❝ သမီးရည်းစား ❞
အချစ်ဆုံးမြ
“ မြ မောင့် ကို သိပ် နှိပ်စက်တာပဲ နော် ။ လုပ်ပါ မြ ရယ် လုပ်ပါ ။ ချစ်မိပြီ ကို ။ ချစ်သူ ရဲ့ နှိပ်စက်မှု ဟာ ပါရမီ ဖြည့် သလို ခံ ရမှာ ဓမ္မတာ ပေါ့ ။ မောင် က တော့ အထူးအထွေ ဘာမှ ပြော စရာ မလို ဘူး ။ မြ ကို မောင် ဘယ်လောက် ချစ်နေတယ် ၊ ဘယ်လောက် ချစ်ခဲ့တယ် ။ ဘယ်အထိ ချစ်လိမ့်ဦးမယ် ဆိုတာ မြ ကိုယ်တိုင် အကြွင်းမဲ့ သိထားတယ် လို့ မောင် ယုံ နေတာမို့ မြ က မောင့် ကို ဘယ်အထိ နှိပ်စက် နှိပ်စက် မောင့် ချစ်စိတ် မပျက် နိုင်တော့ပါဘူး ။
ဟိုနေ့ ည က မောင် သုံးနာရီ ထိုး မှ မြ တို့ အိမ် နား က မောင် ပြန်ခဲ့ရတယ် ဆိုတာ မြ သိ မှာပေါ့ ။ မရယ်ပါနဲ့ မြ ရယ် ၊ မရယ်ပါနဲ့ ။ ဒီ စာ ကို ဖတ်ပြီး မြ ရယ်နေမှာ ကို မောင် ရိပ် မိ ပါတယ် ။ မြ အဖို့ မှာတော့ ရယ်စရာပေါ့ လေ ။ နှုတ်ခမ်းပါးကလေး ဖွင့်ပြီး အဟင့် လို့ ရယ်လိုက် ရ တာဟာ မြ အတွက် မှာ အရသာ ဖြစ်နိုင်ပေမဲ့ မျှော်လင့်ချက် ဗိမာန်ကြီး ပြို ကျလို့ မောင် တစ်ယောက် တည်း ပြန် ရတဲ့ ဒုက္ခ က တော့ အတော် စိတ်ဆင်းရဲ ရ ပါတယ် ။ အဲသည့် အချိန် ဟာ မြ မှာ တော့ အိပ်ရာထဲ က နေပြီး ပြုံး လိုက်ဦးမှာပဲ ။
“ တကယ်ဆိုတော့ မြ ကို အဆိုး မဆိုပါဘူးလေ ။ မောင် ခံ ရတဲ့ ဒုက္ခ ဟာ မြ ပယောဂ မှ မဟုတ်ဘဲ ။ ဒါကိုလဲ သိ ပါတယ် ။ မြ သဘောတူညီချက် မရဘဲ မောင် က သာ မြ ရဲ့ကရုဏာ ကို အားကိုး ပြီး ဇွတ် တိုး လို့ လာ နေရတာ ကို မောင့် ကို နှစ်ယောက် ချင်း မယုံလို့ အတွေ့ မခံချင်တာဘဲ ဖြစ်ဖြစ် ၊ ကြောက် လို့ အတွေ့ မခံချင်တာဘဲ ဖြစ်ဖြစ် မြ ချစ်တာ ကို မောင် သိထားတဲ့ အတွက် မြ ကိုယ်တိုင် ကရုဏာ သက် မလာ မချင်း မောင့် အချစ် ဇွဲ ကို ပြ ရအောင် စနေနေ့ ည တိုင်း လာ မျှော် နေမှာပဲ ။
ဒီ ကနေ့ ည လဲ ရောက် မှာပဲ ။
မောင်
••••• ••••• ••••• •••••
ဒေါ်မြမြ ၏ လက် သည် စာရွက်ကလေး ကို ကိုင် ရင်း တုန်တုန် ယင်ယင် ဖြစ် နေလေသည် ။ စာ ကို ဖတ်ရင်း နက်နက်နဲနဲ စဉ်းစား လိုက်သော အခါ မျက်ရည်ကလေးများ ပင် လည် လာမိသည် ။
ဝမ်းနည်းသလော ဝမ်းသာသလော ကြည်နူးမိသလော စိတ်ဆိုးနေမိသလော ဟု စစ်ကြော ၍ မရအောင် စိတ်ထား မငြိမ် ရှိ တော့သည် ။ ဤသို့ အမည် မတပ် နိုင်ပေမဲ့ ရင် ထဲ က တော့ တလှပ်လှပ် ခံစား နေ ရတော့သည် ။
ဒေါ်မြမြ မှာ ယခု ဆိုလျှင် အသက် လေးဆယ် နား သို့ တရွေ့ရွေ့ နီးစပ် လာခဲ့ရပြီ ။ ဤ အသက်အရွယ် သို့ ရောက် ၍ သာ လာခဲ့သည် ။ ဤ စာ မျိုးတော့ ဤ တစ်ကြိမ် သာ ဖတ်ခဲ့ရ ဖူးပါသည် ။ ထို့ကြောင့် ပင် ဤရွေ့ ဤမျှ တုန်လှုပ် နေသလား မပြောတတ် ။
ဒေါ်မြမြ သည် နှုတ်ခမ်း ကို အမှတ်မထင် ကိုက် လိုက်မိသည် ။ မသိမသာကလေး ခေါင်း ယမ်း လိုက်မိသည် ။ ထို့နောက်မှ ပင် စာရွက် ပေါ် မှ မျက်လုံး ကို ခွာ၍ အဝေး သို့ လှမ်း မျှော် လိုက် မိသည် ။
“ ဪ သမီး သမီး ရည်းစား တောင် ထား နေမှကို ”
ဒေါ်မြမြ သည် အသံ မထွက်သော စကား ကို ပြော ၍ ခပ်လေးလေး ခေါင်း ညိတ် လိုက်မိပြန်သည် ။ ဤ စာ မှာ သူ နှင့် တိုက်ရိုက် သက်ဆိုင်သည် ဟု လည်း ပြော နိုင်သည် ။ မသက်ဆိုင် ဟူ ၍ လည်း ငြင်း ရပေတော့မည် ။
ဒေါ်မြမြ ၏ တစ်ဦး တည်း သော ဖအေ မဲ့ သမီးကလေး ၏ အမည် မှာ လည်း မြမြဝင်း ပင် ဖြစ်သော ကြောင့် ဤ စာ မှာ အသက် လေးဆယ် နီးပါး မုဆိုးမဒေါ်မြမြ ၏ စာ မဟုတ် ။ သူ့ သမီး မြမြဝင်း ၏ သမီးရည်းစား စာ ဖြစ်ကြောင်း လွယ်ကူစွာ သိ နိုင်ပေတော့သည် ။ မြမြဝင်း သည် ဆယ့်ခုနစ် နှစ် ၊ ဆယ့်ရှစ် နှစ် ခန့် ရှိပြီ ဖြစ်၍ အပျိုကလေး တို့ ဘဝ တွင် အစွမ်းကုန် လှနေသော အရွယ် ဖြစ် တော့သည် ။
ဒေါ်မြမြ ကိုယ်တိုင် က ပင် အသက်လေးဆယ် နား နီး ၍ ကြီး သည် ဟု ဆိုစေကာမူ ရုပ်ရည်လက္ခဏာများ မှာ အတော် နုပျိုလန်းဆန်းသော မျက်ခုံးကောင်း ၊ မျက်လုံးကောင်း ၊ အဆစ်အမြ စ် ပြေပြစ်သော မိန်းမချော တစ်ယောက် ဖြစ်သော ကြောင့် သမီးလေးမြမြဝင်း မှာ မအေတူ ၊ အရွယ် ကောင်း အလှတွေ စုပေါင်း ၍ ပြည့်ပြည့်တင်းတင်း ကြွကြွရွရွ ရှိလှသည် ။
ဒေါ်မြမြ စီးပွား ပျက် ခဲ့သော အချိန် မှာ သမီးကလေး သိမ်သိမ် ငယ်ငယ် ရှိ နေသည်ကို ရင်ထုမနာ ဖြစ် ခဲ့သော်လည်း ယခု မိမိ ရင်အုပ် မကွာ ၊ အချစ် ဌာပနာ ထား ရာက ရည်းစား ဟူသော သူစိမ်း တစ်ယောက် ကို ဖောက်ဖောက်ပြန်ပြန် ဆက်ဆံ ကူးလူး နေကြောင်း ဒိဋ္ဌ သိ ရသော အခါ တွင်ကား ရင်ထု မနာ အဖြစ် က ရင်ထု ၍ နာ သလို နာလိုက် ဝမ်းနည်း လိုက် မိလေသည် ။
မိဘ လက်ထက် က ဆင်းသက် လာ ခဲ့သော ပိုးကုမ္ပဏီကြီး ပျက်စီးပြီး သည့် နောက် ယခု အချိန် မှာ ဆင်ပိန် ကျွဲ လောက် တော့ ကြွင်းကျန်ခဲ့သေး သဖြင့် ဗိုလ်ချုပ်ဈေး ထဲ တွင် ပိုးထည်ဆိုင်ကလေး ဖွင့်ကာ သားအမိ နှစ်ယောက် ဒိုးတူပေါင်ဖက် ဆက်လက် ၍ ရောင်းဝယ် နေ ကြရသည် ။ မိမိ ကိုယ်တိုင် အပျိုဘဝ က သမီးရည်းစား ဟူ၍ မထားခဲ့စဖူး ထား ရကောင်း မှန်းလည်း မသိ ။ မိခင်ကြီး နှင့် သာ ရောင်းရေးဝယ်တာ ကို ကြိုးစား ကာ လောဘ တက် ခဲ့သည် ။ ထို့အတူ မိမိ သမီး ကျပြန်သော် မိမိ နည်း အတိုင်း ဗိုင်းကောင်းကျောက်ဖိ ပိရိ လိမ္မာလှပြီ ဟု မှတ်ထင် နေခဲ့သည် ။
ယခု မှ ယောက်မ ကို မြ င်းစီး ၍ ထွက်သည့် အချက်အချာ သမီး ရည်းစားစာ ကို မိ တော့၏ ။ ဈေးဝယ် သူ ပါးသည့် အခိုက် မြမြဝင်းသည် ဆိုင်နီးချင်း အပျိုဖော်ကလေး တစ်သိုက် နှင့် ဆိုင်ပေါ် မှ ဆင်း၍ နောက်ဖေး နောက်ဖီ ထွက် သွားခဲ့သည့် အတွင်း မြမြဝင်း အိတ် ထဲ မှ မတော်တဆ အမှတ်တမဲ့ ကျ ကျန် ရစ်ခဲ့ဟန် တူသော အထက်ပါ စာ ကို ဒေါ်မြမြ ကိုယ်တိုင် ကောက် တွေ့ ဖတ် မိခြင်း ဖြစ်တော့ရာ အဘယ်မှာ လျှင် မတုန် မလှုပ်သော မိဘ ဟူ ၍ ရှိ နိုင်ကြပါမည်နည်း ။
ဘယ်အရွယ် ပင် ရှိရှိ မိမိ ၏ ရင်နှစ် ဖြစ်သော သားသမီး ကို ကြီး သည် ဟု မထင်နိုင် ။ အချိန်တန် အရွယ်ရောက် ၍ အချစ်စိတ် တွေ ပေါ်ပေါက် သော သဘာဝ ကို မလွန်ဆန် နိုင် ကြောင်း သိကြ စေကာမူ အပင် ကို သာ အညှိုး ခံ၍ မိမိ ကိုယ်တိုင် ချိုးဆွတ် ၍ လည်း မပန်ရက် ၊ သူ တစ်ပါး ၏ လက် နှင့် ခြွေ မှာ ကို လည်း ရွံ့စိုးသည့် ပန်းပင်ရှင် မျိုး လို ဖြစ် ကြရသည် မှာ လည်း မိဘ နှင့် သားသမီး ပင် ဖြစ်ပေသည် ။ ပေးဝေနှီးရင်း ၊ ထိမ်းမြား ခြင်းလျှင် ဝတ်ငါးအင် ဆို၍ သာ ထို ဝတ္တရား ကို သားသမီး က ပူဆာ ၍ လိုက်နာ ဆောင်ရွက် ပေး ကြရသည် ။ တချို့ မှာ ကား ချစ် ၍ မှ အား မရမီ သူစိမ်း လက် ကို ဝကွက် အပ် လိုက် ကြဖို့ မလိုလား သဖြင့် အပျိုကြီးဖားဖား က ဟိုင်း ၍ သာ သွား စေကြတော့သည် ။
ဒေါ်မြမြ အဖို့ မှာ သာ သာ၍ ခင်တွယ်စရာ ဖြစ်တော့သည် ။ သူ့ တွင် မြမြဝင်း တစ်ယောက် တည်း သာ လက်ကတုံး တောင်ဝှေး ဆေးပေးမီးယူ ရှိသည် ။ တိုင်ပင်ဖော် တိုင်ပင်ဖက် ဆို က လည်း ဤ သမီး သာ ဖြစ်ခဲ့သည် ။ ဥမကွဲ သိုက်မပျက် နေသွားဖို့ အရေး ကြီးသည် ။
ဒေါ်မြမြ စဉ်းစားနေမိသည်မှာ တစ်ခဏ လောက် သာ ကြာ လိုက် သည် ထင်ရမည် ။ သို့သော် သမီးသည် မြမြဝင်း သည် သူ့ စာ ကျကျန်ရစ် ခဲ့သည်ကို သိသည် အလား ပျာယီးပျာယာ နှင့် ပြန် လာသည် ကို အဝေး က ပင် သိသာ နိုင်လောက်သည် ။
မြမြဝင်း ဘက် က နေ ကြည့်လျှင် သမီးရည်းစား စာ မိခင်ကြီး မိ ၍ သိ သွားမှာ စိုးရှာသည် ။ မိခင် ပင် ဖြစ်လင့် ကစား ရှက်စရာ ကြားက အကြောက်တရား က လည်း မကင်းသေးချေ ။ မိမိ လော်မာဖောက်ပြန်မှု ကြောင့် မိခင်ကြီး စိတ် အနှောင့်အယှက် ဖြစ် သွားမည် ကို အတော် စိုး ရှာသည် ။
ထို့ကြောင့် ဣန္ဒြေ မပျက် အောင် မနည်းဟန်ဆောင် ၍ မုန့်ပဲ သရေစာ မှ မစားနိုင်ဘဲ ဆိုင် သို့ တောက်လျှောက် ပြန် လာခဲ့သည် ။ ဂနာမငြိမ် သော မျက်လုံး က မိခင်ကြီး ၏ အရိပ်အကဲ ကို တစ်ဖက်က ကြည့် ရင်း တစ်ဖက် က မိမိ ၏ ပေါ့လျော့မှု ကြောင့် ကျ ကျန်ရစ်ခဲ့သော စာ ကို ရှာဖွေ နေမိသည် ။ စာရွက်ခေါက်ကလေး ကို မြမြဝင်း တွေ့ လိုက်ရ သောအခါ ခေါင်းနပန်းများ ကြီး သွား မိတော့သည် ။
“ ကံကောင်းလို့ ကံကောင်းလို့ ” ဟု တိတ်တခိုး ဘုရားတ မိ ရှာ သည် ။
အကြောင်း မှာ မတွေ့စကောင်း တွေ့စကောင်း စာရွက်ခေါက် ကလေး မှာ မိမိ နမော်နမဲ့ ကျ ကျန်ရစ်ခဲ့ဟန် တူသော နေရာတွင် ပင် ခြေရာ လက်ရာ မပျက် တွေ့ ရသောကြောင့် ဖြစ်လေ၏ ။ မိခင်ကြီး မျက်နှာ ကို အကဲခတ် လိုက်သောအခါ မသိလိုက် မသိဘာသာ ပင် ရှိပါသေးသည် ။ ထို့ကြောင့် မြမြဝင်း သည် စပါးရော ဖွဲရော နှင့် ကျင်လည်စွာ အိတ်တွင်း သို့ ပြန် ထည့်လိုက်နိုင်တော့သည့် နောက်တွင် ဟင်းခနဲ သက်မကြီး တစ်လုံး ဗုန်းဗုန်းပါအောင် ပစ်ချ လိုက်ရတော့လေ၏ ။
ညနေ စောင်း ခါ နီးမှ ဈေးဝယ်သူ တဖျောက်ဖျောက် ပေါ် ပေါက်လာ သောကြောင့် သားအမိ နှစ်ယောက် စလုံး သမီးရည်းစား ကိစ္စ ကို မေ့ပျောက် သွား ကြတော့သည် ။ ထိုသည့်နောက် လည်း ညနေ ဆိုင်ပိတ် အိမ်ပြန် ၊ စားမှုသောက်မှု ဝေယျာဝစ္စ တို့ က သူတို့ ၏ အသီးသီး ဒုက္ခ ကို ဖုံးလွှမ်း တားဆီး ထား လိုက်ပါသေးသည် ။ ညဉ့်ဦးကလေး တွင် လည်း အညောင်း ပြေ အပျင်းပြေ မိတ်ဆွေသင်္ဂဟများ နှင့် သွားသွားလာလာ ၊ စားစား သောက်သောက် စကား ကို ကရွတ်ကင်း လျှောက် ပြော နိုင်သေးသဖြင့် ဆွေးစရာ အကြောင်းများ မစဉ်းစားမိကြသေး ။
တဖြည်းဖြည်း ညဉ့် နက်ခဲ့လေပြီ ။ ဦးစွာ ပထမ သမီးကလေး မြမြဝင်း ၏ ဘုရား ကန်တော့သံ နှင့် ဓမ္မစကြာ ဝတ်ရွတ်သံ မှာ ဒေါ်မြမြ ၏ စိတ် ကို ဘုရားခန်း က လှမ်း၍ သတိ ပေး လိုက်ခြင်းပင် ဖြစ်တော့သည် ။ မြမြဝင်း အသံကလေး စ လိုက်သဖြင့် ကိုယ့်မိဘ ၊ ကိုယ့်လင် ၊ ကိုယ့်သား ကိုယ့် အဖြစ်အပျက် များ ကို အစ ပေါ် လာတော့လေ၏ ။
“ ဪ ကိုလွင် ကိုလွင် ရှင့် သမီးဖြင့် ရည်းစားတွေ ဘာတွေ တောင် ထား ကုန်ပကော ကိုလွင် ရယ် ။ ရှင် သာ ရှိရင် ဘယ်လိုများ ပြော မလဲ ။ ရှင့် ကို တိုင် ပြီး ရှင့် အဆုံးအဖြတ် ကို ခံရရဲ့ ။ အခုတော့ မြ မှာ တိုင်ရမယ့် လူ လဲ မရှိ ။ တိုင်ပင်ရမယ့် လူ လဲ မတွေ့ မဆုံးမ ရက် ။ အိုး ဖျက်လို ဖျက်ဆီး လုပ်ရမှာလဲ ခက် ပါတယ် ” ဟု တိုးတိုးကလေး ပွင့်ထွက် ရင်း မျက်ရည် ကို သာ ငုံ့ သုတ် မိရှာသည် ။
ဒေါ်မြမြ အဖို့ မှာ တော့ ဤအတိုင်း အမှန် ဖြစ်ပါသည် ။ သူ သည် ညနေ က ဘာမှ မလုပ်တတ် သော ကြောင့် သမီးကလေး စိတ်ချမ်းသာမှု ရှိအောင် စာ ကို သူ့ နေရာ သူ ပြန် ထားပြီး မသိချင်ယောင် ကြိုးစား၍ ဟန်ဆောင် ရသည် ။ ဝမ်းထဲ မှာ တော့ ဗလောင်ဆူ သွားမိရှာသည် မဟုတ် လော ။ သူ့ သမီး က လည်း သူ ဤ အထိ ချစ်ခင်ကြင်နာရိုး မှန် ဘိ၏ ။
အချိန် သည် သစ်သား ကို ခြစားသလို တရွေ့ရွေ့ တတိတိ နှင့် ကုန်မှန်းမ သိအောင် ဝါး လျက် ရှိတော့သည် ။ မြမြဝင်း ၏ အမျှဝေသံ နှင့် ကြေးစည်ခတ်သံ တို့ ပေါ်လွင် လာပြီးသည့် နောက် ညင်သာသော ခြေလှမ်း နှင့် အခန်းတွင်း သို့ ဝင် လာခဲ့သည့် အချိန် တွင် ဒေါ်မြမြ မှာ စိုစွတ်သော မျက်လုံး အစုံ ကို မှိန်းကာ ထား လိုက်မိတော့သည် ။ သို့သော် မြမြဝင်း သည် နေ့စဉ် ဝတ်ပြုနေကျ အတိုင်း ခြေရင်း ဘက် ခပ်ကျကျ က ပုဆစ်ဒူးတုပ် ထိုင်၍ မိမိ အား ကန်တော့ လိုက်သေးသည် ကို တော့ မှိန်းနေရာ က ပင် သိ လိုက်ပါသေးသည် ။
“ မေမေ ”
ကိုယ့် သမီး မို့ ကိုယ် ထင်လေသလား တော့ မပြောတတ် ။ မြမြဝင်း ၏ အသံကလေး မှာ ချိုမြိန်လှသည် ။ သာယာလှသည် ဟု ထင် မိလိုက်သည် ။ ဒေါ်မြမြ က ပြန်၍ မထူးသော အခါ ခြေရင်း တွင် လာ ထိုင်၍ ခြေသလုံး ကို ကိုင်ရင်း တစ်ချက် နှစ်ချက် နှိပ် လိုက်သေးသည် ။
“ မေမေ ၊ အိပ်ပြီလား မေမေ ရဲ့ ”
“ ဪ သမီး ၊ ဘုရားတောင် ဝတ်ပြုပြီပြီးလား ” ဟု ဒေါ်မြမြ က ဝမ်းနည်းသံ မပါအောင် မနည်း ကြိုးစား၍ လျောင်းနေရာ က ပြန် ပြော လိုက်ရသည် ။ သူ့ ဝမ်း ထဲ မှာ တော့ အလိုလို ဝမ်းနည်း နေမိသည် ။ သို့သော် ဝမ်းနည်း နေကြောင်း သမီးကောင်းကလေး မသိစေချင်ပါပေ ။
“ တစ်ချက် နှစ်ချက် လောက် အနှိပ် ခံလိုက်ပါဦးလား မေမေ ။ ညနေ က ညောင်းတယ် ဆို ” ဟု ပြောရင်း ဆိုကာ အသာအယာ လက်ကလေး နှစ်ဖက် နှင့် ဆုပ်နယ် ပေးရှာသည် ။
သူ့ ခမျာ က လည်း မအေ တစ်ခု သမီး တစ်ခု မို့ ဂရုပြု ရှာပါပေသည် ။ ရိုသေ ကြင်နာ ၍ ဝတ်ကြီးဝတ်ငယ် ပြုစုလျက် ရှိပါသည် ။ သမီးရည်းစား ထားရုံ နှင့် သားသမီး တို့ က ပြုအပ်သော ဝတ် ချို့ယွင်းသည် ဟု ဆို ရပါ မည်လော ။ ချို့ယွင်းသည် ဟု ဒေါ်မြမြ မထင်နိုင်ရှာ ။ သို့သော် ဤရွေ့ ဤမျှ လိမ္မာသော သမီးကလေး မို့ မိမိ မှ တစ်ပါး တခြား လူ တစ်ဦး ကို အချစ်ထူး ဖြင့် ယစ်မူးစွာ ချစ်သည် ကို မခံနိုင်ခြင်း သည် သာ ဖြစ် ပါသည် ။ ဤ မခံခြင်း မှာ မနာလိုစိတ် ဖြစ်ကြောင်း ကို တော့ မစဉ်းစားမိ ။ စဉ်းစားမိ သည့် တိုင် အောင် ဝန်ခံနိုင်မည်တော့ မဟုတ် ။ မဟုတ်သည့် အကြောင်းတွေ နည်း အမျိုးမျိုး ပြ၍ အနိုင် မရ ရအောင် ကိုယ့် ကိုယ် ကို ပြန် လိမ် ရပေတော့ မည် ။ ကိုယ့် သမီး ရည်းစား ထားတာ မနာလိုဘူး ဆိုတာ တော့ အဖြစ် မခံနိုင် ။ ဘယ်နည်းနှင့် မှ အဖြစ် မခံနိုင် ။
“ ပေါင်ရင်း ကို နင်းပြီး အပူ ထုတ်ပေးမယ်လေ မေမေ ”
ဒေါ်မြမြ ကား မည်သို့ မှ အဖြေ မပေး ၊ မျက်စိ မှေး ကာ တွေး ၍ သာ နေမိသည် ။
“ မေမေ ၊ အိပ်ပျော် သွားပြီလား ။ မေမေ က လဲ မြန်လိုက်တာ ”
မြမြဝင်း သည် စကား ပြန်၍ ပြောဖော် မရသော သူ့ မိခင် ကို ဤသို့ မှတ်ချက် ချ လိုက်တော့သည် ။ ထို့နောက် နှစ်ယောက်အိပ် ခုတင်ကြီး ဖြစ် သော ကြောင့် မိခင် ၏ ဘယ်ဘက် ဘေး က ခပ်ကွေးကွေးကလေး ဝင် ခွေ လိုက် တော့သည် ။
လူငယ်ပီပီ ဟာခနဲ အပျင်း တွဲ ၍ သမ်းဝေခြင်း ၊ ခြေညောင်း လက်ဆန့် နေခြင်းဖြင့် လွတ်လွတ်လပ်လပ် နေပြီး မှ ငြိမ်ဆိတ် ၍ သွားတော့ သည် ။ သို့သော် ခုတင် တစ်ခု တည်း ပေါ် က သားအမိ နှစ်ယောက် စလုံး မှာ ဘယ်သူမှ အိပ်၍ မပျော် ကိုယ့် အတွေး နှင့် ကိုယ်
မြမြဝင်း အဖို့ က သူ့ ချစ်သူ ယနေ့ ည လာလျှင် ဆင်း ၍ တွေ့သင့် မတွေ့သင့် ဟူသော အကြောင်း မှာ စာ အရေးအသား နှင့် ရိပ်မိ နိုင်လောက် သည် ။ သို့သော် ဒေါ်မြမြ ၏ အမှာ ကား ကိုယ့် သမီး ရည်းစား ထား သည် ကို တားသင့် ၊ မတားသင့် ပင် ဖြစ်သည် ။ တားဆီးခြင်း ပိတ်ပင် ကန့်ကွက်ခြင်း သည် တစ်ကိုယ်ကောင်း သာ ကြည့်သော အာဏာရှင် တို့ အတွက် အလွန် လွယ်ကူ သလောက် သူ့ အကျိုး သူ့ဆန္ဒ ပါ ရောဖက် ၍ ကြည့်ရလျှင် အတော် ခက် လှသည် ။
“ သမီးရယ် ၊ ရည်းစား ထား တာတော့ မေမေ မကြိုက်ဘူးကွယ် ။ မေမေ လဲ ရည်းစား မထားခဲ့ဖူးဘူး ၊ ငါ့ သမီး လဲ ရည်းစား မထားနဲ့ နော် ” ဟု မိမိ က ပြော လိုက်သည် နှင့် တစ်ပြိုင်နက်
“ အို မေမေ က လဲ မေမေ တို့ ခေတ် က မထားခဲ့ တာနဲ့ သမီး တို့ မထားရတော့ဘူးလား ” ဟု မြမြဝင်း က အထွန့် တက် နေလိမ့်မည် မဟုတ် ။ မျက်ရည် ကို သုတ်၍ ခေါင်းညိတ် ပြ မည် ကား သေချာ လှပါသည် ။ ဤအထိ လောက် ပင် ဒေါ်မြမြ သည် သူ့ သမီး ကို သူ စိတ် ချ ထားပါသည် ။
မိဘ ရဲ့ စကား တမာ လို ခါး သော် လည်း ပျားသကာ ကဲ့ သို့ ချိုပါမည် ဟူသော စကားများ မှာ ပွဲ ထဲ ၊ ဇာတ် ထဲ တွင် သာ ကြားရိုးကြားစဉ် ရှိခဲ့ သည် ။ လောက တွင် ကား ရှားပါး လှသည် ။ သို့သော် ဒေါ်မြမြ တို့ သားအမိ အတွက် မှာ မူ မိခင် လုပ်သူ က လည်း တမာ လို ခါး သည့် စကား ဘယ်အခါ မှ မပြောခဲ့ သော ကြောင့် ပျားသကာ လို မချိုစေကာ မူ အလိုကျ အလိုက်သင့် နာခံဖို့ အဆင်သင့် ရှိခဲ့လေသည် ။ ထိုကဲ့သို့ သိတိုင်း ကိုယ့်သမီး ကို ကိုယ် နိုင်လိုမင်းထက် ကန့်ကွက် မိ မှာ စိုးသည် ။ သူ့ စိတ်ချမ်းသာမှု ကို ဖျက်ဆီး မိ မှာ ရွံ့မိသည် ။
သမီးရည်းစား ထားခြင်းသည် အပြစ် ရှိသလော ။
လူကြီးမိဘ ဩဇာ ကို နာခံ၍ အိမ်ထောင်ရက်သား နေခြင်းသည် အပြစ် ကင်းသလော ၊ ဒါကိုပဲ ဒေါ်မြမြ စဉ်းစားရတော့မည် ။ ကိုယ်ချင်း စာ ၍ ကြည့် နိုင်ရန် ဒေါ်မြမြ ကိုယ်တိုင် ငယ်စဉ်က ရည်းစား မထားခဲ့စဖူး မိဘ သြဇာ ကို နာခံ၍ မိဘ သဘော တူ သူ နှင့် သာ စုံဖက်ခဲ့ရသည် ။ ကိုယ့် သား သမီး ကို အပျိုကြီး ဘဝ နှင့် အရိုးထုတ် စေချင်သည် ဟု ပြောကြသည့် စကား မှာ လွယ်ကူ သလောက် သားသမီးများ ကိုယ်တိုင် က လိုက်နာ ဖို့ ခက်ခဲကြသည် ။
သုံးဆယ့်တစ်ဘုံ ကျင်လည် ကုန် သမျှ ကာမ နှင့် မကင်း အချစ် စာရင်း က ငါ တကော မကော နိုင်သဖြင့် လင် နှင့် သားနှင့် နေကြရမည် ဖြစ်သော် မိမိ မျက်စိ နှစ်လုံး စုံ မမှိတ်မီ စိတ်ချ ရ အောင် ပေးစားခဲ့ မှ သူ ရော ကိုယ် ပါ ဒုက္ခ အေးကြရမည် မဟုတ်လော ။ ထိုသို့ဆိုလျှင် မိမိ သဘော ကျ သူ နှင့်
ထိမ်းမြား မလော ၊ သူ သဘောကျသူ နှင့် ပေးစား မလော ။
ဒေါ်မြမြ သည် ပြဿနာ ကို အပြန်ပြန် အလှန်လှန် သုံးသပ် ကြည့်နေမိသည် ။ မြမြဝင်း မှာ လည်း အတွေးအာရုံကြော တွင် နစ်မျောနေပုံ ရသည် ။ သူ့ တွင် လည်း အိပ်မပျော် လမ်းပေါ် က အသံ ကို နားစွင့် နေရတော့သည် ။
“ ဆွတ်ချူရန် ခက်ပါရဲ့ ။ မျက်ပါနဲ့ သက်လယ် ၊ အုံ့ပုန်းမောင် မျက်နှာငယ်မှာ ၊ ကွက်ခလယ်နိုင်သေး ၊ ရွှေငုံးမင်း အမြီး မျှော်သလို ၊ ခရီးနော် နီးလျက်နဲ့ဝေး ”
ဤ တေးသံ သည် မင်ဒိုလင် တီးသံကလေး နှင့် ပေါ်ပေါက်လာ သောအခါ မြမြဝင်း မှာ အိပ်နေရာ က ခေါင်း ကြွ ၍ နားထောင် လိုက် ကြောင်း ဒေါ်မြမြ သတိ မူ လိုက်မိသည် ။
အမှန်စင်စစ် ဤ သီချင်း မှာ ကာလသား တိုင်း ဖန်တစ်ရာတေ အောင် ဆိုနေကျ သီချင်း ဖြစ်၍ မထူးခြားနိုင်သော်လည်း မြမြဝင်း အတွက် မှာ တော့ ခေါင်းထောင် ၍ ထ စေ လောက်အောင် တန်ခိုးအာနိသင် ပြည့်ဝ သည် ။
“ ဘယ်သောအခါများ တူနှစ်ကိုယ် နီးရပါ့မယ် မောင် ကြံရွယ် , နတ်ပန်းထက်ပင် ခူးရခက်သေးတယ် ”
ဆက်၍ ပေါ်လာပြန်၏ ။ မြမြဝင်း သည် ဟင်းခနဲ သက်မ ချပြီး ပြန် အိပ် လိုက်ပြန်သည် ။ ပြီးတော့ သတိရ သလို မိခင်ကြီး အား ကြည့် မိ သည် ။
ဒေါ်မြမြ သည် သမီး က ထ ကြည့် လိုက်မှန်း သိ လိုက်သည် ။ သို့သော် မလှုပ်မယှက် အသက် ကို မှန်မှန် ရှူ ၍ အိပ်ပျော်ယောင် ဆောင် နေလိုက်ရ သည် ။ စိတ် ကတော့ မကျ ဘယ် အထိ မကျ သနည်း ဟူမူ သူ့ ကိုယ့်ခန္ဓာ မှ လွင့်စဉ်ကျက်စားနေသလား ဟု မှတ်ရသည် ။ သမီး ၏ ကိုယ်ရေး ကို စိတ်ပါဝင်စားစွာ စဉ်းစား လိုက်သည် မှ စ၍ အသက် လေးဆယ် နီးပါး ဒေါ်မြမြ ဘဝ မှ သမီး မရခင် အိမ်ထောင် ကျ စ မြမြ အဖြစ် သို့ ခန္ဓာ မပြောင်း လိပ်ပြာ မပြောင်း အဟောင်းတွေ အသစ် ပေါ်လာခဲ့ရှာတော့သည် ။
••••• ••••• ••••• •••••
သင်ပုန်းကြီး မကျေ ဘဲ နှင့် မင်္ဂလသုတ် တက် ခဲ့ရသလို သမီး ရည်းစား မထား ရဘဲ နှင့် လင် ယူ ခဲ့ရသော မြမြ သည် ယခုမှ ပင့်သက် ရှူ ၍ အိမ်ထောင်ရေး မူ ကို စဉ်းစား မိသည် ။
သမီးရည်းစား ထားခြင်း သည် အလကား ကိစ္စ မဟုတ် ။ လင် ယူသည့် ပြဿနာ ကို မတတ် တာ တတ်အောင် သင်တန်း တက်ခြင်း သာ ဖြစ်၏ ။ တကယ် ပြော ရလျှင် မိဘ ပေးစား တာ ကို အသာ ဝင် “ ထိုင် ” လိုက်ရတာ ထက် သမီးရည်းစား ထား ရခြင်းက ပို၍ ခက် ပေသည် ။ တစ်ချက် ကို ပဲ စဉ်းစား ကြည့်ပါတော့ ။
သမီးရည်းစား ဆိုသည် မှာ ကိုယ့် ကို သူ ချစ်သည် ဟု သိရ၍ ကိုယ် က သူ့ ကို ချစ် မှ သမီးရည်းစား ရယ် လို့ ဖြစ် နိုင်ကြသည် ။ ကိုယ် က သူ့ ကို ချစ်၍ သော် လည်းကောင်း ၊ ကိုယ့် ကို ချစ် နေ၍ သော် လည်းကောင်း ၊ အကြောင်း နှစ်ပါး မဆုံ သမျှ သမီးရည်းစား စင်စစ်တော့ မဖြစ်နိုင်ချေ ။ ဒါ တစ်ခု တည်း နှင့် ပင် ခရီး ရောက် လှပေသည် ။
မိဘ ပေးစား၍ ညား ရသော လင်မယား မောင်နှံ တို့ အနက် ကိုယ် က သာ နှစ်သက်၍ သူ က မစုံမက် ၊ ကိုယ် က စုံမက်၍ သူ က မကြည်ဖြူ ၊ ဂုဏ် ကို ယူ ၍သာ ပေါင်း နေရသော အကြောင်း မလှ အဆင် မပြေသည့် သတို့သမီး ၊ သတို့သား များ ကို သနားစရာ ပင် ကောင်း သေးသည် ။
သမီးရည်းစား တို့ သဘာဝ မှာ ကား ဤသို့ မဟုတ် ။ စာမေးပွဲ ဝင် ချင် လျှင် သင်ခန်းစာတွေ ကြိုးစားပြီး မေးခွန်း အတန်တန် ဖြေဆို ခဲ့ရ သကဲ့သို့ သမီးရည်းစား စစ်တမ်း နှင့် သင်ခန်းစာတွေ တွေ့ နိုင် ကြသည် ။ မိမိ ၏ “ လူ ” ကို မိမိ စစ်ဆေး လို သမျှ ကိုယ်တိုင် ကိုယ်ကျ စစ်ဆေး မေးမြန်းနိုင် သည် ။ အကဲ ခတ် နိုင်သည် ။ ကိုယ့် လူ အကြောင်း စနည်းနာ ၍ စပ်စု စုံစမ်း နိုင်သေးသည် ။ သူ့ အလို နှင့် ကိုယ့် ဝါသနာ ကြိုက်ရာ ကို လိုက်နာနိုင်ပါ့ မလော ဟု စစ်ကြော ဆင်ခြင် နိုင်သေးသည် ။ ဤသို့သော အခွင့်အရေးများ ကို နားလည် ၍ ရှေးမြန်မာ ယဉ်ကျေးမှုခေတ် က သုံးနှစ်သုံးမိုး ကြာအောင် ရည်းစား ပြဿနာ ရှင်း ခဲ့ ကြသည် ။ ရည်းစား တစ်ထောင် အနက် မှ လင် ကောင် တစ်ယောက် မမှားအောင် ရွေး၍ “ လင် ” ဟူ သည့် ဘွဲ့ ကို ပေးအပ် နိုင်ကြသည် ။
“ ကိုယ့် ကို သင်းဘယ် အထိ သံယောဇဉ် တွယ် နေသလဲ ”
“ ကိုယ့် အကျိုး ကို ဘယ်အထိ သယ်ပိုး နိုင်ခဲ့သလဲ ”
“ ကိုယ့် သြဇာ ကို ဘယ်နှခါ နာခံသလဲ ”
“ မျက်နှာ များ၍ လောင်းကစား နှင့် အရက်သမား ဟုတ် မဟုတ် ”
“ ကိုယ့်ဆွေမျိုးမိဘ နှင့် သဘာဝ တူ မတူ ၊ ဂါရဝမူ မမူ ”
“ လူစွမ်း ၊ လူစ အားကိုး လို့ ရ မရ ”
မိန်းကလေးတွေ အတွက် တစ်သက် တစ်ခါ အရေးအပါ ဆုံးသော ဤ အချက်တို့ ကို သမီးရည်းစား လက်ထက် ကတည်း က စစ်ကြောချင့်ချိန် နိုင် သဖြင့် အလွန် အဖိုး တန် လေသည် ။ မီး ကို မလောင် ခင် က တား နိုင် သည် ။ လူ တစ်ယောက် သည် ကြာရှည်စွာ ဟန် မဆောင် နိုင် ငါးပိ ကို အနံ့ မထွက် အောင် မဖုံးမဖိနိုင်သည့် နည်းတူ လူ တစ်ယောက် ၏ အကျင့်စာဂ စာရိတ္တ ကို ဖုံးဖိ၍ မရ ။ ထို့ကြောင့် အရေးပုံတော် မလှလျှင် အပျိုရည် ဘဝ မပျက်ခင် ဆလံ ပေး ၍ အဝေး က ရှောင်နိုင်ရကား ဤသို့ မှ မဟုတ်ဘဲ သူစိမ်း ပြင်ပြင် ရေသွင်သွင် က အောင်ဇေယျဟု ဆိုကာမျှ နှင့် လင်ဘဝ သို့ ရောက်ခဲ့ပြီး မှ တော့ ကိုယ် သဘော မကျသော်လည်း “ အိမ်ထောင်မှု ဘုရားတည် ၊ ဆေးမင်ရည်စုတ်ထိုး ၊ ဤသုံးချက် မှုမပိုင်လျှင် ၊ နောက်ပြင် နိုင် ခက်သည့်အမျိုး ” ဟူသော စာချိုး ထဲ သို့ ခေါင်းလျှို ၍ ဝင် ရရုံသာရှိသည် ။ မိုးလွန် မှ ထွန်ချ ၊ လူမိုက် နောက် မှ အကြံရသော် လင်တွေ က မထောင်းတ မိန်းမတွေ မှာ မခံချိ ၊ ဒူး နှင့် မျက်ရည် ကို ဖိ ၍ တအိအိ ကျိတ် ရှိုက်ရုံ မှ တစ်ပါး အခြားသော လွတ်မြောက်ခွင့် မရှိနိုင်တော့ပေ ။ လူ မြင်လျှင် အမူ လုပ်ပါလို့ ၊ မပူ ရုပ် ပြုံး ရ ပါတော့သည် ။
ဒါတွေ ဒါတွေကို နေရာ ချပေးမယ့် လူကြီးမိဘတွေ က မစုံစမ်း မစစ်ဆေး အလွယ်ကလေး နှင့် ဈေးပေါင်ကျိုး မှာ ကျိတ်ထိုးနှိပ်ထိုး ထိုး ရောင်း သလို ရောင်း လိုက်ကြတာ မဟုတ်ပါဘူး ဟု ဆိုစေကာမူ လူကြီး ပီပီ အရိပ်အကဲ ဖမ်းသည့် အစမ်းစာမေးပွဲများ မှာ သမီးရည်းစားတွေ လောက် တော့ အတွင်း စိတ်ဓာတ် အထိ တော့ မရောက်နိုင်ပေ ။ ဥစ္စာ ရင် လို ဥစ္စာ ရင်ခဲ ကိုယ့် ဝမ်းနာ ကိုယ် သာ သိ ၊ ကိုယ့် ဆေး ကိုယ် ဖိ သောက် မှ ပျောက် နိုင်သည့် ကိုယ်တွင်း ရောဂါပေ တကား ။
“ ကဲ အမိတို့ ကိုယ်တိုင် ရွေး ကိုယ်တိုင် ကြိုက် လို့ ခိုးရာ လိုက် ပြေး တဲ့ လင်မယား မကြာခင် အိုးစား ကွဲ ကြတာတွေ ကော ဘယ်လို ပြော မလဲ ” ဟု စောဒက တက် ကြသည် ဆိုပါတော့ ။ ဤ မေးခွန်း ၏ အဖြေ မှာ မိဘတွေ သမက် အဖမ်း မှား၍ တစ်လမ်း သွား ဖြစ် ခဲ့ကြရသော လင်မယား အပူသည် တွေ နှင့် ဘဲကင်း ဘဲကြေ ပြေလည်နိုင်လောက် ကောင်းပါသည် ။ ထို အထဲ မှာ မှားခြင်း မှားလျှင် လူငယ် မှား တာ က တော် ဦးမည် ။ လူကြီးတွေ မှား မိ က ကိုယ့် ပယောဂ ကိုယ် သိ ၊ ကိုယ့် သမီး ကိုယ် ကြည့် ၍ မချိတရိ ရင်ထု မနာ ရှိရှာ ပေလိမ့်မည် ။
မြမြ သည် သမီးကလေး မြမြဝင်း အပျိုပေါက်ကလေး ဖြစ်လာ ကတည်း က ကိုယ့် ဘဝ ကိုယ့် ဖြစ်စဉ် ကို ဆင်ခြင် မိလေသည် ။ မိမိ ကိုယ်တိုင် မိဘ စကားကို မြေဝယ် မကျ နားထောင် ခဲ့သည် ။ မိခင်ကြီး မုဆိုးမ အဖြစ် နှင့် အုပ်ထိန်းသည့် အောက် မှာ မိခင် နှင့် အတူပင် လျှင် ဒိုးတူပေါင်ဖက် အရောင်း အဝယ် ဂရုစိုက်ခဲ့သည် ။ ဗိုင်းကောင်းကျောက်ဖိ ပိပိရိရိ နေခဲ့ သည် ။ ခေတ်ကာလ သားသမီးများ လွန်ဆန်နိုင်ခဲသော သမီးရည်းစား သော် မှ ကိုယ့် သဘော နှင့် ကိုယ် မထား မနေခဲ့စဖူး ။ မိခင်ကြီး သဘော ကျ လှ ပါသည် ဆို၍ သမက် ဖမ်း ခဲ့သော မောင်မောင်လွင် ကျ ကာ မှ မချစ် မမုန်း ဘဝ က သာမိ က အခေါ် ခံ လိုက် ရတော့သည် ။
မိမိတို့ က လည်း ပိုးကုန်သည် ၊ နာမည်ကြီး ။ မောင်မောင်လွင့် မိဘ က လည်း သင်္ကန်းပရိက္ခရာကုန်သည် ၊ မျက်နှာကြီး သားသမီး နှစ်ယောက် ပေါင်း သဖြင့် အကောင်းဆုံး မင်္ဂလာ ဆောင် ဖြစ်အောင် အကုန် ခံ လိုက်ကြ သည် ။ ဂျူဗလီဟော ပေါ် တွင် ပရိသတ်တွေ သောက်သောက်လဲ လက်ဖွဲ့ ပစ္စည်းတွေ ခြိမ့်ခြိမ့်သဲသဲ ပိုးဖဲစိန်ရောင်ခန်းမကြီး တစ်ခုလုံး ဝင်းပြောင် ထိန်တောက် ခဲ့တော့သည် ။ ပတ်ဝန်းကျင် တစ်ခုလုံး ရွှင်ရွှင်ပြုံးပြုံး နှလုံး သည်းခြေကြိုက်စရာ တွေ သာ မြင်ရသည် ။
ရေခဲမုန့် ၊ ကော်ဖီ ၊ ကိတ်မုန့် ၊ ချိုမြိန်သော အစားအစာတွေ ကို စားသောက် ကြ ရင်း သံသာညှင်းညှင်း ရယ်သံမောသံ သောသောညံ နေကြ သည် ။ “ အတိုင်းမသိ ကျက်သရေ မင်္ဂလာရှိပါဘိတယ်ကို ” ဟူသော အချီး မှ စ၍ “ တော်ကြီး ငယ်ယဉ်ရာ ဇမ္ဗူ တောင်ကျွန်း တင့်ရွှန်းသည့် ကျက်သရေဖြာ ” ဟူသော မင်္ဂလာဘွဲ့သီချင်း ကို ရွှေပြည်အေး တီးဝိုင်း က သာယာငြိမ့်ညောင်းစွာ သီဆို၍ တီးမှုတ် နေကြသည် ။ အဆိုကျော် စိန်ပါတီ ၏ ရှူသံရိုက်သံ ဟစ်ကြွေး လိုက်သည့် အသံ ထဲ တွင် ထုတိသြဘာ မင်္ဂလာ အဆီအနှစ်တွေ ပြည့်ဝ ရွှန်းစို နေတော့သည် ။ ထို အသံ ကို ကြားရုံ နှင့် စိတ်ချမ်းသာစရာ ကောင်း လှသည် ။
ထို့နောက် ငွေသုံးရာ ပေး၍ အခါကောင်း အခါမြတ် ရွေးကာ သြဘာစာ ဖတ် စေသော မန္တလေး ပုဏ္ဏားတော်ဆရာစိန် ၏ ငွေခရုသင်း မှုတ်သံ နှင့် အောင်း ဟရီ ဟရီ ရွတ်သံမှာ သင်္သရိုက်သံ ပါလှသည် ။ ဇယံဇေယျတု ဇယုတ္တရော ဆိုသည့် ဇေယျမင်္ဂလံ ထဲ မှ မထွက်သည့် အောင်ခြင်းမင်္ဂလာ လင်္ကာပတ်တမ်းတွေ ကို လည်း ငွေ ပေးရတာ တန်သည် ထင်အောင် ကြိုးစားမင်းစား သရဇ္ဈာယ် နေပြန် ပါသေးသည် ။ အောင်ပါစေ သပြေပန်း နှင့် ရေချမ်း ကို လောင်း ဆို သော စည်တော်သံ ကို လည်း ကြား လိုက်ရသည် ။ ထိုသည့် နောက် ရေ ကို သားသော် လည်း အခြား မထင် ရေ ကို စွဲ၍ မကွဲ ဟူသည့် ဥပမာ အားဖြင့် ငွေဖလားကြီး ထဲ က ရွှေရည်ငွေရည် ရတနာ ရေအေး ထဲ တွင် မောင်မောင်လွင် လက် နှင့် ထပ်ကာ နှစ် လိုက်ကြရ ပြန် သေးသည် ။
ယခုခေတ် ဂုဏ်ပကာသန တို့ တွင် အထွတ်အထိပ် ဟု ထင်သော နန်းရင်းဝန် ကိုယ်တိုင် က မောင်မောင်လွင် နှင့် မြမြ ကို လက်ဆက် ၍ ပေးကာ တတ်သမျှ မှတ်သမျှ ထုတိသြဘာ မင်္ဂလာစကားများ ပြောကြား လိုက်သေး သည် ။ ဝိသာခါ ဓနဉ္စယပုဏ္ဏဝဎုဏ သတို့သမီး ၊ သတို့သားတွေ နှင့် နှိုင်းကာ ရာသက်ပန် မကွေမကွဲ ရွှေလက်တွဲ၍ အမြဲ ပျော်ကြပါစေဟု ဆုမွန်များ ပေး လိုက်သေးသည် ။
ဤကဲ့သို့ ပွဲကြီး ယဉ်၍ မိဘ နှစ်ပါး က ထင်သမျှ သော စေတနာ မင်္ဂလာတို့ ၏ တန်ခိုး ဆွေမျိုးပရိသတ် အထပ်ထပ် တို့ ၏ အာသီသ တို့ နှင့် ဆိုရလျှင် မြမြ တို့ လင်မယား မှာ ယခုမှ စ၍ ငှက် ဖြစ်တောင် တစ်ကိုင်း တည်း နား သွား နိုင် ကြလောက်ပါပေသည် ။ သို့သော် သို့သော် အများက ရှင်မောဂ္ဂလာန် ဆို ပေမဲ့ ဈာန် ကြွ နိုင်မှ ယုတ္တိ ရှိ သကဲ့သို့ အများ က ထင်သလို ကာယကံရှင် လင်မယား က အကြင်နာတရား ကိုယ်စီ ရှိကြ မှ အရှည် သဖြင့် တည်စွဲ ခိုင်မြဲ သွားနိုင်ကြမည် မဟုတ်ပါလော ။
မြမြ သည် လက်ထပ် လိုက် ရသော မောင်မောင်လွင် ကို မြင်ဖူးတွေ့ဖူး ရုံမျှ ရှိသည် ။ ထိုက တစ်ဆင့် တက်၍ မိမိ နှင့် စုံဖက်ရမည် ဟု သိ ရသောအခါ တစ်ခွန်း စ နှစ်ခွန်း စ ပြောဖူး ဆိုဖူး ရုံမျှ ရှိခဲ့သည် ။ ထို ပြောဖူးသည့် စကားများ မှာ လည်း သမီးရည်းစား စကားများ လို အတွင်းကျကျ အသည်းနှလုံး ထဲ က စကားမျိုး မဟုတ် ။ အပရိက အာသံဝစ္စ တို့ သာ ဖြစ် တော့သည် ။ ထို့ကြောင့် ထို နေ့ က မင်္ဂလာကိစ္စ တွေ ပြီး ကတည်း က မောင်မောင်လွင် နှင့် နှစ်ကိုယ် ချင်း မတွေ့ ခဲ့ရ ။ တွေ့ ရဖို့လည်း အာသာ မရှိ ။ မချစ်ဘူး ၊ ချစ်တယ် စဉ်းစားဖွယ် မဟုတ် ။ မချစ်ဘူး ပဲ ပြောပြော ၊ ချစ်ပါတယ် ပဲ ပြောပြော နောက်ဆုံး သဘော က တော့ “ သုံးတောင်ပြည့် ခန်းသာလယ် ၊ လေးတောင်ပြည့် ခန်းသာလယ် မောင် ကြံရွယ်တဲ့ စံပယ်ကုံးရယ် မင်း ဘယ်သို့ တုံး ” ဟု ယနေ့ည ပဲ မေးတော့မယ် ဟု သိခဲ့ရသည် ။
သမီးရည်းစား မဟုတ်ခဲ့သူများ အဖို့ ထို နေ့ ည သည် အတော် ခွ ကျ သည် ။ မိမိတို့ အဖို့ သတ်မှတ် ပြင်ဆင် ထားသော အခန်းတွင်း သို့ ကိုယ် က အရင် ဝင် နေ ပြန်လျှင်လည်း မတင့်တယ် ။ နောက်ချန် နေ ပြန်လျှင် လည်း အရုပ်ဆိုး ၊ ရှိုးတိုးရှန့်တန့် ဖြစ်စရာ တွေ့ကြုံရသည် ။ နောက်ဆုံး ခုတင် ပေါ် တွင် ထိုင် နေသော အခါ အခန်း တံခါး ကို ဖွင့်၍ မောင်မောင်လွင် ဝင် လာသည်ကို စောင်းပါးရိပ်ခြည် ကြည့် နေ ရတော့သည် ။ သူ့ အမူအရာ မှာ ကြောက်ရွံ့ ထိတ်လန့်ခြင်း မှ ကင်း၍ မင်းမူ မည့် ဣန္ဒြေမျိုး လိုလို တည်တည်ခန့်ခန့်ကြီး ထင် ရသည် ။ တကယ် တွေး လိုက်တော့ ကိုယ့် ချစ်သူ မဟုတ်ခဲ့၍ ဤသို့ ထင် လေသလား ဟု စဉ်းစားသည့် အခါ ကိုယ့် ချစ်သူ ဖြစ် ကလည်း ခပ်တည်တည် ဣန္ဒြေကြီး နှင့် လာ သူ က လည်း လာမည် မဟုတ် ။ မှို ရသည့် မျက်နှာ ပြုံးစိစိ စပ်ဖြဲဖြဲ အမူအရာ မျိုး သာ တွေ့ ရမည် ဖြစ်၍ ကိုယ် က လည်း သူ့ မျက်နှာထား ရူးနှမ်းနှမ်း ကို ချစ်မျက်စောင်း နှင့် လှမ်း ၍ ပက် လိုက် တော့မည် ဖြစ်၏ ။
မောင်မောင်လွင် က အနား ရောက် လာသော အခါ ပြုံး ကား ပြုံးပါ၏ ။ သူ့ အပြုံး မှာ စစ်နိုင်သော စစ်သူကြီး က လက်နက် ချ၍ အညံ့ ခံ ရသော သူပုန် အပေါ် ကို ကျော် ၍ ကြည့် ပြုံး သည့် အပြုံးမျိုး ဖြစ် လေရာ ယခုထက် ရှင်းအောင် ပြော ရလျှင် ကား
“ ကဲ မင်း ဘာ တတ် နိုင်သေးသလဲ ငါ့ လက်ခုတ် ထဲ က ရေ ” ဟု ကြုံးဝါး ချင် သယောင် ရှိတော့သည် ။ ထို့နောက် သူ က အနား ကပ် ထိုင် ချ လိုက်ပြီး မေးခွန်း ထုတ် လိုက်သည် ။
“ ဘယ့်နှယ်လဲ ပျော်ရဲ့လား ”
ဤ မေးခွန်း မှာ အတော် အဖြေ ရ ကျပ်သည် ။ ရည်းစား မဟုတ်ခဲ့ ရသော မြမြ အတွက် ရှက်စရာ ကြောက်စရာ မိန်းမတို့ ဣန္ဒြေ ပါ ငဲ့ညှာ ဖို့ အလုံးစုံ အကျုံး ဝင် နေတော့သည် ။ သမီးရည်းစား သာ ဖြစ် ခဲ့ရပါမူကား ဤ မေးခွန်း ကို ကြား လိုက်ရသည့် နှင့် တစ်ပြိုင်နက် သူ့ ရင်အုံကြီး ကို ခေါင်း နှင့် ဝင် ဝှေ့ ကာ
“ ဘယ်နှယ့် မေးပါလိမ့် မောင် ရယ် ။ အနေ့နေ့ အရက်ရက် အထိတ်ထိတ် နဲ့ မျှော်လင့် လာ ခဲ့ရတဲ့ အောင်မြင်မှု ကို မပျော်ဘဲ နေ ပါ့မလား ။ မောင် ကော မပျော်ဘူးလား ဟင် ဟင် လို့ ဒီ က မေး နေတာများ ပြော စမ်း ပါဦး ။ တကတဲ ပြုံး နေ ဖို့ပဲ တတ်တယ် ။ ဟင်းနော် ဒါပဲ နောက် တော့ မှ မြ ကို မပစ် နဲ့ သိလား ။ နည်းနည်းကလေးများ စိတ်ညစ်အောင် လုပ် ရင်တော့ ငိုချည်းပဲ ပစ် လိုက်မယ် ” ဟု မူကာနွဲ့ကာ ခရာ လို့ ကောင်း လိုက်မည့် ဖြစ်ခြင်း နော့လို့ မူလို့ အရသာ ရှိလိုက်မည့် ဖြစ်ခြင်း ။
ယခုတော့ ယခုတော့ မိမိ အတွက် တစ်သက်လုံး အထင်သေး စရာ မဖြစ်အောင် ဟန်ဆောင်မည့် သိက္ခာ ၊ သူ ကန်း မတက်ရအောင် စောင့်စည်းချုပ်တည်းရမည့် အမူအရာ တို့ အပြင် ကိုယ့် အလှဂုဏ် ၊ ကိုယ့် မိဘဂုဏ် ၊ ကိုယ့် ဓနဂုဏ်ကလေးတွေ က မာန ရယ်လို့ ရှိ သေးသည် ။
“ ပျော်ပါတယ် ” ဟု ဖြေ လိုက် မိလျှင် သူ နဲ့ ညား လို့ ဝမ်းသာအားရ ရှိ လှသည် ဟု များ ထင် သွားလေမလား ။ ဒီလို ဆိုရင် မိန်းမဈေး ပျက်ရ ချည့်ရဲ့ ။
“ ဟင့်အင်း မပျော်ပေါင် ” ဆို လိုက် ပြန်ကလည်း
“ ဒါဖြင့် မင်း ငါ့ ကို မကြိုက်ဘဲနဲ့ ယူ ရတာပေါ့လေ ” ဟု လေရှည် စရာ ဖြစ်ရာ က တစ်သက်လုံး စိတ်မချမ်းသာစရာ ဘဝတွေ ကို မောင် မင်း ကြီး သား က ဖန်တီးလိုက် မှာ စိုးရသေးသည် ။
ထို့ကြောင့် မြ က လိမ္မာစွာ နှင့် မတင်မကျ ဖြေလိုက်ရသည် ။
“ ကိုယ်ချင်း စာ ကြည့်လေ ”
မောင်မောင်လွင် က အဖြေ ကို သဘောကျ သွား သကဲ့ သို့ သံညှင်း ကလေးနှင့် မပွင့်တပွင့် ရယ် ပြလိုက်သည် ။ ရယ်ရာ က မြ ၏ ပခုံးနှစ်ဖက် ကို စုံကိုင် လိုက်ရာ မြ က မသိမသာ ပခုံးတွန့် ၍ ရွံ့ဟန် ပြလိုက်သည် ။ အမှန်အားဖြင့် ဆို ရ လျှင် လည်း လန့် တော့ လန့် သွားမိသည် ။ ထိုကဲ့သို့ ကြောက်ခြင်း လန့်ခြင်း တို့ မှာ အချစ်စိတ် နှိုးဆော်မှု မရှိ၍ သာ ဖြစ်ကြောင်း မြ ကိုယ်တွေ့ ကြုံရသည် ။ မြ က မထုံတက်သေး ခပ်အေးအေး နေ လိုက်ခြင်း ကြောင့် မောင်မောင်လွင် က လည်း မကျေနပ် သလိုလို ဖြစ် သွားသည် ။ သူ ကိုယ်တိုင် က လည်း မြ ကို ချော့ချင်သည့် စိတ်စေတနာ မရှိ ။ မြ က လည်း အောက်ကျ မခံချင် ။
“ မြ ၊ ကိုယ့် ကို ချစ်ရဲ့လား ”
ဤ မေးခွန်းမျိုး ထွက် လာမှာကို မြ အတော် စိုးရိမ်လိုက်မိသည် ။ သူ မမေးစေချင်သည် မှာ အဖြေ ခက်၍ ဖြစ်တော့သည် ။ ဒါဖြင့် ကိုယ် က သူ့ ကို မေး လိုက်ပါတော့ ကော
“ မြ ကို ချစ်ရဲ့လား ”
ဤ မေးခွန်း မျိုး ကို လည်း ကိုယ် က အမေး ခက်လှသည် ။ အတော် ဆက်ဆော့ သည့် မိန်းကလေး မှ ကိုယ်က စ ၍ မေးဝံ့လိမ့်မည် ။ ဤသို့နှင့် သူတို့ ၏ အိမ်ထောင်ရေး သည် စက္ကူ နှင့် ပြုလုပ်ထားသော နှင်းဆီပန်း ကလေး ကဲ့ သို့ အမြင် လှ သော်လည်း အနံ့အသက် ရှူ ၍ မရအောင် ရှိတော့ ၏ ။ လင်မယား ဟူသည့် စပ်ကြား တွင် ဂုဏ်တွေ ၊ မာနတွေက ကာဆီး လျက် ရှိတော့သည် ။ သည် အယူအဆ အစွဲအမြဲ တို့က အသီးသီးပင် ပယောဂ ဖိစီး နေကြသည် ။
စကား ပြောရာ က မောင်မောင်လွင် သည် ခုတင်ပေါ် တက် ၍ ပက်လက်လှန် အိပ် လိုက်သည် ။ ထို့နောက် ပါးစပ် က ဝါးခနဲ နေအောင် သမ်းဝေ လိုက်ရင်း တစ်နေ့လုံး ပင်ပန်းခဲ့ရသမျှ ယခု မှ အနား ယူ အပန်းဖြေ ရသလို လေးဖက်လေးတန် ခြေပစ် လက်ပစ် ဆန့်၍ ဟင်းခနဲ သက်ပြင်း မှုတ် ထုတ် လိုက်သည် ။ သူ့ မျက်စိ အစုံ မှာ တော့ ခြင်ထောင်အမိုး မျက်နှာကြက် ကို သာ မမှိတ်မသုန် စိုက်ကြည့်၍ နက်နက်နဲနဲ စဉ်းစား နေ ဟန် တူသည် ။ မြ မှာ ကား အနား က ငုတ်တုတ်ကလေး ထိုင် လျက် ပင် ။
ထိုည မှ စ၍ မြမြ မျက်ရည် ကျ ရသည် ။
မိန်းမ ၊ ယောက်ျား နှစ်ဦးသား တို့ လင်မယား ဖြစ် လာ ကြသည် မှာ ချစ် ၍ ပင် ညား သလော ၊ ညား ၍ ပင် ချစ် သလော စောဒနာ ဖို့ အကြောင်း ဆိုက် လာ ခဲ့လေသည် ။
မြမြ နှင့် မောင်မောင်လွင် အကြင်လင် နှင့် မယား ဟု လူသိ နတ်ကြား လက်ထပ် ခဲ့ ကြရသည် ။ အများ မျက်မြင် နှစ်ကိုယ် ယှဉ်၍ ပြုံးပြုံးရွှင်ရွှင် နေ ခဲ့ကြရသည် ။ သို့သော် အတွင်းရေး ကို ကြည့် လိုက် ရ လျှင် ကား သံပတ် ပေး ထားသည့် စက်အရုပ်တွေ လို ဝတ္တရားကျေ ဆောင်ရွက် နေ ကြကြောင်း နှစ်ကိုယ် ချင်း သာ သိ နိုင်ကြသည် ။ လင် ဝတ္တရား ၊ မယား ဝတ္တရား ထို ဝတ္တရားတွေ ကို ကျေပွန် လျှင် လင်မယား စခန်း ၌ စိတ်ချမ်းသာမှု ရ လိမ့်မည် ဟု ထင်မှတ် မှား နေသူများ အဖို့ စိတ်စေတနာ သဒ္ဓါတရား ရှေ့ဆောင်မှု မရှိ ။ ဝတ္တရား သိ ၍ သာ ဆောင်ရွက်ပေးမှု ကို ခံစား နေ ရသူများ အဖြစ် သို့ ရောက်ဖူး မှ သိကြ ကြုံကြ ရ ပေသည် ။
လောက မှာ ပိုက်ဆံ သာ အရေး ကြီး တာပါပဲကွာ ဟူသော ဥပါဒါန် ဖြင့် ငွေ ပေး ကာ ခိုင်း ကြသည် ။ ငွေ ရအောင် လုပ် ကြသည် ။ ထိုအခါ ငွေ ပေး ရ သူ က ငွေ ပေး ၍ ခိုင်းသည် ဟု ခပ်ရိုင်းရိုင်း သဘော ထား ကြ သလို ငွေ ရဖို့ ထမ်းဆောင် သူ က လည်း ငွေ ရ လျှင် ပြီးစတမ်း ဟု ပရမ်းပတာ လုပ် လိုက် ကြပြန်သည် ။ ခို ချင် လျှင် ခို ၊ ကပ် ချင် လျှင် ကပ် ၊ ခိုး ချင် လျှင် ခိုး ၊ ဝှက် ချင် လျှင် ဝှက် နှစ်ဦးနှစ်ဖက် စေတနာ အရင်း မခံ သဖြင့် အမှု မှန် လျက် မကြီးပွား နိုင် သည့် နည်းတူ အိမ်ထောင်ရေးပြဿနာ လင်မယား ၊ သင်ခန်းစာ မှာ လည်း ပမာ ထို့အတူ ဤ မူ အတိုင်း သာ ရှိ တော့သည် ။
လင်ယောက်ျား ရှာဖွေ၍ ရ သမျှ မယား ကို သာ အပ် ကြရမည် ဟူသည့် အတိုင်း
“ ရော့ဟေ့ ၊ လခ ထုတ်လာတယ် ” ဟု ပိုက်ဆံ ကို ပစ် ပေးလိုက် သကဲ့ သို့ အိမ်မှုကိစ္စ မယားများ က လုပ်ကြရမည် ဟူသော ဥပဒေ အရ
“ ဟောဒီမှာ ထမင်း ခူးပြီးပြီ ” ဟု မယား က မီးဖိုချောင် က လှမ်း အော် လိုက် ပြီး လျှင် နှစ်ဦး စလုံး ၏ ဖျားရေး နာတာ ဝေဒနာများ အတွက် ဆရာဝန် ခေါ် ပေး ၊ အနှိပ်သည် အနှိပ် ခိုင်း ၊ ထိုထက် တစ်ဆိတ် အခံ ဆိုးလာ လျှင် ဆေးရုံ ကို ပို့ ပေးရုံ နှင့် လင်မယား အရသာ လင်မယား တို့ ၏ ဝတ္တရား ကျေပွန်သည် ဟု ဆို ရမည်လား ။ ချွတ်ယွင်းသည် ဟု မဆိုနိုင် သော် လည်း ပြည့်ဝသည် ဟု မမှတ်ယူ နိုင်သော ဤ အကြောင်းတရားများ သည် လင် မယား အမည် ခံယူ ရုံသာ နေ ကြရသော အိမ်ထောင် မောင်နှံ ၌ ရှိ တတ် ကြသည် ။
လူ ကို ချစ်လို့ ယူ တာလား ၊ ပစ္စည်း ကို မက် ၍ ယူ တာလား ၊ မိဘ သြဇာ ကို နာခံရလို့ ယူ တာလား ဟူ သော လား ပေါင်း တစ်ရာ့ခြောက် လောက် သည် ဘုမသိ ဘမသိ မင်္ဂလာဆောင် ယူ ရသော ဇနီးခင်ပွန်း တို့ ၏ စိတ်ဝယ် ကိန်းဝပ် နေတတ်သည် ။ ပျော် တုန်း တော့ မထောင်းတာ နာ စရာ ဖက် မိတော့ ဤ အချက်တွေ က ပါဝင်၍ စနိုးစနောင့် ဒုက္ခ ပေး တတ်သေး သည် ။ ညားပြီး မှ မေး လျှင်တော့ “ မချစ်ဘဲ နဲ့ ယူ ပါ့မလား ” ဟူသော အဖြေ သာ ဒိဋ ကြား ကြရပေ မည် ။ ထိုမှ လွဲသော အဖြေ ကား ကွဲပြား ခါ နီးမှ စစ်ကြေညာ သလို ကြေညာ ရင်း အဖြေ ထွက် လာ တတ်ပေသည် ။ ဆူး ပေါ် ဖက် ကျ လျှင် ဖက် ပေါက် ၍ ဖက် ပေါ် ဆူး ကျ လျှင် လည်း ဖက် သာ ပေါက် ရအံ့သော မြမြ တို့ လို မိန်းကလေး တစ်ယောက် အတွက် တည် မိ တဲ့ ဘုရား လင်းတ ပင် နားနား ၊ ရတနာသုံးပါး အဖြစ် က ရွေ့လျား နိမ့်ကျ ၍ မသွားနိုင် သကဲ့ သို့ ညား မိသော လင် ကို လည်း ဆိုးဆိုးကောင်းကောင်း ပေါင်း ရ ပေတော့မည် ။
မြမြ သည် ထို သဘောတရား အရ လင် ကို ဂရုစိုက်ဖို့ ကြိုးစား ခဲ့သည် ။ ရင်းရင်းနှီးနှီး တိုးတိုးခွေ့ခွေ့ နေ နိုင်ရအောင် သွေးဆောင် ကြည့်မိသည် ။ သို့သော် မြမြ ၏ ဆန္ဒ အတိုင်း မဖြစ်မြောက်ခဲ့ ။
လင် နှင့် မယား ဟူသည် အပေးအယူ ရှိစမြဲ ၊ အပေးအယူ အပြန် အလှန် မှန်သားကဲ့သို့ လည်းကောင်း ၊ ရေကသိုဏ်း ကဲ့သို့ လည်းကောင်း ရှိ တတ် သည် ။ ရှိ မှ လည်း သဘာဝ ဖြစ်သည် ။ လင်မယား ဘဝ သာ မက ကမ္ဘာ့ လူမှုပေါင်းသင်း ဆက်ဆံရေးတွင် ပင် အဓိက တရားကြီး ဖြစ်သည် ။ သူ့ လက် လာ မှ ကိုယ့် လက် နှင့် တွေ့ ကြမည် ။ ကိုယ် က လက် လှမ်း လျက် နှင့် သူ့ လက် က မကမ်း လျှင် လမ်း တွင် တွေ့ဆုံ နိုင် ကြသည် မဟုတ် ။ ထိုသို့သော အခါ သူ မာ လျှင် စိန်သံချောင်း သာ ပ ၊ သူ ပျောင်းလျှင် အရည် ဖြစ်နိုင် ငဲ့ ။ သူ တော် မှ ကိုယ် ကောင်းမည် ဆိုသော စကား မျိုး နှင့် ချင်းစိမ်း နှင့် မိဿလင် သူ ကြင် မှ ကိုယ် ကြင်မယ် ဆိုသော ဥပမာများ ၊ သံ ကို ကြွက်စား လျှင် သား ကို စွန် ချီ သော ထုံးတမ်း သည် အာဃာတ တရား နှင့် နှစ်ဦး ကြား တွင် မားမားကြီး ပေါ်ပေါက် ကာဆီး လာ တတ်ကြသည် ။
အခါခပ်သိမ်း တွဲဖက် ၍ တစ်သက်တာ ဘဝခရီး ၏ ဇနီးမောင် နှံများ ကို မဆိုထား နှင့် တကယ် လင်မယား မဟုတ်သော ပွဲ ထဲ က မင်းသား ၊ မင်းသမီး ကပြ သူ များ ပင် လျှင် သထိထား ၍ ကြည့် ပါဦး ။
“ မာလာ ငွေဖော့ ၊ ခွေလျော့လျော့ ကြွေတော့မယ့်ပုံ ၊ နုကသိုဏ်း ကျ ၊ ရှုတိုင်းလှပါတဲ့ ၊ မြ ကြေးမုံ ခင်လေးဗျ ” ဟု မင်းသားက ချွဲချွဲပစ်ပစ် ခေါ် စမ်း လိုက်သည့်အခါ
“ ဘာတုံး ” ဟု နှစ်လုံး တည်း သာ မင်းသမီး က ထူး လိုက်သည် ဆိုလျှင် နားဝင် တစ်မျိုး ကြောင့် ခွက်ထိုးခွက်လန် ရယ်စရာ အမှန် ဖြစ် သွား နိုင်သေးသည် ။ ထို့ အတူ မင်းသမီး က
“ ရွှေလည်ဝင်းနှင့် ၊ ခင်းသင့်သင့်မှာ ၊ ညှင်းနှစ်ပွင့်ဆိုင် သျှောင်ထုံး တွဲတွဲ ၊ ဆောင်လုံးဖွဲ့တဲ့ ၊ မယ့်ကေခိုင်မောင် မောင် ဘုရာ့ ” ဟု ခရာတာတာ မာယာသံ တွဲ၍ ချွဲ လိုက် မှ မင်းသား က ကဗျာဆန်ဆန် ကာရန် နဲ့ ပြန် မလာဘဲ ၊ “ ဘာလဲကွာ ၊ တကတဲ နား ပူ လိုက်တာ ” ဟု ဆို လိုက်လျှင် လည်း အပေး အယူ နားဝင်ပီယံ မဟုတ် ၊ မင်းသမီးများ အတွက် အောင့်သက်သက် ဆန့်တငံ့ငံ့ ခံ လိုက်ရ ရှာမည် မဟုတ်လော ။
ထို့အတူ မြမြ အတွက် လည်း အခေါ်အပြော အဆက်အဆံ စ၍ အဆင်မပြေမှုကလေးတွေ ကြုံ ရသည် ။ တစ်ခါ က နှစ်ခါ မောင်မောင် ဘဘ လုပ်၍ အဆင် မပြေသော အခါ နောင် ကို မျက်နှာပြောင် တိုက်ဖို့ အတော်ကလေး ဝန်လေး လာ တော့သည် ။ ဝန်လေး ၍ ဆက် မလုပ်သော အခါ လင်ယောက်ျား က အမြင် တစ်မျိုး အထင် တစ်မျိုး မြင် လာ ထင် လာ တတ်တော့သည် ။
လင် နှင့် မယား နှစ်ဦး ကြားဝယ် မယားငယ် ယူ မှု ၊ လင်ငယ် နေ မှု တို့ သည် သာ လျှင် ကွဲပြား ခွာပြလောက်အောင် အရေးကိစ္စကြီး တစ်ခု မဟုတ် ။ အမှတ်မထင် သဘော နှင့် ကြည့် လျှင် မပြောပ လောက် ဟု ထင် ရသည့် အကြောင်းတရားကလေးများ က လည်း တဖြည်းဖြည်း နှင့် အရေး ကြီး လာ လောက်အောင် သတ္တိ ရှိ ကြ၏ ။ ဥပမာ အား ဖြင့် တဟုန်းဟုန်း တောက်လောင် သော မီးအလျှံကြီး သည် သာ ပြာသာဒ်ကြီး တစ်ခုလုံး ကို ဝါး စွဲလောင် ဖျက်ဆီး နိုင်သည် ကား မှန်၏ ။ သို့သော် ထို မီးဟုန်းဟုန်း ၏ ဘဝ သည် မပြောပ လောက်သော မီးပွားမီးမှုန်ကလေး က မူတည် ၍ စ ခဲ့ခြင်း ဖြစ်သည် ။
မြမြ နှင့် ကိုလွင် တို့ ၏ အိမ်ထောင်ရေး ဘဝ သက်တမ်း ၌ လည်း မီးပွားကလေးတွေ ကို သတိ မပြုခဲ့သဖြင့် မီးတောက်မီးလျှံ ကြီး သည် ထက် ကြီး ကာ မြမြဝင်း ပဋိသန္ဓေ အရင့်အမာ တွင် အိမ်ထောင်ရေး မီးလျှံကြီး တဝုန်းဝုန်း တဟုန်းဟုန်း တောက်လောင် ဝါးမျို ခံ ရခဲ့လေသည် ။
••••• ••••• ••••• •••••
ဒေါ်မြမြ တို့ အိမ် မှ တိုင်ကပ် သံစုံနာရီကြီး ၏ ဆယ့်နှစ်ချက် တီးခေါက်သံ သည် အတွေး ထဲ တွင် နစ်မျော နေခဲ့မိသော ဒေါ်မြမြ အား လန့်ဖျပ် ဖျက်ဆီး လိုက်လေ၏ ။
ခေါင်းအုံး တစ်ဖက်စွန်း တွင် တစိမ့်စိမ့် စီးကျနေသော မျက်ရည်များ သည် အတော်ကလေး စိုစွတ် နေတော့သည် ။ သို့သော် သမီးကလေး မြမြဝင်း နိုးမည် စိုး၍ ကိုယ်ခန္ဓာ လည်း မလှုပ်ဝံ့ ၊ မျက်ရည် လည်း မသုတ် ဝံ့ ဖြစ်နေရှာသည် ။ ထိုသို့ နေသည့် ကြား က မြမြဝင်း ၏ ကိုယ်ကလေး မှာ လှုပ်လှုပ်ရွရွ ဖြစ် လာသည် ကို သိ လိုက် ရသည် ။ ထို့နောက် မြမြဝင်း ထ ထိုင်လိုက် မှန်း လည်း သိ သည် ။ မိမိ အား ငုံ့ကြည့် ၍ အိပ်ပျော် မပျော် ကို အကဲခတ် နေကြောင်း လည်း ရိပ်မိ လိုက်သည် ။ ဒေါ်မြမြ ကား ဝမ်းတွင်း က ဘလောင်ဆူ လျက် နှင့် မျက်စိ ကို စုံမှိတ် ၍ အိပ်ချင် ယောင် ဆောင် နေလိုက်လေသည် ။
မြမြဝင်း သည် ခုတင် ပေါ် မှ ခြေဖျား ထောက် ၍ ဆင်း လိုက်သည် ။ ထို့နောက် တစ်လှမ်းချင်း လှမ်းကာ အခန်းဝ သို့ ရှေ့ရှု နေလေသည် ။
ထိုအချိန် တွင် ပင် အိမ်နောက်ဖေး ပေါက် မှ ရွှီခနဲ လေချွန်သံ တစ်ချက် ကြား ရ ပြန်သည် ။ မြမြဝင်း သည် ထို အသံကြောင့် စိတ် မလုံနိုင်ဘဲ မိခင်ကြီး ရှိ ရာ ကို ပြန် လှည့် ကြည့် လိုက်သေးသည် ။ မိခင်ကြီး က ဘာမှ မထူးခြားသော အခါ ဆက်၍ လှမ်းကာ အခန်း အပြင် အရောက် ထွက် သွားတော့သည် ။ ဒေါ်မြမြ မှာ စိတ် တွင်း က တားရ မယောင်ယောင် ဥပေက္ခာ ပြုရ မယောင်ယောင် နှင့် ဝမ်းနည်း လျက် သာ ရှိလေသည် ။ အဘယ်ကြောင့် ဝမ်းနည်း နေသည် ကို မူ သူ ကိုယ်တိုင် က မှ မသိ ။
ယခု ထ ၍ ထွက်သွားသော ခရီးသည် သမီးသည် မြမြဝင်း အတွက် အလွန်တရာ စိတ်ချမ်းမြေ့စရာ အဖြစ် ဖြင့် တည်ရှိ ပေလိမ့်မည် ။ ထိုသို့ သမီး စိတ်ချမ်း သာ လျှင် မိခင် ၌ မုဒိတာ ဖြစ်ဖို့ သာ ရှိသည် ။ ယခုကား အဘယ်ကြောင့် ဝမ်းနည်းခြင်း ဖြစ်ရသည် ကို မတွေးတတ် ။
ဒေါ်မြမြ သည် ကိုယ့် စိတ် ကို အစိုး မရသော ပုဂ္ဂိုလ် တစ်ယောက် ကဲ့ သို့ ခုတင် ပေါ် မှ ထ ထိုင် လိုက်မိသည် ။ ယောင်ယောင်နန ဖြစ် နေခြင်းမှာ စဉ်းစား နေသော ကြောင့် မဟုတ် ။ ဘာ လုပ်ရမည် မသိ သလို သာ ဖြစ် နေ လေသည် ။ ထို့နောက် ဒေါ်မြမြ ကိုယ်တိုင် မြမြဝင်း သွားရာ ခရီး ကို ခြေရာ နင်း မိသည် ။
အိမ်နောက်ဖေး တံခါး သည် အသာကလေး စေ့ ထား သလို တွေ့ ရ သည် ။ တံခါး ကို တဖြည်းဖြည်း ဖွင့် ကြည့် လိုက်သော အခါ အိမ် နောက်ဖေး ပန်းရုံကလေး နား ရှိ ခုံတန်းလျားကလေး အပေါ် ၌ ယောက်ျားပျို တစ်ဦး ၏ ရင် ကို ခေါင်း မှီကာ လောကကြီး တစ်ခုလုံး ၏ အာရုံ ကို ပီတိ နှင့် အဆက် ဖြတ် ထား ဟန် ဣန္ဒြေ နှင့် ကြည်နူး နေ ဟန် တူ သော သမီးသည် ၏ အမူ အရာ ကို မြင် လိုက်ရသည် ။
“ မြ ၊ မြ မောင့် ကို ချစ်တယ် ဆိုတာ ဘယ်တော့ မှ မပြောင်းဘူး နော် ”
“ အို မောင် ကလဲ ။ မြ အချစ် ကို မယုံလိုက်တာ မောင့် ကိုလေ မောင့် ကိုလေ မြ မေမေ ထက် တောင် ချစ်သေးတယ် သိလား ၊ သိလား ”
နောက်ဆုံး ကြားရသော မြမြဝင်း ၏ စကား သည် တံခါး ကို မှီ နေ သော ဒေါ်မြမြ တစ်ကိုယ်လုံး အား သွေးတွေ လျော့နည်း သွား သလို ထင် လိုက်မိရုံ မျှ မက မျက်ရည်တွေတွေ ကျ ရာ က အိပ်ခန်း ထဲ သို့ တစ်လှမ်း ချင်း တစ်လှမ်း ချင်း လေးလေးပင်ပင် ဖင့်ဖင့်နွဲ့နွဲ့ မချိတင်ကဲ နှင့် ပို့လိုက် သလို ရှိ လေ၏ ။
◾သုခ
📖 ရှုမ၀ မဂ္ဂဇင်း
၁၉၅၁ ခုနှစ် ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment