Thursday, November 10, 2022

လူပျို အပျို ဖတ်စာ ( ၃၁ )


 

အာဏာလုပွဲ ။

အကယ်၍များ ချစ်သူရည်းစား ဘဝ ကို ကျော်လွန်ပြီး မိသားစု ဘဝ ကို ရ လာပြီ ဆိုရင် ဒီလို အာဏာ လုပွဲ မျိုး ကြုံတွေ့ ရလေ့ ရှိပါတယ် ။

ဒါဟာလည်း ချစ်စ ခင်စ မှာ ဖြစ်လေ့ ဖြစ်ထ မရှိဘဲ အိမ်ထောင်သက် ကြာ လာတဲ့အခါ ( ဆိုရရင် ) သားသမီးတွေ ရ လာတဲ့အခါ အာဏာလုပွဲ ဆိုတာ မလွဲမသွေ ကြုံ ရ နိုင်ပါတယ် ။

“ ဘယ်သူတွေ က အာဏာ လုကြတာလဲ ”

ကိုယ် နဲ့  ကိုယ့် ချစ်သူ နဲ့ ပါ ။  ( လင်မယား နှစ်ယောက် ပါ )

“ ဘယ်သူ့ အပေါ် မှာ အာဏာ လုတာလဲ ”

“ ကိုယ် မွေးထားတဲ့ သားသမီး အပေါ် အာဏာ လုကြတာ ”

အိမ်ထောင် ကျ ပြီ ဆိုရင် လင်မယား နှစ်ယောက် ဟာ တစ်ယောက် ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်း ကြပါသေးတယ် ။

ကိုယ်ဝန်ဆောင်ချိန် မှာ လည်း  ဒီ ကလေး လေး မွေးဖို့ အတွက် ချစ်ချစ်ခင်ခင် ပြုစုစောင့်ရှောက် ကြပါသေးတယ် ။ ကလေး မွေးပြီး စကား ပြော တတ် လမ်းလျှောက် တတ်  အချိန် အထိ လည်း ချစ်ချစ်ခင်ခင် တစ်သဘော တည်း ရှိကြ ပါသေးတယ် ။

အဲ … ဒီ ပြဿနာတွေ ဘယ်အချိန် မှာ စ ဖြစ် တတ် သလဲ ဆိုရင် မွေး ထား တဲ့ ကလေးတွေ အသိဉာဏ် ရှိ စ အချိန် ဆို ဒီ ပြဿနာ က ဖြစ်လာ လေ့ ရှိပါတယ် ။ အိမ်ထောင်သက် လည်း ကြာ လာတဲ့ အခါ တစ်ယောက် ကို တစ်ယောက် စိတ် မဝင်စား တော့ ဘဲ သားသမီး ဘက် ကို လှည့်လာကြတော့ တာပါပဲ ။

ဒီလို အာဏာလုပွဲ ဟာ ဘယ်က  စ သလဲ ဆိုရင် မိဘတွေ က သားသမီးတွေ ကို  မဲဆွယ်ရာက စတင် ပါတယ် ။ ( အိမ်ထောင်ရှင်မ တွေ က ပိုပြီး လုပ် တတ်ကြပါတယ်)

ဆိုပါစို့ ။ မသိစိတ် က ပဲ ဖြစ် ဖြစ်ပေါ့ ။

ယောက်ျား ဖြစ် သူ က လည်း သားသမီး ကို ဒီလို မဲဆွယ် ပါတယ် ။

“ ဒီ အိမ် မှာ အဖေ က ပဲ ဦးဆောင် နေရတာ ၊ တစ်အိမ်လုံး စားဖို့ ငွေ ရှာရတယ် ၊ သားတို့ သမီးတို့ ကျောင်း ထား ဖို့ လည်း အဖေ ပဲ ရှာဖွေ နေ ရတာ ၊ နင် တို့ အမေ က အိမ် မှာ နေပြီး ဘာမှ သိတာ မဟုတ်ဘူး ”

ဆိုလိုချင်တာက သားသမီး အပေါ် မှာ ကိုယ့် ရဲ့ အရေး ပါ မှု ကို ပြသ ချင်တာ ။ ဒါပေမဲ့  ကိုယ့် ရဲ့ အရေး ပါ မှု ကို ပြတာ တစ်ဖက်သား ( ကိုယ့် ရဲ့ ကြင်ဖက် ကို ) ကို ဘယ်လောက် နှိမ် ထားတယ် ဆို တာ သတိ မပြုမိကြဘူး ။

ကိုယ့် ရဲ့ အရေး ပါမှု ကို ပြော ချင်တာ နဲ့ ပဲ တစ်ဖက်သား က ပဲ ဘာမှ မလုပ်ဘဲ အသုံး မကျ တော့ သလိုလို ။ အမှန်တော့ ယောက်ျား နဲ့ မိန်းမ ( မိဘ ) ဆိုတာ သူ့ နေရာ နဲ့ သူ အသုံး ဝင် ကြတာပဲ မဟုတ်လား ။

သားသမီး ကို မဲဆွယ်ချင် စိတ် နဲ့ ဒါတွေ ကို မေ့ပြီ ။

ဒီလိုပဲ ။ မိန်းမ တွေ က လည်း ...

အံမယ် သူတို့ က ပိုဆိုးသေး ။ ပြောတဲ့ စကား ကို က ကြည့် ။

“ အောင်မလေး နင် တို့ အဖေ သာ အားကိုး နေ လို့ က တော့ နင် တို့ တောင် လူ ဖြစ် လာမှာ မဟုတ်ဘူး ”

ရှေ့ မကြည့် နောက် မကြည့် ။ ကိုယ့် စကား က ဘယ်ထိ ရောက် သွားလဲ မသိ ။

လင်တော်မောင် က ကလေးလေး ကောက် ချီ ပြီး

“ တို့ အသွေး လည်း မဟုတ် ၊ တို့အသားလည်း မဟုတ် ၊ တို့အမျိုးလည်း မဟုတ်တယ် ”

ထ ဆို ရမလို ။

ဘာကြောင့် ဒီလို ဖြစ်သလဲ ဆိုရင်  ကိုယ့် ရဲ့ သားသမီး ရဲ့ စိတ် ထဲ ကို ကိုယ် ဆိုတာ ဘယ်လောက် ထိ အရေး ပါ နေသလဲ ဆိုတာ သိ စေ ချင်တာ ။

ဒါကို ရိုးရိုးသားသား မပြောပြဘဲ တစ်ဖက်သား ( ကိုယ့် ရဲ့ အိမ်ထောင်ဖက် ) ကို နှိမ် ပြောသလို နဲ့ အာဏာ သိမ်း ချင်တာမျိုး ပါ ။

ဥပမာ ဆိုရရင်

“ ဟို ကိစ္စ ဖြစ်တော့ရော သိတယ် မဟုတ်လား ၊ ငါ သာ မရှိရင် နင်တို့ ဘယ်လို ဖြစ်နေမယ် ဆိုတာ သိတယ် မဟုတ်လား ၊ နင်တို့ ( အဖေ ( သို့မဟုတ် ) အမေ ) အားကိုး နေလို့ က တော့ နင် တို့ ဒီ အချိန် မြောင်း ထဲ ရောက် နေပြီ ”

အဓိက , က တော့ ကိုယ် မွေးထားတဲ့ သားသမီး ကိုယ့် ကို ပိုပြီး အားကိုး စေချင်တာ ။

အမှန်တော့ ရှင်းရှင်းလေး ။

ကိုယ် မွေးထားတဲ့ သားသမီး ကိုယ့် ကို အားမကိုး ရင် ဘယ်သူ့ ကို အားကိုး ရ မှာလဲ ။

ဒါကို မှ မိဘနှစ်ပါး ဟာ သတိ မထားမိဘဲ ကိုယ့် အိမ် ကို ကိုယ် အာဏာ ပြန် သိမ်း နေမိကြတယ် ။

ဒီ မိသားစု မှာ  ကိုယ် အာဏာ ရဖို့ ၊ ကိုယ့် ရဲ့ သားသမီး ကိုယ့် ကို  ပိုပြီး လေးစား စေဖို့ ၊ ကိုယ် ချစ် လို့ ယူ ထားတဲ့ အိမ်ထောင်ဖက် ကို အသုံး ချ လာ တတ်ကြတယ် ။

ဒါဟာ လည်း အိမ်ထောင်ရေး မှာ အဖုအထစ် ဖြစ်စေတဲ့ အကြောင်း တစ်ခု ပါ ပဲ ။

သားသမီးများ ကိုယ့် ကိုလေးစား စေ ဖို့ ကိုယ့် ရဲ့ အိမ်ထောင်ဖက် ကို ချ နင်း မိတာမျိုးပါ ။

အမှန်တော့ သားသမီး ဆို တာ ကိုယ် က သူတို့ ကို ကြောက် အောင် မလုပ် ထား ရင် မိဘ ကို လေးစားကြ ပြီးသားပါ ။ ဒီထက် ပိုပြီး အသုံး ကျ အောင် ဘာမှ အာဏာ လုပ် နေစရာ မလိုပါဘူး ။ တချို့က သားသမီး အပေါ်  အာဏာ ရ ဖို့ လက် ပါ တာ မျိုး ထိ တောင် ရှိတတ် ကြပါတယ် ။

သူတို့ ရဲ့စိတ် ထဲ မှာ သားသမီး က ကိုယ့် ကို ကြောက် နေ မှ လေးစားတာ လို့ ထင် ပါတယ် ။

မှားပါတယ် ။ ကြောက်ရွံ့တာ နဲ့ လေးစားတာ တခြား စီ ပါ ပဲ ။

အတွေ့အကြုံလေး တစ်ခု ပြောပြပါရစေ ။

ဒီ က နေ နိုင်ငံခြား ရောက် နေတဲ့ ကောင်လေး တစ်ယောက် ဟာ နိုင်ငံခြားသူ နဲ့ အိမ်ထောင် ကျ ပါတယ် ။ သူ က ဗုဒ္ဓဘာသာ ဖြစ်ပြီး ၊ သူ့ အမျိုးသမီး က ဘာသာခြား ပါ ။ ထူးထူးခြားခြား သူတို့ အိမ် မှာ ဘုရားစင် နှစ်ခု ရှိ ပါတယ် ။

တချို့ဆို ရင် လင်မယား ဖြစ် လာတဲ့ အခါ အား သာရာ ဘက်ကို ဘာသာ ကူးပြောင်း သွားလေ့ ရှိပါတယ် ။ တချို့ကလည်း အား သာရာ ဘက် အတင်းအကျပ် ကူးပြောင်း စေပါတယ် ။

( အာဏာ လုသလိုပေါ့ )

သူတို့ မှာ ဆယ့်နှစ်နှစ် ၊ ဆယ်သုံးနှစ် အရွယ် လောက် သမီးလေး တစ်ယောက် နဲ့ ကိုးနှစ် အရွယ် သားလေး တစ်ယောက်ကို ပိုင်ဆိုင် ထားကြတယ် ။

မနက် မိုး လင်းတာ နဲ့ လင်မယား နှစ်ယောက်လုံး ဟာ မိမိ ကိုးကွယ်ရာ စင် ကို သန့်ရှင်းရေး လုပ်ကြ ၊ လုပ်စရာ ရှိတာ လုပ်ကြပေါ့ ။ ဒါကို ကြည့် ခြင်း အားဖြင့် နှစ်ယောက်လုံး ဟာ ကိုယ် ကိုးကွယ် ရာ ဘာသာ ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြတယ် ဆိုတာ သိသာ ပါတယ် ။

ဒါပေမဲ့ ကလေးတွေ က ဘယ် ဘုရားစင် ဘက် မှ ခြေဦး မလှည့်ဘူး ။ သူတို့ က လည်း မခေါ်ကြဘူး ။ ဒါနဲ့ ကျွန်တော် လည်း အံ့အားသင့်ပြီး

“ ခင်ဗျားတို့ က တစ်ယောက်  တစ် ဘာသာ စီ ကိုးကွယ် တော့ ကလေးတွေ က ဘယ် ဘာသာ ကိုးကွယ်လဲ ”

အမျိုးသား က ယဲ့ယဲ့ ပြုံး ပြီး

“ ခုထိ ဘယ် ဘာသာ မှ မကိုးကွယ်ဘူး ဆရာ ရေ ”

“ ဟင် ”

သူ့ အဖြေ ကြောင့် ကျွန်တော် အံ့အား သင့် သွားတယ် ။ တစ်အိမ် တည်း မှာ ဘာသာကြီး နှစ် ဘာသာ ရှိ နေတာတောင် ကလေးတွေ က ဘယ် ဘာသာ မှ မကိုးကွယ်ဘူး တဲ့ ။ ဒါနဲ့ ကျွန်တော် က ပဲ ဆက်ပြီး

“ ခင်ဗျားတို့ က ရော ကိုယ့် ဘာသာ ကို ကိုးကွယ်ဖို့ မတိုက်တွန်းကြဘူးလား ”

အမျိုးသား က ပဲ ပြုံးပြီး

“ ဘာသာရေး အိမ်ထောင်ရေး ဆိုတာ မက်လုံး ပေးပြီး မြှူဆွယ်စရာ မဟုတ်ပါဘူး ဆရာရယ် ၊ အခု သူတို့ ဘာကို မှ မခွဲခြားတတ်သေးတဲ့ အရွယ် မို့ လို့ ဘာကို မှ မကိုးကွယ်တာပေါ့ ၊ သူတို့ နားလည် လာ တဲ့ အရွယ် ရောက်တဲ့ အခါ သူတို့ နဲ့ သင့်တော်ရာ ကို သူတို့ ဘာသာ ရွေးချယ်သွားပါ လိမ့်မယ် ။ ကိုယ် က ဘယ်လောက်ပဲ ကိုယ့် အတွက် ပြောပါစေဦး အရွယ် ရောက် ရင် သူတို့ နဲ့ သင့် တော်ရာ ကို ပဲ ရွေးချယ် ကြမှာပဲလေ“

ဒီအတိုင်းပါပဲ ။

အိမ် အတွင်း မှာ ကိုယ် ချစ် လို့ ယူထား တဲ့ အိမ်ထောင်ဖက် ကို အပြစ် ပြောပြီး သားသမီးတွေ အပေါ် အာဏာ မလိုချင်ပါနဲ့ ။

ကလေးတွေ ဟာ သူတို့ စဉ်းစားတတ်ချိန် မှာ ဘယ်သူ က ကောင်းတယ် ၊ ဘယ်သူ က ညံ့တယ် ဆိုတာ အလိုလို သိ လာ ပါလိမ့်မယ် ။

ဒါကြောင့်  အိမ်ထောင် ကျ ပြီဆို ကိုယ့် ရဲ့ အိမ်ထောင်ဖက် ကို အပြစ် ပြော ပြီး အိမ်တွင်း အာဏာ မလိုချင်ပါနဲ့ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment