Tuesday, November 29, 2022

မောင်ချောနွယ်


 

❝ မောင်ချောနွယ် ❞

( လူကြိုက်နည်းတဲ့ ကဗျာဆရာ )

မနှစ် က ၂ဝဝ၆ ခုနှစ် ဆောင်း ရက် တွေ ထဲ မှာ သရေခေတ္တရာ ခေါ်  ပြည်မြို့ သို့ ကျွန်တော် ခပ်စိပ်စိပ်ကလေး ရောက် သွားဖြစ်သည် ။ အလုပ်ကိစ္စ ဖြင့် မြန်အောင် သို့ ရောက် သွားခဲ့ ရာ အပြန် ၌ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သို့ ကူးပြီး ပြည် မှာ ခရီး တစ်ထောက် နား ဖြစ်သည် ။ နောက် တစ်ခါ စာပေဟောပြောပွဲ ကိစ္စ ဖြင့် မြန်အောင် သို့ ရောက် သွားပြန်ပါသည် ။ ကျွန်တော် ပြည် မှာ တစ်ည ဝင် နား ဖြစ်ခဲ့ပြန်ပါ၏ ။

နောက်တော့ ရွှေတောင်မြို့ စာပေဟောပြောပွဲ ခရီး ၊ ပုဂံညောင်ဦး ၊ ပုပ္ပား ၊ အင်းလေး ၊ တောင်ကြီး ခရီး ။ အားလုံးသော ခရီးစဉ်တိုင်း မှာ ကျွန်တော် ပြည် မှာ ခရီး တစ်ထောက် နား ပါသည် ။

မြစ်ကြီးဧရာဝတီ ၏ အနောက်ဘက်ကမ်း သို့ နဝဒေးတံတားပေါ် က နေ ကျော်ဖြတ် ကူးသန်း သွား ပြီးနောက် မြစ် အရှေ့ဘက် ကမ်းပါး ပေါ် က ပြည်မြို့ သို့ ကြည့် ရသည်မှာ ပြည်မြို့သား ကဗျာဆရာ မောင်ချောနွယ် ကို သတိရစရာ ကောင်း လှပါသည် ။ ချစ်စရာ ကောင်းလှသော ပြည်မြို့ကလေး ဟာ နှစ်ထပ် သင်္ဘော နဲ့ တူ တဲ့ မြို့ကလေး တဲ့ ။

ကဗျာဆရာ မောင်ချောနွယ် က -

လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
လမ်းရွေးမှားသူမြစ်
နှစ်ထပ်သဘောမြို့ကလေးပေါ် နားခဲ့ပေါ့ ။

ဒါက ကဗျာဆရာ မောင်ချောနွယ် ၏ ပြည်ကဗျာ အပြည့်အစုံ ဖြစ်ပါသည် ။ လရောင်ဖြင့် ဝင်းပနေသော ဧရာဝတီမြစ် ၏ ရေပြင်အရိပ်မှာ ငွေလဝန်းကလေး ထင်ဟပ်နေပုံ ၊ တံငါလှေ တစ်စင်း က လရောင် အောက် က မြစ်ရေပြင် ထဲ လှော်ခတ် ရွေ့လျား ဝင်ရောက် သွား ပုံ ၊ မြို့ကို အဝေး က လှမ်း ကြည့်ရသည် မှာ နှစ်ထပ် သင်္ဘောကလေး နှင့် တူပုံ စသည်ဖြင့် ချစ်စရာ ကောင်း အောင် ဖွဲ့ထားသော ကဗျာကလေး ဖြစ်ပါသည် ။

ပြည်မြို့ က တကယ့် ကို လည်း နှစ်ထပ်သင်္ဘော နှင့် တူသော မြို့ ဖြစ်ပါသည် ။ တောင် အောက် မှာ က ကားလမ်းတစ်လမ်း ၊ တောင် ပေါ် မှာ က ကားလမ်း တစ်လမ်း ၊ အမြင့်ဆုံး မင်းကြီးတောင် က သင်္ဘောခေါင်းတိုင်ကြီး နှင့် သွား တူ နေသည် ။ ပြည် ကို သည်လို ပဲ ကျွန်တော် ခံစားရသည် ။

ပြည် ၊ ပြည် ၊ မြန်မာနိုင်ငံ ရဲ့ မြို့တော်ဟောင်း သရေခေတ္တရာပြည် ။

ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းပါး ပေါ် မေး တင်ကာ ဣန္ဒြေကြီးမား လွန်းစွာ စီးဆင်း နေသော မြစ်မဟာ ရေပြင် ကို ငုံ့ ကြည့်နေသော ပြည် ။ အနောက်ဘက် ကမ်း ဆီ က ရခိုင်ရိုးမ ၏ တောင်စွယ် အကွန့်အညွန့်အလွန့်တွေ ကို လှမ်း ကြည့်နေသော ပြည် ။ သည် ပြည် ကို ကျွန်တော် ခပ်စိပ်စိပ် ရောက် ဖြစ်တော့ ကဗျာဆရာ မောင်ချောနွယ် မရှိတော့ပါပြီ ။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက် တစ်နှစ် ၁၉၄၉ ခုနှစ်တွင် မွေး၍ ၂၀၀၂ ခုနှစ် ၊ စက်တင်ဘာလ ၃ ရက် ၌ လူ့ ဘဝ ကို စွန့်ခွာ သွားခဲ့သော မောင်ချောနွယ် က မရှိတော့ပါပြီ ။

ဪ... ဧရာဝတီ စီးဆင်းနေပုံဟာ လွမ်းစရာ ကောင်းလှပါချည့် ။

•••••   •••••   •••••

တကယ့် တကယ် ကဗျာဆရာ မောင်ချောနွယ် ကို ကျွန်တော် စ သိခဲ့ တုန်း က အမျက်ကလေး နှင့် ဖြစ်ပါသည် ။ လွန်ခဲ့သည့် ၁၅ နှစ် ၊ အနှစ် ၂ဝ ဝန်းကျင် ကာလတွေ ဖြင့် ထိုင်ကြရသည့် လေထန်ကုန်း လက်ဖက်ရည်ဆိုင် ၏ ညနေခင်း များ ။

တစ်ညနေခင်း မှာ တော့ ထုံးစံအတိုင်း ကိုချောနွယ် တစ်ယောက် လေထန်ကုန်း ထဲ ကို ဝင် လာကာ စားပွဲ အလွတ် တစ်လုံး မှာ ဝင် ထိုင်ဖို့ ပြင် သည် ။ မလှမ်းမကမ်း ရှိ စားပွဲ တစ်လုံး မှာ က စာရေးဆရာ ဗမိုး ။ ဆရာဗမိုး က အသက် ၇ဝ ဝန်းကျင် လောက် အရွယ် ဖြစ်ရာ သူ့ နေရာ သူ့ အသက် အရ .. ကိုချောနွယ် ကို လှမ်း နှုတ်ဆက် သည် ။

“ ဟေ့ ... မောင်ချောနွယ် ၊ မင်း ကဗျာကလေးတွေ ကောင်း တယ်ကွ ”

ကိုချောနွယ် ကား ခြင်္သေ့ လိုလည်ဆံမွေးတွေ ထောင် သွားသည် ။ ဆတ်ခနဲ ဆိုသလို ထိုင်ရာ ခွေးခြေအပု ပေါ် မှ ထ ကာ ဆရာဗမိုး ရှေ့ က ခုံ မှာ မျက်နှာချင်းဆိုင် သွား ထိုင် ပစ်လိုက်သည် ။

“ ဘယ် ကဗျာ လဲ ဗျ ... ကိုဗမိုး ”

ဆရာဗမိုး က မဖြေ ။

“ ဘယ် မဂ္ဂဇင်းဘထဲ က ကဗျာ လဲ ”

ဆရာဗမိုး ဆီ က ဘာသံမျှ မထွက် ။

“ ကဗျာ ခေါင်းစဉ် ကို ပြောစမ်းပါ ”

ဆရာဗမိုး က ရေနွေး ကို သာ ငုံ့သောက် နေသည် ။ ကိုချောနွယ် ကား ကျ သွားသော ခံတပ် ဆီ မှ ပြန်လည် ထွက်ခွာ လာပုံ မျိုးဖြင့် ထွက်ခွာကာ သူ့ စားပွဲ မှာ ပြန် ထိုင် နေလိုက်သည် ။

ထို ညနေ က လေထန်ကုန်း ၌ လူတော်တော် ရှင်း နေခဲ့သေးရာ ကိုချောနွယ် လုပ် လိုက်သည့် အသံတွေ ဟန်တွေ မာန်တွေ ကို အနီးကပ် စားပွဲခုံ မှ အရှင်းသား မြင်ကြား နေရသော ကျွန်တော့် စိတ် ထဲ မှာ မျက်ခနဲ ဖြစ် သွား မိသည် ကား အမှန်ပဲ ဖြစ် ပါသည် ။

ဆရာဗမိုး ရေးခဲ့သည့် စာတွေ ဘာတွေ ကို ကျွန်တော် တို့ ကြိုက်တာ မကြိုက် တာ အပထား ၊ အသက်အရွယ် အရ မလုပ်ထိုက် ဟု သည်တုန်းက ကျွန်တော် မြင်မိသည် ။ ဒါ့ကြောင့် လည်း ချက်ချင်းကြီး ကို ပဲ မကျေနပ်သော အကြည့် ဖြင့် ကိုချောနွယ် ကို လှမ်း ကြည့် ပစ် လိုက်ကာ ၊ နောက် အချိန် အတော် ကြာသည် အထိ ခပ်တန်းတန်း ပဲ ဆက်ဆံ ဖြစ် ခဲ့သည် ။ ရင့် လိုက်တာ သည် လူ ။

နောက်တော့ ဘဝ ဖြတ်သန်းမှုတွေ အရ ကိုချောနွယ် ကို ကျွန်တော် နားလည် လာ ခဲ့သည် ။

ကိုယ် က ဘဝ တစ်ခု လုံး ပေးဆပ် ထားရသည့် ကိစ္စ ။ သူတို့ က လျှာဖျားကလေးတွေ ပေါ် က နေ ဖြီးဖြန်း ဖြတ်သန်းကောင်း ရုံ ။ ဒါကို အစော်ကား မခံ နိုင်သော ကဗျာဆရာ စိတ်ဓာတ် ။

ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ ကျွန်တော်တို့ ကိုယ်တိုင် လည်း သည် အဖြစ်မျိုးတွေ ကို မကြာခဏ ကြုံတွေ့ ကြရပြီးသား ဖြစ်ပါသည် ။ ကျွန်မ က စာဖတ် ဝါသနာ ပါ လို့ ပါ ဆိုသော မိန်းမ တစ်ယောက် ကို ဘာ စာအုပ်တွေ ဖတ်နေလဲ လို့ ကျွန်တော် မေး ကြည့် ဖူးသည် ။ လစဉ် ဘာ ဂျာနယ် ၊ ဘာ မဂ္ဂဇင်း စာအုပ် စွဲ ဖတ် ဖြစ်သလဲ ကျွန်တော် စေ့ငုကြည့်ဖူးသည် ။

အိအိ ... အအ အသံတွေ ထွက်လာကာ နောက်ဆုံးတော့ အလုပ်တွေ မအားလို့ စာ မဖတ်နိုင်ဘူး ဆရာရယ် မှာ ပဲ အဆုံးသတ် သွားခဲ့ရသည် ။

ကဗျာချစ်သူ ဆိုသော တက္ကသိုလ် ကျောင်းသား တစ်ယောက် သူ က လာ မိတ်ဆက် သောကြောင့် တက္ကသိုလ် နယ်မြေ တစ်ခု တည်း မှာ ပင် ကျွန်တော် နှင့် ဆုံ ဖြစ်သည် ။ ခင်ဗျား ကြိုက် တဲ့ ကဗျာဆရာ တစ်ယောက် ယောက် ပြောပါဟု ကျွန်တော် က တောင်းဆို မိရာ သူ က ခေါင်းပဲ ကုတ် နေသည် ။ ဘယ် မဂ္ဂဇင်း က ကဗျာတွေ စွဲ ဖတ်သလဲ ဟု ဆက် မေးမိပြန်ရာ မဂ္ဂဇင်းနာမည် ကို သော် မှ ရေရေရာရာ မပြောနိုင် ။

မယုံကြည်သူ တွေ ဟာ ဘယ်တော့ မှ မသေချာ ။ ဘယ်တော့ မှ မရေရာ ဒါ ကို ကဗျာဆရာမောင်ချောနွယ် က မြင်ပြင်း ကတ် ပုံ ရပါသည် ။

•••••   •••••   •••••

ကိုချောနွယ် က သူ့ အင်တာဗျူး တစ်ခု ထဲ မှာ သူ ကဗျာ စ ရေး သော နှစ် ကို ပြဇာတ်မင်းသား စတိုင်လ် နှင့် ဖြေ သွားခဲ့သည် ။ သူ ကဗျာ စရေး တော့ တော်လှန်ရေးကောင်စီ တက်တယ် ၊ တွံတေးသိန်းတန် တက်တယ် ဟု ဆို ပါသည် ။ ဒါဆို ၁၉၆၂ ခုနှစ် တစ်ဝိုက် ဖြစ်ပေမပေါ့ ။ သူ အသက် ၁၅ နှစ် ဝန်းကျင် အထက်တန်း ကျောင်းသား ဘဝ ။

သည်တုန်းက တော်လှန်ရေးကောင်စီ နှင့် အတူ ရွှေဘ တို့ ၊ တွံတေးသိန်းတန် တို့ ခေတ် ထသော ကာလများ ဖြစ်ရာ ရုပ်ရှင်ထဲ မှာ လည်း လူထု နှင့် ပြည်သူ ။

ဓာတ်ပြား ပေါ်  မှာ လည်း လူထုနှင့် ပြည်သူ ။

စာမျက်နှာတွေ ပေါ် မှာ လည်း လူထု နှင့် ပြည်သူ ။

လူထု နှင့် ပြည်သူ ကို ကျွန်တော်တို့ ရှောင်လို့ မလွတ် ၊ ကဗျာဆရာ မောင်ချောနွယ် လည်း ရှောင်လို့ လွတ်ခဲ့ပုံ မရပါ ။

နိုင်ငံရေး စံထားချက် နဲ့
အနုပညာ စံထားချက် ကို
အခြေခံပြီး သည် ကဗျာများ ကို ရေးချ လိုက်ရခြင်း ဖြစ်ပါသည် ။

ဟူသည့် သူ့ အယူအဆ ကို စာအုပ် ရှေ့ဆုံး တွင် တင်ထားပြီး နောက် ရေးဖွဲ့ ခဲ့ကြသည့် တော်လှန်ကဗျာ စာအုပ် တစ်နေရာ တွင် ကဗျာဆရာ မောင်ချောနွယ် က ကဗျာ တစ်ပုဒ် ကို ဤသို့ ရေးဖွဲ့ ထားခဲ့သည် ။

တော်လှန်ရေးသမား
မြေကြီးထဲမှာ မြုပ်နေပါလဲ
ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ပဲလေ ။
မြေကြီးပေါ်မှာ ရောက်နေပါလဲ
ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ပဲလေ ။

အခု ခေတ် ကဗျာဆရာ တို့ အနေ ဖြင့် ပြုံးတုံ့တုံ့ ဖြစ် သွား နိုင်သော ကဗျာ ဟု ကျွန်တော် က ထင်မြင် မိပါသည် ။ အနုပညာ မပါ သော ခေတ် က လက်ရာများ ။

သို့သော် နောက်ပိုင်း မှာ တော့ ကိုချောနွယ် တစ်ယောက် ကဗျာ မှော်ဝင်သူကြီး တစ်ဦး လို မြန်မာကဗျာ အလှရတနာတွေ ကို တစ်ပုဒ် ပြီး တစ်ပုဒ် တောက် ကစား ပြခဲ့သည် ကိုကား အများ က အသိ ပင် ဖြစ်ပါသည် ။

ဆံပင်ဘယ်ခွဲနဲ့
အသည်း ရောင်ကိုင်းနေတဲ့
မောင်ချောနွယ်
စွတ်စိုထိုင်းမှိုင်းလှပေရဲ့ ။

ကိုချောနွယ် က သူ့ နာမည်ကျော် ကဗျာ တစ်ပုဒ် ဖြစ်သော ကြမ်းပိုးများတဲ့ အိပ်ရာ ကဗျာ ထဲ တွင် သူ့ ရုပ်ပုံလွှာ ကို သူ သည်လိုပဲ ရေးခြစ် ထား ခဲ့ ဖူးပါသည် ။ ဆံပင် ဘယ်ခွဲ ၊ အသည်း ရောင်ကိုင်း ၊ စွတ်စိုထိုင်းမှိုင်းနေသူ လူ တစ်ယောက် ပါတဲ့ ။ သူ့ အသည်း ရောင်ကိုင်းနေတယ် ဆိုတာ က တော့ ကျွန်တော်တို့ အားလုံး အသိ ။

မောင်ချောနွယ် ဆိုတဲ့ ကောင်ဟာ
ကမ္ဘာပတ်လမ်းကြောင်းထဲမှာ နေတာလို့
ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ရင်အုံကို
ကော့ကော့ပြတတ်သေး ။

ဒါကတော့ လူကြိုက်နည်းတဲ့ကောင် ကဗျာ ထဲ က ကိုယ်တိုင်ရေး ပုံတူ ။ တကယ်လည်း ကိုချောနွယ် က အသားညိုညိုညစ်ညစ် ၊ ပိန်ပိန်သွယ်သွယ် ၊ ရင်အုပ် သေးသေးလှီလှီ ။ ဂျင်းဘောင်းဘီ အမြဲ လိုလို ဝတ်ထားတတ်တဲ့ လူ တစ်ယောက် ။

နွမ်းပါးတဲ့ အောက်ခြေလူတန်းစားတွေနဲ့
ဒူးတင်ပေါင်တင် တစ်တန်းတည်းနေပေမယ့်
ဘုံဆန်တဲ့ အိမ်သာမျိုးကျ
သင်းက မကြိုက်ပြန်ဘူးတဲ့ ။

ဒါကလည်း လူကြိုက်နည်းတဲ့ကောင် ကဗျာ ထဲ မှာ ကဗျာဆရာ ကိုယ်တိုင် သူ့ အဇ္ဈတ္တ ကို သူ ပြန်ဆွဲ လှန်ထားခဲ့သော အဖွဲ့ ပဲ ဖြစ်ပါသည် ။ လူ ၏ ပုဂ္ဂလ ဆန်လိုမှု Individual life ကို ထိပါးလာသည်အထိ ဘုံ ဆန် တာ ကို တော့ ကျွန်တော် လည်း မကြိုက် ။

တစ်လောကလုံးဟာ
ကျုပ်လုပ်စာ ထိုင်စားနေတဲ့လူတွေချည်း ။

ဘဝ တစ်လျှောက် လုံး မှာ ကဗျာ ရေးခြင်း က လွဲပြီး ဘာအလုပ် မှ မလုပ်ခဲ့ သူ ကိုချောနွယ် ၏ ဘဝ က လွယ်သော ဘဝတော့ မဟုတ်ခဲ့ပါ ။ သို့သော် သူ က သူ့ အနုပညာ အတွက် မာန တော့ တော်တော်ကလေး ကြီး ပုံ ရပါသည် ။

ရှင်းရှင်း ပြော ရ လျှင် သူ့ နေထိုင်မှု သွင်ပြင် က ဘယ်လို မှ ကို ခင်တွယ်ချင်စရာ မကောင်းလှ ။ အရပ်သုံး စကား နှင့် ပြောရလျှင် ထောင့် မကျိုး သူ လူ တစ်ယောက် ။

“ သူ ငါ့ ကို ဘီယာ မတိုက်တဲ့ နေ့က ” ကဗျာ ထဲ က လိုပဲ တစ်လောက လုံး သူ့ လုပ်စာ ထိုင် စားနေကြတဲ့ မျက်လုံးမျိုး နဲ့ ကြည့်တတ်သူ ။

၁၉၈ဝ ပြည့်နှစ် လွန် နှစ်တွေ ထဲမှာတော့ ကိုချောနွယ် ရန်ကုန် မှာ အနေ စိပ်လာခဲ့ပါသည် ။ သူ့ကဗျာဆရာ ဘဝ ကို လေးစားသူ လူငယ်တွေ က လေထန်ကုန်း မှာ သူ့ ကို လာလာ ရှာသည် ။ တစ်နေရာ ကို သွားဖို့ ။ သင်္ဘောတွေ လို ကျောက်ချ ရပ်နားဖို့ ။ သံချေးတွေ ကို ခွာဖို့ ။ သို့သော် ကိုချောနွယ် က ကြေး နည်းနည်း ကြီးသည် ။

ကြက်ကြွပ်ကြော် ၊ ငါးရှဉ့်ချဉ်စပ် ၊ ပြည်ကြီးငါး ၊ သီဟိုဠ်စေ့ နဲ့ မှ ဆိုက်ကပ် တတ် သူ ဟု သတင်း နည်းနည်း မွှေး ထားလေရာ သူ့ ကို တချို့က ဘဝင် ကျပုံ မရ ။ တစ်နေ့ မှာ တော့ ထို ဘဝင် မကျသူ တစ်ယောက် နှင့် ကဗျာဆရာ တို့ ပက်ပင်း တိုး ကြပါတော့သည် ။

ထိုနေ့ က ပန်းဆိုးတန်း အထက် အဆင့်မြင့် ယမကာဆိုင်ကလေး တစ်ဆိုင် ထဲ မှာ ဆုံခဲ့ကြခြင်း ဖြစ် ပါသည် ။

ကျွန်တော် တို့ က သည်ဘက် စားပွဲ ။

ကိုချောနွယ် တို့ က ဟိုဘက် စားပွဲ ။

ထုံးစံအတိုင်း နယ် က တက် လာ သော ကဗျာဆရာကလေးများ နှင့် ကိုချောနွယ် တို့ ၏ စားပွဲ ပေါ် မှာ နရသီဟပတေ့ ဆန်သည့် အခင်းအကျင်း တွေ ကို ကျွန်တော် က သတိ ပြုမိသည် ။ ကျွန်တော့် လို ပဲ သတိ ပြုမိသူ ဝတ္ထုတိုသမား က ဒါကို မကျေနပ် ။ ကိုချောနွယ် ကို မကျေနပ် ။ ကြည့် မရဘူးကွာ ဟူသော စကား နှင့် အတူ ကျွန်တော် တို့ ဘာမှ မတားဆီးလိုက်နိုင် မီ မှာ ပင် တစ်ဖက် စားပွဲ ဝိုင်း သို့ ရွေ့ခနဲ ရောက်သွား ပါတော့သည် ။

“ ထိုင်ကွာ ညီလေး ”

ကိုချောနွယ် က ကြက်ကြွပ်ကြော် တစ်တုံးကို တူ ဖြင့် လှမ်း အညှပ် မပျက် ။ ကျွန်တော့် မိတ်ဆွေ က တော့ စစ်ကို ပြင်ပြီးသား ။

“ ကိုချော ရေ ၊ ကျွန်တော့် လက်ကို အစ်ကို သေချာ ကြည့် ၊ လက်သီး ဘယ်လောက် ထိုး လာသလဲ ဆိုတာ ၊ အခု ကိုချော ကို စမ်း ဖို့လာတာ ၊ ဒီမှာ လက်သီးဆုပ် ၊ အစ်ကို ရ အောင် ဖြေ ဗျာ ”

ကျွန်တော့် မိတ်ဆွေ ဝတ္ထုတိုသမား က ညိုမည်း စွဲညစ်ကာ ဒဏ်ရာ ဒဏ်ချက်များ ဖြင့် ပေပွ နေ သည့် သူ့ လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား ကာ ကိုချောနွယ် ရှေ့ စားပွဲ ပေါ် မှာ တင် ထား လိုက်သည် ။ ရအောင် ဖြေ ဆိုသည့် သဘော ။ ကျွန်တော် တို့ကတော့ ရန် ဖြစ်ခြင်း မှ တစ်ပါး အခြား မရှိတော့ ဟု ဆို ကာ ကြည့် နေ လိုက်ကြရသည် ။

ကိုချောနွယ် က တော့ ကြက်ကြွပ်ကြော် တစ်တုံး ကို တူ ဖြင့်လှမ်း ညှပ် ယူ နေခဲ့ကာ ပါးစပ်ထဲ ထည့် လိုက်ပြီး သူ့ နှုတ်ခမ်းမွေးကျဲကျဲတွေ တွန့်ရှုံ့ သွား သည် အထိ မထီ ပြုံး ပြုံး လိုက်ပါသည် ။

ပြီး မှ -

“ တကယ့် နေ့ထူးနေ့မြတ် ပါ ပဲ ညီလေး ရာ ၊ ကိုယ် မင်း လို လူမျိုး ကို လိုက် ရှာ နေတာ ကြာ ကြာလှပေါ့ ကြိုက်တယ် ၊ ဒါမျိုးကို အစ်ကို လိုချင်နေတာ ၊ ကဲ - နောင် မှာ အစ်ကို ခရီးရှည်ကြီးတွေ ထွက် တဲ့ အခါ မင်း ကိုယ့် ရဲ့ Body Guard အဖြစ် နဲ့ လိုက်ခဲ့ ၊ ဟုတ်ပလား ။ အစ်ကို ခန့် လိုက်ပြီ ၊ ကဲ ... သွား သွား ၊ ငါ့ ညီ ဆက် သောက် လိုက်ဦး ”

ကျွန်တော်တို့ က တော့ ကိုချောနွယ် ၏ ပြဇာတ် ဆန် ပုံ ကို တော်တော့် ကို သဘောကျ သွား မိသည် ။ ပြန် လာသူ ဝတ္ထုတိုဆရာ က တော့ သူ့လက်သီးဆုပ် သူ ငုံ့ ကြည့်ကာ ဘာ ဆက် လုပ်ရမှန်း မသိသော မျက်နှာ နှင့် ။

“ ရန်ရှာဖို့ သွားတာ ၊ သူ့သက်တော်စောင့် တောင် မှ ခန့်လိုက်သေး ၊ ငါ ကွာ ”

ကျွန်တော် က တော့ ရန်အပေါင်း ကြောင့် ဉာဏ်ကောင်းခဲ့ပြီ ဆိုသော သူ့ ကဗျာ တစ်ပိုင်းတစ်စ ကို သွားပြီး သတိ ရ နေ မိလိုက်ပါသည် ။

တကယ်တော့ ကဗျာဆရာ တစ်ယောက် အဖြစ် အသက်ရှင် ရပ်တည် ခွင့် မရ လောက်အောင် ကန္တာရ ဆန်လှသည့် အဖြစ်များ ၊ နှစ်များ ၊ ခေတ်များ အတွင်း မှာ မှ ကိုချောနွယ် က ကဗျာဆရာ ဖြစ် လာခဲ့ခြင်း ဖြစ်ပါသည် ။

တစ်ကိုယ်စာ ဘယ်လို ရပ်တည်မလဲ ဆိုသည့် ကိစ္စ မှာ ပင် အဖြေ မရှိ နိုင်သည့် ကဗျာ ရေးဖွဲ့သူ တစ်ယောက် အဖို့ ၊ မိသားစု ဘဝ တည်ဆောက်ရေး ဆိုသည့် မျှော်မှန်းချက် က တော်တော့် ကို ဝိုးတဝါး အိပ်မက် ဆန် လွန်းလှ ပါသည် ။

ကဗျာ တစ်ပုဒ် ရေးဖွဲ့သူ ၏ ဘဝ က နံပြား တစ်ချပ် ရိုက်သူ ၏ ဘဝ လောက် မှ မရေရာ မသေချာသော မြေပြင် တစ်နေရာ မှာ ကိုချောနွယ် တော်တော် အသက် ရှူ ကျပ် ခဲ့မည် မှာ ဧကန် ပင် ဖြစ်ပါသည် ။

မလှမ်းမကမ်း နှစ်တွေ တုန်း က ညနေခင်း တစ်ခု မှာ ကိုချောနွယ် နှင့် ကျွန်တော် တို့ စားသောက်ဆိုင်ကလေး တစ်ခု ထဲ မှာ ဆုံဖြစ်ကြသည် ။

ကျွန်တော် က အစ်ကို ကြိုက်တာ မှာ ဟု ပြော မိသည် ။ သူ က လည်း ကြိုက်တာ မှာ ပါတဲ့ ။ ဒါပေမဲ့ ...

“ ချိုကြီး ကြိုက်တာ သာ မှာ ၊ တစ်ခုပဲ ၊ ကန်စွန်းပလိန်း တော့ မမှာ ပါ နဲ့ ကွာ ၊ ရင် ထဲ မှာ ထိလွန်း လို့ .... အိမ် မှာ လည်း ကန်စွန်းပလိန်း ၊ အပြင် မှာ လည်း ကန်စွန်းပလိန်း ”

ကျွန်တော် က အစ်ကို့ ကို ကြည့် ကာ ကဗျာဆရာ့ နောက်ကွယ် က သူ့ ချစ်ဇနီး မမမြင့် ၊ သူ့ သမီးကလေးများ အားလုံး ကို ပါ စာနာ နေမိသည် ။ ကဗျာဆရာ က တော့ သူ့ အိမ် နှင့် ဝေးနေစဉ် ရက်များ ၏ ခံစားမှုအဖြစ် အိမ်ငေးသူ ကဗျာ ထဲ မှာ ခုလို ရေးဖွဲ့ ခဲ့ဖူးသည် ။

ဟိုး... အဝေး
မြေလတ်မြို့ကလေးဆီက
ယိုင်နဲ့နဲ့ အိမ်ကလေးထဲ
အိမ်ငေးသူ ငါ ဝင်ရောက်သွား
ငါ့ဇနီး ငါ့အပေါ် အပြစ်ဖို့သံ ငါကြားမြင်ရ
လျှပ်စီး တဖျတ်ဖျတ် လက်သလိုမျိုးအသံ
ငါမျက်စိစူးပေမယ့် ငါချစ်မိခဲ့ပေါ့
ငါအသည်းစူးပေမယ့် ငါချစ်မိခဲ့ပေါ့
မလောက်မင မဝရေစာ ထမင်းလုတ်တွေ
ငါ့မိသားစု တိုင်းပြည်ကလေးအပေါ်
မဝရေစာထမင်းလုတ်တွေထဲ
ငါ့သမီးလေးတွေ အစီအရီပေါ်လာ
ဆန်ရွေးနေဆဲ သမီးကြီးရယ်
စာကျက်နေဆဲ ငါ့သမီးအလတ်ကလေးရယ်
တစ်အိမ်လုံးမှာ
ဘာများ စားစရာလက်ကျန်ရှိမလဲလို့
မျက်လုံးဝင်းဝင်းတောက်တောက်ကလေးနဲ့
ကြောင်ကလေးလို
တစ်အိမ်လုံး လိုက်အနံ့ခံ ရှာဖွေနေတဲ့
ငါ့သမီးအငယ်လေးရယ်
ငါတွေ့မြင်လိုက်ရ ။

မိသားစု သက်ပြင်းရှည် ချသံကြီးတွေ ထဲ မှာ ကဗျာဆရာ တစ်ယောက် ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေခဲ့မည် မှာ အမှန်ပဲ ဖြစ်ပါသည် ။ ဒါ့ကြောင့်လည်း တစ်ခါ တစ်ခါ တော့ ကဗျာ ကို ၊ ကဗျာ ဆိုတာ ကြီး ကို ကဗျာဆရာ က စိတ် နာ သွားပုံ ရပါသည် ။

ကဗျာအပေါ်မှာလေ
ငါက
သားဖွားခန်းရောက်မိန်းမ
လင်ကို စိတ်နာသလိုမျိုး နာရဲ့ ။

နတ်တို့ ခိုးဝှက်ခြင်းခံရတဲ့ ကဗျာ ထဲ မှာ ကိုချောနွယ် က သည်လို ပဲ ဖွဲ့ဆို ခဲ့ ဖူးပါသည် ။ သို့သော် သားဖွားခန်း ထဲ က ထွက် လာတော့ လည်း လင်သည် ကို သူ စိတ်ကုန်နိုင်စွမ်း မရှိပါ ။

ဒါကို -

ပထမ ဘာသာရေး က ဗုဒ္ဓ

ဒုတိယ ဘာသာရေး က ကဗျာ ဟု ဆိုပြီး

သူ့ ရထား ကဗျာစာအုပ် အမှာမှာ သူ ဖြောင့်ချက် ပေးထားခဲ့ခြင်း လည်း ဖြစ်ပါသည် ။

၂ဝဝဝ ပြည့်နှစ် အကျော် သူ အသက် ၅ဝ စွန်း လာသော နှစ်တွေ ထဲ မှာ တော့ သေခြင်းတရား ဆိုတာ သောက်ဖော်စားဖက် ပါ ပဲ ဆိုသည့် ကဗျာဆရာ သေမင်း နှင့် စစ်ခင်းဖို့ ပြင်ဆင်စ ပြု လာရပါပြီ ။ အလဲလဲ အကွဲကွဲ ။

“ ပထမ ဘာသာရေး က ဗုဒ္ဓ ၊ ဒုတိယ ဘာသာရေးက ကဗျာ ” ဟု ဖွင့် ပြော ခဲ့သည် အထိ ကဗျာ ပေါ် ၌ ရူးမူး တပ်မက်သူ ကိုချောနွယ် က ကမ္ဘာ ပေါ် မှာ ကဗျာ က လွဲပြီး ဘာကို မျှ ဂရု မစိုက်သူ အမှန် ဖြစ်ပါသည် ။

ကဗျာ ရေးဖွဲ့ သော အလုပ် က လွဲပြီး ဘာကိုမျှ သူ မလုပ် ။ ပြီးတော့ ခရီးသွား ဟန်လွှဲ ကဗျာ ရေးသူ ၊ ကဗျာလောက အပြင်ဘက် က စိုက်ခင်းတွေ ထဲ မှာ ထွန်ယက် စိုက်ပျိုးသူတွေ ကို လည်း ကိုချောနွယ် က အထင် သေး နေပုံ ရပါသည် ။

၁၉၉ဝ ပြည့်နှစ် တစ်ဝိုက် ဟိုဘက် သည်ဘက် နှစ်တွေ ထဲ မှာ ကဗျာဆရာ တချို့ ဇာတ်ညွှန်း လောက ထဲ ကို ရောက် ကုန်ကြပါသည် ။ ဥပမာမြင့်ဦးဦးမြင့် ၊ မြမြင့်မိုရ် ၊ ခရမ်းပြာမြင်းရိုင်း ၊ ယမုံ စသည် ဖြင့် ။ သည်တုန်း က ပန်းဆိုးတန်း လမ်းမကြီး အထက် က အဆင့်မြင့် ဘီယာကလပ်ကလေး တစ်ခု မှာ ရုပ်ရှင် ဗီဒီယို လောကသား တချို့ အခြေချ လေ့ ရှိရာ ကျွန်တော် ရောက် ရောက် သွား တတ်ပါသည် ။

ကျွန်တော် က ဒါရိုက်တာ ပိုင်သ ၊ ခရမ်းပြာမြင်းရိုင်း တို့ ဝိုင်း မှာ ထိုင်လေ့ ရှိ ရာ တစ်ခါ မှာ တော့ ကိုချောနွယ် ရောက်ချ လာ ပါသည် ။

“ ဟေ့ ... ကိုယ် လည်း ဇာတ်ညွှန်း ရေး ချင်တယ်ကွာ ”

”ရေးပေါ့ ”

ကဗျာ ရေး သည့် အလုပ် က လွဲပြီး ဘာမှ မလုပ် ဟု ကြွေးကြော်ထား သူ ကိုချောနွယ် က ဇာတ်ညွှန်း ရေးတော့မည် ဟု ဆိုလာသော အခါ ခရမ်းပြာမြင်းရိုင်း က ခပ်ပေါ့ပေါ့ ပဲ ရေးပေါ့ ဟု ဆို လိုက်ရာ ကိုချောနွယ် တွေ နေသည် ။ သူ့ စိတ် ထဲ ကဗျာ နှင့် မဆိုင်သော အလုပ် ကို လုပ်ရမည် ကို မသိုးမသန့် ဖြစ် နေပုံ ရပါသည် ။ သူ က ဆေးခါးကြီး သောက် သလို ဘီယာ ကို မသက်မသာ မော့ချနေ ပြန်ပါသည် ။ နောက်တော့ သည် ရုပ်ရှင်ဗီဒီယို ဇာတ်ညွှန်း ဆိုတာကြီး ကို သူ ရေးဖြစ်ခဲ့တာလဲ မဟုတ် ။

ကဗျာ တစ်ခု တည်း နှင့် က တော့ ရန်ကုန် မှာ ၊ ကျွန်တော်တို့ ဆီ မှာ ဘယ်လိုမှ သူ အဆင် မပြေ ၊ သည်တော့ မြန်မာပြည် ကို သူ ပတ် ရသည် ။

တစ်ခါတစ်ခါ သူ ရောက်ရောက် လာသည် က အောင်သွယ်တော် နားကြပ်ကလေး ၏ မဂ္ဂဇင်းတိုက် ။

”ဟေ့ … ဒေါက်တာလေး ၊ မောင်ချောနွယ် ကို ထောက်ပံ့ဦး ”

ထုံးစံအတိုင်း ဂျင်းဘောင်းဘီ နှင့် တက် လာသော ကဗျာဆရာ က ညိုညစ်ညစ် ။

အောင်သွယ်တော် နားကြပ်ကလေး က တော့ သူ တတ်စွမ်းနိုင်သမျှ ကိန်းဂဏန်းတွေ ကို ကဗျာဆရာ့ လက် ထဲ သို့ ထိုး ထည့် တတ် မြဲ ။ နှစ်သောင်းစ သုံးသောင်းစ ။

ဪ ... ဘယ် အဖွဲ့အစည်း ထဲမှာ မှ မပါဝင် သူ ကိုချောနွယ် မှာ ဘာ ရပိုင်ခွင့် မှ လည်း မရှိ ။ ကျွန်တော် က မဟာပထဝီ လက်တစ်ဖဝါးစာ ကို ငွေစက္ကူ အဖြစ် အသွင် ပြောင်းကာ ဘီယာကလေး မော့ နေသည့် အနုပညာသမား ဆို သူ တစ်ယောက် ကို သတိ ရ နေမိသည် ။

“ ဒီမယ် မောင်သာချို ၊ မင်း ခွေးတိုးပေါက် က ဝင်ဖူးလား ”

“ အစ်ကို က လည်း ဗျာ ”

“ အေးပါ ကိုယ် က စကား အဖြစ် ပြောတာပါ ၊ မောင်ချောနွယ် ငတ်တယ်ကွာ ၊ တကယ် ငတ်တယ် ၊ ဒါပေမဲ့ ခွေးတိုးပေါက် က တော့ ဘယ်တော့ မှ မဝင်ဘူး ၊ မရှိရင် တောင်း သုံးမယ် ”

ထိုနေ့ က ၂၇ လမ်း လက်ဖက်ရည်ဆိုင်ကလေး ထဲ မှာ ကိုချောနွယ် က ပြဇာတ် ဆန် စွာ ဖြင့် စကားဝိုင်း ကို သိမ်းသည် ။

“ မောင်သာချို ၊ မင်း ကိုယ့် ကို ငွေ ၂ဝဝ လောက် ပေး ခဲ့ကွာ ” တဲ့ ။

ကျွန်တော်တို့ အားလုံး အမော ထဲ မှာ ဟာသ ဖောက် လျက် က ဝေါခနဲ ပွဲ ကျ သွား မိကြသည် မှာ အမှန်ပဲ ဖြစ် ပါသည် ။ ဪ ... ကိုချော ကိုချော ၊ ပြဇာတ် ဆန် လွန်း လှပါပေ ။

ကဗျာဆရာ မောင်ချောနွယ် က တစ်ခါ တစ်ခါ ပြဇာတ် ဆန် လွန်း လှပါသည် ။ တစ်ခါတွင် ကဗျာဆရာ သုခမိန်လှိုင် က သူ့ ကဗျာ တစ်ပုဒ် ၏ အောက်ခြေ တွင် ကဗျာဆရာ ၏ ခွင့်ပြုချက် မရဘဲ ကူးယူ ဖော်ပြ၍ မရ ကြောင်း ထည့်သွင်း ဖော်ပြ လိုက် ပါသည် ။

ဤတွင် ကိုချောနွယ် က သက်မဲ့သက်သေ ဟူသော ကဗျာ ကိုရေးကာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း ထဲ မှာ ဖော်ပြ လိုက်ပါသည် ။ ကဗျာ ၏ အောက်ခြေတွင် ကား -

ကျွန်ုပ် ချစ်သော ကဗျာပရိသတ်များ

ဤ ကဗျာ အား ကူးယူ ဖော်ပြ ရွတ်ဆို နိုင်ပါကြောင်း

ဟု ဖော်ပြ လိုက် ရာ ကဗျာ ဖတ်သူ တို့ သူ့ ပြဇာတ် ဆန် ပုံ ကို ပြုံးထေ့ထေ့ ဖြစ် ကုန် ကြပါသည် ။

သို့သော် သူ့ ထက် ပြဇာတ် ဆန်သူ ခရမ်းပြာကြီး က သူ့ ကဗျာ အောက်ခြေ တွင် မူပိုင် ယာမာဂူချီ ဟု လုပ် ထည့် လိုက်ရာ ထိုပြဇာတ် ဤတွင် တစ်ခန်း ရပ် သွား ခဲ့ ရ ပါလေသည် ။

လူ့ဘဝဆိုတာ
ခြကုန်းမှာ နေရသလို
မကြာခဏ ရွှေ့ရွှေ့နေရမယ်
မရွှေ့ရင် ခြစားခံရမယ် ။

ငါ့ကို ဘီယာ မတိုက်တဲ့နေ့က ကဗျာ ထဲ မှာ ကဗျာဆရာ မောင်ချောနွယ် က သည်လို ပဲ ထည့် ရေး ခဲ့ဖူးပါသည် ။ သူ့ကဗျာ ထဲ က လို သူ ခြစား ခံရ မှာ ကြောက် နေလေရော့သလား မသိ ။

မောင်ချောနွယ် ဆို တာ Mobile  ။

ဖြူး မှာ ခဏ ဆိုက်ကပ်တော့ ဖြူး ဆိုသော ကဗျာ ကို သူ ရေးချ ခဲ့သည် ။

ဝါးခယ်မမြို့ကလေး ကို ရောက်တော့ ရေထဲမြို့ ကဗျာ ကို သူ ဖွဲ့စပ်ခဲ့သည် ။

ကျောက်ပန်းတောင်း ကို ဝင်တော့ “ မမတင် ” ရဲ့ ကျောင်းကလေး ကဗျာ ကို သူ သီကုံး ခဲ့သည် ။

မြစ်ကြီးနား ကို သွားရတော့ “ ရထား ” ကဗျာ ၊

တောင်တွင်းကြီးနယ် ထဲ ကို ရောက် တော့ “ ဆတ်သွား ” ကဗျာ ။

ရောက်လေရာ မှာ ကဗျာ ဖြစ်သူ ကဗျာဆရာ တစ်ယောက် ။

ဆတ်သွား တဲ့ ၊ ကဗျာလောက မှာ ပြောစမှတ် တွင် သွားရတဲ့ ကဗျာရတနာ နဝရတ် ကျောက်မျက်ပုလဲ တစ်ပွင့် ။

ခုတော့
မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား
ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့ တူတဲ့
ဘတ်သီးတွေ
မမှန်မကန်လင်းတတ်တဲ့ နေရာ
ကျောမှာ
အမာရွတ်ကြီးလို
အဝေးပြေး ကားလမ်းမ
ခါးမှာ
မီးရထားသံလမ်း ခါးပတ်ပတ်လို့
ဗိုက်ထဲမှာ
မြို့ရဲ့ချွေးခံအင်္ကျီနဲ့တူတဲ့ ဘိလိယက်ခုံတစ်ခုံ
ခုန်လို့
မြို့ဟန်ဆောင်ပါလေ ဆတ်သွားရေ ။
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
ထည့်ထုပ်ပစ်လိုက်နိုင်တဲ့
အင်ဖက်ကားကားကြီးတွေ
သားပေါက်ရာ အရပ် ။
လောကဓံတရားထက် ပြင်းတဲ့အရက်
မချစ်က ချက်တဲ့
ဒီအရပ်မှာ ။

ဆတ်သွားကဗျာ ထဲ က သည် အပိုဒ်တွေ က ကျွန်တော်တို့ ကို မိန်းမော သွား စေခဲ့ဖူးသည် မှာ အမှန်ပဲ ဖြစ် ပါသည် ။

“ ကျွန်တော့် အထင် ပေါ့ ဗျာ ၊ ကိုချော နေရာ အနှံ့ အဲလို လျှောက်သွား နေတာ အိမ် မှာ မနေချင်လို့လား မသိဘူးဗျ ”

ကဗျာဆရာ စိုင်းဝင်းမြင့် က စာနာစွာဖြင့် သူ့ နေရာ က နေ မှတ်ချက် ချ ဖူးသည် ။

“ ကိုချော က တစ်ခေါက် လာ ပြီး သွားရင် ခြောက်လ လောက် လုံလောက်တယ်ဗျ ”

ဇာတ်မင်းသားလေး - မန္တလေးကိုသိန်းဇော် က တော့ လက်ဖက်ရည် ဝိုင်း တစ်ခု မှာ သည်လို ကောက်ချက် ချ ခဲ့ ဖူးပါသည် ။

၁၁ - ၁ - ၉၉ တွင် အဆိုတော်ကြီး တွံတေးသိန်းတန် အနိစ္စ ရောက် ခဲ့ပြီး ရေဝေး မှာ သင်္ဂြိုဟ် ကြ တော့ ကဗျာဆရာ မောင်ချောနွယ် ရောက် လာ ပါသည် ။ လောကဓံတရား ထက် ပြင်းသော အရက် ကို သောက် လို့ ။

သူ က တွံတေးသိန်းတန် သီချင်းတွေ ကို တစ်ပုဒ် ပြီး တစ်ပုဒ် ဟစ်အော် သီဆို နေခဲ့သည် ။ သစ်ပင်ကြီး တစ်ပင် ကို မှီ လို့ ။ တော်လှန်ရေးကောင်စီ တက် တော့ ၊ တွံတေးသိန်းတန် တက် တော့ ကဗျာ စ ရေး ပါသည် ဆို သော ကိုချောနွယ် လောင်ကျွမ်း နေပုံ ရပါသည် ။

ခုတော့ ကျွန်တော် တို့ ကဗျာဆရာ ၃ - ၉ -၂ဝဝ၂ က ကွယ်လွန် သွားခဲ့ပြီး ဖြစ်ရာ ငါးနှစ် ပင် ပြည့် ခဲ့ပါပြီ ။

တစ်ခု ခု စား ပြီးတိုင်း ပန်းကန် ကို ဆောင့်၍ ဆောင့်၍ ချကာ -

“ မသေတော့ဘူးကွ ”

ဟု ပြောတတ်သော အစ်ကို မောင်ချောနွယ် မရှိတော့ပါပြီ ။ ခက်ထန်ကြမ်းတမ်း လှ သော ကဗျာကန္တာရ က သူ့ ကို အလဲထိုး ချ လိုက်ပုံ ရပေသည် ။

◾မောင်သာချို

📖 မိုးဂျာနယ်
ဒီဇင်ဘာလ ၊ ၂၀၀၇ ။
ဇန်နဝါရီလ ၊ ဧပြီလ ၊ ၂၀၀၈ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment