အားလုံး ကွက်တိ ချိန် ထား ပြီးသား ဖြစ်နေသည် ။ ဇေယျာ ခေါ် မဟာပြောင်ကြီး မှာ သူ့ အဖေ တစ်ယောက် တည်း ရှိ ချိန် ကို ချောင်း မည် ။ သူကြီး က သူ့ ဂျာနယ် ဖောင်ပိတ်ရက် ဆိုလျှင် ရုံး မှာ တစ်ယောက် တည်း အိပ်ပြီး အလုပ် လုပ်သည် ဆိုပဲ ။
ထိုနေ့ ည မျိုး ၌ ဘယ်သူမှ မရှိတော့ ၍ ကျွန်တော်တို့ ပြောင်ကြီး အဖွဲ့ အလွယ်တကူ တက်ပြီး ဓားပြတိုက် ရုံသာ ။ ဇေယျာ က လဲ အသေအချာ တံခါး ဖွင့်ပေးမည် ။ ဘာမှ မလွယ်ကူတာ မရှိ ၊ အသာ လေး သူကြီးလက်စွပ် တက် ချွတ် ရုံသာ ရှိသည် ။
သို့သော် မဖြစ်မနေ လုပ်ရမည့် အဓိက အခက်အခဲ တစ်ခု ရှိ သေး၏ ။
ရုပ် ဖျက်ရန် လိုခြင်းပင် ။
နှစ်ရှည်လများ ပေါင်းသင်းလာသူများ မို့ သူကြီး ချက်ချင်း မှတ်မိ သွား နိုင်သည် ။
“ လွမ်းဝေနိုင် နဲ့ ကျော်သီဟ က အသား ဖြူ အောင် မိတ်ကပ် လူးခဲ့ ။ အောင်စိုးသူ နဲ့ဇေယျာ က အရပ် ပု မှန်း မသိအောင် ကုလားမခြေထောက် တပ် ခဲ့ ။ ကိုမျိုး က မျက်လုံး မှေး ထား ။ ပဉ္စမံ နဲ့ ကိုမျိုး ( မြန်မာစာ ) က အသံ မထွက် နဲ့ ။ သျှီသူအောင် က အဟမ်း တို့ ၊ နှာ မှုတ်တာ တို့ မလုပ်နဲ့ ။ အဲဒါတွေ သတိထား ”
“ မင်း ကရော ဘာမှ မချွတ်ယွင်းဘူး လား ”
“ ကျွန်တော် က မျက်နှာလေး တင် ချွတ် ယွင်း တာ ၊ မျက်နှာ အုပ် သွားရင် ပြီးပြီ ”
အားလုံး လက်ခံ လိုက်ကြသည် ။ ကြို တင် မစီစဉ်၍ မဖြစ် ။
လွမ်းဝေနိုင် နှင့် ကျော်သီဟ တို့ က နှစ်ရှည်ငါးပိကောင် ကို နေ လှမ်းထားသည့် အသား အရေ မို့ ချက်ချင်း မှတ်မိ နိုင်သည် ။ အောင်စိုးသူ နှင့် ဇေယျာ တို့ မှာ လဲ အဝတ်အစား ဝယ် လျှင် တောင် ဆိုင် မှာ နမူနာ ချိတ်ဆွဲထားသော အရုပ် မှ အင်္ကျီ ဘောင်းဘီ ကို သာ ရွေး ဝတ်ရသူတွေ ။ ဆိုဒ် ကလဲ ကလေးဆိုဒ် လဲ မဟုတ် ၊ လူကြီး ဆိုဒ် လဲ မဟုတ် ။ ဆိုဒ်ပျက်တွေ ၊ အရုပ်ဆိုဒ်တွေ ။
တစ်ခါ ပဉ္စမံ နဲ့ ကိုမျိုး ကလဲ အသံ က သိသာ သည် ။ ပဉ္စမံ အသံ က မောင်းကွဲ ကို သံတုတ် နှင့် ခြစ်သည့် အသံ ။ ကိုမျိုး က လဲ စကား ပြော ၍ မရ ။ စကား ပြော လိုက်သည် နှင့် ဒီ မေးခွန်း ဘယ်သူ့ မေးခွန်း ဆိုတာ ချက်ချင်း သိနိုင်သည် ။
နောက် မျိုးကိုမျိုး မျက်လုံး ။ ဒီ မျက်လုံး က လဲ ထူးခြား သည် ။ အရွယ်အစား က တစ်လုံး ထက် တစ်လုံး ကို ဂေါက်သီး လောက် ရှိပြီး အပြင် သို့ ဂေါက်သီး အရွယ် ပြူး ထွက် နေသေး၏ ။
သျှီသူအောင် က တစ်မျိုး ။ စကား ပြောလျှင် ချောင်း ဟန့် တာ ၊ နှာ မမှုတ်တာ မလုပ်လျှင် ပြောလို့ မ ရ ။ ကျွန်တော် က တော့ ဘာမှ ပြောစရာ မရှိ ၊ မျက်နှာ တစ်ခု အုပ် လိုက်လျှင် ကျန်တာ အလုံးလဲ မလျော့ ၊ အရပ် လဲ မလျော့ ။ ( ဟီဟိ )
ထို့ကြောင့် သေချာ အကွက်ချ စီမံပြီး ဇေယျာ ဆက်သွယ်ချိန် ကို စောင့် နေလိုက်တော့၏ ။ ငွေ ရပေါက် ချောင်တော့မှာ ကို ။
••••• ••••• ••••• •••••
“ ပြောင်ကြီးတပ်ဖွဲ့ လာလို့ ရပြီ ။ ဂျာနယ်တိုက် မှာ တစ်ယောက်တည်း ”
တယ်လီဖုန်း အသီးသီး ဆီ ဝင် လာသော အတွင်း စကား ကြောင့် အားလုံး တက်ကြွ သွားသည် ။ နောက် အချင်းချင်း တယ်လီဖုန်း နဲ့ ဆက်သွယ်ပြီး
“ ကဲ အားလုံး ကိုယ့် အစီအစဉ် နဲ့ ကိုယ် လာကြ ။ သူကြီးဂျာနယ်တိုက် ရုံးခန်း ရှေ့ မှာ အားလုံး စုပြီး တစ်ခါတည်း ဝင် တိုက်မယ် ”
အားလုံး တက်ကြွ နေကြသည် ။ ငွေ ရပေါက် ချောင်ပြီကိုး ။ ဤသို့ဖြင့် သူကြီးဂျာနယ်တိုက် ရှေ့ သို့ ဦးစွာ ရောက်ခဲ့ရလေသည် ။
••••• ••••• ••••• •••••
“ ဟဲ့ ပလုတ်တုတ် ဘာကြီးလဲ ”
ဂျာနယ်တိုက် အောက် ပြေးဝင် လာသော လူဖြူကြီး နှစ်ယောက် ကို မြင်တော့ လန့် အော်မိသည် ။ အသေအချာ ကြည့်မှ ကျော်သီဟ နှင့် လွမ်းဝေနိုင် ။
“ အာ ဘယ်လို ဖြစ်လာရတာလဲ ”
“ မင်းတို့ ပဲ ပြောတယ် ။ ဖြူ အောင် လုပ် လာ ဆို ။ အဲဒါ မိန်းမ မိတ်ကပ် ခိုး မရတာနဲ့ ထုံး တစ်အိုး ဝယ်ပြီး သုတ် လာတယ် ”
မှန်ပေသည် ။ ခြေ အစ ခေါင်း အဆုံး ထုံး သုတ်လာသော ကြောင့် နှစ်ယောက်လုံး ဖြူဖွေး နေသည် ။ ရှိတာ လုပ် လာတာ ဆိုတော့ ဘယ်လိုမှ အပြစ် ပြောလို့ မရ ။
ထိုစဉ် တခွပ်ခွပ် ကြား ရသော ဒေါက်ဖိနပ် သံ ။
တစ်ယောက် ယောက် ဆီ က များ ဒီ သတင်း ပေါက်ကြား ပြီ လား ဟူသော စိတ် နှင့် တထိတ်ထိတ် ။
ကြည့် လိုက်တော့ အောင်စိုးသူ နှင့် ဇေယျာမြတ်ခိုင် ။ အရပ် တွေ က မြင့် လာသလို ။
“ ကုလားမခြေထောက် တပ် ရတာ အဆင် မပြေလို့ မိန်းမ ဒေါက်ဖိနပ်တွေ ခိုး စီးလာတာ ဟီဟိ ”
နှစ်ယောက်လုံး က မိန်းမစီး ဒေါက်ဖိနပ်များ နှင့် ဒေါက်ဖိနပ် စီး လိုက်တော့ ဖင် ပါ ကောက် လာ သယောင် ။
သိပ် မကြာပါ ။ တဒုံဒုံ နှင့် နံရံ ကို တိုက်ပြီး ဝင်လာသော အသံ များ ။
လူ တစ်ယောက် ။
ရင်းရင်းနှီးနှီး မြင် ဖူးသော မျက်နှာ ။ သို့သော် မျက်လုံးလေး က မှေး နေသည် ။ တရုတ်မ မျက်လုံးမျိုး ။
“ မျိုး .. မျိုးကိုမျိုး လား ”
ထို သူ က ပြုံးပြီး
“ ဟုတ်ပါ့ ဘာလဲ အံ့ဩနေလား ”
“ တကယ် အံ့ဩတာဗျ ။ မျက်လုံး က ဘယ့်နှယ် မှေး သွားတာလဲ ”
ကိုမျိုး နှစ်ခြိုက်စွာ ပြုံးပြီး ၊
“ ဒါက မျက်ခွံ ပေါ် မျက်လုံးပုံ ဆွဲလာတာ ။ ဟောဒီ မှာ အပြူး ”
“ အောင်မလေးဗျ ဘာကြီး လဲ ”
မျက်လုံး ဖွင့် ပြ လိုက်တော့ သူ့ နဂို အပြူး ကြီး မြင်ပြီး လန့် အော် မိကြသည် ။ သူ က မျက်လုံး ပြန် မှိတ် လိုက်သည် ။ မျက်ခွံ ပေါ် ရေးထားသော မျက်လုံးအမှေးလေး ပြန် ပေါ်လာ၏ ။ ယခုမှ စဉ်းစား မိသည် ။ မျက်လုံး မှေးချင်ယောင် ဆောင်၍ မျက်လုံး မှိတ် ခဲ့ ၍ ခုန က နံရံတွေ နဲ့ ဝင် တိုက်သံ တဒုံဒုံ ကြား နေရခြင်းပင် ။
“ အပြူး နဲ့ အမှေး နှစ်မျိုး ခံစားလို့ ရတာပေါ့ ဟီဟိ ”
သူ့ လုပ်ရပ် ကို အူမြူး နေသေး၏ ။
သိပ်မကြာပါ ။ သျှီသူအောင် ၊ ကိုမျိုး နှင့် ပဉ္စမံတို့ ပါးစပ် ကို အဝတ် ဆို့ပြီး ပလာစတာ နှင့် ပိတ်၍ ရောက် လာကြသည် ။
“ ကဲ လူစုံပြီ ။ တစ်ယောက် မှ မမှားစေနဲ့နော် ။ ဟို ရောက်တာ နဲ့ ဝုန်းဒိုင်း ကြဲပြီး ဝင်မယ် ”
“ ကဲ ရုပ်ဖျက်ကြရအောင် ”
အားလုံး ပါလာသော လုံချည် မျက်နှာ ပေါ် အုပ်စည်းလိုက် သည် ။ နဂို ပြောင်ကြီးများ မို့ မျက်နှာတွေ လုံ သွားကြသည် ။
“ ဟီ ဟိ ”
လွမ်းဝေ နိုင် နှင့် ကျော်သီဟ မှာ တစ်ကိုယ်လုံး ထုံး သုတ်ခဲ့သော် ငြား ထို တစ်ကွက် ကို မေ့ကျန် ရစ်၍ ထို နေရာ ကွက်ကွက်ကလေး သာ စား၍ မကုန်ဘဲ ချန်ထား ရစ် ခဲ့သော ကောက်လှိုင်းတီ မုန့်အသိုး လို မဲ ကျန် ခဲ့လေသည် ။
“ ကဲ တစ်နှစ်သုံး ဆို ဝင်မယ် ... သုံး ”
တစ် နှစ် က စ မရေဘဲ ၊ သုံး ဆိုတာနှင့် ပြေးဝင် သွားသော ကြောင့် မနည်း လိုက်ပြီး ပြေးဝင် သွားကြသည် ။
“ ဟဲ့ ဘာကြီးလဲ ဟ ”
ကျန်တဲ့ သူ က ကိစ္စ မရှိ ။ မျက်စိ မှေးချင်ယောင် ဆောင်ပြီး မျက်ခွံ ပေါ် မျက်စိ ပုံ ဆွဲ လာသော မျိုးကိုမျိုး က နေရာ စုံ ဝင် တိုက် သဖြင့် အခန်းတွင်း တစ်ယောက် တည်း ရှိ နေသော သူကြီး ထ ခုန်သည် ။
“ တစ်ယောက် မှ မလှုပ်နဲ့ ”
“ တစ်ယောက် တည်း ရှိတာပါ ကွယ် ”
“ တစ်ယောက် တည်း ရှိလဲ အဲဒီ တစ်ယောက် မလှုပ်နဲ့ ”
သူကြီး ဇဝေဇဝါ နှင့် လိုက် ကြည့်သည် ။
“ ဘာ ဘာ လုပ်တာလဲ ဟင် ”
“ စာမူ လာပို့တာ ။ အဲ ဓားပြ လာ တိုက်တာ ။ ဓားပြ လာတိုက် တာ ဗျ ။ ဟား ဟား ”
သူကြီး ဇဝေဇဝါ နှင့် တစ်ယောက် စီ လိုက်ကြည့် သည် ။
“ ဓားပြ လာ တိုက်တာ ဒေါက်ဖိနပ် နဲ့ ”
အောင်စိုးသူ နှင့် ဇေယျာ စီး လာသော ဒေါက်ဖိနပ် ကို မြင် တော့ အံ့အား သင့် သွားသည် ။ အောင်စိုးသူ က တော့ ခပ်တည်တည် ပင် ။
“ ဒေါက်ဖိနပ် က အရပ် ပု တာ လူ သိ မှာ စိုးလို့ မိန်းမ ဆီ က ခိုး စီးလာတာဗျ ဟားဟား ဘယ့်နှယ်လဲ မြင့်ပြီ မဟုတ်လား ။ အဲ မြင် ပြီ မဟုတ်လား ”
သူကြီး ဇဝေဇဝါ ဖြစ် သွားပုံ ရ၏ ။ ပြီးမှ
“ အသံက ဂျစ်ကလေး ( အောင်စိုးသူ နာမည် ပြောင် ) အသံ နဲ့ တူ လိုက်တာ ”
“ ဘယ့်နှယ် ဂျစ်ကလေး ရ မှာပဲ ။ အောင်စိုးသူ ဗျ အောင်စိုးသူ ”
“ အောင်စိုးသူ ”
ထိုတော့မှ အောင်စိုးသူ မှား သွား မှန်း သိပြီး ၊
“ အဲ ဘယ်က အောင်စိုးသူ လဲ ဘယ် အောင်စိုးသူ မှ မသိဘူး ။ ကျုပ် နာမည် ကျုပ် နာမည် အဲ ငါ့နာမည် ဘာလဲ ဟေ့ကောင် ”
အရေး ထဲ ပေးထားသော နာမည် က မေ့နေသေး၏ ။ ဒါကို ဂယောင် ကျွန်တော် က ခေါင်း ကုတ်ပြီး ၊
“ ပြောင်ကြီး တော့ ပါတယ် ။ သာလွန် လား ပိုမိုလား ”
ဒါကို နံဘေး နား က လူများ က “ သာလွန် က ငါ ၊ ပိုမို က သူ ၊ အဓိပတိ ထင် တယ် ”
“ အဓိပတိ က ငါ ပါ ဟ ”
အရေး ထဲ စကား များ နေရသေး ။ နောက်မှ အောင်စိုးသူ က
“ အဲ .. မှတ်မိပြီ ။ ရဲရဲပြောင်ကြီး ကွ ၊ ရဲရဲပြောင်ကြီး မသိရင် မှတ်ထား ဟား ဟား ဟား ”
သူကြီး ခေါင်း ကုတ်သွား၏ ။
“ ရဲရဲပြောင်ကြီး နေစမ်းပါဦး ။ အခု လာတာ က ”
“ စာမူ လာပို့တာ ။ အဲ ဓားပြလာတိုက်တာလို့ ပြောပြီးသားကို ”
“ ဓားပြက ဒေါက်ဖိနပ် နဲ့ ”
“ ဒါက အရပ် ပု တာ လူ မြင် သွားရင် အောင်စိုးသူ နဲ့ဇေယျာ မှန်း သိ သွားမှာစိုးလို့ အဲ .. အဲလေ ရဲရဲပြောင်ကြီး နဲ့ မဟာပြောင်ကြီး မှန်း သိ သွားမှာ စိုးလို့ ။ အဲ .. အဲဒါ ဘယ်လို ပြောရမလဲ ပေါ့နော် ခစ် ခစ် ပေါ့ နော် ”
အောင်စိုးသူ နှင့် တော့ အလုပ် မဖြစ်တော့ ။ သူ က ကြောက် တတ် သူ သာ ဖြဲ ခြောက် ရဲတာ ။ သူ့ ကို ပြန် ဖြဲ လို့ က တော့ ပြဲ ပြီ သာ မှတ် ။
ဒါကို ရိပ်မိ သော ပဉ္စမံ က သူ့ ပါးစပ် က ပလာစတာ ကို ဆွဲ ဖြုတ် လိုက်သည် ။ ပါးစပ် အတွင်း မှ မိန်းမ ထိုး ထည့် ပေးလိုက်သော လက်နှီးစုတ်တွေ တစ်ထွေးကြီး ထွက်လာ၏ ။ နောက် သူ က အခမ်းအနား မှူး လုပ်နေကျမို့ အကျင့် ပါ ကာ ချောင်း ဟန့် ရင်း
“ အဟမ်း အဟမ်း ကျုပ် တို့ က ခင်ဗျား ကို ဖြဲ ခြောက်နေတာ မဟုတ်ဘူး ။ တကယ် လုပ်မှာ ”
သူ့အသံကြားသည်နှင့် သူကြီး က ၊
“ ရဲကျော်မြင့် ထင် တယ် ”
ရဲကျော်မြင့်ခေါ် ပဉ္စမံဒီရိုင်း ရှိုးတိုးရှန်းတန်း ဖြစ် သွားပြီး
“ ဘယ်က ရဲကျော်မြင့် လဲ ရဲကျော်မြင့် လဲ မသိဘူး ။ ပဉ္စမံဒီရိုင်း လဲ မသိဘူး ဟယ် ဟယ် ”
ပြော ပြီး မှ မှား သွားမှန်း သိပြီး ပါ လာသော လက်နှီးစုတ် ကို ပါးစပ် ထဲ ထိုးထည့်ပြီး ပလာစတာ နှင့် ပြန် ပိတ် ထားလိုက်သည် ။
အခြေအနေ မကောင်းတော့မှန်း သိ၍ ထင့် ကိုမျိုး က သူ့ ပလာစတာ ကို ဖြုတ် လိုက်သည် ။ ထူးဆန်း၏ ။ ပါးစပ် ထဲ မှ သူ့ မိန်းမ ၏ ညဝတ် ဂါဝန်ကြီး တစ်ထည်လုံး ထွက်ကျ လာသည် ။ ဂါဝန် ကို ပါ ဖြန့်ပြ နေ သေး၍ အားလုံး ကြောင် ကြည့်နေမိသည် ။ နောက်မှ သတိရပြီး
“ တောက် ဒီမိန်းမ ကတော့ ကွာ ။ ကလေးအနှီး ထည့်ပေး ဆို တာ ကို ”
ဆိုကာ တယုတယ ပြန် ခေါက်သေး၏ ။ ပြီးမှ သူ့ မေးခွန်း ကို စ လိုက်သည် ။
“ သူကြီး က စာနယ်ဇင်း မှာ ကြာပြီ ဆိုတော့ အတွေ့အကြုံ လည်း ရင့် ပြီပေါ့ ။ စာနယ်ဇင်း အပေါ် မှာ ဖြတ်သန်းရတဲ့ အခါမှာ ချို မြိန်တာ တွေ ရော ၊ ခါးသီးတာ တွေရော ကြုံ ရမှာပဲ ။ အဲဒီလို ကြုံတွေ့ ရ တဲ့အခါမှာ ပျော်ရွှင်မှု ရှိရင် ဘာကြောင့် ၊ ကြေကွဲမှု ရှိရင် ဘာကြောင့် လို့ ထင်လဲ ”
“ ကိုမျိုး ( မြန်မာစာ ) မေးခွန်း လိုပဲ ”
သူကြီး တစ်ချက် ထောက် လိုက်သည် နှင့် ကိုမျိုး မှာ ရိပ်မိပြီး သူ့ မိန်းမဂါဝန် ကို ပါးစပ် ထဲ ပြန် ထိုး ထည့် လိုက်ပြီး ပလာစတာ နှင့် ပြန် ကပ် ထားလိုက်သည် ။ နောက် သျှီသူအောင် ကို လှမ်းကြည့်သည် ။ သျှီသူအောင် က ပလာစတာ ကပ် ထားသော သူ့ ပါးစပ် ကို သူ့ လက် နှင့် ပြန် ပိတ်ပြီး ခေါင်းခါ ပြသည် ။ သူ့ ပါးစပ် ထဲ လဲ မတော်တရော် ဘာ ဆို့ ထားမှန်း မသိ ။
အားလုံး အခြေအနေ မဟန်မှန်း သိ၍ မျိုးကိုမျိုး ရှေ့ တက် လိုက်သည် ။
“ ဒုံ ”
မျက်ခွံ ပေါ် မှ မျက်လုံး ပုံ ကို အသားပေး ထား၍ ညို့သကြီး က ခုံစောင်း နှင့် ဝင်တိုက်သည် ။
“ အားလားလား ”
ရုတ်တရက် နာပြီး မျက်လုံး ဖွင့်မိတော့ သူကြီး မှာ အံ့အား သင့် သွားသည် ။
“ ဟာ နှစ်လုံးပြူး ”
မျိုးကိုမျိုး ရိပ်မိပြီး ချက်ချင်း မျက်လုံး ပြန် မှိတ် လိုက်သည် ။
“ ဘယ်မှာ ပြူး လို့လဲ မှေးမှေး လေး ”
မှန်ပေသည် ။ မျက်ခွံပေါ် ဆွဲထားသော မျက်လုံးမှေးမှေး လေး ပြန်ပေါ်လာသည် ။
“ ဟင် ခုန ခုန က မျက်လုံးကြီး က ”
“ ခုန က မျက်လုံးကြီး က အို ပြောရမှာ ရှက်ပါတယ်လေ ဟီဟိ ”
သူ့ ဘာသာ သူ ရှက်ရယ် ရယ်၏ ။ ဒါကို သူကြီး က
“ နေပါဦး ခုန က အပြုံးမျိုး ငါ ဘယ်မှာ တွေ့ဖူးပါလိမ့် ။ နှစ်လုံး လုံး ပြူးတဲ့ အပြူး တွေ့ခဲပါတယ် ”
မျိုးကိုမျိုး လဲ မနေနိုင်တော့ ။ မျက်လုံး ပိတ် ထားတော့ ဘာမှ လဲ မမြင်ရသေးဘဲ ကိုး ၊ ဒါကြောင့် မျက်လုံး တစ်လုံး ကို ဖွင့်ပြီး ၊
“ ဘယ်မှာ နှစ်လုံး ပြူး လို့လဲ တစ်လုံးတည်း ပြူး တာ တစ်လုံးပြူး ”
“ ဟယ် ”
မျက်လုံး တစ်လုံး က လိုသည် ထက် ပို ပြူး ပြီး တစ်လုံး က လို သည် ထက် သေးမြှောင် နေ၍ သူကြီး အံ့အား သင့် သွားသည် ။ ဒီလို တစ်လုံး ပြူး ၊ တစ်လုံး မှေး မျိုး ဘယ်သူ မှ မတွေ့ခဲ့ဘူးပဲ ကိုး ။ မျက်လုံး အစစ် က အပြူး ၊ မျက်ခွံ ပေါ် ရေး ထားသည်က အမှေး ။ တူးဖီး ( လ် ) ကြီး ။
“ ဒီမှာ ကျုပ်တို့ အဖွဲ့ က တကယ် ဘိုင်ပြတ်လို့ ဓားပြ လာတိုက် နေတာ ။ နေဦး ။ ဒီ မျက်လုံး ညောင်း လို့ ပြောင်း လိုက်ဦးမယ် ”
ဆိုကာ မျက်လုံး ကို ပြောင်း မှိတ် လိုက်သည် ။
“ ဟယ် ”
မျက်လုံး က နောက်တစ်ဖက် ပြူးပြီး ၊ နောက်တစ်ဖက် မှေး နေ ပြန်၏ ။ သူ့ မျက်လုံး ကို သူကြီး မပြော နှင့် ကျွန်တော်တို့ အချင်းချင်း ပင် အံ့ဩ လွန်း၍ ငေး နေရသည် ။
“ အဲဒါ ရှိတာ အကုန်ပေး မပေး ရင် ”
“ မသိတာ ရှိရင် မေးလို့ ရမလား ”
သူကြီး က ရိုရိုကျိုးကျိုး မေးသည် ။ မျိုးကိုမျိုး ရင် ကော့ပြီး
“ မေး ”
“ နှစ်လုံး ပြူး လို့ မရဘူးလား ”
“ ဟမ် ”
“ တစ်လုံး စီ ပြူး နေရလို့ လေ ”
“ မရဘူး ။ ကျုပ် က တစ်လုံးပြူး ပဲ ။ တစ်လုံး ပြူး မှ မရရင် ခြောက်လုံးပြူး ”
“ ဘယ်မှာ ပြူး တာလဲ ဟင် ”
“ ဒူးခေါင်း က နှစ်လုံးပြူး ၊ မျက်လုံး ကနှစ်လုံးပြူး ၊ နောက် နှစ်လုံးပြူး က ၊ နောက် နှစ်ပြူး က အဲ ကိုယ့် ဘာသာ ကိုယ် စဉ်းစား ကြည့် ဗျာ ။ နေဦး မျက်လုံး က ညောင်းလာပြီ ၊ ဒီ ဘက် ပြောင်း လိုက်ဦး မယ် ”
“ ဟယ် ”
အကူးအပြောင်း မှာ အပြူးအပြောင်း မြန်သော သူ့ ကို ကြည့်၍ အားလုံး ထံ မှ အာမေဋိတ်သံ ထွက် သွားရသည် ။ သူ ့ခမျာ မျက်လုံး နှစ်လုံး လုံး ကို မှိတ် ထားရင်လဲ ဘာမှ မမြင်ရ ။ နှစ်လုံးလုံး ဖွင့် လိုက်လျှင် လဲ ဒီ မျက်လုံး မြင် လျှင် မျိုးကိုမျိုး မှန်း သိ သွားမှာ ကြောက်၍ တစ်လုံး စီ သာ အသုံးပြု နေရခြင်း ဖြစ်သည် ။
နောက်ဆုံး ဘယ်လို မှ အခြေအနေ မကောင်း၍ ကျွန်တော် မှ ပင် ရှေ့ ထွက်၍
“ ကဲ ဘာမှ မပြော မနေနဲ့တော့ ၊ ဗီဒီယိုဈေးကွက် လဲ ပျက်ပြီ ။ စာအုပ်တွေ လဲ တန့် နေတယ် .. အဲဒီတော့ ”
“ ကိုကိုကြီး ထင်တယ် ”
“ ဟုတ်ကဲ့ အဲ ဟုတ်ဘူး ။ ကျုပ် နာမည် အဓိကပြောင်ကြီး ၊ ကျုပ်တို့ ပြောင်ကြီးအဖွဲ့ ဘိုင် ကျ လို့ ဓားပြတိုက် တာ ရှိတာ အကုန် ထုတ် ”
သူကြီး မှိုင်ကျသွားသည် ။ ပြီးမှ
“ စားစရာ ထမင်းဖိုး တောင် မရှိတော့ လို့ ရုံးပေါ် တက် နေတာ ပါကွယ် .. ပိုက်ဆံကလေးများ ပိုလျှံ ရင် ထမင်းလေး ပြန် ဝယ်ကျွေး သွားပါလား ။ သက်သတ်လွတ်ပဲ စား တာပါကွယ် .. ဈေး ပေါ ပါတယ် ”
သူ့ စကားကြောင့် ကျွန်တော် တို့ လဲ သဘောထား နူးညံ့သော အနုပညာသမား ဓားပြများ မို့ သနား သွားပြီး ကိုယ့် အိတ် ကိုယ် နှိုက် ကာ
“ ကျွန်တော့် မှာ တော့ နှစ်ရာ ပါတယ် ”
“ ငါ့ မှာ ကားခလေး ချန် ထားတဲ့ ငါးဆယ် ရှိတယ် ”
“ ကျွန်တော့် မှာ လဲ မိန်းမ မသိအောင် ဖွက် ထားတဲ့ ငါးရာ ရှီတယ် ”
အားလုံး ကယောင်ကတမ်း နှင့် ပိုက်ဆံများ စု နေမိသည် ။ ဒါကို ဇေယျာ က ကြား ဝင်ပြီး
“ ဟား ဘာ လုပ်နေကြတာလဲ ။ ဒါ ဓားပြ တိုက်နေတာဗျ ။ ဓားပြ တိုက်နေတာ သနားစရာ မလိုဘူး ။ ဘာမှ မရှိရင် အားလုံး တိုင်ပင်ထားတဲ့ အတိုင်း ”
ဇေယျာ က သူကြီးလက်စွပ် ကို မျက်စ ပစ် လိုက်သေး၏ ။ ပြီးမှ တစ်ခွန်း ချင်း ပြော ချလိုက်သည် ။
“ အဖေ အဖေ့ လက်စွပ် ချွတ် ”
“ ဟင် ဓားပြ က ငါ့ ကို အဖေ ခေါ် တယ် ”
သူကြီး ၏ အံ့ဩတကြီး စကား ။ ထိုတော့ မှ ဇေယျာ လဲ မှား မှန်း သိ သွားပြီး ရော ချ လိုက်သည် ။
“ ဟုတ်တယ် ။ ကျွန်တော် က ဓားပြ သာ တိုက်ပေမယ့် ဗုဒ္ဓဘာသာမြန်မာလူမျိုး ဖြစ်တဲ့ အတွက် ယဉ်ကျေးတယ် ။ မေမေ မရှိ ကတည်း က ကိုယ့် ထက် အသက် ကြီး သူ ကို အဖေ ခေါ်လာတာ ။ ဒီတော့ အဖေ အဖေ့ လက်စွပ် ကို အခု ချွတ်ပေး ။ အခု မချွတ်လဲ ကျွန်တော် အမွေခွဲ တဲ့ အခါ ချွတ်ပေး ရ မှာပဲ ”
“ ဘာ ဓားပြ က ငါ့ ကို အမွေ ခွဲ ဦးမှာ ”
ပြောရင်း မှားလေ ။ မှားရင်း ပြောလေ ဖြစ်လာ၏ ။ ဒါကို ငတိ က မလျှော့ ။
“ ဟုတ်တယ် ကျွန်တော် က ဓားပြ သာ တိုက် နေပေမယ့် ၊ အဖေ လို့ ခေါ်မိရင် အမွေ လဲ ခွဲတယ် ။ အို ပြောနေ ကြာတယ် ။ အဖေ့ လက်စွပ် သာ အသာတကြည် ချွတ်လိုက်ပါ ။ တော်ကြာနေ ကျွန်တော် လက် ပါပြီး ကန်တော့ မိ မှာ စိုးလို့ ”
“ ဟင် ဓားပြ က ငါ့ ကို ကန်တော့ ဦး မှာ ”
“ အင်း အဲ ငရဲ မကြီးချင်ရင် လက်စွပ် ကို အမြန် ချွတ်လိုက် ”
ပြောသာ ပြော နေရတာ ။ ဘယ်သူမှ လဲ ဝင် မချွတ်ရဲ ။ တော် ကြာ တစ်ခုခု ဖြစ် သွား၍ အမှု ကြီး နေဦးမည် ။ ဒါကို သူကြီး ကလဲ ရိပ်မိပြီး
“ ဒီ ဒီ လက်စွပ် တော့ မလုပ်ပါနဲ့ကွာ ။ ဒီ လက်စွပ်ကလေး က ငါ လက် တို အောင် ရေးပြီး စု ထားတဲ့ စာမူခလေး နဲ့ စုပြီး ဝယ်ထားတာ မို့ ဒါလေးတော့ ချမ်းသာ ပေးပါ ။ ဒါမှမဟုတ် ထမင်းလေး ကျွေးပြီး ပြန် ကြပါ ။ သက်သတ်လွတ် ပဲ စားမှာ ဆိုတော့ ဈေး ပေါပါတယ် ”
“ ဘာလို့ ကျွေးရမှာလဲ ။ ကိုယ့် မှာ တောင် စားစရာ မရှိလို့ ဓားပြ တိုက်နေတာ ။ အခု ချွတ် မလား ၊ မချွတ်ဘူး လား ပြော ”
“ မချွတ်တော့ ဘာ လုပ်မှာလဲ ပြော ”
“ ဟာ ”
သူကြီး က ရိပ်မိပြီး ပို၍ မာ လာသည် ။ သူ မချွတ်တော့ ဘာ တတ် နိုင်မည်နည်း ။
“ တကယ် မချွတ်ဘူးလား ပြော ”
“ မချွတ်ဘူး ”
သူ က မာနေတော့ ဘာ လုပ်ရမှန်း မသိ ။ စားပွဲပေါ် ဝေ့ ကြည့် လိုက်တော့ ၊
“ ဒိုင်ယာရီ စာအုပ် ”
“ ဟုတ်ပြီ ။ ဒါနဲ့ အကြပ်ကိုင်ရမယ် ”
ဟု စဉ်းစားမိပြီး
“ အေး မချွတ်ရင်လဲ ဟောဒီမှာ ကြည့် ”
ဆိုကာ သူ့ ဒိုင်ယာရီ စာအုပ် ဆွဲ ယူလိုက်သည် ။ ဒိုင်ယာရီ စာအုပ် ကျွန်တော် တို့ လက် ထဲ မြင်တော့ သူကြီး မျက်နှာ ပျက်သွားသည် ။
“ လက်စွပ် ပေးမလား ၊ ဒီ စာအုပ် ကို မီး ရှို့လိုက်ရမလား ပြော ”
သူကြီး ပို၍ မျက်နှာ ပျက်သွား၏ ။
“ အဲ အဲဒါတော့ မလုပ်ပါနဲ့ကွယ် ။ ဒီ ဒီ စာအုပ်ကလေး က ပဲ မြတ်ခိုင်မှတ်စု ဆိုပြီး ဖော်ပြ နေရတာ ။ အဲဒါလေးသာ မရှိရင် ”
အညှာ တော့ ကိုင်မိပြီ ။
“ ဒါကို မီး မရှို့စေချင်ရင် လက်စွပ် အခု ချွတ်ပေး ကြာတယ် ကွာ ။ သာလွန်ပြောင်ကြီး မီးခြစ် ခြစ် ”
“ ဟုတ် ”
သူကြီး နဖူး ပေါ် မှ ချွေးတွေ ထွက်လာသည် ။ တကယ် မီးခြစ် ခြစ်တာ မြင်တော့ သက်ပြင်း ချသည် ။ ပြီးနောက် စာအုပ် ကို ကြည့် လိုက် ၊ လက်စွပ် ကို ကြည့်လိုက် လုပ်သည် ။ ပြီးမှ လေသံပျော့ပျော့ နှင့် ၊
“ စာအုပ် ကို တော့ မလုပ်ပါနဲ့ကွယ် ။ လိုချင် ရင် လိုချင် ရင် ”
လက်စွပ် ကို ချွတ်လိုက်သည် ။ လက်စွပ် က ဝတ်ထားတာ ကြာ ၍ ကြပ် နေပြီး မနည်း ချွတ် ယူရသည် ။
“ လက်စွပ် သာ ယူသွား ကြပါ ”
ဆိုကာ လက်စွပ် ကို ကျွန်တော် တို့ လက်ထဲ ထည့် ပေးလိုက်သည် ။
“ ဟေး ”
ပျော်လိုက်သည့်ဖြစ်ခြင်း ။ ထို့ကြောင့် ၊
“ လက်စွပ် ပေးတဲ့ အတွက် ကျေးဇူးပဲ ။ နောက်မှ ပဲ စာမူ လာ ပို့ဦးမယ် ”
“ ဟင် ဓားပြ က စာမူ လာ ပို့မယ် ”
ပြောရင်း စကား က မှားပြီမို့ ဇေယျာ နည်း အတိုင်း ရော ချ လိုက်သည် ။
“ ဟုတ်တယ်ဗျ ။ ကျုပ် တို့ က စားစရာ ရှိရင် စာ ရေးပြီး ၊ စားစရာ မရှိ မှ ဓားပြ တိုက်တာ ။ ကဲ ပြောင်ကြီးအဖွဲ့နောက်ဆုတ် ”
ဆိုကာ သူကြီး ထ မအော်မီ ဂျာနယ်တိုက် မှ တဝုန်းဝုန်း နှင့် ပြေးဆင်း လိုက်ကြသည် ။
••••• ••••• ••••• •••••
ယမကာ ဆိုင် တွင် ကိုယ့် လုပ်ရပ် ကို ကိုယ် စားမြုံ့ ပြန် ပြီး သူကြီး လက်စွပ်ကြီး ကို တစိမ့်စိမ့် ကြည့် ကာ အရသာ ခံ နေကြသည် ။ ဓားပြ ကလဲ တစ်ခါ မှ မတိုက်ဖူးတော့ ပြောစရာ စကား က မကုန် ။ ကြာလာတော့ ၊
“ ကဲ ဒီ အတိုင်း စားမြုံ့ ပြန် နေလို့ မပြီးဘူး ။ ဒါကို ရောင်းပြီး ဝေစု ခွဲရအောင် ။ ဒီ အချိန် ဆို မိန်းမ မျှော် နေလောက်ပြီ ”
မိန်းမ ကို ဆယ်မိုင် ပတ်ဝန်းကျင် အကွာအဝေး မှ စ ကြောက် ရသော ကျော်သီဟ က လောဆော်သည် ။
“ ဟုတ်တယ် ။ ည လဲ နက်ပြီ ဆိုတော့ အိမ်ပြန်ဖို့ လိုပြီ ”
တယ်လီဖုန်း ထဲ က မိန်းမ အသံ ကြား လျှင် ပင် ကြောက် ပြီး တိုင်ထောင့် ပြေး ပုန်းပြီး ရိုရို သေသေ ဖုန်း ပြော တတ်သော ကိုမျိုး က ထောက် ခံသည် ။
“ ကဲ ဒါဖြင့် ဒါကို ဝယ်နိုင်တဲ့ သူ ဖုန်း ဆက် ကွာ ။ မြန်မြန် အပြတ် ရှင်းတာပေါ့ ”
ခပ်ပြတ်ပြတ် အောင်စိုးသူ စကား ။
“ ကျွန်တော် သိတယ် ”
ဗဟုသုတ များသော ကိုမျိုး မှ ပင် ဖုန်း ဆက်သည် ။
“ ဟယ်လို ကိုကျော်သာ လား ။ ပစ္စည်း လေး တစ်ခု ရောင်း ချင်လို့ ခင်ဗျား လာ ကြည့်ပေး ပါဦး ။ ပန်းဆိုးတန်း ကုန်းတံတား နား မှာ ”
သူ့ အပိုင် လူ ကို ဖုန်း ဆက် လိုက်သည် ။ သူ က ပိုက်ဆံ ပြတ် တိုင်း မိန်းမ နားကပ် ယူ ပေါင် နေ ရောင်းနေ ကျ ကို ။
“ အတော်ပဲ သူ က ( ၃၆ ) လမ်း ထဲ မှာ ရောက် နေလို့ ချက်ချင်း လာ ခဲ့မယ် တဲ့ ။ ငွေ က တော့ လို လဲ ခဏစောင့် တဲ့ ”
အားလုံး ပျော် သွားကြသည် ။ ငွေ ရ ပေါက် တွေ့ပြီကိုး ။
သိပ် မကြာပါ ။ ကိုမျိုး ပြောသော သူ ရောက် လာ၏ ။
“ ဘာကိစ္စများ လဲ ကိုမျိုး ရာ အလောတကြီး ”
ကျောက်မျက် ကျွမ်းကျင် ကိုကျော်သာ က ဆို သည် ။
“ ဒီမှာဗျာ ။ ကျွန်တော် တို့ ပစ္စည်းလေး တစ်ခု ရောင်း ချင်လို့ ဘယ်လောက် တန် လဲ ကြည့် ပါဦး ”
ကိုကျော်သာ ဆို သူ က လက်စွပ် ကို ဆွဲယူပြီး တစ်ချက် ကြည့် သည် ။ ပြီးနောက် ပြန် ချ ပြီး ၊
“ ကိုမျိုး ရာ ခင်ဗျား သိပ်နောက်တာပဲ ”
အားလုံး မျက်လုံး ပြူး သွားကြသည် ။
“ ဘာ ဘာဖြစ်လို့လဲ ”
အားလုံး ၏ အမေး ။ ကိုကျော်သာ သက်ပြင်း ချပြီး
“ ခင်ဗျား ဟာ အတုကြီး ဗျ ”
“ ဘာ ”
အားလုံး ပါးစပ် အဟောင်းသား နှင့် ပျော့ကျ သွား၏ ။
••••• ••••• ••••• •••••
ဤမျှလောက် နှင့် စိတ် နာ သင့်သည် ။ သို့သော် စိတ် မနာနိုင် သေး ။ နောက် တစ်ပတ် လျှပ်တစ်ပြက်ဂျာနယ် ထွက် မှ စိတ် နာ မိသည် ။ ဂျာနယ် တွင် ရေး ထား သည် က ၊
“ တစ်နေ့ည ဂျာနယ်တိုက် တွင် တစ်ယောက် တည်း အေးအေး လူလူ ရှိနေစဉ် လူ ကိုးယောက် ရောက် လာပြီး ဓားပြ လာ တိုက် ။ ခုခံ ရင် လဲ ကောင်လေးတွေ နာ ကုန်မှာ စိုး ရ ။ သူတို့ ခမျာ စားစရာ မရှိလို့ လုပ်ကြတာ ဟူ၍ ကရုဏာ သက် ။ ဘယ်သူတွေ လဲ ဆိုတာ သိ သော် လည်း သနားစိတ် နှင့် နှုတ်ပိတ် မိ ။ နောက်ဆုံး သနားစိတ် ဖြင့် သာ မိဘဘိုးဘွား ပိုင် နဝရတ် ကိုးသွယ် လက်စွပ်ကြီး ကို ချွတ် ပေးလိုက် ။ တန်ဖိုး ကြီးမှန်း သိ ။ သို့သော် လူငယ် တို့ ၏ အကျင့် က ပို တန်ဖိုးကြီး သည် မဟုတ်လား ။ လက်စွပ် ကို ရောင်းချ ၍ စား ကြပါစေ ။ အဆင်ပြေပါစေ ။ မေတ္တာပို့ ။ ဘယ် ပစ္စည်း မှ မမြဲ ။ သေရင် ပြီးပြီ ။ သေရင် ပြီးပြီ ။
❤️ ရှိရင်းစွဲ နော်တော်များ အား ချစ်ခင်သမှု နဲ့ ကျီစယ် ပါသည် ။
◾ အကြည်တော်
📖 ပြုံးတော်မူ
#ကိုအောင်နိုင်ဦး
No comments:
Post a Comment