Sunday, November 13, 2022

လူပျို အပျို ဖတ်စာ ( ၃၄ )


 

ယောက်ျားလေး နဲ့ မိန်းကလေး တစ်ယောက် လက် ကို တစ်ယောက် မြဲမြဲ ဆွဲထားတိုင်း သိပ်ချစ်ကြတယ် လို့ မထင်ပါနဲ့ ။

လက်ချင်း ဖြုတ် တာ နဲ့ အလှပြင်ဆိုင် ပြေး သွားမယ့် သူ နဲ့ ဘီယာဆိုင် ခြေလှမ်းသွားမယ့် သူ တွေ ဖြစ် နေလို့ လက်ချင်း ချိတ် ထား တာလည်း ဖြစ် နိုင်တယ် ။

လူ တစ်ယောက်ချင်း ဆီ မှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ် ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ အိမ်ထောင် ကျ သွားတဲ့ အခါ စည်းမျဉ်းစည်းကမ်း အတွင်း မှာ သာ လွတ်လပ်ခွင့် ရှိပါတယ် ။

လက်ထပ် တယ် ဆိုတာ ကိုယ် ရရှိ ထား တဲ့ အခွင့်အရေး ကို ထက်ဝက် လျှော့ ချ ပြီး တာဝန် ကို နှစ်ဆ တိုး ယူ လိုက်တာ နဲ့ အတူတူ ပါ ပဲ ။

တချို့ မိန်းကလေးတွေ က လည်း ရှိ တတ် ပါတယ် ။

“ သူ ရှာတာ မိသားစု အတွက် ငါ ရှာတာ ငါ့ အတွက် ”

“ သူ ရှာတာ မိသားစု အတွက် ဖြစ်တဲ့အတွက် သူ ရှာတဲ့ ငွေတွေ ဟာ မိသားစု ကို စီမံခန့်ခွဲ နေရတဲ့ ငါ နဲ့ ဆိုင်တယ် ၊ ငါ ရှာတာ ငါ့ အတွက် မို့ ငါ နဲ့ ပဲ ဆိုင်တယ် ”

တွေး လိုက်ရင် အသာ ချည်း ပဲ ။

ဘယ်လိုပဲ ဖြစ်ပါစေ ။

ယောက်ျား တစ်ယောက် ရဲ့ ပိုက်ဆံအိတ် နဲ့ မိန်းမ ရဲ့ ဈေးခြင်းတောင်း ဟာ အတူတူ ပါ ပဲ ။

ယောက်ျား တစ်ယောက် ရဲ့ ပိုက်ဆံအိတ် ကို လူတွေ က အတွင်း ထိ မမြင်နိုင်ပါဘူး ။ ဒါပေမဲ့ သူ့ မိန်းမ ရဲ့ ဈေးခြင်းတောင်း ကို ကြည့် ရင် ၊ သူ့ ယောက်ျား ရဲ့ ပိုက်ဆံအိတ် ကို လှမ်း မြင် ရ ပါလိမ့်မယ် ။

သာယာ တဲ့ အိမ်ထောင်ရေး မှာ  မိန်းမတွေ ရဲ့ ဈေးခြင်းတောင်း ဟာ အင်မတန် မှ ကို အဓိက ကျ လှပါတယ် ။

ဒါပေမဲ့ အခု ခေတ် အိမ်ထောင်ရေး မှာ ဈေးခြင်းတောင်း ကို သိပ် ပြီး အလေး မထားကြတော့ ပါဘူး ။

“ ယောက်ျား ပိုက်ဆံအိတ် ထဲ မှာ ပိုက်ဆံ ရှိ တာပဲ ၊ စား ချင်တာ ဝယ် စား လိုက်မယ် ”

ဆိုတာမျိုးတွေ အများကြီးပါ ။

တချို့ကလည်း “ အိမ် မှာ ချက်တာ အရသာ မကောင်းလို့ ၊ အပြင် မှာ ပဲ ဝယ် စား ဖြစ်တော့တယ် ” လို့ ဆိုပါတယ် ။

တချို့က လည်း “ အိမ် မှာ ချက်ပြုတ် စား တော့ အရသာ လည်း မကောင်းဘူး ၊ အိမ် မှာလည်း အမှိုက် ရှုပ်တယ် ” အကြောင်း ပြ တတ် ကြပါတယ် ။

ဒီလိုနဲ့ ယောက်ျား က လည်း အလုပ် အသွား အပြန် ကြုံ ရာ ဝယ်စား ၊ မိန်းမ က လည်း သူ ကြိုက်ရာ ထွက် စား နဲ့

“ လင်မယား ဆို တာ ညအိပ် ဖော် မရှိလို့ ယူ ထားကြတဲ့ အတိုင်းပါပဲ ”

“ အိမ် ” ဆိုတဲ့ အဓိပ္ပာယ် က ဘာလဲ ။

“ နွေးထွေးစွာ လုံခြုံသမို့ အိမ် လို့ ခေါ်သကွယ် ”
( နေထွန်း )

လင်မယား နှစ်ယောက် ဟာ ပိုက်ဆံအိတ် နဲ့ ဈေးခြင်းတောင်း ကို မသုံး တတ် တဲ့အခါ

“ ဘယ်မှာလဲ နွေးထွေးမှု ”

လူတိုင်း ဟာ စားဖိုမှူး တစ်ယောက် လိုတော့ အချက်အပြုတ် ကျွမ်းကျင် နေ မှာ မဟုတ်ပါဘူး ။

ဒါပေမဲ့ မိသားစု ထမင်းဝိုင်း ဆိုတာ က ကိုယ် စား နေတဲ့ အစားအသောက် အပေါ် မှာ အရသာ ခံ နေခြင်းမျိုး မဟုတ်ပါဘူး ။

တစ်ယောက် နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှု နဲ့ အတူတူ တစ်ပြေးညီ ခံစားခွင့် ကို ပြသခြင်း ဖြစ်ပါတယ် ။

တစ်နည်း ဆို ရ ရင် တစ်ယောက် ကို တစ်ယောက် ချစ်ခင် နွေးထွေးမှု ကို အတူ ခံစားနေခြင်း သာ ဖြစ်တယ် ။

ဆိုကြပါစို့ ။

ကျွန်တော်တို့ တစ်တွေ ဟာ မိဘတွေ နဲ့ ခွဲခွာပြီး ကြာ လာတဲ့ အခါ မိဘ အိမ် ပြန်ပြီး မိဘ ချက်ကျွေး တဲ့ ထမင်းဟင်း ကို တမ်းတ လာ တတ် ကြပါတယ် ။

အိမ် ကို တခုတ်တရ ပြန် ပြီး အိမ်ထမင်း အိမ်ဟင်း ကို တဝကြီး ပြန် စား ဖြစ် တတ်ကြပါတယ် ။

မိဘတွေ ချက်ကျွေး တဲ့ ထမင်းဟင်း ဟာ ကမ္ဘာ မှာ အကောင်းဆုံး လို့ ထင် တတ် ကြပါတယ် ။

“ ဒါဆို မိဘတွေ က ကမ္ဘာကျော် စားဖိုမှူး တွေ လား ”

မဟုတ်ပါဘူး ။

“ ဒါဆို ဘာလို့ စားလို့ ကောင်း နေရတာလဲ ”

မှတ်ထားပါ ။

“ မေတ္တာဓာတ် ပါ လို့ ၊ စား လို့ ကောင်း နေတာပါပဲ ”

“ မိသားစု ထမင်းဝိုင်း ဟာ နွေးထွေးမှု ကို ဖော်ပြပါတယ် ”

ဒီအတိုင်းပါပဲ ။

မိန်းမ တစ်ယောက် ရဲ့ ဈေးခြင်းတောင်း ဟာ ယောက်ျား တစ်ယောက် ရဲ့ ပိုက်ဆံအိတ် ကို ညွှန်ပြ နေပါတယ် ။

ဒီ ဈေးခြင်းတောင်း တစ်ခု ဟာ ယောက်ျား ဖြစ်သူ ရဲ့ ပိုက်ဆံအိတ် ကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ။

ယောက်ျားတွေ အနေ နဲ့ က လည်း ချစ်စ ခင်စ မှာ

“ မင်း က မှ  ကျွေးမယ် ဆို ၊ အဆိပ် ဆို လည်း ကိုယ် စား ရဲပါတယ် ”

ဆိုပြီး အိမ်ထောင်ကျပြီး ကာ မှ

“ မင်း ချက်ကျွေး တာ ဘာ အရသာ မှ မရှိဘူး ”

မလုပ်ပါနဲ့ ။

မိန်းမ တစ်ယောက် ရဲ့ ဈေးခြင်းတောင်း ဟာ ကိုယ့် ရဲ့ပိုက်ဆံအိတ် ကို ထိန်းသိမ်း ပေးနေကြောင်း ကို သတိရပါ ။

မိသားစု ထမင်းဝိုင်း တစ်ခု ဟာ ချက် ထား တဲ့ စားစရာ အပေါ် မှာ အရသာ ခံခြင်းမျိုး မဟုတ်ဘဲ ချက်ကျွေးသူ ရဲ့ မေတ္တာ ကို ခံစားခြင်း သာ ဖြစ်ပါတယ် ။

ကဲ ... ဒီတော့

မိသားစု ထမင်းဝိုင်းလေး ဖန်တီး ဖို့

“ ဈေးခြင်းတောင်းလေး ဆွဲ လိုက်ရအောင်ဗျာ ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment