Tuesday, November 15, 2022

ကျွန်တော့် ဖေဖေ


 

❝ ကျွန်တော့် ဖေဖေ ❞

အခြား ကောင်ကလေးများ မှာ ဆိုလျှင် သဘော ကောင်းသော ဖေဖေ များ ရှိကြပါသည် ။ သူတို့ အဖို့ အမြဲ အဆင် ပြေလှပါသည် ။ ကျွန်တော့် အဖို့ မှာမူ ထိုသို့ မဟုတ် ။

နံနက် အရုဏ်ဦး အလင်းရောင် ပေါ် လာသည် နှင့် တစ်ပြိုင်နက် ဖေဖေ သည် ကျွန်တော့် ကို နှိုး ပါတော့သည် ။ “ ထ ထ ” ဟူ သည့် တိုတောင်းသော စကား ကို သာ သူ က ပြောပါသည် ။ ထိုထက် ပိုသော စကား ကို မပြောပါ ။ ကျွန်တော့် အနေ နှင့် မူ ထို စကားမျိုး ကို မကြားလိုပါ ။ အခြား စကားများ ကို လွှဲပြောင်း ပြော စေလိုပါသည် ။ “ ထတော့ကွ သိပ် အအိပ်ကြီးတဲ့ သားပါလား ၊ သွားဖို့ အချိန် တန်နေပြီ ” သို့တည်း မဟုတ် “ ထပါတော့လား သားရယ် ၊ လင်းကြက်တွေ တောင် တွန် ကုန်ကြပြီ ” သို့တစေလည်း အစဉ်အမြဲ သူ ပြောလေ့ ပြောထ ရှိသော စကား မှာ နှစ်လုံးတည်းသာ ဖြစ်သည် ။ “ ထ ထ ” ဟူ၍ပင်တည်း ။ ထို စကား ကို ဒုတိယအကြိမ် ပင် ထပ်မံ ၍ မလှစ်ဟတော့ပါ ။

ကျွန်တော့် မှာ ကား အိပ်ချင်စိတ် ပင် မကုန်သေးပါ ။ သူ့ အမိန့်များ ကား ဆက်လက် ပေါ်ထွက်လာမြဲပင် ။

“ မြန်မြန် လုပ် ၊ လှေ ကို ရောက်တော့ မျက်နှာသစ် ”

ဤနေရာ မြစ်ကမ်းနဖူး တွင် ကျွန်တော် တို့ သားအဖ နှစ်ယောက်တည်း သာ နေကြပါသည် ။ မိန်းမ ဟူ ၍ တစ်ယောက်မျှ မရှိပါ ။ မေမေ သည် ကျွန်တော် တို့ အား စွန့်ခွာ သွားခဲ့ပြီ ဖြစ်ပါသည် ။ အကယ်၍ မေမေ သာ ကျွန်တော်တို့ နှင့် အတူ ရှိနေလျှင် ကျွန်တော် အိပ်ရေး ဝဝ အိပ်ကောင်း အိပ်နိုင်မည် ထင်ပါသည် ။ ဤအတွေး နှင့် ကျွန်တော် သည် အချိန် တိုင်း စိတ်ကူး ယဉ်ခဲ့ရပါသည် ။

“ မင်း မှာ နောက်ထပ် မေမေ တစ်ယောက် ဘယ်တော့ မှ ရှိလာ မှာ မဟုတ်ဘူး သိလား ” ဟု ဖေဖေ က ပြောပါသည် ။ သို့ကြောင့် အဓိပ္ပာယ်မဲ့ စိတ်ကူးယဉ် နေဖို့ အချိန် မရှိပါ ။

“ လှေတက်တွေ ယူခဲ့ ” ဖေဖေ က ကျွန်တော့် ကို လှမ်း ပြော ပါသည် ။

ဖေဖေ မှာ ရေကြောင်းပြ မီးများ ကို စောင့်ရှောက် ရ သူ ဖြစ် ပါသည် ။ ဤနေရာ တွင် မြစ် သည် တံတောင်ဆစ်ကွေ့  ဖြစ်နေပြီး ရေ အောက်သောင်ပြင်ကျယ်ကြီး ရှိ နေပါသည် ။ သင်္ဘော မာလိန်မှူးများ သည် ဤနေရာ တွင် အလွန် ကြောက်လန့် ကြပါသည် ။ အချက်ပြ မီး မရှိလျှင် သင်္ဘော သောင်တင်မည် ။ သင်္ဘော သောင် တင် ပါ က လိုရာ ခရီးသို့ အချိန်မီ မမောင်း နိုင်တော့ပြီ ။ ထိုအခါ သူတို့ တွင် တာဝန် ရှိသည် ။ အားလုံးက သူတို့ ကို အထင် သေးကြမည် ။ သို့ကြောင့် ဤနေရာ တွင် အချက်ပြမီးများအမြဲ ထားပြီး ယင်း အချက်ပြ မီးများ ကို စောင့်ရှောက်ရန် ဖေဖေ့ ကို တာဝန် ချထားခြင်း ဖြစ်ပါသည် ။

ဤ အချက်ပြမီးများ သည် နေဝင်မိုးချုပ် ချိန် မှ နေ ထွက်ချိန် အထိ တစ်ညလုံး လင်း နေရသည် ။ သောင်ပြင် ရှိ ရာ တစ်လျှောက်လုံး တွင် မီးအိမ် ခြောက်လုံး ပါရှိသည် ။ ဤ မီးအိမ် ခြောက်လုံး ကို ဖေဖေ က တာဝန် ယူ ရခြင်း ဖြစ်ပါသည် ။

ထို့ကြောင့် နံနက်ချိန် တွင် ကျွန်တော် တို့ ၏ အလုပ် မှာ မီးအိမ်များ ကို သွား၍ ငြိမ်းသတ်ရန် ပင် ဖြစ်ပါသည် ။ ဖေဖေ နှင့်ကျွန်တော် သည် မီးအိမ်များ တပ်ဆင် ထားသော ရေပေါ် ဘောများ ရှိရာ သို့ လှေဖြင့် လှော်ခတ် သွားပြီး မီးအိမ် ကို ငြိမ်းသတ် ကာ ည အတွက် ရေနံဆီ ထပ် ဖြည့်ပါသည် ။ သို့မှ သာ ညနေပိုင်း အလုပ် ပိုလုပ်ရန် လိုမည် မဟုတ်ပါ  ။

သောင်ပြင် ၏ ဤမှာ ဘက် တွင် ရေစီးကြောင်း ရှိပါသည် ။ ရေဆန် လှော်ခတ် ရ တိုင်း ခွန်အား စိုက် ရပါသည် ။ မည်သို့ပင် ဆိုစေ လှေ ကို ကျွန်တော် တစ်ယောက် တည်း သာ အမြဲ လှော်ခတ် ရ လေ့ ရှိ ပါသည် ။ ဖေဖေ က တက်မ ထိန်းပေး ရုံ သာ ရှိပါသည် ။

“ ငါ အသက် ရှင်နေသေးသရွေ့တော့ မင်း ကို လမ်းမှန် ကမ်းမှန် လျှောက် တတ်အောင် သင် ပေးခဲ့မှာပဲ ၊ ငါ့ ပညာတွေ ကို ရအောင် ယူထားပေတော့ ။ မဟုတ်ရင်တော့ မင်း တစ်ယောက် တည်း လောက အလယ် မှာ ယောင်ချာချာ ဖြစ် ကျန်ရစ်ခဲ့မှာပဲ ” ဟု ဖေဖေ က ပြောလေ့ ရှိပါသည် ။

တစ်ခါတစ်ရံ ကျွန်တော် တို့ သားအဖ သည် ပိုက်ချ ထွက် ကြပါသည် ။ ဆောင်းရာသီ ဆိုလျှင် ငါးသလောက်များ ဖမ်း မိပါသည် ။ ဖမ်းမိသမျှ ငါးများ ကို အောက်ကွေ့ တွင် သွား ၍ ဖောက်သည်ဈေး ဖြင့် ရောင်း ရပါသည် ။ ဈေး တွင် ကိုယ်တိုင် သွား ရောင်းလျှင် ယခု ထက် ပို၍ ရနိုင်ပါသော်လည်း ကျွန်တော် တို့ အဖို့ အချိန် ကုန် မခံနိုင်ပေ ။ ကျေနပ်သည် ဖြစ်စေ ၊ မကျေနပ်သည် ဖြစ်သည် ပေါက်ဈေး ဖြင့် ရောင်း ရမြဲ ပင် ဖြစ်ပါသည် ။

နံနက်စာ ကို အမြဲ စောစော စား ရပါသည် ။ ထို့နောက် တွင် ကား ကျွန်တော် တို့ သည် အိမ်ဝန်းကျင် ရှိ ကိုင်းမြေ တွင် စိုက်ပျိုးထားသော သီးနှံပင်များနှင့် အလုပ် များရပါသည် ။

ရာသီဥတု ကောင်းသော နွေရာသီ တွင် ကျွန်တော်တို့ သည် ရေပေါ် ဘောများ ကို တစ်ခုစီ ဖော်ယူပြီး ပြင်ဆင်ခြင်း ၊ ဆေးသုတ်ခြင်းများ ပြုလုပ် ရပါသည် ။

ကျွန်တော်တို့ ၏ လှေများ ကို ပြင်ဆင်ခြင်း ၊ ရေနံသုတ်ခြင်း ၊ ပွဲညက် ဖြင့် ဖာခြင်းများ ပြုလုပ်ကြပါသည် ။ လှေ နှစ်စင်း ရှိသဖြင့် အလုပ် များရပါသည် ။ ဒီ နှစ် နွေ တွင် ထိုလှေ နှစ်စင်း စလုံး ၏ ဝမ်းများ ကို ကတ္တရာ သုတ်ခဲ့ကြပါသည် ။ နေ့ရက်များ စွာ မှာ အလုပ် လုပ်ရင်း ကုန်လွန် ခဲ့ရပါသည် ။ ကျွန်တော် မေ့ ထားမိသော အလုပ် တစ်ခု ကျန်ပါသေးသည် ။ ထို အလုပ် ကား ကျွန်တော် တစ်ဦးတည်း အမြဲ တာဝန် ယူ လုပ် ရသောအလုပ် ဖြစ်ပါသည် ။ အိုးခွက်ပန်းကန်များ ဆေးကြော ရသော အလုပ် ဟု ဆို လိုက်လျှင် လည်း သင် ပြုံးမိမည် ထင်ပါသည် ။

နေဝင် သည် ဆိုလျှင် ပင် ကျွန်တော်တို့ သည် ရေပေါ် ဘောများ ဆီ သို့ လှော်ခတ် သွားကြပြီး မီးအိမ်များ ကို ထွန်းညှိ ကြ ရပါသည် ။ ထို မီးအိမ်များ အားလုံး တစ်ည လုံး တောက်လောင် နေရမည် ဖြစ်ပါသည် ။

ယခုအခါ ပူလောင်သောနွေရာသီ ကုန်ဆုံးခဲ့ပြီ ဖြစ်ပါသည် ။ မိုးဦး သို့ ရောက် ပါပြီ ။ မိုးရွာစ ပြုလာပါပြီ ။ မိုး ရက်ဆက် ရွာလာမည် ဆိုလျှင် မြစ်ရေ လည်း နောက် လာတော့မည် ဖြစ်ပါသည် ။ ရေမျက်နှာပြင် လည်း ပို၍ ကျယ် ၊ ပို၍ မြင့်လာ တော့မည် ဖြစ်ပါသည် ။ ရေစီး လည်း ပို၍ မြန်လာမည် ဖြစ် ပါသည် ။ ဤအခါ ရေပေါ် ဘောများကို နေရာ ရွှေ့ပြောင်း ရတော့မည် ၊ ပို၍ ဂရုစိုက်ရတော့မည် ဖြစ်ပါသည် ။

•••••   •••••   •••••

ယနေ့ တွင် ဖေဖေ သည် မြို့သို့ လှေတစ်စင်း နှင့် ထွက်ခွာ သွားပါသည် ။ လခ ထုတ် ရန် ဟု ဆိုပါသည် ။ တစ်လ တစ်ကြိမ် ဤသို့ လခ သွား ထုတ်လေ့ ရှိပါသည် ။

“ ညနေ စောင်းရင် ငါ ပြန်ရောက်မယ် ။ ဈေး ဝယ်စရာ နည်းနည်း ရှိတယ် ” ဟု ဖေဖေ က မှာ သွားပါသည် ။

ကျွန်တော့် အဖို့ သတင်း ကောင်း ပင် ဖြစ်ပါသည် ။ ဤ ခရီး သို့ သွားသည့် အကြိမ်တိုင်း သူ သည် ကျွန်တော့် အတွက် စာအုပ်သစ် တစ်အုပ် ဝယ် လာ တတ်ပါသည် ။ ကျွန်တော် စာဖတ် ဝါသနာ ပါ ပါသည် ။ ဖေဖေ ၏ ဆန္ဒ အရ စတုတ္ထတန်း အောင်သည် နှင့် ကျောင်း ထွက်ခဲ့ရပါသည် ။

“ လူတိုင်း စာများများ တတ်ပြီး စာရေးစာချီတွေ လုပ်ချင် ကြရင်တော့ ဒီနှစ် ထဲ မှာ သင်္ဘောတွေ ဘယ်လို သွားနိုင်မလဲ ၊ ငါ့ လို လူမျိုးတွေ လည်း လိုတာပဲ ၊ ရေးတတ် ဖတ်တတ် ရင် တော်ပါပြီ ကွာ ၊ ဒီ့ထက် ဆက် သင်ပေးဖို့ လည်း ငါ့ မှာ က ချောင်လည်တာ မဟုတ်ဘူး ” ဟု ဖေဖေ က ပြောခဲ့ပါသည် ။ ဖေဖေ့ ကို ကျွန်တော် မကျေနပ်ပါ  ။ ကျွန်တော့် ကို မချစ် သဖြင့် ဤသို့ ကျောင်းဆက် ထား မပေးခြင်း ဟု ယူဆပါသည် ။ သို့သော် ဖေဖေ့ တွင် ငွေ မပြည့်စုံကြောင်း ကို ကား ကျွန်တော် သိ ပါသည် ။

ကျွန်တော် သည် တစ်ယောက်တည်း နေလေ့ နေထ ရှိ ထားပြီး ဖြစ်ပါသည် ။ ဖေဖေ ပြန် လာလျှင် စားဖို့ ညစာ ချက်ပြုတ် ရပါသည် ။ ဟင်း တစ်အိုးနှင့် ထမင်း တစ်အိုး ချက်ပြုတ် ရခြင်းကား ကျွန်တော့်အဖို့ မှုလောက်စရာ မဟုတ်ပါ ။ ဟင်း က ပဲတောင့်ရှည် ၊ ခရမ်းချဉ်သီး နှင့် ငါးဘတ်သား ရော ထားသော ဟင်း ပင်ဖြစ်ပါသည် ။ ကိုင်းခရမ်းချဉ်းသီး က ချဉ်အား ကောင်းပြီး လတ်ဆတ်သော ငရုတ်သီးစိမ်းများ က စပ် လှပါသည် ။ ချဉ်စပ်အရည်သောက် ဟင်းများ ကို ဖေဖေ ကြိုက်တတ်ပါသည် ။

တဖြည်းဖြည်း နှင့် နေ ဝင်လုပြီ ဖြစ်ပါသည် ။ ဖေဖေ ၏ လှေ ကို အမည်းစက်ငယ် မျှ ပင် မမြင်ရသေးပါ ။ ကျွန်တော် တစ်ယောက် တည်း ထမင်း စား နှင့် ရန် ဆုံးဖြတ် လိုက်ပါသည် ။ အိမ် ထဲ သို့ ပြန် ဝင်ခဲ့ပြီး ထမင်းများ ကို ခူးခပ်လိုက်ပါသည် ။

ထိုခဏတွင် ပင် အိမ်ခေါင်မိုး ပေါ် မှ တရွှဲရွှဲ မြည်သံ ပေါ်ထွက် လာပါသည် ။ အေးမြသော လေသည် အိမ် ထဲ သို့ ပင် တိုး၍ ဝင်ရောက် လာပါသည် ။ လေ မှာ ပို၍ ပြင်းလာပါသည် ။ အိမ် ပင် သိမ့်သိမ့်တုန်ခါ သွားပါသည် ။

ကျွန်တော် သည် စားလက်စ ထမင်းပန်းကန် ကို အသာ ချပြီး လက် ကို ဆေးကာ အပြင် သို့ ထွက် လာခဲ့ပါသည် ။ အနောက်တောင် ဘက် မိုးကောင်းကင် တွင် တိမ်မည်း များ သိပ်သည်းစွာ ဖုံးလွှမ်း နေပါပကော ။ မကြာမီ မိုး ရွာပေတော့မည် ။

ရုတ်ခြည်း ပင် တိမ်မည်းများ ထဲမှ လျှပ်စီးရောင် ဝင်းလက် သွားပါသည် ။ ထို့နောက် ကျယ်လောင် သော မိုးချုန်းသံကြီး ပေါ်ထွက် လာပါသည် ။ မုချ မိုးရွာ ချတော့မည် ။

ကမ်းခြေ သို့ လှိုင်းခေါင်းဖြူကြီးများ ပြေး၍ ပြေး၍ ရိုက်ခတ်စ ပြုလာပါသည် ။ လေပြင်း ၍ မိုး ကြီးမည့် အရိပ် လက္ခဏာများ ပင် တည်း ။

ကျွန်တော် သည် တဝီဝီ တိုးဝှေ့ နေသော လေစီးထဲ တွင် ရပ်လျက် မြစ်ညာ သို့ မျှော်ငေးကြည့်မိနေပါသည် ။ ဖေဖေ ၏ လှေ ကို ကား မတွေ့ ရပါ ။ တရွေ့ရွေ့စုန်ဆင်း လာ နေသော သင်္ဘောကြီး တစ်စင်း ကို မြင်တွေ့ နေရပါသည် ။

လျှပ်စီး ဝင်းလက် သွားပြီး ကျယ်လောင်သော မိုးချုန်းသံကြီး ပေါ်ထွက် လာပြန်ပါသည် ။

အောက်ဘက် မှ သင်္ဘောဥဩသံ ပေါ်ထွက် လာပါသည် ။ သင်္ဘော တစ်စင်း ဆန်တက် လာနေသည် ကို တွေ့ရပါသည် ။ အထက်ဘက် မှ သင်္ဘောကြီး က ဥဩသံ ပြန်ပေးလိုက် ပါသည် ။ အချင်းချင်း နှုတ်ဆက် စကား ဆိုနေကြဟန် တူပါသည် ။

ကျွန်တော် သည် ပို၍ အား ပြင်းလာသော လေထု ထဲ တွင် ရပ်လျက် အစုန် နှင့် အဆန် သင်္ဘောများ ကို ရပ် ကြည့်နေခဲ့ပါသည် ။ သင်္ဘော နှစ်စီး စလုံး ရေပေါ် ဘောများ ကို ကျော်လွန် သွားကြပြီး မှ ဝန်းကျင် ကို လှည့်ပတ် ကြည့်မိပါသည် ။

မိုးသီးမိုးပေါက်များ ကျဆင်းစ ပြုပါပြီ ။ ကျွန်တော် သည် အိမ် ထဲ သို့ ပြေး ဝင်ခဲ့ပါသည် ။ မိုး ကား ပို၍ သည်း လာ ပါပြီ ။ အိမ်ခေါင်မိုး ပေါ် သို့ ကျရောက်နေသော မိုးသံများ ကား သက်သေ ထူလျက် ရှိပါသည် ။

ကျွန်တော် သည် မြောက်ဘက်ပြတင်းပေါက် သို့ သွားပြီး မြစ်ညာ သို့ လှမ်းမျှော် ကြည့် လိုက်ပါသည် ။ ယခုတိုင် ဖေဖေ ၏ အရိပ်အယောင်ကို မမြင်ရသေးပါ ။ တစ်နေရာရာ တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့် ကြန့်ကြာနေပုံ ရပါသည် ။

တဖြည်းဖြည်း အလင်းရောင် အားနည်းစ ပြုလာပါပြီ ။ နေဝင် သွားပြီ ထင် ပါသည် ။ ရုတ်ခြည်း စိုးရိမ်စိတ် တစ်ခု ဝင် လာပါသည် ။ မီးအိမ်များ ကို မည်သူ ထွန်းညှိမည်နည်း ။ ဖေဖေ ပြန်လာသည် အထိ စောင့်၍ မဖြစ်ပါ ။ မကြာမီ မှောင် လာပါတော့မည် ။ သင်္ဘောများ လာ လျှင် ဘယ်သို့ ခုတ်မောင်း မည်နည်း ။ တစ်စုံတစ်ရာ ဖြစ်ပျက် လျှင် မည်သူ့ တာဝန်နည်း ။

ကျွန်တော် သည် ဆုံးဖြတ်ချက်တစ်ခု ချ လိုက်ပါသည် ။ ဒီ အလုပ် ကို ကျွန်တော်ပင် လုပ်ရမည် ။ မီးအိမ်များ တစ်ည လုံး လင်း နေရမည်မဟုတ်ပါလား ။

ကဲ .. ငါ့ ရဲ့ တာဝန် ကျနေပြီ ဟု ကျွန်တော့် ကိုယ် ကျွန်တော် ပြော လိုက်သည် ။

အပြင်သို့ ရောက်သော အခါ ကျွန်တော် သည် အနည်းငယ် တုံ့ဆိုင်း နေမိပါသည် ။ အတန်ကြာ တွေဝေပြီး မှ အိမ်တံခါး ကို လုံလုံ ပြန် ပိတ်လိုက်ပါသည် ။

မိုးသီးမိုးပေါက်များ မှာ အလွန်ကြီးမားပါသည် ။ မြစ်ကြီး က ကျွန်တော့် ကို မသိမကျွမ်းဖူးခဲ့သူ တစ်ယောက် အလား စိမ်းကားစွာ ဆီးကြိုနေပါသည် ။ အဆိုးဆုံး မှာ လျှပ်စီးရောင်များ ပင် ဖြစ်ပါသည် ။ မျက်လုံးများ ကို ပြာဝေ သွားစေပါသည် ။ ထို့ပြင် လျှပ်စီးရောင် နှင့် အတူ မိုးကြိုး ပစ်ချ နိုင်သည် မဟုတ်ပါလော ။

ကျွန်တော် သည် မိုးသီးမိုးပေါက်များ အကြား မှ မြစ်ကမ်းစပ် သို့ ဖြည်းဖြည်း မှန်မှန် ဆင်း လာခဲ့ပါသည် ။ ဖေဖေ ၏ ဟန်ပန် အတိုင်း ဖြစ်ရပါမည် ။ လှေ ပေါ်  သို့ တက်ခဲ့ပြီး ကမ်း မှ ခွာဖို့ ကြိုးစားရပါမည် ။ လှေ က လည်း ကျွန်တော့် ဆန္ဒ ကို မလိုက်လိုဟန် ပြနေပါသည် ။ ကမ်း ဘက် သို့ ပြန် လည် ထွက်လာပါသည် ။ အခြား တစ်ဖက် သို့ အားတင်း ၍ လှည့် လိုက်ရပါသည် ။

စတင် ထွက်ခွာလာသည် နှင့် ကျယ်လောင်သော မိုးချုန်းသံကြီး တစ်ခု ပေါ်ထွက်လာ ပါသည် ။ ကျွန်တော် က မျက်လုံးများ ကို စုံမှိတ် ထားလိုက်ပါသည် ။ မိုးကောင်းကင်ကြီး တစ်ခု လုံး မြစ် ထဲ သို့ ပြိုကျလာတော့မည့် အလားပင် ။ မျက်လုံး အစုံ ကို ပြန် ဖွင့်လိုက်သော အခါ ကား ထိုသို့ မဟုတ်ပါ ။

အကယ်၍ မေမေ သာ ယခု ထိတိုင် ရှိနေပြီး မေမေ နှင့် အတူ နေခဲ့ရပါက ထိုကဲ့သို့ အခြေအနေမျိုး တွင် ကျွန်တော် ထိုင် ငိုမိမည် ထင်ပါသည်  ။ ဖေဖေ က ကျွန်တော့် ကို ရဲစိတ် မွေး ပေးနိုင်ခဲ့သည် ဖြစ်ကြောင်း ကျွန်တော် သဘော ပေါက် လာ ပါသည် ။ ကျွန်တော် သည် ပထမ ရေပေါ်ဘော မှ မီးအိမ် ကို အောင်မြင်စွာ ထွန်းညှိ ပြီး ဒုတိယ ရေပေါ်ဘော သို့ သွားရပါသည် ။ ထို့နောက် တတိယ ရေပေါ်ဘော ၊ စတုတ္ထ ရေပေါ်ဘော မှ မီးအိမ် ကို ထွန်းညှိသော အခါ မီးခြစ်ဆံ တစ်ဘူးလုံး ကုန်လုလု ဖြစ် သွားပါသည် ။

သို့နှင့် ပဉ္စမ ရေပေါ် ဘောသို့ ရောက် ခဲ့ပါသည် ။ ရုတ်ခြည်း ဆိုသလို ပင် လှိုင်းလုံးကြီးတစ်လုံး က လှေ ကို ဘေး တိုက် ရိုက်ခတ် လိုက်ပါသည် ။ ကျွန်တော် သည် ကိုယ် ကို မထိန်းနိုင်တော့ ဘဲ ရေ ထဲ သို့ စင် ကျ သွားပါသည် ။

ကျွန်တော် ရေကူး မညံ့ပါ ။ သတိ ကြီးစွာဖြင့် ကြိုးစား ၍ ကူးခတ် ပါသည် ။ သို့သော်လည်း လှိုင်းလုံးများ က ကျွန်တော့် ကို တစ်လုံး ပြီး တစ်လုံး ဖုံး၍ ဖုံး၍ သွားနေပါသည် ။ ပါးစပ် ထဲ သို့ ရေများဝင် ကုန်ပါသည် ။ လှိုင်းလုံးများ ကို ကျော်၍ ဘာကို မှ မမြင်ရပါ  ။ လှေ ကို လည်း မစမ်းမိပါ ၊ မတွယ်မိပါ ။

ကျွန်တော့် တွင် အင်အားများ ကုန်ခန်းစ ပြုလာပါပြီ ။ ခေါင်းထဲ တွင် မူးဝေ လာပါပြီ ။ စိုးရိမ် ကြောက်လန့်စိတ် က လည်း ပို၍ ကြီးမားလာပါပြီ ။ ကျွန်တော့် ကို ကယ်မယ့်သူ မရှိပြီ ။ ကျွန်တော် ‌ေ သ ရတော့မည် ။ ကျွန်တော် မရှိသည့် နောက် လောကကြီး တစ်ခုလုံး ပျော်ပျော်ရွှင်ရွှင် ရှိနေကြရစ်မည် ။ ကျွန်တော် ကား တစ်ယောက် တည်း ‌ေ သ ရွာ သို့ သွား ရတော့မည် ။ နောက်ဆုံးမီးအိမ် ကို မည်သူ လာ၍ ထွန်းညှိ လေမည်နည်း ။

ယင်းသို့ တွေးရင်း ဖြင့် ကျွန်တော့် အသိ သည် ကျွန်တော့် ထံ မှ ထွက်ပြေး သွားပါတော့သည် ။

••••   ••••   ••••

ကျွန်တော် သတိ ပြန် လည် လာသောအခါ ကျွန်တော့် ကို မိုး ကြည့် နေသော ဖေဖေ ၏ မျက်နှာ ကို မြင် ရပါသည် ။ ထို့အတူ အိမ်ခေါင်မိုး ကို လည်း ဝိုးတဝါး မြင်ရပါသည် ။ ကျွန်တော့် ကို ဖေဖေ အချိန်မီ ကယ်တင် နိုင်ခဲ့ပါ တကား ။

ဖေဖေ သည် ကျွန်တော့် နဖူး ကို ရုတ်တရက် ငုံ့ နမ်းလိုက်ပါသည် ။ ဤကဲ့သို့ ပျော့ညံ့သည့် အပြုအမူမျိုး ကို ကျွန်တော် မနှစ်သက်ပါ ။ သို့သော်လည်း ဖေဖေ့ ကို ကျွန်တော် ခွင့်လွှတ် လိုက်ပါသည် ။ ကြင်နာမှု ကို ဖော်ပြနေသော အပြုအမူ မျိုး ဖေဖေ့ ထံ တွင် ကျွန်တော် တွေ့ မြင်ရပြီ မဟုတ် ပါလား ။

◾ဂယက်နီ

📖 မြဝတီမဂ္ဂဇင်း
      ၁၉၇၂ ၊ စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment