Monday, November 7, 2022

အချစ်ပြိုင်ပွဲ


 

❝  အချစ်ပြိုင်ပွဲ  ❞

အညာ က အစ်မ ဝမ်းကွဲ လာ၍ ဘုရားဖူး လိုက် ပို့ဖြစ်သည် ။ ရွှေမြင်းဝန်ဘုရား ၊ မိကျောင်းကုန်း ၊ ဓိဌာန်အောင် ပြီးတော့ ကျောက်လုံးကြီး ကို တစ်ဆက်တည်း လိုက် ပို့ လိုက်သည် ။ အစ်မ ဘုရား ကန်တော့ ပူဇော် နေခိုက် ရင်ပြင် ပေါ် လမ်း လျှောက် နေမိသည် ။ ထိုအချိန် လူငယ် စုံတွဲ တစ်တွဲ ဆိုင်ကယ် နှင့် ဝင် လာသည် ကို တွေ့ လိုက်သည် ။ နောက် က ကောင်မလေး က ကျောင်းဝတ်စုံ ဝတ် ထားသည် ။ ကျွန်တော် တုန်လှုပ် ထိန့်လန့် လျှက် မင် သက် မိသွားသည် ။ ကျောင်း မတက်ဘဲ ဘာ လာ လုပ် တာပါလိမ့် ဟု အတွေး ဝင် လာမိသည် ။ ထို စုံတွဲ ရှိရာ ဆီ သွားမည် ပြုပြီး အသာ စောင့် ကြည့်မည် ဟု ပိုင်းဖြတ် လိုက်၏ ။

ကောင်မလေး က ဆိုင်ကယ် ပေါ် က ဆင်းပြီး ဘုရားမုဉ်ဦး အဝင် မှာ ရောင်း သည့် သပြေပန်း နှစ်စီး ဝယ်လိုက်သည် ။ တစ်စီး ကို ကောင်လေး ကို ပေးပြီး ဘုရား ပေါ် အတူ တက် လာ ခဲ့သည် ။ ပြီးတော့ အစ်မ ၏ မျက်နှာချင်း ဆိုင် က ဆင်းတုတော် ရှေ့ ဝင် ပြီး ဘုရား ကန်တော့ နေ ကြသည် ။ ကန်တော့ ပြီး နောက် တတွတ်တွတ် ပြော နေသည် ကို တွေ့ရသည် ။ နည်းနည်း လှမ်း နေ၍ မကြားရပေ ။ ခဏ ကြာ တော့ တစ်ယောက် လက် ကို တစ်ယောက် ကိုင် ပြီး ဘုရား ပေါ် က ဆင်း သွားကြလေသည် ။ အစ်မ လည်း ဝတ်ပြု ပြီး ၍ ထလာသည် ။

“ ဟဲ့ ဘာ ဖြစ်နေတာလဲ မျက်နှာကြီး က ၊ ငါ ဘုရား ကန်တော့ တာ ကြာ နေလို့လား ”

“ ဟာ မဟုတ်ပါဘူး အစ်မ ရာ ၊ မျက်စိ ထဲ အမှိုက် ဝင်သွားလို့ပါ ”

ဟု ကမန်းကတမ်း လိမ် ပြော လိုက် မိလေတော့သည် ။ ကျွန်တော့် မျက်စိ ထဲ မှာ တော့ ကျောင်းစိမ်းဝတ်စုံ နှင့် ဆိုင်ကယ် ပေါ် က ဆင်း လာသော ကောင်မလေး မျက်နှာ သာ ပြန် မြင် နေ မိတော့သည် ။

•••••   •••••   •••••   •••••

“ သမီးရေ လာပါဦး ”

ပန်းကန် ဆေးပြီး ထမင်းစားခန်း မှ ထွက် လာသော သမီး ကို ကျွန်တော် ခေါ် လိုက်သည် ။

“ ဟုတ်ကဲ့ အဖေ သမီး လက်တွေ ရေ စို နေလို့ လက် သုတ် လိုက် ဦးမယ် နော် ”

သူ့ အမေ နှင့် အစ်မဝမ်းကွဲ က အပြင် သွား နေ၍ အိမ် မှာ သမီး နှင့် ကျွန်တော် နှစ်ယောက် တည်း သာ ရှိသည် ။ သမီး က ဆယ်တန်း တက် နေသူ ဖြစ်၏ ။ ရှေ့ လ ဆို လျှင် စာမေးပွဲ ဖြေ ပြီ ဖြစ်သည် ။

“ အဖေ ဘာ ပြော မလို့လဲ ”

ကျွန်တော့် မျက်နှာချင်း ဆိုင် ရှိ  ခုံ တွင် ဝင် ထိုင်ရင်း မေး လေသည် ။

“ သမီး နဲ့ အဖေ ကြား မှာ ဘာမှ လျှို့ဝှက် ထားစရာ မလိုဘူး ၊ အဖေ သမီး ကို ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောမယ် ။ သမီး ဘက် က ပြောစရာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ် လို့ အဖေ အမြဲ ပြော တယ်နော် ”

“ ဟုတ် ”

“ မနေ့ နေ့လည် တစ်နာရီ လောက် က သမီး ဘယ်မှာ ရှိနေလဲ ”

ကျွန်တော် သူ့ မျက်လုံး ကို စိုက်ကြည့်ပြီး  ...

“ လိမ်မယ် မကြံနဲ့နော် ”

“ မလိမ်ပါဘူး အဖေ  ... သမီး ကောင်လေး နဲ့ ဘုရား သွား ဖူးကြတာပါ ”

“ ကျောင်းချိန်ကြီး ကို သွား ကြတာလား ”

“ မဟုတ်ပါဘူး အဖေ ၊ မနေ့ က ကျောင်း နေ့ တစ်ဝက် ပဲ တက် ရတယ် ။ စာမေးပွဲ အတွက် ခုံ စီ ရ မှာ မို့ အတန်းခေါင်းဆောင် နဲ့ ယောက်ျားလေး အနည်းငယ် သာ နေ့လယ်ပိုင်း ပြန် လာ ရတာပါ ”

ကျွန်တော် က သမီး ကို ငယ်ငယ် ကတည်း က လိမ်ညာ မပြောရန် ၊ မိသားစု အချင်းချင်း ရိုးသား ပွင့်လင်း ရန် အမြဲ ဆုံးမ သည် ။ ကိုယ် တိုင် က လည်း ဘာ ပြသနာ ပဲ ဖြစ် လာပါစေ အဖေ ဆိုတဲ့ အာဏာ မသုံးဘဲ အကျိုးအကြောင်း မေးမြန်းပြီး မှ အမှန်အမှား ဆုံးဖြတ်ပေးလေ့ ရှိသည် ။ ထို့ကြောင့် သမီး က ကျွန်တော့် ကို ရှိန် မနေဘဲ သူ့ အကြောင်း အေးအေးဆေးဆေး ပြော ပြ နေနိုင်ခြင်း ပင် ။

“ အဲ့ဒီ ကောင်လေး အကြောင်း အရင် က တစ်ခါ မှ ပြောသံ မကြားပါဘူး ။ ကောင်လေး က ဘယ်ကလဲ ၊ ဘာ အလုပ် လုပ်လဲ ”

“ မနေ့ က မှ အဖြေ ပေး လိုက်တာပါ အဖေ ၊ အမှတ် ( ၅ ) ရပ်ကွက် ထဲ က ပါ ။ မနှစ်က ဆယ်တန်း ကျ လို့ အခု အပြင် ဆိုင်ကယ်ဝပ်ရှော့ မှာ ဝင် လုပ်နေတယ် ”

“ ဆယ်တန်း စာမေးပွဲ တောင် မဖြေရသေးဘူးလေ သမီး ၊ ဘာ ဖြစ်လို့ အဖြေ ပေး လိုက် ရတာလဲ ။ နင့် အမေ သိ ရင် တော့ ပြဿနာ တက် တော့မယ် ။ အမှန်ဆို စာမေးပွဲ ဖြေ ပြီး မှ စဉ်းစား ပေးမယ် လို့ ပြော ထားသင့်တယ် ”

“ အဲဒါက အဖေ့ အမြင် ကိုး ၊ စာမေးပွဲ ဖြေဖို့ က တစ်လ လောက် ပဲ လို တော့တယ် ။ စာ ထဲ ကို အပြည့်အဝ အာရုံ စိုက် ရတော့မယ် ။ အဖေ ဆုံးမ ထား တဲ့ အတိုင်း သမီး က လည်း ဘယ်သူ့ ကို မှ အဆင့်အတန်း မခွဲခြားဘူး ။ တန်းတူ ဆက်ဆံတယ် ။ စာ လိုက် ပေး ရင်လည်း ယူလို့ မဖြစ်သေးကြောင်း ၊ ရည်းစား စကားလိုက် ပြော ရင်လည်း အဆင်သင့် မဖြစ်သေးကြောင်း ယဉ်ကျေးစွာပဲငြင်း ပစ် လေ့ ရှိတယ် အဖေ ”

သမီး က မောသွားဟန် ဖြင့် စကား တစ်ချက် ရပ် လိုက်သည် ။ ၈ တန်း နှစ် တုန်း က အကြောင်းလေး ပြန် အမှတ်ရ မိသည် ။

“ သမီး စာ ပေးခံရတယ် ဆို ”

“ ဟုတ်တယ် ဖေဖေ ”

“ ဘယ်လို ခံစားရလဲ ”

“ ရှက် လည်း ရှက်တယ် ၊ ကြောက် လည်း ကြောက်တယ် ဖေဖေ ”

“ မယုံကြည်မှု ဟာ ရှက်ခြင်း ကို ဖြစ်စေတယ် သမီး ၊ သမီး ကိုယ် သမီး ယုံကြည်မှု မရှိလို့ သမီး ရှက် နေတာ ။ သမီး စာပေး ခံရတာ ကို သမီး က ဘာ မှား လို့ ရှက် နေတာလဲ သမီး ယူ ခဲ့လား ”

“ မယူခဲ့ဘူး ဖေဖေ ထွက်ပြေး လာတာ ”

“ သတ္တိ ဟာ ကာယခွန်အား မှာ မတည်ဘူး သမီး ယုံကြည်ချက် မှာ တည်တယ် ။ သမီး မမှားဘူး ဆိုရင် ရင်ဆိုင် ရဲ ရမယ် ။ ထွက် ပြေး လာ စရာ မလိုဘူး ။ အဲဒါက ပါး ရိုက်ဖို့ ဆဲ ဆို ဖို့ ပြောတာ မဟုတ်ဘူး ။ အိန္ဒြေ ရရ ငြင်းရဲဖို့ပဲ ။ မအော်ဘူး မငေါက်ဘူး ။ sorry ပါ လောက် ကို ခပ်တည်တည် ပြောပြီး ထွက်လာခဲ့ သမီး ။ ကိုယ်ထိ လက်ရောက် ဖြစ်ရင် တော့ ဖေဖေ တို့ ပါ ရှင်းပေးမယ် ...”

အဝေး ဆီ စိတ် ရောက် နေရာ က စိတ် အစဉ် ကို ပြန်ပြီး စုစည်း လိုက်သည် ။ သမီး ဆက် ပြော နေသော စကား ကို အာရုံ ပြန် စိုက်လိုက်တော့ -

“ ဒီ ကောင်လေး က တခြား သူ တွေ နဲ့ မတူဘူး အဖေ ။စာ မပေးဘူး ၊ ဖုန်း နံပါတ် မတောင်းဘူး ။ ကျူရှင် ထဲ ဝင် တဲ့ လမ်းထိပ် လက်ဖက်ရည်ဆိုင် က နေ သမီး တို့ ကျောင်း ဆင်းပြီး ကျူရှင် တက် တဲ့ အချိန် နေ့တိုင်း လာ ထိုင် ကြည့်တယ် ။ အဲလို နဲ့ နှစ်ဝက် ကျော် ကြာတယ် ။သူ့ ညီမ က ကိုးတန်း လေ ။ သမီး တို့ ကျူရှင် မှာ ပဲ နေတယ် ။ ကျူရှင် စောစော လွှတ် တဲ့ တစ် ရက် မှာ KFC စားဖို့ သူ ညီမ က နေ တစ်ဆင့် ကမ်းလှမ်း လာတယ် ။ သမီး သူငယ်ချင်း နဲ့ သူ ညီမ နဲ့ အတူ KFC ဆိုင် မှာ ဆုံပြီး သူငယ်ချင်း ဖြစ် ခွင့် တောင်းတယ် ။ သူငယ်ချင်း ဖြစ် ပြီးနောက် လက်ဖက်ရည်ဆိုင် က နေ သူ သမီး ကို နေ့တိုင်း ပြုံး ပြတယ် ။ အစ တော့ သမီး လည်း အားနာ ပါးနာ ပြန် ပြုံး ပြ မိတယ် ။ ကြာ လာတော့ သူ နဲ့မျက်လုံးချင်း ဆုံ ရင် ရင် တွေ ခုန် လာတယ် အဖေ ”

တော်တော် ဗျူဟာ ကောင်း တဲ့ ကောင် ပဲ လို့ တွေးမိသည် ။ သမီး က ဆက်ပြီး ...

“ ပြီးခဲ့တဲ့ လဆန်း လောက် က သမီး သူ့ အကြောင်း စုံစမ်း ကြည့် မိတယ် ။ သူ က စာမေးပွဲ ကျ လို့ စိတ် လေပြီး လက်ဘက်ရည်ဆိုင် မှာ လာ ထိုင် အချိန် ဖြုန်း နေတာ ။ အဲဒီမှာ သမီး ကို တွေ့ပြီး စိတ် ဝင်စားလို့ သမီး အကြောင်း လိုက် စုံစမ်းတယ် ။ အဖေ က အလုပ် ကြိုးစားသူ ကို သဘော ကျတယ် ဆိုတာ သူ သိ ပြီး ကားဝပ်ရှော့ မှာ ဝင် လုပ် တော့တာပဲ ။ အခုဆို လက်ဖက်ရည်ဆိုင် တောင် သမီး ကျောင်းဆင်းချိန် ၁ဝ မိနစ် လောက်ပဲ လာ ထိုင် တော့တယ် ”

“ အဲဒါ သမီး က သူ့ ကို သနား ပြီး ပြန် ကြိုက်လိုက်တယ် ဆိုပါတော့ ”

ငေါ့တော့တော့ လေသံ ဖြင့် သမီး ကို ပြောတော့ -

“ မဟုတ်ပါဘူး အဖေ ရယ် ။ ကိုယ့် သမီး ကို အထင် သေး လှချည်လား ။ သမီး စကား ဆုံးအောင် နားထောင်ပေးပါဦး ”

“ အေးပါ အေးပါ ၊ ပြီးမှတော့ လျှော မချကြေး နော် ... ”

သမီး က ရယ်လျက် ...

“ သမီး သူ နဲ့ တွေ့ ရရင် အလိုလို ပျော် လာတယ် ။ မျက်လုံး ချင်း ဆုံ မိ တိုင်း ရင် ခုန်တယ် ။ အချိန်ပြည့် သူ့ အကြောင်း ပဲ စဉ်းစား နေမိတယ် ။ စာ လုပ် ချိန် တွေ နောက်ကျ လာတယ် ။ ခန့်မှန်း ထား တဲ့ အချိန် ထက် ၁ နာရီ နောက်ကျ မှ စာတွေ လုပ်ပြီး လာတယ် ။ သမီး သူ့ ကို ချစ်လား မချစ်လား ဆိုတာ မသေချာ သေး ခင် သမီး စိတ်တွေ လှုပ်ရှားပြီး စာ လုပ်ချိန် မမှန်တော့ ပဲ စားမေးပွဲ အတွက် စိုးရိမ် ရတဲ့ အခြေအနေ ထိဖြစ် လာနေပြီ ။ အဲဒါကြောင့် တစ်ခု ခု တော့ လုပ်မှ ဖြစ်တော့မယ် လို့ ဆုံးဖြတ်ချက် ချ လိုက်တယ် ”

“ ဒါနဲ့ပဲ … ဘုရား ကို နှစ်ယောက် တည်း သွား ဖြစ်အောင် ချိန်း လိုက်တယ် ဆိုပါတော့ ”

“ အဖေ က လည်း လော တာ ၊ အဲအထိ တစ်ခါ တည်း မရောက် ပါဘူး အဖေ ရယ် ။ KFC ပြန် ကျွေးမယ်လို့ သူ့ ညီမ က နေ ပြန် ချိန်း လိုက်တယ် ။ အရင် လို ပဲ လေးယောက် သား KFC စား ရင်း သမီး သူ့ ကို တည့်တည့် ပဲ မေး လိုက်တယ် ။ သမီး ကို ဘယ် အထိ ရည်ရွယ်လဲ လို့ ”

“ ဟာ … မိန်းကလေး က ရည်းစား စကား စ ပြောရတဲ့ ခေတ် ရောက်ပြီ ဟေ့ ”

ကျွန်တော် ခပ်နာက်နောက်လေး ပြော လိုက်၏ ။

“ မဟုတ်ပါဘူး အဖေ ရယ် ၊ အဖေ သိတဲ့ အတိုင်းပဲ သမီး က စကား ပြော ရင် တည့်တည့် နဲ့ ရှင်းရှင်း ပဲ ပြော တတ်တာ ။ အဲဒီတော့ သူ က ဘဝ လက်တွဲဖော် အထိ ရည်ရွယ်ကြောင်း  ပြောတယ် ။ ဒါနဲ့ သမီး စဉ်းစား ပေးမယ် ။ သမီး ဖုန်းနံပါတ် တောင်းတယ် ။ သမီး က ဖုန်းနံပါတ် ယူ မှာ လား လို့ တစ်ခွန်းပဲ မေး လိုက်တယ် ။ ဖေ့စ်ဘွတ် မှာ လာ အပ် ထားပြီး ချက်ဘောက် မှာ လာ ဟိုင်း ထားတယ် ။ သမီး လက် မခံသေးဘူး ။ သမီး စဉ်းစားတယ် ။ လက်ဖက်ရည်ဆိုင် မှာ လာ မထိုင် နဲ့ ပြောရင် တခြား နေရာ လာ ချင် လာ မှာပဲ ။ မနေ့က သူ့  ညီမ က နေ သူ့ ကို ဖုန်း ခေါ် ခိုင်းပြီး ဘုရား သွား ဖြစ်တယ် ။ ဘုရား မှာ ဆယ်တန်းစာမေးပွဲ မဖြေ မပြီး မချင်း ဘယ် နေရာ မှ မလာဖို့ ၊ သမီး စိတ် အနှောင့်အယှက် ဖြစ် စရာ ဘာမှ မလုပ်ဖို့ ကတိ တောင်း လိုက်တယ် ။ သူ က ကတိ ပေးမယ် ။ သမီး က သူ့ ကို အဖြေ ပြန် ပေးရမယ် ပြောတယ် ။ အဲ့ဒါကြောင့် မနေ့ က ပဲ အဖြေ ပေး လိုက်ပြီလို့ အဖေ့ ကို ပြောတာ ”

“ ဒါဆို သမီး က သူ့ ကို မချစ်ဘဲ အဖြေ ပေး လိုက်တဲ့ သဘောလား ”

“ အခုအချိန် မှာ သမီး ရွေးစရာလမ်း သိပ် မရှိတာ ရယ် ၊ သူ့ ကို ငြင်း ရအောင် သူ့ မှာ ဆယ်တန်း မအောင် တာ က လွဲ လို့ အပြစ် ဆိုလို့ ဘာမှ မရှိသေးဘူး အဖေ ”

သူ့ အရွယ် နဲ့ ဒီလောက် တွေးနိုင်တာပဲ ချီးကျူးဖို့ ကောင်းနေပြီ ဆိုတာ လက်ခံရပြီ ။ ဒါပေမဲ့ လူ့ စိတ် ကို မမြင်နိုင်တာရယ် ၊ ကောင်လေး အကြောင်း ကိုယ်တိုင် အကဲခပ် ဖို့ လိုပြီ ။

“ မနက်ဖြန် သမီး ကောင်လေး ကို အိမ် ခေါ်လာခဲ့ ”

“ ဟဲ့ ဒီ သားအဖ တွေ ဘာတွေ ပြော နေကြတာလဲ ”

အပြင် မှ ပြန် လာသော သူ့ အမေ ၏ အမေး ကို သူ့ သမီး က ရယ် လျက်..

“ အဖေ့ ကို သာ မေးကြည့် ”

•••••   •••••   •••••   •••••

“ ငါ့ တူ နာမည် က နိုးတူး နော် ”

“ နာမည် အရင်း က ဟန်ဝင်းအောင် ပါ ။ ဒါပေမဲ့ သူငယ်ချင်း တွေ က တော့ နိုးတူး လို့ ပဲ ခေါ်ကြပါတယ် ”

“ မိဘတွေ က ဘာ လုပ် ကြတာလဲ ”

“ အဖေ က ကားဒရိုင်ဘာ ပါ ။ အမေ တော့ ကုန်စုံဆိုင် ဖွင့် ထားပါတယ် ”

“ ငါ့ တူ အကြောင်း က တော့  သမီး ပြောပြထားလို့ သိသင့် သလောက် သိပြီးပါပြီ ”

ထိုအချိန် သမီး က အအေးဘူးများ လာ ချ ပေးပြီး ကျွန်တော့် အနား မှာ ရပ် နေ၍ -

“ သမီး အပြင် ခဏ ထွက်ပေးပါ ၊ အဖေတို့ ယောကျာ်းလေး ချင်း ပြောစရာ စကား ရှိလို့ပါ ”

“ ဟုတ်ကဲ့ ဖေဖေ ”

“ သမီး ကို ငယ်ငယ် ကတည်း က အရိပ် တကြည့်ကြည့် နဲ့ ပြုစု လာ ခဲ့တာ ဦး စိတ် ထဲ အခုချိန် ထိ ကလေး လို့ ပဲ ထင်နေတာ ။ အခုလို ရည်းစား ရ သွားပြီ ဆိုတာ လုံးဝ လက်မခံ နိုင်သေးဘူး ငါ့ တူ ”

“ ဟုတ်ကဲ့ ဦးလေး .. ကျွန်တော် လည်း ဦး သမီး ကို ဦး အချစ် ထက် မလျော့စေရပါဘူး ”

သမီး က မနေ့ က ပဲ အဖြေ ပေးတယ် ၊ ဒီနေ့ အဖေ ကို လာပြီးခြေရာ တိုင်းတယ် ဆိုတော့ စိတ် ထဲ အချဉ်ပေါက် လာပြီး ဒေါသသံ ဖြင့် ...

“ ဒီမှာ ငါ့ တူ ငါ့ သမီး ကို မင်း နဲ့ ငါ ဘယ်သူက ပို ချစ်တယ် ဆိုပြီး အချစ် ပြိုင် ဖို့ ခေါ် ခိုင်းလိုက်တာ မဟုတ်ဘူး ။ ငါ့ သမီး နဲ့ ပတ်သက်ပြီး မင်း လိုက်နာရမယ့် အချက်တွေ ပြော မလို့ကွ ”

“ ဘာလဲဗျ ၊ ဦး သမီး နဲ့ တောင် မယူရသေးဘူး ယောက္ခမ အာဏာ ပြ တော့ မလို့လား ”

ကောင်လေး က လည်း ခေတ်လူငယ် ဆိုသည့် အတိုင်း မခေဘူးပဲ ။ တစ်လုံး ချင်း ပြန် ပစ်သည် ။ ဒီ အရွယ် က ကိုယ်တွေ ဖြတ်သန်းလာရတဲ့ အရွယ် ပဲ ၊ သူ့ စိတ် ထဲ ဘယ်လို တွေးနေတယ် ဆို တာ ကိုယ် က ကြိုသိ နေ တော့ ...

“ အဆင့် မကျော်ချင်ပါ နဲ့ ငါ့ တူ ။ ဦးတို့ သမီး ကို မွေးကင်းစ မှာ ဘာမှ မသိတတ်သေးတဲ့ အရွယ် ဆိုပြီး အူတုံအောင် ချစ်ခဲ့ ကြတယ် ။ လမ်း လျှောက် တတ်တဲ့ အချိန် အဖေ အမေ ဆံပင် ဆွဲ ပါးနား ရိုက် လည်း သီးခံပြီး အချစ် တိုးခဲ့တယ် ။ ကျောင်းနေတဲ့ အရွယ် မှာ လည်း သူစိမ်း တွေ အလယ် မှာ စိတ်မချစွာ ထားခဲ့ရတယ် ။ အိမ် က နေ သမီး အတွက် စိတ် ပူပြီး စိတ်မချစွာ အဝေး က နေ ချစ်ခဲ့ရတယ် ။ အစောက ငါ့ တူ ပြောတယ် ဦး တို့ ထက် အချစ် မလျော့စေဘူး ဆို ။ အဲတော့ ဦး သမီး က အချစ် နဲ့ ပတ်သက် ရင် ဘာမှ မသိတတ်သေးတဲ့ အရွယ် ပါ ။ ငါ့ တူ သမီး ကို အူ တုံ နေ အောင် ချစ်ပါ ။ ပြီးရင် သမီး ရဲ့ သိသိကြီး နဲ့ ဆိုး တာ ရော ၊ မသိလို့ ဆိုးနွဲ့မိတာ တွေ ပါ မငြီးမညူ အနွံတာ ခံ ချစ်ပေးပါ ။ သမီး ကို ဘာမျှ မပိတ်ပင် မတားမြစ်ပါ နဲ့ ၊ လှချင်တဲ့ အရွယ် လှပါစေ ၊ လှလို့ စိတ်မချဘူး ဆိုပြီး ဟိုဟာ မဝတ်ရဘူး ၊ ဒီနေရာ မသွားရဘူး ဆိုပြီး အမိန့် မပေးပါနဲ့ ။ ဒီ အချက် သုံးချက် ကို ငါ့ တူ အထူး ဂရုစိုက် ရ လိမ့်မယ် ”

“ ဟုတ်ကဲ့ ”

“ ကျွန်တော် တစ်ခု ပြော နိုင်တာ က ကျွန်တော့် အတွက် ကြောင့် သူ ဘယ်တော့ မှ စိတ် မညစ်စေရဘူး ဦးလေး ”

ကောင်လေး ကို  လျော့ မတွက်ရဲတော့ ။ သူ နှင့် ကျွန်တော် အချစ်ပြိုင်ပွဲ တွင် အရှုံးသမား က ကျွန်တော် ပဲ ဖြစ်မည် ထင်ပါသည် ။

( ဝန်ခံချက် ။  ။ ကိုစည်သူ ခွင့်ပြုချက် ဖြင့် သူ ၏ စာစု မှ စာ တစ်ပိုဒ် အား ကူး ထည့် ထားပါသည် ။ )

◾လင်းသူရ

📖 နှလုံးသားဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment