Tuesday, November 22, 2022

ဘဝ ပြာ တဲ့ အဆန် ခါ


 

❝ ဘဝ ပြာ တဲ့ အဆန် ခါ ❞

“ ယောက်ျား ရေ အမေ့ အတွက် ဆေးဖိုး မရှိတော့ဘူးနော် ”

ကန် ထဲ မှ ဆင်း ခူးထားသည့် ကန်စွန်းရွက်ပုံကြီး အား လင်မယား နှစ်ယောက် အစည်းငယ်လေးများ စည်းနေရင်း လှမူတစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့် ထ ပြော၏ ။ ဇနီးသည် ပြော မှ သူ သတိ ထား မိသည် ။ အမေ့ အတွက် ဆေး ထပ် ဝယ်ရန် ငွေ မရှိတော့ ။ သူတို့ မိသားစု ထမင်းဝိုင်း တွင် ပင် ရောင်း ၍ ကျန် သည့် ကန်စွန်းရွက်များ ကို သာ ကြော် ၍ စားနေရ သည် မှာ ကြာပြီ ဖြစ်သည် ။

“ အေးပါ လှမူ ရယ် ၊ ငါ လည်းအဲဒီ ကိစ္စ သတိရ ပါတယ် ။ ငွေ ဘယ် က သွား ရှာရမှန်း မသိလို့ သာ ငြိမ် နေရတာ ”

“ အမေ့ ဆေးဖိုး က လည်း တစ်နေ့တခြား ပိုပို များလာတော့ အိမ် မှာ စားဖို့ တောင် အနိုင်နိုင် ဖြစ် နေပြီ ။ ကလေး နှစ်ယောက် ကို ခဏ ကျောင်း ထွက် ခိုင်းပြီး အလုပ်လေး လုပ်ခိုင်း မှ နဲ့ တူတယ် … ယောက်ျား ရယ် ”

“ ကလေးတွေ က အညွန့် တလူလူ နဲ့ လေ ။ တခြား နည်းလမ်း စဉ်းစားပါဦးမယ် လှမူ ရယ် ”

ကန်စွန်းရွက်တောင်း အား ဇနီးသည် ခေါင်း ပေါ် သို့ ပင့် တင် ပေး လိုက်၏ ။ နေလောင်နေသည့် ဇနီးသည် ၏ ညိုညစ်ညစ် မျက်နှာ ပေါ် တွင် သနပ်ခါး ပင် မတွေ့ရ သည် မှာ အတော် ကြာပြီ ဖြစ်သည် ။ ထမီရေစို နှင့် ဈေးတောင်း ရွက်ကာ ထွက် သွားသည့် လှမူ ၏ ကျောပြင် ကို ငေး ကြည့်ရင်း ဆီးချိုရောဂါသည် ယောက္ခမအား အမေ အရင်း တစ်ယောက် နှင့် မခြား ပြုစုစောင့်ရှောက်ပေးမှု အတွက် သူ့မိခင် ကိုယ်စား ကျေးဇူး တင်နေမိသည် ။

နံနက်စာ စားပြီး လျှင် ပန်းရံလုပ်ငန်းခွင် သို့ ဝင် ရဦးမည်ဖြစ်၍ အိမ် သို့ ခပ်သွက်သွက် ပြန်လာခဲ့သည် ။ ဖော့ဖိနပ်နောက်မြီးပြတ် ကို ဝတ်ဆင် ထားသည့် သူ့ ခြေလှမ်း တို့ က အိမ်အပြန် လမ်း သို့ ဦးတည် နေသော်လည်း သူ့ စိတ် တို့ က မူ အမေ့ အတွက် ဆေးဖိုး ရနိုင်မည့် နေရာများ ဆီ သို့ အပြေးအလွှား လိုက်လံရှာဖွေ နေမိ၏ ။

•••••   •••••   •••••

အခန်း ( ၂ )

“ သားလေး ပြန်လာပြီလား ”

သူ ခြံ ထဲ သို့ ဝင်လျှင် ဝင်ချင်း အိမ်ပေါက်ဝ တွင် ဆန် ပြာ နေ သည့် အမေ က ခရီးဦးကြို ပြု နှုတ်ဆက်၏ ။

“ အမေရယ် နေကောင်းတာ လည်း မဟုတ်ဘဲနဲ့ ။ ဆန် က မပြာ ဘဲ နဲ့ စား လို့ ရပါတယ် ။ နားနားနေနေလေး နေပါ ”

သူ့ စကား ကြောင့် အမေ က ခေါင်း ခါ ရင်း ပြုံးလိုက်၏ ။ အမေ့ ခေါင်း ပေါ် ရှိ ဖွေးဖွေးဖြူနေသည့် ဆံပင် တို့ ကြောင့် နတ်သမီး တစ်ပါး အလား အမေ့ အပြုံး တို့ က တလက်လက် နှင့် တောက်ပ သွားလေသည် ။ ထို့နောက် ဆန် ပြာလက်စ ဆန်ခါလေး အား ဘေး သို့ ချပြီး သူ ဝင်ရန် အိမ် အပေါက်ဝ မှ လမ်း ဖယ် ပေးလိုက်သည် ။

“ အမေတို့ လူတန်းစား က ဆန်လည်း ကောင်းကောင်း စားနိုင် တာ မဟုတ်ဘူး ။ ဟင်း လည်း ကောင်းကောင်း စားနိုင်တာ မဟုတ်ဘူး ။ အဲဒီတော့ ရှိတဲ့ ဆန်လေး ကို ပြာတီးပြီး စားတော့ သား တို့ ရော ၊ အမေ့ မြေးလေးတွေ ရော ထမင်း စား လို့ ဝင် တာပေါ့ကွယ် ”

အမေ ပြော တာ လည်း ဟုတ်သည်ပင် ။ ဝီရိယ ကောင်းကောင်း နှင့် အမြဲ ဆန် ပြာ ၍ ကျွေးမွေးတတ်သော အမေ့ ကျေးဇူး ကြောင့် သူ့ ဘဝ တစ်လျှောက် ယခု အချိန်ထိ ထမင်း စား ရင်း စပါးလုံး တစ်လုံး ၊ ခဲ တစ်လုံး ပင် မကိုက်ဖူးခဲ့ ။

“ အဟွတ် ... အဟွတ် ...”

အမေ သည်ပြောပြောဆိုဆို နှင့် ပြာ ပြီး သား ဆန်ထုပ်လေး အား နောက်ဖေး သို့ သွား ထားလေသည် ။ နောက်ဖေး သို့ ဝင်သွားသည့် အမေ့ ခြေလှမ်း တို့က တုန်ချိချိ နှင့် ။ အမေ့ချောင်းဆိုးသံ တို့ က အိမ်ရှေ့ခန်း ထိ စူးစူးရှရှ ပျံ့လွင့် လာသည် ။ အမေ့ ကျန်းမာရေးအခြေအနေ က အားမရ စရာပင် ။

“ အမေ ဆေး ရော သောက် ပြီးပြီလား ”

“ သောက်ပြီးပြီ သားရေ ”

အမေ့ အား လှမ်း မေးရင်း ဘုရားစင် ပေါ် မှ ဆေးထုတ်လေး အား ယူ ကြည့် လိုက်တော့ ဆေး က တစ်ရက်စာ ပင်ဘမကျန်တော့ ။ သည် နေ့ ဆေး ဝယ် ရတော့မည် ဖြစ်သည် ။ သူ့ မျက်လုံး ထဲ တွင် ကန်ထရိုက် ဦးလှဝင်း အား ပြေး မြင်မိ၏ ။ ကြိုတင် ယူ ထားသည့် ငွေတွေ များ နေပြီ ဖြစ်၍ ထပ် ပေးဖို့ရာတော့ သိပ်မသေချာ ။

•••••   •••••   •••••

အခန်း ( ၃ )

“ လုပ်ပါ ဆရာ ၊ အမေ့ အတွက် ဒီနေ့ ဆေး ဝယ်ရမှာ မို့လို့ပါ ”

“ မင်း မလည်းကွယ် စား ဖို့ က မရှိပါဘူး ဆို ဆေးဖိုး နဲ့ အကြွေးတွေ ပတ်လည် ဝိုင်း နေပြီ ။ ကလေး နှစ်ယောက်လည်း ကျောင်း မအပ်နိုင်သေးဘူး ဆို ။ ကလေးတွေ က အမြဲတမ်း ဆု ရ နေတာ ။ သူတို့ လေး တွေ ကို တော့ ကျောင်း အပ်ဖြစ်အောင် အပ်ပါကွာ ”

“ အပ်ချင်ပါတယ် ဆရာ ရယ် ၊ ဒါပေမဲ့ ဆေးဖိုး လောက် အောင် တောင် မရှာနိုင် တာ ကလေးတွေ ကျောင်းအပ်ဖို့ ၊ စာရေးကိရိယာ ဝယ် ဖို့ ဘယ်က ရ မှာလဲ ဆရာ ရယ် ”

“ ငါ မင်း ကို အကြံ တစ်ခု ပေးချင်တယ် ။ ငါတို့ ဆိုက် ထဲ က လှဆောင်ကြီး အဖေ လည်း ဆေးမကုနိုင်တော့ နာတာရှည်ကြီး လို ဖြစ်နေတာ ။ သူများတွေ က မကြည့်ရက်လို့ ဝိုင်းပြီး အကြံ ပေးတာနဲ့ ဘိုးဘွားရိပ်သာ ပို့ လိုက်တာ ။ ခုတော့အသားတွေ ဖြူဖွေးပြီး စိုပြေ လို့ ။ ဟိုမှာ က ဆရာဝန် လည်း အသင့် ၊ အလှူရှင် လည်း အသင့် ဆို တော့ မင်း တို့ ထား နိုင်တာ ၊ ကျွေး နိုင်တာ ၊ ကုပေး နိုင်တာ ထက် အများကြီး သာ တာပေါ့ကွာ ။ မင်း လည်း စဉ်းစားပေါ့ ကွာ ”

“ ဟုတ်ကဲ့ပါ ဆရာ ၊ ဒါပေမဲ့ အမေ က ကျွန်တော် ငယ်ငယ် ကတည်း က နေ ခု မြေးတွေ ရတဲ့ အထိ တစ်ခါမှ မခွဲဘူးတော့ အဆင် ပြေ ပါ့ မလား မသိဘူး ဆရာ ရယ် ”

“ အေးပါ ငါ က မင်း ကို အကြံ ပေးတာပါ ။ ဘယ်ဟာ ပို အဆင် ပြေ မလဲ စဉ်းစားပြီး လုပ်ပေါ့ ။ ခုတော့ တစ်သောင်းယူသွား ။ ဒါက ပြန် ပေး စရာ မလိုဘူး ။ မင်း အမေ အတွက် ငါရဲ့ ဆေးဖိုး ကုသိုလ် ပါ ”

“ ကျေးဇူး တင်ပါတယ် ဆရာ ကျေးဇူးပါ ”

ဦးလှဝင်း ပေး သည့် တစ်သောင်းတန်လေး အား တုန်ယင် နေ သည့် လက်များ နှင့် လှမ်း ယူ လိုက်ရင်း အကြိမ်ကြိမ် ကျေးဇူး တင်ကြောင်း ပြော နေမိ၏ ။ အမေ့ ကို ရိပ်သာ ပို့မည် ၊ မပို့မည် ကို တော့ သူ့ နှလုံးသား နှင့် ဦးနှောက် တို့ က ဝေခွဲ မရ လွန် ဆွဲ လျက် ရှိသည် ။

•••••   •••••   •••••

အခန်း ( ၄ )

“ အန်တီ က ဒေါ်သောင်းအေးနော် ။ ဒီမှာ လက်မှတ်လေး ထိုး ပေးပါ ။ ပြီးရင် အန်တီ နေရမယ့် အခန်း ကို လိုက် ပို့ပေးမယ် ”

စာအုပ် ထဲ တွင် လက်မှတ် ထိုး ပေး လိုက် သော်လည်း အမေ့ မျက်နှာ က သိပ် မကောင်း ။ သူ့ စိတ်အား ထက်သန်မှု ကြောင့် သာ လိုက် လာခြင်း ဖြစ်မည် ။ သူ့ မြေးများ အား ခွဲချင်ပုံ မရပေ ။ သူ လည်း အမေ့ ကို မခွဲနိုင်ပေ ။ သို့သော် ပိ လာသည့် ဝန် ကို မနိုင်တော့ သည် က တစ်ကြောင်း ၊ အမေ့ကျန်းမာရေး ပြန် ကောင်းလာစေချင်သည် က တစ်ကြောင်း ကြောင့် ဘိုးဘွားရိပ်သာ သို့ လာ ပို့ရခြင်း ဖြစ်ပေသည် ။

“ ကဲ အန်တီ့ ကို ထားခဲ့ပြီး ပြန်လို့ ရပါပြီ ။ ဘိုးဘွားတွေ ရဲ့ကျန်းမာရေး အတွက် တော့ ရိပ်သာ မှာ ဆရာဝန် ရှိ လို့စိတ်ချပါ ။ နောက် လာ တွေ့ ချင်ရင် ဧည့် တွေ့ ဖို့ သတ်မှတ်ထား တဲ့ နေ့ မှာ လာ တွေ့လို့ ရပါတယ် ”

ရိပ်သာ တာဝန်ခံ ၏ စကားသံက သူ့ နား ထဲ တွင် မကြား တစ်ချက် ကြား တစ်ချက် ။ အမေ့ ကို လှည့် ကြည့်မိတော့ အမေ့မျက်နှာ က မပြိုအောင် ထိန်း ထား ရသည့် ညို့မှိုင်းမှိုင်းမိုးကောင်းကင် လို ။ သူ့ ကို မော့ ကြည့်နေသည့် အမေ့ မျက်ဝန်း တို့ က သူ့ဆုံးဖြတ်ချက် ကို ပြင်ပေးရန် တိုလျှိုး တောင်းပန် နေသလို ။

“ ဟင့်အင်း ... အမေ့ ကျန်းမာရေး အတွက် ပါ အမေ ရယ် ”

သူ့ စိတ် တို့ ကို အား တင်းလိုက်ရင်း လှည့် ထွက် လာခဲ့မိသည် ။ လမ်း တစ်လျှောက်လုံး တွေ့သမျှ အရာ တို့ က ဝေဝါး မှိန်ဖျော့ လျက် ။

“ ဟင်း ... ဟင်း .. ”

အချိန် မည်မျှလောက် အထိ သူ့စိတ် တို့ လွတ် သွားသည် မသိ ။ ခြေထောက် အောက် နား တွင် မာန်ဖီသံ ကြား ရခါမှ နောက်သို့အလန့်တကြား ခုန် ဆုတ် လိုက်မိသည် ။ သူ့ ရှေ့ တွင် ရှိ နေသည့် အရာ မှာ ခွေးသားအုပ်မကြီး တစ်ကောင် ။ တိတိကျကျ ပြောရမည် ဆိုလျှင် ကား တိုက်ထား ၍ ခြေတစ်ဖက် ပြတ် ကာ သွေးအိုင် ထဲ တွင် လဲ နေသည့် ခွေးမကြီး တစ်ကောင် ပင် ဖြစ်သည် ။

ပြင်းထန်လွန်းသော နာကျင်မှုကြောင့် အကြောတို့ ဆွဲကာ ဆန့်ငင် ဆန့်ငင် ဖြစ်နေသော်လည်း နို့ စို့ နေသည့် ခွေးငယ်လေးများ အား နင်း မိမည် စိုး၍ သူ့ ကို မာန်ဖီ နေခြင်း ဖြစ်လေသည် ။ မည်မျှပင် နာကျင် ခံစား၍ နောက်ဆုံး အချိန် ထိရောက် နေပါစေ သားသမီး ကို မစွန့်ပစ်ပဲ ကာကွယ် ပေး နေဆဲပါလား ။ ငယ်ငယ် ကတည်း က ခေါင်းရွက် ဗျက်ထိုး ၍ ရှာဖွေ ကျွေးမွေး ခဲ့သော အမေ ။ သူ့ ဘဝ တစ်လျှောက်လုံး စပါးစေ့ လေး တစ်စေ့ ၊ ကျောက်ခဲလေး တစ်ခဲ ပင် မကိုက် မိ အောင် သန့်စင်၍ ကျွေးမွေး ခဲ့သော အမေ ။ သူ့ အလှည့် ကျ မှ လက်လွတ်စပယ် ထား ခဲ့မိ လေပြီလား ။ ဟင့် အင်း ...  ။ မသိစိတ် ၏ စေ့ဆော်မှု ဖြင့် သူ့ခြေလှမ်း တို့ က နောက်ပြန်လှည့် လိုက်ကြသည် ။

•••••   •••••   •••••

အခန်း ( ၅ )

“ ကျွန်တော် အမေ့ ကို ပြန် ခေါ် သွားချင်လို့ပါ ”

သူ့ စကား ကြောင့် ရိပ်သာတာဝန်ခံ က စာ ရေး နေရာ မှ မော့ ကြည့်သည် ။

“ ထိုင်ပါဦး ရှင် ၊ ရှင့် အမေ ကို ဘိုးဘွားရိပ်သာ လာ ပို့ရတဲ့ ရည်ရွယ်ချက် က ဆေး ကုပေးချင်လို့ မဟုတ်လား ။ ခု ပြန် လာခေါ်တာ ဆိုတော့ ရှင့် မှာ ရှင့် အမေ ရောဂါ ကို ကု ပေးဖို့ ပိုက်ဆံ ရှာလို့ ရ ခဲ့ပြီလား ”

“ ကျွန်တော် ကျွန်တော် ...”

“ အဓိက အရေး ကြီး တာ ဘာလဲ ဆိုတာ ရှင် သေချာ ဆုံးဖြတ်ပေါ့ ။ ကြည့် ချင် ရင် တော့ အခန်း အပြင် က နေ မမြင်အောင် ကြည့် သွားပါ ။ ဒီကို ရောက် လာ တဲ့ ဘိုးဘွားတွေ က ရောက်ရောက်ချင်း ဆို ရင် သားသမီးမြေးမြစ် တွေ ကို လွမ်း ကြတာ သဘာဝ ပဲ ။ နောက်ကျရင် တော့ အသား ကျ သွား ပါလိမ့်မယ် ။ ခုတော့ ရှင့် ကို မြင် ရင် သူ ပို ခံစား နေရလိမ့်မယ် ”

အခန်း အတွင်း သို့ အပြင် ဘက်မှ လှမ်း ကြည့် လိုက်ရာ ကုတင်ပေါ် တွင် ငူငူငိုင်ငိုင် နှင့် ထိုင် နေသည့် အမေ့ အား တွေ့ရ၏ ။ အမေ သည် ရိပ်သာ တွင် ပျော်ပုံ မရပေ ။ အမေ့ အား လက်ပြ ၍ လှမ်း ခေါ် ရန် ပြင်ပြီး ခါ မှ ရိပ်သာ တာဝန်ခံ ပြောသော စကား ကို သတိ ရ ၍လက် ပြန်ချ လိုက်မိသည် ။ သူ ကြည့် နေရင်း အမေ သည် ပါးပြင် အား လက်ဖမိုး ဖြင့် သုတ် လိုက်သည် ကို မြင် လိုက်ရ၏ ။

“ ဟင့်အင်း ... အမေ ငိုနေတာ မဟုတ်ဘူး ။ အမေ ချွေးသုတ် နေတာ နေမှာပါ ...”

တွေ့ လိုက် ရသည့် အဖြစ်အပျက် အား သူထိတ်လန့်တကြား ငြင်းဆန် လိုက်မိသည် ။ လက်ဖမိုး တို့ အလိုလို ရောက်ရှိ သွား သော သူ့ ပါးပြင် ထက် တွင် လည်း စိုထိုင်းထိုင်း မျက်ရည် အချို့တို့နှင့် ။ အမေ့ အား ကြည့် ရင်း သူ ငယ်ငယ် က ကျောင်း စ တက်သည့် နေ့ ကို ပြန် မြင်ယောင် မိသည် ။ ကျောင်း တွင် အသားမကျသေး ၍ ငိုယို နေ သည့် သူ့အား တစ်ယောက် တည်း အား မငယ်စေရန် အတွက် အမေ သည် ထို နေ့ က ဈေး ရောင်း မသွား ဘဲ သူ့ အခန်း ပြူတင်းပေါက် မှ လှမ်း မြင်ရသည့် အပင်လေး အောက် တွင် တစ်နေ့ လုံး ထိုင် နေ ပေးခဲ့၏ ။

သူ က တော့ အမေ့ အား ခေါ်ပင် မခေါ်နိုင်ခဲ့ ။ နောက်ဆုံးတွင် တော့ ဆင်းရဲလှသည့် ကိုယ့် ဘဝ ကို ကိုယ် အပြစ် တင် ကာ ရိပ်သာ မှ အပြန် လမ်း တွင် ခေါင်း ငိုက်စိုက် ချ ၍ သာ ။

•••••   •••••   •••••

အခန်း ( ၆ )

“ ယောက်ျား ရယ် .… ထမင်းလေးတော့ စား ပါဦး ။ အဲ့လောက် လည်း စိတ် မကောင်း ဖြစ် မနေပါနဲ့ ။ အမေ ကျန်းမာရေး ပြန် ကောင်း လာရင် ကျွန်မတို့ ပြန် သွား ခေါ်ကြတာပေါ့ ”

ဇနီးသည် စိတ် မကောင်း ဖြစ်မည် စိုး၍ ငါးပိရည်ခွက် အထဲ မှ တစ်ဝက် ခန့် အား ရှေ့ တွင်ချ ထားသည့် ထမင်းပန်းကန် ထဲသို့ လောင်းထည့် လိုက်ပြီး လက် ဖြင့် နယ်ဖတ် ကာ ထမင်း တစ်လုပ် စား လိုက်သည် ။

“ ဂျိ ”

အားရပါးရ ဝါးလိုက် ခါ မှ အားရပါးရ ပင် ကျောက်ခဲ ကိုက် လိုက် မိလေသည် ။ တစ်ခါ မှ မခံစားဖူးသည့် နာကျင်မှုမျိုး ဖြစ်၍ သွား အား လက် ဖြင့် အလန့်တကြားအုပ် လိုက်မိသည် ။ မျက်ရည်တို့ ဖြင့် ဝေဝါး နေ သည့် သူ့ မျက်လုံး တို့ က မူ နံရံ ပေါ် မှ အမေ့ ဆန်ခါလေး ထံ သို့ အလို လို ရောက်ရှိ သွားလေတော့သည် ။

◾ထက်ပိုင်ဦး ( သစ္စာမြေ )

📖 နှလုံးသားဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment