Thursday, November 17, 2022

လည်စား


 

❝ လည်စား ❞

အခန်း ( ၁ )

ကျုပ် နာမည် က ဟောက်စား ။ လက်တို လက်တောင်း ခိုင်းဖို့ တပည့် နှစ်ယောက် တော့ မွေး ထားတယ် ။ ကျော်ကြီး နဲ့ အောင်ထူး တဲ့ ။ ဒီကောင် နှစ်ကောင် က အလုပ် ကြိုးစားတယ် ။ ဝိရိယ ကောင်းတယ် ။ ဝင် လာ သမျှ ရထား အကုန် ခရီးသည် ရ အောင် လိုက်နိုင်တယ် ။ အထွက် ရထား ဆိုလည်း ဒီ နှစ်ကောင် ခရီးသည် မရတဲ့ ရထား မရှိ ။ ဒီ နှစ်ကောင် နဲ့ တွေ့ တဲ့ ခရီးသည်တိုင်း လည်း ငိုချင် သလိုလို ရယ်ချင် သလိုလို ဖြစ် သွားရတာ ချည်း ပဲ ။ အလုပ် ကို သေသေချာချာ လုပ်တယ် ။ ခရီးသည် စိတ်တိုင်း ကျအောင် အလုပ် လုပ် ပေးတယ် ။ ပြီးရင်တော့ တောင်းတဲ့ ပိုက်ဆံ က တနင့်တပိုး ။ တစ်ခါတလေ ကိုယ် တောင် ကြား က မနည်း ပြန် ဖြည် ပေး လိုက်ရတာ တွေ ရှိသေး တယ် ။ ဒါပေမဲ့ ဒီ နှစ်ကောင် မှာ ကောင်းတဲ့ အကျင့်လေးတွေ က ခရီးသည် ပစ္စည်းကို မခိုးဘူး ။ အလစ် မသုတ်ဘူး ။ ရသမျှ ပိုက်ဆံ ဆိုရင် ကျုပ် ကို အကုန် လာ အပ်တယ် ။ အဲလို အကျင့်ကောင်းလေး တွေ ရှိ နေလို့ လည်း ကျုပ် က ဒီ ကောင် နှစ်ကောင် ကို လက်သပ် မွေးထားတာ ၊ ကျုပ် လား ။ ကျုပ် က ဒီ နှစ်ကောင် ကို လက်သပ်မွေးထားတာ ။ သူတို့ ခရီးသည် လိုက်လို့ ရတဲ့ အခါ ခရီးသည် ဆီ က ပိုက်ဆံ တောင်းပြီ ဆိုရင် ကျုပ် က သူတို့ နဲ့ မလှမ်းမကမ်း မှာ အမြဲ ရှိနေတဲ့ သူပေါ့ ။ သူတို့ ပိုက်ဆံ တောင်း လို့ များ သွားတဲ့ အခါ ခရီးသည် နဲ့ ပြဿနာ ဖြစ်ပြီ ဆိုရင် ကျုပ် က ကြား က နော ဖြေရှင်း ပေးလိုက်ရုံပဲ ။ ကျုပ် ဖြေရှင်း ပေး လိုက်ရင် ခရီးသည် လည်း ကျေနပ်ရမယ် ကိုယ့် အတွက်လည်း ကျန် ရမယ် ။ ဘာမသိ ညာမသိနဲ့ ခရီးသည်တွေ က သူတို့ တောင်းတဲ့ အတိုင်း ပိုက်ဆံ ထုတ်ပေးလိုက်ပြီ ဆိုရင်လည်း ကျုပ် က ဘောင်းဘီအိတ် ထဲ လက် ထည့်ရင်း ပြုံးပြုံးလေး လှမ်း ကြည့် နေလိုက်ရုံပဲလေ ။

အခန်း ( ၂ )

ဒီနေ့တော့ ကျုပ် အတော်လေး အခြေအနေ ကောင်းတယ်ဗျ ။ ရထား လက်မှတ် မဝယ်ရသေးဘဲ ရောက်လာတဲ့ ခရီးသည် ငါးယောက် ရထား စီးချင်လို့တဲ့ လေ ။ ပြီးတော့ အထုပ်အပိုးတွေ နဲ့  ။ သတ်မှတ်ဈေး ထက် ပို ပေး နိုင်ရင် ကျုပ် လက်မှတ် ရ အောင် ဝယ်ပေးမယ် ဆိုတော့ သူတို့ က ကျုပ် ကို ကျေးဇူးရှင်ကြီး တစ်ယောက် လို ကြည့် နေကြလေရဲ့ ။ လက်မှတ် တစ်စောင် ကို လေးထောင် အမြတ် ယူပြီး ကျုပ် ဝယ် ပေးလိုက်တာ စောစောစီးစီး ကျုပ် အိတ် ထဲ နှစ်သောင်း လောက် ဝင် လာတယ် ။ တစ်ခါ တလေ လည်း ကျုပ် က Black လုပ် တယ် လေ ဗျာ ။ နဲနဲပါးပါးတော့ ပိုင်ရာ ဆိုင်ရာ တွေ နဲ့ ပေါင်း ထား ရတာပေါ့ ။ တပည့်ကျော် နှစ်ကောင် က လည်း ချွေးသံတရွှဲရွှဲ နဲ့ ရောက် လာပြီ ။ သူတို့ ရထား တဲ့ ပိုက်ဆံတွေ လာ အပ်တယ် ။ တစ်ယောက် ကို တစ်သောင်းခွဲ လောက် ရ ထားတယ် ဆိုပဲ ။ ကျုပ် လည်း ဒီကောင် နှစ်ကောင် ကို မီးရထားလိုင်းခန်း ဘေး မှာ ရောင်းတဲ့ ဒါလေးများ' ဆိုတဲ့ ထမင်းဆိုင် ကောင်း ကောင်း မှာ လိုက် ကျွေး လိုက်တယ် ။ ကျုပ် အဆင်ပြေ နေရင် ဒီနှစ်ကောင် ကို လည်း ပစ် မထားပါဘူး ။ ဝေစု က တော့ ရထားတွေ အဝင်အထွက် ကုန် မှ ခွဲ ပေး နေကြ ။ ထမင်း စားသောက်ပြီး ဘူတာကြီး အရှေ့ က လက်ဖက်ရည်ဆိုင် မှာ ကျုပ်တို့ သုံး ယောက် ခဏ ထိုင် လိုက်တယ် ။

“ ဟေ့ကောင် အောင်ထူး ၊ မင်း အမေ နေ မကောင်းဘူး ဆိုတာ သက်သာ သွားပြီလား ”

ကျုပ် တို့ ထိုင်လိုက်ပြီ ဆိုတာနဲ့ ကျုပ်တို့ ဘာ သောက် တတ် တယ် ဆိုတာ စားပွဲထိုး တိုင်း သိတယ် ။ စားပွဲထိုး ချာတိတ်လေး လာ ချ ပေးတဲ့ လက်ဖက်ရည် ကို တစ်ငုံ ငုံပြီးမှ ကျုပ် မေးလိုက်တော့

“ သက်သာပါတယ် ဘဲကြီး ရာ ။ မနေ့က ဆေးခန်း လိုက်ပို့ ပေးပြီး ဆေးထိုး ပေးခဲ့တယ် ”

ကျုပ်တို့ သုံးယောက်တည်း ရှိတဲ့ အချိန် ဆို ဒီ နှစ်ကောင် က ကျုပ် ကို ဘဲကြီး လို့ ပဲ ခေါ်နေကျ ။ ခရီးသည် အရှေ့ ရောက်ပြီ ဆိုရင်တော့ ဆရာ ဆရာ နဲ့ကို ပါးစပ် က မချ ဘူး ။

“ ဟေ့ကောင် ကျော်ကြီး ဒီနေ့ တော့ အောင်ထူး ကို ခွဲတမ်း ပို ပေးလိုက် မယ်ကွာ မင်း နဲ့ ငါ က တစ်ကောင်တည်းသမားတွေ ဆိုတော့ ဘူတာကြီး ရှိရင် ထမင်း မငတ်ဘူး ”

“ ရပါတယ် ဘဲကြီး ရာ ဒီကောင့် အမေ လည်း ကျုပ် အမေ လို ပါပဲ ဟေ့ကောင် အောင်ထူး ညနေ မင်း ပြန်ရင် ငါ ပါ လိုက်ခဲ့မယ် မင်း အိမ် မှာ လိုအပ်တာ လေးတွေ ရှိရင်လည်း ငါ ဝိုင်းကူလို့ ရတာပေါ့ ”

“ အေးကောင်းတယ် လိုက်သွား အခုတော့ လက်ဖက်ရည် မြန်မြန် သောက် နောက် ရထားတွေ ရှိသေးတယ် ”

ဒီ နှစ်ကောင် ကို လက်ဖက်ရည် မြန်မြန် သောက်ပြီး သွား ခိုင်း လိုက်တယ် ။ ကျုပ် က တော့ ခွင်စိမ်းလေးတွေ ရှာပြီး ပိုက်ဆံ ရှာရမယ် ။ ဒါမှလည်း မျိုးမျိုးမြက်မြက် ရမှာလေ ။ ခွင်စိမ်း ဆိုလို့ တမျိုး မထင်နဲ့ဦး ဗျ ။ ကျုပ် အတွက် ခွင်စိမ်း က မော်လမြိုင် ရထား ပဲ ။ ဒီ ရာသီ က ဒူးရင်းသီးရာသီ လေ ။ တချို့ကုန်သည်တွေ က သူတို့ ကုန် ပစ္စည်း ကို ရထားကုန်တွဲ မှာ မထည့်ကြဘဲ လူစီးတွဲ မှာ တင် ကြတာလေ ။ ရထား ဆိုက်ပြီ ဆို သူတို့ ပစ္စည်းတွေ ကို အမြန် ထုတ်ယူလို့ ရအောင်ပေါ့ ။ ဒါမှလည်း ကိုယ့် ပစ္စည်း က မြန်မြန် ရောင်း ကုန်မှာ မဟုတ်လား ။ ကုန်တွဲ မှာ မတင်ဘဲ လူစီးတွဲ မှာ တင်လာပြီ ဆိုမှတော့ ဒါဟာ မီးရထားဥပဒေ ကို ချိုးဖောက်တာ လေ ။ ကျုပ် က လည်း အဲလို ကုန်သည်မျိုး ကို ပဲ ရှာ နေတာ ။ အဲဒီ မော်လမြိုင် ရထား ဝင်လာပြီ ဆိုတာနဲ့ ကျုပ် လည်း တစ်ကိုယ်လုံး ကို အပြတ် ရွှိုင်း ထားတာ ။ အပြာရောင် အလုပ်သမားအင်္ကျီ နဲ့ အပြာရောင်ဘောင်းဘီ ကို စတိုင်ကျကျ ဝတ် ။ ဆံပင် ကို တိုတိုပြောင်ပြောင်လေး ညှပ်ပြီး အုန်းဆီ ထည့် ထားလိုက်တယ် ။ ဘားလမ်း က ဝယ်ထားတဲ့ တစ်ထောင့်ငါးရာတန် ကော်ကိုင်းမျက်မှန် တပ်ပြီး ၊ အဲဒီ ကုန်သည်တွေ နား မှာ လက်ပိုက် ပြီး ကြည့် နေလိုက် တယ် ။ ဘာစကား မှ တစ်ခွန်းမှ ပြောစရာ မလိုဘူး ။ တရားဝင် တန်ဆာခ မဆောင်ဘဲ တင် လာတဲ့ ပစ္စည်းတွေ ဆိုတော့ အဖမ်းအဆီး ခံ ရမှာ သူတို့ ကြောက်ကြတယ်လေဗျာ ။

ကျုပ် ကို ကြည့်ပြီး သူ့ ဘာ သူ ဘောင်းဘီအိတ် ထဲ ပိုက်ဆံတွေ လာ လာ ထည့် ပေး သွား ကြတာ ။ သူတို့ အမြင် မှာတော့ ကျုပ် က ဘာလိုလို ညာလိုလို ပေါ့ ဗျာ ။ ကျုပ် အကြောင်း သိတဲ့ ဘေးက လူတွေ လား ကျုပ် ကို ဘာ တစ်ခွန်း မှ လာ မပြောဘူး စိတ်ချ ။ ဘူတာ တစ်ခုလုံး ကျုပ် တိုက်တဲ့ လက်ဖက်ရည် ဒါမှ မဟုတ် အရက် မသောက်ဖူး တဲ့ သူ ဆိုတာ မရှိသလောက်ပဲ လေ ။ ဒီလောက်မှ မလည်ရင် ဘူတာကြီး မှာ ဟောက်စား ဆိုတဲ့ နာမည် ဘယ် ရလိမ့်မလဲ ။

အခန်း ( ၃ )

ကျုပ် မလှမ်းမကမ်း က နေ ကျော်ကြီး နဲ့ အောင်ထူး ကို အခြေအနေ စောင့် ကြည့် နေလိုက်တယ် ။ ဒီနေ့အတွက် ဒီ ရထား က နောက်ဆုံး ထွက် မယ့် မန္တလေးရထား ။ ဒီ နှစ်ကောင် က လည်း ခရီးသည် အတော်များများ ကို ရ ထားတာ ။ အခြား အလုပ်သမားတွေ တောင် သူတို့ နှစ်ယောက် ကို ကြည့်ပြီး မနာလို ဖြစ်ချင် စရာ ။ ခရီးသည်အိတ်တွေ မနိုင်မနင်း နဲ့ သယ် လိုက် ရထား ပေါ် ပြေး တင် ပေးလိုက် နဲ့ အတော် အဆင်ပြေ နေကြလေ ရဲ့ ။ ကျုပ် လည်း အခြေအနေ ကို စောင့်ကြည့် နေရင်း ရထား ထွက်မယ့် အချိန် ကို လှမ်း ကြည့် လိုက်တော့ ရထား ထွက် ရန် ငါးမိနစ် အလို ဆိုတဲ့ စာတန်းလေး ပေါ် လာနေပြီ ။ မီးရထား ပြန်ကြားရေးခန်း က လည်း

“ ကျေးဇူးပြု၍ နားဆင်ပါ ရှင် ။ မန္တလေး သို့ ထွက်ခွာမည့် အမှတ် ( ၅ ) အဆန် အမြန်ရထား သည် မန္တလေး သို့ ထွက်ခွာရန် ငါးမိနစ် ခန့် သာ လိုပါတော့ သဖြင့် နေရာ ယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင် ။ ကျေးဇူးတင်ပါတယ်ရှင် ”

ဆိုတဲ့ အသံကို လည်း ကြား နေရပြီ ။ ကျော်ကြီး နဲ့ အောင်ထူး လည်း အလုပ်တွေ လက်စသတ်ပြီး ကျုပ် ဆီ ကို လျှောက်လာ နေတယ် ။ ခဏအကြာ မှာ ပဲ မီးရထား ထွက်ခွာမဲ့ အချက်ပြ ခေါင်းလောင်းအသံ နဲ့ အတူ မီးရထား တာဝန်ရှိသူ တစ်ဦး က အနီရောင်အလံ ကို သိမ်း ပြီး အစိမ်းရောင်အလံ ကို အချက်ပြ လိုက်တာနဲ့ “ ဘော် ....” ဆိုတဲ့ ရထားဥသြ အသံရှည်ကြီး ကို ဆွဲ လို့ မာန်ထ နေတဲ့ အင်းခွေး တစ်ကောင် ကို သံကြိုး ဖြည် ပေးလိုက် သလို ပါ ပဲ တဟုန်ထိုး ထွက်ခွာ သွားလေပြီ ။ ဒီ တစ်နေ့ အတွက် တော့ ပြီးဆုံးသွားရ ပြန်ပြီလို့ စိတ်ထဲ ထင်ပြီး ဒီဘက် အလှည့် ...  ။

အရှိန် ရ စ ပြု နေပြီ ဖြစ်တဲ့ မီးရထားကြီး နဲ့အပြိုင် ပြေး လိုက်လာနေတဲ့ မိန်းခလေးငယ် တစ်ဦး “ အဖွားရေ သမီး ကျန်နေခဲ့ပြီ ” ဆိုတဲ့ အသံ နဲ့အတူ သူ့ အဖွား ရှိမယ့် ရထားတွဲ ကို အမီ ပြေး လိုက် နေတယ် ။ ဒီလို ကလေးငယ် တစ်ဦး မဆိုထား နဲ့ ကျုပ်တို့ လို သန်မာတဲ့ ယောက်ျားကြီး တွေ တောင် ပြေးလိုက် လို့ မမီနိုင် တော့ တဲ့ အခြေအနေ ။ ကလေးမလေး က လည်း ဇော နဲ့ အတူ ရထားကြီး အား ယှဉ်၍ ပြေး နေဆဲ ။ နီးစပ်ရာ ရထားတွဲ တစ်ခု ကို ခုန်တက်လိုက်လို့ လှမ်း အော် ဖို့ စဉ်းစားမိပေမဲ့ ကျုပ် ရဲ့ ပါးစပ် က အော် မထွက်ခဲ့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဒီလို အရှိန် ရနေတဲ့ ရထား ပေါ် ပြေးလွှား တက်ရင်း သွေးသံတရွှဲရွှဲ ဖြစ်သွားရတဲ့ သူတွေ ကို ကျုပ် အကြိမ်ကြိမ် တွေ့ ဘူး နေလို့ပဲ ။ ကျော်ကြီး နဲ့ အောင်ထူး လည်း ကျုပ် အနား ကို ရောက် လာကြပြီ ။ သူတို့ လည်း ရထား နောက် ပြေး လိုက်နေတဲ့ ကလေးမလေး အား ကြောင်ပြီး ကြည့် နေကြဆဲ ။ ရထားကြီး က ကလေးမလေး အား ကျော်တက် သွား တာ နောက်ဆုံး ကုန်တစ်တွဲစာ လောက် ပဲ ကျန်တော့တယ် ။ အဲဒီအချိန် မှ ကျုပ် တို့ ဆရာတပည့် သုံးယောက် ရဲ့ အသံ က တပြိုင်တည်း ထွက်လာတယ် ။

“ ဟေ့ မမီတော့ဘူး မလိုက်နဲ့တော့ ”

ကျုပ်တို့ သုံးယောက် ရဲ့ အသံ ကို ကြားတော့ ကလေးမလေး က ခြေပစ် လက်ပစ် ထိုင် ချ လိုက်တယ် ။ လက်ထဲ မှာ ကိုင် ထားတဲ့ ကြွပ်ကြွပ်အိတ်လေး ကို ဘေးမှာ ပစ်ချလို့ ၊ တအီးအီး နဲ့ ငိုပါလေရော ။ ကျုပ်တို့ ဆရာတပည့် သုံးယောက် လည်း ငိုနေတဲ့ ကလေးမလေး နာ းသွားပြီး အခြေအနေ ကို မေး ကြည့်လိုက်တယ် ။ 

“  ဟဲ့ ကလေးမ နင် ဘာလို့ အတင်း ပြေး လိုက်နေတာလဲ ”

အနား ရောက်တယ် ဆိုရင်ပဲ ကျုပ် လည်း မနေနိုင်တော့ လို့ မေးလိုက်တယ် ။ ပြန် မဖြေ  ။ တအီးအီး နဲ့ သာ အော် ငို တော့တယ် ။

“ ဟဲ့ ပြန်ဖြေ လေ ဘာ ဖြစ်တာလဲ လို့ ”

စိတ် မရှည်တော့ တဲ့ ကျော်ကြီး ရဲ့ အသံ ။ ငို နေရာ က ကျုပ်တို့ ကို တစ်ချက် မော့ ကြည့်တယ် ။ ပြီးတော့

“ သမီး အဖွား ရထား ပေါ် ပါ သွားလို့ ။ သမီး က မုန့် ဆင်း ဝယ်ရင်း ကျန်နေခဲ့တာ ”

“ ဪ သမီး က ဘယ်ကို ပြန် ရမှာလဲ ”

ကျုပ် လည်း သမီး အရွယ်လောက်ကလေး မို့ သမီး လို့ သုံးပြီး မေးလိုက်တယ် ။

“ သမီး က ကျောက်ဆည် နား က ရွာ မှာ နေတာပါ ။ ရန်ကုန် မှာ အိမ်အကူ လာ လုပ် နေတာ သမီး အဖွား က သမီး ကို ကျောင်းပြန် ထားပေးမလို့ တဲ့ လာ ပြန် ခေါ်တာ အဲဒါ ရထား မထွက်ခင် လမ်း မှာ ဗိုက် ဆာရင် စားဖို့ မုန့် ဆင်း ဝယ် တာ သမီး ပြန် လာတော့  ရထား က ထွက် နေပြီ ”

တရှိုက်ရှိုက် ငိုရင်း ပြော နေတဲ့ ကလေးမလေး ကို ကြည့်ပြီး ကျုပ် အတော်လေး စိတ် ထဲ မကောင်း ဖြစ်သွားတယ် ။
ဟုတ်တာပေါ့ အခုချိန် ကျောင်းတွေ ဖွင့်နေပြီပဲ ။ ကလေးမလေး ကို ကြည့်တော့ အလွန်ဆုံး ရှိမှ အသက် ဆယ့်သုံးနှစ် လောက် ပဲ ရှိမယ် ထင်တယ် ။ ဒါနဲ့ကျုပ် လည်း

“ ရထား မမီတော့ ကား နဲ့ ပြန် ပေါ့ သမီး ရဲ့ ကား စီးတတ်တယ် မှုတ်လား ”

ကျုပ် ရဲ့အမေး ကို ကလေးမလေး က ခေါင်း မော့ပြီး

“ ဟုတ်ကဲ့ ကား နဲ့ တော့ သမီး တစ်ခေါက် ပြန်ဖူးပါတယ် ဒါပေမဲ့ အိမ်ရှင် အဒေါ်ကြီး ပေး လိုက်တဲ့ ပိုက်ဆံတွေ က အဖွား ဆီ မှာ ပါ သွားပြီ ၊ သမီး က မုန့် ဆင်း ဝယ် တာ ပိုက်ဆံ တစ်ထောင် တည်း ယူ လာတာ ”

ဗလုံးဗထွေး နဲ့ ငိုပြီး ပြော နေတဲ့ ကလေးမလေး ကို ကျုပ် လည်း သနား သွား တယ် ။ ကျုပ် တပည့် နှစ်ယောက် ကို  ကြည့် လိုက်တော့ သူတို့ လည်း စိတ် မ ကောင်း တဲ့ ပုံစံ နဲ့ ။

“ ကဲ သမီး မငိုနဲ့ ထ တော့ ဦးတို့ ကူညီပေးမယ် ဟုတ်ပြီလား ”

ကျုပ် ပြော လိုက်တော့ ကလေးမလေး မျက်နှာ အရောင် လက် သွားတယ် ။ ကျုပ် လည်း အိတ် ထဲ က ပိုက်ဆံ ဆွဲ ထုတ်ပြီး ရေ လိုက်တယ် ။ သုံးသောင်းတိတိ ကို ကလေးမလေး လက် ထဲ ထည့် ပေးပြီး

“ သမီး ရော့ ပိုက်ဆံ သုံးသောင်း အပြင် မှာ ကား ငှားပြီး ၊ အောင်မင်္ဂလာအဝေးပြေး က မန္တလေးကားဂိတ် ကို လိုက် ပို့ ခိုင်း ဟို ရောက်တော့ ကားလက်မှတ် ဖြတ်ပြီး ကား စီး သွားလိုက်တော့ ”

ကျုပ် လည်း ပြောပြီး ပိုက်ဆံ ပေး လိုက်တော့ ကလေးမလေး မှာ ဝမ်းတွေ သာ လို့ ။ကျေးဇူး တင်ပါတယ် ဦး ရယ် လို့ အကြိမ်ကြိမ် ပြောပြီး မျက်ရည်တွေ သုတ် နေတယ် ။ ပြီးမှ ကျုပ် ပေးတဲ့ ပိုက်ဆံ သုံးသောင်း ကို မဝံ့မရဲ နဲ့ယူကာ ဘူတာကြီး အပြင်ဘက် ကို ထွက် သွား လေရဲ့ ။ ကျုပ်တို့ သုံးယောက် ရဲ့ စိတ် ထဲ မှာ တော့ ကျေနပ်မှု ကိုယ်စီ နဲ့ပေါ့ ။

“ ဘဲကြီး က ဒါမျိုးတော့ ဘယ် ဆိုးလို့လဲ ကူညီတတ်တဲ့ စိတ် လေး တော့ ရှိသား ”

ကျော်ကြီး က အင်္ကျီအိတ် ထဲ က ကွမ်းယာထုပ် ကို ယူပြီး ကွမ်းတစ်ယာ ကို ပါးစောင် ထဲ ထိုး တဲ့ ရင်း ပြောတယ် ။

“ ဒီလိုပဲ ပေါ့ကွာ ဘဝပေး အခြေအနေ ကြောင့် ဘူတာ မှာ လည် သလို လုပ်စား နေရပေမဲ့  ငါ့ မှာ လည်း သနား ညှာတာတတ်တဲ့ စိတ် လေးတော့ ရှိ ပါတယ် ကွ ”

ပြောပြီး ကျော်ကြီး ပုခုံး ကို ကျုပ် လှမ်း ဖက်လိုက်တယ် ။

“ ဟုတ်ပါပြီဗျာ အဲဒါကြောင့် လည်း ဘဲကြီး ကို ကျုပ် တို့ နှစ်ယောက် က ဆရာ တင် ထားတာပေါ့ ”

အောင်ထူး ရဲ့ မြောက်ပင့်စကား ။ မြှောက် ပြောမှန်း သိပါရဲ့ နဲ့ ဘဝင် တောင့် မြင့် ချင် သွားတယ် ။

“ ကဲ ကျော်ကြီး နဲ့ အောင်ထူး မင်းတို့ ရတဲ့ ပိုက်ဆံတွေ ထုတ် ဒီမှာပဲ ဝေစု ခွဲ ပေးမယ် မင်းတို့ က လှိုင်သာယာ ထိ ပြန်ရမှာ ဆိုတော့ နောက်ကျ နေလိမ့်မယ် ”

ကျုပ် လည်း ပြောပြီး အိတ် ထဲ မှာ ကျန်သမျှ ပိုက်ဆံတွေ အကုန် ထုတ်လိုက် တယ် ။ ကျော်ကြီး နဲ့ အောင်ထူး တို့ ရတဲ့ ပိုက်ဆံတွေ နဲ့ ပေါင်း လိုက်တော့ ခြောက်သောင်း လောက် ကျန်နေသေးတယ် ။ ကျုပ် လည်း သူတို့ ကို ငါးသောင်း ပေးပြီး ကျုပ် အတွက် ဒီ တစ်ည စာ တစ်သောင်း ယူ ထား လိုက်တယ် ။ ပိုက်ဆံ တစ်သောင်း ကို အိတ် ထဲ ထည့်ပြီး ဘူတာ အပြင်ဘက် ထွက် လာ မိတော့ ဆေးဖြစ် ဝါးဖြစ် နဲနဲလောက် ကစ် ချင်လာတာ နဲ့ အရက်ဖြူဆိုင် ဘက် ကို ဦးတည် လိုက်တယ် ။

“ ဟဲ့ ဒါဆို နင် က နဲနဲ ငို ပြ လိုက်တာနဲ့ သုံးသောင်း တောင် ရ လာတယ်ပေါ့ ...”

မိန်းခလေးငယ် တစ်ဦး ရဲ့ အသံ ၊

“ ဪ ငါ ပြောပါတယ် ဟယ် နင့် ကို အောက်ပြည်အောက်ရွာ ငွေ ရှာ လို့ တယ် ကောင်း ပဲ လို့ ”

ပြောပြီး တခစ်ခစ် ရယ်နေတဲ့ နောက်ထပ် မိန်းခလေးငယ် တစ်ဦးရဲ့ အသံ ။ အရက်ဆိုင် ထဲ ဝင်ကာနီး အရက်ဆိုင် ရဲ့ မျက်နှာချင်းဆိုင် ဘက် ထမင်းဆိုင် ထဲ က ထွက် လာတဲ့ အသံမှန်း ကျုပ် သိလိုက်တယ် ။ ဒီ အသံ ကို ကျုပ် ကြားဖူး သလိုလို ရင်းနှီး နေ သလိုလို သေချာစေရန် ထမင်းဆိုင် ထဲ ကို တစ်ချက် ဝေ့ ကြည့် လိုက်တော့ ...

“  တောက် ...”

ကျား ကို ခွေး ကိုက် သွားမှန်း အခုမှ ကျုပ် ကောင်းကောင်း သိ လိုက်ရတယ် ။

◾ တာရာ ( တွံတေး )

📖  တစ်ယောက်တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်

.

No comments:

Post a Comment