Thursday, November 10, 2022

နာရေး


 ❝ နာရေး ❞


“ သွားတော့ သား ရေ သွားတော့ လောက မှာ ကိုယ် လိုချင်တဲ့ မိန်းမ လည်း ရပြီး ကိုယ် အင်မတန် ကြိုက် တဲ့ အရက် လည်း တဝကြီး သောက် ပြီး စောစောစီးစီး ‌ေ သ ပစ် လိုက်တာ ။ နင့် ဘဝလေး ပဲ အေးချမ်းပါတယ် သား ရေ ” 


အဘွားကြီးမြ လောလောလတ်လတ် ‌ေ သ သွားသော သူ့ သား တင်မောင် ရဲ့ အလောင်း နား ထိုင်ပြီး ဆေးပေါ့လိပ်ကြီး ရဲ နေအောင် ဖွာ ပြီး ရေရွတ် နေသည် ။ သူ့ ပုံ က ဝမ်းနည်း ပုံ မရ ။ သူငယ်ချင်း တစ်ယောက် ကို အေးအေးဆေးဆေး ထိုင် ပြောပြ နေ ဟန် နှင့် ပါးစပ် က တတွတ်တွတ် ရွတ် နေသည် ။


“ မင်း ဘဝလေး က ပဲ ကောင်းပါတယ် မောင်တင်မောင် ရယ် ၊ လူ့ လောက မှာ နှစ် သုံးလေးဆယ် နေ သွား တော် ရောပေါ့ ။ ကြာကြာ နေ ရင် လည်း မင်း ကို ဆန်ကုန်မြေလေး လို့ အများ က ပြော ကြဦးမယ် ။ စောစောကြီး ‌ေ သ ပစ် လိုက်တာ အေးပါတယ် ။ အခုပဲ ကြည့်လေ ၊ နင် ‌ေ သ လို့ အမေ လည်း မငိုဘူး ၊ နင့် အစ်မ လည်း မငိုဘူး ၊ နင့် အစ်ကို လည်း မငိုဘူး ၊ နင့် မိန်းမ ဟို ကောင်မ သာ ငိုချင် ယောင် လာ ဆောင် နေတာ ၊ ကြည့် လို့ ကို မရဘူး ” 


သူ့ နံဘေး မှာ တရှုံ့ရှုံ့ ငိုကြွေး နေ သော တင်မောင့် မိန်းမ မလှအေး ကို မဲ့ရွဲ့ ကြည့် ရင်း ပြော သည် ။


“ မ‌ေ သ ခင် က တော့ တင်မောင် နှိပ်စက်လွန်း လို့ ကွဲ ပါရစေ ၊ ကွာပါရစေ ဆိုပြီး ကလေး နှစ်ကောင် ပစ် ပြီး အိမ် ပေါ် က ဆင်း သွား တဲ့ ဟာမ လေ ။ အခု ‌ေ သ ပြီးတော့ မှ တင်မောင် ကောင်း ခဲ့တာလေး ရှိပါတယ် တဲ့ ။ ဘာ ကောင်း ခဲ့သလဲ ဆို ရင် သူတို့ နှစ်ယောက် ပဲ သိ မှာ ပေါ့ ”


ဘေးနား က တရှုံ့ရှုံ့ ငိုကြွေး နေသော တင်မောင့် မိန်းမ မလှအေး ချုံးပွဲချ ငို ချ လိုက်ပြီး


“ ဟီး ကိုတင်မောင် က ကောင်း ပါတယ်တော့ ဟီး ”


ဆိုပြီး ငိုသံကြီး နှင့် ပြော ၏ ။ ဒါကို ဘွားမြ က ရှုံ့ရင်း 


“ ဟေ့ တင်မောင် ကြား လား ၊ နင့် မိန်းမ လှအေး က ကောင်း လို့ တဲ့ ။ ငါ ဖြင့် လူရှေ့ သူရှေ့ တင်မောင် ကောင်း တာ တစ်ခါမှ မမြင်ဖူးဘူး ၊ ခြင်ထောင် ထဲ တင်မောင် နင်းပေး နှိပ်ပေး ကောင်း ရင်တော့ မသိပေါင် ” 


အဘွားမြ လက် ထဲ ကိုင် ထား သော ဆေးပေါ့လိပ် ကို ပြာ ချွေရင်း ပြော သည် ။ နောက် သူ မှ ပင် ဆက်၍


“ ဪ ... တင်မောင် တင်မောင် နင် ‌ေ သ တာ သိ တော့ နင့် သူငယ်ချင်းတွေ က လာ ကြတယ် ၊ နင် သောက် သောက် နေ ကျ အရက်ဆိုင် က လူ ပါပေါ့ ။ နင် ‌ေ သ ပစ် လိုက်တာ သိ လို့ ဝမ်း မနည်း တဲ့ အပြင် ပျော် တောင် ပျော် နေသေး ။ ဘာဖြစ်လို့ ပျော်သလဲ မေး တော့ ဖဲ မရိုက်ရတာ ကြာ လို့ တဲ့ အေ ။ အခု နင် ‌ေ သ တော့ မှ သူတို့ ဖဲ တစ်ဝ ရိုက် ရတော့ မှာ မို့ တဲ့ ။ ဟဲ့ ဟို ကောင်မ တိုးတိုး ငိုစမ်း ၊ နင့် ငိုသံ က မသာအိမ် ကျ နေတာပဲ ” 


“ အီး မသာအိမ် ပဲ ငို မှာ ပေါ့ ” 


ဘွားမြ စကား ကို သူ့ ချွေးမ မလှအေး က ငိုရင်း ပက်ခနဲ ပြန် ပြောသည် ။ ထိုတော့ မှ ဘွားမြ သတိ ရ သွား သလို ဖြင့်


“ အေး ၊ ဟုတ်သား ဆက် ငို ဆက် ငို နည်းနည်း တော့ အသံ လျှော့ ငို ။ ငါ စကား ပြော ရတာ စိတ် ဖြောင့်ဘူး ” 


ဆိုကာ ဆက်၍


“ အဲဒါနဲ့ ပြော ရဦးမယ် တင်မောင် ရေ နင့် သူငယ်ချင်း အရက်သမားတွေ လေ ။ ည ကျတော့ ဖဲ ဝိုင်း မှာရန် ထ သ -တ် ကြလို့ဟေ့ ။ ငါ့ မှာ အဘွားအိုကြီး နဲ့ ထ ဆွဲ ရတာ ။ မဆွဲရင် လည်း မဖြစ်ဘူး ။ ထွန်းစိန် လက် ထဲ က ဓ ား မြှောင် နဲ့ ၊ အောင်ကြီး လက် မှာ က တုတ်ပိုင်းကြီး နဲ့ ဟဲ့ ။ ငါ့ မှာ နောက်ထပ် မသာ မမြင်ချင် သေး တာ နဲ့ ဝင် ဆွဲ လိုက်ရတာ ။ ဟဲ့ မိသောင်း နောက်ဖေး မှာ ဟင်းအိုး တူး ပြီလား မသိဘူး ။ ငါ တူး နံ့ ရ နေတယ် ” 


ဘွားမြ ပြော လည်း ပြော သူ့ သမီး ကို လည်း လှမ်း အော် လိုက်သည် ။ သူ့ သမီး မိသောင်း က မီးဖိုချောင် ထဲ လှမ်း ဝင် သွားပြီး


“ မတူးပါဘူး အမေ ရဲ့ ။ ဒညင်းသီး မီးဖုတ် ထားတာပါ ” 


ဟူ၍ ပြန် အော်သည် ။ ဒါကို ဘွားမြ က


“ အေးအေး ဒါဆို လည်း ပြီးရော ။ အဲဒါနဲ့ တင်မောင် ရေ နင့် သူငယ်ချင်း အောင်ကြီး က တော့ ပြန် သွားပါ ရဲ့ ။ ထွန်းစိန် က ဖဲဝိုင်း ပြန် ထိုင် ပြီး အကောက် ပဲ ကောက် ပေး သလိုလို ၊ သူ ပဲ ဖဲ ရိုက်သလို နဲ့ လုပ်ပြီး မနက် ကျ တော့ အကောက်ငွေ ထဲ က ငွေငါးရာ ခါး လိမ် သွားတာ ။ ငါ လည်း မပြောတော့ပါဘူး ။ နင့် သူငယ်ချင်း နင့် လို ပဲ နေ မှာ သိနေတာပဲ ”


“ ဟဲ့ ပြောရဦးမယ် တင်မောင် ရေ နင့် သမီး အငယ်မ ပူစူးမလေး လူ က သာ လေးနှစ် ” 


“ သုံးနှစ်ခွဲ ပါ အမေ ရဲ့ ” 


သူ့ စကား မဆုံးခင် တရှုံ့ရှုံ့ ငို နေသော တင်မောင့် မိန်းမ မလှအေး က ဝင် ထောက် ပေး၏ ။ ဒါကို ဘွားမြ က


“ အေး အေး သုံးနှစ်ခွဲ သူ က ည က နင့် ကို တွေ့ သတဲ့ ” 


ဘွားမြ စကား ကြောင့် မလှအေး ကြက်သီး ထ သွား သ လို နှင့် အငို ရပ် ပြီး ဘေးဘီ ဝေ့ကြည့် တော့ ၊ သူ့ ပုံ က သရဲ ကြောက် တတ် ပုံ ၊ ဘွားမြ က တော့ ဆေးပေါ့လိပ် ကို အားရပါးရ ဖွာရင်း


“ ငါ တော့ မထင်ပေါင် ။ အသက် ရှင် တုန်း မှာ တောင် အိမ် မကပ် တဲ့ သူ က ‌ေ သ မှ အိမ် ပြန် လာ ပါ့မလား ” 


သူ့ စကား ကို မီးဖိုချောင် ထဲ ဟင်းအိုး တည် နေသော မိသောင်း က


“ အို အမေ က လည်း သူ့ သားသမီးတွေ ရှိနေတာပဲ ။ လာ ကြည့် ရင် ကြည့် မှာပေါ့ ” 


မိသောင်း စကား ကြောင့် မိလှအေး ငို နေရာ မှ မျက်လုံးကြီး ပြူးကျယ် ကာ အနောက် ကို အနည်း ငယ် ဆုတ် သွား၏ ။ ဘွားမြ က တော့ ဘယ်သူ့ ကို မှ ဂရု မစိုက်ဘဲ သူ့ ဘာသာ သူ ဆက် ပြော နေ ပြန်သည် ။


“ မနက် က လည်း နင့် အတွက် အမျှ ဝေ ဖို့ ဟာ ဘုန်းကြီး ငါးပါး ပင့် ခိုင်းလိုက်တာ မိသောင်း ရဲ့ မောင်ထူး လေ ။ သုံးပါး ပဲ ပင့် လာ တာ တော့ ။ အမျှ ဝေ တော့ လည်း ကြည့်ဦး နင့် မိန်းမ မလှအေး လေ ဘုန်းကြီး ရှေ့ တက် ပြ နေတာ လူတွေ သနား မလား ဆိုပြီး ” 


သူ့ စကား ကို အနား မှာ ရှိသည့် မလှအေးက မျက်ရည် သုတ် ပြီး


“ တကယ် တက် တာပါ အမေ ရဲ့ ” 


“ အောင်မလေး မောင်တင်မောင် ရေ နင် သာ ရှိရင် ပြ လိုက် ချင်သေး ။ ဟင်း အသက် ရှင် တုန်း က မျက်နှာချင်း ဆိုင် ရင် ရန် ဖြစ် ရင် ဖြစ် ၊ မဖြစ်ရင် ကလေး မွေး ဖို့ လောက် ကြံစည် နေကြတဲ့ ဟာတွေ က များ ၊ တကယ် တက် သလေး ဘာလေး နဲ့ ၊ ဒါမျိုး ဘွားမြ တို့ က နော ကျေလို့ ခြေမ ကလိ ထိုး ပြီး နှစ်ပြည်ဖိုး လောက် ရယ် လိုက်ချင်သေး ။ ဒီလို ပုံ မျိုး နဲ့ မင်းသမီး လုပ် ရင် အကယ်ဒမီ ဆို တိုင်း လှအေး ချည်း ရ မှာ ” 


ဟု ငေါ့ ပြောရင်း နှင့် မှ


“ အဲ ငါ့ ကို ဆေးပေါ့လိပ် တစ်လိပ် ပေးစမ်း ” 


ဆိုပြီး ဆေးပေါ့လိပ် တစ်လိပ် လှမ်း တောင်း၏ ။ ဒါကို အနား ရှိ နေသော မလှအေး က ဘွားမြ လက် ထဲ ဧည့် လာ လျှင် တည်ခင်း ဧည့်ခံ ရန် ထား သော ဆေးပေါ့လိပ် တစ်လိပ် ဆောင့်ကြီး အောင့်ကြီး နှင့် ထည့် ပေး လိုက်သည် ။ ဘွားမြ က တော့ ဘာကို မှ အမှု မထားဘဲ ဆေးပေါ့လိပ် ကို အပြင် က ပလပ်စတစ် ခွာ ရင်း စကား ကို ဆက် ပြန်သည် ။


“ ဟဲ့ ဝမ်းသာစရာ စကား ပြောရဦးမယ် ။ နင် သေ မှ လေ နင့် အစ်ကို မောင်ထူး တို့ အလုပ် က အလုပ်ရှင် က သူ့ ကားကြီး နဲ့ ရောက် လာတယ် ။ ကားကြီး က နီနီလုံးလုံးကြီးကြီး ပြောင်လက် နေတာ ။ ကား က လည်း အမြင့်ကြီး ၊ ကား နောက် မှာ လည်း ဘီး တစ်လုံး အပို ပါတယ် ။ ဒီဟာ မျိုး ရပ်ကွက် ထဲ လာတာ ငါ တစ်ခါ မှ မမြင်ဖူးဘူး ။ နင် ‌ေ သ လို့ သာ ငါတို့ အဲဒီ ကား ကို တွေ့ ရတာ ဟီ ဟီ ။ ပြီး လာတဲ့ လူကြီး က တော့ ဖြူဖြူသန့်သန့်ကြီး ပါ ပဲ ။ အဲ အကူငွေ ထည့် မှ ငါးရာ တဲ့ ။ သူ့ ကား မှ သူ အားမနာ ။ ဘာပဲဖြစ်ဖြစ် ပေါ့ တင်မောင် ရယ် ။ နင် မသေခင်တုန်း က နင့် မိန်းမလှအေး က နင့် ကို အလကားကောင် အလကားကောင် လို့ ပြောခဲ့တာ မဟုတ်လား ။ အခု နင့် အတွက် အလှူငွေ တွေ ရ နေပြီ ” 


ဘွားမြ က အသင့် ရှိနေသော ဆေးပေါ့လိပ် ကို မီးညှိလိုက်သည် ။ နောက် မီးခိုး ထွက်အောင် တစ်ချက် နှစ်ချက် ဖွာ ရင်း


“ အခုတော့ တင်မောင် အလကားကောင် မဟုတ်တော့ဘူး ။ နင့် အတွက် အလှူငွေ ခြောက်ထောင်ကျော် ရတဲ့ အတွက် ၊ ငါ့ သား တင်မောင် ခြောက်ထောင် အောက် ထစ် တော့ တန် သွားပြီ ။ ဟုတ်တယ် မဟုတ်လား လှအေး ” 


ဘွားမြ က ပြောရင်း သူ့ ချွေးမ မလှအေး ကို လှည့်ပြော၏ ။ ဒါကို မလှအေး က လည်း ပြန် ချေ မည့် ဟန် ဖြင့် နှုတ်ခမ်း ကို မဲ့ ရင်း


“ ခြောက်ထောင် နဲ့ ရှစ်ရာ ကို များ ” 


ဆိုတာ ကို ဘွားမြ က


“ ဘာပဲဖြစ်ဖြစ် နင် ယူ မှာ မဟုတ်လား ။ ဟော ဟော ကြေးစည်သံ ကြားတယ် ” 


ဘွားမြ စကား မဆက်ဘဲ ကြေးစည်သံ ကို နားစွင့်သည် ။ နောက် မီးဖိုချောင် တွင် ရှိ နေသော သူ့ သမီး မိသောင်း ဘက် လှည့် ကာ


“ ဟဲ့ မိသောင်း ၊ အသုဘ ပို့တော့ မှာ လား ”  


ဆိုတော့ မီးဖို ထဲ မှ မိသောင်း က အပြင် သို့ ခေါင်းထောင် ကြည့် ရင်း


“ ဟုတ်တယ် အမေ ရဲ့ အခု ထွက် တော့ မှာ လေ ” 


မိသောင်း အဖြေ လည်း ကြား ပြီး ရော ဘွားမြ အိမ် ရှေ့ ဝေ့ ကြည့် ရင်း


“ ဟဲ့ ငါ တို့ က ဘယ် ကား နဲ့ လိုက်ရမှာလဲ ” 


“ အမေ က ကိုထူး ရဲ့အလုပ်ရှင် ကားနီနီကြီး နဲ့ လိုက်လေ ” 


ကားနီကြီး ဆို သည် နှင့် ဘွားမြ သဘော ကျ သွားပြီး


“ ကြားတဲ့ အတိုင်းပဲ တင်မောင် ရေ ငါ က ဟို ကားနီနီကြီး နဲ့ လိုက် ရ မှာ တဲ့ ။ နင် က တော့ ဟို ကားနက်ကြီး နဲ့ ပေါ့ ။ အင်း နင် စီး သွားရမယ့် ကား က လည်း ကောင်း ပါတယ် ။ အဲဒီ ကား ကို လည်း ငါတို့ တွေ တစ်နေ့ မလွဲမသွေ စီး ကြရမှာ ။ အဲဒီတော့ မှ အဲဒီ ကားနက်ကြီး နဲ့ နင် ဘယ်လောက် ငြိမ့်ခဲ့သလဲ ငါ တို့ လည်း သိ ရမှာ ” 


“ ဟဲ့ မိသောင်း ငါ့ တဘက် ရော ” 


သူ့ အမေး ကို သူ့ သမီး မိသောင်း က


“ ဘုရားစင် မှာ အမေ ပဲ ချိတ် ထားရဲ့သားနဲ့  ” 


ဆိုတော့မှ


“ အေး ဟုတ်သား ဟဲ့ လှအေး လှမ်း ယူလိုက်စမ်း ” 


မလှအေး က ဘုရားစင် မှ တဘက် လှမ်း ယူပြီး ၊ ဘွားမြ ကို ကမ်း ပေးသည် ။ ဘွားမြ တဘက်တို ကို ခြုံပြီး မှ ၊


“ သွားတော့ တင်မောင် ရေ သွားတော့ နင် က ရှေ့ က သွား ၊ ငါတို့ က နောက် က လိုက် ခဲ့မယ် ။ နင် လည်း ကား အကောင်းစား ၊ ငါ လည်း ကားအကောင်းစား နဲ့ ပဲ ဟဲ့ ။ ဒါပေမယ့် ငါ က တော့ နင့် လို အိပ် မလိုက် ရ တာ တော့ နာတယ် ။ ဘယ်သူ မဆို ပက်လက်ကလေး အိပ် လိုက် ရတာတော့ အညောင်း ပြေ တာပေါ့ နော် ။ အေး အေး ကောင်း လိုက်တာ ဟဲ့ လှအေး တို့ မိသောင်း တို့ ကရော ဘာ နဲ့ လိုက် ကြမှာလဲ ” 


ဘွားမြ က လှည့် မေးပြန်သည် ။ ဒါကို မလှအေး က 


“ သမီး တို့ က ကလေးတွေ နဲ့ မို့ နောက် ကား နဲ့ မှ လိုက်မယ် ” 


“ အေးအေး ကောင်းတယ် ၊ ကောင်းတယ် ” 


ဟု ဆိုရင်း မ , ချ သွားသော တင်မောင် ရုပ်ကလာပ် ကို ကြည့် ရင်း 


“ သွားတော့ တင်မောင် ရေ သွားတော့ နင့် ဘဝ မှာ လိုချင် တဲ့ မိန်းမ လည်း ရ ပြီ ၊ နင် ကြိုက် တဲ့ အရက် လည်း တစ်ဝ သောက် ပြီး ပြီ ၊ စောစောကြီး ‌ေ သ ပစ် လိုက်တာ မြိန် လိုက်တော့ တင်မောင် ၊ နင့် ကလေးတွေ အတွက် က တော့ မပူ နဲ့ ၊ နင့် မိန်းမ လှအေး နောက် လင် ယူ ရင် သူ ယူ တဲ့ ယောက်ျား ပြန် လုပ်ကျွေး လိမ့်မယ် ။ နင့် ဘဝလေး ပဲ အေးချမ်း ပါတယ် သားရယ် ။ သွားတော့ သားရေ သွားတော့ ၊ အမေ တို့ က နောက် က လိုက် ခဲ့ကြမယ် ။ ဟဲ့ မိသောင်း ပူစူး တို့ မောင်နီ တို့ ကို ခေါ် ဦးလှအေး ရော ” 


◾အကြည်တော်


📖 ပြုံးတော်မူ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment