Sunday, November 6, 2022

သူကြီးလက်စွပ် ( ပထမပိုင်း )


 

❝ သူကြီး လက်စွပ် ❞

စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ ဟူသော စာပေနယ် အခေါ် ဘာလေးဘာ ကာလ သည် အနုပညာသမားများ လက် ရှောင်သော ကာလ ဖြစ်၏ ။ ထိုကာလများ ၌ ကလေး စာမေးပွဲများ ၊ အခြားသော ပွဲများ စဉ်ဆက် မပြတ် ကျင်းပ တတ်သောကြောင့် အရောင်းအဝယ် ပါးသော ကာလ လည်း ဖြစ်သည် ။ ထို ကာလများ ၌ အယ်ဒီတာများ ၊ စာရေးဆရာများ ငွေ ပြတ်သော ကာလ လည်း ဖြစ်ပါသည် ။

ယခုလဲ ကြည့်ပါလေ ။ မည်သူတွေ ငွေ ပြတ်နေပါသနည်း ။

ရတီ အယ်ဒီတာ တစ်ရာဖိုး သုံးထည် ဟု ဆိုသော သျှီသူအောင် ၊ မန္တလေးအာရုံဦး မှ လွမ်းဝေနိုင် ၊ ကျော်သီဟ First ဂျာနယ် မှ မုဒိန်းမှု မူပိုင် ဆွဲထားသော အောင်စိုးသူ ၊ ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ကိုမျိုး ( မြန်မာစာ ) ( သူ့ အကြောင်း ရေး ရင် မိန်းမ , မကြောက်တတ်ဘူး ထည့် ရေးပါ တဲ့ ) ၊ အယ်ဒီတာ ဖြစ်လိုက် ၊ စာရေးဆရာ ဖြစ်လိုက် ၊ ကျူရှင်ဆရာ လုပ် လိုက် ၊ အစုံလုပ် ပဉ္စမံဒီရိုင်း ၊ မျိုးကိုမျိုး နှင့် သူများ ယောင် လျှင် လိုက် ယောင် တတ်သော ကျွန်တော် အပါအဝင် ဖြစ်၏ ။

ဆုံတဲ့ နေရာ ကလဲ သိတယ် မဟုတ်လား ။ ယမကာဆိုင် မှာ ။

“ မလှူတတ် လို့ အရက် သောက် နေတာကွ ”

လွမ်းဝေနိုင် စကား ။ အသံ က သူ့ အသား လို ပြာ နေပြီ ။ ဒီ လူကြီး အသား မဲ ပုံ က ထူးဆန်း တယ်ဗျ ။ ဥပမာ ဗျာ ။ ပိတ်စ အမဲ ပေါ် သပိတ် တင် ရင် ဘယ်ဟာ မြင် ရမလဲ ။ မထူးဘူး မဟုတ်လား ။ သူ့ ကို ပိတ်စ အမဲ ပေါ် တင်ရင် ဘယ်ဟာ မြင်ရမယ် ထင်လဲ ။ သူ့ ကို မြင်ရတယ် ဗျ ။ ခေါင်း ဖြူ နေလို့လေ ။ ကျန်တာ က မထူးခြား ပေမယ့် ခေါင်း ကတော့ ထူး တယ် ။

“ မင်းတို့ စဉ်းစားကြည့်လေ ။ အရက်သမား လောက် အလှူ ပေး ရတာ တစ်ယောက် မှ မရှိဘူး ။ ကန်စွန်းရွက် တစ်စည်း ကို ဈေး မှာ ဝယ် ရင် ငါးဆယ် ကွာ ၊ ဒီမှာ ယမကာ နဲ့ တွဲ ရောင်းတော့ ရှစ်ရာ ဆိုလဲ စား ထောင့်နှစ်ရာ ဆိုလဲ ပေး ရ လေးထောင် ဆိုလဲ လက်ခံ ရတာပဲ ။ နောက် သောက် နေတဲ့ အရက် ကွာ ၊ ဆိုင် မှာ ဝယ်ရင် ထောင့်ခြောက်ရာ ၊ ဆိုင် ရောက် သွားရင် သုံးထောင် ဆို လဲ ပေးရ ။ လေးထောင် ဆိုလဲ ပေး ရတာ ပဲ ။ ရေ က အစ ကွာ ၊ ဈေးကြီး ပေးပြီး သောက် ရတဲ့ အပြင် ၊ ဘယ်မှာ မှ မရှိတဲ့ Table Charges မြန်မာ လို ခေါ်ရင် ဖင်ထိုင်ကြေး အရက်ဆိုင် တစ်မျိုး ပဲ ပေးရတာ ။ ကဲ .. ငါတို့ လောက် သောက်သုံး မကျလောက် အောင် အလှူ ပေးနေတာ ဘယ်သူ ရှိမလဲ ”

သူ ပြောလိုက်မှ “ ဪ .. ငါတို့ ဟာ ဒါနရှင် အစစ်ကြီးတွေ ပါလား ” ဟု သုံးသပ် မိသည် ။ သူ့ စကား ကို ကျော်သီဟ က ပါ

“ ဒါတင်ပဲလား ကိုလွမ်း ရ ၊ အရက် များ လို့ လမ်းဘေး အန် ရင် တောင် ခွေး ပျော်တာပဲ ။ ဒါလဲ လှူဒါန်းခြင်း တစ်မျိုး ပဲ လေ ”

အရက် မူး လို့ မိန်းမ ထောင်း တာ တောင် အလှူ ပေးနေတာ လား မသိ ။

“ နောက်ပြီး ကျေးဇူး တုံ့ပြန်မှု အရှိ ဆုံး ဟာလဲ အရက် ပဲ ဗျ ။ တော်ကြာ အဖုံး ထဲ ကံစမ်းမဲ ပေးလိုက် ၊ စွပ်ကျယ် ပေးလိုက် ၊ ဟော မိုး တွင်း ကျတော့ ထီး ဗျာ ။ သူတို့ တွေ ပဲ ပုံမှန် လက်ဆောင် ပေးတာ ”

ကျွန်တော် သာ ကုမ္ပဏီပိုင်ရှင် ဆို လျှင် ဒီ လူတွေ ကို ကိုယ်စားလှယ် ခန့်တယ် ။ သူရာမေရိယ ကို အကောင်း ပြောတာ ဆိုလို့ ကျွန်တော် တို့ တစ်ဖွဲ့ သာ ကမ္ဘာ မှာ ရှိမည် ထင်သည် ။

“ နေကြစမ်းပါဗျာ ။ အရက် သောက်ပြီး ငွေ ပြတ် နေရတဲ့ ကြား ထဲ ခင်ဗျား တို့ က ကောင်းကြောင်း ပြော နေသေး ။ ငွေ ဘယ် က ရနိုင် မယ် ဆိုတာ စဉ်းစား ကြပါဦး ”

ထာဝရ ငွေ ပြတ် နေသော ပဉ္စမံ က ပါဝါ မပါသော ပါဝါ မျက်မှန် ဟန် ဆောင် ထားသော မျက်မှန် ကို ပင့် ရင်း ပြောသည် ။ 

ပဉ္စမံ ဆိုသော သူ ကလဲ လူထူး လူဆန်း ပင် ။ ပါဝါ မရှိသော မျက်မှန် ကို ပါဝါ ရှိချင်ယောင် ဆောင် တပ်ထား ကတည်း က သူ့ အခြေအနေ ကို ရိပ်မိ လောက်သည် ။ ထူးခြားသည် က သူ့ ထံ ငွေ ရှိတယ် ဟူသော စကား ဘယ်အခါ မှ မကြားခဲ့ဘူး ခြင်း ပင် ။

“ ကျွန်တော် လဲ ဗျာ ။ မိန်းမ ကလေး မွေးပြီး ကတည်း က ဘိုင် ပြတ် နေတာ ပိုက်ဆံ က လဲ မရှိရတဲ့ ကြားထဲ မိန်းမ က အိမ် က နှင် ချတယ် ဆိုတော့ အဟင့် ”

မျိုးကိုမျိုး ၏ ကြည်လဲ့ သော မျက်ကွင်းညိုကြီး များ မှ မျက်ရည် ကြည်များ ဝှေ့ လာသည့် အပြင် နဂိုထော် ကြက်တူရွေး နှုတ်သီး မှ ပို ၍ ထော်   တက်လာသည် ။

“ ဟေ့ကောင်တွေ စကားချည်း များ မနေနဲ့ လုပ်စရာရှိ အပြတ် သာ လုပ် ။ ငါ ကတော့ ခပ်ပြတ်ပြတ် သမား ”

First ဂျာနယ်၏ ပိုင်ရှင် လဲ ဖြစ် ၊ အယ်ဒီတာ လဲ ဖြစ်သော အောင်စိုးသူ ခပ်ပြတ်ပြတ် ပြောသည် ။ မှန်၏ ။ အောင်စိုးသူ မှာ ခပ် ပြတ်ပြတ် သမား ။ အရပ် ကို က ခပ်ပြတ်ပြတ် ပင် ။ ဘယ်မျှ ထိ အရပ် က ပုပြတ် သလဲ ဆိုလျှင် ဘောင်းဘီတို ဝတ်ပေး၍ အနောက် က ကြည့်လျှင် လေးတန်းကျောင်း ပင် အပ် လို့ ရသေး၏ ။ သက်တော် ဆယ်နှစ် ခန့် ကတည်း က စ၍ အသက်သာ ဆက် ကြီး လာသည် ။ အရပ် ခမျာ မကြီးလာ ။ အနှီး နှင့် ထုပ်၍ လမ်းဘေး ချ ထားလျှင်ပင် ငွေ အတော် ရမည့် မျက်နှာ ။

“ ဒီလို ရှိတယ်ဗျ ။ ဒါဝင် ရဲ့ သီအိုရီ အရ လူ ဆိုတာ မျောက် က ဆင်းသက် လာတယ်တဲ့ ။ မျောက်တွေ က သာ ဆင်းသက် လာရင် လူ ဆို တာ ငွေ ကို သိမှာ မဟုတ်ဘူး ။ မိန်းမတွေ ကို လဲ ဘုံပိုင် သဘောမျိုး ယူ ကောင်း ယူကြမယ် ။ ဆိုလိုတာ က ဗျာ မိသားစု ရှိ လာလို့ လူ ပီသ လာ တယ် ။ အဲဒီ မိသားစု ရှိလို့ ငွေ လဲ လို လာကြတယ် ။ ဟုတ်တယ် နော် ”

ကိုမျိုး ( မြန်မာစာ ) စကား ။ သူ က အင်တာဗျူး လုပ်သက် ကြာ လာ တော့ မေးခွန်းတွေ စုံနေအောင် သိသည် ။ သူ ကသာ အရှည်ကြီး မေး နေတာ ။ ဖြေတဲ့ သူ က “ ဟုတ်တယ် ၊ မဟုတ်ဘူး ” ထို နှစ်ခွန်း သာ ရွေး ရန် ကျန်၏ ။

“ အဲဒီတော့ ငွေ မရှိတဲ့ သူဟာ အမှားတွေ ကို ကျူးလွန် မိကြ တယ် ။ ဒါကလဲ လောကကြီး က အမွေ ပေးတာ မဟုတ်ပေမယ့် ၊ လူတွေ က အမွေ တစ်ခု လို လက်ခံ ခဲ့ကြတယ် ။ ဟုတ်တယ် မဟုတ်လား ”

ခေါင်းညိတ် ခေါင်းခါ လုပ်ရန် က လွဲပြီး ဘာမှ မရှိ ။ သူ မေး သော မေးခွန်း မှာ သူ့ အဖြေ က တစ်ခါတည်း ပါ ပြီးသား ။ ဒါကို က ကိုမျိုး ( မြန်မာစာ ) ရဲ့ အင်တာဗျူ စတိုင် ။ 

“ ကဲ ကိုကိုကြီး မင်း မှာ ရော ဘာ ပြောစရာ ရှိလဲ ”

လွမ်းဝေနိုင် အမေး ။

ကျွန်တော် က

“ လူရွှင်တော် ကျော်ထူး က တော့ သူ့ ခယ်မ နဲ့ ကျွန်တော့် ကို ပေး စားမယ် ပြောတယ် ” 

ကျွန်တော့် စကား ကို အားလုံး စိတ် ဆိုးပြီး

“ ဟေ့ကောင် ဒီ ပွဲ က မင်း ကို မိန်းမ ရှာ ပေးနေတဲ့ ပွဲ မဟုတ်ဘူး ကွ ။ ငါတို့ အားလုံး ငွေ ရှာရမယ့် ပွဲ ”

“ နေဦးဗျ ၊ ခင်ဗျား ကိုကျော်ထူး ခယ်မ နဲ့ ပေးစားမယ် ဆိုတာ ဟိုး အဝေးကြီး က လာ တဲ့ မော်တော်ကား ကို ဒီ ကနေ လက်ပြ တားလို့ သူ က ရပ်ချင် မှ ရပ်မယ် ” 

“ နေပါဦး ကိုမျိုး ရာ ။ မင်း မေးခွန်း ကို ခေါင်းညိတ် ခေါင်းခါ လုပ် ရတာ ပင်ပန်းပါပြီ ၊ ဒီမှာ ငွေ ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သာ ပြောပါ ”

ဘာတစ်ခွန်း မှ ဝင် မဆွေးနွေး သော သျှီသူအောင် က ဖြတ် ပြော သည် ။

“ ဓားပြတိုက်ကြကွာ ”

ခပ်ပြတ်ပြတ် အောင်စိုးသူ စကား ။ အားလုံး ခေါင်း ထောင် သွား သည် ။ တစ်ယောက် မျက်နှာ တစ်ယောက် ပြန် ကြည့် ကြသည် ။ ရုပ်တွေ က လုပ်လျှင် ဖြစ်နိုင်သည့် ရုပ် ချည်း ။

“ နေဦးဗျ ။ ဓားပြ တိုက် တာတော့ ဟုတ်ပါပြီ ။ ဘယ်မှာ တိုက်ရ မှာလဲ ”

ကျွန်တော့် အမေး ။

ဒါကို မျိုးကိုမျိုး က

“ လုပ် တာတော့ လုပ်ရဲတယ် ဗျ ။ ဒါပေမယ့် မြို့ပေါ် တိုက်ရင် မိ ကို မိ မှာ ။ မိ သွားရင် ကျွန်တော့် မိန်းမ က သွေးနုသားနု နဲ့ အဟင့် ”

ဂေါက်သီး ကို ဆေး ခြယ် ထား သလောက် ကြီးသော မျက်ဝန်း မှ မျက်ရည်များ ဝှေ့ လာ ပြန် လေပြီ ။ ဒါကို အောင်စိုးသူ က

“ အာ မင်းတို့ က လည်း သူများတွေ ကို သွား တိုက်ရင် အမှု ဖြစ် မှာပေါ့ကွ ။ မိ သွားရင်လည်း အမှု မလုပ်နိုင်တဲ့ အချင်းချင်း တွေ တိုက် ကြပေါ့ ”

ချက်ချင်း ဓား ဆွဲပြီး တစ်ယောက် နံ ကြား တစ်ယောက် ထောက်ပြီး “ ရှိတာ အကုန်ထုတ် ” လုပ်ရမည့် ပုံ ။

“ နေဦးဗျ ။ အချင်းချင်း တော့ မလုပ်ပါ

မနည်း တား ယူရသည် ။ ကျော်သီဟ က အရက်ပုလင်း ဆွဲ၍ ၊ လွမ်းဝေနိုင် က ဖင်ထိုင်ခုံ ကိုင် လိုက် ၍ ဖြစ်၏ ။ သူတို့ နှစ်ယောက် က ထ ရိုက် မည်တော့ မဟုတ် ။ ကျော်သီဟ က ဧည့်ခံပွဲ တက် နေကျ ထုံးစံအတိုင်း အိတ်ထဲ ပြန် ထည့်သွား ရန်ဖြစ်ပြီး ၊ လွမ်းဝေနိုင် က ခုံ မ ပြေး ဖို့သာ ဖြစ်နိုင် သည် ။ တော်ကြာတယ်     ထားတာလေး မသောက်လိုက် မစားလိုက် ရ ဖြစ် သွားနိုင်သည်ပဲ ။

“ မဟုတ်ဘူး ။ အချင်းချင်း ဆိုတာ ဒီမှာ ရှိ နေတဲ့ ကြံဖော်ကြံဖက် တွေ ကို တိုက် ရမှာ မဟုတ် ဘူး ။ ကိုယ့် အသိ ထဲ က ပိုက်ဆံ အနည်းငယ် ချမ်းသာတဲ့ သူ ကို တိုက် ရမှာ ”

အားလုံး ငြိမ်ကျ သွား၏ ။

“ ဘယ်သူ့ ကို တိုက် ရပါ့ ”

“ ဘယ်ကောင် က များ ချမ်းသာ လို့လဲ ”

စဉ်းစား၍ မရ ။ ခင်မင်သူတွေ ထဲ ချမ်းသာသူ တစ်ယောက် မှ မရှိ ။ ထိုစဉ် ..

“ ဟေ့ လူတွေ ရှာ လိုက်ရတာဗျာ ”

အမြဲတမ်း ရေးကြီးသုတ်ပျာ ဖြစ် နေသော မော်နီတာဂျာနယ် အယ်ဒီတာ ဇေယျာမြတ်ခိုင် က ထုံးစံ အတိုင်း ရေးကြီးသုတ်ပျာ နှင့် ရောက် လာ၏ ။ သူ လဲ တခြားဝိုင်း က ကောင်းလာပုံ ရ၏ ။

သူ့ ကို မြင်တော့ အားလုံး မျက်မှောင်ကြုတ် သွားပြီး

“ ဟေ့ကောင် ဘာ ဖြစ်လာပြန်ပြီလဲ ကွ ။ အလန့်တကြား ”

အောင်စိုးသူ မေးသည် ။

ဒါကို ဇေယျာ က

“ ခင်ဗျားတို့ လိုက်ခဲ့စမ်းပါဗျာ ။ ကျုပ် ကို စော်ကားလိုက်လို့ ”

“ ဟေ မင်းကို စော်ကားလိုက်လို့ ”

စာနယ်ဇင်းသမား အစော်ကား ခံလိုက်ရသည် ဆိုတော့ အားလုံး အလန့်တကြား ဖြစ်ကုန်၏ ။

“ ဘယ်ကောင် စော်ကားလိုက်တာလဲ ကွ ။ မင်းသား လား ၊ မင်းသမီး လား ၊ အဆိုတော် လား ပြောစမ်း ”

အောင်စိုးသူ ထ ကာ သောင်းကျန်းပြီ ။ လူ က သာ လေးပေ မပြည့်တာ ။ ဒေါသ က တော့ မြင့်၏ ။

“ ပြောစမ်း ဟေ့ကောင် ၊ ငါတို့ စာနယ်ဇင်း ကို စော်ကားတာ ဘယ်က ကောင်လဲ ။ ချက်ချင်း ဖြေရှင်းမယ် ”

လွမ်းဝေနိုင် နဂိုနက် အသား က ဒေါသ ဖြင့် ပို နက်သွား၏ ။

“ အာ ဘယ် အသိုင်းအဝိုင်း က မှ မဟုတ်ဘူးဗျ ။ ဈေးသည် အဒေါ်ကြီး တစ်ယောက် ”

“ ဈေးသည် အဒေါ်ကြီး ”

အားလုံး ဇဝေဇဝါ ဖြစ်ကုန်၏ ။ ဈေးသည် က စာနယ်ဇင်း ကို စော်ကားရန် ဘာ အကြောင်း မှ မရှိ ။

“ နေပါဦးကွ ။ အဲဒီ အဒေါ်ကြီး က မင်း ကို ဘာ ပြောလိုက်လို့လဲ ”

ဇေယျာ က ဒေါသတကြီး လုံချည် ကို ဆွဲမြှောက်လိုက်ပြီး ၊

“ ခင်ဗျားတို့ စဉ်းစား ကြည့်ပါဗျာ ။ ကျုပ် ဘာသာ ကျုပ် ကိုယ့် လမ်း ကိုယ် လျှောက် တာ အနောက် က နေ လိုက် အော်တယ် ”

“ ဘာ အော်လို့လဲ ”

အားလုံး သံပြိုင် ဖြစ်သွား၏ ။ သိချင်စိတ် က ငယ်ထိပ် ဆောင့် နေပြီကိုး ။

“ မြတ်ခိုင်သား ပုပုလေး တဲ့ ”

“ ဟယ် ”

အားလုံး မျက်လုံး ပြူးသွား၏ ။ မှန်ပေသည် ။ လျှပ်တစ်ပြက် ဂျာနယ်အယ်ဒီတာချုပ် ပွဲတိုင်းကျော် ( သူကြီး ) ဦးမြတ်ခိုင် က အရပ် မြင့် သလောက် ၊ ဒီကောင် ဇေယျာ အရပ် က အောင်စိုးသူ လောက် သာ ရှိ နေ သည် ။

“ နေပါဦးကွ ၊ အဲဒီ ဈေးသည် အဒေါ်ကြီး က မင်း ကို ဦးမြတ်ခိုင် သား မှန်း ဘယ်လို လုပ် သိ လဲ ”

“ မသိဘူးဗျ ။ ကျုပ် လည်း စဉ်းစားလို့ မရဘူး ။ ကျုပ် သူ့ ရှေ့ ဖြတ် သွားတိုင်း ၊ မြတ်ခိုင်သား ပုပုလေး .. မြတ်ခိုင်သားပုပုလေး ဆိုပြီး အော် အော် နေတာဗျ ။ တောက် ရင်နာတယ် ဗျာ ။ ကျုပ် ဘာသာ ကျုပ် အရပ် ပု တာ သူ့ မအေလင် မို့ လား ”

ကောင်လေး က ယဉ်ကျေးတယ် ။ စာနယ်ဇင်း လုပ်သက် ကြာတော့ စကား အပြောအဆို သိပ် နူးညံ့တာ ။ ပီယဝါစာ လဲ သိပ် ပြော တတ်တာ ။

“ ကဲ ဒါဖြင့် သွားမယ်ကွာ ။ တို့ ဓားပြ မတိုက်ခင် အရင် လက် သွေး ကြည့်ရအောင် သွေးပူပေါ့ ”

အားလုံး က လဲ လူမိုက် ဘဝ စုတေပြီး ၊ စာနယ်ဇင်းလောက ထဲ ရောက် လာကြသည်မို့ လက်ယား သွားကြသည် ။

“ ချမယ်ဗျာ ။ ပွဲကြီး မနွှဲခင် ပွဲလေး တော့ အရင် နွှဲလိုက်ကြရအောင် ”

အားလုံး တက်ကြွ သွားကြသည် ။

“ ကဲ ဒါဆို ကျုပ် နောက် လိုက်ခဲ့ ။ တွေ့ကြပြီပေါ့ ကွာ ။ မြတ်ခိုင်သားပုပုလေး မှာ ဘယ်လောက် ကြီးတယ် ဆိုတာ ပြ ရသေးတာပေါ့ ”

ဆိုကာ ဇေယျာမြတ်ခိုင် မှာ အရှေ့ မှ ပုတုပုတုလေး နှင့် ဦး ဆောင် သွား၏ ။ သူ့ နောက် က မှ အောင်စိုးသူ က မြောင်းထဲ ကျပြီး ရေ မနစ်အောင် အရပ် ထောက်ပြီး ပုတုပုတု နှင့် လိုက်သွား၏ ။ သူတို့ နောက် က မှ နှစ်ယောက် ပေါင်း မှ နှစ်လုံးပဲ ကောင်းသော ( မျက်လုံး ) လွမ်းဝေနိုင် နှင့် ကျော်သီဟ မှာ သူတို့ ၏ ကိုးလ လွယ် ဆယ်လ ဖွား ကိုယ်ဝန်များ ကို ရှေ့ထုတ် ၍ ချီတက် ပြန်၏ ။ သူတို့ နောက် က မှ မျက်လုံး နှင့် ဖြဲ ခြောက်ရုံ နှင့် သေသွားလောက် သော မျိုးကိုမျိုး ။ ထိုနောက် က မှ ကျွန်တော် အပါအဝင် ကျန်သူများ ။ ( ဟီဟီ ကိုယ့် အကြောင်းတော့ မကောင်း ဘယ် ရေးမလဲ ။ )

အောင်မာ ကျန်တဲ့ သူတွေ က မိန်းမ သာ ကြောက်တာ ။ ပတ်ဝန်းကျင် လဲ မကြည့်ရဲဘူး ။ အာဂ သတ္တိတွေ ။

“ ဟိုးမှာ တွေ့လား ။ အဲဒီ အဒေါ်ကြီးပဲ ။ ကျုပ် ကို စော်ကား တာ ”

သူ ပြရာ လှမ်း ကြည့်လိုက်တော့ အဒေါ်ကြီး တစ်ယောက် ။

ဆိုင်းထမ်း တစ်ခု အိုး တစ်လုံး နှင့် လူပြတ် သော လမ်း တွင် အေးအေးလူလူ ယပ်တောင်လေး ခပ် ရင်း ဝယ်သူ ကို မျှော် ကြည့်နေပုံ ရ၏ ။

ထို အဒေါ်ကြီး ကို ကြည့် ၍ အားလုံး ဇဝေဇဝါ ဖြစ် ကုန်ကြ၏ ။

“ ဟေ့ကောင် ဟုတ်ရဲ့လား ။ အဒေါ်ကြီး ကြည့် ရတာ အေးဆေးပါပဲ ”

“ ဪ ခင်ဗျားတို့ က လည်း ကျုပ် လေး ငါး ခေါက် ဖြတ် ပြီး ပါပြီဗျ ”

“ မသေချာဘဲ လုပ် လိုက်ရင် မကောင်း ဘူးနော် ။ တော်ကြာ လက် လွန်ကုန်မှဖြင့် ” 

“ ဪ ကဲ ခင်ဗျားတို့ မယုံရင် ကျုပ် ဖြတ်လျှောက် ပြမယ် ။ သူ အဲသည် လို မအော်ရင် ကြိုက်သလို ပြော ”

ဆိုကာ ရှေ့ မှ ထွက်သွားသည် ။ ကျန်သူ များ က နောက် မှ လိုက်၍ ၊

မှန်ပေသည် ။ သူ လဲ ဆိုင် ရှေ့လည်း ရောက် ရော

“ ...  ...  ...... ”

အဒေါ်ကြီး ၏ ထ အော်သံ ။ ငတိ လူ အုပ် များပြီး လုပ်လို့ ရပြီ ထင် ၍ ထင့် ။ ဒေါသတွေ လှိမ့် ထွက်လာ၏ ။

“ တွေ့လား ခင်ဗျားတို့ ကြား တယ်နော် ။ ပြောနေ ကြာတယ် ဒီ အိုးကြီး ငါ ကန်ခွဲလိုက်မှ ” 

ဆိုကာ ပြေး ဝင် သွား၍ သူ့ ကို အတင်း ဖမ်း ထား ရသေးသည် ။ နောက်မှ ကျွန်တော် မှ ပင် ရှေ့ ထွက်၍

“ အဒေါ်ကြီး ခုန က ဘာ အော် လိုက်တာလဲ ”

ဆိုတော့ အဒေါ်ကြီး က ခေါင်း မှ ပဝါ ကို ချွတ် ချွေး သုတ်ရင်း ၊

“ မုန့်ဟင်းခါး ပူပူလေး လို့ အော် လိုက်တာပေါ့ သားရယ် ။ အရောင်းအဝယ် က ပါး တော့ လူ ဖြတ်တိုင်း ဝယ်စား နိုး အော် နေရတာ ခုန ဒီ သားလေး ဒီ ရှေ့ က ဖြတ် တုန်း က တောင် ဝယ် စားနိုး နဲ့အော် လိုက် ရတာ ။ အားပေးကြပါဦး သားရယ် ”

“ တောက် ”

အားလုံး တောက် ခတ်မိသည် ။ ဇေယျာ ကို ပါ ။

အမှန်တော့ ။ ဟိုက တိုင်းရင်းသူ ။ အသံ ကို လဲ ကျယ်အောင် အော် ရတော့ “ မုန့်ဟင်းခါး ပူပူလေး ” ကို မြည်သံစွဲဖြင့် ၊

“ မြခင်းသား ... ပုပုလေး ”

ဆိုပြီး အသံ ထွက် သွားခြင်း ဖြစ်၏ ။ ဒါကို ငတိ က သူ အရပ် ပု တာ စော်ကားတယ် ထင်ပြီး ၊

“ မြတ်ခိုင်သား ပုပုလေး ”

ဟု ထင်ရာမြင်ရာ ကြား နေရခြင်းပင် ။

“ မင်းကွာ လုပ် လိုက်မှဖြင့် တလွဲချည်း ပဲ ”

“ သိဘူးလေဗျာ ။ ကျုပ် လဲ ဘိုင် ပြတ်လို့ လမ်းလျှောက် နေတုန်း အဲဒီ အော်သံ ကြားတော့ နား မှား တော့တာပေါ့ ”

လာပြန်ပြီ ။ ကျွန်တော် တို့ လို ဘိုင် ပြတ်နေသူ တစ်ယောက် ။

“ နေပါဦး ခုနက ကျုပ် လာတော့ ခင်ဗျားတို့ ဘာ တိုင်ပင်နေ တာလဲ ”

အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြသည် ။ ပြောသင့် မပြောသင့် က စဉ်းစား ရသေးသည် ။

“ ဓားပြ တိုက်ဖို့ ဆိုလား ”

အားလုံး မျက်နှာ ပျက် သွားမိ၏ ။ ဒီ ကောင် သိလျှင် တစ်တိုင်း တစ်ပြည်လုံး သိပြီ ။ ထို့ကြောင့် မထူးတော့ဘူး ဟု ဆုံးဖြတ်ပြီး စည်း ရုံး ရတော့၏ ။

“ ဟုတ်တယ်ကွ ။ ငါတို့ အားလုံး ဘိုင် ပြတ်လို့ အဲဒါ ဓားပြ ဘယ် သူ့ ကို တိုက်ရင် ကောင်းမလဲ စဉ်းစား နေတာ ။ မသိတဲ့ သူ ဆိုလဲ အမှု ဖြစ်မှာ စိုးရတယ် ။ သိတဲ့ သူ ထဲ က ဘယ်သူ့ ကို တိုက်ရင် ကောင်းမလဲ ”

“ ဒါများဗျာ ရှည်ရှည်ဝေးဝေး စဉ်းစား နေရသေးတယ် ”

အားလုံး စိတ်ဝင်စား ကုန်၏ ။

“ ဘယ်သူ့ ကို တိုက် ရမလဲ ”

“ ကျုပ် အဖေ ကို တိုက် ”

“ ဘယ်လို ”

“ ဟင် ”

သူ့ စကား ကြောင့် အားလုံး အံ့အား သင့် သွားကြသည် ။ မွေး ရကျိုး နပ်သော သားငယ်လေး ကို တအံ့တဩ ပြန် ကြည့်မိသည် ။ တကယ့် သားလိမ္မာလေး ပင် ။ တစ်လော က လည်း အမွေ ပေး ထားသော ကင်မရာ ကို ယူဆောင်ပြီးပြီ ။

“ ဟုတ်တယ်ဗျ ။ ခင်ဗျားတို့ တခြား သူ တိုက်ရင် အမှု ဖြစ် လိမ့် မယ် ။ ကျုပ် အဖေ ဆို သိ သွားလဲ ဆဲရုံ ၊ ဆိုရုံ နဲ့ ပဲ ပြီး သွားမှာ ။ သူ က အသေချာဆုံး ပဲ ။ ကျုပ် လဲ ဘိုင် ကျ လို့ ဒါကို ကြံစည် နေတာ ကြာပြီ ။ ခင် ဗျားတို့ နဲ့ တွေ့ မှ ပဲ ဟီဟီ ”

ဘနဖူး သိုက်တူးတယ် ဆိုတာ ဒီလိုကောင်မျိုး ပင် ဖြစ်မည် ။

“ ဒါနဲ့ နေပါဦး ။ မင်း အဖေ ကို ဓားပြ တိုက်တော့ ၊ မင်း အဖေ မှာ က ပိုက်ဆံ ရှိလို့လား ”

ကျွန်တော့် အမေး ။ ဒါကို ငတိ က မျက်မှောင် ကြုတ်ပြီး ၊

“ သိပ်တော့ ရှိပုံ မရဘူးဗျ ။ အဲ ဒါပေမယ့် လက်စွပ် တော့ ရှိတယ် ။ လက်စွပ် ”

“ လက်စွပ် ”

အားလုံး စိတ်ဝင်စား ကုန် ၏ ။

“ ဟုတ်တယ်ဗျ ။ သူ ဝတ်ထားတဲ့ နဝရတ်ကိုးသွယ်လက်စွပ် ကြီး လေ ။ ကျုပ် ကို အမွေ မပေးလို့ အမြင် ကပ်နေတာ ကြာပြီ ဟီဟိ ”

ဖခင် ဆီ က အမွေ ခွဲ မရ၍ ဓားပြတိုက်သည့် သား ၊ ပြတိုက် မှာ တောင် ထားရမည် ။ အဲဒါကြောင့် ပြောတာ ဒီကောင် က အကျင့် နဲ့ ရုပ်ရည် က လွဲပြီး ဘာမှ ပြောစရာ မရှိဘူး ။ ဆဲစရာ ပဲ ကျန်တယ် ။

အားလုံး မျက်ဝန်း ထဲ တွင် သူကြီးလက်စွပ် ပြူးပြူးကြီး ကို မြင် ယောင် မိကြသည် ။ မှန်ပေသည် ။ ဦးမြတ်ခိုင် ( အများအခေါ် သူကြီး ) တွင် လက်စွပ်ပြူးပြူးကြီး တစ်ကွင်း ရှိလေသည် ။

“ မင်း အကြံ မဆိုးဘူးကွ ။ သူ လဲ လက်စွပ်တစ်ကွင်း တည်း ဆို တော့ ရဲ တိုင်မှာ မဟုတ်လောက်ဘူး ”

အားလုံး သဘော ကျ သွားကြသည် ။

“ ကဲ ဒါဖြင့်လဲ အသေးစိတ် တိုင်ပင် ရအောင် ”

“ ယမကာဆိုင် ကြွကြစို့ ”

အားလုံးက မသောက်မစားတတ် မို့ လေ ။ သိတယ်မဟုတ်လား ။

     •••••   •••••   •••••   •••••

“ ဒီလို လုပ် တို့တွေ က ဓာတ်သိချင်း ဓားပြ ဝင် တိုက်ရမှာ ဆို တော့ ရုပ် ဖျက်သွားဖို့ လိုမယ် ”

“ ရုပ် ဖျက်ဖို့တင်လား ။ နာမည် ပါ ဖျက်ဖို့ လိုမယ် ။ တော်ကြာ နာမည်ရင်း တွေ ခေါ်မိလို့ ချက်ချင်း သိသွားမယ် ။ အဲလို သိသွားရင် လူသတ်မှု ထိ ဖြစ်နိုင်တယ် နော ”

လွမ်းဝေနိုင် စကား ။ သူ့ စကား က သဘာဝ ကျ နေသည်မို့ အားလုံး လက်ခံလိုက်သည် ။

“ နာမည် ဖျက် မှာ ဆိုတော့ ဘယ်လို အမည်မျိုး ဖျက်ရမလဲ ”

ကိုမျိုး က မေးသည် ။ အောင်စိုးသူ က

“ အိုကွာ တို့တွေ ဗြောင် လုပ်မယ့် ကိစ္စပဲ ။ အဖွဲ့ နာမည် ကို လဲ ပြောင်ကြီး လို့ ပဲ နာမည် ပေးတာပေါ့ ”

သူ့ နာမည် ကာရိုက်တာ နှင့် လိုက်ဖက် နေသည် မို့ သဘော ကျ သွားကြသည် ။ ဒါကို ကျော်သီဟ က

“ ပြောင်ကြီး တော့ ဟုတ်ပါပြီ ။ အားလုံး ပြောင်ကြီး ချည်း ပဲ လုပ်လို့ မရဘူးနော် ။ ဘယ်သူ့ ကို ပြော တာလဲ ။ သင်္ကေတလေး တော့ ပါ ဦးမှပေါ့ ”

“ ဒါများကွာ ပြောင်ကြီး တစ်နှစ်သုံးလေး လုပ် လိုက်ပေါ့ ။ ရှင်းရှင်းလေး ”

“ ကဗျာ မဆန်လိုက်တာ ဗျာ ။ နောက် လူနာမည် နဲ့လဲ မတူဘူး ဒီလို လုပ် ”

“ ဘယ်လိုလဲ ”

လွမ်းဝေနိုင် စကားကြောင့် ခေါင်းတွေရှေ့ ရောက် ကုန်၏ ။

“ ငါ့ နာမည် ကို အဖွဲ့ အစည်း နာမည် လဲ ပါအောင် ပိုမိုပြောင်ကြီး လို့ မှည့်လိုက်မယ် ။ လူရှေ့သူရှေ့ ငါ့ ကို ခေါ်ရင် ပိုမို လို့ ခေါ် ”

အောင်မာ ရုပ် နဲ့ နာမည် လမိုင်း မကပ် ပုံ ။ ဒါကို အောင်စိုးသူ က လဲ အားကျ မခံ  ၊

“ ဒါဆို ငါ ကလဲ ရဲရဲတင်းတင်းသမား မို့ ငါ့ နာမည်ကို ရဲရဲပြောင်ကြီး လို့ မှည့် လိုက်မယ် ။ လူရှေ့ ခေါ်တော့ ရဲရဲ လို့ ခေါ် ”

ပဉ္စမံ က

“ ဒါဆို ကျုပ် လဲ ကျုပ် နာမည်ကို ”

စကား စ ကို ဖြတ် ၊ အောင်သူစိုး ကို လက်ညှိုး ထိုးရင်း

“ သူ့ထက်ပြောင်ကြီး ”

ကျော်သီဟ က

“ ဒါဆို ကျုပ် က လဲ အားလုံး ထက် ဉာဏ်ပညာ ရော ၊ ဗိုက်ရော သာလွန် တဲ့ အတွက် သာလွန်ပြောင်ကြီး ”

ကိုမျိုး က

“ ဒါဆို ကျုပ် က လဲ အထင်ကရပြောင်ကြီး ဗျာ ”

သျှီသူအောင် က လဲ အားကျ မခံ ၊

“ အဓိပတိပြောင်ကြီး ဗျာ ”

နောက်ဆုံး အဖွဲ့ဝင်ဇေယျာ က ၊

“ မတော်တရော် ပြောင်ကြီးဗျာ ”

“ ထွီ ခေါ် လို့ မကောင်းဘူး ပြန်ပြောင်း ”

“ ဉာဏပြောင်ကြီး ဗျာ ”

“ ခေါင်း ထဲ က ဘာမှ မရှိတဲ့သဘောလား ”

“ မဟာပြောင်ကြီးဗျာ ”

မျိုးကိုမျိုး က လဲ

“ ကျုပ် က ဝေးဝေး က ကြည့် ရုံ နဲ့ ထင် သာ မြင်သာ ရှိတာမို့ အတိုင်းထက်ပြောင်ကြီး ”

နောက်ဆုံး ကျန် သော ကျွန်တော် က

“ ဒါဆိုလဲ ကျုပ်က အဓိကပြောင်ကြီး ”

အားလုံး အမည်ပေး ကင်ပွန်းတပ် ပွဲ ပြီးသွားသည် ။

“ ကဲ နာမည် ပေး ပြီးသွားပြီ မို့ ကိုယ့် နာမည် ကို မှတ်မိအောင် နာမည် တပ်ပြီး ပြော ကြည့်ရအောင် ”

လွမ်းဝေနိုင် ၏ လောဆော်မှု ။ အောင် စိုးသူ က ခေါင်းညိတ် ပြီး ၊

“ အေး အဲဒီအကြံ မဆိုးဘူး ။ စ လိုက်ကြရအောင် ”

သူ့ စကား ဆုံးသည် နှင့် လွမ်းဝေနိုင် က

“ ပိုမို တို့ က လေ လုပ်မယ် ဆိုလဲ ပွင့်ပွင့် ပဲ ၊ ခံစရာ ရှိလဲ ပွင့်ပွင့် ပဲ ”

ရုပ် နှင့် အသံ ၊ အသံ နဲ့ နာမည် အတော်ကလေး ကို လမိုင်း မကပ် သို့သော် အဆင် ပြေ ၏ ။

“ ရဲရဲ တို့ က လဲ ရဲရဲ ပဲ ။ စိတ် က သာ လက် တစ်ဆစ် ။ အဝှာ က လက်လေးသစ် အရပ် ကို ပြောပါတယ် ဟီဟိ ”

“ အောင်မာ အောင်မာ သူ့ထက် ပြော ဖို့လဲ ချန်ထားပါဦး နော် ။ သူ့ထက် တို့ က လုပ်စရာ ရှိ ရင်သာ နေ့ရွှေ့ ညရွှေ့ ၊ ခံစရာ ရှိလို့ က တော့ အံကြိတ် ခံလိုက်တာ ”

“ ဟယ် အဲလို ပြောကြေး ဆို သာလွန် တို့ ကံကောင်း ပုံ များ ကန် စောင်း က မြက်ပင်တောင် မထောင်သေးဘူး ။ ကန်တော်ရှင်မ အသိ ။ အဟိ ”

“ ဟွန့် အဲဒါမျိုးဆို အထင်ကရ တို့ က ခိ ခိ ခိ ဆိုပြီး တောင် ခိုး ရယ် လိုက်ဦးမယ် ။ အသက် က သုံးဆယ် လုပ်သက် က လေးဆယ် မြန်မာပြည် မှာ အထင်ကရ လောက် အထင်ကရ ဖြစ်တာ အထင်ကရ ပဲ ရှိ တယ် ”

“ အဓိပတိ ပြောဖို့ လဲ ထားပါဦး နော် ။ ရပ်ကွက် က ကောင်လေး တွေ က အဓိပတိ ကို မြင်ရင် အသည်း ယား လို့ တဲ့ ။ အဓိပတိ ကို တောင် အပြည့် မခေါ်နိုင်ဘူး ။ ပတိ ပတိ တဲ့ ။ အဓိပတိ လဲ ပတိ ပတိ ဖြစ်ရော ဟီဟိ ”

“ အောင်မာ ဝေးဝေး တို့ က မှ ပြောစရာ မကုန် ၊ လွမ်းစရာ အဖုံ ဖုံ နဲ့ ၊ တစ်ခါတုန်း က ဆိုရင် ဝေးဝေး မျက်လုံးလေး ကို ဝေးဝေး က ကြည့် ရုံ နဲ့ အသည်း ယား လို့ တဲ့ ။ ဝေးဝေး ရယ် ဝေးဝေး ပဲ နေပါမယ် တဲ့ ဟီဟိ ”

“ တို့ ကတော့ နာမည် ကို က ကြီးတယ် ။ မဟာ တဲ့ ။ သူများတွေ က တောင် ပြောသေး ။ လူ ကြည့်တော့ လက်တောက် လောက် ၊ လက်တောက် ကြည့် တော့ လဲ လက်တောက် လောက် ပဲ တဲ့ ဟင်း ဟင်း ကြီး တာ ဆိုလို့ နာမည် ပဲ ရှိတယ် ။ မဟာ တဲ့ အဟိ ”

“ အဓိက , က တော့ အဓိက ပါ ပဲနော် ။ အဓိက ရှိ နေရင် အဓိက ပြီး ရော ။ အဓိက တော့ အဓိက ပဲ လေ ”

ဤသို့ဖြင့် ပန်းဆိုးတန်းကုန်းတံတား တစ်ဝိုက် မှာ ဓားပြ တိုက် ရန် ကြံစည် နေခြင်း ကို ရုပ်ကြမ်းကြီး နှင့် အခြောက် တစ်အုပ် အရက် မူး ပြီး သောင်းကျန်း နေတယ် ဟူ၍ ။

ဟို မင်းသား ၏ ကြုံးဝါးသံ ပင် ကြားယောင် မိသေးသည် ။

“ ဒါမျိုး မကြောက် လို့ ရွာရိုး လျှောက် နေတာ မဟာမျိုး အခြောက် ”

( ဒုတိယပိုင်း ဆက်ရန် )

◾အကြည်တော်

📖 ပြုံးတော်မူ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment