ ။ ခိုက်ခိုက်တုန်အောင် အေးစိမ့်သော ညချမ်းတွင် ပရိသတ်များ နေရာမလပ် ပြည့်လျှံ ပြွတ်သိပ်သည် ။ အပြင် ဝရန်တာတွင် ရပ်နားထောင်သူ ထောင်၏ ။ ဖျာခင်း မရှိ ။ သမံတလင်းပြင် အေးစက်စက်ပေါ် ဖိနပ်ခု ထိုင်ကြရသည်  ။ တင်ပါး ၊ ဒူးချင်း တိုက်ကြသည် ။

ကျွန်တော် ရောက်သွားသောအချိန်မှာ ဆရာမိုး ဟောနေပြီ ။ ထနောင်းပင် ချိုး နှစ်ကောင် အကြောင်း ရောက်သည် ။ အန်ထွက်နေသော လူအုပ်ကြား တိုးဝင်၏ ။ တံခါးပေါက်မှ ခေါင်းပြူကြည့်နေသည် ။ ဆရာမိုး မျက်နှာ မြင်ရုံသာ ရှိလေသည် ။ “ ကိုအောင် ၊ ဒီလာပါလား ” ဟု ထိုင်နေသော လူတွေ ကြားမှ အသံထွက်လာသည် ။ တံခါးနှင့် သုံးလေးယောက်ကျော်တွင် ကိုငြိမ်းချမ်း ၊ တင်တင်မာ ၊ ကိုသင်းဝေ ၊ အေးတို့ ကို မြင်ရသည် ။

ဖိနပ်ချွတ် ၊ ကန်တော့ဟု ရွတ်ရင်း ထိုင်နေသော လူများ အကြား ဝင်သည် ။ ဖင်တစ်နေရာစာ လွတ်အောင် ကိုငြိမ်းချမ်းတို့ ကြွပေး ကျုံ့ပေးကြသည် ။ နောက်ကျတယ်ဟု တင်တင်မာ မေးသည် ။ “ ဟုတ်တယ် ၊ ရန်ကုန်က ထုတ်ဝေသူတွေ ရောက်နေတာ ထမင်းလိုက်ကျွေးနေရလို့ ” ဟု ကျွန်တော် ဖြေရသည် ။ လူတွေ ကြားမှာပင် ဝမ်းဘဲတစ်လိပ် မီးညှိသည် ။ ဆရာမိုး ပြောအပြီးလောက်တွင် ဆယ်နာရီခွဲသည် ။

ဟောပြောစင် အနီး ရှေ့ဆုံးတန်းတွင် လူများကြားမှာ မိန်းကလေး တစ်ယောက် ထိုင် နေသည် ။ အပြာနုထဘီ ၊ ယုန်မွေးဆွယ်တာ ပန်းနုရောင် ၊ နို့နှစ်ရောင် အသားရေနှင့် သူပင် ဖြစ်လေသည် ။

ဒေါ်ခင်ဆွေဦး စကားစပြောသည် ။ မျက်စိ အာရုံက သူ့ထံ ရောက်နေသည် ။ ပရိသတ်များ တိတ်ဆိတ်ငြိမ်သက်နေကြသည် ။ သူက ဆရာမကြီး ကိုသာ ငေးကြည့်နေ လေသည် ။ ကျွန်တော် ပင့်သက်သာသာ ရှူမိသည် ။ တစ်ခါ တစ်ခါ၌ မူ သူသည် စာအုပ်လေးထဲတွင် လိုက်မှတ်နေဟန် ရှိသည် ။

သူ ဟေး သူတို့ ဒီမှာ ဒီမှာ ထိုင်နေတယ်ဟေ့ ဟု လက်ပြ အော်ဟစ်ပစ်လိုက်ချင်သည် ။ ဒေါ်ခင်ဆွေဦး ပြောနေသော ဗိုလ်အောင်ကျော် အကြောင်း ၊ မဟာဆွေ အကြောင်း ၊ ဂျပန်တော်လှန်ရေး အကြောင်းတို့ကို ကျွန်တော် နားမဝင်တော့ ။ စိတ်အစဉ်သည် သူ့ ထံ၌သာ တည်တံ့၍ နေ၏ ။

သူ ။

ဝေါခနဲ ပွဲကျသံကို ကြားလိုက်ရသည် ။ ကျွန်တော့် အာရုံ ကိုယ်မှာ ပြန်ကပ်သည် ။ သံ ဃာတော် တစုတဝေး ထပြန်သည်ကို မြင်သည် ။

ညအိပ်ရာထဲတွင် သူ့ကို မြင်သည် ။ သူ့ကို တွေ့ရသည် ။

ကျွန်တော့် သွေးများ နွေး၍ ရင်မှာ အေးလေ၏ ။

••••• ••••• •••••

၉ ။

“ အောင်အောင်လား ၊ တို့ မွေးနေ့ ဖိတ်မလို့ ဖုန်းဆက်တာ ၊ လာမှာလား ၊ မဟုတ်ဘူး ၁၉ ရက် ၊ ဒီဇင်ဘာမှ  ၊ မများပါဘူး ။ သူငယ်ချင်း နည်းနည်းလေး ဖိတ်တာ ”

••••• ••••• •••••

၁၀ ။

“ အောင်အောင် လားဟင် ၊ ခုမှပဲ ဖုန်းဆက်လို့ ရတာ ။ တို့က ဒီလောက် မတုံးသေးပါဘူးနော် ။ မြင်လိုက်တာနဲ့ တစ်ခါနှစ်ခါ စကားပြောဖူးတာနဲ့ သိတယ် ။ ဘယ်လိုပြော ရမလဲ ၊ ဘာခံစားချက်မှ ကို မရှိတော့တာ ”

“ ခုအသက်အရွယ်ထိ ကိုယ် လုပ်ချင်တာ ဘာတစ်ခုမှ မလုပ်ရသေးဘူး ။ ဖေဖေတို့ စီမံတာပဲ ကောင်းတယ် ထင်လို့ လုပ်ကြတာပဲလို့ ပြောနိုင်တော့တယ် ။ ဘာတစ်ခွန်းမှလည်း မမေးချင်ဘူး ။ မေးစရာ စကားလည်း မရှိဘူး ။ ဟိုလူ ကတော့ ပြောတယ် ။ စိတ်ဝင်စားတယ်ပေါ့လေ ”

“ ပြင်နိုင်ခဲတဲ့ သုံးချက် ဆိုတော့လည်း ဖြစ်ပြီးမှ ဆိုရင် ကိုယ်က မိန်းမ အနာဘက်က ချည်းပဲ ။ တို့က လွဲလို့ အားလုံးက ဝိုင်းစီစဉ်နေကြတာ ။ ဘာမှလည်း မထူးပါဘူး ။ ဘဝ အကျိုးပေးလို့ပဲ ဖြေယူရတယ် ။ ဖေဖေတို့ မှာ ရှိတဲ့ ကိစ္စလည်း ပါမယ် ။ တို့ ကပဲ ဘဝကို မိဘအတွက် စတေးပစ်ရ တော့မလား ”

ကျွန်တော် သူ့စကားကို နားထောင်သည် ။ ဘာပြန် ပြောရမှာလဲ မှန်းဆတွေးကြည့်သည် ။ မသိ ။ စည်းချက် မြန်နေသော ရင်ခုန်သံ အပြင် အမည် မသိသော လှိုက်မောခံစားမှု တစ်ခု ရလိုက်၏ ။ လွင့်မျောနေသော တိမ်ခိုး မြူငွေ့များ နှယ် စိတ်အစဉ်တို့ ကြေမွပျက်စီးရလေသည် ။

မြင်နေကျ သူ့ပုံရိပ်ကို ပြန်တွေးသည် ။ ရီဝေလဲ့လဲ့ ရွှန်းတောက်သော မျက်ဝန်းအကြည့် နောက်တွင် လျှို့ဝှက်ချက် တစ်ခုခုကို ထိန်းချုပ်ထားပုံရသည် ။ အေးဆေးဟန် ၊ ဣန္ဒြေ ရှိဟန် ၊ သူ့သွင်ပြင်နှင့် ရင်တွင်းခံစားမှု တို့ လွဲသွေနေသည် ။ ကျွန်တော် ပြောချင်သော စကားများ ဝါကျ မပီပြင်တော့ ။ တစ်လုံးစီ တစ်စစီ ပြိုလွဲ လွင့်ထွက်ကုန်ရလေသည် ။ ဘာပြောရမလဲ သူ ။

“ အိမ်မှာလည်း ပြဿနာတွေ ရှုပ်ထွေး ထူပူနေတာပဲလေ ။ စာလည်း ဘာစာမှကို မဖတ်ချင်တော့တာ ။ တစ်ယောက်တည်း ငေးနေချင်တယ် ။ တွေးနေချင်တယ် ။ ဘာတွေ ဖြစ်ဦးမယ် မသိဘူး ။ ဒီကိစ္စ စတာလည်း ကိုစိုး ပဲ ၊ သူပဲ ဒါရိုက်တာ ၊ သူပဲ ပြေးလွှားနေတာ ၊ သိပ်ဖြစ်စေချင်ကြတယ်လေ ”

ညဉ့်သည် အေးစက် တိတ်ဆိတ်နေလေသည် ။ ချက်ချက်မြည်သော နာရီသံမှ အပ ငြိမ်သက်နေ၏ ။

“ တို့ အောင်အောင့် ကို စတွေ့ဖူး ကတည်းက သိတယ် ။ သူများတွေ ပြောမှ သိရတာမျိုး မလိုချင်ဘူး ။ မကြားချင်ဘူး ။ ကိုယ်တိုင် မေးချင်တယ် ။ မေးတယ် ။ မေးဖူးတယ်နော် ။ သတိရတယ် ။ တကယ် ပြောတာပါ ။ ဖုန်းလည်း ပြောချင်တယ် ။ ဘယ်လို ပြောရမလဲ ။ မလွတ်မလပ် လုပ်ရတဲ့ အလုပ် မလုပ်ချင်ဘူး ။ ခိုးကြောင်ခိုးဝှ က် မလုပ်ချင်လို့လေ ။ လူကြီးတွေ ရှေ့မှာ ပြောရတာ မကောင်းဘူး ”

“ နောက်တစ်ခု ရှိသေးတယ် ။ စိတ်ထဲမယ် ရှုပ်ထွေး နောက်ကျိနေတာလည်း ပါမယ် ။ ဖုန်း မပြောချင်ဘူး ။ ကိုယ်က တစ်ယောက်ယောက်ကို အော်ပစ်ချင်နေတယ် ။ အပြစ် ရှာချင်နေတယ် ။ ပြောရမယ့်သူ မရှိဘူး ။ ဒါကြောင့် မဆက်ဖြစ်တာ ။ အောင် စောင့်နေမယ် ပြောတာ သိသားပဲ ။ ကိစ္စ မရှိပါဘူး ။ အောင့် ကို တို့ လည်း သိတာပဲ ဥစ္စာ ။ ဒါပေမဲ့ အဲဒါတွေ အားလုံး အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဘာမှ မတွေးဘူး ။ ပြီးခဲ့တာတွေ ပြီးခဲ့ပြီ ။ ထားခဲ့ပြီ ။ ခုကျတော့ လူကြီးတွေ ကောင်းရင် ကောင်းလိုက်တာပဲ ။ မကောင်းဘူးဆို မကောင်းဘူးပေါ့ ။ ဒါပဲလေ အားလုံးက သင့်တော်တယ် ။ ဘာညာဘာညာပေါ့ ဆိုတော့ အစကတည်းက ကိုယ် ချစ်မှ မရတာ သူချစ်ကပဲ ကောင်းပါတယ် ။ ဒီအချိန်မှာ ကိုယ် ချစ်နေတဲ့ လူ ရှိနေလည်း မချစ်တော့ပါ ဘူး ။ သူများကို ဒုက္ခ ပေးသလို ဖြစ်သွားမှာပေါ့ ။ ကိုယ် နေရတာကလည်း သံတမန်တွေ ကြား နေရတာ ။ သူတို့ကလည်း ဝေဖန်ရေး ဆရာတို့ ၊ စာရေးဆရာတို့ ၊ သတင်းစာဆရာတို့ ၊ ကဗျာဆရာတို့ ဆိုတော့ ဘာမှ ပြန်မပြင်ချင်တော့ဘူး ။ တော်တော်ပြောရ ကျပ်တယ် ။ အောင်ရယ် အောင့်ကို အစ်ကိုလို ချစ်တာ ။ ဟုတ်တယ် အောင် မမေးလည်း ပြောမှာ ပဲ ။ အစ်ကိုလို ပို ချစ်ချင်တယ် ။ ဘာဖြစ်လို့လဲ အစ်ကို မတော်စေချင်လို့လား ”

ကျွန်တော့် အသံ စိုးစဉ်းမျှမထွက် ။ ရင်တွင်း မွန်းပိတ်ဆို့နစ်နေသည် ။ သူ သိပုံမရ ။

“ အောင် ပြန်သွားတော့ စားပွဲပေါ်မှာ ပုဂံက ဝယ်လာတဲ့ ယွန်းဟင်္သာစုံတွဲရုပ်လေးကျန်ခဲ့တယ် ။ စိတ်မကောင်းဘူး ။ ပေးလိုက်တဲ့ ဆွဲကြိုးနာရီလေးရော ချောင်ထိုးမထားနဲ့နော် ချောကလက်ထုပ်လေးကော အောင် ကြိုက်တတ်မယ်ထင်လို့ ထည့်ပေးလိုက်တာ ကြိုက်လား ”

“ တို့ စိတ်မကောင်းဘူး ။ အောင့် ကို ဒီလို ပြောပြရတာလည်း နောင်တရတယ် ။ တို့ မှာ ဖွင့်ပြောရမယ့်လူ မရှိဘူး ။ ပြောချင်နေတာ ကြာပြီ ။ တို့လေ နောက်နှစ်လလောက် ကျရင် မင်္ဂလာ ဆောင်ရတော့မှာ ”

••••• ••••• •••••

၁၁ ။

လေးလံနောက်ကျိသော စိတ်လေးကို ဖြေဖျောက်ပစ်ရန် နည်းမမြင် ။ သူနှင့် ဖုန်းမ ပြောဖြစ်တာလည်း ကြာပြီ ။ မတွေးမိစေရန် အလုပ်ထဲ စိတ်ကို နှစ်ထားသည် ။ ကဗျာဆရာ ၊ စာရေးဆရာ ၊ ပန်းချီဆရာတွေနှင့် မဆုံမိအောင် နေသည် ။ ကိုယ့်အဖြစ်က တစ်ယောက်ယောက်ကို ဖွင့်ဟပြ၍ ရသော ကိစ္စမဟုတ် ။ တစ်ယောက်တည်း ကျိတ်ခံသည် ။ အရက် ကိုလည်း မသောက်တတ်သူဖြစ်၍ နည်းနည်း သောက်ပြီး များများ မူးသည် ။ ဆက်မသောက်ချင် ။

ကတ္တရာ လမ်းမပေါ်တွင် မန်ကျည်းရွက်ကြွေခြောက်လေးများ ပျံ့လွင့်နေသည် ။ ပြင်း ပြင်းပူသော နွေနေထက် ရင်တွင်းအပူက ပိုမည်ထင်သည် ။ သူ့အသံကို ကျွန်တော် ကြားချင်နေသည် ။ သူ့ကို မြင်ချင်နေသည် ။ ပျင်းရိ ခြောက်သွေ့သော နေ့လယ်ခင်းပိုင်းတွင် မုတ်ဆိတ်လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ထိုင်သည် ။

နည်းနည်းလေး ချစ်ရင်လည်း မလောက် ၊
များများကြီး ချစ်ရင်လည်း မလောက် ။

ကော်နီ့ သီချင်းသံလေးက ပျံ့လွင့်ကြည်မောသည် ။

ဆိုင်ရှေ့ကို တွေငေး ကြည့်နေမိလေသည် ။ စိမ်းဝါခြောက်ခြောက် ဗာဒံရွက်လေးများ လေ မှာ ဝဲနေသည် ။ ဆိုင်ပေါက်ဝတွင် စက်ဘီးဒေါက်ထောက်နေသော ကိုစိုး ကို မြင်သည် ။

ကျွန်တော် ထိုင်နေသော စားပွဲကို ကိုစိုး တွေ့သွားပုံရသည် ။ ကျွန်တော့် ဆီသို့ သူ တည့်တည့်လာသည် ။ တစ်စုံတစ်ရာ ထူးခြားပြီဟု ကြိုတွေးသိလိုက်သည် ။ လွတ်နေသော ကုလားထိုင်တွင် ဝင်ထိုင်သည် ။ မျက်နှာပြင် အပြောင်းအလဲ မရှိ ။ ပုံရိပ်ဖမ်းမရ ။ သူ ကျွန်တော့်ကို စူးစေ့ရီဝေစွာ ကြည့်နေသည် ။

“ ကိုအောင့် အတွက် လာပေးတာ ” ဟု ပြောရင်း လွယ်အိတ်တွင်းမှ တစ်စုံတစ်ခုကို ထုတ်သည် ။ သူ ကျွန်တော့် မျက်နှာပြင် အပြောင်းအလဲကို တစ်ချက်မလွတ် အကဲခတ် နေမှန်း သိသည် ။

ကျွန်တော် ဘာဖြစ်သွားမှာလဲ ။ သူသိချင် နေပုံရ၏ ။

“ ဟာ ” ဟု အော်ပြလိုက်ရမည်လား ။ နံရံကို လက်သီးဖြင့် ထိုးပြလိုက်ရမည်လား ။ စားပွဲပေါ် ခေါင်းငိုက်စိုက်ကျ ပြရမည်လား ။ “ ဘာလဲ ၊ ခင်ဗျားကိုယ် ခင်ဗျား စိတ်နှလုံးကောင်း ရှိတဲ့ လူပုံမျိုး လာဖမ်းပြနေတာလား ” ဟု အော်ဟစ် ပစ်လိုက်ရမည်လား ။

ကိုစိုး ကျွန်တော့်ကို နဖူးရေ တွန့်ကြည့်သည် ။

ကျွန်တော် သူ့ကို နင့်နင့်နာနာ ကြည့်သည် ။ “ ကိုစိုး အခု ဝတ္ထုတိုတွေ ရေးနေပြီနော် ။ ဝတ္ထုတို အတတ်ပညာတွေလည်း အတော် တတ်နေပါလားဗျာ ” ဟု ပြောမိသည် ။ စားပွဲပေါ်၌ မီးသေနေသော ဆေးလိပ်တို နံဘေးတွင် မင်္ဂလာဖိတ်စာကတ်လေး ငြိမ်သက်စွာ တည်ရှိနေလေသည် ။

••••• ••••• •••••

၁၂ ။

သူနှင့် ပတ်သက်ဖူးသော အရာ မှန်သမျှကို ကျွန်တော် ရှောင်သည် ။ သူ့ကို ကြုံဖူးသော တောင်လေးလုံးကျောင်း ၊ ဦးပိန်တံတား ၊ မယ်ဇယ်ပင်တန်း ၊ အနုရုဒ္ဓါချောင် ဓမ္မသာလ ၊ နဂါးစာပေ ၊ ဥတ္တရလွင်ပြင် စာအုပ်ဆိုင် ၊ ဒေါင်းအိုးဝေ စာအုပ်ဆိုင် ၊ ခရမ်းရောင်စာပေ ၊ ဝင်းစာပေ ၊ အဏ္ဏဝါ အအေးဆိုင် ၊ ဧရာဦး အအေးဆိုင် ၊ အေတီးဟောက်စ် ၊ ရွှေပါတီကာကာဆိုင် ၊ ဈေးချို အလယ်ပေါက်တို့ကို ကျွန်တော် မသွားတော့ ။

သည်နေ့ သူ့မင်္ဂလာပွဲနေ့မှန်း သိသည် ။ နေ့ခင်း မင်္ဂလာဧည့်ခံပွဲကို ကိုသိုက်ထွန်းသက် ၊ ကျော်မျိုးဆက် တို့ သွားကြသော်လည်း ကျွန်တော် မလိုက်ခဲ့ ။ မမြင်ဝံ့ ။ သတ္တိ နည်းသူဟု ဆိုချင်ဆိုတော့ ။ ကျွန်တော် ခံစားရမည်ကို ကြောက်သည် ။ ကျွန်တော့် ရင်တွင်း မီးတောင် ပေါက်ကွဲမည်ကို သိသည် ။

သူတို့ မင်္ဂလာပွဲမှ ပြန်လာကြသောအခါ ကျွန်တော့်ကို လိုက်ရှာကြပုံရ၏ ။ ကျွန်တော် သွားဖူးသည့် နယူးဟောင်ကောင်ကို လိုက်လာကြသည် ။ ကျွန်တော် အရာရာကို မသိ ။ မခံစား ။ ရင်တွင်းပူလောင်သည် ။ အိမ်ကို သူတို့တွေ ပြန်ပို့ ပေးပုံရသည် ။ ကျွန်တော် သတိရတော့ အခန်းထဲက ကျွန်တော့် ခုတင်ပေါ် ရောက်နေသည် ။ အာခေါင်တစ်ခုလုံး ခြောက်ကပ် ပူစပ်နေသည် ။ 

ရေအေးအေး တစ်ခွက် သောက်လိုက်ချင်သည် ။ ရေသောက်ဖို့ အိပ်ရာမှ ထသည် ။ စစ်စစ် ကိုက်သော ဦးခေါင်းသည် ထုံကျဉ်အုံခဲနေသည် ။ စားပွဲပေါ်မှာ ရေဖန်ချိုင့် ရှိသည် ။ မေမေ အဆင်သင့် တင်ပေးထာတာ ဖြစ်မည် ။ ရေတစ်ခွက် မြန်မြန် သောက်လိုက်သည် ။ လည်ပြွန် တစ်လျှောက် အေးစိမ့် ဆင်းသွားသည် စားပွဲပေါ်က နာရီလေးသည် မနက် တစ်နာရီကို ပြနေသည် ။ ကျွန်တော် အိပ်ပျော်နေတာ ကြာခဲ့ပြီပဲ ။ သူ့ မင်္ဂလာဦးညတောင် ကျော်လွန် ကုန်ဆုံးခဲ့ပါပကောလား ။ 

သူရယ် ။

သူ ပေးထားသော ရွှေဝါရောင် ဆွဲကြိုးနာရီလေး ခုတင်ခြင်ထောင်တိုင်တွင် ငြိမ်သက်စွာ ရှိနေသည် ။ နံရံပေါ်မှာ ကော်နီ့ပုံလေးက ကျွန်တော့်ကို တွေတွေရီရီ ကြည့်နေသည် ။

သူ အိပ်ပျော်နေမှာလား ။ ကျွန်တော် လွမ်းချင်နေသေးသည် ။

“ တူ တူ ”

တိတ်ဆိတ်ဆိတ် အေးစက်စက် ညကို တယ်လီဖုန်းသံက ဖျက်ဆီးပစ်လိုက်သည် ။

ဟော ဒါ တယ်လီဖုန်းသံပဲ ။ သေချာရဲ့လား ။ ကျွန်တော့်ကိုယ် ကျွန်တော် သေချာမှု ရှိ မရှိ အရင် မေးကြည့်သည် ။ ခုတင်ပေါ် ထထိုင်လိုက်မိသည် ။ ဟုတ်တယ် ။ တယ်လီဖုန်းသံ ။ ဒီ အချိန်ကြီးမှာ ကျွန်တော့်ဆီ ဘယ်သူ တယ်လီဖုန်း ဆက်မှာလဲ ။ ဘယ်သူ ဆက်တတ်မှာလဲ ။ ကျွန်တော့် အိမ်သည် မီးသတ်ဌာန မဟုတ် ။ ရဲစခန်း မဟုတ် ။ ဆေးရုံ မဟုတ် ။ ကောင်စီရုံး မဟုတ် ။ ဖုန်းသံ သေချာသည် ။

ကျွန်တော့် နှလုံးသည် တစ်သက်လုံးတွင် အပြင်းထန်ဆုံး အပေါက်ကွဲဆုံး ခုန်မြည်နေသည် ။

ဟုတ်တယ် ဖုန်းလာတယ် ။ ကျွန်တော် ခုတင်ပေါ်မှ ဆင်းသည် ။ ရပ်သည် ။ အခန်း တံခါးကို ဖွင့်သည် ။ စားပွဲပေါ်မှာ တယ်လီဖုန်းသံ မြည်နေသေးသည် ။ ကျွန်တော့်ကို ခေါ်နေသည် ။ ကျွန်တော့် တစ်ကိုယ်လုံး တုန်သည် ။ မွေးညင်း ကြက်သီး မျှဉ်းမျှဉ်းထသည် ။ လက်ချောင်းလေးတွေ တဆတ်ဆတ် လှုပ်ခါနေသည် ။ ပုခက်တွင်းမှ တယ်လီဖုန်းကို မ ယူရန် အားစိုက်သည် ။ တယ်လီဖုန်းကို ကျွန်တော် ဆတ်ခနဲ မ လိုက်ပြီး နားဆီကို အလျင်စလို ကပ်လိုက်သည် ။

ဘယ်သူလဲ ၊ ဘယ်သူလဲ ။ ကျွန်တော့် အသံက ရင်ခေါင်းတွင်း တိုးဝင်ပျောက်နေ၏ ။ မထွက် ။

“ အောင် လားဟင် ”

သူ ဟုတ်တယ် သူပဲ ။ ကျွန်တော် ပျော်သည် ။ အထိန်းအကွပ် အတားအဆီးမဲ့ ဝမ်းသာသည် ။

“ ဟုတ်တယ် ၊ အောင်လေ ၊ အောင် ။ သူ သူ လား ”

“ အောင့် ကို သတိရလို့ ဆက်လိုက်တာ ၊ အိပ်တော့နော် အိပ်နော် ”

သူ ဖုန်းချသွားသည် ။ ကျွန်တော့် နှလုံးခုန်သံတို့ ရုတ်ခြည်း ပျောက်လွင့်သည် ။ အသက်ရှူဖို့ အသိတို့ ကုန်ဆုံး၏ ။ ကျွန်တော့် လက်ထဲတွင် တယ်လီဖုန်းကို ကိုင်ထားဆဲ ရှိနေသည် ။

စာပေ အသိုက်အဝန်း ကြားတွင် နေထိုင်ရင်း ရင်ထဲက ထွက်ပေါ်လာသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည် ။

▢  ပြေ ( ဆေး - ၂ )

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဇွန်လ ၊ ၁၉၈၇ ခုနှစ်

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      သြဂုတ်လ ၊ ၂ဝဝ၉ ခုနှစ်

Wednesday, November 26, 2025

တမ်းချင်းရာကို


 

❝ တမ်းချင်းရာကို ❞
    ( ပြေ - ဆေး၂ )

မနက်စောစော သုံးနာရီလောက်ဆို အိပ်ရာက ထပြီး ရေအိမ်တက် ၊ မျက်နှာသစ် ၊ သွားတိုက် ၊ ပြီးတာနဲ့ ပုတီးစိပ် ၊ တရားထိုင်တာ ခြောက်နာရီခွဲ ခုနစ်နာရီ ဆိုရင် ပြီးပြီ ။

မိုးတွင်း ဆောင်းအစ ဆိုရင် မနက်ခင်းက အေးစိမ့်နေတယ် ။ မိုးတောင်မှ ကောင်းကောင်း မလင်းချင်သေးဘူး ။ ဘောင်းဘီ လဲလိုက်တာနဲ့ ကိုယ့်ခုတင် အောက်မှာ ကွေးနေတဲ့ ဘိုဖြူ က တစ်ခါတည်း ပြေးထွက်လာတယ် ။

အံဆွဲထဲက ပိုက်ဆံယူ ၊ ဦးထုပ်ဆောင်း ၊ တုတ်ကောက်ဆွဲ ၊ အိမ်တံခါးသော့ ရှာရတယ် ။

ဘိုဖြူ ကတော့ အမြီး တနန့်နန့်နဲ့ ကိုယ့်နောက်က ထက်ကြပ်မကွာ လိုက်တယ် ။ တံခါးမကြီး ဖွင့်လိုက်တာနဲ့ သူ တစ်ခါတည်း အပြင်ကို ပြေးထွက်သွားတယ် ။

အိမ်ရှေ့ ပလက်ဖောင်း ဘေးက ဓာတ်တိုင်ကို ခြေကန်ပြီး သေးပန်းတော့တာပဲ ။ ကိုယ်က အိမ်တံခါး သော့ခတ်ပြီး ထွက်လာတော့ သူ နောက်က ပြေးလိုက်လာတယ် ။ အပြင်မှာ ပိုအေးတယ် ။ နှင်းစွက်လေက ပါးပြင်ကို ဖြတ်တိုက်သွားတာ ကျဉ်ခနဲ နေတယ် ။

ကိုယ့်အမြင်က ဝေနေလို့ ၊ မြူတွေက ဂွမ်းထုပ်ကြီးတွေ လိုပဲ ။ ဂျပန်ဒါရိုက်တာကြီး ကူရိုဆာဝါး ရိုက်ကူးတဲ့ Dream ရုပ်ရှင်ကားထဲက ဗန်ဂိုးပန်းချီကားထဲ ၀င်သွားရသလိုပဲ ။ အဖြူရောင်တွေ ကြားထဲ ရောက်နေတယ် ၊ တိမ်တွေလို ။

လမ်းမပေါ်မှာ ကားတစ်စီး ၊ ဆိုင်ကယ်တစ်စီး အသွားအလာ မရှိ ။ တုတ်ကောက် တဒေါက်ဒေါက်နဲ့ ပလက်ဖောင်း ... ၊ အနိမ့်အမြင့် ၊ အဆင်းအတက် ၊ အပေါက်အကျွံ ၊ အချွန်အတက် ၊ အလိမ့်အကျ သတိထားရတယ် ။

မီးပွိုင့်လမ်းဆုံလေးကို ကံ့ကော်လမ်းခွဲလို့ အမည်ပေး ထားတယ် ။ ကံ့ကော်ပင် လည်း မရှိ ။ လွမ်းစရာလည်း မရှိ ။ လမ်းဆုံလေးက ငြိမ် ကုပ်နေတယ် ။ မီးပွိုင့် နောက်မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် လေးမှာက ရှမ်းခေါက်ဆွဲ ၊ တိုဟူးပျော့ ၊ ဆီချက် ၊ တရုတ် မြီးရှည် ရတယ် ။ လက်ဖက် ရည်ချိုနဲ့ ပလာတာ ၊ အီကြာ ကွေးလည်း ရတယ် ။

ကိုယ်က ဒီဆိုင်မှာ တိုဟူးပျော့ ဆန်ခေါက်ဆွဲနဲ့ တိုဟူးကြော် စားတယ် ။

ကိုယ် စားနေချိန်မှာ ဘိုဖြူ က ဘေးမှာ ထိုင်စောင့် နေတယ် ။ မနက်စောစော ဆိုတော့ ဆိုင်ထဲမှာ စားတဲ့သူ မရှိဘူး ။ ဒီဆိုင်မှာ အမွေးစုတ်ဖွားနဲ့  ရှိစု အပျိုမလေး တစ်ကောင်ရှိတယ် ။ ငယ်ငယ်လေး ။ ဘိုဖြူ က ဆယ့်တစ်နှစ် ရှိပြီ ဆိုတော့ အဘိုးကြီး ဖြစ်နေပြီ ။

သူက ကောင်မလေးကို ဣန္ဒြေမပျက် ခပ်တည်တည်ပဲ ရီဝေဝေ ငေးနေတယ် ။ ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့  ဟိုထောင့်ပြေးကပ် ၊ ဒီထောင့် ပြေးကပ်နဲ့ နောက်ဆုံးတော့ ဆိုင်နောက်ဖေးဘက် ပြေးဝင်သွားတော့တယ် ။

ဘိုဖြူ က အညောင်းဆန့် ပြီး ဆိုင်ပြင်ဘက် ထွက်သွားတယ် ။ အညောင်းပြေ အညာပြေ လမ်းလျှောက်နေပုံပဲ ။ တကယ်တော့ ဘိုဖြူ ဟာ ဖြူလုံး ဆုံးပြီး ကတည်းက အထီးကျန်နေခဲ့တာ ။

နှစ်နှစ်ကျော်ပြီ ။ သူက အမျိုးကောင်းသား ၊ American bull-pit terrier မျိုး ၊ အကောင်သေး အပုစား ။ သူ့လိုအမျိုး အကောင်ကြီးက ရန်ကုန် အင်းယားလိတ်ဟိုတယ်မှာ နှစ်ကောင် ရှိတယ် ။ လူကို ကိုက်တဲ့အခါ မျက်နှာနဲ့ လည်မျိုကို ဆွဲတတ်တယ် ။အသေပဲ ။

ဘိုဖြူ ခမျာမှာ ကိုယ် အပြင်ထွက်မှ သူ ထွက်ရတယ် ။ အခုဆို အိမ်မှာက ဖြူလုံး လည်း မရှိ ၊ အိမ်နားနီးချင်းတွေက သူ့ဘော်ဒါတွေလည်း မရှိကြတော့ ရှားရှားပါးပါး မြို့ခံ ဆရာဝန်လေး အိမ်မှာသာ သူ့ဘော်ဒါ တစ်ကောင်သာ ရှိတော့တယ် ။

အဲဒီကောင်ကလည်း ရှိစု အကြီးစား ၊ အမွှေးဗရပွ ၊ ပေတူးညစ်ပတ် ၊ ပလက်ဖောင်းပေါ်မှာ ခေါင်းငိုက်စိုက်ချပြီး ဦးတည်ရာမဲ့ လျှောက်သွား နေတတ်တယ် ။ တစ်ခါတလေ အိမ်ရှေ့ရောက်လာရင်း ဘိုဖြူနဲ့ ခဏတစ်ဖြုတ် ရပ်ပြီး ငေးနေတတ်တယ် ။

တစ်ယောက် နဲ့ တစ်ယောက် အသံတိတ်ပဲ ။ နှုတ်ဆက်ကြတယ် ။ ပြီးရင် ခေါင်းငိုက်စိုက်နဲ့ ထွက်သွားပြန်ရော ။ ဒီကောင်က ဒီဘက်ကို သိပ်လာလေ့ မရှိဘူး ။ ကိုယ့်အိမ်ဘေးနားက တီဗွီပြင်ဆိုင်မှာ ဝဲကျော် ဆိုတဲ့ သိုးထိန်းခွေးမလေး ရှိတယ် ။ သူ ရှိနေတုန်းကတော့ ဒီကောင်က လာလာ ဝိုက်တယ် ။ ဝဲကျော်မကို ပလက်ဖောင်း ပေါ်ကနေ ငေးတယ် ။ ဟိုဘက် မီးသတ်တံခါးနား ကနေ ချောင်းတယ် ။

ပလက်ဖောင်းအုတ်ခုံမှာ ဝပ် ငမ်းတယ် ။ ဝဲကျော်မ ကတော့ ကော့လန်ကော့လန် နဲ့ ဖင်လေး လိမ်လိမ်ပြီး ရှိုးပြတယ် ။ အကပ်တော့ မခံဘူး ။ ဘိုဖြူ လည်း ဝဲကျော်မနား ကပ်လို့ မရပါဘူး ။ ဝဲကျော်မ က ငယ်ပေမဲ့ ဒေါင်ကောင်းတယ် ။ သူ့အမွေးလေးတွေက ဖွဖွဖွာဖွာ နုနုပါးပါးလေး တကယ်လှတယ် ။

ဖြူလုံး ရှိစဉ်အခါကတော့ ဘိုဖြူရယ် ၊ ဖြူလုံး ရယ် ၊ ဝဲကျော်မရယ် သုံးယောက်ကို ကိုယ်က ကားပေါ်တင်ပြီး မြို့ပြင်က ဟာစကီကွင်းဘက် ထွက်တယ် ။ သူတို့တွေနဲ့ လမ်းလျှောက်ကြတာပေါ့ ။

တစ်နေ့မှာ ဝဲကျော်မလေး ကားတိုက်ခံရပြီး ဆုံးသွားတယ် ။ သူ ဆုံးပြီး တစ်နှစ် အကြာ ဖြူလုံး ဆုံးတယ် ။

မဆုံးခင်က ဆိုရင် သူတို့ သုံးယောက်နဲ့ မြို့ထဲက ပလက်ဖောင်းပေါ်မှာ ညနေ တိုင်ဆို လမ်းလျှောက်ကြတယ် ။ ကိုယ်က ခွေးကြီးတွေရန် ကာကွယ်ဖို့ ဝါးရင်းတုတ်တစ်ချောင်း ၊ သူတို့ ပါတဲ့ ချေးကျုံးဖို့ ထိုးဆေးကတ်ဘူးခွံ ၊ တစ်ရှူးလိပ် ၊ ကြွပ်ကြွပ်အိတ် သယ်ရတယ် ။

ဒီအချိန်ဆိုရင် သုံးယောက်သား ခုန်ပေါက်မြူးထူးပျော်ရွှင်နေကြရော ။ သူတို့ သုံးယောက် လမ်းလျှောက် ထွက်ချိန်ဆိုရင် အိမ်တွေမှာ ရှိတဲ့ ခွေးမလေးတွေ ၊ ခွေးထီး လေးတွေက အိမ်ပေါက်ဝတွေမှာ စောင့်ကြိုနေတတ်ကြ တယ် ။

ဘိုဖြူတို့ ဖြတ်သွားရင်း ခြံတံခါးပိတ်ထားတဲ့ အိမ်ထဲက ခွေးလေးတွေ ဆို ဟိုဘက် ပြေး ၊ ဒီဘက်ပြေးနဲ့ ပျောကလတ် ဆန်နေကြတယ် ။ ခွေးမလေးတွေ ဆိုရင် အမြီးလေး တနန့် နန့်နဲ့ ဖင်လေးတယမ်းယမ်း ပေါ့ ။

‘ အံမယ် ’ ကိုယ့်ကောင်က ခပ်တည်တည်နဲ့ အရေး မလုပ်ဘူး ။ ဒါပေမဲ့ ခြံအုတ်တံတိုင်းကိုတော့ ခြေကန်ပြီး သေးပန်း သွားတယ် ။ သေးပန်းပြီးတော့ နောက်ခြေနှစ်ချောင်းကို နောက်ပြန်ကန် မြေကြီးတွေနဲ့ ဖုံးပေါ့ ။

အခုတော့ သူတစ်ယောက်တည်း ။ ကိုယ်က လည်း မျက်အကြည့် မွဲလာတော့ ညနေတိုင်ဆို လမ်း လျှောက် မထွက်နိုင်တော့ဘူး ။ ဟိုးအရင်ကတော့ ညနေ လေးနာရီလောက်ဆို ဖြူလုံး နဲ့ ဘိုဖြူ ကို ကားပေါ်တင် ၊ ဝီဘဲ လမ်းကြားဝင် ၊ သူတို့ အတွက် အမဲလုံးဝယ် ၊ ဆန်းမောင်ကျော်ဆိုင်မှာ ကားရပ်တယ် ။

သူတို့ကို ကားပေါ်မှာ ထားခဲ့ပြီး ဆန်းမောင်ကျော် စာအုပ်ဆိုင်က ဂျာနယ် ၊ ဝတ္ထု ၊ မဂ္ဂဇင်း ဝယ်ရတယ် ။ ပြီးတာ နဲ့ ကားကို တိရစ္ဆာန်ဆေးကု ဆရာဝန်အိမ်ရှေ့က မြင့်မြင့်အေးအကြော်ဆိုင်ရှေ့မှာ ရပ်တယ် ။ သူတို့ကို ကားပေါ်က နေ အောက်ကိုချ ၊ အကြော် ဆိုင်မှာ အကြော်ငါးရာဖိုး မှာ ခဲ့ပြီး ရဲစခန်းဘက် ပလက် ဖောင်းပေါ်မှာ လမ်းလျှောက် ကြတယ် ။

ရဲစခန်းရှေ့မှာက မြက်ခင်းစိမ်းစိမ်းနုနုလေးတွေလည်း ရှိတယ် ။ သူတို့က ဆေးအဖြစ် နဲ့ မြက်နုလေးတွေကို စားကြ တယ် ။ စားပြီးလို့ ပြန်လှည့် လာတဲ့အခါ ပလက်ဖောင်း ဘေးက အေးစိမ့်နေတဲ့ ညောင်ပင်ရိပ်မှာ ထိုင်နားကြ တယ် ။ တစ်ခါတလေတော့လည်း မြို့အထွက်က ဆုံမှတ် လက်ဖက်ရည်ဆိုင်မှာ ကား ရပ်တယ် ။ ကားပေါ်က ဆင်းပြီး လမ်းလျှောက်ကြ ။ မော တော့မှ ဆိုင်ထဲ ဝင်ကြတယ် ။ ဖြူလုံး နဲ့ ဘိုဖြူတို့ အတွက် ဒင်ဆမ်း ၊ ဝက်နံရိုးပေါင်း တစ်ပွဲစီ ကျွေးတယ် ။ မဝ, ကြသေးရင် တစ်ပွဲစီ ထပ်ကျွေးရတယ် ။ ဖြူလုံး မရှိတဲ့ နောက်ပိုင်း မသွားဖြစ်တာ ကြာပြီ ။

ကိုယ်တို့က ဒီနယ်စပ် မြို့ကလေးကနေ ရန်ကုန်ကို တစ်နှစ်တစ်ခေါက် ပြန်ကြတယ် ။ ပြန်တဲ့အခါ ကားတစ်စီး ၊ လူနှစ်ယောက် ၊ ခွေးနှစ်ယောက်ပေါ့ ။ ဖြူလုံးက တရုတ်ဘုရင်တွေ နန်းတော် ထဲမှာ မွေးရတဲ့ တော်ဝင် ပီကင်းဂျီးစ်မျိုး ဖြစ်လို့ ၊ အမွေးပွမျိုးလည်း ဖြစ်လို့ အပူဒဏ်ကို မခံနိုင်ရှာဘူး ။ ဘိုဖြူ ကတော့ အမွေးပါးလို့ ဖြူလုံး လောက် မဆိုး ။ ကိုယ့်ဗင်ကားလေးက အမြန်လမ်းပေါ်မှာ နေပြည်တော် ကျော်တာနဲ့ အဲကွန်း ဖွင့်ရတာပဲ ။

လေကပါ ပူလာလို့ ဖြူလုံးမှာ လျှာတစ်လစ်ထွက် ၊ တဟဲဟဲ ဖြစ်နေတော့တယ် ။ ပန်းနာသမားလို အသက်ရှူ လည်း ကျပ်လာတယ် ။ အဲဒီတော့ လမ်းဘေးအရိပ် တစ်နေရာမှာ ကားကို ရပ်ပြီး သူတို့ အမေက ဆေးထိုးပေးရတယ် ။ နည်းနည်း သက်သာသွားပြီ ဆိုမှ ကားထွက်ကြရတယ် ။

အဲကွန်းကလည်း ကြာကြာဖွင့်ထားရင် Heat တက် လာရော ။ ဒါနဲ့ ဖွင့်လိုက် ၊ ပိတ်လိုက် သွားရတယ် ။ ဖြူလုံး ခမျာမှာ မောလိုက် ၊ ကျပ်လိုက် ၊ လျှာထွက်လိုက်နဲ့ နေရ တယ် ။ ရန်ကုန် စဝင်ပြီ ဆိုရင် ပိုဆိုးလာရော ။ အိမ်မရောက်မချင်း သူ့အတွက် ကတော့ ငရဲပါပဲ ။

အိမ် ရောက်တာနဲ့ အဲကွန်း ဖွင့်ထားတဲ့ အိမ်ထဲ အမြန်သွင်းရတယ် ။ ဒီတော့မှ သူ အသက်ရှူ ချောင်ရှာတော့ တယ် ။ ဘိုဖြူ ကတော့ နန့်ဖတ်ကာ ကွတ်ခိုင် ကြား တောင်အလုံးသုံးဆယ် ပတ်တက်ရတဲ့ လမ်းတွေမှာ အန် တော့တာပဲ ။ ဒီကောင်က ကားမူးတတ်တယ် ။ မနက် ကား မထွက်ခင် ကတည်းက သူ့ အဖေကိုယ်တိုင် B6 နဲ့ Siloxogin တိုက်ထားသေးတယ် ။ သူ အန်တဲ့အခါ ကားကို လမ်းဘေးမှာရပ် ၊ အန်ဖတ်တွေကျုံး ၊ ဆေးတစ်ခါ တိုက်ရပြန်တယ် ။

ဖြူလုံး ကို ဒီလို မောကျပ်နေတာ တွေ့ရလို့ ဖြူလုံး အတွက် ဟိုင်းဝေးလမ်းမှာ အဲကွန်းနိုင်တဲ့ CRV Honda ကားကို ပြောင်းဝယ်ရတယ် ။ CRV နဲ့ကျတော့ အေးစိမ့်နေလို့ ၊ ကားကလည်း ကျယ်လို့ ၊ အောက်ကြမ်းပြင်မှာ ဇိမ်နဲ့ အိပ်လိုက်လာရတယ် ။ မောတာ ၊ ကျပ်တာ မရှိတော့ဘူး ။ ဘိုဖြူ ကလည်း မအန်တော့ဘူး ။ ဇိမ်နဲ့ နှပ်နေတာပဲ ။ ရန်ကုန် အဝင်လည်း အေးဆေးပဲ ။ နေပြည်တော် ကျော်လည်း အေးဆေးပဲ ။

ဖြူလုံး မဆုံးခင်တစ်နှစ် မှာပဲ ကိုယ့်မျက်ကြည့်တွေ ဝေဝါးလာတယ် ။ ကားလည်း မမောင်းနိုင်တော့ဘူး ။ ရန်ကုန်ကနေ နယ်စပ်မြို့လေးကို ဗင်ကားတစ်စီး ငှားပြီး ပြန်ရတယ် ။ CRV ကို ရန်ကုန်မှာ ထားခဲ့ရတယ် ။ မြို့လေး ပြန်ရောက်တော့ မြို့ထဲ ဟိုနား ဒီနားသွားဖို့ ဖိုးဝှီး ဟွန်ဒါဖစ်လေး တစ်စီး ပြန်ဝယ်ရတယ် ။ အဲကွန်းကတော့ ပတ်ကားပဲ ။ ဒီကားလေးနဲ့ ဘိုဖြူ ၊ ဖြူလုံး ၊ ဝဲကျော် သုံးယောက် ကို တင်ပြီး မြို့ပြင်ထွက် ၊ ဂေါက်ရိုက်ကျင့်တဲ့ ကွင်း ဘက်ထွက် ၊ ဆေးဆိုင်သွား ၊ ဈေးသွား ၊ အမဲလုံးဆိုင်သွား ၊ စာအုပ်ဆိုင်သွား ၊ အကြော်ဆိုင်သွား ၊ ဆုံမှတ်သွား ။

မြို့လေးထဲမှာ ကားတစ်စီး ၊ လူတစ်ယောက် ၊ ခွေးသုံးယောက် လှည့်ပတ်နေကြ တယ် ။ အခုတော့ ကိုယ့်မျက် ကြည့်က အတော်ဆိုးလာလို့ မြို့ထဲတောင် ကားမမောင်း နိုင်တော့ ။ ဘိုဖြူ မှာလည်း တစ်ယောက်တည်းသာ ကျန် တော့တယ် ။ တစ်ခေါက် ရန်ကုန် ဆင်းတုန်းက ကိုယ်တို့ မိသားစု ငပလီကို သုံးညအိပ် ၊ လေးရက်ခရီး လေယာဉ်နဲ့ သွားကြတယ် ။

အိမ်ထဲမှာ ဘိုဖြူ တစ်ယောက်တည်း တံခါးပိတ် ထားခဲ့တယ် ။ ခြံထဲက ဟို ဘက်အိမ်မှာ ရှိတဲ့ သူ့အမေ ညီမကို ဘိုဖြူ အတွက် နေ့ တိုင်း ထမင်းပို့ဖို့ မှာခဲ့တယ် ။ ပြဿနာပဲ ။ ကိုယ်တို့ လေး ရက် ပြန်မလာတာကို သူ့ကို ပစ်ထားခဲ့ပြီ ထင်နေပုံရတယ် ။

အစားလည်း မစား ၊ အိမ် ထဲလည်း လူဝင် မခံ ၊ မာန်ဖီ နေတော့တယ် ။ ကိုယ်တို့ ပြန် ရောက်တော့ ချေးတွေလည်း နေရာအနှံ့ ပါထားတယ် ။ နံစော်လို့ ။ ကိုယ်တို့ကို မြင်မှ သူ့ခမျာ ပျော်သွားရှာတယ် ။ အမှန်ကတော့ ဖြူလုံး မရှိလို့ ပိုပြီး အထီးကျန်ဆန်နေပုံပဲ ။

ဖြူလုံး သေတဲ့ နေ့ကပေါ့ ။ ပက်လက်ကုလားထိုင် ပေါ်မှာ စောင်လေးတွေ ခင်းပြီး ဖြူလုံးကို တင်ထားတယ် ။ ဖုန်းထဲက ပရိတ်တရားလည်း ဖွင့်ပေးထားတယ် ။ ကိုယ်က ဘေးမှာ ထိုင်နေတယ် ။ ကိုယ့်ဘေးမှာ ဘိုဖြူ ထိုင်နေတယ် ။ ပရိတ်တရား ဆုံးလို့ အမျှ ... အမျှ ... အမျှ အသံလည်း ထွက်လာရော ဖြူလုံးက ခေါင်းထောင်ပြီး ကိုယ့်ကို လှမ်းကြည့်တယ် ။ ကိုယ်က ဘာလဲ သမီးလို့ မေးလိုက်တော့ သူ့ ခေါင်းလေး ဘုတ်ဆို ပြုတ်ကျသွားတယ် ။ ထ,ပြီး သူ့ ရင်ဘတ်ကို စမ်းလိုက်တော့ နှလုံး မခုန်တော့ဘူး ။ ညခုနစ် နာရီလောက်ပေါ့ ။

ဖြူလုံးလေးကို စောင်လေးနဲ့ ထုပ်ပိုးပြီး ကတ်ဘူးလေးထဲမှာ ထည့်တယ် ။ ကိုယ်နဲ့ သူ့အမေ အဲလို လုပ်နေတာကို ဘိုဖြူ က အောက်ကနေ ငေးကြည့်နေတယ် ။ မျက်လုံးတွေက ရီဝေဝေ ။ ခဏနေတော့ ဆက်မကြည့်တော့ဘဲ အိမ်ရှေ့ကို ထွက်ချသွားတယ် ။ ဖြူလုံး ဆုံးတာ သူ သိသွားပုံရတယ် ။ ရန်ကုန် အိမ်မှာ သူတစ်ယောက်တည်း ဆိုတော့ ငေါင်စင်းစင်း ဖြစ်နေတယ် ။ ခြံထဲက အပြင်လည်း မထွက်ရတော့ ပျင်းနေရှာတယ် ။ တစ်ရက်မှာတော့ ဘာစိတ်ကူးပေါက်တယ် မသိ ၊ ကိုယ်တို့ အလစ်မှာ ခြံတံခါးမကြီး အောက်ကနေ ဝပ်လျှိုပြီး အပြင်ကို ထွက်သွားတယ် ။

သူ့စိတ်ထဲ ဒီကနေ နယ်စပ်မြို့လေးကို ပြန်မယ်လို့များ ဆုံးဖြတ်လေသလား မသိ ။ ဝင်္ကပါလမ်းမ အတိုင်း မြောက်ဘက်ကို ထွက်သွား တယ် ။ ကိုယ်တို့က ရုပ်ရှင်အစည်းအရုံးမှာ ရှိတဲ့ Moming Star လက်ဖက်ရည်ဆိုင်မှာ သွားစားရင် သူ့ကို ခေါ်သွားတတ်တယ် ။ ဒီလမ်းထဲက မြန်မာခွေးကြီး လေး ၊ ငါး ၊ ခြောက်ကောင်က အင်မတန် ဆိုးတယ် ။ ကိုယ်တို့ ပါလို့သာ ဘိုဖြူကို ဝိုင်းမဆွဲကြတာ ။ တဝုန်းဝုန်းနဲ့ပေါ့ ။

ဘိုဖြူထွက်သွားတာကို အပင်မျိုးစေ့ ရောင်းတဲ့ ဆိုင်က လူတစ်ယောက် မြင်လိုက်လို့ အိမ်ကို လာပြေးပြောတယ် ။ သူ့အမေမှာတော့ အူယားဖားယားနဲ့ ဘိုဖြူ နောက် ကို ပြေးလိုက်တာ ဖိနပ်တောင် မပါဘူး ။ လိုက်တာ နည်းနည်း စောသွားပေလို့သာပေါ့ ။ နောက်သာကျခဲ့ရင် ဘိုဖြူ သေပြီ ။

လမ်းချိုး အကွေ့လေးမှာ ဘိုဖြူ ကို ခွေးကြီး တစ်ကောင်က ကုပ်ဆွဲကိုက်နေတယ် ။ ခွေးသုံးကောင်က ဝိုင်းထားတယ် ။ လူတွေက ဝိုင်းခြောက်ပေးကြလို့ ဘိုဖြူ လွတ်သွားတယ် ။ သူ့ခမျာ ကြောက်အားလန့်အားနဲ့ ရှေ့ ကို ခြေကုန်သုတ် ပြေးထွက် သွားတယ် ။ ချေးတွေတောင် ထွက်လို့ ။

သူ့အမေက “ ဘိုဖြူ ၊ ဘိုဖြူ ” လို့ အသားကုန် အော်မှ သူကြားပြီး နောက်ပြန်ပြေးလာတယ် ။ တစ်ကိုယ်လုံးလည်း တုန်လို့ပေါ့ ။ အဲဒီ နောက်ပိုင်း ဘိုဖြူ အပြင်ကို မထွက်တော့ဘူး ။ ကိုယ်နဲ့ နှစ်ယောက်သား အတူ လမ်းလျှောက် ထွက်ကြတယ် ။

ညနေ ငါးနာရီလောက် ဆိုရင် သူက သူ့လက်ကလေး နဲ့ ကိုယ့်ခြေထောက်ကို လာလာကုတ်တယ် ။ လမ်းလျှောက်ချိန် ကျပြီပေါ့လေ ။ အခုတော့ ဂျပန်သံရုံးရှေ့က ပလက်ဖောင်း တစ်လျှောက် ကနေ ချပ်ထရီယံဟိုတယ် ဘက်ထိ လျှောက်တယ် ။ အရင်တုန်းကတော့ ဖြူလုံး ပါတာပေါ့ ။

ဂျပန်သံရုံး ရှေ့မှာလည်း မြန်မာခွေးဝဲစားကြီး တစ် ကောင်ရှိတယ် ။ ဒီကောင်ကြီးက ဘိုဖြူတို့ လာရင် ဒေါသတကြီးနဲ့ ထထဟောင်တယ် ။ ဘိုဖြူ ကတော့ ခပ်တည်တည်ပါပဲ ။ ဖြူလုံး ကလည်း အရေးမလုပ် ၊ လှည့်တောင် မကြည့် ။

ကိုယ့်မှာသာ လက်ထဲက တုတ်နဲ့ ယမ်းယမ်းပြီး ခြောက်ရတယ် ။ အဲဒီကတည်းက လမ်းတစ်ဝက် လောက် ရောက်ရင် ဖြူလုံး က ဆက်မလျှောက်နိုင်တော့ဘူး ၊ ဝပ်နေရှာတယ် ။ သူ့အမေက ဖြူလုံးကို ကောက်ချီခဲ့ရတယ် ။ ဘိုဖြူ က တစ်ယောက်တည်း ဆိုပေမဲ့လည်း သူ့ဘာသာသူ ပျော်အောင် နေရှာပါတယ် ။

သစ်ပင်လေးတွေ တွေ့ ရင် ဟိုနမ်းသည်နမ်း လုပ် ၊ မြက်နုလေးတွေစား ၊ အပေါ့အပါးသွား ၊ မြို့ကလေးပြန် ရောက်တဲ့အခါ သူ့အဖို့ လမ်းလျှောက်ထွက်စရာ မရှိတော့ဘူး ။ ငယ်တုန်းကတော့ တစ် ယောက်တည်း မြို့ရိုးကိုး ပေါက် လျှောက်သွားနေတာပဲ ။

မနက်ငါးနာရီလောက် ဆိုရင် အိမ်တံခါးကို တဂျီးဂျီး ကုတ်သံ ကြားရတယ် ။ ဒီ အခါဆိုရင် ဘိုဖြူ က တံခါး ဖွင့်ပေးဖို့ ဟောင်တော့တာပဲ ။ ကိုယ်က အောက်ထပ် ဆင်း ၊ တံခါးမကို အသာ ဟ ကြည့်လိုက်တဲ့အခါ တံခါးကြားထဲ ကနေ လက်မည်းမည်းကြီး တစ်ချောင်း ဝင်လာတယ် ။ တံခါးလည်း ဖွင့်လိုက်ရော လက်မည်းကြီးက အယ်လ်ဇေးရှင်းကြီးရဲ့လက် ဖြစ်နေတယ် ။ ဘိုဖြူ က အပြင်ကို ပြေးထွက်သွားတယ် ။ သဘောကတော့ ဘိုဖြူကို လာခေါ်တယ်ပေါ့ ။ ကိုယ် အပြင်ထွက် ကြည့်လိုက်တဲ့ အခါ “ အားပါးပါး ” ဆယ် ကောင်မက ရှိတဲ့ ခွေးအုပ်ကြီး ဖြစ်နေတယ် ။

ခွေးတွေက အမျိုးကောင်းသားတွေ ။ အယ်လ်ဇေးရှင်း ၊ အင်းခွေး ၊ ဒိုဘာမင် ၊ သိုးထိန်းရှီစု ၊ ခွေးဘီလူး ၊ ရှမ်းခွေး ၊ အကောင်အကြီးအသေး အရွယ် စုံတယ် ။ ဒီကောင်တွေ သူတို့ အိမ်တွေကနေ ဘယ်လို များ ခိုးထွက်လာကြပါလိမ့် ။ သိန်းကျော်တန် ခွေးတွေချည်းမို့ ရန်ကုန်မှာဆို အတော်အဖိုး တန်မယ် ။

ဒီမြို့လေးမှာတော့ အိမ်တွေက မွေးထားကြပြီး ပစ်ထားကြလို့ ညစ်စုတ်စုတ် ၊ လမ်းသရဲပုံနဲ့ လမ်းတွေပေါ် မှာ လျှောက်သွား နေတတ်ကြတယ် ။ ညနေပိုင်းဆိုရင် မြို့လယ် နာရီစင် လမ်းပေါ်မှာ ခွေးလေးတွေ အုပ်စုဖွဲ့ သွားနေကြတာပဲ ။

အခု မနက်စောစော အုပ်စုဖွဲ့ ထွက်လာကြပြီး ဘိုဖြူ ကို ဝင်ခေါ်တာ အလကား မဟုတ်ဘူး ။ ဒီအုပ်စုကြီးကို အယ်လ်ဇေးရှင်းကြီးက ခေါင်းဆောင်ပြီး ချီတက်သွားတာ ။ သူတို့ ပစ်မှတ်ကတော့ ဈေးထဲက အမဲသားတန်း ၊ ဆိတ်သားတန်းကိုပဲ ။

လမ်းမပေါ် ချီတက် သွားကြတဲ့ ခွေးအုပ်စုကို ကိုယ်လှမ်းကြည့်လိုက်တော့ ဘိုဖြူက အကောင် အသေးဆုံး ၊ အငယ်ဆုံး ဖြစ်နေတယ် ။ ခေါင်းလေးတမော့မော့ ၊ အမြီးလေး တထောင်ထောင်ပေါ့ ။ ကြွကြွရှိတယ် ။ မကြာပါဘူး ။ မနက် ခြောက်နာရီလောက်မှာ ဘိုဖြူ ၊ အိမ်ပြန်လာတယ် ။ မျက်နှာ တစ်ပြင်လုံးလည်း သွေးတွေ ရဲပတောင်းထ,လို့ ၊ မျက်နှာမှာလည်း ပေါက်ပြဲလို့ ။ ကြည့်ရတာ ဈေးခွေးတွေနဲ့ ဖိုက်လာခဲ့ပုံပဲ ။ ဒီတော့လည်း သူ့အမေက ဆေးကုပေးရတော့တာပါပဲ ။

အခု ဘိုဖြူ က အသက် ကြီးလာပြီမို့ သိပ်ဝေးဝေးလံလံ မသွားတော့ ။ ကိုယ်တို့ ညစာ ဆယ်နာရီလောက် စားပြီးချိန်မှာ ဘိုဖြူ အတွက် အပေါ့အပါး သွားဖို့ တံခါး ဖွင့်ပေးရတယ် ။ ဒီအချိန်ကျမှပဲ အိမ်ရှေ့ လမ်းမပေါ်မှာ အုပ်စုလိုက် ချီတက်သွားကြတဲ့ သူ့ဘော်ဒါတွေကို ငုတ်တုတ် ထိုင်ရင်းက ငေးသာ ကြည့်နေနိုင်တော့တယ် ။

အခု အုပ်စုက လူငယ် မျိုးဆက်သစ်အုပ်စု ။ ဘိုဖြူ ဘော်ဒါတွေက သေကုန်ကြပြီ ။ သူ့ခမျာ ရသေ့စိတ်ဖြေ မျက်စိတစ်ဆုံး ငေးနေတတ်တယ် ။ ပလတ်စတစ်အိတ် ကောက်တဲ့သူ ၊ ဘိန်းစား ၊ အရက်သမား ၊ သူခိုးပုံ ၊ စုတ် စုတ်ပြတ်ပြတ် ၊ ညစ်တီးညစ် ပတ်ပုံ ၊ လူတစ်ယောက်စ နှစ် ယောက်စ ဖြတ်သွားရင် ဟောင်နေတတ်တယ် ။

လမိုက်ည ဆိုရင် ကောင်းကင် မည်းမည်းကြီးကို သူ မော့ပြီး ငေးနေတယ် ။ တစ်ခါတစ်ခါ ဆွေးဆွေးမြည့်မြည့် ဟောင်တယ် ။ လူစိမ်း တွေ့လို့ ဟောင်တဲ့ အသံမျိုး မဟုတ်ဘူး ။ ဝမ်းနည်းကြေကွဲ ရင်ထဲ ဆို့နင့်နေတဲ့ အသံမျိုး ။ သူ့ ကြည့်လိုက်ရင်လည်း မလှုပ်မယှက် ၊ အရုပ်လိုပဲ ။ ဖြူလုံး ဆုံးပြီး နောက်ပိုင်း သူ အစာကို ဟုတ်တိပတ်တိ မစားတော့ ဘူး ။ အစာခွက် မြင်ရင် ကျော ပေးထားတယ် ။ သူ့ရှေ့ ချပေးရင်လည်း သူက ထ, ထွက်သွားတယ် ။

ဒီလိုနဲ့ တပိန်ပိန် တလိမ်လိမ် ဖြစ်လာတယ် ။ ဒါနဲ့ သူ့ အမေက ကွေကာကို ဇွန်းနဲ့ ခွံ့ပေးတယ် ။ ကြက်ရိုးပြုတ်ရည်နဲ့ ခနောဆန်ပြုတ် ရောကျိုပြီး ဇွန်းနဲ့ ခွံ့ရတယ် ။ ကိုယ်က ညမအိပ်ဘဲ စာရေး ၊ မနက်ကျမှ အိပ်တယ် ။

မနက် ကိုယ် မထ, မချင်း ဘိုဖြူ လည်း မထဘူး ။ ကိုယ့်ကိုလည်း ဘိုဖြူ က မျက်စိ အောက်က အပျောက်မခံဘူး ။ အိမ်ရှေ့ သွား အိမ်ရှေ့လိုက် ၊ နောက်ဖေးဝင် နောက်ဖေးလိုက် ။ နောက်က တကောက်ကောက် လိုက်နေတော့တယ် ။ သူ့ ဘဝကလည်း သနားစရာ ။ တကယ်တော့ ဘိုဖြူဟာ တရုတ်နိုင်ငံ ယူနန်နယ် ရွှေလီမြို့က ဖြစ်တယ် ။

သူ့ကို သူ့သခင်က ကောင်းကောင်းကျွေး ၊ ကောင်းကောင်းမွေးထားပုံ ရတယ် ။ သူ သုံးလသား အရွယ်လောက်မှာ ဒီဘက် နိုင်ငံက တရုတ်ခွေးသူခိုး တစ်ယောက်က ဘိုဖြူကို ရွှေလီ ကနေ ခိုးလာခဲ့တယ် ။ ဒီဘက် မြို့ကလေးမှာ လိုက်ရောင်းတော့ ဝယ်မယ့်သူ မရှိလို့ ကိုယ့်အိမ်နားက အိမ်တစ်အိမ် မှာ အလကား ပေးသွားခဲ့တယ် ။ အဲဒီမှာ ဘိုဖြူ ဒုက္ခ ရောက်တော့တာပဲ ။ အိမ်က ကလေးတွေ ကလည်း များတယ် ၊ ကလေးတွေက ခွေး မချစ်တတ်ကြဘူး ။ ဘိုဖြူ ကို မြင်ရင် ပိတ်ပိတ်ကန်ကြတယ် ။

ဘိုဖြူ မှာ ဒီကလေးတွေကို ကြောက်နေရတယ် ။ အစာစားရတော့လည်း အိမ်က လူတွေ စားသောက်ပြီးမှ ဟင်းကျန် ၊ ထမင်းကျန်တွေကို နယ်ပြီး ကျွေးတယ် ။ ဘိုဖြူ မစားနိုင်ရှာဘူး ။ အိပ်ရတော့လည်း မီးဖိုချောင် တံခါးထောင့်မှာ မီးသွေးထည့်တဲ့ ဂုန်နီအိတ်ပေါ်မှာ အိပ်ရတယ် ။

ကိုယ်က ညနေတိုင် ဖြူလုံး နဲ့ လမ်းလျှောက် ထွက်တော့ ဖြူလုံး က ခြောက်လသားလောက်ရှိပြီ ။ ဘိုဖြူတို့ အိမ်ရှေ့ ဖြတ်သွားတဲ့အခါ ဘိုဖြူက ဖြူလုံးကို ငေးကြည့် နေတတ်တယ် ။ နောက်ပိုင်းတော့ ကျွန်တော်နဲ့ ဖြူလုံး လမ်းလျှောက် ထွက်တဲ့အခါ ဘိုဖြူက နောက်ကနေ မသိမသာ လိုက်လာတယ် ။ ဖြူလုံး ကို လာလာပြီး နမ်းရှုပ်နေတယ် ။

ဒီလို တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ အိမ်ပြန်တဲ့ အခါ ဘိုဖြူ လည်း တစ်ခါတည်း ပါလာတယ် ။ ကျွန်တော်တို့ အိမ်ရှေ့မှာ နှစ်ကောင်သား ဆော့ကြတယ် ။ ဖြူလုံး ကို အစာကျွေးတော့ ဝက်အူ ချောင်း ၊ အမဲခြောက် ၊ ဆိတ် သားခြောက် ၊ ကြက်သား ကြော် ၊ ချိစ် ၊ ကိတ်မုန့်တွေ ကျွေးတယ် ။ ဘိုဖြူ အတွက်ပါ တစ်ခါတည်း ထည့်ပေးတယ် ။ ဒီလိုနဲ့ ဘိုဖြူက ညကျတော့ အိမ်မပြန်တော့ဘဲ ကိုယ်တို့အိမ်မှာပဲ နေတော့တယ် ။ ညရှစ်နာရီ ထိုးတဲ့ အခါ သူ့ကို ပွေ့ချီပြီး သူ့အိမ် ပြန်ပို့ပေးတယ် ။ ဒါလည်း မရပါဘူး ။ သူက ကိုယ်တို့ အိမ်ကို ပြန်လာပြီး ပိတ်ထားတဲ့ တံခါးပေါက်ရှေ့မှာ တစ်ညလုံး ငုတ်တုတ်ထိုင် နေရှာတယ် ။ နောက်တစ်နေ့ မနက်ကျ အိမ်နားနီးချင်းတွေ ပြောမှ သိရတာ ။ ဘိုဖြူအိမ်ကလည်း ဘိုဖြူ ကို အပိုင်မွေးဖို့ ပေးလိုက်တော့တယ် ။

ဒီလိုနဲ့ ဘိုဖြူ က ကိုယ်တို့ အိမ်သား ဖြစ်လာတယ် ။ သူ့အတွက် အဝတ်အစား ကောင်းကောင်း ဝတ်ပေး ၊ အိပ်ဖို့ ကတ္တီပါဖုံ ၊ စောင် အသစ်ကလေးတွေ ခင်းထား ပေးတယ် ။ ခေါင်းအုံးအသေး လေးတောင် ပါလိုက်သေး ။

ဒီတော့မှ ဘိုဖြူ က သူ့အိပ်ရာလေးမှာ အချိန်တန်ရင် ဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့တယ် ။ ဖြူလုံး ကို ကျွေးသမျှ အစာကို ဘိုဖြူ စားရတယ် ။ ဘိုဖြူကို အိမ်မှာ ခေါ်ထားလို့လည်း ဖြူလုံး က မငြိုငြင် ၊ အေးဆေးပါပဲ ။ တကယ်လို့သာ ဖြူလုံး က လက်မခံရင် ၊ မောင်းထုတ်ရင် ဘိုဖြူ နေလို့ရမှာ မဟုတ်ဘူး ။

ဒါကြောင့် ဘိုဖြူ က ဖြူလုံး ကို ကျေးဇူးတင်နေပုံ ရပြီး နေရာတိုင်းမှာ သူကသာ အနွံအတာ ခံရှာတယ် ။ ဘာပဲ စားစား ဖြူလုံး ကို ဦးစားပေး တယ် ။ ဖြူလုံး မစားမှ သူ စားတယ် ။ ဖြူလုံး က ဘိုဖြူ အပေါ် အရာရာ ခွင့်လွှတ် တတ်ပေမဲ့ ဖြူလုံး ရေချိုးတဲ့ အခါတော့ ဘိုဖြူ ကို ရေပေး မချိုးစေချင်ပါ ။

ဘိုဖြူကို ရေချိုးပေးရင် ဖြူလုံး က ဒေါသတကြီး ဟောင်နေတော့တယ် ။ ဖြူလုံး ကို ကြိုးချည် ထားရတယ် ။ ဘိုဖြူကို ရေသုတ် ၊ ဟဲဒရိုင်ရာနဲ့ မှုတ်ပြီး လွှတ်လိုက်တဲ့ အခါ ဖြူလုံး က ဘိုဖြူ နောက် ကို တစ်ဟုန်ထိုး ပြေးလိုက်တော့တာပဲ ။ ဘိုဖြူ ကလည်း စ ချင်လို့ ကြောက်တဲ့ပုံနဲ့ ပြေး ပြတယ် ။ မိတဲ့ အခါကျတော့ လည်း ဖြူလုံး က တကယ် မကိုက်ပါဘူး ။ ရေချိုးပြီးခါစ ဆိုရင် သန့်ပြန့် လန်းဆန်း မြူးကြွနေကြတယ် ။

ဒါတွေကို ဘိုဖြူ သတိရနေပုံပဲ ။ နေ့လယ်ခင်းဆို အိမ်ရှေ့မှာ ဝပ်ပြီး လမ်းမဘက် ငေးနေတတ်တယ် ။ အခု ပိုဆိုးတာက မြို့လေးမှာ ဘိုဖြူ နဲ့ ရွယ်တူ ဘော်ဒါတွေ တစ်ကောင်တလေတောင် မရှိကြတော့တာပဲ ။ အသက်လည်း ကြီးလာပြီ မဟုတ်လား ။

ဘိုဖြူက ပျိုတိုင်းကြိုက် တဲ့ နှင်းဆီခိုင်ပဲ ။ လမ်းလျှောက် ထွက်တဲ့အခါ ဘယ်နေရာ ရောက်ရောက် သူ့ အရွယ်တူ ခွေးမလေးတွေက ဘိုဖြူ မို့ မတွေ့လိုက်နဲ့ တွေ့ လိုက်တာနဲ့ တစ်ခါတည်း အမြီးတခါခါ ၊ ဖင်တလှုပ်လှုပ် ဖြစ်နေကြတော့တာပဲ ။ ရွှေဘိုမင်းကြိုက် ဒေါင်ကောင်းကောင်း ခွေးမကြီးတွေ ကလည်း မနေနိုင် ။

ဘိုဖြူ ဆို ဖင်လေး နန့် ပြ ၊ ခါပြ လုပ်တယ် ။ ဒါ ကြောင့် ခွေးထီး ငနဲကြီးတွေက ဘိုဖြူကို မကြည်ကြဘူး ။ လစ်တာနဲ့ တွယ်ချင်နေကြတယ် ။ ဘိုဖြူက မြာစွံတဲ့ ခွေးမင်းသားပဲ ။ အယ်လ်ဇေးရှင်း ခွေးကြီးတစ်ကောင် ဆိုရင် အိမ်လာလာပြီး ဘိုဖြူကို နမ်းရှုပ်နေတာပဲ ။

အကောင်သေးပေမဲ့ သတ္တိကတော့ မသေးဘူး ။ ခွေးကြီးတွေနဲ့ ပြိုင်ကိုက်တယ် ။ ဘိုဖြူ တို့ မျိုးနဲ့ရိုးနဲ့ ကိုက ကိုက်တတ်တဲ့အမျိုး ။ အမေရိကန် ၊ အင်္ဂလန် ၊ ဩစတြေးလျ ၊ ဥရောပ ဆယ့်တစ်နိုင်ငံမှာ ဘိုဖြူတို့ အမျိုးကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးခွင့်မပြုဘူး ။ သူတို့ကို စစ်တပ်မှာ ဗုံးရှာ ၊ မူးယစ်ဆေးဝါး ရှာတဲ့ အခါမှာ သုံးတယ် ။ ဘိုဖြူ က ဖြူလုံး ကို ချစ်တာလည်း မပြောနဲ့လေ ။

ညည အိပ်ခါနီး ဆိုရင် ဖြူလုံး က ဘိုဖြူ မျက်နှာကို သူ့လျှာနဲ့ လျက်ပြီး သန့်ရှင်းပေးတယ် ။ တစ်ကိုယ်လုံးလည်း လျှာနဲ့ လျက်ပေးတယ် ။ ဘိုဖြူ က မှိန်းပြီး ဇိမ်နဲ့ ခံတယ် ။ သူတို့နှစ်ယောက် ရှစ်နှစ်လောက် အတူတူ နေခဲ့ကြပေမဲ့ ဖြူလုံးက သေသာသွားရော အပျိုကြီးပဲ ။ ဒီကောင်မက ယောက်ျားလျာ စိတ်များ ဝင်နေသလား မသိဘူး ။ သူကပဲ တစ်ပြန် ဘိုဖြူ ကို လုပ်ချင်နေတယ် ။

အခုတော့လေ မနက်ဆိုလည်း ဘိုဖြူ တစ်ယောက်တည်း အိမ်ရှေ့ထွက်ထိုင် ၊ လမ်းမဘက်ကို ငေးနေတတ်တယ် ။ နေ့လယ်ဆိုလည်း ကုလားထိုင်ပေါ် တက်ဝပ်ပြီး လမ်းမဘက်ကို ငေးနေတတ်တယ် ။ ညနေ နေဝင်ဆည်းဆာချိန်ဆိုရင် သူ အိမ်ရှေ့ ထွက်သွားတယ် ။ ပန်းပင် နားမှာ ငုတ်တုတ်ထိုင်ပြီး လမ်းမဘက်ကို ငေးနေတတ်တယ် ။

ခဏလေးနေတော့ သူ့ ရင်ဘတ်ထဲက လာတဲ့ ဆွေးနင့်ကြေကွဲ လွမ်းလျ တမ်းတ နေတဲ့ လေးလေးပင်ပင် ဆွဲဆွဲ ငင်ငင် အသံနဲ့ အမှောင်ထဲကို တဝုတ်ဝုတ် အော်နေလိုက်တာ ဆက်တိုက် တောက်လျှောက် ၊ ညမှောင်တဲ့ အထိပဲ ။

သူ့ မျက်ဝန်းတွေက မျက်ရည်ကြည်လေးတွေ စို့နေတယ် ။

“ ဖြူလုံးရေ ... နင် ဘယ်လျှောက်သွားနေလဲ ။ အိမ်ပြန်ခဲ့ပါတော့ ”

ဖြူလုံးရေ ... ဖြူလုံးရေ ... ဖြူလုံးရေ လို့ အော်နေတယ် ထင်ပါရဲ့ ။

ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် အမှောင်ထုကျနေတယ် ။

အမှောင်ထဲမှာ ဘိုဖြူ ထိုင်နေတယ် ။

⎕ ပြေ ( ဆေး -၂ )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     မေ ၊ ၂၁၁၉