❝ တစ်နပ်စာ ❞
ကျုပ် တို့ သားအဖ နှစ်ယောက် သီချင်းတွေ အော် ဆိုပြီး ပြန်လာခဲ့ကြ တယ် ၊ ဒီနေ့ အတွက် တော့ နေ့တွက်ကလေး စီ လာ ပြန်ပြီပေါ့ ။ ဘုန်းကြီးပျံ ပွဲ မှာ ပူဖောင်းတွေ တော်တော်လေး ရောင်း ခဲ့ ရတာကိုး ။ ကျုပ် နောက် က ကျုပ် သားလေး က တကောက်ကောက် လိုက်လို့ ။ ကျုပ် က ပူဖောင်းတွေ ချိတ်ထား တဲ့ ကပ်ကလေး ထမ်းလို့ ။ လွယ်အိတ်စုတ်ကလေး တယမ်းယမ်း ပေါ့ ။ ကျုပ် သား က တော့ မရန်းပြားလေး ဝါး ရင်း ဟိုကြည့် ဒီကြည့် နဲ့ ။
“ အဖေ ၊ အဖေ ဒီ နေ့ ဝက်သား ချက်မှာ နော် ”
“ အေးပေါ့ ဟ ၊ ဝက်သား ဝက်သား ”
ကျုပ် က ဝက်သား ၁၅ ကျပ်သား အထုပ် ပါ တဲ့ ဘေးလွယ်အိတ် ကို လွယ်ပြီး ပြန် အော် ပြောလိုက်တယ် ။ စိတ် ရွှင်လန်း နေ တဲ့ အတွက် ကျုပ် အသံ နည်းနည်း ကျယ် သွားတယ် ။ သား နဲ့ ကျုပ် က အနေအစား ဆင်းရဲပါတယ် ၊ အသားဟင်း ဆိုတာ တစ်ခါတစ်ရံ မှ ပါ ။ ဒီတော့ အသားကလေး ငါးလေး ဝယ်နိုင်တဲ့ နေ့ ဆိုရင် ကျုပ်တို့ မှာ ပျော်လို့ ။ ကျုပ် အနေ နဲ့ က ဘာပဲဖြစ်ဖြစ် စား နိုင်ပေမဲ့ သား က ငယ် သေးတယ် ။ ပြီးတော့ အမေ မရှိတဲ့ သား မို့ ကျုပ် ပို ပြီး ညှာ မိတယ် ။
“ ဟော ... သားအဖ ပြန် လာ ကြပြီလား ”
လမ်းထောင့် မုန့်ဆိုင်သေးသေးလေး က မိန်းမကြီး က နှုတ်ဆက်တယ် ။
“ ဟုတ်ပဗျား ၊ ပြန်ခဲ့ပြီပေါ့ ”
“ အပြန် အပြန် × × × အပြန်လားဟေ့ အသွား × × × အသွား × × × အသွားပါပေ့ ဝတ်ရည်ကူးကာ လူးလာပျံကြကုန် ... ”
ကျုပ် က ပြန် ဖြေ ရုံ မက သီချင်းကလေး ပါ ဆို လိုက် မိတော့ မိန်းမကြီး က ပြုံး ကြည့် နေတယ် ။
“ ကိုတိုက်အေး ၊ တော် က တော့ ပျော်ပျော်ပဲ နော် ”
“ ဟာ မပျော်လို့ ဘယ်လို နေပါ့ဗျာ ၊ ဟေ့ သား ... မင်း အဒေါ် ဆီ မှာ အကြွေး ပေးစရာ ရှိ သေးသလား ”
ကျုပ် သား က ကျုပ် ကို ပြူးကြောင်ကြောင် နဲ့ ခေါင်းယမ်း ပြတယ် ၊ ပြီးတော့
“ ထမင်းဆာပြီ အဖေ ရ ”
“ အောင်မယ် ... အောင်မယ် ၊ ဘယ် မရှိရမှာလဲ ။ တစ်နေ့ က ကောင်လေး ငှက်ပျောသီး ယူ သွားတဲ့ ၁၅ ပြား လေ ”
မိန်းမကြီး က ဝင် ပြောသည် ။
“ ဟုတ်လား ၊ ဟေ့ကောင် ”
ဒီတော့မှ ကျုပ် သား က ခေါင်း ညိတ်ပြတယ် ။ ဒီကောင်လေး က တစ်ခါတစ်ခါ အူတူတူ နဲ့ သိပ် အတွေး လွန်တာပဲ ။ ၅ နှစ်ပဲ ရှိသေးတယ် ၊ ဘာတွေ ဒီလောက် တွေး နေသလဲ မပြောတတ်ဘူး ။
“ ရော့ဗျား ၊ ခင်ဗျား အကြွေး ။ သွားမယ် အစ်မ ရေ ၊ အိမ် မှာ ညစာ ချက် ရဦးမှာ ”
“ ကောင်းပါ့တော် ကောင်းပါ့ ၊ နောက်လည်း မုန့် ယူစားပေါ့ ၊ ပိုက်ဆံ က တော့ ရှိကာ မှ ပေး ဖြစ်တာပဲ ”
သူ က ကျုပ်တို့ သားအဖ ကို ဘာတွေ သဘော ကျတယ် မသိဘူး ၊ ပြုံးလို့ ၊ ရှိကာ မှ ပေး ဆိုလို့ ၊ ကျုပ် မှာ ရှိကာ မှ ပေးရမယ့်အကြွေးတွေ က လည်း များသား ။
လမ်းကြား ထဲ ကို ကွေ့ချိုး ဝင် လိုက်ပြီ ဆိုရင် ကျုပ်တို့ အိမ်ကလေး ကို မြင် ရ တော့တာပဲ ။ ကျုပ်တို့ အိမ်ကလေးက သေးသေး ဆို မှ တကယ့် သေးသေး လေး ။ တိုင်တွေ က လည်း ပိုး စား လို့ ယိုင်နေပြီ ။ သက်ငယ်အမိုးတွေ ကလည်း ကျိုးတိုးကျဲတဲ နဲ့ ။ ဒါပေမဲ့ ကိုယ် အိမ် ကို မြင် ရတော့ ရင်ထဲ မှာ အေး သွားတယ် ။ ကိုယ့် အရိပ် ကိုယ့် အာဝါသ အောက် ပြန် ရောက်ရပြီ ဆိုရင် သိပ် စိတ်ချမ်းသာ တာပဲ ၊ ဒါပေမဲ့ ကျုပ် အိမ်ကလေး မှာ ဆီးကြို နေမယ့် အိမ်ရှင်မ မရှိ တာ ကြာပြီကော လေ ။
“ အဖေ အဖေ ... အိမ် ထဲ မှာ ကျွန်တော် ဝှက်ထားခဲ့တဲ့ သေနတ်ကလေး က အကောင်းလား အပျက်လား ”
“ မင်း ဟာ အမှိုက် ထဲ က ကောက် လာတာ နေမှာပါကွာ ”
“ နည်းနည်းတော့ သစ်သေးတယ် အဖေ ရ ၊ ဘာကြေး လောင်းမလဲ ”
ဒီ ကလေး ငယ်ငယ်ရွယ်ရွယ် နဲ့ လောင်းကစား အလွန် ထက်သန်တယ် ။ ဒါပေမဲ့ ကျုပ် သား က မညာတတ်ဘူး ။ အဲဒါ တစ်ခုတော့ တော် တယ် ။ ခုတော့ သူ ထမင်း ဆာ နေပြီလေ ။ ကျုပ် အိမ်တံခါး ကို ဖွင့် လိုက်တယ် ။ ထမင်းကြမ်း တော့ ကျန်ဦးမှာပဲ ။ ဝက်သား က ချက်ရတာ ကြာတယ် ၊ နူးဖို့ နပ်ဖို့ စောင့် ရသေးတယ် ။
အိမ် ထဲ မှာ ရှုပ်ပွ နေတဲ့ ပစ္စည်းတွေ ကို ကလေး က ကောက် သိမ်းနေ တယ် ။ ဒါတွေ က လည်း သူ့ ကစားစရာ တွေ ပါ ။ ကျုပ်တို့ မှာ ဘာ အိမ်ထောင် ပရိဘောဂ မှ မရှိပါဘူး ။ သူ့ ကို ထမင်းကြမ်း စား နှင့် ခိုင်း ရတယ် ။ ဟင်း ချက် မလို့ ကြည့် တော့ ဆီ က မရှိပြန်ဘူး ။
“ သားရေ ၊ ဆီ ကုန် ပြန်ပြီဟ ”
ဆီပုလင်း ကို ဆွဲပြီး ကုန်စုံဆိုင် ဆီ ထွက် လာခဲ့တယ် ။ ကျုပ် ရောက်တော့ ဆိုင် ထဲ မှာ ဘယ်သူ မှ မရှိဘူး ။ ငါးမုန့်ထုပ်တွေ ၊ အချိုမှုန့်ထုပ်တွေ တွဲလွဲ ဆွဲ ထားတယ် ၊ ခေါက်ဆွဲစည်း ၊ ကြာဆံစည်းတွေ လည်း စီရီ တင်လို့ ။ ကုလားပဲ ခွက်တွေ ၊ ပဲစင်းငုံခွက်တွေ မြင် ရတော့ မနက်ဖြန် ပဲဟင်း ချက်ဦးမှပဲ တွေး မိ တယ် ။ ချိတ်ဆွဲ ပြထားတဲ့ ဒန်အိုး ၊ ဒန်ခွက်တွေ က တောက်ပြောင် နေကြတယ် ။
အိမ် ထဲ က ကျုပ်တို့ အရွယ်လောက် လူ တစ်ယောက် ထွက် လာတယ် ။
“ ဘာ ဝယ် မလို့လဲ ”
အသံ ခပ်မာမာ နဲ့ မေး တယ် ။ ကျုပ် က လည်း စိတ် တိုသွားပြီး ၊
“ ဆီ ၊ ဆီ ” လို့ ပြန် အော် လိုက်တယ် ၊ သူ က ကျုပ် ကို မျက်စောင်း ထိုး ကြည့် ပြီး ဆီပုလင်း ကို လှမ်း ယူ လိုက်တယ် ။
“ ဘယ်လောက်ဖိုးလဲ ”
ကျုပ် က တစ်ကျပ်ဖိုး ဆို တော့ သူ က အိမ် ထဲ ကို လှမ်း အော်ပြီး
“ မမြစိန် ရေ ၊ ဆီ တစ်ကျပ်ဖိုး တဲ့ ရောင်း ရ မလား ”
အိမ် ထဲ က အိပဲ့ အိပဲ့ နဲ့ မိန်းမဝဝကြီး တစ်ယောက် ထွက် လာတယ် ၊ သူ့ ပါးစပ် က လည်း ဗျစ်တောက် ဗျစ်တောက် နဲ့ ။
“ ဆီတွေ က ဈေး တက် နေတာ တော့ တစ်ကျပ်ဖိုး ငါးမူးဖိုး ဆို ရောင်းလို့ ကိုက် တာ မဟုတ်ဘူး ”
ကျုပ် စိတ်ပျက် သွားတယ် ။ တကယ်ပါပဲ ။ ပိုက်ဆံ ပေး ဝယ် ရတာ တောင် မျက်နှာ ငယ် လိုက်တာ ။
“ ကဲ ကဲ ပေးပါလေ ၊ ဒီတစ်ခါ တော့ ရောင်း လိုက်တာပေါ့ ”
ဒီ တစ်ခါတော့ တဲ့ ဗျာ ၊ ကျုပ် ပြန် အော် ပစ် လိုက်ချင်တယ် ။ မရှိ လို့ သာ တစ်ကျပ်ဖိုး ငါးမူးဖိုး ဝယ် ရတာပေါ့ ဗျာ ။ ဘယ်သူက နည်းနည်းလေး ဝယ်ချင်ပါ့မလဲ ။ ကျုပ် လည်း တတ်နိုင်ရင် ဆီတွေ ကို ပီပါ လိုက် လှောင် ထား လိုက်ချင်သားပေါ့ ။ ဒါကို သူတို့ သိဖို့ ကောင်းပါတယ် ။ ကျုပ် ခေါင်းယမ်း မိ တယ် ။ မခံချင်တာနဲ့
“ ဆီ ဗျ နော် ၊ ငံပြာရည် မဟုတ်ဘူး ”
“ သိပါတယ်ဗျ ”
ကျုပ် ပြုံးချင်လာတယ် ။ အဲဒီ လို လူမျိုးတွေ ကို ကျုပ် က နည်းနည်း လောက် ကလိ ချင် လာတယ် ။ မိန်းမ ထဘီနား ကပ် စားပြီး ဟန်ကြီးပန်ကြီး လုပ် နေတတ်တဲ့ လူမျိုး ကို ကျုပ် မုန်းတယ် ။ ပြီးတော့ သူ က ကျုပ် အမူအရာ မှန်သမျှ ကို စောင့် ကြည့်နေသေး ။
အဲဒီနေ့ က ညစာ ကို ၈ နာရီ လောက် မှ စား ကြရတယ် ။ ကလေး က လည်း ထမင်း စားပြီး အိပ် တော့တာပဲ ။ စာ တောင် မကျက်နိုင်ရှာဘူး ။ သူ့ခမျာ လည်း ကျုပ် နောက် က တကောက်ကောက် နဲ့ ပင်ပန်း ရှာပါတယ် ။ သူ့ အမေ သာ ရှိရင် သူ့ ကို ချော့ သိပ်မှာပေါ့ ။ ခုတော့ အိမ်ထောင့်ကလေး ထဲ မှာ ခပ်ကွေးကွေးလေး အိပ်လို့ ။ ပြတင်းပေါက် က လေ တိုက် နေတော့ ကလေး အအေး မိ မှာ စိုးလို့ တံခါး ကို ဆွဲ ပိတ် လိုက်တယ် ။ ကြည့်စမ်း လ သာ လိုက်တာ ၊ မန်ကျည်းကိုင်းတွေ ပေါ်မှာ လရောင် ကျ လို့ စိမ်းလက် နေတာပဲ ။ အဝေး က ဂီတာ သံ သဲ့သဲ့ ကြား လိုက် ရတယ် ။ ကျုပ် ရင် ထဲ မှာ နာကျင် သွားတယ် ။ တံခါး ကို မြန်မြန် ပိတ် လိုက်မိတယ် ။ အတိတ်တွေ က ကျုပ် ရင် ထဲကို တိုးဝင် လာပြန်ပြီ ။ မှောင်မည်းဆိတ်ငြိမ် နေ တဲ့ အိမ် ထဲ မှာ ကျုပ် မိန်းမ က ကျုပ် တို့ ကို စောင့်ကြည့် နေ သလိုလို ...
တကယ်တော့ ကျုပ် ဘ၀ မှာ စိတ်ကူးယဉ်စရာ ဆို တာ ရှားပါး လွန်း လှ ပါဘယ် ။ ခုတော့ အသက်ကလေး လည်း ရ လာပြီ ။ သားကလေး က လည်း ကျောင်း စ နေပြီ ဆိုတော့ ရှေ့ရေး ကို တွေးစရာတွေ အများကြီးပေါ့ ။ အရင်က တော့ ကျုပ် မိန်းမ က ရေထမ်း ၊ ကျုပ် က ရွာရိုး ကိုး ပေါက် ပူဖောင်း အရောင်း ထွက် ရတယ် ။ ဘုန်းကြီးပျံ တို့ ၊ ဘုရားပွဲ တို့ ၊ အလှူအတန်း တို့ ရှိတဲ့ ရွာတွေ ကို ညဉ့်အိပ် ညနေ သွား ရောင်း ခဲ့ရတယ် ။ ကျုပ် မိန်းမ က လောဘ ရှိတယ် ။ ကြိုးစားတယ် ။ သားကလေး ရလာပြီ ဆိုတော့ လည်း ကလေး အတွက် အလုပ် ကို ပိုပြီး ကြိုးစားတယ် ။ သူ့ မှာ သား အတွက် မျှော်မှန်းချက် တွေ ပြည့်လို့ ၊ ဒါပေမဲ့ သူ့ ခမျာ ကံ ဆိုး ရှာပါတယ် ။
“ ဟေ့ ကိုတိုက်အေး ၊ ခင်ဗျား မိန်းမ ဆေးရုံ ရောက် နေပြီ ”
အဲဒီတုန်း က ကျုပ် က တောင်ဘက်ရွာ က အလှူ မှာ ၊ လူ တစ်ယောက် က လာ ပြော တော့ အံ့သြ သွားတယ် ။ ထိတ်လန့် သွားတယ် ။ ကျုပ် လည်း ရွာ ကို ချက်ချင်း ပြန်ပြေး ၊ မြို့ဆေးရုံ ကို အတင်း လိုက်ပေမဲ့ သူ့ အသက် ကို မမီတော့ဘူး ။ အရွယ် နဲ့ မလိုက်အောင် ပင်ပန်းဆင်းရဲ တဲ့ ဒဏ်တွေ ရယ် နောက် ကလေး ကိုယ်ဝန် နဲ့ ရေတွင်း ပေါ် ချော်လဲ တဲ့ ဒဏ်တွေ ရယ် စု ခံ ရ ရှာတာ ပါဗျာ ။ သူ့ ကို “ ရေ မထမ်းပါနဲ့ တော့ လို့ ကျုပ် အတန်တန် တားလျက် နဲ့ ဖြစ်ရတာမို့ ကျုပ် ကရုဏာဒေါသ ဖြစ်ရတယ် ။
ဆိုင်းထမ်း နဲ့ ထမ်းပိုး ကို မြင်ရင် ကျုပ် စိတ်နာတယ် ။ ကျုပ် မိန်းမ ဟာ သူ့ ဘဝ တစ်လျှောက် လုံး ကျွဲ လို နွား လို ရုန်းပြီး သေ သွားတော့ လည်း အသေ ဆိုး နဲ့ သေ ခဲ့ရတယ် ။ ဒါကြောင့် ကျုပ် ပူဖောင်းလေးတွေ ပဲ ရောင်း တော့တယ် ။ ဒါပေမဲ့ ဒီ အလုပ် က လည်း ပွဲကလေး လမ်းကလေး ရှိ မှ ကိုက်တာ ဆိုတော့ မစားလောက် ပြန်ဘူး ။ ပြီးတော့ သား အတွက် စာအုပ် ဖိုး ၊ အင်္ကျီ ဖိုး လို လာ ပြန် တော့ ကျုပ် အလွန် မုန်းတဲ့ ဆိုင်းထမ်း ကို ကောက် ကိုင် ရ ပြန်တယ် ။ ကျုပ် ဘဝ ဟာ ခက်ခဲတယ် ၊ ကြမ်းတမ်းတယ် ။ ဒါပေမဲ့ ကျုပ် ညည်းညူ မနေခဲ့ပါ ဘူး ။ ကျုပ် တို့ ဘုန်းကြီး က မှာဖူးတယ် ၊
“ လောကဓံကြုံ ၊ မဖြုံစမ်း နဲ့ မတုန်တမ်းပ စိတ်ခိုင်စေ ” တဲ့ ။
ဒါပေမဲ့ ကျုပ် လည်း လူ တစ်ယောက်ပဲ ၊ ဝမ်း သာရင် သီချင်း ဆိုမယ် ၊ ဝမ်း နည်း ရင် ငိုမယ် ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် တုန်လှုပ်အောင် တော့ မဟုတ် ဘူးပေါ့ ။ ကျုပ် ဘယ်လောက် ပဲ ပင်ပန်းပါစေ ၊ ကျုပ် သား ပျော်တာ မြင် ရတယ် ဆိုရင် ကျုပ် လည်း ပျော် တာ ပါပဲ ။ သား က ငယ် သေးဘယ် ။ ဒီ အရွယ်လေး နဲ့ ကျုပ် ရဲ့ သောက ဒုက္ခ တွေ မျှဝေ ခံစား နေရတာ ကျုပ် မလိုလားဘူး ။ ဒါပေမဲ့ ရေထမ်းသမား သား က ကိုယ့် ကိုယ် ကိုယ် ဘုရင့် သား လို့ ထင်လာအောင် မြှောက်စားတာ မျိုး တော့ ကျုပ် လည်း မုန်းတယ် ။ သား ကို ကိုယ့် ဘဝ နားလည် စေ ချင်တယ် ။ ဒါနဲ့ အတူ သူ ဝမ်းနည်း ညိုးငယ် မှာ လည်း ကျုပ် စိုးရိမ် တယ် ။ ကျုပ် ဘ၀ မှာ ကျုပ် သား ဟာ ကျုပ် မျှော်လင့်ချက်ပဲ ။ အင်အားပဲ ၊ သား သာ မရှိရင် အကြင်နာမေတ္တာ ခေါင်းပါးတဲ့ အထီးကျန် ဘဝ မှာ ကျုပ် ဘယ်လို နေရမလဲ မသိဘူး ။ သား ကို တော်စေချင်တယ် ။ တတ်စေချင်တယ် ။ ကျုပ် ဘဝ မှာ မရခဲ့တဲ့ သာယာ ပျော်ရွှင်မှုတွေ သူ့ ကို ရစေ ချင်တယ် ။ သား အတွက် ရွှေငွေ စည်းစိမ် ချမ်းသာ ကျုပ် မမျှော်မှန်းပါဘူး ။ ရိုးသားတဲ့ စိတ်ဓာတ် ခိုင်မာတဲ့ လူတော် လူကောင်း တစ်ယောက် ဖြစ်လာမယ် ဆို ရင် တော်ပါပြီ ။ ဆင်းရဲနုံချာပြီး အောက်ကျ နောက်ကျ နိုင် လွန်းတဲ့ ကျုပ် ဘဝမျိုး ကျုပ် သား မရစေချင်တာ ကျုပ် ရဲ့ အဓိက ရည်ရွယ်ချက်ပါ ။
ကျုပ် အလုပ် က ရေထမ်းတယ် ။ ပွဲကလေး လမ်းကလေး ရှိရင် ပူဖောင်း ကလေး ရောင်းတယ် ။ စားလောက်သလား ဆို တော့ အကြွေး သံသရာ ထဲ မှာ အသစ် ယူ ၊ အဟောင်း ပေး ရရစားစား ပါ ပဲ ။ ကလေးအင်္ကျီ တစ်ထည် နှစ်ထည် တိုး ရင် ကျုပ် အဖို့ ပိုလျှံတယ် ပြော ရမှာပဲ ။ ရေ ထမ်း ရတာ ကို ကျုပ် မုန်းတော့ ရေ ထမ်း ရင် ဘယ်တော့ မှ သီချင်း မဆိုဘူး ။
ကလေးတွေ ကျောင်း လွှတ်ခါ နီးတော့ ရေ ကို မြန်မြန် ငင် ၊ မြန်မြန် ထမ်း ရတယ် ။ တစ်ခါတစ်ခါ ရေတွင်း ထဲ မှာ ရေပုံး နစ် ကျ သံ ကို နှေး လွန်းတယ် ထင်မိပါရဲ့ ။ ညစာ ချက်ရမယ်လေ ။ ကလေး က ကျောင်း ပြန် လာရင် ဆာ တတ် တယ် ။ ဒီနေ့ သူ အင်္ကျီ အသစ်ကလေး ၊ ကျောက်သင်ပုန်း အသစ်ကလေး နဲ့ ကျောင်း သွားတော့ ကျုပ် ရင် ထဲ မှာ ပီတိ ဖြာ နေတာပဲ ။ သူ့ အတွက် အင်္ကျီသစ် က လပေး နဲ့ ဝယ် ထားတာလေ ။ တစ်နေ့ နှစ်ကျပ် ဆပ်ရတယ် ။ ဒီနေ့ ကျုပ် ရေ ထမ်း ခ က ၄ ကျပ် ။ အင်္ကျီဖိုး ဆပ် ရင် ကျုပ် မှာ ၂ ကျပ် ပဲ ကျန်မယ် ။ ဆန်ဖိုး တောင် အနိုင်နိုင် ပါ ပဲ ။
ရေထမ်း ကို မ ပြီး ပခုံးပေါ် တင် လိုက်တော့ ရေစက်တွေ ဖြာစင်သွား တယ် ။ လမ်း ပေါ် မှာ ကျောင်းသားကလေး တွေ ဆူဆူညံညံ ရယ်ရယ်မောမော နဲ့ ပြန်လာ ကြပြီ ။ ကြည့်စမ်း ကလေး ဘဝ ဆို တာ ဘယ်လောက် အားကျဖို့ ကောင်း လိုက်ပါသလဲ ။ အပူအပင် ကင်းမဲ့တဲ့ မျက်နှာကလေးတွေ ဟာ ကြည် လင်ရွှင်ပျ လို့ ။ ကျုပ် က သား ကို ရှာ ကြည့်မိတယ် ။ ကျုပ် စိတ် က လော နေပေမဲ့ ခြေလှမ်းတွေ က သိပ် မသွက်ချင်ဘူး ။ ရေ ကို အမြန် ထမ်း ၊ ပြီးတော့ ညစာ ချက် ။ ကျုပ် စိတ် ထဲ မှာ ရေရွတ် နေတယ် ။ သား သူငယ်ချင်းတွေ နဲ့တွေ့ တော့ ..
“ ဟဲ့ ကလေးတွေ ၊ သိန်းထွန်း ကော ဟ ”
“ ဦးလေး သား နောက် မှာ ကျန်ခဲ့တယ် ။ ဘာဖြစ်လို့လဲ မသိဘူး ငို လို့ ဗျား ”
ကျုပ် ထိတ်လန့် သွားတယ် ။ ဘာဖြစ်လို့ပါလိမ့် ။ မနေ့ည က သူ စာ မကျက်ခဲ့ရတော့ စာ မရလို့ ဆရာမ က ရိုက် လေသလား ထင်မိတယ် ၊ ရေထမ်း ကို ချပြီး လိုက် သွားတယ် ။ ဒီကောင် ကျုပ် ကို တောင် မမြင်ဘူး ။ ရှိုက်ကြီး တငင် ငို နေ လိုက်တာ ။ ကျုပ် က သူ့ ခေါင်း ကို အသာ ပုတ်ပြီး ..
“ ဟဲ့ သား ၊ ဘာဖြစ်လို့လဲ ၊ ဘာဖြစ်လို့လဲ ”
“ အဖေ ကျွန်တော့် ကျောက်သင်ပုန်း ကွဲ သွားပြီ ”
“ ဟင် ”
ကျုပ် ဒေါသ ဖြစ် သွားတယ် ။ မနက် က မှ ဝယ် ပေးတယ် ၊ ခု သူ က ခွဲ ပစ်လိုက်ပြီ ။ အင်္ကျီအသစ်ကလေး က လည်း ဖုန်တွေ နဲ့ ညစ်ထေး ပေရေလို့ ၊ ဒီကောင် တော်တော် ဆိုးတယ် ။ အဖေ က မရှိမဲ့ ရှိမဲ့ ဝယ် ပေး ထားတာလေးတွေ ကျုပ် ကို မျက်ရည်ခံ ထိုးတယ် ထင် မိလို့ ကျုပ် ပိုပြီး စိတ် ဆိုးတယ် ။ သူ့ ကို လှုပ်ယမ်းရင်း ... ။
“ ခွေးကောင်လေး ၊ နင် သိပ် ကစား မက်တယ် ။ ကိုယ့် ကျောက်သင်ပုန်း ကို ကွဲအောင် လုပ်ပစ်တယ် ဟင် ”
“ မဟုတ်ဘူး အဖေ ။ သူများကြောင့် ကွဲတာ ”
“ ဘာ ... သူများကြောင့်လဲ ၊ ငါ့ ကို ညာ ပြန်ပြီ ”
ကျုပ် သား က ကျုပ် ကို ငိုမဲ့မဲ့ ကြည့် ပြီး ကျောက်သင်ပုန်းကွဲစလေးတွေ လိုက် ကောက် နေတယ် ။ ပြီးမှ ...
“ သန်းဦး ကြောင့် ကွဲ တာ အဖေ ၊ သူ က ကျွန်တော့် ကို အတင်း ဝင် တိုး သွားတယ် ”
“ ဘာ သန်းဦး ဟုတ်လား ။ ဘယ်မလဲ ဒီကောင် ”
“ ဦးလေး ၊ ဦးလေး ။ သန်းဦး က အိမ်ပြန် ပြေး ပြီ ”
ကလေး တစ်ယောက် က ဝင် ပြောတယ် ။ ကျုပ် ရင် ဟာ ဒေါသ ကြောင့် တုန်ယင် နေတယ် ။ ဒီ ကျောက်သင်ပုန်း တစ်ချပ် ကို ကျုပ် ဘယ်လို လုပ် ဝယ် ခဲ့ရ တယ် ဆိုတာ သူတို့ မသိဘူး ။ ပြီးတော့ ကျုပ် သား ကို လည်း မျက်နှာ မရှိလို့ အနိုင် ကျင့်တယ် ထင်တယ် ။
“ လာ ဟေ့ကောင် ... ငို မနေနဲ့ ၊ အဖေ အစား ဝယ် ပေးမယ် ”
“ တောက် ၊ သူများ သားသမီး ကို စော်စော်ကားကား ကွာ ။ မင်း က ဒီလောက် အ ရသလား အဖျင်းလေး ရဲ့ ”
ကျုပ် တစ်ယောက် ယောက် ကို ထိုး ရိုက် ပစ်ချင်သလိုပဲ ၊ ကျုပ် အနား မှာ ဟို ကလေး သာ ရှိရင် ရိုက်ပစ် မလားပဲ ။ ကျုပ် သား ကို စိတ်တိုတို နဲ့ ဆံပင် ကလေး စုပြီး ဆွဲခေါ် လာခဲ့တယ် ။ သား က ငို တော့ ကျုပ် ရင် ထဲ မှာ နာကျင် လို့ ။ ရေ ထမ်းပြီး တဲ့ အထိ ဒေါသ က မပြေသေးဘူး ။ ကျုပ် သား ကတော့ အသံ မထွက်ဘဲ တိတ်တိတ်ကလေး ကျိတ် ရှိုက်နေတယ် ။ နောက် မှ ကျုပ် စဉ်း စားမိတယ် ။ ကလေး ချင်း မတော်တဆ ဖြစ်တာ နေမှာပါပဲ ။ ဒါပေမဲ့ အဲဒီ မတော်တဆကလေး အတွက် ကျုပ် ဘယ်နှရက် ရေ ပို ထမ်း ရမယ် မသိဘူး ။
“ ဒါနဲ့ နေပါဦး ၊ သန်းဦး ဆိုတာ ဘယ်သူ့ သား လဲ ကွ ”
သား က မဖြေ ချင် ဖြေချင် နဲ့ ...
“ ကုန်စုံဆိုင် က ဒေါ်မြစိန် ရဲ့ သား ” တဲ့ ။
ဒီတော့ ကျုပ် မျက်စိ ထဲ မှာ ဟိန်း နေတဲ့ ကုန်စုံဆိုင် နဲ့ ကျုပ် ကို မယုံသင်္ကာ သလို စောင့်ကြည့် နေတဲ့ ဒေါ်မြစိန် ယောက်ျား ကို မြင်ယောင် လာတယ် ။ ကျုပ် ပိုပြီး စိတ် တို သွားတယ် ။
“ အလကား အယုတ်တမာတွေ ”
“ ကဲပါကွာ ငိုမနေပါနဲ့ ။ အဖေ အစား ဝယ်ပေးမှာပေါ့ ။ အင်္ကျီကလေး လည်း လဲ ထား လိုက်တော့လေ ”
ပါးပေါ် မှာ မျက်ရည် စီးကြောင်းတွေ နဲ့ သား က မထ ချင် ထချင် ထလာတယ် ။
“ အဖေ ”
မရဲတရဲ ခေါ်တယ် ။
“ ဘာလဲဟ ”
ကျုပ် က အော် ထူး တော့ သူ လန့် သွားတယ် ။ ပြီးမှ ...
“ မနက်ဖြန် ဆရာမ က စာ ရေးခိုင်း မှာ အဖေ ရ ”
“ ဟေ ... မနက်ဖြန် ”
“ အင်း ကျောက်သင်ပုန်း က နက်ဖြန် ရ မှ ဖြစ်မှာ ၊ ဆရာမ က နေ့တိုင်း စာ ရေး ခိုင်းနေတာ ”
ကျုပ် စိတ်ရှုပ် သွားတယ် ။
“ ဟာကွာ မင်းတို့ ဟာတွေ က လည်း တစ်ရက် နှစ်ရက် မှ မဆိုင်းနိုင်ဘူး ”
နောက်မှ ကလေး ကို သနားတာနဲ့
“ အေးကွာ .. မနက်ဖြန် ဆို လည်း ရစေ့မယ် ၊ သိလား ”
တကယ်တမ်းကျ ဘယ်မှာ လဲ ပိုက်ဆံ ။ ကျုပ် လက် ထဲ မှာ ဆန်ဖိုး ၂ ကျပ် က လွဲလို့ တစ်ပြား မှ မရှိ ။ စိတ် ထဲ မှာ လေးလံ သွားတယ် ။ ကလေး က ကျုပ် ဘေး မှာ ခပ်မဲ့မဲ့ကလေး ရပ် လို့ ။ ကျုပ် ရင် ထဲ မှာ သား ကို ချစ်တဲ့ စိတ် သနားတဲ့ စိတ် ကြောင့် နူးညံ့ သွားတယ် ။ သူ့ အမေ သာ ရှိရင် သူ့ သား ကို ဒီလောက် ဆူတာ မာန်တာ ကြိုက် မှာ မဟုတ်ဘူး ။ သား ဘက် က ခုခံကာကွယ် ပေးမှာပဲ ။ ခုတော့ သားခမျာ ခေါင်းကလေး ငုံ့ ရပ်လို့ ။ ကျုပ် ရင် ထဲ မှာ တစ်ခုခု ကြောင့် စူးရှ နာကျင်နေတယ် ၊ သား ကို ပွေ့ယူပြီး သူ့ ခေါင်း ကို ပွတ် သပ်မိတယ် ။ ကျုပ် သား က ကျုပ် ရင်ခွင် ထဲ တိုး ဝင်ပြီး ကျုပ် ကို ဖက် ထားလို့ ။
ကျောက်သင်ပုန်း အချပ်ပေါင်း များစွာ ခွဲပစ် ၊ လွှင့်ပစ် နိုင်ကြသူတွေ ၊ ညစာ အထပ်ပေါင်း များစွာ တနင့်တပိုး စား နိုင်ကြသူတွေ အတွက်တော့ ဒီ အဖြစ်တွေ ဟာ သာမန် အသေးအဖွဲကလေးတွေ ပါ ပဲ ။ ကျုပ် တို့ ဘဝ ကတော့ ပင်လယ်ကမ်းစပ် က သဲမြေတွေ လိုပဲ ။ ဒီလှိုင်းတွေ နဲ့ အတူ ဆင်းရဲခြင်း ၊ ချို့တဲ့ခြင်းတွေ ကို ယူ လာလိုက် ၊ ကျုပ် တို့ အပေါ် ပစ် တင်လိုက် ၊ နောက် တစ်ခါ ယူ လာလိုက် ၊ ပစ် တင်လိုက် ။ နောက်ဆုံးတော့ ကျုပ်တို့ ကိုယ်တိုင် လည်း ဒီလှိုင်းတွေ နဲ့ အတူ ပင်လယ် ထဲ ပါ သွားပြီး အနယ်အနှစ်တွေ ဖြစ် သွား တာပါပဲ ။
“ ဆာပြီ အဖေ ရယ် ”
သား အသံ ကြောင့် ကျုပ် လန့် သွားတယ် ။ ပြီးမှ ထမင်းအိုး ကို ကမန်း ကတန်း ဖွင့် ကြည့် လိုက်တယ် ။
“ ဘုရား မ တာပဲ သားရေ ၊ မင်း အတွက် ထမင်းကြမ်း ကျန် သေးတယ် ။ အဖေ အကြော် ဝယ် ပေးမယ် ၊ သား စား ”
သား က စိတ် မဖြောင့် သလို နဲ့ ကျုပ် ကို မော့ ကြည့်တယ် ။
“ အဖေ ကော ”
ကျုပ် ရင်နင့် သွားတယ် ။ အိုး ထဲ မှာ ထမင်းကြမ်း က နည်းနည်း ပဲ ကျန် တယ် ။ ဆန် ဝယ်ပြီး ကျုပ် အတွက် ထပ် ချက်ရင် မနက်ဖြန် သူ့ ကို ဘယ်လို လုပ် ကျောက်သင်ပုန်း ဝယ်ပေးနိုင်တော့မှာလဲ ။ ကျုပ် ခေါင်း ခါတယ် ။
“ အဖေ က စားပြီးသားပါ ကွာ ”
သား ကို လိမ် လိုက်ရပေမဲ့ တစ်နေ့ခင်းလုံး ရေ ထမ်း ထားလို့ ကျုပ် ရင် ထဲ မှာ ဟာ နေတယ် ။ ဆာ လည်း လာပြီ ။
ဝင်တော့ မလို မေး တင်နေတဲ့ နေလုံး က နောက်ဆုံး ရောင်ခြည်တွေ ထုတ်လွှင့် နေတယ် ။ ဆည်းဆာချိန် ဟာ အလှဆုံးလို့ ဆိုကြပေမဲ့ ဒီနေ့ ဆည်းဆာ ချိန် ဟာ ကျုပ် အဖို့ အရုပ်ဆိုးတဲ့ အချိန်တွေ ထဲ မှာ အပါအဝင် ပါ ပဲ ။ ရေညှိ တက် နေတဲ့ သံပုံး ရဲ့ ဘေးနားကွပ်တွေ ဟာ နေရောင်တန်း ကျ လို့ ပြောင်လက် နေတယ် ။ ဆာလောင်မှု ဟာ လည်း ကျုပ် ကို ဖိစီး နေတယ် ။ ဝမ်းဗိုက် ထဲ က နေ ရင်ဘတ် ၊ ရင်ဘတ် က နေ တစ်ကိုယ်လုံး ကို ပျံ့နှံ့ သွားတယ် ။ ဒါပေမဲ့ ကျုပ် မငိုညည်းပါဘူး ။ လက်သီး ဆုပ် မိတယ် ။
“ တောက် ”
တောက် ခေါက်မိတယ် ။ ပြီးတော့ မချိပြုံး ပြုံးတယ် ။ ပိုက်ဆံ က နှစ်ကျပ် ။ ထမင်း တစ်နပ် အငတ် ခံရပြီ ၊ မနက်ဖြန် ကျောက်သင်ပုန်း ဝယ်ဖို့ ရော လောက်ပါ့မလား ၊ မနက်ဖြန် မနက်စာ ရော ဘာ နဲ့ စားကြမလဲ ။
“ မိန်းမ ရေ ... မင်း ကတော့ အေ သ စော လို့ ဝဋ် ကျွတ် သွားပြီ ဟေ့ ၊ ငါတို့ မှာ သာ အနေ ဆင်းရဲ အစား ဆင်းရဲ တဲ့ ဝဋ် ဒုက္ခတွေ ထဲ က ဘယ်တော့များ မှ ကျွတ်နိုင် လွတ်နိုင်ပါ့မလဲ ကွာ ”
ကျုပ် ရင် ထဲ က ဒေါသတွေ က စကားလုံးတွေ အဖြစ် ပွင့်အံ ထွက်လာ တယ် ။ ညနေခင်း ဟာ မည်းမှောင်ရှည်လျား တဲ့ အရိပ်တွေ အောက် မှာ တိတ်ဆိတ် ငြိမ်သက်နေတယ် ။ ကျုပ် သား က လည်း အကြော် ဝယ် ပေးဖို့ မပူဆာဘဲ တိတ်တိတ်ကလေး ထမင်း စား လို့ ။ ကျုပ် ရင် ထဲ က ဆာလောင်မွတ်သိပ် တဲ့ ဝေဒနာတွေ ပို လို့ သာ တိုး လာတော့တယ် ။
◾ခင်မြဇင်
📖 စီးပွားရေးတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း
( ၁၉၇၅ - ၇၆ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment