❝ ပိုက်ဆံ ဘာလုပ်ဖို့လဲတဲ့ဗျာ ❞
“ ဟေ့ ... ပိန်ရှုကောင် ဉာဏ်ကြီး ကို မမြင်ပါလားဟ ”
“ အင်းမ ကို ကား ပြင်ရအောင် သွားတယ် လေးလေး ”
“ ဘယ်တုံးက ”
“ နှစ်ရက် ရှိပြီ လေးလေး ”
ပိန်ရှုကောင် ဆိုသည်မှာ ကားပြင်ဆရာ ဉာဏ်ကျော်အောင် ၏ မိန်းမ ဖြစ်ပါ၏ ။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်ကလေးမို့ သူ့ ကို ပိန်ရှုကောင် ဟု ချစ်စနိုး ခေါ်ကြပါ၏ ။ သူ့ နာမည် အရင်း ကို ဘယ်သူကမျှ အရေးတယူ မရှိကြတော့ပါ ။ ဉာဏ်ကျော် နှင့် ရသည် မှာ သုံးနှစ်ခန့် ရှိပေပြီ ။ သားကလေး တစ်ယောက် ထွန်းပေါက် ၍ တတောက်တောက်
ပြေး နေလေပြီ ။ ပိန်ရှုကောင် က အောင်လံမြို့ ကုသနာရ ဘုရား ဈေးတန်း မှာ
ဆိုင်ဖွင့် ၍ ဈေး ရောင်း၏ ။ ဉာဏ်ကျော် က ကားစက်ပြင် အလုပ်ရုံ တစ်ခု မှာ အလုပ် လုပ်၏ ။
လွန်ခဲ့သော ခုနစ်နှစ် ခန့် က ဆယ်တန်း အောင်သော အခါ မိဘများ က နေ့ကျောင်းသား အဖြစ်
ထား လိုကြသော်လည်း ဉာဏ်ကျော် က လက်မခံ ။ သူ့ စိတ်ကူး က တစ်မျိုး ဖြစ်နေ၏ ။
“ ဦးလေး ... အဖေ့ ကို ကူ ပြော ပေး ၊ ကျွန်တော် ဒေး မတက်ချင်ဘူး ၊ ဒစ်စတင့် ဖြေမယ် ”
“ မင်း ဘာလုပ်မလဲ ”
“ ကျွန်တော် ဆရာကျော် ဝပ်ရှော့ မှာ အလုပ် ဝင် လုပ်မယ် ၊ အလုပ် တစ်ဖက် နဲ့ ဒစ်စတင့် ဖြေမယ် ”
“ မင်း သား စိတ်ကူး ရ ရာ လုပ်ပါစေကွာ ၊ လွှတ် ပေး လိုက်ပါ ”
သူ့ အဖေ ကျွန်တော့် သူငယ်ချင်း ဉာဏ်ဟိန်း ကို မနည်း နားချ ရ၏ ။
နောက်ဆုံး ပြော လှ မ က ပြော မှ -
“ အေးပါကွာ... မင်း တို့ တူဝရီး သဘော အတိုင်းပါပဲ ”
သူ့ ထံ မှ ခွင့်ပြုချက် ရသည်နှင့် ဉာဏ်ကျော် သည် ဆရာကျော်ဝပ်ရှော့ မှာ အလုပ် ဝင်လေ၏ ။ ဆီဂျီးပေ နေသော ဝတ်စုံပွပွကြီး နှင့် ကျွန်တော့် ဆီ ခဏခဏ လာ တက်၏ ။
ပထမ သော် သင်စား ခင်ဗျာ့ ၊ သင်စား ဆိုတာ အလုပ် သင် ပေးမယ် ၊ ထမင်း ကျွေးမယ် ၊ လခ မပေးသေးဘူး ၊ ကြိုက် ရင် လုပ် ၊ မကြိုက် နေ ။ ဒါကို ဉာဏ်ကျော် ဆိုတဲ့ ကောင် က ဘာမျှ ထည့်မတွက် ၊ ဘယ်လိုမျှ သဘော မထား ၊ သူ့ မိဘ အိမ် ကို တောင် ပြန်ချင် မှ ပြန်၏ ။ ဝပ်ရှော့ မှာ အလုပ် လုပ် ၊ ဝပ်ရှော့ မှာ ထမင်း စား ၊ ဝပ်ရှော့ မှာ ပဲ အိပ် တော့၏ ။
“ ဟေ့ကောင် ချမ်းသာ ၊ ငါ့ သား ကို ပြော ပေးပါဦးကွာ တစ်ခေါက် တစ်ခါ
အိမ်ပြန် စားပါဦး ၊ အိပ်ပါဦး ၊ ငါ က အရေးမကြီးပါဘူးကွာ ၊ သူ့ အမေ က လွမ်း လှပြီ ၊
မင်း ကို ကျိန်ဆဲနေပြီ ”
ကျွန်တော် မနေသာလို့ ကြား က ဝင် ပြော ၊ ပြောပြော ပဲ ခင်ဗျာ့ ၊ သူ့ ဆရာ နဲ့ လုံးမြဲ ၊ ဝပ်ရှော့ မှာ စားမြဲ ၊ ဝပ်ရှော့ မှာ အိပ်မြဲ ပဲ ခင်ဗျာ့ ။ အဲ ဒစ်စတင့် ဖြေရဖို့ ရက်နီးပြီ ဆိုရင်တော့ ဆရာ ထံခွင့်တောင်း ၊ သွား ဖြေပြီး ပြန်ဝင် အလုပ် လုပ် ။
“ မင်း လိုက်သွားမလား ၊ နေခဲ့မလား ”
“ အဖေ အမေ တို့ စိတ်ချမ်းသာ အောင် ခဏတော့ လိုက် သွားဦးမယ် ”
သူ့ အဖေ က ဝန်ထမ်းဖြစ် လေသောကြောင့် ရာထူးတက်၍ အောင်လံမြို့ မှ မြိတ်မြို့သို့ ပြောင်း သောအခါ ဉာဏ်ကျော် လိုက်သွားပါ၏ ။ တစ်လ လောက် ကြာ သောအခါ ဘွားခနဲ ပြန် ပေါ်လာ၏ ။
“ ဟိုမှာ အလုပ် မရဘူးဦးလေး ၊ ဆရာကျော် နဲ့ ပဲ ဒီမှာ လုပ် တော့မယ် ”
ဆရာကျော် နဲ့ ဆက် လုပ် ၊ အောင်လံ မှာ မိန်းမ ရ ၊ သူ့ အဖေ ပြောင်း ရာ
လျှောက် မလိုက်တော့ ။
“ ဒီကောင် က ကျွန်တော်တို့ လိုင်း မှာ တော့ ဆရာကြီး ပဲ ”
“ ဟုတ်ရဲ့လား ကွာ ”
“ ဟုတ်ပါတယ်ဗျာ ၊ ခင်ဗျား လူ ဆရာ ဖြစ်နေပါပြီ ၊ ကျွန်တော် တို့ အိတ်စပရက်တွေ
သူ ကိုင် ပေး နေတာ ”
“ အိတ်စပရက်ကားကြီး လေးစီး ထောင် ထားသော ဦးဝေအောင် က ပြော တော့ ကျွန်တော် မယုံချင် ယုံချင် ယုံရ ၏ ။ ဟုတ်လောက်တယ် ခင်ဗျာ့ ၊ ဉာဏ်ကျော် ကို
အောင်လံ မှာ မမြင်လို့ မေးကြည့်တဲ့ အခါတိုင်း လမ်း မှာ ကား ပျက်လို့ လိုက် ပြင်ပေး နေ
ရတယ် ဆိုတဲ့ သူ့ မိန်းမ မပိန်ရှု ရဲ့ အဖြေ ကို ကြားရမြဲ ပါ ခင်ဗျာ ။ တစ်နေ့ ဉာဏ်ကြီး ၊ သူ့ မိန်းမ
ပိန်ရှု နဲ့ သူ့ သားတော်မောင် တို့ ကျွန်တော့် အိမ် ပေါက် ချလာတယ် ခင်ဗျာ ။
“ လက်ဖက် အကောင်းစား သုပ် စားနေကြတာ နဲ့ အတော်ပဲ ဟေ့ ၊ လာ ကြစားကြဦး ”
ကျွန်တော့် မိန်းမ က ဖိတ်မန္တက ပြု ၊ သူတို့ လည်း လက်ဖက် စားကြ ။ ထွေရာလေးပါး ၊
တောင်ရောက် မြောက်ရောက် စကား ပြော ကြ ။
“ ဘယ်လိုလဲ ဖိုးဉာဏ် မင်း ဆရာ မပါဘဲ ကားတစ်စီး ကို ကိုင် နိုင်နေပြီလား ၊ ငါ ကြားနေလို့ ”
“ ဆရာကျော် မပါဘဲ ကျွန်တော် တစ်ယောက် တည်း ကိုယ်တိုင် ကြဲနေရတာ ကြာပြီကော ဦးလေး ရာ ”
“ ဒါဆို မင်း တော်တော် ခရီး ရောက် နေပြီပေါ့နော် ”
“ အင်း... ဆိုပါတော့ ”
မယုတ်မလွန် သူ က ပြန် ပြော ။
“ ဒါထက် နေပါဦးကွ ၊ ငါ လည်း မေးမယ် ၊ မေးမယ် နဲ့ မမေးမိဘူးကွာ ၊
မေး လည်း မမေး ကောင်းဘူးလေ ”
“ ဘာများလည်း ဦးလေး ”
“ ဆရာကျော် က မင်း ကို လခ ဘယ်လောက် ပေးလဲ ”
“ လခ ရယ် လို့တော့ မဟုတ်ပါဘူး ဦးလေး ရာ ၊ အသုံးစရိတ် ပေးတဲ့ သဘောပါ ၊ တစ်လ တစ်လ တစ်သောင်းခွဲ လောက်တော့ ရ ပါတယ် ”
“ နည်းဘူးလားကွာ ၊ မင်း လုပ်ရတဲ့ အလုပ် နဲ့ ”
“ မနည်းပါဘူး ဦးလေး ၊ စားလောက် ရင် ပြီး နေတာပဲ ၊ တကယ်တမ်း ပြော ရင်
ပိုက်ဆံ က ဘာ လုပ်ဖို့လဲ ”
“ ဘယ်လိုကွ ”
“ ပိုက်ဆံ က ဘာလုပ်ဖို့လဲ ဦးလေး ရာ ၊ သုံး ပစ် လိုက်ရင် ကုန် သွားတာ ၊
ကျွန်တော် က ပညာ ကို သာ မက်တာ ၊ သုံးပစ်လည်း ကုန် မသွားဘူးလေ ”
ဟယ် ... အာဂလူပါလားဟ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment